Friday, October 12, 2012

လှော်တက်ဝယ်သူများနှင့် တညနေ

ဆိုင်အ၀ကနေ လှမ်းကြည့်လိုက်တယ်ဆိုရင်ပဲ စားပွဲတော်တော်များများမှာ လူပြည့်နေတာ တွေ့ရတယ်။ ကံကောင်းထောက်မစွာနဲ့ နှစ်ယောက်ထိုင် စားပွဲအလွတ် တလုံးကို တွေ့လိုက်လို့ ခြေလှမ်းတွေကို အရှိန်နည်းနည်း မြှင့်ပြီး ဆိုင်ထဲကို ၀င်သွားလိုက်တယ်။ စားပွဲထိုးဝန်ထမ်းတယောက်ကို လွတ်နေတဲ့ နှစ်ယောက်ထိုင် စားပွဲမှာ ထိုင်မယ့်အကြောင်းကို မျက်ရိပ်ပြပြီး အသိပေးလိုက်တယ်။ ပါးရည်နပ်ရည်ရှိလှတဲ့ စားပွဲထိုးကလေးက အစားအသောက် မှာဖို့ စာရင်းနဲ့အတူ သောက်ရေ ဖန်ခွက်တခွက်ကို စားပွဲမှာ လာချတယ်။ တကယ်ဆို နှစ်ယောက်ထိုင်စားပွဲမှာ သောက်ရေ ဖန်ခွက် နှစ်ခွက်တော့ လာချသင့်တယ် မဟုတ်ဖူးလား။ တကိုယ်ရည် တကာယသမားလို့ ဘယ်လိုအချက်တွေကို ကြည့်ပြီး သိသွားတာပါလိမ့်…။ မကျေမနပ်နဲ့ ခေါင်းကုတ်ရင်း (လုပ်မိလုပ်ရာ) ချောင်းတချက် ဟန့်လိုက်မိတယ်။

အစားအသောက်ကောင်းကောင်းရတဲ့ ဆိုင်တဆိုင်ရဲ့ ညနေခင်းဟာ တော်တော်လေး စည်စည်ကားကား ရှိလှတယ်။ ဆူညံသံတွေကို ကြောက်တတ်တဲ့သူ ဆိုရင်တော့ ဒီလိုဆိုင်မှာ လာမစားသင့်ပေဘူး။ အခုနက စားပွဲထိုးကလေး နောက်တခေါက် ပြန်ရောက်လာတယ်။ မှာတော့မလား ခင်ဗျာ… လို့ လာမေးတယ်။ ကိုယ့်ပုံက တစုံတယောက်ကို စောင့်နေတဲ့ ပုံမျိုး တကယ် မပေါက်ဖူး ဆိုတဲ့ သဘောပဲ။ အသားကင် အခေါက်ကင် ထမင်းပေါင်း တပွဲ၊ အကြော်စုံ တပွဲနဲ့ ထောပတ်သီးဖျော်ရည်တခွက် မှာလိုက်တယ်။ စားပွဲထိုးကလေးက အံ့အားသင့်သွားသလို တချက်ကြည့်တယ်။ တယောက်တည်း ဒါတွေ အကုန်စားမှာလား ဆိုတဲ့ အကြည့်မျိုး။ နောက်တယောက် လာအုံးမှာလေ… လို့ ပြောခွင့် ရချင်သွားတယ်။ ဒါပေမယ့် ၀မ်းနည်းစရာပဲ… ကိုယ်နဲ့အတူ ညစာ စားမယ့်သူ တယောက်မှ မရှိဘူး။


မှာစရာရှိတာ မှာအပြီး ဘေးဘီဝဲယာကို မျက်စိ ကစားမိတယ်။ ဘေးချင်းကပ်ရက် စားပွဲရှည်တခုမှာ အမျိုးသမီး အမျိုးသား တစု ထိုင်နေကြတယ်။ အသက်လေးဆယ်လောက်စီ ရှိကြပုံရတယ်။ သပ်သပ်ရပ်ရပ်တွေပဲ… မျက်နှာချင်းဆိုင် နံရံမှာ ကပ်ထားတဲ့ မှန်ချပ်တွေကတဆင့် မြင်နေရတာတော့ အမျိုးသမီး လေးယောက်နဲ့ အမျိုးသား ငါးယောက် စုစုပေါင်း ကိုးယောက်။ ရှေ့တည့်တည့်က စားပွဲမှာ ခပ်ငယ်ငယ် ကောင်လေးနဲ့ ကောင်မလေး…ချစ်သူ စုံတွဲတွေ ဖြစ်ကြဟန်တူတယ် ကြည်ကြည်လင်လင် ရယ်ရယ်မောမောနဲ့…။ သူတို့နဲ့ ရှေ့ဆင့် နောက်ဆင့် စားပွဲမှာတော့ အသားအရေ နီစပ်စပ် ဆံပင် ရွှေရောင်နဲ့ အနောက်နိုင်ငံသားမှန်း သေသေချာချာ သိသာထင်ရှားနေနေတဲ့ အမျိုးသားတယောက်နဲ့ အသားညိုညို ခေတ်ရှေ့ပြေး အဆင်အပြင်၊ မိတ်ကပ်မျက်နှာနဲ့ စကပ် ပေါင်လယ်လောက်နဲ့ အမျိုးသမီးတဦး… ကြည့်ရတာ အမျိုးသမီးက ကိုယ်တို့ ရိုးရာ အစားအစာတွေနဲ့ သူ့ရဲ့ အနောက်တိုင်းသားကို မိတ်ဆက်ပေးနေဟန်ပဲ…။

မှာထားတဲ့ စားစရာတွေရဖို့ မိနစ်နှစ်ဆယ်လောက် စောင့်ရပါမယ် လို့ စားပွဲထိုးကလေးက လာပြောတယ်။ စိတ်နည်းနည်း ညစ်သွားပေမယ့် ဘယ်တတ်နိုင်ပါ့မလဲ.. စားချင်တဲ့သူဆိုတော့ စောင့်ရမှာပေါ့…။ ဒီအချိန်မှာပဲ နားထဲကို ရယ်သံ မောသံတွေ ဇွန်းသံ ခက်ရင်းသံတွေ နဲ့အတူ စကားသံတွေ လှိမ့်ဝင်လာခဲ့တာ။

“ကိုယ်က အလုပ်လုပ်တယ်လေ… ၀ယ်ထားတဲ့ အ၀တ်အစား အသုံးအဆောင်တွေ အိမ်မှာနေရင်း ၀တ်ပစ်ရမှာစိုးလို့… လှတုန်း ပတုန်း အရွယ်ရှိတုန်းလေး ၀တ်ရ စားရ သုံးရတာမဟုတ်လား… ပြီးတော့ အလုပ်လုပ်ရတာ အပျင်းလည်း ပြေတယ်လေ… ပိုက်ဆံက သိပ်အရေးမကြီးပါဘူး…”

ဘေးချင်းကပ်ရက် စားပွဲက အသားဖြူဖြူ ခပ်၀၀ ကိုယ်လုံးနဲ့ အမျိုးသမီးက ကိုယ်ပေါ်မှာ ၀တ်ဆင်လာတဲ့ အင်္ကျီနဲ့ မြင်ရုံနဲ့ တန်ဖိုးကြီးမှန်း သိသာစေတဲ့ ပိုက်ဆံအိပ် ကြီးကြီးကို ဘေးလူတွေ မြင်အောင် သိသိသာသာ ပြရင်း ဘာမှ မဖြစ်သလို လေသံမျိုးနဲ့ ပြောတယ်။ ပြီးတော့ တဆက်တည်းမှာပဲ မျက်နှာချင်းဆိုင်က ပိန်ပိန်သေးသေး အမျိုးသမီးကို ယူရော အခု ဘာလုပ်နေလဲ... Working Mother လား... Home Maker ပဲ လား... လို့ ခပ်နှိမ်နှိမ်လေး လှမ်းမေးလိုက်တယ်။ ပိန်ပိန်အမျိုးသမီး မျက်နှာ ကွက်ကနဲ ပျက်သွားတာကို မျက်မှန်ထောင့်စွန်းကနေ မြင်ဖြစ်အောင် မြင်လိုက်ရတယ်…။ သူ ဘာပြန်ပြောမလဲ လို့ အသာ နားစွင့်လိုက်တော့…

“်ဘာလုပ်နေလဲ ဟုတ်လား… စိုးရေ.. ကိုယ် ဘယ်လိုဖြေလိုက်ရရင် ကောင်းမလဲ ဟင်…”

ပိန်ပိန်အမျိုးသမီးက ကြိုးစားပမ်းစား ဟန်လုပ် ပြုပြင်ထားရတဲ့ ရယ်သံချိုလွင်လွင်စွက်တဲ့ အသံမျိုးနဲ့ ဘေးနားက မျက်မှန်တပ် အမျိုးသမီးကို စစ်ကူတောင်းသလို အဖေါ်ညှိသလို လှမ်းမေးလိုက်တယ်။ မေးမယ့်သာ မေးတာပါ… စိုး ဆိုတဲ့ အမျိုးသမီးဆီက အဖြေကို မစောင့်ပဲ သူက တခါတည်း ဆက်ပြောတယ်…။

“ကိုယ် ဘာလုပ်နေလည်း ပြောပြရရင် ကားမမောင်းတတ်လို့ သားသမီးတွေကို ဟိုပို့ ဒီကြို ဒရိုင်ဘာ အလုပ် မလုပ်ရတာကလွဲရင် အိမ်မှာ လိုသမျှ အကုန်လုပ်ရတယ်လေ အေးရဲ့...”

အသားဖြူဖြူ ခပ်၀၀ အမျိုးသမီးနာမည်က အေး တဲ့…။ အဲဒီ အေး ဆိုတဲ့ အမျိုးသမီး နည်းနည်း လှုပ်လှုပ်ရှားရှား ဖြစ်သွားတယ်။ အံ့လည်း အံ့သြသွားပုံပဲ.. ပိန်ပိန်အမျိုးသမီးက သူ့မှာ ကားရှိကြောင်းကို လူစုံစုံမှာ ပါးပါးလေး ချပြသွားတာ မဟုတ်လား။ အေး က လှုပ်ရှားသွားးတဲ့ သူ့ကိုယ်သူ ဟန်မပျက်အောင် အသာ ပြန်ထိမ်းလိုက်ရင်း တဟင်းဟင်းနဲ့ ရယ်နေတယ်။ ပြီးတော့… “ဒီအကြော်လေး စားကောင်းတယ်နော်…” လို့ ပြောသံ ကြားလိုက်တယ်… ဒါ သိသိသာသာ စကားလမ်းကြောင်း လွှဲတာပဲ…။

အဲဒီအချိန်မှာပဲ ထမင်းပေါင်းရောက်လာလို့ ဘေးစားပွဲက အသံတွေကို ခဏမေ့သွားတယ်။ မစားဖြစ်တာ ကြာလို့လား မသိ… အငွေ့တထောင်းထောင်းနဲ့ ထမင်းပေါင်းဟာ အတော်လေး အရသာရှိတယ်။ စားနေရင်းက ဘေးစားပွဲက အမျိုးသမီးတွေထဲမှာ ထမင်းပေါင်း ကောင်းကောင်း လုပ်တတ်တဲ့သူများ ပါမလားလို့ မဆီမဆိုင် တွေးမိပြီး ကိုယ့်အတွေးနဲ့ ကိုယ် ရယ်ချင်သွားသေးတယ်။ ဒီအချိန်မှာပဲ အရှေ့စားပွဲက အသံတွေ နားထဲ ရောက်လာတာ။

အနောက်တိုင်းသားနဲ့ အတူထိုင်နေတဲ့ အမျိုးသမီးရဲ့ မိတ်ဆွေဖြစ်ဟန်တူတဲ့ အမျိုးသမီးတယောက် သူတို့ စားပွဲနားမှာ လာရပ်ပြီး စကားပြောနေတယ်။ မိန်းမပီပီ ခပ်ထေ့ထေ့ ခပ်ငေါ့ငေါ့ ပြောတဲ့ လေသံမျိုး…။

“မိန်းမ သိပ်ကောင်းစားနေတယ်ပေါ့… တွဲနေတာ ကြာပြီလား… ဟင်း ဟင်း ဟင်း… ငါ့လည်း မိတ်ဆက်ပေးအုံးလေ…”

အပြောခံရတဲ့ အမျိုးသမီးရဲ့ မျက်နှာ ပိုမော့သွားတယ်... ခေါင်းပေါ်က နီကျင်ကျင် ကောက်လိမ်လိမ် ဆံပင်ခွေတွေကို ဆတ်ကနဲ လက်နဲ့ သပ်တင်လိုက်ရင်း မကြာသေးပါဘူးဟာ သူက အတင်း လိုက်ကပ်နေတာ ငါကတော့ စဉ်းစားနေတုန်းပါ… လို့ ပြန်ပြောတယ်…။ ဒါပေမယ့် လေသံထဲမှာ ကျေနပ် ဝံ့ကြွားဟန်က အထင်းသား…။ နောက်တော့ မိတ်ဆက်ကြ လက်ဆွဲ နှုတ်ဆက်ကြ ရယ်မောသံတွေနဲ့အတူ သိပ်မပြေပြစ် မချောမွေ့လှတဲ့ အင်္ဂလိပ်စကားသံ တချို့ နားထဲဝင်လာတယ်။ ခဏနေတော့ အသံတွေ စဲသွားလို့ အသာ လှမ်းကြည့်လိုက်တာ စကပ်တိုဝတ် အမျိုးသမီးရဲ့မျက်နှာပေါ်မှာ အမျိုးအမည် ဖေါ်မပြတတ်တဲ့ အပြုံးတောက်တောက်တွေ ဝေပြီး သူ့ အဖေါ် ဆံပင်ရွှေရောင်နဲ့လူကို ညုတုတု အကြည့်တမျိုးနဲ့ ကြည့်လို့…။

မှာထားတဲ့ အကြော်စုံ ရောက်လာတယ်။ ဘူးသီးကြော် မြင်းခွာရွက်ကြော် တိုဟူးကြော် နဲ့ ကြက်သွန်ကြော်တွေ ပါဝင်တဲ့ အကြော်စုံ ပူပူနွေးနွေးကို အချဉ်ရည်နဲ့ တို့စားနေလိုက်တယ်။ ရေနွေးကြမ်းနဲ့ သောက်ရရင် ကောင်းမလား တွေးရင်း စားပွဲထိုး တယောက် လှမ်းခေါ်လိုက်တယ်။ ထောပတ်သီးဖျော်ရည်ကို အနားချပြီး ရေနွေးကြမ်းမှာလို့ ထင်တယ်။ စားပွဲထိုးလေးက အူကြောင်ကြောင်နဲ့ ကြည့်သွားတယ်။ ထားတော့…

“ကွန်ဒိုဝယ်ချင်ရင် အခု လက်ငင်း ၆၀ ရာခိုင်နှုန်း ပေးရမှာတဲ့… ကြားပြီးကြပြီလား…”

ဟော… စကားလမ်းကြောင်းက ကွန်ဒိုတွေဖက်ကို ဦးတည်သွားပြန်တယ်။ စိုး ဆိုတဲ့ အမျိုးသမီးက သူ့ လက်ကိုင်အိပ်ထဲက နှုတ်ခမ်းနီတောင့်ကို ထုတ်ယူပြီး မှန်မကြည့်ပဲ ကျွမ်းကျွမ်းကျင်ကျင် ဆိုးနေတာကို အရှေ့က မှန်ထဲကနေတဆင့် လှမ်းတွေ့လိုက်တယ်။ နှုတ်ခမ်းနီ ဆိုးလို့ပြီးသွားတော့မှ ကိုယ်ကတော့ ကွန်ဒိုတွေ မကြိုက်လှဘူး... ဈေးကြီးပြီး အခန်းကလည်း ကျဉ်းက ကျဉ်းနဲ့... ရေကူးကန် ပါတော့ရော ကိုယ်က တလလုံးမှာ ဘယ်နှစ်ရက် ဆင်းကူးနိုင်မှာမို့လဲ… တရက်တရက် ကိုယ့်အခန်းကနေ လှမ်းကြည့်ရင် ဗိုက်ပူသူတော်တွေ ရေထဲ ပက်လက်လှန်နေတာတွေပဲ တွေ့ရမှာ… လို့ မဲ့ကာ ရွဲ့ကာ ပြောတယ်။ စပျစ်သီး ချဉ်တယ် ဆိုတာ ဒါမျိုး ထင်ပါရဲ့…။ ပန်းဆီရောင် ရင့်ရင့် နှုတ်ခမ်းနီကိုမှ အားမနာ နှုတ်ခမ်းတလံ ပန်းတလံနဲ့ ပြောနေတာကို ရှေ့က မှန်ချပ်တွေကနေတဆင့် မြင်ဖြစ်အောင် မြင်လိုက်ရပြန်တယ်…။ သိပ်တော့ ကြည့်မကောင်းတာ အမှန်ပဲ…။

ခုနက ကားအကြောင်းကြားပြီး ငြိမ်သွားတဲ့ အေး ဆိုတဲ့ ဝဝ အမျိုးသမီး ခေါင်းပြန်ထောင်လာတယ်။

“အို… ဘာပဲဖြစ်ဖြစ် အေးကတော့ အသက်ကြီးလာရင် အလုပ်မလုပ်ပဲ ထိုင်စားလို့ရအောင် ကွန်ဒိုလေး တခန်းတော့ ဝယ်မှ ဖြစ်မယ်လို့ အိမ်ကလူကို ပြောထားတယ်… လူငှားတင်ထားရင် တလ ငါးထောင် ခြောက်ထောင်လောက်ကတော့ အသာလေး… လူမပင်ပန်းပဲ ငွေအရင်းစိုက်ရုံနဲ့ ပုံမှန်ဝင်ငွေ ရမယ့်အလုပ်မျိုးကို အခုထဲက စဉ်းစားထားမှ အဆင်ပြေမှာ…”

ကြည့်ရတာ လက်ထဲမှာ ငွေအလုံးအရင်း များများစားစား ရှိနေတဲ့ ပုံမျိုး… အခုချက်ချင်း ထ၀ယ်နိုင်တဲ့ လေသံမျိုး...။ ခုနက ကားရှိကြောင်း ပြောထားတဲ့ ပိန်ပိန်အမျိုးသမီး နှုတ်ဆိတ်သွားတယ်။ ပညာသားပါပါနဲ့ စကားလွှဲတယ်…

“အော်… ဒါနဲ့ အေးကို မေးမလို့.. အေး သမီးတွေ ကျူရှင် ဘယ်လိုပေးသလဲဟင်… အိမ်က သားအတွက် မေးတာပါ… သားက အခုမှ သုံးတန်းဆိုတော့ ငယ်တော့ ငယ်ပါသေးတယ်လေ… ဒါပေမယ့် ခုလောက်ထဲက ဆရာကောင်းကောင်းနဲ့ သေသေချာချာ သင်ထားရင် ကောင်းမလားလို့…”

အေးအတွက် နောက်တကြိမ် အကွက်ဝင်သွားပြန်တယ်…။ ကိုယ်လုံးဝဝကို တသိမ့်သိမ့် လှုပ်ခါ ရယ်မောရင်း “ကျူရှင်ဆရာမတွေက အစားစားရှိတယ်လေ… ကိုယ့်သမီးတွေ ကျူရှင်ဆရာမက ပထမတန်းစားတွေ ဈေးကတော့ ကြီးတယ် ဆရာ… တနာရီကို ရှစ်ဆယ် ပေးရတယ်… တပတ်ကို တဘာသာအတွက် အချိန် နှစ်နာရီနဲ့ လောလောဆယ်တော့ ခြောက်ဘာသာ ပေးထားရတယ်… ကိုယ့်လခရဲ့ ၀မ်း သာဒ်လောက်က သူတို့ နှစ်ယောက် ကျူရှင်ဖိုးနဲ့တင် ကုန်တာပါပဲ…” လို့ ခပ်ညည်းညည်းလေး ပြောလိုက်တယ်။

ကျန်တဲ့ အမျိုးသမီး သုံးယောက် အသံတိတ်သွားတယ်။ သူတို့တွေအားလုံးရဲ့ စိတ်ထဲမှာ ပေသီးတွေ ဂဏန်းပေါင်းစက်တွေချပြီး တော်တော်ကြီး အလုပ်များသွားဟန်တူရဲ့…။ အဲဒီအချိန်မှာ သူတို့လေးယောက်ထဲမှာ ဘာမှ များများစားစား မပြောပဲ တိတ်ဆိတ်နေတဲ့ ဆံပင်ရှည်ရှည်နဲ့ မျက်နှာဝိုင်းဝိုင်း အမျိုးသမီးလေးဆီက အသံထွက်လာတယ်…။

“ဒီကိစ္စမှာတော့ ကိုယ် ကံကောင်းတယ် ဆရာ… ကိုယ့်သမီးက သူ့ကျောင်းမှာ Top ပဲ… ဘာကျူရှင်မှ ပေးစရာမလိုဘူး… အခု XXX ဆိုတဲ့ ကျောင်းမှာ တက်နေတယ်လေ…” ဆိုပြီး နာမည်ကြီး ကျောင်းတကျောင်းရဲ့ အတိုကောက် အင်္ဂလိပ် စကားလုံး သုံးလုံးကို ရွတ်ပြတယ်။ ကျောင်းနာမည်ကြားရုံနဲ့တင် ရှိန်သွားစေတဲ့ ကျောင်း၊ စာတော်မှ အမှတ်များမှ တက်ခွင့်ရတဲ့ ကျောင်း ဆိုတာ တန်းကနဲ သိလိုက်တယ်။ အို ဟုတ်လား သမီးလေးက တော်လိုက်တာနော်… ဆိုတဲ့ စကားသံမျိုး (ဝတ်ကျေ တန်းကျေပဲ ဖြစ်ဖြစ်) ဘယ်သူ့ဆီကများ ထွက်လာမလဲ စောင့်နားထောင်နေပေမယ့် ဘာသံမှ မကြားရဘူး…။

အနားက ဖြတ်သွားတဲ့ စားပွဲထိုးလေးကို အေးဆိုတဲ့ တယောက်က ခေါက်ဆွဲကြော် ပါဆယ် နှစ်ပွဲ လှမ်းမှာတယ်… ကိုယ့် သမီးနှစ်ယောက်အတွက်လေ… လို့ ကျန်တဲ့သူတွေကို လှည့် ပြောတယ်…။ သူတို့နဲ့ အတူပါလာတဲ့ သူတို့ အမျိုးသားတွေလို့ ထင်ရတဲ့သူတွေကတော့ အေးအေးဆေးဆေး စကားပြောလိုက် စားလိုက်နဲ့…။ အမျိုးသမီးတွေ ပြောနေတာကို ဘာမှ စိတ်ဝင်စားဟန် မပေါ်ဘူး။ တချက်တချက်တော့ ရယ်သံခပ်သဲ့သဲ့ ထွက်လာတတ်တယ်…။

အကြော်စုံနဲ့ ရေနွေးကြမ်း ကုန်သလောက်ရှိသွားပြီ။ ထောပတ်သီးဖျော်ရည် စ သောက်တယ်။ ထောပတ်သီးရဲ့ ဆိမ့်သက်သက်အရသာ လျှာပေါ်ကို ရောက်လာတယ်။ အနောက်တိုင်းသားဟာ မုန့်ဟင်းခါးဖတ်သုပ်ကို စားရင်း မျက်နှာမှာ ချွေးတွေ သီးနေတယ်…။ သူ ဖြစ်နေပုံကို အသားညိုမလေးက ကြည့်ရင်း တခစ်ခစ်နဲ့ ရယ်နေတယ်…။ နောက်တော့ တစ်ရှူးတစယူပြီး ချွေးသုတ်ပေးနေတာ ရိပ်ကနဲ မြင်လိုက်တယ်…။ အခုနက သူတို့ကို စကားလာပြောတဲ့ အမျိုးသမီး အနားက တခါ ဖြတ်သွားပြန်တယ်…။ ပြန်တော့မှာမို့ လာနှုတ်ဆက်တာ…။ ဒါပေမယ့် သူ့မျက်လုံးတွေက ဟို အနောက်တိုင်းသားရဲ့ မျက်နှာပေါ်မှာ တရစ်ဝဲ၀ဲနဲ့… အထင်ကြီး လေးစား အားကျဟန်က အထင်းသား။ အဲဒီအမျိုးသမီး ထွက်သွားတော့ သက်ပြင်းတချက်ကို မသိမသာ ချလိုက်မိတယ်…။ ခက်တော့ ခက်နေပါပြီ…။

အစားလည်း စား အသံတွေလည်း ကြားနဲ့ အချိန် တော်တော်ကုန်သွားတယ်။ ပြန်သင့်ပြီလို့ တွေးပြီး ထောပတ်သီးဖျော်ရည်ကို လက်စသတ်ရင်း စားပွဲထိုးကို ခေါ်ပြီး ပိုက်ဆံရှင်းလိုက်တယ်။ ဆိုင်ထဲက ထွက်လာတဲ့ အချိန်မှာ လမ်းပေါ်မှာ လူတော်တော်ရှင်းစ ပြုနေပြီ…။ ဘူတာရုံထဲမှာလည်း လူရှင်းနေပြီ…။ အပြန်ရထားပေါ်မှာ ထောင့်ကောင်းကောင်းတနေရာမှာ ငိုက်မြည်းပြီး လိုက်ပါလာရင်း တခါက စာတအုပ်ထဲမှာ ဖတ်ဖူးတဲ့ လူနှစ်ယောက် လှော်တက် အပြိုင်ဝယ်ကြတဲ့အကြောင်း သတိရသွားတယ်…။ မိတ်ဆွေ တယောက်က ငါးပေရှည်တဲ့ လှော်တက် ၀ယ်တယ်လို့ သတင်းကြားတော့ နောက်တယောက်က သူ့ထက်သာအောင်ဆိုပြီး ခြောက်ပေရှည်တဲ့ လှော်တက် တချောင်း သွားဝယ်ခဲ့သတဲ့…။ အိမ်ပြန်ရောက်တော့ ၀ယ်လာတဲ့ လှော်တက်က ရှည်နေလို့ လှော်ရတာလည်း အဆင်မပြေ… လှေထဲလည်း ထည့်သိမ်းလို့ မရ… အိမ်ထဲမှာ ထောင်ထားဖို့လည်း မဆံ့နဲ့ ဘယ်နားထားရမှန်းမသိ ဘာလုပ်ပစ်ရမှန်းလည်း မသိပဲ ထော်လော် ကန့်လန့် ဖြစ်နေတဲ့ အကြောင်းလေး…။

Monday, October 8, 2012

Baby Small Talk


(Picture from Google)

မြန်မာမိသားစုတွေမှာ ကလေးကို စကား စပြောတဲ့အချိန်မှာ မြန်မာလိုသာ သင်ဖြစ် ပြောဖြစ်ကြတာ သဘာဝပါ။ ဒါပေမယ့် ရေကြည်ရာ မြက်နုရာ ဆိုသလိုပဲ တခြားနိုင်ငံတွေမှာ ရောက်နေတဲ့ မိသားစုတွေထဲက ကလေးငယ်တွေ ကျောင်းစတက်တဲ့အခါမှာတော့ ကလေးကို ဘယ်ဆရာမကမှ ဘယ်သူငယ်ချင်းကမှ မြန်မာလို လာပြောနေမှာ မဟုတ်ပါဘူး။ ဒီအတွက် မိဘတွေအနေနဲ့ ကိုယ့် ကလေးကို ကျောင်းမနေခင်အချိန် အိမ်မှာ ဒီလို small talk လေးတွေ တလုံးစ နှစ်လုံးစ ပေါ့ပေါ့ပါးပါး ပြောဆိုကြရင်း သူတို့လေးတွေ ကျောင်းမှာ၊ အတန်းထဲမှာ ဆရာမပြောတဲ့ စကား၊ ကလေးအချင်းချင်း ပြောဆိုကြတဲ့ နေ့စဉ်သုံး စကားလေးတွေကို စိမ်းမနေစေဖို့ ရည်ရွယ်ပြီး ဒီပိုစ့်ကို ရေးပါတယ်…။

Pain Pain – ဒါကတော့ စင်္ကာပူမှာ သုံးကြတဲ့ ကလေးစကားပါ… ရယ်စရာလေးနော်…။ တခုခု ထိခိုက်ဒါဏ်ရာရသွားရင် နာသွားလား သို့မဟုတ် နာနေတယ်ဆိုတာကို ပြောတာပါ။ သူငယ်ချင်းတယောက် သူ့သမီးက လက်ကလေး နာနေတာကို Mummy... Pain Pain… လို့ လာပြောတော့ တရုတ်လိုပြောတာလား ထင်ပြီး ဘာမှန်းမသိ ဖြစ်နေတာ တွေ့ဖူးပါတယ်…။ Pain here, Pain there ဆိုတဲ့ စကားမျိုးလည်း ပြောတတ်ကြပါသေးတယ်… ဟိုနားက နာ ဒီနားက နာ ပေါ့လေ…။

ဒါတွေကတော့ ကလေးတွေကို ထမင်းစားချိန် မုန့်စားချိန်တွေမှာ ဆရာမတွေက ပြောလေ့ရှိတဲ့ စကားတွေပါ။

Eat your own food - ကိုယ့်ပန်းကန်ထဲကဟာကို ကိုယ်စားဖို့
Chew properly - စားစရာကို ကောင်းကောင်း ဝါးစားဖို့
Eat little by little - ပါးစပ်ထဲ ပလုတ်ပလောင်း မစားဖို့
Some more please - မဝသေးရင် ထပ်တောင်းဖို့
Finish it up - ကုန်အောင်စားဖို့

Don’t waste foods - မလိုအပ်ပဲ သူများ some more ဆို ကိုယ်လည်း some more လို့ ထပ်တောင်းတတ်တဲ့ ကလေးတွေ တွေ့ဖူးတယ်။ ပြီးတော့ တကယ်တမ်းမှာ စားလို့ မကုန်တော့ဘူး… တခါ နှစ်ခါတော့ ဆရာမတွေက ဘာမှမပြောဘူး သိပ်များလာရင်တော့ အဲလို ပြောတတ်တယ်…

No sharing - တချို့ကျောင်းတွေမှာ ကလေးတွေအတွက် အိမ်ကနေ မုန့်ထည့်ပေးရတတ်ပါတယ်…။ အဲဒီအခါမှာ တယောက်နဲ့ တယောက်ပါလာကြတဲ့ မုန့်အမျိုးအမည်တွေ မတူကြတဲ့အခါ လဲစားတာတို့ လုစားတာတို့ ဖြစ်လာတတ်တယ်။ ပြီးတော့ ရန်ဖြစ်ကြ ငိုကြယိုကြပေါ့။ ဒီအတွက် ဆရာမတွေက အစထဲက ကိုယ့်ဟာကိုယ် စားကြဖို့ သတိပေးတတ်ကြတယ်။ စကာင်္ပူက ကျောင်းအများစုကတော့ အဲဒီလို မုန့်ယူသွားစရာ မလိုဘူး ကလေးအားလုံး ကျောင်းက ကျွေးတာပဲစားကြရတယ်…။

Tummy full - စားလို့ ဝသွားပြီ
Wipe your mouth - စားနေရင်း ပါးစပ်ပေနေရင်
Wash your hand - စားပြီးရင် လက်ဆေး
Wash your mouth - စားပြီးရင် ပါးစပ်ဆေး
Play time - ထမင်းစားပြီးရင် ကစားကွင်းကို ဆင်းကစားကြတော့မယ်…

အဲဒီအခါမှာ ဆရာမတွေက ကလေးတွေကို စည်းကမ်းတကျ သွားဖို့ သင်ပေးရတယ်...။

Line up - တန်းစီ…
One by One - တယောက်ချင်းစီ သွားမယ်
Two by two - နှစ်ယောက် တတွဲသွားမယ်

Be my partner - သားလေးက ပြန်ပြောပြတာ… ဆရာမက two by two line up လုပ်ဆိုတော့ သူက Partner ရှာနေတုန်း ကောင်မလေး တယောက်က Be my partner လို့ ပြောပြီး သူ့လက်ကို လာတွဲတာတဲ့… (မိခင်ဖြစ်သူ ရင်ခံသွားပြီး ထမင်း မစားနိုင်တဲ့ နေ့ပေါ့…)

Keep quiet - စကားများနေလို့ ပြောတာ
Quiet please - တိတ်တိတ်နေကြ…

ဒါတွေကတော့ ကစားကွင်းမှာ ဆရာမတွေက ကလေးတွေကို ထိန်းရင်း တတွတ်တွတ် ပြောနေကြတဲ့ စကားမျိုးတွေ…

No jumping
No running
Mind your step
Watch out
Come closer
Keep going…
Be careful / Careful baby
Be a good boy / Be a good girl
Don’t touch
Put it back
Sit side by side/ put side by side

ပြောစကားနားထောင်တဲ့ ကလေးတွေကို

Good boy Good girl
Oh.. you are so smart
Good job
Well done
Keep it up
Bravo… စသဖြင့် ချီးကျူးဖို့ မမေ့နဲ့အုံးနော်…

ကလေးတန်းလေးတွေမှာ Show & tell နဲ့ Speech & Drama ဆိုတဲ့ အစီအစဉ်လေးတွေရှိတယ်…

Show & tell ကတော့ ကိုယ်ကြိုက်တဲ့ ပစ္စည်းလေးတခုခုကို ကျောင်းကိုယူလာပြီး အဲဒီပစ္စည်းလေးအကြောင်း စီကာပတ်ကုံး ပြောပြကြရတာ… သားလေးက သူ သုံးနှစ်သားတုန်းက သင်္ကြန်မှာ သူတပ်ခဲ့ရတဲ့ နေကာမျက်မှန်အမည်းလေး ယူသွားပြီး မျက်မှန်လေးအကြောင်းရော မြန်မာသင်္ကြန်အကြောင်းရော ပြောပြလိုက်တယ်လေ…။ သူဘယ်လိုပြောတယ်ဆိုတာ ကိုယ်နားမထောင်ရ မကြားရပေမယ့် သူ့အတန်းဆရာမက သားလေး စကားပြော ကောင်းကြောင်း တွေ့တိုင်း တဖွဖွ ပြောနေတော့တာပဲ…။

Speech & Drama ကတော့ တေးသရုပ်ဖေါ်လို Play တွေလို သရုပ်ဆောင်ရတာမျိုးပေါ့…။ အဲလို အချိန်တွေမှာ ကလေးတွေ သိပ်ပျော်ကြတယ်…။ သဏ္ဍာန်လုပ် သရုပ်တူ ဆိုသလို လှုပ်ရှား ကခုန်ရင်း မမောနိုင် မပမ်းနိုင်…။

Stand at the corner - ဆိုတာကတော့ ကလေးတွေကို ပြောစကား နားမထောင်ရင် အပြစ်ပေးတာပါ…။ အခန်းထောင့် နံရံကို မျက်နှာမူလို့ ၁၀ မိနစ်ဖြစ်စေ ၁၅ မိနစ်ဖြစ်စေ မတ်တပ်ရပ်နေခိုင်းတာမျိုးပါ…

ကျောင်းက ပြန်လာတဲ့ ကလေးတွေကို ဆီးကြိုနှုတ်ဆက်စရာ စကားလေးတွေ…

How’s your school day?
What is the best part of your day?
Are you happy at school?
How’s your meal?
How’s your friends?

ဒါလေးတွေကတော့ နေ့စဉ်သုံး စကား လွယ်လွယ်လေးတွေပါ…

Put your cap
Take out your shoes
Put back your shoes
Tie your shoelace
Carry your bag
Bring your water bottle
Drink more water
Clap your hand…
Oh you are yawning…
Are you sleepy?
What happened?
How about me..?
Pass it to him / Pass it to me..
Move a bit
Don’t push me/ him
Don’t push the chair
Stand up / sit down
Put it back
Put properly…
Don’t be naughty
Let’s eat out…

ကိုယ်မှတ်မိသလောက် Small Talk လေးတွေ ရေးထားပါတယ်…။ ကလေးငယ်လေးတွေ ရှိတဲ့ မိဘတွေအတွက် အနည်းနဲ့ အများတော့ အသုံးဝင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်…။




မှတ်ချက် - ဒီပိုစ့်ကို ရေးဖြစ်အောင် တိုက်တွန်းခဲ့တဲ့ စာရေးဖေါ် ကိုသီဟသစ် (အားမန်သစ်) ကို ကျေးဇူးတင်ပါတယ်။ ဒီတပတ်ထွက်တဲ့ ကလေးဂျာနယ်မှာ ဖေါ်ပြပြီး ဖြစ်ပါတယ်…။