Monday, August 31, 2009

ဒီက စပြီး ရှေ့ကိုဆို...

ကိုယ့်စိတ်ကပဲ ထင်နေလို့လား၊ ကိုယ်တိုင်ကပဲ အရာတော်တော်များများကို ငြီးငွေ့နေလို့လား၊ လူက နေသိပ်မကောင်းလို့ပဲလား မသိဘူး… အခုတလော ကိုယ်အပါအဝင် ကိုယ့်အနီးအနားက လူတွေကို ကြည့်ရတာ အကုန်လုံး နေ့စဉ်ဘဝတွေမှာ ငြီးငွေ့နေကြသလိုပဲ ခံစားရပါတယ်။ ဘလော့ဂ်တွေမှာလဲ ရေးထားတဲ့ အကြောင်းအရာတွေကလဲ Virtual World ထဲကနေ အပြင်လောကကို ရုန်းထွက်နိုင်ကြဖို့ တို့၊ အချိန်ရှိသ၍ ကွန်ပျူတာရှေ့မှာ မျက်နှာအပ်ထားကြမယ့်အစား လက်ချင်းအတူတူတွဲလို့ လမ်းလျှောက်ထွက်ကြဖို့ တို့၊ အဲ… လူအဖြစ်ကို ငြီးငွေ့နေပြီ ဆိုသူတောင် ပါလိုက်သေး...။

ကိုယ်တိုင်ကလဲ အဲဒီ Virtual World ထဲမှာ အချိန်ပေးတာတွေများပြီး ကိုယ့်ကိုယ်ကိုယ် ပြန်လည် သုံးသပ်ဖို့ အချိန်တန်ပြီလို့ ယူဆမိတဲ့အချိန်… ဘာတွေကို ဘယ်လိုလျှော့ချရမလဲဆိုတာ ဆုံးဖြတ်မှ ဖြစ်တော့မယ်ဆိုတဲ့ အချိန်… ဒီအချိန်မှာ ကိုယ့်ရဲ့ လက်ရှိအနေအထားကို ပြန်တွေးကြည့်နေမိတယ်…။

ကိုယ့်မှာ ကိုယ် အလွန်ချစ်ခင်စုံမက်ရတဲ့ ဘလော့ဂ်လေး တခုရှိတယ်…။ မိတ်ဆွေအပေါင်းအသင်းတွေနဲ့ မကင်းကွာစေဖို့ လူတိုင်းနည်းတူ ခေတ်မှီစေဖို့ မျက်နှာစာအုပ် နှစ်ခုရှိတယ်။ အဲဒီ မျက်နှာစာအုပ်ထဲမှာမှ ကိုယ်မလာရင် ပျင်းပျင်းလေးနဲ့ ကိုယ့်ကို မျှော်နေတတ်တဲ့ မျက်လုံးတောက်တောက် ဆံပင်ဖွာဖွာနဲ့ ချစ်စရာ Pet ကလေးတကောင် ရှိတယ်။ သစ်ပင်ပန်းပင်တွေ စိုပြေလန်းဆန်း ဝေဝေဆာဆာ သီးပွင့်နေတဲ့… နွား၊ မြင်း၊ ဝက်၊ ဆိတ်၊ ဘဲ ၊ ကြက်… အစရှိတဲ့ အကောင်လေးတွေ အော်ဟစ်မြည်ကြွေးနေတဲ့ ခြံကလေး တကွက်ရှိတယ်…။

အဲဒါတွေ အားလုံးထဲမှာ ဘလော့ဂ်လေးကတော့ ကိုယ် အမြတ်နိုးဆုံး အရာတခုလို့ ပြောရမှာပါ… သူက သိပ်လိမ်မာတယ်လေ၊ ကိုယ်မလာရင်လဲ သူ့ဟာသူပဲ တိတ်တိတ်လေး နေတတ်တယ်…။ ကိုယ့်ကို ရန်မလုပ်တတ်ဖူး၊ သူငယ်ချင်း မိတ်ဆွေလေးတွေ လာလည်ကြ၊ နှုတ်ဆက် စကားပြောသွားကြရင် သူက ကျေနပ်နေတာပဲလေ…။ ကိုယ့်ကို ဆန္ဒမပြတတ်ဖူး ဆိုပါတော့…။

မျက်နှာစာအုပ် နှစ်ခုကတော့ ကိုယ်နဲနဲ လှုပ်ရှားလိုက်ရင် သူကလဲ ပြန်လှုပ်ရှားတတ်တယ်။ ကိုယ်ငြိမ်နေရင်လဲ သူက အေးအေးဆေးဆေးပဲ နေတတ်တယ်ပေါ့။ သူ့ကို ကြည့်ရုံပဲကြည့်… သက်တောင့်သက်သာနဲ့ ပေါ့ပေါ့ပါးပါး အသုံးချရင် အသုံးချသလိုနေမယ့်.. တနည်းအားဖြင့်တော့ ကိုယ်ထားသလိုနေမယ့် အရာတခုလို့ ဆိုနိုင်ပါတယ်…။ ကိုယ့်အပေါ်မှာပဲ မူတည်နေတယ်…။

အဲ... တကယ့် ပြဿနာက အခုမှ စတယ်…။
ကိုယ် မျက်နှာစာအုပ်ပေါ်မှာ မွေးထားတဲ့ အကောင်လေး တကောင်ရှိတယ်လေ...။ တခါက သူ့အကြောင်း ပိုစ့်တောင် ရေးဖူးပါသေးရော…။ သူလေးကတော့ နဲနဲပညာပြတတ်လေတယ်။ သူ့အနားမရောက်တာကြာရင် ညစ်ပတ်နေပြီ၊ ရေချိုးပေးအုံး ဆိုတာက တမျိုး၊ ပျင်းနေပြီ၊ ဘောလုံး ဆော့ပေးပါအုံး ဆိုတာက တသွယ်… ဗိုက်ဆာနေပြီ မုန့်ကျွေးပါအုံး ဆိုတာက တဖုံ… သနားစရာ ချစ်စရာ မချစ်ပဲ မနေနိုင်လောက်အောင် ဆိုးတတ်တယ်။ ဒီလိုနဲ့ပဲ သံယောဇဉ်တွေ တွယ်တာနေတာလေ။ ဘာမှမဟုတ်တဲ့ Virtual World ထဲက Petကလေး တကောင်ကို ဒီလောက်တွယ်တာနေတာ ကိုယ်များ တခုခု လွဲမှားနေလေရော့သလားလို့ ဆိုရအောင်ကလဲ ကိုယ့်လို အကောင်လေးတွေ မွေးထားတဲ့သူတွေက ကိုယ့်ရဲ့ သူငယ်ချင်း စာရင်း ထဲမှာ တသီတတန်းကြီး…။

နောက် ဆတ်ဆတ်ဆော့ဆော့ လုပ်မိတဲ့အရာတခုကတော့ FarmVille ပါ။ အမှန်ကတော့ တော်တော်လေးကို ပျော်စရာကောင်းတာနော…။ အဟုတ်... အဟုတ်... အကောင်လေးတွေမွေး အပင်လေးတွေစိုက်၊ သီးပွင့်လာရင် ရိတ်သိမ်း ရောင်းဝယ် ဖေါက်ကား၊ တိုးချဲ့…။ တော်တော်လေး အကုသိုလ် ကင်းတဲ့အလုပ်တခုလို့ သူငယ်ချင်းတယောက်က တွေးတွေးဆဆလေး ပြောလာပြန်တယ်။ ဟုတ်တော့ ဟုတ်တယ်။ အဲဒါကို သွားစ လိုက်မိလေတော့ ကိုယ်လဲ အဲဒီအထဲမှာ လုံးလုံးလျားလျား နစ်မြော ပျော်ဝင်သွားတယ်ပေါ့…။ ကိုယ် အားမယ့်အချိန်နဲ့ အသီးအပွင့် သီးပွင့်လာမယ့် အချိန်နဲ့ တွက်ပြီး စိုက်စရာ အပင်လေးတွေရွေး၊ ဘယ်ဟာကိုစိုက်ရင် အမြတ်များများ ကျန်နိုင်ပါ့မလဲ တွက်ချက်… ကိုယ့်ရဲ့ ခြံကလေးကို အလှအပ ပြင်ဆင်…။ စိုက်ခင်းလေးတွေကို ညီညီညာညာ စီတန်းပြီး စိုက်ပျိုး… စိတ်ချမ်းသာစရာ ကောင်းတာတော့ အမှန်ပါပဲ…။ သူများတွေစိုက်ခင်းမှာ ဘာပင်တွေများ စိုက်ပျိုးထားကြသလဲ… ဘယ်သူကတော့ဖြင့် လယ်ထွန်စက်တောင် ဝယ်ပြီးသွားပြီ… လက်မှုလယ်ယာကနေ စက်မှုလယ်ယာခေတ်ကို တိုးတက် ပြောင်းလဲရအောင် ကိုယ်လဲ ထွန်စက် ဝယ်အုံးမှ… ဒီလိုတွေ တွေးတော တွက်ချက် ကြံစည်ရင်း အချိန်တွေကတော့ ဘာကုန်သလဲ မမေးပါနဲ့…။ မနေ့ညက သူငယ်ချင်းတယောက်နဲ့ လမ်းမှာတွေ့တော့ သူက ဘယ်လိုနှုတ်ဆက်တယ် ထင်သလဲ... "အော... လယ်ထဲက တက်လာပြီလား" တဲ့... (ရှက်ထှာ...) ဘယ်အရာမဆို စူးစမ်းချင်စိတ်နဲ့ ထီကနဲဆို သွား စ မိတဲ့ ကိုယ့်အပြစ်တွေပေါ့…။

အဲဒါတွေ… အဲဒါတွေကြောင့် အခုတော့ အချိန်တွေကုန်၊ လူလဲ အမြဲတမ်း ပင်ပန်းနေသလိုဖြစ်ပြီး ဒုက္ခတွေ ရောက်နေပါရောလား… စာရေးစရာ စာဖတ်စရာ အချိန်တွေလဲ သူတို့က နှုတ်ယူသွားကြတယ်။ ရုပ်ရှင်ကြည့်စရာ အချိန်တွေကိုလဲ သူတို့ ခွဲယူသွားကြတယ်။ သီချင်းကိုလဲ ဖွင့်သာထားတယ် နားထဲ မဝင်။ စားနေတာတွေလဲ ပါးစပ်ထဲကနေ ဝင်သာသွားတယ် အရသာ မသိ…။ ဒါတောင် သူငယ်ချင်းတွေ အပေါင်းအသင်းတွေနဲ့ G Talk မှာ စကားစမြည်ပြောဆိုတဲ့ အချိန်တွေ၊ စာစီ စာရိုက်လုပ်တဲ့ အချိန်တွေ မပါသေးဘူးနော်…

သည်လိုဆိုရင် ကိုယ်ဘာလုပ်ရမလဲ…
တဖြည်းဖြည်းချင်း လျှော့ချဖို့ တယောက်က အကြံပေးလာတယ်။ နောက်တယောက်ကတော့ သံယောဇဉ်တွေ ကြောင့် သံသရာရှည်ပါတယ် တဲ့… တိ ကနဲ နေအောင် အပြတ်သာ ဖြတ်ချလိုက်တဲ့..။ (သူကတော့ သံယောဇဉ် တကယ်ပြတ်လို့ ဘလော့ဂ်လေးတောင် ပိတ်သွားလိုက်ပြီလေ)။ နောက်တယောက်ကတော့ တိ ကနဲ ဖြတ်လိုက်ရင် အရက်သမားလို ဂွိ ကနဲ ဖြစ်သွားမယ်...။ ဆေးလိပ်သမားတွေလို မျှင်းပြီးတော့ ဖြတ်... ဆိုပဲ…။ ညီမလေး တယောက်ကတော့ ဘယ်ဟာမှ မဖြတ်ပါနဲ့တဲ့ နှမြောစရာ တဲ့…။ နောက်ညီမလေး တယောက်ကတော့ သီချင်းလေး ဆိုပြလာတယ်… "အားလုံးကို ပြတ်သွားအောင် မင်းဖြတ်ရင် ဖြတ်… ဒါမှမဟုတ်ရင် မင်း ငါ့ကိုဖြတ်…" တဲ့။ ဘုရားရေ… ခက်တော့ နေပါပြီ... ဘယ်ဟာကို ဘယ်လိုဖြတ်ရပါ့…။

နောက်ဆုံးမှာတော့ ကိုယ့် ဘလော့ဂ်လေးကို ဘယ်နည်းနဲ့မှ မဖြတ်နိုင်တာကြောင့် မွေးထားတဲ့ အကောင်လေးရယ် စိုက်ပျိုးထားတဲ့ ခြံကလေးရယ်ကို စိတ်မကောင်းခြင်းကြီးစွာနဲ့ ဖြတ်လိုက်တော့မယ်လို့ ဆုံးဖြတ်လိုက်တယ်။ အကောင်လေးကို ဆက်မကစားတော့ဘူးဆို သူ့ကို မကျွေးမမွေးပဲ၊ ဂရုမစိုက်ပဲ ဒီအတိုင်း ပစ်ထားလိုက်ရင် ငရဲတွေ ဘာတွေတော့ မကြီးတန်ကောင်းပါဘူးလေ လို့ ကြောင်တောင်တောင် အတွေးမျိုးလဲ တွေးမိပါတယ်။ အပင်တွေကတော့… အင်း.. ရိတ်သိမ်းချိန်မှာ မသိမ်းနိုင်ရင် နွမ်းခြောက်ကုန်ကြမှာပေါ့နော်… အပြစ်တော့ မရှိတန်ကောင်းဘူးလို့ ထင်ရတာပဲ…။ မတတ်နိုင်ဘူးလေ… ဒီလိုမှပဲ ဖြစ်တော့မယ်..။

ဒီက စပြီး ရှေ့ကိုဆို…
မျက်နှာစာအုပ်မှာ မွှေနှောက်နေတဲ့ အချိန်တွေမှာ သီချင်းနားထောင်၊ သူငယ်ချင်းတွေနဲ့ အပြင်လောကမှာ တွေ့ဖို့ ဆုံဖို့ အချိန်တွေပိုပေး၊ Pet နဲ့ကစားနေကျ အချိန်တွေမှာ စာရေး စာဖတ်၊ ရုပ်ရှင်ကြည့်၊ ဒါမှမဟုတ် အိမ်ထဲမှာ အလှမွေးလို့ရတဲ့ ရွှေငါးလေးတွေကို အစာကျွေး၊ FarmVille မှာ သစ်ပင်စိုက်တဲ့ အချိန်တွေမှာ သူနဲ့အတူ တယောက်လက်ကို တယောက်ကတွဲလို့ လမ်းလျှောက်ရင်း အပန်းဖြေ၊ ကော်ဖီတခွက်စီနဲ့ စကားတွေပြော၊ ဒါမှမဟုတ် အိမ်တွင်းစိုက်တဲ့ သစ်ပင် စိမ်းစိမ်းလေးတွေ၊ ပန်းပင်လေးတွေ စိုက်၊ ရေမှန်မှန်လောင်း… အဲဒီလိုလေး လူနေမှု ပုံစံသစ်ပြောင်းပြီး နေကြည့်မယ်လို့ ကိုယ် စဉ်းစား ဆုံးဖြတ်လိုက်တယ်…။

ကိုယ် ပျော်မယ် လို့ ထင်ပါတယ်…။



စာကြွင်း ။ ။ အမ မခင်မင်းဇော်ရေးထားတဲ့ တို့တူတူ လက်ချင်းတွဲလို့လေ ပိုစ့် နှင့် မကေ ရေးထားတဲ့ မျက်နှာများ ထဲက... မျက်နှာတွေ ပိုစ့် နှစ်ခုကို ဖတ်အပြီး Virtual World ထဲက နဲနဲဖြစ်ဖြစ် ရုန်းထွက် လွတ်မြောက်ချင်သော စိတ်အတွေးနှင့် ဆက်တွေးမိသမျှ ရေးထားခြင်းဖြစ်ပါသည်။

Friday, August 28, 2009

မာနကြီးသော နှင်းဆီနီ



ဒီနေ့မနက်စောစော နှင်းဆီနီတပွင့်အကြောင်း စဉ်းစားမိသည်။ ထိုမှတဖန် ချစ်ခြင်းမေတ္တာ နှင့် နှင်းဆီနီ… မည်သို့ ပတ်သက် ဆက်စပ်နေသနည်း ဟု ဆက်၍ စဉ်းစားမိသည်။ ပင်ကိုယ်သဘာဝအရ တင့်တယ် စိုပြေသော အရောင်၊ စွဲမက်ဖွယ် လှပသော အဆင်း၊ ရုန်းမထွက်နိုင်အောင် မွှေးပျံ့သော ရနံ့၊ တည်ကြည် ခိုင်မြဲသော ဟန်ပန် တို့နှင့်အတူ မာနတရားကိုပြသော ဆူးကလေးများစွာ ပါဝင်လေသော ထို နှင်းဆီ…။ နှင်းဆီသည် ချစ်ခြင်းကိုပြသော သင်္ကေတ တခုဟု ယူဆကြပါလျှင် ထိုချစ်ခြင်းသည် အရောင် အဆင်းအားဖြင့် လှပခြင်း၊ ရနံ့မွှေးပျံ့ခြင်း၊ တည်ကြည်ခိုင်မြဲခြင်း တို့နှင့်အတူ ဆူးများဝိုင်းရံသော မာနတရားလဲ မလွဲမသွေ ပါဝင်နေလိမ့်မည် ဟု ကောက်ချက်ချမိပါသည်။

မည်သို့သော မာနမျိုးမျှ မရှိလောက်ဟု ကိုယ်တိုင် အသေအချာ နားလည် ယုံကြည်ခဲ့ရသူ ကိုယ်တိုင် ချစ်ခင်စုံမက်လှစွာ စိတ်တိုင်းကျ ရွေးချယ်ထားခဲ့သော ကိုယ့်နှင်းဆီဦးတွင် ဘယ်သူနှင့်မျှမတူသော ထက်မြက် ပြတ်သား တင်းမာသော မာနတရားတခု ရှိနေကြောင်းကို ထင်ထင်ရှားရှား သိရှိ တွေ့မြင်လိုက်ရသော ဟိုးခပ်ဝေးဝေးက နေ့တနေ့ အကြောင်းကို ပြန်တွေးမိတိုင်း ကိုယ့်နှလုံးသားကို ချွန်ထက်သော နှင်းဆီဆူးများ အစင်းပေါင်းများစွာ ပြိုင်တူ နစ်ဝင်သကဲ့သို့ လတ်ဆတ် နာကျင်စွာ ခံစားနေရဆဲ ဖြစ်ပါသည်။ ထိုနေ့က သူကိုယ်တိုင် ရေးပြီး ကျောင်းရှေ့ ခရေပင်တန်းအောက်တွင် ကိုယ့်လက်ထဲသို့ သူကိုယ်တိုင် ထည့်ပေးခဲ့သော စာအုပ်ထဲမှ တကြောင်းတည်းသော စာလေးကိုလဲ ယနေ့ထက်တိုင် ကိုယ်ကောင်းကောင်း မှတ်မိ မြင်ယောင်နေပါသေးသည်။

ထိုနေ့ကအကြောင်းကို ပြန်စဉ်းစားလိုက်တိုင်း စာရွက် ဖြူဖြူပေါ်တွင် စိုလက်နေသော မင်အနက်ရောင်ဖြင့် “သူငယ်ချင်းလို့ပဲ ဆက်၍ ခေါ်မည်...” ဟုရေးပြီး ကိုယ့်နာမည် အပြည့်အစုံကို လက်ရေးခပ်ကြီးကြီးဖြင့် ရေးထားသော သူ့စာသည် ကိုယ့်မျက်စေ့အောက်သို့ အခု လောလောလတ်လတ် ပြန်လည်ရောက်ရှိလာသလို ယနေ့တိုင် ခံစားနေရဆဲ...။ ကိုယ်တို့ နှစ်ယောက်၏ အကြောင်းကို အစ အဆုံးသိသော သူငယ်ချင်းတချို့က ပြောလာကြသည့် ကောက်ချက်များအရကတော့ ထိုအဖြစ်တွေသည် သူ့မာနကို ထိပါးစေသော၊ မဆင်မခြင်ပြောခဲ့သော ကိုယ့် စကားတခွန်းကြောင့်ပင် ဖြစ်သည်တဲ့...။

အို... ကိုယ်က တမင် ရည်ရွယ်ခဲ့ခြင်း မရှိသော်လည်း ကိုယ့်စကားက သူ့ကို ထိထိခိုက်ခိုက် နာကျင်စေခဲ့သည်ကိုး။ ကိုယ်က မထင်မှတ်ပဲ နှုတ်လွန်ကာ စကားပြော မှားခဲ့လေသည်ကိုး။ ထိုအခါ သူ့နှုတ်ဖျားမှ ချစ်စကားလေးတခွန်းဖြင့် လှပစွာ စတင်ခဲ့သော ကိုယ်တို့နှစ်ယောက်၏ အချစ်မှတ်တမ်းလေးတခုသည် သူ၏ စကားလေးတခွန်း (အမှန်ကတော့ စာလေး တကြောင်းပါ) ကြောင့်ပင် လွင့်စင် ပျက်ပြယ်သွားခဲ့ပြီကော...။ ပြန်လည် ပြင်ဆင်ခွင့်လဲ မပေးနိုင်တော့ပြီ ဟု သူငယ်ချင်းတယောက်မှ တဆင့် ပြတ်တောက်သော စကားလူကြုံလဲ ပါးခဲ့သေးသည်လေ။ ကိုယ့်စိတ်တွေ အလွန်တရာထိခိုက် ကြေကွဲခဲ့သော်လည်း ကိုယ်ပြုံးနေခဲ့ပါသည်။ ကိုယ် သူ့ကို ချစ်သည်ပဲ။ အရာရာသည် သူ့ဆုံးဖြတ်ချက်အတိုင်းသာ ရှိစေရမည်ပေါ့။ ကိုယ် ကျေနပ်ပါသည်...။

သည့်နောက်တော့ ကိုယ်တို့ချင်း ဝေးကွာခဲ့ကြရသည်။ သို့သော်လည်း တကယ့် တကယ်မှာ သိပ်မဝေးကွာလှသော ပတ်ဝန်းကျင် အသိုင်းအဝိုင်းတို့ကြားတွင် တယောက်အကြောင်းကို တယောက်က မစုံစမ်း မမေးမြန်းသော်လည်း သူ့အလိုလို ကြားသိနေကြရပြန်သည်။ ထားလိုက်ပါတော့လေ...။ သည်လိုနှင့် နှစ်အနည်းငယ်ကြာသောအခါ သူငယ်ချင်းတယောက်က သူ့အကြောင်း သတင်းတပုဒ်ကို သယ်ဆောင်လာခဲ့သည်။ မာနတရားကို ထိပါးသောကြောင့် ကိုယ့်ကို ချန်ထားရစ်ခဲ့သော်လည်း ကိုယ့်အပေါ်တွင် အချစ်တွေကဖြင့် မပြယ်၊ တရက်တနေ့မှလဲ မေ့မရပါပြီ တဲ့... သူ့ကို ခွင့်လွှတ် လက်ခံစေရန် ကိုယ့်ကို ပြန်တောင်းပန် လိုပါသည် တဲ့...။ ဘုရားရေ... နှစ်တွေ ဒီလောက်ကြာလာကာမှ သူက ကိုယ့်ကို တောင်းပန်ချင် သတဲ့လား...။ ကိုယ် အပြုံးတဝက်နှင့် ခေါင်းကို အသာ ခါယမ်းလိုက်မိသည်။

ကိုယ်အတွက် အရယ်ရဆုံး ပျက်လုံးတခုဖြစ်ပေလိမ့်မည် ဟုဆိုကာ ထိုသတင်းကို သယ်ဆောင်လာသော သူငယ်ချင်းသည် ကိုယ့် မျက်နှာအမူအယာကို အဖတ်တတ်ဆုံးသော၊ ကိုယ့်ကို နားအလည်ဆုံးသော၊ ကိုယ်နှင့် သူ့အကြောင်းကို ကကြီးမှ အ အထိ သိထားသော ကိုယ့်ငယ်ပေါင်း အချစ်ဆုံး သူငယ်ချင်း တယောက်ဖြစ်ပါသည်။ ကိုယ်ဘာမှ ပြန်မပြောရသေးခင်မှာပင် “အေး... နင် ဘယ်လိုမှ လက်မခံနိုင်ဘူးဆိုတာ ငါသိပါတယ်... ဒီကောင်က တဆိတ်တော့ လွန်လွန်းတယ်၊ စိတ်ချ… နင့်ရှေ့ကို သူပြန်မရောက်လာစေရဘူး... ဒီကိစ္စ ငါ ကြည့်ရှင်းလိုက်မယ်...” ဟု ဆိုကာ ပြောပြောဆိုဆိုနှင့် ကျောပိုးအိပ် အညိုရောင်လေးကို ဆွဲကာ စိတ်မြန်လက်မြန် ထ ထွက်သွားသော သူငယ်ချင်းကို ကိုယ် တားမည်ဆိုလျှင် အချိန်မှီ နိုင်သော်လည်း... “လူတယောက်က သင့်အပေါ်တွင် တကြိမ်မှားမိလျှင် ထိုအမှားသည် သူ့အမှားဖြစ်သည်၊ နှစ်ကြိမ် အမှားခံရပါက ထိုအမှားသည် သင့်အမှားသာလျှင် ဖြစ်သည်” ဟူသော စကားကို စိတ်ထဲတွင် စွဲနေအောင် အကြိမ်ကြိမ် အထပ်ထပ်ရေရွတ်ကာ သူငယ်ချင်းကို တားဖို့ မကြိုးစားတော့ပဲ မျက်စေ့တဆုံး ငေးကြည့်ပြီး ထိုနေရာမှာ ငြိမ်သက်စွာ ခြေစုံရပ် ကျန်နေခဲ့မိပါသည်။

အဲဒီ ညနေက ဘာလုပ်ရမှန်း မသိ၊ တယောက်တည်း ယောင်လည်လည်၊ ပြီးတော့ ကြောင်တောင်တောင်နိုင်လှစွာဖြင့် လှည်းတန်းဈေးထဲဝင်ကာ စိုလက် တောက်ပနေသော နှင်းဆီ အနီရဲရဲ တစည်းကိုဝယ်မိပါသည်။ ပြီးတော့ စုစုပေါင်း အပွင့် ဆယ်ပွင့်ပါသော နှင်းဆီအစည်းကို ဖြည်ကာ အလှပဆုံး အရဲရင့်ဆုံးဟု ဖာသာ ကောက်ချက်ချမိသော နှင်းဆီတပွင့်ကို ရွေးယူ၍ ကျန်ကိုးပွင့်ကို ဈေးသည်ထံ ပြန်လည် ကမ်းပေးလိုက်မိပါသည်။ နှင်းဆီ ဆယ်ပွင့်ဖိုး ပိုက်ဆံပေးပြီး တပွင့်သာ ယူဆောင်သွားသော ကိုယ့်ကို နားမလည်နိုင်စွာ ခပ်ကြောင်ကြောင် ငေးကြည့်နေသော ဈေးသည် ကောင်မလေးကို ကြည်ကြည်လင်လင် ပြုံးပြရင်း၊ နှင်းဆီနီတပွင့်ကို ကိုင်ဆောင်ကာ ကိုယ် ပေါ့ပါးစွာ လှည့်ထွက်ခဲ့ပါသည်။ ထိုညက ကိုယ့်အိပ်ရာဘေးတွင် ထိုနှင်းဆီနီလေးကို တင်ထားရင်း နှင်းဆီ၏ တိမ်းမူးဖွယ် ရနံ့ကြားမှာ ကိုယ် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့ပါသည်။

သူငယ်ချင်းတွေကြား မိတ်ဆွေတွေကြား အထူးသဖြင့်တော့ ချစ်သူနှစ်ယောက်ကြားတွင် မရှိသင့်သော မထားသင့်သော ထိုမာနတရားကို ရှေ့တန်းတင်ခဲ့သော သူ့ကို ကိုယ် တကယ်ပဲ မမုန်းတီး မခါးသီး မနာကျင်နိုင်ခဲ့ပါ။ နှင်းဆီနီတပွင့်နှင့်တူသော သူ၏ချစ်ခြင်းကို ကိုယ် ကြိုးစားပြီး နားလည်ပေးချင်ပါသည်။ ကမ္ဘာပေါ်ရှိ နှင်းဆီပွင့်တိုင်းသည် အသွေးအရောင်အားဖြင့် မတူညီစွာ ကွဲပြားနိုင်သော်လည်း သူတို့အားလုံးတွင် တူညီသော မာကျော ချွန်မြ ထက်ရှသော ဆူးများ ပါနေသည်ကိုတော့ဖြင့် မည်သူမျှ မငြင်းနိုင်ပြီပဲ။ ထို့ကြောင့် နှင်းဆီကဲ့သို့ အရောင် အဆင်းအားဖြင့် လှပခြင်း၊ ရနံ့မွှေးပျံ့ခြင်း၊ တည်ကြည်ခိုင်မြဲခြင်း တို့နှင့်အတူ ဆူးများဝိုင်းရံသော မာနတရားလဲ မလွဲမသွေ ပါဝင်နေမည်မှာ သေချာလှသော သူ၏ နှင်းဆီနှင့်နှင့်တူသော ချစ်ခြင်းကို ကိုယ် ပြန်လည်လက်ခံနိုင်စွမ်း မရှိတော့သည်ကိုလဲ သူ... ကိုယ့်ကို ခွင့်လွှတ်စိတ်ဖြင့် အတတ်နိုင်ဆုံး ကြိုးစား နားလည်နိုင်ပါစေ ဟု ကိုယ် ဆုတောင်းနေမည် ဖြစ်ပါသည်။



(ကိုရွာသားလေး Tag ထားသောကြောင့် ဤပိုစ့်ကို ရေးပါသည်။ တသီတတန်းကြီး Tag ထားသောအထဲတွင် ကိုယ့်ကို မေ့လျော့မသွား၊ ကျော်မသွားပဲ သတိတရ ရှိသော ကိုရွာသားလေးကို ကျေးဇူးတင်ပါသည်။ သူလိုချင်သော Theme မှ လွဲချော် ထွက်မသွားရလေအောင် အတတ်နိုင်ဆုံး ကြိုးစားထားပါသည်။ သူ Tag ထားသော ပိုစ့်ကို ရေးရသည့် အတူတူ မထူးဘူး ဟုတွေးကာ ရေးရကျိုးနပ်သွားအောင် သူ့ နှင်းဆီပန်း ဓါတ်ပုံကိုပါ ယူသုံးထားလိုက်သေးသည်။ ထိုအတွက်လဲ ကိုရွာသားလေးကို ကျေးဇူး နောက်တခါ ထပ်တင်ပါသည်။)

Sunday, August 16, 2009

သတိရနေသည်...

အစိမ်းရောင် အစက်ကလေးရေ…
ကိုယ်တို့ မတွေ့ရတဲ့ရက်တွေ တော်တော်လေး များနေပြီနော်။ စိမ်းစိမ်း ဝိုင်းဝိုင်း အစက်ကလေးကို ခါတိုင်းလို တွေ့နေကျအချိန်တွေမှာ မတွေ့ရတော့ ကိုယ် တော်တော် သတိရနေတာပါ။ ဒီလိုနဲ့ မတွေ့ရတဲ့ရက်တွေ တဖြည်းဖြည်း များလာတော့ သူ ဘာဖြစ်လို့ ပျောက်နေတာလဲ... နေကောင်းရဲ့လား... အစစ အရာရာ အဆင်မှပြေရဲ့လား… အလုပ်တွေများပြီး စိတ်တွေများ ပင်ပန်းနေသလား… အဲဒီလိုတွေ ပူပူပန်ပန် လျှောက်တွေးနေမိတယ်…။ နေရာဒေသတွေရဲ့ အချိန် ကွာခြားချက်တွေကြောင့် တွေ့ကြရတဲ့ အချိန်တွေ နည်းပါးပေမယ့် ရသမျှအချိန်လေးတွေမှာ ရောက်တတ်ရာရာ ပေါ့ပေါ့ပါးပါး စကားတွေ စိတ်တူ ကိုယ်တူ ပြောဖြစ်ကြတာ တကယ့်ကို အမှတ်ရစရာပါ။

ဒါတင် ဘယ်ကမလဲ…။
ခင်မင်ရင်းနှီးလာတဲ့ အချိန်တွေ ရှည်ကြာလာတာနဲ့အမျှ သံယောဇဉ်တွေလဲ ပိုတိုးလာခဲ့ကြတယ်လေ…။ တယောက်အကြောင်း တယောက် ဘာမှ သိပ်သိစရာမလိုဘူးလို့ အရင်က နားလည်ထားတာ… အခုလို ရင်းနှီးကျွမ်းဝင်လာကြတဲ့ အခါမှာတော့ အားလုံးသော အသေးစိတ် အကြောင်းအရာတွေဟာ ကိုယ်တို့အတွက် အရေးတကြီး အကြောင်းအရာတွေ ဖြစ်လို့နေခဲ့ပါရောလား…။ ဆက်သွယ်ရေး နည်းပညာတွေ သိပ်တိုးတက် ထွန်းကားနေတဲ့ ခေတ်ကြီးထဲမှာ ကိုယ်တို့နှစ်ယောက်ဟာ အဲဒီဆက်သွယ်ရေး နည်းပညာတွေကို အပြည့်အဝ အသုံးချပြီး မိုင်ပေါင်းများစွာ အဝေးကြီး ဝေးနေတဲ့ ခရီးတာတွေကို တကယ်ကို နီးနီးလေး ဖြစ်သွားအောင် ချုံ့ပစ်နိုင်ခဲ့ကြတယ်နော်…။ သူရော ကိုယ်ပါ မနေ့က ဘာလုပ်ခဲ့တယ်၊ အခု ဘယ်ရောက်နေတယ် ဘာလုပ်နေတယ် ဆိုတာတွေကို တယောက်နဲ့ တယောက် ပြန်ပြောပြနေစရာ မလိုတဲ့အပြင် မနက်ဖြန် နဲ့ နောက်တရက် နှစ်ရက်တွေမှာ ဘယ်သူက ဘာတွေလုပ်မယ် ဆိုတာကိုပါ အားလုံး ကြိုပြီး သိနှင့်နေခဲ့ကြတာမျိုး…။

ပြောပြရအုံးမယ်…။
တညနေက ကိုယ်တို့နှစ်ယောက် ဖုန်းပြောနေရင်း ကိုယ်က ဟင်းချက်နေတယ် ဆိုတော့ ဘာဟင်းတွေ ချက်နေလဲ လို့ မေးလာတာနဲ့ ချက်လက်စ ငါး ဟင်းအိုးကို ဖုန်းနဲ့ ဓါတ်ပုံရိုက် တခါထဲ ဖုန်းထဲကနေ E Mail နဲ့ Attach လုပ်ပြီး ပို့ လိုက်တယ်။ ပြီးတော့ စကားတွေ ဆက်ပြောကြရင်း နှစ်မိနစ် သုံးမိနစ်လောက်ကြာတော့ သူက ဓါတ်ပုံကြည့်ပြီး ကိုယ်ချက်တဲ့ဟင်းကို စားချင်စရာ ကောင်းလိုက်တာ လို့ပြောလာတယ်…။ ပြီးတော့ ပြောသေးတယ်… တွေ့ဖြစ်တဲ့နေ့ ကျရင် ချက်ကျွေးပါနော် တဲ့…။ ကဲ… ကြည့်ပါဦး… ဆက်သွယ်ရေး နည်းပညာတွေရဲ့ ကျေးဇူးတွေကြောင့် အဲဒီလောက်အထိကို ကိုယ်တို့ ရင်းနှီးစွာ နီးကပ်နိုင်ခဲ့ကြတာလေ…။

ရုံးကပြန်တဲ့ ကိုယ့်ရဲ့ ညနေခင်းတွေဟာ သူ့ဆီမှာတော့ မနက် မိုးလင်းစ အချိန်တွေ ဖြစ်နေတယ်လေ။ ဒီလိုအချိန်တွေမှာ အိပ်ရာနိုးနိုးချင်း သတိတရနဲ့ ရုံးကပြန်ပြီလား လို့ မေးလေ့ရှိတဲ့ အစိမ်းရောင် အစက်ကလေးဟာ သူ ပဲပေါ့။ တနေ့လုံး ရုံးမှာ ပင်ပန်းနေတဲ့ ကိုယ့်ကို အပြန်လမ်းမှာ ကားမောင်းရင်း အိပ်မငိုက်ရလေအောင် အဖေါ်လုပ်ပေးမယ်လို့လဲ သူက တခါတခါ ဆိုလာတတ်သေးတယ်။ ဖုန်းထဲကနေ ကားကို ဖြေးဖြေးမောင်းဖို့၊ စိတ်ရှည် လက်ရှည်မောင်းဖို့၊ မလိုအပ်ပဲနဲ့ စိတ်တိုတိုင်း ဟွန်းမတီးဖို့ တွေကို မကြာခဏ သတိပေးရင်း ကိုယ့်ကားကို လေထဲက လိုက်စီးနေတာ၊ ဇိမ်လေးနဲ့ စီးမယ်နော် လို့လဲ ပေါက်ပေါက်ရှာရှာ ပြောတတ်သေးတာမျိုး…။ ပြီးတော့ ကိုယ်ပြောသမျှ တနေ့တာ ပေါက်ကရ တသိန်းကို နားထောင်ရင်း ဟာသတွေ့သလို တဟားဟားနဲ့ အကြီးအကျယ် အော်ရယ်တတ်သေးတာ…။ သူ အဲဒီလို ဟန်မဆောင်တတ်ပဲ စိတ်လွတ်လက်လွတ် အော်ရယ်ရင် ကိုယ်က သိပ်သဘောကျတာ...။

အခုတလောမှာတော့ ကိုယ်ကလဲ ကိုယ့် ကိုယ်ရေး ကိုယ်တာ ကိစ္စတွေနဲ့ ရှုပ်နေတာက တကြောင်း၊ ရုံးအလုပ်ကလဲ ဟိုသွားရ ဒီသွားရနဲ့ စားပွဲမှာ ငြိမ်ငြိမ်မနေရတဲ့ ရက်တွေ များနေတာက တကြောင်း၊ အိမ်ပြန်ရောက်တော့လဲ လုပ်စရာတွေ အများကြီးက တန်းစီပြီး ကြိုလင့်နေကြတာက တကြောင်း အဲဒီလို အမျိုးမျိုးသော အကြောင်းတွေကြောင့် ကိုယ့်ရဲ့ G Talk လေး အစိမ်းရောင် မပြနိုင်တာ ရက်တွေ တော်တော်ကြာနေခဲ့တယ်…။ သတိရတိုင်း အချိန်တိုလေးတော့ ဝင်ကြည့်ပါတယ်…။ ဒါပေမယ့် သူ့ကို မတွေ့ရဘူး။ ကြာပြီပဲ…။ ပြီးတော့ ဆက်နေကျ အချိန်တွေမှာ ကြားနေကျ ဖုန်းသံတွေလဲ ထူးထူးခြားခြား ငြိမ်သက် တိတ်ဆိတ်လို့…။ စိုးရိမ်ပူပန်ရင်း သတိရတဲ့စိတ်နဲ့အတူ သူ့ဖုန်းကို ခေါ်ကြည့်တော့လဲ အင်္ဂလိပ်လိုပြောတတ်တဲ့ လူကြီးမင်းနဲ့သာ တွေ့ရတယ်လေ…။

ခါတိုင်းဆို အလုပ်များနေရင်တောင် Mail box ထဲမှာ သတိရကြောင်း နှုတ်ဆက်စကားကို စာကြောင်း တိုတိုလေးတွေ ရေးပြီး ချန်ထားခဲ့တတ်တဲ့ သူ… အခုတလောတော့ ဘာသံမှမကြားရအောင်ကို ပျောက်ချက်သား ကောင်းနေလိုက်တာ။ ကိုယ့်ရဲ့ ဘလော့ဂ်လေးမှာလဲ ခါတိုင်းလို စာလာဖတ်တာ မတွေ့ရဘူး။ နှုတ်မဆက်ပဲများ တိတ်တိတ်လေး လာလည်သွားသလား ဆိုတာကို ကိုယ့်ရဲ့ Site Meter မှာ အမြဲလိုလို ရှာကြည့်နေမိသေးတယ်…။ အော်.. Site Meter ဆိုလို့ သတိရတာလေးတခု ပြောပြရအုံးမယ်…။

ခရီးတွေ ခဏ ခဏသွားနေရတဲ့ သူက ရောက်လေရာ နေရာကနေ ကိုယ့်ဘလော့ဂ်လေးကို လာလာလည်တတ်တယ်လေ။ ပိုစ့် အသစ်မတွေ့လဲ အဟောင်းတွေ ပြန်ဖတ်သွားတာပေါ့ လို့လဲ ချစ်စရာကောင်းအောင် ပြောတတ်သေးတာပါ။ အဲဒီမှာ ဘလော့ဂ်ပါး တော်တော်ဝလာတဲ့ ကိုယ်က သူ ဘယ်နေရာ ကနေ ရောက်လာတယ် ဆိုတာကို Site Meter ကနေ ရှာပြီး ကြည့်တတ်လာတယ်ပေါ့။ သူနဲ့ G Talk ပေါ်မှာ တွေ့တဲ့ အခါကျရင် အခု ဘယ်မြို့မှာ မဟုတ်လားလို့ (အကျော်အမော် စုံထောက်တယောက်ရဲ့ လေသံ ဟန်ပန်မျိုးနဲ့…) သူ့ကို အပိုင် မေးလိုက်တာပေါ့။ ပထမတော့ သူ တော်တော်ကြီးကို အံ့တွေသြပြီး လန့်နေတာ…။ ကိုယ့်ကို စင်္ကာပူက ဘယ်ဌာနမှာ အလုပ်လုပ်တာလဲ လို့အတင်းမေးနေတာ…။ သူက နှစ်ရက်ခြား သုံးရက်ခြား တခါလောက် နေရာပြောင်း ခရီးသွားနေတဲ့ သူဆိုတော့ သူပြောင်းသမျှ နေရာတွေကို သိနေတဲ့ ကိုယ့်ကို တကယ်ကို လန့်နေတာပါ။ အချိန်တွေ တော်တော်ကြီး ကြာတော့မှ Site Meter ရဲ့ အစွမ်းကြောင့်ဆိုတာ သိသွားလေတယ်။ အဲဒီ သူငယ်ချင်းဖြစ်ခါစ အချိန်တွေကို ပြန်တွေးမိတော့ လွမ်းစရာ… ပြီးတော့ ပျော်စရာ…။ အခုတော့ သူ ဘာကြောင့် ပျောက်နေလဲ… ဘယ်တွေရောက်နေလဲ ကိုယ် တကယ် မသိပါ…။

အစိမ်းရောင် အစက်ကလေးရေ…
ကိုယ် သတိရနေပါတယ်…။
ဘာတွေ ဖြစ်နေလို့ အခုလို ပျောက်ခြင်းမလှ ပျောက်နေသလဲဆိုတာ ကိုယ် ဘယ်လိုမှ မသိနိုင်ပေမယ့် ရောက်နေတဲ့ နေရာတခုမှာ အစစ အရာရာ အဆင်ပြေ ပျော်ရွှင် ချမ်းမြေ့ပါစေလို့ အမြဲတမ်း ဆုတောင်းပေးနေတယ်နော်။ အခြေအနေပေးတဲ့ တနေ့ကျရင် ကိုယ့်ရဲ့ G Talk လေးထဲမှာ စိမ်းစိမ်း ဝိုင်းဝိုင်းအစက်လေး တခုကို ပြန်တွေ့ရပြီး အရင်ကလိုပဲ ပျော်ပျော်ပါးပါး စကားတွေဆိုကြရမယ် လို့ ကိုယ် တထစ်ချ ယုံကြည် မျှော်လင့်နေဆဲပါ။




(မျက်စေ့အောက်မှ ပျောက်နေတာ အတော်ကြာနေပြီဖြစ်သော ကိုယ့်ရဲ့ အစိမ်းရောင် အစက်ကလေး တစက်ကို ချစ်ခြင်းအားဖြင့် သတိတရ ရည်ညွှန်း ရေးသားပါသည်။)

** အစိမ်းရောင် အစက်ကလေး

Friday, August 14, 2009

ထူးအိမ်သင်နေ့

အနှစ်သက်ဆုံး အဆိုတော်တယောက်ဖြစ်တဲ့
တေးရေး တေးဆို ထူးအိမ်သင်ရဲ့ သီချင်းလေး တပုဒ်ပါ။
အဓိပ္ပါယ်ရော စာသားရော ရည်ရွယ်ချက်ရော ပြည့်စုံလှပတဲ့ သီချင်းလေးတပုဒ်မို့
သြဂုတ်လ ၁၄ ရက်နေ့ ထူးအိမ်သင်နေ့ အမှတ်တရအဖြစ် မျှဝေလိုက်ပါတယ်…။


ညီလေးရေ



ထူးအိမ်သင် ကောင်းမွန်ရာ ဘုံဘဝမှာ အေးချမ်းပါစေ။

Wednesday, August 5, 2009

အခုတလော...

တွေးနေမိတာက
ဒီသောကြာနေ့ ခွင့်ယူရရင် ကောင်းမလား… ဒါမှမဟုတ် MC ယူရင် ကောင်းမလား
(Monday လဲ ရုံးပိတ်ရက် ဆိုတော့ လေးရက်ဆက်တိုက် နားချင်လို့…)

ကိုယ့်ကိုယ်ကို ပြန်ဆင်ခြင်မိတာက
တယောက်ထဲနဲ့ ရှုပ်ရှက်ကို ခတ်နေတာပဲ…

ကျန်းမာရေး









ဖြစ်နိုင်မယ်ဆိုရင် ခေါင်းကို ဒီပုံလေးထဲကလို ဖြုတ်ထားလိုက်ချင်တာပါ…
အခုတလော ခေါင်းက ခဏ ခဏကိုက်နေတယ်…

ဖတ်ဖြစ်တဲ့စာအုပ်တွေက






ရောက်နေဖြစ်တာက
မသွားမဖြစ် သွားရမယ့်နေရာတွေ…

ရေးဖြစ်နေတာက

ဘာမှ မရေးဖြစ်သလောက်ပဲ…
အခုတောင် ကိုအောင်သာငယ် Tag လို့ ရေးဖြစ်တာ..။

နားထောင်ဖြစ်နေတာက
လေးဖြူ ရဲ့ ကန္တာရ လမင်းထဲက သီချင်းတချို့…

ရွတ်နေမိတဲ့ကဗျာက
ကဗျာတွေကို ဖတ်ပဲဖတ်တတ်တယ်… ရွတ်တော့ ရွတ်မနေတတ်ဘူး။

ဖြစ်ချင်နေတာက
စိတ်မအား လူမနား အခြေအနေက လွတ်ချင်တယ်...

စားဖြစ်နေတတ်တာက
ကော်ဖီ ပေါင်မုန့် နဲ့ ပန်းသီး...

သနားနေမိတာက
ပျော်ပျော်ကြီး အနာဂတ်မဲ့နေတဲ့သူ တချို့ကို...

လွမ်းနေမိတာက
အပူအပင်ကင်းတဲ့ ကလေးဘဝ...

မေ့လျော့ပစ်နေမိတာက
စိတ်ဆန္ဒမပါပဲ မလုပ်မဖြစ် လုပ်ရမယ့်အရာတွေ...

ခါးသက်နေမိတာက
မီးမှိတ်သော်လည်း အိပ်မရတဲ့ မျက်လုံးအစုံ...

တမ်းတနေမိတာက
အဝေးတနေရာက ချစ်တဲ့ သူငယ်ချင်းတယောက်ကို…

ကြိတ်ပြီးချီးကျူးနေမိတာက
ချီးကျူးချင်ရင်တော့ ပြောင်ပဲ ချီးကျူးမိပါတယ်...

ကြိတ်ပြီးအထင်သေးနေမိတာက
ဘယ်သူ့မှ အထင်မသေးရဲပါဘူး… ကြောက်ပါတယ်...

ဆန္ဒမရှိတဲ့နေရာ
မပြောတတ်ဘူး…

ဆန္ဒရှိနေတဲ့ကိစ္စ
အောက်တိုဘာ လကုန်မှာ ရှိလာမယ့် ခရီးတခုကို သွားဖြစ်ချင်တယ်...

မုန်းတီးနေမိတာက
အနှစ်မပါတဲ့စကားတွေကို ပါးစပ်ဖျားလေးနဲ့ ပြောတတ်တဲ့သူ…

ချစ်နေတာက
ကိုယ့်ရဲ့ ကမ္ဘာလုံးလေးကို…

စိတ်ပျက်နေမိတာက
စိတ်ညစ်လွယ်တဲ့ ကိုယ့်ကိုယ်ကိုယ်…

စွဲလန်းနေမိတာက










တောင်တန်းညို ပင်လယ်ပြာ နဲ့ အဖြူရောင်တိမ်လိပ်တွေ…

လိုအပ်နေတာက
စိတ်ရော လူပါ အနားယူဖို့…

တောင်းနေမိတဲ့ဆု
ချစ်သူ ခင်သူတွေ အားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာ နဲ့ အစစ အဆင်ပြေကြပါစေ…

ထပ်ပြန်တလဲလဲ အော်ဟစ်နေမိတာက
ဘာတွေလဲ… ဘာတွေလဲ… မသိတော့ဘူးကွာ… ရှုပ်နေတာပဲ…

ဝန်ခံချင်တာက
I am nothing…



အလုပ်တွေများပြီး ဘလော့ဂ်နဲ့ ဝေးနေ၊ စာရေးစရာ အတွေးစ ရှာမရတဲ့အချိန်မှာ ပေါ့ပေါ့ပါးပါး ရေးစရာလေးတခုကို သတိတရ Tag လာတဲ့ အကိုကြီး ကိုအောင်သာငယ်ကို ကျေးဇူးအများကြီးတင်ပါတယ်...။

ချစ်သူငယ်ချင်းများဖြစ်ကြတဲ့ တန်ခူး ၊ တီတီဆွိ ၊ သိင်္ဂီ ၊ စုချစ်သူ ၊ သင်းနွယ်ဇင် နဲ့ ညီမလေး မြတ်နိုး တို့ကို ချစ်ခြင်းအားဖြင့် ဆက် Tag ပါတယ်...။ အချိန်ရရင် ရေးပေးကြနော်...။