Sunday, January 31, 2010

တပွင့်ပန်း

ကိုယ်ဟာ မိန်းကလေးတယောက် ဖြစ်ပေမယ့် တကယ်တော့ ပန်းပင်တွေ ပန်းပွင့်တွေနဲ့ နဲနဲမှ မနီးစပ်ပါဘူး။ ပန်းတွေကို စိတ်လဲ မဝင်စားသလို သိပ်လည်း မနှစ်သက်ခဲ့ပါဘူး။ သိပ်လှတဲ့ပန်းတွေ၊ သိပ်မွှေးတဲ့ပန်းတွေကိုတွေ့ရင်လဲ သာမန်ထက်ပိုပြီး ဘာမှ ထူးထူးခြားခြား မခံစားရပါဘူး။ ငယ်ငယ်ကတော့ ကျောင်းပိတ်ရက်ရှည် တခုမှာ အမတယောက်က ခေါ်လို့ (အဖေါ်ကောင်းလို့) ဂျပန်ပန်းအိုးထိုးနည်း အီကေဘားနားကို သင်တန်းတက်ခဲ့ဖူးတယ်။ သင်တန်းအပြီးမှာ ဘုရားပန်းအိုး နဲ့ အိမ်က စားပွဲလေးတွေပေါ်မှာ အလှပန်းအိုး သေးသေးကွေးကွေးလေးတွေကို နဲနဲ ချက်ကျလက်ကျ ထိုးတတ်လာပါတယ်။ ဒါထက်တော့ မပိုခဲ့ပါဘူး။

ဟိုတလောကတော့ သူများတွေရိုက်ထားတဲ့ ဓါတ်ပုံတွေကြည့်ရင်း ကိုယ်တိုင်လဲ ဓါတ်ပုံရိုက်ချင်စိတ် ဖြစ်လာတယ်။ သို့သော် ဓါတ်ပုံရိုက်ချင်စိတ် ပေါ်လာတဲ့အခါတိုင်းမှာ ကိုယ်ရိုက်ချင်တာတွေက ချစ်စရာ တိမ်တွေ များများပါတဲ့ ရှုမျှော်ခင်းတွေ၊ မျက်စေ့တဆုံး မြင်နေရတဲ့ မြက်ခင်းစိမ်းစိမ်းတွေနဲ့ သစ်ပင်အုပ်အုပ်တွေ၊ အသက်ဝဝရှုလို့ သိပ်ကောင်းတဲ့ ကွင်းပြင် ကျယ်ကျယ်တွေ၊ ပင်လယ်ပြင် ကျယ်ကျယ်ကြီးကို အနားသတ်ထားတဲ့ ဟိုးအဝေးကြီးက တောင်တန်းညိုညိုတွေ၊ သူတို့အနားကို သွားလိုက်တိုင်း ကိုယ့်ဆီကို အပြေးကလေး ရောက်လာတတ်ကြတဲ့ ရေလှိုင်းပြာပြာတွေ… အဲဒီလိုပုံမျိုးတွေကိုပါ။

ဒါပေမယ့် လောလောဆယ်မှာ အဲဒီလိုတွေရိုက်ဖို့ အတွက် အဲဒီလိုနေရာမျိုးတွေကို သွားဖို့ အခြေအနေကမပေး၊ အချိန်ကလဲ ရှိမနေသေးတာကြောင့် အလွယ်ဆုံး နဲ့ အနီးစပ်ဆုံး Object တွေကိုပဲ အရင်ရိုက်နေဖြစ်ပါတယ်။ အဲဒီလိုတွေ Object တွေ ထဲကမှ ကိုယ်အရင်က တခါမှ စေ့စေ့စပ်စပ် နီးနီးကပ်ကပ် မကြည့်ဖူးတဲ့ ပန်းလေးတွေကို အနီးကပ် ရိုက်ထားတယ်။ ဒီမှာ ကြည့်ပါအုံး...












အဲဒီပန်းလေးတွေက ပထမတခေါက်က မိုးဖျက်လို့ မရောက်ခဲ့ရတဲ့ Botanical Garden ကို နောက်တခေါက် ထပ်သွားတုန်းက ရိုက်ခဲ့တာပါ။ ဓါတ်ပုံပညာ ဆိုတာကို ထဲထဲဝင်ဝင် မလေ့လာရသေးခင်မှာ စိတ်ပါသလို ရိုက်ထားတဲ့ ပုံလေးတွေလဲဖြစ်ပါတယ်။ အဲဒီမှာ သိပ်လှတဲ့ ပန်းတွေ အများကြီးတွေ့ခဲ့ပေမယ့် စိတ်ထဲမှာ တွေးမိတာလေး တခုကြောင့် အခိုင်တခိုင်မှာ တပွင့်စီသာရှိနေတဲ့ ပန်းတွေကိုမှ ရွေးရိုက်ခဲ့မိတယ်…။ ရိုက်ပြီးတော့ ဓါတ်ပုံလေးတွေ တပုံစီအတွက် နာမည်ရွေးတာ မရလို့ တော်တော်နဲ့မတင်ဖြစ်ခဲ့ဘူး။ ဒီနေ့တော့ ပုံအားလုံးအတွက် “တပွင့်ပန်း” လို့ပဲ နာမည်လွယ်လွယ်ပေးပြီး တင်လိုက်ပါတယ်။ ဓါတ်ပုံလေးတွေလာကြည့်ရင်း စိတ်ကူးထဲမှာ ပေါ်လာတဲ့ နာမည်လေးများ တွေးမိရင် ပြောခဲ့ကြပါလို့…



Thursday, January 28, 2010

ချစ်ခြင်းနှင့် မျောလွင့် အတူ

ဒီရက်တွေမှာ အချိန်အား မရှိတာကြောင့် စာမရေးဖြစ်ပါဘူး။ ရေးထားတာတွေကလဲ တပိုင်းတစတွေနဲ့ အဆုံးမသတ်နိုင်တာတွေချည်းပဲ…။ ဖေဖေါ်ဝါရီလအတွက်တော့ အတွေးထဲမှာ ရေးထားတာလေး နှစ်ခုရှိတယ်…။ တခုက သူငယ်ချင်းတွေရယ် ပြီးတော့ စက်မှုတက္ကသိုလ် ကျောင်းနောက်ခံရယ်နဲ့ ကျောင်းပုံပြင်…။ နောက်တခုက ၁၄ ရက် ဗယ်လင်တိုင်းနေ့အတွက် အမှတ်တရ တခုခု…။ အဲဒီ နှစ်ခုကို ပြီးအောင်ရေးဖို့ အခုရက်တွေထဲက ပျိုးထားတယ်။ ရေးဖြစ်မယ် ထင်ပါတယ်။

အခု တင်လိုက်တဲ့ ချစ်စရာ ကဗျာလေးက သူငယ်ချင်း ချစ်ကြည်အေး ဆီက လက်ဆောင်ပါ။ စာမရေးနိုင်တဲ့ရက်တွေအတွက် ကိုယ့်ရဲ့ ဘလော့ဂ်လေး ခြောက်သွေ့နေမှာစိုးလို့ တဲ့…။ သူရည်ရွယ်တာက ကိုယ်တို့ရဲ့ Anniversary အတွက်ပါ။ ဒါပေမယ့် အခုမှ တင်ဖြစ်တယ်…။

ဓါတ်ပုံလေးကတော့ ကိုယ်တိုင်ရိုက်ထားတာပါ။ Place for Two လို့ နာမည်ပေးထားပါတယ်…။ ကဗျာလေးနဲ့ လိုက်မယ် ထင်လို့ တင်လိုက်တာပါ။


ချစ်ခြင်းနှင့် မျောလွင့် အတူ

ပန်းဆွဲ ကျောက်စက်
မြခက် ကဗ္ဗလာ
လိပ်ပြာ ဖမ်းရင်း ပန်းတခင်းဝယ်...။

စိမ်းမြ မျက်ပြင်
တွဲခို ယှဉ်လျောက်
ကြယ်ပြာ ကောက်စဉ် ရင်ခွင်မှီအုံး...။

ကောင်းကင် တဆုံး
တူ တူ ပုန်း အိပ်
တိမ်လိပ် တွေထဲ လက်ချင်း တွဲထား...။

ပန်းကောက် တေးသီ
ပန်းချီ ဆွဲအုံး
သက်တံ ခုံးထိပ် ခြေချင်း ချိတ်ထိုင်...။

သွားကြ စို့လေ
မင်ရေ သမုဒ်
စာလုပ် ရေးသီ ကမ်းခြေဆီမှာ...။

သူနဲ့သာဆို မငြို မငြင်
လိုချင် မက်လှ ဘယ်ဘဝရောက်
ဘယ်လမ်းပေါက်စေ မိုးအောက် မြေဆုံး...
တစ်သက်လုံး ရှင့်....။

ချစ်ကြည်အေး


သူငယ်ချင်းရေ… ကျေးဇူး အများကြီးတင်တယ်နော်…။ နောင်ကိုလဲ အခုလို ချစ်စရာ ကဗျာလှလှလေးတွေ အများကြီး ရေးနိုင်ပါစေလို့ ဆုတောင်းပါတယ်…။

Thursday, January 21, 2010

ကိုယ့်လက်ရာ

ကိုယ့်လက်ရာ ဆိုလို့ ကိုယ် ဘာဟင်းတွေများ လက်စွမ်းပြ ချက်ပြုတ်တော့မှာပါလိမ့်လို့ မတွေးကြနဲ့လေ… နော်။ ဟိုတလောက လိုချင်လှချည်ရဲ့ဆိုပြီး ဂျီတိုက်လိုက်လို့ ရထားတဲ့ ကိုယ့်ရဲ့ နှစ်ကျပ်ခွဲနဲ့ စမ်းထားတဲ့ လက်ရာလေးတွေကို ဆိုလိုတာပါ။

အမှန်ကတော့ အဲဒီ နှစ်ကျပ်ခွဲလဲရပြီးရော… ကိုယ် နည်းအမျိုးမျိုးနဲ့ လမ်းပေါက်တွေ ရှာပါသေးတယ်။ ဒါပေမယ့်လဲ အဲဒီ ခရစ်စမတ်နဲ့ နှစ်သစ်ကူး ရက်တွေမှာ ကိုယ့်မိသားစု အရေး၊ ဟိုအရေး ဒီအရေး၊ သုံးပါးမကတဲ့ အရေးတွေနဲ့ ပွေလီနေတော့ ဘယ်ကိုမှ မှတ်မှတ်ရရ မသွားဖြစ်လိုက်ပါဘူး။ အဲဒီရက်တွေလွန်သွားတော့လဲ မိုးတွေက ရွာလိုက်တာမှ ဆက်တိုက်…။ ဖြစ်ချင်တော့ ပြောပါတယ်… အပြင်လေး ဘာလေးထွက်ပြီး နှစ်ကျပ်ခွဲနဲ့ လက်စွမ်းပြမယ် စဉ်းစားလိုက်တိုင်း မိုးတွေက သည်းကြီးမဲကြီးကို ရွာချတော့တာ…။ တကယ်… တကယ်… Botanic Garden ကိုဆို ရောက်ပြီးမှ မိုးတွေကြောင့် ကားပေါ်က ဆင်းလို့ မရပဲ ဒီတိုင်း လှည့်ပြန်လာခဲ့ရတဲ့ အထိကို အခြေအနေ ဆိုးတာပါ။

ဟိုးရှေးရှေးက လူပျက်တွေ ပျက်သလိုပါပဲ… မင်းသားလေးက အားရပါးရ ကပြ အသုံးတော်ခံချင်ပါသော်လည်း ကျန်းမာရေးက မကောင်း… ကျန်းမာရေးကောင်းလို့ မင်းသားလေး ကတော့မယ် ဆိုပြန်တော့ အခြေအနေက မပေး… အခြေအနေ ပေးပြန်လို့ မင်းသားလေး ကတော့လဲ အားပေးမယ့်သူက မရှိ… ဆိုသလိုကို ဖြစ်နေတော့တာလေ…။

ဒီလိုနဲ့တော့ ဘယ်ရမလဲ... ဟိုအကောင် လက်ထဲ ဟိုအသီး ရောက်နေသလို ဆိုတော့ အငြိမ်ကို မနေနိုင်၊ တခုမဟုတ် တခုတော့ ရိုက်နေရမှ ဖြစ်မယ် ဆိုပြီး အိမ်မှာ တွေ့ရာ မြင်ရာ အကုန်ရိုက်ပါတယ်။ ရိုက်တာမှ အိမ်ရှိ လူကုန် နဲ့ အိမ်ရဲ့ နေရာ အနှံ့အပြား တွေသာမက ငါးကန်ထဲက ရွှေငါးတွေ၊ မှန်တင်ခုံပေါ်က ပစ္စည်း ပိစိ ပေါက်စတွေ၊ စာပွဲပေါ်က စာအုပ်တွေ၊ ထမင်းဝိုင်းက ထမင်း ဟင်းပန်းကန်တွေရော မီးဖိုထဲက ကြက်သွန်တွေ အာလူးတွေပါ မရှောင် နီးနီးတမျိုး ဝေးဝေးတဖုံ…။ အခုဆို အိမ်ကလူတွေကလဲ ကိုယ် နှစ်ကျပ်ခွဲကြီး ကိုင်လိုက်တိုင်း ရှောင်ထွက်သွားတဲ့ အကျင့်တွေ၊ သူတို့ကို ချိန်ရွယ်လိုက်တိုင်း မျက်နှာကို လက်နဲ့ကာတဲ့ အကျင့်တွေကို ရက်အနည်းငယ်အတွင်းမှာ ကိုယ်စီကိုယ်ငှ ရနေကြပါပြီ…။ ပါးစပ်ကလဲ ပူညံပူညံတွေ ပွစိ ပွစိ ရေရွတ်ကြရင်းနဲ့ပေါ့…။

ဒီကိစ္စတွေရဲ့ အသေးစိတ်ကိုတော့ နောက်မှပဲ နှစ်ကျပ်ခွဲတန် ဒုက္ခများ တို့… သက်ဝေနှင့် သူ၏ နှစ်ကျပ်ခွဲ တို့… စတဲ့ ခေါင်းစဉ် တခုခုနဲ့ ပိုစ့်ရေးပြီး တင်ပါအုံးမယ်။

အဲ… လိုရင်းကို ပြန်ပြောရရင် ဒီရက်တွေမှာ ဘယ်မှ ဝေးဝေးလံလံသွားပြီး လက်စွမ်းပြခွင့်မရတာမို့ အလွယ်ဆုံးဖြစ်တဲ့ ကိုယ့်အိမ်ကနေ လှမ်းကြည့်ရင်မြင်နေရတဲ့ နေရာကိုပဲ (စွမ်းစွမ်းတမံ) လှမ်းရိုက်လိုက်ပါတယ်…။ ရှုစား အားပေးတော်မူကြပါကုန်…။


ဒီပုံကတော့ မနက် နေထွက်ခါစမှာ ရိုက်ထားတာပါ။ ဒီပုံကို Flickr မှာ တင်တော့ ဒီလောက် မနက်စောစော ထနိုင်လို့လား လို့ မေးတဲ့သူကလဲ ရှိပါသေးတယ်။ တကယ်တော့ ဒီပုံကိုရိုက်တော့ မနက် ၇ နာရီ နီးနီး ရှိနေပါပြီ။ (ဟေ့… ကိုယ် မနက် ၇ နာရီ အိပ်ရာ မထနိုင်ဘူး လို့ ဘယ်သူက ပြောသလဲ… ဟွန်း…)
ကိုယ်ချစ်နေကျ တိမ်လိပ်တွေဟာ နေထွက်ခါစမှာ နေရောင်ဟပ်ပြီး ပုဇွန်ဆီရောင် ပြေးနေတာ ကိုယ့်ဟာကိုယ် ပြန်ကြည့်ပြီး ပီတိတွေ ဖြစ်နေတာ ရက်ပေါင်းများစွာပါ။



ဒီပုံကတော့ နေရာချင်းအတူတူ ရိုက်တဲ့ အချိန်က ၁၂ နာရီ တိတိကွာပါတယ်။ ညနေ ၇ နာရီမှာ ရိုက်ထားတာပါ။ အဲဒီနေ့က ညနေ ၆ နာရီ ၄၅ လောက် ရုံးက ပြန်ရောက်ပြီး အခန်းထဲကနေ လှမ်းကြည့်မိတော့ တိမ်တောက်နေတာ တွေ့တုန်း မြန်မြန်ရိုက်လိုက်တာပါ။ ချက်ချင်းပဲ သတိရသွားတာက အရင်က ရန်ကုန်မှာ တိမ်တောက်ချိန်ဆိုရင် ဖေဖေ (သို့) မေမေက သမီးရေ အိမ်အပြင်ကို ထွက်ခဲ့ပါအုံးဟေ့… လို့ လှမ်းခေါ်ပြီး စ တတ်တာကိုပါ။ အရင်ကတော့ သိပ် နားမလည် ပါးမလည်မို့ ခံလိုက်ရပေမယ့် ခဏခဏ ခံရပေါင်းများလာတော့ သိလာပါတယ်။ နောက်ပိုင်းမှာတော့ တိမ်တောက်တာ မြင်ရင် ဦးရာလူ လှမ်းအော် ခေါ်စတမ်းပါပဲ…။ အဲဒီနေ့ကလဲ ဖေဖေက သမီး အောက်ဆင်းပြီး လမ်းလေး ဘာလေး လျှောက်ပါလား… လို့တောင် လာပြောနေပါသေးတယ်။ (မသိရင် ခက်မယ်.. အဲဒါ လူကို အကျည်းတန်တယ်လို့ ပြောတာ…)
တိမ်တောက်နေတော့ အဆောက်အဦးတွေအပေါ်မှာ နေရောင် ဝါဝါတွေ သန်းနေတာ သိပ်လှတယ်လို့ ထင်ပြီး ကြည့်မဝတာ ညပေါင်းများစွာပါ။

ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်ရဲ့ နှစ်ကျပ်ခွဲပိုစ့်မှာ လှိုက်လှိုက်လှဲလှဲ အားပေးသွားကြတဲ့ Comment တွေရဲ့ တန်ခိုးကြောင့် ကိုယ်လိုချင်နေတဲ့ နှစ်ကျပ်ခွဲကို ရက်ပိုင်းအတွင်းမှာ ရခဲ့တာမို့ အားပေးကြတဲ့ သူငယ်ချင်း မိတ်ဆွေတွေကို တကယ် ကျေးဇူးတင်ပါတယ်…။ အခုလဲ ဓါတ်ပုံလေးတွေ လာကြည့်ကြတဲ့သူများကို ကြိုတင် ကျေးဇူးတင်ထားပါရစေ။ နောင်ကိုလဲ တတ်အားသ၍ လက်စွမ်းပြပါအုံးမယ်…။



Friday, January 15, 2010

ဆူဆေး

ကာတွန်း တင်အောင်နီရဲ့ နာမည်ကြီး ပြာဂလောင် ပြာလချောင် ကာတွန်းထဲက ချစ်စရာ အပိုင်းလေး တခုပါ။

ပြာဂလောင်နဲ့ ပြာလချောင်တို့ ညီအစ်ကို နှစ်ယောက်ကို သူတို့ မေမေ ခင်ချောဆွိက ခဏခဏ ဆူတတ်တယ်လေ… တနေ့မှာ သူတို့အိမ်က ဘီဒိုပေါ်မှာ (သူတို့ယူလို့ မမှီအောင်) တင်ထားတဲ့ ပုလင်းတလုံးကိုတွေ့လို့ အမွှာညီနောင်နှစ်ယောက် သိချင်ဇောနဲ့ ယူကြည့်လိုက်တဲ့အခါ ပုလင်းမှာ ရေးထားတာက “ဆူဆေး” တဲ့…။

သူတို့စိတ်ထဲမှာ မေမေ ဒီဆေးတွေသောက်ပြီး တို့ကို ခဏခဏ ဆူ ဆူနေတာကိုး... ဒီဆေးမရှိရင်တော့ဖြင့် မေမေ တို့နှစ်ယောက်ကို ဆူနိုင်မှာ မဟုတ်တော့ဘူး လို့ တွေးတာ…။ ဒီလိုနဲ့ နှစ်ယောက်သား တိုင်ပင်ပြီး အဲဒီ ဆူဆေးပုလင်းကို ယူပြီး သောက်ရေအိုးထဲ သွန်ချ လိုက်ကြသတဲ့…။ ဒီအခါမှာ သောက်ရေအိုးဟာ ဆူဆေးရဲ့ အရှိန်ကြောင့် တခဏအကြာမှာ ပူဖေါင်းလေးတွေထွက်ပြီး ဆူလာတော့တာပေါ့…။

ဒီအခါမှာ သူတို့က ခေါင်းလေးတွေ တညိတ်ညိတ်နဲ့… “ကြည့်စမ်း… ဒီဆေးက တော်တော်စွမ်းတာကိုး... မေမေ ငါတို့ကို ဆူသလား မဆူသလား... အခု ဒီသောက်ရေအိုးကြီးတောင် ပွစိပွစိနဲ့ ဆူနေပါရောလား…” လို့ ကောက်ချက်ချလိုက်ကြတယ် တဲ့…။


အခုတလော အလုပ်တွေ ပင်ပန်းတာရယ်၊ နေကလဲ ကောင်းကောင်း မကောင်း၊ ခေါင်းကလဲ နေ့စဉ်ရက်ဆက်ဆိုသလို ကိုက်နေတာမို့ လူက အလိုလိုနေရင်း စိတ်တွေ တိုနေပါတယ်။ ဒီတော့ ဘာပြောပြော ဘာလုပ်လုပ် စိတ်တိုတာက အရင် ဖြစ်နေတော့တာ…။ ပြီးတော့ ဒီရက်တွေမှာ စိတ်နဲ့ မတွေ့တာတွေ၊ စိတ်နဲ့ မတွေ့စရာတွေကလဲ ပြောမပြတတ်အောင် တကယ်ကို များမှများ…။ ဒီတော့ ဟိုလူ့ ဆူ၊ ဒီလူ့ ဆူလဲ လုပ်မိပါတယ်။

ချစ်ရတဲ့ သူငယ်ချင်း တယောက်ကိုလဲ ဒီရက်တွေမှာ စိတ်တိုင်းမကျတာနဲ့ ခဏခဏ ဆူပူ အပြစ်တင်နေမိလို့ သူက “မင်း ဆူဆေးများ သောက်ထားသလား…” လို့ မေးလာပါတယ်။ အဲဒီအခါမှာ တခုခုဆို ရုတ်တရက် စိတ်တိုဖို့သာသိပြီး လွယ်လွယ်နဲ့ အဓိပ္ပါယ် မပေါက်တတ်တဲ့၊ အလွန် နားဝေးတတ်တဲ့၊ ပြင်ပ ဗဟုသုတ နည်းပါးပြီး သိထား ဖတ်ထားသမျှကိုလည်း အလွယ်တကူ မေ့ မေ့ပစ်တတ်လွန်းတဲ့ ကိုယ်က “ဘာ... ဆူဆေး ဟုတ်လား… ဘာ ဆူဆေးလဲ ဟင်…” လို့ ပြန်မေးရတာပေါ့။ ဒီအခါမှာ သူက အပေါ်က ပြာဂလောင် ပြာလချောင် ဇာတ်လမ်းလေး ပြောပြသွားတာပါ။ သူပြောတော့ ရယ်လိုက်မိတာ ပါးတောင် နာသွားတယ်…။ စိတ်ထဲမှာလဲ နဲနဲပေါ့ပါးသွားပြီး ငါ့ အခြေအနေ တော်တော်ဆိုးနေတာပါလား ရယ်လို့… ကိုယ့်ကိုယ်ကိုယ်လဲ ပြန်မြင်လာပါတယ်…။ (ဟေ့... နောက်ကို မဆူတော့ဘူးနော်... အိုကေ...)

အမှန်ကတော့ ကိုယ် ဆူဆေး မသောက်ထားပါဘူး၊ သောက်စရာလဲ မလိုပါဘူး။ ကိုယ့်အတွက် ဆူဆေးလဲ တကယ် မလိုအပ်ပါဘူး။ ကိုယ် ဘယ်သူ့ကိုမှလဲ မဆူချင်ပါဘူး။ ဖြစ်လာသမျှ ကြုံလာသမျှတွေကို ဘယ်လောက်ပဲ စိတ်တိုင်းမကျ ဖြစ်နေသော်လည်း အတတ်နိုင်ဆုံး အပြုံးမပျက် မြိုသိပ်ထားနိုင်ပြီး နေ့ရက်တွေကို အေးချမ်းစွာ ဖြတ်သန်းချင်ပါတယ်။

ဒါပေမယ့် ရနိုင်မယ်ဆိုရင် ကိုယ် တခုတော့ လိုချင်မိတယ်။
မျက်စေ့ရှေ့မှာ နေ့စဉ် မြင် ကြား တွေ့ သိ နေရတဲ့ အမြင်မတော် အကြားမတော် အသိမတော်တဲ့ အရာတွေကို လျှစ်လျှူရှုနိုင်တဲ့ ဆေးလေးကိုပါ…။ ကိုယ်ဟာ ပုထုစဉ် လူသားတယောက်ပီပီ လောကီရေးရာတွေကို ဖယ်ခွာ ချန်ထားပြီး ရုန်းထွက်သွားဖို့ ဆိုတာ (အခု လောလောဆယ်မှာ) တကယ်ပဲ မဖြစ်နိုင်သေးပါဘူး။ အဲဒီအခါမှာ ကိုယ့်အနေနဲ့ ကိုယ်မနှစ်သက်တာတွေကို မျက်စေ့မှိတ်ပြီး လျှစ်လျှူရှု ဥပက္ခာ ပြုထားနိုင်အောင်သာ ကြိုးစားရတော့မှာပေါ့။ ဒါကြောင့် အဲဒီလို အရာရာကို လျှစ်လျှူရှုနိုင်တဲ့ ဆေးမျိုး ရနိုင်မယ့်နေရာလေးများ ရှိခဲ့ရင်၊ သိခဲ့ရင် ပြောပြပေးစေချင်ပါတယ်…။ ပြောပြပေးတဲ့သူကို ကျေးဇူးမမေ့ပါဘူး...။




*** စိတ်နောက်နောက်ဖြင့် ထင်ရာ ရေးလိုက်မိပါသည်။ လာဖတ်ကြသူများကို အားနာစွာဖြင့် ကျေးဇူးတင်နေပါမည်။ ကောင်းသော သောကြာနေ့ပါ…။

Sunday, January 10, 2010

ကိုယ့်ရဲ့ နေ့များ အကြောင်း

တရက်က သူငယ်ချင်း တန်ခူး နဲ့ စကားပြောဖြစ်တော့ သူက မေးတယ်။ သက်ဝေ ဘယ်အချိန်တွေ စာရေးသလဲ တဲ့။ ဒီရက်တွေမှာ ကိုယ် အရမ်း အလုပ်များတာ သူ သိတယ်လေ။ အိမ်အလုပ်၊ ရုံးအလုပ်၊ မိသားစု တာဝန်၊ ဆွေရေး မျိုးရေး တာဝန်တွေ အပြင် လူမှုရေး တာဝန်တွေ အများကြီးနဲ့ တနေ့တနေ့ အချိန်တွေကုန်နေရတာ သူ သိတယ်…။ ဒါကြောင့် မေးတာပါ။ ဒီတော့ တပတ်ကို အနည်းဆုံး တပိုစ့်၊ တလကို ပိုစ့် ငါးခု ခြောက်ခု လောက် မှန်မှန်တင်နေနိုင်တဲ့ ကိုယ့်ရဲ့ နေ့တွေ နဲ့ ကိုယ့်ရဲ့ တနေ့တာ အချိန်တွေကို ဘယ်လို သုံးတယ် ဆိုတာကို ပိုစ့်တခု ရေးပြီး ပြောပြပါလား တဲ့…။

သူကမေးလာတော့ အဲဒီအကြောင်းတွေကို အကယ်ပဲ ပြောပြချင်မိတယ်။ ဒါပေမယ့် အခုတလောမှာ ကိုယ့် ပိုစ့်တွေက personal တွေ သိပ်များနေလို့ စာဖတ်သူတွေကို အားနာနေတာ…။ သို့သော်လည်း ရေးလိုက်မိပြန်ပြီ…။ ဖတ်ရတာ ပျင်းစရာကောင်းနေရင်လဲ စိတ်မရှိကြပါနဲ့နော်…။ နောက်ကို ဆင်ခြင်မယ်လေ… အိုကေ…း))

ကိုယ်က စိတ်မြန်တယ်။ စကားပြောတာလဲ မြန်တယ်။ လမ်းလျှောက်တာလဲ မြန်တယ်။ ဆုံးဖြတ်ချက်ချရင်လဲ မြန်တယ်။ အိမ်အလုပ် လုပ်ရင်လဲ မြန်တယ်။ ထမင်း ဟင်းချက်ရင်လဲ မြန်တယ်။ ဘာလုပ်လုပ် မြန်မြန် ဆန်ဆန် လုပ်လိုက်တာ ချည်းပဲ။ အဲဒါက ကိုယ့်ရဲ့ အဓိက အားသာချက်တခုပါ။ (နဲနဲမှ စိတ်မရှည်တတ်ဘူးလို့ ပြောရင်လဲ ရပါတယ်။) တခါတလေ မလုပ်ချင်လို့ ပျင်းလို့ အချိန်တွေ ဆွဲနေတတ်တာမျိုးတွေ ရှိပေမယ့် တကယ်တမ်း လုပ်ရပြီဟေ့ ဆိုရင်တော့ သွက်သွက် လက်လက်ပဲ။ နှေးတုံ့ နှေးတုံ့ လုပ်နေလေ့မရှိသလို အဲဒီလို နှေးကွေးတဲ့သူတွေကိုလဲ မနှစ်သက်တတ်ဖူး။

အလုပ်သွားရတဲ့ ကြားရက် ငါးရက်စလုံးမှာ နေ့လည်စာကို စားချင်ချင် မစားချင်ချင် အပြင်မှာပဲ စားကြရတယ် မဟုတ်လား။ ဒါကြောင့် ညစာကိုတော့ အိမ်ထမင်း အိမ်ဟင်း စားနိုင်အောင် ကြိုးစားပြီး ချက်စားပါတယ်။ အတတ်နိုင်ဆုံး ကောင်းကောင်းမွန်မွန် ဖွယ်ဖွယ်ရာရာလဲ ချက်ပါတယ်။ အိမ်ရှင်မတယောက်ဖြစ်တဲ့အတွက် ထမင်း ဟင်းချက်ရုံနဲ့ ဘယ်ပြီးမှာလဲ။ မိသားစုရဲ့ ဝေယျာဝစ္စ၊ ဘုရား ဝေယျာဝစ္စ၊ အိမ်သန့်ရှင်းရေး၊ ဈေးဝယ်၊ အဝတ်အစားတွေ လျှော်ဖွတ်၊ မီးပူတိုက် တာတွေကအစ သစ်ပင် ပေါက်စလေးတွေ ရေလောင်းတာ အဆုံး အားလုံး လုပ်ရတာပါ။ အမျိုးသားက သူ တတ်နိုင်သလောက်တော့ ကူညီပါတယ်။ သူက အလုပ်များတော့ မနက်စောစော Breakfast ပြင်ပေးတာ၊ ညနေဖက် အိမ်ကို စောစော ပြန်ရောက်တဲ့နေ့ကျရင် ထမင်းချက်ထားတာ၊ အသီးအရွက်တွေ ကြော်ထားတာမျိုးတွေ လုပ်ပေးတတ်ပါတယ်။ ကိုယ့်အတွက်ကတော့ ကိုယ့်ကို သူ ကူညီနိုင်တာ၊ မကူညီနိုင်တာက အရေးမကြီးပါဘူး၊ ကိုယ်လုပ်ပေးနေသမျှကို ဂျီးမများဖို့ပဲ အရေးကြီးတာပါ။ ကံကောင်းချင်တော့ သူက ကိုယ်ဘာလုပ်လုပ် ကျေကျေနပ်နပ် လက်ခံတတ်တဲ့သူ တယောက် ဖြစ်နေပါတယ်။

မနက်စောစော သူပြင်ပေးတဲ့ မနက်စာစားပြီး ၈ နာရီဆို အတူတူ အိမ်က ထွက်ပါတယ်။ သူ့ရဲ့ မနက်စာတွေကတော့ အများအားဖြင့် ပေါင်မုန့် ထောပတ် ကြက်ဥ နဲ့ ကော်ဖီ ပေါ့။ မနက်ဖက် မိုးရွာတဲ့နေ့ဆို သူ့ကို လိုက်ပို့ဖြစ်တယ်။ မိုးမရွာရင်တော့ သူ့ဟာသူ သွားတယ်။ အိမ်နဲ့ သူ့အလုပ်နဲ့က နီးတယ်။

ညနေ ၆ နာရီ ရုံးဆင်းပြီး ၆ နာရီခွဲရင် ကိုယ် အိမ်ရောက်ပြီ။ ညနေပိုင်းကတော့ Traffic ကြောင့် အချိန်ကုန်လို့ သူ့ကို မကြိုဖြစ်တာ များတယ်။ အိမ်ရောက်ရင် ညနေချက်စရာ အသားတွေကို မနက်ထဲက ရေခဲသတ္တာ အောက်ထပ်မှာ ချထားခဲ့တာမို့ အဆင်သင့် ချက်လို့ရပါတယ်။ ကြက်သား၊ ဝက်သား၊ ဘဲသား အဲလို အသားတွေကို ချက်ရင် Pressure Cooker နဲ့ ပဲချက်တယ်။ အာလူးထည့်မယ်ဆိုရင်လဲ အသားနဲ့ အတူတူပဲ ရောထည့်ပြီး ချက်လိုက်တယ်။ Pressure Cooker က အချိန်ကုန် သက်သာတယ်၊ အနံ့ထွက်တာ သက်သာတယ်၊ နံရံကို ဆီစက်တွေ စင်တာလဲ သက်သာတဲ့အတွက် သန့်ရှင်းရေးလုပ်ချိန်လဲ သက်သာတယ်။ ဆီသတ်ချိန် ၅ မိနစ်၊ အဖုံးပိတ်ပြီး ချက်ချိန် ၁၀ မိနစ်… ဒါဆို စားလို့ရပြီ။ ငါးတွေ ပုဇွန်တွေ ချက်ရင်လဲ တူတူပဲ… ငါး အနွေး၊ ပုဇွန် အကွေး လို့ ဆိုကြတယ် မဟုတ်လား။ ဒီတော့ ငါးတို့ ပုဇွန်တို့ကို ချက်ရတာလဲ အချိန်သိပ်မယူပါဘူး။

ဟင်းချို ဟင်းခါး ၅ မိနစ် ကနေ ၁၀ မိနစ်၊ အရွက် အစိမ်းကြော်ရင် ၅ မိနစ်၊ တခါတခါ ကိုက်လန်လို နဲနဲမာတဲ့ အရွက် ကြော်မယ်ဆို မကြော်ခင် ရေစင်စင်ဆေးပြီး Microwave ထဲမှာ ၃ မိနစ်လောက် ပေါင်းသလို လုပ်ပြီးမှ ကြော်တယ်။ စုစုပေါင်း ၆ မိနစ် ၇ မိနစ်ထက် ပို မကြာဘူး။ သရက်ချဉ်သုပ်၊ ခရမ်းချဉ်သီးသုပ်၊ ဆလပ်ရွက်သုပ်… စားလို့ကောင်းတယ် လုပ်ရတာ လွယ်တယ်။ ၁၀ မိနစ်ထက် ပိုမကြာဘူး။ ဒီတော့ နောက်အကျဆုံး ၇ နာရီ ၁၅ မှာ ညနေစာ စားလို့ရပြီ။ စားချိန်… ဖြေးဖြေးစားတာတောင် ၁၀ မိနစ် အလွန်ဆုံးပဲ။ စားတာ နည်းလို့ပါ လို့ ပြောရင် ဝ မှာစိုးလို့လား ဆိုတဲ့ မေးခွန်းက ဆက်လာအုံးမယ်…။ တခါတည်း ဖြေလိုက်မယ်နော်… ဝမှာ မစိုးရိမ်ပါဘူး ဝပြီးသားပါ…။

ကြားရက်တွေမှာ Electric Oven ကိုတော့ သိပ်မသုံးဖြစ်ဘူး။ သူက အချိန်နဲနဲယူလို့ ပိတ်ရက်တွေမှာပဲ ကြက်တို့ ငါးတို့ ကင်တာရယ်၊ Honey Chicken လေး ဘာလေးရယ် လုပ်ဖြစ်တယ်။

ဒီတော့ ကြားရက်တွေမှာ အားလုံး ချက်ပြုတ် စားသောက် ဆေးကြော သိမ်းဆည်းပြီး ၇ နာရီခွဲ ဆိုရင် ကိုယ်တို့ရဲ့ ညစာဟာ ပြီးပြီ။ ဟင်းချက်နေတုန်းမှာ အဝတ်တွေ လျှော်ထားတာတို့၊ လျှော်ပြီးသားတွေကို အခြောက်ခံထားတာတို့ လုပ်တယ်။ မိုးမရွာတဲ့ ညနေတွေဆို ထမင်းစားပြီး အိမ်အောက်ဆင်းပြီး နာရီဝက်လောက် လမ်းလျှောက်လိုက်သေးတယ်။ ည ၈ နာရီကျော် အိမ်ပေါ်ပြန်ရောက်လာရင် နားချင်ရင်လဲ ရတယ်၊ တီဗွီကြည့်ချင်ရင်လဲ ရတယ်၊ စာရေး စာဖတ်ချင်ရင်လဲ ရတယ်။ ဒါမှမဟုတ် မီးပူတိုက်တာ အိမ်သန့်ရှင်းတာ ဖုန်စုတ်တာတွေ လုပ်ရင်လဲ ရတယ်။ များသောအားဖြင့်တော့ ကြားရက် ၅ ရက်မှာ သောကြာနေ့ကို Family Day out အတွက် ချန်ပြီး ကျန်တဲ့ လေးရက်ထဲမှာ အနည်းဆုံး နှစ်ရက်လောက်ကိုတော့ အိမ်အလုပ်တွေ လုပ်ဖြစ်တယ်။ မဟုတ်ရင် စနေ တနင်္ဂနွေကျမှ စု စု ရှင်းရတာ မောလွန်းလို့။

ဘာပဲဖြစ်ဖြစ် အလွန်ဆုံး ည ကိုးနာရီခွဲ ဆယ်နာရီဆို အလုပ် တကယ်ပြီးပါတယ်။ ပြီးရင် ရေမိုးချိုးပြီး စာရေး စာဖတ်လုပ်လို့ ရပြီ။ ညတိုင်းလိုလို နောက်အကျဆုံး ၁၂ နာရီ ခွဲ တော့ အိပ်ပါတယ်။ ဒီတော့ အလုပ်ပြီးချိန်ကနေ မအိပ်ခင် အထိအချိန် ကိုယ်ပိုင်အချိန် နှစ်နာရီ သုံးနာရီတော့ ရှိနေပါတယ်။ နှစ်နာရီ၊ သုံးနာရီ ဆိုတဲ့ အချိန်ဟာ တခုခုလုပ်ဖို့အတွက် တကယ်လုံလောက်တဲ့ အချိန်ပါ။ စိတ်ထဲမှာ ရေးစရာ တွေးထားပြီးသား ရှိနေရင် ပိုစ့်တခုလဲ ပြီးနိုင်ပါတယ်။ ကြုံလို့ ပြောပြရရင် ကိုယ်က စာရိုက်တာလဲ မြန်တယ်။ မြန်မာစာ လက်ကွက်ကို အံ့မခန်း ကျွမ်းကျင်နေပုံက ကြာလာရင် အင်္ဂလိပ်လို မရေးတတ် မရိုက်တတ်တော့မှာကိုတောင် စိုးရိမ်နေရတဲ့ အဆင့်မှာပါ။ (လွန်ခဲ့တဲ့ သုံးနှစ်လောက်တုန်းက ကိုယ့်ကို ဇော်ဂျီလက်ကွက်နဲ့ စပြီး မိတ်ဆက်ပေးခဲ့တဲ့ ညီမလေး ပန်ဒိုရာ ကို ကျေးဇူးတင်ကြောင်း ဒီနေရာမှာ မှတ်တမ်းတင်ထားပါရစေ။)

ပိတ်ရက်မှာ အချိန်မကုန်ရအောင် တပါတ်စာ ဈေးဝယ်တာကို ဖြစ်နိုင်ရင် သောကြာနေ့ည တနေရာရာမှာ ညစာစားအပြီးမှာ Shopping List နဲ့ တခါတည်း ဝင်ဝယ်ပါတယ်။ Holland မှာ စားတဲ့ အခါဆို Holland က Cold Storage မှာ ဝယ်ဖြစ်တယ်။ ဒါပေမယ့် Cold Storage က ပစ္စည်းချင်း တူနေရင်တောင် ဈေးက သိသိသာသာကြီးကို များနေတတ်လို့ မြင်သမျှ မဝယ်ဖြစ်အောင် သတိထားပါတယ်။ NTUC တို့ Giant တို့မှာ မရှိတဲ့ စားစရာတို့ အိမ်သုံးပစ္စည်း တချို့တွေကိုသာ ဝယ်ဖြစ်ပါတယ်။ အဲဒီမှာ အဓိက ဝယ်ဖြစ်တာကတော့ သစ်သီး၊ မုန့် နဲ့ ဘုရားပန်းပါ၊ အဲဒီက အသီးတွေက လတ်ဆတ်တယ်၊ မုန့်တွေက အသစ်အဆန်းတွေ၊ အမျိုးအမည်တွေ စုံလင်လှပြီး ပန်းတွေကတော့ လှလဲလှ၊ တော်တော်လဲ Fresh ဖြစ်ပါတယ်။ တချို့သောကြာနေ့ညတွေမှာ IMM က Giant မှာလဲ ဝယ်တယ်။ အများအားဖြင့်တော့ ညစာစားပြီး အပြန်မှာ အိမ်နဲ့နီးတဲ့ NTUC မှာ ဝယ်ဖြစ်တာ များပါတယ်။ အဲဒီ NTUC က ၂၄ နာရီလုံး ဖွင့်တယ် ဆိုတော့ ညနက်လေ လူရှင်းလေပေါ့... လို့ မထင်လိုက်ပါနဲ့။ ည ၁၂ နာရီ တနာရီမှာလဲ ဆိုင်ထဲမှာ ဈေးဝယ်သူတွေချည်းပဲမို့ ဒီလူတွေ ညမအိပ်ကြဘူးလားလို့ တွေးနေမိတာ ခဏ ခဏပါပဲ။

အိမ်ရောက်ရင် ဝယ်လာတဲ့ အသားတွေ ငါးတွေကို ဆေးကြောပြီး ဟင်းချက်ခါနီးရင် အဆင်သင့်ဖြစ်အောင် တခါတည်းလုပ်၊ ပြီးတော့ ဗူးတွေထဲ ထည့် သိမ်းတယ်။ ပုဇွန်ဆို အကောင်ကြီးကြီး ရွေးဝယ်တယ်။ ဈေးနဲနဲပိုပေးရနိုင်တယ် ဒါပေမယ့် အခွံခွာရတဲ့ အချိန် သက်သာတယ်။ သောကြာနေ့ည ဆိုတော့ လူက အလိုလိုနေရင် ပျော်နေတတ်တာ မဟုတ်လား။ ဒီတော့ ဘာပဲ လုပ်လုပ် သီချင်းလေး တအေးအေးနဲ့ သိပ်ပင်ပန်းတယ် မထင်လှဘူး။ (လူ့စိတ်များ တော်တော်ခက်တယ်နော်…) တခါတခါ ပျင်းရင်တော့လဲ နောက်နေ့မှ ရှင်းမယ်ဆိုပြီး အားလုံး ဖရီဇာထဲ ပစ်ထည့်ထားလိုက်တာပါပဲ…။ အဲဒါတွေ ပြီးလို့ မပျင်းသေးရင် အိပ်လဲ မအိပ်ချင်သေးဘူးဆိုရင် ကော်ဖီတခွက်နဲ့ အတူ စာရေး စာဖတ် သီချင်းနားထောင်တာတွေ၊ ဘလော့ဂ်လည်တာတွေ၊ Facebook မှာ မွှေနှောက်တာတွေ လုပ်လို့ ရသေးတယ်။ Friday night is always young လေ…။

စနေ တနင်္ဂနွေ ပိတ်ရက် နှစ်ရက်မှာ စနေ တရက်တော့ အပြင်ထွက်ဖြစ်ပါတယ်။ စင်္ကာပူရဲ့ မရှိမဲ့ ရှိမဲ့ နေရာတွေ၊ Shopping Center တွေကို ရောက်ပြီးရင်း ရောက်၊ ဒီလိုပဲ ဟိုကြည့် ဒီကြည့်၊ ဟိုဟာ ဒီဟာလေး ဝယ်၊ ပြီးတော့ စားချင်တာလေး စား၊ ရုပ်ရှင်ကြည့်ချင် ကြည့်…။ တခါတခါတော့ သူငယ်ချင်းတွေနဲ့ တွေ့ကြဖို့ တအိမ်အိမ်မှာ စုကြပါတယ်။ ကိုယ့်အိမ်မှာ စုတဲ့ အခါဆိုရင်တော့ စားစရာပါ စီစဉ်ရတာပေါ့။ ဖြစ်နိုင်ရင် တနင်္ဂနွေနေ့ကို ရှောင်ပြီး စနေနေ့ ညနေမျိုးတွေမှာ ဆုံဖို့ စီစဉ်ကြတယ်။ ပျော်စရာ ကောင်းပါတယ်။ ဒီတော့ ဆန္ဒရှိရင် စနေနေ့ညမှာလဲ ညဥ့်နက်နက်အထိနေပြီး ကိုယ်စိတ်ပါဝင်စားတဲ့ အရာတွေကို အေးအေးဆေးဆေး လုပ်နိုင်ပါသေးတယ်။

တနင်္ဂနွေနေ့မှာတော့ ဟိုက ဒီက ဖိတ်လို့ မသွားမဖြစ် သွားစရာတွေ၊ တခြား ဝေယျာဝစ္စတွေ ဘာမှမရှိဘူး ဆိုရင်တော့ အိမ်မှာပဲ Dry Day ပေါ့။ ချက်ပြုတ် စားသောက် နားနေ၊ စာရေး စာဖတ်၊ တနေ့လုံး နားလို့ စားလို့ အားရ ကျေနပ်ပြီး ပျင်းလာကြရင်တော့ ညနေဖက် West Coast ကို အပြင်လေရှုဖို့ ဒါမှမဟုတ် လမ်းလျှောက်ဖို့ သွားဖြစ်တယ်။ တခါတခါမှာ လမ်းလျှောက်တာက နဲနဲ၊ Mc Donald နဲ့ Mc Café ကို အားပေးကြတာက များနေတတ်တယ်။

ဒါတွေအပြင် ရုံးမှာ အလုပ်နဲနဲပါးတဲ့ နေ့တွေမှာ နေ့လည် ထမင်းစားချိန်ဟာ ကိုယ်ပိုင် အချိန်မို့ လုပ်ချင်တာလေးတွေ လုပ်လို့ ရနိုင်ပါသေးတယ်။ ကိုယ်က နေ့လည်စာကို အပြင်ထွက် စားခဲတယ်။ ပြီးတော့ ထမင်းလဲ မကြိုက်ဘူး။ ကျန်းမာရေးရှုထောင့်ကနေ ကြည့်မယ်ဆိုရင် မကောင်းပေမယ့် နေ့လည်စာတွေတိုင်းကို ကော်ဖီ ပေါင်မုန့် ပန်းသီးတွေ၊ ကွတ်ကီးတွေ နဲ့ ပျော်မွေ့နေသူပါ။ ဒီတော့ နေ့လည် ထမင်းစားချိန်တွေမှာ Facebook ဝင်တယ်၊ ဘလော့ဂ်တွေ လည်တယ်၊ မှတ်ချက်တွေ ရေးတယ်။ ညက ရေးထားတဲ့ စာတွေကို နဲနဲ ပြန်ပြီး ဟိုပြင် ဒီပြင် လုပ်တယ်။ စိတ်ကူးထဲမှာ တွေးထားတာလေးတွေ၊ သတိရတာလေးတွေရှိရင် ချရေးထားတယ်။

အခုလောလောဆယ်မှာတော့ နှစ်ကျပ်ခွဲ နဲ့ နဲနဲ အလုပ်များနေပြန်ပါတယ်။ ဓါတ်ပုံတွေ ရိုက်ကြည့်တယ်။ ဓါတ်ပုံနဲ့ ပတ်သက်တာတွေကို ရှာဖတ်တယ်။ Lens တွေအကြောင်း ဖတ်ကြည့်တယ်၊ စမ်းကြည့်တယ်။ Photoshop နဲနဲ လေ့လာတယ်။ Picasa မှာ Edit လုပ်တာတွေကို စမ်းကြည့်တယ်။ Flickr မှာ ပျော်နေတယ်။ ကိုယ် စမ်းရိုက်ထားတဲ့ ပုံလေးတွေကို Facebook မှာ တင်မလားလို့ တွေးကြည့်နေမိတယ်။ အခုတော့ ဟုတ်သေးပါဘူး နောက်မှပေါ့လေ…။

ဒီလိုနဲ့ တရက်ပြီး တရက်၊ တပတ် ပြီး တပတ် လည်ပတ်နေပါတယ်။ မပင်ပန်းဘူးလား မေးရင် ပင်ပန်းတယ်လို့ ပြောလို့ရပါတယ်။ တနေ့တာမှာ အိပ်ချိန် ၅ နာရီ ၆ နာရီလောက်ကလွဲလို့ လူက Non-Stop လှုပ်ရှားနေတာကိုး။ ကိုယ့်ရဲ့ လှုပ်ရှားမှုတွေကို ကိုယ့်ခန္ဒာကိုယ်က လက်ခံနေသ၍တော့ အိုကေပေါ့လေ။ မခံနိုင်ပဲ ပျက်စီး ယိုယွင်းလာတဲ့ တနေ့မှာတော့ ကိုယ်လုပ်ချင်တာတွေကို တတ်နိုင်သမျှ လျှော့ရမှာပေါ့။

ကဲ… သူငယ်ချင်းရေ… ကိုယ့်ရဲ့နေ့တွေရယ်၊ ကိုယ့်ရဲ့ အချိန်တွေရယ်၊ ကိုယ့်ရဲ့ လှုပ်ရှားမှုတွေရယ် အကြောင်း ပြောပြလိုက်ပြီနော်…။ အခုလောက်ဆို ကိုယ် ဘယ်အချိန်တွေ စာရေးတယ် ဆိုတာလဲ သိရောပေါ့…။ ကိုယ်ဟာ အများသူငါတွေလို သာမန်လူသားတယောက်သာ ဖြစ်တာမို့ ကိုယ့်ရဲ့နေ့တွေကလဲ ဘာမှ ထူးထူးခြားခြား မရှိပါဘူး။ အဓိက ကတော့ စိတ်ဆန္ဒ ပါပဲ။ ကိုယ်လုပ်ချင်တာတွေ လုပ်လို့ရဖို့အတွက် ကျန်တဲ့ ဝေယျာဝစ္စတွေကိုလဲ မလစ်ဟင်းစေရအောင် ကြိုးစားရင်း အချိန်ကို ရသလို လှည့်ယူနေတာ ဆိုရင်လဲ မမှားပါဘူး။

လူ့ဘဝဆိုတာ တိုတိုလေးပါ။ အဲဒီလို လူ့ဘဝ တိုတိုလေးမှာ ကိုယ် လုပ်ချင်တာတွေရယ်… လုပ်သင့် လုပ်ထိုက်တာတွေရယ်… မဖြစ်မနေ လုပ်ရမှာတွေရယ်… အဲဒါတွေ အားလုံးကို မျှမျှတတနဲ့ စိတ်အေးချမ်းသာစွာ လုပ်ဆောင်သွားနိုင်ဖို့က အရေးကြီးတယ်လို့ ကိုယ် အမြဲယုံကြည်နေပါတယ်။



မှတ်ချက်။ ။ အလုပ်များပြီး အာရုံတွေနောက်၊ စိတ်တွေနောက်နေလို့ ပိုစ့်အသစ်တင်ဖို့ တွေးမရ ရေးမရတဲ့ အချိန်မှာ ပေါ့ပေါ့ပါးပါး ရေးစရာလေးတခုရအောင် ရှာပေးခဲ့တဲ့ သူငယ်ချင်း တန်ခူး (လေနုအေး) ကို ကျေးဇူးတင် ချစ်ခင်စွာဖြင့် ဤပိုစ့်ကို ရေးပါသည်။ ရေးပြီးသောအခါ ပိုစ့်ခေါင်းစဉ်ကို ဆရာမ ဂျူး၏ “ချစ်သူရေးတဲ့ ကျွန်မရဲ့ ညတွေ” ကို သေသေချာချာကြီး အတုခိုး၍ “သူငယ်ချင်း မေးတဲ့ ကျွန်မရဲ့ နေ့တွေ” လို့ ပေးဖို့ ကြံစည်မိသေးကြောင်းကိုပါ တခါတည်း ဝန်ခံလိုက်ပါသည်... :D

မွေးနေ့ အမှတ်တရ ဆုတောင်း - ဘဝ မီတာ (ချစ်ကြည်အေး)

အတူတူတွဲ ဖတ်စရာ - သက်ဝေ (မမခင်ဦးမေ)

Thursday, January 7, 2010

တိမ်အလိပ်လိပ် နှင့် ငွေအစိတ်

ဟိုတလောကပဲ နှစ်ကျပ်ခွဲ ဇာတ်လမ်း… ဒီတခါ လာပြန်ပြီ ငွေအစိတ် တဲ့…။ ဘယ်လိုပါလိမ့် လို့ မတွေးပါနဲ့…။ မနေ့ညက အိပ်ခါနီး မေမေပြောပြတဲ့ ပေါ့ပေါ့ပါးပါး ရယ်စရာလေး တခုကို ပြန်ပြောပြချင်လို့ပါ။

ဟိုးရှေးရှေးတုန်းက ရွာတရွာမှာ အလွန်ရိုးသားတဲ့ တောင်သူလယ်သမား လင်မယား နှစ်ယောက်မှာ သားလေးတယောက် ရှိသတဲ့…။ မိဘတွေက သားကို ပညာတွေ တတ်စေချင်ကြတော့ လယ်အလုပ် အိမ်အလုပ်တွေ မလုပ်ခိုင်းပဲ ကျောင်းကိုပို့ပြီး ပညာသင်စေသတဲ့…။ ဒီလိုနဲ့ အဲဒီသားလေးဟာ သူတို့ ရွာလေးကနေ မူလတန်း အလယ်တန်း ပညာတွေ သင်ပြီး မြို့ကျောင်းမှာ အထက်တန်းပညာ သွားတက်ရင်း ဆယ်တန်းစာမေးပွဲကို အောင်မြင်လာခဲ့သတဲ့...။ ဒီအခါ ပညာမတတ်လို့ လယ်သမားဘဝကနေ မတက်နိုင်ကြတဲ့ အဖေနဲ့ အမေဟာ သူတို့မှာ ရှိသမျှ စုဆောင်းထားတဲ့ ငွေစလေးတွေနဲ့ သားကို တက္ကသိုလ်ကျောင်းတော်ကြီးကို ပညာသင် လွှတ်ဖို့ ပြင်ကြတယ် တဲ့…။ အဲဒီခေတ်က ကျေးလက် တောရွာလေးတွေမှာ တက္ကသိုလ်ကို ပညာသွားသင်နိုင်တဲ့သူ အလွန် နည်းပါးတာကြောင့် ဒီကလေးတယောက် တက္ကသိုလ်ကို ပညာသင် သွားရတော့မယ်ဆိုတဲ့အခါ တရွာလုံးက အလွန် ဝမ်းမြောက် ဝမ်းသာနဲ့ ပီတိတွေ ဖြစ်နေကြတာပေါ့…။ သွားမယ့်နေ့မှာ သဘောင်္ဆိပ်ကို ရွာလုံးကျွတ် လိုက်လံပို့ဆောင်ကြသတဲ့…။

အဖေနဲ့ အမေကလဲ ရုပ်ရှင်တွေထဲမှာ ပြောကြသလို “သား.. လူလေး.. ဟိုရောက်ရင် အမေတို့ဆီ စာရေးနော်… ကျန်းမာရေးလဲ ဂရုစိုက်.. ငွေလိုရင် အချိန်မရွေးမှာနော်…” စသည်ဖြင့် တတွတ်တွတ်နဲ့ မှာကြားလေသတဲ့…။ “သားရေးတဲ့စာကို အမေတို့ မဖတ်တတ်ပေမယ့် ရွာဦးဘုန်းကြီးကျောင်းက ကပ္ပိယကြီး ဖတ်ပြလိမ့်မကွဲ့…” လို့လဲ ပြောလိုက်သေးသတဲ့…။

ဒီလိုနဲ့ ကျောင်းတော်သားကြီးဆီက ပထမဆုံး စာလာတဲ့အခါမှာ မိဘနှစ်ပါးဟာ ဝမ်းသာလွန်းလို့ ထမင်းတောင်ပြီးအောင် မစားနိုင်ပဲ ရွာဦးဘုန်းကြီးကျောင်းက ကပ္ပိယကြီးဆီ အပြေးသွားကြသတဲ့…။ တလမ်းလုံးလဲ တွေ့သမျှလူတိုင်းကို သားဆီက စာလာကြောင်း စာအိပ်လေး တပြပြနဲ့ပေါ့…။ ဒီအခါမှာ ရွာထဲက ရှားရှားပါးပါး တက္ကသိုလ်ကျောင်းသားကြီးအတွက် ဝမ်းသာ ဂုဏ်ယူနေကြတဲ့ ရွာသူ ရွာသားတွေကလဲ စာထဲမှာပါလာမယ့် တက္ကသိုလ်ကျောင်းတော်ကြီးရဲ့ ရင်သပ်ရှုမော အံ့သြဖွယ် အတွေ့အကြုံတွေကို စိတ်ဝင်တစားနဲ့ နားဆင်ဖို့ ဘုန်းကြီးကျောင်းကို လိုက်ပါသွားကြလေသတဲ့…။ သူတို့ အချင်းချင်းလဲ တက္ကသိုလ်ကျောင်းတော်ကြီးရဲ့ ခန်းနား ဆန်းပြားပုံတွေ သိရ ကြားရတော့မယ် ဆိုပြီး ပြောနေကြသေးသတဲ့…။
ကပ္ပိယကြီးဆီရောက်တော့ စာအိပ်ကို တယုတယ ဖေါက်ပြီး စာဖတ်ဖို့ပြင်တဲ့အခါ ပရိတ်သတ် အားလုံးကလဲ ငြိမ်သက် တိတ်ဆိတ်ပြီး နားထောင်ဖို့ အသင့် ဖြစ်နေကြတာ တဲ့…။ ကပ္ပိယကြီး ဖတ်ပြလိုက်တဲ့ စာကတော့…

အဖေ နဲ့အမေ
သား စာရေးလိုက်ပါသည်။
ကျောင်းမှာ ရာသီဥတု အလွန်သာယာ ကြည်လင်ပါသည်။
တိမ်အလိပ်လိပ် နှင့် ငွေအစိတ်ပို့လိုက်ပါ ခင်ဗျား…
တဲ့…။

အဲဒီ စာတိုတိုလေး အဆုံးမှာ သူတို့တွေအားလုံးဟာ သူတို့မျှော်လင့်ထားသလို တက္ကသိုလ် ကျောင်းတော်ကြီးရဲ့ ခန်းနား ဆန်းပြားပုံတွေ မကြားရ မသိရပဲ မိဘတွေဆီကို ပိုက်ဆံမှာတဲ့စာ ဖြစ်နေလေတော့ အားလုံးလဲ ငိုအားထက် ရယ်အားသန်နဲ့ပေါ့…။ အဲဒီအချိန်ကစပြီး ရွာထဲမှာ တခုခုကို မဆီမဆိုင် (သို့) အကြောင်းမဲ့ လိုချင်ကြတိုင်း “တိမ်အလိပ်လိပ် နှင့် ငွေအစိတ်ပို့လိုက်ပါ…” လို့သာ ပြောဆို သုံနှုန်းကြတော့သတဲ့…။

ကိုယ်ဖြင့် အဲဒီ ရယ်စရာ ပုံပြင်လေးကို ကြားရတော့ ကျောင်းတုန်းက သူငယ်ချင်းတွေ ပိုက်ဆံလိုလို့ အိမ်ကို ပြန်မှာကြရတိုင်း ရယ်စရာအဖြစ် ပြောတတ်ကြတဲ့ "သမီး ရဲ့ လော့ဂ်ရစ်သမ်ကြီး လွတ်ကျ ကွဲသွားလို့..." တို့၊ "သား ရဲ့ တီစကွဲကြီး ပေါက်ထွက်သွားလို့ ..." တို့ အစရှိတဲ့ ဆင်ခြေ ဆင်လက် အကြောင်းပြချက် မျိုးစုံတွေနဲ့အတူ ကျောင်းသားဘဝရဲ့ အပြစ်ကင်းစင်မှုတွေရယ် အပူအပင် ကင်းစင်စွာနဲ့ လွတ်လပ် ပေါ့ပါးလှတဲ့ ပျော်စရာ အချိန်ကာလတွေရယ်ကို သတိရ လွမ်းဆွတ် နေမိတော့တာပါပဲ…။


Saturday, January 2, 2010

ကိုယ်ချစ်သော တိမ်


တိမ်တွေဟာ သိပ်လှတာပဲလို့ ကိုယ်ပြောရင်

မင်းယုံလိုက်ပါ...