Wednesday, July 15, 2015

အ နီ ေ ရ ာ င် နှ င်း ဆီ ပွ င့် များ နှ င့် အ တူ - ၃

မျက်စိမှိတ်ထားတဲ့ကြားက တောင်ပတ်လမ်းဟာ မြင့်သည်ထက် မြင့်လာတယ်လို့ အလိုလိုသိနေတယ်။ လမ်းက သိပ်အကျဉ်းကြီးမဟုတ်ပေမဲ့ တဖြည်းဖြည်း မြင့်လာချိန်မှာ နည်းနည်းတော့ ကြောက်စိတ်ဝင်မိတယ်။ ကားပြတင်းကနေ ဘေးဖက်ကို ကြည့်လိုက်တော့ မြူခိုးတွေဆိုင်းလို့၊ ရာသီဥတုကလည်း သိသိသာသာ အေးစိမ့်လာတယ်။ လွမ်းစရာကောင်းတဲ့ မြင်ကွင်းမျိုးပဲ။ စကားလုံးနဲ့ ပုံပေါ်အောင် သရုပ်ဖေါ်ပြဖို့ အတော်ခက်တယ်။ နားအူလာတယ်။ သက်သာလို သက်သာငြား အိတ်ထဲအဆင်သင့်ပါလာတဲ့ သကြားလုံးတလုံး ငုံထားလိုက်တယ်။ ရေလည်း နည်းနည်းသောက်လိုက်တယ်။
(Kintamani ကို အသွား တောင်ပတ်လမ်းဘေးက မြင်ကွင်း)

ကင်တာမာနီ (Kintamani) ဒေသဟာ ဘာလီကျွန်းရဲ့ မြောက်ပိုင်း၊ ပင်လယ်ရေမျက်နှာပြင်ထက် မီတာ ၁၅၀၀ အမြင့်မှာ တည်ရှိတယ်။ ဘာလီရဲ့ အကြီးဆုံး Batur ရေကန်ကြီး၊ Mount Batur လို့ အမည်ရတဲ့ မီးတောင်ရှင်နဲ့ လှပတဲ့ ရှုမျှော်ခင်းတွေကို မြင်နိုင်တဲ့နေရာမို့ နာမည်ကျော်တဲ့ နေရာတခုဖြစ်တယ်။ တကယ်ဆို Kintamani မှာ တညအိပ်ပြီး Mount Batur ကို မနက်စောစောတက်၊ နေထွက်ချိန်ကို ဓါတ်ပုံရိုက်ရင် သိပ်လှတယ်လို့ ကားဆရာကြီးက ပြောပြတယ်။ နှင်းဆီနီတွေနဲ့ ဝေးတဲ့နေရာဆိုပေမဲ့ ကျွန်မ ပျော်နေမိတယ်။

ခဏကြာတော့ တောင်ပေါ်ရွာကလေး ကင်တာမာနီရဲ့ နာမည်ကျော် အင်ဒိုနီးရှားရိုးရာ စားသောက်ဆိုင်ကို ရောက်လာတယ်။ တောင်စောင်းလေးမှာ မေးတင်ပြီး ဆောက်ထားတဲ့ ချစ်စရာ စားသောက်ဆိုင်ပါ။ အတော်လေးလည်း ကြီးပါတယ်။ နေ့လည်စာစားချိန်မို့ပဲလား အစဉ်အမြဲ ဒီလိုပဲလားတော့ မသိဘူး။ ခရီးသွားဧည့်သည်တွေ အများကြီးတွေ့ရတယ်။ သိပ်စည်ကားတာပဲ။ ကားပေါ်က ဆင်းလိုက်တာနဲ့ တောင်တန်းတွေပေါ်မှာ ဝေ့၀ဲနေတဲ့ မြူခိုးခပ်မှုန်မှုန်ကြားကနေ ဖြတ်လာတဲ့ အေးမြမြ လေပြေညင်းရယ်၊

မြေသင်းနံ့လိုလို သစ်ပင်တွေ သစ်ရွက်တွေဆီကလာတဲ့ အနံ့လို အနံ့ဆန်းတမျိုးရယ်က ကျွန်မကို ဆီးကြို နှုတ်ဆက်တယ်။ လှလိုက်တာ၊ အေးချမ်းလိုက်တာ၊ သာယာလိုက်တာ လို့ တဖွဖွ ရေရွတ်မိတယ်။ အဲဒီလို လှပတဲ့ မြင်ကွင်းနဲ့ အေးမြတဲ့ပတ်ဝန်းကျင်ဟာ ကျွန်မကို မိနစ်ပေါင်းများစွာ အံ့သြမှင်သက်စေခဲ့တယ်။ အိတ်ထဲကနေ ကင်မရာထုတ်ယူပြီး ဓါတ်ပုံရိုက်ဖို့တောင် သတိမရနိုင်အောင်ပါပဲ။

နေ့လည်စာအတွက် ဆိုင်အရှေ့ဖက်က ကောင်တာလေးမှာ တယောက်စာ ကျသင့်ငွေကို အရင်ပေးရပါတယ်။ စကာံပူပိုက်ဆံနဲ့တွက်ရင် နှစ်ဆယ်ပေမဲ့ သူတို့ပိုက်ဆံနဲ့က နှစ်သိန်းကျပါတယ်။ ကြိုက်တာယူ ကြိုက်သလောက်စား ဘူဖေးစနစ်ပါ။ ကျသင့်ငွေပေးပြီးတော့ အပြင်ဖက် ၀ရန်တာနဲ့ ကပ်ရက် စားပွဲကိုရဖို့ မြန်မြန်လေးသွားပြီး နေရာဦးရသေးတယ်။ နေရာရတော့ စားစရာသွားမယူနိုင်သေးပဲ မျက်စိထဲဝင်လာသမျှ မြင်ကွင်းတွေကို ငေးမောနေမိတယ်။
(ဗိုက်ဆာနေတာကို မေ့သွားစေတဲ့ မြင်ကွင်း)

သူတို့ချထားတဲ့ ဟင်းလျာတွေက တော်တော်ကို များပါတယ်။ ကိုယ်စားတတ်တာ ဘာများပါမလဲလို့ လိုက်ကြည့်တဲ့အခါ ထုံးစံအတိုင်း ဘာလီစတိုင် ခေါက်ဆွဲကြော်ကို တွေ့တယ်။ ဟင်းသီးဟင်းရွက်ကြော်၊ ကော်ပြန့်လိပ် နဲ့ ငါးမုန့်ကြော်တွေ့လို့ နည်းနည်းစီ ယူလာခဲ့တယ်။ ကြက်သားချက်ထားတာတွေ့လို့ တခု ယူလာခဲ့တယ်။ ကျန်တဲ့ ဟင်းအစိုတွေကတော့ ကျွန်မ မစားတတ်ဘူး။
(ကြိုက်တာယူ ကြိုက်သလောက်စား)
(၀ါးဇကာလေးပေါ်မှာ စက္ကူလေး ခံထားပေးတဲ့ ပန်းကန်)

အချိုပွဲတွေလည်း တော်တော်များတယ်။ သစ်သီးတွေလည်း အများကြီးတွေ့တယ်။ ကျွန်မတို့ မြန်မာမုန့်လို ဆင်ဆင်တူတာတွေလည်း တွေ့တယ်။ ကျွန်မကတော့ သစ်သီးနည်းနည်းရယ်၊  ကောက်ညှင်းငါးချိတ်ကို သကြားနဲ့ ပြုတ်ထားပြီး အုန်းသီးဖြူးထားတာလေး ယူလာခဲ့တယ်။ အုန်းသီးကြိုက်တဲ့သူမို့ အုန်းသီးတွေ အများကြီးထည့်ခဲ့တယ်။ ကားဆရာကြီးက ဒီနေရာမှာ အချိန် တနာရီလိုချင်လား၊ တနာရီခွဲလိုချင်လား မေးတာ ကျွန်မက နောက် ဆက်ရန်တွေအတွက် အချိန်နည်းနေမှာစိုးလို့ တနာရီလို့ ပြောလိုက်တယ်။ ဒီတော့ စားစရာရှိတာတွေကို ခပ်မြန်မြန်စားလိုက်တယ်။
(ကောက်ညှင်းငါးချိတ် အုန်းသီးများများနဲ့ အချိုပွဲ)

စားလို့ပြီးတော့ ကော်ဖီတခွက် သွားယူတယ်။ ကော်ဖီအရသာ သက်သက်ကိုသာ သောက်ချင်တာမို့ နို့ရော သကြားပါ ထည့်မလာခဲ့ဘူး။ ကော်ဖီ အရမ်းကောင်းတယ်။ စတားဘတ်စ်နဲ့ လဲမလားမေးရင်တောင် နည်းနည်း ဖြေရခက်လိမ့်မယ်။ ကော်ဖီခွက်လေး ဘေးချရင်း မြင်နေရတဲ့ မီးတောင်ကို မျက်စိကလည်းကြည့်၊ ကင်မရာ မှန်ပြောင်းထဲကလည်း ကြည့်နဲ့ တယောက်တည်း အလုပ်တွေ ရှုပ်နေခဲ့တယ်။
(Mount Batur မီးတောင်ရှင်)
(မီးတောင်ဘေးက ဘာလီရဲ့ အကြီးဆုံး Batur ရေကန်ကြီး)

Mount Batur မီးတောင်နဲ့ ရေကန်ကျယ်ကို ငေးမောနေလိုက်တာ နာရီကြည့်ဖို့ မေ့လျော့နေခဲ့တယ်။ သတိရလို့ ကြည့်လိုက်တော့ ကားဆရာကြီးနဲ့ ပြောထားတဲ့အချိန်ထက် ငါးမိနစ်ကျော်နေပြီ။ ဒါနဲ့ ကားဆီကို ပြန်သွားတော့ ကားဆရာကြီးက ဆိုင်ရှေ့က နားနေစရာနေရာလေးမှာ အိပ်ပျော်နေတယ်။ ဒါနဲ့ လမ်းတဖက်ခြမ်းကို ကူးပြီး မျောလွင့်နေတဲ့ တိမ်တိုက်တွေအောက်မှာ ငြိမ်သက်နေတဲ့ မီးတောင်ကို ဓါတ်ပုံထပ်ရိုက်မိပြန်တယ်။
(ပြေးနေတဲ့ တိမ်တွေအောက်က မီးတောင်)

ကြည့်နေရင်းမှာပဲ ကားဆရာကြီး နိုးလာပြီး ကျွန်မတို့ ခရီးဆက်ကြတယ်။ အခုသွားမဲ့နေရာကတော့ Rice Terrace တဲ့။ စပါးစိုက်ခင်းတွေလို့ ရိုးရိုးပဲ နားလည်လိုက်တယ်။ ဟိုရောက်တော့မှ သိလိုက်တာက ကျွန်မတို့ မြန်မာနိုင်ငံမှာ အရင်ထဲက ရှိပြီးသား၊ ကျွန်မတို့နဲ့ အတော်လေး ရင်းနှီးပြီးသား လှေခါးထစ်စိုက်ခင်းတွေ ဖြစ်နေတာကို တွေ့ရပါတယ်။ စပါးကို လှေခါးထစ်အဆင့်ဆင့်မှာ စိုက်ထားတဲ့နေရာ၊ ခရီးသွားတွေအတွက် တထောက်နားလို့ရတဲ့ အပန်းဖြေစခန်းလေးပါ။ သန့်သန့်ရှင်းရှင်း သပ်သပ်ရပ်ရပ် ရှိတဲ့ စားသောက်ဆိုင်၊ ကော်ဖီဆိုင်တွေနဲ့အတူ နောက်ခံရှုခင်းနဲ့ ဓါတ်ပုံရိုက်စရာ Photo Spot လို နေရာလေးလည်း လုပ်ထားပေးတယ်။ ဘာမှ သိပ်မထူးခြားလှတဲ့နေရာလေးကို လူစိတ်ဝင်စားအောင် ပြုပြင်ဖန်တီးပြီး ပိုက်ဆံရှာတဲ့ နေရာတခုဆိုလည်း မမှားပါဘူး။ လာသမျှလူတိုင်းဟာ အနည်းဆုံး ကော်ဖီတခွက် အအေးတဗူးတော့ သောက်ဖြစ်ကြတာချည်းပဲ မဟုတ်လား။
(Rice Terrace Café)
(ဟိုးတောင်ဆီက ရွာမယ်ဟန်ပြင်)
(လှေခါးထစ် စိုက်ခင်းတွေ)

Rice Terrace မှာ ကော်ဖီတခွက် ထပ်သောက်လိုက်တယ်။ အပြန်လမ်းမှာတော့ ကော်ဖီခြံနဲ့ ပါတိတ်ဆေးရေးတွေကို ၀င်ကြမယ်လို့ သိရတယ်။ တနာရီလောက် မောင်းရမှာမို့ ပင်ပန်းနေရင် စိတ်အေးလက်အေး အိပ်ပြီး လိုက်ခဲ့၊ မြင်ကွင်းတွေက အလာတုန်းကလိုပဲ တူတူတွေပဲ လို့ ကားဆရာကြီးက ပြောတယ်။ ခက်တာက ကျွန်မက ကားပေါ်မှာ မအိပ်တတ်တာ။ ဒါပေမဲ့ မနက်က စောစောထလာခဲ့ရတာမို့ ကျွန်မ အိပ်ချင်နေတယ်။ နှင်းဆီနီတွေ တွေ့လိမ့်နိုးဆိုတဲ့စိတ်ကိုလည်း ဒီနေ့အဖို့တော့ လက်လျှော့ရမလို ဖြစ်နေတယ်။ နှင်းဆီတွေ မရှိနိုင်တဲ့နေရာမှာမှ လိုက်ရှာနေမိတာကိုး။ အဲဒီအချိန်မှာ ရွေ့လျားနေတဲ့ တိမ်လိပ်တွေကို မော့ကြည့်ရင်း ကျွန်မမျက်လုံးတွေ ခဏ မှေးစင်းသွားခဲ့တယ်။ တိမ်တွေဟာ နှင်းဆီပွင့် အပြာရောင်တွေအဖြစ်နဲ့ လှည့်စားတတ်ကြသလား... ကျွန်မ မသေချာပါဘူး။

သိပ်မကြာခင်မှာ ကော်ဖီခြံကို ရောက်လာခဲ့တယ်။ ခြံဝမှာ ကားရပ်ပြီး ကွန်ကရစ်အ၀ိုင်းပြားလေးတွေ ခင်းထားတဲ့ လမ်းကလေးအတိုင်း လျှောက်ဝင်လာခဲ့တယ်။ ဘေးတဖက်တချက်မှာတော့ ကော်ဖီသီးတွေ သီးနေတဲ့ ကော်ဖီပင်တွေ တွေ့တယ်။ ကြက်ကလေး သားအမိ လမ်းလျှောက်ထွက်နေတာ တွေ့တယ်။ စုံတွဲဖြစ်ဟန်တူတဲ့ ရစ်နှစ်ကောင်ကို တွေ့တယ်။ ချဉ်ပေါင်သီးနီနီတွေ ပြည့်နေတဲ့ ချဉ်ပေါင်ခင်း တွေ့တယ်။ ငှက်ကလေးတွေရဲ့ တေးသံတွေကိုလည်း ဟိုတစ ဒီတစ ကြားနာရပါသေးတယ်။
(ကော်ဖီသီးတွေ ဒီလိုသီးကြတယ်)
(ခြောက်သွားအောင် နေပြထားတဲ့ ကော်ဖီစေ့တွေ)

ကော်ဖီစေ့တွေကို ခူးဆွတ်ပြီး အခြောက်ခံထားတဲ့ ဗန်းတွေထဲမှာ ဘာလီရဲ့ နာမည်ကျော် Luwak Coffee ကို တွေ့ရမှာပါ။ အဲဒီကော်ဖီဟာ အတော် ထူးဆန်းပါတယ်။ ကျွန်မအတွက်ဆို သောက်ကို မသောက်ချင်လောက်အောင် ထူးဆန်းပါတယ်။ သူတို့မို့ ကြံကြံဖန်ဖန်လို့ စိတ်တိုမိအောင် ထူးဆန်းပါတယ်။ ဘာလို့ဆို အဲဒီ Luwak ဆိုတာ အကောင်တမျိုးရဲ့ နာမည်ဖြစ်တယ်။ ရုပ်ကတော့ မျောက်လိုလို၊ ကြွက်လိုလို၊ ကြောင်လိုလို... မျက်လုံးပြူးပြူး၊ နှုတ်သီးချွန်ချွန်၊ အမွှေးညိုညစ်ညစ်နဲ့ အကောင်လေးပါ။ သူက အဲဒီ ကော်ဖီစေ့တွေကို စားတယ်။ စားတယ်ဆိုတာထက် မြိုချတယ် ဆိုရင် ပိုမှန်မလားပဲ။ ပြီးတော့ သူ အညစ်အကြေးစွန့်တဲ့အခါ ပြန်ပါလာတဲ့ အဲဒီကော်ဖီစေ့တွေကို ကောက်ယူ၊ သန့်စင်ပြီး ကြိတ်သောက်ကြရတာပါ။ အင်မတန် ကောင်း၊ အင်မတန် မွှေး၊ အင်မတန် အရသာရှိ ဆိုပဲ။ ဈေးကလည်း သာမန်ကော်ဖီတွေထက် နှစ်ဆ သုံးဆ ပိုများပါတယ်။ လုဝကော်ဖီဟာ ဘယ်လောက် ကောင်းတယ်၊ ဘယ်လောက် မွှေးတယ်၊ ဘယ်လို အရသာရှိတယ်၊ ဘယ်လောက် အဖိုးတန်တယ် ပြောပြော ကျွန်မကတော့ လုံးဝဆို လုံးဝမှ မသောက်နိုင်ပါဘူး။ စိတ်ထဲ ဘယ်လိုမှ သောက်ချင်စိတ်မပေါ်တာ။ အဲဒါသာ အတင်းတိုက်လို့ကတော့ ကျွန်မ ကော်ဖီပြတ်မလားတောင် ထင်မိတယ်။ ကော်ဖီမသောက်ခဲ့ပေမဲ့ လုဝ ကောင်လေးကိုတော့ အမှတ်တရ ဓါတ်ပုံရိုက်ခဲ့ပါတယ်။
(အိပ်နေတဲ့ အိပ်ပုတ် လုဝ)
(လုဝလေးတွေကို အခုလို ချီလို့လည်း ရတယ် ဒါက လုဝ အငယ်စားလေး)
(ဒါတွေကတော့ အမြည်းပေးတဲ့ လဖက်ရည် ကော်ဖီတွေ)

အပေါ်ကပုံမှာ တွေ့ရသလို လဖက်ရည်တွေ ကော်ဖီတွေကို အမြည်းပေးပါတယ်။ လုဝကော်ဖီကတော့ အမြည်းတောင် မပေးနိုင်ဘူး။ တန်ဖိုးကြီးလွန်းလို့တဲ့လေ။ ကျွန်မလည်း ဘာမှမ၀ယ်မဲ့အတူတူ အမြည်းသောက်ရမှာ အားနာတာကြောင့် မသောက်ဖြစ်ခဲ့ပါဘူး။ ကော်ဖီတွေအနားရောက်ရဲ့သားနဲ့ ကော်ဖီမသောက်ခဲ့ရတာကတော့ အမှတ်တရပါပဲ။

ကော်ဖီခြံက အပြန် မနီးမဝေးမှာရှိတဲ့ ပါတိတ်ဆေးရေးတဲ့နေရာကို ဆက်သွားကြတယ်။ တကယ်တော့ ကျွန်မက ပါတိတ် မကြိုက်ဘူး၊ ပါတိတ်တွေက အနံတိုတယ်လေ... အဲဒီတော့ ကျွန်မအရပ်နဲ့ အဆင်မပြေဘူး။ ၀တ်လိုက်ရင် တိုနံ့နံ့နဲ့ ကြည့်ရဆိုးတာမို့ ၀တ်လေ့ဝတ်ထလည်း မရှိဘူး။ ဒါပေမဲ့ သူတို့ ဘယ်လို ရေးကြတယ်ဆိုတာကိုတော့ ကြည့်ချင်ပါတယ်။ အင်ဒိုနီးရှားပါတိတ်ဆိုတာ အင်မတန် နာမည်ကြီးလေတော့ လက်ဆောင်လေးဘာလေးလည်း ၀ယ်ရင်းပေါ့။

ပါတိတ်ဆိုင်ကြီးက အကြီးကြီးပဲ။ ဆိုင်ရဲ့ အရှေ့ဖက်မှာ ကွင်းပြင်ကျယ်ကြီး ဓနိမိုးလား သက်ကယ်မိုးလား အဲ့လိုအမိုးမျိုး မိုးထားတယ်။ အမိုးအောက်ရောက်တာနဲ့ အေးစိမ့်သွားတာပဲ။ အဲဒီမှာ အေးအေးဆေးဆေးထိုင်ပြီး ပါတိတ်ဆေးရေးနေသူတွေအပြင် အထည်တွေကို စက်နဲ့ ချုပ်နေတဲ့သူတွေကိုပါ တွေ့ရတယ်။ ပါတိတ်တွေကို ပန်းချီဆရာတယောက် ပန်းချီဆွဲသလို လက်နဲ့ တယုတယ ပုံဖေါ်ရေးဆွဲနေကြသူတွေကို သူတို့ရဲ့ ခွင့်ပြုချက်နဲ့ ကျွန်မ ဓါတ်ပုံရိုက်ပါတယ်။ ဆိုင်ထဲမှာတော့ ဓါတ်ပုံရိုက်ခွင့် မပြုပါဘူး။
(ပါတိတ်ဆိုင် အ၀င်မှာ တွေ့ရတဲ့မြင်ကွင်း)
(ပါတိတ်ဆေးရေး အစ)
(ရွှေရေးလို့ ပြောတယ် ပိတ်စပေါ်မှာ ဖေါင်းကြွဖြစ်အောင်ရေးထားတာ)

အင်မတန်ကျယ်ဝန်းတဲ့ ပါတိတ်ဆိုင်ကြီးထဲမှာ အရောင်အသွေး စုံလင်လှပပြီး အမျိုးအမည်မခေါ်တတ်အောင် များပြားလှတဲ့ ပါတိတ်တွေကို တောင်ပုံရာပုံ တွေ့ရပါတယ်။ ဆိုင်က တယောက်က ကျွန်မကို ဒါက ဆေးရေး၊ ဒါက လက်ရေး၊ ဒါက ရွှေပါတိတ်၊ ဒါက ပိုးပါတိတ်၊ ဒါက ဇင်းမယ်ဆင် အစရှိသည်ဖြင့် သေသေချာချာ လိုက်ရှင်းပြပါတယ်။ ကြည့်ပြီးတော့ မေမေ့အတွက် ဇင်းမယ်ဆင် တထည်နဲ့ ပါတိတ်တစုံ ၀ယ်ဖြစ်ပါတယ်။ ဈေးကတော့ မသေးပါဘူး။ ပိုးဇင်းမယ်တထည်ကို ယူအက်စ်ဒေါ်လာ ၁၀၀ နီးပါး ကျပါတယ်။ ပါတိတ်ဖိုး ပိုက်ဆံရှင်းပြီး ပြန်အထွက်မှာ ပါတိတ်ဆင် ပိုးပ၀ါပါးလေးတွေကို တွေ့တာနဲ့ ပ၀ါကြိုက်တတ်တဲ့ ညီမတယောက်ကို သတိရပြီး ၀ယ်ဖြစ်ပါသေးတယ်။ ဈေးပြန်တွက်ကြည့်တော့ စင်္ကာပူမှာ ရောင်းတဲ့ဈေးနဲ့ အတူတူလောက်ပဲ။
(ကျွန်မ ၀ယ်လာတဲ့ ပါတိတ်သုံးမျိုး)

ပါတိတ်ဆိုင်ကနေ ဟိုတယ်ကို ပြန်လာရာလမ်းတလျှောက်မှာ လူက အတော်လေး ပင်ပန်းနေပြီ။ ဟိုတယ်ပြန်ရောက်တော့ ည ၇ နာရီ… မှောင်နေပြီ။ ဘာစာမှလည်း မရေးနိုင်၊ မရေးချင်… ပြီးတော့ ဘာမှလည်း မတွေးချင်တော့ဘူး။ တောင်တန်းတွေ၊ တိမ်လိပ်တွေ၊ ညစာတွေ၊ ကော်ဖီတွေ၊ မတွေ့ခဲ့ရတဲ့ နှင်းဆီနီတွေ အားလုံးကို အာရုံထဲက ဖျောက်၊ သူ့ကိုပါ မေ့ဖျောက်ပြီး အခန်းထဲပြန်ရောက်တာနဲ့ ရေချိုးပြီး အိပ်လိုက်တယ်။

သက်ဝေ
(၁၅ ဇူလိုင် ၂၀၁၅)

Monday, July 6, 2015

အ နီေ ရာ င် နှ င်း ဆီ ပွ င့် များ နှ င့် အ တူ - ၂

မနေ့ညက စိတ်ကြည်လင်စွာ အိပ်မောကျသွားတာက တကြောင်း၊ ဒီနေ့ သွားရမဲ့ ခရီးစဉ်အတွက် စိတ်စောနေမိတာက တကြောင်းတို့ကြောင့် မနက်အစောကြီးမှာ နှိုးစက်မမြည်ခင် နိုးလာခဲ့တယ်။ နိုးနိုးချင်း ဖုန်းထဲမှာ ရောက်နှင့်နေတဲ့ နှင်းဆီနီနီလေး တပွင့်နဲ့ ကောင်းသောမနက်ခင်းပါ ဆိုတဲ့ နှုတ်ဆက်စကားကို တွေ့လိုက်ရတော့ ကျွန်မရဲ့ မနက်ခင်းဟာ ပိုပြီး ပြည့်စုံ သာယာသွားတော့တာ။ ညထဲက အသင့်ပြင်ထားတဲ့ ကျောပိုးအိတ်အညိုလေးထဲမှာ လိုအပ်တဲ့ ပစ္စည်း အစုံပါ မပါ တခါ ထပ်စစ်၊ ကင်မရာအတွက် ဘက်ထရီအပိုနဲ့ Lens အပိုတလုံးကို သေသေချာချာ ထည့်၊ ရေချိုး အဝတ်လဲပြီး မနက် စားဖို့ အောက်ကို ဆင်းလာခဲ့တယ်။

ဓါတ်လှေခါးက အထွက်မှာ အသင့်စောင့်ကြိုနေတဲ့ ဘာလီကျွန်းသူလေးတွေက မနက်စာ စားရမဲ့နေရာကို လိုက်ပြတယ်။ ပြီးတော့ ကျွန်မကို စကားပန်းအဖြူရောင်လေး တပွင့်ပေးပြီး သူတို့လို နားရွက်ကြားမှာ ညှပ်ထားဖို့ ပြောလာတယ်။ ပြောရရင် ကျွန်မရဲ့ ပင်ကိုယ်သဘာဝက ပန်းမကြိုက်တတ်ဘူး၊ ဒါပေမဲ့ အခုတလောမှာတော့ သူအမြဲပို့ပေးနေတဲ့ နှင်းဆီနီနီတွေကြောင့် ကျွန်မ ပန်းလေးတွေနဲ့ သိပ်စိမ်းစိမ်းကြီး ဖြစ်မနေတော့ သူတို့ ပြောသလိုပဲ စကားပန်းအဖြူလေးကို ပျော်ပျော်ရွှင်ရွှင်နဲ့ နားရွက်ကြားမှာ ညှပ်လိုက်မိတယ်။ သူတို့က ကျွန်မကို ကျေနပ်သွားပြီး ဓါတ်ပုံရိုက်ပေးရမလားလို့ မေးတယ်။ ဒီတော့ ကျွန်မက လက်ထဲက ဖုန်းလေးကို သူတို့ကို ပေးပြီး ဓါတ်ပုံအရိုက်ခံလိုက်ပါတယ်။ အမှတ်တရပေါ့။
(Flower of Bali လို့ တင်စားခေါ်ဝေါ်ကြတဲ့ စကားပန်း - Frangipanis ပါ)

မနက်စာ စားရမဲ့နေရာမှာ လူတော်တော်ပြည့်နေပြီ။ ဒါနဲ့ အပြင်ဖက်က ပန်းခြံလေးလို လုပ်ထားတဲ့ ဆေးလိပ်သောက်ခွင့်ရှိတဲ့နေရာကို လျှောက်လာခဲ့တယ်။ လောလောဆယ်တော့ ဆေးလိပ်သောက်နေတဲ့သူ တယောက်မှ မရှိသေးဘူး။ အထဲမှာ လူများများနဲ့ ထိုင်နေရမဲ့အစား အပြင်မှာ လတ်ဆတ်တဲ့ လေကို ရှူရှိုက်ရင်း ထိုင်ဖို့ ဆုံးဖြတ်လိုက်တယ်။ ဆေးလိပ်သောက်တဲ့သူ တယောက်ယောက်များ ရောက်လာခဲ့ရင် အထဲကို ပြောင်းမယ်ဆိုတဲ့ စိတ်အတွေးနဲ့ပေါ့။ ဒါပေမဲ့ အဲဒီနေ့က ကံကောင်းထောက်မစွာ ဆေးလိပ်သောက်မဲ့သူ တယောက်မှ ရောက်မလာခဲ့ဘူး။

ဟိုတယ်က မနက်ခင်းစာက အတော်လေး ပြည့်စုံပါတယ်။ အစားအများကြီး မစားနိုင်တဲ့ ကျွန်မကတော့ လိမ်မော်ရည်နဲ့ အရွက်စုံ Salad တပန်းကန်စားပြီး စတိုင်တမျိုးနဲ့ ထူးခြားနေတဲ့ ဘာလီခေါက်ဆွဲကြော် ခပ်ခြောက်ခြောက်လေးကို နည်းနည်း စားပါတယ်။ ပြီးတော့ ကော်ဖီခါးခါးတခွက်ကို စိတ်တိုင်းကျ ဖျော်၊ မသိမသာလေး ပူနွေးစပြုလာတဲ့ နေရောင်ခြည်အောက်မှာ နာရီဝက်လောက် ဟိုငေး ဒီငေး ငေးရင်းနဲ့ လာခေါ်မဲ့ကားကို စောင့်နေလိုက်ပါတယ်။ အလာတုန်းက လေယာဉ်ပျံပေါ်မှာ သောက်ခဲ့ရတဲ့ ကော်ဖီရဲ့ ထူးခြားမှုမျိုး အခု ဒီကော်ဖီမှာ ပြန်တွေ့ရပါတယ်။ ဘာလီကော်ဖီ သိပ်နာမည်ကြီးတာ ဒါကြောင့်ကိုးလို့ ချီးကျူးရလောက်အောင် ကော်ဖီက မွှေး ဆိမ့် ခါးသက်ပြီး ဆွဲဆောင်မှုရှိလှပါတယ်။ အဲဒီ အခိုက်အတံ့လေးမှာတော့ ရှာလို့ မတွေ့သေးတဲ့ နှင်းဆီနီတွေအကြောင်းကို ခဏ မေ့သွားတာ အမှန်ပဲ။
(လိမ်မော်ရည်နဲ့ အရွက်စုံ Salad)

ရှစ်နာရီခွဲတိတိမှာ ကျွန်မကို လာခေါ်တဲ့ကားလေး ရောက်လာတယ်။ ကားဆရာက အသားညိုညို ထောင်ထောင်မောင်းမောင်းနဲ့ ချိုရွှင်ပြီး သဘောကောင်းတဲ့ မျက်နှာမျိုးကို ပိုင်ဆိုင်သူပါ။ တယောက်နဲ့ တယောက် မိတ်ဆက်စကား ပြောပြီးတော့ ကျွန်မက ကျွန်မ သွားလိုတဲ့နေရာတွေကို ပြောပြပါတယ်။ ဒီနေ့အဖို့ အဓိကရောက်ချင်တာ ကတော့ Mount Batur လို့ အမည်ရတဲ့ မီးတောင်ရှင်ပါ။ အဲဒီ မီးတောင်ရဲ့ အလှကို ထင်ထင်ရှားရှားမြင်နိုင်အောင် Kintamani လို့ အမည်ရတဲ့ တောင်ပေါ်က ရွာကလေးဆီကို သွားရမယ်။ အဲဒီမှာရှိတဲ့ နာမည်ကြီး အင်ဒိုနီးရှား စားသောက်ဆိုင်တခုမှာ နေ့လည်စာစားရင်း မီးတောင်ကိုလှမ်းကြည့်ရင် မြင်ကွင်း သိပ်ကောင်းတယ်၊ ဓါတ်ပုံကောင်းကောင်း ရိုက်လို့ရတယ်လို့ ကျွန်မ လက်ထဲမှာ ကိုင်ထားတဲ့ ကင်မရာကို ညွှန်ပြရင်း ခပ်ပြုံးပြုံးနဲ့ ပြောတယ်။ ကျွန်မ တကယ် ပျော်သွားတဲ့အပြင် ကိုယ့်ကိုကိုယ်လည်း တကယ့် ကင်မရာမန်းလိုလို ဘာလိုလိုနဲ့ စိတ်ကြီးတွေတောင် ၀င်သွားသေးတာ။ အဲဒီတောင်ကို သွားရာ လမ်းတလျှောက်မှာ ခရီးသွားဧည့်သည်တွေ ရောက်သင့်၊ ကြည့်သင့်တဲ့ ဘာလီရဲ့ အထင်ကရ နေရာလေးတွေကိုလည်း တထောက်နားရင်း ဝင်ပြမယ်လို့ ကားဆရာကြီးက ပြောတယ်။ Kintamani ကိုရောက်အောင် တနာရီခွဲလောက် မောင်းရတယ်။ အသွားလမ်းတလျှောက် မြင်ရသမျှ မြင်ကွင်းတွေကို အကြောင်းကို စိတ်ထဲကနေ သူ့ကို လှမ်းပြောပြနေခဲ့မိတယ်။ လမ်းတလျှောက်မှာ နှင်းဆီပန်းတွေတော့ မတွေ့ရဘူး။ နာရီဝက်လောက်ကြာတော့ ဘာလီရိုးရာ သီဆိုတီးမှုတ်ပုံတွေနဲ့ ရိုးရာအကတွေကို ၀င်ကြည့်ဖို့ နေရာကို ရောက်လာတယ်။

ကျွန်မတို့ ရောက်သွားတဲ့ အချိန်မှာ တခြား ခရီးသွားဧည့်သည်အဖွဲ့တွေ တဖွဲဖွဲနဲ့ ရောက်လာကြတယ်။ ကပွဲဝင်ခွင့် လက်မှတ်ဝယ်အပြီးမှာ တချို့ကတော့ ကပြမဲ့ မင်းသမီးလေးတွေနဲ့ အတူ ဓါတ်ပုံတွဲရိုက်နေကြတာ တွေ့တယ်။ ကျွန်မကတော့ ကြည်လင်သာယာလှတဲ့ မိုးကောင်းကင်ကြီးကို မော့ကြည့်ရင်း ဓါတ်ပုံတပုံ ရိုက်ခဲ့တယ်။
(ကျွန်းပင်အသေးလေးတွေနဲ့ ဘာလီရဲ့ ကောင်းကင်ပြာ)

Barong Dance လို့ အမည်ရတဲ့ ကပွဲမှာ ပွဲကြည့်ပရိသတ်က လူမျိုးပေါင်းစုံပဲ။ စုစုပေါင်း လူတရာ လောက် ရှိမယ်။ Barong ဆိုတဲ့ အကောင်က ခြင်္သေ့လို ဆင်ဆင်တူတယ်။ အဲ့အကောင်နဲ့ လူဆိုးတွေ ချကြတာ၊ နောက်ဆုံးတော့ Barong ကောင်ပဲ နိုင်တယ်ပေါ့။ အဲ့လိုပါ။ အကောင်ဆို ခွေးလောက် ကြောင်လောက်သာ ချစ်တတ်၊ အရုပ်ဆို လှမှ ချစ်စရာကောင်းမှ ချစ်တတ်သူ ကျွန်မအတွက် ကို Barong က တဆိတ်တော့ အရုပ်ဆိုးလွန်းနေတယ်။
(Barong ကောင် နဲ့ နောက်ခံတီးလုံး သီဆိုတီးမှုတ်နေသူတွေ)
(ကိုBarong ထွက်လာပြီ)
(Barong က ပရိဿတ်တွေကို ဂါရ၀ပြုနေတာ)
(Barong အက ထဲက ဇာတ်ဝင်ခန်းတချို့)
(Barong အက ထဲက ဇာတ်ဝင်ခန်းတချို့)

တခြားနိုင်ငံခြားသားတွေကတော့ သဘောတကျကြည့်ရင်း လက်ခုတ်တွေ ဘာတွေ တီးကြ၊ ဓါတ်ပုံတွေ တဖျတ်ဖျတ်ရိုက်နေကြပေမဲ့ ကျွန်မကတော့ ပျင်းပျင်းနဲ့ အဲဒီ အဆို အငို အပြော အကတွေ၊ ထိုးခုတ် ရန်ဖြစ်ကြတာတွေကို နားမလည်တဲ့ ဘာသာစကားနဲ့ တနာရီကျော်ကြာအောင် အတော်လေး သည်းခံပြီး ကြည့်လိုက်ရတယ်။ ဒီအကတွေ ပြီးရင် ဘယ်ကိုခရီးဆက်ရမှာလဲ ဆိုတာသာ စိတ်စောနေမိတယ်။ 

ဘာလီကျွန်းမှာ စုစုပေါင်း လူဦးရေ လေးသန်းကျော်ထဲက ကိုးဆယ်ရာခိုင်နှုန်းက ဟိန္ဒူဘာသာကို ကိုးကွယ်ကြတာဖြစ်ပြီး ကျန်တာတွေကတော့ အစ္စလာမ် နည်းနည်းနဲ့ ခရစ်ယာန်တွေ ဖြစ်ကြတယ်လို့ ကားဆရာကြီးက ပြောပြတယ်။ လမ်းတလျှောက်မှာ မြင်နေရတဲ့ အိမ်တိုင်းမှာ သူတို့ကိုးကွယ်တဲ့ ဟိန္ဒူဘုရားကျောင်းဆောင်လေးကို အိမ်ရဲ့ မျက်နှာစာမှာ နေရာလေး သပ်သပ်ပေးပြီး ဆောက်ထားတာ တွေ့ရပါတယ်။ မျက်နှာစာ ခြံစည်းရိုးတွေဟာလည်း အနုပညာလက်ရာ ကနုတ်တွေပါတဲ့ အုတ်တိုင်တွေနဲ့ အခိုင်အခန့် လှလှပပ ဆောက်ထားတာ တွေ့ရတယ်။ စာအုပ်တအုပ်နဲ့ ဘောပင်ကို ကိုင်ရင်း သူပြောတာတွေ လိုက်မှတ်လိုက်၊ ကိုယ့်ဟာကိုယ် ရေးချင်တာလေးတွေ ချရေးလိုက်၊ တိမ်တွေကို ငေးလိုက်၊ ကင်မရာကို ဟို ဒီ ချိန်လိုက်၊ ဖုန်းမှာလည်း message တွေလာတဲ့အသံ တတောင်တောင်နဲ့… အဲဒီလို အလုပ်တွေရှုပ်နေတဲ့ ကျွန်မကို ကားဆရာကြီးက သတင်းထောက်လား၊ ဓါတ်ပုံဆရာလား၊ အလုပ်တာဝန် တခုခုနဲ့ လာတဲ့သူလား အဲဒီလို တွေးနေပုံရတယ်။ သိသင့်သိထိုက်တာတွေကို အတည်ပေါက်နဲ့ လေးလေးနက်နက် ရှင်းပြနေတာ။

ကျွန်မ ခရီးသွားမယ်ဆိုတော့ သားရေအဖုံးအနက်ပေါ်မှာ နှင်းဆီအနီလေးပါတဲ့ မှတ်စုစာအုပ်ကလေးကို သူကိုယ်တိုင် ဝယ်ပေးခဲ့တယ်။ ခရီးသွားမှတ်တမ်းပြန်ရေးတဲ့အခါ စုံစုံလင်လင်ဖြစ်အောင် တရက်ချင်းစီ သေသေချာချာ ရေးမှတ်လာခဲ့ဖို့၊ သူ့ကို သတိတရ ပြောချင်တာတွေရှိရင်လည်း ရောနှောပြီး ရေးထားဖို့ မှာလိုက်တယ်။ ခရီးက ပြန်ရောက်ရင် သူ့ကို ပေးဖတ်ပါတဲ့။ ကြည့်ပါအုံး… ဘယ်လောက်ချစ်စရာကောင်းတဲ့ အကြံအစည်မျိုးပါလိမ့်။ စာအုပ်ထဲမှာ ဒီနေ့အတွက် ရေးထားတာလေးတွေ ပြန်ဖတ်နေရင်းက ကျွန်မ နေ့ချင်းညချင်း သန်းကြွယ်သူဌေး ဖြစ်သွားတဲ့အကြောင်း မရေးရသေးတာကို သတိရသွားတယ်။ အဟုတ်ပဲ… တနေ့တာ အသုံးစရိတ်အတွက် စင်္ကာပူဒေါ်လာ တရာ့တဆယ်ကို လဲလိုက်တာ ရူပီးယား လို့ခေါ်တဲ့ အင်ဒိုနီးရှားပိုက်ဆံ တသန်းကျော် ရခဲ့တာကိုး။ ဒီတော့ ကျွန်မ သန်းကြွယ်သဌေး ဖြစ်တာပေါ့။

အဲဒီလို တွေးပြီး ရယ်ချင်နေတုန်းမှာပဲ ကားက သစ်ပင်ရိပ်တခုမှာ ရပ်သွားတယ်။ ကြည့်လိုက်တော့ ခြံဝင်းလေးထဲမှာ သစ်သားအိမ် နိမ့်နိမ့်လေးတလုံး။ အိမ်ရှေ့မှာ ပန်းချီကားချပ်တွေ ထောင်ထားတာကို တွေ့ရတယ်။ ကားဆရာကြီးက အစီအစဉ်ထဲမှာ မပါပေမဲ့ မင်းကို ကြည့်ရတာ ပန်းချီတွေ ကြိုက်မယ် ထင်လို့ တဲ့။ ချက်ချင်းပဲ စိတ်က သူ့ဆီ ရောက်သွားပြန်တယ်။ ကျွန်မကို ပန်းချီတွေ ကြိုက်သလား လို့ မေးခဲ့ဖူးတာ၊ ပြီးတော့ ကမ္ဘာကျော် ပြတိုက်တခုထဲက ပန်းချီကားတချို့အကြောင်း ပြောပြခဲ့ဖူးတာ။ ကျွန်မ ပန်းချီပြခန်းထဲ ၀င်လာခဲ့တယ်။ အမျိုးအမည် ဖေါ်မပြတတ်တဲ့ ရောင်စုံပန်းချီကားတွေ အများကြီးပဲ။ ၀ယ်ချင်စဖွယ်ဖြစ်အောင် ကနုတ်ဘောင် လှလှတွေ ကွပ်ထားတာ တွေ့ရတယ်။ အမှတ်တရ တခုခု ၀ယ်ချင်ပေမဲ့ ဘာဝယ်ရမှန်း မသိဘူး။ ဒါနဲ့ ဓါတ်ပုံတွေပဲ ရိုက်လာခဲ့တယ်။
 (မြက်ဖျာကို မျက်နှာကြက်အဖြစ်တပ်ထားတဲ့ ချစ်စရာ ပန်းချီအရောင်းပြခန်း)
(အေးအေးဆေးဆေး အနားယူရင်း ကြည့်နိုင်တဲ့ ချစ်စရာ ပန်းချီအရောင်းပြခန်း)
(သူ့အတွက် အမှတ်တရ ရိုက်လာတဲ့ ပန်းချီကားတချပ်)

ပန်းချီပြခန်းကနေ နောက်ထပ် ဆယ့်ငါးမိနစ်လောက် မောင်းလာပြီးတော့ ခြံဝင်းကျယ်ကြီးတခုထဲကို ရောက်သွားပြန်တယ်။ ဒီတခါကတော့ ပန်းပုဆိုင်ပါ။ အင်မတန် အနုစိတ်ပြီး လက်ရာမြောက်လှတဲ့ သစ်သားပန်းပုရုပ်တွေ အကြီး အသေး အရွယ်စုံ ပုံသဏ္ဍာန်စုံ အများကြီး တွေ့ရပါတယ်။ ဒီလောက်များတဲ့ ပန်းပုလက်ရာတွေ၊ ပြီးတော့ တနေရာကနေ တနေရာ ဝယ်ယူသယ်ဆောင်သွားဖို့ အတော်လေး ခက်ခဲတဲ့ ဒီ ပန်းပုရုပ်တွေကို ဘယ်လိုနည်းနဲ့များ ရောင်းဝယ်ဖေါက်ကားပါသလဲ လို့ မေးကြည့်တော့ နေရာအနှံ့အပြားကို ရေလမ်းခရီးနဲ့ ပို့ပေးတယ် လို့ သိရပါတယ်။ စကာင်္ပူဆိုရင် Free Shipping လို့လည်း ပြောပါသေးတယ်။ ဘာမှတော့ ဝယ်မလာဖြစ်ပါဘူး။
(ပန်းပုလက်ရာတွေထဲမှာ ကျွန်မ အနှစ်သက်ဆုံး လက်ရာတခု)

ဘာလီကျွန်းသူ ကျွန်သားအများစုဟာ ပန်းချီ၊ ပန်းပု၊ ပန်းတိမ်၊ ပါတိတ်ဆေးရေး၊ ကျောက်ထွင်းရုပ်ထုတွေ စတဲ့ အိမ်တွင်း လက်မှု အနုပညာလုပ်ငန်းကိုယ်စီနဲ့ အေးချမ်း ရောင့်ရဲစွာ အသက်မွေးဝမ်းကျောင်းမှု ပြုကြတာကိုတွေ့တော့ စိတ်ထဲ အင်မတန် အားကျမိပါတယ်။ ရပ်ကွက်အစုလေးတွေမှာ ဒါက ပန်းချီတန်း၊ ဒါက ပန်းပုတန်း၊ ဒီနေရာကတော့ ငွေပန်းတိမ်၊ ဒီလမ်းလေးကတော့ ရွှေပန်းတိမ် စသည်ဖြင့် သူ့ အစုလေးနဲ့သူ ရှိကြတယ်။ ရွှေပန်းတိမ်တွေ ရှိတဲ့ လမ်းကိုရောက်တော့ ခြံဝန်းကျယ်ကြီးထဲမှာ တကယ့်ကို လှပ ခေတ်မီတဲ့ အိမ်ကြီး အိမ်ကောင်းတွေကို တွေ့ရတယ်။

မြို့နဲ့ လှမ်းလာတဲ့ အခါမှာ မြင်ကွင်းဟာ တစ်မျိုးပြောင်းပြီး စိမ်းလန်းစိုပြေတဲ့ ပတ်ဝန်းကျင် ဖြစ်လာပါတယ်။ လမ်းဘေးတဖက်တချက်မှာ ခြံဝင်းကျယ်ကျယ်လေးတွေနဲ့ သစ်သားအိမ် တိုက်ခံအိမ်နိမ့်နိမ့်လေးတွေကို ခပ်ကျဲကျဲ တွေ့ရတယ်။ ခြံတိုင်းလိုလိုမှာ စပါးစိုက်ခင်းတွေကို တွေ့ရလို့ မေးကြည့်တော့ အိမ်တိုင်း အိမ်တိုင်း ကိုယ့်မိသားစုအတွက် တနိုင်တပိုင် စပါးစိုက်စားကြတယ်လို့ သိရပါတယ်။ တစ်နှစ်ကို နှစ်သီးစား သုံးသီးစား စိုက်ကြတယ်လို့လည်း သိရပါတယ်။ သူတို့ရဲ့ နေ့စဉ် ဘဝတွေ၊ ရှင်သန်နေထိုင်ပုံတွေ အေးချမ်းလိုက်တာလို့ တွေးပြီး တော်တော် သဘောကျမိပါတယ်။ တဆက်တည်းမှာပဲ ကိုယ် ကျင်လည် လှုပ်ရှား နေထိုင်နေရတဲ့ နေ့စဉ်ဘ၀ကို ပြန်တွေးမိတော့ အနည်းငယ် မောပန်းသွားခဲ့ပါတယ်။ ဆုတောင်းမှား၊ နေရာများ မှားခဲ့သလားရယ်…
(စပါးခင်းတွေ)

ကျွန်မတွေ့ချင် မြင်ချင်လှတဲ့ မီးတောင်ကို မရောက်ခင် အသွားလမ်းမှာ Holy Spring ဆိုတဲ့နေရာကို ခရီးတထောက်နားရင်း ၀င်ခဲ့ပါတယ်။ Holy Spring ဆိုတာ နန်းမြို့ရိုးတခုလို အုတ်တံတိုင်းထူထူ ကာထားတဲ့ ရေကန်ခပ်ငယ်ငယ်ပါ။ အဝင်ဝမှာ ကျား မ လူကြီး လူငယ်မရွေး အဝါရောင် ခါးစည်းကြိုးလေးတွေ ချည်ဖို့ လိုက်ဝေပါတယ်။ ဘောင်းဘီအတို၊ စကပ်အတိုတွေနဲ့သူတွေကတော့ အဝတ်စအကြီးကြီးတွေကို လုံချည်လို ဝတ်ရပါတယ်။ Holy Spring ဆိုတော့ ရေကန်တခုပဲ ဘာမှ သိပ်မထူးဆန်းသလိုလို၊ ဒါပေမဲ့ ရေကန်ထဲကို သေသေချာချာ ငုံ့ကြည့်လိုက်တော့မှ ကြည်လင်စိမ်းလဲ့နေတဲ့ ရေတွေရယ်၊ ပြီးတော့ ရေအောက်ခင်း ကြမ်းပြင်ကနေ သူ့အလိုလို ထွက်နေတဲ့ ရေပွက်ကလေးတွေရယ်ကို တွေ့ရတယ်။ သဘာဝဟာ အင်မတန် ဆန်းကြယ်လှတယ်။ အဲဒီရေကန်က ထွက်တဲ့ရေတွေကို ရေတံလျှောက်နဲ့ သွယ်တန်းပြီး တနေရာမှာ ရေချိုးကန် ပြုလုပ်ထားတယ်။ ပြီးတော့ လူတွေကို ရေချိုးခွင့် (ရေစိမ်ခွင့်) ပေးပါတယ်။ ဒီ Holy Spring က ရေကို ချိုးရင် ရောဂါဘယတွေ ကင်းစင်ပပျောက်နိုင်တယ် ဆိုတဲ့ ယုံကြည်မှုနဲ့ လူတွေ အများကြီးပဲ တပျော်တပါး ရေစိမ်နေကြတာ တွေ့ရပါတယ်။ ရေစိမ်နေတဲ့ ကျား မ လူကြီး လူငယ်တွေ အများကြီးကို ကြည့်ရုံပဲ ကြည့်ပြီး ဓါတ်ပုံမရိုက်ခဲ့ပါဘူး။
(Holy Spring ပါ။ သေသေချာချာကြည့်ရင် အောက်ခင်း ကြမ်းပြင်ကနေ သူ့အလိုလျောက် စိမ့်ထွက်နေတဲ့ ရေပွက်ကလေးတွေကို တွေ့နိုင်ပါတယ်။)
(Holy Spring ကျောင်းဝင်းတနေရာ)

အဲဒီ Holy Spring ကနေ ပြန်ထွက်တော့မဲ့ဆဲဆဲမှာ ကျွန်မအနားကို အသက်ကြီးကြီး အမျိုးသမီးတယောက် ရောက်လာပါတယ်။ သူ့လက်ထဲမှာ ငှက်ပျောသီး ခပ်သေးသေး တလုံးကိုင်လို့။ ကျွန်မကို သေသေချာချာ ကြည့်ရင်း အသားဖြူတယ်လို့ အင်္ဂလိပ်လို ခပ်တိုးတိုးပြောပါတယ်။ ပြီးတော့ သူ့လက်ထဲက ငှက်ပျောသီးလေးကို အခွံခွာပြီး ကျွန်မကို ကျွေးပါတယ်။ ကျွေးတာမှ ခွံ့မကျွေးရုံတမယ်ပါ။ မျက်နှာကလည်း မိခင်တယောက်၊ အဖွားတယောက်က သားသမီးကို ကျွေးနေတဲ့ ကျွေးပုံမျိုးနဲ့ဆိုတော့ ကျွန်မလည်း ရုတ်တရက်တော့ စိတ်ထဲမှာ ကြည်နူးသွားတယ်။ ပြီးတော့ ကိုယ်တိုင်ကလည်း ငှက်ပျောသီးကြိုက်တဲ့သူ ဖြစ်နေပြန်တော့ သူကျွေးနေတဲ့ ငှက်ပျောသီးလေးကို ကျွန်မ ယူစားလိုက်ပါတယ်။ တကယ်ပါ… ငှက်ပျောသီးလေးက အတော် အရသာရှိပါတယ်။ အဲဒီငှက်ပျောသီးကို စားလို့ မကုန်ခင်အချိန်လေးမှာ ကျွန်မနားကို ဗြုန်းဆို ငှက်ပျောသီးအဖီးတွေ ကိုင်ထားတဲ့ အမျိုးသမီးငါးယောက် ရောက်လာကြပါတယ်။ လက်ထဲမှာ စားလက်စ ငှက်ပျောသီးကိုကိုင်ရင်း သူတို့ကို အကြောင်သား ကြည့်နေတဲ့ ကျွန်မကို စားကောင်းတယ်မဟုတ်လားလို့ မေးပြီး သူတို့ ကိုင်လာတဲ့ ငှက်ပျောသီးအဖီးတွေ အတင်း ရောင်းတော့တာပါပဲ။

ဟိုကြည့် ဒီကြည့်နဲ့ ဘာလုပ်ရမှန်းမသိ အကြံအိုက်နေတဲ့ ကျွန်မကို ပတ်ဝန်းကျင်က တဦးတယောက်ကမှ သတိပြုမိဟန်မတူပါဘူး။ ဒါနဲ့ပဲ ကျွန်မလည်း ကိစ္စမြန်မြန်ပြီးအောင် ငှက်ပျောသီးတဖီး ဝယ်လိုက်ရပါတယ်။ သူသာသိရင်တော့ အဲဒါတွေကြောင့် စိတ်မချတာ ဘာညာ အစချီတဲ့ ဓါတ်ပြားဟောင်းကြီး ပြန်ဖွင့်အုံးမှာပါ။ ငှက်ပျောသီးတဖီးနဲ့အတူ ကားပေါ်ပြန်ရောက်လာတဲ့ ကျွန်မကို ကားဆရာကြီးက ငှက်ပျောသီး ကောင်းတယ် ဆိုတဲ့ သဘောမျိုးနဲ့ လက်မ ထောင်ပြပါတယ်။ ကျွန်မကတော့ ကိုယ့်အဖြစ်ကို ကိုယ် ရယ်ချင်နေတာနဲ့ သူ့ကိုလည်း ခေါင်းညိတ်ရင်း ရယ်ပဲ ပြလိုက်နိုင်တယ်။
(Holy Spring အဝင်ဝက သူတို့ ကိုးကွယ်တဲ့ ရုပ်ထု)

Holy Spring က ပြန်ထွက်တော့ နေ့လည် ဆယ့်နှစ်နာရီ ခွဲနေပြီ။ ကျွန်မ နေ့လည်စာ မဆာသေးရင် Art Market ကို ခဏ ဝင်မလား ဘာလီ အမှတ်တရပစ္စည်းလေးတွေ ဝယ်မလားလို့ မေးပါတယ်။ ဒါမှမဟုတ် ကျွန်မ ဆာနေပြီဆိုရင် အပြန်ကျမှ ဝင်ရင်လည်း ရတယ်လို့ ညှိညှိနှိုင်းနှိုင်း ပြောလာပါတယ်။ ကျွန်မက မဆာသေးတဲ့အကြောင်းပြောပြီး Art Market ကို သွားကြပါတယ်။ ဘာလီရဲ့ အမှတ်တရပစ္စည်း အမျိုးပေါင်းများစွာကို တွေ့ရပါတယ်။ ဈေးတွေကတော့ သိပ် သက်သက်သာသာ မဟုတ်လှဘူး။ ခရီးသွားတွေအတွက် အထူးစပါယ်ရှယ်ဖွင့်ထားတဲ့ ဈေး ဖြစ်ဟန်တူပါတယ်။ ကျွန်မ I love Bali ဆိုတဲ့ စာတမ်းရေးထိုးထားတဲ့ တီရှပ် နှစ်ထည် ဝယ်လာဖြစ်ပါတယ်။
(Art Market တနေရာ)

Art Market ကနေ ပြန်ထွက်လာတော့ Kintamani ကို တောက်လျှောက်မောင်းတော့မယ် ဘယ်မှ ဝင်စရာ မရှိတော့ဘူးလို့ ကားဆရာက ပြောတယ်။ အိုးကေ… အဲဒါဆိုရင် တောင်တက်လမ်းတလျှောက် လမ်းဘေးတဖက်တချက် မြင်ရသမျှကို ကြည့်မယ်၊ ကောင်းကင်ပြာပြာကို မော့ကြည့်မယ်၊ အနားကို တိုးဝင်လာကြတဲ့ တိမ်လိပ်တွေကို လှမ်းစကားပြောမယ်… အဲဒီလိုအတွေးတွေနဲ့ လက်ထဲက မှတ်စုစာအုပ်တွေ ဘောပင်တွေအကုန် သိမ်း၊ ကင်မရာကိုလည်း အဖုံးဖုံးပြီး အိတ်ထဲ ပြန်ထည့်လိုက်တယ်။ တောင်ပတ်လမ်းကနေ ဘေးကို ငုံ့ကြည့်လိုက်တော့ မြေပြန့်ဟာ ဟိုး အနိမ့်ထဲမှာ ကျန်နေခဲ့ပြီ။ လေထုဖိအား အပြောင်းအလဲကြောင့် နားအူလာတယ်။ မျက်စိကို စုံမှိတ်ထားလိုက်တယ်။ လောလောဆယ် ကျွန်မ အာရုံထဲမှာ တိမ်တွေနဲ့ နီးတဲ့နေရာဆီကို တရိပ်ရိပ်တိုးဝင်သွားတယ်ဆိုတဲ့ ခံစားချက်တခုပဲ ရှိနေတော့တယ်။ 

သက်ဝေ
(၅ ဇူလိုင် ၂၀၁၅)

အောက်ခြေမှတ်စု - ဒီပိုစ့်မှာ စာတွေရော ဓါတ်ပုံတွေပါ အတော်များနေပြီမို့ မီးတောင်ဆီကို မရောက်သေးခင် ဒီနေရာမှာ တပိုင်းဖြတ်ပြီး တင်လိုက်ပါတယ်။ နောက်တပိုင်းကို အမြန်ဆုံး ဆက်ရေးပါ့မယ်နော်။

Wednesday, July 1, 2015

အ နီေ ရာ င် နှ င်း ဆီ ပွ င့် များ နှ င့် အ တူ - ၁

မင်း ရောက်တဲ့နေရာတိုင်းမှာ အနီရောင်ရင့်ရင့် နှင်းဆီပွင့်လေးတွေကို ရှာကြည့်ပါ… ပန်းကလေးတွေဟာ ကိုယ့် ကိုယ်စား မင်းကို နှုတ်ဆက်နေကြလိမ့်မယ်လို့ သူက ဆိုခဲ့တယ်။ ဆိုခဲ့တဲ့အတိုင်းပါပဲ… ဟိုတယ်ထဲကို ၀င်ဝင်ချင်း ကျွန်မ တွေ့လိုက်ရတာက ကြက်သွေးရောင်ဖက်ကို ရောက်လု ရောက်ခင်ဖြစ်နေတဲ့ ချစ်စဖွယ် နှင်းဆီပွင့်တွေ။ ခရီးစဉ်အတွက် စိတ်လှုပ်ရှား ပျော်ရွှင်မှုရယ်၊ နှင်းဆီနီတွေကို မြင်လိုက်ရလို့ ၀မ်းသာကြည်နူးမှုတွေရယ်က ကျွန်မရဲ့ ညနေခင်းကို ပြည့်စုံလှပသွားစေတယ်။ ကျွန်မ နှင်းဆီတွေအနားကို သွားပြီး ချစ်စရာ ပွင့်ဖတ် နီညိုလေးတွေကို အသာ ထိတွေ့လို့ နှုတ်ဆက်လိုက်တယ်။ ပြီးတော့ ပျော်ရွှင်ကြည်နူးတဲ့ စိတ်အစဉ်နဲ့ ကျေးဇူးတင်ပါတယ် နှင်းဆီတွေရယ် လို့ ပြောခဲ့လိုက်တယ်။
(ကျွန်မကို ကြိုနေကြတဲ့ နှင်းဆီတွေထဲက ချစ်စရာ နှင်းဆီ နှစ်ပွင့်)

တကယ်ဆို ကျွန်မ ရောက်နေတဲ့နေရာဟာ နှင်းဆီတွေနဲ့ လုံးဝ မသက်ဆိုင်ဘူးလို့ ဆိုရမဲ့ နေရာ။ အဲဒီလို မသက်ဆိုင်တဲ့နေရာမှာ သူ စေလွှတ်ထားတဲ့ နှင်းဆီတွေ ကျွန်မအနားကို ကြိုရောက်နေကြတာ ဘယ်လောက်အံ့သြစရာ ကောင်းလိုက်သလဲနော်။ ဟုတ်ပါတယ်… ကျွန်မ အခု ရောက်နေတဲ့နေရာက အင်ဒိုနီးရှားနိုင်ငံရဲ့ အထင်ကရ ကမ်းခြေလေးတခု၊ နိုင်ငံတကာက ခရီးသွားဧည့်သည်တွေနဲ့ အစဉ်အမြဲစည်ကားနေတဲ့ ဘာလီ ကမ်းခြေပါ။

မြို့တော် Denpasar မှာ ရှိတဲ့ လေယာဉ်ကွင်းကို ဆင်းဆင်းချင်း တွေ့လိုက်ရတာက ထုထည်ကြီးမားခိုင်ခံ့ပြီး အနုပညာလက်ရာမြောက် ထွင်းထုထားတဲ့ အုတ်တံတိုင်း အနီရောင်တွေ၊ ဟိုတယ်ကို အသွား လမ်းတလျောက်မှာ တွေ့ရတဲ့ လူနေအိမ်တွေ ရုံးတွေ စာသင်ကျောင်းတွေ အားလုံးမှာ အဲဒီလို အုတ်ရိုးတွေ ကိုယ်စီကာလို့။ တကယ်ကို လက်မှုပညာ အနုအလှလက်ရာတွေနဲ့ တည်ထားတဲ့ စိတ်ဝင်စားစရာ ကျွန်းမြို့ကလေး တမြို့ပါလားလို့ သဘောတကျ တွေးနေမိတယ်။
(ဘာလီကျွန်းလေးရဲ့ မြို့တော် Denpasar မှာ ရှိတဲ့ လေယာဉ်ကွင်းက အထွက်)
(ဒါကတော့ ကျွန်မ တည်းခိုမဲ့ Kuta Paradiso Hotel ပါ)

ပြောခဲ့သလိုပါပဲ… ဟိုတယ်ကိုရောက်တော့ ကျွန်မကို ကြိုနေတဲ့ နှင်းဆီတွေကို နှုတ်ဆက်ပြီး ကျွန်မ နေရမဲ့ အခန်းထဲကို ၀င်လာခဲ့တယ်။ အခန်းထဲကို ၀င်ဝင်ခြင်း တွေ့လိုက်ရတာက ကြက်သွေးရောင်ရင့်ရင့် ပန်းတပွင့်ပါတဲ့ ပန်းအိုးအပြာကလေး။ အို... ဒါကရော သူ ပို့ထားတဲ့ ပန်းကလေးပဲလားလို့ တွေးပြီး ကျွန်မ ကြည်နူး ပျော်ရွှင်သွားပြန်တယ်။ ဒီမှာကြည့်ပါအုံး...
(ကျွန်မ နေရမဲ့ အခန်းထဲက ပန်းအိုးကလေး)

အခန်းထဲမှာ ပစ္စည်းတွေကို နေရာချနေစဉ်မှာပဲ တံခါးခေါက်သံကြားတယ်။ ဖွင့်ကြည့်လိုက်တော့ Kuta Paradiso Hotel က လှိုက်လှဲစွာ ကြိုဆိုပါတယ် လို့ ခေါင်းလေးညွှတ်ရင်း ပြောပြီး Welcome Drinks လာပေးနေတဲ့ ဘာလီကျွန်းသူလေး နှစ်ယောက်ကို တွေ့ရတယ်။ သူတို့ကို ကျေးဇူးတင်စကားပြောပြီး သူတို့ယူလာပေးတဲ့ နာနတ်ဖျော်ရည် နှစ်ခွက် ကြည့်ရင်း သူ တခွက် ကိုယ်တခွက်ပေါ့ အခန့်သင့်လိုက်လေ လို့ တွေးပြီး သဘောတကျ ပြုံးရပြန်တယ်။
(Welcome Drinks နာနတ်သီးဖျော်ရည်)

အရသာရှိတဲ့ နာနတ်ဖျော်ရည်ကို သောက်၊ ခဏ နားပြီး နောက်ရက်တွေအတွက် ခရီးစဉ်ဆွဲဖို့ အောက်ကို ပြန်ဆင်းလာခဲ့တယ်။ ဒီခရီးအတွက် ကျွန်မ စီစဉ်ခဲ့တာက အသွားအပြန် လေယာဉ်ပျံလက်မှတ်ရယ်၊ လေးရက်စာ ဟိုတယ်အခန်းရယ်ပါ။ ကျွန်မ သွားချင်တဲ့နေရာတွေကို လွတ်လွတ်လပ်လပ် သွားနိုင်ဖို့အတွက် Package Tour ကို ကြိုတင် မစီစဉ်ခဲ့ပါဘူး။ Free & Easy ပဲ ဆိုပါတော့။

ဟိုတယ်အောက်ထပ်မှာ အစီအရီရှိနေတဲ့ စားပွဲလေးတွေကို တခုချင်း လိုက်လေ့လာလိုက်တော့ Spa ရယ်၊ Javanese Massage ရယ်၊ လက်သည်း ခြေသည်း အလှပြုပြင်တာတွေရယ်၊ နောက်ဆုံးမှာတော့ လက်ကမ်းကြော်ငြာလေးတွေ ထပ်ထားတဲ့ ခရီးသွားဝန်ဆောင်မှု။ ကျွန်မက သူတို့ ပြတဲ့နေရာတွေနဲ့ သူတို့ပြောတဲ့ Water Activity တွေကို စိတ်မ၀င်စားပဲ ကျွန်မ သွားချင်တဲ့နေရာတွေကို ပြောပြပြီး Tour Guide လည်း မလိုဘူးလို့ ဆိုတော့ ပထမ သူတို့ ကြောင်နေကြတယ်။ အင်္ဂလိပ်စကားကို ဖြေးဖြေးနဲ့ မှန်မှန် ကြိုးစားပြီး ပြောနေကြတဲ့ ဘာလီကျွန်းသူလေး နှစ်ယောက်၊ နောက်တော့ သူတို့ သဘောပေါက်သွားကြတယ်။ ကျွန်မကို ကားဆရာနဲ့ ကားတစီး မနက် ရှစ်နာရီကနေ ညနေ ခြောက်နာရီအထိ စီစဉ်ပေးမယ်၊ တရက်ကို ယူအက်စ်ဒေါ်လာ ခြောက်ဆယ်လို့ ဆိုတယ်။ ကျွန်မက နှစ်ရက် ငှားမယ်ဆိုတော့ သဘောကောင်းစွာနဲ့ တဆယ်လျှော့ပေးလိုက်လို့ နှစ်ရက်ကို ဒေါ်လာတရာနဲ့ ဈေးတည့်သွားခဲ့တယ်။

အဲဒီညနေမှာတော့ ကျွန်မ နေတဲ့ Kuta ဆိုတဲ့နေရာ အနီးတ၀ိုက်ကို လမ်းလျှောက်ကြည့်ပါတယ်။ ကမ်းခြေကို လျှောက်သွားတဲ့လမ်းပေါ်မှာ နေရောင်ခြည်က တလက်လက်တောက်ပနေတုန်းပဲ။ နေပူနေပေမဲ့ ကမ်းခြေကနေ ဖြတ်တိုက်လာတဲ့ လေကြောင့် ထူးထူးခြားခြား ပူနေတယ်လို့ မခံစားရဘူး။ အဲဒီ Kuta Beach မှာ နေ၀င်ချိန်ကို စောင့်ပြီး ဓါတ်ပုံရိုက်လို့ရတယ် လို့ ခုနက ဘာလီကျွန်းသူလေးနှစ်ယောက်က ပြောလိုက်တယ်။ သို့သော် ကူတာ ကမ်းခြေကို ရောက်သွားတဲ့အချိန်မှာ ကျွန်မ တော်တော် စိတ်ပျက်သွားတယ်။ ဒါလားဟဲ့ ဘာလီ လို့ အခါတသိန်း ရေရွတ်မိတယ်။ ကမ်းခြေတလျောက်မှာ ပြည့်နှက်နေတဲ့ လူတွေရယ်၊ ရောင်စုံ ပလတ်စတစ်အိတ်ခွံတွေ၊ ရေသန့်ဗူး အအေးဗူး အခွံတွေ နဲ့ ရုပ်ဆိုး အကျည်းတန်နေတဲ့ Kuta ကမ်းခြေပါ။
(လူတွေရဲ့ စည်းကမ်းမဲ့မှုကြောင့် အကျည်းတန်နေတဲ့ ကူတာ ကမ်းခြေ တနေရာ)

ဒီလောက်များတဲ့လူတွေကြားမှာ နေ၀င်ချိန်ကို ဓါတ်ပုံရိုက်ဖို့ ဘယ်လိုမှ မဖြစ်နိုင်တော့တာ သေချာနေတဲ့အတွက် စိတ်ပျက်လက်ပျက်နဲ့ ကင်မရာကို အဖုံးပြန်ဖုံးလိုက်မိတယ်။ ပြီးတော့ ဒီလိုပဲ လူတွေကြားထဲ ဟိုကြည့်ဒီကြည့်နဲ့ လျှောက်လာခဲ့တယ်။ ကျွန်မ ချစ်တဲ့တိမ်တွေကတော့ အုပ်စုဖွဲ့လို့ လှလှပပ ကြိုဆိုနေကြပါတယ်။ ဒီအချိန်မှာတော့ တိမ်တွေကိုပဲ ကျွန်မ တိုးလို့ ချစ်သွားမိတယ်။ တော်တော် လှမ်းလှမ်းရောက်တော့ အမှိုက်သရိုက်ကင်းစင်တဲ့ ရေစပ်နဲ့ သဲပြင်ကိုတွေ့မှ ကျွန်မ နည်းနည်း ပြုံးနိုင်တော့တယ်။ လူတွေကတော့ ပြောမပြတတ်အောင် များနေတုန်းပဲ။ ဘာပဲဖြစ်ဖြစ် ရောက်တုန်း ခဏထိုင်မယ် ဆိုပြီး မျက်စိကစားလိုက်တော့ အအေးတို့ အုန်းရည်တို့ ဘီယာတို့ ရောင်းတဲ့ ဆိုင်ကလေးတွေ တွေ့တယ်။ သူတို့ဆီမှာ ၀ယ်ရင် အဲဒီနားမှာ ခင်းထားတဲ့ ခုံကလေးတွေမှာ ထိုင်လို့ရမယ် ဆိုတာနဲ့ လိမ်မော်ရည်တဗူးဝယ်ပြီး ထိုင်နေလိုက်တယ်။ ပတ်ဝန်းကျင်ကို မျက်စိကစားလိုက်တော့ ကမ်းခြေမှာ ရေကူးနေတဲ့သူတွေ၊ ရေစိမ်နေတဲ့သူတွေ၊ သဲတွေနဲ့ ဆော့နေတဲ့ ကလေးငယ်ကိုယ်စီနဲ့ မိသားစုတွေ၊ စွန်လွှတ်နေတဲ့လူကြီးတချို့နဲ့ လမ်းလျှောက်နေတဲ့ လူမျိုးခြား ခရီးသွားဧည့်သည်တွေကို တွေ့ရတယ်။

ခုံလေးမှာ ထိုင်၊ အအေးသောက်ရင်း ပင်လယ်ကို ငေးနေချိန်မှာ ပြဿနာက စ ပါတော့တယ်။ ခုံကလေးတွေမှာ ထိုင်လိုက်တာနဲ့ ကျွန်မအနားကို ၀ိုင်းအုံပြီး ရောက်လာကြတာကတော့ ခြေထောက်တွေ နှိပ်ပေးမယ် နှစ်ဒေါ်လာပဲ ပေးပါ လို့ ခြေဟန်လက်ဟန်နဲ့ ပြပြီး လာပြောတဲ့ အသက်ကြီးကြီး အမျိုးသမီးနှစ်ယောက်၊ ကျွန်မ အနောက်မှာရပ်နေတဲ့ တယောက်ကတော့ သိပ်မကြီးသေးဘူး၊ ဇက်ကို နှိပ်ပေးမယ် တဒေါ်လာပဲ ပေးပါ တဲ့။ ဘေးမှာကျပြန်တော့ ဘာလီရိုးရာ အ၀တ်အထည်တွေ၊ လုံချည်လို Wrap Around တွေရောင်းတဲ့ အမျိုးသမီးကြီး နှစ်ယောက် နဲ့ လက်မှာပတ်ရတဲ့ ကြိုးရောင်စုံလေးတွေ ရောင်းတဲ့ ကလေး နှစ်ယောက်။ ဒီကြားထဲ လေးနဲ့ မြား ရောင်းတဲ့ အမျိုးသားကြီးတယောက်တောင် အဆစ်ပါလိုက်သေး။ တယောက်ချင်းစီကို ဆယ်ခွန်းလောက် နိုး နိုး လို့ ငြင်းလိုက်ပြီး မျက်စိမျက်နှာ မကောင်းလှစွာနဲ့ သူတို့အားလုံး တရွေ့ရွေ့နဲ့ ထွက်သွားကြတဲ့အချိန်မှာ ကျွန်မ တော်တော်ကြီးကို အားကုန်သွားပါတယ်။ ဘေးဘီဝဲယာကို ကြည့်လိုက်တော့ ကျွန်မလို ခုံလေးတွေမှာထိုင်နေတဲ့ လူတွေအားလုံးဟာ ခြေထောက်အနှိပ်ခံတဲ့သူနဲ့ ဇက်တွေ ပုခုံးတွေ အနှိပ်ခံနေတဲ့သူတွေချည်း ဖြစ်နေတာ တွေ့ရတယ်။ ဘဝကို ဒီလိုနည်းနဲ့ အသက်မွေးဝမ်းကျောင်းပြုနေကြတဲ့ အနှိပ်သည်တွေကို စိတ်ထဲ သနား ဂရုဏာဖြစ်သလို လိုက်ကြည့်နေမိတယ်။ ဒါပေမဲ့သူတို့ကိုကြည့်ရတာ စိတ်ညစ်နေတဲ့ပုံ၊ သူတို့ရဲ့ အနေအထားကို စိတ်တိုင်းမကျဖြစ်နေတဲ့ပုံ၊ စိတ်ပျက်နေတဲ့ပုံ နည်းနည်းမှ မပေါက်ပဲ အေးအေးဆေးဆေး သက်တောင့်သက်သာ ရှိလှတာ သတိထားမိတယ်။ သူတို့ရဲ့ နှစ်သိမ့် ရောင့်ရဲနိုင်မှုဟာ သူတို့စိတ်တွေကို အေးချမ်းစေဟန်တူရဲ့။  အတုယူမယ်ဆို ယူချင်စရာပါ။

ဒီလိုနဲ့ ကမ်းခြေမှာ တနာရီလောက် လေတိုက်ခံပြီး ပြန်လာခဲ့တယ်။ လူတွေကြားထဲ ကင်မရာ မချိန်ရဲတာကြောင့် ဓါတ်ပုံကောင်းကောင်း မရိုက်ခဲ့ရပါဘူး။ အဲ… ဒါပေမဲ့ မှတ်မှတ်ရရ ဒါလေး တပုံတော့ ရခဲ့တယ်။ 
(ပုံထဲမှာပါတဲ့သူက ကျွန်မ ခုနက ပြောခဲ့တဲ့ လေးနဲ့ မြားတွေ လိုက်ရောင်းနေတဲ့သူပေါ့)

မြေပုံထဲမှာပါတဲ့ အညွှန်းအရ ကုတာ ကမ်းခြေနဲ့ မနီးမဝေးမှာရှိတဲ့ Beach Walk ဆိုတဲ့ စတိုးဆိုင်ကြီးရှိရာကို ညစာစားဖို့ လမ်းလျှောက်လာခဲ့တယ်။ လမ်းတလျှောက်မှာတော့ ဆိုင်ကယ်တွေ ကားတွေ လမ်းသွား လမ်းလာတွေနဲ့ ကြိတ်ကြိတ်တိုး စည်ကားနေလိုက်တာ။ လမ်းလျှောက်နေရင်းကနေ တနေရာရာမှာများ နှင်းဆီပွင့်တွေ တွေ့လေအုံးမလားလို့ မျက်စိကစားရင်း လိုက်ရှာနေမိသေးတယ်။ နှင်းဆီတွေတော့ မတွေ့ဘူး ဒါပေမဲ့ Starbucks ကော်ဖီဆိုင်တွေကိုတော့ တဆိုင်ပြီး တဆိုင် တွေ့ရတယ်။ StarBucks တဆိုင်တွေ့တိုင်း နှင်းဆီနီတပွင့်တွေ့သလို ပျော်ရွှင်မိတယ်။ အလွမ်းဆိုတဲ့ စကားလုံးကလည်း မဆီမဆိုင် ကျွန်မအနားမှာ တရစ်ဝဲ၀ဲနဲ့။ လမ်းတလျှောက် တွေ့သမျှ ကော်ဖီဆိုင်တိုင်းမှာ လူတွေကတော့ အပြည့်ပဲ။ ထမင်းမစားရသေးခင် ကော်ဖီသောက်ချင်နေတဲ့စိတ်ကို မြိုသိပ်ရင်း လမ်းဆက်လျှောက်လာခဲ့တယ်။
(ကူတာ ကမ်းခြေက ကော်ဖီဆိုင်တွေတန်းစီနေတဲ့ လမ်းမတနေရာ)

လမ်းတလျောက်မှာ ကျွန်မကို ဒုက္ခပေးတာကတော့ အများသူငါ သောက်သုံးနေကြတဲ့ စီးကရက် မီးခိုးငွေ့တွေပါ။ စီးကရက်ကို ကြိုက်တတ်ရင် စီးကရက်မီးခိုး မျက်စိထဲ ၀င်တာလောက်တော့ ခံနိုင်ရည်ရှိပါတယ်… ဆိုပေမဲ့ ကျွန်မမှ စီးကရက် မကြိုက်တတ်တာ၊ မီးခိုးနံ့တွေလည်း ဘယ် ခံနိုင်ပါ့မလဲ။ လမ်းကို သွက်သွက်လျောက်လာရင်း နောက်ဆုံးမှာ Beach Walk ကို ရောက်ခဲ့တယ်။ Zara / Mango / Pull & Bear / Tony Roma စတဲ့ ဆိုင်တွေ တွေ့တော့ ပြုံးမိတယ်။ အင်း.. သူတို့လည်း ဒီမှာ ရောက်နေကြပါလား လို့။ မိန်းမပီပီ ဈေးနှုန်းတွေ သိချင်စိတ်နဲ့ Zara ကို ၀င်ကြည့်မိတယ်။ ခေါင်းထဲက ဂဏန်းပေါင်းစက်တွေ အလုပ်လုပ်လို့ အပြီးမှာ စကာင်္ပူနဲ့ ဈေး အတူတူပဲ ဆိုတာ သိလိုက်တော့ ကျေနပ်သွားတယ်။ ဈေးသက်သာတယ်ဆို ဝယ်နေမိအုံးမှာလေ။

အဲဒီ ဆိုင်တွေကြည့်ပြီးတော့ ဘာလီကျွန်းရဲ့ အမှတ်တရပစ္စည်းတွေချည်းပဲ ရောင်းတဲ့ ဆိုင်တဆိုင်ကို တွေ့လို့ ၀င်ကြည့်ခဲ့ပါတယ်။ ကြိမ်၊ ၀ါး၊ သစ်သား၊ အုန်းသား၊ အုန်းလက် အစရှိတာတွေနဲ့ ပြုလုပ်ထားတဲ့ အမှတ်တရ ပစ္စည်းတွေ၊ ဆွဲကြိုး ပုတီး၊ လက်ကောက်တွေ၊ ဘာလီ ရဲ့ အထိမ်းအမှတ် စာတမ်းပါ ဦးထုပ် တီရှပ် ယပ်တောင် နဲ့ ပုဝါတွေ၊ ပြီးတော့ ဘာလီရဲ့ နာမည်ကျော် အရောင်အသွေး၊ အဆင်ဒီဇိုင်း စုံလင်စွာနဲ့ လှပပြီး အရည်အသွေးအမျိုးမျိုးနဲ့ ဈေးအမျိုးမျိုး မတူ ကွဲပြားတဲ့ ပါတိတ်လုံချည်တွေ အများကြီးပဲ တွေ့ခဲ့ရပါတယ်။ ဈေးသိပ်မကြီးတဲ့ ပါတိတ်လုံချည် နည်းနည်းနဲ့ ပိုးပုဝါလေး နှစ်ထည်ကို အမှတ်တရ လက်ဆောင်ပေးဖို့ ၀ယ်လာဖြစ်ပါတယ်။
(ဈေးသိပ်မကြီးတဲ့ ချစ်စရာ ချည်သား ပါတိတ်လေးတွေ)
(လက်မှုပစ္စည်းမျိုးစုံ၊ အမှတ်တရပစ္စည်းမျိုးစုံနဲ့ ချစ်စရာ အခင်းအကျင်း)

ပါတိတ်ဆိုင်က ထွက်တော့ ညနေစာ စားချိန်ရောက်နေပြီ။ အဲဒီ Beach Walk မှာ ဘာစားရင်ကောင်းမလဲ ဟို ဒီ လိုက်ကြည့်ရင်း ကျွန်မတို့ဆီက Food Republic လို ဆင်ဆင်တူတဲ့ စားသောက်ဆိုင်တန်းကြီးကို သွားတွေ့တယ်။ ယိုးဒယား၊ ဗီယက်နမ်၊ အိန္ဒိယ၊ ဂျပန် စတဲ့ နိုင်ငံတကာ အစားအစာတွေနဲ့အတူ မရိုးနိုင်တဲ့ စင်္ကာပူစာ ကြက်ဆီထမင်းနဲ့ ချာကွေ့တယောင်ဆိုင်ကိုလည်း တွေ့ခဲ့ပါသေးတယ်။
(Beach Walk က စားသောက်ဆိုင်တန်းလေးရဲ့ အပြင်အဆင်ကို အဝေးကနေ လှမ်းပြင်ရတဲ့ပုံလေးပါ)

အဲဒီမှာ ကျွန်မ ဗီယက်နမ်စာ Chicken Pho စားခဲ့တယ်။ အရသာ ကောင်းပြီး စားလို့ အဆင်ပြေခဲ့ပါတယ်။ ဈေးကလည်း စကာင်္ပူဈေးထက် နည်းနည်း သက်သာပါတယ်။ စားပြီး ကော်ဖီသောက်ချင်တာ ဆိုင်မှာ ထိုင်သောက်ဖို့ကတော့ စီးကရက် မီးခိုးတွေနဲ့ မဖြစ်နိုင်တာမို့ Espresso Double Shot တခွက် ဝယ်ပြီး ဟိုတယ်ကို ပြန်လာခဲ့ပါတယ်။ အတွေးထဲမှာတော့ နှင်းဆီနီတွေနဲ့ ကော်ဖီခါးခါးနဲ့ ရောလို့... ရီဝေေ၀။

အပြန်လမ်းတလျောက်မှာ ငါးနှစ် ခြောက်နှစ်အရွယ် ကလေးငယ်တသိုက် လက်မှာ အလှပတ်ရတဲ့ ကြိုးရောင်စုံလေးတွေကိုကိုင်ရင်း လမ်းသွားလမ်းလာတွေကို သူ့ထက်ငါ လုပြီး ရောင်းနေကြတယ်။ သူတို့မျက်နှာလေးတွေက အပြစ်ကင်းကင်းနဲ့ ကြည်ကြည်လင်လင်လေးတွေ၊ တကယ်ပဲ ဒါလေးတွေ ရောင်းပြီး အသက်မွေးဝမ်းကျောင်းနေကြရတာလား၊ ဒါမှမဟုတ် ခုန်ရင်း ပေါက်ရင်း ဆော့ကစားရင်း ပေါ့ပေါ့ပါးပါး ရောင်းနေကြတာလား ဆိုတာကိုတော့ ခွဲခြားရ ခက်လှတယ်။

မှောင်ရီရီလမ်းမပေါ်မှာ ကားအသွားအလာ ရှင်းစပြုပေမဲ့ လမ်းတလျောက်က ဆိုင်တွေမှာတော့ လူတွေ ပိုစည်ကားလာတယ်။ နာမည်ကျော် Hard Rock Café ကိုလည်း တွေ့ခဲ့တယ်။ အဲဒီထဲက သီချင်းသံတွေက အပြင်ကို လျှံထွက်လို့ရယ်။ အဲဒါတွေအပြင် လမ်းထောင့်တနေရာက ဟိုတယ်ကြီးတခုရဲ့ ခြံစည်းရိုး အုတ်တံတိုင်းမှာ အမှောင်ရိပ်ကျနေတာကို အမှီပြုရင်း တောင်းရမ်းနေတဲ့ အမျိုးသမီး လေး စုလောက် တွေ့ခဲ့သေးတယ်။ နိုင်ငံတိုင်း နေရာတိုင်းမှာ ဒီလိုလူတန်းစားကွာဟချက်တွေ ရှိနေတာပါပဲလားလို့ အတွေးဝင်မိတယ်။

ဟိုတယ်အ၀င်မှာ တွေ့တဲ့ နှင်းဆီနီတွေကို ကောင်းသောညပါလို့ နှုတ်ဆက်၊ နှင်းဆီတွေကို သတိတရ ပို့ပေးတဲ့သူကိုလည်း တခါတည်း လှမ်းနှုတ်ဆက်ရင်း အခန်းကို ပြန်လာခဲ့တယ်။ ဒီညအဖို့တော့ ရေမိုးချိုး၊ ကော်ဖီသောက်၊ အေးအေးဆေးဆေး နားနေရင်း မနက်ဖြန်အတွက် ကင်မရာ၊ ဖုန်းတွေ ဘက်ထရီ ပြည့်အောင် ဖြည့်၊ မနက်ဖြန်ယူသွားစရာ စာအုပ်၊ ဘောပင်၊ ပုဝါ၊ ဦးထုပ် အစရှိတဲ့ လိုမယ်ထင်တာလေးတွေ စီစစ်ပြီး စောစောပဲ အိပ်ရာဝင်ခဲ့တယ်။ မနက်ဖြန်ကျရင် မီးတောင်တွေရှိတဲ့နေရာကို သွားဖို့ စီစဉ်ထားပါတယ်။ ကျွန်မနဲ့ အတူတူ မီးတောင်ရှိရာဆီကို အလည်လိုက်ခဲ့ကြပါအုံးနော်။

သက်ဝေ
(၁ ဇူလိုင် ၂၀၁၅)