Wednesday, December 31, 2008

ဒီဇင်ဘာကို နှုတ်ဆက်ခြင်း

ဒီတစ်နှစ်
နေရစ်ခဲ့တော့ ဒီဇင်ဘာရေ…

အသစ် အသစ်တွေ ဘယ်လိုပြောင်းပြောင်း
အဟောင်းကိုသာ ချစ်ခင်တွယ်တာစိတ်
ရင်ထဲမှာ အစဉ်အမြဲ ရှိနေတတ်ပေမယ့်
ဒီတကြိမ်တော့ ကိုယ့်ကို ခွင့်လွှတ်ပါလို့ 
လှိုက်လှိုက်လှဲလှဲ တောင်းပန်ပါရစေ…

ကုန်ခဲ့တဲ့ နှစ်ဟောင်းရဲ့  နေ့ စွဲတွေထဲမှာ
ကိုယ်ဘာတွေ ရရှိခဲ့သလဲ
ကိုယ်ဘာတွေ ဆုံးရှုံးခဲ့သလဲ
ကိုယ်ဘာတွေ တိုးပွားခဲ့သလဲ
ကိုယ်ဘာတွေ ဆိုးရွားခဲ့သလဲ
ကိုယ်ဘာတွေ ချန်ခဲ့နိုင်သလဲ
ကိုယ့်အတွက် ဘာတွေ ကျန်ခဲ့နိုင်သလဲ
….. လဲ
….. လဲ
….. လဲ
ထိုအရာတွေကို အပြန်ပြန် အလှန်လှန်
ဝေဖန်ကာ ဆန်းစစ် ကြည့်ပြန်တော့
အဖြေမှန်ဟာ ကိုယ့်ကို ကွင်းကာရှောင်…
စိမ်းစိမ်းကားကားနဲ့  မသိချင်ယောင် ဆောင်နေလေရဲ့ …။

ဒီလိုဆိုတော့ဖြင့်…
လူသားဆန်ဆန် ကိုယ်ဟန်မဆောင်ချင်တော့ပါ
ဒီနှစ်ဟာ ကိုယ့်အတွက်
ထင်သမျှ အစစမှာ
ဘ၀င်ကျစရာ သဟဇာတ မဖြစ်ခဲ့သမို့ 
နောင်နှစ်မှာ ဆိုတဲ့ မျှော်လင့်ချက်
ကိုယ့်ရင်တွင်း တိုးဝင် ပွေ့ ဖက်
အလုအယက်…

နှစ်သစ်ကို…
ကိုယ်… ကြိုဆိုပါရစေ
ကိုယ်… ရင်ခုန်ပါရစေ
ကိုယ်… မျှော်လင့်ပါရစေ
ကိုယ်… တမ်းတပါရစေ
ကိုယ်…
ကိုယ်…

ဒီဇင်ဘာရေ…
တောင်းပန်ရင်း နှုတ်ဆက်ပါရစေ…
ရာသီစက်ဝန်း တစ်ပါတ်လည်မှာ ပြန်ဆုံကြတာပေါ့နော်…
မျှော်လင့်ခြင်းကို ရင်ခုန်တတ်တဲ့ ကိုယ်
အိပ်မက်အသစ်ကို တမ်းတတတ်တဲ့ ကိုယ်
ကိုယ်ချစ်ရတဲ့ ဒီဇင်ဘာကို
လွမ်းပင်လွမ်းလျက် လွမ်းလက်စနှင့်ပင်
ချန်ရစ်ခဲ့ပါရစေတော့…

ဒီတစ်နှစ်
နေရစ်ခဲ့တော့ ဒီဇင်ဘာရေ…


Wednesday, December 24, 2008

Merry Christmas & Happy New Year 2009






အခုရက်တွေမှာ အလုပ်များနေလို့  ဘာမှလဲ အသစ်မရေးဖြစ်၊
သူငယ်ချင်းတွေဆီလဲ မှန်မှန် အလည် မရောက်ဖြစ်ပါဘူး။
လာလည်ကြတဲ့ သူငယ်ချင်းများကို
ခရစ်စမတ် ပွဲတော် နှင့် မင်္ဂလာ နှစ်သစ် ၂၀၀၉ မှာ ချမ်းမြေ့ ပျော်ရွှင်ကြပါစေ လို့ 
ဆုတောင်းပေးရင်း E Mail က ရတဲ့ ချစ်စရာ ပုံလေးတွေကို
အမှတ်တရ အဖြစ် လက်ဆောင်ပေးလိုက်ပါတယ်။


Friday, December 19, 2008

ဘလော့ဂ် နှင့် ကိုယ်

ဒီနေ့  အရမ်း အိပ်ချင်နေသည်။
မျက်စေ့က နဲနဲမှ မပွင့်ချင်…။
လဘက်သုပ်တွေ ကော်ဖီတွေလဲ ဘယ်လိုမှ မကယ်နိုင်…။
အလုပ်ထဲမှာလဲ အာရုံမရ…။ စိတ်တွေက ဟိုရောက် ဒီရောက်…။
လုပ်စရာတွေရှိနေပေမယ့် စိတ်ပါလက်ပါ မလုပ်ချင်။

ပျင်း ပျင်းနဲ့  ပျင်းရိခြင်း ၆ ပါး အကြောင်း အကျယ်ချဲ့ တွေးနေမိသည်။
အမှန်တကယ် ပျင်းနေသူတစ်ယောက်အဖို့ တော့ ပျင်းရိခြင်းမှာ ၆ ပါး မ ကပါ…။
အေးလျှင်လဲ ပျင်းသည်။
ပူလျှင်လဲ ပျင်းသည်။
မိုးရွာနေသောကြောင့် ပျင်းသည်။
နေပူသောကြောင့် ပျင်းသည်
နောက်ကျနေသောကြောင့် ပျင်းသည်။
စောသေး၍ ပျင်းနေသည်။
ဗိုက်ဆာ၍ ပျင်းသည်။
ဗိုက်ပြည့်နေသဖြင့် ပျင်းသည်။
ပျင်းပုံ ပျင်းနည်း အမျိုးစုံဖြင့် ပျင်းသည်။
တစ်ခါတစ်ခါမှာ ပျင်းတယ်လို့ ပြောဖို့ ရာတောင်မှ ပျင်းနေတတ်သေးသည်။

ပျင်းတတ်တဲ့ဘ၀ တစ်ချို့ က အိပ်ရမှာတောင် ပျင်းသတဲ့…။
မအိပ်ပဲ ငုတ်တုတ်ထိုင် နေရတော့ကော ပျင်းစရာ မကောင်းပေဘူးလား…။
တွေးရမှာတောင် ပျင်းပါတယ်လေ ဟု စဉ်းစားမိကာ ဆက်မတွေးချင်တော့ပြီ…။

သေသေချာချာ စဉ်းစားကြည့်တော့ ခုထက်ထိ ပျင်းစရာ ရှာမရသေးသော၊ ပျင်းရိဖွယ် မကောင်းသေးသော အလုပ်တစ်ခုတော့ ပြစရာ ရှိနေသည်။ ထိုအရာကား ဘလော့ဂ်ခြင်းပင်…။
အချိန်ရသ၍ ထိုဘလော့ဂ်တွေထဲမှာ ပျော်မွေ့ ၊ ဘလော့ဂ်တွေကို မပျင်းမရိ စိတ်ဝင်တစား လည်ပတ် ဖတ်ရှုသည်။ ကိုယ်တိုင်လဲ မတောက်တခေါက် စာတိုပေစများကို ကြိုးစားပမ်းစား ရေးသားနေသေးသည်။ ထိုဘလော့ဂ်လေးကြောင့် ချစ်ခင်စဖွယ် သူငယ်ချင်း မိတ်ဆွေသစ်များလဲ တိုးပွားလာသည်။ တစ်ယောက်ဆီကို တစ်ယောက် အိမ်လည် (ဘလော့ဂ်လည်) ထွက်ကြသည်။ C Box မှာ နှုတ်ဆက်စကားတွေ ဆိုကြသည်။ စာတွေဖတ်၍ Comment များ ရေးကာ စာမူခများ ပေးလေ့ရှိကြသည်။

ထိုဘလော့ဂ်တွေနဲ့  ပတ်သက်လျှင် ဘယ်သူက ဘယ်နိုင်ငံက ဘယ်မြို့ မှာနေသည်၊ ဘယ်သူကဖြင့် တစ်ကိုယ်တည်း… အဟဲ၊ ဘယ်သူတွေကတော့ အိမ်ထောင်ရှိကြသည်၊ ဘယ်သူတွေကတော့ မကြာမီ လာမည် မျှော်၊ ဘယ်သူနဲ့ ဘယ်ဝါ ဘယ်ဘလော့ဂ်မှာ ဘာတွေပြောကြသည်။ ဘယ်သူရဲ့  ဘလော့ဂ်မှာ ဘာလေးတွေ ထူးထူးခြားခြားတွေ့ရသည်။ ဘယ်သူ့ ဆီမှာ ဟင်းချက်နည်း အသစ်တွေ စားချင်စရာ ရှိနေသည်။ ဘယ်သူကတော့ဖြင့် ဘလော့ဂ် ခဏ နားနေသည်။ ဘယ်သူကတော့ ဒီရက်ပိုင်းမှာ ခရီးသွားနေလို့  ဘာပိုစ့်မှ အသစ်မတက်။ ဘယ်သူကတော့ ဘာပြဿနာတွေ တက်နေသည်။ ဘယ်သူကတော့ဖြင့် စိတ်တို ပေါက်ကွဲနေသည် စတာတွေအပြင် ဘယ်သူ့ ရဲ့ မွေးနေ့ က ဘယ်နေ့ ၊ ဘယ်သူတွေရဲ့  မင်္ဂလာနှစ်ပါတ်လည်က ဘယ်နေ့ ၊ ဒီနှစ်ဆို ဘယ်နှစ် နှစ်မြောက်... အစရှိသည်တို့ ကိုလည်း အထူးကျက်မှတ်စရာ မလိုပါဘဲ မှတ်မှတ်သားသား သိရှိနေတတ်သေးသည်။ သူတို့ တွေကို ကိုယ်တိုင် မမြင်ဖူး မတွေ့ ဖူး မသိကျွမ်းဖူးပေမယ့် စိတ်ထဲကတော့ ငယ်ပေါင်းကြီးဖေါ်များပမာ အရမ်းကို ရင်းနှီးနေသည်။

တနေ့ တနေ့  နံနက် မိုးလင်းလင်းချင်း အိပ်ရာထဲက မထွက်ခင် ကိုယ့်ဘလော့ဂ်လေးကို ဖုန်းထဲမှာ အရင်ခေါ်ကြည့်ရသည်။ Comment အသစ်တွေ၊ C Box လေးမှာ စာကြောင်း အသစ်တွေ မြင်ရပါက ရုံးနောက်ကျချင် နောက်ကျပါစေ ကွန်ပြူတာကို ခပ်မြန်မြန်ဖွင့်ပြီး ဖတ်သည်။ (ဖုန်းထဲမှာ မြန်မာစာလုံး မမြင်ရ၊ လေးထောင့်အတုံးများသာ မြင်ရသည်။) အလုပ်ချိန်မှာလဲ တစ်ချက် တစ်ချက် ကိုယ်နှစ်သက်ရာ ဘလော့ဂ်လေးများ၊ သူငယ်ချင်းများရဲ့  ဘလော့ဂ်လေးများကို ၀င် ၀င်ဖတ်ကြည့်ဖြစ်သည်။ ထိုအချိန်မျိုးတွေမှာတော့ ဖတ်ရုံသာ ဖတ်ပြီး Comment ကို နောက်မှ တစ်ခေါက်ဝင်ရေးသည်။ ထမင်းစားချိန်တွင်မူ ပြောစရာမလိုတော့… အစားကို ကောင်းကောင်း ဖြောင့်ဖြောင့် မစားနိုင်၊ အချိန်ပြည့် ဘလော့ဂ်လည်သည်။

ညနေ အိမ်ပြန်ရောက်တာနဲ့  စားဖို့ သောက်ဖို့ ကို ကဗျာကရာ ပြင်ဆင် စားသောက်ပြီးတာနှင့် ကွန်ပြူတာရှေ့ ရောက်သွားပြီး ဖွင့်မိသည်မှာလဲ ထိုဘလော့ဂ်များပင်။ ဟိုးအရင်ကလို ကစားနေကျ အွန်လိုင်းဂိမ်းများကိုလဲ မစွဲလမ်းတတ်တော့ပြီ။ ဂျီတော့ခ်မှာလဲ အနယ်နယ် အရပ်ရပ်မှ သူငယ်ချင်း တစ်သိန်းနဲ့ ချက်တင်း မနှောနိုင်တော့ပြီ။ အားအား ယားယား သူငယ်ချင်းများနှင့်လဲ ဟိုအကြောင်း ဒီအကြောင်း၊ Sales တွေအကြောင်း၊ Discount တွေအကြောင်း ဖုန်းဆက်ရင်း လေမပေါဖြစ်တော့ပြီ။ အချိန်တိုင်း ဘလော့ဂ်မှ ဘလော့ဂ်… ဘလော့ဂ်ပြီးရင်း ဘလော့ဂ်…။ အိမ်ကလူရဲ့  မကြိုက်တကြိုက် အကြည့်တချို့ ကိုလဲ ကြိုးစားပမ်းစား ဘာသာပြန် မနေချင်တော့ပြီ။ မသိချင်ယောင်ကို အကြီးအကျယ် ဆောင်ကာ လုပ်ချင်တာကို စိတ်ပါလက်ပါ လုပ်နေဖြစ်သည်မှာ တော်တော်ညဥ့်နက်သည်အထိ။ အချိန်ကျရုံတင်မက အချိန်လွန်နေပြီး မတတ်သာ၍ အိပ်လိုက်ရသော်လည်း စိတ်အတွေးတွေကတော့ ထိုဘလော့ဂ်လေးတွေဆီမှာ တရစ်ဝဲ၀ဲ။ မအိပ်ခင်မှာလဲ နောက်ထပ် ပိုစ့်အသစ်တစ်ခုအတွက် ဘာလေးရေးရပါ့မလဲ စဉ်းစား။ ဒါတွေအပြင် ရောက်လေရာ အရပ်တွေမှာလဲ ကင်မရာ တရမ်းရမ်းနဲ့  ဟိုရိုက်ရ ဒီရိုက်ရ၊ ကိုယ့်ကိုယ်ကိုယ် ပရော်ဖက်ရှင်နယ်လ် တစ်ယောက်လိုလို၊ ကမ္ဘာလှည့် ခရီးသည် တစ်ယောက်လိုလို ဘာလိုလို။ ဘေးလူ အမြင်ကပ်မယ်ဆိုရင် ကပ်ချင်စရာ။

ခက်တော့ တော်တော်ခက်နေသည်။
ထိုသို့ စွဲလမ်းနေခြင်းသည် အနာဂတ်အတွက် ကောင်းသော အလားအလာတစ်ခုတော့ မဟုတ်ပြီ။ ခုတောင်မှ လက်က ကိုက်၊ မျက်လုံးတွေက အောင့်၊ ဇက်ကြောတွေ တက်၊ ပြီးတော့ လူက အချိန်လုံး ညောင်းနေသလိုလို၊ အိပ်ရေး မ၀သလိုလို၊ ဟိုနားက နာ ဒီနားက နာ၊ အသက်ကလေးကလဲ ရလာတော့ ခန္ဒာကိုယ်က နဲနဲ အချက်ပြလာကြပြီ။ အိမ်ရှင်မတစ်ဦး ဖြစ်သောကြောင့် ပစ်ထားသော အိမ်အလုပ် အကြွေးတွေကို တစ်ခါတစ်ခါ စုပုံရှင်လင်း ရသည်မှာလည်း မနိုင်မနင်း။ ဒါဆို ဘယ်လိုလုပ်ရပါ့။

ဒီတော့ တစ်ခု စဉ်းစားမိသည်။
ကျန်တဲ့ ဘလော့ဂ်ဖေါ် ဘလော့ဂ်ဖက် သူငယ်ချင်း အပေါင်းအသင်း ရောင်းရင်းတွေရဲ့  အချိန်ကို စီမံခန့် ခွဲပုံ၊ ဘလော့ဂ်လေးအပေါ် စွဲလမ်းတတ်ပုံ၊ ဘယ်လိုအချိန်တွေမှာ ဘလော့ဂ်လေးအတွက် လှုပ်ရှားကြပုံတွေကို သိလိုသော စိတ်ဆန္ဒ ပေါ်လာမိသည်။ ပြီးတော့ အဲဒီစွဲလမ်းစိတ်တွေကိုလည်း ဘယ်လိုနည်းနဲ့  လျှော့ချကြသည်ကိုပါ တစ်ဆက်တည်း သိချင်နေသေးသည်။ ဒါတွေကို ပိုစ့်လေးတစ်ခု ဖြစ်ဖြစ်၊ Comment လေးမှာဘဲ ဖြစ်ဖြစ် ရေးပြီး ပြောပြကြရင်တော့ အတိုင်းထက် အလွန် (ပွပွကြီး ဖြစ်နေတာ မဟုတ်ပါ) ကျေးဇူးတွေ တင်နေမိမည်။

ခါတိုင်းလို တစ်ယောက်ချင်းစီ အမည်နာမတွေ ရေးသား၍ တက်ဂ်ရင် ကောင်းမလား၊ ဒါမှမဟုတ် ဒီပိုစ့်ကို လာဖတ်သူများထဲမှ ရေးချင်စိတ်ပေါ်လာသူများသာ ရေးပေးကြပါဟု ပြောရရင်ကောင်းမလား ဟုစဉ်းစားနေသည်။ ဘာဘဲဖြစ်ဖြစ်လေ… ဘလော့ဂ်ရေးသူတွေကို ကောင်းကောင်း ကိုယ်ချင်းစာနိုင်သည်။ ဘယ်သူမှ အချိန်တွေပေါလွန်း အချိန်တွေ အားလွန်း၍ ဘလော့ဂ်ရေးနေကြခြင်း မဟုတ်။ ထို့ကြောင့် နာမည်များဖြင့် မတက်ဂ်လိုတော့ပြီ။ ဒီပိုစ့်ကို လာဖတ်မိသော သူငယ်ချင်းတို့  တွေးမိသလို၊ စိတ်ကူးရရင် ရသလို၊ အချိန်ရရင် ရသလို ရေးပေးကြပါ ဟုသာပြောချင်ပါသည်။ ကြိုတင် ကျေးဇူးတင်နေပါသည်။


သူငယ်ချင်းများ အားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာနှင့် ဘလော့ဂ်နိုင်ကြစေ…။

Sunday, December 14, 2008

နှစ်ကိုယ်တူ


အစက,တော့ ရိုးရိုး...

နောက်တော့ တစ်မျိုးတိုးလို့ ... ချစ်ပြန်ဆိုပဲ...။



Thursday, December 11, 2008

၂၀၀၈ မှတ်တမ်း

အချိန်တွေကုန်တာ မြန်လွန်းလှသည်။ နောင်ထပ် ရက်အနဲငယ်ကြာရင် ၂၀၀၉ ဟူသော နှစ်သစ် တခုကိုရောက်တော့မည်။ ကုန်လွန်ခဲ့သော ၂၀၀၈ အကြောင်ကိုးပြန်တွေးကြည့်တော့လဲ ဘာမှ သိပ်မယ်မယ်ရရ မရှိလှ…။

မှတ်မိသမျှ ပြောရရင်… တပါတ်မှာ ငါးရက် အလုပ်လုပ်၍ နှစ်ရက် နားရသည်။ အလုပ်ထဲမှာလဲ သိပ်မဆိုးလှ…။ လုပ်ဖေါ်ကိုင်ဖက် တရုပ်၊ မလေး၊ မြန်မာ တွေနဲ့  အဆင်ပြေသည်။ ကိုယ့်အထက်က လူကြီးတွေနှင့်လဲ ဆက်ဆံရေး အဆင်ပြေသည်။ လခ တစ်ခါတိုးပြီးပြီ။ ဒီလောက်ဆိုရင် တော်ပြီပေါ့…။

ဒီရက်ပိုင်းအတွင်းမှာ ပရိုဂျက် အသစ် များများစားစားမရှိလှ…။ ထို့ ကြောင့် နဲနဲ အသက်ရှု ချောင်နေသည်။ အခု ဒီဇင်ဘာလကုန်တွင် ရမည့် ပုံမှန်လခ နှင့် နောက်ထပ် တစ်လစာ ဘောနပ်စ်ကို မျှော်လင့်နေသည်။ အခုတလော ကမ္ဘာမှာ စီးပွားက ပျက်စပြုနေသည်ဟု ကြားကြားနေရသောကြောင့် ဒီနှစ်အဖို့  ဘောနပ်စ် ရမှရပါတော့မလားဟု ပူသူတွေလဲရှိ…။ နောင်နှစ်မှာ မိန်းမယူရန် ပိုက်ပိုက်စုနေသူများကလဲ ထိုဘောနပ်စ်ကို မျှော်လင့်နေကြသည်။ ဘာဘဲဖြစ်ဖြစ် ရလျှင်တော့ ပျော်စရာပေါ့…။ ရရင်တော့ နှစ်သစ်နှင့် တရုပ်နှစ်ကူးတွင် ရှော့ပင်တွေ ခဏခဏ ထွက်ရန် ရည်ရွယ်ထားသည်။

နားရသည့် စနေ တနင်္ဂနွေ နှစ်ရက်မှာ အိမ်သန့် ရှင်းရေးလုပ်၊ ဈေးဝယ်၊ ချက်ပြုတ်၊ လျှော်ဖွပ် မီးပူတိုက်ရတာနဲ့ တင် တစ်ရက် ကုန်သွားသည်။ ကျန်တဲ့ တစ်ရက်မှာတော့ အောချတ်လေး၊ စီးတီးဟောလေး ဘယ်လေး ညာလေး သွားရင်သွား…။ ရုပ်ရှင် ကြည့်တဲ့အခါကြည့်…။ မဟုတ်ရင် ဟိုက ဒီက ဖိတ်ကြတဲ့ သူငယ်ချင်းတွေ အိမ်မှာ သွားစားကြသည်။ အိမ်မှာ စုတဲ့အခါ စုကြသည်။ မြန်မာစာ စစ်စစ်လေးများ ချက်ပြုတ်စားကြသည်။ ထိုအခါ ပိတ်ရက် နှစ်ရက်က တကယ်ကို မ၀ မလင်…။ တခါတရံ ကြာသာပတေးလို ပိတ်ရက်များမှာ သောကြာနေ့  ခွင့်ယူပြီး စနေ တနင်္ဂနွေ နှင့် ဆက်နားလိုက်သည်။ ဘာမှ သိပ်ကြီးကြီးကျယ်ကျယ် မဖြစ်သော်လည်း ဆေးခွင့်ကို တစ်လ တစ်ခါလောက်တော့ ယူဖြစ်သည်။ မဟုတ်ရင် ဆေးခွင့်တွေ ပိုနေမှဖြင့် နှမြောစရာ…။

နောက်နှစ် ၂၀၀၉ မှာတော့ ပိတ်ရက်တွေက ဆက်နေကြသည်။ အီးမေးလ်မှ ရထားသော ၂၀၀၉ အတွက် ပိတ်ရက် (စင်္ကာပူ) ပြက္ခဒိန်ကို သတင်းအဖြစ် ဝေမျှပေးလိုက်သည်။


အနီရောင်ဖြင့် ပြထားသောရက်မှာ အစိုးရ ရုံးပိတ်ရက်၊ အ၀ါရောင်မှာ စနေ တနင်္ဂနွေ နေ့ များ၊ အပြာရောင်မှာ ခွင့်ယူသင့်သော နေ့ ရက်များ။ ထိုရက်များတွင် ခွင့်ယူပါက အသင် ရနိုင်သည့် ဟောလီးဒေး ရက်ရှည်များ ကိုတွေ့ ရမည် ဖြစ်သည်။ ကြိုတင်ပြင်ဆင်ခြင်းကို နှစ်သက်တတ်သူများအတွက် အလွန်ကောင်းသော ပြက္ခဒိန်ပင်…။ ဟိုတစ်ရက်က ရုံးမှ အထက်လူကြီးကို ထိုပြက္ခဒိန်ကိုသွားပြကာ ၂၀၀၉ အတွက် ထိုအပြာရောင်နေ့ ရက်များကို အခုထဲက ကြိုပြီး ခွင့်တင်ထားချင်ပါသည်ဟု ရှည်ရှည်ကဲကဲ ပြောလိုက်မိသဖြင့် မျက်လုံးပြူးဖြင့် ပြန်ကြည့်ခြင်းခံရသည်။ (သူ့မျက်လုံးက နဂိုထဲက နဲနဲတော့ပြူးပါသည်။)

ပုံထဲတွင် Source : Ministry of Manpower ဟု အထင်အရှား ရေးသားထားသောကြောင့် ဘာပြဿနာမှတော့ မဖြစ်တန်ရာ…။ အခုတလော ဟိုကိစ္စ ဒီကိစ္စတွေက အတော် ရှုပ်ထွေးနေသောကြောင့် ဓါတ်ပုံတင်ဖို့ ရာ တော်တော်သတိထားနေရသည်…။

ဒီနှစ် ၂၀၀၈ မှာတော့ မြန်မာပြည်ကို မပြန်ဖြစ်လိုက်…။ ၂၀၀၉ မှာတော့ ပြန်ဖြစ်အောင် ပြန်မည်ဟု စိတ်ကူးထားသည်။ ခုထဲက ပိုက်ဆံကြိုစုထားမည် ဟုလဲ စဉ်းစားထားသေးသည်။ ဘယ်လောက် စုဖြစ်မည်ကိုတော့ မသိ…။

၂၀၀၈ ထဲမှာ ဘာကုသိုလ် ကောင်းမှုတွေ ပြုထားသလဲ ဟု ကိုယ့်ကိုယ်ကို ပြန်မေး၊ ပြန်တွေး ကြည့်နေမိသေးသည်။ များများစားစား ပြောစရာဆိုလို့  ရန်ကုန်က ရှင်သာမဏေကျော် စာပြန်ပွဲအတွက် စလုံး ၂၀၀၊ ကိုယ်နေခဲ့သော အထက်တန်းကျောင်းမှ အာစရိယ ပူဇော်ပွဲအတွက် ၁၅၀၊ နာဂစ် အတွက် ၂၀၀ လှုခဲ့သည်။ ပြီးတော့ နာဂစ်မှာ မိဘမဲ့သွားသော ကလေးငယ်များ၏ ပညာရေးအတွက် (ရွှေည၀ါ ဘုန်းတော်ကြီးကျောင်း ပညာရေး) မူလတန်း ကလေး နှစ်ယောက်နှင့် အလယ်တန်း ကလေး တစ်ယောက်ကို လှမ်းမွေးစားထားသည်။ လစဉ်ပုံမှန် စလုံး ၄၅ ကျပ် လှုရသည်။ ထိုကလေးလေးတွေက သူတို့ ရဲ့  ဓါတ်ပုံလေးတွေနဲ့ ကိုယ်ရေးရာဇ၀င် အကျဉ်းလေးတွေပါတဲ့ စာရွက်လေးတွေ ပို့ ပေးကြသည်။ သနပ်ခါး ပါးကွက်ကြား ဓါတ်ပုံလေးတွေနဲ့  ပဲပင်ပေါက်လို လက်ရေး ကွေးကွေး လိမ်လိမ်လေးတွေက တကယ်ကို ဂရုဏာသက်စရာ..။ ပြန်ကြည့်မိတိုင်း ကြည်နူးစရာ…။

နောက် ဘာရှိသေးလဲ…။ အော်… သတိရတာ တစ်ခုရှိသေးသည်။ ရန်ကုန်မှ ဘုန်းတော်ကြီးတပါး ဒီမှာ ဆေးကုသရန် ကြွလာစဉ်က န၀ကမ္မ ၀တ္ထု အလှုငွေ ၂၀၀ လှုခဲ့သေးသည်။ ဒါနဲ့ မေ့တော့မလို့ … ဒီမှာ လစဉ်လတိုင်း မပျက်မကွက် လှုရတာ တစ်ခုလဲ ရှိနေသေးသည်…။ အဲဒီကိုတော့ ၄ လ (သို့ ) ၆ လ တစ်ကြိမ်လောက် မှန်မှန် သွားလှုရသည်။ မဟုတ်လို့  တလုံးတခဲထဲ စုထားပြီးမှ လှုရပါက ထိုလအဖို့  ထမင်းငတ်သွားနိုင်သည်။

ဒီ ၂၀၀၈ ထဲမှာ နှစ်ဖက်မိဘများ၊ ညီအစ်ကို မောင်နှမများ၊ ယောင်းမတွေ ယောက်ဖတွေ တစ်စုပြီးတစ်စု လည်လည်လာကြသောကြောင့် ဆွေစုံ မျိုးစုံ တွေ့ရသည်။ ထိုလများတွင် ဘတ်ဂျက် နဲနဲကြပ်သွားသည်မှလွဲ၍ ပျော်စရာကောင်းပါသည်။ ၂၀၀၈ မှာ သူငယ်ချင်းတွေလဲ တော်တော်များများ တွေ့ရသည်။ သူတို့ တွေက ပုံစံ အစုံအလင်ဖြင့် လာကြသည်။ တချို့က အလည်သက်သက်၊ တချို့က အလုပ်ရှာ၊ တချို့ကတော့ ကလေးကျောင်းထား…။ အဆင်ပြေကြသူများလဲရှိ၊ မပြေကြသူများလဲရှိ...။

ဒီနှစ်အတွင်း နှလုံးသားရေးရာကတော့… ပြောရရင် အားလုံးကောင်းပါသည်။
ဒါပေမယ့် ဟိုတပတ်က အိုင်စီရှိုးကို လိုက်ပြဖို့ သူ့ ကို ပူဆာရင်းက စကားပြော အဆင်မပြေလို့  စိတ်တို စိတ်ဆိုးရသေးသည်။ အိုင်စီက စလုံးကို တစ်နှစ်မှာ တစ်ခါလာနေကျ၊ လာတိုင်းလဲ ကြည့်ချင်လို့  ပူဆာနေကျ၊ ပူဆာတိုင်းလဲ သူက အဲဒီ လူရှုပ်ရှုပ် ဆူဆူညံညံပွဲမျိုးတွေ နဲနဲမှ ၀ါသနာမပါတာမို့  ဟိုဟာနဲ့ လှည့်ချော့၊ ဒီဟာနဲ့ လှည့်ချော့၊ ဒီလိုနဲ့ ၃ နှစ်တိုင်ခဲ့ပြီ။ ဒီနှစ်တော့ ပိုက်ဆံအိပ်တစ်လုံးနှင့် အပေးအယူတည့်ကာ ဒေါသကို လျှော့လိုက်ရသည်…။ အငဲ နဲ့ Rဇာနည်ကို အခွေထဲမှာဘဲ ကြည့်ပါတော့မယ်လေ…။

နောက် မှတ်မှတ်ရရ တစ်ခုကတော့ ၂၀၀၈ ဇန်န၀ါရီလကစလို့ ဘလော့ဂ်လေး တစ်ခုကို တော်တော်လေး (တကယ်တော့ တော်တော်ကြီး) ကြိုးစားပမ်းစား ဖန်တီးထားသည်။ ထိုဘလော့ဂ်လေးကြောင့် သူငယ်ချင်း မိတ်ဆွေ အသစ်များ များစွာရခဲ့သည်။ တစ်ယောက်ကို တစ်ယောက် မမြင်ဖူးကြသော်လည်း အနှစ်နှစ် အလလက ခင်မင်ခဲ့သူများပမာ ရင်းနှီးခင်မင် သံယောဇဉ်တွယ်ကြသည်။ တန်ဖိုးမဖြတ်နိုင်စရာ…။ ထိုဘလော့ဂ်လေးကြောင့် အိပ်ရေးပျက်ရသည်။ လက်ကိုက်ရသည်။ မျက်စေ့ ကိုက်ရသည်။ တခါတရံ ခေါင်းလဲ ခြောက်ရသေးသည်။ သို့ သော် ဒါလေးကိုဘဲ မက်မက်မောမော တွယ်တာနေသည်။ မနက် မိုးလင်း အိပ်ရာမှ နိုးနိုးချင်း သူ့ ကိုအရင် ဖွင့်ကြည့်ပြီးမှ ကျန်တာတွေ ဆက်လုပ်လို့ ရသည်။ တမျိုးတော့ ထူးဆန်းသား။

နောက်ထပ်တော့ ထူးခြားဖြစ်စဉ် ဘာမှမရှိတော့ပြီ။ ခြုံကြည့်ရလျှင် ကောင်းသောနှစ် တစ်ခုဟု ဆိုနိုင်ပါသည်။ ကိုယ့်ကိုယ်ကို ကျေနပ်တတ်ဖို့ က အရေးအကြီးဆုံး မဟုတ်ပါလား…။



(ပိုစ့်အသစ် ဘာရေးရမှန်း မသိသောကြောင့် စဉ်းစားလို့ ရသမျှ ရောက်တတ်ရာရာ ရေးချလိုက်သည်။ လာဖတ်သူများကို ကျေးဇူးတင်ပါသည်။)


Monday, December 1, 2008

ဆောင်း (သို့ ) ဒီဇင်ဘာ အလွမ်း

ဆောင်းကို ချစ်သည်။ နှင်းကို ချစ်သည်။ ဒီဇင်ဘာကို ချစ်သည်။
အခုတော့ ဒီက သူတို့ ပြောကြတဲ့ winter ဆိုတဲ့ ဆောင်းရာသီတွေမှာ ဆောင်းကလဲမပီ၊ နှင်းကိုလဲ မမြင်ရတော့ပြီ။ လွမ်းစရာ…။

အိမ်က ဆောင်းကို လွမ်းမိသည်။ နှင်းကိုလဲ လွမ်းမိသည်။ ဒီဇင်ဘာနေ့ ရက်တွေကိုလဲ လွမ်းမိသည်။ ကျောင်းသားဘ၀က ဆောင်းရာသီ၊ ဆောင်းနံနက်ခင်းတွေကို လှိုက်လှိုက်လှဲလှဲ လွမ်းဆွတ်တမ်းတမိသည်။

နှင်းမှုန်မှုန်တွေကြား အိပ်ရာက စောစောထပြီး ဖေဖေ မေမေ၊ မောင်လေးတို့ နဲ့  အတူ ရွှေတိဂုံဘုရား သွားဖူးခဲ့ရသော အချိန်များကို လွမ်းသည်။ ဘုရားပေါ်မှအဆင်း လမ်းတပါတ်လျှောက်ပြီး Oriental House မှာ Dim Sum ဖြစ်ဖြစ်၊ စမ်းချောင်းထဲက တင်တင်အေးမှာ မုန့် ဟင်းခါးပူပူ ဖြစ်ဖြစ် စားခဲ့ရတာကို လွမ်းသည်။ ဒီဇင်ဘာလကို ပြည်သူ့  အားကစားလ ဟုသတ်မှတ်ကာ စနေ၊တနင်္ဂနွေနေ့  မနက်စောစောတွေမှာ ကြားရနေကျ “စောစောအိပ်လို့  စောစောထလို့  စောစောလမ်းလျှောက်ကြပါစို့ ” ဆိုတဲ့ ရပ်ကွက်ထဲက သီချင်းသံ (လော်စပီကာသံ) ခပ်ကျယ်ကျယ်ကိုလဲ လွမ်းမိသေးသည်။ နိုဝင်ဘာ ၃၀ ရက် ညဖက်တွေမှာ ထုံးမှုန့် ဖြူဖြူတွေ အရည်ဖျော်ပြီး လမ်းမပေါ်မှာ Happy Sweet December လို့  စာလုံးအကြီးကြီးတွေ ရေးခဲ့ကြရတာကိုလဲ ခုထိလွမ်းနေဆဲ…။

ခရစ်စမတ်နား နီးလာရင်တော့ အနီးအနားက Church တွေက ကလေး လူကြီးတစ်စုရဲ့  ခရစ်စမတ် သီချင်းသံတွေ ၊ တစ်အိမ်ဝင် တစ်အိမ်ထွက် ဆုတောင်းပေးသံတွေ ဝေေ၀ဆာဆာ၊ လိမ္မော်သီးတွေ၊ သကြားလုံးတွေ လက်ဆောင်အဖြစ်ပေးခဲ့ကြရတဲ့ ညချမ်းအချိန်တွေကိုလဲ မြင်ယောင်လွမ်းဆွတ်နေဆဲ…။

ဘယ်တော့မှ မမေ့နိုင်။ အမှတ်ရ လွမ်းနေသေးသည်။ ဆောင်းတွင်းရဲ့  အေးစက်စက် ညတညမှာတော့ ဟော့ပေါ့ ပူပူတစ်အိုးတည်ပြီး ဖေဖေနဲ့  မေမေ့ရဲ့ မွေးနေ့ ပွဲကို အတူတူပေါင်းပြီး နွေးထွေးစွာ ကျင်းပလေ့ရှိခဲ့ကြတာ…။ ကိုယ်တို့ မောင်နှမ မုန့်ဖိုးတွေစုပြီး တိတ်တိတ်ကလေး ၀ယ်ထားတဲ့ မွေးနေ့လက်ဆောင်တွေကို ဖေဖေနဲ့ မေမေ့ကို ပေး…။ သူတို့ ကလဲ သားနဲ့သမီးရဲ့ အဖိုးတန်မဟုတ်တဲ့ အမှတ်တရ လက်ဆောင်ပိစိလေးတွေထဲမှာ လှိုက်လှိုက်လှဲလှဲ အဖိုးမဖြတ်နိုင်အောင် တန်ဖိုးထားရင်း ကြည်နူးပီတိတွေဖြာ…။ ဘယ်တော့မှ မမေ့နိုင်။ အမှတ်ရ လွမ်းနေသေးသည်။

ကျောင်းတက်ရတဲ့ ဒီဇင်ဘာ နံနက်ခင်းတွေမှာတော့ နှင်းငွေ့ မှုန်မှုန် မှာ ကျောင်းရှေ့ က တိုင်ကြီးတွေကြားက တိုးထွက်လာတဲ့ လင်းလက်နွေးထွေးတဲ့ နေရောင်ခြည် နုနုတွေကို လွမ်းသည်။ ထိုနံနက်ခင်းတွေမှာ နွေးအေးဆိုင်မှာ စားခဲ့ရတဲ့ ပဲထမင်းနဲ့ ကော်ဖီပူပူကို လွမ်းနေသည်။ ထိုနံနက်စာ စားအပြီး အပြေးအလွှား (အနောက်ပေါက်မှ) သွားတက်ခဲ့ရသော Building 7 နဲ့ Building 8 က Lecture တန်းတွေကို လွမ်းနေသည်။ သူလာရင် အတူတူ ထိုင်နေကျ Building 6 ထောင့်နားက နေရာလေးကို လွမ်းသည်။ သူကျွေးနေကျ ကော်ဖီသကြားလုံး ညိုညိုလေးတွေကို လွမ်းသည်။ သူငယ်ချင်းတစ်စု အတန်းလစ်ပြီး ခရေပင်လမ်းမှာ သွားထိုင်နေခဲ့ရသော အချိန်တွေကို လွမ်းသည်။ သူငယ်ချင်းတစ်ယောက်ကို အတန်းဖေါ် သူငယ်ချင်း ကောင်လေးတစ်ယောက်က ချစ်စကားပြောချင်လို့  ကျန်တဲ့သူတွေအားလုံး ရှောင်ပေးပြီး ခရေပင်တွေအောက်မှာ သူတို့ နှစ်ယောက်ထဲ ကျန်ခဲ့အောင် ဖန်တီးပေးခဲ့ရတဲ့ ဆောင်းနံနက်ခင်းက ဇာတ်လမ်းလေးကိုလဲ မမေ့မလျော့ လွမ်းနေသေးသည်။ (ခုတော့ ထိုနှစ်ယောက်က တူနှစ်ကိုယ်တိုင်းပြည်လေး တစ်ခု အောင်မြင်စွာ ထူထောင်နိုင်ခဲ့ပြီ။)

နောက်ပြီးတော့ ဆောင်းဦးပေါက်တစ်ခုမှာ ကျောင်းက စီစဉ်တဲ့ လေ့လာရေးခရီးတစ်ခု သွားခဲ့ရတာ ပြန်တွေးကြည့်မိတိုင်း ခုချိန်ထိ ရင်ခုန်လွမ်းဆွတ်နေဆဲ။ ကိုယ့်ဘဝမှာ မိဘ ညီအစ်ကို မောင်နှမတွေ မပါဘဲ ပထမဆုံး သွားခဲ့ရတဲ့ နှစ်ညအိပ် ခရီးလေး တစ်ခု…။ အမှောင်မကွဲသေးတဲ့ မနက်စောစောမှာ Bus ကား အကြီးကြီးတွေနဲ့  ခရီးစခဲ့တာ…။ လမ်းတလျှောက် သီချင်းတွေ ဆိုကြ၊ မုန့် တွေ စားကြ၊ တစ်ယောက်နဲ့ တစ်ယောက် စကြ၊ နောက်ကြ၊ ဘယ်တော့မှ စိတ်တွေ မဆိုးခဲ့ကြ၊ ဓါတ်ပုံတွေ ရိုက်လို့  မဝခဲ့ကြ…။ ဇက်နဲ့ ဧရာဝတီမြစ်ကို ဖြတ်အကူး ဧရာဝတီမြစ်ပြင်ကျယ်မှာ တိုက်ခတ်နေတဲ့ လေခပ်ကြမ်းကြမ်းတွေကြားမှာတောင် အချမ်းဒါဏ်ကို မေ့ထား၊ အနွေးထည်တွေချွတ် ဓါတ်ပုံတွေရိုက်၊ ပြေးလိုက်ကြ လွှားလိုက်ကြ ၊ မယုံနိုင်စရာ နောက်ဆုံးနှစ် အင်ဂျင်နီယာ မမတွေ…။

ချမ်းချမ်းစီးစီးညတွေမှာ မအိပ်နိုင်ကြ။ အိပ်ပစ်လိုက်ပြီး အချိန်တွေကုန်သွားမှာကို နှမြောတသစွာ…။ ညမှောင်မှောင်မှာ သူငယ်ချင်းတစ်စု ဧရာဝတီ မြစ်ကမ်းနံဘေးက လဖက်ရည်ဆိုင်လေးမှာ စကားတွေ ဆူဆူညံညံ ပြောတဲ့သူတွေကပြော၊ တချို့ ကတော့ တွေတွေငေးငေး သီချင်းတွေနားထောင်… အဲဒီအချိန်က ဇော်ဝင်းထွတ်ရဲ့  ဆေးဆိုးပန်းရိုက် မျက်နှာ သီချင်းသံတွေက နေရာအနှံ့ …။

နောက်ဆုံးညမှာ မီးပုံပွဲလေး တစ်ခု..။
ပြန်ပြောပြရရင် နာမည်ကြီး ဒဏ္ဍာရီ ရုပ်ရှင်ဇာတ်ကားကို တောင် အားနာချင်စရာ…။
“လေပြေညှင်းရယ် ငြိမ်သက်ဆဲညမှာ အသာအယာ တိုးလို့ တိုက်ခတ်စဉ်….” ဆိုတဲ့ ခင်မောင်တိုးရဲ့  သီချင်းတစ်ပုဒ်ကို တစ်ယောက်က ဂီတာတီးလို့  တစ်ယောက်က ခပ်တိုးတိုး ညည်းဆို…။ အရောင်ဖျော့ဖျော့ မီးတောက်တွေကို ကြားထဲမှာ ခြားထားရင်း တစ်ယောက်ကိုတစ်ယောက် မျက်နှာချင်းဆိုင် ငေးကြည့်နေကြတဲ့ သူတွေ…။ အဲဒီညမှာဘဲ အဆင်ပြေသွားကြတဲ့ သူငယ်ချင်း နှစ်စုံတွဲ မက…။

အပြန်ခရီးမှာတော့ အလာခရီးနဲ့  တခြားစီ။ သီချင်းသံတွေ တိတ်ဆိတ်ခဲ့ပြီ။ ဆူညံသံတွေလဲ နဲနဲအားပျော့ခဲ့ပြီ။ ရင်ခွင်တိုင်းမှာ အလွမ်းတွေအပြည့်နဲ့ …။ အငြင်းခံရလို့ အသဲကွဲတဲ့ သူတွေက ကွဲ…။ အသစ်စက်စက် အတွဲတွေကတော့ လက်ချင်း ဆုပ်ထွေး အနာဂတ် အရေးတွေး…။ ညမှောင်မှောင်မှာ ကျောင်းကြီးရှေ့ ကို ပြန်ရောက်.. ဆောင်းက မညှာမတာ အေးစက်နေပြီ…။ ဒါပေမယ့် ရင်ထဲမှာတော့ အပျော်နဲ့ ရောနေတဲ့ အလွမ်းတွေက ပူပူပြင်းပြင်း တောက်လောင်…။

ကဲ.. မကုန်နိုင်တော့ဘူးလား… ဆောင်းရဲ့အလွမ်းတွေရယ်…။
တကယ့်တကယ် ရေတွက်ကြည့်လို့  မကုန်ဆုံးနိုင်တဲ့ အလွမ်းတွေ ကိုယ့်ရဲ့ ဆောင်းမှာ အပြည့်…။

နောက် တဆောင်းမှာတော့…
ကိုယ့်အိမ်လေးကိုပြန်ပြီး နှင်းဝေတဲ့ ဆောင်းကို ကြိုချင်တယ်…
ထုံးမှုန့် ဖြူဖြူတွေနဲ့ အတူ Sweet December စာလုံးတွေကို လမ်းမပေါ်မှာ တပျော်တပါး ရေးဆွဲချင်တယ်…
မနက်စောစော နှင်းမကွဲခင် အချိန်လေးထဲမှာ ရွှေတိဂုံဘုရားကို မိသားတစ်စု အတူတူ သွားဖူးချင်တယ်…

ဒါပေါ့… ဘုရားပေါ်က ပြန်ဆင်းပြီးရင်တော့ Dim Sum ဖြစ်ဖြစ်၊ တင်တင်အေး မုန့်ဟင်းခါးဖြစ်ဖြစ် တခုခုစားမှာပေါ့…
နောက်ပြီး ကိုယ့် ကျောင်းကြီးဖက်ကို တစ်မနက်လောက်သွားပြီး ကျောင်းရှေ့ က တိုင်ကြီးတွေနားမှာ နေပူစာလှုံချင်တယ်…

ပြီးရင်တော့ ကိုအောင်တို့ ရဲ့ နွေးအေးက ပဲထမင်းလေးစား၊ ကော်ဖီကျကျတစ်ခွက်သောက်…
ပြီးရင် ခရေပင်လမ်းမှာ သူနဲ့ အတူ လျှောက်ကြည့်ရင်း အတိတ်က အချိန်တွေကို ရင်ထဲ ပြန်ခေါ်သွင်း…။

စွယ်တော်ရိပ်ကိုသွားပြီး စွယ်တော်ရွက်လေး တစ်ရွက်နှစ်ရွက်လဲ အမှတ်တရ ခူးချင်ပါသေးတယ်…
အိမ်ပြန်ရောက်ရင် စာအုပ်ကြားထဲ ညှပ်ထားပြီး အခြောက်ခံ သိမ်းထားမှာပေါ့…။
ဒီ့ထက်ပိုပြီး အခွင့်အရေးရမယ်၊ အချိန်လဲရမယ် ဆိုရင်တော့ ဇက်ကလေးနဲ့ ဧရာဝတီမြစ်ပြင်ကို တစ်ခေါက်လောက် ဖြတ်ကူးပြီး လတ်ဆတ်တဲ့ ဧရာဝတီလေကို တဝကြီး ရှုရှိုက်လိုက်ချင်သေး…။

ကိုယ့်ရင်ထဲက အလွမ်းတွေနဲ့ ဆန္ဒတွေ…။

အင်း… ဒါပေမယ့် အခု ဒီဆောင်းရက်တွေမှာတော့ ဒီဆန္ဒတွေအားလုံးကို ရင်ထဲမှာ တိတ်တိတ်ဆိတ်ဆိတ်သာ သိမ်းထားလိုက်ပါတော့မယ်။
သို့ သော်လည်း ဘုရားမှာတော့ ဆုတွေ အထပ်ထပ်တောင်းနေမယ်…
မျှော်လင့်ချက်တွေ အပြည့်နဲ့ နောက်နှစ်ခါ ဆောင်းအတွက်ပေါ့…။



(ချိုသော ဒီဇင်ဘာ… ဒီဇင်ဘာလ ၁ ရက်နေ့  အမှတ်တရ)

Tuesday, November 25, 2008

ဘောလုံးပွဲမှ အကြွေး

ပြောရရင် နဲနဲတော့ကြာနေပါပြီလေ…။
အဲဒီညက Man U နဲ့  Chelsea တို့ကန်ကြတဲ့ညပေါ့…။ ကိုယ့်ကို အစွဲအလမ်း ထားတယ်ဘဲပြောပြော အတ္တကြီးတယ်ဘဲပြောပြော.. ပြောချင်တာပြောကြ... တို့ကတော့ Man U မှ Man U ပါဘဲ…။ နဲနဲမှ မလျှော့…။



အဲဒီ အသင်းကို ကိုDavid Beckham လေးရှိကထဲက စွဲစွဲမြဲမြဲ အားပေးလာလိုက်တာ ခုထက်ထိပဲပေါ့…။ ဟီဟိ… (တောင်တောင်အီအီများ မတွေးကြစေချင်…) အားကစားကို စိတ်ပါဝင်စားတဲ့ သဘောပါ။
ဒါနဲ့ ဘဲ လမ်းကြောင်းတွေ လွဲကုန်ပြီ။ ပြောချင်တာက အဲဒီ Man U နဲ့ Chelsea တို့  ကန်ကြတဲ့ညက ကိုသူကြီး နဲ့  C Box မှာ စကားပြောဖြစ်တော့ သူက Chelsea Fan ဆိုတာနဲ့ ကိုယ်ကဘဲစပြီး (မိန်းကလေးပီပီ) လောင်းမလားလို့  စိန်ခေါ်လိုက်မိတယ်လေ…။ Man U နဲ့  Chelsea ဘယ်သူနိုင်မလဲ လောင်းကြမယ်… နိုင်တဲ့သူက မုန့် ကျွေးကြေးပေါ့…။ သူကလဲ ၀မ်းသာ အားရပါဘဲ… လောင်းကြမယ်လေတဲ့…။

မွေးနေ့ တွေမှာ မုန့် ကျွေးကြတာ... မွေးနေ့ ဆုတောင်းပိုစ့်လေးတွေ တင်ပေးကြတာ... တစ်ယောက်နဲ့ တစ်ယောက် အမှတ်တရ လက်ဆောင်လေးတွေ ပေးကြတာ... အပျော်သက်သက်နဲ့ အနိုင်အရှုံး လောင်းကြတာ..။ ဘလော့ဂ်ပေါ်က သူငယ်ချင်း မိတ်ဆွေတွေရဲ့ ချစ်စရာ အလေ့အထလေးတွေလေ…။ တကယ့် တကယ် ကျွေးလို့လဲမရ… တကယ်လဲ မစားရကြပေမယ့် တကယ် စားကြရသလို…။ ကျွေးတဲ့သူက ဓါတ်ပုံလေးတွေနဲ့ ကျွေး... စားတဲ့သူကလဲ ကျွေးတဲ့သူရဲ့ စေတနာ တွေကို မြိန်လျှက်စွာသုံးဆောင်.. ပျော်စရာနော်…။

အဆုံးသတ်ရရင်တော့ အဲဒီနေ့ က Chelsea က ရှုံးပြီး Man U က နိုင်လေတော့ သက်ဝေက ကိုသူကြီးကို မုန့်ဝယ်ကျွေးဖို့ ဖြစ်သွားတာပေါ့…။ အဲဒါ ဟိုရောက် ဒီရောက် နေ့ ရွှေ့  ညရွှေ့ နဲ့ မကျွေးဖြစ်ပဲ အကြွေးတင်နေတာ…။ သူက ပထမတစ်ခါမှာ အတိအလင်း ကြေငြာပြီ ဆိုတဲ့ ပိုစ့်နဲ့ သတိပေးတယ်လေ…။ အဲဒီ ရက်တွေက ရုံးမှာ ပရိုဂျက်တွေပိပြီး မျက်လုံးပြူး မျက်ဆန်ပြူးနဲ့ တအားကို အကြပ်အတည်းထဲ ရောက်နေတာမို့ မကျွေးဖြစ်ခဲ့ဖူး။

ဒီလိုနဲ့  သူလဲ ရန်ကုန်ကို ခဏပြန်သွားတယ် ဆိုတော့ ကိုယ်လဲ ဘာရမလဲ အမေ့ခံ နေလိုက်တာပေါ့…။ သို့သော် မကြာခင်ကာလကဘဲ သူက နောက်ဆုံးရ စက်ရပ် သတင်းတိုများ ဆိုတဲ့ ပိုစ့်အသစ်တစ်ခုမှာ "ကြို စဉ်းစားချေ မသက်ဝေ" ဆိုပြီး သက်ဝေ သူ့ ကို မုန့် မကျွေးရသေးကြောင်း၊ ဘာကျွေးမှာလဲလို့ စဉ်းစားထားဖို့  မမေ့မလျော့ ဖေါ်ပြပြန်တယ်လေ…။ ပြီးတော့ သူကိုယ်တိုင်လဲ စင်္ကာပူကို သိပ်မကြာခင်မှာ ပြန်လာတော့မှာ ဖြစ်ကြောင်းလဲ သတိပေးသေးတယ်…။ ဒီတော့ မဖြစ်ချေတော့ဘူး... ကိုယ်ဒီထက် ဆက်မေ့နေရင် ကိုသူကြီးတစ်ယောက် စင်္ကာပူမှာ ကော်နက်ရှင် ကောင်းကောင်းနဲ့ ပိုစ့်တွေ တစ်ခုပြီးတစ်ခု ဆက်တိုက်တင်ပြီး သတိပေးနေမှဖြင့် ဆိုတဲ့ အတွေးနဲ့ ကျွေးစရာရှိတာကို စေတနာပါပါနဲ့ ကျွေးလိုက်ပြီဖြစ်ပါကြောင်း…။

ပြီးခဲ့တဲ့စနေနေ့ က The Orange Lantern ဆိုတဲ့ Vietnamese စားသောက်ဆိုင်လေးမှာ သွားစားရင်း မမေ့မလျော့ ရိုက်လာခဲ့တဲ့ ဓါတ်ပုံ.. အဲ.. အဲ.. ယောင်လို့ … ၀ယ်လာခဲ့တဲ့ စားသောက်ဖွယ်ရာတွေပါ။ ကိုသူကြီး တစ်ယောက်စာ တင်မက ဘလော့ဂ်ကို လည်လည်လာကြတဲ့ သူငယ်ချင်း မိတ်ဆွေ ညီအစ်ကို မောင်နှမများအတွက်ပါ အများကြီး ပိုဝယ်လာပါတယ်…။ စားသွားကြပါနော်…။



ဒါက နာနတ်သီး ထမင်းကြော် ပုဇွန်နဲ့  ...


ဒါကတော့ ချိုချိုချဉ်ချဉ်နဲ့ ကျွဲကောသီး သုပ်


ဒါက ကော်ပြန့် ကြော်...


ဒါကတော့ ချဉ်ချဉ်စပ်စပ် ပူပူလောင်လောင် Tom Yam ဟင်းချို...



ဒါက ကိုယ့်တို့ ဆီက ငါးဖယ်ကြော်နဲ့  ခပ်ဆင်ဆင်တူတဲ့ Fish Cake



နောက်ဆုံး အချိုပွဲက ရေခဲသုပ်နဲ့  ထောပတ်သီးဖျော်ရည်...


ကဲ... ကိုသူကြီးလဲစား... သူငယ်ချင်းတွေလဲ စားကြပါနော်...

လိုက်ပွဲတွေက နောက်မှာ အဆင်သင့်... အများကြီး....။



Friday, November 21, 2008

မိသားစု ထမင်းဝိုင်း

နေ့ တိုင်း နေ့ တိုင်း ထမင်းစားချိန်တွေမှာ အိမ်က မေမေ့လက်ရာ မိသားစု ထမင်းဝိုင်းလေးကို အရမ်း သတိရမိပါတယ်…။ ဟိုးအရင် အချိန်တွေ… မိသားစုတွေ အတူတူနေရတဲ့ အချိန်တုန်းကပေါ့…။ သက်ဝေတို့ အားလုံး နေ့ လည်စာကို ထမင်းဘူးထည့်သွားပြီး အလုပ်ထဲမှာ၊ ကျောင်းမှာ အဆင်ပြေသလို စားတတ်ကြပေမယ့် ညနေစာတွေတိုင်းကိုတော့ မိသားစု စုံစုံညီညီရှိမှသာ စားတတ်ကြပါတယ်။ ဖေဖေ (သို့ ) မေမေ တစ်ယောက်ယောက် အိမ်အပြန် နောက်ကျတဲ့နေ့မျိုး ဆိုရင်လဲ အဆာပြေ မုန့် တစ်ခုခု စားပြီး လူစုံအောင် စောင့်တတ်ကြပါတယ်။ ထမင်းဝိုင်းမှာ အတူတူထိုင်ကြပြီးရင်လဲ ထမင်း ဟင်းတွေ ကို (ဟိုးငယ်ငယ်လေးထဲက အဖိုးအဖွားတွေ သင်ထားတဲ့အတိုင်း) အသက်ကြီးစဉ်ငယ်လိုက် စည်းကမ်းနဲ့  နှိုက်ယူလေ့ရှိကြပါတယ်။ အဖိုး ပြီးရင် ဖေဖေ၊ မေမေ၊ ပြီးတော့ သက်ဝေ.. ပြီးတော့ မောင်လေးပေါ့…။ သူက အငယ်ဆုံးဆိုတော့ နောက်ဆုံးမှ ယူရတာမို့  သူမို့  ဗိုက်ဆာနေပြီဆို လူကြီးတွေ မြန်မြန်ယူကြပါတော့ဗျို့ လို့ ပူညံပူညံလုပ်တတ်သေးတာ တွေးမိတော့ ပြုံးရသေး…။

မိသားစု စုံစုံညီညီနဲ့ အတူတကွ ပျော်ပျော်ပါးပါး ၀ိုင်းဖွဲ့  စားသောက်ခဲ့ရတဲ့ နွေးထွေးလှတဲ့ မိသားစု ထမင်းဝိုင်းလေး အကြောင်းကို ပြန်တွေးမိတိုင်း တစ်ယောက် တစ်နေရာစီမှာ တကွဲတပြား ရောက်နေရတဲ့ ကိုယ့်ရဲ့  လက်ရှိ အခြေအနေတွေကို တကယ်ဘဲ ၀မ်းနည်းမိပါတယ်။ ဘယ်တော့မှ ပြန်ရနိုင်မယ်မှန်း မသိနိုင်တဲ့ မိသားစု ထမင်းဝိုင်းကလေး… အသက် ၈၀ ကျော် (အခုတော့ ဆုံးသွားပါပြီ) အဖိုးရဲ့ ဟိုးတုန်းကဆိုရင်… အစချီတဲ့ စကားဆိုသံတွေ၊ မောင်နှမ နှစ်ယောက်ရဲ့ မမောနိုင် မပန်းနိုင် ငြင်းခုံ စကားနိုင်လုသံတွေ၊ ဖေဖေ မေမေ တို့ ရဲ့  တစ်နေ့ တာ အလုပ်ခွင်အတွေ့ အကြုံ တွေကို ပြန်ပြောပြကြတဲ့ ချိုသာ စကားသံတွေ စည်စည်ညံညံနဲ့  ဘယ်အခါမဆို စားမြိန်ခဲ့ရတဲ့ မေမေ့လက်ရာ ထမင်းဝိုင်းကလေးရဲ့  တန်ဖိုးကို အခုအချိန်မှာ တကယ်ဘဲ အရမ်း လွမ်းဆွတ် တမ်းတမိပါတယ်…။

*****

ဒီလိုနဲ့  မနေ့ ညနေက ထမင်းစားခါနီးမှာ မိုးတွေ သည်းသည်း မဲမဲရွာနေတာကို တွေ့တော့ မိုးဦးကျ ကာလတွေ မိုးတွင်းကာလတွေမှာ မေမေ ချက်လေ့ရှိတဲ့ ဟင်း အတွဲအစပ်လေးတွေကို ပြန်တွေး စိတ်ကူး ပုံဖေါ် ကြည့်မိပါတယ်…။

ပုဇွန်ဆိတ် သေးသေးလေးတွေကို အခွံမခွာပဲ အမြီးနဲ့ ခေါင်းကိုဖြုတ် ရေစင်စင်ဆေး၊ ဆီများများ ကြက်သွန်ဖြူ များများ ငရုတ်သီး စပ်စပ်နဲ့ ကျော်၊ သခွားသီးတွေကို ခြစ်ပြီး ကြက်သွန်စိမ်းရယ်၊ ဆီမပါဘဲ လှော်ထားတဲ့ ပုဇွန်ဆိတ်လေးတွေကို မျှင်ငပိ၊ ငြုတ်သီးစိမ်းနဲ့ ပြီး ရောထောင်းထားတာရယ် နဲ့ သံပုရာရည် ညှစ်ပြီး သုပ်ရတဲ့ သခွားသီးသုပ်ရယ်၊ တွဲဖက် ကတော့ ဘူးသီးဟင်းခါးလေးကို ငြုတ်ကောင်း နိုင်နိုင်နဲ့ ချက်ပြီး ပူပူလေးသောက်...။

မိုးရာသီတွေမှာသာ ပေါပေါများများတွေ့ ရတတ်တဲ့ ငါးသလဲတိုး (သို့ ) လယ်ငါးခူ ခပ်သေးသေးလေးတွေကို ဆီများများထဲမှာ ကြွပ်ကြွပ်ကလေးကြော်ထားတဲ့ ငါးကြော်ရယ်၊ ဈေးထဲမှာ တစ်ခါတရံမှ ရတတ်တဲ့ ကောက်ရိုးမှိုလေးတွေကို ရေစင်စင်ဆေး၊ ပြီးတော့ ဆီလေးနဲနဲ နဲ့ လှိမ့်၊ ကြက်သွန်စိမ်း ပါးပါးလှီး၊ ငြုတ်သီးစိမ်းတောင့်လေးတွေကို တုတ်ချောင်းကလေး ထိုးပြီးမီးကင် မညက် တညက်ထောင်း၊ ခုနက မှိုကြော်လေးနဲ့ရော သံပုရာရည်ညှစ်ပြီးသုပ်တဲ့ မှိုချဉ်သုပ်ရယ် ကြာဆံဟင်းခါး (သို့ ) ဘူးသီးနဲ့ ပုဒတ်စာဟင်းခါး ပူပူလေးရယ်နဲ့ တွဲစားရတဲ့ ဟင်းတွေကတော့ မေမေ့ရဲ့  ဘယ်တော့မှ မရိုးနိုင်တဲ့ လက်ရာပါ။

*****

ဆောင်းဦးပေါက် ချမ်းချမ်းစီးစီး မနက်တွေမှာတော့ မေမေက မနက် အိပ်ရာက အစောကြီးထပြီး ကောက်ညှင်းဆန်အသစ် စေးစေးလေးတွေနဲ့  ဆီထမင်း ထိုးတတ်ပါတယ်။ ဆီထမင်းကျက်လို့  အဖိုးနဲ့ မေမေတို့ ဘုရား ဆွမ်းတော်ကပ်ပြီးချိန်နဲ့  သက်ဝေတို့ တွေ အိပ်ရာနိုးတဲ့ အချိန်နဲ့ တော့ အကိုက်ပါဘဲ။ ဆီထမင်းနဲ့ တွဲဖက် စားစရာတွေကတော့ တစ်ယောက်နဲ့ တစ်ယောက် အကြိုက်ချင်း မတူကြတာမို့  မေမေက အားလုံးရဲ့  အကြိုက်ကို စိတ်ရှည်လက်ရှည် လုပ်ပေးတတ်ပါတယ်။ အဖိုးအတွက်က နှမ်းလှော်ထောင်း မွှေးမွှေးလေး၊ ဖေဖေ့အတွက်က ငါးရံ့ ခြောက်ဖုတ်ကို ပဲဆီမွှေးမွှေးလေးဆမ်းလို့ တမျိုး၊ ကောက်ညှင်းဆိုရင် အုန်းသီးနဲ့ မှစားချင်တဲ့ သမီး နဲ့ သား အတွက်ကတော့ အုန်းသီးနုနု ဖြူဖြူလေးတွေ ခြစ်လို့ ပေါ့…။

ခရမ်းချဉ်သီး လှိုင်လှိုင်ပေါတဲ့ ဆောင်းတွင်းမှာ မေမေ့ရဲ့ ဟင်း တော်တော်များများမှာ ခရမ်းချဉ်သီးတွေ ပါလေ့ရှိပါတယ်။ ငါးရံ့ ကို ခရမ်းချဉ်သီးများများနဲ့ အရည်စပ်စပ်လေးချက်၊ မချခင်မှာ နံနံပင်လေးအုပ်၊ ဒီဟင်းက အသက်ကြီးလို့  သွားတွေ သိပ်မကောင်းတော့တဲ့ အဖိုးနဲ့ မေမေ့ရဲ့  အကြိုက် ပါ။ အဲဒီ ငါးဟင်းနဲ့ တွဲဖက်စားဖို့ က ငြုတ်သီး၊ ကြက်သွန်ဖြူ ဆီသပ်၊ ပုဇွန်ခြောက်မှုန့် နဲ့ ရောချက်တဲ့ ငန်ပြာရည်ချက်ရယ်၊ ခရမ်းသီးသေးသေး၊ ဘူးသီး သေးသေးလေးတွေကို မကျက်တကျက် ပြုတ်ထားတဲ့ တို့ စရာရယ်…။

အားလုံး အလုပ်အား ကျောင်းအားကြတဲ့ စနေ တနင်္ဂနွေလိုနေ့ မျိုးတွေမှာတော့ မေမေက လုပ်ရတာ နဲနဲလက်ဝင်တဲ့ ငါးရံ့  ဆန်လှော်ဟင်းကို ချက်လေ့ရှိပါတယ်။ ငါးရံ့ ကိုဘဲ အကောင်လိုက် ဆား၊ ဆနွင်း၊ ဆီ၊ ငြုတ်သီး ကြက်သွန်ဖြူ နီတွေရော ပြီးနယ်၊ စပါးလင် အပင်လိုက်ကို ငါးမှာ ချည်၊ မွှေးနေအောင် လှော်ထားတဲ့ ဆန်ကို လေးစိတ်ကွဲလေး ထောင်းပြီး ကြက်သွန်ဖြုလေး ဆီသပ်၊ ပြီးတော့မှ ငါးအကောင်လိုက် ကိုထည့်ချက်ရတဲ့ အဲဒီ ဆန်လှော်ဟင်း ကတော့ တစ်အိမ်သားလုံးရဲ့  အကြိုက်ပေါ့…။ ငါး ဆန်ပြုတ်လို သူ့  အတိုင်းစားလို့ ရသလို ထမင်းနဲ့ အတူ ဟင်းလိုလုပ်ပြီး စားရင်လဲရတာမို့  အဲဒီဟင်းချက်တဲ့နေ့ ဆို အချိန်မဟုတ်သေးဘဲ ဗိုက်က အလိုလိုနေရင်း ဆာနေတတ်ပါတယ်။

တခါတခါ မီးမလာတဲ့နေ့ မျိုးမှာ မီးသွေးမီးဖိုနဲ့  ထမင်းဟင်း ချက်ရတဲ့အခါ မီးသွေးမွှေးရတာ ပင်ပန်းလို့  စိတ်ညစ်စွာ ငြီးငြူမိပေမယ့် ထမင်းဝိုင်းမှာ ခရမ်းချဉ်သီးကို မီးဖုတ်လို့  နံနံပင်နံ့  ငြုတ်သီးနံ့ မွှေးနေတဲ့ ခရမ်းချဉ်သီး ပန်ထွေဖျော် စားရတဲ့အခါမှာတော့ မောသမျှတွေ အကုန်ပျောက်ပြီး ထမင်းမြိန်ရပြန်ပါတယ်…။

*****

ပူလောင်လောင် အိုက်စပ်စပ် နွေရာသီအခါမျိုးတွေမှာတော့ မေမေ့အတွက် နွေရာသီကျောင်းပိတ်ရက်တွေမို့  ခါတိုင်းနဲ့ မတူ ထူးခြားတဲ့ ထွေလီကာလီ ဟင်းမျိုးတွေ စားရတတ်ပါတယ်။ နွေရာသီမှာ ပူပြင်းတဲ့ ရာသီဥတုကြောင့် လူတွေတော်တော်များများ ထမင်းစားပျက်တတ်ကြပေမယ့် အိမ်သားတွေအဖို့ ကတော့ မေမေ့လက်ရာတွေကြောင့် ပိုလို့  တောင်မှ စားကောင်း သောက်ကောင်း ဖြစ်ကြရတယ်လေ။

မေမေချက်လေ့ရှိတဲ့ဟင်းတွေထဲက သက်ဝေ အကြိုက်ဆုံးဟင်းကတော့ မုန်လာပင်ပေါက်နဲ့  ချက်ရတဲ့ ငါးကျည်း ငါးဆုပ် ချဉ်ဟင်းပါ။ ငါးကျည်းအကောင် ခပ်လတ်လတ်တွေကို မန်ကျည်းသီးနဲ့  ဆားနဲ့ နယ်ပြီး ရေစင်စင်ဆေး၊ ပြီးရင် ဒါးမနဲ့  နုတ်နုတ်စင်း၊ ပြီးတော့မှ ဆား၊ အချိုမှုန့် ၊ ငြုတ်သီး တို့ ရယ်၊ စပါးလင် နုတ်နုတ်စင်းရယ်၊ ဆန်လှော်မှုန့် နဲနဲရယ်ထည့်ပြီး နာနာလေးထောင်း၊ မုန်လာပင်ပေါက် နုနုလေးတွေကို ချဉ်ဟင်းအိုး အရင်တည်… ဟင်းအိုး ပွက်ပွက်ဆူလာပြီဆိုမှ ပြီးမှ ခုနက ထောင်းထားတဲ့ ငါးကျည်းတွေကို လက်နဲ့  အနေတော် လုံး ဆုပ်ပြီး ထည့်…။ ငါးဆုပ်လုံးလေးတွေ ကျက်လောက်ပြီဆိုရင် ချ…။ သူနဲ့  လိုက်ဖက်တဲ့ အတွဲက ငြုတ်သီး ဆားထောင်းပါ။ ငြုတ်သီး အလှော်မှုန့် ကို ဆားလေးနဲနဲ နဲ့  ကြက်သွန်ဖြူလေးရောပြီး ထောင်း၊ စားကာနီးမှ ဆီဆမ်းစားရတဲ့ အညာငြုတ်သီးထောင်းပေါ့။ အဲဒီဟင်းချက်တဲ့နေ့ ဆို တအိမ်သားလုံး ခေါင်းမဖေါ်နိုင်အောင် ထမင်းစား ကောင်းခဲ့တာကို ခုထက်ထိ စွဲစွဲလမ်းလမ်း မှတ်မိနေပါတယ်…။ အခုဆိုရင် အဲဒီ ဟင်းနဲ့ ဝေးခဲ့တာ နှစ်ပေါင်း တော်တော်ကြာခဲ့ပြီပေါ့…။

နွေရာသီရဲ့နေ့လည်ခင်းတွေမှာတော့ မေမေက လဖက်ကို ခရမ်းချဉ်သီး၊ ဂေါ်ဖီထုပ်တွေနဲ့ သုပ်ပြီး ရေနွေးကြမ်းပူပူနဲ့ ကျွေးတတ်ပါသေးတယ်။ နွေနေ့လည်ခင်း ပူပူမှာ ရေမိုးချိုး၊ ချည်သား အင်္ကျီလေးဝတ်၊ သနပ်ခါး ပါးကွက်ထူထူကွက်ပြီး လဖက်သုပ် ချဉ်ချဉ် စပ်စပ်ကို ရေနွေးကြမ်းပူပူနဲ့စားခဲ့ရတာ ဘယ်တော့မှ မမေ့နိုင်မယ့် နေ့လည်စာပါဘဲ…။

*****

စားသောက်ဖွယ်ရာတွေကို မိသားစုတွေ အတူတကွ တစ်ပျော်တပါး စားသောက်ကြတဲ့အခါတိုင်း မှတ်မှတ်ရရ အဖိုးပြောလေ့ရှိတဲ့ စကားတစ်ခွန်းကတော့ “လက်ရည်တပြင်တည်း” ဆိုတဲ့ စကားလေးပါဘဲ။ နှီး ဒေါင်းလန်းကြီးတွေထဲမှာ ထမင်းတွေရော ဟင်းတွေပါ စုထည့်ပြီး မိသားစုတွေ ကလေး လူကြီးတွေအားလုံး ပျော်ပျော်ပါးပါး ၀ိုင်းဝန်းနှိုက်ယူ စားသောက်ကြတဲ့ ဟိုး ရှေးရှေးက ချစ်စရာ စည်းလုံးညီညွတ်မှုကို ပြတဲ့ ဓလေ့လေး တစ်ခုပေါ့။

အခုခေတ်မှာတော့ နှီး ဒေါင်းလန်းတွေနဲ့ စားတဲ့ခေတ်မဟုတ်တော့ပေမယ့် မိသားစု ဆိုတာ ဘယ်လို အရာမျိုးမှာမဆို အေးအတူ ပူအမျှ၊ အစစ အရာရာမှာ ကောင်းအတူ ဆိုးအတူ သာတူ ညီမျှ ခွဲဝေ ခံစားကြရတယ် ဆိုတာကို သိရှိ နားလည်ဖို့ အတွက် တခြားအချိန်တွေမှာ မဟုတ်တောင် ထမင်းစားချိန်မှာတော့ အားလုံး အတူတူ စကားလေး တပြောပြောနဲ့အေးအေးလူလူ စားသောက်ကြဖို့ သင့်တယ်လို့  အဖိုးက ခနခန ပြောဖူးပါတယ်။

အဲဒီအချိန်နဲ့ ဆယ်စုနှစ် တစ်ခုလောက်သာ ဝေးကွာတဲ့ အခု လက်ရှိ အချိန်မှာတော့ သွား သုတ်သုတ် စား သုတ်သုတ်နဲ့  ဖွယ်ဖွယ်ရာရာ မဖြစ်တဲ့ အေးစက်စက် မာတောင့်တောင့် ခြောက်ကပ်ကပ် ထမင်းဟင်းတွေကို မိုက်ခရိုဝေ့ဖ် ရဲ့အကူအညီနဲ့  ပူအောင်လုပ်ပြီး သောက်ရေတစ်ခွက် အနားချလို့  မြန်မြန်ပြီး အေးရော သဘောမျိုးနဲ့စားလိုက်ရတဲ့ ထမင်း အနပ်တွေတိုင်းမှာ အော်… အဖိုးသာမြင်ရင် ဘယ်လို ကောက်ချက်မျိုးများ ချမှာပါလိမ့်လို့  တွေးတောရင်း၊ ဖေဖေ မေမေ မောင်လေးတို့ နဲ့နွေးထွေးလှတဲ့ မေမေ့လက်ရာ မိသားစု ထမင်းဝိုင်းကလေးကို အရမ်း သတိရ လွမ်းဆွတ်နေမိပါတော့တယ်။

Wednesday, November 19, 2008

ထိုနောင်တ

ဟိုး ငယ်ရွယ်စဉ် သူငယ်ချင်း ဘ၀ ကထဲက ရင်းနှီး ခင်မင်ခဲ့ရသော သူမကို အချိန်တွေ ရှည်ကြာလာသည်နှင့်အမျှ ရင်ထဲက နှစ်နှစ်ကာကာ မြတ်မြတ်နိုးနိုး ချစ်ခင် စုံမက်ခဲ့သော်လည်း ရှင်းပြရခက်ခဲလှသော အခြေအနေတစ်ခုကြောင့် ဖွင့်ဟခဲ့ပြီးသော နှလုံးသား တံခါးကိုပိတ်၊ ကြေငြာခဲ့ပြီးသော အချစ်စိတ်တို့ ကို မြိုသိပ်ကာ သူမ အပါအ၀င် သူငယ်ချင်းတစ်စုတို့ နှင့် ဝေးဝေးကို ဖယ်ခွာရှောင်ရှားကာ တစ်ယောက်တည်း အထီးကျန် ဆန်လှသော၊ ပျင်းရိငြီးငွေ့  ဖွယ် ကောင်းလှသော… နေ့ ပေါင်း ရက်ပေါင်း လပေါင်း နှစ်ပေါင်း များစွာကို အလုပ်ထဲတွင် အချိန်ပြည့် ခေါင်းစိုက်ရင်း ဘ၀ကို ဖြတ်သန်းလာခဲ့သည်မှာ… ထိုတစ်နေ့ အထိ…။

ထိုတစ်နေ့ …
သူမနှင့် မတွေ့ ခင် ထိုနေ့ မနက်အထိ သူ၏ ခိုင်မာသော ဆုံးဖြတ်ချက် နှင့် လုပ်ရပ်အပေါ် တွင် စိုးစဉ်းမျှ သံသယမရှိ၊ နောင်တဆို၍ အမှုန်တစ်စမျှပင်မရှိ၊ ကိုယ့်ကိုယ်ကို ကျေကျေနပ်နပ် ရှိနေခဲ့ကြောင်းကို သူ ရဲရဲကြီး သစ္စာဆိုဝံ့ပါသည်။
ထိုတစ်နေ့ အထိပေါ့လေ..

*****

သူမကို ချစ်မြတ်နိုးကြောင်း ဖွင့်ဟပြောဆိုပြီးကာမှ တိုက်တိုက်ဆိုင်ဆိုင် ပေါ်ပေါက်လာသော အခြေအနေတစ်ခုကြောင့် ဖွင့်ဟခဲ့ပြီးသော ထိုအချစ်တို့ ကို ပြန်လည် ရုပ်သိမ်းပါသည်ဟု (ရင်ထဲမှာ မောပန်း ဆို့ နင့် ကြေကွဲနေသော်လည်း) ပေါ့ပေါ့ဆဆ ဟန်ပန် အမူအရာမျိုးဖြင့် သူမကို စိမ်းကားခဲ့ပါသည်။ မယုံကြည်နိုင်သော၊ အံ့သြနေသော သူမ၏ မျက်လုံးဝိုင်းဝိုင်းကလေးများကို ရယ်မောချင်ယောင်ဆောင် ဥပက္ခာပြုရင်း… ထိုနေ့ က ကိုယ့်ဘ၀ကို ကိုယ် နာကျည်း ၀မ်းနည်း ကြေကွဲစိတ်တို့ ဖြင့် ဘယ်သူမှမသိအောင် တစ်ယောက်တည်း ကြေကြေကွဲကွဲ ငိုခဲ့မိပါသည်။ အကြောင်းသိ ရင်းနှီးခင်မင်သော သူငယ်ချင်း တစ်စု၏ နားမလည်နိုင်လွန်းသော အကြည့်များ၊ အပြစ်တင်စွပ်စွဲသံများ၊ ကဲ့ရဲ့  ရှုံ့ ချသံများ... အားလုံးကို ဘာမှ ဖြေရှင်းချက် မပေးတော့ဘဲ… အားလုံးကို ကျောခိုင်း… အားလုံးနှင့် ဝေးရာ… အဝေးဆုံးနေရာ တစ်ခုသို့ …။

သူမနှင့်ဝေးရာမှာ နေထိုင်ရင်း သူမကို သတိရ လွမ်းဆွတ်မိသည့် အချိန်တွေတိုင်းမှာ ထို အလွမ်းစိတ်တို့ ကို ဖြေဖျောက်နိုင်ရန် စိတ်၏ တစ်ခုတည်းသော ထွက်ပေါက်အနေဖြင့် အလုပ်များကို လောဘတကြီး ကြိုးစားလုပ်ကိုင်ခဲ့ပါသည်။ ဟိုမှ သည်မှ၊ သူငယ်ချင်း အချို့  ထံမှ တစ်စွန်းတစ်စ ကြားသိရတတ်သော သူမ၏ သတင်းများကို ကြားချင်သော်လည်း မကြားချင်၊ သိချင်သော်လည်း မသိချင်၊ သူမလေးကို မြင်ချင်သော်လည်း မမြင်ရဲ၊ တွေ့ ဖို့  အခွင့်အရေးရှိနေပါသော်လည်း မတွေ့ ရဲဖြင့် အစစ အရာရာကို ထိန်းချုပ်ကာ တစ်ယောက်တည်း တိတ်တိတ်ဆိတ်ဆိတ် အချိန်များကို ကုန်လွန်စေခဲ့ပါသည်။ သေသေချာချာ ပြန်တွက်ကြည့်ရလျှင် ကုန်လွန်ခဲ့သော အချိန်များမှာ ဆယ်စုနှစ် တစ်ခုနီးပါး ရှိခဲ့လေပြီ။ သူ့ ကိုယ်သူ ထူးဆန်းစွာ အံ့သြခဲ့သည်မှာ တစ်ယောက်တည်း ဘ၀ကို ဖြတ်သန်းလာရင်း မကြာခဏ တွေ့ မြင် ကြုံဆုံရတတ်သော မိန်းကလေးငယ်များ၊ လွယ်လင့်တကူ ကြည်ဖြူ လိုက်လျောကြမည့် မိန်းကလေးငယ်များ အပေါ်တွင် နည်းနည်းလေးမျှ စိတ်မ၀င်စား စိတ်မကစားမိခြင်းပင်…။

*****

ကိုယ်တိုင်ရွေးချယ်ခဲ့သော လမ်းကို တည့်တည့်မတ်မတ် လျှောက်လှမ်းခဲ့သောကြောင့် ရင်းနှီးပေးဆပ်ခဲ့သော အချိန်ကာလများ၊ ကြိုးစားမှုများ၏ အကျိုးကို ချိုမြိန်စွာ စားသုံးနေရသော အချိန်တွင် အရာရာ အတန်အသင့် ပြည့်စုံသည့် ဘ၀တစ်ခုကို ပိုင်ဆိုင်ခဲ့ပြီ ဟု ယူဆကာ စိတ်အစဉ်တို့ သည် ဟိုး အဝေး ကာလတစ်ခုဆီက သူမလေးဆီသို့  လွင့်မျော….။ သူ့ ကို နာကျည်းနေမည်ဟု ယူဆရသော သူမကလေး… သူ့ နှလုံးသားကို အချိန်ပြည့် လွှမ်းမိုးနေခဲ့သော.. အချိန်တိုင်း ဘယ်တော့မှ မေ့မရခဲ့သော သူမလေး…။ သူ၏ စိတ်ကူးအိပ်မက်တို့ သည်… အနည်းငယ် အဓိပ္ပါယ်ရှိလာ…။
အို.. ဘာဘဲဖြစ်ဖြစ် အမှားတွေကို ခွင့်လွှတ်ဖို့ ဆိုတာ ကိုယ်က အရင် တောင်းပန်ကြည့်ဖို့ တော့ လိုမှာပေါ့လေ…။

သူမနှင့် သူ၏ ဆက်စပ် ပတ်သက်ခဲ့သော အနေအထားကို ဟိုး ကကြီးမှသည် အ အထိ အစ အဆုံးသိနေခဲ့သော ငယ်သူငယ်ချင်း တစ်ယောက်နှင့်အတူ သူမကို သူ သွားရောက်တွေ့ ဆုံရန် ကြိုးစားခဲ့ပါသည်။ သာယာလှပသော ပြာလွင်သော မိုးကောင်းကင်ကြီး အောက်တွင် ရင်ခုန် လှိုက်မောဖွယ်ကောင်းလှစွာဖြင့် သူမကို သူ တွေ့ ခွင့်ရခဲ့ပါသည်။ ဆယ်နှစ်တာကာလအတွင်း ဘာမှထူးထူးခြားခြား မပြောင်းလဲဘဲ ဟိုးငယ်ငယ်တုန်းကလို နုနယ်ပျိုမြစ်၍ လှပနေသော၊ ချစ်စရာကောင်းသော၊ အေးချမ်းသိမ်မွေ့ ဆဲဖြစ်သော သူမကို သူ အံ့သြတကြီး ငေးကြည့်နေမိပါသည်။ သို့သော်… သူမ ဘ၀၏ အကြီးမားဆုံး ပြောင်းလဲမှုကို သူမကိုယ်တိုင် ဖွင့်ဟ ပြောဆို လာသောအခါ… ။

ထိုနေ့ က သူမအတွက်.. တိတိကျကျပြောရလျှင် သူ၏ တွေဝေခဲ့မှု နှင့် အစားထိုးမရသော ကုန်လွန်ခဲ့ချိန် များစွာတို့ အတွက် ပထမဦးဆုံးအကြိမ်အဖြစ် နောင်တ အနည်းငယ် ရခဲ့မိပါသည်…။ သို့ သော် ထိုနောင်တတို့ ကို မာနတရားတို့ ဖြင့် ဖုံးလွှမ်းဖို့  ကြိုးစားရင်း သူမရှေ့ တွင် ဘာမှမဖြစ်လေဟန် ကောင်းကောင်း ဟန်ဆောင်နိုင်ခဲ့ပါသည်။ ထိုအချိန်ပိုင်းလေးအတွက် ကိုယ့်ကိုယ်ကိုယ် ကျေနပ်မဆုံးဖြစ်နေရင်း…။

*****

ထိုတစ်နေ့ …
ထိုတစ်နေ့ …
ထိုနေ့ က သူမနှင့် ဒုတိယအကြိမ်အဖြစ် တွေ့ ဆုံရန် အကြောင်းဖန်လာပါသည်။ ဒုတိယအကြိမ် ဆုံတွေ့ ရချိန်သည် ပထမအကြိမ်နှင့် ဆယ်စုနှစ် တစ်ခုနီးပါး ကွာခြားခဲ့ပြန်ပါသည်။

သူမ…
သက်တူ ရွယ်တူ သူငယ်ချင်းများစွာတို့ ကြားတွင် ဘာမှပြောင်းလဲသွားသည်ဟု မထင်ရသော သူမ…။ သူမကို ချစ်ခင်ကြင်နာသော အိမ်ထောင်ဖက်နှင့်အတူ… ချစ်စဖွယ် စကားတွေ တီတီတာတာ ဆိုတတ်နေသော သားကလေး တစ်ယောက်နှင့်အတူ… သာယာ ချမ်းမြေ့သော မိသားစုဘ၀လေးတစ်ခုကို ပိုင်ဆိုင်နေပြီဖြစ်သော သူမ…။ ဟိုးအရင်တုန်းကလို နုနယ်ပျိုမြစ်ခြင်းများ အပြည့်ဖြင့် လှပနေဆဲ သူမ…။ ဘ၀ကို စိတ်အေး ချမ်းမြေ့စွာ ဖြတ်သန်းခဲ့ရသော သူမ…။

ထိန်းချုပ်လို့ မရ ပြင်းပြင်းထန်ထန်လှုပ်ခတ်နေသော ကိုယ့်ရဲ့ စိတ်အစဉ်တွေသည်…
ရေခဲတမျှ အေးစက်နေသော ကိုယ့်ရဲ့ ခြေဖျား လက်ဖျားတွေသည်…
ခန္ဒာကိုယ် နေရာအနှံ့ မှာ တဒိတ်ဒိတ်ခုန်တိုးနေသော ကိုယ့်ရဲ့  နှလုံးသွေး တွေသည်…
နောက်ဆုံးမှာတော့ မျက်ဝန်းထဲမှ မျက်ရည်ကြည်များအဖြစ်သို့  ကူးပြောင်းခါနီးဆဲဆဲ…

ကြည်ကြည်လင်လင် ရယ်မောနှုတ်ဆက်နေသော သူမကို ပြန်လည်နှုတ်ဆက်ရန် ကြိုးစားပမ်းစား ကိုယ်အားယူနေဆဲမှာေ၀၀ါးသွားသော မြင်ကွင်းကြောင့်... အို.. ကိုယ့်ရဲ့  နောင်တတွေ အတ္တတွေ လွှမ်းမိုးနေတဲ့ မျက်ရည်တွေကို သူမလေး ရိပ်မိသွားမှာ စိုးလှပါသည်…။

အဆုံးမှာတော့…
နှစ်ပေါင်းများစွာ ကြာရှည်အောင် သော့ခတ် သိမ်းဆည်းထားခဲ့သော ကိုယ့်ရဲ့  နှလုံးခုန်သံကို ကိုယ်တိုင် မယုံကြည်နိုင်စွာဖြင့်… အပြင်ပန်းက ကြည့်လျှင် အစစအရာရာ ပြည့်စုံသည်ဟု ဆိုနိုင်သော်ငြားလည်း ရုပ်ဝတ္ထုအားဖြင့်သာ ပြည့်စုံပြီး အဖက်ဖက်က လိုအပ်ချက်ပေါင်း များစွာဖြင့် ကိုယ့်ရဲ့ အေးစက်စက် အထီးကျန် ဘ၀ကို ကိုယ်တိုင်ကြေကွဲစွာ… ။

ခိုင်မာသော ဆုံးဖြတ်ချက်တွေနှင့်အတူ ကိုယ်တိုင် ရွေးချယ်လျှောက်လှမ်း ခဲ့သော ကိုယ့်ဘ၀လမ်းကလေးမှာ သံသယတွေ၊ နောင်တ တရားတွေ ဖြင့် ပြည့်နှက်… ပြန်လည် ပြင်ဆင်ခွင့် မရှိတော့သော ဘ၀များ…။
ဘာနဲ့ မှ လိုက်လို့  မမှီနိုင်အောင် နောက်ကျခဲ့ပြီဖြစ်သော အချိန်ကာလများ… ပြန်လည်ဆုံဆည်းခွင့်ကို ဆု အဖြစ်တောင် တောင်းယူ၍ မရနိုင်တော့သော ကိုယ့်အဖြစ်ကို ကိုယ်တိုင် နာကျင် နာကျည်းစွာဖြင့်…။
သက်ပြင်းတွေကို အခါခါချရင်း တွေ့ ဆုံချိန်တွေကို အတတ်နိုင်ဆုံး ဆွဲဆန့် ထားလိုက် ချင်သော်လည်း လူ့ ဘ၀၏ နိယာမတွေအရ အချိန်တန်ရင် အိမ်ပြန်ရစမြဲမို့ ကိုယ့်ရဲ့  ပြန်ပြင်မရသော မှားယွင်းမှုတွေနဲ့ အတူ နောင်မှရသော နောင်တတရားတွေ၊ ယူကျုံးမရ စိတ်တွေ ရင်ထဲမှာ အပြည့်အနှက်ဖြင့်…။

*****

သူမကို ဘ၀တသက်လုံး ဘယ်တော့မှ မေ့လို့ မရနိုင်သော်လည်း ကိုယ်တိုင် ရွေးချယ်မှုနှင့် ဖြတ်တောက်ခဲ့ပြီးသော ကြိုးတစ်စ… ပြန်လည်၍ ဆက်သွယ် ထုံးနှောင်ရန်လည်း အခွင့်အရေးက မရှိတော့ပြီ… သူ့ အတိုင်းသာ ရှိပါစေတော့.. ။ သူမ ဘ၀ကလေး အစဉ်အမြဲ လှပ ပျော်ရွှင်စေနိုင်ရန် သူမ၏ စိတ်ကလေး အစဉ်သဖြင့် အေးချမ်း ပြည့်စုံစေနိုင်ရန် ဆုတောင်းပေးရုံမှတပါး….။

စာကြွင်း ။ ။ ဒီသီချင်းလေးနဲ့  အတူတူ နားထောင်ရင်း ဖတ်ကြည့်ပါနော်…။
အေးချမ်းမေ - ဇာတ်ဆရာ အလိုကျ

Wednesday, November 12, 2008

ခိုင်မြဲသောကြိုး



Hours fly...

Flowers die...

New days, New ways passed by

But LOVE stays...

F O R E V E R

* * * * * *

Tuesday, November 11, 2008

ကလေးများကို ခြိမ်းခြောက်ခြင်း

အခုတလော ကလေးများနှင့် သက်ဆိုင်သော Child Psycho အကြောင်းတွေသည် ကျွန်မ၏ စိတ်အတွေးတွေကို အချိန်တော်တော်များများ လွှမ်းမိုးနေသောကြောင့် ဤပိုစ့်များကို ရေးနေခြင်း ဖြစ်ပါသည်။ အခြား တောင်တောင်အီအီများကို မတွေးစေချင်ပါ…။

အခြားသော လူမျိုးခြား နိုင်ငံသားများ၏ ယဉ်ကျေးမှုများကို ကျွန်မ အများကြီး မသိပါ။ သူတို့ ၏ ပါတ်ဝန်းကျင်၊ သူတို့ ၏ ယဉ်ကျေးမှု၊ သူတို့ ၏ နေ့ စဉ် ရှင်သန်နေထိုင်ပုံ၊ အထူးသဖြင့်တော့ သူတို့ ၏ မိသားစု ဆက်ဆံရေး… လူကြီးနှင့် လူငယ်တို့ ၏ ဆက်ဆံရေး… မိဘနှင့် သားသမီး ဆက်ဆံရေး…။ ထိုအကြောင်းအရာများကို ကျွန်မ အလွန် စိတ်ဝင်စားလှသော်လည်း အတန်အသင့်သာ လေ့လာဖူး၊ တွေ့ ဖူး မြင်ဖူး ကြားဖူးပါသည်။

သို့ သော် ကျွန်မသိသမျှ တွေ့ ဖူး မြင်ဖူးသမျှထဲတွင် ကျွန်မတို့  မြန်မာလူမျိုးတွေသည် ကလေးများ၏ ခံစားချက် သေးသေးလေးများကို၊ သူတို့ ၏ စိတ်ဓါတ်ရေးရာများကို တော်တော်ပင် လျှစ်လျှူရှုတတ်ကြသူများ ဟု ထင်မြင်မိပါသည်။ ထိုထင်မြင် ယူဆချက်သည် ကျွန်မတစ်ဦးတည်း၏ ထင်မြင်ချက်သည် ဖြစ်သောကြောင့် မှားချင်လဲ မှားနေပါလိမ့်မည်။ လက်မခံနိုင်သူများ ဝေဖန်ချင်က ဝေဖန်နိုင်ပါသည်…။

“အဲဒီနားမှာ မကစားရဘူး သစ်ပင်ပေါ်မှာ သရဲကြီး ရှိတယ်…”

“ဒီကစားကွင်းမှာ သရဲကြီး စောင့်နေတယ် လာကစားတဲ့ ကလေးလေးတွေကို ဖမ်းမလို့ တဲ့…”

“ညကျ စောစောမအိပ်ရင် ခေါင်းစုတ်ဖွားနဲ့  အဖိုးကြီး လာဖမ်းလိမ့်မယ်…”

“ဟော.. ဟိုမှာ ပီပီ ပီပီ နဲ့  မှုတ်နေတဲ့ လူကြီး လာနေပြီ ဆိုးတဲ့ ကလေးတွေကို ဖမ်းမလို့တဲ့…”

“သား ဆိုးနေရင် မေမေ အိမ်ပြန်မလာတော့ဘူး ရုံးမှာဘဲ နေ နေတော့မယ်…”

“သမီး မေမေတော့ ကုလားကြီးနောက် လိုက်သွားပြီ…”

“သား ဖေဖေတော့ ကုလားမကြီးက လာခေါ်သွားပြီ…”

အစရှိတဲ့ စကားစုတွေကို လူတော်တော်များများ ကြားဖူးကြလိမ့်မည် ထင်ပါတယ်။ ကြားဖူးရုံတင်မက အဲဒီလိုရော ပြောဖူးကြပါသလား… အဲဒီလို စကားတွေကိုသုံးပြီး ကိုယ့်ကလေးကိုပဲ ဖြစ်ဖြစ်၊ မိတ်ဆွေ သူငယ်ချင်းများ၏ ကလေးများ၊ မိမိပါတ်ဝန်းကျင်မှ ကလေးတွေကို ခြိမ်းခြောက်ဖူးကြပါသလား….။

ကျွန်မ သတိထားမိသလောက် လူကြီးတွေက ကလေးတွေကို စသလို နောက်သလို နှင့်ဖြစ်စေ၊ တကယ် ကြောက်လန့်  စေလိုသောကြောင့် ဖြစ်စေ ဤစကားမျိုးကို ပြောတတ်ကြပါသည်။ အပေါ်ယံအားဖြင့်ကြည့်လျှင် ထိုစကားတို့ သည် ဘာမှမဖြစ်လောက်ပါဘူး ဟု ခပ်လွယ်လွယ် ထင်ရသော်လည်း စိတ်ဓါတ်အားဖြင့် ပျော့ပျောင်း နုနယ်လှသော ကလေးများအဖို့  သူတို့ လေးတွေ၏ စိတ်ထဲတွင် တော်တော်ပင် ထိတ်လန့်  တုန်လှုပ် ကြောက်ရွံ့ သွားတတ်ကြသည်ကို သတိပြုကြစေချင်ပါသည်။ ထိုကြောက်စိတ်မှာလဲ အချိန်ကာလ အတော်ကြာသည့်အထိ မမေ့ပျောက်နိုင်ဘဲ စွဲစွဲလမ်းလမ်းဖြင့် ကြောက်နေတတ်ကြသည့် ကလေးငယ်များကို ကိုယ်တိုင်တွေ့ ဖူးခဲ့ပါသည်။ တကယ်လဲ ထိုကြောက်စိတ် နှင့် ထိုအစွဲအလမ်းများသည် တော်တော်နှင့် ဖျောက်ဖျက်ပြစ်၍ မရပါ…။ သူတို့ စိတ်ထဲတွင် မမြင်တွေ့ ဖူးသော သရဲကြီး၊ ခေါင်းစုတ်ဖွားနဲ့  အဖိုးကြီး၊ ကုလားကြီး တို့ ကို ကြောက်မက်ဖွယ်ရာ ရုပ်ဆိုးဆိုး ပုံပန်းများဖြင့် စိတ်ကူးပုံဖေါ် မြင်ယောင်ကြည့်ကာ ကြောက်လန့် စိတ်များ တစ်စထက် တစ်စ တိုးပွား နေတတ်ကြသည်။ တွေးကြည့်လျှင် သနားစရာလဲ အလွန်ကောင်းပါသည်။

သူတို့ သည် အသက်အရွယ် တော်တော်ရလာပြီး အစစအရာရာကို တော်တော်လေး နားလည်လာသော အရွယ်လောက်တွင်မှသာ သူတို့ ငယ်ငယ်က ကြောက်ရွံ့ခဲ့ဖူးသော ထို သရဲကြီး၊ ခေါင်းစုတ်ဖွားနဲ့  အဖိုးကြီး၊ ကုလားကြီး ဆိုသူများသည် တကယ်မရှိကြောင်း၊ လူကြီးများ တမင် ခြောက်လှန့် ကြကြောင်း ကို နားလည်သိမြင် လာနိုင်ပါသည်…။

ပြောပြရလျှင် ကျွန်မ ငယ်ငယ်က (၆ နှစ်သမီးလောက်ဟု ထင်ပါသည်) မိဘများနှင့် ခင်မင်ရင်းနှီးသော ကျွန်မနှင့်လည်း ဦးလေးတစ်ယောက်လို ရင်းနှီးသော သူတစ်ယောက် အိမ်ကိုအလည်လာရင်း တခုခုကို အလိုမကျ၍ နဲနဲဂျီတိုက်နေသော ကျွန်မကို စသလို နောက်သလိုဖြင့် “ဒီလိုဆိုးနေရင် ကျောပေါက်ကြီး လာဖမ်းလိမ့်မယ်နော်” ဟု ထပ်ခါ ထပ်ခါ (၄, ၅ ကြိမ်ထက်မနဲ...) ပြောလေသည်။ ထိုအခါ ကျွန်မသည် တစ်ခါမှ မသိဖူး မကြားဖူး မမြင်ဖူးသော ထို ကျောပေါက်ကြီး ဟူသော လူကို ထိတ်လန့် စွာဖြင့် မရဲတရဲ ပုံဖေါ်ကြည့်ရင်း တုန်လှုပ် ကြောက်ရွံ့စိတ်များ တစ်ဖွားဖွား ပေါ်လာပေတော့သည်။


ည အိပ်ရာဝင်ချိန်များတွင် သော်လည်းကောင်း၊ မေမေတို့  အလုပ်သွား၍ အိမ်မှာ အဖိုးနှင့် နှစ်ယောက်တည်း ကျန်ခဲ့ချိန်များတွင် သော်လည်းကောင်း၊ ဘာမှလုပ်စရာမရှိသည့် အချိန်များတွင် ထောင့်လေးတစ်ထောင့်တွင် ငြိမ်သက်စွာ ထိုင်နေရင်း သော်လည်းကောင်း နက်နက်နဲနဲ တွေးနေမိသည်မှာ ထိုကျောပေါက်ကြီး အကြောင်းပင်...။ ကျောကြီးက ဘယ်လိုပေါက်နေတာလဲ… ကျောကုန်းမှာ အပေါက်ကြီး ရှိနေရက်သားနဲ့  ဘာကြောင့်မို့ အသက်ရှင်နေနိုင်တာလဲ… ပေါက်နေသော ကျောပြင်မှနေ၍ ဗိုက်ထဲက အသဲတို့  နှလုံးတို့ ကိုရော မြင်နေရမှာလား… နီနီရဲရဲ သွေးတွေရော ထွက်နေမှာလား… စသဖြင့်…။ ထိုစဉ်က မိုးတွင်းကာလ ဖြစ်သောကြောင့် မိုးများမှောင်မဲ၍ ရွာသောအချိန်တွင်မူ ကျွန်မ၏ ကြောက်စိတ်မှာ အထွတ်အထိပ်သို့ ရောက်နေပါသည်…။ ဘယ်ထောင့်ကများ ကျောပေါက်ကြီး ပေါ်လာလိမ့်မလဲ ဟု ဟိုကြည့် သည်ကြည့်ဖြင့် ကျောချမ်းနေခဲ့ဖူးသည်မှာ ပြန်တွေးကြည့်တော့ တော်တော် သနားစရာကောင်းလှပါသည်။

အလုပ်မှ မောမောပန်းပန်းပြန်လာသော ဖေဖေနှင့် မေမေ့၏ အရိပ်အကဲကိုကြည့်၍ မရဲတရဲနှင့် ထိုကျောပေါက်ကြီး အကြောင်းကို မေးကြည့်သောအခါတွင်လည်း မေမေက အရေးမဟုတ်တာ အရေး လုပ်နေရပါ့မလား… အဓိပ္ပါယ်မရှိ အပိုတွေ တွေးကြောက်နေရလား… ဟူသော ပုံစံမျိုးဖြင့် ကျွန်မလိုချင်သော “ကျောပေါက်ကြီး ဆိုသည်မှာ အပြင်လောကတွင် တကယ်မရှိကြောင်း၊ ဘာမှကြောက်စရာ မလိုကြောင်း…” စသည့် လုံလောက် တိကျ နွေးထွေးသော အဖြေမျိုးကို မရခဲ့ပါ။

တကယ်ကတော့ လူကြီးတွေ၏ စိတ်ထဲတွင် ကျွန်မ ဒီလောက် စွဲစွဲလမ်းလမ်း ကြောက်နေမည်ဟု တွေးထင် မထားသောကြောင့် ခပ်ပေါ့ပေါ့သာ သဘောထား ဖြေကြားသည်ဟု ယူဆမိပါသည်။ သို့ သော်လည်း ကျွန်မ၏ စိတ်ထဲမှာတော့ ဘာမဟုတ်တဲ့ ထိုစကားလေး တစ်ခွန်းကြောင့် တော်တော်လေး စိတ်ဆင်းရဲ ဒုက္ခ ရောက်ခဲ့ရသည်မှာ တသက် မမေ့ဖွယ်ရာပင်…။

ထိုကဲ့သို့  ကလေးများကို ခြောက်လှန့် ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သော နောက်ဆက်တွဲ အကျိုးဆက် နှင့် နုနယ်လှသော ကလေးများ၏ စိတ်ခံစားချက်တို့ ကို အလေးအနက်ထား ထည့်သွင်း စဉ်းစားကာ မိမိတို့ ကိုယ်တိုင်လဲ ကလေးများကို အမှန်တကယ် ကြောက်စေချင်၍ ဖြစ်စေ၊ စချင် နောက်ချင်၍ ဖြစ်စေ... သူတို့လေးတွေ၏ စိတ်ထဲ၌ စွဲစွဲလမ်းလမ်း ကြောက်ရွံ့  သွားနိုင်ချေရှိသော စကားစုများကို ဝေးဝေးမှ ရှောင်ရှားကြပါ ဟု အလေးအနက်ထား တိုက်တွန်းချင်ပါသည်။

အနာဂတ်ကာလတွင် တိုးတက်သော လူ့ ဘောင်လောကကြီးထဲသို့  အနေအထားအမျိုးစုံ၊ ပုံပန်းသဏ္ဍာန် အမျိုးစုံဖြင့် လူတန်းစား အလွှာအသီးသီးသို့  ရှင်သန်ဝင်ရောက်လာမည့် လူသားလေးများ၏ နုနယ်သော စိတ်အတွေးလေးများကို အတတ်နိုင်ဆုံး အလေးအနက်ပြု ဂရုစိုက်ကြစေချင်ပါသည်။



Thursday, November 6, 2008

ကလေးများ၏ စိတ်ကို လေ့လာခြင်း

ကျွန်မတွေ့ ဖူးသမျှထဲတွင် မြန်မာမိဘ တော်တော်များများသည် ကလေးတို့ ၏ စိတ်ခံစားချက်များကို အရေးမထားတတ်ကြ၊ အလေးအနက် မယူတတ်ကြပေ။ ကလေးတို့ ကို “ အို… သူတို့ က ကလေးတွေဘဲ… ဘာသိတာလိုက်လို့ … ထားလိုက်ပါကွာ... ကိစ္စမရှိပါဘူး… သိပ်အရေးမကြီးလှပါဘူး… ငယ်ပါသေးတယ်..“ စသည်ဖြင့် လွယ်လွယ်ကူကူ ပေါ့ပေါ့ဆဆ သဘောထားတတ်ကြပုံများ ကျွန်မမျက်စေ့ရှေ့ တွင် မကြာခဏ တွေ့ မြင်နေရသည်။

ကလေးဆိုသည်မှာ ပန်းပွင့်ကလေးတစ်ပွင့်ကဲ့သို့  နုနယ်လှသည်။ ဖယောင်းကလေးများသဖွယ် ပျော့ပျောင်းလှသည်။ ဖယောင်းရည်လေးများ မာတင်းသွားသည့် အချိန်မရောက်ခင်အထိ သူတို့ လေးတွေကို လိုရာကို ပုံသွင်း ထုဆစ်နိုင်သည်။

သာမန်အားဖြင့် သူတို့ ၏ စိတ်ခံစားချက်ကလေးများကို သိသာအောင် မဖေါ်ပြတတ်ကြဟု ထင်ရသော်လည်း တကယ့် လက်တွေ့ တွင် ကလေးငယ်များကို သေသေချာချာ နီးနီးကပ်ကပ် လေ့လာကြည့်ပါက သူတို့ ၏ စိတ်ခံစားမှုကလေးများကို သူတို့ ၏ အသက်အရွယ် အပိုင်းအခြားအလိုက် ထင်ထင်ရှားရှားပင် ပြသတတ်ကြသည်ကို တွေ့ မြင်နိုင်ပါသည်။

သူတို့ သည် စကားမပြောတတ်သေးခင် အချိန်လေးတွေမှာပင် သူတို့ ၏ စိတ်ခံစားမှုများ၊ သူတို့ ၏ လိုအင်ဆန္ဒများကို အမူအရာလေးများ၊ မပီမသ ၀ူးဝူးဝါးဝါး အသံကလေးများနှင့် ချစ်စဖွယ် ထုတ်ဖေါ်ပြသတတ်ကြသည်။ အလိုဆန္ဒမပြည့်ဝလျှင် ငိုတတ်လာကြသည်။ အသက် တစ်နှစ်ဝန်းကျင် စကား စတင် ပြောတတ်လာသော အရွယ်၌ သူတို့ ၏ ဆန္ဒများကို စကားလုံးလေးများဖြင့် ပုံဖေါ် ပြသတတ်လာကြသည်။ လွယ်လွယ်ကူကူ အသံထွက်လို့  ပြောလို့ ရသော Verbs များ ကို အသုံးချ၍ လူကြီးများကို လက်ညှိုးကလေးတွေ တညွှန်ညွှန်ဖြင့် သူတို့ လိုရာကို တောင်းဆိုတတ်လာကြသည်။ ကလေးများသည် အသက် ၆ လမှ ၁၈ လ အတွင်းတွင် အပြစ်အကင်းစင်ဆုံး၊ ချစ်စရာ အကောင်းဆုံး ကာလ အပိုင်းအခြားအဖြစ် တွေ့ မြင်ရတတ်သည်။ ထိုအချိန်လောက်အထိတော့ မိဘနှင့် ကလေးတို့ အကြားတွင် ပြဿနာ ကြီးကြီးမားမား မရှိတတ်ကြသေးပေ။

ကျောင်းနေချိန် အသက် ၄နှစ် ၅ နှစ် အရွယ်တွင် ပြဿနာ အချို့  စတင်လေပြီ…။ ကျောင်းမသွားချင်သောကြောင့် မနက်တိုင်း ငိုငိုနေသော ကလေးများ၊ ကျောင်းမှာ စာလိုက်မရေးသော ကလေးများ၊ ကျောင်းကို ထည့်ပေးလိုက်သော ထမင်းဘူးကို လုံးလုံးမှ မထိ မတို့ သော ကလေးများ၊ ကျောင်းမှာ စာအုပ်ပျောက် ခဲတံပျောက် ခဲဖျက်ပျောက်၊ ကျောင်းမှာ ဟိုဟာကျန်ခဲ့ ဒီဟာကျန်ခဲ့နှင့် မေ့ကျန်တတ်ကြသော ကလေးများ…. များစွာရှိကြသည်။ ထိုအခါ မိဘတို့ ၏ အားမလို အားမရမှု၊ အလိုမကျမှု၊ စိတ်တိုမှုများနှင့် အတူတူ ဒေါသစိတ်တို့  စတင်ဖြစ်ထွန်းလာကြလေသည်။

အမှန်ဆိုပါက ထိုဒေါသတို့ ကို နောက်မှာ ခဏထားပြီး အကြောင်းရင်း အခြေခံကို ဦးစွာ ဖွေရှာသင့်သည်ဟု ထင်မြင်မိပါသည်။ ဤအသက်အရွယ်လေးတွင် မိဘတို့ ရင်ခွင်မှ ခွဲခွာကာ တစိမ်းများကြားထဲသို့  စ စချင်း ၀င်ရောက်ရသော အချိန်တွင် ကလေးငယ်တို့ အနေဖြင့် ထိုအနေအထားကို ချက်ချင်း လက်သင့်မခံနိုင်၊ အဆင်သင့်မဖြစ်နိုင် သေးသည်မှာ သူတို့ ၏ အပြစ် စိုးစဉ်းမျှ မရှိချေ။

ကလေး ဆေးပညာ စာတမ်းများထဲတွင် ကျောင်းစနေစဉ်အချိန်များတွင် ကလေးများသည် လက်စုတ်တတ်ခြင်း၊ လက်သည်းကိုက်ခြင်း၊ အင်္ကျီ ကြယ်သီးများကို ကိုက်ခြင်း၊ ခဲတံများကို ပါးစပ်တွင်း၌ ငုံထားတတ်ခြင်း၊ အိမ်မှထည့်ပေးလိုက်သော ခဲဖျက်များကို တစ်စစီ ချိုးဖဲ့ပစ်တတ်ခြင်း၊ ဗလာစာအုပ်မှ စာရွက်များကို အသားလွတ် ဆုတ်ဖြဲပစ်တတ်ခြင်း စသည့်အပြုအမူတို့ ကို လုပ်ဆောင်တတ်ကြသည်ဟု ဖတ်ခဲ့ဖူးသည်။


ကလေး အများစုသည် အိမ်မှာ မိဘ ဖိုးဖွား ဦးလေး အဒေါ် အကို အမတို့  အနည်းဆုံးတော့ ကလေးထိန်း၊ တစ်ဦးမဟုတ် တစ်ဦးတို့ ၏ ဂရုစိုက် စောင့်ရှောက်မှုများအောက်တွင် ကြီးပြင်းလာရသောကြောင့် ကျောင်းတွင် ကျောင်းသား အယောက် ၃၀၊ ၄၀ တို့ ကို ဆရာမ တစ်ဦး နှစ်ဦး တို့ က အုပ်ထိန်းကြရသောအခါ သူတို့  အတွက် လိုအပ်သလောက် လုံလောက်သော ဂရုစိုက်မှု (Attention) ကိုမရကြသောအခါတွင် လုပ်မိလုပ်ရာကို လုပ်ကြသော သဘောပင်…။ ထိုအချက်ကို မိဘများအနေဖြင့် ကောင်းကောင်းကြီး နားလည်မှုရှိသင့်ပြီး ကျောင်းမှ ရလာသော အပြစ်လေးများကို ဒေါသနှင့် ဆီးကြိုကြမည့်အစား စိတ်ရှည် နားလည်မှုလေးများဖြင့် အခြေအနေကို လိုက်လျောညီထွေဖြစ်အောင် ကြိုးစားပေးသင့်ပါသည်။

ကျောင်းနေပြီး အတန်းအနည်းငယ်ရလာသောအခါ ကျောင်းစာနှင့်ပတ်သက်သော ပြဿနာ၊ စာမေးပွဲ နှင့် ရမှတ် အနည်းအများ ပြဿနာများ ကလေးနှင့် မိဘတို့ ကြားတွင် ရောက်ရှိလာလေပြီ….။ ထိုအချိန်မျိုးတွင် ပညာတတ်သော မိဘနှင့် ပညာမတတ်သော မိဘ… မည်သည့် မိဘမျိုးမဆို မိဘတိုင်း၏ တူညီသော အတ္တတစ်ခုမှာ မိမိတို့ ၏ သားသမီးများအပေါ်တွင် ပညာရေးနှင့် ပတ်သက်ပြီး အလွန့်  အလွန် ထူးချွန်စေချင်ကြခြင်းပင်။


ပညာတတ်သောမိဘများသည် ကလေးများကို “ဒါလေးတောင် မတတ်ရကောင်းလား… ဒီလောက်လေးတောင် မသိရကောင်းလား… လွယ်လွယ်လေးကို မှားခဲ့ရသလား…” ဟူသော စကားလုံးပေါင်း မြောက်များစွာဖြင့် ပြစ်တင်ရှုံ့ ချ ဆူပူ ကြိမ်းမောင်း တတ်ကြသည်။ ပညာမတတ်သော မိဘများကမူ ကိုယ်တိုင်က ပညာ အခြေခံနည်းခဲ့၌ သော်လည်းကောင်း၊ အခြေအနေ မပေးခဲ့ကြ၍ သော်လည်းကောင်း အတန်းပညာ၌ ကောင်းမွန်စွာ မတတ်ခဲ့ကြသောကြောင့် သားသမီးများအလှည့်တွင် အရမ်းကို တော်စေ တတ်စေ ထူးချွန်စေချင်ကြပြီး မျှော်မှန်းထားသလို ဖြစ်မလာသောအခါ အမျက်ဒေါသများ အလွန်အကျွံ ထွက်ပေါ် လာတတ်ကြလေသည်။

စာမေးပွဲတို့ တွင် ရမှတ် ၁၀၀ မပြည့်မချင်း ကလေးများ၏ ကြိုးစား အားထုတ်မှုအပေါ်တွင် လုံးလုံးမှ မကျေနပ်တတ်ကြချေ။ စာမေးပွဲတွင် သင်္ချာ အမှတ် ၉၀ ရခဲ့သောကလေးကို “အော်… သမီးလေးက တော်လိုက်တာ… အမှတ် ၉၀ တောင်ရခဲ့တယ် ဟုတ်လား… (သို့ ) အို… ကြည့်စမ်း.. သားလေးက သင်္ချာမှာ အမှတ် ၉၀ ရခဲ့တယ်.. မေမေ ဆုချရတော့မှာပေါ့…” ဟု အားရ၀မ်းသာဖြင့် ချီးကျူးစကားပြောတတ်သော မိဘမျိုး အယောက် ၁၀၀ တွင် ၁၀ ယောက်မှ ရှိပါလေစ ဟု ကျွန်မ သံသယကြီးစွာ ၀င်မိပါသည်။ “ကြည့်စမ်း.. ဒီလောက်တောင် သင်ထား ပြောထားတဲ့ကြားက ၁၀ မှတ်တောင်ရော့လာခဲ့တယ်… မင်းက တယ်ရှမ်းသကိုး… (သို့ ) အဖြေတွေရရင် သေသေချာချာ ပြန်စစ်ခဲ့ပါလို မေမေ မှာထားရဲ့ သားနဲ့  ခုတော့ ကြည့်စမ်းပါအုံး… ၁၀ မှတ်ဖိုးကြီးများတောင် တောင် မှားခဲ့တယ်… (သို့ ) ၁၀ မှတ်ဆိုတာ နဲတဲ့ အမှတ်လား… သွား.. ယူမလာခဲ့နဲ့  Report Book… မေမေ လက်မှတ်ထိုးမပေးနိုင်ဘူး” ဟု ဆူပူတတ်သော မိဘမျိုး ဒီလောကကြီးမှာ ဘယ်နှစ်ယောက် တောင်ရှိနေပါသလဲ…။

ထိုကဲ့သို့  မိဘများ အပြစ်တင် ဆူပူနေသောအချိန်တွင် ကလေးများအနေဖြင့် ပြန်လည် ခွန်းတုံ့ ပြန် နှုတ်လှန်ထိုး၍ ပြောစရာ အခွင့်အရေးမရှိပါ။ အထူးသဖြင့် ကျွန်မတို့  မြန်မာ့ယဉ်ကျေးမှု ထုံးထမ်းစဉ်လာအရ လူကြီးတွေကို ပြန်မပြောရ… ငရဲကြီးတတ်သည်... ဆိုတာ သူတို့ လေးတွေ စိတ်ထဲမှာ အရိုးစွဲလို့  နေကြသည်။ ပြန်ပြောပါက မိဘတို့  ပိုပို ဒေါသထွက်ရုံသာရှိလိမ့်မည်ကို သူတို့ လေးတွေ နားလည်ကြသည်။ ထို့ ကြောင့် ဘာမှပြန်မပြောဘဲ ဆူသမျှခံကာ အသာငြိမ်နေတတ်ကြသည်။ ၀မ်းနည်းစွာဖြင့် ငိုချင်လဲ ငိုနေနိုင်ပါသည်။

သို့ သော် သူတို့ လေးတွေရဲ့  စိတ်ထဲမှာ၊ ရင်ထဲမှာ သူတို့ လေးတွေရဲ့  ပါးစပ်ဖျားမှာ စကားလုံးပေါင်း မြောက်များစွာ၊ ဆင်ခြေ (သို့ ) ဖြေရှင်းချက် တစ်ခုခုရှိကောင်း ရှိနေနိုင်သည်ဟု ဘယ်မိဘမှ ရိပ်မိ သတိထားမိကြမည် မထင်။ သတိထားမိလဲ အရေးအရာလုပ်ကာ အလေးအနက်ထား မေးမြန်း ပြောဆို နားထောင်ကြလိမ့်မည် မထင်။ မိဘများအနေဖြင့် သူတို့ တွေရဲ့  အမှတ် ၉၀ တန် ကြိုးစားမှုလေးအပေါ်မှာ ၀မ်းမြောက် ၀မ်းသာ အသိအမှတ်ပြုကြရမယ့်အစား ၁၀ မှတ်တန် အမှားလေးပေါ်မှာ စကားလုံးပေါင်း၊ ဒေါသပေါင်း များစွာဖြင့် အဆုံးသတ် သင့်ပါသလော…။

ထိုအခြင်းအရာ၏ နောက်ဆက်တွဲ အကျိုးဆက်နှင့် ကလေးများ၏ စိတ်ခံစားချက်တို့ ကို အလေးအနက်ထား၍ ထည့်သွင်း စဉ်းစား ကြည့်ကြစေချင်ပါသည်…။ အနာဂတ်ကာလတွင် တိုးတက်သော လူ့ ဘောင် လောကကြီးထဲသို့  အနေအထားအမျိုးစုံ ၊ ပုံပန်းသဏ္ဍာန် အမျိုးစုံဖြင့် လူတန်းစား အလွှာအသီးသီးသို့  ရှင်သန်ဝင်ရောက်လာမည့် လူသားလေးများ၏ နုနယ်သော စိတ်အတွေးလေးများကို အတတ်နိုင်ဆုံး အလေးအနက်ထား ဂရုစိုက်ကာ အခွင့်အရေးများ ပေးကြစေချင်ပါသည်။



ဆက်ရေးပါဦးမည်။


Wednesday, November 5, 2008

ကလေးများကို ရိုက်နှက်၍ ဆုံးမခြင်း - နောက်ဆက်တွဲ

မနေ့ က တင်ခဲ့တဲ့ ကလေးများကို ရိုက်နှက်၍ ဆုံးမခြင်း ပိုစ့်လေးမှာ ကိုဝင်းဇော် ရေးခဲ့တဲ့ Comment လေးကို ဖတ်ပြီး နဲနဲလေး ထပ်ဖြည့်ပါရစေ…။ သူရေးခဲ့တာက…

အစ်မခင်ဗျား
အဖေအမေတို့ကတော့ ကိုယ့်သားသမီးကို တော်စေချင်၊ ထူးချွန်စေချင်၊ လိမ္မာစေချင်တဲ့ ဆန္ဒတစ်ခုတည်းနဲ့ ရိုက်နှက်ဆုံးမတာပဲလို့ ကျွန်တော်မြင်ပါတယ်။ တစ်ဖက်ကလည်း ရိုက်ရတဲ့အပြင် တစ်ဖက်ကလည်း စည်းရုံးရေး ၀င်ရတာလည်း ရှိပါတယ်၊ ပြန်ချော့တဲ့ ဒီလိုအချိန်ကျရင် အဖေအမေတို့ကို သိပ်ချစ်ခဲ့ရပါတယ်။
သိပ်ကောင်းတဲ့ အသိပညာပေးပို့စ်လေးပါ
လေးစားလျက်
http://winzaw-mdy.blogspot.com

တကယ်တော့ ဒီပိုစ့်လေးကို ရေးတဲ့အချိန်တုံးက စာမေးပွဲမှာ အမှတ်နည်းလို့ ကလေးကို ရိုက်ခဲ့တယ်…။ နောက်ထပ် တခြားဘာသာတွေမှာ အမှတ်တွေသိရရင်လဲ ရိုက်ကို ရိုက်အုံးမှာ လို့  ဆိုလာတဲ့ သူတစ်ယောက်ကို စိတ်အချဉ်ပေါက်ပြီး ရုတ်တရက်ဖြစ်လာတဲ့ အတွေးနဲ့ ရေးခဲ့တာပါ။ အမှန်အတိုင်းပြောရရင် ဒေါသလဲ နဲနဲပါ ပါတယ်။

ရေးချင်ရာကို စိတ်မြန်လက်မြန်နဲ့  ရေးချခဲ့ပြီးမှ ကိုဝင်းဇော် ထောက်ပြပေးလို့  အတွေးတွေ နဲနဲ ယောက်ယက်ခတ် သွားပါတယ်။ ဟုတ်ပါတယ်… ကျေးဇူး အများကြီးတင်ပါတယ် ကိုဝင်းဇော်ရေ့ … မကျေနပ်တဲ့စိတ်တစ်ခုကို ရှေ့ တန်းတင်ပြီး အလောသုံးဆယ် ရေးမိတာမို့ မိဘတွေရဲ့ ရင်ထဲက စေတနာနဲ့  မေတ္တာတရားကို ထည့်သွင်း စဉ်းစားဖေါ်ပြပေးဖို့  ကျန်နေခဲ့ပါတယ်။ မိဘတွေတိုင်းဟာ ကိုယ့်ရဲ့  သားသမီးတွေအပေါ် ချစ်မြတ်နိုးတဲ့စိတ်၊ တော်စေချင်၊ ထူးချွန်စေချင်၊ လိမ္မာစေချင်တဲ့ ဆန္ဒတစ်ခုတွေနဲ့  တစ်ခါတစ်ရံမှာ ရိုက်နှက်ဆုံးမ မိတာလို့  ကျွန်မ လုံးဝ သံသယမရှိပဲ အပြည့်အဝ လက်ခံယုံကြည်ပါတယ်။

အခုလို ကျွန်မရဲ့ပိုစ့်လေးကို စိတ်ဝင်တစား ဖတ်ပြီး လိုအပ်ချက်ကလေးကို ထောက်ပြပြောဆိုသွားတဲ့အတွက် ကျေးဇူး အများကြီးတင်ပါတယ်…။ နောင်ကိုလဲ အခုလိုဘဲ ထောက်ပြ ဝေဖန်ပေးစေချင်ပါတယ်…။



Tuesday, November 4, 2008

ကလေးများကို ရိုက်နှက်၍ ဆုံးမခြင်း

ကျွန်မတို့  မြန်မာမိဘ အများစုသည် မိမိတို့ ၏ကလေးများကို ရိုက်၍ ဆုံးမလေ့ရှိကြသည်။ အချို့ သော ကျောင်းဆရာ ဆရာမ များသည်လည်း ကျောင်းသားများကို ရိုက်ခြင်းဖြင့် အပြစ်ဒါဏ် ပေးလေ့ရှိကြသည်။ ထိုသို့ဆုံးမတတ်ကြပုံကို ဟိုးရှေးရှေးခေတ်က ပုံဝတ္ထုများ၊ သမိုင်းကြောင်းများတွင် အထင်အရှားတွေ့ နိုင်ပါသည်။ ဘာကြောင့် ထိုသို့  ရိုက်နှက် ဆုံးမရသည်ကို သူတို့ ကို မေးကြည့်ပါက တစ်ယောက်နှင့် တစ်ယောက် မတူညီကြသော အကြောင်းပြချက် ပေါင်းစုံကို ကြားသိရမည်ဖြစ်သည်။

မိဘများသည် မိမိတို့ ၏ သား သမီး ကလေးများကို စာမကျက်၍ ရိုက်သည်။ စာဆိုခိုင်းလျှင် မရသဖြင့် ရိုက်သည်။ သင်္ချာပုစ္ဆာများ အဖြေမှားသဖြင့် ရိုက်သည်။ စာကျက်ရမည့် အချိန်တွင် စာမကျက်ဘဲ တီဗွီထိုင်ကြည့်နေသောကြောင့် ရိုက်သည်။ အချိန်မဟုတ်ပဲ Computer Game ဆော့နေ၍ ရိုက်သည်။ ကျောင်းမှ လစဉ် စာမေးပွဲ မှတ်တမ်းတွင် အမှတ်နည်း၍ ရိုက်သည်။ ပြောစကား နားမထောင်၍ ရိုက်သည်။ အမှားအယွင်း တစ်ခုခု ပြုမိသောကြောင့် ရိုက်သည်။ တစ်ခါတစ်ရံတွင် ကလေးလက်ထဲတွင် ကိုင်ထားသော ဖန်ခွက် (သို့ ) ပန်းကန်လုံး မတော်တဆ လွတ်ကျ၍ ကွဲသွားသည်ကိုပင် အပြစ်ယူကာ ရိုက်တတ်ကြသည်ကို တွေ့ ခဲ့ဖူးပါသည်။

ထိုသို့ ဆိုလျှင် ကလေးများကို ရိုက်ရခြင်း၏ အဓိက အကြောင်းအရင်းခံမှာ အခြေအနေ တစ်ခုခုတွင် မိမိတို့ ဖြစ်စေချင်သလို အနေအထားမျိုး ဖြစ်မလာသောအခါ၊ မိမိတို့ ၏ လျာထားချက် (သို့ ) သတ်မှတ်ချက် တစ်ခုခု၊ မိမိတို့ မျှော်မှန်းထားသော စံချိန် စံညွှန်း တစ်ခုခုနှင့် မကိုက်ညီကြသောအခါတွင် ရိုက်လေ့ရှိကြသည် ဟု ယေဘုယျအားဖြင့် ကောက်ချက်ချချင်ပါသည်။ သဘောတူကြပါသလား…။

ထိုအခါ မိဘတစ်ဦးအနေဖြင့် ပြန်လည်ချေပ ဆင်ခြေပေးနိုင်သည်မှာ မိမိတို့ သည် မိမိတို့ ၏ ရင်မှဖြစ်သော သား သမီးတို့ ကို တော်စေ တတ်စေ လိမ္မာစေ ကောင်းစေချင်သော ဆန္ဒ၊ အမှားကင်းစေလိုသော ဆန္ဒတို့ ဖြင့် ဆိုဆုံးမကြရင်း တစ်ခါတစ်ရံ စိတ်အခန့် မသင့်သော အခါတွင် ကိုယ်ထိလက်ရောက် ရိုက်နှက်ဆုံးမ မိပါသည်ဟု…။ ထိုသူတို့ သည် မိမိတို့ ၏ အတ္တတရားကို ဒေါသစိတ်များနှင့် ဖုံးလွှမ်းရန် ကြိုးစားကြသူများဟု စွတ်စွဲကြည့်ချင်ပါသည်။

တကယ်ကတော့ မိဘဆိုသည်မှာ တချိန်တုန်းကတော့ ကလေးများပင်…။ ထိုအခါ မိဘများအနေဖြင့် အနည်းငယ် စဉ်းစားကြည့်သင့်သည်မှာ မိမိတို့ ငယ်စဉ် ကလေးအရွယ်၌ရော ထိုအမှားမျိုးကို မကြုံခဲ့ကြဘူးသလော…။ မွေးစအရွယ်မှ စတင်ကာ အရာရာကို အမှန်တွေချည်းသာ သိမြင် နားလည် ပြုမူ နေထိုင် ကျင့်ကြံခဲ့ကြသူများ ဖြစ်ကြကုန်သလောဟူ၍ပင်...။

အမှား ဆိုသည်မှာ လူတိုင်းနှင့် မကင်းသော အရာတစ်ခုဖြစ်ပါသည်။ ငယ်ရွယ်သော ကလေးများတွင်သာမက လူကြီးများတွင်လည်း အမှား ဆိုသည်မှာ အနည်းနှင့် အများ ရှိနိုင်ကြသော အရာတစ်ခုပင်။ ယုတ်စွအဆုံး ထိုကလေးများကို ရိုက်၍ဆုံးမနေသော မိဘကိုယ်တိုင်ကပင် အမှားများ ကင်းစင်ပါရဲ့ လော…။ စဉ်းစားစရာ…။

အလားတူပင် အမှားပြင်ဆင်ချက် ဆိုသည်မှာလည်း လူတိုင်းတွင်ရှိတတ်ကြသော လူတိုင်းနှင့် မကင်းနိုင်သော အရာတစ်ခု ဖြစ်ပါသည်။ မိမိ၏ လုပ်ရပ်တစ်ခုကို အမှားဟု သိမြင်လာသောအခါ အမှန်ကို ရှာဖွေ၍ ကိုယ့်ကိုယ်ကိုယ် အချိန်မှီ ပြုပြင်နိုင်သောသူသည် လူတော်တစ်ယောက်ဖြစ်သည်။ သို့ သော် ထိုကဲ့သို့ ပြုပြင်နိုင်သော အသိဥာဏ်ပညာတို့ သည် အရွယ်ရောက်နေသော လူများတွင် မုချဖြစ်နိုင်သော်လည်း နုနယ် ငယ်ရွယ်လှသေးသော ကလေးအရွယ်တွင်မူ အနည်းငယ် အခက်အခဲ ဖြစ်ကောင်း ဖြစ်နေနိုင်ပါလိမ့်မည်။ ထိုအခါတွင် အမှားအယွင်းများ ပြုလုပ်မိသော ကလေးများကို လူကြီး မိဘများ အနေဖြင့် ကြိုးစားနားလည်ပေး ခွင့်လွှတ်ပေးကာ လမ်းကြောင်းအမှန်ကို ရောက်ရန် နာကျင်အောင် ရိုက်နှက်၍ ဆုံးမမည့်အစား ချိုသာသော နည်းဖြင့် ဆုံးမ တည့်မတ်ပေးသင့်သည်ဟု ထင်မြင်မိပါသည်။

မိဘ ကလေးများကို ရိုက်နှက် အပြစ်ပေးကြမည့်အစား ဥပမာ.. စာကျက်ချိန်တွင် စာမကျက်လိုသော ကလေးများကို

“သား ဒီစာတစ်ပုဒ်ကို ရအောင်ကျက်ရင် Computer Game တစ်နာရီ ကစားခွင့် ပေးမယ်…”

“သမီး ခုနကတွက်တဲ့ သင်္ချာအပုဒ် ၂၀ ထဲမှာ ၅ ပုဒ်မှားနေလို့  နောက်ထပ် အပုဒ် ၂၀ ထပ်တွက်ရမယ်”

“ ဒီလ Chapter End Test မှာ အင်္ဂလိပ်စာ အမှတ်နဲလို့  ဒီလအတွက် ကစားစရာ မ၀ယ်ပေးနိုင်ဘူး…”

စသည်ဖြင့် ချော့တခါ ခြောက်တလှည့် ဖြင့်လည်းကောင်း၊ ဆုပေး ဒါဏ်ပေး စနစ်ကို ကျင့်သုံး၍လည်းကောင်း ထိန်းကျောင်းပြုပြင်သင့်ပါသည်။ ဆရာ ဆရာမများသည်လည်း အတန်းထဲတွင် အပြစ်ရှိသော ကလေးများကို ခုံပေါ်တက် မတ်တပ်ရပ်ခြင်း (သို့ ) အတန်းရှေ့ ထွက်၍ မတ်တပ်ရပ်စေခြင်း (သို့ ) ထိုင်ထ လုပ်ခိုင်းခြင်း စသည်ဖြင့် အပြစ်ပေးကြစေချင်ပါသည်။

အဓိက အချက်မှာ အနာဂတ်၏ အညွန့် အဖူးကလေးများ ဖြစ်သော စိတ်ဓါတ်အားဖြင့် နုနယ်လှသော ကလေးငယ်များကို မိမိဆန္ဒနှင့် မတိုက်ဆိုင်တိုင်း၊ မိမိမျှော်လင့်ချက် မပြည့်ဝတိုင်း၊ မိမိ၏ အတ္တစိတ်၊ မိမိ၏ ဒေါသစိတ်တို့ ကို ရှေ့ တန်းမတင်ကြပဲ စိတ်ရှည်လက်ရှည် နူးညံ့ပျော့ပျောင်းစွာ ကိုင်တွယ် ဆုံးမ ကြစေရန် တိုက်တွန်းလိုပါသည်။


* * * * * * * * * * * * * * * *

ဝန်ခံချက် ။ ။ ကလေးကိုရိုက်နှက် ဆုံးမမှ ကလေးလဲ လိမ္မာ ကိုယ်တိုင်ကလဲ မိဘ ၀တ္တရား ကျေပွန်သည် ဟု ထင်မြင်ယူဆထားသော လူတစ်ချို့နှင့် စကားပြောအပြီးမှာ ပေါ်ပေါက်လာသော အတွေးစု ဖြစ်ပါကြောင်း…။





Monday, November 3, 2008

သတင်းစကား

စိတ်မအား လူမအားနဲ့ ဒီရက်တွေမှာ ကိုယ့် ဘလော့ဂ်လေးနဲ့  ဝေးနေခဲ့တာ ရက်တွေ တော်တော်တောင် ကြာလှပေါ့လို့  တွေးနေမိတုန်း ချစ်ရတဲ့ မမခင်ဦးမေက C Box လေးမှာ လာအော်သွားတယ်။ သက်ဝေ စာမရေးတာ ၁၆ ရက်ရှိပြီဆိုဘဲ…။ ချစ်သူငယ်ချင်း တန်ခူးကလဲ လွမ်းလို့  လာငေးသွားပါတယ်တဲ့…။ မြတ်နိုးလေးကတော့ Get Up လို့  အကျယ်ကြီး လာအော်သွားသေးတာ…။ မသီတာကတော့ လာချောင်းလိုက် ပြန်သွားလိုက် တဲ့…။ ချိုသင်းကတော့ သူ့ ဆီကို အလည်မရောက်တာ ကြာသွားလို့ ထင်ပါ့... သက်ဝေ သူ့ ကို မခင်တော့ဘူးလား ထင်ပြီး စိတ်မကောင်းဖြစ်နေတာတဲ့...။ တခြားသူငယ်ချင်းတွေကလဲ ကြိုကြား ကြိုကြား လာလာလည်ကြပါတယ်…။ ဒါပေမယ့် ဘာအသစ်မှ မရှိတော့လဲ… အင်း… အားနာစရာတော့ တော်တော်ကောင်းတာပါ။

တကယ်တော့ လူနဲ့  ဘလော့ဂ်နဲ့  ဝေးနေတယ်ဆိုတာထက် ဘလော့ဂ်မှာတင်စရာ စာအသစ် မရေးနိုင်တာက ပိုများနေတာပါ။ သူငယ်ချင်းတွေရဲ့  ဘလော့ဂ်တွေကိုတော့ အချိန်ရရင်ရသလို စာဝင်ဝင်ဖတ်ဖြစ်ပါတယ်။ စာဖတ်ရင်း အချိန်လေး နဲနဲပိုရရင် Comment လေးတွေရေး.. အချိန်မရရင်တော့ ဒီအတိုင်းလေး လှည့်ပြန်…။ ဒီလိုနဲ့ ဘဲ ရက်တွေ တော်တော်လေး ကြာသွားပါလား လို့  ကိုယ့်ကိုယ်ကိုယ် သတိထားလိုက်မိတော့… အဲ.. ဘာမှ အသစ် တင်စရာမရှိရင်တောင် အနဲဆုံးတော့ လာလည်ကြတဲ့ သူငယ်ချင်းတွေအတွက် နှုတ်ဆက် သတင်းစကားလေးဖြစ်ဖြစ် ရေးနိုင်ရင် မဆိုးဘူးလေ ဆိုပြီး ဒီပိုစ့်လေးကို ရေးလိုက်တာပါ…။

ဒီရက်တွေမှာ ရုံးအလုပ် တစ်ဖက်၊ အိမ်အလုပ်တစ်ဖက်နဲ့  တော်တော်ကို အလုပ်များနေတာ အမှန်ပါ။ နှစ်ဖက်မိသားစုရဲ့  မောင်နှမတွေထဲမှာ ကိုယ်တို့နှစ်ယောက်က အကြီးဆုံးတွေ ဖြစ်နေကြတာမို့  ကိုယ့်မိဘတွေရဲ့  ဝေယျာဝစ္စတွေ အပြင် ကိုယ့်ထက် အငယ် မောင်တွေ ညီမတွေရဲ ကိစ္စအဝဝကိုလဲ တတ်အားသ၍ ကူညီ လုပ်ကိုင်ကြရသေးတယ်လေ…။ ဒီ ၂၀၀၈ ထဲမှာ ဘယ်က ဘယ်လို ဓါတ်ကျတယ်မသိ… နှစ်ဖက်စလုံးက မောင်တွေ ညီမတွေက မိသားစုလိုက် တစ်ခေါက်ခြင်းစီ အလှည့်ကျ လာလည် နေကြတယ်လေ…။ ဒီတော့ ကိုယ်တွေက အကြီးတွေပီပီ သူတို့ လေးတွေရဲ့  နေရေးထိုင်ရေး၊ စားရေးသောက်ရေး တွေအပြင် စင်္ကာပူ ရွှေမြို့ တော်ကြီးရဲ့  အထင်ကရ နေရာတွေ၊ ရောက်သင့် ရောက်ထိုက်တဲ့ နေရာတွေကိုလဲ ရုံးက ခွင့်တွေယူပြီး Tourist Guide တစ်ယောက်လို မမောနိုင် မပန်းနိုင် လိုက်လံပို့ ဆောင် ရပြန်ပါတယ်။

Singapore Zoo, Jurong Bird Park, Night Safari နဲ့  Esplanade တို့ ၊ East Coast နဲ့ Singapore River တို့ ၊ Sentosa ထဲက Merlion နဲ့  Underwater World, Dolphin Lagoon တို့  ဆိုရင် မရောက်ချင်မှ အဆုံး၊ Sentosa ရဲ့  ညဖက်တွေမှာ ပြလေ့ရှိတဲ့ Songs of the Sea ဆိုရင် ရေပန်းတွေကြားထဲက ပေါ်လာမယ့် အရုပ်တွေနဲ့ သူတို့တွေ ရွတ်ဆို ကပြသမျှ ကိုယ်က အလွတ်တွေကို ရလို့ ။ Singapore Zoo ထဲက ကောင်ကောင်လေးတွေ အခုလောက်ဆို ကိုယ့်ကို မှတ်တောင် မှတ်မိနေလောက်ပြီ ထင်ရဲ့ ၊ သူတို့ လေးတွေ စကားသာ ပြောတတ်လို့ ကတော့ ကိုယ့်ကိုတွေ့ တာနဲ့  ဟော… ဟိုအစ်မကြီး လာပြန်ပဟေ့ လို့ များ သူတို့ အချင်းချင်း ပြောနေကြမလား မသိဘူး လို့ တောင် ပေါက်ပေါက်ရှာရှာ တွေးနေမိသေး…။

Takashimaya တို့  Robinson တို့  OG တို Paragon တို့ စတဲ့ Shopping Center တွေကိုလဲ ချောင်းပေါက်မတတ် အခေါက်ခေါက်၊ ဆိုင်တွေက တချို့  အရောင်း စာရေးမလေးတွေနဲ့ ဆို အသိ မိတ်ဆွေတွေတောင် ဖြစ်လုလု၊ ဘာပစ္စည်း ၀ယ်လို့  ဘယ်လောက်ဖိုး ပြည့်ရင် ဘယ်လို လက်ဆောင်၊ ဘယ်လို Promotion တွေရှိတယ် ဆိုတာမျိုးကအစ သူတို့ လေးတွေက ပြုံးပြုံးရွှင်ရွှင်နဲ့ သတင်းတွေလဲ ပေးတတ်ကြသေးတယ်။ တစ်ရှည်တစ်လျား Orchard လမ်းမကြီးပေါ်ဆိုလဲ နေ့ နေ့  ညည လူတွေ တစ်သီကြီးနဲ့ ခဏ ခဏ သွားလိုက်ရတာ ဆိုတာ ဘုရားပွဲများ လှည့်နေသည့်အတိုင်း၊ ဒီကိုရောက်ရင် မဖြစ်မနေ စားကို စားရမှဖြစ်မယ် ဆိုတဲ့ ဒါးလှီး ရေခဲမုန့် ကို ဝေဖါချပ် (သို့ ) ပေါင်မုန့် ထဲမှာ ညှပ်ထားတဲ့ဟာ ကိုလဲ ရှာရှာဖွေဖွေ ၀ယ်ကျွေးရသေး (ကြံကြံဖန်ဖန်... သူတို့ ဘဲ သိ သိနိုင်လွန်း...)၊ Mc Donald, KFC နဲ့  Burger King တို့ တွေဆိုလဲ အနံ့တောင် မခံချင်တော့တဲ့ အထိ၊ ကိုယ်တိုင်က ငရဲကြီးမှာ ကြောက်လို့  ဘယ်တော့မှ မှာ မစားရဲတဲ့ (မှန်ပုံးထဲက အရှင်တွေကို လက်ညှိုးထိုးပြီး အလေးချိန် ကီလို နဲ့ ချက်ချင်း ၀ယ်ချက်ခိုင်းရတဲ့) နာမယ်ကြီး Chilli Crab လေးများလဲ စားချင်ကြသေးသတဲ့ (လုပ်ချလိုက်ကြပုံ များကတော့...)၊ အချိန်တိုင်းမှာ လားလားတွေ များလွန်းလို့  ကိုယ်တိုင်တောင် မသွားဖြစ်တဲ့ Mustafa ဆိုရင်လဲ နာမည်ကြီးဆိုင်မို့  သူတို့ တတွေက ရောက်ကို ရောက်ရမှ ဖြစ်မတဲ့...။ အချိန်မရွေး သွားလို့ ရသတဲ့... ၂၄ နာရီလုံးလုံး ဖွင့်သတဲ့... ကြည့်အုံး... သူတို့ က ကိုယ့်ထက်တောင် ဗဟုသုတ စုံလင်နေသေးတော့...။ ကဲ.. ဒီလိုဆိုတော့လဲ ဘာညာ မပြောနဲ့  လိုက်ပို့ ပေအုံးတော့ပေါ့...။ ဒါတင်မက ကလေးငယ်တို့ ပျော်စံရာ လူကြီးများတို့  စိတ်ညစ်ရာ Toys R Us လိုနေရာမျိုးမှာလဲ အုံးအုံးကြွက်ကြွက် ကလေးတစ်သိုက်နဲ့ အတူ ကြည့်ချင်ချင် မချင်ချင် မြင်သမျှ တွေ့ သမျှတွေ ကြည့်ရင်းနဲ့ အချိန်တွေကုန်…။ ဒီလိုနဲ့ ... ဒီလိုနဲ့ ... တစ်ခေါက်နဲ့ တစ်ခေါက် ပါလာတဲ့သူတွေသာ တစ်စုပြီး တစ်စု ပြောင်းသွားမယ်... သက်ဝေ တယောက်ကတော့ ပင်တိုင်ပေါ့...။

ဒီကြားထဲ မိဘတွေရဲ့  မိတ်ဆွေတွေ ဒီကို အလည်အပတ်လာကြရင်လဲ လေဆိပ်မှာ ကြိုသင့်တဲ့သူတွေဆို လေဆိပ်ကို သွားကြို ပြန်ပို့ …။ အိမ်အလည်ခေါ် ထမင်း ဖိတ်ကျွေးသင့်တဲ့ သူတွေဆို ထမင်းဖိတ်ကျွေး…။ အပြင်လိုက်ပို့ ရင်း တခုခုကျွေးသင့်တဲ့ သူတွေဆိုလဲ အချိန်လုပြီး လိုအပ်သလို ဆောင်ရွက်…။ ဒီမှာ ကြာကြာနေတဲ့ လူကြီးတွေဆီကိုကျပြန်တော့ အနည်းဆုံး နှစ်ပါတ်ကို တစ်ခေါက်လောက် ရောက်အောင်သွား… လူကြီးတွေ ကြိုက်နှစ်သက်နိုင်မယ့် မြန်မာ အစား အသောက်လေးတွေ ချက်ပြုတ်ယူသွား… အမျိုးသားကတော့ လူကြီးတွေကို Pressure လေး ဘာလေး တိုင်းပေး… နားကြပ်လေးနဲ့  ဟိုထောက် ဒီထောက်နဲ့  ကျန်းမာရေး စောင့်ရှောက်မှု ပေါ့လေ…။ အဲဒီလို လေးတွေလဲ လုပ်ပေးကြရပြန်ပါတယ်။

သူငယ်ချင်း မိတ်ဆွေပေါများတဲ့ အတွက် အနယ်နယ် အရပ်ရပ်က သူငယ်ချင်းတွေကလဲ စင်္ကာပူကို လာလည်တိုင်း ဖုန်းတွေ တတီတီ ဆက်တတ်ကြပါတယ်။ သူငယ်ချင်းတွေ မိတ်ဟောင်းဆွေဟောင်းတွေနဲ့  တွေ့ရတာ ပျော်စရာတော့ ကောင်းပါတယ်။ ဒါပေမယ့် တစ်ခါတစ်ခါ စဉ်းစားမိတယ်… ကိုယ်ကဘဲ သူငယ်ချင်း များတာလား… ရန်ကုန်က သူငယ်ချင်းတွေကဘဲ တစ်ယောက်ပြီး တစ်ယောက် လာနေကြတာလား လို့ … ပြီးတော့ ရန်ကုန်မှာရော အင်ဂျင်နီယာတွေ အာခီတက်က်တွေ ကျန်ကော ကျန်ကြသေးရဲ့  လားလို့ …။ တကယ်ကိုပါဘဲ… အခုတလောမှာ အပါတ်တိုင်း သူငယ်ချင်းတွေ လာ လာနေကြတယ်။ ရောက်ဖူးအောင် အလည်သက်သက် လာတဲ့သူတွေရှိသလို အလုပ်အကိုင်လေးများ အဆင်ပြေမလားလို့ လာပြီး စနည်းနာကြတဲ့သူတွေလဲ တစ်ပုံတစ်ပင်…။ အင်း... လာကြတဲ့သူတွေကတော့ တစ်ယောက် တစ်ခေါက်စီပါဘဲ… ဒါပေမယ့် ဒီကသူတွေ မှာတော့….။

ဒီကြားထဲ စနေ တနင်္ဂနွေ တွေဆိုရင်လဲ ဒီမှာရှိတဲ့ သူငယ်ချင်းတွေထဲက သူငယ်ချင်းမွေးနေ့ ၊ ကလေးမွေးနေ့၊ ကလေး ကင်မွန်းတပ်၊ အိမ်တက် မင်္ဂလာ၊ ဘုန်းကြီးဆွမ်းကျွေး၊ မင်္ဂလာဆောင်၊ မင်္ဂလာဆွမ်းကျွေး နဲ့ သူငယ်ချင်းတွေ စုပြီး လုပ်ကြတဲ့ Gathering တွေကလဲ တစ်ပါတ်ပြီး တစ်ပါတ် ဆက်နေတော့ကာ… တွေးသာတွေးကြည့်ကြပါတော့…။

တကယ်တော့ ဒီလိုအခြေအနေမျိုးတွေကို သူငယ်ချင်းတို့ တွေလဲ အတူတူဘဲ မလွဲမသွေ ကြုံတွေ့  နေကြရပါလိမ့်မယ် ထင်ပါတယ်။ ဒါပေမယ့်လဲ သူငယ်ချင်းတို့ ရဲ့  ဘလော့ဂ်လေးတွေမှာ ပိုစ့်အသစ်လေးတွေ ကိုယ်စီနဲ့  ဝေဝေဆာဆာ စည်ကားနေကြတာတွေကို တွေ့ တွေ့ နေရတော့ သူငယ်ချင်းတွေကို အားကျတဲ့ စိတ်ကလေး နဲ့ အတူ ကိုယ့်ကိုယ်ကိုယ်လဲ တော်တော်လေးကို အားမလို အားမရ ဖြစ်မိပါတယ်။ အင်း… သက်ဝေတစ်ယောက် အချိန်ကို စီမံခန့် ခွဲမှု အတတ်ပညာမှာ တော်တော်ကြီးကို ညံ့ဖျင်းနေပါပေါ့လား လို့ လဲ တွေးနေမိပါရဲ့ …။

ဘာဘဲဖြစ်ဖြစ်… ဒီဘလော့ဂ် အသိုင်းအ၀န်းလေးမှာ ရေစက်ဆုံလာကြတဲ့ သူငယ်ချင်းတွေ၊ အချင်းချင်း မမြင်ဖူး မတွေ့ ဖူး ကြသော်ငြားလည်း တစ်ဦးကို တစ်ဦး အပြန်အလှန် ထားရှိကြတဲ့ နွေးထွေးတဲ့ မေတ္တာတွေရယ် ချစ်ခင်မှုလေးတွေရယ်ကို လေးစား တန်ဖိုးထားတဲ့ အနေနဲ့  အတတ်နိုင်ဆုံးတော့ ကြိုးစားပမ်းစား ပိုစ့်လေးတွေတင်ပြီး ကိုယ့်ဘလော့ဂ်လေးကို ဆက်လက် ရှင်သန်နိုင်အောင် အားထုတ်ရင်း…
သူငယ်ချင်းလေးတွေဆီကိုလဲ တတ်နိုင်သလောက် သွားရောက် လည်ပတ်ရင်း…

C Box လေးတွေမှာ နှုတ်ဆက် စကားဆိုရင်း… စာတွေဖတ်၊ စာမူခလေးတွေ ပေးရင်း…
ဘလော့ဂ်ဝန်းကျင်ရဲ့  ချစ်စရာ အလေ့အထလေးတွေဖြစ်တဲ့ ဘလော့ဂ်ပေါ်မှာ မတွေ့တာကြာတဲ့သူတွေ စာအသစ်မရေးတာကြာနေတဲ့ သူငယ်ချင်း ရောင်းရင်းတွေကို C Box မှာ သွားအော်ကြ သွားခေါ်ကြ...နှုတ်ဆက်ကြ... တစ်ယောက် တစ်ယောက် နေထိုင်မကောင်း ဖြစ်နေတယ်ဆိုရင် အပြန်အလှန် သတင်းမေးကြ... တတ်စွမ်းသ၍ မေတ္တာဆေးလေးတွေနဲ့ ကုသပေးကြရင်း...
မိသားစုတွေရဲ့  အလုပ်၊ အိမ်အလုပ်၊ ရုံးအလုပ်၊ လူမှုရေး အလုပ်လေးတွေအပြင် ဘလော့ဂ် အလုပ်လေးကိုပါ မျှမျှတတ ပျော်ပျော်ပါးပါး ပေါ့ပေါ့ပါးပါး လုပ်ကိုင်နိုင်အောင် ကြိုးစားကြည့်ပါအုံးမည်ဟု…။

Wednesday, October 15, 2008

သီတင်းကျွတ်

ငယ်ငယ်က
တပျော်တပါး ရွတ်ဆိုခဲ့ဖူးတယ်…
သီတင်းကျွတ်ပြီ…
မီးပုံးပျံ လွှတ်ရအောင် တဲ့…

ငယ်ဘ၀…
ပျော်ခဲ့ရတဲ့ သီတင်းကျွတ်…
မြတ်ဘုရားထံ ရည်ရော်မှန်း ဆီမီးနဲ့  ကန်တော့ပန်းဆင်ခဲ့ရတဲ့ သီတင်းကျွတ်…
မိဘ ဖိုးဖွား ဆရာသမား အလေးနက်ထား ပူဇော်ကြတဲ့ သီတင်းကျွတ်…
ကုသိုလ်တွေရ မုန့် တွေဝ ကြည်ရွှင်ပျတဲ့ သီတင်းကျွတ်…
လမင်းရောင်သာ ထိန်ထိန်ဖြာ ကြည်လင်လှတဲ့ သီတင်းကျွတ်…
ဆီမီးရောင်ရှိန် ထိန်ထိန်ဝါ သာယာလှတဲ့ သီတင်းကျွတ်…
မီးပန်းတွေ တလက်လက် ဗျောက်အိုးသံ တညံညံ စည်ကားလှတဲ့ သီတင်းကျွတ်…
ပွဲတွေလမ်းတွေ ချိမ့်ချိမ့်သဲ နွှဲခဲ့ရတဲ့ သီတင်းကျွတ်…
စည်ဗျောသံ ညံမစဲ လူတိုင်းပျော်တဲ့ သီတင်းကျွတ်…
တစ်နှစ်တစ်ခါ ရင်ထဲမှာ မျှော်ကာ မှန်းဆ တမ်းတရတဲ့ သီတင်းကျွတ်…

အခုတော့…
တကယ်ကဆို ငယ်ဘ၀လို ပျော်စရာ မရှိတဲ့ သီတင်းကျွတ်…
ဖိုးဖိုး ဖွားဖွား တွေ ဖေဖေ မေမေတွေကို
စိတ်ထဲကသာ မှန်းကန်တော့ရတဲ့ သီတင်းကျွတ်...
လေထဲကသာ လှမ်းကန်တော့ရတဲ့ သီတင်းကျွတ်...
မီးပုံး မဆင် ရတဲ့ သီတင်းကျွတ်...
မီးပန်း မမြင်ရတဲ့ သီတင်းကျွတ်...
မီးပုံး မတွန်းရတဲ့ သီတင်းကျွတ်…
မီးလုံး မထွန်းရတဲ့ သီတင်းကျွတ်…
ဗျောက်အိုးသံ တိတ်တဲ့ သီတင်းကျွတ်…
စည်ဗျောသံ ပိတ်တဲ့ သီတင်းကျွတ်…
ပျောက်မေ့ချင်အောင် ခြောက်သွေ့ တဲ့ သီတင်းကျွတ်...
လူသူမသိအောင် တိတ်ဆိတ်တဲ့ သီတင်းကျွတ်…

အင်း… ဒီလိုနဲ့ ဘဲ
သီတင်း တချီ ကျွတ်ခဲ့ပြန်လေပြီ…။

(သီတင်းကျွတ် လပြည့်နေ့  ၁၄-၁၀-၀၈ အမှတ်တရ)

Saturday, October 11, 2008

အချစ်ဆိုသည်မှာ

အချစ်ဆိုသည်မှာ ဆိုတဲ့ ခေါင်းစဉ်နဲ့  ကို အောင်သာငယ် ရဲ့ Tag ကို ရေးဖို့ စဉ်းစားနေရတာ တော်တော်အချိန်တွေ ကြာသွားတယ်…။ စဉ်းစားနေရတယ်ဆိုလို့  အချစ်မရှိသူ၊ မချစ်တတ်သူ တစ်ယောက်လားဆိုတော့လဲ… မဟုတ်ပြန်ပါ..။ အဲဒီလို ရှည်ရှည်ဝေးဝေးတွေ စဉ်းစားရင်း စဉ်းစားရင်း နောက်ဆုံးကျတော့ အချစ်ဆိုတာ ဘာလဲ ဆိုတာကို ကိုယ်တိုင် နားလည်ထားသလို ကိုယ်တိုင် ခံယူထားသလို ရိုးရိုး ရှင်းရှင်းဘဲ ရေးဖို့ စဉ်းစားလိုက်ပါတယ်..။ ဖတ်ကြည့်ကြပါနော်…။

အချစ်ဆိုသည်မှာ…
လောကကြီးမှာရှိကြတဲ့ လူသားတိုင်း မကင်းကြတဲ့ အရာတစ်ခု…
အဲဒီ အချစ်ကြောင့် လူတွေ ရဲ့  စိတ်တွေ နူးညံ့ပျော့ပြောင်းကြရသလို အဲဒီ အချစ်ကြောင့်ဘဲ လူတွေရဲ့  စိတ်တွေ ခက်ထန်ကြမ်းတမ်းကြရတယ်…။ တစ်ယောက်နဲ့ တစ်ယောက် ချစ်လာကြတဲ့အခါမှာ အချစ်ကြောင့် ကြည်နူးကြရသလို တစ်ခါတစ်ရံမှာ အချစ်ကြောင့် ပူလောင်လှတဲ့ သောကတွေကိုလဲ ခံစားတတ်ကြရတယ်။ တစ်ယောက်နဲ့ တစ်ယောက် ချစ်ပြီးတဲ့အခါမှာ ရယူပိုင်ဆိုင်လိုကြတဲ့အတွက် လောဘစိတ်တွေနဲ့  ပိုပိုပြီး လောင်မြိုက်လာတတ်ကြတယ်။ ဒီနေရာမှာ သိပ်မချစ်တတ်တဲ့ သူတွေနဲ့ စာရင် ချစ်တတ်တဲ့သူတွေက ပိုပြီး ခံစားရတတ်တယ်။ ချစ်တတ်တာနဲ့ အမျှ စိတ်တွေ ပိုပို ပင်ပန်းဆင်းရဲ ရတာပါဘဲ…။

နောက်ပြီး အားလုံးသိကြတဲ့အတိုင်း အချစ်မှာ ၅၂၈ ချစ်မေတ္တာနဲ့  ၁၅၀၀ ချစ်မေတ္တာ ဆိုပြီး အကြမ်းဖျဉ်း ခွဲခြားထားကြတယ်..။ ၅၂၈ နဲ့  ချစ်ကြရရင် တစ်ယောက်နဲ့  တစ်ယောက် ရယူပိုင်ဆိုင်လိုတဲ့ စိတ်မရှိတာကြောင့် အေးချမ်းတယ်လို့  ဆိုကြပြီး ၁၅၀၀ အချစ်ကတော့ ရယူ ပိုင်ဆိုင်လိုစိတ်တွေကြောင့် အဆပေါင်း များစွာ ပိုမို ပူလောင်တယ်လို့  ဆိုကြတယ်…။

ကိုယ့်သဘောအရ ပြောရရင်တော့ အချစ်ဆိုရင် ဘယ်နည်းနဲ့ ချစ်ချစ် ချစ်မိပြီ ဆိုတာနဲ့ ပူလောင်ရတာဘဲလို့  ထင်ပါတယ်…။ ၅၂၈ လဲ သူ့ နည်းသူ့ ဟန်နဲ့ တော့ ပူလောင်ရတာပါဘဲ… ဒီတော့ အချစ်ဆိုတာ နဲနဲ ချစ်ချစ် များများ ချစ်ချစ် အပူမီးတွေပါ…။ သိရက်နဲ့ မဖြတ်နိုင်တာက ကိုယ်တိုင်က အတ္တတွေ အပြည့်နဲ့  လောကီလူသား တစ်ဦးဖြစ်နေတာကိုး…။ အချစ်နဲ့  ကင်းမှ မကင်းနိုင်တာ…။ ကိုယ်ဆို မကင်းလိုက်သမှ အဲဒီ ၁၅၀၀ အချစ်ကို ပူလောင်မယ်လို့  သိသိကြီးနဲ့  စောစောစီးစီးကို ကိုယ့်ဘဝထဲ ဆွဲခေါ်ခဲ့မိတာ…။

ဒါပေမယ့် ချစ်သူသက်တမ်း တော်တော်ကြာကြာ အိမ်ထောင်သက်တမ်းလဲ တော်တော်လေး ရလာတဲ့ အခုလက်ရှိအချိန်မှာတော့ အရာရာဟာ အတန်အသင့် တည်ငြိမ်လာခဲ့ပြီး တစ်ယောက်ကို တစ်ယောက် နားလည်မှု၊ ယုံကြည်မှုတွေနဲ့  အေးအေးချမ်းချမ်း ကြည်ကြည်လင်လင် အချစ်မျိုးတွေနဲ့ ချစ်နိုင်လာတာမို့  ပူလောင်မှုတွေ နဲနဲ လျော့သွားသလို ခံစားရပါတယ်။

ကိုင်ဇာရဲ့  ရွှေရတု အချစ် သီချင်းထဲကလို “မင်းဆံပင်ဖြူဖြူမှာ စပါယ်ကုံးလေး ပန်ပေးမယ်… အဖိုးကြီး ငါ့ကို အဖွားကြီး မင်းက မောင်တွေ ဘာတွေ ခေါ်ပါအုံး“ ဆိုတဲ့ သီချင်းမျိုးဆိုရမယ့် အရွယ်တွေကျရင်တော့ အခုထက်ပိုပြီး အေးချမ်းရလိမ့်မယ်လို့  မျှော်လင့်မိတာပါဘဲ…။


ကဲ… အချစ်ဆိုသည်မှာ ကို သက်ဝေ နားလည်သလိုတော့ ရေးလိုက်ပါပြီ…။
ဆက်ပြီး ရေးစေချင်တဲ့သူတွေကတော့…


- တန်ခူး (လေနုအေး)

- ပန်ဒိုရာ

- နုစံ

- မိုးချိုသင်း

- မသီတာ (Sonata-Cantata)

- မြတ်နိုး

- ကိုဇနိ + မဇနိ (အိုးဝေ)

- မမ ခင်ဦးမေ နဲ့ 

- Megumi တို့ ပါ…။
အချိန်ရတဲ့အခါ အေးအေးဆေးဆေး ရေးပေးကြလေ... နော်….။


*** သတိတရ Tag ထားတဲ့ အကိုကြီး ကိုအောင်သာငယ် ကိုလဲ ကျေးဇူး အများကြီး တင်ပါတယ်…။


Tuesday, October 7, 2008

ကမ္ဘာသစ်

ကိုယ့်အတွေးလေးနှင့်ကိုယ် တိတ်တိတ်ဆိတ်ဆိတ် နေလိုသူတစ်ယောက် အတွက်တော့ ထိုပါတ်ဝန်းကျင်သည် တဆိတ်တော့ဖြင့် လိုအပ်သည်ထက် ပိုမိုဆူညံလွန်းနေသည်။ ဆူညံသံများကြောင့် ဝေ့ဝဲ ပျံ့လွင့်နေသော စိတ်အာရုံတွေကို ကြိုးစား စုစည်းကာ တွေးချင်ရာကို တွေးတောနေမိသည်။ လောလောဆယ် တွေးမိသည်များကို ပြောပြရသော်….

လေပြည်တိုက်ချိန်တွေမှာ လေပြည်ညှင်းရဲ့  အငွေ့အသက်ကို ညင်သာ ခံစားကြည့်ချင်သူ တစ်ယောက်အတွက် တိုက်ခတ်လာသော လေအရှိန်တွေသည် ပြင်းထန်လွန်းနေသည်။ အချိန်မှန် ရွာသွန်းသော မိုးရေစက်တို့မှလာသော တဖျောက်ဖျောက် သံစဉ်များကို တေးသွားတစ်ပုဒ်ပမာ နားဆင်ကြည့်ချင်သူ တစ်ယောက်အတွက် ထိုမိုးသံတို့ သည် ကြမ်းတမ်းလွန်းနေသည်။ သစ်ရွက်တို့ကျကြွေသံသည် သာယာသော ဂီတသံဟုကြားဖူးသူ တစ်ယောက်အတွက် ထိုသစ်ရွက်ကြွေသံတို့ သည် မာကျောလွန်းနေသည်။ စမ်းချောင်းလေးမှ တသွင်သွင် စီးဆင်းနေသော ရေအလျင်တို့ သည် ငြိမ့်ညောင်းသော တေးသွားတစ်ခုဟု နားလည်ထားသူတယောက်အတွက် ထိုရေစီးသံတို့ သည် ခက်မာလွန်းနေသည်။ ဆွတ်ဆွတ်ဖြူလွနေသော နှင်းပွင့် နှင်းစုကလေးများသည် အတန်အသင့်တော့ နူးညံ့မှုရှိလိမ့်မည်ဟု ယူဆထားသူ တစ်ယောက်အတွက် ထိုနှင်းစုကလေးများသည် (အထင်နှင့်အမြင် လွဲမှားစွာ) အေးခဲ မာကျောနေကြသည်။ နှင်းဆီတို့ ၏ ဆူးခက်တွေသည်လဲ ခါတိုင်းနဲ့ မတူ ပိုမို မာကျော ခက်ထန်နေသယောင်...။ ငှက်ကလေးတို့  ဟစ်ကြွေး အော်မြည်ကြသော အသံပိစိလေးများသည် ချိုသာဖွယ် ချစ်စဖွယ် တေးသံများကို ဖြစ်ပေါ်စေသည်ဟု ကြားခဲ့ဖူးသေည်ငြားလည်း ယခုမူ ထိုသို့  မဟုတ်ပြန်တော့… တစ်ယောက် တစ်ပေါက် ဆူဆူညံညံ အော်မြည်နေကြသော ထိုအသံများသည် အကြားအာရုံကို မထိတထိနှင့် စိတ်မတို တိုလာအောင် ပြုမူနေသည်နှင့်ပင် တူနေသေးတော့...။ ထို့ အပြင်… နေရောင်ခြည်သည် ရောဂါပိုးကိုသေစေ၏ ဟု မူလတန်းဖတ်စာတွင် သင်ကြားခဲ့ရသော်လည်း ယခုမူ ထိုနေရောင်ခြည်ကြောင့်ပင် အရေပြားကင်ဆာ ဟူသော ရောဂါဆန်းတမျိုး ရကြသည်တဲ့၊ ထိုမှတဖန် ပိုဆိုးလာသော အပူလှိုင်းကြောင့် လူသားမြောက်များစွာ၊ သတ္တဝါမြောက်များစွာတို့  သေကြေပျက်စီးကြသည်တဲ့…။

ကဲ… ဘာတွေဖြစ်ကုန်ပြီလဲ… မစဉ်းစားတတ်တော့ပြီ…။
လောကကြီးမှာ ကိုယ်ထင်ထားတာတွေနဲ့  တကယ့်လက်တွေ့ တွေဟာ တစ်ထပ်တည်းကျ မနေရင်တောင် ဘာကြောင့်များ နဲနဲပါးပါး မနီးစပ်ကြတာလဲ…။ အထင်နဲ့ အမြင် တက်တက်စင်အောင် ဘာကြောင့်များ လွဲနေကြတာလဲ…။ တစ်ခုခုတော့ သေသေချာချာကြီးကို မှားနေပါပြီ…။ ဒါဆို ထိုမှားယွင်းမှုတွေသည် ကိုယ်အတွေးတွေကဘဲ မှားယွင်းနေတာလား။ အပြင်လောကကြီးကဘဲ မှားယွင်းနေတာလား။ သို့ တည်းမဟုတ် ထိုမှားယွင်းမှုတွေသည် ကိုယ်တစ်ယောက်ထဲ အတွက် မှားယွင်းနေခြင်းလား…။ အားလုံးအတွက် မှားယွင်းနေတာလား…။

ကိုယ်တိုင် သေသေချာချာ မဝေခွဲနိုင်ခင်မှာပင် ဝုန်း ဆိုသော ကျယ်ကျယ်လောင်လောင် အသံကြီးတစ်ခုကို ကြားလိုက်ရပြီး ကိုယ့်အမြင်အာရုံ၊ ကိုယ့်အကြားအာရုံတို့ ပျောက်ဆုံး အရာရာ အမှောင်အတိကျကာ ရှုပ်ထွေး ဆူညံသံ အားလုံးတို့ သည်လည်း တမဟုတ်ချင်း ငြိမ်သက် တိတ်ဆိတ်သွားကြလေသည်။ ကိုယ်တိုင်မသိလိုက်ခင်မှာပင် ရွေ့ လျားစိတ်အစဉ်တို့ သည် ကမ္ဘာသစ်တစ်ခုဆီသို့ ….

ထိုကမ္ဘာသစ်တွင် အစစအရာရာသည် မျှော်လင့်ထားသည်ထက် ပိုမိုထူးခြား ဆန်းပြားနေသည်။ ထိုကမ္ဘာသစ်တွင်…
ပျော့ပြောင်း ညင်သာသော လေပြေလေးတွေ အဆက်မပြတ် တိုးဝှေ့လို့ …။ နူးညံ့စွာ ကြွေကျလာသော မိုးစက် မိုးပေါက်ကလေးများသည် ချိုမြသံစဉ်တစ်ခုနှယ်…။ ရေအလျင် တသွင်သွင်စီးဆင်းနေသော စမ်းချောင်းလေးနားမှာ သစ်ရွက်ကလေးများ ကြွေကျသောအခါတွင် စမ်းကျရေစီးသံလေးများနှင့် ရွက်ကြွေတို့၏ သံစဉ်တို့သည်လည်း အံ့သြဖွယ် ထူးခြားသော ဂီတ တစ်ခု…။ ဆောင်းဦးပေါက် နှင်းပွင့်လေးများ၏ နူးညံ့မှုသည် ဝါဂွမ်းလေးများ တမျှ…။ ဖြူ နီ ဝါ အသွေးစုံ ဆူးမဲ့ နှင်းဆီတို့ သည်လဲ မွှေးထုံကြိုင်လျှမ်း သင်းပျံ့ပျံ့ ရနံ့များဖြင့်...။ အို… ရောင်စုံ ငှက်ကလေးများသည်လည်း နွေးထွေးသော သာယာလှပသော လင်းလက် နေရောင်ခြည်အောက်မှာ ချစ်စရာ သံချိုတေးများကို သူ့ ထက်ငါ အပြိုင် အလုအယက် ဟစ်ကြွေးနေကြပါလား..။ ကြည်နူးစရာ…။ ဒါတင်မက မြင်မြင်သမျှ လူသားတိုင်းသည် အရောင်အသွေး စုံလင်စွာဖြင့် လှချင်တိုင်း လှပနေသော ပန်းခင်းကြီးတစ်ခုထဲမှ ပန်းရောင်စုံများနှယ်…။
သူတို့တတွေ ဟိုဒီ ရွေ့ လျား လှုပ်ရှား သွားလာနေကြသည်မှာလဲ လေအလာမှာ ဟန်ချက်ညီညီ ပျော်ရွှင်စွာ ကခုန် ယိမ်းနွဲ့နေကြသော ပန်းခက် ပန်းနွယ်များပမာ ညီညီညွတ်ညွတ်…။ သူတို့ ၏ မျက်နှာများပေါ်တွင် နုပျို လန်းဆန်း တက်ကြွသော၊ ဖေါ်ရွေသော အပြုံးပန်းတွေ ဝေလို့ ...။ မျှော်လင့်ထားသော ပန်းတိုင်တစ်ခုကို ရောက်ရန် ဦးတည်ချက်တွေ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်တွေ အပြည့်အဝဖြင့်... ထိုမြင်ကွင်းသည် အားရှိစရာ...။ ထို့ အပြင် အစစ အရာရာသည် ကြည်နူး ချမ်းမြေ့ဖွယ်ရာ…။

ထိုကမ္ဘာသည် လူသားအားလုံး မျှော်လင့်တောင့်တနေကြသော ကမ္ဘာသစ်တစ်ခုများလားဟု လက်လှမ်း မမှီ့တမှီ တွေးတောရင်း ကိုယ်တိုင်ကတော့ စည်းချက်ညီညီ ကခုန် ရွေ့ လျားသွားကြသော လူအုပ်ကြီးနှင့်အတူ မမောနိုင် မပန်းနိုင် စီးမျော ရောနှောပါဝင်ကာ….

Thursday, September 25, 2008

ပထမဆုံးများ

အခုတပါတ်မှာလဲ အလုပ်တွေ အရမ်းရှုပ်နေလို့  ရေးလက်စတွေ လက်စသပ်မရ ဖြစ်နေတုန်း ကိုအောင်သာငယ် Tag ထားတဲ့ ပထမဆုံးများကို အရင်ရေးပြီး တင်လိုက်ပါတယ်။ မကြာခင်ကမှ ကောက်ရခဲ့တဲ့ အကိုကြီး ကိုအောင်သာငယ်ကို လေးစားတာက တစ်ကြောင်း၊ သူပစ်ဖူးတဲ့ ဟိုသေနတ်ကြီးကို ကြောက်တာကလဲ တစ်ကြောင်းပေါ့လေ…။

အမှန်ကတော့ ပထမဆုံးများ ဆိုတဲ့ ခေါင်းစဉ်က တွေးစရာ ရေးစရာတွေ အတော်ကျယ်ဝန်းတဲ့ ပိုစ့်ခေါင်းစဉ်ပါ။ ဒီထက်ပိုပြီး ကျယ်ကျယ်ပြန့် ပြန့် ရေးချင်ပေမယ့် အဲဒီလိုသာ ရေးနေရင် တော်တော်နဲ့  ဘလော့ဂ်ပေါ် တင်တဲ့ဆီ ရောက်မှာ မဟုတ်တော့တာကြောင့် လောလောဆယ်အတွက်တော့ ဒီလောက်ပဲ ရေးလိုက်ပါတယ်။ နောက် အချိန်ရတာနဲ့  နောက်ဆက်တွဲ ပထမဆုံးများ ဆိုပြီး ဆက်ရေးပေးပါ့မယ်နော်…။

(အခုဘဲ ကိုအောင်သာငယ် ဆီရောက်ခဲ့တယ်။ သူ့ ဆီမှာ ပထမဆုံးများ (နောက်ဆက်တွဲ) ဆိုပြီး ပိုစ့်အသစ်တွေ့ ခဲ့တယ်..။ ဟီဟိ.. )

ပထမဆုံးတက်ရသည့် ကျောင်း - မူကြို ၄ (ကြောက်အားလန့် အားနဲ့  နေ့ တိုင်း ငို ငိုနေသောကြောင့် မေမေက ဆက်မထားလိုတော့ သဖြင့် တစ်လလောက်သာ တက်လိုက်ရပါသည်။)


ပထမဆုံးတက်ရသည့် အတန်း - သူငယ်တန်း (ခ) (သူငယ်တန်း - ၃ ခန်း ရှိပါသည်)

ပထမဆုံး အတန်းပိုင်ဆရာ - ဆရာမ ဒေါ်ခင်ရွှေ

ပထမဆုံးသော သူငယ်ချင်း (ယောက်ျားလေး) - မင်းမင်း (နာမည်အရှည်တော့ မပြောပါရစေနဲ့  .. ဟီဟိ)

ပထမဆုံးသော သူငယ်ချင်း (မိန်းကလေး) - ဆင့်ဆင့်အောင် (သူနဲ့ အဆက်အသွယ်တွေ ပြတ်နေတာ ကြာလှပေါ့..။ ခု သူ ဘယ်ကမ္ဘာမှာ ရောက်နေသလဲဆိုတာကို စုံစမ်းဆဲ…)

ပထမဆုံး ဖတ်ရသော စာအုပ် (ဖတ်မိသမျှစာအုပ်များထဲမှ မှတ်မိသော) - ဂျာနယ်ကျော် မမလေး ရဲ့  သူမ

ပထမဆုံး ပျော်ပျော်ရွှင်ရွှင် ဖတ်မိသည့် ကျောင်းစာ (မှတ်မိသမျှ) - ဘယ်သွားနေလဲ မောင်ရေခဲ... ဘုရားပွဲကို လှည်းနဲ့  ဆို…

ပထမဆုံး ရဖူးသောဆု - သူငယ်တန်း တုန်းက ရခဲ့တဲ့ ပထမဆု

ပထမဆုံး စီးရသော ဘတ်စ်ကား - နံပါတ် ၁၆ လိုင်းကား (၇ တန်းတုန်းက သူငယ်ချင်းတစ်ယောက်နဲ့  အတူ တင်တင်အေး မုန့် ဟင်းခါးစားဖို့  မြေနီကုန်းဈေးကို အိမ်ကမသိအောင် သွားရင်း ဘတ်စ်ကားစီးဖူးခြင်း)

ပထမဆုံး ဆိုခဲ့သော သီချင်း
- စိုင်းထီးဆိုင်ရဲ့  ဘီးနံပါတ် OK ၀၁၂၂ L (ငယ်ငယ်တုန်းက အမြဲကြားရတဲ့ သီချင်းတွေထဲမှာ စိုင်းထီးဆိုင်ရဲ့  သီချင်းက အများဆုံးပါဘဲ။ ကြားရသမျှထဲမှာ ဘာလို့ မှန်းမသိ အဲဒီသီချင်းလေးကို ခဏခဏ ဆိုနေဖြစ်ပါတယ်)


ပထမဆုံး ဝယ်သော သီချင်းခွေ (ကက်ဆက်ခွေ)
- ကိုင်ဇာ မေဆွိ ရဲ့ တူနှစ်ကိုယ် တိုင်းပြည်။ မှတ်မှတ်ရရ အလွန်လိုချင်ခဲ့လို့  မုန့် ဘိုးတွေစုပြီး ၀ယ်ဖြစ်တဲ့ အခွေလေးပါ။ အဲဒီတုန်းက သီချင်းခွေ (ကက်ဆက်ခွေ) တစ်ခွေကို ကာဗာပါရင် ၂၅ ကျပ်၊ ကာဗာ မပါရင် ၂၃ကျပ်ခေတ်ပါ..။

ပထမဆုံး အကြိမ် ဝယ်သော နိုင်ငံခြား တီးဝိုင်း ဗီဒီယို အခွေ - West Life (သူတို့ လေးတွေက ချောတယ်မဟုတ်လား...)

ပထမဆုံး ရုံမှာ ကြည့်ခဲ့ဖူးသော ရုပ်ရှင်
- တစ်ခါက တစ်ဘဝ (ကျော်ဟိန်း ၊ ခင်သီတာထွန်း) - ၄ တန်း စာမေးပွဲ အောင်စာရင်းထွက်တဲ့နေ့ မှာ မြို့ နယ်ဆုရလို့  ဖေဖေ နဲ့  မေမေ က လိုက်ပြတာ…။

ပထမဆုံး ရည်းစားထားခဲ့ဖူးသောနှစ် - မှန်းကြည့်ကြပေါ့...။ ဘ၀လက်တွဲဖေါ် မှာရေးထားတယ်လေ...။

ပထမဆုံး ရေးခဲ့သော ရည်းစားစာ - အဖြေပေးတုန်းက ခေါင်းပဲညိတ်ပြခဲ့တယ်… ။ စာရေးပျင်းတာကြောင့် နောက်ပိုင်းကျတော့လဲ ဖုန်းနဲ့ ပဲ စကားတွေ ပြောကြတာပေါ့… ယုံ…။

ပထမဆုံး ကဗျာ -
မျှော်လင့်ခြင်း (ပုလဲသီ တစ်ကွဲစီ) - ၁၉၉၉

ပထမဆုံးရောက်ခဲ့သော အခြားမြို့ - မန္တလေး

ပထမဆုံးရောက်ခဲ့သော နိုင်ငံရပ်ခြား - စကာင်္ပူ (၁၉၉၅ မှာ မိသားစုနဲ့  အလည်လာခဲ့တုန်းက... အဲဒီတုန်းက အလည် နှစ်ပါတ်လာတာ ဆိုတော့ ရသမျှ မုန့် ဘိုးတွေနဲ့  ဈေးတွေဝယ်၊ ပျော်လဲပျော်.. စည်းကမ်းတကျ သန့် ရှင်း သေသပ်တဲ့ ဒီနိုင်ငံလေးကိုလဲ တော်တော်သဘောကျ နှစ်သက်ခဲ့မိပါတယ်။ အခုတော့လား... ထွက်ပြေးစရာ ပြေးပေါက်ရှာနေတုန်းပါဘဲ...။)

ပထမဆုံး သောက်ဖူးသော ဆေးလိပ် - မရှိ.. အဟိ

ပထမဆုံး သောက်ဖူးသော အရက် - ရှိမှ ရှိဘဲ.. အဟဲ

ပထမဆုံး ချက်ဖူးသော ဟင်း - ကန်ဇွန်းရွက် နဲ့  မှိုကြော် (မေမေတို့  ခရီးသွားနေတုန်း အိမ်မှာ အဖိုးနဲ့  အိမ်စောင့် ကျန်ခဲ့တုန်းက ရမ်းသမ်းချက်ခဲ့တာပါ။)

ပထမဆုံး ပစ်ဖူးသော သေနတ် - ဘုရား.. ဘုရား… ကြောက်လိုက်တာ… သေနတ်ဆိုရင် ပစ်ကြည့်ဖူးဖို့  ဝေးစွ.. ကျိုက်ထီးရိုးက ၀ါးသေနတ်တောင် မရှိခဲ့ဖူးပါ…

ပထမဆုံး ဘလော့ပို့စ် -
Sweet December (လွန်ခဲ့တဲ့ နှစ်အတော်ကြာက ရေးထားခဲ့တာပါ။ ဘလော့ဂ် စလုပ်တော့ ကိုယ့် ဘလော့ဂ်ပေါ်မှာ မြန်မာစာလုံး ဝိုင်းဝိုင်းလေးတွေကို မြန်မြန် မြင်ချင်ဇောနဲ့  စ စချင်း တင်ခဲ့တဲ့ ပိုစ့်လေးပါ။ အခုပြန်ဖတ်ကြည့်တော့ စပ်ဖြဲဖြဲနဲ့ ရယ်စရာ၊ ရှက်စရာ...။)

ပထမဆုံး ကျောင်းပြေးပြီး သွားခဲ့သည့် နေရာ
- ၁၀ တန်းတုန်းက နေအုပ် (စိန်ပေါ) မှာ English တက်တုန်းက (မိဘမေတ္တာ ပိုစ့်ထဲက သူငယ်ချင်းနဲ့  အတူ) ကျူရှင်ပြေးပြီး မြို့ ထဲမှာ ဟိုလျှောက် ဒီလျှောက် ဟိုဟာဝယ်စား ဒီဟာဝယ်စား လုပ်ခဲ့ဖူးတယ်။

ပထမဆုံး လည်ပတ်ကြည့်ရှုခဲ့ဖူးသော ဘလော့ဂ်
- ပန်ဒိုရာ (မိုက်မှမိုက်...)

ပထမဆုံး စတင်ရင်းနှီးခဲ့ရသော ဘလော့ဂ်ဂါ
-
လေနုအေး ပိုင်ရှင် တန်ခူး (လူချင်းမသိသေးပေမယ့် စွယ်တော်ရိပ်မှာ အတူတူခိုခဲ့ကြတဲ့ စက်မှုတက္ကသိုလ် ကျောင်းတော်သူတွေချင်းမို့  စိတ်ထဲက လှိုက်လှိုက်လှဲလှဲ ရင်းနှီးခင်မင်နေမိပါတယ်...)


တစ်လက်စထဲ ကျန်နေသေးတဲ့ သူငယ်ချင်းတွေကို ဆက် Tag ပါရစေ...။

- တန်ခူး (လေနုအေး)


- နုစံ


- မသီတာ (Sonata-Cantata)


- မြတ်နိုး


- ယုဝရီ


- ကိုဇနိ + မဇနိ (အိုးဝေ)


- မမ ခင်ဦးမေ


ကဲ... ပျော်ပျော်ပါးပါး၊ ပေါ့ပေါ့ပါးပါး ပါဘဲ... ရေးပေးကြနော်...။


* * * * * * * * * * * *


Wednesday, September 17, 2008

မိဘမေတ္တာ

သိပ်မကြာသေးခင်က အလွန်ရင်းနှီး ချစ်ခင်တဲ့ သူငယ်ချင်းတစ်ယောက်အိမ်ကို သွားလည်တုံးက သူတို့ အိမ် နေရာ တော်တော်များများမှာ Photo Copy ဆွဲပြီး ကပ်ထားတဲ့ စာလေးတစ်စောင်ကို တွေ့ ရပါတယ်။ ကုတင်ခေါင်းရင်းမှာ၊ စာကြည့်စားပွဲ ရှေ့ မှာ၊ ဧည့်ခန်းစားပွဲက မှန်ချပ်ရဲ့  အောက်မှာ ၊ ထမင်းစားခန်း နံရံပေါ်မှာ၊ နောက်ဆုံး မီးဖိုချောင်က နံရံကပ် ဘီဒိုပေါ်မှာ…။

ဟိုးရှေးရှေးက လူကြီးလက်ရေးလေးနဲ့  ရှေးဆန်ဆန် ရေးထားတဲ့ စာလေးပါ။ စာအရ သူတို့  မေမေ ဒီကိုလာလည်ပြီး ပြန်ခါနီးက ရေးထားခဲ့တာ လို့ သိရပါတယ်။ အဲဒီစာကိုဖတ်ပြီး မေမေနဲ့ ဖေဖေကို လွမ်းတဲ့စိတ်နဲ့ ကိုယ် မျက်ရည်ဝဲခဲ့ရပါတယ်။

ချစ်စရာ ကြည်နူးစရာ ဝမ်းသာ ဝမ်းနည်းစရာ မိဘမေတ္တာတွေ အကြင်နာ စေတနာတွေ အပြည့်အဝ လှလှပပ ပေါ်လွင်နေတဲ့ အဲဒီစာလေးကို အမှန်ကတော့ လက်ရေးမူရင်း စာလေး အတိုင်းတင်ချင်တာပါ။ ဒါပေမယ့်လဲ ကပ်ထားတဲ့စာတွေကို တောင်းခွာပြီး Scan လုပ်ရမှာ အားနာတာမို့  နှစ်ခေါက် သုံးခေါက် အလွတ်ရအောင် စိတ်ထဲကပဲ မှတ်လာခဲ့ပါတယ်။

အခု အဲဒီစာလေးကို မှတ်မိသမျှ အနီးစပ်ဆုံး ပြန်ရေးထားပါတယ်။ ချစ်ရတဲ့ မိဘတွေနဲ့  ဝေးနေရတဲ့ သူတိုင်း၊ မိဘတွေကို လွမ်းဆွတ်နေတဲ့သူတိုင်း ခံစားနိုင်ကြလိမ့်မယ်လို့  ယုံကြည်ပါတယ်။ ဖတ်ကြည့်ပါနော်…။

* * * * * * * * *

ချစ်သမီးတို့ ..

ဖေဖေ မေမေ တို့  သမီးတို့ ဆီမှာ လာနေစဉ် တစ်လျှောက်လုံးမှာ မေမေတို့ ကို လိုအပ်သမျှ ဂရုတစိုက် ပြုစုစောင့်ရှောက်ကြတာ အလွန်ပဲ ဝမ်းသာ ကျေးဇူးတင်ပါတယ်။ သမီးတို့  ညီအစ်မနှစ်ယောက်လဲ အခုလို တစ်ယောက် ကို တစ်ယောက် စောင့်ရှောက်ရင်း ချစ်ချစ်ခင်ခင် နေထိုင်ကြတာ၊ ကိုယ်နေထိုင်ရာ အိမ်ခန်းကလေးကိုလဲ အတတ်နိုင်ဆုံး သပ်ရပ် သန့် ရှင်းစွာနဲ့  စည်းကမ်းတကျ နေထိုင်ကြတာ တွေ့ ရလို့  မေမေ ကျေနပ်မဆုံးပါ။ သမီးတို့ ကို မေမေ ထွေထွေထူးထူး မှာကြား ဆိုဆုံးမစရာ ဘာမှ မတွေ့ ရပါ။

သို့ သော် မေမေမှာလိုသည်မှာ ဘုရား တရား သံဃာ မိဘ ဆရာသမားများရဲ့ ဂုဏ်ကျေးဇူးကို အစဉ် အောက်မေ့ သတိရကြပါ။ ဘုရားကို မှန်မှန် ဝတ်ပြု ပူဇော်ပါ။ ငါးပါးသီလကို အတတ်နိုင်ဆုံး လုံခြုံအောင် ထိန်းသိမ်းကြပါ။ ဘုရား သောက်တော်ရေ ကို နံနက်တိုင်း မှန်မှန်လဲ၊ ဆွမ်းတော်ကိုလဲ တတ်အားသရွေ့ နေ့ စဉ် ကပ်ကြပါ။ မေမေ ဘုရားကပ်ထားတဲ့ သပြေပင်လေးတွေ အခုဆို အရွက်နုလေးတွေ အညွန့်လေးတွေတောင် ထွက်နေပြီ၊ သူတို့ ကိုလဲ ရေမှန်မှန်လဲပေးပါ။ ရေမှန်မှန်လဲပေးရင် အစဉ်လန်းဆန်းပြီး အကြာကြီး ဘုရားတင်လို့ ရတယ်။ သပြေပင်ကလေးတွေ ဘုရားကပ်ရတာ အိမ်လဲ အလွန် ကျက်သရေရှိတယ်။

ကိုယ့်ရဲ့ လက်ရှိ အလုပ်ကိုလဲ လေးလေးစားစား ကြိုးကြိုးစားစား လုပ်ကြပါ။ သူများတွေကို မနာလို စိတ်မျိုးတွေ မထားပါနဲ့ ၊ မယှဉ်ပြိုင်ပါနဲ့ ၊ ကိုယ့်ကိုကိုယ်သာ ယှဉ်ပြိုင်ပါ။ လူတိုင်းအပေါ် စိတ်ကောင်း စေတနာကောင်း ထားကြပါ။ လူတိုင်းကို တတ်အားသမျှ ကူညီပါ။

သမီးတို့  ကျန်းမာရေးကိုလဲ အထူး ဂရုစိုက်ကြ စေလိုပါတယ်။ အချိန်မှန်မှန် အိပ်ရာဝင်ကြပါ။ အစားအစာများကို အဟာရ သင့်တင့် မျှတအောင် စားကြပါ။ ကြိုးစားပြီး အချိန်မှန်မှန် စားကြပါ။ အချိန်ရရင် ထမင်းဟင်းကို အိမ်မှာ ချက်စားကြပါ။ နေ့ တိုင်း အပြင်မှာဝယ်စားရတာ ငွေ ကုန်ရုံတင်မက ရည်ရှည်မှာ ကျန်းမာရေး အတွက်လဲ မကောင်းပါ။ ဟင်းသီးဟင်းရွက်တွေကို မကုန်နိုင်ဘဲနဲ့  အများကြီးတစ်ခါတည်း ဝယ်မထားပါနှင့်။ ကြာကြာထားလျှင် မလတ်ဆတ်တော့ပါ။

သမီးတို့  အစစအရာရာ အဆင်ပြေကြပါစေ။ ပတ်ဝန်းကျင်မှာ ဂုဏ်ကျက်သရေရှိသော တင့်တယ်သော အမျိုးကောင်းသမီးများ ဖြစ်ကြပါစေ။ ရောက်လေရာအရပ်မှာ သူတော်ကောင်းများ မိတ်ဆွေကောင်း မိတ်ဆွေစစ်များနှင့်သာ တွေ့ ကြပါစေ။ သမီးနှစ်ယောက်စလုံး ဘေးဥပါဒ် အန္တရာယ်များ ကင်းဝေးပြီး ကိုယ်ရော စိတ်ပါ ကျန်းမာ ချမ်းသာကြစေရန် ဖေဖေနှင့်မေမေ က အစဉ်သဖြင့် ဆုတောင်း မေတ္တာပို့သနေပါမည်။

ချစ်သော ဖေဖေ နှင့် မေမေ

(ချစ်ရတဲ့ သူငယ်ချင်း အတွက် အမှတ်တရ…)