Thursday, April 28, 2011

ရောက်တတ်ရာရာ (၂)

ဒီရက်တွေ ဘာစာမှ မရေးဖြစ်ဘူး။ စာအသစ် မရေးဘူးလားဆိုတဲ့ မေးခွန်းတွေ ကြားလာရတော့မှ ကိုယ့်ကိုယ်ကိုယ် ဘာတွေ လုပ်နေမိပါလိမ့်လို့ ပြန်မေးမိတယ်။

ကိုယ် ဘာတွေ လုပ်နေမိပါလိမ့်…

အဲဒီမေးခွန်းရဲ့ အဆုံးမှာ ကုန်လွန်ခဲ့တဲ့ နေ့တွေအကြောင်း ပြန်တွေးကြည့်မိတယ်။ ဘာမှ ထူးထူးခြားခြားတွေ မတွေ့ရပါဘူး…။ တပတ် ငါးရက် ရုံးတက်တယ်။ အိမ်ပြန်ရောက် ညစာစားပြီးလို့ မိုးမရွာတဲ့နေ့ဆိုရင် အောက်ဆင်း လမ်းလျှောက်တယ်... မိုးရွာရင် ကော်ဖီပူပူတခွက်နဲ့ စာဖတ်တယ်...။ မလိုအပ်ရင် မော်နီတာကို မကြည့်ဖြစ်အောင် နေတယ်။ ညမအိပ်ခင်မှာလည်း ကိုယ်ကြိုက်တဲ့ စာအုပ်လေးတွေ ခဏ ဖတ်ပြီး အတတ်နိုင်ဆုံး စောစောအိပ်တယ်။ အဲဒီလို စောစော အိပ်နေရခြင်းကလည်း အကြောင်းရှိပါတယ်…။ တနေ့ကို ၇ နာရီ ၈ နာရီ ပြည့်အောင် မအိပ်ရင် ပိုဝလာတတ်တယ်နော်လို့ ခြိမ်းခြောက်သံကို အခုတလော မကြာခဏ ကြားနေရလို့ပါ…။

စာပေကျမ်းဂန် အထောက်အထားကတော့
ဒီမှာ ပါ...

"If you want to lose weight, experts say you need to get enough sleep. Specifically, researchers have reported that women who sleep 5 hours or less per night generally weigh more than women who sleep 7 hours per night."

အဲဒါကြောင့် ညဖက်တွေမှာ ခါတိုင်းလို ဘလော့ဂ်အလည် မထွက်၊ မျက်နှာစာအုပ်မှာ ရစ်သီ ရစ်သီ မလုပ်၊ ဓါတ်ပုံတွေ ဘာတွေ မပြင်ဆင်ပဲ အကျင့်လုပ်ပြီး စောစောအိပ်နေတာ…။ ဒီလိုနဲ့ ဘာစာမှ သေသေချာချာ မရေးဖြစ်…။

တချို့အချိန်တွေမှာ စိတ်ကူးထဲ ရောက်လာတာတွေ နည်းနည်းပါးပါး ချရေးဖြစ်တယ်။ ဒါပေမယ့် စာတွေက ဖတ်လို့ မကောင်းဘူး။ တခါတခါမှာ လေးလေးနက်နက်ကြီးတွေ ဖြစ်နေပြီး ပျင်းစရာ ကောင်းသလို တခါတခါကျတော့ အချိတ်အဆက်မမိပဲ ပေါ့ရွှတ်ရွှတ်နဲ့ ဘာလိုနေမှန်းကို မသိဘူး။ ပြီးတော့ အခုတလော လှလှပပ နုနုနယ်နယ် စာမျိုးတွေကို မရေးချင်သလို သေသေချာချာ လေးလေးနက်နက် ခံစားထားတဲ့ စာမျိုးတွေကိုလဲ မရေးချင်ပြန်ဘူး။

စိတ်ထဲမှာ ရေးချင်နေတာကတော့ Documentary ဆန်ဆန်၊ Review ဆန်ဆန် စာမျိုးတွေ ဖြစ်နေတယ်။ စာတအုပ်ရဲ့ Review… ဒါမှမဟုတ် ရုပ်ရှင်တကားရဲ့ Review… ဒါမှမဟုတ် ဟိုတလောက ရေးဖြစ်တဲ့ ဖရီဒါခါလို အကြောင်းလိုမျိုး… အဲဒီလိုဟာမျိုးတွေ ရေးချင်နေမိတယ်။ အဲဒါတွေရေးဖြစ်ဖို့က အလကားနေ အလကား ဒီအတိုင်း ချရေးလို့မရဘူး… စာတွေ ဖတ်ရမယ် မှတ်ရမယ်… ဒါမှ ရေးလို့ရမှာ…။

မကြာသေးခင်က Nicholas Spark ရဲ့ The Note Book ဆိုတဲ့ စာအုပ် ဖတ်လို့ ပြီးသွားတယ်။ အသက်တွေ ကြီးလာလို့လား မသိ၊ စာသိပ်မသွားတော့လို့ တပတ်လောက် ဖတ်ယူရတယ်…။ အဲဒီ ရုပ်ရှင်ကိုတော့ ပန်ပန့်ဆီက အခွေငှားထားတယ်။ လူလစ်အောင် စောင့်နေလို့ ခုထိ မကြည့်ရသေးဘူး။ (ပန်ပန်က သူများတွေနဲ့ အတူတူ မကြည့်နဲ့လို့ မှာထားလို့ပါ… အဟိ..)

ဝတ္ထုထဲမှာ ကောင်မလေးက Alzheimer ကြောင့် သတိတွေ အကုန် မေ့ကုန်တာ ဖတ်ရတော့ ကိုယ်လဲ အဲလို သတိမေ့သွားမှာ ကြောက်လိုက်တာ။ အခုတောင် ဒီအသက်အရွယ်မှာ လူက ဟိုမေ့ ဒီမေ့နဲ့… အဲဒါ သတိမမေ့အောင် ဘာလုပ်ရမလဲလို့ မေးကြည့်မိတော့ သူက
Sudoku ကစားပါလား တဲ့...။ အဲဒါဆို ဦးနှောက်က မှတ်ဥာဏ်တွေ ပိုကောင်းလာပြီး Alzheimer Risk ကို လျှော့ချနိုင်တယ် လို့ ပြောတယ်…။ ဒီလိုနဲ့ ကိုယ့်ရဲ့ Daily Routine မှာ Sudoku ကစားခြင်းဆိုတဲ့ အလုပ်တခု အပို တိုးလာတယ်။ အခုတော့ Beginner အဆင့် လွယ်လွယ်လေးတွေပဲ ကစားသေးတယ်… နောက်မှ တဖြည်းဖြည်း အဆင့်တက်ပြီး ခက်တာတွေ ကစားရမယ်။

ကျန်းမာရေးနဲ့ အစားအသောက်ကတော့ ကယ်လိုရီတွေ တွက်နေရတာ ပျင်းသွားပြီး စားချင်သလို စားနေတယ်။ ဒီကြားထဲ ခေါင်းကလည်း မထင်ရင် မထင်သလို ကိုက်တတ်သေး…။ ဒါပေမယ့် ရုံးမှာ ဇွန်လကျရင် ကိုလက်စထရော စစ်ရမယ်ဆိုလို့ ကြောက်အားလန့်အားနဲ့ မနက်စာကို Oatmeal တွေ စားနေတယ်။ အရသာ ထူးထူးခြားခြားမရှိ၊ စားရတာ ပျင်းစရာကောင်းပေမယ့် စပျစ်သီးခြောက်နဲနဲ ထည့်စားရင်တော့ ပိုအဆင်ပြေပါတယ်။ ညစာကိုတော့ ကာဘိုဟိုက်ဒြိတ်တွေ လျှော့ပြီး အသားနဲ့ အသီးအရွက်တွေ များများ စားဖြစ်တယ်။ လှသထက် လှမလာရင်နေ၊ ဝသထက် ဝမလာအောင်တော့ ကြိုးစားမယ် စိတ်ကူးတယ်။

ရုံးပိတ်ရက်တွေမှာ အရင်ကလို Shopping တွေ၊ အပြင်တွေ သိပ်မသွားတော့ပဲ အိမ်မှာပဲ နားနားနေနေ နေနိုင်ဖို့ ကြိုးစားတယ်။ စားချင်တာလေးတွေ ချက်ပြုတ်စားတယ်။ အိမ်ရှင်းတယ်၊ စာဖတ်တယ်၊ သီချင်းနားထောင်တယ်၊ အိပ်ခန်းပြူတင်းပေါက်ကနေ မြင်နေရသ၍ လှမ်းကြည့်တယ်… တခါ တခါ လွင့်မျောနေတဲ့ တိမ်တွေကို တွေ့ပြီး တခါတခါမှာ အေးစက်စက် မိုးရေစက်တွေကို တွေ့ရတယ်…။ နေပူတာကို မကြိုက်ပေမယ့် နေရောင်ကြောင့် အိပ်ခန်းတခုလုံး လင်းနေတာကို ကြိုက်ပြန်တယ်။ နောက်ပြီး လေတိုက်တဲ့အချိန်ဆို ပြူတင်းပေါက်ရော ခန်းဆီးတွေပါ အကုန်ဖွင့်ပြီး အိမ်ထဲကို လေတွေ အတားအဆီးမရှိ ပေးဝင်လိုက်တယ်… အဲ… လေငြိမ်သွားတဲ့ အချိန်ကျရင်တော့ ဂေါ်ပြားတလက်ယူပြီး တံမြက်စီး လှဲတယ်။ အေးအေးဆေးဆေးပေါ့…။

ဘဝကို အတတ်နိုင်ဆုံး ရောင့်ရဲနှစ်သိမ့်စွာနေတတ်ဖို့ စဉ်းစားမိတိုင်း ဝေါလ်ဒင်ဆိုတဲ့ ရေကန်လေးဘေးမှာ ကိုယ်တိုင်တဲထိုးပြီး လူသားတယောက်ရဲ့ ဘဝလိုအပ်ချက်တွေ နည်းနိုင်သမျှ နည်းအောင် နေခဲ့တဲ့ ဟင်နရီ သော်ရိုးအကြောင်း ကို တွေးမိတယ်။ ပြီးတော့ သူ့အကြောင်းကို ဟိုတစ ဒီတစ လိုက်ဖတ်ဖြစ်တယ်… သဘောကျတယ်… သို့သော် တကယ်တမ်း သူ့လိုကျင့်ကြံ နေထိုင်နိုင်ဖို့တော့ တော်တော်မလွယ်လှဘူး…။

ကျန်တာကတော့ တနေဝင် တနေထွက်… တရက်ပြီး တရက် ကုန်… ထူးခြားဖြစ်စဉ် မရှိ… ပုံမှန်ပါပဲ…။ အခုတော့ ဘလော့ဂ်မိတ်ဆွေတွေ မျက်နှာစာအုပ်က မိတ်ဆွေတွေနဲ့ အဆက်မပြတ်စေခြင်းအလို့ငှာ ခေါင်းစဉ်တပ်စရာ မရှိတဲ့ ရောက်တတ်ရာရာ စာတပုဒ်ကို တင်လိုက်ပါတယ်။ အားလုံးအတွက် ကောင်းသော သောကြာနေ့ ဖြစ်ပါစေ...။



Monday, April 18, 2011

စွယ်တော်ရွက်တို့နှင့်အတူ...

သံလွင်အိပ်မက် အင်တာနက် မဂ္ဂဇင်း အတွဲ (၅) အမှတ် (၁) ထွက်ပါပြီ။
ဒီတပါတ် သံလွင်အိပ်မက်မှာတော့ သဘာဝ ဘေးအန္တရာယ်တွေအကြောင်း၊ အဲဒီ သဘာဝ ဘေးအန္တရယ်တွေကို ကာကွယ်ရေးနှင့် ပြန်လည်ထူထောင်ရေး အရေးပေါ်အစီအစဉ်တွေအကြောင်း၊ ပြီးတော့ အခုခေတ်မှာ တိုးတက်နေတဲ့ သိပ္ပံပညာကိုတောင် ပြန်လည် အံတုလာပြီဖြစ်တဲ့ ကူးစက်ပြန့်ပွားတတ်တဲ့ ရောဂါ အသစ်အဆန်းတွေ အကြောင်း၊ ရောဂါသည်တွေကို အတတ်နိုင်ဆုံး ကူညီစောင့်ရှောက်ပေးနေတဲ့ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းတွေအကြောင်း ကို အင်တာဗျူးနဲ့ တကွ ဖတ်ကြရမှာ ဖြစ်ပါတယ်။

အဲဒီမှာ ကိုယ့်ရဲ့ ဝတ္ထုတိုလေး တပုဒ် ပါပါတယ်…။
ဝတ္ထုလေးရဲ့ နာမည်က
စွယ်တော်ရွက်တို့နှင့်အတူ တဲ့။ ကုန်ခဲ့တဲ့ ၂၀၁၀ ခုနှစ်မှာ ဒီစကာင်္ပူမှာ စည်ကားသိုက်မြိုက်စွာကျင်းပသွားတဲ့ ဆရာကန်တော့ပွဲတွေ၊ ဆရာ ဆရာမတွေ၊ အတန်းဖေါ်သူငယ်ချင်းတွေနဲ့ တပျော်တပါး ပြန်လည်တွေ့ဆုံခဲ့ရတဲ့ အချိန်တွေ… အဲဒါတွေ ခေါင်းထဲကိုရောက်နေတုန်း ရေးဖြစ်ခဲ့တဲ့ ဝတ္ထုလေးပါ။ ဖတ်ကြည့်ကြပါ… ဝေဖန်ပါ… အကြံပြုကြပါနော်…။ ကျေးဇူးတင်ပါတယ်…။

စွယ်တော်ရွက်တို့နှင့်အတူ...



ဒီစာတွေ မကျက်ချင်ပါဘူး.. ဒီပုစ္ဆာတွေလဲ မတွက်ချင်ပါဘူး… ခေါင်းတွေ ကိုက်လိုက်တာ… ဟု အသံထွက်ကာ ခပ်ညည်းညည်း ပြောလိုက်မိသည်။ အတူတူ စာကျက်နေကြသော အတန်းဖေါ် သူငယ်ချင်းများက ခေါင်းကြည်သွားအောင် သံပုရာရည် သောက်လိုက်ပါလား ဟု ပြောကြသည်။ တချို့ကတော့ ကော်ဖီ လဘက်ရည် တစ်ခုခု သောက်လိုက်ပါလားတဲ့။ အမှန်က နောက်ဆုံးနှစ် စာမေးပွဲကြီး ဖြေရန် ရက်ပိုင်းသာ လိုတော့သည်။ အချိန်များများ စာကျက်လေ ခေါင်းတွေက ပြင်းထန် ဆိုးရွားစွာ ကိုက်လေလေ လွန်ခဲ့သော တစ်နှစ်ကျော်ကျော် လောက်မှ အစပြုခဲ့သော ခေါင်းကိုက် ဝေဒနာသည် ဒီနှစ်ပိုင်းအတွင်းမှာတော့ အချိန်တိုင်း၊ နေ့တိုင်းလိုလိုမှာ ကိုက်နေတော့သည်။ ထိုခေါင်းကိုက်ဝေဒနာ အကြောင်းကို သူတို့ နားလည်အောင် ဘယ်လိုပြောပြရပါ့။ ခံစားဖူးမှ သိနိုင်မည်လေ။

ခေါင်းတွေ ကိုက်လာတိုင်း ဘာစပရို၊ ပါရာဆီတမော၊ အက်စပရင် ဆေးတွေလဲ စုံလှပြီ… သက်သာလှ တခဏသာ…။ အကြောအားကောင်းစေရန် နျူရိုဘီယံ ဆေးပြားများ သောက်သေးသည်။ ဘာမှ ထူးထူးခြားခြားမရှိ… ကြာတော့ စိတ်ပျက်ကာ ဘာဆေးမှ မသောက်ချင်တော့…။ ရှုဆေးတချို့ တခါတခါ ရှုကြည့်သည်။ တခါတခါ နားထင်မှာ ဆေးပလာစတာ ဖြူဖြူလေးတွေ ကပ်ထားကြည့်သည်။ နည်းနည်းတော့ သက်သာသလို ရှိသည်။ စာကျက်ရသောကြောင့် စိတ်ရှုပ်မှုနှင့် ခေါင်းကိုက်သောကြောင့် စိတ်ညစ်မှုတို့ ပေါင်းစပ်ကာ ဆံပင်ထူထူတွေကို ခပ်တိုတို ညှပ်ထားလိုက်သည်။ ထိုအခါ ပုံပန်းမကျလှသော ဆံပင်တိုတိုနှင့် သာမန်ရွက်ကြမ်းရေချို မျက်နှာနှင့် နားထင်မှ ဆေးပလာစတာ ဖြူဖြူနှင့် အချိုးမပြေ ပိန်ရှည်ရှည် စက်မှုအင်ဂျင်နီယာ ကျောင်းသူတယောက်၏ ရုပ်ပုံကို မှန်ထဲမှာ ကြည့်မိသောအခါ ခေါင်းကိုက်နေသည့်ကြားမှ အသံထွက်အောင် ဟားတိုက် ရယ်မောပစ်လိုက်မိသည်။ သိပ်ရယ်စရာ ကောင်းတာပဲ။


အပြည့်အစုံကို ဒီမှာ ဆက်ဖတ်နိုင်ပါတယ်…။



Tuesday, April 12, 2011

ရွှေပြည်ဝေး သင်္ကြန်



မြန်မာ့ရိုးရာ သင်္ကြန်ပွဲကြီး နီးလာပြီ…။ မနက်ဖြန်ဆို သင်္ကြန်အကြိုနေ့…
အခုလို သင်္ကြန်အချိန်အခါမှာ အမိမြေနဲ့ ဝေးနေကြတဲ့ ပြည်ပရောက် မြန်မာများအတွက် ပျော်စရာ အွန်လိုင်း သင်္ကြန်ပွဲလေးတခုကို အတူတူပါဝင် ဆင်နွဲကြဖို့ ရွှေပြည်ဝေး မဏ္ဍပ်ကို ကြွခဲ့ပါလို့ ဖိတ်ခေါ်ချင်ပါတယ်…။ သင်္ကြန်ရက်တွေမှာ ရွှေပြည်ဝေး မဏ္ဍပ်က ပျော်စရာ သံချပ်တွေနဲ့ စားဖွယ်သောက်ရာ အစုံအလင်နဲ့ ဧည့်ခံခဲ့တာ ဒီနှစ်ဆိုရင် တတိယ အကြိမ်ရောက်ခဲ့ပါပြီ…။ ရွှေပြည်ဝေး မဏ္ဍပ်ပိုင်ရှင်က ဒီနှစ်သင်္ကြန်ပွဲကို ပျော်ပျော်ပါးပါး လာရောက်ဆင်နွှဲဖို့ အခုလို ခွန်းထောက်လေးနဲ့ ဖိတ်ကြားထားပါတယ်။

“သင်္ကြန်ဆိုတာ ပျော်ရေး ပျော်တာ၊ အော်ရေး အော်တာ၊ ဘလော်ဂါ အဖေါ်သဟာ ဘော်ဒါတွေနဲ့ ကဲရာ ကဲကြောင်း နွှဲကြရမယ့် အခါသမယကြီးပဲ မဟုတ်ပေလားဗျာ… (ပလို့... ဂျိ)
ရွှေပြည်ဝေးဘလော်ဂါများက ခံတပ်သဘောပမာ အမြန်စပ်ရောကာ သံချပ်နှောလာကြတာလည်း သုံးနှစ်ကြီးများတောင် တိုင်လာပါပေါ့လား မယ်တို့ မောင်တို့ရဲ့… (အဟမ်း…)
အဲသည်တော့ကာ...
မကြာခင်ရက်ပိုင်းအတွင်း အချိန်အခါမဆိုင်း ကျရောက်လာချေတော့မယ့် မြန်မာတို့ရဲ့အတာသင်္ကြန် ပွဲတော်ကြီးကိုလ (အရင်နှစ်တွေအတိုင်း…) နွှဲပျော်ပြီး ကြိုရအောင်လား အဖေါ်သဟာ ဘော်ဒါများတို့ရေ...”


ဒါကြောင့် စိတ်ကူးရသလို သင်္ကြန်သံချပ်လေးများ ရေးပြီး ရွှေပြည်ဝေးကို လာခဲ့ကြဖို့ ထပ်ဆင့်ဖိတ်ခေါ်ရင်း ကိုယ်တိုင်အတွက်ရော တခြား သံချပ်ရေးကြမယ့် အပေါင်းအသင်း ရောင်းရင်းများအတွက်ပါ သွေးပူလေ့ကျင့်ခန်းအနေနဲ့ မနှစ်က ရေးဖြစ်ခဲ့တဲ့ ကိုယ့်ရဲ့သံချပ်လေးကို တင်လိုက်ပါတယ်…။


သင်္ကြန်ချိန်ခါ ရောက်လို့လာ… ရွှေပြည်ဝေးမှာ တူတူပျော်စို့…
သင်္ကြန်ချိန်ခါ ပျော်စရာ… သံချပ်ထိုးတာ ရိုးရာဓလေ့…
ရွှေပြည်ဝေးရဲ့ စေတနာ… ကြွလာသူတွေ ပျော်ဖို့ ရွှင်ဖို့…

ရွှေပြည်ဝေးရဲ့ မေတ္တာတွေ… လူတိုင်း ကိုယ်စီ ရကြစေသား…
ရွှေပြည်ဝေးရဲ့ စေတနာ… မုန့်လုံးရေပေါ် ကုလားအော်နဲ့…

ရွှေပြည်ဝေးရဲ့ မေတ္တာတွေ… ကောင်မလေးတွေ ရှေ့ကို လာခဲ့…
(သင်္ကြန်ရေ အေးအေးလေး လောင်းမလို့ပါဗျာ… တလွဲမတွေးပါနဲ့…)

ရွှေပြည်ဝေးကို ချစ်တယ်ဆို… ဂျော်နီအပြာ ယူလာခဲ့ကြ…
ရွှေပြည်ဝေးက မေတ္တာဝေ… ကောင်မလေးတွေ အားလုံးအတွက်…

(ပိတောက်ပန်း လက်ဆောင် ဝေပေးမလို့ပါ… ခွိ… ခွိ…)
ဝိုင်းစုခိုင်သိန်း လာမယ်ဆို… အကိုတို့မှာ ရင်တွေခုန်ကြ…

ဝိုင်းစုခိုင်သိန်း လာမယ်ဆို… ရှေ့ဆုံးတန်းမှာ ဘယ်သူတွေလဲ…
(ဟာ… ဟိုမှာ ကလူသစ်ကြီးပါလားဗျို့…)

ကဲ… ကဲ… ရွှေပြည်ဝေးက အကိုတော်တွေ အကြိုက်တွေချည်း ပြောနေလို့ မဖြစ်သေးဘူး… ကျွန်တော်တို့ ရွှေပြည်ကြီး အကြောင်းလေးလဲ သိရသလောက်လေး ဖေါက်သည်ချချင်ပါသေးတယ် ဗျ…။

ရန်ကုန်မြို့ကြီး မီးမလာ... နေပြည်တော်မှာ လင်းလို့ ထိန်လို့…
တိရိစ္ဆာန်ရုံ ဟိုပြောင်းတာ… နေပြည်တော်မှာ လင်းလို့ ထိန်လို့…

ရန်ကုန်မြို့ကြီး မီးမမှန်… မီးစက်ကိုသာ အားကိုး အားကိုး…
သင်္ကြန်ရက်လဲ ရေမလာ… မီးစက်ကိုသာ အားကိုး အားကိုး…

ဈေးဆိုင်ကြီးတွေ မီးတွေလောင်… နေရာကောင်းတွေ သိမ်းဖို့ သိမ်းဖို့…
တဲပေါ်ကလူ တိုက်ပေါ်တင်… နေရာကောင်းတွေ သိမ်းဖို့ သိမ်းဖို့
(တို့မီး ရှို့မီး… အလို မရှိ… တို့မီး ရှို့မီး… အလို မရှိ…)

ဂုဏ်ထူးဆောင်တဲ့ ချုပ်ကြီးတွေ… နေပြည်တော်ဆို ပိုက်ဆံဖြုန်းကြ…
လက်လုပ်လက်စား လူများမှာ… ဆန်ပြုပ်ကိုတောင် နပ်မမှန်တဲ့…

သံရုံးတွေမှာ အခွန်ဆောင်… နေပြည်တော်ကို လှုဖို့ တန်းဖို့…
တလ တခါ အခွန်ဆောင်… လူကြီးလာရင် ဆေးဘိုး ဝါးခ…

ပြောရအုံးမယ်ဗျ…. ကျွန်တော်တို့ ရန်ကုန်မြို့ကြီး မှာလေ…

သုံးနိုင်သူတွေ မိုဘိုင်းလ်ဝယ်… ဖုန်းပြောနေရင် ခေါင်းမလှုပ်နဲ့…
မိုဘိုင်းလ်ဖုန်းတွေ ကိုယ်စီကိုင်… လမ်းမပေါ်မှာ ထွက်အော်ပြောကြ…
(မကြားရဘူးဗျို့… ကျယ်ကျယ်ပြောပါ…)

ဖုန်းဘိုးတသောင်း ပေးရရင်… ဟဲလို အတွက် ခုနှစ်ထောင်တဲ့…
ဖုန်းဘိုးတသောင်း ပေးရရင်… ကြားလား အတွက် ခုနှစ်ထောင်တဲ့…
(ဟဲလို… ဟဲလို… ကြားလား… ကြားရလား…)

Without ကားတွေ သိပ် တွင်ကျယ်… နံပါတ် လှတာ ရွေးကာ စီးကြ…
ကားပါမစ်တွေ ချပေးမည်… ပြောနေကြတာ ကြာ ကြာလှပေါ့…

ရွေးကောက်ပွဲကြီး နီးလို့လာ… တခါလာလဲ မဲပြာ ပုဆိုး…
ရွေးကောက်ပွဲကြီး နီးလို့လာ… ပြောကြစမ်းပါ ဘာထူးမှာလဲ…

နောက်နှစ်သစ်ကို မကူးခင်… ကောင်းမှု ကုသိုလ် အထူးပြုကြ...
နောက်နှစ်သစ်ကို မကူးခင်… မကောင်းတာတွေ ဖယ်ကာရှားကြ…

မကောင်းတာတွေ ဖယ်ရှားချင်… တောထုတ်ကြတာ မြန်မာဓလေ့…
ရွေးကောက်ပွဲကြီး နီးလာပြီ… တောထုတ်ကြတာ မြန်မာဓလေ့…

မကောင်းဆိုးဝါး အကောင်တွေ… သံပုံးတီးကာ တောထုတ်ကြစို့…
ရွေးကောက်ပွဲကြီး နီးလာပြီ… သံပုံးတီးကာ တောထုတ်ကြစို့…

မကောင်းဆိုးဝါး အကောင်တွေ… သံပုံးတီးကာ တောထုတ်ကြစို့…
သံပုံးတီးကာ တောထုတ်ကြစို့… မကောင်းဆိုးဝါး အကောင်တွေ…

မကောင်းဆိုးဝါး အကောင်တွေ… သံပုံးတီးကာ တောထုတ်ကြစို့…
(သံပုံးတီးသံ ဆူဆူညံညံဖြင့် သံချပ်ကို သိမ်းပါရန်…)


အိုကေ... လှပတဲ့ ကောင်းကင်ပြာပြာ အောက်က သစ်တောရနံ့လေး သင်းမွှေးနေတဲ့ ရွှေပြည်ဝေး သင်္ကြန်မဏ္ဍပ် မှာ ရိုးရာ အတာ သင်္ကြန်ပွဲကို ပျော်ပျော်ပါးပါး ဆင်နွှဲကြရအောင်… သံချပ်ထိုးရင်း၊ သီချင်းဆိုရင်း၊ မုန့်စားရင်း၊ ရေလောင်းရင်း၊ စကားလက်ဆုံ ပြောကြရအောင် သူငယ်ချင်း မိတ်ဆွေတွေ အားလုံး မပျက်မကွက် ဆက်ဆက် အရောက် လာခဲ့ကြစေချင်ပါတယ်…။
See you there...!!




၂၀၀၉ ရွှေပြည်ဝေး သင်္ကြန် သံချပ်များ
၂၀၁၀ ရွှေပြည်ဝေး သင်္ကြန် သံချပ်များ

Thursday, April 7, 2011

Daily Dislikes

နေ့စဉ်ဘဝထဲမှာ ကြိုက်တာတွေ ပြောပြီးတော့ မကြိုက်တာတွေလည်း ပြောအုံးမှ တရားမျှတပေလိမ့်မယ်လို့ အတွေးရတာနဲ့ Daily Dislike - မကြိုက်တာတွေကိုပါ အခုလို ချရေးဖြစ်ပါတယ်…။

• ပိုက်ဆံစုရတာ မကြိုက်ဘူး…

• ပိုးဟပ်နဲ့ ပုရွက်ဆိတ်ကို မကြိုက်ဘူး…

• ဆူဆူညံညံ အသံတွေကို မကြိုက်ဘူး…

• မလိုအပ်တဲ့ ကန့်သတ်ချက်တွေကို မကြိုက်ဘူး…

• ထမင်းစားရတာ မကြိုက်ဘူး… (လုံးဝ မကြိုက်ဘူး…)

• မီးပူတိုက်ရတာနဲ့ ပန်းကန်ဆေးရတာကို မကြိုက်ဘူး…

• စီးရတာ ပေါ့ရွှတ်ရွှတ်နဲ့ ဖိနပ်ပါးပါးတွေကို မကြိုက်ဘူး…

• ပျင်းရင် အတူတူဆော့စရာ ခွေးလေးတကောင်မရှိတာ မကြိုက်ဘူး…

• အဆိုမပါတဲ့ တီးလုံးသံ တင်းတောင် တင်းတောင်တွေကို မကြိုက်ဘူး…

• အသက် ၂၀ ကျော်ပြီးတဲ့နောက်ပိုင်း အရပ် ဆက်မရှည်တော့တာကို မကြိုက်ဘူး…

• ချောကလက်နဲ့ အာလူးကြော်တွေကို အဆက်မပြတ် စားနေချင်တဲ့စိတ်ကို မကြိုက်ဘူး…

• အငွေ့ထွက်တဲ့ အစားတခုခု စားပြီးရင် ဆံပင်မှာ၊ အင်္ကျီမှာ အနံ့တွေစွဲလာတာ မကြိုက်ဘူး…

• မိုးတွေသည်းကြီး မည်းကြီး ရွာနေတုန်းမှာ ဥသြ ဥသြ နဲ့ သံကုန်ဟစ်နေတဲ့ ကိုရွှေဥသြကို မကြိုက်ဘူး…

• တခုခုကို မလုပ်မချင်း နောက်ကနေ Push လုပ်နေတာ၊ Pressure လာပေးနေတာကို မကြိုက်ဘူး…

• တယောက်တည်းကနေ နှစ်ကိုယ်ခွဲ သုံးကိုယ်ခွဲ သရုပ်ဆောင်တတ်တဲ့သူတွေကို မကြိုက်ဘူး…

• ရုံးပတီသီး ခရမ်းသီး ဝက်သားအဆီ စတဲ့ ပျော့စိစိ ခပ်ချွဲချွဲ စားစရာတွေကို မကြိုက်ဘူး…

• စိတ်ထဲက မပါပဲ အပေါ်ယံ ဟန်ဆောင်တာ၊ ဝ မရှိပဲ ဝိ လုပ်တာတွေကို မကြိုက်ဘူး…

• ဖေဖေနဲ့ မေမေ ဘယ်သူ့ကို ပိုချစ်သလဲ ဆိုတဲ့ မေးခွန်းကို မကြိုက်ဘူး…

• အလကားနေရင်း ခေါင်းခဏ ခဏ ကိုက်တတ်တာကို မကြိုက်ဘူး…

• ခုထက်ထိ ပုဂံကို တခါမှ မရောက်ဖူးသေးတာကို မကြိုက်ဘူး…

• မကြိုက်တကာ့ မကြိုက်ဆုံးကတော့ မျက်စိထဲ အမြင်မတော်တာတွေ၊ နည်းလမ်းမကျတာတွေကို မကြိုက်ကြောင်း ဗြောင်ကျကျ ဖွင့်ပြောပစ်လိုက်ချင်စိတ်နဲ့ ပြောချင်တဲ့စကားလုံးတွေကို အားနာပါးနာ (သို့မဟုတ်) ယဉ်ကျေးသမှုနဲ့ မျိုချပစ်လိုက်ရတဲ့ ကိုယ့်လည်ပင်းကို ကိုယ် မကြိုက်ဘူး… (ရည်ရည်လည်လည်ကို မကြိုက်ဘူး…)

ဒီပိုစ့်လေးကို ဘလော့ဂ်နဲ့ မျက်နှာစာအုပ်ပေါ်က စာရေးဖေါ် စာရေးဖက် အပေါင်းအသင်း ရောင်းရင်းများ အားလုံး (အားလုံး) ကို ချစ်ခင်စွာ တက်ဂ်ပါတယ်…။ Daily Likes ရေးပြီးသူများလည်း Daily Dislikes လေးလည်း ဆက်ရေးကြည့်ကြပါအုံး။ ပျော်စရာကောင်းပါတယ်… အနည်းဆုံးတော့ ကိုယ်မကြိုက်တာတွေကို အခုလို ချရေးလိုက်ရတာ စိတ်သက်သာသွားတာပေါ့…။




Wednesday, April 6, 2011

ချစ်ခြင်း၏ အစွန်းများ

Daily Dislike ကို ရေးနေတုန်းမှာ ကြားဖြတ်ပြီး ဒီပိုစ့်လေး တင်ချင်ပါတယ်…။
Invisible လူသားတယောက်ကို အချစ်အကြောင်း ပြောရအောင် ဆိုတဲ့ တက်ဂ်ပိုစ့် ရေးပေးပါလားလို့ ပြောလိုက်လို့ ရေးပေးလာတာပါ…။ စာနဲ့ လိုက်ဖက်တဲ့ ပုံလေးတွေကိုပါ တခါတည်း ပေးလာတာမို့ အတော် အဆင်ပြေသွားတယ်…။ ချစ်ခြင်း၏ အစွန်းများ တဲ့… ဖတ်ကြည့်ပါအုံးနော်…။

*****


ချစ်ခြင်းဆိုတဲ့ အကြောင်းအရာက တကယ့်ကို သိမ်မွေ့နူးညံ့လွန်းတယ်။ တယောက်နဲ့ တယောက် တမိသားနဲ့ တမိသား အကြားအမြင် အတွေ့အထိတွေနဲ့ စွဲလမ်းမှုတွေ တစစ ပွားများဖို့ မဟုတ်လား။ သူ့ကို ကိုယ်လို၊ ကိုယ့်ကို သူ့လို ဖြစ်အောင် ချစ်ကြဖို့ဆိုတာ တကယ်တမ်း လွယ်လင့်တကူ ဖြစ်ပေါ်စေတတ်တာမှ မဟုတ်တာ။ ဒါပေမယ့် အမှန်တကယ် ချစ်တတ်ကြဖို့ကိုတော့ ဘယ်သူကမှ သတိမပြုတတ်ကြပါဘူး။ ချစ်ခြင်းရဲ့ အစွန်းတွေရဲ့နောက်မှာ ကောက်ကောက်ပါရင်း ချစ်ခြင်းကိုပဲ အပြစ်မြင် အပြစ်ဖို့ နေတတ်ကြစမြဲ။

သမုဒယသစ္စာဆိုတဲ့ အစွဲတွေကြောင့် ဒုက္ခသစ္စာဆိုတဲ့ အကျိုးတွေ ဆက်တိုက်ဖြစ်ဖို့ ချစ်ခြင်းဆိုတဲ့ အရာတွေကို နှစ်နှစ်ခြိုက်ခြိုက် ဖန်ဆင်းရင်း အမြဲအသင့်ဖြစ်နေခဲ့ ကြတာပဲမဟုတ်လား…

ကိုယ်တိုင်ရေးတဲ့ အချစ်ဇာတ်လမ်းတွေထက် အများသူငါ သိပြီးဖြစ်တဲ့ ဇာတ်လမ်းတပုဒ်နဲ့ပဲ ချစ်ခြင်းရဲ့ အစွန်းတွေကို ခွဲထုတ်ကြည့်မိတယ်။ တကယ်တမ်းတော့ အချစ်ဆိုတာ ပူလောင်ခြင်းလား အေးမြခြင်းလားဆိုတာ မှန်ကြည့်သူတွေ မှန်ရှေ့ရပ်သလိုမျိုးပါ။ ရာမယဏဇာတ်တော်ဆိုရင် အာရှတိုင်းရင်းသားတွေအတွက် အစိမ်းသက်သက်မဟုတ်တာတော့ သေချာပါတယ်။

ရာမယဏ ဇာတ်တော်ကို အကြမ်းဖျင်း ကြားဖူးနားဝလောက်တော့ သီချင်းတွေ စာတွေ ကဗျာထဲမှာ အမျိုးမျိုး သီကုံးခဲ့ကြတာမို့ပါပဲ။ ဒီဇာတ်တော်ထဲမှာ သနားဖို့အကောင်းဆုံးသူက ဒဿဂီရိပဲ မဟုတ်လား။ သူရဲ့ ဆွေမျိုးညာတိတွေ သူ့ရဲ့အာဏာ နောက်ဆုံး သူ့အသက် အရာအားလုံးကို ဆုံးရှုံးရသည်အထိ ချစ်ပြခဲ့တာ။ ဒါပေမယ့် သူ့ရဲ့ ချစ်ခြင်းကို သူ မထိန်းကျောင်းနိုင်ခဲ့ဘူး။ ချစ်ခြင်းရဲ့ အစွန်းဆိုတဲ့ မျက်နှာအရပ်တွေဆီ ပြေးထွက်ရင်း နောက်ဆုံး အရှုံးတွေ ပူဆွေးခြင်းတွေ ငိုကြွေးခြင်းတွေကို လက်ဝယ်ပိုက်ခဲ့ရတဲ့ သူ့အဖြစ်က အားလုံးအတွက် ဥပမာပြုစရာ လူကြမ်း လူရမ်းကားကြီးရယ်လို့ အပြစ်ဖို့စရာ ဖြစ်စေခဲ့တယ်။

လက္ခဏာရဲ့ အနစ်နာခံစွန့်လွှတ်တဲ့ ချစ်ခြင်းမေတ္တာ။ ဒီမေတ္တာက အေးမြမှုရဲ့ သရုပ်ပါ။ မိမိချစ်ခင်သူရဲ့ စိတ်ချမ်းမြေ့ပျော်ရွှင်မှုကို ဘေးကနေ ကြည့်ရင်း မိမိကိုယ်တိုင် ပီတိသောမနဿဖြစ်စေဖို့ဆိုတာ ခက်ခဲတဲ့ အရာ။ အသွားရှိတဲ့လမ်းပေမယ့် အမှန်စစ်စစ် လျှောက်ဖို့တော့ ခက်တယ်။ ကိုယ်တိုင် ရွေးချယ်ခွင့်ရှိမယ်ဆိုရင်တော့ ဒီလမ်းကို ငြင်းပယ်ဖြစ်မိမယ် ထင်တယ်။ ပိုးဖလံမျိုးဆိုတာ မီးကိုပဲ တိုးတယ်လို့ ဆိုတာကိုး။

သီတာရဲ့ သစ္စာ။
ခုခေတ်အခါထဲမှာ သစ္စာဆိုတဲ့ စကားလုံးကို စာအုပ်တွေထဲမှာပဲ သုံးနှုန်းကြတော့တယ် ထင်ပါတယ်။ မိမိချစ်သူ အိမ်ထောင်ဖက်အတွက် သစ္စာစောင့်သိဖို့ဆိုတာ ယုံတမ်းစကားတွေလို့ ထင်နေမိတယ်။ ချစ်သူဆိုတဲ့အရာမှာတင်ပဲ ထည်လဲအပြိုင် သူနိုင်ကိုယ်နိုင် ကြဲရုံမကဘူး အိမ်ထောင်ဖက် ဖြစ်လာတော့လည်း ဝေးနေလို့၊ ခွဲနေရလို့၊ အနေနီးစပ်သွားလို့ စတဲ့အကြောင်းပြချက် (တကယ်က အကြောင်းပြချက်ဆိုတာ ရှာတတ်တဲ့သူတွေအတွက် အရာ အထောင် အသောင်းမက) တွေနဲ့ ဖောက်လွဲဖောက်ပြန်ခြင်းကို ထမင်းစားရေသောက်လို ကျူးလွန်းတတ်ကြပြန်တယ်။ သူတပါးလက်အောက်မှာ ခြိမ်းလို့ တခါ ခြောက်လို့ တမျိုး ချော့လို့ တသွယ် နည်းမျိုးစုံသုံးပေမယ့် ခိုင်ကျည်တဲ့ မယ်သီတာရဲ့ သစ္စာတရားကိုတော့ ဒီဇာတ်လမ်းမှာ အသိအမှတ် မပြုပဲကို မနေနိုင်ဘူး။ ခုခေတ်ခါမျိုးဆို မယ်သီတာ ဒဿကတော် ခပ်လွယ်လွယ်နဲ့ လုပ်လိုက်မှာ မုချအမှန်ပဲ။

ရာမ ရဲ့ ပူလောင်ခြင်းများ။ ရာမရဲ့ ချစ်ခြင်းတွေက ဒဿလောက်မပြင်းထန်သလို လက္ခဏာလောက်လည်း မအေးချမ်းပြန်ဘူး။ သီတာပါသွားပြီဆိုတဲ့နောက်ကို တကောက်ကောက်လိုက်ရင်း သံသယဆိုတဲ့ ပူလောင်ခြင်းတွေကို ပျိုးယူခဲ့တာ။ သီတာကို ပိုင်ပိုင်ပြန်လည်ရရှိသည့်တိုင် အစွန်းအထင်းရှိခဲ့ဖူးတဲ့ အထည်တခုလို ကြည့်ခဲ့တဲ့ ရာမ ရင်ထဲက ပူလောင်ခြင်းကို ကူးယူခံစားမိတယ်။ တရှိန်ငြီးငြီးနဲ့ပါ။

အထက်က ချစ်ခြင်းတွေအပြင် နောက်ထပ် ညီအစ်ကိုမောင်နှမတွေရဲ့ ချစ်ခြင်းကိုပဲ ဒီဇာတ်ထဲမှာ ထည့်သွင်းဖော်ပြထားပြန်တယ်။ လက္ခဏာရဲ့ အတိုင်းမသိ အစ်ကိုအပေါ်မှာ ပေးဆပ်ခြင်း၊ စောင့်ရှောက်ကာကွယ်ခြင်းတွေက ဒီခေတ်ထဲမှာ ဘယ်လိုမှ အစရှာလို့ မရနိုင်တော့။ အစ်ကိုကလည်း သူ့အတ္တနဲ့ သူ၊ ညီကလည်း သူ့အတ္တနဲ့ သူ မင်းလမ်းမင်းသွား ငါ့လမ်းငါသွားဆိုတဲ့ ချစ်ခြင်းတွေပဲ တွေ့ရတာများပါတယ်။ သုချိပ်နဲ့ ဘာလီလို သူတပြန်ကိုယ်တပြန်သတ်ကြမယ့် ညီအစ်ကိုမောင်နှမတွေ များသည်ထက် များမယ်ထင်ရဲ့။

သေသွားတဲ့သားနှစ်ယောက်အတွက် မိခင်ရဲ့ချစ်ခြင်းမေတ္တာအစွန်းကိုလည်း မြင်တွေ့နိုင်တယ်။ သူသာ ဒဿကို မတိုက်တွန်းခဲ့ရင် ဆိုတဲ့ အတွေးမျိုး တချိန်လုံးတွေးနေမိတယ်။ မိခင်တယောက်ရဲ့ သောကအပူမီးကို ခံစားနားလည်ပေးနိုင်ပေမယ့် အမျက်သိုကလဲ့စားချေဖို့အထိတော့ လိုက်လျောမပေးချင်မိဘူး။ သေသူမရှိတဲ့ အိမ်က မုန်ညင်းဆီ အတောင်းခိုင်းမယ့် လူမရှိတဲ့အတွက် ဒီမိခင် ဒီလိုဖြစ်ရတယ်လို့ပဲ ယူလိုက်ရပါတယ်။

ရာမနဲ့ ဒဿရဲ့ လက်အောက်ခံတွေက သူတို့ရဲ့ အကြီးအကဲအပေါ်ချစ်ခြင်းတွေ။ ခေါင်းဆောင်ရဲ့ နောက်ကို တောက်လျှောက်လိုက်ပါဖို့ ဆိုတာ ခေါင်းဆောင်ရဲ့ အာဏာတည်တံ့မှုပါပဲ။ လက်အောက်ငယ်သားတွေရဲ့ ချစ်ခင်ကိုးစားမှုကို ရမှသာ မိမိသွားလိုတဲ့လမ်း၊ မိမိခင်းလိုတဲ့လမ်းကို ဖြောင့်ဖြောင့်ရောက်မယ် မဟုတ်ပါလား။ ခေါင်းဆောင်ကလည်း ခေါင်းဆောင်ကောင်းပီပီသသနဲ့ လက်အောက်ငယ်သားတွေကို ရင်ဝယ်မခြား ချစ်ခင်ဖို့လည်း လိုအပ်ပါတယ်။

ဇာတ်လမ်း တခုလုံးကို ချစ်ခြင်းဆိုတဲ့ အရာတွေနဲ့ပဲ ထုံမွှမ်းနေခဲ့တာ။ ချစ်ခြင်းတွေမှာ အေးမြတဲ့ချစ်ခြင်းတွေ၊ ရမ္မက်ဆန္ဒတွေနဲ့ ပူလောင်ပြင်းပြတဲ့ ချစ်ခြင်းတွေ၊ ညီကိုနောင်ရင်း ချစ်ခင်ခြင်းတွေ၊ မိဘနဲ့ သားသမီးဆိုတဲ့ ချစ်ခြင်းတွေ အမျိုးစုံ။ ချစ်ခြင်းမေတ္တာတိုင်းမှာ အစွန်းတွေရှိတတ်ပါတယ်။ အစွန်းတွေကို နိုင်အောင် ကိုင်တွယ်ပြီး ပြည့်စုံအေးမြတဲ့ ချစ်ခြင်းတွေ အတိုင်းမသိ များသည်ထက်များ လာခဲ့ရင်ဖြင့် ဒီလောကမှာ အချစ်ဆိုတဲ့ အရာထက် ပိုချိုမြိန်တဲ့ အရာ ရှိတော့မယ် မဟုတ်ပါဘူး……………………


*** Invisible လူသားရေ… စာအတွက်ရော… ပုံအတွက်ပါ ကျေးဇူးနော်…။


Monday, April 4, 2011

Daily Likes

Daily Likes ဆိုတဲ့ ခေါင်းစဉ်နဲ့ ညီမငယ် ရွှန်းမီက တက်ဂ်လာပါတယ်…။ ကိုယ်ကြိုက်တာတွေကို ရေးရမှာ ပျော်တာကြောင့် အခုလို ခပ်မြန်မြန်လေး ချရေးဖြစ်ပါတယ်။ ညီမ ရွှန်းမီရဲ့ Format အတိုင်းပဲ လိုက်ရေးပါတယ်…။

• မနက် အိပ်ရာကနိုးနိုးချင်းမှာ ကော်ဖီနံ့လေး မွှေးနေတာကို ကြိုက်တယ်…

• ဆိုးလိုက်ရင် ထင်ထင်ရှားရှားကြီး ဖြစ်မနေတဲ့ အညိုဖျော့ဖျော့ နှုတ်ခမ်းနီကို ကြိုက်တယ်…

• သီချင်းကျယ်ကျယ်ဖွင့်ပြီး ကားမောင်းရတာကို ကြိုက်တယ်…

• တယောက်တည်း အေးအေးဆေးဆေး တွေးနေရတာကို ကြိုက်တယ်…

• စာရေးတာ၊ စာဖတ်တာနဲ့ ဓါတ်ပုံရိုက်တာ၊ ရိုက်ပြီးသား ဓါတ်ပုံတွေကို ပြန်ကြည့်ရတာကို ကြိုက်တယ်…

• Collection ဆိုတဲ့ စကားရဲ့ အဓိပ္ပါယ်နဲ့ လုပ်ရပ်ကို ကြိုက်တယ်…

• ရှပ်အင်္ကျီ အကွက်တွေကို ဂျင်းဘောင်းဘီနဲ့ တွဲဝတ်ရတာကို ကြိုက်တယ်…

• ရေမွှေးနဲ့ ပိုက်ဆံအိပ်တွေကို ကြိုက်တယ်…

• အိပ်ရာပေါ်မှာ ဖတ်လက်စ စာအုပ်တွေ ပြန့် ပွ ကျဲနေတာကို ကြိုက်တယ်…

• လူတွေကြားထဲ မထင်မရှား နေရတာကို ကြိုက်တယ်…

• အသက်ကြီးပြီး လူကြီးဖြစ်လာတာကို ကြိုက်တယ်… (သိပ်ကြိုက်တယ်…)

• ဆီမပါတဲ့ စားစရာတွေကို ကြိုက်တယ်…

• အေးအေးဆေးဆေး အချိန်ဆွဲနေပြီး Last Minute မှ လုပ်ရတာကို ကြိုက်တယ်…

• အားအားရှိတိုင်း လက်ဆေးရတာကို ကြိုက်တယ်…

• ညဥ့်နက်နက်မှ အိပ်ရတာကို ကြိုက်တယ်…

• လူတရပ်လောက် မြင့်တဲ့ Sound Box တွေကို ကြိုက်တယ်…

• မေမေ ဖေဖေ လို့ ခေါ်ရတာကို ကြိုက်တယ်…

• ဘဝမှာ ကိုယ့်အရှေ့ကနေ မားမားမတ်မတ်ရပ်တတ်တဲ့သူတယောက် ရှိနေတာကို ကြိုက်တယ်…

• တယောက်ယောက် အပြင်သွားတိုင်း “မုန့်ဝယ်ခဲ့နော်..” လို့ မှာရတာကို ကြိုက်တယ်…

• ကိုယ်လုံးခပ်ဝဝနဲ့ လေယာဉ်ပျံကြီးတွေ တိမ်ထဲကို ခေါင်းမော့ပြီး တရှိန်ထိုး တက်သွားတဲ့အချိန်ကို ကြိုက်တယ်…

• သနပ်ခါးတုံးကို သွေးပြီး လိမ်းရတာကို ကြိုက်တယ်…

• လွင့်လွင့်ပျူးပျူး နေရာကျယ်ကျယ်မှာ အသက်ဝဝ ရှုရတာကို ကြိုက်တယ်…

• ကိုယ်ရောက်နေတဲ့ လက်ရှိ နေရာနဲ့ အခြေအနေ၊ ပြီးတော့ ဘာကိုမဆို အကောင်းဘက်က တွေးတတ်ပြီး ကိုယ့်ဘဝကို ကိုယ်တိုင် ကျေနပ်နှစ်သက်နေမိတဲ့ အဖြစ်ကို ကြိုက်တယ်…

တကယ်တော့ အရာရာကို အကောင်းဘက်က ကြည့်မြင်တတ်တဲ့သူတယောက်အတွက် လောကကြီးမှာ ကြိုက်ချင်စရာတွေက တော်တော်များပါတယ်…။ ဒီပိုစ့်လေး ရေးခွင့်ရလို့ ညီမ ရွှန်းမီကို ကျေးဇူးတင်တယ်…။

တက်ဂ်ပိုစ့်တွေ ရေးပြီးတိုင်း စာရေးဖေါ်တချို့ကို ဆက်တက်ဂ်ရတာကိုလည်း ကြိုက်တဲ့အတွက် ကိုအောင်သာငယ်၊ ကိုအောင် (ပျူနိုင်ငံ)၊ ကိုသားငယ်၊ ကိုကြီးကျောက် နဲ့ ကိုညီလင်းသစ် ရယ်… စာမရေးတာကြာနေတဲ့ ကိုပေါ နဲ့ ကလူသစ် ရယ်ကို တက်ဂ်ပါတယ်…။ ပြီးတော့ ညီမ ပန်ပန် နဲ့ ကေ၊ သူငယ်ချင်း တန်ခူး၊ တီတီဆွိ၊ စုချစ်၊ သိင်္ဂီ၊ ချစ်ကြည် နဲ့ ညီမ Rose of Sharon၊ Rose (အမှတ်တရ နေရာလေး တခု)၊ Sunny၊ မိုးပန်းချီ၊ ဆုမြတ် နဲ့ စုလတ် တို့ကို တက်ဂ်ပါတယ်…။ ကြိုက်တာတွေ အများကြီး ရှာဖွေ တွေ့ရှိနိုင်ကြပါစေ…။



စာကြွင်း - ကိုယ် ကြိုက်တာတွေ ပြောပြီးတော့ ကိုယ် မကြိုက်တာတွေကိုလည်း ပြောပြချင်လို့ Daily Dislikes ကို ဆက်ရေးနေပါတယ်…။