Wednesday, December 26, 2012

အကူး အပြောင်း

ပြီးခဲ့တဲ့ ရက်အနည်းငယ်က မှတ်မှတ်ရရ ဖတ်လိုက်ရတဲ့ သတင်းကတော့ အမေရိကန်နိုင်ငံရဲ့ အပတ်စဉ်ထုတ် Newsweek ဆိုတဲ့ ထိပ်တန်း မဂ္ဂဇင်း အကြောင်းပါ။ အဲဒီမဂ္ဂဇင်းဟာ သက်တမ်းအားဖြင့် ၁၉၃၃ ကနေ ၂၀၁၂ အထိ… နှစ်ပေါင်း ရှစ်ဆယ် ရှိခဲ့ပါပြီ။ တိတိကျကျ ပြောရရင် ပထမဆုံး Newsweek စာစောင်ကို ၁၉၃၃ ခု ဖေဖေါ်ဝါရီလ ၁၇ ရက် မှာ ထုတ်ဝေခဲ့ပါတယ်။ အဲဒီ Newsweek မဂ္ဂဇင်းဟာ အခု ၂၀၁၂ ဒီဇင်ဘာလ ၃၁ ရက်နေ့မှာ ပုံနှိပ်ထုတ်ဝေမှုကို ရပ်တန့်လိုက်မှာဖြစ်ပြီး အွန်လိုင်း မဂ္ဂဇင်းတခု အနေနဲ့သာ ဆက်လက် ရပ်တည်တော့မှာ ဖြစ်တယ်လို့ သိရပါတယ်။

လွန်ခဲ့တဲ့ ၂၀၀၅ ခုနှစ်က စပြီး မဂ္ဂဇင်းစာအုပ်ရဲ့ ရောင်းအားဟာ ပုံမှန်ရောင်းအား စာအုပ်ရေ သုံးသန်းကနေ (ငါးဆယ်ရာခိုင်နှုန်း) တသန်းခွဲကို သိသိသာသာ ကျဆင်းလာတယ်… ကြော်ငြာစာမျက်နှာတွေဟာလည်း ၈၀ ရာခိုင်နှုန်းကျော်အထိ ကျဆင်းသွားပြီး နှစ်စဉ် အရှုံးနဲ့ ရင်ဆိုင်နေရတယ် လို့ သိရပါတယ်။ ဒါတွေအပြင် ပုံနှိပ် ထုတ်ဝေရာမှာ ကုန်ကျစရိတ်၊ ဖြန့်ဝေတဲ့ အခါ ကုန်ကျရတဲ့ စရိတ်တွေကလည်း တဖြည်းဖြည်းနဲ့ ကြီးမြင့်လာတာကြောင့် အခုလို ဆုံးဖြတ်ရခြင်းဖြစ်တယ်လို့ တာဝန်ရှိသူများက ဆိုပါတယ်။

သို့သော် အခုလို ပုံနှိပ်ကနေ အွန်လိုင်းကို အပြောင်းအလဲမှာ ပုံနှိပ်ခ၊ ပို့ဆောင်ခ၊ ဖြန့်ဖြူးခ အစရှိတဲ့ စရိတ်တွေက သက်သာသွားမှာ ဖြစ်သလို တဖက်က ကြော်ငြာစာမျက်နှာတွေဆီက ရနေတဲ့ ပုံမှန်ဝင်ငွေတွေကတော့ လျော့နည်းသွားမှာ ဖြစ်ပါတယ်။

ဒါကတော့ ၁၉၃၃ ဖေဖေါ်ဝါရီလ ၁၇ ရက်မှာ ပထမဆုံး ထုတ်ဝေတဲ့ စာစောင်နဲ့ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့ နေ့စွဲနဲ့ ထုတ်ဝေလိုက်တဲ့ နောက်ဆုံး ပုံနှိပ် စာစောင်ဖြစ်ပါတယ်။ နောက်ဆုံးစာစောင်မှာ Manhattan Headquarters ပုံကို အဖြူ အမည်း နှစ်ရောင်နဲ့ မျက်နှာဖုံး ပြုလုပ်ထားပြီး #LAST PRINT ISSUE ဆိုတဲ့ စာလုံးမှာ PRINT ဆိုတဲ့ စာလုံးကို အနီရောင်နဲ့ ရေးထားတာ တွေ့ရမှာပါ။



ဒီလို ပုံနှိပ်မဂ္ဂဇင်းကနေ အွန်လိုင်းကို ပြောင်းလဲထုတ်ဝေလိုက်တဲ့ အဖြစ်ကို Newsweek မဂ္ဂဇင်းရဲ့ အယ်ဒီတာဟောင်း ဖြစ်သူ Mr. Brown က နောက်ဆုံးထုတ် စာအုပ် မျက်နှာဖုံးနဲ့အတူ Bitter Sweet, Wish us Luck လို့ သူ့ရဲ့ တွစ်တာ အကောင့်မှာ ရေးသားခဲ့ပါတယ်…။

ပုံနှိပ်တွေ တိမ်ကောလာပြီး အွန်လိုင်း ဒစ်ဂျစ်တယ်လ် စာပေတွေ ပိုထွန်းကားလာတာဟာ ကောင်းတယ် ဆိုးတယ် ပြောဖို့ တကယ်ကိုပဲ ခက်လှပါတယ်။ အဲဒီအကြောင်းနဲ့ ဆက်စပ်လို့ စကာင်္ပူမှာ နာမည်ကြီး စာအုပ်ဆိုင်တွေ တဆိုင်ပြီး တဆိုင် ပိတ်ကုန်ကြတဲ့ အကြောင်းကို စာအုပ်စာပေ လူ့မိတ်ဆွေ ဆိုပြီး ပိုစ့်တခု ရေးဖြစ်ခဲ့ပါသေးတယ်။

စာအုပ်ဆိုင်တွေ ပိတ်ရခြင်းရဲ့ အဓိကကျတဲ့ အချက်က စာအုပ်တွေ ရောင်းအားကျလာလို့ ဆိုတော့ ဘာဖြစ်လို့ အဲဒီလို ရောင်းအားကျရတာလဲ ဆိုတာ စဉ်းစားစရာပါ။ လူအများစုဟာ စာမဖတ်ကြတော့တာ မဖြစ်နိုင်ပဲ စာဖတ်သူတွေဟာ စာအုပ်တွေကို အပိုင်ဝယ်မဖတ်ကြတော့လို့ ဆိုတာက ပိုဖြစ်နိုင်ပါတယ်။ ပြောရရင် ဒီခေတ်မှာ စာအုပ်တွေရဲ့ ဈေးနှုန်းကလည်း သေးမှ မသေးတော့တာကိုး…။ နောက်တခုက ကွန်ပျူတာကတဆင့် ဖတ်လို့ရတဲ့ E Book ယဉ်ကျေးမှုတွေ ထွန်းကားလာပြီး သွားရင်းလာရင်း အလွယ်တကူ သယ်ယူပြီး နေရာမရွေး ကိုင်ဖတ်သွားလို့ရတဲ့… စာအုပ်ပေါင်း မြောက်များစွာ သိုမှီး သိမ်းဆည်းထားလို့ရတဲ့… iPad တို့ Kindle တို့လို ပစ္စည်းတွေကြောင့်လည်း ပုံနှိပ်စာအုပ်တွေရဲ့ ရောင်းအား ကျဆင်းလာတာ ဖြစ်နိုင်ပါသေးတယ်…။

ဘာပဲ ပြောပြော စာဖတ်လိုတဲ့သူတွေကတော့ ပုံနှိပ်ပဲ ဖြစ်ဖြစ် အွန်လိုင်းက ဒစ်ဂျစ်တယ်လ်တွေကိုပဲ ဖြစ်ဖြစ် အလျဉ်းသင့်သလို ဖတ်ရှုနေကြအုံးမှာလို့ ယုံကြည်ပါတယ်။ စိတ်ဝင်စားရင်တော့ Newsweek ရဲ့ နောက်ဆုံး ပုံနှိပ်မဂ္ဂဇင်းကို အမှတ်တရ ၀ယ်ပြီး သိမ်းထားဖို့ တိုက်တွန်းလိုပါတယ်…။ နောင် ဆယ်နှစ် (သို့မဟုတ်) အနှစ် နှစ်ဆယ်လောက် ကြာလာတဲ့ အခါမှာ ဒါတွေဟာ အလွန် ရှားပါးပြီး အဖိုးတန်တဲ့အရာတွေ ဖြစ်ချင် ဖြစ်နေမှာ…



ဒါကတော့ အိမ်မှာ သိမ်းထားဖို့ တနေ့က သွားဝယ်လာတဲ့ Last Print Issue ပါ…။ အမျိုးသားက သူ့စိတ်ကူးနဲ့ သူ ဘောင်သွင်းထားတာ ဖြစ်ပြီး ကျွန်မအတွက်ကတော့ အဆင်သင့်လေး ဓါတ်ပုံရိုက်ဖို့ ဖြစ်လာပါတယ်…း))



မှတ်ချက် - ၂၀၁၃ မတ်လ - Look Magazine တွင် ဖေါ်ပြပြီး ဖြစ်သည်။

Friday, December 14, 2012

ပုဒ်မ / မ ချ ဖြစ် တဲ့ / ညနေ // မှ // ပုဒ်မ / ချ ဖြစ် တဲ့ / ညနေ သို့

တကယ်တော့ အဲဒီ ညနေဟာ ပုဒ်မ // မ ချ ဖြစ် တဲ့ // ညနေ တခုသာ ဖြစ်တယ် //
စာတကြောင်းရဲ့ အဆုံးသတ်မှာ ပုဒ်မတခု ချပေးဖို့ သေသေချာချာ လို အပ် မှန်း သိပေမယ့် /
အဲဒီညနေက ရေးသမျှ စာကြောင်းတိုင်းမှာ / ပုဒ်မ မချဖြစ်ခဲ့ဘူး //
အမှန် တကယ် မေ့လျော့နေလို့ပဲ ဖြစ်စေ / တမင် မေ့ချင်ယောင် ဆောင်နေရင်းပဲဖြစ်စေ /
အဲဒီညနေမှာ ပုဒ်မ မချဖြစ်ခဲ့ဘူး //
မလိုအပ်လို့ပဲ ဖြစ်စေ / မှားယွင်းလိုလို့ပဲ ဖြစ်စေ / အဲဒီညနေမှာ ပုဒ်မ မချဖြစ်ခဲ့ဘူး //

တယောက်ရဲ့ အပြုံးကို တယောက်က တသက်စာ အမိအရ သိမ်းဆည်းထားဖို့ ကြိုးစားတဲ့ / အဲဒီညနေမှာ ပုဒ်မ မချဖြစ်ခဲ့ဘူး //
တိမ်တွေ ပျံလာတာကို မော့ကြည့်ပြီး သံစဉ် စာသား မရေရာတဲ့ သီချင်းတပုဒ်ကို ဆိုညည်းမိတဲ့ / အဲဒီညနေမှာ ပုဒ်မ မချဖြစ်ခဲ့ဘူး //
ဟိုး စင်္ကြ၀ဠာအဆုံးအထိ စိတ်ကူးအတွေးတွေ ဖြန့်ကျက်ရင်း ကာရန်မညီညာတဲ့ ကဗျာတပုဒ်ကို ရေးစပ်မိတဲ့ /
အဲဒီညနေမှာ ပုဒ်မ မချဖြစ်ခဲ့ဘူး //
တကယ်က အဲဒီညနေမှာ ပုဒ်မတွေဟာ အနီးအနားမှာပဲ ပျောက်ချင်းမလှ ပျောက်ဆုံးနေခဲ့တာ //
သတိရလို့ လိုက် ရှာ ကြည့် ပြန်တော့လည်း တွေ့ရသမျှ ပုဒ်မတွေဟာ ပုဒ်မ မပီသခဲ့ဘူး //

ကြည့်ပါအုံး - - -
သည်းကြီးမဲကြီး ရွာနေတဲ့ ဒီဇင်ဘာရဲ့ မိုးစက်တွေအောက်မှာ မိုးစိုရင်း တွန့်လိမ်နေတဲ့ ပုဒ်မတခု /
စီတန်း ချိတ်ဆွဲထားတဲ့ ခရစ်စမတ် ကြယ်မီးပုံး ရောင်စုံတွေအောက်မှာ ဆေးသားပျက် အရောင်မှိန်နေတဲ့ ပုဒ်မတခု /
စည်စည်ကားကား ပွဲတော်ကြားမှာ ပိတ်မိရင်း လမ်းပျောက်နေတဲ့ ပုဒ်မတခု /
ဟိုး ရှေ့နားက သစ်တောအုပ် စိမ်းစိမ်းလေးထဲမှာ တိတ်တဆိတ် ငုံ့လျှိုး ပုန်းကွယ်နေတဲ့ ပုဒ်မတခု /
မီးမှိန်မှိန် အခန်းကျဉ်းလေးထဲမှာ အသက်ရှူ မ ၀ တ ၀နဲ့ အကျဉ်းကျနေတဲ့ ပုဒ်မတခု /
မနာလို ၀န်တိုသူတွေရဲ့ လက်ထဲမှာ မောက်မာ ၀ံ့ကြွားနေတဲ့ ပုဒ်မတခု /
ရထား သံလမ်းနဲ့ ရထားဘီးတို့ ပွတ်တိုက်သံတွေ ကြားမှာ ညပ် ပါ ကျိုး ပဲ့နေတဲ့ ပုဒ်မတခု /
ကမ်းစပ် တနေရာက မြက်ရိုင်းပင်ရှည်တွေကြားမှာ နွံ နစ် ညစ်ထေးနေတဲ့ ပုဒ်မ တခု /
ပစ္စည်း အဟောင်း - သတင်းစာ အဟောင်း - နာရီ အဟောင်း - ကာလ အဟောင်း - ဒေသ အဟောင်း - အဟောင်းတကာ့ အဟောင်း အနွမ်းတွေကြားမှာ / အင်္ဂါမစုံတော့တဲ့ ပုဒ်မတွေ / ပုဒ်မရယ်လို့ မပီပြင်တော့တဲ့ ပုဒ်မတွေ / ဟို တ ခု ဒီ တ ခု / နေ ရာ အ နှံ့ ပျံ့ ကျဲ လို့ //

နောက်ဆုံးမှာ မဖြစ်မနေ ပုဒ်မ ချရမယ့် ညနေ တခုကို ရောက်လာခဲ့တယ် //
ချစရာ ပုဒ်မ ရှာမတွေ့လို့ ကြံရာမရတဲ့အဆုံး ဆုံမှတ်မရှိ ဖြောင့်တန်း ယှဉ်ပြိုင်နေတဲ့ မျဉ်းပြိုင် လှလှ နှစ်ကြောင်းကို လိုက်ရှာခဲ့တယ် // ဘူတာရုံရှေ့မှာ တွေ့တယ် //
ရထားတွေ မလာသေးခင် အချိန်မှာ / သို့မဟုတ် / ရထားတွေ ခုတ်မောင်းသွားပြီးတဲ့ အချိန်မှာ / တိတ်တဆိတ် / သယ်ယူလာပြီး ပုဒ်မနေရာမှာ အစားထိုးလိုက်တယ် //

မကြာခင်အချိန် အတွင်းမှာပဲ / ညနေဟာ / မဆုံးနိုင်အောင် ရှည်လျားလှတဲ့ ပုဒ်မ အကြီးကြီးတချောင်းနဲ့ အတူ /
ပိတ် ဆည်း ဆွံ့ အ မှောင် မိုက် ရင်း / နိဂုံးချုပ် သွားတော့တယ် //
ဟုတ်တယ် / ဒီညနေဟာ ပုဒ်မ // ချ ဖြစ် တဲ့ // ညနေပဲ //