Wednesday, November 30, 2016

စ န္ဒီ နဲ့ အ တူ

နီနီဟု အမည်ရသော ကလေးမလေးသည် ကျွန်မနှင့် ကျောင်းနေဖက် ငယ်သူငယ်ချင်းစုံတွဲ၏ တစ်ဦးတည်းသော သမီးလေးဖြစ်သည်။ နီနီ့နာမည်အရင်းမှာ စန္ဒီဖြစ်သည်။ စန္ဒီကလေ စန္ဒီကလေ… နှင့် စကားပြောရင်း နီနီကလေ… နီနီကလေ ဟု ဖြစ်လာသည်ဟု စန္ဒီ့မေမေက ပြောပြသည်။ စန္ဒီ့နှင့် ရင်းနှီးလာချိန်မှာ သမီးနာမည် စန္ဒီလေ… စန္ဒီကနေ ဒီဒီ ဖြစ်ရမှာကို ဘာလို့ နီနီ ဖြစ်နေရသလဲ ဟု ကျွန်မ မေးမိသောအခါ ခြောက်နှစ်သမီး စန္ဒီက သူ့ခေါင်းလေးကို ဘယ် ညာ ယမ်းနေအောင် လှုပ်ခါရင်း နီနီပဲ… နီနီပဲ… နီနီက အနီရောင်ကို ကြိုက်လို့... ဟု ချစ်စဖွယ် ပြောခဲ့ပါသည်။ ထိုသမီးလေး နီနီ ခေါ် စန္ဒီသည် တချိန်ချိန်မှာ သူ့ကို ဇာတ်ကောင်နေရာတွင်ထားကာ စာတစ်ပုဒ် ရေးဖြစ်အောင် ကျွန်မကို တွန်းအား တစုံတရာ ပေးနိုင်လိမ့်မည်ဟု မည်သည့်အခါကမျှ တွေးမထားဖူးခဲ့ပါ။ သို့သော်…
နီနီနှင့် ကျွန်မ၏ စတင်တွေ့ဆုံမှုမှာ ရိုးရှင်းစွာ။ သူငယ်ချင်းများ ဆုံကြသော မိတ်ဆုံ ညစာစားပွဲတစ်ခုတွင် ဖြစ်သည်။ ထိုစဉ်က နီနီ ခြောက်နှစ်သမီးအရွယ်… လူစိမ်းများကို ကြောက်ရွံ့တတ်သော၊ စကားနည်းသော၊ အစားရွေးသော၊ ပေတိပေကပ်နိုင်သော၊ ဂျီတိုက် ဂျစ်ကျသော၊ လူကြီး ပြောစကားနားမထောင်သော… အစရှိသည့် အထူးပြု နာမ၀ိသေသနများ ပိုင်ရှင် ခြောက်နှစ်သမီးလေး နီနီနှင့် ကျွန်မ ပထမဆုံးအကြိမ် တွေ့ဆုံမှုသည် မျှော်လင့်ထားသည်ထက် ပြေပြစ်လှသည်။ လိုအပ်သည်ထက်ပို၍ နီးကပ်ပြီး တစ်ယောက်ကို တစ်ယောက် လျှင်မြန်စွာ ရင်းနှီးခင်မင်သွားပုံမှာလည်း မယုံကြည်နိုင်စရာ အနည်းငယ်တော့ ထူးဆန်းနေသလိုပင်။ ထိုအချိန်လေးကို ကျွန်မ ယခုတိုင် မှတ်မိကာ မြင်ယောင်နေပါသေးသည်။ ညစာစားပွဲတွင် နီနီက ကျွန်မအနားသို့ စိတ်လိုလက်ရ လာကပ်ထိုင်ကာ သူ့လက်ထဲမှ အနီရောင် လက်ပတ်နာရီထူထူလေးကို ပြရင်း၊ နာရီထဲမှာ လှုပ်နေသော အရုပ်ကလေးအကြောင်းကို သူ့အသံသေးသေးလေးဖြင့် တွတ်တွတ်ပြောရင်း ကျွန်မ ခွံ့ကျွေးသော ခေါက်ဆွဲကြော်ကို တစ်ဇွန်းပြီး တစ်ဇွန်း မငြင်းမဆန် စားနေပုံကို နီနီ့ဖေဖေနှင့် မေမေက မျက်နှာချင်းဆိုင်စားပွဲမှာ ထိုင်ကာ တအံ့တသြ လှမ်းကြည့်နေခဲ့ကြသည်။ နီနီ၏ အမူအယာလေးများ အပြောအဆိုလေးများမှာ ချစ်စဖွယ်ကောင်းလွန်းသဖြင့် ကျွန်မလည်း နီနီ့ကို အချိန်တိုလေးအတွင်း ချစ်ခင်သွားပါသည်။ နောက်တနေ့တွင် နီနီ့မေမေက မနေ့က ဖြူ ခွံ့ကျွေးတဲ့ခေါက်ဆွဲဟာ နီနီ့ဘဝမှာ ပထမဦးဆုံး စားတဲ့ ခေါက်ဆွဲပဲ… ဟု ဖုန်းဆက်ရင်း ပြောပြပါသည်။ အရင်က ဘယ်လိုမှ ကျွေးလို့ မရ… မျက်ရည်ထွက်အောင် ငိုယိုငြင်းဆန်လေ့ရှိသတဲ့။ သမီးလေး နီနီ…

နောက်ပိုင်းတွင် နီနီက ဖြူ့ကို အင်မတန် ချစ်တယ် ဟု ဆိုကာ ကျွန်မနှင့် တွေ့ဆုံနိုင်သည့် ပွဲလမ်းများသို့ နီနီ့မေမေက နီနီ့ကို ခေါ်လာလေ့ရှိသည်။ ထို့ကြောင့် နီနီနှင့် ကျွန်မ မကြာမကြာ တွေ့ဖြစ်ကြသည်။ တွေ့လိုက်တိုင်း အန်တီဖြူ ဟု ခပ်ကျယ်ကျယ်ခေါ်က ကျွန်မရှိရာဆီသို့ ဝမ်းသာအားရ ပြေးလာတတ်သော နီနီလေးကို ကျွန်မ နှစ်လိုစွာ ပွေ့ဖက် ချီပိုးရစမြဲ။ ချစ်ခင်စွာ ကြင်နာ ယုယရစမြဲ။ အနီရောင်ကြိုက်သော သမီးလေးနီနီ့အတွက် အရုပ်နီနီလေးများ၊ အနီရောင် ခဲစက္ကူပတ် သကြားလုံးများ ချောကလက်များနှင့်အတူ အနီရောင် ကစားစရာများ၊ အနီရောင် စာအုပ် ခဲတံ ပေတံ အစရှိသော အသုံးအဆောင်ပစ္စည်း အတိုအထွာလေးများကို ဝယ်ပေးဖြစ်စမြဲ။ ကျွန်မ ဝယ်ပေးသမျှ ပစ္စည်းတစ်ခုချင်းစီတိုင်းကို နီနီလေးကလည်း သဘောတကျ နှစ်သက်စမြဲ။ နီနီကလည်း အန်တီဖြူ့အတွက်ဟု ဆိုကာ သူ့ကျောင်းမှာ ဆွဲလာသော ပန်းချီကားချပ်ကလေးများ၊ စက္ကူပန်းကလေးများကို လက်ဆောင်အဖြစ် ယူလာပေးတတ်သေးသည်။ သမီးလေး နီနီ…

ခြောက်နှစ်သမီးလေး နီနီက မျက်စိရှေ့တွင်ပင် တစ တစ အရွယ်ရောက်လာခဲ့သည်။ အရွယ်ရောက်လာသော နီနီလေးသည် ငယ်ငယ်ကလို လူကြောက်သော၊ စကားနည်းသော၊ အစားရွေးသော သမီးလေးနီနီ မဟုတ်တော့ချေ။ သွက်လက်သော၊ လှပသော၊ လူအများနှင့် ပြောဆို ဝင်ဆန့်သော၊ ချိုရွှင်တက်ကြွသော ချစ်စဖွယ် သမီးလေးနီနီ ဖြစ်လာခဲ့သည်။ မပြောင်းလဲတာဟူ၍ ဂျစ်ကပ်ကပ်နိုင်တတ်ခြင်း၊ အနီရောင်ကို စွဲစွဲလမ်းလမ်း နှစ်သက်နေခြင်းနှင့် ကျွန်မကို ငယ်စဉ်အချိန်များကလို နှစ်လို ချစ်ခင်နေခြင်းတို့ပင်။ အန်တီဖြူ့ကို နီနီ ဘာဖြစ်လို့ ချစ်တာလဲဟု တစ်ခါ မေးကြည့်ဖူးသည်။ ကျွန်မမေးသော မေးခွန်းမှာ တစ်ခုတည်းဖြစ်သော်လည်း နီနီ့အဖြေမှာမူ အမျိုးအမည် များပြား စုံလင်လှသည်။ အသားဖြူလို့၊ ရှပ်အင်္ကျီနဲ့ ဘောင်းဘီရှည် ဝတ်လို့၊ ကာတွန်းဖတ်လို့၊ ဆံပင်တိုလို့၊ ရေခဲမုန့်စားလို့၊ ဦးထုပ်ဆောင်းလို့၊ ရှူးဖိနပ်စီးလို့၊ ကျောပိုးအိတ်လွယ်လို့၊ လမ်းလျှောက်တာ မြန်လို့… အစရှိသည့်အဖြေများကို ဟန်ပန်အမူအယာများနှင့်တကွ ဖြေဆိုခဲ့သည်။ ထိုမျှသာမက နှုတ်ခမ်းကို ချွန်နေအောင် လုပ်ကာ နီနီကြိုက်တာတွေ နဲ့ တူလို့… ပြီးတော့ နီနီ့ကို ချစ်လို့ သိလား… ဟု နိဂုံးချုပ်တတ်ပါသေးသည်။ ကလေးဆန်ဆန် ရိုးသားသော သမီးလေးနီနီ၏ အပြောများ၊ အဖြေများကို ကြားရသည်မှာ ကျွန်မကိုယ် ကျွန်မ မှန်ထဲတွင် ပြန်မြင်နေရသလိုပင်။ သမီးလေး နီနီ…

သမီးလေးနီနီ အရွယ်ရောက်လာချိန်တွင် သူ့မိခင်က တစ်ဦးတည်းသော သမီးကလေးမို့ အစစ အရာရာ လိုလေသေးမရှိ ထားကာ မိန်းကလေးဆန်ဆန် လှပအောင် ပြုပြင် ဆင်ယင်လိုသည်။ ပွဲနေပွဲထိုင်တွေ ခေါ်သွားလိုသည်။ ပြောင်ပြောင်လက်လက်တွေ၊ လက်ဝတ်လက်စားတွေ ဝတ်စေလိုသည်။ နီနီက အပြင်းအထန် ငြင်းဆန်သည်။ ကျွန်မသူငယ်ချင်း နီနီ့မေမေက မြန်မာဆန်ဆန် ဝတ်စားဆင်ယင်တတ်သည်။ အဝတ်အစားနှင့် လိုက်ဖက်ခေတ်မီသော လက်ဝတ်ရတနာများကိုလည်း စီကာစဉ်ကာ လှပ ကြည့်ကောင်းအောင် ဆင်ယင်ကာ ပွဲတက်တတ်သည်။ အပြောအဆို နူးညံ့ပျော့ပြောင်းပြီး မိန်းမဆန်ကာ အမူအယာ သိမ်မွေ့သည်။ သို့သော် နီနီက ရှပ်အကျီ ကြိုက်သည်။ ဂျင်းဂျက်ကက်၊ ဂျင်းဘောင်းဘီ ကြိုက်သည်။ သားရေ ရှူးဖိနပ်လှလှများနှင့် လည်ရှည်ဖိနပ်များကို ကြိုက်သည်။ ဘောင်းဘီမှာတပ်ရသော ချိန်းကြိုးတွေ၊ လက်မှာ အလှပတ်ရသော ကွင်းတွေ၊ ကြိုးတွေနှင့် ဆွဲကြိုးများကို ကြိုက်သည်။ စတီးလ်ကြယ်သီးများ၊ အချွန်အတက်များပါသော ဦးထုပ်မျိုးကိုမှ လိုချင်သည်။ ကျောပိုးအိတ်မှာ ချိတ်ဆွဲရသော တို့လို့တွဲလောင်းများ၊ အရုပ်များနှင့် အရိုးခေါင်းပုံ သော့ချိန်များကို ကြိုက်သည်။ မိဘနှစ်ပါးက လမ်းသရဲပစ္စည်းတွေ၊ နမိတ်မရှိ နမာမရှိတွေမို့ မသုံးရဟု တင်းကြပ်သည်။ နီနီနှင့် အစစ အရာရာမှာ ပြဒါးတစ်လမ်း သံတစ်လမ်း။ 

သမီးနီနီက အင်္ဂလိပ် သီချင်းများကို ကြိုက်နှစ်သက်သည်။ သီချင်းများများပါသော High School Musical လို၊ Glee လို ဇာတ်လမ်းတွဲများကို အထပ်ထပ်အခါခါ ပြန်ကြည့်လိုသည်။ ဝတ္ထု မဂ္ဂဇင်း အစရှိသော အပြင်စာများ ဖတ်သည်။ ဥာဏ်ကောင်းသော်လည်း ကျောင်းစာတော့ သိပ်မကြိုးစားချင်၊ စာမေးပွဲတွေတိုင်း အလယ်အလတ် အဆင့်လောက်သာ။ ဖြစ်ချင်တော့ နီနီ့မေမေက သီချင်းမကြိုက်၊ ရုပ်ရှင်မကြည့်၊ စာမဖတ်။ အင်္ဂလိပ်ရုပ်ရှင်များကို ဟိုအခန်း ဒီအခန်းတွေ ပါမှာပဲဟု လှေနံဒါးထစ် ယုံကြည်ကာ သမီးနီနီ့ကိုလည်း ကြည့်ခွင့်မပြုချင်။ လစဉ်ထုတ်မဂ္ဂဇင်းများတွင် အဝတ်အစား သိပ်မပါသော ရုပ်ပုံများ၊ ခေတ်ဆန်သော ဗိုက်ပေါ် ချက်ပေါ် ဝတ်စားဆင်ယင်မှုများကို ရှက်ရွံ့စရာဟု ထင်မြင်တတ်သည်။ အင်္ဂလိပ်ဝတ္ထုများတွင် Love ဆိုသောစာလုံးများကို တွေ့ရုံမျှဖြင့် မျက်စိမျက်နှာ ပျက်နေတတ်သည်။ 

ထိုအခါ နီနီက ရုပ်ရင်များ ဇာတ်လမ်းတွဲများကို သူ့မေမေ မသိအောင် တိတ်တိတ် ခိုးကြည့်ရသည်။ စာအုပ်တွေကို ခိုးဖတ်ရသည်။ ဆယ်နှစ်နှစ်သမီး နီနီက သူမ ဖတ်လိုသောစာအုပ်များကို မိဘများ မသိအောင် ကျောပိုးအိတ်ထဲတွင် ကျောင်းစာအုပ်များအကြား ဖွက်၍ ရော၍ သယ်ဆောင်လာရပုံ၊ မိဘများ အိပ်ပျော်လောက်သောအချိန်မှ ဖွက်ယူလာသော စာအုပ်များကို အခန်းတံခါးကို ပိတ်ပြီး တိတ်တိတ်ဖတ်ရပုံ၊ သူမ၏ မဟာစွန့်စားခန်းများကို ကျွန်မအား ရယ်ရယ်မောမောဖြင့် ပြန်ပြောပြလေ့ရှိသည်။ အန်တီ့အိမ်မှာ နီနီလာနေလို့ရမလားဟင်… အန်တီဖြူနဲ့သာ နေရရင် သမီး အဲ့လိုတွေ ခိုးလုပ်စရာမလိုဘူး သိလား… ဟု သူ့မျက်လုံးနက်ကလေး ထောင့်ကပ်ကာ တီတီတာတာ ပြောသောအခါ ကျွန်မ စိတ်မကောင်းဖြစ်ရသည်။ နီနီ့ကွယ်ရာတွင် သူ့မေမေကို ကျွန်မ စကားပြောကြည့်သည်။ ခေတ်ကို မြင်အောင်ကြည့်ပါဟု ပြောပြသော်လည်း နားမဝင်ပါ။ နင့်မှာ သမီးမှ မရှိတာ၊ နင်မသိပါဘူး… မဖြစ်သင့်တာ မဖြစ်ရအောင် ခုလောက်ထဲက ကာကွယ်ထားမှ တော်ရုံကျမှာ ဟူသော စကားမျိုးဖြင့် ကျွန်မကို ပြန်လှန်ချေပတတ်သည်။ 

နီနီကလည်း နီနီ… နည်းနည်းတော့ ဆိုးပါသည်။ ဆံပင်ညှပ်ဆိုင်ကို အမေ မပါလျှင် မပါသလို ဆံပင်ကို သူ့စိတ်တိုင်းကျ တိုကပ်နေအောင် ညှပ်ပစ်တတ်သည်။ မကြာသေးခင်က ညာဖက်နားတွင် နားပေါက် နှစ်ပေါက် ထပ်ဖေါက်လိုက်သောကြောင့် သားအမိတတွေ ပြဿနာတက်ကြသည်ဟု သိရသည်။ မိဘများက ဘဲလေးအက ကစေချင်ခဲ့သော၊ စန္ဒယားတီး တယောထိုးစေချင်ခဲ့သော နီနီက ကျောင်းတွင် ဘောလီဘော၊ ဘတ်စကက်ဘော ကစားသည်။ ဘောလုံးကန်သည်။ စကိတ်ဘုတ်ကို မိဘများမသိအောင် တိတ်တိတ်ဝယ်၊ ကျောင်းတွင် သိမ်းထားကာ အခြေအနေပေးလျှင် ပေးသလို ခိုးစီးတတ်သည်။ သူငယ်ချင်းထံမှ ဂစ်တာတီးသင်သည်။ သမီးလေး နီနီ…

အခုတလော ကျွန်မနှင့် တွေ့သောအခါများတွင် နီနီက… နီနီ မိန်းကလေးမဖြစ်ချင်ဘူး ယောက်ျားလေးဖြစ်ရင် သိပ်ကောင်းမှာပဲ နီနီက ယောက်ျားလေးပဲ ဖြစ်ချင်တာ… ဟု မရဲတရဲ ပြောစပြုလာသည်။ နီနီ အိမ်မှာ မနေချင်ဘူး သူငယ်ချင်းတွေနဲ့ ဘော်ဒါမှာ သွားနေချင်တယ် အန်တီဖြူ မေမေ့ကို ပြောပေးပါ ဟု မကြာခဏ ပူဆာတတ်လာသည်။ ထိုအချိန်များတွင် ကျွန်မက နီနီ့ကိုရော နီနီ့မေမေ ကျွန်မသူငယ်ချင်းကိုပါ အပေးအယူလေး တစ်ခုခု ပြုကာ ဖြောင်းဖြရတတ်သည်။ နီနီ့မေမေကတော့ သမီး နီနီ သိပ်ဆိုးသည် တဲ့။ ပြောစကားတွေကို တစ်ခုမှ နားမထောင်၊ စာလည်း မကြိုးစား၊ လုပ်ချင်တာတွေကများ အာရုံတွေက များ… စသည်ဖြင့် တွေ့လိုက်တိုင်း အပြစ်များစွာ ပြောလေသည်။ 

တဖြည်းဖြည်း နီနီ့စိတ်ဓါတ်များ မာကျော ခက်ထန်လာသည်ကို ကျွန်မ စိတ်မကောင်းစွာ တွေ့မြင်နေရသည်။ မလိုအပ်ပါပဲ တင်းကြပ်နေသော စည်ကမ်းများ၊ ချုပ်ချယ်မှုများနှင့် အမိန့်ဆန်ဆန် ကန့်သတ်ချက်များအကြားတွင် မိဘများနှင့်လည်း အဆင်မပြေ၊ မိသားစု တိုက်ပွဲများက တစ တစ ပြင်းထန်လာခဲ့သည်။ ကျွန်မအမြင်မှာတော့ နီနီသည် အဆိုးကြီး ဆိုးနေသော ကလေးတစ်ယောက် မဟုတ်ပါ။ အသက်အရွယ်၏ စကားပြောမှု၊ ခေတ်၏ အနေအထားတို့ကို လိုက်လျောညီထွေ မဖြစ်သော၊ လူငယ်တစ်ယောက်၏ ဆန္ဒကို နားလည်မပေးတတ်သော မိခင်၏ ကိုင်တွယ်ဆုံးမပုံကြောင့် မလိုအပ်ပဲ ကြွပ်ဆတ်စပြုလာသော သမီးလေးနီနီ သာ ဖြစ်သည်။ သို့သော် နီနီ့ကို ကျွန်မ မပိုင်ပါ။ ထို့အတူ နီနီ့မိဘများကိုလည်း ကျွန်မ မလွှမ်းမိုးနိုင်သလို လွှမ်းမိုးရန်လည်း မကြိုးစားခဲ့ပါ။ သူတို့သည် နီနီ့ မိဘအရင်းများ ဖြစ်ကြပြီး နီနီ့အတွက် ကောင်းကျိုးကို လိုလားသူများသာ ဖြစ်သည်ကိုလည်း ကျွန်မ စိုးစဉ်းမျှ ယုံမှားသံသယ မရှိခဲ့ပါ။ ခက်နေသည်က သမီးလေး နီနီ… 

* * * * * 

“နီနီ အားလုံးစဉ်းစားပြီးပါပြီ… နီနီ ခဏတော့ ထွက်သွားမှဖြစ်မယ် အန်တီဖြူ၊ ဒီလိုအခြေအနေအတိုင်း နီနီ ဆက်မနေနိုင်တော့ဘူး၊ နီ့အသက် ဆယ့်ရှစ်နှစ် ပြည့်ပြီးပါပြီ။ ဟိုရောက်ရင် နီနီ ကိုယ့်ကိုကိုယ် ထိန်းနိုင်ပါပြီ။ ပြီးတော့ နီနီ လိမ်မာပါ့မယ်။ အလုပ်လုပ်ရင်း စာလည်း ကြိုးစားပါ့မယ်။ နီ့ကို စိတ်ချပါ…”

တည်တည်တံ့တံ့ မျက်နှာပေးလေးဖြင့် လေးလေးနက်နက် ပြောနေသော သမီးလေးနီနီကို ကြည့်ရင်း ကျွန်မ အမြင်တွေ ရုတ်တရက် ဝေဝါးသွားခဲ့သည်။ 

“နီနီ့ လေယာဉ်က မနက်ဖြန် မနက်ဆယ်နာရီခွဲ ထွက်မှာ… ဟိုကို ညနေ သုံးနာရီ ရောက်မယ်။ နေရမဲ့ အဆောင်ကို ရောက်တာနဲ့ အန်တီ့ဆီကို နီ ဖုန်းဆက်မယ်လေ၊ အိမ်ကနေတော့ ခါတိုင်း ကျောင်းသွားသလိုပဲ ကျောပိုးအိတ်နဲ့ နီ ထွက်သွားမယ်၊ သူငယ်ချင်းတွေက နီ့ပစ္စည်းတွေကို လေဆိပ်ကို ယူလာကြလိမ့်မယ် နီနီတို့ သူငယ်ချင်း ခြောက်ယောက် အတူတူသွားကြမှာပါ… စိတ်မပူပါနဲ့ နီ အဆင်ပြေမှာပါ အန်တီဖြူ၊ ညနေငါးနာရီကျော်လောက် နီ ကျောင်းကပြန်ရောက်နေကျ အချိန်လောက်မှန်းပြီး မေမေ့ဆီကို နီ ဖုန်းဆက်ပြီး အကျိုးအကြောင်း ပြောပြမှာပါ… အန်တီဖြူ သိရက်နဲ့ မတားရကောင်းလား ဖြစ်မှာစိုးလို့ မေမေတို့က တစ်ခုခုပြောလာရင် အန်တီ မသိချင်ယောင်သာ ဆောင်နေလိုက်ပါနော်၊ အခုလို ဘယ်သူ့ကိုမှ အသိမပေးပဲ တိတ်တိတ်လေး စီစဉ်မိခဲ့တဲ့အတွက် နီ့ကို ခွင့်လွှတ်ပါ အန်တီ…”

အစစအရာရာ အဆင်ပြေ အောင်မြင်ပါစေ သမီးလေး နီနီ… တစ်ခုခု လိုအပ်ရင် အန်တီ့ကို အချိန်မရွေး ဆက်သွယ်ဖို့ တိုင်ပင်ဖို့ မမေ့နဲ့နော် ဟု ကျွန်မ ပြောလိုက်သောအခါ နီနီက ကျွန်မကို မျက်နှာချင်းဆိုင်၊ ကျွန်မမျက်လုံးများထဲသို့ တည့်တည့်ကြည့်ကာ နီ့စိတ်ထဲမှာ အမြဲရှိပါတယ် စိတ်ချပါ အန်တီ ဟု ခိုင်ခိုင်မာမာ ပြောလေသည်။ ကန့်ကွက်တားမြစ်စကား တစုံတရာ မဆို၊ မိဘကို မဖြစ်မနေ အသိပေးရန် အားပေး တိုက်တွန်းခြင်း မပြုသော ကျွန်မကို နီနီ အနည်းငယ်မျှ အံ့သြဟန်မပြသည်ကို ကျွန်မကလည်း ထူးခြားပြီး မအံ့သြခဲ့ပါ။ 

ခြံဝင်းတံခါးဘောင်ကို ဆုတ်ကိုင်ရင်း နီနီထွက်သွားရာ လမ်းတလျှောက်... မြင်ကွင်းထဲမှ ဂျက်ကက်အနီရောင်ကလေး တရွေ့ရွေ့ ပျောက်ကွယ်သွားသည်အထိ ကျွန်မ လိုက်ကြည့်နေမိသည်။ ထိုညက နေ့စဉ်မှတ်တမ်းထဲတွင် အခွင့်သာသော နေ့တစ်နေ့မှာ ကျွန်မကိုယ်တိုင် တစ်ချိန်က သမီးနီနီတစ်ယောက် ဖြစ်ခဲ့ဖူးကြောင်း သမီးလေး စန္ဒီ့ကို ပြန်ပြောပြရန် ဟု ချရေးကာ အနီရောင် ကြယ်ပွင့်လေး တစ်ခု အမှတ်အသားပြု ဖြစ်ခဲ့ပါသည်။ 

သက်ဝေ
(၁၇ မတ် ၂၀၁၆)


~ ၂၀၁၆ သြဂုတ်လ ရတီမဂ္ဂဇင်းတွင် ဖေါ်ပြပြီး ဖြစ်သည်။

Wednesday, November 23, 2016

စနေ တနင်္ဂနွေနဲ့ ဈေးဝယ်လမ်းညွှန်

(၁)
ထင်မထားတဲ့ ဖြစ်တောင့်ဖြစ်ခဲဖြစ်ရပ်တွေဟာ တခါတခါမှာ သူ့အလိုလို ဖြစ်လာတတ်တာမျိုးပဲ။ ရက်သတ္တပတ်မှာ တနင်္လာကနေ သောကြာ၊ ငါးရက် ပုံမှန် အလုပ်လုပ်နေသူတစ်ယောက်ဟာ သောကြာနေ့ညတွေမှာ ညနက်အောင်နေပြီး စနေနေ့မနက်တွေမှာ နောက်ကျမှ အိပ်ရာထရတယ်လို့ချည်း ပုံသေကားချပ် တွက်ထားလို့ မရဘူး။ တခါတလေ စနေမနက်တွေမှာ (သူ့အလိုလို) အစောကြီးနိုးပြီး ပြန်အိပ်လို့မရတာမျိုး၊ အပေါ်ထပ်အိမ်က အခန်းတံခါးပိတ်သံ ခပ်ကြမ်းကြမ်းကြောင့် ရုတ်တရက် လန့်နိုးသွားတာမျိုး၊ အဲဒီအချိန်မှာ အိပ်ခန်းပြတင်းက လိုက်ကာစကြားထဲကို အလင်းရောင်နည်းနည်းလေး တိုးဝင်လာတာနဲ့ကြုံကြိုက်ပြီး မိုးလင်းတော့မှာပဲဆိုတဲ့ အသိနဲ့ ပြန်အိပ်လို့ မရတော့တာမျိုးတွေ ဖြစ်လေ့ရှိတယ်၊ ဖြစ်တတ်တယ်၊ ဖြစ်ဖူးတယ်။ အနည်းဆုံးတော့ ဒီနေ့ -  စနေနေ့ မနက်မှာ - ဖြစ်ခဲ့တယ်။

စနေနေ့မနက် စောစော၊ အလင်းရောင်ကောင်းကောင်းမဝင်သေးပဲ မှုန်ပြပြနဲ့ တိတ်ဆိတ်နေတဲ့အိမ်ထဲမှာ ရုတ်တရက် ဘာလုပ်ရမယ် မသိဘူး။ ဒါနဲ့ ရုပ်မြင်သံကြားစက်ကို သွားဖွင့်လိုက်တယ်။ ဖန်သားပြင်မှာ ပေါ်လာတဲ့ အရုပ်တွေရဲ့ လှုပ်ရှားမှုကို အဓိပ္ပါယ်မဲ့ ငေးကြည့်ရင်း (ဝှားကနဲ အသံမမြည်အောင် ထိန်းပြီး) တချက် သန်းဝေလိုက်တယ်။ ရုပ်မြင်သံကြားဖန်သားပြင်ပေါ်မှာ ပစ္စည်းတစ်ခုကို လက်မှာ တဆဆ ကိုင်ထားရင်း စကားတွေ အဆက်မပြတ်ပြောနေတဲ့ အမျိုးသားတစ်ယောက်ကို တွေ့ရတယ်။ သူ ဘာတွေပြောနေသလဲဆိုတာ သဲကွဲအောင် အသံကို နည်းနည်းမြှင့်လိုက်တယ်။ ဒီတော့မှ ဒါဟာ ကုန်ပစ္စည်းကြော်ငြာ (သို့မဟုတ်) ဈေးဝယ်လမ်းညွှန်တွေ ပြလေ့ရှိတဲ့ လိုင်းတစ်လိုင်းပဲဆိုတာ သဘောပေါက်သွားတယ်။ ပြီးတော့ ရုပ်မြင်သံကြားကို ဖွင့်လိုက်တာနဲ့ ဘာဖြစ်လို့ ဒီလိုင်းကို တန်းတန်းမတ်မတ် ရောက်သွားတာပါလိမ့်လို့ တွေးမိတယ်။ တဆက်တည်းမှာ ဒီရုပ်မြင်သံကြားကို (ဒီလိုင်းကို) ဘယ်နေ့က နောက်ဆုံးကြည့်ပြီး ပိတ်ထားခဲ့မိတာလဲဆိုတာ ပြန်စဉ်းစားတယ်။ သတိရပြီ။ ပြီးခဲ့တဲ့ တနင်္ဂနွေညက အိပ်ယာမဝင်ခင်မှာ ဒီလိုင်းကို ကြည့်နေမိခဲ့တာပဲ။ ပြီးတော့ ပိတ်လိုက်တယ်။ ဒါဆို အလုပ်သွားတဲ့ ငါးရက်လုံးလုံး ဒီရုပ်မြင်သံကြားစက်ကို မထိမိခဲ့ဘူးပေါ့။ ဒီလိုပါပဲ လို့ အသံထွက်ပြီး ညည်းညူလိုက်မိတယ်။

မနေ့ညက အဝတ်ခြောက်စက်ထဲက ထုတ်ယူလာတဲ့အဝတ်တွေကို ခြင်းထဲထည့်ထားတာ သတိရသွားတယ်။ ဒါနဲ့ အဝတ်ခြင်းကို သွားယူလိုက်တယ်။ ရုပ်မြင်သံကြားမှာ ကုန်ပစ္စည်းကြော်ငြာနေတဲ့သူက အမျိုးသမီးတစ်ယောက် ဖြစ်သွားပြီ။ တဆက်တည်းမှာ ဈေးဝယ်စာရင်းရေးတဲ့ မှတ်စုစာအုပ်နဲ့ ခဲတံကိုလည်း အနားမှာ အဆင်သင့် ယူထားလိုက်တယ်။ လက်က အဝတ်တွေ ခေါက်ရင်း၊ မျက်စိက ပစ္စည်းကြော်ငြာတွေကို တလှည့်၊ ခေါက်နေတဲ့ အဝတ်တွေကို တလှည့် ကြည့်ရင်း၊ နားကလည်း ပစ္စည်းရဲ့ အသုံးဝင်ပုံနဲ့ အမျိုးအစား ကောင်းပုံတွေကို အမွှန်းတင်နေတဲ့စကားသံတွေကို နားစွင့်ရတယ်။ ကိုယ်ကြိုက်တဲ့၊ ကိုယ်စိတ်ဝင်စားတဲ့၊ ကိုယ် လိုချင်တဲ့ ပစ္စည်းတခုကိုတွေ့ရင်တော့ ခေါက်လက်စ အဝတ်တွေ အသာချပြီး စာအုပ်နဲ့ ခဲတံကို အမြန်ကိုင်ရတယ်။ သူတို့အပြောတွေထဲမှာ ဒီပစ္စည်းဟာ ဘယ်လိုကောင်းကြောင်း၊ ဘယ်လို အသုံးဝင်ကြောင်း၊ ဘယ်လို အစွမ်းထက်ကြောင်းတွေကို တငေးတမော နားထောင်ရတယ်။ အဲလိုတွေ ပြောလို့ ပြီးပြီဆိုရင်တော့ ဒါကို ဝယ်မယ်ဆို မူလဈေးရင်းက ဘယ်လောက် ရှိတယ်၊ အခုနေဝယ်ရင် မိုးရာသီဈေးရောင်းပွဲမို့ အထူးလျှော့ဈေးနဲ့ ရမယ်၊ သူနဲ့အတူ နောက်ထပ် ဘာအပိုပစ္စည်းတွေကို လက်ဆောင်အဖြစ်ရနိုင်မယ် ဆိုတာတွေကို လိုက်မှတ်ရတယ်။ ဒါတင်မက ဘယ်ဘဏ်က အကြွေးဝယ်ကဒ်နဲ့ ဝယ်ရင် ဘယ်နှစ်ရာခိုင်နှုန်း လျှော့ပေးဦးမယ်၊ ဘယ်ရက်ကနေ ဘယ်ရက်အတွင်း ဝယ်မယ်ဆို ဘယ်လောက် ထပ်လျှော့ပေးမယ်၊ သူတို့ဆိုင်မှာ လာဝယ်ရင် ဘယ်လောက်၊ ဖုန်းဆက်ပြီး မှာလိုက်ရင် ဘယ်လောက် သက်သာမယ် ဆိုတာမျိုးတွေကိုလည်း ခပ်သွက်သွက် လိုက်ရေးမှတ်ရပြန်တယ်။

(၂)
မိုးစင်စင်လင်းသွားပြီ။ ခေါက်စရာရှိတဲ့အဝတ်တွေလည်း အကုန်ခေါက်ပြီးသွားပြီ။ ခေါက်ပြီးသားအဝတ်တွေကို သေသေချာချာ စီပြီး ခြင်းထဲကို ပြန်ထည့်လိုက်တယ်။ ကြည့်လက်စ ဈေးဝယ်လမ်းညွှန်အစီအစဉ်လည်း ပြီးဆုံးသွားပြီ။  အဲဒီအစီအစဉ်ကနေတဆင့် အချိန် တနာရီခွဲကြာသွားတယ်လို့ သိလိုက်ရတယ်။ လက်ထဲက မှတ်စုစာအုပ်ကို ငုံ့ကြည့်လိုက်တယ်။

ဖုန်စုတ်စက် - ၉၉.၉၀ (အမှိုက်အိတ် ၂ ခု လက်ဆောင် / အိမ်အရောက် / ပို့ခ ပေးရန်မလို)
ဆံပင်ဖြောင့်စက် - ၇၉.၉၀ (ဘီး နဲ့ မှန် ပါသော ခရီးဆောင်အိတ်ကလေးတစ်ခု လက်ဆောင်)
ဖန်ပန်းအိုး - တစ်လုံး ၂၉.၉၀ (နှစ်လုံးဝယ်လျှင် ၅၀.၀၀ / ပို့ခ ပေးရန်လို / ဆိုင်မှာသွားဝယ်ရန်) – စတိုးဆိုင်နာမည် - မေ
လက်တွေမပေါက်တဲ့ ပန်းကန်ဆေး ဆပ်ပြာရည် - ၂.၉၀ (ဆယ်ထုတ်ယူလျှင် အိမ်အရောက်/ ပို့ခ မလို / နှစ်ရက် စောင့်ရမည်) ဆက်သွယ်ရန် ဖုန်း - ၈၇၆၅၄၃၂၁၀
ကျောက်ပြား ကြွေပြားများ (မုချ) တောက်ပ သန့်ရှင်းစေရန် တာဝန်ယူသော ဆေးရည် - ၆.၉၉ (သုံးဗူးဝယ်လျှင် သန့်ရှင်းရေးသုံး အဝတ်စ တစ်မီတာ လက်ဆောင်) - တနင်္ဂနွေနေ့ နောက်ဆုံး
ခန်းဆီးလိုက်ကာ ပိတ်စများ အနံကြီး တစ်မီတာ - ၄.၀၀ (ဆယ်မီတာ ၃၀.၀၀) - ဘေးနားမှာ ကြယ်ပွင့်ပြထား
သစ်သီးများ အလွှာအချပ် ပြုလုပ်သောစက် - ၄၉.၉၀ (မူရင်းဈေး ၆၉.၉၀ မှ ဈေးချထား - ဒီနေ့ နောက်ဆုံး)
ကြက်ဥပုံ ခြေဖနောင့် သန့်ရှင်းစက် - ၁၁.၉၀ (မူလဈေးမှ ၈၀% လျှော့ထား)  - ဒီနေ့နောက်ဆုံး
ဝက်ပေါင်ခြောက် ဒိန်ခဲ - ၂၀% လျှော့ဈေး - (အိမ်နားက ဆိုင်)

မှတ်စုစာအုပ်ကို ပိတ်လိုက်တဲ့အချိန်မှာ ရုပ်မြင်သံကြားမှာ မနက်ရှစ်နာရီ သတင်းလာနေပြီ။ သွေးရဲရဲ သံရဲရဲနဲ့ အစုလိုက်အပြုံလိုက် သေကြေ၊ ဒါဏ်ရာရကြတာတွေသာ မြင်နေရတာမို့ မျက်နှာလွှဲရင်း ရုပ်မြင်သံကြားကို ပိတ်လိုက်တယ်။ တဆက်တည်း မီးခလုပ်ပါ ထပိတ်လိုက်တယ်။  စိတ်မချမ်းသာစရာ မြင်ကွင်းနဲ့ စနေနေ့ မနက်ခင်းဟာ ဘယ်လိုမှ မလိုက်ဖက်ဘူ မဟုတ်လား။

မနက်စာစားဖို့ ပြင်ရင်း စိတ်ထဲက ဒီနေ့ သွားရမယ့်နေရာတွေ၊ လုပ်စရာ အလုပ်တွေကို တန်းစီ စဉ်းစားတယ်။ ဘယ်ကနေ စရမယ်၊ ဘယ်ကို စသွားရမယ်၊ ဘယ်ကနေ ဘယ်ကို ဆက်သွားရင် လမ်းသင့်တယ် ဆိုတာကအစ စဉ်းစားတယ်။ မနက်စာကို အေးအေးဆေးဆေး စားသောက်ပြီးတာနဲ့ ရေချိုးပြီး အိမ်ကနေ ထွက်ခဲ့တယ်။ ခုနက ရေးမှတ်ထားတဲ့ မှတ်စုစာအုပ်လေးကိုတော့ လွယ်နေကျ အဝတ်အိတ်ကလေးထဲမှာ မမေ့မလျော့ ထည့်ယူသွားရတာပေါ့။ မနက်စာ စားနေရင်းမှာ တပတ်စာ စားစရာ သောက်စရာ လိုအပ်တဲ့ ဈေးစာရင်းလေးလည်း ရေးမှတ်လိုက်သေးတယ်။

(၃)
လက်ထဲမှာ အထုတ်တွေ မနိုင်မနင်းနဲ့ အိမ်တံခါးသော့ကို ဖွင့်တဲ့အချိန်မှာ အခန်းရှေ့ လူသွားစင်္ကြန်က မီးပွင့်တွေ လင်းလာတာ တွေ့ရတယ်။ ဒီမီးပွင့်တွေဟာ ည ခုနှစ်နာရီ ကနေ မနက် ခုနှစ်နာရီအထိ အချိန်မှန် လင်းနေကျ။ ပါလာတဲ့ အထုတ်တွေကို ချပြီး ရေတစ်ခွက် အရင်သောက်ရတယ်။ ဝယ်လာတဲ့ တပတ်စာ အသားငါး အသီးအရွက်တွေကိုတော့ အချိန်ဆွဲလို့မရတာမို့ (ခပ်မြန်မြန်) နေရာချလိုက်တယ်။ ဒါတောင် ဝက်ပေါင်ခြောက်အထုတ်နဲ့ အသင့်ခြွေပြီးသား ပြောင်းဖူးအထုတ်က အအေးဓါတ်ပြယ်ပြီး နည်းနည်း စိုစိစိဖြစ်နေပြီ။ ကျန်တဲ့ပစ္စည်းတွေကိုတော့ ဈေးဝယ်အိတ်တွေထဲက မထုတ်နိုင် မသိမ်းနိုင်သေးဘူး၊ ဒီတိုင်းပဲ ဧည့်ခန်းထဲမှာ ချထားလိုက်တယ်။ မနက်က ခေါက်ခဲ့တဲ့ အဝတ်ခြင်းကိုလည်း ဧည့်ခန်းထဲမှာပဲ တွေ့ရတယ်။ နောက်ထပ်ရေတစ်ခွက် ထပ်သောက်ရတယ်။

ဒီနေ့ဝယ်လာခဲ့တဲ့ ပစ္စည်းတွေအကြောင်း၊ ဘယ်လောက်တန်ကို ဘယ်လောက်နဲ့ရခဲ့တာမို့ ဘယ်လို ကျေနပ်စရာကောင်းကြောင်းတွေကို တစ်ယောက်ယောက်ကို ပြောပြချင်စိတ် ပေါ်လာတယ်။ ဒါနဲ့ ဝါသနာတူ သူငယ်ချင်းဆီကို ဖုန်းခေါ်ဖို့ စဉ်းစားတယ်။ အဲဒီအချိန်မှာ ဖုန်းက ရုတ်တရက် ထမြည်လာတယ်။ အရင်တပတ်က တဝက်ဈေးနဲ့ရလို့ (မှာ) ဝယ်ထားတဲ့ မီးပူ မနက်ဖြန် ဆယ်နာရီကနေ ဆယ့်နှစ်နာရီအတွင်းမှာ လာပို့မယ်လို့ အကြောင်းကြားတာ။ မှာထားပြီး မေ့တောင်နေတယ်။ တဆက်တည်းမှာ အိမ်မှာ မီးပူနှစ်လုံး ရှိနေပြီးသားကို ဘာဖြစ်လို့ မီးပူထပ်ဝယ်ရသလဲ ဆိုတဲ့ မေးခွန်းကို ကိုယ့်ဟာကိုယ် ပြန်မေးရတယ်။ မိနစ်ဝက်လောက် စဉ်းစားပြီးမှ သတိရတယ်။ အခုရောက်လာမယ့်မီးပူဟာ အဝတ်တွေကို တခြမ်းပဲ တိုက်စရာလိုတဲ့မီးပူ၊ ဒီလိုလေ... အပေါ်ဖက် အလွှာကို တိုက်လိုက်ရင် အောက်ဖက်က အလွှာပါ လိုက်ပြန့်သွားတယ်၊ အင်္ကျီတစ်ထည်ဆို အရှေ့ဖက်ကိုတစ်ခါ ကျောဖက်ကို တစ်ခါ၊ နှစ်ခါတိုက်နေစရာမလိုဘူး၊ တဖက်ကို တိုက်ရုံနဲ့ လုံလောက်တယ်လို့ ကြော်ငြာတယ်။ ဒီတော့ အချိန်ကုန် သက်သာ၊ လူလည်း သက်သာတယ်၊ မီတာခလည်း ချွေတာပြီးသားဖြစ်တယ်ပေါ့။ ဒီလိုကြော်ငြာလို့ ဝယ်ဖြစ်သွားတာ။

သူငယ်ချင်းဆီကို ဖုန်းဆက်ပြီး ဒီနေ့ ဝယ်လာတဲ့ ပစ္စည်းတွေအကြောင်းကိုသာမက မနက်ဖြန်ရောက်လာမယ့် မီးပူအကြောင်းကိုပါ ဝေဝေဆာဆာ ပြောပြဖြစ်တယ်။ သူငယ်ချင်းက ကြမ်းပေါ်မှာ အလိုအလျောက် ရွေ့လျားသွားတဲ့ ဖုန်စုတ်စက်အကြောင်း ပြောပြတယ်။ ပုံမှန်အတိုင်းဆို ဈေးတော့ နည်းနည်းများတယ်၊ သူက ဘဏ်တစ်ခုမှာ အကြွေးဝယ်ကဒ်အသစ်လုပ်လို့ လျှော့ဈေးနဲ့ ရကြောင်း ပြောပြတယ်။ ဒါပေမဲ့ ဒီနေ့ နောက်ဆုံးတဲ့။ သူပြောတာ နားထောင်ပြီး နောက်တခါ ဈေးချတဲ့အချိန်မှာ ဝယ်ရန် ဆိုပြီး စိတ်ထဲကနေ မှတ်ထားရတယ်။ အိမ်သန့်ရှင်းရေးအတွက် လူလည်း သက်သာတယ်ဆိုတော့ ဝယ်သင့်ပါတယ် လို့ သူငယ်ချင်းက အားပါးတရ ပြောတယ်။ ဒါနဲ့ သူ့ကို အဲဒီစက်ကို စမ်းကြည့်ပြီးပြီလား ဘယ်လိုနေသလဲ မေးတော့ မစမ်းရသေးဘူးတဲ့။ အရင်လက ကြည့်လိုက်ရတဲ့ ဈေးဝယ်လမ်းညွှန် အစီအစဉ်မှာ သရုပ်ပြသွားတာ အင်မတန်ကောင်းလွန်းလို့၊ လျှော့ဈေးရတာနဲ့လည်း ကြုံကြိုက်လို့  ဝယ်လိုက်တာ တဲ့။ စမ်းသုံးကြည့်ပြီး ပြန်ပြောဦးနော်လို့ ပြောလိုက်ပေမယ့် စိတ်ထဲကတော့ တော်တော်လိုချင်နေပြီ။

တနေ့လုံးနီးနီး သွားလာ ဝယ်ခြမ်းနေချိန်တုန်းက ပင်ပန်းရမှန်းမသိ၊ ညောင်းရမှန်းမသိတဲ့ ခြေထောက်တွေက ဆန္ဒပြလာကြတယ်။ အိပ်ရာထဲရောက်ပြီး သိပ်မကြာဘူး အိပ်ပျော်သွားတယ်။ အိပ်မက်ထဲမှာ အလိုအလျောက် ရွေ့လျား ဖုန်စုတ်စက်ကို ဝယ်ဖို့ လူတန်းရှည်ကြီးထဲ တန်းစီနေသေးတယ်။

(၄)
တနင်္ဂနွေနေ့မနက် မိုးစင်စင်လင်းမှ အိပ်ရာက နိုးတယ်။ မနေ့ကဝယ်လာတဲ့ ဝက်ပေါင်ခြောက်ရယ် ပေါင်မုန့်ရယ်ကို ဘလက်ကော်ဖီတစ်ခွက်နဲ့အတူ မနက်စာ ပြင်လိုက်တယ်။ မနက်စာကို ထမင်းစားပွဲမှာ ထိုင်စားဖို့ အင်မတန် ပျင်းစရာကောင်းတာပဲလို့ တွေးတယ်။ နောက်ပြီး တနင်္ဂနွေသတင်းစာကလည်း ကြော်ငြာမပါ ဘာမပါနဲ့ စိတ်ဝင်စားစရာ နည်းတယ် မဟုတ်လား။ ဒါနဲ့ စားစရာတွေကို ပန်းကန်တစ်ခုထဲ စုပြုံထည့်ပြီး လက်တဖက်က ကော်ဖီပန်းကန်ကို ကိုင်ရင်း ရုပ်မြင်သံကြားရှေ့ကိုပဲ ရောက်လာခဲ့တယ်။ မနေ့က အဝတ်ခြင်း၊ မနေ့က ချထားတဲ့ ဈေးဝယ်အိတ်တွေ၊ ပိတ်ရက်တွေမှာ လွယ်နေကျ အဝတ်အိတ်ထဲက တပိုင်းတစ ထွက်နေတဲ့ မှတ်စုစာအုပ်၊ ကြော်ငြာအချပ်ပိုတွေအများကြီးနဲ့ စနေနေ့သတင်းစာ။ ဆိုဖာပေါ်မှာ တယုတယ ချထားတဲ့ ဖန်ပန်းအိုးလေးနှစ်လုံးကို အသာ တွန်းဖယ်ပြီး ထိုင်စရာ တစ်နေရာလေး ဖန်တီးရတယ်။ စိတ်ထဲမှာတော့ ဒါတွေစားပြီးရင်တော့ အိမ်ရှင်းရမယ်၊ ခန်းဆီးတွေ လဲရမယ်။ မနေ့က ဝယ်လာတဲ့ ကြွေပြား ကျောက်ပြားသန့်စင်ဆေးရည်ကို စမ်းသုံးပြီး မီးဖိုခန်းနဲ့ ရေချိုးခန်းကို ဆေးကြည့်ရမယ် ဆိုတဲ့ အတွေးတွေက အစီအရီ။ ဒါတွေတင်မက မုန်လာဥအဖြူနဲ့ အနီကို ဟိုစက်လေးနဲ့ ခြစ်ပြီး ရှာလကာရည်စိမ်ဖို့ ရည်ရွယ်ထားတာလည်း ရှိတယ်။ သူတို့ပြသွားတဲ့ ကြော်ငြာထဲမှာ မုန်လာဥအဖြူ၊ မုန်လာဥအနီနဲ့ ငရုတ်သီးစိမ်းတွေကို ရှာလကာရည်ထဲ သကြားရောပြီး ပုလင်းထဲတည့် စိမ်ထားတာ လှလည်းလှ စားချင်စရာလည်း အင်မတန်ကောင်းပဲ။

မနေ့မနက်က စနေနေ့မနက်က ပိတ်ခဲ့တဲ့ ရုပ်မြင်သံကြား သတင်းလိုင်းမှာ လေမုန်တိုင်းသတင်းတွေ ပြနေတယ်။ လူအသေအပျောက်တော့ မရှိဘူး ထင်ရတာပဲ။ ဒါနဲ့ တခြားလိုင်းတစ်ခုကို ပြောင်းလိုက်တော့  ကမ္ဘာကျော် စားဖိုမှူး ဂျင်မီအိုလီဗာရဲ့ မျက်နှာ ပေါ်လာတယ်။ သူချက်တဲ့ဟင်းတွေကို ကြည့်ရင်း စိတ်ကူးနဲ့ လိုက်ချက်ရင်း အရှေ့မှာချထားတဲ့ သွေ့ခြောက်ခြောက် မနက်စာကို ကော်ဖီနဲ့ မျိုချရတယ်။ ဟင်းချက်တဲ့အစီအစဉ် တစ်ပိုင်းနဲ့ တစ်ပိုင်းကြားမှာ ပေါ်လာတဲ့ ကုန်ပစ္စည်းကြော်ငြာတွေကလည်း အင်မတန် စိတ်ဝင်စားစရာကောင်းတယ်။ အဓိက ကတော့ မီးဖိုချောင်သုံးပစ္စည်းတွေပဲ။ သုံးလို့ ကောင်းမယ်ထင်တာလေး၊ လူသက်သာပြီး ကိုယ်နဲ့ အသုံးတည့်မယ်ထင်တာလေး၊ မျက်စိထဲ လှတပတ ဖြစ်တာလေးတွေ တွေ့ရင် မှတ်စုစာအုပ်လေးထဲ ကဗျာကယာ လိုက်ရေးထားရသေးတယ်။

လူခေါ်ခေါင်းလောင်းသံနဲ့အတူ မီးပူလာပို့တဲ့သူ ရောက်လာတော့ နေ့လည် ဆယ့်နှစ်နာရီဲတောင် ကျော်နေပြီ။ ဗူးပေါ်မှာ မြင်နေရတဲ့ အပြာနုရောင်နဲ့ အဖြူရောင်ရောနေတဲ့ မီးပူလေးက ချစ်စရာ။ ပြောရရင် မနေ့က ညောင်းညာလာတဲ့အရှိန်ဟာ အခုထိ မပြေသေးသလိုပဲ။ ဗိုက်ပြည့်နေတာကတကြောင်း၊ ဂျင်မီအိုလီဗာကို စိတ်ဝင်တစား ကြည့်နေမိတာက တကြောင်းတို့ကြောင့် မျက်စိတွေညောင်းလာတယ်။ ဒါနဲ့ ဆိုဖာပေါ်မှာ ခဏတဖြုတ် လှဲအိပ်လို့ရအောင်ဆိုပြီး ပစ္စည်းတွေ နည်းနည်း ရှင်းလိုက်တယ်။ တကယ်ကတော့ ဆိုဖာပေါ်က ပစ္စည်းတွေကို ကြမ်းပေါ် ယူချလိုက်တာပါ။ ဖန်ပန်းအိုးကလေးကိုတော့ သတိထားပြီး ဖြည်းဖြည်း ချရတာပေါ့။ ပန်းအိုးလေးကို ဆံပင်ဖြောင့်စက်ဗူးကလေးနားမှာ မှီပြီး ချလိုက်တယ်။ မျက်လုံးတွေ မှေးစင်းလာတဲ့အချိန်၊ အတွေးစိတ်ကူးထဲမှာ စီကာစဉ်ကာ ပေါ်လာတာတွေက ခဏနေရင် အိမ်ရှင်းမယ်၊  ရေချိုးမယ်၊ ကြမ်းဆေးမယ်၊ ခေါင်းလျှော်မယ်၊ ခြေထောက်တွေကို ဟိုစက်ကလေးနဲ့ သန့်ရှင်းမယ် ပြီးရင် ဆံပင်ဖြောင့်မယ်။

(၅)
ခဏဆိုပြီး လှဲလိုက်တာ နိုးလာတော့ နေတောင် အတော်စောင်းနေပြီ။ စနေ တနင်္ဂနွေ ပိတ်ရက် နှစ်ရက်ဟာ တယ် အကုန်မြန်တာပါလား လို့ ညည်းညည်းညူညူ ရေရွတ်မိတယ်။ အိမ်ရှင်းရဦးမယ်ဆိုတဲ့ အတွေးနဲ့ မျက်လုံးကိုဖွင့်ပြီး အခန်းပတ်ပတ်လည်ကို ဝေ့ကြည့်လိုက်တော့ အခန်းဟာ ထင်ထားတာထက် ပိုတောင် ရှုပ်ပွနေသေးတာပဲ။

ဂျင်မီအိုလီဗာကတော့ ခုချိန်အထိ မုန့်တွေ ဟင်းတွေ တမျိုးပြီးတမျိုး အဆက်မပြတ် ချက်ပြနေတုန်းပဲ။ သူ့ကို ဆက်ကြည့်မနေနိုင်တော့ဘူး။ နောက်တစ်ပတ်စားဖို့ အသားဟင်းနှစ်မျိုးကို အမြန်ပြေးချက်လိုက်ရတယ်။ ချက်တယ်ဆိုတာထက် ပြုတ်တယ်ဆိုရင် ပိုမှန်မလားပဲ။ တကယ်တော့လည်း ချက်တာနဲ့ပြုတ်တာဟာ အမြဲမခွဲ တတွဲတည်းရှိနေတာပဲ မဟုတ်လား။ ဟင်းချက်နေရင်းမှာ ညစာအတွက် ကိုရီးယားခေါက်ဆွဲဗူးထဲကို ရေနွေးလောင်းထည့်လိုက်တယ်။ ကြက်ဥတစ်လုံး ဖေါက်ထည့်လိုက်တယ်။ ကြက်ဥကို လှမ်းယူလိုက်တဲ့အချိန်မှာ မုန်လာဥအဖြူနဲ့ မုန်လာဥအနီလေးတွေက အစိမ်းရောင် ဆလပ်ရွက်တွေကြားကနေ ချောင်းကြည့်နေကြတယ်။ သူတို့ကို ချက်ချင်း မျက်နှာလွှဲလိုက်ပြီး ညဖက်တွေ ရေးမချိုးနဲ့နော်ဆိုတဲ့ မေမေ့စကားသံကို ကြားယောင်လာတာနဲ့ ကမန်းကတမ်း ရေပြေးချိုးလိုက်တယ်။ ရေချိုးပြီး နာရီကြည့်တော့ ညရှစ်နာရီ။ မှားများနေသလားလို့ မျက်လုံးကို ပွတ်ပြီး နှစ်ခါ ပြန်ကြည့်ရတယ်။ မမှားဘူး မမှားဘူး... ညဟာ မှောင်တာ သိပ်မြန်လွန်းတယ်လို့ တွေးရင်း ညစာ စားလိုက်တယ်။

စားပြီးတာနဲ့ ခေါက်ဆွဲလုံး မစီနိုင်ဘူး၊ မနားနိုင်ဘူး... အလုပ်သွားရင်ဝတ်ဖို့ တစ်ပတ်စာ အဝတ်တွေ မီးပူတိုက်ရတယ်။ နေ့လည်က လာပို့သွားတဲ့ တဖက်တိုက်ရင် နောက်တဖက်ပါ အလိုလို ပြန့်သွားတဲ့ မီးပူအသစ်ကို ဖျတ်ကနဲ သတိရလိုက်ပေမယ့် မီးပူစင်မှာ တပ်လက်စ မီးပူကိုပဲ (အလွယ်တကူ) ခလုပ်ဖွင့်ပြီး ခပ်သွက်သွက် တိုက်လိုက်တယ်။ ဧည့်ခန်းထဲမှာ မသပ်မရပ် စုပုံနေတဲ့ ဈေးဝယ်အိတ်တွေနဲ့ ပစ္စည်းတွေကို (လောလောဆယ် ရှင်းသွားရင် ပြီးရော) စတိုခန်းသေးသေးလေးထဲကို ပြောင်းထည့်လိုက်တယ်။ စိတ်ထဲကတော့ နောက်တပတ်မှ ရှင်းတာပေါ့လေ လို့ တွေးရင်း ဖန်ပန်းအိုးကလေးနှစ်လုံးကို ဈေးဝယ်အိတ်ထဲက ထုတ်ပြီး ဧည့်ခန်းစားပွဲပေါ်မှာ ချထားလိုက်တယ်။ တခဏအတွင်း မျက်စိရှင်းပြီး သပ်သပ်ရပ်ရပ် ဖြစ်သွားတာတော့ အမှန်ပဲ။ ပစ္စည်းတွေ အထုတ်တွေ အသယ်အယူ အရွှေ့အပြောင်းမှာ ကြက်ဥပုံ ခြေဖနောင့် သန့်ရှင်းစက်ကလေးဟာ ရုတ်တရက် ဗူးထဲကနေ ထွက်ကျသွားပြီး ကြမ်းပြင်ပေါ်မှာ တလိမ့်လိမ့်နဲ့။ ရုပ်မြင်သံကြား ဖန်သားပြင်ပေါ်က ဈေးဝယ်လမ်းညွှန်လိုင်းမှာတော့ အမျိုးသမီးတစ်ယောက်ဟာ ယိုဂါကစားတဲ့ ပလတ်စတစ်အခင်းရဲ့ နူးညံ့ပျော့ပြောင်းပုံနဲ့ ထိရောက်ပုံကို တဖွဲ့တနွဲ့ ပြောပြနေတုန်းပဲ။

သက်ဝေ
(၂၃ စက်တင်ဘာ ၂၀၁၆)


 - ၂၀၁၆ ဒီဇင်ဘာလ - Idea မဂ္ဂဇင်းတွင် ဖေါ်ပြပြီးဖြစ်သည်။