Wednesday, May 26, 2010

ပျော်ပျော်ပါးပါး က ကြီး ကနေ အ အထိ...

ကကြီး - ကံ

ကိုယ်က ဗုဒ္ဓဘာသာဝင်တယောက်ပီပီ ကံ ကံ၏ အကျိုးကို သေသေချာချာ ယုံကြည်ပါတယ်…။ ပြီးတော့ မဆီမဆိုင် ဆက်ပြောရရင် ကော်ဖီ ကို အရမ်းကြိုက်ပါတယ်…။

ခကွေး - ခရေပင်တန်း (သို့) ချစ်သူတို့ လျှောက်သောလမ်း

ကိုယ်တို့ စက်မှုတက္ကသိုလ် ကျောင်းကြီးရဲ့ အချက်အချာကျ လှပကြည်နူးဖွယ်ရာ Lover’s Lane လို့ခေါ်တဲ့ လမ်းကလေး… ခရေပန်းပွင့်ချိန်ဆို လမ်းတလျှောက် ပန်းနံ့တွေ မွှေးနေတာပဲ… လမ်းလျှောက်ရင်း စကားပြောမလား... ပန်းကောက်ရင်း စကားပြောမလား...း))

ဂငယ် - ဂဏန်း

ဘုရားရေ… စဉ်းစားလို့ရတဲ့ ဂငယ်ကလဲ ဒီတခုပဲ ရှိတယ်…။ ဒီမှာက ဆိုင်တွေမှာ ဂဏန်းစားချင်ရင် အရှင်တွေပဲ ရှိတာမို့ တော်ရုံနဲ့ မစားဖြစ်ပါဘူး။ လွတ်လွတ်ကင်းကင်း (လို့ ထင်ရတဲ့) Soft Shell Crab ပဲ စားဖြစ်ပါတယ်…။

ဃ ကြီး - ဃနာနို့ဆွမ်း

ကြားဖူးတာ သတိရတာကို ရေးလိုက်တာပါ… အားလုံးသိပြီးသားဖြစ်မှာပါ… ဆက်မရှင်းတော့ဘူးနော်…း))

င - ငါ့ ငါ ငါး... ငါးဟင်းချက်ပါလား

ငယ်ငယ်က မိသားစု ထမင်းဝိုင်းမှာ ငါးဟင်းချက်တဲ့နေ့ဆို အဖိုး ရေရွတ်လေ့ရှိတဲ့ စကားလေးပါ…။ ပြီးရင်တော့ ကိုယ်က "စ စာ စား... စားလို့ ကောင်းရဲ့လား..." လို့ ဆက်ရွတ်တာပေါ့…။ လွမ်းစရာ အချိန်တွေ…။

စလုံး - စင်္ကာပူ၊ စက်မှု နဲ့ စာရေး စာဖတ်ခြင်း

လောလောဆယ်မှာတော့ အားလုံးသိကြတဲ့အတိုင်း စလုံး လို့ခေါ်ကြတဲ့ စ ကထဲက လုံးလည် ချာလည်လိုက်နေရတဲ့ စင်္ကာပူမှာ ရောက်နေပြီး လုပ်နေတဲ့ အလုပ်ကတော့ စက်မှု အင်ဂျင်နီယာ တယောက် ဆိုပါတော့…။ အချိန်ရရင်ရသလို စာတွေအစုံဖတ်ပြီး ဟိုမရောက် ဒီမရောက် စာတွေကလဲ ရေးသေး…း))

ဆလိမ် - ဆေး နဲ့ ဆင်ခြေ

ဆေးသောက်ရတာ မကြိုက်ဖူး… နေမကောင်းလို့ ဆေးသောက်ရခါနီးတိုင်း ဟိုအကြောင်းပြ ဒီအကြောင်းပြနဲ့ အချိန်ဆွဲပြီး ဆင်ခြေတွေပေးတတ်တယ်…။ ဆေးဆိုတာ ဓါတုပစ္စည်းတွေ… အတတ်နိုင်ဆုံး မသောက်တာ အကောင်းဆုံး… အချိန်တန်ရင် သူ့ဟာသူ ပျောက်သွားမှာပေါ့.. ဘာ ညာ နဲ့…။

ဇကွဲ - ဇွဲ

ကိုယ်က ကျောင်းစာ ကျက်တာကလွဲရင် ကျန်တဲ့နေရာ အားလုံးမှာ အတော်ကို ဇွဲကောင်းတာလား… အခုလဲ ချစ်ရတဲ့ ဆရာမ မမေငြိမ်း တက်ဂ်တာကို ဇွဲနဲ့ နဘဲနဲ့ မအိပ်မနေ ရေးနေတာလေ…း))

ဈ မျဉ်းဆွဲ - ဈေးဝယ်ထွက်ခြင်း

ဈေးဝယ်တဲ့ကိစ္စကိုတော့ အထူးတလည်ပြောစရာ လိုမယ်မထင်ဘူး… ရှော့ပင်ဆို လာထားပဲ… မမောနိုင် မပန်းနိုင်... အချိန်မရှိ အချိန်ရှိ... မိုးရွာရွာ နေပူပူ... ဘယ်သူ အမြင်ကပ်ကပ် မကပ်ကပ်... ဘယ်သူ ဘယ်လို မျက်လုံးပြူးနဲ့ကြည့်ကြည့်… အရာအားလုံးကို အကြီးအကျယ် လျှစ်လျှူရှုတတ်တာမျိုး… (ကိုယ့်ကိုယ်ကိုယ် အခုလို အမွှန်းတင်ရတာ တော်တော်လေး အားရမိပါတယ်…)

ည - ညအခါ လသာသာ

ည ကို ချစ်တယ်…။
ညတွေမှာ ဖြစ်နိုင်ရင် မအိပ်ချင်ဘူး… လူသံ သူသံတွေ တိတ်ဆိတ်ပြီး အရာခတ်သိမ်းကို မျက်စေ့နောက်သက်သာတဲ့ အေးအေးချမ်းချမ်းရှိတဲ့ အချိန်တွေဟာ ည မှာပဲ ရှိတယ်လို့ သေသေချာချာ ယုံကြည်မိတယ်…။ လသာညတွေကတော့…. ပျော်စရာအကောင်းဆုံးပေါ့…။ အဲဒီညမျိုးတွေမှာ ကိုယ့်ရဲ့ လေးထောင့်အခန်းလေးထဲကနေ လရောင်ကို မြင်ရတဲ့ နေရာရှာပြီး ကြည့်ဖြစ်အောင် ကြည့်မိတယ်…။

ဋသံလျင်းချိတ် - ... ... ...

ဒီစာလုံးအတွက် ရေးစရာ ရှာမရတဲ့ ကိုယ့်ကို ဘယ်တော့မှ ခွင့်မလွှတ်ပါနဲ့…း))

ဌ၀မ်းဘဲ - မွေးဌာနီ

ဒီစာလုံးတွေက ခက်က ခက်နဲ့… တော်သေးတယ် သီချင်းလေးကယ်သွားပေလို့….
အားလုံးကြားဖူးကြမှာပါ…
"မွေးဌာနီ အညာရပ်ဆီသို့… ရော်ရည်မျှော်မှန်း စိတ်ဝယ်တမ်းတ... ...
မှန်းဆကာရည်… လွမ်းရပါသည်… … …"

ဍ ရင်ကောက် - ... ... ...

ဒီစာလုံးအတွက်လဲ ကိုယ့်ကို ခွင့်မလွှတ်စေချင်ပါ… တကယ်ကို ရေးစရာ ရှာလို့ မရ…။

ဎ ရေမှုတ် - ... ... ...

ဒါလဲ အတိဝူး… အတိဝူး…း))

ဏကြီး - အဲဏီ

ဝိုင်ဝိုင်း ဆိုထားတဲ့သီချင်းလေးရဲ့ နာမည်ပါ… ချစ်စရာ သီချင်းလေး တပုဒ်ပေါ့…။

"အဲဏီ… တို့မင်းနဲ့ တွေ့ချင်သည်… အဲဏီ… တို့အခုတော့ လွမ်းနေသည်…
အဲဏီ… ကိုယ့်ရဲ့ဘဝအတွက် အချစ်နတ်သမီး… အခုတော့ ကိုယ်သိပြီ… … …"
(ဘယ်ဆိုးလို့လဲ... အဟဲ...)

တ၀မ်းပူ - တ ဗျ တ ဗျ ဟော ဗျ တ

ကဲ… အလုပ်ပေးတယ်လို့တော့ မထင်ကြပါနဲ့နော်… အပျင်းပြေပေါ့…။
အပေါ်မှာ ရေးထားတဲ့ တ ဝမ်းပူ တွေကို ဖတ်ကြည့်ပြီး အသံထွက်ကို ရေးပြသွားကြပါ။
(အဖြေ = တဝမ်းပူ ဗျ တဝမ်းပူ... ဟောဗျ တဝမ်းပူ)
နောက်တခုကတော့ အားလုံးသိပြီး ဖြစ်ကြတဲ့အတိုင်း ကိုယ်က တိမ် တွေကို သိပ်ချစ်ပါတယ်…။

ထဆင်ထူး - ထန်းသီးမုန့်

လောလောဆယ်မှာ ဘာမှတော့ ထွေထွေထူးထူး မရှိပါဘူး... ထင်ရာမြင်ရာ ပြောရမယ်ဆိုရင်တော့ ထန်းသီးမုန့် စားချင်နေပါတယ်...

ဒဒွေး - ဒွေး

ဒီစာလုံးကို မြင်လိုက်တာနဲ့ အချိန်မတန်ခင် ကြွေလွင့်သွားတဲ့ မင်းသား ဒွေး ကလွဲလို့ ကျန်တာ ဘာမှ စဉ်းစားလို့ မရပါဘူး…။ ရှပ်လက်တို အဖြူလေးနဲ့ ကချင်လုံချည် ရိုးရာဆင်လေးနဲ့ ကျောင်းလာတက်တတ်တဲ့ ကိုယ်တို့ရဲ့ ကျောင်းတော်သားကြီးကို ခုထိ မျက်စေ့ထဲ မြင်ယောင်နေတုန်းပါ…။

ဓအောက်ချိုက် - ဓါတ်ပုံ

လောလောဆယ်မှာ ဘလော့ဂ်တခုမှာ ထင်ရာတွေ ရေးနေတဲ့အပြင် ဓါတ်ပုံရိုက်ခြင်းဟူသော အမှုကိုလဲ ပြုနေပါသေးတယ်…။ ကြီးကြီးကျယ်ကျယ်ပြောရရင်တော့ Learning in Photography ပေါ့လေ… (မတန်မရာနော်… ခွိခွိ..) ဒါပေမယ့် ပြဿနာက ဘာလဲဆိုတော့ ကင်မရာဝူးမန်းလုပ်နေတော့ ရိုက်သမျှဓါတ်ပုံတွေထဲမှာ ကိုယ့်ပုံ မပါတော့သလောက် နည်းသွားတာပါ…။ သိပ်ဝမ်းနည်းစရာ ကောင်းပါတယ်…။ ဒါပေမယ့် ဒီပိုစ့်မှာတော့ လာဖတ်သူတွေ မျက်စေ့မနောက်ရလေအောင် ဓါတ်ပုံတွေ မထည့်တော့ပါဘူး… ဝမ်းသာကြပါ…။

နငယ် - နားလည်မှု

ဘယ်လိုအခြေအနေမျိုးမှာပဲ ဖြစ်ဖြစ် (အနည်းဆုံး) ကိုယ့်ကို နားလည်ပေးမယ့်သူ တယောက်ဟာ ဘဝမှာ အရေးအကြီးဆုံးနဲ့ မရှိမဖြစ် လိုကို လိုအပ်ပါတယ်…။

ပစောက် - ပိုးဟပ်

လောကကြီးမှာ ကိုယ် အကြောက်ဆုံး ကောင်ကောင်ပါ…။ သူ့ ခေါင်းထိပ်မှာက အင်တီနာ နှစ်ခုက လှုပ်တုတ် လှုပ်တုတ်နဲ့လေ…း((

ဖဦးထုပ် - ဖေဖေ

ကိုယ်က ဖေဖေ့သမီးလေ…
မေမေက စိတ်နဲ့မတွေ့ရင် ဆူတတ်တယ်… ဖေဖေက မဆူတတ်ဖူး…း))

ဗထက်ချိုက် - ဗုဒ္ဓဟူးနေ့

တိုက်တိုက်ဆိုင်ဆိုင် ဒီနေ့ ဗုဒ္ဓဟူးနေ့လေ… ဗုဒ္ဓဟူးနေ့မှာ ဗိုင်းကောင်းကျောက်ဖိ မနေလို့ ဗုံးပေါက်… အဲလေ ဗိုင်းကနဲ လဲကျတာပေါ့…။

ဘကုံး - ဘလော့ဂ်၊ ဘော်ဒါတွေနဲ့ ဘောလုံးပွဲ

ဘလော့ဂ်လေးနဲ့အတူတူ ဘော်ဒါတွေကို သိပ်ချစ်ပါတယ်… ဘောလုံးပွဲကတော့ ဒီရာသီမှာ မန်ယူ မနိုင်လို့ စိတ်ညစ်နေတယ်…။ ကွင်းထဲမှာ ဘောလုံးက တလုံးထဲ ပေးထားတာကိုး… ဒီတော့ သူတို့လေးတွေမှာ မောကြီးပန်းကြီးနဲ့ အသည်းအသန် လုနေကြရတာပေါ့… ဘောလုံး အလုံး နှစ်ဆယ်သာ ချပေးထားကြည့်ပါလား၊ တယောက်တလုံးစီ ကန်နေကြရုံပဲ… ဘာများ လုနေစရာ လိုအုံးမှာလဲ... လို့ ဘုကျကျ တွေးနေမိသေး…။

မ - မေမေ

မေမေ့ကိုလဲ သိပ်ချစ်ပါတယ်…။ မေမေနဲ့ကိုယ်နဲ့က အတူတူနေရင် ခဏ ခဏ တကျက်ကျက်ဖြစ်ရတယ်…။ ဒါပေမယ့် မေမေကတော့ ကိုယ့်ကွယ်ရာမှာ သမီးကို အချစ်ဆုံးလို့ပြောတတ်တယ်…း))

ယပက်လက် - ယောင်ခြောက်ဆယ် (သို့) ယောင်တောင်တောင်

လုပ်စရာတွေ အများကြီး ရှိရဲ့သားနဲ့ ယောင်တောင်တောင် လုပ်နေတာကြာပြီ…။

ရကောက် - ရေ… ရေ… ရေ…

တနေ့က ရေအကြောင်း ဟိုက ဒီက ရေးကြတာတွေ ဖတ်ပြီး မျက်နှာစာအုပ်မှာ "မီးတောက်နေတယ်… ရေ လိုနေတယ်..." လို့ ရေးလိုက်မိပါတယ်။ ဘယ်လောက်မှ မကြာလိုက်ဖူး မင်္ဂလာဈေးကြီး မီးလောင်ပါရောလား… (ကြောက်လိုက်တာ… နောက်ကို ရေးတော့ဘူးနော်…)

လ - လမင်းနဲ့ ပင်လယ်

ဝိုင်ဝိုင်းသီချင်းတွေထဲက သိပ်ကြိုက်တဲ့ သီချင်းတပုဒ်ပါ…

"ပင်လယ်ဟာ ဒါဏ်ရာ ဟန်ဆောင်ကာ မနေနိုင်…
ဆူညံ ပေါက်ကွဲ နက်ရှိုင်း မျက်ရည်… လမင်းဆိုတာ အေးမြ အလင်းရောင်…
မဆုံနိုင်တဲ့ လမ်းမှာ တို့တွေ့ခဲ့ကြတယ်…
ငွေရောင် လမင်းလေး ဝေးကွာနေလဲ… မင်းရဲ့အလှအပဟာ ရူးစေတယ်…
အကြင်နာတွေဟာ ဒီလှိုင်းများလို အော်မြည်ကာရယ်
အပြေးလာနေတယ်…. … …."

ဝ - ဝေးဝေးကသာ လွမ်းပါမည်

မောင်စိန်ဝင်း ပုတီးကုန်းရဲ့ ရတနာ (၂) ကဗျာထဲက စာကြောင်းလေးပါ….။

"သူကမေ့လျှင်၊ ညှိုးသွေ့ရော်ရွက်
အလက်မဝေ၊ ခက်မဝေတည့်
နွေနေထိပန်း၊ ကြွေမည့်ပန်းပါ
တမ်းတ ဝမ်းနည်း၊ မနာကြည်းဝံ့
အထီးကျန်ဆွေး၊ ဟိုရှေးရှေးလို
ဝေးဝေးကသာ လွမ်းပါမည်… …"

သ - သီချင်း

စာဖတ်ရတာပြီးရင် ကိုယ်အကြိုက်ဆုံး က သီချင်းနားထောင်ရတာကိုပါပဲ… ဘာသီချင်း ညာသီချင်း မရွေးပါဘူး… အသံတွေ သိပ်ဆူညံတဲ့ သီချင်းမျိုးတွေကလွဲရင် ခေတ်ဟောင်းတေး၊ အနှစ်နှစ်ဆယ်တေး နဲ့ ခေတ်ပေါ်တေး တော်တော်များများကို အချိန်ရှိသ၍ စိတ်ပါလက်ပါ နားထောင်တတ်ပါတယ်…။ ဆိုရော ဆိုတတ်သလားလို့တော့ လာမမေးနဲ့နော်... ပြောဘူး...။

ဟ - ဟင်းချက်ခြင်း

ကိုယ် စိတ်ဝင်စားတဲ့ အထဲမှာ ဟင်းချက်တာလဲ ပါပါတယ်…။ ဒီရက်တွေမှာတော့ အလုပ်တွေများပြီး မောလွန်းလို့ ဘာမှ မချက်ဖြစ်တာကြာပေါ့…။ အခုလဲ မနက်ဖြန်ဖို့ ဟင်းချက်မယ်လို့ ဟန်ကျ ပန်ကျ တွေးပြီး ဟင်း…. မောပါသေးတယ်လေ ဆိုပြီး ဒါတွေရေးနေတာပေါ့… ဟွန်း…..

ဠကြီး - ဠင်းတ

ဆရာမ မမေငြိမ်းပြောသလိုပါပဲ… နာမည်ဆိုး ရုပ်ဆိုး အဖြစ်ဆိုး နေရာဆိုးဆိုးမှာနေရတဲ့ သနားစရာ သတ္တဝါတကောင်ပါ….။ ဖြစ်လေရာဘဝ ဠင်းတ တော့ မဖြစ်ပါရစေနဲ့ လို့ ဆုတောင်းချင်ပါတယ်…။ စိတ်များ သိပ်မြန်... ဠင်းတ အကြောင်းရေးနေရင်းက သူ စိတ်နဲ့မတွေ့ရင် လဒ လို့ လာလာ ခေါ်တတ်တဲ့ သူငယ်ချင်းတယောက်ကို ချက်ချင်းပဲ သတိရသွားမိတယ်… လဒ = ဠင်းတ မဟုတ်လား…း))

အ - အိမ်

အိမ်အလွမ်း၊ အိမ်ပြန်ချိန်၊ အမေ့အိမ်၊ အိမ်ကို ပြန်ခဲ့တော့… စသည်ဖြင့် အိမ်… နဲ့ ပတ်သက်တဲ့ သီချင်းလေးတွေ အများကြီးထဲက ကြိုက်နေမိတဲ့ ဓိရာဓိုရ် ရဲ့ သီချင်းလေးပါ… သီချင်းလေးရဲ့ နာမည်က အိမ် တဲ့…။

"အိမ်အပြင်မှာ ဝါပင်တွေ ကိုယ်တိုင်စိုက်မယ်
ကိုယ်တိုင်ငင် ဝါချည်မျှင် ဖျင်တပက်ရယ်
အိမ်ပြင်မှာ ကိုယ်တိုင်ထွန် ကိုယ်တိုင်စိုက်တဲ့
စပါးရိတ်ချိန် ဝိုင်းဖွဲ့မယ် ဆန်အရက်ရယ်... … …

ဒီအချိန်ဆို အိမ်အပြင်မှာ ကဗျာတွေရွတ်မယ်
လာပါကွယ် အိမ်အပြင်မှာ ဂစ်တာတီးမယ်
ရင်ခွင်မှာ ကြင်နာသူ ချိုအနမ်းရယ်
ချစ်မိတ်ဆွေ စည်းချက်ညီ အတူတူ ကမယ်... … …"

ဆရာမ မမေငြိမ်း မျက်နှာစာအုပ်မှာ တက်ဂ်ထားတဲ့ ပျော်စရာ က ကြီး ကနေ အ အထိ ပါ…။ သတိတရ တက်ဂ်လာတဲ့ ဆရာမ မမေငြိမ်းကို ကျေးဇူးတင် ချစ်ခင်စွာနဲ့ ရေးပါတယ်…။

အစီအစဉ်အရ မပျက်မကွက် ဆက်ပြီး တက်ဂ်လိုက်ချင်သူများကတော့
အေ တူ ဇက်မှာ ကိုယ့်ကို တက်ဂ်ခဲ့တဲ့ ချစ်ညီမ ပန်ပန်
ခွင့်ရက်ရှည်ယူပြီး နာမလိုစရာ အိမ်မှာ နှပ်နေတဲ့ ကလူသစ်
သူမပါရင် မပြီး နာမည်ကြီးနေတဲ့ တီဇက်အေ
ပြင်းပြင်းထန်ထန်တွေ ရေးတတ်တဲ့ ကိုဘလူးစကိုင်း
ပြီးတော့ သူငယ်ချင်း အရင်းကြီး ချစ်ကြည်အေး
စာအရေးကြဲနေတဲ့ ချစ်သူငယ်ချင်း တန်ခူး မသီတာ တီတီဆွိ နဲ့ စုချစ်သူ တို့ကိုပါ…။ အချိန်ရရင် ရေးပေးကြပါလေ… ပျော်ပျော်ပါးပါးပေါ့…။


Sunday, May 23, 2010

My thought for A to Z

A – Appreciate
I always appreciate what I have…း))

B – Blogging
For this moment, Blog is my Best friend… Oops…!!!

C – Coffee, Cheese Cake & of course, Clouds


As you know, those are my all time favorites…

D – Daddy
Need not to describe about him, right…?

E – Entrance


In our life, some of the things are easier of entrance than of exit...
Have to be careful...!!

F – Friendship
Friendship is one of the most important things in my life.
Always value the friend who can give me understanding.

G – Google
Anything I want to know, I just go Google & search…

That’s why Google is very important for me… Hee.. Hee..

H – Home
No place like home…

I – I
I is for personality.

The word I is what defined me as an individual, as a person separate from all others.

J – Jeans
That’s what I use to wear…

K – Kindness
Kindness is the one which can see even blind people or which can hear even deaf people.
I always try to be kind & patient to people who needs.

L – Laugh
Have you laughed yet today…??? If not, try to get a least one reason for laugh.

M – Mum
Mum is the lady I love most…!!! She meant a lot to me..

N – No
A word for denial but for me, it’s the hardest word to say…!!

O – Ordinary
I try not to be out of ordinary because I'm just an ordinary person…

P – Peace
Peace… it can start from the smile… So what are you waiting for…?

Q – Quiet
I have one sentence in my notes.
The quieter you become, the more you can hear. Agree..?

R – Reading
Reading always gives me a lot of enjoyment. I always wanted to read variety of books.

S – Steps


A journey of the thousand miles starts from a single step..!!!
Now I am thinking on which step I am standing.

T – Time
Time is free & it's priceless.
You can't own it, but you can use it.
You can't keep it, but you can spend it.
Once you've lost it, you can never get it back.

U – Understanding
Everyone need correct understanding to each other..

That’s the powerful word for every relationship.

V – Vacation
So tired on daily routines… Seriously need vacation…

W – Whatever
I am the one who always see everything in positive point of view. So… whatever lah…

X – X

In scrabble and other word games, people always looking for it.
Because of high-point for the words that start with X.
But to me… it’s nothing so special, just a X…

Y – You
Without you, I am totally nothing.
You mean everything to me…

Z – Zillion
Zillion means indeterminate number… Thanks a zillion to you all for reading my post.


ညီမ ပန်ပန်ရဲ့ A to Z Tag ပါ…။
စာလုံးတွေအတွက် တော်တော်တော့ ဦးနှောက်စားပေမယ့် တွေးရတာ ပျော်တဲ့ ကိုယ့်အတွက်တော့ ပျော်စရာပါပဲ…။ ပထမတော့ စာလုံးတွေကို ဓါတ်ပုံနဲ့ သရုပ်ဖေါ်မလို့ပဲ… ဒါပေမယ့် အကုန်လုံးကို ဓါတ်ပုံနဲ့ ပြရရင် သိပ်ရှည်လျားပြီး ဖတ်တဲ့သူတွေအတွက် မျက်စေ့နောက်စရာတွေများ ဖြစ်သွားမလား တွေးပြီး အခုလိုလေးပဲ ရေးလိုက်ပါတယ်။ လာဖတ်တဲ့သူငယ်ချင်း မိတ်ဆွေတွေနဲ့အတူ သတိတရ Tag လာတဲ့ ညီမ ပန် ကို ကျေးဇူးပါ…။ အခု ဆက် Tag ချင်တာကတော့ သူငယ်ချင်း ချစ်ကြည်အေး ကိုပါ…။ ရေးမယ် ဟုတ်...း))


Thursday, May 20, 2010

ရင်ထဲက မြစ်တွေစီးဆင်းစေဖို့

မမေ့ပါနဲ့လေ...
ဒီရေတွေ သွေးထဲမှာ ကိုယ်ခန္ဓာထဲမှာ အစဉ်အမြဲစီးဆင်းနေတယ်ဆိုတာကို….

အမိမြေနဲ့ဝေးတဲ့ နေရာကို အခိုက်အတန့်ဖြစ်စေ အကြောင်းတစုံတရာကြောင့် ဖြစ်စေ ဘယ်သို့သော အကြောင်းအရာမျိုးကြောင့် ရောက်ရှိနေခဲ့သူ မည်သူမဆိုဖြစ်စေ ဒီမြေက ရေတွေ ကိုယ်တွင်းမှာ အမြဲမပြတ် စီးဆင်းနေဆဲဖြစ်တယ်ဆိုတာပါပဲ…။



ဧရာဝတီမှာ သောင်တွေ ထွန်းတင်နေခဲ့ပြီ... မြစ်ပြင်ကျယ်ကို ဟောဒီလို လှေမကူ နေပူပူမှာ ဖြတ်လျှောက်နိုင်ခဲ့ပြီ။

မြကန်

မြကန်သာ
တောင်ကျချောင်းတေး
ရေ၀င်ပြေးလှည့်
ရေအေးကြည်စွာ
ကန်ပိုင်မာလျက်
ကြာပေါင်းထုံထုံ
ငှက်မျိုးစုံသည်
ဝတိံသာက
နန္ဒာလော
တူစွာ ဟုတ္တာ...။


ဒီကဗျာကို ရွတ်ဆိုနိုင်ဖို့ မဖြစ်နိုင်တော့ပြီ။

မြကန်သည် ကြင်သူပစ်ခွာသွား၍ ငိုကျွေးကျန်ရစ်လေ၏။


မြစ်ပြင်ကျယ်တို့သည် တိမ်သည်ထက် တိမ် ကောသည်ထက် ကောသည့်အဖြစ်သို့ နီးကပ်လာချေပြီ။ ပျက်စီးခြင်းဟူသော အမှုကို ထိန်းသိမ်းစောင့်ရှောက်ခြင်းဖြင့် မကာကွယ်နိုင်တော့ပြီလော။

ရပ်ကွက်များဆီမှာ ရေကို လုယက်ယူငင်နေကြသည်။ ရွှေကိုမလို ရေကိုသာလိုသည်။ ခိုက်ရန်ဖြစ်ပွားခြင်းတို့သည် လူတို့၏ လောဘ ဒေါသနောက်တွင် မကြာမတင် ရှေ့သို့ထွက်ရန် တာစူနေကြပေပြီ။ ရေအတွက် စစ်မက်ဖြစ်ခြင်းဆီသို့ မရောက်အောင် အဘယ်သူက တားမြစ်နိုင်မည်နည်း။

ရေချိုတွင်းက ရေကို မနည်း ခပ်ငင်နေကြရပြီ။ ခန်းခြောက်နေသော ရာသီဥတုတွင် ရေတွင်းထဲမှ ရေများ ဘယ်အချိန်ထိ တည်မြဲနိုင်မည်ကို မည်သူမျှ မသိနိုင်။


ဟိုတစ်စ ဒီတစ်စ ဆူညံပွက်နေကြပြီ။ မနက်မိုးလင်းသည်မှ မိုးချုပ်သည်အထိ ရေကြည်ရဖို့ အရေးသည် ဝမ်းစာအရေးထက်ပင် ခက်ခဲလာချေပြီ။ ဝမ်းစာကိုမေ့ ရေကြည်ကိုသာ ရှာတွေ့ဖို့ စိတ်စောနေကြသည်။ တစ်ရက်မှသည် ဘယ်နှစ်ရက်အထိ အူမတောင့်နိုင်ကြမည်နည်း။

ရပ်ရေးရွာရေးတို့သည်လည်း တစ်စ ထက် တစ်စ ပပျောက်ကုန်တော့မည်။ ထို့အတူ လူ့ဘောင်လောက၏ အနှစ်သာရများ ရေကြည်တွင်းမှာ တန်းစီရင်း ရဖို့ မဖြစ်နိုင်သည်ကို လူတိုင်းသိပေလိမ့်မည်။

မည်သည့်နိုင်ငံသားအဖြစ်ကို ကြိုက်နှစ်သက်သလို ပြောင်းလဲနိုင်ပါသည်။ မည်သို့သော နိုင်ငံကူးလက်မှတ်ကိုမဆို ကိုင်ဆောင်နိုင်ပါသည်။ ကိုယ်တွင်းမှာ အစဉ် စီးဆင်းနေသော သွေးထဲတွင် မြန်မာပြည်က ရေတွေ စီးဆင်းနေဆဲ အဖြစ်ကို မမေ့သင့်ပါ။

မမေ့ပါနဲ့လေ…
ဒီရေတွေ သွေးထဲမှာ ကိုယ်ခန္ဓာထဲမှာ အစဉ်အမြဲ စီးဆင်းနေတယ်ဆိုတာကို….

အမိမြန်မာပြည်တွင်းရှိ ရေဘေးဒုက္ခ ခံစားနေရသူများကို မိမိတို့ တတ်အားသရွေ့ကူညီစောင့်ရှောက်စေဖို့ ကမ္ဘာ အရပ်ရပ်ရှိ မြန်မာလူမျိုးတိုင်းကို တိုက်တွန်းနှိုးဆော်လိုက်ပါသည်။ ငြိမ်းချမ်းအေးမြသော ဘဝများ ပိုင်ဆိုင်နိုင်ကြပါစေ……။

* * * * *


မှတ်ချက် ။ ။ ချစ်ညီမ ပန်ပန် တက်ဂ်ထားတဲ့ A to Z ကို ရေးမလို့ တွေးနေစဉ်မှာ စေတနာ့ ဝန်ထမ်းတယောက်ဆီက ရေအလှုနဲ့ ပတ်သက်တဲ့ နှိုးဆော်စာလေးကို ကြားဖြတ်တင်လိုက်ပါတယ်…။

Friday, May 14, 2010

အဆုံးမရှိသော အရှုံး

ရှုံးနိမ့်ခြင်း (သို့) အရှုံးဆိုသည်မှာ ခါးသီးစရာကောင်းလှသည်။
သို့သော်လည်း အကြိမ်ကြိမ် ရှုံးနိမ့်ဖန်များလာသောအခါ ထိုအရှုံးကို ထပ်ခါတလဲလဲ ပြန်လည် ခံစား သုံးသပ်ရင်းဖြင့် အရှုံးနှင့် အကျွမ်းတဝင် ဖြစ်သွားလေမလား ဟူသော မျှော်လင့်ချက် မှိန်ပါးပါးလေး တခုကြောင့် ရလာသမျှ အရှုံးတွေကို ဗွီဒီယို အခွေများ၊ သီချင်းခွေများကို ကြည့်သကဲ့သို့ အခေါက်ခေါက် အခါခါ အဖန်တလဲလဲ ပြန်ရစ်ကြည့်နေမိသည်။ ဤသို့ကြည့်မိတိုင်းလဲ နာကျင်ရသည်ကသာ များပြီး မည်သည့်နည်းနှင့်မျှ ထိုအရှုံးနှင့် မရင်းနှီးလာပါချေ။

ရှုံးနိမ့်ခြင်းများစွာထဲမှာ အချို့ အချို့သော ရှုံးနိမ့်ခြင်းတွေသည် တော်တော် အဓိပ္ပါယ်မရှိ…။ သို့သော်လည်း အဓါပ္ပါယ်မရှိမှန်း သိသိကြီးနှင့် နာကျင် ခံစားနေတတ်သေးသည်။ နံနက် အိပ်ရာနိုးချိန် မှန်ကြည့်မိလျှင် တရက်ထက် တရက် ပြောင်းလဲ ကြီးရင့်လာသော ရုပ်ရည်သည် အရှုံးတခု ဖြစ်ပါသလား။ ထိုအရာမျိုးသည် ခံစားနေသင့်သော အရှုံးတခု ဟုတ်ပါရဲ့လား… သူ အသေအချာ မတွေးတတ်ခဲ့ပါ။

ရက်ပေါင်း လပေါင်း တော်တော်များများမှာ မေ့လျော့ထားခဲ့မိသော ရေးနေကျ မှတ်စုစာအုပ်ကို ညက သတိရသွားပြီး ဖွင့်ကြည့်မိသည်။ စာရွက်များကို တဖျတ်ဖျတ်လှန်ရင်း ကြည်နူးဖွယ်ရာ လရောင်၏ ဖျားယောင်းမှုများ အကြောင်းကို ရေးမှတ်ထားခဲ့သော စာမျက်နှာကို အရောက်မှာ ဖွင့်ထားသော ပြူတင်းတံခါးမှတဆင့် အပြင် ကောင်းကင်ကို ရုတ်တရက် လှမ်းကြည့်လိုက်မိသည်။ မှောင်လွန်းသော လမိုက်ည ဖြစ်သည်…။ ထိုလမိုက်ညသည်လည်း သူ၏ အားနည်းချက် သူ၏ အရှုံးတခု ဖြစ်သည်။ မဝေးသေးသော လမိုက်ည တညမှာ တယောက်သောသူက သူ့ကို ဖယ်ခွာ ချန်ထားခဲ့ဖူးသည်လေ…။

တခါတရံမှာ အသိစိတ် နှင့်ကိုယ် တခဏ ဝေးကွာသွားတတ်ခြင်း ရုတ်တရက် စိတ်နှင့်လူ ကင်းကွာပြီး သတိလက်လွတ် ဖြစ်သွားတတ်ခြင်းတို့သည်လည်း အရှုံးတခုကို ဖြစ်စေ၏။ ရုတ်တရက် မယုံကြည်နိုင်စရာ မြင်ကွင်းတခုကို ရုပ်ရှင် အနှေးပြကွက်တခုလို မြင်လိုက်ရသောအခါ အားလုံးကိုမေ့ပြီး သတိလက်လွတ် ဖြစ်သွားခဲ့ချိန်မှာပဲ တယောက်သောသူက သူ့ကို အလဲထိုး အနိုင်ယူသွားခဲ့တာ…။ သတိရမိချိန်မှာ သူသည် လက်သီးထိုး လေ့ကျင့်ကွင်းမှ ပျော့ခွေခွေ သဲအိတ် တခုမျှသာ…။ ကွာခြားချက် တခုတော့ရှိသည်။ သဲအိတ်သည် နာကျင်မှုကို ခံရသော်လည်း စကားမပြောတတ်၊ အသံထွက်၍ မငြီးတွားတတ်ခြင်းပင်…။ ထိုအရာတွေကို ပြန်တွေးမိတိုင်း အရှုံးဒါဏ်ရာတွေသည် လတ်လတ်ဆတ်ဆတ် တဆစ်ဆစ် ကိုက်ခဲ နာကျင်နေဆဲ…။

သူ၏ မူလဗီဇအရ ပြန်လှန် ချေပ ပြောဆိုလိုစိတ် အလျဉ်းမရှိ၊ နှုတ်လှန်ထိုး ခွန်းတုန့်ပြန်လိုစိတ်မရှိ၊ အယူခံဝင်တတ်ခြင်း မရှိ၊ အရာရာကို ခေါင်းညိတ်၍ လိုက်လျောတတ်ခြင်းသည်လဲ အရှုံးကို ယူဆောင်လာတတ်သည်။ ဤနည်းဖြင့် ရှုံးရမည်ဆိုပါက ရှုံးပါစေတော့လေ… ရဲရဲဝံ့ဝံ့ အရှုံးခံလိုက်ပါမည်။ နှုတ်လှန်ထိုး ခွန်းတုန့်ပြန်ရသော အငြင်းပွားရသော အလုပ်ကို သူ နဲနဲမှ မနှစ်သက်တတ်ပါ။ ထိုအခါ စကားတတ်သော၊ စကားကပ်သောသူများထံမှာ သူ အကြိမ်ကြိမ် ရှုံးနိမ့်ခဲ့ဖူးသည်ပဲ…။ ကျေကျေနပ်နပ်ကြီး အရှုံးပေးသည်ဆိုသော်ငြားလည်း ရင်ထဲမှာ ဒါဏ်ရာတွေတော့ ကျန်နေစမြဲပင်…။ သူ ရရှိလာမည့် အရှုံးရလာဒ်ထက် သူတပါး၏ စိတ်ချမ်းသာမှုကို ပို၍ အလေးထားပါသည်ဟု ဆိုသောအခါ အားလုံးက (ရယ်စရာ မဟုတ်ပါပဲ) တညီတညာထဲ ရယ်ပွဲဖွဲ့ကြသည်။

သူ့ ဘဝမှာ သူမ ရှိခဲ့သည်။ စာမျက်နှာတွေ ရှိခဲ့သည်။ နေ့စွဲတွေ ရှိခဲ့သည်။ အခန်းငယ်တွေ ရှိခဲ့သည်။ ထို့အတူ နေရာတခုလဲ ရှိခဲ့ဖူးပါသည်။ ထိုနေရာကို သူ မပိုင်ပါ၊ သို့သော် အနည်းငယ်မျှတော့ ဆိုင်သည်ဟု (တဖက်သတ်) မှတ်ယူထားမိသည်။ ထို့ကြောင့် ထိုနေရာ မကြာခဏ ရောက်သွားလေ့ရှိသည်။ အရှုံးဆိုသည်ကို ခံစားမိသော တရက်မှာ ထိုနေရာကို နောက်ထပ်ခြေဦး မလှည့်မိအောင် အတတ်နိုင်ဆုံး သတိထား ထိန်းချုပ်လိုက်သည်။ သို့သော် ခြေလှမ်းများက သူ၏ စိတ်ကို အနိုင်ရသွားသော တနေ့မှာ ထိုနေရာကို ရောက်သွားမိခဲ့သည်။ အကြိမ်ကြိမ် မြင်နေကျ အရှုံးကို မပြောင်းမလဲ မြင်လိုက်ရပြန်သည်…။ အကြိမ်ပေါင်းများစွာ ထွက်ပြေးနေကျ ထိုနေရာမှ သည်တကြိမ်မှာလဲ အဆောတလျင် ထွက်ပြေးခဲ့ရလေသည်။ ပြီးတော့ ပြေးနေရင်းမှာပင် လဲပြိုကျခဲ့ရသည်။ ဇွတ်အတင်း ပြန်ထပြီး ဆက်ပြေးခဲ့ရပြန်သည်။ နောင်တဆိုသည်မှာ နောင်မှ ရတတ်ကြသော အရာတခုဆိုသည်မှာ သိပ်ကို သေချာပါသည်။

သူ၏ မရေမတွက်နိုင်သော အရှုံးများသည် မူးဝေ ပြင်းရှသော သောက်လက်စ အနီရောင် ရင့်ရင့် ဝိုင်တခွက်ထဲမှာ… မီးသေစပြုနေသော စီးကရက်တလိပ်၏ မီးခိုးငွေ့တွေထဲမှာ… သူမ ကိုယ်တိုင်ဝယ်ယူ ချိတ်ဆွဲထားခဲ့သော နံရံကပ် ပန်းချီကားထဲမှ ထက်မြသော ဆူးချွန်တို့နှင့် နှင်းဆီပန်း အနီရဲရဲ တွေထဲမှာ… မနက်မိုးလင်းတိုင်း သူမ သောက်နေကျ ကော်ဖီခွက် ညိုညိုလေးထဲမှာ… သူမ စိတ်လိုလက်ရရှိချိန်များမှာ ဆိုညည်းလေ့ရှိသော လီယိုဆေရာ၏ ကိုယ် မင်းကို လိုအပ်သောအခါ သီချင်းသံ တိုးသဲ့သဲ့ထဲမှာ… ပြီးတော့ ပန်ကာလေ အရှိန်ကြောင့် တဖျတ်ဖျတ်လွင့်နေသော စားပွဲပေါ်က မှတ်စု စာအုပ်ထဲမှာ… ထိတွေ့ပါများသဖြင့် လက်ကွက်များမှာ အက္ခရာတချို့ မှေးမှိန်စပြုနေသော ဆိုနီ လက်ပ်တော့ မီးခိုးရောင်လေးထဲမှာ… သူမနှင့် ပတ်သက်သော အမှတ်ရစရာများ မြင်တွေ့လာရတိုင်း မှတ်တမ်းတင်ထားမိသော ကင်မရာထဲမှ မှတ်ဥာဏ် ကဒ်ပြားငယ် သေးသေးလေးထဲမှာ... အိပ်မရသော ညများမှာ အကူအညီယူရလေ့ရှိသော ဗေလီယံ ဆေးလုံးလေးတွေ အကြားမှာ…။

သူ မျက်စေ့ကို စုံမှိတ်ချလိုက်မိသည်… ထို့နောက် ခေါင်းကို ဖြေးညှင်းစွာ ခါယမ်းရင်း အဆုံးနိုင်တော့ဘူးလား ဒီအရှုံးတွေရယ်… ဟု ခပ်တိုးတိုး ငြီးတွားလိုက်မိပါသည်…။

အရှုံးဆိုသည်မှာ တကယ်ကို ခါးသီးစရာကောင်းလှသည်။
သို့သော်လည်း ထိုအရှုံးကို ထပ်ခါတလဲလဲ ပြန်လည် ခံစား သုံးသပ်ရင်းဖြင့် အရှုံးနှင့် ရင်းနှီးခင်မင် အကျွမ်းတဝင် ဖြစ်သွားလေမလား ဟူသော မျှော်လင့်ချက် မှိန်ပါးပါးလေး တခုကြောင့် ထိုထိုသော အရှုံးတွေကို လက်ချိုး ရေတွက်ရင်း၊ အဖန်တလဲလဲ ပြန်လည် ခံစားရင်း အရှုံး၏ အရသာနှင့် ရင်းနှီးလာအောင် ထိုအရှုံးနှင့် အကျွမ်းတဝင် ဖြစ်လာအောင် သူ တော်တော်ကြီး အားထုတ် ကြိုးစားရပေအုံးမည်။


Sunday, May 9, 2010

သံလွင်အိပ်မက် အတွဲ (၄) အမှတ် (၁)


သံလွင်အိပ်မက် အင်တာနက် မဂ္ဂဇင်း အတွဲ (၄) အမှတ် (၁) ထွက်ပါပြီ။ ဒီတပါတ် သံလွင်အိပ်မက်မှာတော့ လူ့အဖွဲ့အစည်းအတွင်း နှစ်ပေါင်းများစွာ ကြာအောင် စွဲကပ်နေခဲ့သော ရောဂါဝေဒနာဆိုးတခုဖြစ်တဲ့ လာဘ်ပေးလာဘ်ယူမှု၊ အကျင့်ပျက်ခြစားမှုနဲ့ အဂတိလိုက်စားမှု… စတာတွေနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို အသားပေး ရေးသားဖေါ်ပြထားတာကို ဖတ်ရှုကြရမှာ ဖြစ်ပါတယ်။

အဲဒီမှာ ကိုယ့်ရဲ့ ဝတ္ထုတိုလေး တပုဒ် ပါပါတယ်…။
ဝတ္ထုလေးရဲ့ နာမည်က နှလုံးသား သံစဉ် ပါ။
အသက်လေးရလာတဲ့ ပင်စင်စား ဖခင်တယောက်နဲ့ ခေတ်မီပြီး လူငယ်ပီသချင်တဲ့ သားတယောက်၊ ဒီလို ကွာဟနေတဲ့ မျိုးဆက်နှစ်ခုရဲ့ သံစဉ်မတူတဲ့ တေးသွားနှစ်ပုဒ်ကို ခံစားပြီး ရေးထားတာပါ။ ဖတ်ကြည့်ကြပါ… ဝေဖန်ပါ… အကြံပြုကြပါနော်…။ ကျေးဇူးတင်ပါတယ်…။

********



ရန်ကုန်လေဆိပ် ပြည်ပထွက်ခွာနေရာတွင် ဖြစ်ပါသည်။ လူဝင်မှုကြီးကြပ်ရေးကောင်တာကို ဖြတ်ကျော်ပြီး ခရီးသည်များ နားနေ စောင့်ဆိုင်းရာနေရာကို တစ်လှမ်းချင်း လျှောက်လှမ်း ဝင်ရောက် ပျောက်ကွယ်သွားသော သားဖြစ်သူ၏ကျောပြင်ကို ကြည့်ရင်း မျက်ရည်ကြည်များ ရစ်ဝိုင်းနေသော ဖခင်တစ်ယောက်၏ သာမန်ထက်ပိုသောခံစားချက်တို့ကို နှစ်သိမ့်ရန် စကားလုံးများ စီစဉ်နေမိပါသည်။

တည်ကြည် ရိုးဖြောင့်သော၊ အနေအစား ဆင်းရဲခဲ့သော်လည်း မိမိ၏လိပ်ပြာကို မိမိကိုယ်တိုင် လုံလုံလဲလဲရှိခဲ့သော၊ နှစ်ပေါင်းသုံးဆယ်နီးပါး သာမန်အစိုးရ ဝန်ထမ်းဘဝကို ရောင့်ရဲတင်းတိမ်စွာဖြင့် ဖြတ်သန်းလာခဲ့ပြီး လက်ရှိ အငြိမ်းစားဘဝရောက် ဖခင်တစ်ဦး နှင့် ငယ်ရွယ်ပြီး နုနယ်ပျိုမြစ်သော သွက်လက်တက်ကြွသော၊ ဘဝကို ပျော်ပျော်ပါးပါး ဖြတ်သန်းလိုသော၊ နိုင်ငံရပ်ခြားတွင် အလုပ်လုပ်ကာ စီးပွားရှာပြီး မိဘကို မတောင့်မတ မကြောင့်မကျ အခြေအနေမျိုးတွင် ထားသော်လည်း အရာရာကို အလေးအနက်မထားတတ်သော ပေါ့ပေါ့တန်တန် ခပ်မိုက်မိုက် ဂျစ်ကန်ကန် လူငယ်လေး တစ်ယောက်… ထိုသူနှစ်ယောက်၏ကြားတွင် အရာရာကို စိတ်အေးချမ်းသာစွာ အဆင်ပြေပြေဖြစ်အောင် ကြားဝင်ဆောင်ရွက်ပေးရမည့်သူမှာ ကျွန်မ ဖြစ်နေလေသည်။

----------
--------------------
------------------------------
အပြည့်အစုံကို ဒီနေရာမှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်…။



Saturday, May 8, 2010

သူမနှင့် သူ၏ ဘူတာရုံ

ရထားစီး ခရီးသွားတယောက်အနေနှင့် တပတ်လျှင် အလုပ်လုပ်ရက် ၅ ရက်မှာ ထိုဘူတာရုံကို အသွား တခေါက် အပြန် တခေါက်၊ တနေ့လျှင် နှစ်ခေါက် ခရီးတဆင့် ထောက်ရပါသည်။ သည်နိုင်ငံကိုရောက်လာပြီး အလုပ် စလုပ်စဉ်အခါက နေရာအသစ်နှင့် အပြောင်းအလဲတို့ကြောင့် ခံစားရသော စိတ်ခံစားမှု၊ အလုပ်ချိန်မမှီမှာ ကြောက်သော စိုးရိမ်စိတ်၊ မတတ် တတတ် လုပ်လက်စ အလုပ်များအပေါ်တွင် ရှိနေသော စိတ်ဖိစီးမှု၊ ရပ်ဝေးမှ မိဘများကို လှမ်း၍ ပူပန် ကြောင့်ကြစိတ် စသည်တို့ဖြင့် အစဉ်အမြဲ ပူလောင်ပြီး ပြာယာခတ်နေတတ်သောကြောင့် ဘေးဘီ ဝဲယာ ပတ်ဝန်းကျင်ကို မည်သည့်နည်းနှင့်မျှ သတိပြုနိုင်ခြင်း မရှိခဲ့ပါ။

သို့သော် အလုပ်လုပ်သက် ၆ လကျော် ၇ လထဲသို့ ရောက်လာသောအခါ လက်ရှိ လုပ်နေရသော လုပ်ငန်း၊ မိမိ နေထိုင်ရာ ရေမြေ ပတ်ဝန်းကျင် အသိုင်းအဝိုင်းနှင့် အတော်လေး အကျွမ်းတဝင် ရှိစပြုလာပြီဖြစ်သည်။ ထို့အတူ နေ့စဉ် အလုပ်သွား အလုပ်ပြန်ချိန်များတွင်လည်း ယခင်ကထက် များစွာ သက်တောင့် သက်သာ ရှိလာပြီး ခရီးလမ်းတလျှောက်ရှိ ပတ်ဝန်းကျင် သဘာဝ အလှအပများကိုသာမက မိမိနှင့်အတူ နေ့တဒူဝ လှုပ်ရှားသွားလာနေကြသော တရထားတည်းစီး ခရီးသွားများ၊ မိမိပတ်ဝန်းကျင်တွင် နေ့စဉ်မြင်တွေ့နေရသော မြင်ကွင်းများကိုလည်း စိတ်ပါဝင်စားစွာ ကြည့်ရှု လေ့လာတတ်လာပြီဖြစ်သည်။

ထိုအချိန်မှာပင် သူ့ကို စတင် သတိထားမိခဲ့ခြင်း ဖြစ်ပါသည်။
ရထားအလာကို စောင့်ဆိုင်းနေသူများကြားတွင် အနက်ရောင် တီရှပ်နှင့် ဂျင်းဘောင်းဘီ အပြာရောင်၊ ကျောပိုးအိတ် ညိုညိုလေး တလုံးနှင့်အတူ သူ့ကို စတင်တွေ့ဖူးခဲ့သည်။ တစုံတခုကို လေးလေးနက်နက် တွေးတောနေဟန်ရှိသော သူ့မျက်နှာသည် ဘာကြောင့်မှန်းမသိ သူမအတွက် များစွာ နှစ်လိုဖွယ်ရာ ဖြစ်နေခဲ့သည်။

သည်လိုနှင့် တရက်… နှစ်ရက်… သုံးရက်… လေးရက်….
စီးနေကျ ရထားအလာမှာ ရထားပေါ်ကို တက်လိုက်လာရင်း ခရီးသည်တွေအကြားမှာ သူ့ကို တိတ်တဆိတ် ရှာဖွေမိသည်။ သို့သော် အရိပ်အယောင်မျှပင် မတွေ့ရချေ။ သူမက မျက်စေ့မှားသည်လား သူကပဲ ကိုယ်ရောင်ဖျောက်တတ်သည်လား။ နေ့စဉ် မနက် အလုပ်သွားချိန်များတွင် သူ့ကို ရထားအလာကို စောင့်နေသော အနေအထားဖြင့် တွေ့ရတတ်သလို ညနေ အလုပ်ဆင်း အိမ်ပြန်ချိန်များတွင်လည်း သူ့ကို တယောက်ယောက်ကို (သို့) အပြန်ရထားကို စောင့်ဆိုင်းနေဟန်တူသော သက်တောင့် သက်သာ အနေအထားမျိုးဖြင့် တွေ့ရစမြဲ…။ သို့သော် ထူးဆန်းသည်မှာ အသွားရော အပြန်ပါ ဘယ်ရထားပေါ်ကိုမှ သူ တက်လိုက်မလာခြင်းပင်။

တခုခုဆို သေချာချင်လှသော စိတ်မျိုးရှိတတ်သူမို့ တရက်တွင် စီးနေကျ ရထားအလာမှာ တက်မလိုက်သွားပဲ အသာ နောက်ချန် နေခဲ့မိသည်။ ရထားစောင့်နေသူများ အားလုံးလိုလို ရထားပေါ်ကို ရောက်သွားကြပြီး ရထားက တံခါးပိတ်ကာ မောင်းနှင် ထွက်ခွာသွားလေပြီ။ ရထားလမ်းဘေး ပလက်ဖေါင်းပေါ်တွင် ကျန်ခဲ့သူမှာ အညိုရောင် ကျောပိုးအိတ်ပိုင်ရှင်နှင့် သူမ နှစ်ဦးတည်း…။

များမကြာမီအချိန်မှာ နောက်ရထားတစီးအလာကို စောင့်ကြရန် ခရီးသည်များ တဖွဲဖွဲ ရောက်လာကြပြန်သည်။ ထိုအခါ ကျောပိုးအိတ် အညိုရောင်လေးက သူမ၏မြင်ကွင်းထဲမှာ ကွယ်သွားလိုက် ပြန်ပေါ်လာလိုက်နှင့်…။ သည်လိုနှင့် နောက် ၃ မိနစ်မှာ ရထားတစီး ရောက်လာသည်။ ခရီးသည်များ သူ့ထက်ငါ အလုအယက် တိုးဝင်သွားကြသည်။ ရထား ထွက်သွားသည်။ ထိုအခါ ရထားလမ်းဘေး ပလက်ဖေါင်းပေါ်တွင် ရပ်ကျန်ခဲ့သူမှာ အညိုရောင် ကျောပိုးအိတ်ပိုင်ရှင်နှင့် သူမ နှစ်ဦးတည်းသာ…။

သည်လိုနှင့် ရထား နောက်တစီး… နောက်တစီး… နောက်တစီး…
ရထားတွေ တစီးပြီး တစီး… သို့သော် ရထားလမ်းဘေးမှာ ကျန်ရစ်သူ နှစ်ဦးမှာမူ မပြောင်းမလဲ…။ သူမကသာ သူ့ကို စိတ်ဝင်တစား အကဲခတ်နေသလောက် သူကတော့ သူမအပါအဝင် ဘေးပါတ်ဝန်းကျင်ကို နည်းနည်းလေးမှ သတိပြုမိပုံမရ…။ ရထားလာချိန်များမှာ ရထားပေါ်တက်တော့မယောင် တိုးကပ်သွားလိုက်၊ ပြီးတော့ နောက်မှာ ကျန်နေရစ်ခဲ့လိုက်နှင့်…။ အကြောင်းတခုခုတော့ ရှိနေပါလိမ့်မည်…။ သူ့ကိုကြည့်ရင်း သူ့အကြောင်းကိုတွေးရင်း သူ့ကိုယ်စား မောဟိုက်လာပြီး နောက်ဆုံး လက်လျှော့ကာ မျက်စေ့ရှေ့ကို ရောက်လာသော ရထားတစီးပေါ်သို့ တက်လာခဲ့မိတော့သည်။

သည်လိုနှင့် ရက်မှ လသို့ ပြောင်းလာသည်။ မိုးရွာရွာ နေပူပူ၊ နေ့တွေ ရက်တွေ ဘယ်လိုပင် ပြောင်းသွားသော်လည်း နေ့စဉ် အလုပ်သွား အလုပ်ပြန်ချိန်များတွင် ကျောပိုးအိတ် အညိုရောင်လေးကို နေရာတကျ မပျက်မကွက် တွေ့နေရစမြဲ…။ ဘူတာရုံမှ အထိမ်းအမှတ် ပစ္စည်းတခုနှင့် တူနေသော သူ့ကို ကြည့်ရင်း အတွေးထဲတွင် တစုံတခုကို နားလည်သလိုလို ဖြစ်လာသည်။ သူ… သူ့ထံကို ပြန်မလာနိုင်တော့မည့် တစုံတယောက်ကို မျှော်လင့် စောင့်ဆိုင်းနေခြင်းများလေလား…။

လောက၏ နိယာမတွေမှာ ကိုယ်အလိုရှိသော အရာနှင့် ကိုယ့်ဆီ ရောက်လာသော အရာတွေသည် အခါများစွာမှာ မည်သည့်နည်းနှင့်မျှ တထပ်တည်း မကျနိုင်တတ်ပါ။ မရနိုင်သော အရာတခုကို အချိန်ကုန် လူပင်ပန်းခံပြီး ရက်ရှည်လများ မျှော်လင့် စောင့်ဆိုင်းနေမည့်အစား ထိုအချိန်များကို တခြား တခုခုအတွက် အကျိုးရှိစွာ အသုံးချစေချင်ပါသည်ဟု စိတ်ထဲမှာ တဖွဖွ (သူ့ကို အားနာနာဖြင့်) ရေရွတ်နေမိပါသည်။ ထိုဘူတာရုံလေးနှင့် တသာတည်း ခွဲခြား၍ မရအောင် နေ့စဉ် အချိန်မှန် မြင်တွေ့နေရသော ကျောပိုးအိတ် အညိုရောင်လေးကို စိတ်ထဲမှာ မတွေ့ချင်တော့သလို၊ ပြီးတော့ တခုခု တိုက်တွန်း ပြောဆိုချင်နေသလိုလို...။ သို့သော်လည်း ထိုဘူတာရုံလေးကိုရောက်တိုင်း သူ့ကို အမှတ်တမဲ့ တချက်ကလေး မတွေ့လိုက်မိလျှင်ပင် တခုခု လိုအပ်နေသလိုလို၊ မသိစိတ်မှ တိတ်တဆိတ် လိုက်လံ ရှာဖွေရင်း သူ့ကို တွေ့ချင်နေမိသော သူမကိုယ် သူမလဲ နားမလည်နိုင် ဖြစ်မိသည်။

သူ့အကြောင်း တွေးမိသည့် အဲဒီ ညက ထူးထူးဆန်းဆန်း အိပ်မက်ထဲအထိ သူ လိုက်လာလေသည်။ အိပ်မက်ထဲတွင် ထိုကျောပိုးအိတ် အညိုရောင်လေး ပိုင်ရှင်ကို ဖျောင်းဖျ စကားတွေများစွာ ပြောမိလေသည်။ သူမကသာ သူ့ကို စကားတွေ ပြောနေမိသော်လည်း သူက စကားတခွန်းမှ ပြန်မဆိုပါ။ သို့သော် အပြင်မှာ တခါမျှ မမြင်ခဲ့ဖူးသော သူ၏ နှစ်လိုဖွယ်ရာ အပြုံးများ၊ စိုလက် တောက်ပသော သူ့ မျက်ဝန်းများက သူမပြောနေသော စကားများကို သဘောတူ လက်ခံပါသည်ဟု ထောက်ခံ ခွန်းတုန့်ပြန်နေသယောင်…။ ထိုအိပ်မက်မှ နိုးလာသောအခါ ဆုံးဖြတ်ချက်တခုကို အခိုင်အမာ ချပြီးဖြစ်နေခဲ့သည်။

ထိုဆုံးဖြတ်ချက်အတိုင်း မနက်မှာ အိမ်မှ ခါတိုင်းထက် အနည်းငယ် စောပြီး ထွက်လာခဲ့သည်။ အတွေးထဲမှာတော့ ကျောပိုးအိတ် အညိုရောင်လေးကို သွားတွေ့လိုက်မည်… ပြီးတော့ သူမကပင် စတင်ကာ အသိမိတ်ဆွေဖွဲ့ပြီး အိပ်မက်ထဲမှာလို စကားပြောကြည့်လိုက်မည် ပေါ့…။ အတွေးများနှင့် ဘူတာရုံကို ရောက်လာခဲ့သည်။ ကျင့်သားရနေသော မျက်လုံးများက ကြည့်နေကျ နေရာဆီသို့ ရောက်သွားသည်။ အို… ရင်ထဲမှာ လှိုက်ကနဲ တုန်ခါသွားသည်…။ သူ... သူ ထိုင်နေကျ နေရာမှာ ရှိမနေပါလား…။ သူမက အခါတိုင်းထက် စောနေသည်လား… သူ အလာများ နောက်ကျနေသည်လား…။ လက်ထဲမှနာရီကို ကြည့်လိုက်သောအခါ အချိန် အနည်းငယ် စောနေသေးသော်လည်း ခါတိုင်းဆို သူကသာ အမြဲ ရောက်နှင့်နေသည်ပဲ…။ အခုတော့ ဘာကြောင့်များ သူ ရောက်မလာတာပါလိမ့်…။ တွေးကြည့်လျှင် သူ့အတွက် ဝမ်းသာရမည်ဖြစ်သော်လည်း သူမမှာ ဝမ်းမသာနိုင်သော စိတ်တွေ ဖြစ်နေခဲ့သည်။

သည်လိုနှင့် ဘူတာရုံမှာ နာရီပေါင်း များစွာ ကြာသည်အထိ စောင့်နေမိသည်။ ရထားစီးခရီးသည်တွေကတော့ တသုတ်ပြီး တသုတ် ရောက်လာလိုက်၊ ရထားတွေက တစီးပြီး တစီး ရောက်လာလိုက်၊ ထွက်ခွာသွားလိုက်နှင့်…. နေစောင်းပြီး ရုံးပြန်ချိန်သာရောက်သွားသည် မျှော်နေသော ကျောပိုးအိတ် အညိုရောင်လေးကား ရောက်မလာခဲ့…။ တဖြည်းဖြည်းနှင့် နေဝင်သွားသည်။ လမ်းမီးများနှင့်အတူ ဘူတာရုံမှ မီးချောင်းများလည်း လင်းလာပြီ။ ည၏ အမှောင်ထုသည်လည်း တစထက် တစ သိပ်သည်းလာပြီ။ ဘူတာရုံအတွင်းမှာလဲ လူတွေ ရှင်းစပြုလာပြီ….။ ကြားလိုက်ရသော ဘူတာရုံမှ ကြေငြာချက်အရ တခဏ ကြာလျှင် နောက်ဆုံးရထား ဆိုက်ရောက်လာတော့မည်။

မျက်စေ့ရှေ့ကို ဝင်လာသော နောက်ဆုံး ရထားတစ်စီး အပြီးမှာ ဘူတာရုံ လုံခြုံရေး ဝန်ထမ်းများ၊ သန့်ရှင်းရေး ဝန်ထမ်းများ အလုပ်စကြပြီ…။ ထိုအချိန်တွင် မျှော်လင့်ချက်များ ကုန်ဆုံး ပျက်သုန်းပြီး ဘူတာရုံလေးကို ချန်ထားခဲ့ကာ ထိုင်နေရာမှ လေးတွဲ့စွာ ထွက်ခွာလာခဲ့မိသည်။ မြင်ချင်သော ကျောပိုးအိတ် အညိုရောင်လေးက ဘယ်ရောက်နေသည်လဲ…။ သူ စောင့်နေသူတယောက်ကို တွေ့သွားလေသည်လား… သို့မဟုတ် ဆက် မစောင့်တော့ဘူးလား… လက်လျှော့သွားပြီလား…။ ဝမ်းသာရမည်လား ဝမ်းနည်းရမည်လား ကိုယ်တိုင် ဝေခွဲမရသော အတွေးများဖြင့် အခါများစွာမှာ သွက်လက်တတ်သော အိမ်အပြန် ခြေလှမ်းများသည် သည်တနေ့တွင် အလေးလံဆုံးနှင့် အနှေးကွေးဆုံး ဖြစ်နေခဲ့တော့သည်။

သို့သော်လည်း နောက်တနေ့မနက် စောစော ထိုဘူတာရုံလေးမှာ များပြားလှသော ရထားစီး ခရီးသည်များအကြားတွင် ကျောပိုးအိတ် အညိုရောင်လေးကို တနေကုန်ပြီး ညမှောင်မှောင်မှာ နောက်ဆုံးရထား ရောက်လာချိန်အထိ လာရောက် စောင့်ဆိုင်း ရှာဖွေလိမ့်မည် မဟုတ်ဟု သူမကိုယ့် သူမ မသေချာပါ…။ သံယောဇဉ်ဆိုသည်မှာ တွယ်မိတွယ်ရာကို တွယ်တတ်ကြသည် မဟုတ်ပါလား…။




မှတ်ချက် ။ ။ သူငယ်ချင်း ရေးခဲ့သော သူနှင့် ဘူတာရုံ အက်ဆေးကို ဖတ်ပြီး ပြန်လည် ခံစား ရေးဖွဲ့ထားပါသည်။

Thursday, May 6, 2010

သူနှင့် ဘူတာရုံ

စာရေး စာဖတ် ဝါသနာပါတဲ့ သူငယ်ချင်းတယောက်က အခုတလော သူတွေးနေမိတာလေးကို ချရေးဖြစ်လို့ ပို့လာတဲ့ ချစ်စရာ အက်ဆေးလေး တပုဒ်ပါ။ ဖတ်ကြည့်ပြီး နှစ်သက်လို့ သူ့ရဲ့ သဘောတူ ခွင့်ပြုချက်နဲ့ တင်လိုက်ပါတယ်…။ ဖတ်ကြည့်ကြပါ... လိုအပ်တာရှိရင် ပြောပြခဲ့ကြပါ...။ ကျေးဇူး...း))

သူနှင့် ဘူတာရုံ

ဘူတာရုံတစ်ခုတွင် သူ ထိုင်နေခဲ့သည်။ အတော်လေး ကြာမြင့်နေပြီ ဖြစ်သော်လည်း သူ ထိုင်နေကျမို့ ထင်ပါသည် လေးပင်ဟန် ကြောင့်ကြဟန် တစက်မျှမရှိပဲ သက်တောင့် သက်သာပင် ထိုင်နေခဲ့သည်။ သူ ထိုင်နေခဲ့သည်မှာလည်း တရက်ထဲမှ မဟုတ်သည်ပဲ။ ကွက်ကြည့် ကွက်ကြည့် လုပ်နေသူများ ရှိသော်လည်း မသိလိုက် မသိဖာသာပင်။ မကြာမတင်မှာ ရထားဆိုက်တော့မည်………..

ရထားဆိုက်တော့မည်ဆိုသော ကြေငြာချက်နှင့်အတူ လုံခြုံရေး သတိပေးစာတမ်းတွေ မြင်နေရပြီ။ သူ့ဆီက လှုပ်ရှားမှုကို အတိုင်းသား မြင်နေရပြီလေ။ လက်နှစ်ဖက်ကို တင်းတင်းဆုပ်ထားတာမြင်ရုံနဲ့ ငြိမ်သက်အောင် ဟန်ဆောင်လို့မရတာကို သူ သတိထားမိပုံမပေါ်။ သူ့စိတ်တွေက ခန္ဓာကိုယ်ယိမ်းထိုးနေအောင် လှုံ့ဆော်နေကြသည်လေ။

ရထားဆိုက်ပါပြီ။
တစ်စီး…
နောက်တစ်စီး…
နောက်တစ်စီး…
နောက်ထပ် အစီးပေါင်းများစွာ…

ပြီးတော့ နောက်ဆုံး ရထားတစ်စီး အပြီးမှာ ဘူတာရုံ လုံခြုံရေးဝန်ထမ်းများ သန့်ရှင်းရေး အလုပ်သမားများ စပြီး အလုပ်ရှုပ်နေကြသောအချိန်တွင် သူထိုင်နေရာကနေ ထွက်ခွာလာခဲ့ပြီ။ အိမ်ကို ပြန်သော ခြေလှမ်းများသည် ယခင်နေ့ရက်များလိုပင် လေးလံလွန်းလှသည်။ သူနဲ့အတူ သူမ မပါရှိသောကြောင့်ပင်တည်း။

တကယ်တမ်း သူနှင့်သူမသည် အဆိုပါဘူတာရုံတွင် (တကြိမ်တခါမှ တွေ့ဖူးခြင်းမရှိပါပဲ) ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ကြခြင်းပင်။ အမှတ်မထင် တွေ့ဆုံကြခြင်းမျိုးမဟုတ်ပဲ သေချာပေါက် ထိထိရောက်ရောက် စီစဉ် တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။ ထိုနေ့မှစ၍ သူမ ရုံးပြန်လာတိုင်း သူစောင့်နေတတ်သော ဘူတာရုံတွင် ခရီးသွားဟန်လွှဲ ဆင်းတတ်သည်။ သူမနှင့်သူ လမ်းအတူတူ လျှောက်သည်။ သူမ ပြောသောစကားသံတို့ဖြင့် သူ၏ လမ်းတလျှောက်ကို ပန်းပေါက်ပေါက်တွေ ခင်းနေခဲ့သည်။ ထိုကာလသည် အတော်ကြာမြင့်ပါသည်။

သူ သတိမထားမိလိုက်သော နေ့တနေ့တွင် ရထားပေါ်မှ သူမ ဆင်းလာသည်ကို မတွေ့ရတော့ပါ။ ထွက်သွားသောရထားကို ကြည့်လိုက် ရထားဆိုက်ရောက်ချိန်ကို ကြည့်လိုက်ဖြင့် သူတယောက် အတော်လေး ဗျာများနေခဲ့သည်။ နောက်ရထားတစ်စီး ရောက်လာချိန်မှာ ရထားပေါ်တက်ပြီး ဘယ်ကိုရှာရမှန်းမသိသော မျက်ဝန်းအစုံဖြင့် ကြောင်စီစီ ဖြစ်နေခဲ့ပါသည်။ အော်ခေါ်ရန် ကြိုးစားသော်လည်း ပြည့်သိပ်ကြပ်နေသော လူတွေကြားထဲတွင် သူ့ခေါ်သံကို ကြားရရန် မလွယ်ကူမှန်း သိနေသောကြောင့် လက်လျှော့လိုက်ရသည်။ ထိုနေ့ညက သူ အိမ်ပြန်မရောက်ခဲ့ပါ။

နောက်တနေ့တွင်လည်း သူစောင့်နေကျ အချိန်တွင် မပျက်မကွက် ရောက်လာတတ်သည်။ သို့သော် သူမကား ဘယ်တော့မျှ ပေါ်မလာခဲ့တော့။ သူသည် နေ့ရက်ပေါင်းများစွာ ထိုဘူတာရုံတွင် စောင့်မြဲစောင့်နေခဲ့သည်။ ပထမ လူအများ သတိထားမိကြသည်။ သူ့ကို စကားပြောဆိုရန် ကြိုးစားသူများလည်း ရှိခဲ့သည်။ မည်သူ့ကိုမျှ ပြန်လည် မတုန့်ပြန်သော သူ့ကို နောက်ဆုံးမှာတော့ လျစ်လျူရှုခဲ့ကြသည်။ ဘူတာရုံတွင်ရှိသော ဆိုင်းဘုတ် အဟောင်းများနှင့်အတူ သူသည် ဘူတာရုံမှ ပစ္စည်းတခုဟု အများအမြင်တွင် သိသာ ထင်ဟပ်စေခဲ့ပါသည်။

ယနေ့လည်း နောက်ဆုံး ရထားဆိုက်ပါပြီ။ သူသည် ထိုဘူတာရုံမှ ထရန် ပြင်ဆင်နေသည်။

နောက်နေ့တွင်လည်း သူသည် ဘူတာရုံသို့လာနေဦးမည် ဖြစ်သည်။

သူနှင့် ထိုဘူတာရုံသည် တသားတည်းဖြစ်သွားသည်မှာ ကြာမြင့်နေခဲ့ပြီ။

သူမ ဘယ်ရောက်နေသနည်း……………………..။

** ဧပြီလ ၁၇ ရက်နေ့ အဝါရောင် ရထားလိုင်း အသစ်ဖွင့်သောနေ့က ရေးပါသည်။



Tuesday, May 4, 2010

ဆေးရောင်စုံ

ဒီပိုစ့်ကို ဆေးရောင်စုံ လို့ နာမည်ပေးရခြင်း အကြောင်းရင်းကတော့ တခုနဲ့ တခု သိပ် အဆက်အစပ် မရှိလှတဲ့ အကြောင်းအရာတွေကို စုပေါင်းပြီး ရေးပြမှာမို့ပါ။

အခု ပထမဆုံးအနေနဲ့… အရေးကြီးတဲ့ စားစရာ အကြောင်းက အရင် စလိုက်ကြရအောင်နော်…။ ဟိုတနေ့က ရေးခဲ့တဲ့ အချဉ်ထည့်ခြင်း ပိုစ့်မှာ ညီမလေး နုစံက သူ့ မေမေလုပ်နေကျ အချဉ်ရည် ဖျော်နည်းကို အီးမေးလ်ပို့ပြီး ပေးမယ်လို့ ဆိုလာပါတယ်…။ ဒါကို နောက် ကော်မန့်ပိုင်ရှင် တယောက်က ဖြစ်နိုင်ရင် မနုစံ ရဲ့ အချဉ်ရည် recipe ကို ဒီနေရာမှာပဲ ဝေမျှပါလို့ ပြောလာပါတယ်…။ ဒီတော့ ညီမနုစံက အဲဒီ အချဉ်လုပ်နည်းကို အီးမေးလ်နဲ့ ပို့လာတုန်းမှာ အဲဒါကို Share လို့ရပါသလားလို့ တခါတည်း မေးလိုက်ပါတယ်။ ဒီတော့ သူက ရပါတယ် ဆိုလို့ အခုလို ပြန်ဝေမျှလိုက်ပါတယ်..။

အသုပ်ထဲ ထည့်တဲ့ အချဉ်ရည်ဖျော်နည်း

မန်ကျည်းသီးကို ထန်းလျက် နဲနဲနဲ့ ရေစိမ်ထားလိုက်ပါ။ အချဉ်ဖျော်တဲ့အပေါ် မူတည်ပြီး ထန်းလျက်ကို ထည့်ပါ။ ပုံမှန်အရွယ် ထန်းလျက် ၂ လုံး ၃ လုံးလောက်ဆို ရပါပြီ။ ငရုတ်သီးမှုန့် အရောင်တင်မှုန့် နဲနဲကို ပန်းကန်လုံးထဲထည့်ပြီး ကျက်ပြီးသား ဆီပူပူ ထမင်းစားဇွန်း ၂ ဇွန်း ၃ ဇွန်းလောက် လောင်းထည့်ပြီး မွှေလိုက်ပါ။ အမှန်က ငရုတ်သီးမှုန့်ကို ဆီသတ်ဖို့ပါ။ ဒါပေမယ့် အမှုန့်က အလွယ်တကူ မီးကျွမ်းလွယ်တတ်ပြီး အညှော်နံ့ကို လည်း ကြောက်ရသောကြောင့် ဤနည်းဖြင့် ငရုတ်သီး ဆီသတ်လိုက်ခြင်းပါ…။

မန်ကျည်းရည် အဖတ်စစ်ပြီးသားထဲကို ငရုတ်ဆီ (အနီရောင် chili sauce) ထည့်ပြီး ရောဖျော်ပါ။ အငန်အတွက် ငံပြာရည် အနည်းငယ် နှင့် အချဉ်လိုလျှင် ရှာလကာရည် အနည်းငယ် ထည့်ပါ။ အပေါ့ အငန် မြည်းပြီး လိုအပ်ပါက ဆားအနည်းငယ်၊ အချိုမှုန့်စားပါက အချိုမှုန့် အနည်းငယ် ထည့်ပါ။ နောက်ဆုံး ထောင်းထားသော ကြက်သွန်ဖြူအနည်းငယ် ထည့်ပါ။

အချဉ်ရည်မှာ ငရုတ်သီး ဆီသတ်ရော ငရုတ်ဆီရော ထည့်ထားသောကြောင့် ခပ်ပျစ်ပျစ်နှင့် အရသာလဲ ကောင်းမွန်ပါသည်။ ခေါက်ဆွဲသုပ်၊ အစုံသုပ်၊ ဘူးသီးကြော်သုပ်၊ ပဲပြားသုပ် စသည်တို့တွင် တခါတည်း ထည့်ပြီး သုပ်ပါက အရသာရှိပြီး ဖြစ်သောကြောင့် အခြား ငန်ပြာရည် ဆား အချိုမှုန့် တို့ ထပ်ထည့်ရန် မလိုတော့ပါ။

အစပ်လိုလျှင် ငြုတ်သီးမှုန့် ထပ်ထည့်နိုင်ပါသည်… သို့သော် ဆေးလေးပါ ဆောင်ထားကြစေချင်ပါသည်.. တဲ့…။ ကဲ… စမ်းကြည့်ကြပါနော်…။ အခုလို မျှဝေပေးတဲ့ ညီမလေး နုစံကို မမတို့ ဘလော့ဂ်အသံက အထူးပဲ ကျေးဇူးတင်ရှိပါတယ်။

ဒုတိယတခုက ကိုယ်ရေးခဲ့တဲ့ မျှော်လင့်သော တို့ရဲ့ လက်တွေတွဲထား… ပိုစ့်မှာ ညီမလေး ရေးခဲ့တဲ့ ကော်မန့်ထဲက ဖန်တွတွ ဆိုတဲ့ စကားလုံးလေးနဲ့ ပတ်သက်လို့ အဲဒီ စကားလုံးရဲ့ မူလ အရင်း အမြစ်ကို သူက မေးလ်နဲ့ ပို့ပြီး ပြန်ရှင်းပြထားပေးပါတယ်…။ စာရေးဆရာ နန္ဒာသိန်းဇံရဲ့ တွေးချိန်ချင့်စရာ ဆိုတဲ့ စာအုပ်ထဲကပါ။ ဖတ်ရတာ တကယ်ကို သဘောကျစရာ ကောင်းပါတယ်။ ဖတ်ဖူးတဲ့သူများ ရှိနိုင်သလို မဖတ်ဖူးသေးတဲ့ သူများလဲ ရှိနေနိုင်တာကြောင့် သူ ပို့ပေးလာတဲ့ Scanned Document လေးတွေ အတိုင်း ပြန်တင်ပေးလိုက်ပါတယ်…။ အခုလို မျှဝေပေးတဲ့ ချစ်စရာ ညီမလေးကိုလဲ မမတို့ ဘလော့ဂ်အသံက အထူးပဲ ကျေးဇူးတင်ရှိပါတယ်။








နောက်တခုက ဒီဘလော့ဂ်လေးနဲ့ ပတ်သက်ပြီး ရင်းနှီး သိကျွမ်း ခင်မင်လာရတဲ့ သူငယ်ချင်း မိတ်ဆွေတွေဆီက ရောက်လာခဲ့တဲ့ လက်ဆောင်တွေအတွက် ကျေးဇူးတင်စကားပါ။


ဆရာမ မကြည်အေးရဲ့ ဝတ္ထုတိုပေါင်းချုပ် ရယ်၊ မကြည်အေးရဲ့ ကဗျာများရယ်… အဲဒီ စာအုပ် နှစ်အုပ်အတွက် ကျေးဇူးတင်ရမယ့်သူက တယောက်၊ ကိုယ်ကြိုက်တယ်လို့ ပြောခဲ့ဖူးတဲ့ စာရေးဆရာ Nicolas Sparks ရဲ့ The Last Song စာအုပ်ကို ထွက်ထွက်ချင်းမှာ စာအုပ်တန်ဖိုးနဲ့ ပို့ခ ဆတူလောက် ရှိတဲ့ နေရာကနေ သတိတရ ပို့ပေးခဲ့လို့ ကျေးဇူးတင်ရမယ့်သူက တယောက် နဲ့ Nicolas Sparks ရဲ့ Dear John စာအုပ် အတွက် ကျေးဇူးတင်ရမယ့်သူ နောက်တယောက် ပါ။ ကိုယ် အမြတ်တနိုး ဖတ်ရှုပြီး အမြဲတမ်း သိမ်းဆည်းထားချင်တဲ့ စာအုပ်တွေမို့ ပြောမပြတတ်အောင် ကျေးဇူးတင်ပါတယ်…။


နောက်တခုက အညိုရောင် ပန်းအိုးလေးထဲက သစ်ပင် စိမ်းစိမ်းလေးတခုရယ်၊ ပန်းရောင် စာရွက်ဖိတဲ့ ချစ်စရာ ဖန်လုံးလေးရယ် အတွက် ကျေးဇူးတင်ရမယ့်သူ တယောက် နဲ့ ချစ်စရာ အကျီ အနက်ရောင်လေး တထည်အတွက် ကျေးဇူးတင်ရမယ့်သူ တယောက်လဲ ရှိပါသေးတယ်…။ လက်ဆောင်ပေးလိုက်တဲ့ သူတို့ နှစ်ယောက်ကိုသာမက စိတ်ရှည်လက်ရှည် သယ်လာပေးတဲ့ လူကြုံနှစ်ယောက်ကိုပါ တပါတည်း ကျေးဇူးတင်ချင်ပါတယ်…။

နောက်တခုက ကိုယ့်ရဲ့ပိုစ့်တွေကို လာဖတ်ရင်း အိတ်တွေ ကြိုက်မှန်းသိလို့ အဝေးတနေရာကနေ ပို့လာတဲ့ အညိုရောင် အိတ်လှလှလေးတခု အတွက် ကျေးဇူးတင်စကားပါ။ မွေးနေ့ရက် အလွန်လေးမှာ ရောက်လာပေမယ့် အခုမှ ကျေးဇူးတင်ကြောင်းပြောရတဲ့ အတွက် ဆောရီးပါနော်…။ အိတ်ကလေးကို ချစ်လို့ ခုထိ မကိုင်ရသေးဘူး… အလှကြည့်ထားတုန်းပဲ…။ (ဓါတ်ပုံတော့ မရိုက်ပြတော့ဘူး… တော်ကြာ သူများတွေ လာဝိုင်းလုနေကြမှာစိုးလို့…)

အဲ... နောက်ဆုံးတခုကတော့ ညနေ ရုံးကပြန်ရောက်ပြီး ရေချိုးပြီးရင် သနပ်ခါး အထူကြီးလိမ်းပြီး ညကြီး အချိန်မတော်မှာ သရဲချော ချောနေတတ်တဲ့ ကိုယ့်အတွက် လက်ဆောင်ဝယ်လာတဲ့ သနပ်ခါးတုံးအတွက် ကျေးဇူးတင် စကားပါ။ ထူးထူးဆန်းဆန်း မဟုတ်ပေမယ့် ရနေကျမဟုတ်တဲ့ လက်ဆောင်မျိုးမို့ သဘောတွေကျပြီး ပြုံးနေမိတာ…။ (အဲ… သနပ်ခါးတုံးပုံလဲ ဓါတ်ပုံ ရိုက်မပြတော့ဘူးနော်… သနပ်ခါးတုံးက တော်တော်လေး ကြီးနေလေတော့ တော်ကြာ ထက်ခြမ်း ခြမ်းပေးပါလို့ ဝေစုလာခွဲနေမှဖြင့်…)

အခုဆို ကိုယ့်ရဲ့ ဆေးရောင်စုံ ပိုစ့်လေးမှာ ညီမ နုစံဆီက အချဉ်ရည်လုပ်တဲ့ နည်းရယ်၊ ညီမလေး ဆီက ဖန်တွတွ နောက်ဆက်တွဲရယ်၊ သူငယ်ချင်းမိတ်ဆွေ အတွက် ကျေးဇူးတင်စကားတွေရယ်၊ ဓါတ်ပုံလေးတွေရယ်နဲ့ တော်တော်လေး အရောင်စုံသွားပါပြီ…။ နောင်ကိုလဲ ကြုံရင် ကြုံသလို အခုလို ဆေးရောင်စုံ ပိုစ့်လေးတွေ ရေးပါအုံးမယ်…။



Sunday, May 2, 2010

မျှော်လင့်သော တို့ရဲ့လက်တွေ တွဲထား...

ဧပြီလ ၂၇ ရက်နေ့ တုန်းက သူငယ်ချင်းက ခေါ်လို့ Singapore Indoor Stadium မှာ Kelly Clarkson Show သွားကြည့်ဖြစ်တယ်…။ ပွဲကြည့်ပရိသတ် အနည်းဆုံး ၃ ၄ ထောင်လောက်တော့ ရှိမယ်လို့ ခန့်မှန်းရတယ်။ အသံအား သိပ်ကောင်းပြီး ပျော်ပါးတက်ကြွစွာ သီချင်းဆိုနေတဲ့ Kelly နဲ့အတူတူ မတ်တပ်ရပ်ပြီး StarHub က ကြော်ငြာအနေနဲ့ ဝေထားတဲ့ ပူဖေါင်းလို အချောင်းတွေကို ရိုက်ခတ်လို့၊ လှုပ်ရမ်းလို့ အားပေးနေကြတဲ့သူတွေ၊ လက်ခုတ်တီးပြီး အားပါးတရ သီချင်း လိုက်ဆိုနေကြတဲ့သူတွေ၊ မြူးမြူးကြွကြွ သီချင်းတွေမှာ ခုန်ပေါက်ပြီး ကနေကြတဲ့ ပရိသတ်တွေကို ကြည့်ရတာ တကယ်ပဲ ပျော်စရာ ကောင်းလှပါတယ်။ ဒါပေမယ့် ပွဲ အစကနေ အဆုံး စည်းကမ်းရှိရှိ သီဆို အားပေးနေကြတဲ့ ပရိသတ်တွေကို တွေ့ရတဲ့ အခါမှာ ကိုယ်ဖြင့် ကြည့်ခဲ့ဖူးတဲ့ မြန်မာ Show တွေကို တချိန်လုံး သတိရနေတော့တာပါပဲ…။

တကယ်က အဲဒီလို Live Show တွေ အများကြီး မကြည့်ဖူးပါဘူး။ မြန်မာ Show ရော၊ International Show ရော… ကြည့်ဖြစ်တဲ့ အကြိမ် အရေအတွက် တအားနည်းပါတယ်။ ဒါပေမယ့် International Show တော်တော်များများကိုတော့ အခွေထဲမှာနဲ့ တီဗွီထဲမှာ ကြည့်ဖြစ်တယ်။ ကြည့်ရသလောက် ပွဲတွေတိုင်းမှာ အဆိုတော်နဲ့ ပရိသတ် အပေးအယူ မျှမျှတတ နဲ့ စည်းကမ်းတကျ သပ်သပ်ရပ်ရပ် အားပေးကြတာကြောင့် သိပ်ကြည့်ကောင်းလှတယ်။

ဘာတွေ ကွာနေတာလဲ… ကိုယ်တို့ ပရိသတ်နဲ့ သူတို့ ပရိသတ်နဲ့ ဘာတွေ ကွာနေတာလဲ… ကိုယ်တို့ ပွဲတွေမှာ ဘာလို့ ဒီလို မဖြစ်နိုင်ကြတာလဲ လို့ တွေးမိတယ်…။

ကိုယ့်မြေ ကိုယ့်ရေ ကိုယ့်တိုင်းပြည် ကိုယ့်မိသားစု အားလုံးနဲ့ဝေးပြီး သူများ တိုင်းပြည်မှာ လာနေကြရတဲ့ အချိန်၊ လူတွေအားလုံးဟာ အမျိုးမျိုးသော ခေါင်းစဉ်တွေအောက်က စိတ်ဖိစီးမှုတွေရဲ့ကြားမှာ ကြိုးစားပမ်းစား အသက်ရှုနေကြရတာ ဖြစ်ပေမယ့် ပျော်စရာကောင်းတဲ့ အချိန်တွေမှာလဲ စိတ်ကို အတင်းလွှတ်မပေးလိုက်ပဲ စည်းကမ်းရှိရှိ သပ်သပ်ရပ်ရပ် မပျော်သင့်ကြဘူးလား ဆိုတာမျိုး ကိုယ် တွေးမိပါတယ်။

ကိုယ်တိုင်ကြုံဖူးခဲ့တဲ့ စင်မြင့် ဖျော်ဖြေပွဲတချို့မှာ အရက်တွေမူးပြီး သွေးဆိုးဆိုးနဲ့ ပေါက်ကရတွေကို အသံကုန် အော်ဟစ်နေတဲ့သူတွေ၊ ကိုယ်ပေါ်မှာ ဝတ်ထားတဲ့ အင်္ကျီကို ချွတ်ပစ်ပြီး ဒီအတိုင်း လျှောက်ပြေးနေတဲ့သူတွေ၊ မိန်းကလေး အဆိုတော်တွေ စင်ပေါ်တက် သီချင်းဆိုတဲ့ အလှည့်ကျရင် နှမချင်း မစာမနာ အော်ဟစ်ကြတဲ့သူတွေ၊ တားမြစ်ထားတဲ့ နေရာကနေ ကျော်ပြီး စင်နားအထိ အတင်းကပ်လာတဲ့ သူတွေ၊ စင်ပေါ်ကို ပြေးတက်တော့မလို ဖြစ်နေလို့ လုံခြုံရေးက ဆွဲသွားရတဲ့သူတွေ၊ ဓါတ်ပုံမရိုက်ရလို့ တားထားတဲ့ကြားက လစ်ရင် လစ်သလို စင်နားကိုရောက်လာပြီး ဓါတ်ပုံရိုက်သူတွေကို လုံခြုံရေးက အကြိမ်ကြိမ် လာပြီး သတိပေးနေရတာတွေ၊ ရှိုး ပြီးခါနီး ပွဲသိမ်းသီချင်းဆိုရင် စင်နားကို ပြိုကျလာပြီး ဘယ်လိုမှ ထိန်းမရတော့တဲ့ ပရိသတ်တွေကို တွေ့ခဲ့ရတယ်…။ အခု ညက ပွဲမှာ ဒါမျိုး တယောက်မှ မရှိခဲ့ဘူး။

နောက်ပြီး သီချင်းဆိုတဲ့ အဆိုတော်ရဲ့ ဝတ်စားဆင်ယင်မှု…။ နာမည်ကြီး အမျိုးသမီး အဆိုတော်တွေ စင်ပေါ်မှာ သီချင်းဆိုကြတဲ့ အခါမှာ တိုတိုလေးတွေ၊ မလုံမလဲလေးတွေ ဝတ်ပြီး ဆိုကြတဲ့သူတွေလဲ အများကြီး ရှိမှာပါ။ ဒါပေမယ့် ညကပွဲမှာတော့ ချစ်စရာ အဆိုတော်မလေး Kelly ဟာ တီရှပ် ညိုဝါဝါလေးနဲ့ ဂျင်းဘောင်းဘီ အပြာရင့်ရင့်လေးနဲ့… အများသူငါနဲ့ ဘာမှ မထူးခြားတဲ့ ဝတ်စားဆင်ယင်မှုမျိုးနဲ့ သီချင်းတွေ အများကြီး ဆိုသွားပါတယ်။ ပွဲချိန် ၂ နာရီ နီးပါး အတွင်းမှာ တခါပဲ အင်္ကျီလဲပါတယ်။ လဲလိုက်တဲ့ အင်္ကျီကလဲ သာမန် တီရှပ်နက်ပြာရောင်လေး တထည်ပါပဲ…။ သူ့ကို ကြည့်ရင်း အခုတလောမှာ တိုလို့ နာမည်ကျော်နေတဲ့ ကိုယ်တို့ ရဲ့ ဟို အဆိုတော်မလေးကို သွားသတိရမိတယ်။ (ကိုယ် မှားလား…)

နောက်တခုက ရွှေပွဲလာတွေရဲ့ ဝတ်စားဆင်ယင်မှု…။ ည ၈ နာရီမှာ စတဲ့ပွဲမို့ တချို့ကလဲ ရုံးက တန်းလာတဲ့ ရုံးဝတ် ရုံးစားတွေနဲ့ တချို့ကတော့လဲ အိမ်ပြန်ပြီးမှ ပြန်လာကြပုံရတယ်… လှလှပပ သပ်သပ်ရပ်ရပ်လေးတွေ ပြင်ဆင်လို့… ခြုံကြည့်ရရင် အားလုံးဟာ သာမန်ထက် မပိုတဲ့ အပြင်အဆင်၊ သူသူ ငါငါလို ကြည့်ကောင်းတဲ့ ဝတ်စားဆင်ယင်မှုတွေနဲ့ပါ…။



All I ever wanted, Since you been gone, Breakaway, I do not hook up စတဲ့ သီချင်း မြူးမြူးတွေကို သူနဲ့အတူ အောက်က ပရိသတ်က လိုက်ပါ ကခုန်ပြီး သံကုန်ဟစ်ပြီး လိုက်ဆိုနေကြသလို သူ့ရဲ့ နာမည်ကြီး သီချင်းဖြစ်တဲ့ Because of You ကိုကျတော့ တိုးတိုးသက်သာ အေးအေးဆေးဆေး လိုက်ဆိုကြတယ်။


(အော်တို ကင်မရာနဲ့ ရိုက်လာတဲ့ ပုံတွေမို့ အရမ်းကြီး မကောင်းလှပါဘူး… အားပေးနေကြတဲ့ ပရိသတ်တွေကို ပြချင်လို့ပါ... အမှတ်တရပေါ့…)

သီချင်းအပုဒ် ၂၀ လောက်ကို ဆက်တိုက် အားပါးတရ ဆိုနေတဲ့ Kelly ကိုကြည့်ရင်း ကိုယ့်အတွေး စိတ်ကူး ထဲမှာတော့ မီးရောင်စုံ ဆလိုက်တွေနဲ့ လှပခန်းနားတဲ့ စင်မြင့် အပြင် အဆင်တွေ၊ Sound System သိပ်ကောင်းတဲ့ ပစ္စည်း ကိရိယာတွေနဲ့အတူ ကိုယ်ချစ်တဲ့ အိုင်စီ ဝိုင်းတော်သားတွေ အားလုံးကို စင်ပေါ်ကို တင်ကြည့်မိတယ်။ ပြီးတော့ ပွဲကြည့် ပရိတ်သတ်တွေနေရာမှာ အခုလို ပျော်ပျော်ပါးပါး စည်းကမ်းရှိရှိ ထိန်းထိန်း သိမ်းသိမ်း ကြည့်ကြတဲ့ ကိုယ်တို့ မြန်မာ ပွဲကြည့် ပရိသတ်တွေကို အစားထိုးကြည့်မိတယ်။

ကိုလေးက စင်ပေါ်ကနေ “သံယောဇဉ်… သံယောဇဉ်… လူကို အရူးတပိုင်း ဖြစ်စေတယ်…” လို့ဆို… ကိုယ်တို့က စင်အောက်ကနေ သူနဲ့ အတူတူ လက်တွေကို ဝှေ့ယမ်းပြီ တပျော်တပါး သံပြိုင်လိုက်ဆိုရင်း ကခုန်ကြ….

ကိုကြီး အငဲက သူ့ရဲ့ နာမည်ကြီး သီချင်းတပုဒ်ဖြစ်တဲ့ “လွမ်းမိတယ် ဟိုးတုန်းက မန္တလေးည… ဟိုးတုန်းက မန္တလေးည…” လို့ ဆိုတဲ့ အခါမှာ သူနဲ့ အတူတူ လိုက်ဆိုရင်း မန္တလေးကို လွမ်းကြ…

နောက်တခါ မျိုးကြီးက အသံအားကောင်းကောင်းနဲ့ အသည်းကွဲတဲ့ ကျွန်တော့် ဘော်ဒါတွေ အတွက်ပါ လို့ ပြောပြီး “ဆုံမှတ်တို့ လွဲချော်ခဲ့… မျှော်လင့်ချက် မဲ့နေခဲ့… ဘယ်ဘဝမှ တို့ပြန်ဆုံတွေ့ခွင့်ရှိနိုင်မလဲ အခုတော့… သူစိမ်းတယောက်ပါ…” သီချင်းကို ဆိုတဲ့ အခါ အားလုံးက စိတ်တူ ကိုယ်တူ တညီတညာထဲ လိုက်ဆိုခံစားကြ…

ပွဲသိမ်းသီချင်းအနေနဲ့ သူတို့အားလုံးက “မျှော်လင့်သော တို့ရဲ့ လက်တွေ တွဲထား… မဆုံးသော ဒုက္ခမြစ်ရေ စီးစမ်း… မျှော်လင့်ချက်နဲ့ အသက်ရှင်တယ် လူတွေ နှလုံးသား အချစ်လက်ကမ်း… နေရောင်အောက်က ခင်းမယ့်လမ်း…” လို့ ဆိုတဲ့အခါ ကိုယ်တို့တွေကလဲ တယောက်လက် တယောက် ခိုင်ခိုင်မြဲမြဲ တွဲရင်း "လက်များ... တို့လက်များ... ခိုင်မြဲလို့နေပြီ..." တညီတညာထဲ ခံစားပြီး လိုက်ဆိုရင်း အေးအေးချမ်းချမ်းနဲ့ ပွဲကို သိမ်းကြ… အဲဒီလိုသာဆို ဘယ်လောက် ပျော်စရာ ကောင်းလိုက်မလဲနော်…။

အဲဒီညက ပွဲပြီးလို့ ပြန်လာတဲ့ လမ်းတလျှောက်မှာရော၊ နောက်နေ့တွေမှာပါ အဲဒီ အတွေးတွေက ကိုယ့်ဆီမှာ တရစ်ဝဲဝဲနဲ့၊ စိတ်ထဲမှာလဲ ဘာကို အလိုမကျ ဖြစ်နေမှန်းမသိ… ဘယ်လို အမျိုး အမည်ရယ်လို့ တိတိကျကျ ထုတ်ဖေါ်ပြီး ပြောမပြတတ်ပေမယ့် တခုခုကို အလိုမကျ ဖြစ်နေမိရင်း ဒီပိုစ့်လေးကို ရေးပါတယ်။



မှတ်ချက် ။ ။ ကိုယ်က ကိုယ်ခံစားရတာလေးနဲ့ ကိုယ်ဖြစ်စေချင်တာလေးကို တွဲပြီး ရေးပြထားတာပါ။ သဘောထားချင်း မတိုက်ဆိုင်ရင်လဲ အပြုသဘောဆောင်တဲ့ မှတ်ချက်လေးတွေ ပေးခဲ့စေချင်ပါတယ်။ ကြိုတင်ပြီး ကျေးဇူးတင်နေပါ့မယ်…။ ပြီးတော့ ကိုယ်ကြိုက်တဲ့ Kelly Clarkson ရဲ့ Show ကို ကြည့်ဖြစ်ဖို့အတွက် Sponsor လုပ်ပေးခဲ့တဲ့ ချစ်သူငယ်ချင်း ချောချော ကို ကျေးဇူး အများကြီးတင်ပါတယ်။