Monday, May 25, 2009

ပြုံးပြနေသည်

စာမရေးနိုင်တဲ့ရက်တွေ အတော်များနေပြီ။ စိတ်ကောက်ချင်ယောင်ဆောင်ပြီး ဘလော့ဂ်လေးကို ပစ်ထားရတာ စိတ်မကောင်းပေမယ့် မတတ်နိုင်ဘူး…။ သူငယ်ချင်းတွေဆီကိုတော့ အချိန်ရရင် ရသလို သွားလည်ပြီး စာဖတ်ဖြစ်ပါတယ်…။ ကိုယ်ကပဲ ထင်လို့လားမသိဘူး… အခုတလော ဘလော့ဂ်တွေ တော်တော်များများလဲ အေးတိအေးစက်နဲ့ ငြိမ်သက်နေကြသလိုပဲ…။ လူတိုင်း လူတိုင်း အလုပ်တွေ အတော် များနေကြပုံရတယ်…။ လူ့ဘဝဆိုတာ ဒါပဲလား… တနေ့တနေ့ ဒီလိုတွေ သံသရာလည်ပြီး ဘဝတခု အပြီးသပ်သွားရမှာလား…။ စဉ်းစားစရာနော်…။

အခုရက်ပိုင်းတွေမှာ ရုံးမှာလဲ အရမ်းအလုပ်များတယ်…။ အိမ်ရောက်တော့လဲ မလုပ်မဖြစ် လုပ်စရာလေးတွေ၊ မသွားမဖြစ် သွားစရာလေးတွေက ကိုယ့်ကို တန်းစီပြီး ကြိုလင့်နေကြတယ်…။ လုပ်စရာရှိတာလုပ်၊ သွားစရာရှိတာ သွား…။ ကိုယ်ပိုင်အချိန်လေးတွေမှာ ကျပြန်တော့ အလုပ်နဲ့ ပတ်သက်တဲ့ စာဖတ်စရာတွေ ရှိနေပြန်တယ်…။ ဖတ်ချင်တာတွေထက် ဖတ်သင့်တာကို ဦးစားပေးနေရတယ်…။ လုပ်ချင်တာတွေထက် လုပ်သင့်တာတွေကို ဦးစားပေးနေရတယ်…။

ကော်ဖီခါးခါးတွေ အတွင်သောက်ပြီး ကိုယ့်မျက်လုံးတွေကို နှစ်သိမ့် ချော့မော့ထားရတယ်…။ ဘယ်လောက် အတိုင်းအတာအထိ ခံနိုင်မယ်တော့ မသိ… တနေ့ကို အိပ်ချိန် လေး နာရီလောက်နဲ့ နေနေတာ ရက်တွေ များလှနေပြီ…။ မခံနိုင်တဲ့ တနေ့တော့ ဆရာဝန်ဆီသွား MC ယူပြီး အိပ်တာ ပေါ့လေ…။ ခုထိတော့ အခြေအနေ ကောင်းနေပါသေးတယ်…။ ဘာမှ မဖြစ်သေးသ၍ ဘာမှ မဖြစ်ဖူးလို့သာ မှတ်ထားပါတယ်။ (ဤကား ခြေဆင်း သက်သက်။)


ကိုယ်ပြောချင်တာက ဟိုတညက ရုပ်ရှင်တကား သွားကြည့်ဖြစ်တယ်...။
The Night at the Museum 2 ပါ..။ စ ကြည့်ခါစတုန်းကတော့ ဟုတ်သလိုလိုပါပဲ…။ နာရီဝက်လောက် ကြာလာတော့ လူက တအား အိပ်ချင်လာတယ်။ ကိုယ့်ပတ်ဝန်းကျင်က ရုပ်ရှင်ကြည့် ပရိတ်သတ် ကလေး လူကြီး အပေါင်းက သဘောတွေကျပြီး အုံးအုံးကြွက်ကြွက် ရယ်မောနေကြတဲ့အချိန်မှာ ကိုယ် ကတော့ အဲဒီဆူဆူညံညံ အသံပေါင်းစုံတွေကြားမှာပဲ အိပ်ပျော်သွားလေရဲ့။ သေသေချာချာ ပြန်စဉ်းစားကြည့်မိတော့ စိတ်ရော လူပါ မအားရ မနားရတဲ့ အချိန်တွေ တော်တော်ကြီးကို များနေခဲ့ပြီမို့ မီးမှောင်မှောင်နဲ့ ရုပ်ရှင်ရုံထဲမှာ အင်တာနက်မရ၊ ဘလော့ဂ်ဂင်းလို့မရ၊ အလုပ်လုပ်လို့မရ၊ စာဖတ်လို့မရ၊ ဖုန်းပြောလို့ မရ၊ ဘာဆို ဘာမှလုပ်လို့မရတဲ့ အဆုံးမှာ စိတ်ချလက်ချ အိပ်ပျော်သွားတာလို့ သူက ကိုယ့်ကို ကောက်ချက်ချပါတယ်..။ အင်း.. ဒါလဲ ဖြစ်တော့ ဖြစ်နိုင်တာပဲနော်…။

အဲဒါနဲ့ သူက ကိုယ့်ဆီမှာ ရှိနေတဲ့ မလိုလားအပ်တဲ့ စိတ်ဖိစီးမှုတွေကို အတတ်နိုင်ဆုံး လျှော့မှ ဖြစ်မယ် ဆိုပြီး နောက်တနေ့မှာ Musical Concert လေးတခု ကို လိုက်ပို့ပါတယ်..။ ပျင်းလို့ မလိုက်ချင်ပါဘူး ဆိုတာလဲ မရဘူး..။ ဒီတော့ ပျင်းပျင်းနဲ့ ပါသွားတယ် ဆိုပါစို့…။ အဆိုမပါ အတီးသက်သက်ဆိုတော့ ပျင်းစရာပေါ့.. ဟုတ်ဖူးလား..။ တီးဝိုင်းက အင်ဒိုနီးရှားက တိုင်းရင်းသားရိုးရာ တီးဝိုင်းတဲ့။ အဲဒီရောက်တော့ တီးမယ့်သူတွေကို မတွေ့ခင် တီးကြမယ့် တူရိယာပစ္စည်းတွေကို တွေ့ကထဲက စပြီး ပျင်းတော့တာပါပဲ…။

ကြည့်အုံးလေ…
ကိုယ်တို့ဆီက ပတ္တလားလိုမျိုးဟာက ၆ ခု၊ အဖုံးတွေဖုံးထားတဲ့ ဒန်အိုးတွေ နဲ့တူတဲ့ ခပ်လုံးလုံးအိုးတွေ ၁၀ လုံး တတွဲ စုထားတဲ့ ဟာတွေက ၄ ခု၊ ကြေးမောင်းလို ဟာမျိုးက ၆ ခု၊ ဂစ်တာ ၄ ခု ရယ် နောက်ပြီး အိုးစည်လိုဟာမျိုးက ၃ ခုရယ်… ဘယ်လောက် ပျင်းစရာကောင်းမလဲ ဆိုတာ…။ ဒီလိုနဲ့ အချိန်တန်တော့ တီးမယ့်သူတွေ တယောက်ပြီး တယောက် စင်ပေါ်ကို တက်လာကြပါတယ်…။ အားလုံး လူကြီးပိုင်း.. လူလတ်ပိုင်းတွေချည်းပါပဲ…။ သူက အတီးသမားတွေကို ကြည့်ပြီး စိတ်ဝင်စား သဘောကျနေတုန်းမှာ ကိုယ်ကတော့ ဘယ်နားမှီပြီး အိပ်ရရင်ကောင်းမလဲလို့ စဉ်းစားနေတာပါ။ စ ပြီးတီးကြတော့ ကိုယ်ထင်ထားတာထက် ပိုဆိုးပါတယ်…။ ပတ္တလားလိုမျိုးဟာကနေ ထွက်တဲ့ စူးစူးသေးသေး အသံတွေ ကနေ ဒန်အိုးလို ခပ်လုံးလုံးပစ္စည်းတွေက ထွက်တဲ့ အသံ ထူထူ အုံအုံတွေ… တချက်တချက် မောင်းအကြီးကြီးက ထွက်ပေါ်လာတဲ့ အသံ အက်အက် ဆန်းဆန်းက တမျိုး…။ ဟား… ဘာပြောကောင်းမလဲ...။ ဒုက္ခရယ် ကိုယ်ရယ် လှလှရယ် တွေ့နေကြတဲ့ အချိန်ပေါ့…။

ဒီလိုနေနေရင်းကနေ အိပ်လို့လဲမရတော့တဲ့အဆုံး အဲဒီအသံတွေကနေ တဆင့် တီးတဲ့သူတွေဆီကို အာရုံလွှဲပြီး သူတို့ကို တယောက်ချင်းစီ လိုက်ကြည့်မိပါတယ်…။ အသက်ကြီးကြီး အမျိုးသားကြီးတွေ… အသက်ကြီးကြီး ခပ်ဝဝ အမျိုးသမီးကြီးတွေ… တချို့ဆို ဝလို့ ကြမ်းပေါ်မှာ ဒီအတိုင်းမထိုင်နိုင်တော့ ခုံပုပုလေးတွေချပြီး ထိုင်နေကြရတာ…။ အသက် နဲနဲငယ်တာဆိုလို့ ဂစ်တာတီးတဲ့ အမျိုးသား တယောက်ပဲ ပါပါတယ်။ အသက်အရွယ်တွေ မတူ၊ အရောင်အဆင်း အသွင်အပြင်တွေ မတူ၊ တီးနေကြတဲ့ တူရိယာ ပစ္စည်းတွေ မတူညီကြပေမယ့် သူတို့အားလုံးမှာ တူညီတာ တခုကို ထင်ထင်ရှားရှား သတိပြုမိပါတယ်…။ အဲဒါက ဘာလဲဆိုတော့ သူတို့အားလုံးရဲ့ မျက်နှာတွေပေါ်က ကြည်လင်နေတဲ့ အပြုံးတွေပါ။

အတီးသမား စုစုပေါင်း ၁၄ ယောက်ရဲ့ မျက်နှာပေါ်က အပြုံးတွေ၊ စည်းချက်နဲ့အညီ လှုပ်ရှားနေတဲ့ သူတို့ရဲ့ ကိုယ်ခန္ဒာတွေကို ကြည့်ခြင်းအားဖြင့် သူတို့အားလုံးဟာ သူတို့လုပ်နေရတဲ့ အလုပ်အပေါ်မှာ ဝတ်ကျေ တန်းကျေသဘောမျိုးနဲ့ လုပ်နေတာ မဟုတ်ပဲ ကျေကျေနပ်နပ် ပျော်ပျော်ရွှင်ရွှင်ကြီး လုပ်နေကြတယ်ဆိုတာ အရမ်းကို သိသာ ပေါ်လွင်နေပါတယ်…။ စိတ်ချမ်းသာစရာနော်...။ သူတို့ကိုကြည့်ရင်း သူတို့ရဲ့ အပြုံးတွေ ကိုယ့်ဆီကို ကူးစက်.. ကိုယ်လဲ သူတို့နဲ့ အတူတူ စည်းချက်လိုက်ရင်း ပြုံးနေမိပါတယ်။ အဲဒီမှာတင် ကိုယ့်ရဲ့အိပ်ချင်စပြုနေတဲ့ မျက်လုံးတွေ ကျယ်သွားပြီးတော့ နောက်ဆက်တွဲ တွေးနေမိတဲ့ အတွေးစတွေလဲ ခေါင်းပေါ်မှာ ထိုးထိုးထောင်ထောင် (Fido Dido လို...) ထွက်ပေါ်လို့ပေါ့…။

အဲဒီညက အိမ်ပြန်ရောက်ပြီး ခုချိန်အထိ တောက်လျှောက် တွေးနေမိတာ…
လူတိုင်း လူတိုင်းဟာ ကိုယ်လုပ်ရတဲ့ အလုပ်လေးတွေအပေါ်မှာ စိတ်ကျေနပ်မှုကလေးတွေ အနည်းနဲ့ အများ ရှိကြဖို့ ဆိုတဲ့ ခေါင်းစဉ်လေးကိုပါ။ အရာရာကို အဲဒီလိုသာ ကျေကျေနပ်နပ် ပျော်ပျော်ရွှင်ရွှင် လက်ခံပြီး လုပ်နိုင်ကြရင် ကိုယ်တိုင်လဲ စိတ်ချမ်းသာ၊ တွေ့ရ မြင်ရတဲ့သူတွေဆီလဲ စိတ်ချမ်းသာမှုတွေ ကူးစက်၊ ပြီးတော့ တင်းနေတဲ့ စိတ်ဖိစီးမှုတွေ၊ တချက်တချက် သူ့အလိုလို ပေါ်လာတတ်တဲ့ အကုသိုလ်စိတ်တွေလဲ တော်တော်ကို နဲသွားမှာပဲ လို့...။

ဟုတ်ပြီ…
ဒီလိုဆို ကိုယ် ဘာတွေလုပ်သင့်သလဲ၊ ဘာတွေကို ဘယ်လို လုပ်ရင်ကောင်းမလဲ ဆိုတာ စဉ်းစားပြီး အကောင်အထည်ဖေါ် ကြည့်မိပါတယ်။ ပထမဆုံး တပတ်စာ မီးပူတိုက်ရတဲ့ အချိန်မှာ သီချင်းလေးဖွင့်ပြီး ကော်ဖီလေးသောက်ရင်းနဲ့ ကြိုးစားပမ်းစား ကြည်ကြည်လင်လင် ပြုံးပြီး တိုက်လိုက်ပါတယ်…။ ဘေးကနေ ကြည့်ရင်တော့ တယောက်တည်း ပြုံးနေတဲ့အတွက် အရူးနဲ့တောင် တူချင်တူနေမှာပါလေ။ ပြီးတော့ ဟင်းချက်တဲ့ အချိန်မှာလဲ ဒီလိုပဲ ပြုံးပြီး ချက်လိုက်တာပေါ့။ ဟင်းရဲ့ အရသာတွေကို ခဏတော့ မေ့ထားပေးကြပေါ့ နော်။ သူ့ကိုလဲ အားအားရှိ တချိန်လုံး လိုက်ပြုံးပြနေမိတယ်…။ သူကတော့ မျိုးကြီးရဲ့ သီချင်းထဲကလို "တခုခုတော့ မှားနေပြီ" ဆိုတဲ့ အကြည့်မျိုးနဲ့ ကြည့်လို့…။ ခဏ ခဏ လာပြုံးပြနေတာ ပိုက်ဆံအိပ်များ ဝယ်ခိုင်းအုံးမလို့လား မသိ လို့တောင် တွေးချင်တွေးနေမှာ...။

ဒီမနက် တနင်္လာနေ့ မှာလဲ အလုပ်သွားဖို့ အိမ်ကနေ အထွက်ကထဲက အပြာရောင် တနင်္လာနေ့ အကြောင်းတွေ ဘာတွေကို အသာမေ့ထားလိုက်ပြီး စိတ်ကို ကြည်ကြည်လင်လင် ပျော်ပျော်ရွှင်ရွှင်လေး ထားပြီး ထွက်လာခဲ့ပါတယ်။ လမ်းမှာ ကိုယ့်ကားကို ဘေးကနေ ကပ်ပြီး ပွတ်ဆွဲတော့မတတ် ကျော်တက်သွားတဲ့ ကားထဲက လူကိုတောင် အပြစ်မယူပဲ ခါတိုင်းလို ဟွန်းတီးတာတွေ၊ အတင်း ကျော်တက်တာတွေ၊ ရှေ့ကနေ လိုက်ပိတ်တာတွေ မလုပ်ဖြစ်ပဲ အသာတကြည်ပဲ ပြုံးပြီးနေလိုက်ပါတယ်။ ရုံးရောက်တော့ တွေ့တဲ့ အပေါင်းအသင်းတွေ၊ ကော်ဖီသွားဖျော်ရင်းနဲ့ တွေ့တဲ့သူတွေ ကိုလဲ သေသေချာချာ နှုတ်ဆက်ရင်း ပြုံးလို့ပေါ့…။ ခါတိုင်းက ကိုယ်နဲ့ သိပ်မကြည်လင်တဲ့ တယောက်ကိုတောင် Good Morning လို့ နှုတ်ဆက်လိုက်သေး။ ပြီးတော့ ကိုယ့်ဆီကို အလုပ်နဲ့ ပတ်သက်ပြီး လာကြတဲ့ လူအပေါင်းကိုလဲ လုပ်ပေးနိုင်တာ လုပ်ပေး၊ ချက်ချင်းမလုပ်ပေးနိုင်သေးတဲ့ အလုပ်တွေဆိုရင်လဲ ခါတိုင်းလို အချိန်ကပ်မှ လာပြောရသလားလို့ စိတ်တိုပြီး မအော်ပစ်ပဲ ကြိုးစားပါ့မယ်လို့ ခပ်ပြုံးပြုံးပဲ ပြောလိုက်တာပေါ့။ ခါတိုင်း ဆို Site ထဲက လူတွေ အချိန်မဟုတ် အခါမဟုတ် လာပြီး အချိုးမတည့်တာတွေ လာမေး လာပြောကြရင်၊ ဖုန်းဆက်ပြီး ဟိုဟာ ဒီဟာတွေ လာလောရင် ကိုယ်က စိတ်တိုပြီး အော်နေကျ။ ဒီနေ့တော့ မအော်တော့ဘူးပေါ့... ဘာလာပြောပြော စိတ်ကောင်းကောင်းထားပြီး ပြုံးပြုံးလေးပေါ့…။

ဒီမနက် Online မှာ လာနှုတ်ဆက်တဲ့ သူငယ်ချင်းတွေ၊ ပကျိပကျိနဲ့ အတင်းလာပြောတဲ့ သူငယ်ချင်းတွေကိုလဲ သူတို့ပြောသမျှ နားထောင်။ ပြီးရင်း-) ဒီလိုမျိုးလေး ပြုံးပြ..။ ကိုယ်ရေးတဲ့ ပိုစ့်တွေက အဆုံးသတ်ခါနီးကျရင် အဖျားရှုးပြီး မလိုလားအပ်တဲ့ ပုံစံနဲ့ ဇာတ်သိမ်းသွားတတ်တယ် လို့ ဝေဖန်လာတဲ့ အစိမ်းရောင် အစက်ကလေး တစက်ကိုလဲ နောက်ကို ဆင်ခြင်ပါ့မယ်လို့ အခါ တသိန်းပြောပြီး ပြုံးပြ၊ Online မှာ ဟိုတနေ့က တင်ထားမိတဲ့ ကိုယ့်ရဲ့ ဓါတ်ပုံ ပိစိကိုကြည့်ပြီး မျက်နှာကိုက မလောက်လေး မလောက်စား နဲ့ လို့ (ရက်ရက်စက်စက်) ပြောလာသူ တယောက်ကိုလဲ အင်း… ပြုံးပြပေါ့လေ…။

ဟုတ်ကဲ့…
ဒီနေ့မှာ ဘလော့ဂ်လေးကို လည်လည်လာကြတဲ့ သူငယ်ချင်းတွေအားလုံးကိုလဲ ကြည်ကြည်လင်လင် ပြုံးပြရင်း နှုတ်ဆက်တယ်နော်…။ ကိုယ့်ရဲ့ အပြုံးတွေ သူငယ်ချင်းတွေဆီကို ကူးစက်ပြီး အားလုံး ပြုံးပြုံး ပြုံးပြုံးနဲ့ ပျော်ရွှင် ချမ်းမြေ့ကြပါစေ လို့…။

(အခုလဲ စိတ်မရှည်တတ်တဲ့ ကိုယ့်ရဲ့ ထုံးစံအတိုင်း ဒီပိုစ့်ကို ဒီနေ့အမှီ တင်ချင်ဇောနဲ့ အဖျားရှုးပြီး အဆုံးသတ် ပစ်လိုက်မိပါပကောလား… ခွင့်လွှတ်တော့ သူငယ်ချင်းရေ...)

Saturday, May 16, 2009

ဘလော့ဂ်နှင့် ရန်ဖြစ်ခြင်း

အမှန်က စိတ်တွေနောက်ကျိ ရှုပ်ထွေး မွန်းကျပ်နေတဲ့ အချိန်တွေမှာ
ကျွန်တော် သူ့ကို ဟိုး.. ခပ်ဝေးဝေးမှာ ပစ်ထားချင်တာပါ...
ပြီးတော့ လေသံခပ်မာမာနဲ့ ပြောချင်တာတွေက...

ဒီမှာ.. ဒီမှာ... မင်းက ဘာလဲကွ...
ခဏ ခဏ လူကို လာတွယ်ငြိနေတာ...
ပြောလိုက်ရင် အေးတိအေးစက် သွေးပျက်နေသလိုနဲ့

တကယ်တော့ မင်းက ငါ့အတွေးတွေကို အပိုင်စီးနေတာ...
တွေ့လိုက်ရင် မထုံတက်တေး တွေတွေငေးငေးနဲ့...
တကယ်တော့ မင်းက ငါ့အချိန်တွေကို စိုးမိုးနေတာ...
ကြည့်လိုက်ရင် မျက်လုံးတွေ အဝိုင်းသားနဲ့ ...
တကယ်တော့ မင်းက ငါ့ကို အနိုင်ယူနေတာ...

ဟိတ်ကောင်... မင်းက ဘာလဲကွ...
မင်းရဲ့ ရှေ့ကို မရောက် အရောက်လာချင်အောင်
လူကို မင်းဘာတွေနဲ့ ပြုစားနေတာလဲ...
မင်းကို တရက်မတွေ့ရ မနေနိုင်အောင်
လူကို မင်းဘာတွေနဲ့ လှည့်ဖျားနေတာလဲ...
မင်းကို လှည့်မကြည့်ပဲ မနေနိုင်အောင်
လူကို မင်းဘာတွေနဲ့ သွေးဆောင်နေတာလဲ...
မင်းကွာ... တော်တော်ဆိုးတဲ့ကောင်ပဲ...။

ဟေ့.. ဒီမှာ..
မင်းသိထားဖို့က အခုချိန်မှာ အတွယ်အတာတွေ သံယောဇဉ်တွေ...

ချစ်တာတွေ မုန်းတာတွေ... လွမ်းတာတွေ ဆွေးတာတွေ...
နီးတာတွေ ဝေးတာတွေ... ဘာညာ.. ဘာညာ တွေ...
ဘာဆို ဘာမှ ငါ့ကို လာမပြောနဲ့ ဝေးဝေးမှာ သွားပို့ထားလိုက်...
လောလောဆယ် ငါ စိတ်တွေ သိပ်ရှုပ်နေတယ်...
ငါ့ရင်ထဲမှာ မင်းအတွက် စကားလုံးတွေ တလုံးမှမပါရှိ... ဗလာနတ္ထိ...။

ဒီတော့ စိတ်တွေကို ဆေးကုလို့ နေကောင်းသွားတဲ့ တနေ့မှာ မင်းဆီကို ပြန်လာခဲ့မယ်...
အဲဒီအချိန်မှာ ငါနဲ့အတူတူ...
အပြုံးနုဝေတဲ့ စကားလုံးစုတွေ ပါလာမယ်...
ချိုသာမှုတွေနဲ့ ကဗျာစုတွေ ပါလာမယ်...
နွေးထွေးတဲ့ အတွေးတွေ ပါလာမယ်...
ကြည်လင်တဲ့ အမြင်တွေ ပါလာမယ်...
ပြတ်သားတဲ့ အမှန်တရားတွေ ပါလာမယ်...
အဲဒီ့နေ့ကျမှ ငါတို့ ပြန်တွေ့ကြတာပေါ့...
သေသေချာချာ မှတ်ထားနော် မမေ့နဲ့... ဟုတ်ပြီလား...။

Thursday, May 7, 2009

တွေ့ဖြစ်ကြတဲ့နေ့

တွေ့ဖူးချင်သူ ဆယ်ယောက် တဲ့…။ ထို ချစ်စရာ Tag ပိုစ့်လေးကို လူတော်တော်များများ ရေးပြီးနေကြပြီ…။ ဒီလို ရေးကြရင်းကနေ ဆယ်ယောက်ထဲဆို နည်းတယ် ဟုဆိုကာ တွေ့ချင်သူများကို နာမည်တွေနှင့် တန်းစီပြီး တွေ့ချင်ရခြင်း အကြောင်းလေးများ၊ အမှတ်ရစရာ အကြောင်းလေးများ စုံစုံလင်လင်နှင့် ဝေဝေဆာဆာ ရေးဖွဲ့ထားကြသည်ကိုလဲ ပျော်ရွှင် ကြည်နူးစွာဖြင့် ဖတ်ရသည်။ ကိုယ့်နာမည်ပါသော ပိုစ့်လေးတွေဆို တကယ်ကိုပဲ ဖတ်လို့ မဝနိုင်၊ အထပ်ထပ် အခါခါ ဖတ်မိရင်း သူငယ်ချင်း မိတ်ဆွေများကို တွေ့ချင်စိတ်များ ပို၍ ပို၍ တိုးပွားလာမိသည်။

ကိုယ်ပိုင်လေယာဉ်နှင့် ကမ္ဘာပတ်ပြီး သူငယ်ချင်းတွေဆီ လက်ဆောင်များနှင့်အတူ သွားတွေ့မည့်သူရှိသလို (ကိုယ်လဲ ကပ်လိုက်မယ်နော် လို့ စရန်သပ်ထားပြီးသား) ချစ်သောသူများ အားလုံးနှင့် တွေ့ချင်ပါသည်ဟု ဆိုကာ ချစ်စရာ ကဗျာလေးတပုဒ် လက်ဆောင်ပေးထားသူ တယောက်ကိုလဲ တွေ့ရသေးသည်။ ကိုယ်ကတော့ ပွေလီ ရှုပ်ထွေးသော နေ့ရက်တွေများပြီး တော်တော်နဲ့ မရေးဖြစ်.. ရေးဖြစ်တော့လဲ အလွန်နောက်ကျမှ ရေးရသူမို့ တွေ့ချင်ကြသူတွေ အချင်းချင်း တွေ့ဖြစ်ကြတဲ့ အခြေအနေအထိ ရောက်အောင် လိုရာဆွဲတွေးကာ ရေးလိုက်မိသည်။ ကိုယ့်ကို တွေ့ချင်ပါသည်ဟု မှတ်မှတ်ရရ ရေးထားသူများကိုလဲ ကျေးဇူးတွေ အများကြီးတင်ပါသည်။ ကိုယ်ကလဲ ချစ်ရသူ သူငယ်ချင်း မိတ်ဆွေ ညီအကို မောင်နှမများ အားလုံးကို အခါအခွင့်သင့်တဲ့ တနေ့နေ့မှာတော့ တကယ်ကိုပဲ တွေ့ဆုံချင်လှပါသည်။

ဝါသနာတူ၊ ရင်ခုန်သံတူ သူငယ်ချင်း မိတ်ဆွေများ အားလုံး၏ တွေ့ဆုံမှုတိုင်းမှာ ဤသို့သော ပျော်ရွှင်မှုများ၊ ချစ်ခင်ရင်းနှီးမှုများ၊ တွယ်တာမှု သံယောဇဉ်များ ကိုယ်စီ ကိုယ်စီ ထပ်တူညီအောင် ရှိနေလိမ့်မည်ဟု ခိုင်ခိုင်မာမာ ယုံကြည်နေသောကြောင့် နှစ်သက်ကြလိမ့်မည်ဟု မျှော်လင့်မိပါသည်။

သိင်္ဂီရေ… အမှတ်တရ Tag ထားတာ ကျေးဇူးပါ...။

အလုပ်တွေများနေလို့ အခုမှ ရေးရတယ်...။ ကျေနပ်တယ်နော်…။

* * * * * * *

ညတုန်းက ဖုန်းထဲမှာ ပြောဖြစ်ခဲ့သော “မနက်ဖြန်ကျရင် StarBuck ကော်ဖီဆိုင်လေးမှာ ဆုံကြမည်” ဟူသော စကားကို အထပ်ထပ် ပြန်လည်ကြားယောင်ရင်း စိတ်ထဲမှာ ရင်ခုန် လှုပ်ရှားနေမိသည်။ အင်း... တခါမှ မတွေ့ဖူးကြသောသူ နှစ်ယောက်၏ ပထမဆုံးအကြိမ် တွေ့ဆုံမှု… အဆင်မှ ပြေပါ့မလား… တော်တော်များ အူကြောင်ကြောင် နိုင်နေမည်လား ဟုတွေးရင်း ရယ်လဲ ရယ်ချင်နေမိသေးသည်။

Blog လေးတွေရေးကြပြီး ဘလော့ဂ် တခုနဲ့တခု သွားလာဝင်ထွက် နှုတ်ဆက်လည်ပတ်ရင်းမှ တယောက်ကို တယောက် မျက်မှန်းတန်းမိလာကြပြီး E Mail အပြန်အလှန် ပို့ကြရာမှ အစပြုကာ မမြင်ရသော သံယောဇဉ်ကြိုးများဖြင့် ရစ်နှောင်ထားသော အွန်လိုင်း မိတ်ဆွေတွေ ဖြစ်ခဲ့ကြသည်။ ပြီးတော့ G Talk မှ တဆင့် စာရေးပြီး စကားတွေ ပြောဖြစ်ကြသည်။ တယောက်အကြောင်း တယောက် အတန်အသင့် သိလာကြသည်။ ဝါသနာတူ၊ အကြိုက်ချင်းတူ၊ တန်ဖိုးထားသော အရာချင်း တထပ်တည်းကျ၊ အိပ်မက်ချင်းတူ၊ ရင်ခုန်သံချင်း ထပ်တူညီပြီး လျှောက်လှမ်းရာ လမ်းချင်းတူသော သူတယောက်မို့ လူချင်းလဲ တွေ့ခွင့်ရဖို့ မျှော်လင့်တောင့်တ နေခဲ့ကြသည်မှာ အချိန်တွေ တော်တော်ကြာခဲ့ပြီ။ အနေဝေးကြသူ နှစ်ယောက်မို့ တွေ့ဆုံနိုင်ခွင့် နဲပါးလိမ့်မည်ဟုလဲ ကိုယ်စီ သိနေကြသည်။ အတော်လေး ခင်မင် ရင်းနှီးလာချိန်မှာ ဘုရားရှိခိုးတိုင်း တွေ့ခွင့်ရဖို့ ဆုတောင်းဖြစ်သည် ဟု သူက ပြောပြသောအခါ အတိုင်းမသိ ဝမ်းသာ ကြည်နူးမိသည်။ ကိုယ်လဲ အမြဲ ဆုတောင်းနေပါ့မယ်ဟု ပြန်ပြောလိုက်သေးသည်။

သို့သော်… မျှော်လင့်မထားသော တနေ့တွင် အခြေအနေတခု၏ တွန်းပို့မှုကြောင့် ကိုယ်တို့နှစ်ယောက် အပြင်မှာ လူချင်းတွေ့ဆုံကြဖို့ အကြောင်းဖန်လာခဲ့လေသည်။ ထိုအကြောင်းကို သိသိချင်း သူ့ကို E Mail ပို့ကာ ပြောပြမိတော့ သူ့အပျော်တွေက ကိုယ့်ဆီကို သိသိသာသာကူးစက်…။ သိပ်ပျော်တာပဲ တဲ့…။ အထပ်ထပ် အခါခါ ပြောမိကြသည်။ တွေ့ကြရတော့မယ်နော် တဲ့…။ နေ့ရက်တွေ နာရီတွေကို လက်ရေချိုးကာ စောင့်စားရင်း တခါတခါ စိတ်တွေတောင်မှ မရှည်ချင်တော့…။ နှစ်ယောက်စလုံး (ကလေး ငယ်ငယ်လေးတွေလဲ မဟုတ်ပါပဲနဲ့ ) နာရီလက်တံတွေကို ဆွဲလှည့်ပစ်ချင်စိတ်တွေ ပေါက်နေကြတာ…။ တွေးကြည့်တော့ ရယ်စရာ တော်တော်ကောင်း…။

သူက ဒေသခံ အိမ်ရှင်မို့ ကော်ဖီဆိုင်ကို ချိန်းထားသောအချိန်ထက် တနာရီလောက် စောရောက်နေမည်ဟု ပြောခဲ့သည်။ ဟုတ်ပါပြီ... တွေ့ကြလျှင် ဘာက စ၍ပြောကြမလဲ ဟု ကိုယ် တွေးနေမိသည်။ ဟိုင်း (သို့မဟုတ်) ဟဲလို လို့ စတင် နှုတ်ဆက်လိုက်ရမည်လား…။ မြန်မာဆန်ဆန် မင်္ဂလာပါ ဆိုရင်ကော…။ အော်... ငါနှယ့်နော်… တွေ့တွေ့ချင်း တယောက်ကို တယောက် မှတ်မိကြပါမလား ဆိုတာ အရင်မစဉ်းစားပဲ နှုတ်ဆက်စကားတွေ ရွေးနေမိတယ်…။ သူကရော… ကိုယ့်ကို မြင်ရုံနဲ့ မှတ်မိနေပါ့မလား…။ ကိုယ်ကတော့ သူ့ကို မှတ်မိနေမယ် ထင်ပါရဲ့…။ သူက ဓါတ်ပုံထဲကနဲ့ အပြင်မှာနဲ့ သိပ်တော့ ကွာမနေလောက်ပါဘူး လို့ ထင်ရတာပဲ။ ဒီလိုတွေ ရောက်တတ်ရာရာ စဉ်းစားရင်း သူ့မျက်နှာကို စိတ်ထဲမှာ အလွတ်ရအောင် ကျက်မှတ်နေမိသေးသည်။ မနက်ဖြန်ရယ်… မြန်မြန်ရောက်ပါတော့…။

တကယ်တမ်းတွေ့ကြတော့ ညတုန်းက ဟိုဟို ဒီဒီ စဉ်းစား တွေးတောကာ ကြိုတင် ပူပန်နေရတာတွေ အားလုံး ဘာတခုမျှ မရှိတော့…။ ရိုးစင်း ရှင်းလင်းကာ ချစ်စရာကောင်းလှသော ကော်ဖီဆိုင်ရဲ့ ထောင့်နားက စားပွဲငယ်တခုမှာ ထိုင်ရင်း ကိုယ့်ကို နွေးထွေးလှိုက်လှဲသော အပြုံးတခုဖြင့် ဆီးကြိုနေသော သူ့ကို တွေ့လိုက်ရသည်။ သေချာတယ်… ဒါ ကိုယ်တွေ့ချင်တဲ့ သူငယ်ချင်းလေးပဲ…။ ထိုအပြုံးတခုမှ စလို့ ကိုယ်တို့နှစ်ယောက် တကယ့်ကို ငယ်ပေါင်းကြီးဖေါ်တွေပမာ ချက်ချင်းရင်းနှီး ကျွမ်းဝင်သွားတော့တာ…။ တွေ့ရတာ အရမ်းဝမ်းသာတယ်လို့ တယောက် တလှည့် ပြောနေမိသေး။ အပျော်တွေက နှစ်ယောက်စလုံးရဲ့ မျက်နှာပေါ်မှာ အထင်းသား…။

အလုအယက် ပြောဖြစ်ကြတဲ့ စကားတွေအများကြီးထဲမှာ အကြောင်းအရာတွေကလဲ ပေါင်းစုံ…။ ဒီကြားထဲ သူက ရယ်စရာတွေကလဲ အလွန်ပြောတတ်သေး..။ “ဒီလောက် ရယ်စရာပြောတတ်တာ မင်းက ဂျိုကာလုပ်တာလား” လို့ မေးပြီးတော့ တယောက်မျက်နှာ တယောက်ကြည့်ကာ ဟက်ဟက်ပက်ပက် ရယ်မောမိကြပြန်သည်။ ပြီးတော့ သူက ကိုယ့်ကို သေသေချာချာ ကြည့်ကာ “ဓါတ်ပုံထဲကထက် အရပ်ပိုရှည်လာတယ်” ဟု ပြောသည်။ ကိုယ်က “ဟာ.. မဖြစ်နိုင်တာ… ဒီအသက်အရွယ်မှာ အရပ်က ထပ်မထွက်နိုင်တော့ဘူးလေ” ဟုပြောကာ နောက်တခါထပ် ရယ်မောမိကြပြန်သည်။ ရယ်ပြီးရင်းရယ်… အပျော်စိတ်တွေဖြင့် အကြောင်းမဲ့ကို ရယ်မောမိနေကြသည်…။

ပြီးတော့ ကိုယ်ရေးတဲ့ ပိုစ့်တွေထဲက ဟိုအကြောင်း ဒီအကြောင်းတွေကို သူက စပ်စပ်စုစု မေးခွန်းတွေ လာထုတ်နေသည်။ သူ မေးလာတဲ့ မေးခွန်းတွေက "ဒီပိုစ့်လေးက ကိုယ်ပိုင် ခံစားချက်လား" တို့… "ဟိုပိုစ့်ထဲမှာ ရေးထားတဲ့ ကြက်ဥဟင်း တွေကို တကယ်ရော ချက်တတ်လို့လား" တို့... "G Talk ထဲမှာ အစိမ်းရောင် အစက်ကလေး တွေ ဘယ်နှစ်ခုတောင်ရှိနေတာလဲ" တို့… စသည်ဖြင့်ပေါ့…။ တချို့မေးခွန်းတွေက တော်တော်ဖြေရခက်သလေ...။ အဲဒီလို မေးခွန်းမျိုးတွေ တဖြည်းဖြည်းနဲ့ များလာတော့ “ဟေ့… ဒီမှာ... ကိုယ်ရေးတဲ့ ပိုစ့်တွေတိုင်းက Fiction နဲ့ Fact တွေကို ရောထွေးမပစ်နဲ့လေ… အရာ အားလုံးဟာ ကိုယ့် Personal တွေချည်းပဲတော့ ဘယ်ဖြစ်နိုင်ပါ့မလဲ” ဟု ခပ်ကျယ်ကျယ် ပြန်အော်မိတော့သည်။ ထိုအခါ သူက ကိုယ့်ကို မျက်လုံးအပြူးသားနှင့် ကြည့်ကာ “ဒီနဂါးလေးက တော်တော် စွာတာပါလား” တဲ့…။

ခဏကြာတော့ သူမှာထားတဲ့ ကော်ဖီကျကျကို သောက်လို့ အရမ်းကောင်းတာပဲလို့ ဆယ်ခါလောက်ပြောပြီး တရှိန်ထိုး မော့သောက်လေတော့ “ဒီကော်ဖီက တော်တော် ပြင်းတယ်... တခွက်လုံး အကုန်မသောက်နဲ့နော်” ဟု မပြောသာ ပြောသာဖြင့် ပြောလာသည်။ ဒီတော့ ကိုယ်က “ဟာ… ဘယ်လိုလဲကွာ… စေတနာက တဝက်ပဲရှိတာလား” ဟု သိသိကြီးနဲ့ ရန်လုပ်မိပြန်သည်။ ပြီးတော့ သူကပင် “ညက အိပ်ပျော်ရဲ့လား… ခေါင်းရော ကိုက်နေသေးလား” ဟု မမေ့မလျော့လဲ မေးသေးသည်။ ကြည့်စမ်းပါအုံး… သူငယ်ချင်းနှစ်ယောက်ရဲ့ ပထမဆုံးအကြိမ် တွေ့ဆုံမှုလို့ ဘယ်လိုမှ မထင်ရတဲ့ ချစ်ခင် ရင်းနှီးမှုတွေ… စိုးရိမ် ပူပန်မှုတွေ… သံယောဇဉ်တွေ…။

ပြီးတော့ သောက်လက်စ ကော်ဖီခွက်ကို အသာချကာ စကားတွေ အများကြီး ဆက်ပြောဖြစ်ကြသည်။ ကိုယ့်ရဲ့ ကလေးလေးတွေ အကြောင်းရေးတဲ့ ပိုစ့်တွေကို သူက ကြိုက်သတဲ့…။ အဲဒီကနေစပြီး ကိုယ့်ရဲ့ ဘလော့ဂ်လေးကို ခဏ ခဏ လာလည်ဖြစ်သွားတာ တဲ့…။ ဒီလိုဆိုလာတော့ ကိုယ်ကလဲ အားကျမခံ စာသိပ်မရေးပဲ ဓါတ်ပုံတွေသာ တင်ထားသော သူ့ဘလော့ဂ်လေးမှာ သူကိုယ်တိုင် ရိုက်တဲ့ ဓါတ်ပုံလေးတွေ သိပ်လှတယ်… ရှုခင်းလေးတွေကိုလဲ အရမ်းသဘောကျတယ် ဟု ပြောပြမိသေးသည်။ ပြီးတော့ ကိုယ့်ရဲ့ ပန်းကလေး သုံးပွင့်အကြောင်း ကတော့ လူတော်တော်များများ စိတ်ဝင်စားစရာ ပိုစ့်တခု ဖြစ်သွားသည် တဲ့…။ နောက်ထပ် ပန်းပွင့်လေးတွေအကြောင်း ရေးစရာ မရှိတော့ဘူးလား တဲ့…။ "အို.. ရှိတာပေါ့.. ကိုယ့်ကို မသိသေးသော၊ ကိုယ်ကသာ သိနေသော ဘလော့ဂ်ဂါ ပန်းပွင့်လေးတွေ အများကြီး ရှိနေသေးတာ” ဟု ခပ်ကြွားကြွားလေး ပြောမိတော့ သူက ပုခုံးကို တွန့်ကာ (မမ ခင်ဦးမေ ၏ လေသံအတိုင်း) “စုံထောက်ကြီး သက်ဝေ” ဟု ပြောင်ချော်ချော် ခေါ်လေသည်။

ဒီလိုနှင့် အချိန်တွေသာ ကုန်လာသည် စကားတွေကဖြင့် ပြောလို့ မကုန်နိုင်…။ အဆင်ပြေလျှင်တော့ မပြန်ခင် နောက်တရက် ထပ်တွေ့ကြမည် ဟု စဉ်းစားကာ အချိန်တန်တော့ အိမ်ပြန်ဖို့ ပြင်ရသည်။ နောက်တကြိမ် ထပ်တွေ့ဖြစ်ကြလျှင် Story City ဟူသော စိတ်ဝင်စားဖွယ်၊ ချစ်စဖွယ် နေရာလေးတခုကို လိုက်ပို့ပေးမည် ဟု ပြောလာသည်…။ ပြီးတော့ ကော်ဖီဆိုင်က အထွက်မှာ အမှတ်တရ ဓါတ်ပုံရိုက်ကြသေးသည်…။ ကြည်လင်နေသော အပျော်မျက်နှာများကြောင့် ဓါတ်ပုံတွေသည် လန်းဆန်းသစ်လွင်ကာ ခါတိုင်းထက် ပိုလှနေသည် ဟု သူက မှတ်ချက်ချတော့ မစွာရ မနေနိုင်သော ကိုယ်က “လူက နဂိုထဲက လှလို့ ဓါတ်ပုံက လှနေတာပါ” ဟု ပြောမိသေးသည်…။ ဆိုးလိုက်တာ တဲ့…။

* * * * * * *

အိမ်အပြန်လမ်းတလျှောက် ပြောဖြစ်ခဲ့ကြသော စကားလုံးများကို ပြန်တွေးရင်း ညကျရင်တော့ ပိုစ့်လေးတခု အမှတ်တရ ရေးဦးမည် ဟုလဲ စဉ်းစားနေမိသေး…။ ဒီလောက် မြန်မြန်ဆန်ဆန်ကြီး တွေ့ကြရလိမ့်မည်ဟု မျှော်လင့်မထားသောကြောင့် ထိုနေ့က တွေ့ဆုံမှုအတွက် နှစ်ယောက်စလုံး အံ့သြ ဝမ်းသာ ပျော်ရွှင် ကျေနပ်ခဲ့ကြသည်လေ..။

သံယောဇဉ်ဆိုသည်မှာ လူကို ပူလောင်စေသည် ဆိုသော်ငြားလည်း တခါတခါမှာတော့ ထိုသို့သော တွယ်တာမှု သံယောဇဉ်တို့၏ နောက်ကွယ်မှ မမြင်နိုင်သော စွမ်းအားများကြောင့်ပင် ကိုယ်တို့ဘဝတွေ ပိုပြီး အသက်ဝင် ရှင်သန်ရန် အားအင်တွေ တိုးပွားလာစေသည်လော ဟု လေးလေးနက်နက် စဉ်းစားတွေးတော နေမိပါတော့သည်…။



Tuesday, May 5, 2009

တန်ဖိုး

သူသည် ကျွန်းသားစစ်စစ်ဖြင့် ပြုလုပ်ထားပြီး ပေါလစ်ဆေးရောင်ဖြင့် ပြောင်လက် တောက်ပနေသော သစ်လွင်လှပနေသော တံခါးရွက် တရွက်ဖြစ်ခဲ့ဖူးပါသည်။ သူ၏ မျက်နှာပြင်ပေါ်မှာ ကနုတ်ပန်းအချို့ဖြင့် အဆင်ဒီဇိုင်းလှလှများလဲ ဆင်ယင် ထွင်းထုထားသေးသည်။ တံခါးလက်ကိုင်မှာ ကြေးညိုရောင် တောက်နေသော အဖိုးတန် လက်ကိုင်ဘု တခုလဲ ဖြစ်နေပါသေးသည်။ ခန့်ငြားသော အသွင်ကိုဆောင်သော၊ ခိုင်ခန့်ခြင်း သဘောကို ပြသနေသော၊ အရှိန်အဝါ ကြီးမြတ်ခြင်းကို အလွယ်တကူ မြင်တွေ့နေရသော တန်ဖိုးကြီးမားသော ကျွန်းတံခါးရွက် တခု ဖြစ်ပါသည်။

တချိန်တုန်းက သူသည် လှပပြီး ခန်းနားတင့်တယ်သော အခန်းတခု၏ လုံခြုံရေးတာဝန်ကို ယူရသူတစ်ဦး ဖြစ်ခဲ့ဖူးပါသည်။ ထိုအခန်းပိုင်ရှင်သည် သူ့ကို ညင်သာဖွဖွ ကိုင်တွယ်တတ်သူ မိန်းမငယ်လေး တစ်ဦးဖြစ်ပါသည်။ ထိုမိန်းကလေး အခန်းထဲမှ အပြင်ကို ထွက်သွားချိန်၊ အပြင်မှပြန်လာပြီး အခန်းထဲကို ဝင်လာချိန်များတွင် သူ၏ မျက်နှာပြင် ပေါ်ရှိ ကြေးညိုရောင် လက်ကိုင်ဘုကို အသာအယာ လှည့်ဖွင့်တတ်ပါသည်။ ပြီးလျှင် တံခါးရွက်ကို သေသေချာချာ ဂရုတစိုက် ညင်ညင်သာသာ ပိတ်တတ်ပါသည်။ တခါတရံ အားလပ်ချိန်များတွင် သူမသည် အဝတ်စ ဝါဝါလေးတစ်ခုဖြင့် တံခါးရွက် တစ်ရွက်လုံးကို ပွတ်တိုက်၍ ပြောင်လက်တောက်ပ စေတတ်ပါသည်။

တရက်တွင် တံခါးလက်ကိုင်ကို ခပ်ပြင်းပြင်းလှည့်ဖွင့်သံနှင့်အတူ သူမ၏ အခန်းထဲကို လူ လေး ငါးယောက်ခန့် ဝင်ရောက်လာကာ ပစ္စည်း ပစ္စယများကို သိမ်းဆည်း ထုပ်ပိုးနေကြပါသည်။ ခဏကြာသော် တံခါးရွက်ကို နံရံတဖက်သို့ ကြမ်းတမ်းစွာ တွန်းကပ်ကာ ပစ္စည်းများကို အပြင်သို့ သယ်ထုပ်နေကြသည့် မြင်ကွင်းကို ဝမ်းနည်းဖွယ်ရာ တွေ့မြင်ရပါသည်။ ထိုနေ့မှစကာ အခန်းပိုင်ရှင် မိန်းမငယ်ကလေးကိုလဲ မမြင်တွေ့ရတော့ပါ။ အခန်းသည် ပိုင်ရှင်မဲ့သွားသလို တံခါးရွက်လေးသည်လည်း ထိတွေ့ကိုင်တွယ်မည့်သူမရှိပဲ ငြိမ်သက် တိတ်ဆိတ်စွာ နေ့ပေါင်းများစွာကို ပျင်းရိ ငြီးငွေ့စွာ ကျော်လွန်ခဲ့ရပါသည်။

သည်လိုနှင့် နေ့ရက်များ အတော်ကြာပြီး တခုသော ညနေခင်းတွင် မိသားတစု ပစ္စည်းများနှင့် ထိုအခန်းငယ်လေးထဲကို ရောက်ရှိလာကြပါသည်။ သူတို့ ပစ္စည်းများနေရာတကျ ချထားရင်း ရှုပ်ထွေးပွေလီနေကြသောကြောင့် သူတို့ အခန်းတံခါးရွက်တခု၏ ထယ်ဝါခန့်ညားမှုကို မည်သူမျှ သတိထားမိဟန်မတူကြပါ။ သာမန်တံခါးရွက် တခုထက် နဲနဲမှမပို၊ တွန်းလိုက် ဆွဲလိုက်ဖြင့်… ကြမ်းတမ်းစွာ…။ ကလေးများကလည်း သူတို့၏ မုန့်စားလက်စ ပေကျံနေသော လက်များ၊ ကစားရာမှ ပြန်လာကြသော ချွေးသံများ ပေနေသော လက်များဖြင့် တံခါးလက်ကိုင်ကို သူ့ထက်ငါ အလုအယက် ကိုင်တွယ်ကာ ဖွင့်ကြ ပိတ်ကြ…။ နောက်ပိုင်း နေ့ရက်များတွင်လည်း သူတို့သည် နံနက် မိုးလင်းလျှင် တံခါးကို ဖွင့်ကာ ထွက်သွားလိုက်ကြ၊ ည မိုးတော်တော်ချုပ်မှ ပြန်လာလိုက်ကြနှင့် တရက် တရက် အိမ်မှာနေသည်ဟု မရှိ။ တံခါးရွက်ကလေးကိုလဲ မည်သူမျှ ဂရုမစိုက်ကြ… ယုတ်စွအဆုံး ကြက်မွေးလေးဖြင့်ပင် ဖုန်ကလေး ဘာလေး သုတ်ပေးဖေါ် မရကြ။ ထိုအခါ တံခါးရွက်ကလေးမှာလဲ တနေ့တခြား အရောင်အသွေးများ မွဲခြောက် မှေးမှိန်၍သာ လာချေတော့သည်။

ဤသို့လျှင် နာကျင် ချိနဲ့သော စိတ်နှလုံးဖြင့် နေ့ပေါင်း ရက်ပေါင်းများစွာ ကျော်လွန်လာခဲ့သည်။ မှတ်မှတ်ရရ ထိုမိသားစု လေးယောက် ပြောင်းလာပြီး နှစ်နှစ်ခန့်အကြာတွင် ဖြစ်ပါသည်။ အထုပ်အပိုးများ ကိုယ်စီကိုင်ဆောင်လာသော လူတစုရောက်လာကာ အချိန် အနည်းငယ်အတွင်းမှာပင် တံခါးဘောင်ကို တူများ တူရွင်းများဖြင့် စတင် ထိုးနှက်ကာ ဖြုတ်နေကြပါသည်။ ဘာများဖြစ်လို့ပါလိမ့်ဟု တွေးနေဆဲ တံခါးကျည်းဘောင် တခုလုံး ပြုတ်သွားပြီးနောက် တံခါးရွက်လေးကိုလဲ ပတ္တာမှနေ၍ ဆွဲဖြုတ်ပစ်လိုက်ကြပါတော့သည်။

တွေ့ကြုံဖူးခဲ့သော အခြေအနေများအရ နားလည်လိုက်သည်မှာ သူတို့ အိမ်ပြင်ကြသည်၊ ဟောင်းနေသည်များကို စွန့်ပယ်ကာ ပစ္စည်း အသစ်များနှင့် အစားထိုးကြပေတော့မည်။ သူသာ စကားပြောတတ်ပါက ခိုင်ခန့် တောင့်တင်းဆဲ၊ လှပ သစ်လွင်ဆဲ၊ အနည်းငယ်မျှ ပွတ်တိုက် သန့်စင်လိုက်လျှင် အရောင်အဝါ လင်းလက် တောက်ပလာနိုင်ပြီး တန်ဖိုးရှိနေဆဲ တံခါးရွက် တခုကို မည်သည့် ချိန်စက်နှင့် တိုင်းတာကာ ဟောင်းနေပြီဟု စွတ်စွဲ သတ်မှတ်လိုက်ပါသနည်း ဟု မေးနေမိမည် ထင်ပါသည်။ ထို့အပြင် သူတို့မိသားတစု၏ လုံခြုံရေးကို ရှေ့ဆုံးမှနေကာ မားမားမတ်မတ် ခိုင်ခိုင်မာမာ အကာအကွယ်ပေးနေသူ တစ်ယောက်အဖြစ် အနည်းငယ် တန်ဖိုးထားကြလျှင် မည်မျှ ကောင်းလိမ့်မည်နည်းဟုလဲ တောင့်တမိပါသည်။ သို့သော် သူ၏ ဆန္ဒများ စိုးစဉ်းမျှ မပြည့်ဝခဲ့ပါ။ အခြားအခြားသော အဟောင်းအမြည်း ပစ္စည်းများနှင့်အတူတူ စတိုခန်းဟု အမည်ရသော ခပ်မှောင်မှောင် အခန်းရှည်ကျဉ်းကျဉ်းလေးထဲသို့ ရောက်ရှိသွားခဲ့ရပါသည်။

ယခုအချိန်တွင် သူသည် ကိုယ်ပိုင်စွမ်းအားနှင့် မရပ်တည်နိုင်တော့ပဲ စတိုခန်း၏ နံရံတဖက်ကို အမှီအတွယ်ပြု၍ ခပ်စောင်းစောင်း အနေအထားဖြင့်သာ နေနေရပါသည်။ မည်သူ့ကိုမှလဲ လုံခြုံသော အကာအကွယ်များ မပေးနိုင်တော့ပါ။ အလိုလိုနေရင်း ဘာမျှ အသုံးမကျ အသုံးမဝင်တော့သော အနေအထားသို့ တမဟုတ်ချင်း ရောက်သွားပါတော့သည်။ တချို့နေ့များတွင် မည်သည့် အလင်းရောင်ကိုမျှ မမြင်ရ…. လေဝင် လေထွက်လဲ မရှိ… ဘယ်လို အသံမျိုးမှလဲ မကြားရ… တိတ်ဆိတ်ခြောက်သွေ့ကာ အထီးကျန်ဆန်လွန်းလှသည်။

လောလောဆယ် သူ ဝမ်းနည်းစွာ တွေးနေမိသည်မှာ ပစ္စည်းတခု၏ တန်ဖိုးဟူသည် တန်ဖိုးထားတတ်သော သူ၏ လက်ထဲတွင်သာ အဖိုးတန် ရှင်သန်နေနိုင်သည် ဟူသော အချက်ကိုပင်ဖြစ်သည်။ သို့သော် တချိန်တည်းမှာပင် တစုံတရာကို တောင့်တ မျှော်လင့်ရင်း သူ၏ စိတ်ကို အားတင်းထားမိပါသည်။ သူ ဇွဲမလျော့သေးပါ…။ တချိန်ချိန်မှာ တစုံတယောက်က ဤ စတိုခန်းတံခါးကို လာဖွင့်ကာ သူ့ကို ခေါ်ဆောင်သွားပြီး ယုယစွာ ပြန်လည် သန့်စင် အရောင်တင်ကာ တနေရာရာတွင် တန်ဖိုးထား အသုံးချလိမ့်မည် မဟုတ် ဟု မည်သူ ပြောနိုင်မည်နည်း…။




(တံခါးရွက် အဟောင်းတခု၏ စိတ်ခံစားမှုကို ကိုယ်တိုင် ဝင်ရောက် ခံစားကြည့်မိပါသည်။)