Thursday, September 17, 2009

ပျောက်ဆုံးသွားသော...

ရူးသွပ်နည်း တမျိုးနှင့် ရူးသွပ်သည်ဟုပဲ ဆိုဆို၊ သာမန်မဟုတ်ဖူးပဲ ပြောပြော၊ လူတွေ၏ လက်မှတ်များ နှင့် သူတို့၏ လက်ရေးများကို စိတ်ဝင်စားတတ်သူ တယောက်အဖို့ ထိုလက်မှတ်တွေ၊ လက်ရေးတွေကို ကြည့်ကာ သူတို့၏ စိတ်နေသဘောထားကို ခန့်မှန်းကြည့်ခြင်း၊ သူတို့၏ ဓလေ့စရိုက်များကို တွက်ဆ ချိန်ထိုးကြည့်ခြင်း အလုပ်ကို စိတ်ပါဝင်စားစွာ လေ့လာနေမိသည်မှာ နှစ်ကာလ အားဖြင့် အတော်ကြာခဲ့ပြီ ဖြစ်သည်။ လူတယောက်၏ လက်ရေး လက်သား စာလုံး အဆွဲအငင် အဖြတ် အတောက်တို့သည် တဦးနှင့် တဦး အတော်ပင် ကွဲပြား ခြားနားကြပေသည်။ ပြီးတော့ သူတို့ ၏ လက်မှတ်များ… တဦး နှင့်တဦး ဘယ်နည်းနှင့်မျှ မတူညီကြသော၊ အမည်နာမချင်းပင် တူညီပါစေအုံး၊ အဆွဲ အငင် အတွေ့အဝိုက် အနည်းနည်း အဖုံဖုံ ကွဲပြားနေကြသော လက်မှတ်များကို ကြည့်ကာ သူတို့၏ အကြောင်းကို လေ့လာခန့်မှန်းရသည်မှာလဲ အနုပညာ တရပ်ဟု ဆိုနိုင်အောင်ပင် အလွန် စိတ်ဝင်စားစရာကောင်းလှပါသည်။ သို့သော်…

******

မှတ်မှတ်ရရ ထိုလက်မှတ်ကလေးကို စတွေ့ခဲ့သည်မှာ လွန်ခဲ့သော တနှစ်ကျော် ကာလက ဖြစ်သည်။ လုပ်ငန်းသဘော သဘာဝအရ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်း ဝန်ဆောင်မှုပေးသော အဖွဲ့အစည်းကြီး တခုကို စာရင်းအင်းဆိုင်ရာများကို စစ်ဆေးရန် သွားရောက်ခဲ့ရပါသည်။ အထပ်ထပ်ပုံထားသော ဖိုင်တွဲများကြားတွင် ခေါင်းမြုပ်ထားရင်း ကိန်းဂဏန်းများကို စစ်ဆေးလိုက် ၊ တွက်ချက်လိုက်၊ လိုအပ်သော မေးခွန်းများကို မေးမြန်းလိုက်၊ အဖြေများကို မှတ်သားလိုက် လုပ်နေရင်း မျက်လုံးတို့သည် တနေရာမှာ စက္ကန့် အတော်ကြာ ရပ်တန့်သွားကြပါသည်။

လက်မှတ်ကလေး တခု… သာမန်အားဖြင့် သိပ်ထူးခြားသည်ဟု မဆိုသာသော လက်မှတ်တခု ဖြစ်သော်လည်း ဘာကြောင့်မှန်းမသိ ထိုလက်မှတ်ကလေးသည် အစွမ်းသတ္တိ တမျိုး ရှိနေသလိုလို၊ အရှိန်အဝါ တခုခု ရှိနေသလို သူ့အား ရစ်ပတ် ဆွဲဆောင်နေပါသည်။ ထိုလက်မှတ်လေးအား ဘယ်နေရာမှာတွေ့တွေ့ မမေ့နိုင်တော့သည်အထိ အချိန်အတော်ကြာ မျက်တောင်မခတ် စိုက်ကြည့်နေမိပါသည်။ နောက်ထပ် စစ်ဆေးရန် ကျန်ရှိနေသေးသော ဖိုင်တွဲများကို ခပ်သွက်သွက် လှန်လှောကြည့်လိုက်သောအခါတွင်လည်း အလားတူ လက်မှတ်ကလေးပေါင်း များစွာကို ထပ်တွေ့ရပါသည်…။ သူ ရင်တွေ တထိတ်ထိတ် ခုန်လာသလိုတောင် ခံစားလိုက်ရသည် ဟု ထင်ပါသည်…။ တကယ်တော့ သာမန် လက်မှတ်ကလေးတခု ဖြစ်ပါသည်။ နာမည်စာလုံးလေးတခုကို ရိုးသားရှင်းလင်းစွာ ဆွဲငင်ထားသော ဤလက်မှတ်ကလေး ပိုင်ရှင်မှာ မိန်းကလေးတယောက်သာ ဖြစ်ရမည်ဟု ဘာကြောင့် သေချာနေမှန်း သူ စဉ်းစား၍ မရခဲ့ပါ။ တကယ်တော့ ဤ နာမည်စာလုံးမျိုး ယောင်္ကျားလေးတယောက်တွင်လည်း ရှိနိုင်သည်ပဲ…။ သို့သော်.. သေချာသည်… ထိုလက်မှတ်ကလေး ပိုင်ရှင်မှာ မိန်းကလေးတယောက်သာ ဖြစ်ရမည်။

ထူးထူးခြားခြားပြောရလျှင် သူမ ရေးထိုးထားသော လက်မှတ်ကလေးများသည် တခုနှင့်တခု အဆွဲအငင်၊ အရွယ်အစား၊ အတိုင်းအတာ၊ စောင်းပုံ စောင်းနည်း လုံးဝ မကွာခြား မကွဲပြားနေပဲ တံဆိပ်တုံး တခုဖြင့် ထုနှိပ်ထားသလို ညီညွတ် တိကျနေကြခြင်းပင်…။ သေချာချင်သောစိတ်ဖြင့် စာရွက် ခပ်ပါးပါးတခုတွင် ရေးထိုးထားသော လက်မှတ်လေးကို ကိုင်ကာ အခြား စာရွက်များပေါ်တွင် လိုက်ထပ်ကြည့်မိပါသေးသည်။ နဲနဲလေးမျှ မလွဲအောင် တသွေမတိမ်း ထပ်တူညီပါသည်။ ထို့ကြောင့် လက်မှတ်ကလေး ပိုင်ရှင် မိန်းကလေးသည် စိတ်ဓါတ် တည်ငြိမ် ရင့်ကျက်သော၊ အရာရာကို တိကျ ပြတ်သားစွာ ဆုံးဖြတ်တတ်သော၊ အမှားအယွင်း အတိမ်းအစောင်းဖြစ်ခြင်းကို နဲနဲမှ မလိုလားသော၊ ထက်မြက်၍ ဥာဏ်ပညာ ရှိသော၊ ပျော့ပြောင်းသော်လည်း ခိုင်မာသော အမူအကျင့်ကို ပိုင်ဆိုင်နိုင်ဖွယ်ရှိသော မိန်းကလေးတယောက် ဖြစ်ရမည်ဟု ကောက်ချက်ချမိပါသည်။ နောက်ဖိုင်တွဲတတွဲတွင်မူ ထိုလက်မှတ်ကလေး အပေါ်တွင် မင်အနက်ရောင်ဖြင့် ရေးသားထားသော သပ်ရပ်တိကျ လှပသော လက်ရေးစာလုံးလေးများကို တွေ့ရပြန်ပါသည်။ ခပ်သွက်သွက်၊ ခပ်သော့သော့ ရေးထားခြင်း ဖြစ်သော်လည်း အရွယ်အစား ညီညာ သပ်ရပ်ပြီး လှပသော စွဲလမ်းဖွယ်ရာ လက်ရေးများ ဖြစ်ပါသည်။

အတွေးစိတ်ကူးထဲတွင် ထိုမိန်းကလေးကို လူကိုယ်တိုင် တွေ့မြင်ချင်စိတ်များ၊ ခင်မင်ရင်းနှီး လိုစိတ်များဖြင့် ပြည့်နှက်လာကြသည်။ သို့သော် ဝမ်းနည်းဖွယ်ကောင်းသည်မှာ ထိုနေ့သည် သူ့အတွက် ဤရုံးတွင် နောက်ဆုံး စာရင်းစစ်ရသောနေ့ ဖြစ်နေခြင်းပင်။ ညနေ ရုံးဆင်းချိန်တွင် အလျှိုအလျှို ရုံးဆင်းသွားကြသောသူများထဲတွင် မျှော်လင့်နေသူ တယောက်ကို တွေ့လို တွေ့ငြား မျက်စေ့ကစားကာ ရှာကြည့်နေမိပါသေးသည်။ သို့သော် အရှေ့လှေခါး၊ အနောက်လှေခါးများ၊ ဓါတ်လှေခါးများဖြင့် အလွန်များပြား ကြီးမားလှသော ရုံးကြီးထဲတွင် တခါမှ မသိဖူးသူ တယောက်ကို ရှာနိုင်ဖို့မှာ လွန်စွာမှ ခက်ခဲလှကြောင်း သူ ကောင်းကောင်းနားလည်ပါသည်…။

******

ထိုလက်မှတ်ကလေးကို စွဲလမ်းစိတ်နှင့် လက်မှတ်ပိုင်ရှင်လေးကို တွေ့မြင်ချင်စိတ်တို့ဖြင့် လပေါင်းများစွာ ကုန်လွန်လာအပြီးမှာ ထိုရုံးကို နောက်တကြိမ် စာရင်းစစ်သွားရန် အကြောင်းဖန်လာပါသည်။ ထိုသတင်းကို ကြားရသောနေ့က သူ ဝမ်းသာပျော်ရွှင်စိတ်တို့ဖြင့် ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေခဲ့ပါသည်။ သည်တကြိမ်တော့ဖြင့် ရသည့်အခွင့်အရေးကို အသုံးချကာ တွေ့လိုသောသူကို မတွေ့ တွေ့အောင် အားထုတ်ရှာဖွေမည်ဟု စဉ်းစားနေမိပါသည်။ သည်တပါတ် စနေ တနင်္ဂနွေ ပိတ်ရက် နှစ်ရက်အပြီး တနင်္လာနေ့ဆိုလျှင် ထိုရုံးကို သူ သွားရတော့မည်။ တနှစ်ကျော်ကြာ မျှော်လင့်နေခဲ့ရသော သူ့အတွေးစိတ်ကူးများကို အကောင်အထည်ဖေါ်နိုင်တော့မည် ဖြစ်သောကြောင့် သူ စိတ်လှုပ်ရှားနေခဲ့သည်။
အို… လက်မှတ်ကလေးတခုက လူကို ဆွဲဆောင်နိုင်လှချည့်…။

စနေနေ့မနက်က ဘာကြောင့်မှန်းမသိ၊ အိပ်ရာက အစောကြီး နိုးနေသည်။ အိမ်ရှင်း၊ အဝတ်လျှော် မီးပူတိုက်၊ ပြီးတော့ ဆံပင်သွားညှပ်ကာ ရေချိုး ခေါင်းလျှော်…။ ညနေပိုင်းမှာ သူငယ်ချင်းတယောက်က နောက်တနေ့ ROM (Registry of Marriage) မှာ လက်ထပ်လက်မှတ် ရေးထိုးရန်ရှိသဖြင့် သူ့ဘက်မှ အသိ သက်သေအဖြစ် လက်မှတ်ထိုးပေးရန် ပြောလာသည်။ သူငယ်ချင်းကို အိုကေ ဟုပြောလိုက်ရင်း တဆက်တည်းမှာပင် (မဆီမဆိုင်) ဟိုလက်မှတ်ကလေးကို သတိရသွားပြန်သည်။ အင်း… သိပ်မလိုတော့ပါဘူး…။ ဒီနေ့ စနေ.. မနက်ဖြန် တနင်္ဂနွေ…။ ပြီးတော့… တနင်္လာ ကို သူ့အလိုလို ရောက်သွားပေမည်။ ရင်ခုန်စရာ အတွေးစိတ်ကူးတို့နှင့် ထိုညက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့သည်။

တနင်္ဂနွေနေ့ မနက်စောစော ROM ကို သူ ရောက်တော့ သတို့သမီး သတို့သားတောင် မရောက်သေး။ သူ ဘာတွေ စိတ်စောနေမိပါလိမ့်လို့ တွေးကာ အဝင်ဝမှာ ထောင်ထားသော ဆိုင်းဘုတ်ကို သွားကြည့်မိသည်။ စမည့်အချိန်က ကိုးနာရီခွဲ… အခုမှ ကိုးနာရီပဲ ရှိသေးသည် ဆိုတော့ ခဏတော့ စောင့်ရအုံးမည်ပေါ့…။ သတို့သမီး နာမည်ကို မျက်စေ့အရောက်မှာ နောက်ဆုံးစာလုံးလေးသည် ဟိုလက်မှတ်ကလေးနှင့် စာလုံးချင်း တူနေသည်ကို တွေ့ရပါသည်။ သည်လို နာမည်မျိုး အတော်များပါလားဟု တွေးနေတုန်းမှာပင် သတို့သမီး သတို့သား နှင့် အတူ အခြားသူငယ်ချင်းများလည်း ရောက်လာကြပါသည်။ သတို့သားက သတို့သမီးကို လက်ဆွဲကာ သူ ထိုင်နေရာ အနားကို လျှောက်လာပါသည်။ ပြီးတော့ မိတ်ဆက်ကြ… စကားတွေပြောကြ… ရယ်မောကြ…။ သတို့သမီးလေးမှာ အသားဖြူဖြူ၊ အရပ်မြင့်မြင့် ရိုးသား ရှင်းလင်း ကြည်လင်သော မျက်နှာလေးနှင့် ချစ်စဖွယ်။ သူမ၏ ထူးခြားချက်မှာ စိန်ပွင့်လေးများလို တလက်လက်တောက်ပနေသော မျက်လုံးအစုံ။ သူမ နှုတ်ခမ်းပါးမှ ရယ်မောလိုက်တိုင်း အတူတူ လိုက်ရယ်ကြသော ထိုမျက်လုံးလေးတွေက သတိမထားမိပဲ မနေနိုင်အောင် စူးရှ တောက်ပ နေကြသည်လေ။ လိမ်မာရေးခြားရှိကာ ထက်မြက်သော မိန်းကလေးတယောက်ဖြစ်မှာ သေချာပါသည်။

သည်လိုနှင့် တရားသူကြီးရောက်လာကာ လက်မှတ်ထိုးရန် အဆင်သင့် နေရာယူကြသည်။ သတို့သမီး သတို့သားနှင့် တရားသူကြီး က မျက်နှာခြင်းဆိုင်၊ သူ က သတို့သား၏ ညာဖက်ခြမ်းမှာ နေရာယူရကာ သတို့သမီးဖက်မှ သက်သေက သတို့သမီး၏ ဘယ်ဖက်ခြမ်းတွင် နေရာယူရလေသည်။ ပြောစရာရှိသည်များ မေးစရာရှိသည်များ ပြောဆို မေးမြန်းအပြီးမှာ လက်မှတ်ထိုးကြရသည်။ ပထမဆုံး သတို့သား၊ ပြီးတော့ သတို့သမီး… အမှတ်မထင် လှမ်းကြည့်လိုက်မိသော သူ့မျက်လုံးတွေ ပြာဝေသွားကြသည်။

မင် အနက်ရောင် လက်မှတ်ကလေး…။
သူ မျက်စေ့မှားခြင်းသာ ဖြစ်ပါစေတော့ ဟု စိတ်ထဲမှာ အကြိမ်ကြိမ် အထပ်ထပ် ဆုတောင်းနေမိသည်။ သို့သော် သူ့ဆုတောင်း မပြည့်ခဲ့ပါ။ လက်မှတ်ထိုးရမည့်အလှည့်မှာ မျက်စေ့ ရှေ့ကို ရောက်လာသော စာချုပ်လေးကို ကြည့်ကာ ဖေါင်တိန်ကိုင်ထားသော သူ့ လက်ချောင်းတွေ တော်တော်နဲ့ လှုပ်ရှား၍မရ ဖြစ်သွားသည်။ မည်သည့်နည်းနှင့်မျှ လွဲမှားစရာ မရှိသော မင်အနက်ရောင် ထိုလက်မှတ်ကလေး၊ ဘယ်နေရာမှာ တွေ့တွေ့ ဘယ်အချိန်မှာ တွေ့တွေ့ အစဉ်စွဲမြဲ မှတ်မိနေသော ထိုလက်မှတ်ကလေး၊ အချိန်ကာလ အားဖြင့် တနှစ်ကျော်ကြာအောင် သူ့ကို ညှို့ငင် ဆွဲဆောင်ထားသော ထိုလက်မှတ်ကလေး၊ အဆွဲအငင်၊ အကွေ့အဝိုက် နဲနဲမှ အတိမ်းအစောင်းမရှိ၊ အစဉ်တိကျ သပ်ရပ်နေသော ထိုလက်မှတ်ကလေး…။

******

လပေါင်းများစွာ မျှော်လင့် ရင်ခုန်နေခဲ့ရသော အရာတခုသည် မျက်တောင်တခတ် အတွင်းမှာပင် လှလှပပ သေသေသပ်သပ်နှင့် တစခြင်းစီ ကြေမွ ပြိုကွဲသွားလေပြီဖြစ်သည်။ ထိုအချိန်မှစကာ သူသည် လူတွေ၏ လက်မှတ်များ လက်ရေးများကို စွဲစွဲလမ်းလမ်း ကြည့်ရှုကာ ထိုသူတွေ၏ စိတ်အစဉ်ကို တွေးမြင် ခန့်မှန်းသည့် အလေ့အကျင့်ကို စွန့်လွှတ်ရန် ကြိုးစားမိပါတော့သည်။ လူတယောက်၏ အမူအကျင့်ဆိုသည်မှာ ပြင်ဆင်ရန် အလွန်တရာမှ ခက်ခဲသည်ဟု ဆိုကြသော်လည်း သူ့ဘဝထဲမှာ သူ လိုချင် မက်မောခဲ့သော၊ သူ စွဲလမ်း တောင့်တခဲ့သော အရာတခုကို ရုတ်တရက် လက်လွှတ် ဆုံးရှုံးလိုက်ရသောကြောင့်ပေလား မသိ… ၄င်း အမူအကျင့်ကို များမကြာမီ ကာလအတွင်း၌ပင် မြန်မြန်ဆန်ဆန် စွန့်လွှတ်၍ ရသွားနိုင်လိမ့်မည်ဟု သူ သေသေချာချာ ယုံကြည်နေမိပါသည်။

Friday, September 11, 2009

ပျော်ရွှင်စရာ ထိုသောကြာ

ဟိုးအရင်တပတ်က သောကြာနေ့ ညနေဖက် G Talk မှာ ဘလော့ဂ်ထဲက သူငယ်ချင်းတချို့ နဲ့ Chatting လုပ်ရင်း ဘာတွေပြောကြတယ်ဆိုတာ ပြောပြချင်ပါတယ်။ ဘယ်သူတွေနဲ့လဲ လို့ တော့ မမေးပါနဲ့…။ ပြောဝူး…။

အစုတ်ပလုပ်လေး တယောက်က စတဲ့ ဇာတ်လမ်းပါ…
ဇာတ်လမ်းက သူ့ရဲ့ G Talk Status မှာ တင်ထားတဲ့ စာကြောင်းတွေက စပါတယ်…။
သူရေးထားတာက ဒီလို…။

“မပြောချင်ဘူး မပြောချင်ဘူး ပြောကို မပြောချင်ဘူး မောင်တင်စိုးရေ… ဟောဒီမှာ မန္တလေးက မြင့်မြင့်စိုးတို့ သားအမိ ရောက်နေတယ် ဟေ့… မပြောချင်ဘူး မပြောချင်ဘူး ပြောကို မပြောချင်တော့ဘူး” တဲ့…

အဲဒီစာကြောင်းကိုတွေ့တော့ ကိုယ် ဖတ်ပြီး ဟက်ဟက်ပက်ပက် ရယ်မောမိပါတယ်…။ သူ့ကိုလဲ “ဘာတွေ လျှောက်ရေးထားတာလဲကွာ” လို့ မေးတော့ “ပြန်မမေးပါနဲ့ အဲဒါ ဘယ်ရုပ်ရှင်ကားထဲကလဲ… ဖြေပါ…” တဲ့…။
ဘာရမလဲ ကိုယ်လဲ ဒီလောက်တော့ ပိုင်ပါတယ်.. ။
ဖြေလိုက်တာပေါ့ “ဒေါ်မြလေး… နှစ်မွှာအသည်း” လို့…။

ဒါနဲ့ ကိုယ်လဲ အဲဒီစာကြောင်းကို Online မှာ ရှိနေတဲ့ နောက်ထပ် သူငယ်ချင်း နှစ်ယောက်ဆီကို ကူးပြီး မေးလိုက်တယ်…။ အမယ်.. သူတို့ကလဲ သိကြတယ်…။ တန်းဖြေတာပဲ…။ တော်ချက်…။ အိုကေ… ဒီ့နောက်မှာ ကစားပွဲကို စိတ်ပါလာတဲ့ သူငယ်ချင်း နောက်တယောက်က နောက်စာတကြောင်း ထပ်ရေးပြလာပါတယ်။

“ကလေးတွေကို ပျော်ခွင့်ပေးလိုက်ပါ” တဲ့…။

အဲဒါ ဘယ်ကားထဲကလဲ ဖြေပါတဲ့…။ ကိုယ်ခဏတော့ စဉ်းစားလိုက်ရပါတယ်…။
စဉ်းစားနေတုန်းမှာပဲ သူက ဆက်ရေးပြလာတယ်…
အဲဒီရဲ့ အရှေ့က စကားက “ဒီနေရာက စိန်ကောင်း ကျောက်ကောင်းရောင်းတဲ့ နေရာတော့ မဟုတ်ဖူးနော် “ တဲ့…။ အိုး… ဒီတော့ ကိုယ်သိသွားပြီ…
“နေအောင် နဲ့ ခင်သန်းနု … သင်္ကြန်မိုး” လို့ ပျော်ပျော်ပါးပါး ဖြေလိုက်တာပေါ့။

ဒီလိုနဲ့ အဲဒီညနေက တယောက်နဲ့တယောက် Chat Box ကနေပြီး စကားပြောကြရင်းက ရုပ်ရှင်ဖွက်တမ်း ကစားတဲ့ ဆီကို သိသိသာသာကြီး ရောက်လာပါတော့တယ်…။ လေးယောက်ထဲနဲ့ ပွဲကို စည်လို့…။ ဟိုဖက်ကူးပြီး မေးလိုက်.. ဒီဖက်မှာ ပြန်ဖြေလိုက်နဲ့…။ ငယ်ငယ်တုန်းက လူစုံစုံမှာ စာရွက်တွေ ခဲတံတွေနဲ့ ရေးပြီး ကစားခဲ့ကြတဲ့ ကစားနည်းမျိုးကို အခုတော့ အခြေအနေက မပေးလို့ လူချင်းဆုံပြီး မကစားနိုင်ကြပဲ Online ကနေပြီး ကစားနေကြရတဲ့ အဖြစ်…။

ခဏနေတော့ နောက်တယောက်က ပြောလာတာက “ဂွတ်မောနင်း.. မကေသီ” တဲ့… ။
ဒါကို တယောက်ကတော့ “အမ်… အမြီးမပါ ခေါင်းမပါ ဘယ်လို ဖြေရမလဲ..” တဲ့…။ အဲဒါနဲ့ မေးတဲ့သူက နဲနဲ အစဖေါ်ပေးတယ်။ ကိုယ့်ရဲ့ အကြိုက်ဆုံး စာရေးဆရာမ တယောက်ရဲ့ ဝတ္ထုကို ရိုက်ထားတာလေ တဲ့…။ ဒီတော့ နဲနဲတော့ စဉ်းစားလို့ ရလာသလိုလိုပဲ…။

ကိုမိုးဝေ … ပုဂံ… ကျောက်စာ… အရှုံး … ဟားဟား… သိပြီကွ ပေါ့…။
မြစ်တို့၏ မာယာ လေ…။ ရဲအောင်…။

နောက်တခု…
“အို… ဒီရေညှိတွေက ဘာလုပ်ရမှာလဲ…” ။

စိမ်းပြာရေညှိ... B P I ... ခင်မိုးမြင့်… မရှိမဖြစ် မိုး.. စိုးမြတ်သူဇာ…။

ပြီးတော့ နောက်တခု…
“ပန်း... ပြုံးလိုက်လေ…” တဲ့…။ အင်း… ဒဏ္ဍာရီ… ဇင်ဝိုင်း…။ ပိုင်တယ်ကွာ…

နောက်တခု…
“သား… လူလေး ဘယ်များနာသွားသေးလဲ ကွယ်” တဲ့… ။

စကားပြောသော အသည်းနှလုံး…။

နောက်တခု…
မင်းသမီးက မင်းသားကို “ကိုကို လို့ ၅၂ ခါ ခေါ်တဲ့ကား” တဲ့...။

ဘုရားရေ… ဒါမျိုးဆို အမှတ်သညာတွေက တယ်ကောင်း…။
နှလုံးသားမြို့တော်… မို့မို့မြင့်အောင်…။
ဒါကို တယောက်က “ကိုကိုဘာလို့ မုန်းတာလဲ…” ဆိုလို့ ရယ်ကြရသေး…။ တလွဲ…

နောက်တော့ နောက်တမျိုး ဖြစ်လာပြန်တယ်…။
သီချင်းစာသားတွေနဲ့ သီချင်းပဟေဠိ ဖြစ်လာပြီ…။


“စာနာပါတယ် ဒဿဘီလူးရဲ့ နှလုံးသား ၀ိဥာဉ်အား....”
ဟေ့.. သိတယ်။ အချစ်ရှုံးသမား ဒဿဂီရိ… လွှမ်းမိုး…။ ဒါလေးများ…

နောက်မေးခွန်းတခုက သီချင်းလေးရဲ့ သဘောလေးကို ပြောပြမယ်… သီဆိုသူက လွှမ်းမိုး…။ သီချင်းလေး လွမ်းစရာ ကြေကွဲစရာလေး တဲ့…။ ကဗျာလွတ်ကြီး မေးလာတဲ့သူကို သီချင်းထဲမှာ စာသားထဲမှာ ဘယ်လိုစာလုံးမျိုးတွေ ပါလဲ ပြန်မေးရတာပေါ့..။

ဥပမာ.. မိုး.. ပန်း.. တိမ်… အစရှိသဖြင့်ပေါ့..။
ဒီတော့ မေးခွန်း မေးသူက “ရေ” လို့ ဖြေလာတယ်…။
စဉ်းစားလိုက်.. ဆိုကြည့်လိုက်… တော်တော် စဉ်းစားရတယ်…။
နောက်ဆုံးမှာ ရသွားလေရဲ့…။

“ရေပြာလှိုင်း ကမ်းခြေဆီ…. မြေနီလမ်းကလေးကိုယ် ဖြတ်လျှောက်ခဲ့သည်…
နေခြည်ရောင်ဝါ ခြုံလွှမ်းသည်… ပင်လယ်ဇင်ယော်တွေ ပျံဝဲလျှက်ရှိသည်…
အနောက်ဖက် မိုးတိမ်တွေလဲ မျောလွင့်ကြသည်…
အဝေးက ထုံးစေတီလေး ဖူးတွေ့မှန်းရည်…
ဆွဲလည်းခတ်သံတွေလဲ သဲ့သဲ့မျှ ကိုယ်ကြားသည်…”

လွှမ်းမိုး ပဲ…။ အခုတော့ ပါးစပ်ရာဇဝင်လေးတပုဒ် ဖြစ်ခဲ့ပြီ ဆိုတဲ့သီချင်း...။

မိုက်တယ်ကွာ…။

“ကြယ်လေးတွေ ချစ်စရာ အပြာရောင် ကောင်းကင်မှာ…
သူတို့ကို တလုံးချင်း ပြုံးရင်း ကြည့်နေပါ…”

ကြံကြံဖန်ဖန် အဲဒီသီချင်းမှာ “တလုံးချင်း ပြုံးရင်းကြည့်နေပါ…” က အမှန်လား…။
“ပြုံးရင်း တလုံးချင်း ကြည့်နေပါ…” ဆိုတာက အမှန်လား မေးတဲ့သူက မေး…။ ဟေ့... ဘယ်လိုပဲဖြစ်ဖြစ်... ကြယ်လေးတွေကို ပြုံးပြီး ကြည့်နေတာသာ လိုရင်း... မငြင်းနဲ့.. ဒါပဲ...။


မေးရင်း မေးရင်းနဲ့ ရေးထားတဲ့ ပိုစ့်တွေထဲက စာသားတချို့ နဲ့ Comment ထဲက စကားတချို့တောင် ရောပါလာသေး…။ ပိုစ့်ထဲက စာသားတွေကို မှတ်မိတဲ့သူ ရှိသလို ကိုယ်ပေးခဲ့တဲ့ Comment ကို ကိုယ်တိုင် ပြန်မမှတ်မိတော့တဲ့သူလဲ ရှိသပေါ့…။ :-P

ဒီလိုနဲ့ အဲဒီညနေက ခြောက်နာရီ ရုံးဆင်းခါနီးမှာ ကစားပွဲလေးကို မသိမ်းချင် သိမ်းချင်နဲ့ သိမ်းခဲ့ရပါတယ်…။ ဟင်.. ကိုယ်တို့တတွေ ရုံးမှာ အလုပ်မလုပ်ဖူးလား လို့ မေးချင်တာလား…။ လုပ်ပါတယ်… လုပ်ပါတယ်… အလုပ်လုပ်ပါတယ်… တကယ်ပါ…။ ဒါမျိုးက တခါတလေမှ ပါ…။ (ဟဲဟဲ… တကယ်ပြောတာပါ.. ယုံနော်…) နောက်ကို ကစားပွဲမှာ ပါချင်ရင်လဲ ကြိုတင် စာရင်းသွင်းထားနိုင်ပါတယ်... ပဟေဠိ ဖွက်စရာ ရုပ်ရှင်ကားတွေ၊ သီချင်းတွေအကြောင်းကို ကြိုတင် စဉ်းစားထားကြဖို့တော့ လိုမှာပေါ့နော်...



(ဒီနေ့ သောကြာနေ့ပင် ဖြစ်သော်ငြားလည်း ခေါင်းကမကြည် သည့်အပြင် စိတ်ကလဲ နောက်နေသောကြောင့် ဟိုတပါတ်က ပျော်စရာ သောကြာနေ့လေးအကြောင်းကို တွေးရင်း ဤပိုစ့်ကို ရေးမိပါသည်။)