Sunday, August 31, 2014

Blog Day အမှတ်တရပိုစ့်


ဘလော့ဂါ သက်တမ်း ခုနှစ်နှစ်နီးပါးရှိခဲ့ပြီ။

မျက်နှာစာအုပ် မပေါ်သေးခင် ဘလော့ဂ်များ ခေတ်ကောင်းချိန် အစောပိုင်းကာလများမှာ ဘလော့ဂါတစ်ယောက်အဖြစ် အလွန် တက်တက်ကြွကြွ ရှိခဲ့ဖူးသည်။ အချိန်ရှိတိုင်း ကိုယ့်ဘလောဂ့်မှာ ဘာလေး ရေးရပါ့မလဲ ဟု တွေးနေခဲ့ဖူးသည်။ အလုပ်တစ်ဖက်၊ မိသားစုတာဝန်က တစ်ဖက်၊ အခြားသော လူမှုရေး ဝေယျာဝစ္စများကြားမှ မပျက်မကွက် ဘလော့ဂင်းနိုင်ရန် အိပ်ချိန်ကို လျှော့ချခဲ့ရဖူးသည်။ သောကြာ၊ စနေညမျိုးမှာ ကော်ဖီပြင်းပြင်းတစ်ခွက် ဘေးနားချရင်း ဘလော့ဂ်စာမျက်နှာများပေါ်မှာ တစ်ညလုံးနီးပါး မအိပ်မနေ အချိန်ပေးခဲ့ဖူးသည်။ နည်းပညာပိုင်းဆိုင်ရာကျွမ်းကျင်မှု အားနည်းသောကြောင့် မတော်တဆ ဘလော့ဂ် Template မှာ အမှားအယွင်း ဖြစ်သွားချိန်၊Cbox ပျောက်သွားချိန်၊ စာလုံးများ မညီမညာ ဖြစ်သွားချိန်များမှာ ကိုယ့် ဘလောဂ်လေးအတွက် စိုးရိမ်စိတ်က ငယ်ထိပ်ရောက်ပြီး မစားနိုင် မအိပ်နိုင်လည်း ဖြစ်ခဲ့ဖူးသည်။ ရသမျှအချိန်တိုင်းမှာ တစ်ဘလော့ဂ်ဝင် တစ်ဘလော့ဂ်ထွက် လိုက်လည်၊ စာဖတ်၊ မှတ်ချက်ရေးခဲ့ဖူးသည်။ Cbox ဟု ခေါ်သော Chat box များမှာ သူများတွေ စကားပြောနေကြသည်ကို ခဖ၀ရ* လုပ်ခဲ့ဖူးသည်။ နောက်ပိုင်း ထို Cbox များမှာ ကိုယ်နဲ့ မျက်မှန်းတန်းမိပြီး အတန်အသင့် ရင်းနှီးသောသူ တစ်ယောက်စ နှစ်ယောက်စ တွေ့ပါက စကားနည်းနည်းပါးပါး ဝင်ပြောဖြစ်သည်။ ထို့အပြင် သီချင်းစာသားများကို စိတ်ရှည်လက်ရှည် ရေးသားကာ တစ်ယောက် တစ်ပေါက် သီချင်းဆိုခဲ့ကြဖူးသည်။

ရေးထားသောစာ အသွားအလာနှင့် ကလောင်နာမည်ပေါ် မူတည်၍ အနှီဘလော့ဂါ သည် ကျားလော မလော၊ မည်သည့် တိုင်းပြည်တွင် အခြေချ နေထိုင်သနည်း၊ မည်သို့သော အလုပ်အကိုင်ဖြင့် အသက်မွေးဝမ်းကျောင်းပြုသနည်း၊ သူ့အသက် မည်၍ မည်မျှရှိနိုင်မည်နည်း၊ ကိုယ့်ထက် ကြီးသူလော ငယ်သူလော တို့ မှ အစချီကာ အိမ်ထောင်ရှိသူလော မရှိသူလော၊ ဘာညာ သာရကာ… အစရှိသည်ဖြင့် စုစုစပ်စပ် ခန့်မှန်းခဲ့ဖူးသည်။ အတန်အသင့်ရင်းနှီးသော ဘလော့ဂါတစ်ချို့နှင့် တိုးတိုးတိတ်တိတ် အဖြေတိုက်ခဲ့ရဖူးသည်။ ကိုယ်မှန်းဆထားသည်မှာ မှန်နေလျှင် ပျော်ရွှင်ခဲ့ရသည်။

ဟိုး အစောကြီးထဲက ကိုယ်က တစ်ဖက်သတ် သိနေသော မမခင်ဦးမေကို လူရွှင်တော်တစ်ယောက် လေသံမျိုဖြင့် သိနေတယ်လေ ဟု ပြောပြီး မကြာခဏ သွား စခဲ့ နောက်ခဲ့ ဖူးသည်။ အမ စိတ်တိုသည်ကိုတွေ့လျှင် တိတ်တိတ်ကလေး ပျော်ရွှင်ရယ်မောခဲ့ဖူးသည်။ (သက်ဝေတို့ ဆိုးချက်) ကိုအောင်သာငယ်ကို ငယ်ငယ်ကအကြောင်း အနည်းငယ် အစဖေါ်ပေးကာ သက်ဝေ ဘယ်သူလဲ သိလား ဟု ပဟေဠိ လုပ်ခဲ့ဖူးသည်။ ကေသွယ့်ကိုလည်း ကေနဲ့ တို့ တွေ့ဖူးကြတယ်နော် မှတ်မိလား ဟု လှမ်းပြောခဲ့ဖူးသည်။ ပန်ဒိုရာကတော့ အနီးဆုံးသူမို့ ကိုယ် ဘယ်သူ ဆိုတာ အချိန်အတော်ကြာမှ (ရှက်ရှက်နှင့်) ဖွင့်ပြောခဲ့ရသည်။ ငယ်သူငယ်ချင်း ချစ်ကြည်အေးကို မိုက်ဖေါ်မိုက်ဖက် တစ်ယောက်တော့ တိုးပဟ ဟုဆိုပြီး ဘလော့တစ်ခု ဖွင့်ပေးခဲ့သည်။ တန်ခူး၊ တီတီဆွိ၊ မသီတာ နှင့် စုချစ်သူတို့ကို သူငယ်ချင်းအရင်းကြီးတွေလေ ဟု ပြောင်ချော်ချော် သွားပြောပြီး ပဟေဠိ လုပ်ခဲ့ဖူးသည်။ နောက်မှ ပြန်သိရသည်မှာ သူတို့ကလည်း ကိုယ် ဘယ်သူဆိုတာ တိတိကျကျ မှန်မှန်ကန်ကန် ခန့်မှန်းပြီးသား၊ သိနေပြီးသားတဲ့။ ((((တိန်))))

အနည်းငယ် ပါစင်နယ်ဆန်သော Tag Post များရေးကြရင်း သူ့အကြောင်း ကိုယ့်အကြောင်း၊ သူ့အကြိုက် ကိုယ့်အကြိုက်၊ သူ့ဝါသနာ ကိုယ့်ဝါသနာ…အစရှိသည်တို့ တစ်စ တစ်စ ပေါ်လွင်လာခဲ့သည်။ ဘယ်သူက ဘယ်နိုင်ငံမှာနေသည်ကို သိလာခဲ့သည်။ဘယ်သူက မကြာခဏ ခေါင်းကိုက်တတ်သလဲ သိနေကြသည်။ သောက်စရာ ဆေးအမည် လှမ်းပြောတတ်ကြသည်။ ကိုယ် မီးပူတိုက် အလွန်ပျင်းတာ သူတို့တွေ သိကုန်ကြသလို နေ့လည်စာကို ရုံးမှာ ထမင်းမစားပဲ ပန်းသီးနဲ့ ကော်ဖီ၊ ဘီစကစ် သာ စားသည်ကိုလည်း သိကုန်ကြသည်။ နေထိုင်မကောင်းဖြစ်လည်း သိကြသည်။ အလုပ်များပြီး စာမရေးနိုင်လျှင်လည်း တစ်ယောက် တစ်ယောက် သတင်းမေးကြသည်။ ထိုစဉ်က ပွင့်လင်းမြင်သာသော ကာလ မဟုတ်သေးသောကြောင့် တချို့ကိစ္စများမှာ အချင်းချင်း သဘောထား ကွဲလွဲတတ်ကြသည်။ ကော်မန့်များမှ တစ်ဆင့် ငြင်းခုန်ကြသည်။ စကားနိုင်လုကြသည်။ ပြီးတော့လည်း ပြေပြေလည်လည် ပြန်ဖြစ်ကြသည်။ ဘာပဲဖြစ်ဖြစ် များစွာ ပျော်ရွှင်ဖွယ်ရာကောင်းလှသော၊ လွမ်းဆွတ်ဖွယ်ကောင်းလှသော အချိန်များ ဖြစ်ပါသည်။

ဘလော့ဂ်တကာမှ Banner များကို ကော်ပီကူးကာ နောက်တစ်နေ့တွင် ကော်မန့်ရေးကာ လာရွေးခိုင်းပြီး ဘလော့ဂ် ကျီးမနိုးပွဲ ကျင်းပဖူးသည်။ သကြံန်အချိန်များတွင် ဘလော့ဂ်တွေမှာ သင်္ကြန်သံချပ်အတွက် မဏ္ဍပ်ဖွင့်ကြသည်။ ဓါတ်ပုံများမှ တဆင့် စတုဒီသာ ကျွေးကြသည်။ ထိုအချိန်က ကလောင်စွမ်းထက်လှသော၊ အသောအထေ့ ပိုင်နိုင်လှသော သံချပ်ပေါင်း အမြောက်အများ ဖတ်ခဲ့ကြရသည်။ သီတင်းကျွတ်ဆိုလျှင် ကြီးသူတွေကို ငယ်သူတွေက ဘလော့ဂ်တစ်ကာ လိုက်လည်ကာ ကန်တော့တတ်ကြသေးသည်၊ မုန့်ဖိုးများလည်း တောင်းတတ်ကြသေးသည်။ ဧပြီလ တစ်ရက်နေ့တွင် ဘလော့ဂ်ပေါ်မှာပင် မရမက ဧပရယ်ဖူးလ် လုပ်ကြသေးသည်။ 

ထိုမျှသာမက ဒီကိုလာ ဘလော့ဂ်ပိုင်ရှင် တီဇက်အေ ခရီးတစ်ခေါက်သွားလျှင် ပိုစ့် ဆယ်ပိုစ့်မက ဖတ်ရမှန်း သိလာခဲ့သည်။ ကလူသစ် သမီးလေးမွေးသည်ကို သိပြီးနောက် သမီးနှင့် ပတ်သက်သမျှ သူ ဘာရေးရေး မပျက်မကွက် ဖတ်ခဲ့ဖူးသည်။ ကင်မရာအကြီးကြီး ထမ်းထားသော ပုံနှင့် ဘလော့ထိပ်စည်းမှာ ရေးထားသော လွတ်မြောက်ခြင်းဆိုသည်မှာ ရွေးချယ်ပိုင်ခွင့်ပင် ဖြစ်သည် ဟူသော စာသားကို နှစ်သက်ပြီး ထိုဘလော့ဂ်ပိုင်ရှင် အမကိုတော့ သတင်းကြေငြာသော အစီအစဉ်တွင် ကျွန်မ ခင်မင်းဇော်ပါရှင် ဟု ပြောနေစဉ်မှာ အရင်ဆုံး တွေ့ဖူးခဲ့သည်။ ကျွန်တော်တို့ ကျွန်မတို့သည်ဘလော့ပိုင်ရှင် ကိုအန်ဒီ တစ်ယောက် မျက်စိရှေ့တွင်ပင် သမီးတစ်ယောက်၊ သားတစ်ယောက် ထွန်းကားခဲ့သည်ကို မှတ်မိနေသည်။ စာရေးကောင်းပြီး မြန်မာစာပေကို တလေးတစားရှိလှသော မေဓါဝီ ပိုစ့်အသစ်တက်တိုင်း မှန်မှန်သွားဖတ်ခဲ့ရသည်။ မောင်မျိုး သူ့ အမေအကြောင်း၊ သူ့မိသားစုကို သတိရကြောင်းရေးလျှင် ကိုယ်ချင်းစာစိတ်ဖြင့် ဖတ်ခဲ့ရဖူးသည်။ ဝတ္ထုတိုများ အရေးကောင်းသော ပုံရိပ်ကို စာများများရေးပါဟု မကြာမကြာ သွားတိုက်တွန်းခဲ့ဖူးသည်။ အိမ်လွမ်းသော ရွှေဂျမ်း၏ လက်စွမ်းပြ ပဲပြုတ်နှင့်ငချိတ်ပေါင်းကို အနီးကပ်ရိုက်ထားသော ဓါတ်ပုံကို ကိုယ် အခုထိ မမေ့သေး။ ဂျပန်ပြည်မှနုစံကို ဂျပန်ကီမိုနိုလေးဖြင့် စိတ်ကူး ပုံဖေါ်ကြည့်ခဲ့ဖူးသည်။ ကိုအောင် ပျူနိုင်ငံ ရေးလေ့ရှိသော သရဲပိုစ့်များကို စေ့စေ့စပ်စပ် မဖတ်ရဲသောကြောင့် အမြဲတမ်း ကျော်လွှားပြီး အသာ ရှပ် ဖတ်ခဲ့ရသည်ကိုလည်း မမေ့။ ကိုယ်နှင့် တစ်တိုက်ထဲ အပေါ်ထပ် အောက်ထပ် နေသော ပြုံးပြုံးပြုံးပြုံးနှင့် ခပ်ဝဝ အနှီလူသားသည် ဘလော့ဂါ ပီတိမှန်း အိမ်ပြောင်းပြီးမှ သိခဲ့ရသည်။ (တော်သေးပါရဲ့… တော်သေးပါရဲ့…) 

ထို့အပြင် နှလုံးသားရပ်ဝန်းမှ အသံများ ဘလော့ပိုင်ရှင် ကိုဘွိုင်းဇ် သူ့ဘလော့ဂ်မှာ ကောင်မလေးပုံ တစ်ပုံတင်သည်ကို သေသေချာချာ မှတ်ထားကာ ယခုထက်တိုင် လစ်လျှင် လစ်သလို ကြပ်နေရဆဲ။ စာရေးကောင်းသော ရွာသားလေးကို စာပြန်ရေးဖို့ မကြာခဏ တိုက်တွန်းရပြီး သူ့ဘလော့ဂ်ကို ပိတ်လိုက် ဖွင့်လိုက် လုပ်နေလျှင် စိတ်တိုရဆဲ။ Cbox များတွင် သီချင်းဆိုဖေါ် ဆိုဖက် ချစ်ပေါက်ကို အပြင်မှာ မတွေ့ရသေးသော်လည်း ချစ်ခင်စွာ အမျိုးတော်ထားဆဲ။ နာမည်ရင်း ပျောက်ကာ စင်စင်ဟု အမည်တွင်နေသူ (ယခု မှုံမှုံနှင့် မောင်မောင်တို့ မိခင်) ကို ဘလော့အလည်နိုင်ဆုံး ဆု ပေးချင်စိတ်ရှိနေဆဲ။ 

ဤသို့ ဤသို့သောချစ်စဖွယ် အလေ့အထများ နှင့် အမှတ်တရ အဖြစ်အပျက်များ ဘလော့ဂ်စာမျက်နှာများပေါ်တွင် တစ်ချိန်က အမှန်တကယ် ရှိခဲ့ဖူးပါသည်။ 

ထိုအချိန်က စာရေးအသား အလွန်ကောင်းပြီး စာရေးအားလည်း ကောင်းသော ဘလော့ဂါ များအနက်က အခုအချိန်တွင် ဘယ်ဆီ ဘယ်ဝယ်ကို ရောက်နေမှန်း မသိနိုင်အောင် ပျောက်ချက်သားကောင်းလှသော စာရေးဖေါ် ဘလော့ဂါများကို သတိရမိပါသည်။ တစ်ချို့ကိုတော့ စာဆက်မရေးကြတော့သော်လည်း မျက်နှာစာအုပ်တွင် ပြန်တွေ့ရပါသည်။ ပြန်ရှာမတွေ့ပဲ ပျောက်ချင်းမလှပျောက်နေသော ကိုယ် သတိတရ ရှိနေသော ဘလော့ဂါ တစ်ချို့မှာ လေးမ၊ ကိုဇနိ မဇနိ၊ မီယာ၊ နုသွဲ့ တို့ ဖြစ်သည်။

ဘလော့ဂါများသည် သူတို့၏ ကိုယ်ပိုင်ဟန်၊သူတို့ ရေးလေ့ရှိသော အကြောင်းအရာ၊ သူတို့၏ စိတ်ဝင်စားမှုများ တစ်ဦးနှင့် တစ်ဦးမည်သို့ပင် ကွဲပြားခြားနားသည်ဖြစ်စေ ဘလော့ဂ်အပေါ် ချစ်ခင် သံယောဇဉ်ကြီးကြခြင်းမှာတော့ အားလုံး တူညီကြပါသည်။ 

သည်နေ့ Blog Day အတွက် အမှတ်တရ ပိုစ့်ကိုရေးရန် အန်တီတင့်က လွန်ခဲ့သော နှစ်ပတ်ခန့်ထဲက တိုက်တွန်း နှိုးဆော်ခဲ့ပါသည်။ မည်သည့်အကြောင်းအရာကို ဦးတည်ရေးရမှန်း မသိသောကြောင့် (ထုံးစံအတိုင်း) နောက်ဆုံးမိနစ် မရောက်မချင်း အချိန်ဆွဲနေမိပါသည်။ သို့သော် အန်တီတင့်က မရေးမချင်း မျက်နှာစာအုပ်ပေါ်တွင် တုတ်ကိုင်ပြီး စောင့်နေဟန်တူသောကြောင့် စာမပြီးမချင်း မျက်နှာစာအုပ်ပေါ်လည်း မတက်ရဲပါ။ သည်လိုနှင့် ဟိုတွေး ဒီတွေး တွေးရင်းက ဟိုး အရင်အချိန်များဆီက အရှိန်အဟုန် ကောင်းကောင်းနှင့် လှလှပပ စီးဆင်းခဲ့သော ဘလော့ဂ်များ နှင့် ဘလော့ဂါများအကြောင်း လက်လှမ်းမီသရွေ့ သတိတရကြိုးစားပမ်းစား ရေးသားလိုက်ရပါသည်။ 

ချစ်သော အန်တီတင့် ကျေနပ်လိမ့်မည်ဟု မျှော်လင့်ပါသည်။ ဒီတစ်ခါ စင်္ကာပူကို လာလျှင် မုန့်ဝယ်ကျွေးပါ အန်တီတင့်…

သက်ဝေ
(၃၁ သြဂုတ် ၂၀၁၄)

*ခဖဝရ - ခိုး ဖတ် ဝိုင်း ရယ်

Saturday, August 23, 2014

လက်ကိုင်မဲ့တံခါး

ညနေဟာ တဖြည်ဖြည်းနဲ့ အရောင်မှိန်လာတယ်။ ကောင်းကင်ဟာ မီးခိုးရောင် ဖျော့ဖျော့ ၀တ်ရုံကို အကျအန လှလှပပ ဆင်မြန်းလို့။ ရောင်စုံငှက်တွေဟာ ညနေတိုင်း သူတို့ ဆိုနေကျ ညနေခင်းတေးသွားကို အတူတူ သီဆိုရင်း အိပ်တန်းတက်ကြတယ်။ အဲဒီအချိန်မှာ ပုံတုံးတုံး သားရည်အိတ်အနက်ရောင်ကို လွယ်ပိုးထားတဲ့ မိန်မးတစ်ယောက်ကတော့ အိမ်ပြန်ချိန် မာကျူရီမီးရောင်တွေရဲ့ အောက်မှာ ခြေလှမ်းသွက်သွက်နဲ့ ရထားဘူတာဆီကို ဦးတည် လျှောက်လှမ်းလို့။ လျှောက်နေရင်းက စိတ်ပြောင်းသွားပြီး လမ်းမှာ တွေ့နေကျ စတိုးဆိုင်ကြီးထဲကို တခဏ ၀င်ရောက် ငေးမောလိုစိတ်နဲ့ ခြေလှမ်းတွေကို နောက်ပြန်လှည့်လိုက်တယ်။ တကယ်ဆို ဈေးဝယ်ကဒ် မပါ၊ အကြွေးဝယ်ကဒ် မပါ၊ လုံလောက်တဲ့ ငွေကြေးပမာဏလည်း မပါပါပဲနဲ့၊ ဘာဖြစ်လို့ ဒီလိုစိတ်ကူးရတယ်ဆိုတာ ကိုယ်တိုင် မသိလိုက်ဘူး။

ဆိုင်ကြီးထဲ ၀င်လိုက်တယ် ဆိုရင်ပဲ အေးစိမ့်နေတဲ့ လေအေးပေးစက်ရဲ့ အငွေ့အသက်နဲ့အတူ အမွှေးနံ့ ခပ်သင်းသင်းလေးက ဆီးကြိုနှုတ်ဆက်တယ်။ အပူထဲက လာခဲ့ရသူတစ်ယောက်အဖို့ တဒင်္ဂတော့ စိတ်ကျေနပ်မှုရသွားစေတာ အမှန်ပဲ။ ခန်းနားတဲ့ ဈေးဆိုင်ခန်းတွေရဲ့အ၀င်ဝ လှေခါးကြီးအရှေ့မှာ မဟော်ဂနီရောင်တောက်ပနေတဲ့ စန္ဒရားကြီးတစ်လုံးကို တွေ့ရတယ်။ သာယာငြိမ့်ငြောင်းတဲ့ တေးသွားတွေကို ကြားနာရတယ်။ အဲဒီတေးသွားတွေကို ဖန်တီးနေတဲ့သူက အနောက်တိုင်းဝတ်စုံကို အပြည့်အစုံဝတ်ထားတဲ့ လူလတ်ပိုင်း အမျိုးသားတစ်ယောက်။ စိတ်ရော ကိုယ်ပါ နှစ်မြှုပ်ပြီး သံစဉ်တွေကို လှလှပပ လွှင့်ထုတ်နေတယ်။ သူကသာ စိတ်ဝင်တစားနဲ့ ခံစားချက်အပြည့်နဲ့ တီးနေတာ၊ အနီးအပါးက ဖြတ်သန်းသွားလာနေကြတဲ့ ကြီးကြီးငယ်ငယ် အရွယ်စုံ အရောင်စုံ လူသားတွေကတော့ သူ့ကို တချက်ကလေးမှ ဂရုစိုက်မိဟန် မတူဘူး။ ကိုယ့်လိုရာတွေ ပြည့်ဝဖို့၊ ကိုယ့်ဆန္ဒတွေ ပြည့်ဝဖို့အတွက်သာ ဦးတည်နေတဲ့ ခြေလှမ်းတွေ ကိုယ်စီနဲ့။

ကြည့်ပါအုံး… ပီဇာဆိုင်က ဆိုင်ရှင်ကလည်း မှန်ပုံးထဲက သူ့ပီဇာချပ်တွေ နောက်တစ်နေ့ မကူးပဲ ဒီနေ့ အကုန်ရောင်းရဖို့ ၀ယ်သူကို ငေးမျှော်လို့။ ရေမွှေးဆိုင်က ကောင်မလေးကလည်း ရေမွှေးနမူနာပြ စက္ကူချပ်လေးတွေကိုင်ရင်း ဆိုင်ရှေ့ကနေ ဖြတ်သွားတဲ့သူတွေကို ကြော်ငြာသဘောမျိုး လှမ်းပေးလို့။ ဖိနပ်ဆိုင်က အရောင်းစာရေး ကောင်ကလေးတစ်ယောက်ကတော့ ဖိနပ်တွေကို ဖုန်သုပ်သလိုလိုနဲ့ ဆိုင်ရှေ့က ဖြတ်သွားတဲ့ စကပ်တိုဝတ် အမျိုးသမီးလေးရဲ့ အနောက်ပိုင်းကို မရဲတရဲ လှမ်းကြည့်လို့။ မိန်းကလေးဝတ်အင်္ကျီတွေ အပြည့် ချိတ်ဆွဲထားတဲ့ ဆိုင်ထဲက ဇာအင်္ကျီ အနီရောင်ဝတ် ခပ်၀၀အမျိုးသမီးကတော့ ဈေးရောင်းမကောင်းသူတို့ ထုံးစံအတိုင်း ပျင်းရိပျင်းတွဲအမူအရာနဲ့၊ တစ်ချက်တောင် သန်းဝေလိုက်သေးတယ်။ ကိုယ်တိုင်ကတော့ အဲဒီ ဈေးဆိုင်ခန်းတွေထဲ ၀င်တော့မဲ့ဆဲဆဲ ခြေလှမ်းတွေကို အသာရပ်တန့်ပြီး စန္ဒယားသံကို တခုတ်တရ နားစိုက်ထောင်နေမိတယ်။ တချိန်ထဲမှာပဲ အပြင်က ကြားခဲ့တဲ့ ငှက်လေးတွေရဲ့ အိပ်တန်းတက် ညနေခင်းတေးသွားနဲ့ ယှဉ်ပြီး ဘယ်ဟာက ပိုသာယာပါလိမ့်လို့တောင် တွေးနေမိသေးတာ။

အဲဒီအချိန်မှာ စန္ဒရားဆရာဟာ ဗြုန်းဆို တေးသွားကို ပြောင်းလိုက်တယ်။ ခပ်သွက်သွက် ခပ်ကြမ်းကြမ်း တီးလုံးတွေဟာ ဆိုင်ခန်းတွေ အားလုံးနဲ့ ကျန်တဲ့ အသံတွေအားလုံးကို ဖုံးလွှမ်းသွားသလား မှတ်ရတယ်။ စန္ဒရားခလုတ်တွေပေါ်မှာ ပြေးလွှားနေတဲ့ လက်ချောင်းတွေနဲ့အတူ စန္ဒရားဆရာရဲ့ ကိုယ်ခန္ဒာ လှုပ်ရှားးပုံကလည်း စည်းချက်နဲ့အညီ တစထက် တစ လှုပ်ခါ ယိမ်းထိုးလို့၊ တီးနေတဲ့ တီးလုံးကလည်း ပိုပိုသွက်လာတယ်။ မြူးကြွ ဆန်းသစ်တဲ့ တေးသွားရဲ့ ဖမ်းစားမှုကြောင့် အနီးအပါးက ဈေးဝယ်လာကြသူ တော်တော်များများ စန္ဒရားဆရာကို သတိထားမိသွားကြတယ်။ တချို့ကလည်း ခြေလှမ်းတွေကို ရပ်တန့်ပြီး နားထောင်ကြတယ်၊ တချို့ကလည်း အချင်းချင်း လက်တို့ပြီး သံစဉ်တွေကြားထဲ စိတ်ရောကိုယ်ပါ နစ်မျောပါဝင်နေတဲ့ စန္ဒရားဆရာကို ကွက်ကြည့် ကွက်ကြည့်နဲ့။

သိပ်မကြာလိုက်ဘူး၊ အပြင်က အိပ်တန်းတက်နေတဲ့ ငှက်တွေ တောင်ပံခတ်သံ တဖျတ်ဖျတ်နဲ့ အုပ်စုလိုက်ကြီး ပျံလာကြတာကို လှမ်းတွေ့လိုက်ရတယ်။ သူတို့ ဦးတည်လာတာက အဲဒီစတိုးဆိုင်ကြီးရဲ့ အ၀င်က မှန်တံခါးချပ်ကြီးတွေဆီကို တည့်တည့်။ အုပ်စုလိုက် တဟုန်ထိုး ၀ဲပျံလာတဲ့ ငှက်တွေကိုတွေ့တော့ ဆိုင်တွေထဲမှာ ငေးမော ဈေးဝယ်နေကြတဲ့ လူတချို့က ဘာမှန်း ညာမှန်းမသိ၊ ကြောက်အားလန့်အားနဲ့ မှန်တံခါးကို တွန်းဖွင့်ပြီး သူ့ထက်ငါ အပြင်ရောက်အောင် ပြေးထွက်ဖို့ ကြိုးစားကြတော့တယ်။ သူတို့တွေ မှန်တံခါးကြီးကိုလည်း ဖွင့်လိုက်ရော… အိုး… ဘာပြောကောင်းမလဲ… ငှက်တွေ… ငှက်တွေဆိုတာ…။ သဘောတွေ့ မနောခွေ့ပြီး စိတ်တိုင်းကျ အထဲကို အလုအယက် တိုးဝှေ့ဝင်လာလိုက်ကြတာ အဲဒီအဆောက်အဦးထဲ ငှက်မုန်တိုင်းကြီး ၀င်မွှေနေသလိုပဲ။ ငှက်တွေဆီက အော်မြည်သံ၊ အတောင်ပံ ခတ်သံတွေကလည်း ခန်းမထဲမှာ ကျွက်ကျွက်ကိုညံလို့။ ဒီလိုနဲ့ ဘယ်လောက်မှမကြာလိုက်တဲ့ အချိန်တိုလေးအတွင်းမှာ အဲဒီ စတိုးဆိုင်ကြီး အ၀င်ခန်းမရဲ့ မျက်နှာကြက်တွေမှာ၊ တလက်လက်တောက်ပနေတဲ့ မီးဆိုင်းတွေပေါ်မှာ၊ အလှတပ် နံရံကပ် မီးလုံးတွေပေါ်မှာ၊ ခြေကုပ်လို့ရတဲ့ အစွန်အဖျား နေရာတွေတိုင်းမှာ အရောင်စုံ အရွယ်စုံ ငှက်တွေ အပြည့် နေရာယူပြီးသား ဖြစ်သွားတယ်။ ဈေးသည် ဈေးဝယ်တွေ အားလုံးလည်း ပြေးတဲ့သူတွေက ပြေး၊ ကျန်တဲ့သူတွေကလည်း တအံ့တသြနဲ့ ကြက်သေသေပြီး အဲဒီငှက်တွေကို မော့ပြီး ကြည့်နေလိုက်ကြတာဆိုတာ တကယ့်ကို ခေါင်းမော့နေတဲ့ ကျောက်ရုပ်ကြီးတွေအတိုင်းပဲ။ အားလုံးထဲမှာ စန္ဒရားဆရာတစ်ယောက်ပဲ ဟန်မပျက် အရှိန်မပျက် သူ့တီးလုံး တီးကွက်တွေကို စိတ်ပါလက်ပါ ဆက်တီးနေတာ တွေ့ရတယ်။ လူတွေ ၀ရုန်းသုန်းကား ထွက်ပြေးလို့ ပွင့်နေတဲ့ မှန်တံခါးချပ်ကြီးတွေကတဆင့် ငှက်တွေကတော့ ၀င်လာမစဲ တသဲသဲ။

စန္ဒရားဆရာဟာ တီးလုံးတစ်ခုကနေ တစ်ခု အကူးအပြောင်းမှာ မျက်တောင် တစ်ခတ်စာလေး စန္ဒရားသံ ပျောက်သွားတယ်။ အဲဒီလို အသံတိတ်သွားတဲ့အချိန်မှာ ငှက်တွေအားလုံးဟာ သူတို့အချင်းချင်းသာ နားလည်နိုင်လောက်တဲ့ မာဂဓဘာသာစကားနဲ့ သံစဉ်တစ်ခုကို အနိမ့်အမြင့် အတက်အကျမရှိ တညီတညာထဲ ရေရွတ်လိုက်ကြတယ်။ စန္ဒရားဆရာက သူ့တီးလုံးကို ပြန်လည် အစပျိုးလိုက်ချိန်မှာတော့ ငှက်တွေအားလုံး တိုင်ပင်ထားသလို တပြိုင်နက်ထဲ တိတ်ဆိတ်သွားကြပြန်တယ်။ ကြည့်နေတဲ့ လူတွေလည်း အရမ်းကို အံ့သြ ထူးဆန်းနေကြတယ်။ အပြင်ထွက်ဖို့ တံခါးဆီကို ခြေလှမ်းနေကြတဲ့သူတွေတောင် သိချင်စိတ်တွေပြည့်နှက်နေတဲ့ မျက်နှာတွေနဲ့အတူ နောက်ကြောင်း ပြန်လှည့်လာတာ တွေ့ရတယ်။ အဲဒီလိုနဲ့ စန္ဒရားဆရာဟာ တီးလုံး တစ်ပိုဒ် တီးလိုက်၊ သူ အတီးရပ်သွားတဲ့ အချိန်မှာ ငှက်တွေက သံစဉ်တစ်ခုကို ဖန်တီးလိုက်နဲ့၊ တစ်ဖက်နဲ့ တစ်ဖက် စိတ်တူ ကိုယ်တူ အပေးအယူမျှနေလိုက်ကြတာဆိုတာ။ ဒါပေမဲ့ သိပ်တော့ မကြာလိုက်ဘူး၊ ငှက်တွေဟာ သူတို့အလှည့်မှာ သံစဉ်တွေကို မရပ်မနား ဟစ်ကြွေးနေတယ်၊ စန္ဒရားဆရာအတွက် အလှည့်မပေးတော့ဘူး။ စန္ဒရားဆရာကလည်း တစက်ကလေးမှ အလျှော့ မပေးလေဘူး။ ဆန်းပြားသစ်လွင်တဲ့ တီးကွက်တွေကို အပြင်းအထန် ဆက်တီးနေတယ်။ အဲဒီအချိန်မှာပဲ ငှက်တွေဟာ သူတို့ ခိုနားနေရာ နေရာတွေကနေ စန္ဒရားကြီးနားကို ထိုးဆင်းလာကြပြီး စန္ဒရားကိုရော တီးနေသူကိုပါ ၀ိုင်းရံလိုက်ကြတော့တယ်။

ငှက်တွေ… ငှက်တွေ… မဟော်ဂနီရောင်တလက်လက် တောက်ပနေတဲ့ စန္ဒရားကြီးပေါ်မှာ ငှက်တွေ အပြည့် နားလိုက်တော့ စန္ဒရားဟာ ရောင်စုံငှက် အထွေးကြီး ဖြစ်သွားတယ်။ ပြီးတော့ စန္ဒရားဆရာရဲ့ ပုခုံးပေါ်မှာ၊ လက်မောင်းမှာ၊ လက်ဖျံမှာ၊ နောက်ပြီး စန္ဒရားပေါ်မှာ တင်ထားတဲ့ ကြွေပန်းအိုးထဲက နှင်းဆီပွင့် အဖြူရောင်တွေပေါ်မှာ ငှက်တွေ လာနားကြတယ်။ ဒါတင်မက ပြေးလွှားရွေ့လျားနေတဲ့ စန္ဒရားဆရာရဲ့ လက်ချောင်းတွေကို ငှက်တွေဟာ သူတို့ နှုတ်သီးချွန်တွေနဲ့ ထိုးနှက် ရပ်တန့်စေတယ်။ ကြိုးစားပမ်းစားတီးနေတဲ့ စန္ဒရားဆရာဆီက မညီမညာ၊ ပြီးတော့ အနိမ့်အမြင့် အတက်အကျ မမှန်မကန် သံစဉ်တွေ တောင်တစ်ချက် မြောက်တစ်ချက် ထွက်လာပြီး နောက်ဆုံးမှာတော့ စန္ဒရားဆရာလည်း ကျဆုံး၊ တီးလက်စ စန္ဒရားသံဟာလည်း လုံးဝကို ပျောက်ဆုံးသွားတယ်။ အဲဒီနောက်မှာ စန္ဒရားဆရာလည်း ထိုင်နေရာကနေ ဝုန်းကနဲ ထ၊ ငှက်တွေကြားထဲကနေ အတင်း တိုးဝှေ့ပြီး ကမူးရှူးထိုး ထွက်ပြေးသွားတော့တာပဲ။ ပြေးတာမှ မှန်တံခါးကြီးရဲ့ ဟိုးအပြင်ဖက်ရောက်အောင်ကို သုတ်ခြေတင်ပြီး ထွက်ပြေးသွားတာ…

အဲဒီအချိန်ကစပြီး ငှက်တွေရဲ့ အောင်ပွဲခံ တေးသံတွေ ခန်းမကြီးထဲမှာ တညီတညာထဲ ထွက်ပေါ်လာတော့တာပဲ။ သူတို့ဘာသာနဲ့ တေးဆိုသူက ဆို၊ စန္ဒရားခလုတ် အဖြူရောင်တွေပေါ်မှာ နားပြီး အသံထွက်အောင် လုပ်သူက လုပ်၊ စန္ဒရားခလုတ် အနက်ရောင်တွေပေါ် တစ်လှမ်းချင်း နင်းလျှောက်သူတွေက နင်းနဲ့၊ ခန်းမကြီးထဲမှာ မညီမညာ စန္ဒရားသံရော ငှက်တွေရဲ့ တေးသံတွေပါ အထိန်းအကွတ်မဲ့စွာ ဖုံးလွှမ်းနေတော့တယ်။ စောစောက ကျောက်ရုပ်တွေလို ကြက်သေသေပြီး ကြည့်နေတဲ့သူတွေလည်း တဖြည်းဖြည်းနဲ့ စိုးရွံ့ ထိတ်လန့်လာပုံရတယ်။ အထူးအဆန်းမြင်ကွင်းကို ကြည့်လည်း ကြည့်ချင်၊ ကြောက်လည်း ကြောက် ဖြစ်နေကြပုံပဲ။ ဒီလိုနဲ့ တစ်ယောက်ပြီး တစ်ယောက် နောက်ဆုတ် နောက်ဆုတ်နဲ့ အပြင်ဖက်ကို ထွက်သွားဖို့ ကြိုးစားနေကြတာ တွေ့ရတယ်။ မှန်တံခါးချပ်ကြီးကတော့ ပွင့်လျက်သား။ စန္ဒရားသံကပဲ ဆွဲဆောင်သလား၊ အထဲရောက်နေပြီးသား ငှက်တွေက သူတို့ အချင်းချင်းသာ နားလည်တဲ့ ဘာသာစကားတွေနဲ့ လှမ်းခေါ်ကြသလား မသိနိုင်ဘူး။ အမျိုးအမည်စုံလင်တဲ့ ငှက်တွေ မရေမတွက်နိုင်အောင် အပြင်ကနေ ဆက်တိုက် ၀င်လာနေကြတုန်းပဲ။ အဲဒီမြင်ကွင်းတွေမှာ နစ်မျောနေလိုက်တာ၊ နောက်ဆုံးမှာ ခန်းမထဲ လူနည်းနည်းပဲ ကျန်တာ တွေ့တော့မှ ကိုယ်တိုင်လည်း အပြင်ထွက်ဖို့ သတိရသွားတယ်။

တံခါးဝကနေ အပြင်ကိုရောက်တော့ အနောက်ကနေ နောက်ထပ် လူ လေး ငါးယောက်လောက် ထပ်ထွက်လာတယ်။ အဲဒီထဲမှာ ပီဇာဆိုင် ပိုင်ရှင်လည်း ပါတယ်၊ ပီဇာချပ်တွေ ထည့်ထားတဲ့ သူ့ မှန်ပုံးကို သံယောဇဉ်မပြတ်သလို စိတ်မကောင်းတဲ့မျက်နှာနဲ့ တလှည့်ကြည့်ကြည့်။ အင်္ကျီဆိုင်ပိုင်ရှင် အနီဝတ် အမျိုးသမီးကတော့ ပတ်ဝန်းကျင်မှာ တွေ့သမျှ လူတွေကို ငှက်တွေအကြောင်း အားပါးတရ ပြောပြနေပုံပဲ။ ခန်းမဖက်ကို လက်ညှိုးထိုးကာ ထိုးကာနဲ့။ ဆိုင်ကြီးထဲမှာ လူတွေ အကုန် ကုန်တဲ့အထိ အဲဒီမှန်တံခါးချပ်ကြီးအရှေ့မှာ မကြောက်မရွံ့ ရပ်နေသေးတဲ့ ကျွန်မကို လမ်းသွားလမ်းလာတွေက အကြည့်တစ်မျိုးနဲ့ ကြည့်ကြတယ်။ ထားပါလေ… စန္ဒရားသံကို မက်မောသူတစ်ယောက်အဖို့ ငှက်တွေကို တစ်ခုခု လက်တုန့်ပြန်ချင်စိတ် ပေါ်နေမိတာ။ စိတ်ထဲမှာ ရုတ်တရက်ပေါ်လာတဲ့ အတွေးကတော့ မှန်တံခါးချပ်တွေကို ပိတ်ပလိုက်ဖို့ပဲ။ ဟုတ်တယ်… မှန်တံခါးချပ်တွေကို ပိတ်လိုက်ရမယ်၊ ဒါမှ ဒီငှက်တွေ အပြင်ကို ပြန်မထွက်နိုင်မှာ။ သူတို့ကို အထဲမှာ ပိတ်ထားလိုက်ရင် ဘာတတ်နိုင်သေးလဲ၊ သူတို့ ဘယ်နှစ်ရက် အသက်ဆက်ရှင်နိုင်မှာလဲ။

အဲဒီလို အတွေး တွေးနေတဲ့အချိန်မှာ ကိုယ့်ကိုယ်ကိုယ် လူစွမ်းကောင်းကြီးတစ်ယောက်လို ဘာလိုလို စိတ်ထဲ ၀င့်ဝင့်စားစားရှိလှတယ်။ အဲဒါနဲ့ မှန်တံခါးချပ်ကို တွန်းပိတ်ဖို့ ကြိုးစားတယ်၊ ပြဿနာက တံခါး လက်ကိုင်ကို ရှာမရတာပဲ။ ဟုတ်တယ် တံခါးချပ်ကြီးမှာ လက်ကိုင် လုံးဝ မပါဘူး။ ထူးဆန်းလိုက်တာ၊ တံခါးချပ်တွေတိုင်းမှာ လက်ကိုင်ကိုယ်စီ ရှိကြရတာ မဟုတ်လား။ ဘယ်လောက်သေးတဲ့ တံခါးချပ်မှာမဆို လက်ကိုင်ဖုကလေး တစ်ခုဖြစ်ဖြစ်တော့ ရှိရစမြဲ မဟုတ်လား။ ဘာမှားနေပါလိမ့်…

လက်ကိုင်မတွေ့တဲ့အဆုံး မှန်ချပ်ရဲ့ အစွန်းကိုကိုင်ပြီး တွန်းလိုက်တယ်၊ တံခါးက တုတ်တုတ်မှ မလှုပ်ဘူး။ အိုး… ခုနက လူတွေ တိုးထွက်ဖို့ မှန်ချပ်တွေကို တွန်းဖွင့်တုန်းက အလွယ်တကူ ပွင့်သွားတာကို မျက်စိနဲ့ တပ်အပ် မြင်ခဲ့ရတာပါ။ ဒါနဲ့ အားစိုက်ပြီး ထပ်တွန်းတယ်၊ တစ်ချပ်ကို တွန်းမရတော့ တစ်ခုခုများမှားနေသလား ဆိုပြီး နောက် တစ်ချပ်ကို တွန်းပြန်တယ်။ ခက်လိုက်တာ၊ တံခါးတွေက တစ်ချပ်မှ မလှုပ်ကြဘူး။ ခေါင်းပေါ်ကနေ ၀ှီးကနဲ ၀ှီးကနဲနေအောင် ဖြတ် ပျံသွားတဲ့ ငှက်တွေကို ရှောင်ရင်း တိမ်းရင်း တံခါးကို အထပ်ထပ် တွန်းကြည့်တယ်။ မရဘူး။ ခဏ နားတယ်၊ ပြီးတော့ အားယူတယ်၊ ပြီးတော့ တံခါးကို တွန်းတယ်။ ဘယ်လိုမှ မရဘူး။ လူတွေက ဒီမိန်းမ နည်းနည်း စိတ်မမှန်ဘူးလား ဆိုတဲ့ အတွေးမျိုးတွေနဲ့ လှမ်းကြည့်နေကြတယ်။ ဘာပဲဖြစ်ဖြစ် ခေါင်းမာတဲ့ စိတ်၊ အညံ့မခံချင်တဲ့ စိတ်မျိုးနဲ့ ဒီတံခါးကို မရ ရအောင် ပိတ်လိုက်ချင်တယ်။ ထပ်ကြိုးစားတယ်။ ဒါပေမဲ့ အချည်းနှီးပဲ။

မှန်တံခါးချပ်ကြီးနားမှာ ခြေကုန်လက်ပမ်းကျပြီး လဲပြိုမတတ်ဖြစ်နေတဲ့ ကျွန်မကို ငှက်တွေ သတိထားမိသွားတယ်။ ငှက်တွေဟာ သူတို့ကို အသားလွတ် မုန်းတီးနေမိသူတစ်ယောက်ရဲ့ အတွင်းစိတ်ကိုပါ သတိထားမိသွားသလား မဆိုနိုင်ဘူး။ စတင်ရန်မူဖို့ ကြိုးစားလာကြတယ်။ ပုံဆိုးဆိုး ခပ်ဟောင်းဟောင်း သားရေအိတ်ကို လာပြီး ထိုးဆိတ်ကြတယ်။ ပထမတော့ ရှိသမျှ အားလေးနဲ့ ခုခံသေးတယ်။ ငှက်အုပ်ကြီးက တဖြည်းဖြည်း ကြီးလာတယ်။ ခုနက စန္ဒရားကြီးတစ်ခုလုံး ရောင်စုံငှက် အထွေးကြီး ဖြစ်သွားတဲ့ပုံကို မျက်လုံးထဲ ပြန်မြင်မိတော့ တစ်ကိုယ်လုံး အေးစက် တောင့်တင်းလာတယ်။ ခန္ဒာကိုယ် ပတ်ပတ်လည်မှာ ငှက်တွေ မရေမတွက်နိုင်အောင် သိပ်များနေပြီဆိုတာပဲ နောက်ဆုံး သိလိုက်တယ်။ မူးဝေလာတယ်… သတိ မေ့မတတ် ဖြစ်လာတယ်။

အဲဒီအချိန်မှာပဲ… ၀တ်စုံအနက်နဲ့ လူတစ်ယောက်က ကျွန်မကို ငှက်တွေကြားထဲက လာ ဆွဲထုတ်သွားတာ။ အဲဒီလူ ဆွဲခေါ်သွားတဲ့နောက်ကို မျက်စိစုံမှိတ်ပြီး ပါသွားလိုက်တာ ပေါ့ပေါ့လေးရယ်။ ပြီးတော့ သတိလက်လွတ်နဲ့ ကိုယ်တိုင် ဘယ်လောက်ဝေးဝေးကို ရောက်လို့ ရောက်သွားမှန်း မသိဘူး။ သတိရတဲ့ အချိန်မှာ ကတ္တီပါစလေး တစ်စလို နူးညံတဲ့ အထိအတွေ့ကြောင့် မျက်စိဖွင့်ပြီး ဘေးဘီကို မော့ကြည့်လိုက်တော့ မီးရောင်စုံ ထိန်ငြီးနေတဲ့ ပန်းခြံတစ်ခုထဲ ရောက်နေမှန်း သိလိုက်ရတယ်။ အခု ထိုင်နေတဲ့နေရာက အစိမ်းရောင် မြက်ခင်းနုနုပေါ်မှာပဲ။ တဆက်တည်းမှာ ငှက်တွေကြားကနေ ကူညီပြီး ဆွဲခေါ်လာတဲ့ အနက်ရောင် ၀တ်စုံပိုင်ရှင်ကို လှည့်ပတ်ပြီး လိုက်ရှာတာ၊ ဒါပေမဲ့ ရှာလို့ မတွေ့ဘူး။ ဘေးပတ်ဝန်းကျင်မှာတော့ အားကစား လေ့ကျင့်တဲ့သူတွေ၊ ကလေးငယ်လေးတွေ လက်ဆွဲရင်း အေးအေးလူလူ လမ်းလျှောက်နေတဲ့ မိသားစုတွေ အပြင် စွန်လွှတ်နေတဲ့သူတစ်ချို့ နဲ့ မြက်ခင်းပေါ်မှာ စာထိုင်ဖတ်နေတဲ့သူ တချို့ကို တွေ့ရတယ်။

ချက်ချင်းသတိရသွားတာကတော့ အလုပ်က အိမ်အပြန် လမ်းမှာ ရုတ်တရက် ၀င်ကြည့်ခဲ့တဲ့ စတိုးဆိုင်ကြီးရယ်၊ မဟော်ဂနီရောင်တောက်ပနေတဲ့ စန္ဒရားကြီးတစ်လုံးနဲ့ အနက်ရောင် အနောက်တိုင်းဝတ်စုံကို အပြည့်အစုံဝတ်ထားတဲ့ စန္ဒရားဆရာရယ်၊ ခန်းမကြီး တစ်ခုလုံး ပြည့်လုလုဖြစ်နေတဲ့ အရောင်စုံ အရွယ်စုံ ငှက်တွေရယ်၊ ပိတ်လို့မရ လက်ကိုင်မရှိတဲ့ မှန်တံခါးချပ်ကြီးရယ်ကိုပဲ။ မြက်ခင်းပေါ်မှာ အကျအန ထိုင်နေရာကနေ မတ်တပ်ထရပ်လိုက်တယ်။ မျက်နှာချင်းဆိုင်မှာ အရောင်လင်းလင်းတွေ ပြိုးပြိုးပျက်ပျက် တလက်လက်တောက်ပနေတဲ့ စတိုးဆိုင်ကြီးကို လှမ်းတွေ့လိုက်ရတယ်။ သေချာပါတယ် ညနေက ငှက်တွေ ၀င်သွားတာ အဲဒီဆိုင်ပါ။ အခုတော့ သူက မီးရောင်တွေအောက်မှာ အိနြေ္ဒရရ ခန်းနား လှပလို့။

မယုံနိုင်စရာ… ညနေက ငှက်တွေနဲ့ ကမ္ဘာပျက်မတတ် ရုတ်ရုတ်သဲသဲဖြစ်နေတဲ့ စတိုးဆိုင်ကြီး၊ လူတွေ ကြောက်လန့်တကြား ပြေးလွှားနေကြတဲ့ မြင်ကွင်း၊ ဘာဆို ဘာမှ မရှိတော့ဘူး။ တစ်ခုခုတော့ မှားနေပြီ… ဘေးဘီဝဲယာမှာ မေးကြည့်စရာ လူတစ်ချို့ကို လိုက်ရှာပြီး ညနေက အဲဒီ စတိုးဆိုင်ကြီးကို ငှက်တွေ ၀င်စီးတဲ့ အကြောင်း ပြောပြတော့ ဘယ်သူမှ မသိကြဘူး။ အားလုံးက ခေါင်းခါပြတယ်။ အမျိုးအမည် ဖေါ်ပြလို့ မရနိုင်တဲ့ အကြည့်တစ်မျိုးနဲ့ ပြန်ကြည့်ကြတယ်။ တကယ်ဆို ဒီအနီးအနားတ၀ိုက်မှာ ရှိနေကြတဲ့သူတွေထဲက တစ်ယောက်မဟုတ် တစ်ယောက်ကတော့ ညနေက ငှက်တွေအကြောင်း သိနေသင့်တယ် မဟုတ်လား။ အခုတော့ တစ်ယောက်မှ မသိကြတာ သိပ်ထူးဆန်းတဲ့ကိစ္စပဲ။

အိမ်ပြန်ဖို့ သိပ်နောက်ကျနေပြီလို့ သတိထားမိလိုက်တော့ ရထားဘူတာရုံဆီကို ဦးတည်ပြီး လျှောက်လာခဲ့တယ်။ စောစောက စတိုးဆိုင်ကြီးရှေ့ကို ရောက်တော့ စိတ်မကြေပွဲအဖြစ်နဲ့ သေသေချာချာ ထပ်ကြည့်တယ်။ ရွှေအိုရောင် ကနုတ်ပန်းတွေ စီခြယ်ထားတဲ့ လက်ကိုင် အကြီးကြီးနဲ့ မှန်တံခါးချပ်ကြီးဟာ ထယ်ဝါခန့်ညားလို့ပဲ။ မီးအလင်းရောင်ကြောင့် အထဲကို လှမ်းမြင်နေရတယ်။ လူတွေစည်ကားနေတဲ့ ဈေးဆိုင်ခန်းတွေရဲ့ ရှေ့နားက လှေခါးကြီး၊ သူ့အနီးမှာ မဟော်ဂနီရောင် စန္ဒရားတစ်လုံး၊ သူ့အပေါ်မှာတင်ထားတဲ့ နှင်းဆီဖြူအပြည့်နဲ့ ကြွေပန်းအိုးကြီး။ အရာရာဟာ စနစ်တကျ၊ နေသားတကျ။

ညနေက ကြုံခဲ့ရတာတွေဟာ အိပ်မက်ဆိုရင်လည်း နေ့အိပ်မက်တစ်ခုပဲ ဖြစ်ရမယ်။ မျက်လှည့်ဆိုရင်လည်း တစ်ယောက်တည်းကို သေသေသပ်သပ် ကွက်ပြီး ပြတဲ့ မျက်လှည့်ပဲ ဖြစ်ရမယ်လို့ တတွတ်တွတ် ရေရွတ်ရင်း အိမ်အပြန် နောက်ဆုံး ရထားပေါ်တက်လာခဲ့တယ်။ ဖြစ်ချင်တော့ ရထားတစ်စီးလုံးဘယ်သူမှ မပါ၊ ကိုယ်တစ်ယောက်တည်းမှ တစ်ယောက်ထဲ။ ကိုင်လာတဲ့ သားရေအိတ်အနက်ကို ခပ်တင်းတင်းဆုတ်ပြီး ညနေကလို ရောင်စုံငှက်တွေ တောင်ပံတဖျတ်ဖျတ်ခတ်ပြီး ခေါင်းပေါ်ကို ပျံကာ ၀ဲကာနဲ့များ ရောက်လာအုံးမလားလို့ ဟိုမော့ကြည့် ဒီမော့ကြည့်နဲ့…


သက်ဝေ
(၂၆ ဇွန် ၂၀၁၄)

- ၂၀၁၄ စက်တင်ဘာလ - Idea Magazine တွင် ဖေါ်ပြပြီးဖြစ်သည်။

Sunday, August 10, 2014

ဖူးရာမှ ငုံ...

သားလေးက ဒီနေ့ မနက်စောစော ခါတိုင်းလိုနှိုးမနေရပဲ သူ့ဟာသူ အိပ်ယာ ထလာတယ်။ ပြီးတော့ သား ဆံပင်သွားညှပ်မလို့ မေမေ တဲ့။ မျက်နှာသစ် သွားတိုက် အဝတ်အစားလဲ နို့တစ်ခွက်သောက်ပြီး ဆံပင်ညှပ်ဆိုင် သွားတော့မဲ့ သားလေးကို မသိမသာ လိုက်ကြည့်နေမိတယ်။ သား သွားတော့ အိမ်တံခါး လိုက်ပိတ်ပေးရင်း သားလေးက လူကြီးဖြစ်လာပြီဆိုတော့ ပါပါတို့ မေမေတို့က ဆံပင်ညှပ်ဆိုင် လိုက်ပို့စရာ မလိုတော့ဘူးပေါ့နော်လို့ ပြောလိုက်တော့ သားက ဖိနပ်စီးရင်း ခေါင်းညိတ်ပြရင်း ရယ်နေတယ်။ အိမ်တံခါး ပိတ်ပြီးတော့ကိုယ် တစ်ယောက်တည်း အတွေးတစ်ချို့နဲ့ ကျန်ခဲ့တယ်။


ငယ်ငယ်လေးတုန်းက ခေါင်းလျှော်တိုင်း ဆံပင်ညှပ်တိုင်း အသံကုန် အော်ငိုတတ်တဲ့ သား၊ သူ့ခေါင်းကို သူများကိုင်ရင် နည်းနည်းမှ မကြိုက်တတ်တဲ့ သား၊ သားကို  ကိုယ့်အပေါ်မှာ ပေးထိုင်ထားပြီး သားလည်း အဝတ်ဖြူစခြုံ၊ ကိုယ်လည်း ခြုံ၊ ပြီးမှ ဆံပင်ညှပ်တဲ့ ဘဘက သားလေး ဆံပင်ကိုလည်း ညှပ်တယ် မေမေ့ဆံပင်ကိုလည်း ညှပ်တယ်လို့ ပြောပြီး အယောင်ဆောင်ပြရတဲ့ သား၊ ကြမ်းပေါ်ကျလာတဲ့ ဆံပင်ညှပ်စလေးတွေဆီ အာရုံလွှဲ၊ ဒါက သားလေးဆံပင် ဒါက မေမေ့ဆံပင်နဲ့ အတိုအရှည်ပြိုင်ကြရင်း စကားအပိုတွေ အများကြီးပြောပြီးမှ ဆံပင်ညှပ်ရတဲ့ သား၊ နည်းနည်းသိတတ်လာတဲ့ အရွယ်မှာတောင် ဆံပင်ညှပ်ဆိုင်က ခုံမှာ တစ်ယောက်တည်း ထိုင်ပြီး ဆံပင်ညှပ်ပါမဲ့အရေး ပြောရဆိုရတာ ချော့ရ ခြောက်ရတာ အာပေါက်မတတ်၊ နောက်တော့ သူ့ပါပါကပါ ဆံပင် ရှည်ရှည် မရှည်ရှည် ဘေးက တစ်ခုံမှာ ထိုင်ညှပ်ပဲ။ ဒါမှ နည်းနည်း အဆင်ပြေတယ်။

တစ်ခါကတော့ သားလေး ခြောက်နှစ်သားလောက်မှာ ရန်ကုန်ကို အလည်ပြန်တုန်း ကိုယ့်ဆံပင်ညှပ်ဖို့ ဖူဂျီကို (လို့ ထင်တာပဲ၊ မေ့ချင်ချင်…) ဆိုင်ကို ရောက်သွားတယ်။ အမှန်ကတော့ သားကိုလည်း ဆံပင်ညှပ်စေချင်တာ။ သူနဲ့ ညှိလို့မရတာနဲ့ ကိုယ် အရင် ညှပ်နေတုန်း ဒင်းကလေးက ဆိုင်က ကလေးမလေးတွေနဲ့ အဖွဲ့ကျ ဟိုကမြန်မာလိုပြော၊ သူက အင်္ဂလိပ်လိုတွေ ပြန်ပြောနဲ့ ဟေးလား ဝါးလားတွေ ဖြစ်နေတာ မျက်လုံးထောင့်ကနေ တွေ့နေ ကြားနေရတယ်။ နောက်တော့ ကလေးမလေးတွေ ဘယ်လို စည်းရုံးရေး ဆင်းလိုက်တယ် မသိ၊ သားက သူ့ဟာသူခုံမှာ တစ်ယောက်တည်း ထိုင်ပြီး ဆံပင်ညှပ်ဖို့ သဘောတူလိုက်တယ်။ သားက ဆံပင်ညှပ်စတွေ သူ့အသားပေါ်ကို ကျလာ ထိလာတာကို မကြိုက်တာမှန်း သတိထားမိတဲ့ ကိုယ်က ကလေးမလေးတွေကို သူ့လက်တွေကို အဝတ်နဲ့ လုံအောင် အုပ်ပေးဖို့ တိုးတိုးပြောရတယ်။ အဲဒီနောက်တော့ ကလေးမလေး လေးယောက်လောက် သားအနားမှာ ဝိုင်းလို့ ပြောပြောဆိုဆိုနဲ့ ဆံပင်ညှပ်လို့ ပြီးသွားတယ်။ ကိုယ့်မှာဖြင့် အံ့တွေ သြလို့။

အဲဒီ့ဆိုင်က ကလေးမတွေ ကျေးဇူးနဲ့ ဒီကိုပြန်ရောက်တော့လည်း ဆံပင်ညှပ်ဆိုင်မှာ သားက တစ်ယောက်တည်း ထိုင်ညှပ်တတ်လာပါတယ်။ ဒါပေမဲ့ သူ့ရဲ့ Terms & Conditions အရ ပါပါ ဒါမှမဟုတ် မေမေ တစ်ယောက်ယောက်တော့ သူ့အနားမှာ ဒါမှမဟုတ် ဆိုင်ထဲမှာ ရှိနေဖို့ တော့ လိုအပ်တာပေါ့။ တချို့ရက်တွေမှာ သူဆံပင်တစ်ခါ ညှပ်ဖို့ အချိန်တော်တော်ကုန်တယ်။ သူက သားဆံပင် မရှည်သေးပါဘူး ဘာညာပြောပြီး နေ့ရွှေ့ ညရွှေ့နဲ့ ဈေးဆစ်နေတာက တစ်မျိုး၊ ဆိုင်တွေက ရုံးပိတ်ရက်ဆို လူပြည့်နေလို့ အကြာကြီးစောင့်ရတာက တစ်မျိုးနဲ့ဆိုတော့။

နောက်တော့ တစ်ခါညှပ် တစ်ဆယ်၊ ဆယ်မိနစ်နဲ့ အပြီးညှပ်တဲ့ EC တို့ QB တို့လို အမြန် ဆိုင်လေးတွေ ပေါ်လာတယ်။ ပုံ အကောင်းကြီး ဟုတ်ချင်မှ ဟုတ်မယ် ဒါပေမဲ့ သားတို့လို Student K လေးတွေအတွက်တော့ တိုသွားဖို့ လိုရင်းမို့ အဆင်ပြေလောက်တယ်လို့ ယူဆပြီး အချိန်ကုန်သက်သာဖို့ အဲဒီဆိုင်ကို ချီတက်ကြတယ်။

ဆိုင်လေးက ကိုယ်ထင်ထားတာထက် ပိုပြီး သပ်သပ်ရပ်ရပ် ညှပ်တတ်ပါတယ်။ ညှပ်တဲ့လူ လိုက်လို့ပေါ့။ တစ်ခေါင်း ဆယ်မိနစ်ဆိုတော့ လူများလည်း အချိန်သိပ်မကုန်ပဲ  မြန်မြန်ပြီးတယ်။ ဒါပေမဲ့ အဲဒီဆိုင်မှာ ညှပ်တဲ့အခါ ပြဿနာတစ်ခုတော့ ရှိနေပြန်ပါတယ်။ အဲဒါက ဘာလဲ ဆိုတော့ ဆိုင်ထဲကို လူကြီးလိုက်ဝင်လို့ မရတာပါ။ ဆံပင်ညှပ်မဲ့သူဟာ ပိုက်ဆံတစ်ဆယ်ကို စက်ကလေးထဲ ထည့်ပြီး ထွက်လာတဲ့ တိုကင်ပြားလေးကို ယူ၊ ကိုယ့်အလှည့်ရောက်ဖို့ ခုံတန်းရှည်လေးမှာ အစဉ်လိုက် တန်းစီ ထိုင်စောင့်ရတာဆိုတော့ နောက်ထပ် လူပိုတစ်ယောက် ထိုင်စောင့်စရာ နေရာ မရှိပါဘူး။ ထိုင်စောင့်ခွင့်လည်း မရှိပါဘူး။ ဆိုင်လေးက အီကော်နော်မီဖြစ်အောင် လုပ်ထားတဲ့ သက်သာဆိုင် ဆိုတော့ ဆိုင်ခန်းကလည်း ကျဉ်းပါတယ်။ အဲဒီမှာ ပြဿနာက ပေါ်ပြန်ပါတယ်။ သားက ဆိုင်ထဲမှာ တစ်ယောက်တည်း မနေလိုတဲ့ ပြဿနာပါ။ ကိုယ်တို့က ဆိုင်ထဲလိုက်ဝင်၊ ပိုက်ဆံပေး၊ တိုကင်ယူပြီး သားကိုပေး၊ပြီးတာနဲ့ ပြန်ထွက်ရတာလေ။ သားက ငိုမဲ့မဲ့နဲ့ အထဲမှာ ထိုင်၊ ကိုယ်တွေက မှန်တံခါးအပြင်ကနေ ပြူးပြ ပြောင်ပြ၊ ပြုံးပြ ရယ်ပြနဲ့ပေါ့။ တကယ်မောရတာပါ။

သူ့အလှည့်ရောက်ရင် ကို်ယ်က လူကြီးမဝင်ရ ဆိုတဲ့ စည်းကမ်းကို အသာလေး မသိချင်ယောင်ဆောင်ပြီး ရှေ့မျက်နှာ နောက်ထားလို့ လှစ်ကနဲ ဝင်၊ သူ့ကို ညှပ်ပေးမဲ့သူကို မျက်နှာချိုသွေးပြီး Student K ပါ လို့ ပြောရင်း သားလေးကို စကားတစ်ခွန်းနှစ်ခွန်း (များသောအားဖြင့်တော့ သားလေး ဆံပင်ညှပ်ပြီးရင် ဘယ်သွားကြမယ်၊ ဘာစားကြမယ်၊ သားလေး လိုချင်တာ တစ်ခုခု ဝယ်ပေးမယ်… အဲဒါမျိုးတွေပေါ့) ပြောပြီး ပြန်ထွက်လာခဲ့ရပါတယ်။ ပြီးတော့ မှန်တံခါး အပြင်ဖက်ကနေ မျက်တောင်မခတ် ကြည့်၊ သူ့ဆံပင်ညှပ်ခုံ ကိုယ့်ဖက်ကိုလည်တဲ့အခါမှာ ပြုံးပြ ရယ်ပြရ၊ Bravo တို့ Good Boy တို့ ဆိုတဲ့ အဓိပ္ဗါယ်နဲ့ လက်မတွေကလည်း ဘယ်ရော ညာရော တစ်ချိန်လုံး အဆက်မပြတ် ထောင်ပြရ၊ အဲဒီလိုနည်းနဲ့ သားလေးရဲ့ ဆံပင်ညှပ်ချိန်တွေကို ကျော်ဖြတ်ခဲ့ရတာပါ။

နောက်ပိုင်းမှာတော့ အဲဒီဆိုင်က သားကို သိနေတော့ သကြားလုံးလေးတွေ၊ ဂျယ်လီလေးတွေ၊ ဘီးကလေးတွေ လက်ဆောင်ပေးပါတယ်။ နည်းနည်းတော့ ပိုအဆင်ပြေလာပေမဲ့ သူ့ကို ဆိုင်ထဲမှာ ဒီတိုင်းထားခဲ့လို့ မရပဲ ကိုယ်တွေက အပြင်မှာ ကြောင်စီစီနဲ့ ရပ်စောင့်နေရတုန်းပါပဲ။ နောက်တော့ အဲဒီဆိုင်ကို သိပ်မသွားဖြစ်တော့ပဲ သူ့ ပါပါနဲ့ အတူတူ ညှပ်လို့ရတဲ့ အိမ်နားက ဆိုင်ကို သွားကြပါတော့တယ်။ အဲဒီတော့မှ ကိုယ်နည်းနည်း အသက်ရှူချောင်ရပါတယ်။ ဒါတောင် သားအဖနှစ်ယောက်က သူတို့ ဆံပင်ညှပ်နေတုန်း ကိုယ့်ကို လိုက်စောင့်စေချင်သေးတာမျိုး။ အိမ်မှာ တစ်ယောက်တည်း ဖြစ်နေမှာပေါ့ လိုက်ခဲ့ပါ၊ အဲဒီဆံပင်ညှပ်ဆိုင်နားမှာ Dim Sum ကောင်းတယ်… ကော်ဖီကောင်းတယ်… မြန်မာဆိုင်ရှိတယ် မုန့်ဟင်းခါးလိုက်စားလေ…ဘာညာနဲ့ ဆွယ်ကြသေးတာ။ ဆိုင်ထဲမှာ အဲကွန်းရှိပါတယ် လိုက်ထိုင်နေပါ ဆိုတာမျိုးက ပါသေး။ တစ်ခါ တစ်ခါတော့လည်း ပျင်းရင် သို့မဟုတ် မပျင်းရင် လိုက်သွားပါတယ်။ သူတို့က ဆံပင်ညှပ် ကိုယ်က ဂိမ်း ဆော့ပေါ့။

အဲဒီလို အဲဒီလို အနေအထားတွေကနေ အခုတော့ ကိုယ့်သားကလေးက သူ့ဟာသူ ဆံပင်ညှပ်စရာ လိုအပ်တဲ့အချိန်ကို သတ်မှတ်ပြီး သူ့ဟာသူ သွားညှပ်တတ်တဲ့ အရွယ်ကို ရောက်လာပြီလေ။ အချိန်တွေ ကုန်တာ သိပ်မြန်ပါလားလို့ တွေးရင်း အမျိုးအမည် မဖေါ်ပြတတ်တဲ့ ခံစားမှုတစ်ချို့နဲ့…။ အဲဒီအတွေးတွေနောက်မှာ ကိုယ် ထပ်တွေးမိတာတွေ အများကြီး ရှိနေပါသေးတယ်။ စာ သိပ်ရှည်သွားမှာစိုးတာရယ်၊ နောက်ထပ် တစ်ပုဒ်မှာ ထည့်ရေးဖို့ လျာထားပြီးဖြစ်လို့ရယ် ဒီနေ့အတွေးကို ဒီမှာပဲ ဖြတ်လိုက်ပါတယ်။

ကိုယ် ဒီစာကို ရေးနေတုန်းမှာ သားလေး ဆံပင်ညှပ်ပြီးလို့ ပြန်လာပြီ။ ပြုံးစစနဲ့ ကိုယ့်ကို လာပြောတယ်။ သား ဆံပင်ညှပ်တာကို ပါပါနဲ့ မေမေ လိုက်မပို့ရတော့ပေမဲ့ ဒီတစ်ပတ် မုန့်ဖိုးပေးရင် သားကို တစ်ဆယ်တော့ ပိုပေးနော် တဲ့။ ရယ်လိုက်ရတာ… သိလား… တကယ်တော့ သားရဲ့ ဆံပင်ညှပ်ခက ရှစ်ကျပ်လေ။ ဒါကို သူက တစ်ဆယ်တောင်းတာ။ ဒီလိုဆိုပြန်တော့လည်း ကိုယ့်သားကလေးဟာ ကိုယ့်ဆီက မုန့်ဖိုး ပို/ ညာ တောင်းနေဆဲ ဘေဘီလေး ပြန်ဖြစ်သွားတာပါပဲ။

Friday, August 8, 2014

သီရိလင်္ကာ ဘုရားဖူးပိုစ့်များ စုစည်းမှု

 

သီရိလင်္ကာ ဘုရားဖူး ခရီးစဉ် ပိုစ့် တွေကို အလွယ်တကူ ပြန်ရှာလို့ ရအောင် ဒီမှာ စုထားလိုက်ပါတယ်။ ကြားထဲမှာ မရေးဖြစ်တာနဲ့ တခြားပိုစ့်တွေ ရေးတင်လိုက်မိတာနဲ့ ရက်တွေ ခြားနေတော့ ရုတ်တရက် ဘယ်ရှာရမှန်း မသိမှာစိုးလို့ပါ။

သီရိလင်္ကာ ခရီးစဉ် (၁)

သီရိလင်္ကာ ခရီးစဉ် (၂)

သီရိလင်္ကာ ခရီးစဉ် (၃)

သီရိလင်္ကာ ခရီးစဉ် (၄)

သီရိလင်္ကာ ခရီးစဉ် (၅)

သီရိလင်္ကာ ခရီးစဉ် (၆)

သီရိလင်္ကာ ခရီးစဉ် (၇)

သီရိလင်္ကာ ခရီးစဉ် နောက်ဆက်တွဲ

ဒီ Link တွေကနေ တဆင့် သွားဖတ်လို့ လွယ်မယ် ထင်ပါတယ်။


Enjoy reading...!!
Thanks.


Monday, August 4, 2014

သီရိလင်္ကာခရီးစဉ် နောက်ဆက်တွဲ

သီရိလင်္ကာဘုရားဖူးပိုစ့်တွေ အပြီးမှာ ခရီးတစ်လျောက် တွေ့ကြုံခဲ့ရတဲ့ အတွေ့အကြုံအနည်းငယ်နဲ့ သူတို့ဆီမှာ စားဖြစ်ခဲ့တဲ့ အစားအစာတွေအကြောင်း နည်းနည်း ရေးပြချင်ပါတယ်။

အဆင်မပြေမှုတစ်ခုက ရန်ကုန်ကနေ လာကြတဲ့ ကျွန်မ ဖေဖေ မေမေ နဲ့ နောက် အန်ကယ် အန်တီ စုံတွဲ၊ အဲဒီ လူကြီးလေးယောက် သီရိလင်္ကာနိုင်ငံ ကိုလံဘိုလေဆိပ်ကို ရောက်တဲ့အချိန်က စပါတယ်။ လေယာဉ်ပျံ ဆိုက်ရောက်ပြီး တစ်စီးလုံး လူအကုန်နီးနီး အပြင်ရောက်လာပေမဲ့ လူကြီးလေးယောက် ပါမလာပါဘူး။ လေယာဉ်ဆိုက်တဲ့အချိန်နဲ့ တစ်နာရီကျော်လောက် ကြာမှ သူတို့လေးယောက် စိတ်တွေတိုပြီး ထွက်လာပါတယ်။ အင်မီဂရေးရှင်းက သူတို့တွေကို ရစ်နေတာ တဲ့။ ရစ်တာမှ တော်တော်ကြီးကို ရစ်နေတာလို့ သိရပါတယ်။ တကယ်ဆို ဘုရားဖူးလာတဲ့ အသက် ၇၀ ကျော် (အန်ကယ်ဆို အသက် ၈၀ ကျော်ပါ) လူကြီး လေးယောက်၊ စာရွက်စာတမ်း ဗီဇာ အပြည့်အစုံ ပါပါရက်နဲ့ ဒီလောက်တောင် အကြာကြီး ရစ်နေတယ်ဆိုတာ တော်တော်အရုပ်ဆိုးတဲ့ ကိစ္စပါ။ ဒီလိုနဲ့ နောက်ဆုံးမှာ အလွန်တရာ စိတ်တို စိတ်ပျက်နေတဲ့ လူကြီးလေးယောက် အပြင်ရောက်လာကြတယ် ဆိုပါစို့။ အန်ကယ်ဆို စိတ်တွေတိုနေတာ သီရိလင်္ကာကို နောက်တစ်ခါ ဘယ်တော့မှ မလာတော့ပါဘူး တွေ ဘာတွေတောင် ဖြစ်လို့။ နောက်နေ့တွေမှာတော့ ဘုရားတွေဖူးရင်း စိတ်ပြေသွားပြီး ဒီအကြောင်းကို ရယ်ရယ်မောမော ပြောနိုင်သွားကြပါတယ်။ တဆက်တည်း ပြောရရင် အပြန်ခရီးမှာလည်း ဖေဖေနဲ့ အဲဒီအန်ကယ်ကို ထပ်ရစ်နေပါသေးတယ်။ အင်မီဂရေးရှင်း ကောင်တာရှေ့မှာ အကြာကြီး စောင့်ခိုင်းထားတာ၊ နောက် အခန်းထဲခေါ်သွားပြီး နိုင်ငံကူးလက်မှတ်တွေကို ဟိုဟိုဒီဒီ လှန်လှောပြီး စစ်နေတာ အကြာကြီးရယ်။

ဒါနဲ့ အပြင်ဖက်မှာ ရှိနေတဲ့ (အနည်းငယ် သဘောကောင်းတယ်လို့ ထင်ရတဲ့) အင်မီဂရေးရှင်း အရာရှိ အမျိုးသမီးတစ်ယောက်ကို ပြုံးပြရင်း ဘာကြောင့် လူကြီးတွေကို အဲဒီလောက် စစ်ဆေး မေးမြန်းနေရတာလဲ လို့ မေးကြည့်မိပါတယ်။ အဲဒီတော့မှ အဖြေပေါ်ပါတယ်။ ဒီလိုပါ… ဖေဖေနဲ့ အဲဒီအန်ကယ်ရဲ့ နာမည်က မြန်မာနာမည်တွေထဲမှာ နာမည်တူ အတော်လေး များတဲ့ နာမည်မျိုးလို့ ဆိုရပါမယ်။ အဲဒီနာမည်မျိုးတွေက အစိုးရ အဖွဲ့ဝင်တွေ၊ သူတို့ဆီမှာ စာရင်းပေါက်နေတဲ့ နာမည်တွေထဲမှာ ပါနေတာကိုး။ အဲဒါကြောင့် အတင်း စစ်စစ်ပေါက်ပေါက် စစ်ဆေးနေတာ လို့ နားလည်ရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီလောက် အသက်ကြီးတဲ့ လူကြီးတွေ အ၀င်မှာရော အထွက်မှာပါ စိတ်တထင့်ထင့်နဲ့ နာရီနဲ့ချီပြီး မတ်တပ်ရပ် စောင့်ဆိုင်းနေရတာ သူတို့သာမက ဘေးလူတွေပါ စိတ်ရော လူရော အင်မတန် ပင်ပန်းလှပါတယ်။

အန်ကယ်ကတော့ သီရိလင်္ကာ အင်မီဂရေးရှင်းက အရာရှိတွေ ဆိုးတဲ့အကြောင်း စာတစ်ပုဒ် ရေးဖြစ်အောင် ရေးမယ်လို့ အလာတုန်းက ကြိမ်းဝါးခဲ့ပေမဲ့ အဲဒီက မြန်မာဘုန်းကြီးကျောင်း သုံးကျောင်းကို ရောက်အပြီးမှာ မရေးတော့ပါဘူး… လို့ ပြောပါတယ်။ အဲဒီလို သီရိလင်္ကာ မကောင်းကြောင်းပြောလိုက်လို့ လူတွေ ဘုရားဖူး မလာကြတော့ရင် မြန်မာဘုန်းကြီးကျောင်းတွေမှာ အလှူအတန်း နည်းပါးသွားမှာကို မလိုလားလို့ပါ။ ကျွန်မကတော့ သတင်းတစ်ခုအနေနဲ့ ရေးပြတာပါ။ အဲဒီလို နာမည်ဆင်တူရှိနေသူတွေ အင်မီဂရေးရှင်းက ရစ်နေရင် ဘာကြောင့် ဆိုတာ ကြိုသိထားရတာပေါ့။

ဒါကတော့ ကိုလံဘိုမှာ ကျွန်မတို့ တည်းခဲ့တဲ့ ဟိုတယ်ရဲ့ အရှေ့ပိုင်း ခြံဝင်းလေးပါ။

အစားအသောက်အနေနဲ့ကတော့ ဈေးတော့ တော်တော်သက်သာတယ် ဒါပေမဲ့ ချက်တဲ့ စတိုင်လ်လိုက်လို့ အရသာကတော့ နည်းနည်း ညံ့တယ်၊ ဆန်လည်း ကြမ်းတယ်၊ အစားဆင်းရဲတယ် လို့ Tour Guide က ပြောပါတယ်။ ကျွန်မတို့ကလည်း ဘာဖြစ်ဖြစ် ရပါတယ် ကြိုးစားပြီး စားကြတာပေါ့ လို့ ပေါ့ပေါ့ပါးပါးပြန်ဖြေကြပေမဲ့ စိတ်ထဲတော့ တထင့်ထင့်နဲ့ပါ။ စားစရာ တစ်ခုခု မှာပြီးတိုင်း ဘယ်လိုဟာတွေများ ရောက်လာပြီး ဘယ်လိုများ စားရပါ့မလဲ ပေါ့။ ဒါပေမဲ့လည်း ထင်သလောက် မဆိုးတဲ့ စားစရာတွေကို စားရ သောက်ရတော့မှ မဆိုးပါဘူး ကောင်းပါတယ် ကျွန်မတို့ စားလို့ ဖြစ်ပါတယ်လို့ မှတ်ချက်ချရတယ်။

သီရိလင်္ကာနိုင်ငံက အုန်းသီး သိပ်ပေါတဲ့နိုင်ငံ ဆိုတော့ ဘာမဆို အုန်းသီးနဲ့ ချက်ကြတယ်။ ကြက်သားဟင်း၊ ပုဇွန်ဟင်း၊ ငါးဟင်း စတဲ့ ဟင်းတိုင်းလိုလိုမှာ အုန်းသီးနဲ့ အုန်းနို့ ပါတယ်။ သူတို့ဆီက မြင်းခွာရွက်သုပ်ဆိုတာ မြင်းခွာရွက် ပါးပါးလှီးရယ် အုန်းသီး ခြစ်ထားတာတွေရယ်နဲ့ ငရုတ်သီးစိမ်း မညက်တညက်ထောင်းကို ဆီမပါ ပျားမပါ ဒီတိုင်း ရောမွှေထားတာပါ။ အုန်းသီးကြိုက်တဲ့ ကျွန်မကတော့ အဲဒီမြင်းခွာရွက်သုပ်ကို သဘောတွေ တွေ့လို့။ ငရုတ်သီးအစပ်ကို အုန်းသီးက ပြန်ထိန်းသွားပြီး စားလို့ ကောင်းနေတာပဲ။ ထမင်းကြော်ကတော့ နည်းနည်းမာတယ်။ ပုဇွန်ဟင်းနဲ့ ကြက်ဥဟင်း က ချက်ပုံချက်နည်း တစ်မျိုးလေးနဲ့ စားလို့ ကောင်းပါတယ်။ ဟင်းတွေက အရောင်နီနေသော်လည်း မစပ်ပါဘူး။

မြေပဲဆံထောင်းနဲ့ အုန်းသီးခြစ်ထားတာတွေကို ငရုတ်သီးစပ်စပ်နဲ့ ငါးပိကြော်လို ကြော်ထားတာကို ပေါင်မုန့်နဲ့စားတာမျိုးလည်း တွေ့ခဲ့သေးတယ်။ အုန်းစိမ်းရည်နဲ့ အုန်းသီးဇွန်းခြစ်ကတော့ နေရာတိုင်းမှာ ပေါပေါများများ တွေ့ရပါတယ်။ သူတို့တွေက ဆေးဖြစ်ဝါးဖြစ် တစ်နေ့ကို အုန်းသီးစိမ်းရည် တစ်လုံးတော့ သောက်တယ်လို့ သိရပါတယ်။ သောက်တဲ့အခါမှာလည်း နေ့လည် မွန်းမလွဲမီ သောက်မှ ဆေးဖက်ဝင်တယ်လို့ သိရတာမို့ ကျွန်မတို့တွေလည်း နေ့တိုင်း တစ်ရက်မပျက် မွန်းမလွဲခင် ရောက်လေရာ နေရာမှာ အုန်းရည် သောက်ကြပါတယ်။

ဒီမှာ King Coconut လို့ ခေါ်တဲ့ အုန်းသီး နီဝါ၀ါလေးတွေပါ။ တစ်လုံးကို စလုံးငွေနဲ့ဆို ပြားသုံးဆယ် ပြားလေးဆယ်လောက်ပဲ ပေးရပါတယ်။ အရည်ရော အသားရော သိပ်ချိုပါတယ်။ အဲ… တစ်ခုတော့ရှိတယ်။ ဇွန်းခြစ်အတွက် ဘယ်နေရာ ဘယ်ဆိုင်မှာမှ ဇွန်းမရှိပါဘူး။ အုန်းသီးအလုံးကိုယ်ထည်ကို ခပ်ပါးပါး ရှပ်လှီးလိုက်တဲ့ အုန်းခွံအဖတ်ကို ဇွန်းလို လုပ်ပြီး ဇွန်းခြစ်အုန်းသီးကို စားခဲ့ရတာ အမှတ်တရပါပဲ။
ဒါကတော့ လေဆိပ်မှာ ကျွန်မ မှာစားခဲ့တဲ့ Egg Puff နဲ့ ကော်ဖီပါ။ Chicken Puff တို့ Tuna Puff တို့လို အသားတွေ မစားချင်တာမို့ အလွယ်တကူ Egg Puff ကို ယူလိုက်တာ၊ စားတော့မှ အဲ့ဒီအထဲမှာ ကြက်ဥပြုတ်ကို အလုံးလိုက် ထည့်ထားတာ တွေ့ရလို့ တစ်ယောက်တည်း ကြိတ်ရယ်ရတဲ့ Egg Puff ပါ။ ခုထိလည်း ပြန်တွေးမိတိုင်း ရယ်နေရတုံး။
သူတို့ဆီမှာ လဖက်ရည် ပေါပြီး ကော်ဖီကတော့ ရှားတယ်။ နေရာတိုင်း မရဘူး။ တချို့ဆိုင်တွေမှာ စက်က ထွက်လာတဲ့ ကော်ဖီမျိုးတွေ ရတယ်။ ဒါပေနဲ့ ကော်ဖီတွေက နို့တွေများတဲ့အပြင် မသောက်နိုင်လောက်အောင် ချိုတယ်။ သူတို့နိုင်ငံက လဖက်ခြောက်ပေါတဲ့ နိုင်ငံဆိုတော့ Breakfast တွေမှာလည်း Tea ပဲ ရတာများတယ်။ အစားအသောက် နည်းနည်း ခက်ခဲကောင်း ခက်ခဲနိုင်မယ်လို့ ကြိုသိတဲ့ မေမေတို့က ဘုန်းကြီးကျောင်းတွေမှာ လှူဖို့နဲ့ ကိုယ် သောက်ချင်တဲ့အချိန် သောက်လို့ရအောင်ဆိုပြီး ကော်ဖီထုပ်တွေ ယူလာပေးလို့ နေ့တိုင်း ကော်ဖီကို စိတ်ကြိုက် သောက်ခွင့်ရတာ… Starbucks မရှိ Coffee Bean မရှိ နဲ့… ကိုးရက်ဆိုတော့ သေလောက်တယ်။ :P
ကန္ဒီမြို့ကိုရောက်တဲ့ညနေမှာ Tour Guide က ခေါက်ဆွဲကြော်တို့ ချိုချဉ်ကြော်တို့ ရတယ် ကောင်းတယ်လို့ ပြောပြီး Casserole လို့ အမည်ရတဲ့ တရုတ်ဆိုင်တစ်ဆိုင်ကို ခေါ်သွားပါတယ်။ ခေါက်ဆွဲကြော်လို့ မှာလိုက်တော့ အခုလို ချစ်စရာ ကြာဆံကြော်လေး ရလာပါတယ်။ သူတို့က အဲဒါကို Noodle ပဲ ခေါ်ကြတာ၊ ပြီးတော့ သူနဲ့ တွဲစားဖို့ ငရုတ်သီးကြော်လေး ပေးပါတယ်။ စားလို့ အတော်ကောင်းပါတယ်။ ကျွန်မရဲ့ အကြိုက် ကန်ဇွန်းရွက်ကြော်ကလည်း စိမ်းစိမ်းလေးနဲ့ မွှေးနေတာပဲ။ အဲဒီဆိုင်လေးမှာ သုံးကြိမ် စားဖြစ်ပါတယ်။
ဒါကတော့ လမ်းတလျောက်မှာ အုန်းသီးဆိုင်လေးတွေနဲ့ အတူတူ တွေ့ရတတ်တဲ့ မြေပဲလှော်ထုပ်တွေပါ။ အခွံတွေနဲ့မို့ ခွာရ စားရတာ စိတ်မရှည်လို့ ကျွန်မ မစားပေမဲ့ လူကြီးတွေကတော့ ၀ယ်စားကြပါတယ်။ ချိုတယ် တဲ့…။
မနက်အစောကြီး စွယ်တော်သွားဖူးကြတဲ့နေ့က ဘုရားက အပြန် Local ဆိုင်လေးတစ်ဆိုင်မှာ သွားစားကြပါတယ်။ ကြက်သားဟင်း ဆိတ်သားဟင်း ပဲဟင်း ပလာတာ နံပြား တိုဆေးတို့နဲ့ အတူ ဒိန်ချဉ်တို့ လဖက်ရည်တို့ စတဲ့ အမယ်တော်တော်များများ ရတဲ့ဆိုင်ပါ။ လူကြီးတွေက ပလာတာနဲ့ ပဲဟင်း ကြက်သားဟင်းတွေ စားနေကြချိန်မှာ မနက်စောစောစီးစီး အဲလိုအစားအစာတွေ မစားတတ်တဲ့ ကျွန်မအတွက်တော့ ဘယာကြော်နဲ့ ဘလက်ကော်ဖီပါပဲ။ ကြည့်ပါအုံး… သူတို့ဆီက ဘယာကြော်တစ်လုံးတစ်လုံးက ပစ်ပေါက်ရင် တော်တော်အထိနာနိုင်အောင် ကြီးမားပါတယ် နည်းနည်းလည်း မာတယ်၊ ဒါပေမဲ့ စားလို့ ကောင်းပါတယ်။ 
အဲဒီဆိုင်မှာ နောက်စားစရာတစ်မျိုး တွေ့ရပါသေးတယ်။ အဲဒါကတော့ ကြက်သားကြော်ကို ခပ်သေးသေးစင်းထားပြီး ဂေါ်ဖီထုပ်ရယ် နဲ့ ပလာတာ ကို ပါးပါး လှီးထားတာနဲ့ ရောကြော်တာပါ။ မဆလာလေးလည်း ဖြူးလို့… ဖြတ်ကနဲ ကြည့်လိုက်ရင် ခေါက်ဆွဲကြော်လိုလို ရုပ်မျိုးနဲ့… ဖေဖေစားတာ မြည်းကြည့်တော့လည်း ဘာနဲ့တူမှန်းကို မသိဘူး။ အဆန်းပေါ့… ဓါတ်ပုံကတော့ ပြန်ရှာတာ မတွေ့လို့ မပြရဘူး။

ဒါကတော့ မပြန်ခင်တစ်ရက် ဘူဖေးစားဖြစ်တဲ့နေ့ကပါ။ အာလူးမဆလာ၊ ပဲဟင်း၊ နာနတ်သီးသုပ် နဲ့ ကြက်သားဟင်းပါ။ သူတို့ဆီက ဘူဖေးက ရယ်ရတယ်၊ ကျန်တာတွေ ကြိုက်သလောက် ယူလို့ရပေမဲ့ ကြက်သားဟင်းကတော့ တစ်တုံးပဲ ရမတဲ့ နောက်ထပ်ယူရင် ပိုက်ပိုက် ထပ်ပေးရမယ်တဲ့။ ကြည့်ရတာ သူတို့ဆီကလူတွေက ဘူဖေးဆို ထိန်းမရအောင် စားလို့ ဖြစ်ရမယ်လို့ ပြောပြီး ရယ်ရပါသေးတယ်။
ဒါကတော့ တောင်ပေါ်တစ်နေရာက လတ်ဆတ်တဲ့ သစ်သီးဆိုင်လေးတွေပါ။ ၀ယ်ချင်စရာ အသီးအမျိုးအမည် စုံနေတာပဲ ပြီးတော့ စားလို့လည်း သိပ်ကောင်းပဲ။ အသီးတွေကို အဓိကထားပြီး ရိုက်လိုက်တာကြောင့် ဆိုင်ရှင်နှစ်ယောက် ခေါင်းပြတ်နေတာ ခွင့်လွှတ်ကြပါ။
ဒီလိုနဲ့ ကိုးရက်တာ ဘုရားဖူးခရီးစဉ် အောင်မြင်စွာ ပြီးဆုံးခဲ့ပါတယ်။ ဒီခရီးအတွက် အစီအစဉ်တွေကို လူကြီးတွေ ရန်ကုန်ကနေ စီစဉ်လာတာပါ။ ကျွန်မက ဘာမှ မလုပ်ရပဲ ဒီကနေ လေယာဉ်ပျံလက်မှတ်ဝယ်ပြီး လူကြီးတွေ စီစဉ်တဲ့နောက် အချောင်ခိုပြီး လိုက်သွားရတာပါ။ သီရိလင်္ကာ Visa ကလည်း မခက်ဘူး ထင်ပါတယ်။ မေမေတို့က ရန်ကုန်က လုပ်လာကြတာပါ။ Tour နဲ့ ဆိုပေမဲ့ ဟိုမှာရှိတဲ့ မြန်မာတစ်ယောက်ကို လှမ်းဆက်သွယ်ထားရတယ်လို့ သိရပါတယ်။ သူက အကုန်စီစဉ်ပေးတာပါ။ ကျွန်မတို့ သားအမိ သုံးယောက်နဲ့ အန်ကယ် အန်တီ နှစ်ယောက် စုစုပေါင်း ငါးယောက် ကားတစ်စီးနဲ့ Tour Guide နဲ့ Driver နဲ့ပါ။ စင်္ကာပူမှာ သီရိလင်္ကာ Tour ရယ်လို့တော့ မတွေ့ဖူးဘူး လေယာဉ်လက်မှတ်ကတော့ Mustafa Travel & Tour - Online ကနေ လှမ်းဝယ်တာပါ။ ဈေးမှန်ပါတယ်။

ဒါကတော့ စကာင်္ပူ ပြန်ရောက်ရောက်ချင်း အိမ်မပြန်နိုင်သေးပဲ ပြေးလွှားစားလိုက်တဲ့ ရခိုင်မုန့်တီသုပ်နဲ့ မုန့်ဟင်းခါး ဟင်းရည်ပါ။

နိဂုံးချုပ်ရရင်တော့ သီရိလင်္ကာနိုင်ငံကို မရည်ရွယ်ပဲ အလည်အပတ် ရောက်သွားခဲ့တာပါ။ ဖေဖေ မေမေတို့အနားမှာ ကလေးလုပ်ပြီး သွားခွင့်ရတဲ့ခရီးမို့ ပျော်စရာလည်းကောင်း၊ စိတ်ချမ်းသာစရာလည်း အင်မတန်ကောင်းတဲ့ ဘုရားဖူးခရီးစဉ်တစ်ခု ဖြစ်ခဲ့ပါတယ်။ မြတ်စွာဘုရားရဲ့ ဓါတ်တော် မွေတော်တွေနဲ့ ထူးခြားထင်ရှားးတဲ့ ကျောင်းကန်ပုထိုး စေတီတွေ အများကြီး ဖူးမျှော်ခွင့်ရလို့ ကုသိုလ်တွေလည်း အများကြီး ရခဲ့ပါတယ်။ ပြန်လာပြီးတဲ့ရက်တွေမှာလည်း အမြဲတမ်းလိုလို တသသ သတိရနေပြီး ဖေဖေ မေမေတို့နဲ့ စကားပြောဖြစ်တိုင်း အဲဒီအကြောင်းတွေပဲ ပြောကြ၊ ဓါတ်ပုံတွေ ပြန်ကြည့်ကြနဲ့ အချိန် တော်တော်ကြာတဲ့အထိပဲ။ ပြီးပြန်တော့ ခရီးစဉ် အမှတ်တရ မှတ်တမ်းလေး ရေးဖို့ ဓါတ်ပုံတွေ ပြန်ကြည့်၊ ပြန်စီ၊ သွားရင်း လာရင်း ရေးမှတ်လာတာတွေနဲ့ စာရေးဖို့ ပြင်ဆင်၊ လိုအပ်တဲ့ စာတွေ ပြန်ဖတ်၊ မသိတာတွေ အင်တာနက်မှာ ပြန်ရှာနဲ့… အဲဒီအချိန်တွေမှာလည်း ချမ်းသာရတဲ့ ကုသိုလ်စိတ်အစဉ်နဲ့မို့ ကိုယ့်ကိုယ်ကိုယ်လည်း ဒီခရီးကို အင်မတန် သဘောတကျ ကျေနပ်နေမိတာပါ။

မေမေကလည်း သူ့ ဓမ္မာရုံက ထုတ်မဲ့ မဂ္ဂဇင်းအတွက် သီရိလင်္ကာ ဘုရားဖူး ခရီးစဉ်လေးအကြောင်းကို ရေးနေတယ်လို့ သိရပါတယ်။ မေမေကတော့ ခရီးစဉ် တစ်ခုလုံး ခြုံပြီး ရေးမှာမို့ ကျွန်မလို ဓါတ်ပုံလေးတွေ စာထိုးရုံမဟုတ်ပဲ မှတ်တမ်းတစ်ခုအနေနဲ့ ပြည့်ပြည့်စုံစုံ ဖတ်ရလိမ့်မယ် ထင်ပါတယ်။ မေမေ့စာကိုလည်း စာအုပ်ထွက်ပြီးရင် တင်ပေးပါအုံးမယ်။

ကျွန်မရဲ့ သီရိလင်္ကာပိုစ့်တွေကို စိတ်ဝင်စားစွာ လာဖတ်ကြတဲ့ စာဖတ်သူ တစ်ယောက်ချင်းစီတိုင်းကို အထူး ကျေးဇူးတင်ရှိပါတယ်။