Sunday, April 20, 2014

သီရိလင်္ကာ ခရီးစဉ် (၅)

စွယ်တော်ဖူးပြီး အပြန်မှာ မနေ့က ဆိုင်လေးမှာပဲ မနက်စာ ဝင်စားကြပါတယ်။ ထုံးစံအတိုင်း နံပြား၊ ပလာတာ၊ တိုရှည် နဲ့ ကြက်သား အာလူးဟင်း၊ ဘာခေါ်မှန်းမသိတဲ့ ပလာတာ နုတ်နုတ်စင်းကြော်။ ကျွန်မကတော့ အဲဒါတွေ မစားတတ်တာမို့ ဘယာကြော်နဲ့ ကမ္ဘာ့အချိုဆုံး လဖက်ရည်ကို သောက်နိုင်သလောက် သောက်ပြီး ခဏပြန်နားကြပါတယ်။ နားပြီးရင်တော့ မြတ်စွာဘုရား ခြေတော်ရာ ချန်ခဲ့တဲ့ ဘုရားကိုဖူးဖို့ ဟိုး တောင်ပေါ်မြို့လေးကို သွားကြမယ်လို့ ဆိုပါတယ်။ ကျွန်မကတော့ တောင်ပေါ် ဆိုတဲ့အသံကြားတာနဲ့ အလိုလို ပျော်နေမိတယ်။ မြေပြန့်နဲ့မတူ သိသိသာသာ ကွဲပြားခြားနားစွာ လှပတဲ့ မြင်ကွင်းတွေရယ်၊ လင်းလက်တဲ့ နေရောင်ခြည်အောက်မှာ အေးစိမ့်စိမ့်လေး ဖြစ်နေတတ်တဲ့ ရာသီဥတုရယ်၊ ပြီးတော့ ကျွန်မချစ်တဲ့ တိမ်တွေနဲ့ အနီးကပ် ဆုံတွေ့ရတတ်တဲ့ အဲဒီ တောင်ပေါ်မြို့တွေဟာ ကျွန်မရဲ့ All time favourite တွေပါ။

ဒါတွေကတော့ တောင်ပေါ်အတက် လမ်းကလေးတွေပါ။

နွေဦးက ခြောက်သွေ့သလို ထင်ရပေမဲ့ သူ့နည်းသူ့ဟန်နဲ့တော့ သိပ်လှနေတာပါပဲ။
ဒါကတော့ မြတ်စွာဘုရား ခြေတော်ရာ ချန်ခဲ့တဲ့ ဘုရား လို့ သိရပါတယ်။ နေသိပ်ပူတော့ အကြာကြီးထိုင်မဖူးနိုင်ခဲ့ပါဘူး။ လူတစ်စုကတော့ စေတီကို ထုံးသင်္ကန်း အသစ် ကပ်လှူနေကြတာကို တွေ့ခဲ့ရပါတယ်။ (ပုံထဲမှာ ကြည့်ရင် သေးသေးလေး မြင်နိုင်ပါတယ်) ဒီလောက် ခြစ်ခြစ်တောက် ပူတဲ့နေရောင်အောက်မှာ ထုံးသင်္ကန်းလှူနေကြသူတွေရဲ့ သဒ္ဗါတရားနဲ့ သူတို့ရဲ့ ကုသိုလ်တွေအတွက် သာဓုသုံးကြိမ် ခေါ်မိပါတယ်။ 
ဗစ်တိုးရီးယား ရေကာတာပါ။ သီရိလကာင်္နိုင်ငံရဲ့ အကြီးဆုံး ရေကာတာ တစ်ခုဖြစ်ပြီး နိုင်ငံအတွက် ရေအားလျှပ်စစ် အများဆုံး ထုတ်ပေးတဲ့ ရေကာတာကြီးပါ။ အဲဒီကိုရောက်တော့ ညနေ သုံးနာရီခွဲ… နေသိပ်ပူနေလို့ ကားပေါ်က မဆင်းတော့ပဲ လှမ်းရိုက်လိုက်တဲ့ပုံတွေပါ။
မနက်ကလည်း အစောကြီးထခဲ့ရတာမို့ လူကြီးတွေလည်း တော်တော်လေး ပင်ပန်းနေကြပြီ။ ဒီတော့ ဘုရားဖူးပြီး ပြန်နားကြမယ်လို့ စီစဉ်လိုက်ပါတယ်။ ဒါ အပြန်လမ်းပါ။ တောင်တွေကို ကွေ့ကာ ပတ်ကာ ဖေါက်ထားတဲ့ လမ်းတွေပေမဲ့ ကားမောင်းသူက ကျွမ်းကျင်ပြီး စိတ်ရှည်တော့ စိတ်ချလက်ချ နဲ့ သက်တောင့်သက်သာ စီးလို့ရခဲ့ပါတယ်။ 
ဗောဓိညောင်ပင်ရဲ့ နွေဦးအလှ၊ ညောင်ရွက်လေးတွေ လေထဲမှာ တဖျတ်ဖျတ် လှုပ်ခတ်နေတာကို ကြည့်ပြီး ဆည်းလည်းလှိုက်သံကို သတိရမိပါတယ်။
တောင်ပေါ်ကအဆင်း အပြန်လမ်းမှာ ခဏနားရင်း အအေးတို့ သစ်သီးတို့ အပြင် လှမ်းတွေ့နေရတဲ့ ပြောင်းခင်းထဲက လတ်လတ်ဆတ်ဆတ် ချိုးထားတဲ့ ပြောင်းဖူးတွေကို မီးဖိုပြီး ချက်ချင်း ပြုတ်ရောင်းတဲ့ ဆိုင်လေးတစ်ဆိုင်မှာ ပြောင်းဖူးပြုတ် ဝင်စားကြသေးတယ်။ သူတို့က ပြောင်းဖူးပြုတ်ကို မစားခင်မှာ ဆားရည်ထဲကို စိမ်ပေးတယ်။ ဒီမှာစားရတဲ့ Sweet Corn တွေလို မချိုသော်လည်း သဘာဝအတိုင်း လတ်ဆတ်တာမို့ စားလို့ ကောင်းပါတယ်။ ဒါကတော့ အဲဒီ ဆိုင်ဘေးမှာ တွေ့ခဲ့တဲ့ စပါးခင်းလေးပါ။ စပါးပင်ကို နီးနီးကပ်ကပ် မတွေ့မမြင်ရတာ တော်တော်ကြီးကို ကြာနေပြီမို့ အခုလိုတွေ့တော့ ဝမ်းသာပြီး ဓါတ်ပုံ ရိုက်ခဲ့ပါတယ်။ 
ဒါကတော့ ကန္ဒီမြို့ထဲကို ပြန်ဝင်လာတဲ့ လမ်းမကြီးပါ။ ဟိုးတောင်ပေါ်မှာ ထုံးသင်္ကန်းနဲ့ ရုပ်ပွားတော်ကြီးတစ်ဆူကို လှမ်းပြီး ဖူးမျှော်နိုင်ပါတယ်။
တိမ်တွေက သိပ်လှတာပဲလို့ ကိုယ်ပြောရင် မင်း ယုံလိုက်ပါ။ (တိမ်နဲ့ ချည်တဲ့ကြိုး - ဂျူး)
မနက်ဖြန်ကျရင် လဖက်ခင်းတွေရှိတဲ့ တောင်ပေါ်မြို့လေးတစ်မြို့ကို သွားလည်ပါအုံးမယ်။ အဲဒီဖက်မှာ လဖက်ခင်းတွေအပြင် Little England ဆိုတဲ့ နေရာလေးရယ်၊ မယ်သီတာကို ဒဿဂီရိ က ခိုးယူလာပြီး ဖွက်ထားခဲ့တဲ့နေရာရယ်ကိုပါ သွားကြဖို့ စီစဉ်ထားပါတယ်။ ကျွန်မနဲ့ အတူတူ လိုက်လည်ကြပါအုံးနော်…။



- ၂၀၁၅ အောက်တိုဘာလထုတ် Living Fashion Magazine တွင် ဖေါ်ပြပြီး ဖြစ်သည်

Thanks Note - ကျွန်မ အရင်ပို့စ်တွေမှာ Kandy ဆိုတဲ့ မြို့နာမည်ကို ကန်ဒီလို့ပဲ ရေးနေခဲ့မိတာ။ တနေ့ကမှ မိတ်ဆွေတစ်ယောက်က စာလုံးပေါင်းအမှန်က ကန္ဒီ ဖြစ်ရမယ်လို့ လှမ်းပြောလာပါတယ်။ အဲဒါကြောင့် အခု ပြင်ရေးလိုက်ပါပြီ၊ ရေးပြီးခဲ့တဲ့ ပိုစ့်အဟောင်းတွေမှာလည်း လိုက်ပြင်ပါ့မယ်။ စာလုံးပေါင်း အမှန်ကို ပြောပြပေးတဲ့အတွက် ကျေးဇူးအကြီးကြီးတင်ပါတယ်နော်။း)

Tuesday, April 8, 2014

သီရိလင်္ကာ ခရီးစဉ် (၄)

အိပ်ရာက အစောကြီးထ၊ ရေချိုး ကော်ဖီသောက်ပြီး၊ အင်္ကျီအဖြူနဲ့ ဘောင်းဘီအဖြူဝတ်၊ လူကြီးတွေကတော့ အင်္ကျီအဖြူနဲ့ လုံချည်၊ ပုဆိုး အဖြူ၊ ပုဝါအဖြူတွေနဲ့ ဖွေးဖွေးလှုပ်နေတဲ့ အဖွဲ့… စွယ်တော်ဖူးဖို့ မနက် ငါးနာရီမှာ အဆင်သင့် ဖြစ်နေကြပါပြီ။
 

စွယ်တော်ကျောင်းဝင်းရှေ့ကို ရောက်တော့ မနက် ငါးနာရီခွဲကာနီးပြီ။ မီးအလင်းရောင် ၀ါကျင်ကျင်လေးအောက်မှာ တွေ့ရတဲ့ စွယ်တော်ကျောင်း။
ဘုရားမှာ ကပ်ဖို့ ကျောင်း အ၀င်ဝမှာ ရောင်းနေတဲ့ ကြာပန်းတွေ ဝယ်ကြတယ်။ “ကြာဖြူ ကြာနီ ကြာညိုနှောလို့ တို့လယ်တောမှာ ပွင့်ကြတယ်…” ဆိုတဲ့ ကဗျာလေးကို သတိတရဖြစ်ရအောင်ပဲ အရောင်စုံ ကြာပန်းတွေက သိပ်လှပါတယ်။ ပြီးတော့ ဒီမှာ တွေ့ရခဲတဲ့ အင်ကြင်းပန်းပွင့် အကြီးကြီးတွေ၊ လှလိုက်တာဆိုတာ ဘယ်လိုပြောပြရမှန်းတောင် မသိဘူး။ ဒီမှာကြည့်ပါအုံး…
ဒါကတော့ စွယ်တော်ကျောင်းထဲအဝင် လမ်းကလေးရဲ့ အမိုးခုံးလေးပါ။
စကားစပ်လို့ ပြောပြရရင် စွယ်တော်ကျောင်းဟာ ဘုရားဖူးတွေအတွက် တစ်ရက်ကို သုံးကြိမ် ဖူးခွင့်ပေးပါတယ်။ အခုလို မနက်အာရုံ တစ်ချိန်၊ နေ့လည် တစ်ချိန်နဲ့ ညနေပိုင်း တစ်ချိန်ပါ။ ပြီးတော့ အ၀င်အထွက် လုံခြုံရေးအတွက် တော်တော်လေး ကြပ်ကြပ်မတ်မတ်နဲ့ စည်းကမ်းတကျ ရှိတာကို တွေ့ရပါတယ်။ ရပ်နီးရပ်ဝေး ဘုရားဖူးတွေကလည်း နေ့စဉ် အရမ်းများတာကိုး။ သေသေချာချာ စစ်ဆေးပြီးမှ အမျိုးသားတွေက တစ်ခြမ်း၊ အမျိုးသမီးတွေက တစ်ခြမ်း သပ်သပ်စီ ဝင်ကြရပါတယ်။ စွယ်တော်ကျောင်းအကြောင်း ပြည့်ပြည့်စုံစုံ ဖတ်ချင်ရင်တော့ Temple of Tooth – Sri Lanka လို့ Google မှာ ရှာလို့ရပါတယ်။
စွယ်တော်ဖူးဖို့ ကိုယ့်ထက်အရင် အစောကြီး ကြိုရောက်နေနှင့်ကြတဲ့ ဘုရားဖူးတွေ။
ဆွမ်းအုပ်ပုံ စတီးလ်ခွက်ကလေးတွေ၊ ကြွေခွက်ကလေးတွေ၊ မြေခွက်ကလေးတွေနဲ့ ဆွမ်းကပ်ကြပြီး ပန်းတွေကိုတော့ အပွင့်လိုက် ခြွေပြီး ကပ်ထားတာ တွေ့ရပါတယ်။

ဒါကတော့ စွယ်တော် ကိန်းဝပ်စံပါယ်ရာ နေရာကို အပြင်ဖက်က တွေ့ရတဲ့ပုံပါ။ အထဲမှာတော့ ဓါတ်ပုံရိုက်ခွင့်မပြုပါဘူး။ ညာဖက်ခြမ်းကနေ တန်းစီပြီး ဝင်၊ ပြီးတော့ စွယ်တော်ကို ဆယ်စက္ကန့် လောက် အာရုံပြုပြီး ဖူး၊ ပြီးတာနဲ့ ဘယ်ဖက်ပေါက်ကနေ ပြန်ထွက်ပဲ။ မွေးကင်းစ ကလေးငယ်လေးတွေနဲ့ လသားအရွယ် ကလေးငယ်လေးတွေကို ချီပိုးထားတဲ့ အမျိုးသမီးတွေကိုတော့ တစ်စု စုထားပြီး သပ်သပ် ဝင်ဖူးခွင့်ပြုတာ တွေ့ရပါတယ်။ အခု ပုံမှာတွေ့ရတဲ့ လေးထောင့် အကာအရံထဲမှာထိုင်နေတဲ့ ဘုရားဖူးတွေကတော့ သူတို့ဆီက VIP တွေလို့ ယူဆရပါတယ်။ အေးအေးလူလူ ထိုင်ပြီး ဘုရားဖူးခွင့်ရကြတယ် ဆိုပါတော့။
ဒါကတော့ စွယ်တော်ကျောင်းတိုက်ထဲက တစ်နေရာပါ။ Shrine Area လို့ ရေးထားတာ တွေ့ရပါတယ်။
Shrine Area ကို တည့်တည်ရအောင် သေသေချာချာ ချိန်ရိုက်တာ စောင်းဖြစ်အောင် စောင်းသွားသေးတယ်။ (ဂါးးးးးးးးးးးးးးးးးးးးးး လို့ အော်ချင်လိုက်တာ)
ဘုရားဖူးပြီး အပြင်ရောက်တော့ မိုးလင်းစပြုနေပြီ။ ဒါကတော့ ကျောင်းဝင်းထဲက နေရာ တစ်ချို့ပါ။
အလင်းရောင်အောက်က စွယ်တော်ကျောင်း။
ဒါကတော့ ကျောင်းဝင်း တစ်နေရာပါ။
စွယ်တော်ကျောင်းက အပြန် ခဏနားပြီး တောင်ပေါ်မြို့လေးတစ်မြို့ကို ဆက်သွားဖြစ်ပါတယ်။ အဲဒါပါ ဆက်ရေးလိုက်ရင် ဓါတ်ပုံတွေ သိပ်များသွားမှာစိုးလို့ ဒီနေရာမှာပဲ ရပ်ထားလိုက်မယ်နော်။ နောက်တစ်ပိုစ့်ကို မြန်မြန် ဆက်တင်ပါ့မယ်။


- ၂၀၁၅ စက်တင်ဘာလထုတ် Living Fashion Magazine တွင် ဖေါ်ပြပြီး ဖြစ်သည်

Monday, April 7, 2014

သီရိလင်္ကာ ခရီးစဉ် (၃)

ဒီနေ့အတွက် အစီအစဉ်ကတော့ အခုရောက်နေတဲ့ အနုရဓပူရမြို့ကနေပြီး ကန်ဒီဆိုတဲ့ မြို့လေးကို ခရီးဆက်ဖို့ပါ။ အဲဒီ ကန်ဒီ (Kandy) ဆိုတဲ့မြို့လေးက သီရိလင်္ကာနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ ဖြစ်ပါတယ်။ လဖက်စိုက်ခင်းတွေ အများကြီးတဲ့ ချစ်စရာ တောင်ပေါ်မြို့ကလေး တစ်မြို့ဖြစ်ပြီး မြတ်စွာဘုရားရဲ့ စွယ်တော် ကိန်းဝပ်စံပါယ်ရာမြို့ဖြစ်လို့ နာမည်ကျော်ကြား လူသိများပါတယ်။ ဗုဒ္ဗဘာသာဝင်တွေ မရောက်မဖြစ် ရောက်သင့်တဲ့ နေရာလို့ ဆိုကြပါတယ်။

မနက်စောစော အိပ်ရာထ၊ မနီးမဝေးက ဆိုင်လေးမှာ ပလာတာ နံပြား တိုရှည်နဲ့ ကြက်သားဟင်း၊ ဘယာကြော်၊ ပလာတာကို နုတ်နုတ်စင်းနဲ့ ကြက်သားကြော် နုတ်နုတ်စင်းကို ဂေါ်ဖီထုပ်၊ ကြက်သွန်နီတို့နဲ့ ပြန်ကြော်ထားတဲ့ အမည်မခေါ်တတ်တဲ့ ပလာတာကြော်၊ ပြီးတော့ အင်မတိ အင်မတန်ချိုတဲ့ လဖက်ရည်ကို သောက်နိုင်သလောက် သောက်ပြီး ခရီးဆက်ဖို့ ပြင်ဆင်ပါတယ်။ ကုန်းလမ်းခရီး ဖြစ်ပြီး ကားမပိတ်ရင် လေးနာရီကနေ ငါးနာရီကြား မောင်းရတယ်လို့ သိရပါတယ်။ သို့သော် အသွား လမ်းတလျှောက်မှာရှိတဲ့ ဘုရားတွေကို အေးအေးဆေးဆေး ဝင်ဖူးသွားကြမယ်၊ ကန်ဒီမြို့ကို ညနေစောင်းမှ ရောက်မယ်လို့ Tour Guide က ပြောပါတယ်။

အသွားလမ်းမှာ Dambulla ဆိုတဲ့ မြို့က နာမည်ကြီး ပန်းခြံတစ်ခုကို ဝင်ပါတယ်။ ပန်းခြံဆိုသော်လည်း ပန်းတွေ အများကြီးတော့ မရှိပါဘူး။ ဒါပေမဲ့ စိမ်းစိမ်းစိုစို၊ ကျယ်ကျယ်ဝန်းဝန်း သာသာယာယာနဲ့ ကားတွေ ကားတွေနဲ့ လာလည်တဲ့လူတွေလည်း အများကြီးပါပဲ။ ဒါကတော့ အဲဒီ Park ထဲက လမ်းကလေးပါ။
ဒီနေရာလေးကတော့ မင်္ဂလာမောင်နှံတွေ အမှတ်တရ အလှ ဓါတ်ပုံလာရိုက်လေ့ရှိတဲ့ နေရာလို့ သိရပါတယ်။ ကျွန်မတို့ရောက်တဲ့ အချိန်မှာကိုပဲ သတို့သား သတို့သမီးစုံတွဲတွေ ဓါတ်ပုံရိုက်နေကြတာကို တွေ့ခဲ့ရပါသေးတယ်။
အဲဒီ ပန်းခြံထဲမှာ ရိုက်ဖြစ်ခဲ့တဲ့ ချစ်စရာ ပန်းကလေးတစ်ပွင့်ပါ။
အဲဒီပန်းခြံနဲ့ မနီးမဝေးမှာတွေ့ခဲ့ရတဲ့ ကျောက်တောင် အကြီးကြီးပါ။ Sigiriya လို့ အမည်ရပါတယ်။ အရှေ့မှာ မြင်နေရတာကတော့ ကြာပင်တွေ ပြည့်နေတဲ့ ရေကန်ကြီးပါ။
ဒါကတော့ Dambulla မြို့မှာရှိတဲ့ Golden Rock Temple ပါ။ Cave Temple လို့လည်း ခေါ်ကြပါတယ်။ တောင်ကုန်းအမြင့်ပေါ်မှာ တည်ထားတဲ့ ဆင်းတုတော် အကြီးကြီးပါ။
ဒီဖက်ဘေးက ရိုက်လို့ ပိုလှတယ်။
ဒါကလည်း တောင်ကုန်းပေါ်မှာ တည်ထားတဲ့ ဆင်းတုတော် နောက်တစ်ခုပါ။ အဝေးကနေပဲ လှမ်းပြီး ဖူးခဲ့ပါတယ်။ ဘုရားနာမည် မှတ်လာတာ အခု ပြန်ရှာတော့ မတွေ့တော့ဘူး။ ဆောရီး...
လမ်းတလျောက်မှာ ထူးအိမ်သင်ရဲ့ နွေဦးကံ့ကော်နဲ့ ကိုအောင်ရဲ့ နွေဦးပုံပြင်သီချင်းကို တလှည့်စီ နားထောင်ရင်း မြင်ကွင်းထဲကို တန်းတန်းမတ်မတ် ရောက်လာတဲ့ နွေဦးရဲ့ အလှတစ်ချို့ပါ။
ဒါကတော့ စတုတ္ထအကြိမ် သံဃာယနာ တင်ခဲ့တဲ့နေရာလို့ သိရပါတယ်။ သက်တမ်းရင့် ကျောက်တောင်ကြီးတွေ ဝိုင်းရံပြီး အေးစိမ့်သာယာတဲ့ နေရာတစ်ခုပါ။
ဒါကတော့ English Dhamma School လို့ နာမည်ပေးထားပေမဲ့ တကယ်တော့ ရှေးဟောင်းပြတိုက်လို နေရာတစ်ခုပါ။ အထဲမှာ ပိဋကတ်သုံးပုံနဲ့အတူ ပေရွက်တွေရယ်၊ ရှေးဟောင်းပစ္စည်းတစ်ချို့ရယ်ကိုလည်း တွေ့ခဲ့ရပါတယ်။
ဒါကတော့ အလှူပါဝင်လို့ ပေရွက်ပေါ်မှာ နာမည်ရေးပေးနေတာပါ။ နှစ်ပေါင်း နှစ်ရာကျော်အထိ မပျက်မစီးပဲ ခိုင်ခံ့စွာ စွဲထင်နေမှာလို့လည်း ပြောလိုက်ပါသေးတယ်။
ဒါကတော့ အဲဒီနေရာကနေ အောက်ကို ငုံ့ကြည့်မိတုန်း ရိုက်လိုက်တဲ့ပုံပါ။ တော်တော်တော့ မြင့်သား…
လမ်းမှာ ဖူးစရာ ဘုရားတွေဖူးပြီးလို့ ကန်ဒီမြို့ကို အသွား လမ်းတစ်နေရာပါ။ ဘေးနားက အသီးဆိုင်လေးမှာ ကားရပ်ပြီး ခဏနားဖြစ်သေးတယ်။ လမ်းသွားရင်း စားရအောင်ဆိုပြီး ပန်းသီး လိမ်မော်သီး နာနတ်သီးတွေ အပြင် ဒူးရင်းသီး၊ ဥသျှစ်သီးတွေပါ ဝယ်လာပါသေးတယ်။
ည မမှောင်ခင်မှာ ကန်ဒီမြို့ကို ရောက်ပါတယ်။ မြို့ထဲကို ရောက်ရောက်ချင်း KFC ဆိုင်ကို လှမ်းတွေ့တော့ ပါးစပ်က အငြိမ်မနေနိုင်ပဲ ဟော… ဟိုမှာ KFC လို့ အားရဝမ်းသာ အော်လိုက်မိတယ်။ မတွေ့ရတာက သုံးရက်ကျော် လေးရက် ဆိုတော့ ရုတ်တရက် တွေ့လိုက်ရချိန်မှာ အဲလို အသံထွက်သွားတယ်။ အဲဒါကို ကြားတဲ့ ကျွန်မတို့နဲ့ အတူတူ ခရီးသွားဖေါ် အန်ကယ်ကြီးက သမီးက KFC စားချင်နေတာကိုးလို့ ပြောလည်း ပြော၊ ကားကိုလည်း ရပ်ခိုင်းပြီး၊ သူတို့ပါ KFC လိုက်စားပေးပါတယ်။ ဟာ… ရပါတယ်… ကိစ္စမရှိပါဘူး… တခြားဟာ စားပါ့မယ်… လို့ အတန်တန် ငြင်းပေမဲ့ မရတော့ပါဘူး။ ဒီလိုနဲ့ ဖေဖေ မေမေ အပါအဝင် အသက် ခုနှစ်ဆယ်ကျော် ရှစ်ဆယ်နီးနီး လူကြီးတွေ ကျွန်မရဲ့ ကောင်းမှုကြောင့် KFC က ကြက်သားကြော် မာခြောက်ခြောက်ကို Pepsi နဲ့ မျှောချကြရတဲ့ ညနေစာ ဖြစ်သွားပါတယ်…။ အမှတ်တရပါပဲ။

KFC စားနေတုန်းမှာ ဒီည စောစောအိပ်ရမယ်၊ မနက်ကျ လေးနာရီခွဲ ထပြီး စွယ်တော်ဖူးဖို့ သွားရမယ်လို့ Tour Guide က ပြောပါတယ်။ စောနိုင်သမျှ စောစောသွားမှ အဆင်ပြေမယ်၊ နောက်ကျတာနဲ့အမျှ လူတွေများပြီး ကိုယ့်အလှည့်ရောက်ဖို့ အကြာကြီး စောင့်ရတတ်တယ်လို့လည်း ရှင်းပြပါတယ်။ မနက်ဖြန်ဝတ်ရမဲ့ ဝတ်စုံကတော့ အင်္ကျီအဖြူ ဘောင်းဘီအဖြူပေါ့…။ ကျွန်မနဲ့ အတူ စွယ်တော် လိုက်ဖူးဖို့ အိပ်ရာ စောစော ထကြပါ၊ ပြီးတော့ အဖြူရောင် ဝတ်စုံလေး ဝတ်ရမယ်ဆိုတာလည်း မမေ့နဲ့အုံးနော်...။


- ၂၀၁၅ သြဂုတ်လထုတ် Living Fashion Magazine တွင် ဖေါ်ပြပြီး ဖြစ်သည်