Wednesday, March 16, 2016

ညှို့ငင်တတ်သော အနီရောင်အုတ်ကြွပ်မိုးများ

ချိန်းဆိုထားတဲ့ အချိန်ရောက်ပြီမို့ တွေ့ရမဲ့သူကို ခေါ်ဖို့ရာ အခန်းတံခါးကို အသာဟပြီး လှမ်းကြည့်လိုက်တယ်။ တံခါးနဲ့ မျက်စောင်းထိုးက ခုံတန်းရှည်လေးမှာ တစ်ယောက်ထဲ ငြိမ်ငြိမ်သက်သက် ထိုင်နေတဲ့ သူ့ကို မြင်လိုက်ရတယ်။ အချိန်တိကျသားပဲလို့ တွေးရင်း ကျေနပ်သွားတယ်။ သူ့နားမှာတော့ လက်ကိုင်ဖုန်းနဲ့ ဆက်တွဲထားတဲ့ အဖြူရောင် နားကြပ်ကလေး တပ်လျက်သား၊ သီချင်း ဒါမှမဟုတ် အရင်တပတ်က ပေးလိုက်တဲ့ အော်ဒီယိုဖိုလ် တခုခု နားထောင်နေတာလို့ ထင်ရတယ်။ အပြင်ဖက် ခပ်ဝေးဝေးကို ငေးမောနေတဲ့ သူ့မျက်လုံးတွေမှာ အရိပ်အယောင် တစုံတရာကို တွေ့လိုတွေ့ငြား ခပ်မြန်မြန် ဖွေရှာကြည့်မိတယ်။ စိတ်ကပဲ ထင်လို့လား မသိ၊ ဒီနေ့ သူ့မျက်ဝန်းတွေက အရင်တပတ်ကထက် နည်းနည်းလေး အရောင်ပိုတောက်နေသလိုပဲ။ သူ ဝတ်ထားတဲ့ ယူ.အက်စ်.အေ ဆိုတဲ့ စာတမ်းပါ တီရှပ်ဖြူရော်ရော်နဲ့ အောက်က ကာကီရောင်ရင့်ရင့် ဘောင်းဘီရှည်ကတော့ အသစ်စက်စက်တွေ ဟုတ်ဟန်မတူဘူး။ ရေလျှော်ထားပြီးသား ပျော့ပျော့ပြောင်းပြောင်းနဲ့ သူ့ကိုယ်ပေါ်မှာ သက်တောင့်သက်သာ ရှိနေပုံပါ။ အသံပြုတဲ့သဘောနဲ့ ချောင်းတစ်ချက် ခပ်တိုးတိုး ဟန့်လိုက်တော့ သူ လှည့်ကြည့်တယ်။ မဆိုးဘူးပဲ လို့ တွေးရင်း ကြည်လင်တဲ့အပြုံးနဲ့အတူ သူ့နာမည် နောက်ဆုံးစာလုံးကို အသံထွက်တယ်ဆိုရုံလေး ခေါ်လိုက်ပြီး ခေါင်းဆတ်ပြလိုက်တယ်။ သူ ထိုင်နေရာက ခပ်ဖြေးဖြေး ထလာတယ်။ တချိန်ထဲမှာ နားထဲမှာ တပ်လျက်သား နားကြပ်ကို ဖြုတ်နေတာ တွေ့ရတယ်။ သူ့လှုပ်ရှားမှုတွေဟာ မိန်းကလေးတစ်ယောက်မှာ ရှိသင့်ရှိထိုက်တဲ့ နူးညံ့ညင်သာဟန် အပြည့်နဲ့ပါပဲ။ ခပ်ဖျော့ဖျော့လေး ပြီးတော့ မဆိုစလောက်ကလေး ပြုံးယောင်သမ်းသွားတဲ့ သူ့နှုတ်ခမ်းပါးပေါ်က ပန်းရောင်ဖျော့ဖျော့ နှုတ်ခမ်းနီဟာ ဒီနေ့အတွက် အပေါင်းလက္ခဏာ မှတ်ချက်တစ်ခုပဲ။ အမှတ်ပေးရမဲ့ လေးထောင့်အကွက်လေးထဲမှာ အမှန်ုခြစ် တစ်ခု ခပ်မြန်မြန် ခြစ်လိုက်တယ်။ 


ဒီနေရာနဲ့ ရင်းနှီးကျွမ်းဝင်နေတဲ့သူမို့ အရင်အခေါက်တွေလိုပဲ ထိုင်နေကျ သားရေ ဆိုဖာဆက်တီ အညိုရောင်မှာ သက်တောင့်သက်သာ ဝင်ထိုင်တယ်။ ကိုယ့် အလုပ်စားပွဲရှေ့မှာ ချထားတဲ့၊ တခြားသူတွေထိုင်လေ့ရှိတဲ့ လိမ်မော်ရောင် ပလတ်စတစ်ကုလားထိုင် ခပ်မတ်မတ် နှစ်ခုံကို သူ ဘယ်တော့မှ မရွေးဘူး။ လိုအပ်ချက်တစုံတရာကြောင့် ဒီနေရာကို ပုံမှန်လာနေရပေမဲ့ သူ့ကိုယ်သူ ခဏတဖြုတ် အလည်အပတ်လာတဲ့ သာမာန် ဧည့်သည်တစ်ယောက်လိုပဲ သတ်မှတ်လေ့ရှိတာ တွေးမိတော့ ပြုံးချင်ချင်။ ဒီတော့ အခုနက အမှန်ခြစ် ခြစ်ထားမိတဲ့ စာရွက်ထပ်နဲ့ ဘောပင်ကိုယူလို့ ကိုယ့်နေရာက ထပြီး သူ့အနားကို သွားရွှေ့ထိုင်ရတယ်။ ပြီးတော့ တခြားစကားတွေ သွယ်ဝိုက်မနေတော့ပဲ ဒီနေ့ ဘာတွေ မြင်ရလဲ လို့ မေးချလိုက်တယ်။ သူ့မျက်နှာ နည်းနည်း တည်သွားတယ်။ အနီရောင် အုတ်ကြွပ်မိုး တွေကို မြင်နေတယ်လို့ လေးတွဲ့တဲ့အသံနဲ့ ဖြေတယ်။ အရင်ရက်တွေက မှာလိုက်သလို အပေါ်ကို မော့မကြည့်ဘူးလား ကောင်းကင်ပြာပေါ်က အဖြူဖွေးဖွေး တိမ်လိပ်တွေကို မကြည့်ဘူးလား လို့ မေးတော့ မကြည့်ဖြစ်ဘူး လို့ ပြောပြီး သူ ခေါင်းကို ယမ်းပြတယ်။ ဟုတ်ပါပြီ… စာရွက်ထဲက အကွက်တစ်ခုမှာ ကြက်ခြေခတ် လိုက်ရတယ်။

ဒီတပတ် အဝတ်အစားအသစ်တွေဝယ်ဖို့ ဈေးသွားဖြစ်သေးသလား ဆိုတဲ့ မေးခွန်းကိုတော့ ချက်ချင်းပဲ ခေါင်းခါပြတယ်။ လှိုက်ကနဲ ပျော်ရွှင်မှုနဲ့အတူ ကိုယ် ခေါင်းညိတ်လိုက်တယ်။ ဒါပေမဲ့ စာရွက်ပေါ်မှာ အမှန်ခြစ်လုဆဲဆဲ လက်ကို တန့်သွားစေတဲ့ စကားတခွန်း သူ ဆက်ပြောတယ်။ ဘီဒိုထဲမှာ အသစ်စက်စက် အနီရောင် ဂါဝန်သုံးထည် ရှိနေတာ ဒီမနက် တွေ့ခဲ့တယ် တဲ့။ အရင်တပတ် ဒီလိုနေ့မှာ သူ့မှာ အဝတ် အသစ်တွေ ရှိမနေဘူး လို့ ပြောခဲ့တာကို ပြန်အမှတ်ရမိတယ်။ ပိုပြီး သေချာသွားအောင် မှတ်တမ်းစာရွက်ကို မသိမသာ လှန်ကြည့်လိုက်တော့ ဟုတ်တယ် အရင်တပတ်တုန်းက သူ အဲဒီလို ပြောခဲ့တယ်။ ဒါဆို ဒီ အနီရောင် ဂါဝန် သုံးထည် ဘယ်က ရောက်လာသလဲ၊ သူ ဒီတပတ် ဈေးမသွားဖြစ်ဘူး၊ အဝတ်အသစ်တွေ မဝယ်ဘူးဆိုတာ အမှန်မဖြစ်နိုင်ဘူး။ စိတ်မကောင်းစွာနဲ့ နောက်ဇယားကွက်တခုမှာ ကြက်ခြေခတ် လိုက်ရပြန်တယ်။

ပြီးတော့ ဒီတပတ် ဘာတွေကို ကျေးဇူးတင်ခဲ့သလဲ ဆိုတဲ့ မေးခွန်းကို မေးဖြစ်တယ်။ ပြတင်းတံခါးတွေကို ကျေးဇူးတင်တယ်လို့ မဆိုင်းမတွ ပြန်ဖြေတယ်။ အကြောင်းကတော့ သူ တစ်ယောက်ထဲ ငြီးငွေ့လာတဲ့အချိန်မှာ အပြင်လောကနဲ့ ထိတွေ့ခွင့်ရလို့ တဲ့။ အို… မှန်လိုက်တာ… သိပ်မှန်တာပေါ့ လို့ ပြောရင်း သူ့မျက်နှာကို ပြုံးပြီး ကြည့်နေလိုက်တယ်။ ဒါပေမဲ့ သူက ဆက်ပြောတယ်… အဲဒီပြတင်းတံခါးတွေကနေ ငုံ့ကြည့်လိုက်ရင်တော့ အနီရောင် အုတ်ကြွပ်မိုးတွေကိုပဲ မြင်ရတယ် တဲ့။ ပြောရင်းနဲ့ သူ့အသံ တိမ်ဝင်သွားတာကို သိလိုက်ရတော့ စိတ်လျှော့ချင်သလိုဖြစ်လာပေမဲ့ အတတ်နိုင်ဆုံး ကြိုးစားကြည့်ချင်သေးတယ်။

ကောင်းပြီ… ဒီလိုဆို အဲဒီ ပြတင်းတံခါးကနေ အလွယ်တကူ တွေ့နိုင်မြင်နိုင်တဲ့ အစိမ်းရောင်သစ်ပင်ကြီးတွေ၊ အပြာရင့်ရောင်ခင်းထားတဲ့ တင်းနစ်ရိုက်ကွင်းရဲ့ ကြမ်းပြင်၊ ကလေးတွေ လာဆော့နေကြတဲ့ ကလေးကစားကွင်းက အရောင်စုံအရုပ်တွေ၊ တညောင်ညောင်အော်ပြီး အစာတောင်းနေတဲ့ ရွှေဝါရောင် ကြောင်ကလေးတွေ၊ ကြိုးတန်းလန်းနဲ့ လမ်းလျှောက်ထွက်နေတဲ့ မွှေးစုတ်ဖွား ခွေးပုလေးတွေကို အမှတ်တမဲ့တောင် မကြည့်ဖြစ်ဘူးလား လို့ မေးလိုက်တယ်။ သူ မျက်နှာ ပျက်ပျက်နဲ့ ခေါင်းခါပြတယ်။ သူ မြင်နေတာက အနီရောင် အုတ်ကြွပ်မိုးတွေပဲ တဲ့။ ပြီးတော့ အစိတ်စိတ် အမွှာမွှာ ကွဲကြေမွနေတဲ့ အုတ်ကြွပ်မိုး အပိုင်းအစတွေတဲ့။ လေးလံတဲ့ စိတ်အတွေးတွေနဲ့အတူ နောက်ထပ် ဇယားကွက်တစ်ခုမှာ ကြက်ခြေခတ်လိုက်ရပြန်တယ်။

ပြောစရာ စကားတွေ ကုန်ပြီး လက်လျှော့လိုက်ချင်သလို ဖြစ်နေတယ်။ ဒါပေမဲ့လည်း အဲဒီလို လက်လျှော့ပြီး ရပ်လိုက်လို့ မဖြစ်သေးဘူး။ အစွမ်းကုန် ကြိုးစားကြည့်ချင်ပါသေးတယ်။ ဒါနဲ့ ဒီတပတ် ဘာမှတ်စုတွေ ရေးဖြစ်သလဲလို့ မရဲတရဲ မေးကြည့်ဖြစ်တယ်။ သူ နည်းနည်း လှုပ်လှုပ်ရှားရှားဖြစ်သွားတယ်။ သူ့လက်ထဲမှာ ကိုင်လာတဲ့ အဝတ်အိတ်ခပ်သေးသေးထဲက အနီရောင် အဖုံးနဲ့ မှတ်စုစာအုပ်ကို ထုတ်ယူလိုက်တယ်။ အဲဒီ အနီရောင်မှတ်စုစာအုပ်ကို တွေ့ရတော့ မျက်နှာကို အသာလွှဲဖယ်ချင်မိတယ်။ သူကတော့ ဘာမှ မဖြစ်လေဟန်နဲ့ စာအုပ်ထဲက စာရွက်တွေကို တဖျတ်ဖျတ် လှန်လျောပြီး တစုံတခုကို ရှာဖွေနေတယ်။ တနေရာအရောက်မှာ ရပ်တန့်သွားလို့ ကြည့်လိုက်တော့ အဲဒီစာမျက်နှာမှာ ကပ်ထားတဲ့ အဝါရောင် Post-it စာရွက်ပိုင်းကလေးကို လှမ်းတွေ့လိုက်တယ်။ အဲဒီအဝါရောင် စာရွက်ပိုင်းလေးပေါ်မှာ မင်အနက်နဲ့ ရေးထားတဲ့ စာလုံးတွေကို သဲသဲကွဲကွဲ မမြင်လိုက်ခင်လေးမှာ သူ စာအုပ်ကို ဖျတ်ကနဲ ပိတ်ပလိုက်တယ်။ ဘာတွေရေးထားတာလဲ ပြလေ ဆိုတော့ သူ ခေါင်းယမ်းပြတယ်။ သူ့မျက်နှာကို ခပ်တည်တည် တချက်ကြည့်လိုက်တယ်။ အဲဒီအခါမှာ ဘယ်လိုမှ မတတ်သာလို့ ပြောပြရတဲ့ ပုံမျိုးနဲ့ “အိမ်လိပ်စာပါ” ဆိုတဲ့ စကားလုံး လေးလုံးကို တစ်လုံးချင်း ပြောတယ်။ သက်ပြင်းတချက်ကို မသိမသာ ကြိတ်ချလိုက်ရင်း စာရွက်မှာ ကြက်ခြေခတ်တစ်ခု ထပ်ခတ်လိုက်ရပြန်တယ်။

နာရီကိုကြည့်လိုက်တော့ သူ့အတွက် ပေးထားတဲ့အချိန်က ပြည့်လု ပြည့်ခင်။ စိတ်ဓါတ်ကျနေတဲ့ ကိုယ့်မျက်နှာကို ဘယ်လိုမှ ဖုံးကွယ်လို့ မရဘူး။ ဘာဆက်ပြောရမလဲ တွေးနေတုန်းအချိန်မှာ သူက အဝတ်အိတ်ထဲကနေ ရှည်မျောမျော လေယာဉ်စာအိတ်တစ်လုံးကို ထုတ်ယူလိုက်တယ်။ ပြီးတော့ ကိုယ့်ကို လှမ်းပေးတယ်။ မေးဆတ်ပြီး အဲဒါဘာလဲ လို့ မေးတော့ သူက ပြုံးနေတယ်။ ပန်းရောင်ဖျော့ဖျော့ နှုတ်ခမ်းလေးဟာ ပြုံးလိုက်တဲ့အချိန်မှာ ပိုလို့ တောက်ပသွားတယ်။ စာရွက်ထဲက ကြက်ခြေခတ် အကွက်တွေကို မသိမသာ ငုံ့ကြည့်ရင်း သူ ကမ်းပေးနေတဲ့ စာအိတ်ကို ယူလိုက်တယ်။ အသေပိတ်မထားတဲ့ စာအိတ်တစ်လုံးပဲ… သူက ဖွင့်ကြည့်လိုက်ပါ ဆိုတဲ့သဘောမျိုးနဲ့ ခေါင်းညိတ်ပြတယ်။ ဒါနဲ့ စာအိတ်ကို ဟ၊ အထဲက စာရွက်ခေါက်ကို အသာ ဆွဲထုတ်ယူပြီး သူ့ကို တလှည့် စာရွက်ကို တလှည့် ကြည့်နေတုန်းမှာ သူက နောက်တကြိမ် ခေါင်းညိတ်ပြပြန်တယ်။ ဒါနဲ့ စာရွက်ခေါက်ကို ဖွင့်ဖတ်လိုက်တယ်။

လက်ရှိ နေထိုင်ရာဒေသကနေ ကီလိုမီတာ ရှစ်ထောင်ကျော် ကွာဝေးတဲ့ နေရာဒေသတစ်ခုဆီကို ထွက်ခွာသွားနိုင်တဲ့ လေယာဉ်ပျံလက်မှတ်တစ်စောင်ကို တွေ့ရတယ်။ ပြီးတော့ လက်မှတ်က အသွားခရီး တစ်ကြောင်းထဲအတွက် ဖြစ်နေတာ အံ့သြစရာ။ ရုတ်တရက် ကိုယ့်မျက်စိကို ကိုယ် မယုံနိုင်ဘူး။ ခရီးသွားမဲ့သူနေရာကို ကြည့်လိုက်တော့ သူ့ရဲ့နာမည်ကို တွေ့ရတယ်။ သေချာချင်စိတ်နဲ့ နောက်တစ်ကြိမ်မှာ စာလုံးပေါင်းဖတ်မိတယ်။ ဟုတ်တယ် ဒါ သူ့နာမည်ပဲ။ ထွက်ခွာရက်စွဲကို ကြည့်လိုက်တော့ ဒီနေ့ကနေ စပြီးရေတွက်ရင် လေးရက်မြောက်… အဲဒီနေ့က စနေနေ့ကျတယ်။ ဟိုမှာ ဘယ်သူရှိနေလဲ လို့ မေးတော့ ညီမတဝမ်းကွဲ မိသားစု ရှိတယ်တဲ့။ သေသေချာချာ ဆုံးဖြတ်ပြီးပြီပေါ့ ဆိုတော့ သူ ခေါင်းညိတ်ပြတယ်။ ပြီးတော့ သူ့ဆီက စကားသံ ခပ်တိုးတိုး ထွက်လာတယ်။

“ဒီနေရာမှာ နေနေသရွေ့ အရင်တစ်ခါက အပြုအမူမျိုးကို နောက်တစ်ကြိမ် ထပ်မကြိုးစားတော့ဘူးလို့ ကျွန်မကိုယ် ကျွန်မ မသေချာဘူး။ ပြီးတော့ ကျွန်မ မျက်လုံးထဲမှာ အနီရောင် အုတ်ကြွပ်မိုးတွေကိုချည်း တမ်းတမ်းစွဲ မြင်နေရတယ်။ အဲဒီအခါမှာ အနီရောင် အဝတ်အစားအသစ်တစ်စုံကို ဝတ်ဆင်လို့၊ လိပ်စာ အပြည့်အစုံနဲ့ ဆက်သွယ်ရန် ဖုန်းနံပါတ် ရေးထားတဲ့ Post it စာရွက်ဝါတစ်ရွက်နဲ့အတူ အဲဒီ အုတ်ကြွပ်မိုး အနီရောင်တွေနား အပြေးသွားဖို့ ကျွန်မ ထပ်ကြိုးစားမိအုံးမှာပဲ။ ဒီတော့ ကျွန်မဘဝကို နေရာသစ်တစ်ခုမှာ အသစ်ကနေ ပြန်စမှ ဖြစ်မယ်လို့ တွေးမိတယ်…”

“သိလား… အဲဒီနေရာသစ်မှာ အိမ်ကလေးတွေအားလုံးက အမိုးနိမ့်နိမ့်လေးတွေနဲ့ ခြံစည်းရိုး နိမ့်နိမ့်လေးတွေပဲ ရှိမယ်လို့ သိရတယ်၊ အထပ်မြင့်ကနေ အောက်ကို ငုံ့ကြည့်ရင် အနီရောင် အမိုးစောင်းတွေ တွေ့ရလိမ့်မှာ မဟုတ်ဘူး တဲ့… ပြီးတော့ ဘယ်နေရာမဆို ကြည့်လိုက်ရင် သစ်ပင်စိမ်းစိမ်းတွေ၊ သစ်တောအုပ်လေးတွေနဲ့ တောင်ကုန်းလေးတွေ၊ အမျိုးအမည်စုံလင်ပြီး သိပ်လှတဲ့ ပန်းရောင်စုံတွေနဲ့ ပြည့်နေတယ်လို့လည်း သိရတယ်။ အကောင်းဆုံးအချက်ကတော့ ကျွန်မ ကြိုက်တဲ့ အနီရောင် အုတ်ကြွပ်မိုးတွေအစား မီးပွင့်ရောင်စုံတွေ တလက်လက်တောက်နေတဲ့ ကြယ်ပုံသဏ္ဍာန် မီးပုံးတွေကို တွေ့ရလိမ့်မယ် ဆိုတာပဲ… အဲဒီအခါမှာ အနီရောင် အုတ်ကြွပ်မိုးတွေကို ငုံ့ကြည့်ချင်တဲ့ စိတ်တွေ သူ့အလိုလို… ပြီးတော့ တဖြည်းဖြည်းနဲ့ ပျောက်ကွယ်သွားလိမ့်မယ်လို့ ကျွန်မ ယုံကြည်နေတယ်။ ဒါကြောင့် ကျွန်မ ဒီနေရာကနေ ခဏဖြစ်ဖြစ်တော့ ထွက်သွားဖို့ လိုလိမ့်မယ်…”

မပြောစဖူး စကားအရှည်ကြီး ပြောလိုက်ရလို့ မောသွားဟန်တူတယ်၊ ရှေ့မှာ ချထားတဲ့ ရေသန့်ဗူးထဲက ရေကို ဖန်ခွက်ထဲ ထည့်ပြီး သောက်နေတယ်။ ပြီးတော့မှ သတိရသွားဟန်နဲ့ နောက်ထပ် ရေတစ်ခွက် ငှဲ့ပြီး ကိုယ့်ကို လှမ်းပေးတယ်။ ပန်းနုရောင်နှုတ်ခမ်းပါးမှာတော့ အပြုံးစတချို့ ရော့ရဲရဲ ချိတ်တွယ်လို့။

လှုပ်ရှား တုန်ယင်နေတဲ့ ဝမ်းသာစိတ်နဲ့အတူ ကိုယ့်လက်ထဲမှ ကိုင်ထားတဲ့ ကြက်ခြေခတ်တွေ ပြည့်နေတဲ့ စာရွက်ကို လေးခေါက် ခေါက်ချိုးပလိုက်တယ်။ မလိုတော့ဘူး… ဒီစာရွက်တွေ မလိုတော့ဘူး။ အပတ်စဉ် တိုးတက်မှုပြ မှတ်တမ်းထဲမှာ ဒီအဖြေတွေကို ဖြည့်စွက်လို့ ဇယားကွက်တွေ ဆွဲပြီး အကောင်း အဆိုး နှိုင်းယှဉ် ချိန်ထိုးကြည့်စရာ မလိုတော့ဘူး။ ဒီစာရွက်တွေ မလိုတော့သလို သူ့ကို နောက်တစ်ပတ်အတွက် ရက်ချိန်းပေးစရာလည်း မလိုအပ်တော့ဘူး။

နံရံမှာ ချိတ်ထားတဲ့ နာရီကို သူ လှမ်းကြည့်တယ်။ ပြီးတော့ ထိုင်နေရာကနေ ညင်ညင်သာသာပဲ ထရပ်လိုက်တယ်။ ကိုယ်တိုင်လည်း အင်မတန် ဝမ်းသာ ပျော်ရွှင်တဲ့စိတ်၊ ချမ်းမြေ့ကြည်နူးတဲ့စိတ်တွေနဲ့အတူ ထိုင်နေရာကနေ ထလိုက်တယ်။ အဲဒီအချိန်မှာ သူက အနားကို တိုးကပ်လာပြီး ညင်ညင်သာသာ ပွေ့ဖက် နှုတ်ဆက်လိုက်တော့ ဝမ်းသာစိတ်နဲ့ မျက်ရည်တွေ လည်လာခဲ့တာ။ ပြီးတော့ ကျေးဇူးတင်ပါတယ်လို့ ရှိုက်သံတဝက် စွက်ပြီး ပြောရင်း အခန်းထဲက တရွေ့ရွေ့နဲ့ သူ ထွက်သွားခဲ့တယ်။

* * * * *

နှစ်ဆယ့်ငါးထပ် အမြင့်ရှိတဲ့ တိုက်ခန်းမှာ တစ်ယောက်ထဲ အဖေါ်မဲ့ အထီးကျန်နေပြီး ဘယ်အရာကိုမှ စိတ်ဝင်တစား အာရုံစိုက်လို့ မရနိုင်ခဲ့တဲ့ အိမ်နီးချင်းတစ်ယောက် ပြတင်းပေါက်ကနေ ခုန်ချပြီး ဘဝကို အဆုံးစီရင်သွားတာကို အမှတ်မထင် သူ မြင်တွေ့လိုက်ရတယ်။ အဲဒီ အိမ်နီးချင်း အမျိုးသမီးဟာ သူ့ကိုယ်သူ အဆုံးစီရင်ခါနီးမှာ လှပကောင်းမွန်တဲ့ အနီရောင်ဝတ်စုံ အသစ်စက်စက်ကို ဝယ်ယူ ဝတ်ဆင်ခဲ့တယ်။ လက်ထဲမှာ သူ ကွယ်လွန်သွားတဲ့အခါ အကြောင်းကြားပေးဖို့ လိပ်စာနဲ့ဖုန်းနံပါတ် ရေးထားတဲ့ အဝါရောင် စာရွက်အပိုင်းလေးတစကို ကိုင်လို့၊ ပြီးတော့ အနီရောင် အုတ်ကြွပ်မိုးပေါ်ကို ပုဝါလေးတစ်စလို လွင့်ကနဲ ကျဆင်းသွားခဲ့တာကို သူ တွေ့လိုက်ရတယ်။ ကျယ်လောင်တဲ့ အသံကြီးနဲ့အတူ အုတ်ကြွပ်မိုးအနီရောင် အကျိုးအပဲ့ အစအနတွေ ဖွားကနဲ လွင့်စင်ထွက်သွားတာကို အနှေးပြကွက်တစ်ခုလို သူ အမြဲတမ်း ပြန်မြင်နေရတယ်။

အဲဒီနောက်ပိုင်းမှာ မကြာခဏ ဆိုသလို စိတ်ညစ်ညူးတတ်တဲ့ သူ့အတွက် လမ်းစတစ်ခု ဒါမှမဟုတ် အဖြေတစ်ခု ရလိုက်သလို ဖြစ်သွားခဲ့တယ်။ မခံမရပ်နိုင်အောင် စိတ်ညစ်ညူးလာတဲ့အချိန်တွေမှာ အဲဒီလုပ်ရပ်ကို ထွက်ပေါက်တစ်ခုအနေနဲ့ ပြုလုပ်ဖို့ နှစ်ကြိမ်တိုင်တိုင် ကြိုးစားခဲ့ဖူးတယ်။ သူများတွေ ရိပ်မိသွားလို့ သူ လက်လျှော့ခဲ့ရတာ လို့ ဆိုတယ်။ သို့သော်လည်း သူ့ကိုယ်သူ အဆင်သင့်ဖြစ်အောင်တော့ အမြဲတမ်း ပြင်ဆင်နေခဲ့တယ်။

အောက်ကို ငုံ့ကြည့်လိုက်တိုင်းမှာ ကျန်တာတွေ ဘာဆို ဘာမှ မမြင်နိုင်ပဲ လူသွားလမ်းလေးပေါ်က အနီရောင် အုတ်ကြွပ်အချပ်တွေဟာ သူ့ကို ညှို့ငင်ခေါ်ယူနေသလို ခံစားရတယ် ဆိုပြီး ရောက်လာခဲ့တဲ့ အဲဒီ မိန်းကလေးငယ်လေးကို ကိုယ် တတ်စွမ်းသမျှ ဖြေသိမ့် ဖြောင်းဖြခဲ့ရတယ်။ စကားတွေ ပြောကြည့်တယ်၊ စာအုပ်တချို့ ပေးဖတ်တယ်။ တပတ်တခါ တွေ့ဆုံမှုတွေမှာ တိုးတက်လာတာတွေအတွက် အမှန်ခြစ်တွေ ခြစ်နိုင်တဲ့အခါ ပျော်ရွှင်ရပြီး ကြက်ခြေခတ်တွေ များတဲ့အခါတွေမှာတော့ စိတ်ပျက်လက်ပျက်နဲ့ ခေါင်းကို ခါယမ်းရတယ်။ နားလည်ပေးချင်စိတ်နဲ့အတူ နားမလည်နိုင်အောင်လည်း ဖြစ်ရတယ်။ စိတ်လျှော့လိုက်ချင်ပေမဲ့ တနေ့မှာတော့ အဆင်ပြေတန်ကောင်းရဲ့ ဆိုတဲ့ မျှော်လင့်ချက်ရောင်ခြည် ပါးပါးလေးနဲ့ ကြိုးစားလာခဲ့တာ။ တနှစ်နဲ့ သုံးလ ဆိုတဲ့ အချိန်အတွင်းမှာ သူဟာ ရာခိုင်နှုန်းပြည့် စိတ်ချရတဲ့ လူကောင်းတစ်ယောက် မဖြစ်သေးသော်လည်း မှန်ကန်တဲ့ လမ်းတစ်ခုကို ရွေးချယ်နိုင်ခဲ့ပြီ။

ကြည်နူးစိတ်တွေနဲ့ ဒီနေ့ အိမ်အပြန်လမ်းမှာ ကိုယ် အထူးတလည် ပျော်ရွှင်နေခဲ့တယ်။ အိမ်ကို တန်းမပြန်နိုင်သေးပဲ အနီးနားက နာမည်ကြီးစတိုးဆိုင်ကြီးတစ်ခုကို ခဏဝင်လိုက်တယ်။ ပြီးတော့ ပျော်ရွှင်ခြင်း အမှတ်တရအတွက် ကြယ်မီးပုံးလေးတစ်လုံး ရှာဝယ်ပြီး အိမ်ထဲက သင့်တော်ရာ နံရံတစ်ခုမှာ ချိတ်ဆွဲထားဖို့ ဆုံးဖြတ်လိုက်တယ်။ အဲဒီ မီးပုံးလေးရဲ့ ထောင့်စွန်းလေးမှာတော့ သူ့ နာမည်စာလုံး လေးလုံးထဲက နောက်ဆုံးတလုံးဖြစ်တဲ့ “မေ” ဆိုတဲ့ စာလုံးလေးကို ဒီနေ့ နေ့စွဲနဲ့အတူ ခပ်သေးသေး ရေးထားဖြစ်မှာပါ။

သက်ဝေ
(၈ မတ် ၂၀၁၅)

- ၂၀၁၅ ဇူလိုင်လထုတ် ငြိမ်းချမ်းရေး Magazine တွင် ဖေါ်ပြပြီး ဖြစ်သည်