Tuesday, March 31, 2009

ဝါသနာ

သူငယ်ချင်း တန်ခူး (လေနုအေး) Tag ထားတဲ့ ဝါသနာလေးများ ကို ရေးဖို့ တော်တော် စဉ်းစားရပါတယ်။ စဉ်းစားနေရတယ်ဆိုလို့ ဘာမှ ဝါသနာမပါဘူးလား လို့ မေးစရာ အကြောင်း ရှိလာတာပေါ့နော်။ အင်း… ကိုယ်လဲ လူတွေထဲက သာမန်လူတစ်ယောက်ပဲ၊ ဝါသနာတွေကတော့ ရှိတာပေါ့လေ…။ သို့သော် ပထမဆုံး ကိုယ်စဉ်းစားမိတာကတော့ ဝါသနာ ဆိုတဲ့ စကားလုံးရဲ့ အနက် အဓိပ္ပါယ်ကိုပါ။

ဝါသနာ ဆိုတာ ဘာလဲ…
လွယ်လွယ်ကူကူပြောရရင် ဝါသနာ ဆိုတာ Hobby ပေါ့နော်…။ Hobby ဆိုတဲ့ စာလုံးကို Dictionary မှာရှာကြည့်လိုက်တော့ “an activity or interest pursued for pleasure or relaxation and not as a main occupation“ လို့ ရေးထားတာ တွေ့ရပါတယ်။ အဲဒါကို “ကိုယ့်ရဲ့ အဓိက အသက်မွေးဝမ်းကြောင်း မဟုတ်တဲ့၊ ကိုယ့်ရဲ့ စိတ်ကို အပန်းပြေစေတဲ့ စိတ်ဝင်စားမှုတခု” လို့ အကြမ်းဖျဉ်း ဘာသာပြန်ကြည့်ပါရစေ။

အခု လက်ရှိ ပတ်ဝန်းကျင်မှာ ရှိနေကြတဲ့ လူတွေ တော်တော်များများဟာ ကိုယ် ဝါသနာပါတာကို ကိုယ်လုပ်ချင်ကြပေမယ့် ကိစ္စများမြောင် လူတို့ဘောင် နဲ့ သမုဒ္ဒရာ ၀မ်းတထွာတွေ အတွက် လက်တွေ့ဘဝမှာ ကိုယ် တကယ် လုပ်ချင်တာတွေထက် လုပ်သင့် လုပ်ထိုက်တာတွေကိုသာ အလေးပေးနေရပြီး ကိုယ့်ဝါသနာကို သိပ်ရှေ့တန်းမတင်နိုင်ကြတာ တွေ့ရတယ်။ ဒါလဲ သဘာဝကျပါတယ်။ ကိုယ် ဝါသနာ ပါတာကိုသာ လုပ်ရရင် အောင်မြင်မှာ… အခုလုပ်နေတဲ့အလုပ်က ဝါသနာမပါလို့ မပျော်ဘူး… ဝါသနာက တခြား အခုလုပ်နေရတာက တခြား… စတဲ့ စကားတွေကိုလဲ လူတော်တော်များများဆီက ကြားကြားနေရတယ်…။ ဒါကတော့ ဝါသနာ ဆိုတဲ့ စကားလုံးရဲ့ တွင်ကျယ်ပုံ ပါ။

ဒီတော့ ဟုတ်ပါပြီ…
ကိုယ့်ရဲ့ ဝါသနာ အကြောင်းကို ပြန်ဆက်ရမယ် ဆိုရင် ကိုယ့်ရဲ့ အဓိက အသက်မွေးဝမ်းကြောင်း အလုပ် မဟုတ်တဲ့ ၊ ကိုယ့်ရဲ့ စိတ်ကို အပန်းပြေစေတဲ့ ကိုယ်နှစ်သက်တဲ့ ဝါသနာတွေဟာ ဘာတွေများပါလိမ့် လို့ သေသေချာချာ အချိန်ယူပြီး စဉ်းစားကြည့်မိပါတယ်။ ဒီအခါမှာ သိပ်များများစားစား မရှိလှတဲ့ ကိုယ့်ရဲ့ အားလပ်ချိန်တွေမှာ ကိုယ် ဘယ်အရာတွေကို တစိုက်မတ်မတ် လုပ်ဖြစ်ပါလိမ့် ဆိုတာကို အရင် စဉ်းစားဖို့ ဖြစ်လာပါတယ်။

* * * * * *

ငယ်ငယ်ကထဲက အားလပ်ချိန်တွေတိုင်းမှာ စွဲစွဲမြဲမြဲ လုပ်ဖြစ်တာကတော့ စာဖတ်တာ ပါပဲ။ ကျောင်းပိတ်လို့ အားသမျှ အချိန်တွေတိုင်းမှာ အိမ်က စာအုပ်စဉ်က ရှိရှိသမျှ စာအုပ်တွေကို ဖတ်တယ်။ မြန်မာ စွယ်စုံကျမ်းက စလို့ ဆရာကြီး ရွှေဥဒေါင်းရဲ့ ဘ၀တသက်တာ အတွေးအခေါ် မှတ်တမ်းလို စာအုပ်မျိုး၊ ဆရာ မြသန်းတင့်ရဲ့ လေရူးသုန်သုန်၊ ဆရာ မောင်ထင်ရဲ့ ငဘ၊ မကြည်အေးရဲ့ နာမည်ကျော် မြနန္ဒာ၊ တက္ကသိုလ် မြစိမ်း ရဲ့ တိုင်းမင်းကြီး သမီး၊ စမ်းစမ်းနွဲ့ (သာယာဝတီ) ရဲ့ ကိုကို ကံရာဇာ၊ ဂျာနယ်ကျော် မမလေးရဲ့ သူလိုလူ၊ သူမ၊ တွေးတစိမ့်စိမ့်၊ ဆရာ သိန်းဖေမြင့်ရဲ့ ဝတ္ထုတိုပေါင်းချုပ်တွေ… စုံလို့ စုံလို့ပါပဲလေ။

စာအုပ်စဉ်ပေါ်က ဖတ်လို့ရသမျှ မြန်မာစာအုပ်တွေအပြင် ဆရာမကြီး ဒေါ်ခင်မျိုးချစ်ရေးခဲ့တဲ့ Colorful Myanmar လို စာအုပ်တွေ၊ Thirty Burmese Tales လို ၊ New Method Reader လို၊ Burmese Folk Tales တို့လို အနည်းငယ် လွယ်ကူ ရိုးစင်းတဲ့ အင်္ဂလိပ်စာအုပ်တွေပါ ဖတ်ဖြစ်တယ်။ မသိတာတွေရှိရင်တော့ လူကြီးတွေကို မေးရင်မေး မဟုတ်ရင်တော့ Dictionary မှာရှာပေါ့။

ဆယ်တန်းအောင်ပြီးခါစ အချိန်တွေမှာတော့ ကိုယ်တိုင် စာအုပ်ဆိုင်ကိုသွားပြီးတော့ စာအုပ်ငှား ဖတ်တတ်လာပါတယ်။ မောင်စိန်ဝင်း (ပုတီးကုန်း)၊ နေနော်၊ ဂျူး၊ နွမ်ဂျာသိုင်း တို့ရဲ့ ကဗျာ၊ ဝတ္ထုတို၊ လုံးချင်းဝတ္ထုတွေက အစ လမင်းမိုမို၊ လွန်းထားထား တို့ အဆုံး… အားလုံးနီးနီး ဖတ်ဖြစ်တာပါပဲ။

အဲဒီအချိန်ကာလတွေမှာ စာတွေဖတ်တာနဲ့ တပြိုင်နက် ဝါသနာအလျှောက် စာတွေလဲ ဟိုတကြောင်း ဒီတကြောင်း စပြီး ရေးဖြစ်တယ်။ အားလပ်တဲ့ အချိန်၊ တစ်ယောက်တည်း အေးအေးချမ်းချမ်း တိတ်တိတ်ဆိတ်ဆိတ်နေရတဲ့ အချိန်မျိုးတွေမှာ စာတို စာစတွေ ရေးကြည့်တယ်။ ကဗျာတွေ ရေးကြည့်တယ်။ သို့သော် ပြင်ပလောကနဲ့ ဆက်သွယ်မှုနဲပါးပြီး ကိုယ့်ကိုကိုယ် ယုံကြည်စိတ်လဲ နဲပါးခဲ့တဲ့အတွက် ဘယ်ကိုမှ မပို့ဖြစ်ခဲ့ဘူး။ ဒီလိုနဲ့ ဖိုင်လ်ထဲမှာ စာရွက်ခေါက်တွေ တနေ့တခြား များများလာခဲ့တယ်။

ကြုံလို့ ရယ်စရာတခု ပြောပြအုံးမယ်။ စက်မှုတက္ကသိုလ်မှာ ကျောင်းမဂ္ဂဇင်းအတွက် အတန်းကြီးက ခင်နေတဲ့ အမတစ်ယောက်က တခုခုရေးပေးဖို့ ပြောလာတော့ ဝမ်းသာပြီး ရေးထားလက်စတွေထဲက ၀တ္ထုတိုလေး တစ်ပုဒ်ကို အချောသပ်၊ ရှက်ရှက်နဲ့ မျက်စေ့စုံမှိတ်ပြီး ပေးလိုက်ဖူးတယ်။ ကိုယ့်ရဲ့ မတောက်တခေါက် စာလေး ပေးလိုက်မိလို့လားမသိ စာအုပ်ထွက်ရမယ့် အချိန်မတိုင်ခင် နှစ်လလောက်အလိုမှာ အရေးအခင်းတွေဖြစ်ပြီး ကျောင်းတွေ ပိတ်သွားပါရောလား…။

အခု လက်ရှိအချိန်တွေမှာလဲ အားသမျှအချိန်၊ ရသမျှ အချိန်တွေတိုင်းမှာ စွဲစွဲမြဲမြဲ လုပ်ဖြစ်တဲ့ အလုပ်က စာဖတ်တာ နဲ့ စာရေးတာပါပဲ။ မြန်မာစာအုပ်တွေကတော့ အိမ်က ပို့သ၍၊ သူငယ်ချင်းတွေ ပို့သ၍ ဖတ်ရပါတယ်။ တခါတခါလဲ ဒီမှာရှိတဲ့ မြန်မာဆိုင်တွေက ကြိုက်တဲ့စာအုပ်တွေ့ရင် ဝယ်ဖတ်ဖြစ်တယ်။ ဒီမှာရှိနေတဲ့ သူငယ်ချင်း အချင်းချင်းလဲ ရှိသမျှ စာအုပ်တွေ လဲလှယ်ပြီး ဖတ်ကြတာပေါ့။ ဒါတွေအပြင် ဒီက လစဉ်ထုတ် မဂ္ဂဇင်း တချို့ကိုလဲ ဝယ် ဖတ်ဖြစ်ပါသေးတယ်။ အဲဒီ စာအုပ်တွေကတော့ သိတဲ့အတိုင်း စာဖတ်စရာက နဲနဲ၊ ဖက်ရှင်တွေ ကြော်ငြာတွေက များများပေါ့။ ဘာပဲဖြစ်ဖြစ် ဖတ်စရာတခုအနေနဲ့ ရော၊ ခေတ်မှီသတင်းတွေ၊ အတင်းတွေ သိရတာကြောင့်ရော ပုံမှန် ဝယ်ဖတ်ဖြစ်ပါတယ်။

ဒီထက်ပိုပြီး အချိန်ရရင်တော့ အင်တာနက်ကနေ ကိုယ်ဖတ်ချင်တဲ့စာအုပ် နာမည်လေးတွေရှာ၊ ပြီးရင် Library ကိုသွားပြီး ငှားဖတ်ဖြစ်တယ်။ အထူးသဖြင့်တော့ ရုပ်ရှင်ပြန်ရိုက်ထားတဲ့ Just Like Heaven လို ၀တ္ထုမျိုး၊ Message in the Bottle လို၊ Nights in Rodanth လို ၀တ္ထုမျိုးတွေပါ။ အဲဒါတွေကို ဖတ်ပြီး သူတို့ပြောတဲ့ စကားလုံးလေးတွေ၊ စာစုလေးတွေ၊ အသုံးအနှုန်းလေးတွေ ကို မှတ်ထားရင် အင်္ဂလိပ်စာ ရေးရတာ ပိုပြီး ချောမွေ့ ပြေပြစ်လာသလို ခံစားရပါတယ်။

ဒီလိုနဲ့ မြန်မာဘလော့ဂ်တွေ စပေါ်လာတော့ စာတွေဖတ်စရာ ပိုတိုးလာတာ ဝမ်းသာတာပေါ့။ စာဖတ်တာ ဝါသနာပါတဲ့သူ တစ်ယောက်အဖို့တော့ အပျော်ဖတ်တွေ၊ သုတတွေ၊ ရသတွေရယ်လို့ စာတွေကို ခွဲခြားခွဲခြား မလုပ်ချင်ပါဘူး။ ဖတ်နိုင်သမျှ အကုန်ဖတ်ပါတယ်။ မနှစ်သက်တာတွေ တွေ့ရင် နောက်ကို သွားမဖတ်တော့ဘူးပေါ့၊ သူများတွေလိုတော့ မဝေဖန်တတ်ပါဘူး။ (ကြောက်… ကြောက်…)
ဒီလိုနဲ့ သူများ ဘလော့ဂ်တွေလည်ပြီး ဖတ်ရင်း ကိုယ်တိုင်လဲ ဘလော့ဂ်လေးတခု လုပ်ခဲ့ပါတယ်။
အဓိက ကတော့ ဝါသနာအလျှောက် ရေးခဲ့တဲ့၊ ရေးချင်တဲ့ ၊ နောင်လဲ အချိန်ရသ၍ ရေးဖြစ်နေအုံးမယ့် ကိုယ့်ရဲ့ စာလေးတွေကို အမှတ်တရအနေနဲ့ စုစုစည်းစည်း သိမ်းထားချင်တာကြောင့်ပါ။ Professional ကြီး ဖြစ်ဖို့ နဲနဲမှ မရည်ရွယ်ပါဘူး။ ဝါသနာ အလျှောက် လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး ပါပဲ။ ဒီဘလော့ဂ်လေးကြောင့် ကိုယ့်ဘ၀မှာ ကိုယ်ဝါသနာပါရာကို လုပ်ခွင့်ရတဲ့အပြင် ကိုယ်နဲ့ ဝါသနာတူ မိတ်ဆွေ သူငယ်ချင်းတွေလဲ အများကြီး တိုးပွားလာခဲ့ရတာမို့ အလွန်ပဲ ကျေနပ် ပျော်ရွှင်မိပါတယ်။

* * * * *

ဝါသနာ ဆိုတာ ငါတော့ဖြင့် ဘာကို ဝါသနာပါတယ်… ညာကို ဝါသနာပါတယ်… လို့ လေနဲ့ ပြောနေရုံ တခုထဲနဲ့မပြီး၊ တကယ်သာ ဝါသနာရှိလာရင် အနည်းနဲ့ အများ ကိုယ့်ရဲ့ ဝါသနာလေးကို အကောင်အထည် ဖေါ်ခွင့်ရအောင် ကြိုးစား အားထုတ်မှသာ ဝါသနာ ဆိုတဲ့စကားရဲ့ အဓိပ္ပါယ် ပေါ်လွင်နိုင်မယ်လို့ ယူဆမိပါတယ်။ (လွတ်လပ်စွာ သဘောထား ကွဲလွဲနိုင်ပါတယ်။)

ကဲ… တန်ခူးရေ….
များများစားစားမရှိလှတဲ့ ကိုယ့်ရဲ့ ဝါသနာအကြောင်းကို ရေးတတ်သလို ရေးလိုက်ပါပြီ။
ကျေနပ်တယ်နော်…။ အမှတ်တရ Tag ထားတာလဲ ကျေးဇူး အများကြီး တင်ပါတယ်။

Sunday, March 22, 2009

အဖြေ

ဥာဏ်စမ်းလေးကို လာဖြေသွားကြတဲ့သူများ အားလုံးကျေးဇူးပါ။
အဖြေကို စဉ်းစားရင်း မူးသွားသောသူများ၊ စိတ်ထဲကနေ တိတ်တိတ်လေး အဖြေစဉ်းစားထားသူများ၊ ဆံပင်ဖြူမှာစိုးလို့ ငြိမ်ငြိမ်လေးနေသူများ အားလုံးအတွက် အဖြေပေးလိုက်ပါပြီ။

ကိုဇနိရဲ့ အဖြေအတွက်လဲ ကျေးဇူးပါ...။
တော်တယ်နော်.. ဒါဆိုရင် မောင်လေး မှန်ပါတယ်ကွယ် ၁ မှတ်ပေါ့...။
(မဇနိကတော့ အမှတ်တွေ အများကြီး ပေးထားပြီးသား ဖြစ်မှာပါလေ)

မိတ်ဆွေကြီး Strike ကတော့ ၂ ကြိမ် တိတိ ကြိုးစားပမ်းစားဖြေဆိုသွားတဲ့ အတွက် မမတို့ ဘလော့ဂ်အသံကနေ ဂုဏ်ပြု မှတ်တမ်းတင်ထားပါတယ်လေ.. နော်။

ဟောဒီမှာ မနေ့က တင်ခဲ့တဲ့ ဥာဏ်စမ်းလေး နှစ်ပုဒ်ရဲ့ အဖြေတွေပါ။
ပထမ ပုစ္ဆာရဲ့ အဖြေက အဲဒီပုံထဲမှာ စုစုပေါင်း စတုရန်းအကွက် ၃၀ ပါဝင်ပါတယ်။
ရေတွက်ထားပုံကို ပုံ ၃ ပုံ ခွဲပြီး ပြထားပါတယ်။

ပုံ (၁)


ပုံ (၂)


ပုံ (၃)

* * * * *


ဒါကတော့ ဒုတိယ ဥာဏ်စမ်းလေးရဲ့ အဖြေပါ။
ဒီပုံလေးမှာက မျဉ်းဖြောင့် ၄ ကြောင်းကို တဆက်တည်းဆွဲပြီး အ၀ိုင်းလေး ၉ ၀ိုင်းကို ဖြတ်ပြထားတာပါ။
ဒီဥာဏ်စမ်းလေးရဲ့ အဓိက ပြောပြချင်တဲ့ အချက်ကတော့ အရာရာမှာ ကိုယ့်အနား၊ ကိုယ့်ပတ်ဝန်းကျင် ကွက်ကွက်လေးမှာပဲ ကျင်လည်မနေပဲ နဲနဲဝေးဝေးကို လှမ်းကြည့်နိုင်မှ အစစ အရာရာမှာ နှံ့စပ်နိုင်မယ်၊ တိုးတက်နိုင်မယ်လို့ ဆိုချင်တာပါ။ အမြင်ကျယ်ကြဖို့ လိုအပ်ကြောင်း ပြောချင်တယ်လို့ ယူဆမိပါတယ်။


မျဉ်းဖြောင့် တစ်ကြောင်းထဲနဲ့ အ၀ိုင်းလေး ၉ ခုကို ထိတွေ့ဖို့ အတွက် အဖြေကို အခု ဒီအောက်က ပုံထဲမှာ တွေ့နိုင်ပါတယ်။ လိုင်း ထူထူ တစ်ကြောင်းဆွဲပြီး အ၀ိုင်းလေး ၉ ခု ကို ထိထားတာ တွေ့နိုင်ပါတယ်။ အားလုံးကို Cover ဖြစ်ဖို့အတွက်ဆိုရင် ကိုယ့်ရဲ့ Knowledge ကလဲ တော်တော်ကို ထူထပ်သိပ်သည်းဖို့ လိုအပ်တယ်လို့ အဓိပ္ပါယ် ကောက်ယူနိုင်ပါတယ်။



ပျော်ရွှင် ချမ်းမြေ့ကြပါစေ။


Friday, March 20, 2009

လေးထောင့်များ နှင့် အ၀ိုင်းများ

ဒီနေ့ သောကြာနေ့...။
စိတ်ထဲမှာ ပိုစ့်တစ်ခုခုတော့ တင်ချင်နေတာ..
ရေးပြီးသားတွေကလဲ ဘာမှ စိတ်တိုင်းကျစရာ မရှိတာနဲ့ပဲ ဒီဥာဏ်စမ်းကလေး နှစ်ခုကို တင်လိုက်ပါတယ်...။
ဘာပဲဖြစ်ဖြစ် အပျင်းပြေလေးပေါ့...။ စိတ်ဝင်စားရင် ဖြေကြည့်ကြပါနော်။

ပထမ ဥာဏ်စမ်းလေးကတော့ အခုတွေ့နေရတဲ့ ပုံထဲက လေးထောင့် စတုရန်းလေးမှာ စုစုပေါင်း စတုရန်း ဘယ်နှစ်ခုပါ ပါသလဲ ဆိုတာ ရေတွက်ကြည့်ဖို့ပါ။

* * * * *


ဒုတိယ ဥာဏ်စမ်းလေးကတော့ အားလုံးတွေ့ကြတဲ့အတိုင်း ပုံထဲမှာ အ၀ိုင်းကလေး ၉ ခု ရှိနေပါတယ်...။



ပထမ မေးခွန်းက မျဉ်းဖြောင့် ၄ ကြောင်းကို အသုံးပြုပြီး အဲဒီ အ၀ိုင်းကလေး ၉ ခုကို ဖြတ်သွားအောင်၊ လက်ထဲမှာ ကိုင်ထားတဲ့ ဘောပင် (သို့) ခဲတံကိုလဲ စာရွက်ပေါ်က မကြွစေရပဲ တဆက်တည်း ဆွဲပြပါ။
ဒုတိယ မေးခွန်းကတော့ မျဉ်းဖြောင့် တစ်ကြောင်းထဲနဲ့ အဲဒီ အ၀ိုင်းကလေး ၉ ခုကို ဖြတ်သွားအောင် ဆွဲပြပါ။


တကယ်တော့ ဒီဥာဏ်စမ်းလေးတွေက ရိုးရိုးလေးတွေပါ။ ဒါပေမယ့် သူတို့ရဲ့ အဖြေတွေနောက်မှာ စိတ်ဝင်စားစရာ အတွေးပွားစရာလေးတွေ ရှိနေကြတယ်လေ။ သူငယ်ချင်းတွေထဲမှာ အဖြေကို သိပြီးသားသူတွေလဲ တော်တော်များများ ရှိနေနိုင်ပါတယ်...။
အဖြေကိုတော့ နောက်တနေ့မှာ တင်ပေးမယ်နော်..။

ပျော်ရွှင်ကြပါစေ။

Thursday, March 19, 2009

အာရုံ

စာမရေးနိုင်တဲ့ရက်တွေ တော်တော်တောင် များသွားတယ်…
အမှန်က ရေးလက်စတွေ၊ အဆုံးမသတ်ရသေးတာတွေ ရှိနေတယ်။

သို့သော် Mood က ဘယ်လိုမှ မ၀င်တော့ဘူး။ နောက်များမှပဲလို့…

* * * * *

အခုလောလောဆယ်မှာ လူတွေရဲ့ အမြင်အာရုံနဲ့ အကြားအာရုံမှာ ဘယ်အရာက လူကို ပိုပြီး လွှမ်းမိုးနိုင်သလဲ ဆိုတဲ့ အကြောင်းလေးကို ပြောပြချင်ပါတယ်။ တဆက်တည်းမှာ လူတယောက်ဟာ အာရုံ စူးစိုက်စွာဖြင့် နားထောင်သူ တစ်ယောက် (Attentive Listener) ဟုတ်မဟုတ် ကို ဘယ်လို စမ်းသပ်ကြည့်နိုင်တယ် ဆိုတာလေးပါ ပြောပြချင်ပါတယ်။ ပေါ့ပေါ့ပါးပါးနဲ့ ပျော်စရာလေးပါလေ...

သင်တန်းတခုမှာ ကြုံခဲ့ရတာပါ…။
သင်တန်းသားတွေကို ဆရာက မေးလာတယ်။ သင်ဟာ သူ့ရဲ့ သင်ကြားပို့ချချက်ကို ဘယ်ရာခိုင်နှုံး လောက်အထိ အာရုံ စူးစူးစိုက်စိုက်နဲ့ မှတ်သားနိုင်ပါသလဲ တဲ့။ အဲဒီအခါမှာ တချို့က ၂၀ ကနေ ၄၀ ရာခိုင်နှုံး လို့ ဖြေကြပြီး တချို့ကတော့ ၅၀ ရာခိုင်နှုံး နဲ့ အထက်လောက်အထိ မှတ်မိပါတယ် လို့ အဖြေပေးကြတယ်…။

ဒီအခါမှာ သင်တန်းဆရာက ပြုံးပြီး ပြန်ပြောပါတယ်။ ဒါဆို ဟုတ်ပြီ... သင်တို့အထဲက ဘယ်နှစ်ယောက်က တကယ့် Attentive Listener လဲ ဆိုတာ ကြည့်ကြရအောင်တဲ့...။ ဒီတော့ သူပြောတာကို သေသေချာချာ နားထောင်ပြီး သူလုပ်ပြသလို လိုက်လုပ်ကြပါ တဲ့…။ အားလုံးသော သင်တန်းသားများက အိုကေ ပေါ့..။

သူက စပြောပါတယ်…။
သင်တို့ရဲ့ ညာဖက်လက်ဖ၀ါးကို ဖြန့်ပြီး လက်ကို ထောင်လိုက်ပါ တဲ့..
သင်တန်းသားတိုင်း အားလုံး တသွေမတိမ်း လိုက်လုပ်ကြတာပေါ့။

ပြီးတော့ သူက ဆက်ပြောတယ်…
ဖြန့်ထားတဲ့ လက်ဖ၀ါးကို ခေါင်းပေါ်မှာ အုပ်လိုက်ပါ တဲ့…
အို.. ဘာရမလဲ ဒါလေးများ.. လွယ်လွယ်လေးပါ ဆိုပြီး အားလုံးလိုက်လုပ်ကြတာပေါ့…။

နောက်တခါ သူပြောတာကတော့ ခေါင်းပေါ်က လက်ကို လည်ဂုတ်ပေါ်ကို တင်လိုက်ပါ တဲ့…။ ဒါလဲ လွယ်တာပဲ မဟုတ်လား..။ အားလုံး သူ့ကို ကြည့်ရင်း တညီတညာထဲ လိုက် လုပ်ကြပြန်ရော…။

ဒီတခါကျတော့ သူက ဂုတ်ပေါ်က လက်ကိုပြန်ချပြီး လက်ချောင်း ငါးချောင်းအနက်က လက်မနဲ့ လက်ညှိုးကို ၀ိုင်းပြီး ကျန်တဲ့လက်ချောင်းလေးတွေကို ထောင်ထားလိုက်ပါတဲ့…။ (ငယ်ငယ်က ဖယောင်းတိုင်မီးရောင်ကို နောက်ခံထားပြီး ယုန်ကလေးက နားရွက်ထောင် လုပ်သလိုမျိုးပေါ့) ။ ဒီအဆင့်အထိ အားလုံး သူ့ကိုကြည့်ရင်း လွယ်လွယ်ကူကူပဲ လိုက်လုပ်ကြပါတယ်။

ပြီးတော့ သူက ဘာဆက်ပြောသလဲ ဆိုတော့ အဲဒီ ကွေးဝိုင်းထားတဲ့ လက်မနဲ့ လက်ညှိုးကို မေးစေ့မှာ ကယ်လိုက်ပါတဲ့။ သို့သော် ထူးခြားချက်က သူကိုယ်တိုင်က အဲဒီ ကွေးဝိုင်းထားတဲ့ လက်မနဲ့ လက်ညှိုးကို ပါးမှာ လာကပ်ပြနေတယ်…။ မြင်တာကို လိုက်လုပ်လက်စရှိနေကြတဲ့ သင်တန်းသားတွေလဲ သူ့ကိုကြည့်ရင်း အားလုံးပဲ ကိုယ့်ရဲ့ လက်မနဲ့ လက်ညှိုး အကွေးအ၀ိုင်းတွေကို ပါးမှာ ကိုယ်စီ ကပ်နေကြတယ်ပေါ့…။ မေးစေ့မှာ သွားကပ်ပါ ဆိုတဲ့စကားကို ကြားသော်ငြားလည်း သေသေချာချာ သတိမမူမိပဲ ဆရာ အရှေ့ကနေ လုပ်ပြသလိုပဲ လိုက်လုပ်မိကြတာလေ။

အဲဒီအချိန် စက္ကန့်ပိုင်းလေးမှာ သူက မျက်စေ့ရှင်စွာနဲ့ လူတွေကိုကြည့်ပြီး ရေတွက်ပါတယ်…။
သင်တန်းသား ၂၅ ယောက်မှာ ၂ ယောက်ပဲ လက်မနဲ့ လက်ညှိုးကို မေးစေ့မှာ မှန်မှန်ကန်ကန် ကပ်ထားတာ တွေ့ရပါတယ် တဲ့...။ ကိုယ်တို့အားလုံး တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း အူလှိုက် အသည်းလှိုက် ရယ်မောမိကြပါတယ်။

ကဲ… တွေ့ကြပြီလား…။
အာရုံ စူးစိုက်စွာဖြင့် နားထောင်သူ တစ်ယောက်(Attentive Listener) ဖြစ်ဖို့ ဘယ်လောက် ခက်ခဲတယ် ဆိုတာရယ်… ပြီးတော့ အမြင်အာရုံနဲ့ အကြားအာရုံမှာ အမြင်အာရုံဟာ လူကို ပိုပြီးလွှမ်းမိုးတယ် ဆိုတာရယ်… လွယ်လွယ်လေးနဲ့ သက်သေပြသွားတယ်လေ…။

ဒီစမ်းသပ်ချက်ကလေးဟာ တချိန်မှာ သင်ကိုယ်တိုင် သင်တန်းပို့ချသူတစ်ယောက် ဖြစ်နေခဲ့ရင် သင်တန်းထဲမှာ အိပ်ငိုက်ပြေ အငြီးပြေ ပျော်ပျော်ပါးပါး ရယ်မောစရာ၊ မျက်စေ့ကျယ်စရာ အသုံးဝင်တဲ့ စမ်းသပ်ချက်လေးတစ်ခု ဖြစ်လာနိုင်ပါတယ်…။

ပျော်ရွှင်ကြပါစေ။


Friday, March 13, 2009

အမှတ်တရ အူလည်လည်

သူငယ်ချင်း သိင်္ဂီက Tag လာပါတယ်။
အခုအချိန်မှာ အမှတ်တရ....အဲဒီတုန်းကတော့ အူလည်လည်... တဲ့…။
ကိုယ်ဆိုတဲ့ ကိုယ်ကလဲ အရာရာမှာ အူလည်လည်နဲ့ အစဉ်အမြဲ တလွဲတချော်တွေ လုပ်နေကျ၊ လုပ်သမျှ အလွဲတွေတိုင်းကိုလဲ ဘယ်သောအခါမှ သေသေချာချာ အမှတ်မထားတတ်တော့ နောက်တခါ လုပ်လဲ လွဲ… လွဲပြီးရင်းလဲ လွဲ…။ ဒီတော့ ကိုယ့်ဆီမှာ အူလည်လည် အလွဲတွေက မရေမတွက်နိုင်အောင် ရှိနေတာ။ သို့သော်လည်း အလွဲတွေကို ကိုယ်က သေသေချာချာ မှတ်မထားမိတာမို့ ရေးခါနီးမှာ သတိရစရာ အမှတ်ရစရာ အူလည်လည် ဖြစ်ရပ်တွေကို တော်တော် ခက်ခက်ခဲခဲ စဉ်းစားနေရပါတယ်…။ ဒါကြောင့် အချိန်တွေလဲ တော်တော်ကြာသွားတယ်။
ကဲ.. သိင်္ဂီရေ… အခုရေးလိုက်ပြီနော်…။ မှတ်မှတ်ရရ Tag ထားပေးတာလဲ ကျေးဇူးတင်ပါတယ်။

*****


ထိုနေ့က ကြာသာပတေးနေ့…
ကောင်းကင်ကြီးတစ်ခုလုံး မိုးသားတိမ်လိပ်များ ကင်းစင်ကာ ပြာလွင် လှပနေသော ကြာသာပတေးနေ့ ဖြစ်ပါသည်။ ရန်ကုန်ကို အလည်ရောက်နေသော စလုံးမှ မိန်းကလေး သူငယ်ချင်း တစ်ယောက်ကို စကော့ဈေး လိုက်ပို့မည်၊ ဈေးဝယ်ကြမည်၊ ပြီးရင် သူ့ကို ဦးကြွိမှာ ဆီချက်ကျွေးမည်၊ ဒီ့ထက်ပိုပြီး အချိန်ရရင်တော့ ရုပ်ရှင်လေး ဘာလေး ကြည့်ကြမည်ဟု ချိန်းဆို တိုင်ပင်ထားကြပါသည်။ ဂျိမ်းစ်ဘွန်းကား အသစ် ရုံတင်နေသည်ဟု သူက သတင်းပေးလာသောအခါ ရုပ်ရှင်ကြည့်ဖို့ အစီအစဉ်မှာ ပို၍ သေချာသလောက် ဖြစ်သွားပါသည်။

သို့သော် စကော့ဈေးကြီး၏ ဆွဲဆောင်မှုအောက်တွင် ရုန်းမထွက်နိုင်သော ကိုယ်တို့ နှစ်ယောက် ရုပ်ရှင်ချိန်မမှီတော့ပါ၊ ညပွဲကို ကြည့်နိုင်သော်လည်း သူက မိတ်ဆွေတချို့နှင့် ညနေစာ စားရန် ချိန်းထားတာက ရှိသေးသည်မို့ ကိုယ်စီ ကိုယ်ရှိန်သတ်ကာ မနက်ဖြန်ကျမှ တခေါက်ထပ်လာပြီး ကြည့်ကြမည်ဟု ဆုံးဖြတ်ကာ အိမ်ကို ပြန်လာခဲ့ကြပါသည်။

နောက်တစ်နေ့ သူ တည်းခိုသော မီကာဆားမှာ ၀င်ခေါ်ပြီး ရုပ်ရှင်ရုံကိုသာ တန်းတန်းမတ်မတ် သွားလိုက်ကြပါသည်။ ရုပ်ရှင်ရုံအောက်ရောက်၊ တန်းစီနေသော လူက သိပ်မများလှတာမို့ စကားလေး တပြောပြောနှင့် ထိုလူများ၏ နောက်တွင် ပျော်ပျော်ပါးပါး ၀င်ရောက် တန်းစီလိုက်ကြ၏။ သူကတော့ အတွေ့အကြုံသစ်မှာ တပြုံးပြုံးနဲ့ပေါ့…။ ကိုယ့် အလှည့်ရောက်တော့ ဒီစီက လက်မှတ် နှစ်စောင် ၀ယ်လိုက်ကြသည်။ (ဒီစီ လက်မှတ်တစောင် ဘယ်လောက်ပေးခဲ့ရသလဲ ကိုယ် မမှတ်မိတော့။)

ပြီးတော့ ရုံထဲမှာစားဖို့ နေကြာစေ့၊ အချဉ်ထုပ်၊ အာလူးကြော်၊ အအေး စသည့် အရာတွေ တပွေ့တပိုက် ၀ယ်ကာ ရုံထဲကို ၀င်လာခဲ့ကြသည်။ ရုပ်ရှင်ကြည့်နေတုန်း ရုံထဲမှာ မုန့်စားလို့ရတယ် ဆိုတာကို သူက မယုံမရဲနှင့် အံ့တွေသြလို့ မဆုံး။ ဟေ့…ဒါ စလုံး မဟုတ်ဖူး၊ မြန်မာပြည် လို့တောင် ကိုယ်က ခပ်ကြွားကြွားလေး ပြောလိုက်သေးသပေါ့။

အချိန်တန်တော့ မီးတွေမှိန်ကာ အလံတော်ကို အလေးပြုကြသည်။ သူလဲ ရောရော ယောင်ယောင်နှင့် အလေးပြုပါသည်။ ပြီးတော့ သင့်ကြောင့် မီးမလောင်ပါစေနဲ့ အစချီသော ကြော်ငြာတချို့ ပြအပြီးမှာ နောက်လာလတ္တံ့သော ရုပ်ရှင် အသစ်များကို ကြော်ငြာပြန်ပါသည်။ ရုံထဲ ကြည့်တော့လဲ လူက ခပ်ချောင်ချောင်… ဒီ ဂျိမ်းစ်ဘွန်းကားက ရုံတင်နေတာ ကြာနေပြီမို့ လူနဲသွားပြီဟု ကိုယ်က သူ့ကို လူတတ်ကြီးလုပ်ကာ ရှင်းလင်းပြနေမိသေး။ အချို့ မြန်မာကြော်ငြာများကိုလဲ ကိုယ်က သူ့ကို ရှင်းပြ၊ သူကလဲ တပြုံးပြုံးနဲ့ နားတွေထောင်… ဟုတ်လို့။

ရုပ်ရှင်များ ကြော်ငြာနေသည်မှာ တော်တော်ကြာပါသည်။ တတိယမြောက် ကြော်ငြာမှာ မြန်မာကား တစ်ကား ဖြစ်ပါသည်။ မင်းသား ရဲအောင်နှင့် မင်းသမီး စိုးမြတ်သူဇာတို့ပါဝင် သရုပ်ဆောင်ထားသော ရုပ်ရှင်ကား ဖြစ်ပါသည်။ (ရုပ်ရှင် နာမည်တော့ မမှတ်မိတော့ပါ) သူက မြန်မာမင်းသမီးများ လှပကြောင်း ချီးကျူးတော့ ကိုယ်က သဘောတွေကျနေတာပေါ့။

သို့သော် ရုပ်ရှင် နမူနာပြတာကလဲ ကြာလိုက်တာ ဟု သူက ပြောလာတာကို အော်.. ဂျိမ်းစ်ဘွန်းကားက နဲနဲတိုလို့ ရှေ့မှာ ကြော်ငြာတွေ များနေတာဖြစ်မှာပါ ဟု အလိုက်သင့်ပြန်ပြောရင်း စားလက်စ နေကြာစေ့ထုပ်ကို သူ့ကို လှမ်းပေးလိုက်ပါသည်။ ထိုမြန်မာကား ပြနေချိန် ၁၅ မိနစ်လောက်ကြာလာသောအခါ ကိုယ့်စိတ်ထဲမှာ တမျိုးတော့ ဖြစ်လာပါသည်။ ဒီလောက်တောင် အကြာကြီး ပြနေရအောင် ဂျိမ်းစ်ဘွန်းကားက ဖလင်တွေ ဘာတွေများ ပျောက်သွားလို့လား ဟု အူကြောင်ကြောင်လည်း တွေးနေမိသေး။ သို့သော် အဲဒီ မြန်မာကားမှာ မိနစ် ၂၀နှင့်လည်း မပြီး၊ နာရီဝက်နှင့်လဲ မပြီး ဖြစ်နေသောအခါ….

သူငယ်ချင်းကလဲ အငြိမ်မနေနိုင်တော့… တလှုပ်လှုပ်နဲ့ နောက်က ဆလိုက်ဒ်ထိုးသော နေရာကိုတောင် လှည့်ကြည့် လှည့်ကြည့်လုပ်နေပါသည်။ ပါးစပ်က ဖွင့်မပြောသော်လည်း သူနားမလည်သော ဘာသာစကားတွေကြားမှာ တော်တော် အဆင်မပြေဖြစ်နေကြောင်း သိသိသာသာ တွေ့နေရပါသည်။


ကိုယ် သိလိုက်ပါပြီ။ ဂျိမ်းစ်ဘွန်းကားက မနေ့က ကြာသာပတေးနေ့က နောက်ဆုံးဖြစ်ရမည်။ ဒီနေ့ သောကြာနေ့မှာ မြန်မာကား အသစ်တကား ရုံတင်တာ ဖြစ်ရမည်။ ကိုယ်က ရုပ်ရှင်ရုံရှေ့က ကြော်ငြာဆိုင်းဘုတ်ကြီးကို တချက်ကလေးမှ မော့မကြည့်မိပဲ ခပ်တည်တည်နှင့် ဒီရုံမှာ ပြနေတာကတော့ ဂျိမ်းစ်ဘွန်းကားပဲဟု သေသေချာချာကြီး တွက်ကာ ရုံထဲကို ၀င်လာခဲ့မိသည်ပဲ။

ကိုယ်လဲ သက်ပြင်းအကြီးကြီးကို ခိုးချကာ ပေါက်တဲ့နဖူး မထူးတော့ဟု သဘောပိုက်ကာ အတတ်နိုင်ဆုံးတော့ သူ့ကို ဘာသာပြန် ပြနေပါသေးသည်။ သို့သော်လည်း ကြာရှည်မှာ ကိုယ်လဲ ခြေကုန် လက်ပန်းကျလို့ လာပါသည်။ သူလဲ တော်တော် အူနေပေလိမ့်မည်။ တ၀က်တပျက်မှာ ထပြန်ဖို့ရာကလဲ ရုပ်ရှင်ရုံ၏ လုံခြုံရေး၊ ကြွရောက်လာကြသော ပွဲကြည့် ပရိသတ်များ၏ လုံခြုံရေးကို ရှေးရှု၍ ချမှတ်ထားသော စည်းကမ်းအရ ရုံထဲဝင်ပြီးလျှင် ရုပ်ရှင် မပြီးမခြင်း အပြင်ကို ပြန်ထွက်လို့မရ။

ထိုနေ့က ရှည်လျားထွေပြားလှသော မြန်မာရုပ်ရှင်ကားကြီး၏ ဒါဏ်ကို စလုံးကျွန်းသူ တစ်ယောက် လှလှပပကြီး ခံလိုက်ရသလို ကိုယ့်မှာလဲ အားတွေနာ၊ မျက်နှာတွေပူ၊ ဒီကြားထဲ မကောင်းတတ်လွန်းတော့ သူ နားမလည်တဲ့ ဘာသာစကားတွေကို ပါးစပ်က တတွတ်တွတ် ဘာသာပြန်ပေးရ၊ အချိန်ကုန်တော့ ခေါင်းတွေက တဒိန်းဒိန်း ထိုးကိုက်၊ အပြန်လမ်းမှာ သူ့ကို ဆောရီး အခါ တစ်သိန်းလောက် ပြောပြီး မီကားဆားမှာ မြန်မြန်ပြန်ချခဲ့ကာ အိမ်ရောက်တော့ ဆေးသောက်ပြီး ချက်ချင်း အိပ်ရာထဲ ထိုးအိပ် ခဲ့ရပါတော့သည်။

ယခုအချိန်အထိ ထိုသူငယ်ချင်းနှင့် ပြန်ဆုံတိုင်း အားနာ မျက်နှာပူနေသေးသော ကိုယ့်ကို သူက အနေမကျပ်စေရန် မြန်မာ ရုပ်ရှင်မင်းသမီးများ အလွန် ချောမောလှပကြောင်း၊ သူ့အနေဖြင့် ထိုရုပ်ရှင်ကို သေသေချာချာ နားမလည်သော်လည်း မင်းသမီးလေးက လှသဖြင့် အချိန်တွေ ကုန်လို့ ကုန်မှန်းတောင် မသိလိုက်အောင် Enjoy ဖြစ်ရပါကြောင်း အလိုက်တသိ ပြောနေဆဲပါ။

နေရာတကာမှာ သေသေချာချာ မစူးမစမ်း ပြီးစလွယ် လုပ်တတ်သော၊ အူလည်လည် လို့ပြောရမလား... မအူမလည်လို့ ပြောရမလား... ဘယ်လို အမည်တပ်ရမှန်းမသိသော ကိုယ့်အတွက်တော့ ထိုတနေ့သည် တကယ်ကို အမှတ်ရစရာ ဖြစ်ခဲ့ရပါသည်။


နမော်နမဲ့ (12 July 2008)


Monday, March 9, 2009

အသံ

အသံ တွေသည် အရပ်မျက်နှာမျိုးစုံ နေရာဒေသမျိုးစုံမှ ပုံစံအနေအထား အမျိုးမျိုးဖြင့် ကိုယ့်ဆီကို ရောက် ရောက် လာတတ်ကြသည်။ အမှန်အတိုင်းပြောရလျှင် စူးစူးရှရှအသံတွေ၊ ကျယ်လောင်သံတွေကို ကိုယ် အလွန် မုန်းသည်။ ကြောက်လဲ ကြောက်တတ်သည်။ ထိုသို့ပြောလိုက်လျှင် လူတော်တော်များများက ကိုယ့်ကို အဲဒါလဲ စိတ္တဇ တစ်မျိုးပဲ ဟု ဆိုချင်ကြမည်လော။ ဆိုချင်လဲ ဆိုကြပါစေတော့…။ ကိုယ်ကတော့ ထိုအသံများကို တစထက် တစ အမုန်းကြီး မုန်းတီးနေပါသည်။

အသံ ဆိုသည့်နေရာတွင် သဘာဝအလျှောက် ထွက်ပေါ်လာသော ကျေးငှက် သာရကာတို့၏ အသံများ၊ သီချင်းသံများ၊ တူရိယာဂီတ တီးမှုတ်သံများ နှင့် သာယာ နာပျော်ဖွယ်ရာ ကောင်းသော အသံများကို မဆိုလိုပါ။ လူတို့၏ တီထွင်ဖန်တီးမှုကြောင့် ပစ္စည်းအမျိုးမျိုးမှ အချိန်နှင့်အမျှ ထွက်ပေါ်လာတတ်သော စီစီညံညံ စူးစူးရှရှ အသံများကို ဆိုလိုပါသည်။ ထိုအခါ နေ့စဉ် နေ့တိုင်း ကိုယ် ကြားနေရသော အသံများစွာအနက်က ကိုယ် မုန်းတီးသော အသံတွေအကြောင်းကို ပြန်လည် စဉ်းစားကြည့်မိပါသည်။

*****



ပထမဆုံး အနေဖြင့် အလုပ်သွားရန် အိပ်ရာမှနှိုးတတ်သော တယ်လီဖုန်းမှ Alarm မြည်သံ။ ဒီအသံကို ကိုယ် မုန်းသည်။ မုန်းတာမှ တော်တော်ကို မုန်းသည်။ ထိုအသံကို ကြားပြီး နဲနဲမှ မခံမရပ်နိုင်ဖြစ်လာသည့် နေ့မျိုးမှာတော့ Alarm ကို စိတ်ဆိုးမာန်ဆိုးဖြင့် ပိတ်၍ ပြန်အိပ်လိုက်မိသည်။ သို့သော် ရလာဒ်ကတော့ ရုံးကို အချိန်မီ မရောက်ခြင်းပင်…။ တစ်ခါတစ်လေဆိုရင်တော့ ကိစ္စမရှိ၊ အကြိမ်ရေ များလာရင်တော့ မကောင်း။ ထို့ကြောင့် မုန်းပင် မုန်းသော်ငြားလည်း နေ့စဉ် မုန်း မုန်းနှင့် သည်းခံရသော အသံတစ်ခုပါပေ။

နောက်တစ်ခုက အလုပ်သွားရက်တိုင်း နံနက် ၇ နာရီခွဲခန့်မှာ ကြားရတတ်သော ကိုယ့်အခန်းနှင့် တစ်ခန်းကျော်မှ တရုပ်မတစ်ယောက်၏ ဒေါက်ဖိနပ်သံ တဂွတ်ဂွတ်…။ ထိုအသံကိုကြားလိုက်လျှင် နာရီကြည့်စရာမလို။ ၇ နာရီခွဲပြီဟု မှတ်ယူ၍ ရလောက်အောင်ပင် သူမက အချိန်မှန်လေသည်။ ကိုယ် ဒီအခန်းကို ပြောင်းလာခဲ့တာ နှစ် နှစ်ကျော်ရှိပြီမို့ ဒီအသံကို ကိုယ် နာခံနေခဲ့ရတာလဲ နှစ် နှစ်ကျော်ခဲ့ပြီ။ စဉ်းစားမိသည်။ ဒီတရုတ်မသည် သစ်သား ခုံဖိနပ်ကိုများ စီးနေလေရော့ သလား… သို့မဟုတ် ဒီဖိနပ်တစ်ရံထဲကို ၂ နှစ်ကျော် စီးနေခြင်းများလား… ဒီလိုတော့ဖြင့် မဖြစ်တန်ရာ…။ သို့သော် ဘာကြောင့်များ သူ့ဖိနပ်သံတွေသည် ဒီအသံဆိုး တစ်မျိုးတည်း ဖြစ်နေရပါသနည်း…။ အဖြေကား ရှာမရ… ထိုတဂွပ်ဂွပ် ဖိနပ်သံကို ကိုယ်မုန်းလှသည်။

နောက် ကိုယ်မုန်းသော အသံတစ်ခုက ရေခဲသတ္တာတံခါးကို စက္ကန့် ၃၀ ထက် ပိုကြာကြာ ဖွင့်ထားလျှင် စီစီညံညံ မြည်တတ်သော သတိပေး Alarm သံ။ ဘာလဲကွ.. ကိုယ့်အိမ်က ကိုယ်ဝယ်ထားတဲ့ ရေခဲသတ္တာတံခါးကိုတောင် ကိုယ့်စိတ်ကြိုက် ဖွင့်လို့ မရတော့ဘူးလား ဟု အချဉ်ပေါက်စွာ တွေးမိသည်။ ပြီးတော့ အဲဒီ ရေခဲသတ္တာတံခါးကို ဘယ်သူကရော အလုပ်မရှိ အလုပ်ရှာပြီး ဖွင့်နေမှာမို့လဲ…။ ရေသောက်ချင်တဲ့အခါ၊ စားစရာ တခုခုရှာဖွေတဲ့အခါ၊ စားလက်စ မုန့်ပဲ သွားရည်စာ၊ ဟင်း အစရှိသော အရာများကို သိမ်းဆည်းချင်သည့်အခါ… ဒီလိုအခါမျိုးတွင်မှပဲ ဒါကြီးကို ဖွင့်တော့မပေါ့…။ စဉ်းစားဘဲ ကြည့်ကြပါဦး။ ဖွင့်ပြီးတော့ရော ဘယ်သူက ဒီလို အချိန်အကြာကြီး ဇိမ်ဆွဲပြီး တံခါးမပိတ်ပဲ ထားမှာမို့လို့လဲ…။ ဒါနဲ့များ ဒင်းက အော်ကြယ် ဟစ်ကြယ်နဲ့ အော် အော်နေသေးတယ်လို့ မလိုတမာစွာ တွေးနေမိတာ အကြိမ်ပေါင်း မနဲတော့…။

နောက်ထပ် ကိုယ်မုန်းသော အသံတစ်ခု ရှိသေးသည်။ ထိုအသံထွက်ပေါ်ရာ နေရာကတော့ အ၀တ်လျှော်စက်မှ ဖြစ်သည်။ သူက သူ့အလုပ်သူ တိတ်တိတ် ဆိတ်ဆိတ် မလုပ်ပဲ ဘာကြောင့် အသံများ ထွက်ရသနည်း။ ရှင်းပြပါမည်။ ပထမဦးဆုံး လျှော်စရာ အ၀တ်တွေထည့်ပြီး ပါဝါ ခလုပ်ကို စ နှိပ်လိုက်တော့ ပါဝါရှိကြောင်းပြ၊ အလုပ် စပြီဟု သိသာစေရန် အသံထွက်လာသည်။ ထားတော့… ။ ထို့နောက် ဆပ်ပြာရည်ထည့်၊ ရေတွေက သူ့အလိုလိုကျလာ… အ၀တ် စလျှော်နေလေပြီ။ ထိုအချိန်မျိုးတွင် ကိုယ်က အ၀တ်လေး တစ်ထည်လောက် ထပ်ထည့်ချင်၍ အဖုံးကို ဖွင့်လိုက်မိသည် ဆိုကြပါစို့…။ ထိုအခါ မောင်မင်းကြီးသားက သူ့အလုပ်ကို နှောက်ယှက်ရကောင်းလားဟု တွေးလေသလားမသိ စူးစူးဝါးဝါး အော်မြည်ပေတော့သည်။ ထိုအခါ တံခါးကို ခပ်မြန်မြန်လေး ပြန်ပိတ်ရလေသည်။ ထိုမျှနှင့် ပြီးရောလား ဆိုတော့ မဟုတ်သေးပြန်။

အ၀တ်များကို လျှော်ဖွတ် ရေဆေး ရေညှစ်ပြုနေစဉ် နောက်ဆုံးတစ်ခေါက်မှာ စူးစူးဝါးဝါး တစ်ခါ အော်လေပြန်သည်။ ဘာကြောင့်ပါလဲ… သူအနေဖြင့် နောက်ဆုံးတစ်ခေါက် အ၀တ်များကို ရေဆေးချိန်တွင် အ၀တ်များ ပျော့ပြောင်း မွှေးကြိုင် မီးပူတိုက်ရ လွယ်ကူစေရန် ထည့်ရသော အ၀တ်ပျော့ဆေးရည် ထည့်ရန် အချက်ပေးခြင်းပင်။ ဘုရားရေ… ကိုယ်မလျှော်နိုင်လို့ ဒင်းကို လျှော်ခိုင်းမိပါတယ်… သူက ကိုယ့်ကိုယ်တောင် ပြန်ခိုင်းနေပါပေါ့လား…။ ကြောက်နေရ ပါလား… အသံတွေကလဲ အမျိုးမျိုးမြည်နေသေး…။ အဲ.. သူလျှော်လို့ပြီးသွားတဲ့အခါမှာလဲ တစ်ခါ စီစီညံညံ အော်ပြန်လေသည်။ ဒါကတော့ ငါ့တာဝန် ကျေပြီဟု ပြောနေခြင်းပင်။ ထို့ကြောင့် အ၀တ်လျှော်စက်ဖြင့် လျှော်တိုင်း မဖြစ်မနေ နာခံရသော ထိုအသံများကို ကိုယ် မုန်းတီးမိပါသည်။

ကိုယ် မုန်းတီးသော နောက်အသံတစ်ခုက မိုက်ကရိုဝေ့ဖ် မှလာသည်။ ညနေတိုင်း အလုပ်မှ ပြန်ရောက်ချိန် များတွင် ညနေစာကို အစအဆုံး ပြင်ဆင် ချက်ပြုတ်နိုင်စွမ်းမရှိသောကြောင့် ရုံးပိတ်ရက် နှစ်ရက်မှာ အသားဟင်း သုံးမျိုးလောက်ကို ချက်ထားမိသည်။ အလုပ်မှ ပြန်ရောက်သောအခါ အသင့်ရှိနေသော အသားဟင်း တစ်မျိုးမျိုးကို မိုက်ကရိုဝေ့ဖ်ဖြင့် နွှေး၊ အသီးအရွက် တစ်ခုခုကို ရှာဖွေ ကြော်လှော်ကာ အိမ်မှပို့ထားသော အခြောက် အခြမ်းလေးများနှင့် တွဲဖက်ပြီး ညနေစာကို စားရလေ့ရှိသည်။ ပြဿနာက ထိုမှ စလေသည်။

မိုက်ကရိုဝေ့ဖ်ထဲသို့ ဟင်းဗူးကို ထည့်၊ ခလုပ်များကို တောင်တောင် မြောက်မြောက်နှိပ်ပြီး ဟင်းနွှေးခြင်း အမှုကို ပြုသောအခါ နှိပ်ထားသော အချိန် တစ်ဝက်အရောက်တွင် တ တီတီဖြင့် အချက်ပြုလေ၏။ ဟင်းများ၏ အပေါ်တခြမ်းတော့ နွှေးပြီးလေပြီ၊ ကျန်ရှိနေသော အခြားတစ်ခြမ်းကို နွှေးလိုပါက တဖက်သို့ လှန်ပေးပါဟု ဆိုချင်ဟန်ရှိပါသည်။ စိတ်မရှည်လှသော ကိုယ့်အဖို့တော့ တဖက်က ပူတာတွေ တဖက်မှာ မပူတာတွေ ဂရုစိုက်မနေနိုင်ပြီ။ တ တီတီသံကို နားမခံနိုင်လွန်းသဖြင့် ဆက်နွှေးရန် Continue ဟူသော ခလုပ်ကိုသာ ခပ်မြန်မြန်နှိပ်လိုက်လေသည်။ ဒီလိုနှင့် ပြီးသွားပြီဟု ထင်ပါသလား…။ မပြီးသေးပါ။ သတ်မှတ်ထားသော နွှေးရန်အချိန် ပြည့်သွားသောအခါတွင်လဲ ထိုဟင်းဗူးကို အပြင်သို့ မထုပ်မချင်း တ တီတီနှင့် အဆက်မပြတ် မြည်နေလေတော့သည်။ ထိုအခါ လုပ်လက်စတွေကို အသာချကာ သူ့ဆီအမြန်ပြေးပြီး သူဖြစ်စေချင်သလို လုပ်ရပြန်သည်ပေါ့…။

နောက် ကိုယ် မုန်းသော အသံတစ်ခုအကြောင်းကိုလဲ ပြောပြချင်ပါသေးသည်။
အပေါ်မှာ ပြောခဲ့သည်။ ကိုယ်မုန်းသော အသံ ဆိုသည့်နေရာတွင် သဘာဝအလျှောက် ထွက်ပေါ်လာသော ကျေးငှက် သာရကာတို့၏ အသံများကို မဆိုလိုပါ ဟု။ သို့သော်… ချွင်းချက်အဖြစ် ကိုယ်ပြောပြချင်သော အသံတစ်ခုမှာ စင်္ကာပူသူ စင်္ကာပူသားတိုင်းလိုလို ကြားဖူးကြမည့် ကိုရွှေဥသြငှက်၏ ဥသြ.. ဥသြ…. ဟူသော မြည်သံပင်။

ဥသြသံမှာ သာယာနာပျော်ဖွယ် မရှိဘူးလား ဟု မေးစရာရှိပါသည်။ ရှိပါသည်… တကယ်လဲ သာယာပါသည်… သီချင်းများ စာပေများထဲတွင် တွန်သံချိုတဲ့ ရွှေဥသြငယ် ဟူ၍ပင် တင်စားကြရသည် မဟုတ်ပါလော…။ ဒါတွေအပြင် ငယ်ငယ်က သိဖူး ကြားဖူးခဲ့သော သီချင်း၊ ပုံပြင် စသည်များထဲတွင်လည်း ဥသြသံကြားလျှင် နွေရောက်ပြီကို သိနိုင်ကြောင်း၊ နွေကြို ရွှေဥသြငှက်… စသည်ဖြင့် ဥသြကို နွေနှင့် အတူတူတွဲကာ တစ်သားထဲ သိမြင် မှတ်သားထားခဲ့ဖူးသည်ပဲလေ…။

သို့သော်… သို့သော်…
စင်္ကာပူမှ ကိုဥသြတို့သည် ရာသီဥတု သာယာကြည်လင်နေချိန်မျိုးမှာသာမက လေကြီး မိုးကြီးတွေ သည်းသည်းထန်ထန် ရွာသွန်းနေချိန်မျိုးမှာပါ ဥသြ... ဥသြ…. ဥသြ…. ဟု နွေကြိုတေးမှန်းမသိ၊ မိုးကြိုတေးမှန်းမသိ၊ ဘာကြိုတေးမှန်းပင် မသိနိုင်သော တေးကို တလစပ် ဟစ်ကြွေးသီဆို လေသောအခါ ကိုယ့်မှာ ရယ်ရမလို၊ ငိုရမလို၊ ဘယ်လွမ်းလို့ လွမ်းရမှန်းမသိ၊ ဒေါသထွက်ကာ စိတ်တွေ အတော်ပင် တိုတောင်းရသဖြင့် ထိုအချိန်မဟုတ် အခါမဟုတ် မြည်ကြွေးတတ်သော ဥသြသံကိုလဲ ကိုယ် မုန်းလှပါသည်။

*****

အသံ တွေသည် အရပ်မျက်နှာမျိုးစုံ နေရာဒေသမျိုးစုံမှ ပုံစံအနေအထား အမျိုးမျိုးဖြင့် ကိုယ့်ဆီကို ရောက် ရောက် လာတတ်ကြသည်။ တစ်နေ့ တစ်နေ့ ကိုယ် နာခံနေရသော ကိုယ် မုန်းတီးသော အသံတွေကို ပြန်လည် ကြားယောင်ကြည့်နေမိပြီး ထိုအသံတွေမှ လွတ်မြောက်ရာ လွတ်မြောက်ကြောင်းကို ကိုယ် ဘယ်လိုရှာရပါ့ ဟု အပြင်းအထန် စဉ်းစားခန်းဝင် နေမိပါတော့သည်။



Thursday, March 5, 2009

စွမ်းစွမ်းရဲ့ကမ္ဘာ

အရင်ပိုစ့်မှာ စွမ်းစွမ်းအကြောင်းရေးလိုက်တာ လောလော လောလောနဲ့ သူ့ဓါတ်ပုံလေး တင်ဖို့ သတိကိုမရခဲ့ဘူး။ စွမ်းစွမ်းကို စိတ်ဝင်စားပြီး လာဖတ်၊ မှတ်ချက်ရေးသွားကြသူများကို ကျေးဇူးတင်ပါတယ်။ ရေးထားတဲ့မှတ်ချက်တွေထဲမှာ ညီမလေး နုစံ (Sakura-Myanmar) က နောက်တစ်ခါကျရင် စွမ်းစွမ်းပုံလေးပါ တွဲတင်ပေါ့လို့ ပြောလာတော့မှ အော်… ဟုတ်သားပဲ ဆိုပြီး စွမ်းစွမ်းပုံလေးတွေကို တင်ပေးလိုက်ပါတယ်။


ဒါကတော့ ကိုယ့်ရဲ့ မင်းသားလေး စွမ်းစွမ်းပါ။ ဘောလုံးကန်ချင်နေတဲ့ ပုံပေါ့။ အနောက်က ဆုတွေက ဘောလုံးကစားတာ တော်လို့ ရထားက တစ်ခု၊ ကြိုးခုန်တာတော်လို့ ရထားတာက တစ်ခု၊ အင်္ကျီဆိုင်က သူတို့ဆိုင်မှာ ၀ယ်တာ ၅၀၀ ဘိုးကျော်လို့ ပေးထားတာက တစ်ခု၊ နောက်ကျန်တဲ့ နှစ်ခုကလဲ ကစားလို့ ရထားတာတွေပါပဲ။

ပုံထဲမှာတွေ့ရတဲ့ အပြာရောင် အတန်းရှည်လေးက သန့်ရှင်းမှုကို ပြတာပါ။ အခုအတိုင်းဆို စွမ်းစွမ်းက နဲနဲညစ်ပတ်နေတဲ့ သဘောပေါ့။ အစိမ်းရောင် အတန်းရှည်လေးကတော့ ပျော်ရွှင်မှု ကိုပြတာပါ။ ဒီပုံအရဆိုရင် စွမ်းစွမ်းလေးက ပျော်နေတယ်ပေါ့။ ခုနကဆို ခုန်နေတာ။ ဒါပေမယ့် ဓါတ်ပုံထဲမှာ တော့ မတွေ့ရဘူးပေါ့။ အနီရောင် အတန်းရှည်လေးကတော့ စွမ်းစွမ်းရဲ့ ကျန်းမာရေး အခြေအနေကို ပြတာပါ။ ဒီအတိုင်းဆိုရင် သူ ကျန်းခန်သာလို့ မာနေပါ၏ ပေါ့လေ…။

ပြီးတော့ သူ့အိမ်ကလေးက တံခါးပေါက်နဲ့ ပြူတင်းပေါက်တွေက ဒီ.အိုင်.၀ိုင် ဆိုင်က ၀ယ်ပြီး တပ်ထားတာပါ။ ကြမ်းခင်းကလဲ သူ့နဂိုဟာက ပြောင် အရောင်ခပ်ရင့်ရင့်လေး… ဒီတော့ အိမ်ကလေး လင်းသွားအောင် အရောင်နုနုဝယ်ပြီး ခင်းထားပေးတာပေါ့။


ဒီပုံလေးကတော့ စွမ်းစွမ်းက သူငယ်ချင်း ကွီကွီရဲ့အိမ်ကို သွားလည်နေတာလေ…။ ဒီတစ်ခါတော့ ကြီကြီေလးက အက်ႌ ဘောင်းဘီ အသစ်တွေနဲ့.. လှလို့ ပလို့။ စွမ်းစွမ်းက ကွီကွီ့အိမ်ကိုရောက်တော့ ကွီကွီလေးက အိပ်နေတုန်းမို့ နှိုးရသေးတယ်လေ။


ဒီပုံလေးကတော့ သူတို့ရဲ့ လောကလေးထဲက ရယ်စရာ ဟာသတချို့ကို စွမ်းစွမ်းက ဖေါက်သည်ချလိုက်လို့ သူက မျက်စေ့လေးတွေ ပိတ်သွားအောင် တခွိခွိရယ်နေတဲ့ပုံပေါ့။ (ဒီပုံရအောင် မနဲရိုက်ထားရတာနော… ၀ါရင့်ဓါတ်ပုံဆရာတွေတောင် ဒီလိုရိုက်တတ်ဖို့ လွယ်မှတ်လို့…)


ဒီပုံလေးကတော့ သူတို့ရဲ့ ရပ်ကွက်လေးပေါ့။ စားစရာတွေ ရောင်းတဲ့ဆိုင်၊ အ၀တ်ဆိုင်၊ အသုံးအဆောင်တွေ ရောင်းတဲ့ဆိုင်၊ အလှပြင်ဆိုင်တွေလေ… တွေ့တယ်ဟုတ်…။


ဒီပုံလေးကတော့ စွမ်းစွမ်းသွားနေကျ အားကစား စင်တာပေါ့…။ သူငယ်ချင်းတွေနဲ့ အပြေးပြိုင်ကြရင်း ငှက်ပျောသီးအခွံ တက်နင်းမိပြီး ချော်လဲတာ အဲဒီမှာပေါ့…။

ဟဲ… စွမ်းစွမ်းအကြောင်း ပြောရရင်တော့ ပြောမကုန်ပါလေ။ အခုတော့ ဒီလောက်ပါပဲနော်။ နောက်ကြုံတဲ့အခါကျမှ စွမ်းစွမ်းအကြောင်းတွေကို Update လုပ်ပါအုံးမယ်…။

Tuesday, March 3, 2009

စွမ်းစွမ်း

ညတုန်းက ပစ်ထားတာ အတော်ကြာနေသော မျက်နှာစာအုပ်ကို ဖွင့်မိသည်။
သူငယ်ချင်းများ၏ ဓါတ်ပုံ အသစ်များကို ကြည့်သည်။ ပြောင်ချော်ချော် မှတ်ချက်များ ဟိုရေး ဒီရေး ရေးပြီးသည့်နောက် စွမ်းစွမ်း ဆီသို့ ခြေဦးလှည့်မိသည်။

အော်.. စွမ်းစွမ်း အကြောင်းကို မိတ်ဆက်ပေးဖို့ လိုနေသေးသည်ပဲ။
အဲဒီ မျက်နှာစာအုပ်မှာ Pet Society ဆိုတဲ့ အဖွဲ့လေးတစ်ခု ရှိသည်။ ထိုအဖွဲ့ကိုဝင်လိုက်လျှင် ကိုယ့်အတွက် အကောင်ကလေး တစ်ကောင် ခေါ်ယူ မွေးစားလို့ရသည်။ ကိုယ်ကြိုက်ရာ အသားအရောင်နှင့် ကိုယ်နှစ်သက်ရာ မျက်ခုံး မျက်လုံး မျက်နှာ အနေအထားတို့ကို ရွေးချယ်လို့ ရသည်။ ကိုယ်ကြိုက်ရာ နာမည်ပေးလို့ရသည်။ ထိုရပ်ကွက်လေးထဲမှာ သူနေစရာ အိမ်ကလေးတစ်လုံး အပိုင်စားရသည်။ ကိုယ့်သူငယ်ချင်းများ မွေးထားကြသော အကောင်လေးများ၏ အိမ်ကလေးများလည်း ထိုရပ်ကွက်လေးထဲမှာ မနီးမဝေး တည်ရှိကြသည်။ အားကစား စင်တာ၊ စားသောက်ဖွယ်ရာများ ရောင်းသော ဆိုင်၊ ကော်ဖီဆိုင်၊ အလှပြုပြင်ရေးဆိုင်၊ အထည်အ၀တ်များ ရောင်းသောဆိုင်၊ အိမ်သုံးပစ္စည်းများ ရောင်းသောဆိုင် နှင့် ပရိဘောဂများ ရောင်းသောဆိုင် အစရှိသည့် ဆိုင်များကလဲ အစီအရီ။ ငွေသွင်း ငွေထုပ် ငွေချေးမှုများ ပြုလုပ်နိုင်သော ဘဏ်ကလဲ အဆင်သင့်။ အစစ အဆင်ပြေလှသည်။

ဒီလိုနှင့် လွန်ခဲ့သော ရက်အနည်းငယ်က ထိုရပ်ကွက်ထဲမှာ အကောင်လေး တစ်ကောင်ကို စွမ်းစွမ်း ဟု နာမည်ပေးကာ မွေးစားခဲ့သည်။


*****

စွမ်းစွမ်း ဆီသို့ ရောက်လာခဲ့သည်။
အရင်ရက်တွေက စိတ်ရောလူရော မအားလပ်သဖြင့် သူ့ဆီမရောက်တာ ကြာနေပြီ။ ထို့ကြောင့် သူ ပျင်းနေကြောင်းကို မှုန်ကုပ်ကုပ် မျက်နှာပေးဖြင့် ကိုယ့်ကို အသိပေးသည်။ သူပျော်လာအောင် ဘောလုံးလေးယူကာ သူနှင့် ဘောလုံးပုတ်တမ်း ဆော့ပေးလိုက်သည်။ သူပျော်ပျော် ပါးပါးဖြစ်လာသောကြောင့် မျက်နှာမှာ အပြုံးရိပ် ထင်လာသည်။ ချစ်စရာ…။ ကစားလိုက်၍ မောသွားပြီ သူဗိုက်ဆာလောက်ပြီဟု ယူဆကာ အရင်တစ်ခေါက်က ၀ယ်ထားခဲ့သော စတော်ဘယ်ရီ နို့ဘူးကို ယူတိုက်မိသည်။ သို့သော် မောင်မင်းကြီးသားက မသောက်။ ခေါင်းကိုသာ တွင်တွင်ခါယမ်းလေသည်။ ဘုရားရေ… သူတို့ကမ္ဘာမှာရော သက်တမ်းကုန် နေ့ရက်များကို အလေးထားကြသည်လား…။ မတတ်နိုင်…။ ၀ယ်ပြီးသားရှိနေသည့် ပန်းသီးတစ်လုံးကို ကျွေးကြည့်မိသည်။ နဲနဲစားကာ ပြန်ချထားတာ တွေ့ရသည်။ ကြည့်ရတာ သိပ်ပျော်ရွှင်ဟန်မပြသဖြင့် ကိုယ် ခေါင်းနဲနဲ ခဲသွားသည်။ နဂိုထဲကမှ ခေါင်းက ကိုက်ချင်ချင်ရယ်…။

ခဏနေတော့ မောင်မင်းကြီးသားက ကြိုးခုန်သည့် ကြိုးရှိရာနေရာဆီသို့ မှုန်တေတေရုပ်ဖြင့် ခပ်သွက်သွက် လျှောက်သွားသည်။ အော်… သူ ကြိုးခုန်ချင်နေပါလားဟု အမြန် နားလည် သဘောပေါက်ပြီး သူ့လက်ထဲကို ကြိုးထည့်ပေးကာ ကြိုးခုန်စေရသည်။ ထိုအခါ စွမ်းစွမ်း၏ ပျော်ရွှင်မှု အတိုင်းအတာ ပြသည့် ဘားကလေးတွင် အမှတ်များ ပြည့်လာလေသည်။ သို့သော် စွမ်းစွမ်း၏ တကိုယ်ရေ သန့်ရှင်းမှု အတိုင်းအတာ ပြသည့် ဘားကလေးတွင်မူ အမှတ်နဲနေသည်။ ကစားခုန်စား လုပ်လိုက်သောကြောင့် ချွေးသံရွှဲကာ ညစ်ပတ်သွားဟန် တူပါသည်။ ထို့ကြောင့် ဆပ်ပြာခဲနှင့် ဘရပ်ရှ် ကိုယူကာ ဒင်းကလေးကို သန့်ရှင်းရေး လုပ်ပေးရပါသည်။ သူ့ကိုယ်ကို ဆပ်ပြာနှင့်တိုက် ဘရပ်ရှ်နှင့်တိုက်စဉ် ယားလို့လားမသိ သူ့ဆီမှ ခိုးခိုးခစ်ခစ် ရယ်သံလေးမှာ ချစ်စဖွယ်…။

သန့်ပြီးတောက်ပြောင်သွားသော စွမ်းစွမ်းကို အ၀တ်လဲပေးလိုက်သည်။ ပြီးရင် အိမ်လည်ထွက်ပေးရအုံးမည်။ သူငယ်ချင်းများ မွေးထားသော အကောင်လေးများ၏ အိမ်ကို လည်ပတ်ပြီး သူတို့တွေနှင့်အတူ တီဗွီကြည့်လို့ရသည်၊ ရယ်စရာတွေ ပြောလို့ရသည်၊ နွေးထွေးစွာ ဖက်လှဲတကင်း နှုတ်ဆက်လို့ရသည်၊ အမှတ်တရ စာရေးပေးခဲ့လို့ရသည်၊ ၀ါသနာပါက အတူတူ ကလို့လဲရသေးသည်…။ သူငယ်ချင်း တော်တော်များများက ကိုယ့်လိုပင် အကောင်လေးတွေ မွေးထားသဖြင့် လည်ပတ်စရာ နေရာ တော်တော်များများ ရှိနေသည်။ ထိုကဲ့သို့ အိမ်လည်ထွက်လိုက်လျှင် သူ့အတွက် ဆုငွေတွေ ရ ရလာတတ်သည်။ ထိုသို့ရလာသော ဆုငွေတွေနှင့် လိုအပ်သော ပစ္စည်းများ ၀ယ်လို့ရသည်။

ပထမ တစ်အိမ်က အကောင်လေး နာမည်မှာ ကြီကြီ ဟူ၏။ သို့သော သူ့ပိုင်ရှင်မှာ Pet Society မှ အဆောတလျှင် Log Out လုပ်ကာ ထွက်မိသည်လော၊ မေ့တတ်သူ တစ်ယောက်လော၊ ပိုက်ပိုက် အဆင်မပြေသေး၍လော မပြောတတ်၊ သူ့အကောင်ကလေးမှာ ဘာအ၀တ်မှ မရှိ…။ မှုန်တေတေ မျက်နှာပေးနှင့် မျက်ခုံးအတွန့်ချိုးထားသော ကြီကြီ ကိုၾကည့္ကာ ကိုယ် ဟက်ဟက်ပက်ပက် ရယ်မောမိသည်။

နောက်တစ်အိမ်က မယ်လိုဒီ အမည်ရှိသော ကောင်မလေး၊ သူ့ပိုင်ရှင်က သူ့ကို မွေးထားတာ တော်တော်ကြာပြီထင်သည်။ အမှတ်တွေ အများကြီး၊ အိမ်ကလဲ နှစ်ထပ်အိမ်ဖြစ်လို့နေပြီ။ အိမ်ထောင် ပရိဘောဂတွေကလဲ အဆင့်အတန်းမြင့်မြင့်နှင့် တော်တော်ပြည့်ပြည့်စုံစုံ။ သူဝတ်ထားသော အ၀တ်များမှာလဲ တန်ဖိုးကြီးသော အ၀တ်များ၊ အောင်မာ… ဒင်းကလေးက မိန်းကလေးပီပီ လက်ပတ်နာရီနှင့် လက်စွပ်တွေ လက်ကောက်တွေနှင့်ပါလား။

နောက်တစ်အိမ်ကတော့ ပိုတေး၏အိမ်၊ ပိုတေးကို သူ့သခင်က ပစ်ထားတာ ကြာပြီဟု ယူဆရသည်။ တကိုယ်ရေ သန့်ရှင်းမှု အတိုင်းအတာ ပြသည့် ဘားကလေးတွင် အမှတ် တော်တော်နဲနေသည်။ ကောင်ညစ်ပတ်ကလေးပေါ့။ ပြီးတော့ ပျော်ရွှင်မှု အတိုင်းအတာ ပြသည့် ဘားကလေးတွင်လဲ အမှတ်အသားမှာ တစ်ဝက်မျှပင်မရှိ…။ ထိုအိမ်က သူငယ်ချင်းအတွက် စာလေးတစ်စောင် ရေးထားခဲ့သည်။ ပိုတေးလေးကို ဂရုစိုက်လိုက်ပါဦးဟု…။

အိမ်လည်လို့ပြီးတော့ ကျန်းမာရေးအတွက် အားကစား စင်တာသို့ သွားပြီး အပေါင်းအသင်းများနှင့်အတူ အပြေးပြိုင်ပွဲဝင်ရသည်။ ပထမရလျှင် ဆုငွေတွေ ရသေးသည်။ ပြေးလမ်းပေါ်တွင် ငှက်ပျောခွံ တက်နင်းမိသဖြင့် ချော်လဲကာ ရှုံ့တွသွားသော စွမ်းစွမ်း၏ မျက်နှာလေးမှာ သနားစရာ ရယ်စရာ…။

အားကစား စင်တာမှအပြန် စားသောက်ဖွယ်ရာများ ရောင်းသော ဆိုင်ကို သွားကာ စွမ်းစွမ်းအတွက် စားစရာအချို့ ၀ယ်ခဲ့သည်။ ပီဇာကောင်တာရှေ့မှာ ခပ်တည်တည်နှင့် ရပ်နေသော စွမ်းစွမ်း… ပီဇာစားချင်ပုံရသောကြောင့် ပီဇာတစ်ချပ်လဲ ၀ယ်ခဲ့ရသည်။ ပြီးတော့ အထည်အ၀တ်များ ရောင်းသောဆိုင်ကို ၀င်ကာ အင်္ကျီ ဘောင်းဘီ တစ်စုံ ၀ယ်ခဲ့သည်။ ယောင်္ကျားလေးမို့လားတော့ မသိ၊ အ၀တ်အစားတော့ ဘာမှ သိပ်စုံစုံမက်မက်ရှိပုံ မပြ။ တော်သေးသည်…။ အော်… သူတို့ဆိုင်က အသစ်ရောက်သော အင်္ကျီ ဘောင်းဘီ ဖိနပ် များ၏ ဈေးကိုကြည့်ကာ ရင်တောင်နဲနဲတုန်သွားရသည်။ ပြန်မှ… ပြန်မှ… အိမ်ကို မြန်မြန်ပြန်မှ…။

အိမ်ရောက်ပြီး ခုနက သွားလည်ခဲ့သည့် သူငယ်ချင်းများအိမ်ကို ပြန်လည် မြင်ယောင်ကြည့်ကာ ဟာလာဟင်းလင်း စွမ်းစွမ်း အိမ်အတွက် ပရိဘောဂအချို့ ၀ယ်ရန် အကြံရလာသည်။ ဘတ်ဂျက်အခြေအနေကလဲ သိပ်မဆိုးလှ…။ ထို့ကြောင့် ခုနက ၀ယ်လာခဲ့သော အင်္ကျီ ဘောင်းဘီ အသစ်များကို လဲလှယ်ဝတ်ဆင်ကာ အပြင်သို့ တစ်ခေါက် ပြန်ထွက်လာခဲ့သည်။ ဒီ.အိုင်.၀ိုင် ဆိုင်ကိုအရောက်မှာ ဆိုဖာလေး တစ်လုံး၊ တီဗွီတင်စရာ စားပွဲလေးတစ်လုံး နှင့်အတူ ဧည့်ခန်း တခန်းစာ ကြမ်းခင်း ခင်းစရာ ကြွေပြား အဆင်လှလှလေးတွေ ဝယ်လာခဲ့သည်။ လိုချင်စရာတွေကတော့ တကယ်ကို အများကြီး… နံရံကပ် အလှဆင် မီးလုံးလေးတွေ၊ စာအုပ်စင် လှလှလေးတွေ၊ ဆိုဖာ လှလှလေးတွေ၊ ဇာနားတပ် အိပ်ရာခင်း လှလှလေးဖြင့် အလှဆင်ထားသော ကုတင်လေးတွေ၊ ပန်းရောင်စုံများ ပွင့်ဖူးနေသော ပန်းပင်လှလှလေးတွေ… အို.. လိုချင်စရာတွေ များလှချည့်…။

သို့သော် ဘတ်ဂျက်ကိုကြည့် လောဘကိုလျှော့ကာ အိမ်ကို ပြန်လာခဲ့သည်။ အိမ်ပြန်ရောက်တော့ ၀ယ်လာခဲ့သည့် ပစ္စည်းများဖြင့် အိမ်ကိုအလှဆင်ရင်း ကျေနပ် ပီတိတွေ ဖြာနေမိသည်။ ထို့နောက်မှာတော့ စွမ်းစွမ်းကို တကိုယ်ရေ သန့်ရှင်းမှုများ ပြုလုပ်၊ စားစရာကျွေးကာ သူတို့ရပ်ကွက်ထဲမှ ပြန်လာခဲ့ပါတော့သည်။

*****

လက်ရှိ အသက်ရှင် နေထိုင်နေရသော၊ လှုပ်ရှားကျင်လည်နေရသော နေ့စဉ်ဘ၀တွင် အလုပ်ချိန် ပြင်ပ၌ မိတ်ဆွေ အပေါင်းအသင်းများတို့နှင့် တွေ့ဆုံ ပျော်ရွှင်ချိန်များ တစထက်တစ နည်းပါးလာကြသည်မှာ ကိုယ်တစ်ယောက်တည်းတော့ မဟုတ်တန်ရာ…။ ပြီးတော့ တစ်နေ့တစ်နေ့ ရုံးအလုပ်၊ အိမ်အလုပ်၊ မိသားစု ဝေယျာဝစ္စ၊ ဆွေမျိုးမိတ်သင်္ဂဟ တို့၏ တာဝန် ၀တ္တရားများတွေ၊ တခါတခါမှာ မဖိတ်ခေါ်ပဲနှင့် သူ့အလိုလို ပေါ်ပေါက်လာတတ်သော ပူပင် သောကတွေ၊ နေထိုင်မကောင်းဖြစ်လို့ စိတ်ညစ်ညူးရသည့် အချိန်တွေ… ထိုကဲ့သို့သော စိတ်မောစရာ တွေကို တွေ့ကြုံနေရသည်မှာလဲ ကိုယ်တစ်ယောက်တည်းတော့ မဟုတ်တန်ရာ…။

ထိုအခါ ရသမျှ အချိန်ပိုလေးတွေ အတွင်းမှာ စိတ်အပန်းဖြေစရာလေးတွေ၊ စိတ်ဖိစီးမှုတွေမှ ပြေရာ ပြေကြောင်းတွေကို တတ်အားသ၍ ရှာဖွေလာတတ်ကြသည်။ အပြင်မှာ အလွယ်တကူ မတွေ့ဖြစ်ကြသော၊ အလှမ်းဝေးသဖြင့် ခဏခဏ မတွေ့နိုင်ကြသော အပေါင်းအသင်းများကို အင်တာနက် အွန်လိုင်းကမ္ဘာမှာ တွေ့ဆုံ နှုတ်ဆက်ကြရသည်။ မာကြောင်း သာကြောင်း၊ ကိုယ့်မိသားစု သူ့မိသားစုအကြောင်းတွေက အစ၊ ကိုယ်စီ အတွေ့အကြုံလေးတွေ၊ ခံစားချက်လေးတွေ၊ အဆင်ပြေမှု အဆင်မပြေမှုလေးတွေကို အွန်လိုင်းကမ္ဘာမှာ ပြောဆိုဖြစ်ကြသည်။

ထိုအဖြစ်တွေသည် ကောင်းသော အလားအလာ တစ်ခု ဟုတ်မဟုတ် ကိုယ်တိုင် ဝေဖန်ပိုင်းခြားကြည့်ဖို့ မစဉ်းစားနိုင်သေးခင်မှာ ထို အွန်လိုင်းကမ္ဘာမှာ ကိုယ်မြင်တွေ့ရသမျှ စိတ်အပန်းပြေစရာ၊ စိတ်နှလုံး ကြည်လင်စရာ ကလေးများကို အပေါင်းအသင်းများကို ဝေမျှချင်စိတ် ဖြစ်မိသည်။ ထို့ကြောင့် ဤပိုစ့်လေးကို ရေးမိပါသည်။