Sunday, October 27, 2013

မိခင်တစ်ယောက်၏ မေတ္တာ နှင့် မိန်းမသားတစ်ယောက်၏ တန်ဖိုး

သားသမီးလိုချင်ရခြင်းအတွက် ကျွန်မရဲ့အကြောင်းပြချက် (၁၀) ချက် ဆိုတဲ့ ခေါင်းစဉ်အောက်မှာ အမျိုးသမီးတွေဆီက သားသမီးလိုချင်ရခြင်း၊ မလိုချင်ရခြင်း အကြောင်းလေးတွေလည်း သိဖို့စိတ်ဝင်စားပါတယ် လို့ ရေးထားတဲ့ ပန်ပန် ပိုစ့်ကို ဖတ်ပြီးပြီးချင်းမှာတော့ ရုတ်တရက် စိတ်ထဲ ရေးချင်သွားတာတွေ အများကြီိးပါပဲ။ ဒါပေမဲ့ တကယ်တမ်း ချရေးခါနီးမှာ စဉ်းစားရင်း စဉ်းစားရင်း လက်တွေက အလိုလို နှေးသွားးတယ်။ ဘာကြောင့်လဲ ဆိုတော့ သားသမီးဆိုတာ ကိုယ်လိုချင်တိုင်း၊ ကိုယ် တောင့်တတိုင်း လွယ်လင့်တကူ ရလာတတ်တဲ့ အရာမျိုး မဟုတ်လို့ပါ…။

ကျွန်မ အိမ်ထောင်ကျပြီးတဲ့ အချိန်က စလို့ သားကို ကိုယ်ဝန်ဆောင်စဉ်အချိန်၊ သားကို မွေးဖွားပြီးချိန်… အဲဒီအချိန်တွေမှာ ကျွန်မကိုယ် ကျွန်မ ဘာကြောင့် သားသမီး လိုချင်သလဲ လို့ တစ်ခါမှ ပြန်မမေးကြည့်ခဲ့ဖူးပါဘူး။ ကျွန်မ စိတ်ထဲမှာ သားသမီးနဲ့ ပတ်သက်လို့ အကြီးအကျယ်တွေ ကြိုတင် ကြံစည်ထားတာမျိုး၊ ရည်ရွယ်ထားတာမျိုး၊ စိတ်ကူးယဉ်ထားတာမျိုးလည်း ပြန်တွေးကြည့်တော့ ဘာတစ်ခုမှ တွေးလို့မရခဲ့ဘူး။ ကျွန်မ အမျိုးသားကလည်း ပင်ကိုယ် သဘာဝအရ အေးချမ်းသူ၊ စိတ်ခံစားမှုမှန်သမျှကို သိသိသာသာ ထုတ်ဖေါ် မပြတတ်တဲ့သူတစ်ယောက် ဖြစ်နေလေတော့… ဒီတော့ ကျွန်မတို့မှာ သားသမီးလိုချင်ရခြင်းအတွက် အကြောင်းပြချက် တချက်တလေမှ မရှိခဲ့တာ သေချာပါတယ်။

သို့သော်…
သားကို ကိုယ်ဝန်ဆောင်နေစဉ်အချိန်မှာတော့ ကျွန်မစိတ်တွေဟာ အလိုလို ပျော်ရွှင် ကြည်လင်နေတတ်တာ သတိထားမိပါရဲ့…။ ဒါပေမဲ့လဲ သားကလေးနဲ့ ပတ်သက်လို့ ဘာတွေမှ အများကြီး မတွေးထားခဲ့ဘူး... သားလေးကို ပြုစုပျိုးထောင်ဖို့အတွက် ဘာစာအုပ်မှလဲ မဖတ်ခဲ့ဘူး။ တစ်ခုပဲ ကျွန်မ ဆုတောင်းပါတယ်။ ကျွန်မ မွေးလာမဲ့ သားကလေးဟာ ကျန်းမာပြီး ကိုယ်လက်အင်္ဂါ ပြည့်စုံ ဖွံ့ဖြိုးတဲ့ သားကလေး၊ ဥာဏ်ရည် ဥာဏ်သွေး ထက်မြက်မဲ့ သားကလေး… ရှင်းရှင်းပြောရင်တော့ စာသင်လို့ ရမယ့် သားကလေးတစ်ယောက်သာ ဖြစ်ပါစေလို့ ကျွန်မ အမြဲ ဆုတောင်းခဲ့ပါတယ်။

ဒီလိုနဲ့ သားလေးရလာတော့ မိခင်တစ်ယောက်အနေနဲ့ သူ့အတွက် ကိုယ်တတ်နိုင်သမျှထဲက အကောင်းဆုံးတွေကိုသာ ပေးချင်မိတယ်...။ မိဘ အဖြစ်ကို ပီပီပြင်ပြင် ရောက်စေဖို့ တွန်းအား (Drive) က အဲဒီက စလာတယ် လို့ ဆိုနိုင်ပါတယ်…။ သူ့အတွက် ကျွန်မ လိုချင်တာ တချို့ကို ကျေကျေနပ်နပ် စွန့်လွှတ်ခဲ့ရတယ်။ ကျွန်မရဲ့ ဆန္ဒတွေကို အရင်ကလို ရှေ့တန်းတင်လို့ မရတော့ဘူးလို့ အလိုလို သိလာရတယ်။ ကိုယ်ဖြစ်ချင်တာတွေထက် ဖြစ်သင့်တာတွေကို ဦးစားပေးရမယ်လို့ နားလည်လာခဲ့တယ်။ ဒါတွေဟာ ဘာမှ ကြိုတင် ကြံစည်စရာ မလို၊ မိခင်တစ်ယောက်ရဲ့ သားသမီးအပေါ် အလိုအလျောက် ဖြစ်ပေါ်လာတဲ့ စိတ်စေတနာတွေပါ…။

သားကလေးဟာ ကျွန်မတို့ အတွက် ပျော်ရွင်မှုတွေနဲ့အတူ ကြည်နူးချမ်းမြေ့မှုတွေကို တပွေ့တပိုက် ယူဆောင်လာသူကလေး ဖြစ်တယ်။ သားကလေးကြောင့် မိဘမေတ္တာ ဆိုတာကို ပိုနားလည်လာတယ်။ သားကလေးကြောင့် ကျွန်မတို့ မိသားစုကလေးတစ်ခု ဖြစ်လာတယ်။ တစ တစနဲ့ သားကလေးဟာ ကျွန်မရဲ့ ကမ္ဘာ ဖြစ်လာတဲ့အပြင် သားကလေးရဲ့ မေမေ ခေါ်သံဟာ ကြားဖူးသမျှထဲမှာ အချိုဆုံး တေးသွားတစ်ခုလည်း ဖြစ်လာခဲ့ပါတယ်။ အဲဒီနောက်မှာတော့ သားကလေးကြောင့် ကျွန်မ လောဘတွေ ကြီးတတ်လာတယ်…။ ကိုယ်က သူ့ကို အကောင်းဆုံးတွေသာ ပေးချင်မိတာကိုး…။ ဒီတော့ သားကလေးနဲ့အတူ ကျွန်မတို့ ဆက်လျှောက်ရမဲ့လမ်းကို သေသေချာချာ စဉ်းစားရတယ်။ အရင်ကလို ကိုယ်နေချင်သလို နေ၊ ကိုယ် လုပ်ချင်သလို လုပ်၊ ကိုယ်လျှောက်ချင်သလို လျှောက်နေလို့ မဖြစ်တော့ဘူး ဆိုတာ သိလာတယ်။ ကိုယ် သူ့ကို ပေးချင်တာတွေအတွက် အချိန်၊ ငွေကြေး၊ ကိုယ်ကျိုး၊ အတ္တ… အစရှိတာတွေကို အများကြီး ပေးဆပ်ခဲ့ရပါတယ်။ ဒါပေမဲ့လည်း အဲဒီလို ပေးဆပ်ခဲ့ရတာတွေ အပေါ်မှာ စိုးစဉ်းမှ ငြိုငြင်မှု မရှိခဲ့တာ သူ့အပေါ် ထားခဲ့တဲ့ ကျွန်မရဲ့ မေတ္တာတွေပါပဲ...။

သားလေးနဲ့ ပတ်သက်လို့ သားဆီက ကျွန်မ သင်ယူရတာလေးတွေလည်း ရှိခဲ့ပါတယ်။ အခုအချိန်အထိလည်း သင်ယူနေရဆဲပါ…။ အဓိက ကတော့ သားအပေါ် ကျွန်မ တစ်ဦးတည်း ပိုင်ဆိုင်လိုစိတ်နဲ့ အတ္တတွေကို လျှော့ချပြီး စိတ်ကို ထားတတ်ဖို့ပါ…။ တဖြည်းဖြည်းနဲ့ အရွယ်ရောက်လာတဲ့သားကို သူ တစ်ခုခု တောင်းဆိုလာတဲ့အခါတိုင်း ခွင့်ပြုလို့ ရသမျှကို စည်းကမ်းဘောင်ထဲကနေ ခွင့်ပြုရင်း နားလည် လိုက်လျောတတ်တဲ့ မိခင်တစ်ယောက်ဖြစ်အောင်၊ သူ့ကို လူကြီးလေးတယောက်လို သဘောထား ဆက်ဆံရင်း သူ့ဆန္ဒတွေကို ရဲရဲဝံ့ဝံ့ ထုတ်ဖေါ် ပြောပြတတ်စေဖို့၊ ကိုယ်ဖြစ်စေချင်တာ တစ်ခုထဲကို ရှေ့တန်းတင်ပြီး သူ့ကို တဖက်သတ် တားဆီး ပိတ်ပင်တာမျိုး မလုပ်မိဖို့ လည်း ကျွန်မ သတိထားရပါတယ်။ ဒါတွေကတော့ သားကို ပဲ့ပြင် ထိန်းကျောင်းရင်း ကျွန်မ ရလာတဲ့ သင်ခန်းစာတွေပါ။

သားကလေးနဲ့ ပတ်သက်လို့ ကျွန်မမှာ ရည်မှန်းချက်၊ မျှော်လင့်ချက်နဲ့ ရည်ရွယ်ချက်တွေ များများစားစား ပြောပြစရာ မရှိခဲ့ပါဘူး။ ရှိခဲ့တယ် ဆိုရင်လည်း ဒါဟာ သူ့ အကျိုးအတွက်ပဲ ဖြစ်ပါလိမ့်မယ်…။ ဥပမာ ပြောရရင် သူ အတန်းထဲမှာ စာတော်အောင်၊ အမှတ်များများရအောင် ကြိုးစားစေချင်တဲ့ စိတ်ဟာ သူ့အတွက်နဲ့ သူ့ ရှေ့ရေးအတွက်သာ ဖြစ်တယ်…။ မိခင်တယောက်ဖြစ်တဲ့ ကျွန်မကတော့ သူ့အောင်မြင်မှုတိုင်းမှာ ကိုယ်တိုင် စိုက်ပျိုးထားတဲ့ အပင်လေး တစ်ပင် အသီး အပွင့်တွေ ဝေလာတာကို ကြည့်ရင်း ကြည်နူး ဂုဏ်ယူနေချင်တဲ့ စိတ်တစ်ခုထဲသာ ရှိပါတယ်…။

တစ်ဦးတည်းသောသား ဖြစ်နေတာက တစ်ကြောင်း၊ မြန်မာပြည်မှာ မြန်မာအသိုင်းအဝိုင်းကြားမှာ၊ ဆွေမျိုး ညီအစ်ကို မောင်နှမတွေကြားမှာ ကြီးပြင်းရတဲ့ သားကလေး မဟုတ်တာက တစ်ကြောင်း တို့ကြောင့် မိဘအပေါ်မှာ ကြင်နာ နွေးထွေးမှု၊ နားလည် သိတတ်မှု နည်းပါးမှာတော့ ကျွန်မ နည်းနည်း စိုးရိမ်မိပါတယ်။ အတတ်နိုင်ဆုံးတော့ ကျွန်မ သွန်သင်ပါတယ်။ ကျွန်မကိုယ်တိုင်က မိဘကို စေတနာ မေတ္တာအပြည့်နဲ့ ဂရုစိုက်တတ်တဲ့ သမီးတစ်ယောက် ဖြစ်လေတော့ ကိုယ့်စေတနာအတွက် တူသော အကျိုး ပြန်ရလိမ့်မယ်လို့ ကျွန်မ အမြဲမျှော်လင့်မိပါတယ်။

နောက် နှစ်လ ဆိုရင် ကျွန်မသားကလေး အသက် ဆယ့်ခြောက်နှစ် ပြည့်တော့မှာ…။ ကျွန်မ ဆုတောင်းခဲ့သလိုပဲ သားကလေးဟာ စိတ်ပိုင်းဆိုင်ရာအရရော၊ ရုပ်ပိုင်းဆိုင်ရာအရပါ တိုးတက်ဖွံဖြိုးတဲ့ လူကလေးတစ်ယောက် ဖြစ်တယ်။ ဘာသာတရား အဆုံးအမကြောင့် ယဉ်ကျေး လိမ်မာတဲ့ကလေးတစ်ယောက် ဖြစ်တယ်။ ဒါ့အပြင် ပင်ကိုယ် အရည်အသွေးရော ဥာဏ်ရည်ပါ ထက်မြက်တဲ့ ကလေးတစ်ယောက်လည်း ဖြစ်နေပါသေးတယ်။ မိခင်တစ်ယောက်ဖြစ်တဲ့ ကျွန်မဟာ ဒါတွေအတွက် အချိန်တိုင်း ကျေနပ် ပီတိ ဖြစ်မိပါတယ်။ ရှေ့ခရီးကို ဆက်လျှောက်ဖို့ ခွန်အားတွေကိုလည်း ဒီ ကျေနပ်ပီတိတွေက အားဖြည့်ပေးပါတယ်။

အခု ကျွန်မ ပြောခဲ့တာတွေအားလုံက လက်ရှိ မိခင်တစ်ယောက် ဖြစ်နေတဲ့ ကျွန်မရဲ့ သားအပေါ် ထားတဲ့ မေတ္တာ၊ စေတနာ၊ ကျေနပ်ခြင်း ပီတိနဲ့ သင်ယူပြီး သင်ယူဆဲ သင်ခန်းစာတွေ အကြောင်းပါ။

ဆက်ပြီးတော့ မိန်းမတစ်ယောက်ရဲ့ တန်ဖိုးအကြောင်း နည်းနည်းလေး ပြောပြချင်ပါတယ်…။
မနေ့ကညက ဒီမှာ ရုံတင်နေတဲ့ Oshin ဇာတ်ကား သွားကြည့်ဖြစ်ပါတယ်။ Oshin ဆိုတာ ကျွန်မတို့ ငယ်ငယ်က မြန်မာ့အသံကနေ ပြတဲ့ ဇာတ်လမ်းတွဲပါ။ အပိုင်းပေါင်း နှစ်ရာကျော်၊ သုံးရာနီးပါး ရှိတဲ့ ဒီဇာတ်လမ်းကို ရုပ်ရှင်ဇာတ်ကားတစ်ခုအနေနဲ့ နှစ်နာရီစာ ဘယ်လိုများ ပြမှာပါလိမ့်လို့ စိတ်ဝင်တစားနဲ့ သွားကြည့်တာပါ။ ဒါပေမဲ့ သူတို့က မူလ လက်ဟောင်း Oshin တစ်ကားလုံးမဟုတ်ပဲ Oshin ရဲ့ ငယ်ဘဝ အပိုင်းလေးကိုပဲ ရိုက်ထားတာပါ။ ကြည့်လို့တော့ ကောင်းပါတယ်…။

အတိုချုံးပြောပြရရင်တော့ Oshin တို့ မိသားစုမှာ စားစရာ ဆန်မရှိလို့ အိုရှင် မြို့ကိုသွားပြီး အလုပ်လုပ်ရတယ်။ သူ အလုပ်လုပ်တဲ့အိမ်က ပိုက်ဆံ ငါးမူးပျောက်လို့ သူ့ကို သူခိုး စွတ်စွဲလို့ အဲဒီအိမ်ကနေ သူ ထွက်ပြေးလာခဲ့တယ်။ အိမ်ပြန်ရောက်တော့ သူ့မိသားစု အဆင်မပြေတာတွေကို ပြန်တွေ့ပြီး နောက်တခေါက် သူ မြို့ကိုသွားပြီး အလုပ်လုပ်ရတယ်။ အဲလို အလုပ်လုပ်နေရင်း ပွဲတော်ရက်တစ်ရက်မှာ မထင်မှတ်ပဲ သူ့အမေကို ယောက်ျားတစ်စုနဲ့အတူ ဂေရှားမယ် အဖြစ်နဲ့ တွေ့လိုက်ရတယ်။ ခွဲခွာနေရတဲ့ အမေကို တွေ့လို့မှ မပျော်နိုင်၊ အမှောင်ထဲမှာ ၀မ်းနည်းအားငယ်စွာ ငိုနေတဲ့ အိုရှင်ကို သူ့ အိမ်ရှင် အဖွားကြီးက မိန်းမသားတစ်ယောက်ရဲ့ သဘာဝကို ပြောပြတဲ့ အခန်းလေး ပါပါတယ်။

အဲဒီမှာ ပြောသွားတဲ့ စကားလေးတော့… “None of us women work for our own benefit. We work for our parents, husbands and children.” တဲ့…။

မိန်းမသားတစ်ယောက်ရဲ့ တန်ဖိုးကို ဖေါ်ပြတဲ့ ဒီစကားဟာ အင်မတန် မှန်ကန်ပြီး သဘောကျစရာကောင်းတယ်လို့ ကျွန်မ ထင်ပါတယ်။ မိန်းမတစ်ယောက်ဟာ ပထမအဆင့်အနေနဲ့ သူ့မိဘအတွက် ကျေးဇူးပြု ရှင်သန်ခွင့်ရတယ်။ အဲဒါကမှ တစ်ဆင့်တက်လို့ အိမ်ထောင်ကျခဲ့ရင် သူဟာ ခင်ပွန်းအတွက် ချစ်ခြင်းမေတ္တာတွေကို အခြေပြုပြီး ရှင်သန်ခဲ့တယ်။ ပြီးတော့ အဲဒီ အိမ်ထောင်ကနေ ထွန်းကားလာတဲ့ သားသမီးတွေအတွက် ဆက်လက် ရှင်သန်ကြပါတယ်…။ တကယ်လို့များ သူတို့ဘဝမှာ အကြောင်းအကျိုး မညီညွတ်လို့ သားသမီး မထွန်းကားခဲ့ကြသည့်တိုင်အောင် မိန်းမတစ်ယောက်ဟာ အနည်းဆုံးတော့ မိဘနှစ်ပါးနဲ့ ခင်ပွန်းအတွက် အကောင်းဆုံး အကျိုးပြု ရှင်သန်နေကြတဲ့သူတွေ မဟုတ်လား…။ ဒါကို ကြည့်ခြင်းအားဖြင့် မိန်းမတစ်ယောက်ဟာ အိမ်ထောင် ကျသည်ဖြစ်စေ၊ အိမ်ထောင် မကျသည်ဖြစ်စေ၊ သားသမီး ထွန်းကားသည် ဖြစ်စေ၊ မထွန်းကားသည်ဖြစ်စေ ကိုယ်နဲ့ အနီးဆုံး ပတ်ဝန်းကျင်အပေါ် အကောင်းဆုံး ပေးဆပ်နိုင်တဲ့သူတွေဆိုတာ သိပ်သေချာပါတယ်။ တွေးကြည့်လိုက်ရင် အင်မတန်မှ ကျေနပ်စရာကောင်းပါတယ်…။

ဒါကြောင့် ကျွန်မ ချစ်ခင်ရတဲ့ မိတ်ဆွေ သူငယ်ချင်းတွေ၊ အစ်မတွေ ညီမတွေ အားလုံး တန်ဖိုးရှိတဲ့ မိခင်ဘဝ (သို့မဟုတ်) တန်ဖိုးရှိတဲ့ မိန်းမသားဘဝကို ပိုင်ဆိုင်ခွင့်ရနိုင်သူများ ဖြစ်ကြပါစေ လို့ ဆန္ဒပြုပါတယ်…။




ဒီပိုစ့်ကို ရေးဖြစ်အောင် အစပျိုးပေးတဲ့ ညီမ ပန်ပန် ကို ကျေးဇူးတင်ပါတယ်။ မကြာခင် ပိုင်ဆိုင်လာရတော့မယ့် မိသားစုဘဝလေးမှာ အစစ အရာရာ အဆင်ပြေ ပြည့်စုံပါစေ၊ ကျန်းမာ ချမ်းသာစွာနဲ့ ပျော်ရွှင်ချမ်းမြေ့ပါစေ လို့လည်း ဆုတောင်းပေးတယ်နော်…။

Tuesday, October 22, 2013

စန်းစန်းတင့်

သူမကို လူအများက စန်းစန်းတင့် ဟု ခေါ်ကြသည်…။
အမှန်ဆိုလျှင် သူမကို မိဘများ မှည့်ခေါ်ထားသော နာမည်မှာ စန်း ဆိုသော ဝေါဟာရ နှင့် တင့် ဆိုသော စကားလုံး တစ်လုံးတစ်လေမျှ ပါဝင်ခြင်းမရှိပါ။ သို့သော် သူမအတွက် ဒီ စန်းစန်းတင့် ဆိုသော နာမည် တွင်နေသည်မှာ ကာလအားဖြင့် အတော်လေး ကြာမြင့်နေခဲ့ပြီ ဖြစ်သည်…။ သူမထက် အသက်ကြီးသူများနှင့် သက်တူ ရွယ်တူများ၊ လုပ်ဖေါ်ကိုင်ဖက်များက သူမကို စန်းစန်းတင့် သို့မဟုတ် စန်းစန်း ဟု ခေါ်ကြသည်။ သူမထက် ငယ်ရွယ်သူများက မမစန်း ဟူ၍ သော်လည်းကောင်း၊ မမတင့် ဟူ၍သော်လည်းကောင်း၊ တူ တူမ အရွယ် ကလေးငယ်များက အန်တီစန်း၊ အန်တီတင့်… အစရှိသည်ဖြင့် အလျဉ်းသင့်သလို ခေါ်ဝေါ်ကြသည်။ ထို့ကြောင့် မိဘ ပေးထားသော နာမည်ရင်းပျောက်ကာ စန်းစန်းတင့် ဟူသော နာမည်ကသာ သူမအတွက် နာမည်ရင်းသဖွယ် ဖြစ်နေရတော့သည်။

အစပိုင်းကတော့ သူမကို စန်းစန်းတင့်ဟု ကွယ်ရာမှာ ခေါ်ကြသည် ဟု သူမ ပြန်သိရသောအခါ အနည်းငယ် ကျွဲမြီးတိုမိသည်မှာ အမှန်။ သို့သော်လည်း နောက်ပိုင်းတွင် သူမ ကိုယ်တိုင်က ထိုအမည်နာမကို နှစ်သက် သဘောကျသလို ဖြစ်လာမိသောကြောင့် သူမရှေ့တွင် နောက်ပြောင်၍သော်လည်းကောင်း၊ အတည်အတံ့ ခေါ်ဝေါ် ပြောဆိုနေကြလျှင်သော်လည်းကောင်း ဘာမှ ထူးထူးခြားခြား မခံစားရတော့သလို၊ စိတ်လည်း မတိုမိတော့…။ စန်းစန်းတင့် အမည်တွင်ရခြင်းအပေါ်တွင် ကျေနပ်သလို ဂုဏ်ယူချင်သလိုပင် ဖြစ်နေသေးသည်။

ဤသို့ သူမ နာမည်ရင်း ပျောက်ကာ စန်းစန်းတင့် နာမည်တွင်နေရခြင်းအတွက် ခိုင်လုံသော အကြောင်းအရာ များစွာ ရှိလေသည်။ ထိုအကြောင်းအရာ များစွာအနက်မှ အဆိုးဆုံးမှာ အနံ့အသက်များကို စန်းစန်းတင့် လှစွာသော သူမ၏ နှာခေါင်း ပင်ဖြစ်တော့သည်။

သူမသည် သိတတ်သည့် အရွယ်မှ စတင်ကာ ယနေ့ အချိန်အထိ ထမင်း ဟင်းကို ဇွန်းဖြင့်သာ စားခဲ့သည်။ လက်ဖြင့် စားလျှင် လက်တွင် စွဲကပ်နေသော ဟင်းနံ့ ကျွေးနံ့များကို သူမ မခံနိုင်ချေ။ တစ်ခါတရံ မတတ်သာသောကြောင့် ထိရ ကိုင်ရလျှင်လည်း သူမ၏ လက်ကို အထပ်ထပ် ဆေးကြော၍ မပြီးနိုင်တော့။ အသုပ်နယ်ချိန်များ၊ ဟင်းကျွေး ဟင်းရံများကို မလွှဲမရှောင်သာ ထိရ ကိုင်ရပြီဆိုလျှင်ဖြင့် လက်အိတ်ကို အသုံးပြုကာ ကိုင်တွယ်သည်။ သူမ၏ လက်ကိုင်အိတ်ထဲတွင် တစ်ခါသုံး လက်အိတ်များကို ထည့်ပြီး သွားလေရာ ဆောင်ယူတတ်သေးသည်။ ထို့အပြင် ဆူးပုတ်ရွက်၊ ဒူးရင်းသီး၊ တညင်းသီး၊ မျှစ်ချဉ် အစရှိသော အနံ့အသက် ပြင်းသည့် အစားအစာမျိုးကို သူမ လုံးဝ စားလေ့မရှိသလို အိမ်တွင်လည်း ချက်လေ့မရှိ။ ချဉ်ပေါင်ရွက်နှင့် ရိုးရိုး မျှစ်ကို ကြော်မိ၊ ချက်မိလျှင်လည်း တစ်အိမ်လုံးအနှံ့ ပန်ကာများ ဖွင့်ခြင်း၊ ဖယောင်းတိုင်များ ထွန်းခြင်တို့ဖြင့် ပျာယာခတ်စမြဲ။ တခါတရံ အိမ်သားများက ကြက်သွန်နီ၊ ကြက်သွန်ဖြူ တို့ကို တို့စရာအနေနှင့် အစိမ်းအတိုင်း စားသုံးရန် ပြင်ဆင်လျှင်လည်း သူမ နည်းနည်းမှ မနှစ်မြို့ချေ။ အကြောင်းအမျိုးမျိုးရှာကာ ပိတ်ပင် တားဆီးတတ်စမြဲ…။

သူမ အလုပ်လုပ်သော ရုံးသည် ဆောက်လုပ်ရေးနှင့် ပတ်သက်သော ရုံးတစ်ရုံး ဖြစ်သည့်အားလျော်စွာ မကြာခဏဆိုသလို ပြင်ပ အလုပ်ခွင်မှ အလုပ်ကြမ်းသမားများ၊ ကားဒရိုင်ဘာများ အလုပ်ကိစ္စဖြင့် ရုံးပေါ်သို့ တက်လာတတ်သည်။ ထိုအချိန်မျိုးတွင် သူမ နေစရာ နေရာ မရှိတော့ချေ။ သူမသည် အနံ့များကို လွန်စွာ မနှစ်မြို့တတ်သူ တစ်ယောက် ဖြစ်လေရာ ထိုသူတို့ထံမှ ပြင်းထန်သော ချွေးနံ့များနှင့် ရောနှောနေသော ကိုယ်နံ့ကို သူမ ဘယ်လိုမျှ မခံနိုင်၊ သူတို့နှင့် ဝေးရာသို့ ရှောင်ပြေးရတတ်စမြဲ…။ ထိုသူများ ပြန်သွားပြီးသော်လည်း အခန်းထဲတွင် အနံ့အသက်များ ကျန်နေသေးသောအခါ ထိုနေ့အဖို့ သူမ ခေါင်းအုံ၊ ခေါင်းကိုက်၍ မဆုံးနိုင်တော့ချေ။ သူမ အဖြစ်ကို ကောင်းစွာ သိနေသော သူမ၏ အထက်လူကြီးကတော့ အဲလိုမှ အလုပ် တကယ် လုပ်တဲ့ အလုပ်သမားတွေလို့ သိရတာပေါ့၊ သူတို့ကိုယ်က မွှေးကြိုင်နေရင် ချွေးနံ့လေးမှ မရရင် ဒါ အလုပ်ကောင်းကောင်းမလုပ်တဲ့သူတွေလို့ သတ်မှတ်ရမှာ… ဟု ရယ်ရယ်မောမော ပြောသော်လည်း သူမ ခေါင်းကို တွင်တွင် ခါယမ်းမိသည်သာ။ ထိုအနံ့များနှင့်အတူ ဆေးလိပ်အနံ့ကိုလည်း သူမ ခါးသီးစွာ မုန်းတီးပြန်သည်။ ဆေးလိပ်မီးခိုးနံ့များ ရလျှင် သူမ အသက်ရှူ၍ မရတော့… လည်ချောင်းထဲမှ အလိုလိုနေရင်း ကြပ်လာကာ အသက်ရှူမ၀ဖြစ်ပြီး ချွေးစေးများ ထွက်လာတတ်သည်။

တစ်ခါတစ်ရံ နေ့လည် ထမင်းစားချိန်အပြီးမှာ အလုပ်ကိစ္စကြောင့် သူမ အနားလာ စကားပြောဆိုသူများထဲတွင် ပါးစပ်မှ ဟင်းနံ့များ (သို့) မကောင်းသော အနံ့အသက်ဆိုးများ ထွက်နေသူများ ပါလာပါက သူမ စိတ်ညစ်ညူးစွာ မျက်နှာပျက်တတ်သည်။ ထို့အပြင် ကိုယ်ကို နောက်ဆုတ်ကာ၊ မျက်နှာလွှဲဖယ်ကာ ထိုသူတို့နှင့် ဝေးအောင် မသိမသာရော သိသိသာသာပါ ပြုမူတတ်သေးသည်။ ထိုအပြုအမူသည် ယဉ်ကျေးဖွယ်ရာသူ တစ်ယောက် ပြုမူရမည့် အပြုအမူမျိုး မဟုတ်မှန်း သူမ မသိ မဟုတ်… ကောင်းကောင်း သိလေသည်။ သို့သော် သူမ၏ မနှစ်မြို့မှု၊ အော်ဂလီဆန်လာမှုတို့ကို သူမ မည်သို့မျှ ဖုံးကွယ်နိုင်စွမ်းမရှိခဲ့ချေ။

တခါက သူမ သူငယ်ချင်းတစ်ယောက် အိမ်လာလည်ရာ သူ့ထံမှ ရေမွှေးနံ့နှင့်အတူ ရောနှောနေသော ချွေးနံ့ကို ဆိုးဆိုးဝါးဝါး ရနေသောကြောင့် သူ့ကို မသိမသာ လှည့်ပတ် ပြောဆိုကာ စူပါမားကက်တစ်ခုသို့ ဈေးဝယ်ရန် ခေါ်ဆောင်သွားပြီး ချိုင်းချွေးနံ့ ပျောက်ဆေးတောင့် တစ်တောင့်ကို လက်ဆောင်အဖြစ် ၀ယ်ပေးခဲ့ဖူးသည်။ သူမက ထိုသို့သော စန်းစန်းတင့် သူ တစ်ယောက် ဖြစ်လေသည်။

သူမတွင် ဖျောက်မရသော စန်းစန်းတင့် အကျင့် နောက်တစ်ခု ရှိသေးသည်။
ထိုအကျင့်ကား ထမင်းစားပွဲကို အမြဲတစေ သုတ်နေတတ်ခြင်း ဖြစ်သည်။ အားလုံး စားသောက်ပြီးချိန်တွင် စားပွဲသုတ်သည်မှာ ပြဿနာမရှိပါ။ သို့သော် သူမကတော့ စားနေရင်းတန်းလန်းမှာပင် တစ်ရှူး (သို့မဟုတ်) လက်သုတ်ပုဝါ တစ်စဖြင့် အမြဲလိုလို သုတ်နေခြင်းဖြစ်သည်။ ထမင်းဝိုင်းမှာ တစုံတယောက်က ဟင်းခတ်ရင်း ဖြစ်စေ၊ တစုံတခု လှမ်းယူရင်း ဖြစ်စေ လမ်းခုလပ်တွင် ဟင်းရည်လေး ဆီလေး တစ်စက်၊ ထမင်းလုံးလေး တစ်လုံးတစ်လေများ မကျလိုက်လေနှင့်၊ သူမ မျက်စိက ဖျတ်ကနဲ လှမ်းမြင်လိုက်ပြီး အလျင်အမြန် လှမ်းသုတ်လိုက်သည်သာ။ အိမ်သားများက သူမ အကျင့်ကို သိသောကြောင့် ဘာမှ မဖြစ်ကြသော်လည်း အခြား သူစိမ်းများနှင့် သွားလာ စားသောက်သောအခါ ထိုအကျင့်မှာ အတော်လေး ဆိုးရွားလှသည်။ မလုပ်မိအောင် အတန်တန် သတိထားသည့်ကြားမှ သူမ စိတ်က မသိလိုက်ခင်မှာပင် သူမ လက်က အမှတ်မထင် လှမ်းသုတ်ပြီးသား ဖြစ်နေတတ်သည်။ ထိုအပြုအမူသည် လူတဖက်သား စားသောက်နေချိန်တွင် အနှောက်အယှက် ဖြစ်သွားစေသလို တနည်းအားဖြင့် သူတို့ စားသောက်ပုံ မသပ်ရပ်၊ ဖိတ်တတ် စင်တတ်သည်ကို သွယ်ဝိုက် ညွှန်ပြရာလည်း ရောက်နေသည် မဟုတ်လား…။

အပြင်ဆိုင်များတွင် သွားလာ စားသောက်လျှင်လည်း စန်းစန်းတင့်သူ သူမအတွက် ပြဿနာ များစွာ ရှိနေတတ်သည်။ ထိုပြဿနာများမှာ ဆိုင်များမှ ပေးသော ဇွန်း၊ ခက်ရင်း နှင့် ဓါးများ အမျိုးအစား မတူ၊ အရွယ်အစား မတူ ဖြစ်နေတတ်ခြင်း၊ တူ များ တစ်ချောင်းနှင့် တစ်ချောင်း အတို အရှည် မညီ၊ အရောင်အသွေး မတူ ဖြစ်နေတတ်ခြင်း၊ ချလာပေးသော ဟင်းပန်းကန်၊ ထမင်းပန်းကန်များ၏ နှုတ်ခမ်းပတ်ပတ်လည်တွင် ဟင်းစ ဟင်းနများ ပေကျံနေတတ်ခြင်း အစ ရှိသည်တို့ပင်…။ ထိုအခါမျိုးတွင် သူမ မျက်နှာပျက်တတ်ပြီး ဘေးဘီကို အကဲခတ်ကာ အမျိုးအစားတူသော ဇွန်း ခက်ရင်းများကို မသိမသာ လိုက်လံ လဲလှယ်ခြင်း၊ တစ်ရှူးတစ်စဖြင့် ဟင်းပန်းကန် ထမင်းပန်းကန်များ အားလုံးကို တစ်ခုချင်းစီ လိုက်သုတ်ခြင်းများကို လုပ်တတ်သည်။ အတူသွားဖေါ် လာဖေါ် စားဖေါ်များက သူမအကြောင်းကို သိနေသောကြောင့် အားလုံးက နားလည်စွာ စောင့်ဆိုင်းပေးကြသည်။ ပေကျံနေသော ပန်းကန်နှုတ်ခမ်းများကို သူမ စိတ်တိုင်းကျ သုတ်ပြီးမှ စတင် စားသောက်တတ်ကြသည်။ ထို့အပြင် ဆိုင်များတွင် စားသောက်သောအခါ တချို့ အစားအစာများမှ အငွေ့အသက်များသည် ကိုယ်ပေါ်တွင် ၀တ်ဆင်ထားသော အ၀တ်များ၊ ဆံပင်များ၌ ဟင်းနံ့များ စွဲကျန်နေတတ်သည်…။ ထိုအခါ ထိုနေ့အဖို့ သူမ ကိုယ့် အ၀တ်မှ အနံ့၊ ကိုယ့် ဆံပင်မှ အနံ့တို့ကို ကိုယ်တိုင် ပြန်ရနေရင်းက အလိုလို စိတ်တိုကာ ခေါင်းကိုက်နေတတ်ပြန်သည်။ သူမက ထိုသို့သော စန်းစန်းတင့် သူ တစ်ယောက် ဖြစ်လေသည်။

ထိုမျှသာမက တစ်ခု တစ်ခုကို ထိပြီး ကိုင်ပြီးတိုင်း ရောက်လေရာ နေရာတွင် လက်ဆေးခြင်း၊ ခြေဖ၀ါးတွင် တစ်ခုခု ကပ်နေသည်ဟု အထင်ရောက်ကာ မကြာခဏ ခြေဆေးခြင်း၊ အိပ်ခန်းကြမ်းပြင်တွင် ဆံပင်ချည် တစ်ပင် တွေ့တိုင်း တံမြက်စည်း တစ်ခါ လှဲခြင်း၊ မကြာခဏ ကြမ်းတိုက်ခြင်း၊ ဖုန်စုတ်ခြင်း၊ အိမ်ရှိ ပရိဘောဂပစ္စည်းများကို လက်နှင့် တို့ကြည့်၍ ဖုန် ရှိနေပါက အငြိမ်မနေနိုင်ပဲ အချိန်မရှိ အချိန်ရှိ လိုက်သုတ်နေတတ်ခြင်း၊ အိပ်ခန်းနှင့် တွဲလျက်ပါရှိသော ရေချိုးခန်းကို လုံးဝ အသုံးမပြုစေပဲ ခြောက်သွေ့စွာဖြင့် သန့်ရှင်း မွှေးကြိုင်နေအောင် ထားခြင်း၊ အိမ်သားများ ပစ္စည်းများကို သူ့နေရာနှင့်သူ နေရာတကျ မထားလျှင် ပွစိပွစိ လုပ်တတ်ခြင်း၊ အ၀တ်ဟောင်းခြင်းထဲတွင် အ၀တ်များ ပြည့်နေပါက အလိုလို အနံ့တစ်မျိုး ရနေပြီး ညကြီးမင်းကြီးမရှောင် ချက်ချင်း ထလျှော်တတ်ခြင်း… စသည့် အတိုအထွာ ကိစ္စ၀ိစ္စ သေးသေးလေးများကိုလည်း တစ်ချက်ကလေးမှ မလစ်ဟင်းအောင် စန်းစန်းတင့် တတ်သေးသည်။

ထိုထိုသော အကြောင်းများကြောင့် သူမ နာမည်ရင်း ပျောက်ကာ စန်းစန်းတင့် နာမည်တွင်နေရခြင်းအပေါ် မည်သူ့ကိုမျှ အဆိုး မဆိုသာချေ…။ သူမကိုယ်သူမ အလွန်အကျွံ စန်းစန်းတင့် မဖြစ်အောင် ထိန်းသော်လည်း အကျင့် ဗီဇဆိုသည်မှာ လွယ်လင့်တကူ ပြုပြင်နိုင်ရန် ခက်ခဲလှသည်…။ နောက်ဆုံးတော့ ဘယ်သူ ဘာပြောပြော စန်းစန်းတင့် နေမြဲ… ထို့အပြင် စန်းစန်းတင့် ဟူသော အမည်နာမကို သူမ အပြုံး မပျက် ဆက်လက် ထိန်းသိမ်းထားနေမြဲ…။

Friday, October 18, 2013

လှတစ်မျက်နှာ သန့်စင်စရာ…

မမ လှလှ ညီမ လှလှ များအတွက် လှသည်ထက် လှစေဖို့ ကျွန်မ လက်ရှိ သုံးနေတဲ့ မျက်နှာသန့်စင်တဲ့ ပစ္စည်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်…။ ကျွန်မကို အဲဒီပစ္စည်းလေးနဲ့ မိတ်ဆက်ပေးခဲ့တာကတော့ ချစ်သူငယ်ချင်း ချောချော ပါ။ သူ သုံးနေတာ အတော်လေး အဆင်ပြေတယ်၊ ကောင်းတယ်လို့ ပြောပြပြီး သူကိုယ်တိုင်ပဲ ယူအက်စ်ကနေ မှာပေးပါတယ်။ အဲဒါကတော့ Clarisonic Skin Cleansing Product တွေထဲက Clarisonic Mia 2 ဆိုတဲ့ ပစ္စည်းလေးပါ။


ပြောရရင်တော့ မျက်နှာကို ပွတ်တိုက် ဆေးကြောတဲ့ မော်တာတပ် သွားပွတ်တံ အကြီးစားပါပဲ…။ ကိုယ် ကြိုက်တဲ့ မျက်နှာသစ် ဆပ်ပြာ အခဲ၊ အရည်၊ Foam ဘယ်လိုမျိုးနဲ့မဆို တွဲပြီး သုံးလို့ရပါတယ်…။ တခုပဲ… သဲဆပ်ပြာလို Facial Scrub တွေနဲ့တော့ တွဲသုံးလို့ မရဘူး…။

Clarisonic ကို ကျွန်မ သုံးဖြစ်တာ သုံးလ ကျော်ပါပြီ။ သာမန်အတိုင်း မျက်နှာသစ်တာထက် အဆပေါင်းများစွာ မျက်နှာကို သန့်စင်သွားစေတယ်လို့ ခံစားရတယ်…။ မျက်နှာပေါ်က ကိုယ် မမြင်နိုင်တဲ့ ချေးညှော်တွေကို အကုန်သန့်စင်သွားစေပြီး အသား အရည် ပိုမို ချောမွေ့ တင်းရင်းပြီး အရောင်လည်း လင်းလာပါတယ်…။ မျက်နှာပေါ်မှာ ဖြစ်တတ်တဲ့ တော်ရုံ အစက်အပျောက် အညို အမည်းလေးတွေ၊ ဆားဝက်ခြံ လို့ ခေါ်ကြတဲ့ အစက်တွေကိုလည်း အချိန်အတိုင်းအတာ တခုအတွင်းမှာ ပျောက်ကင်းစေနိုင်ပါတယ်။

အဲဒီ Brush လေးနဲ့ တစ်ရက်ကို တစ်ကြိမ် မျက်နှာသစ်ဖို့ အချိန် တစ်မိနစ်ပဲ လိုပါတယ်။ ပုံမှာ ပြထားတဲ့အတိုင်း နဖူးကို စက္ကန့် ၂၀၊ နှာခေါင်းနဲ့ မေးစေ့ တွေကို စက္ကန့် ၂၀ နဲ့ ပါး တစ်ဖက်ကို ဆယ်စက္ကန့်စီနဲ့ စက္ကန့် ၂၀… စုစုပေါင်း တစ်မိနစ်ပါ…။




အဲဒီပစ္စည်းကို http://www.clarisonic.com/ မှာ Online ကနေ တဆင့် ၀ယ်လို့ရပါတယ်။ စကာံပူမှာတော့ Sephora မှာ ၀ယ်လို့ရပါတယ်…။ ဈေးလည်း အရမ်း မများပါဘူး…။ နောက်ပြီး မိန်းကလေးတွေတင် မဟုတ် ယောက်ျားလေးတွေလည်း သုံးလို့ရပါတယ်…။ ထိပ်က Brush Head ကိုတော့ သုံးလ တစ်ခါ လဲနိုင်ရင် ပိုကောင်းပါတယ်…။ အဲဒီ Brush Head အပိုလေးတွေကိုလည်း Sephora မှာပဲ ၀ယ်လို့ရပါတယ်…။

ကိုယ်နှစ်သက်တဲ့ ပစ္စည်းမျိုး၊ ကိုယ်တိုင် သုံးကြည့်လို့ အဆင်ပြေတဲ့ ပစ္စည်းမျိုးကို ကိုယ် ချစ်သူ ခင်သူတွေပါ သုံးစွဲစေချင်တဲ့ စေတနာနဲ့ ဒီပိုစ့်ကို ရေးသား မျှဝေပါတယ်…။