Friday, May 20, 2016

ဗန်ဂိုး ဂေါ်ဂင်နဲ့ စာပို့သမားတစ်ယောက်

စနေနေ့နေ့လည်ခင်းဟာ ပူတယ်လည်း မဆိုနိုင် အေးတယ်လည်း ပြောလို့မရ၊ လေပြင်းပြင်းတိုက်နေလို့သာ အိပ်ခန်းထဲမှာ အခုလို အေးအေးလူလူ စာဖတ်နေနိုင်တာ။ စာဖတ်နေရင်းက အိမ်ရှေ့မှာ တံခါးခေါက်သံကြားတယ်။ သစ်သားတံခါးကို လက်ဆစ်တွေနဲ့ ခပ်အုပ်အုပ် ခေါက်လိုက်တဲ့အသံမျိုး။ တစ်ချက် နှစ်ချက်၊ သုံးချက်။ သေချာပြီ ဒါ အိမ်က တံခါးကို ခေါက်နေတာပဲ။ စကားစပ်လို့ ပြောပြရရင် အိမ်မှာ လူခေါ်ခေါင်းလောင်း မရှိဘူး။ မရှိဘူးဆိုတာထက် မရှိတော့ဘူး ဆိုတာက ပိုမှန်မယ်။  
 
ဒီလိုလေ… လူခေါ်ခေါင်းလောင်းလို့ ဆိုလိုက်ရင် လူတိုင်း မျက်လုံးထဲ ရုတ်တရက် မြင်လိုက်တာက လျှပ်စစ်နဲ့ သွယ်တန်းထားပြီး ခလုတ်နှိပ်လိုက်ရင် သံစုံတီးလုံး (သို့) အသံမစုံတစုံ တီးလုံးရှည်တစ်ခု မရပ်မနား ထွက်လာတတ်တဲ့ ပစ္စည်းမျိုးပဲ။ ဘဝမှာ ဘယ်တုန်းကမှ လျှပ်စစ်လူခေါ်ခေါင်းလောင်းကို မနှစ်သက်ခဲ့ဖူးတာကြောင့် ကြေးဝါရောင် ခေါင်းလောင်းလေးတစ်လုံးကို သစ်သားတံခါးမကြီး အပြင်ဖက်က အလူမီနီယံကို လေးထောင့်အကွက်ဖေါ်ထားတဲ့ တံခါးရဲ့ တနေရာမှာ နန်းကြိုးလေးနဲ့ တုတ်ပြီး ချိတ်ထားခဲ့ဖူးတယ်။ အဲဒီခေါင်းလောင်းလေးရဲ့ အသံဟာ အင်မတန် သာ တာ။ ဒီလိုနဲ့ အိမ်ကို လာတဲ့သူတွေဟာ ခေါင်းလောင်းလေးကို လှုပ်ခါပြီး အသံပြုတတ်ကြတယ်။ ဒါပေမဲ့ ခေါင်းလောင်းတစ်လုံးရဲ့ သက်တမ်းဟာ တစ်လလောက်တောင် မရှိတတ်ဘူး။ ချိတ်ထားရင်းနဲ့ ပျောက်ခြင်းမလှ ပျောက် ပျောက်သွားတာ။ တစ်လုံး ပျောက်သွားရင်း နောက်ထပ်တစ်လုံးကို ဝယ်ချိတ်လိုက်ရင်းနဲ့ စတုတ္ထမြောက် ခေါင်းလောင်းကို ဝယ်ချိတ်အပြီးမှာတော့ တကယ်လို့များ ဒီခေါင်းလောင်းလည်း အရင်ခေါင်းလောင်းတွေလိုပဲ ပျောက်သွားခဲ့ရင် နောက်ထပ် ဘာခေါင်းလောင်း တစ်လုံးတစ်လေကိုမှ ဝယ်မချိတ်တော့ဘူး လို့ ခိုင်ခိုင်မာမာ ဆုံးဖြတ်ချက် ချလိုက်တယ်။ 

တကယ်ပါ… အဲဒီ စတုတ္ထမြောက်ခေါင်းလောင်းဟာလည်း ချိတ်ပြီး တစ်လပြည့်ဖို့ နှစ်ရက်အလိုမှာ ပျောက်ချင်းမလှ ပျောက်သွားခဲ့တယ်။ အဲဒီက စပြီး အိမ်မှာ ဘာခေါင်းလောင်းမှ မရှိတော့တာ အခုထက်ထိပဲ။ အိမ်ကို လာသမျှလူတွေဟာလည်း သစ်သားတံခါးကို လက်ဆစ်နဲ့ ခေါက်ရင် ခေါက်၊ ဒါမှမဟုတ် အလူမီနီယံတံခါးကို လက်ချောင်းလေးတွေနဲ့ ခေါက်ရင်ခေါက် အဲဒီနည်းနဲ့ လူခေါ်ကြရရှာတယ်။ သူငယ်ချင်းတစ်ယောက်ကတော့ သူ့လက်ထဲမှာ ပါလာတဲ့ ကားသော့နဲ့ ခေါက်လေ့ရှိတယ်။ တံခါးခေါက်သံကြားရာကနေ ဆက်စပ်ပြီး ခေါင်းလောင်းအကြောင်းကို အတော်လေး တရှည်တလျား ပြောမိသွားတယ်။ အသက်အရွယ်ကြောင့်များ စကားကို စီကာပတ်ကုံး ရှည်ရှည်ဝေးဝေး ပြောနေမိသလားလို့ ပြန်တွေးရယ်း အပြုံးစစနဲ့ ထိုင်ရာက ထလို့ တံခါးခေါက်နေသူကို သွားကြည့်ရတယ်။ 

တံခါးအနားကို ရောက်ခါနီးတော့ နောက်ထပ် ခေါက်လိုက်သံကြားတယ်၊ တဆက်တည်းမှာပဲ Postman လို့ အော်လိုက်တဲ့ အမျိုးသားတစ်ယောက်ရဲ့ အသံကိုပါ ကြားလိုက်ရတယ်။ ရုတ်တရက် ထိတ်ကနဲ ဖြစ်သွားသေးတယ်။ စနေနေ့ဆိုတော့ စာပို့သမား လာလိမ့်မယ်လို့လည်း ထင်မထားဘူးလေ။ ဒါနဲ့ သစ်သားတံခါးကို ဖွင့်လိုက်တော့ တွန်းလှည်းခပ်ရွယ်ရွယ်တစ်ခုနဲ့အတူ ရပ်နေတဲ့ စာပို့သမားကို တွေ့ရတယ်။ သူက ပါဆယ်လို့ တစ်ခွန်းထပ်ပြောတယ်။ သူပြောတော့မှ ငါးကန်အတွက် ရေ အပူအအေးတိုင်းတာတဲ့ ခလုတ်တစ်ခု မှာထားတာ သတိရသွားတယ်။ ဒါနဲ့ သူ လှမ်းပေးတဲ့ စာရွက်မှာ ရရှိကြောင်း လက်မှတ်ထိုး၊ ပါဆယ်ဖြစ်ဟန်တူတဲ့ စာအိပ်အဝါရောင်ကို လှမ်းယူပြီး ကျေးဇူးတင်ကြောင်း ပြောလိုက်ရတယ်။ စာပို့သမား ထွက်သွားပေမယ့် သစ်သားတံခါးကို ပြန်မပိတ်နိုင်သေးပဲ သူ ထွက်သွားရာလမ်းကို မျက်စိတဆုံး လိုက်ကြည့်နေမိတယ်။ ဒီိအိမ်ကို ပြောင်းလာပြီးမှ စာပို့သမားတစ်ယောက်ကို တွေ့ရတာ ဒါပထမဆုံး အကြိမ်ပဲ။ ယူနီဖေါင်းလို့ ယူဆရတဲ့ အပေါ် အောက် ဆင်တူ စိမ်းရင့်ရင့် ဝတ်စုံနဲ့ စာပို့သမား၊ တွန်းလှည်းလေးကို တွန်းလို့ တရွေ့ရွေ့နဲ့ ထွက်သွားတယ်။ သူ့ကို ခဏ လိုက်ကြည့်နေပြီးမှ သစ်သားတံခါးကို ပိတ်ပြီး အိမ်ထဲပြန်ဝင်လာခဲ့တယ်။  

ခြေလှမ်းသုံးလှမ်းလောက် လှမ်းအပြီးမှာ ရုတ်တရက် တစုံတရာကို သတိရသွားတာနဲ့ ချက်ချင်း တံခါးနားကို အပြေးသွား၊ တံခါးကို ပြန်ဖွင့်ပြီး စာပို့သမားကို လှမ်းရှာမိတယ်။ တော်သေးတယ်လို့ ဆိုရမယ်… စာပို့သမားဟာ လမ်းချိုးလေးအနားကိုတောင် ရောက်နေပြီ။ တကယ်လို့သာ လမ်းချိုးလေးထဲ ဝင်သွားရင် မြင်လိုက်ရမှာ မဟုတ်ဘူးလေ။ အခုတော့ လှမ်းမြင်နေရသေးတယ်။ ဒါနဲ့ ကိုယ် သိချင်တာကို အပြေးအလွှား လှမ်းကြည့်လိုက်တယ်။ စာပို့သမားရဲ့ ခေါင်းပေါ်မှာ ဦးထုတ် တစ်လုံးတလေမှ ရှိမနေဘူး။ မတိုမရှည် ညှပ်ထားတဲ့ ဆံပင်ထူအုပ်အုပ်ကိုပဲ တွေ့လိုက်ရတယ်။ ဒီတော့မှ ကျေနပ်ပြီး အိမ်ထဲပြန်ဝင်လာခဲ့ရတယ်။ 

အိပ်ခန်းထဲပြန်ရောက်ပြီး အချိန်အတော်ကြာသည်အထိ စောစောက ဖတ်လက်စ စာအုပ်ကို ကောက်မကိုင်မိဘူး။ လောလောလတ်လတ် လက်ခံရရှိတဲ့ ပါဆယ်ထုတ်ကိုလည်း မဖေါက်မိဘူး။ စာရေးစားပွဲမှာ တွေပြီး ထိုင်နေမိတယ်။ ခဏနေတော့ စိတ်ထဲမှာ ပြက်ပြက်ထင်ထင် ရှိနေတဲ့ အကြောင်းအရာတစ်ခုကို ပြောပြချင်လာတယ်။ ဖြစ်ချင်တော့ ကိုယ်ပြောတာကို နားထောင်မယ့်သူကလည်း တစ်ယောက်တလေမှ ရှိမနေဘူး။ ယုတ်စွအဆုံး ကြောင်ကလေးတစ်ကောင် ဒါမှမဟုတ် ခွေးကလေးတစ်ကောင်တောင် အနီးအနားမှာ ရှိမနေဘူး။ ကြံရာမရတဲ့အဆုံးမှာ ကိုယ်ပြောချင်တဲ့ အကြောင်းအရာကို စကားလုံးတွေအဖြစ်နဲ့ ချရေးဖို့ပဲ ဆုံးဖြတ်ရတယ်။ ဒါနဲ့ ဒီစာကို ရေးလိုက်တာပဲ။  

* * * * *

အသက် ဆယ်နှစ် ဆယ့်နှစ်နှစ်အရွယ်မှာ အခုနေရာနဲ့ မိုင်ပေါင်းများစွာ ကွာဝေးတဲ့ မြို့ခပ်သေးသေးလေးက သစ်သားအိမ်လေးမှာ နေခဲ့ဖူးတယ်။ မြို့ကလေးက သေးပေမယ့် တောင်တွေ ပတ်လည်ဝိုင်းနေတော့ မြေကြီး အနိမ့် အမြင့်၊ ကုန်းတက် ကုန်းဆင်းလေးတွေနဲ့ သစ်ပင်များများနဲ့ ချောင်းခပ်သေးသေးတစ်ခုပါ ကွေ့ဝိုက် စီးဆင်းနေတဲ့ လှပပြီး အေးချမ်းတဲ့ မြို့ကလေးပဲ။ နေရတဲ့ အိမ်က ကုန်းအမြင့်ကလေးတစ်ခုပေါ်မှာ ဆောက်ထားတာ။ ကုန်းအမြင့်ပေါ်ကလည်း ဖြစ်ပြန်၊ ပြတင်းပေါက်ကျယ်တွေ အများကြီးပါတဲ့ အိမ်လည်းဖြစ်ပြန် ဆိုတော့ ပတ်ဝန်းကျင်က လမ်းမကျယ်တွေ၊ လမ်းသွယ်ကလေးတွေ၊ သစ်ပင်တွေ၊ ချောင်းကလေးနဲ့ လူသွားလူလာ ကားသွားကားလာတွေ အားလုံးကို အပေါ်စီးကနေ ရှင်းရှင်းလင်းလင်း မြင်နေရတတ်တယ်။  

နွေရာသီ ကျောင်းပိတ်ရက်တစ်ရက်မှာတော့ နေ့လည်စာစားပြီးချိန်၊ အိပ်ခန်းပြတင်းပေါက်မှာ ရပ်ပြီး ဟိုဟိုဒိဒီ ငေးမောနေရင်းက ကုန်းလေးပေါ်ကို တရွေ့ရွေ့နဲ့ တက်လာတဲ့ စာပို့သမား လို့ ယူဆရတဲ့ လူတစ်ယောက်ကို လှမ်းတွေ့လိုက်တယ်။ စာပို့သမားလို့ ပြောနိုင်တာက အပေါ် အောက် နက်ပြာ ဝတ်စုံရယ်၊ စလွယ်သိုင်းလွယ်ထားတဲ့ မကြီးမသေး သားရေအိတ်တစ်လုံးရယ်၊ လက်ထဲမှာ ကိုင်ထားတဲ့ စာရွက်လိုလို စာအိတ်လိုလိုတွေရယ် ကို မြင်လိုက်ရလို့ပဲ။ ပြီးတော့ စာပို့သမားဟာ ဦးထုတ်တစ်လုံးကိုလည်း ဆောင်းထားသေးသလိုလို။ တဖြည်းဖြည်း နီးလာတော့ မြင်ကွင်းဟာ ပိုပြီး သဲကွဲလာတယ်။ ဟုတ်တယ်… သူဟာ စာပို့သမားတစ်ယောက်ပဲ။ သူ့ဆီမှာ ထူးခြားတာတစ်ခု တွေ့ရတယ်။ အဲဒါကတော့ သူ့ခေါင်းပေါ်မှာ ဆောင်းထားတဲ့ ဦးထုတ်ပဲ။ သူ့ဦးထုတ်က အခုခေတ်မှာ သိပ်မမြင်ရတော့တဲ့ ရှေးတုန်းက ဂျပန်ရုပ်ရှင်တွေထဲမှာ စစ်သားတွေ ဆောင်းလေ့ရှိတဲ့ ဦးထုတ်မျိုး၊ ဘေးတစ်ဖက်တစ်ချက်မှာ ကျနေတဲ့ အဖတ်တွေက နားရွက်နေရာကို ဖုံးအုပ်ပြီး  ပုခုံးနားကို လာထောက်နေကြတာမျိုး။ အဆန်းပဲ။ နာရီကို ကြည့်လိုက်တော့ နေ့လည် တစ်နာရီနဲ့ ဆယ်မိနစ်။ စာပို့သမားဟာ ခြေလှမ်းကို လေးလေးနဲ့ မှန်မှန် လှမ်းရင်း မြင်ကွင်းထဲကနေ ဖြတ်ပြီး အိမ်ရှေ့ကနေ ဖြတ်ပြီး သူ့လမ်းသူ ဆက်လျှောက်သွားတယ်။ အိမ်အတွက် စာတစ်စောင်တလေမှ ပါမလာဘူး။  

နောက်တစ်နေ့မှာလည်း နေ့လည်စာ စားပြီးချိန်၊ ပြတင်းပေါက်မှာရပ်ပြီး ဟိုဟိုဒီဒီ ကြည့်မိချိန်နဲ့ စာပို့သမား ကုန်းကလေးပေါ်ကို တရွေ့ရွေ့တက်လာချိန်… အားလုံးဟာ တစ်ချိန်တည်းဖြစ်နေပြန်တယ်။ နာရီကို ကြည့်လိုက်တော့ နေ့လည် တစ်နာရီနဲ့ ဆယ်မိနစ်။ မနေ့က အချိန်ပဲ။ ဒီနေ့မှာတော့ စာပို့သမားဟာ မျက်နှာကို မော့ရင်း ကုန်းလေးပေါ်ကို အားယူပြီး တက်လာတာတွေ့ရတယ်။ အဲဒီမှာ မျက်နှာချင်း၊ အကြည့်ချင်း ဆုံမိတာပဲ။ ဒါပေမဲ့ ဘယ်သူ့ ဘယ်သူမှ ပြုံးပြ နှုတ်ဆက်တာမျိုး မရှိကြဘူး။ သူကလည်း သူ့လမ်းသူ ဆက်လျှောက်သွားတယ်၊ ကိုယ်ကလည်း ရပ်မြဲ ရပ်နေဆဲ။ အိမ်အတွက်လည်း စာတစ်စောင်တလေမှ ပါမလာဘူး။ 

ကျောင်းပိတ်ရက်ရှည်ရဲ့ ထုံးစံအတိုင်း လုပ်စရာ မယ်မယ်ရရမရှိ ယောင်ချာချာနဲ့၊ နောက်ရက်တွေမှာလည်း တကူးတက အချိန်ယူ စောင့်ဆိုင်းတယ် မဟုတ်ပေမယ့် နေ့လည် တစ်နာရီ ဆယ်မိနစ် ပတ်ဝန်းကျင်မှာ စာပို့သမားကြီး ကုန်းလေးပေါ်ကို တက်လာတတ်တာ တွေ့နေရတယ်။ တစ်ရက်မှာတော့ သူက ကိုယ့်ကို သိကျွမ်းနေဟန်နဲ့ လက်ကို မြှောက်ပြီး ဝှေ့ယမ်းနှုတ်ဆက်တယ်။ ရုတ်တရက်တော့ ကြောင်အအနဲ့ ကြည့်နေမိတာ။ ပြီးတော့ သူ့ခြေလှမ်းတွေက အိမ်ခြံဝင်းအဝမှာ ရပ်သွားတယ်။ အိမ်အတွက် စာပါလာတယ်လို့ ထင်ရတာနဲ့ အောက်ကို ပြေးဆင်းပြီး ဝင်းတံခါး အဝကို သွက်သွက် လျှောက်သွားလိုက်တယ်။ ထင်တဲ့အတိုင်းပဲ။ ဖေဖေ့နာမည်နဲ့ စာတစ်စောင်ကို သူက လှမ်းပေးတယ်။ သူ့မျက်နှာက ခပ်ပြုံးပြုံးနဲ့ အသက်ကတော့ ကြီးပုံရတယ်။ အသားညိုညိုနဲ့ ဦးထုတ်ကလည်း ဟိုနေ့ကတွေ့လိုက်တဲ့ ဦးထုတ်ပဲ၊ နားရွက်ဖုံး ဦးထုတ်လို့ စိတ်ထဲက တီးတိုး ရေရွတ်လိုက်တယ်။ စာကို ယူလိုက်ပြီး အိမ်ဖက်ကို ပြန်လျှောက်လာချိန်မှာ စာပို့သမားကြီးကလည်း သူ သွားနေကျ လမ်းလေးအတိုင်း ဆက်ထွက်သွားတယ်။ စကားတစ်ခွန်းတစ်လေတောင် မပြောဖြစ်ခဲ့ကြဘူး။ 

နောက်ရက်တွေမှာလည်း ဖေဖေ့နာမည်နဲ့ စာတွေ ပါလာတိုင်း ကလေးပီပီ သွက်သွက်လက်လက်နဲ့ ပြေးဆင်းပြီး စာတွေ ဆင်းယူတယ်။ အဲဒီလို မကြာခဏ မြင်ရ တွေ့ရတော့ စာပို့သမားကြီးနဲ့ အတန်ငယ် ရင်းနှီးစပြုလာပြီ။ ဟိုင်း ဟယ်လို စသည်ဖြင့်တွေ ပြုံးကာ ရယ်ကာ နှုတ်ဆက်တတ်လာပြီ။ တစ်ရက်မှာတော့ သူက စကားစပြောတယ်။ သူ့စကားက အဆန်းပဲ။ ဖေဖေ မေမေတို့ရဲ့ တခြား အသိမိတ်တွေ လူကြီးတွေနဲ့ တွေ့ရင် သူတို့ မေးလေ့မေးထရှိတဲ့ သမီး အသက် ဘယ်နှစ်နှစ်ရှိပြီလဲ၊ ဘယ်ကျောင်းမှာ တက်နေလဲ၊ ဒီနှစ် ဘယ်နှစ်တန်းရောက်ပြီလဲ၊ သမီး ကြီးလာရင် ဘာလုပ်မှာလဲ… အဲဒီလို မေးခွန်းမျိုးတွေ မဟုတ်ဘူး။ သမီးက ဘာတွေ စုဆောင်းတာ ဝါသနာပါသလဲ တဲ့။ ဘာမှ မစုဖူးဘူး လို့ ဖြေတော့ သူက ရယ်တယ်။ ပြီးတော့ တံဆိပ်ခေါင်းလေးတွေ စုပါလား လို့ ပြောတယ်။ စုမယ်ဆို သူ့မှာရှိတဲ့ နိုင်ငံတကာက တံဆိပ်ခေါင်းတွေ ပေးမယ် တဲ့။ လူဆိုတာ ဘဝမှာ တစ်စုံတရာကို စွဲလမ်း မက်မောစိတ်ရှိရတယ်၊ ပြီးတော့ တခုတ်တရ စုဆောင်း သိမ်းဆည်းလိုစိတ်လည်း ရှိရတယ် အဲဒီလို စုဆောင်း သိမ်းဆည်းတဲ့ အလေ့အထဟာ အင်မတန် ကောင်းတဲ့ အလေ့အထ တစ်ခုပဲ ဆိုတဲ့ စကားမျိုးကိုလည်း မကြာခဏ ပြီးတော့ လေးလေးနက်နက် ပြောသေးတယ်။ သူ့စကားသံက ခပ်သြသြနဲ့ သိပ်တော့ မချိုသာဘူး။ တိုတိုပြောရရင် တံဆိပ်ခေါင်းစုဖို့ သဘောတူလိုက်တယ် ဆိုပါတော့။ ဒီလိုနဲ့ နေ့တိုင်း စာပို့သမားကြီး လာတတ်တဲ့ နေ့လည် တစ်နာရီ ဆယ်မိနစ်ပတ်ဝန်းကျင်မှာ ပြတင်းပေါက်ကနေ လှမ်းကြည့်နေတာမျိုး မဟုတ်တော့ဘူး။ ခြံထဲ ဆင်းဆော့ရင်း သူအလာကို စောင့်နေဖြစ်တယ်။ သူလာရင် တနေ့တမျိုး မရိုးနိုင်တဲ့ တံဆိပ်ခေါင်းတွေ ပါလာတတ်တယ်။  

ဒီလိုနဲ့ တံဆိပ်ခေါင်းတွေကို စာအုပ်တစ်အုပ်ထဲမှာ ကော်နဲ့ကပ်ပြီး သိမ်းရတယ်။ ပြီးရင် ပြန်ကြည့်ရတယ်။ ဒါ ဘယ်နိုင်ငံက ဘယ်နှစ်ခုနှစ်မှာ ထုတ်ဝေတဲ့ တံဆိပ်ခေါင်း၊ ဘာအထိမ်းအမှတ်နဲ့ ထုတ်ဝေတဲ့ တံဆိပ်ခေါင်း အစရှိသည်ဖြင့် မှတ်သားတတ်စ ပြုလာတယ်။ အဲဒီနေ့က စာပို့သမားကြီး လာတဲ့အချိန်က မိုးအုံ့နေတယ်။ ရုတ်တရက် မိုးရွာလာရင် ခြံထဲ ဆင်းရခက်နေမှာစိုးတာနဲ့ မြက်ဦးထုတ်တစ်လုံးကို အဆင်သင့် ဆောင်ထားပြီး မိတ်ဆွေစာပို့သမားကြီး အလာကို စောင့်နေမိတယ်။ ဒီနေ့ ဘယ်လ်ဂျီယန်နိုင်ငံက ထုတ်တဲ့ ရှားပါးတံဆိပ်ခေါင်း တစ်ခု ယူလာမယ်လို့ မနေ့က ပြောသွားတာ။ ပြောတဲ့အတိုင်းပဲ သူရောက်လာတော့ တံဆိပ်ခေါင်းလေး ပေးတယ်။ တံဆိပ်ခေါင်းနဲ့အတူ ပိုစ့်ကဒ်တစ်ခုလည်း ပေးသေးတယ်။ ပိုစ့်ကဒ်ကိုထုတ်ကြည့်လိုက်တော့ အဖြူခံမှာ မင်အနက်ရောင်နဲ့ နားရွက်ပုံလေးတွေ ဆွဲထားတာ။ နားရွက်တွေက အကြီး အသေး အရွယ်စုံပဲ။ နားရွက်ပုံတွေကို တလှည့် သူ့ကို တလှည့်ကြည့်နေမိတော့ သူက နားရွက်လေးတွေလေ ဘာထူးဆန်းလို့လဲ… ကလေးမှာလည်း နားရွက်လေးတွေ ရှိတာပဲလို့ ပြောပြောဆိုဆိုနဲ့ ကိုယ့်နားရွက်ကို လှမ်းကိုင်လိုက်တယ်။ ခြံစည်းရိုး သံတိုင်တွေက တစ်ချောင်းနဲ့တစ်ချောင်း ခပ်ဝေးဝေး၊ လက်ထည့်လို့ရအောင် ချောင်ချောင်ချိချိရှိတယ်လေ။ ရုတ်တရက် လန့်သွားတာလား အံ့သြသွားတာလား မသေချာဘုး။ ဒါပေမဲ့ သူ နားရွက်ကို လှမ်းကိုင်လိုက်တာဟာ နူးနူးညံ့ညံ့မရှိပဲ ဆတ်ကနဲ ဆွဲလိုက်သလို လို့ ခံစားရတယ်။ ဒါနဲ့ ကိုယ်ကို နောက်ကို ဆုတ်လိုက်တော့ စာပို့သမားကြီးက ရယ်တယ်။ သူရယ်ပုံက တမျိုးပဲ။ ကလေးဆိုတော့ ဘယ်လိုရယ်တယ်လို့ ထုတ်မပြောတတ်ပေမယ့် သူ ရယ်ပုံကြီးကို မကြိုက်တာတော့ မှတ်မိနေတယ်။ ဒါလည်း နောက်ပိုင်း ပြန်တွေးမှ ရေးရေး ပေါ်လာတဲ့ အတွေးပါ။ ရုတ်တရက်ကတော့ ကလေးပီပီ လန့်သွားတာပဲ သိတယ်။ 

နောက်ရက်တွေမှာတော့ ထုံးစံအတိုင်း စာပါလာတဲ့နေ့ဆို အိမ်ရှေ့မှာ ခဏ ရပ်၊ စာယူ ပြီးတော့ သူပေးတဲ့ တံဆိပ်ခေါင်းတွေအကြောင်း စကား နည်းနည်းပါးပါး ပြောဖြစ်တယ်။ တစ်လလောက်နေတော့ နောက် ပိုစ့်ကဒ်တစ်ခု ထပ်ပေးပြန်တယ်။ အရင်တခါကလို အရွယ်စုံ နားရွက်ပုံတွေပဲ။ ပိုစ့်ကဒ်ထဲက နားရွက်ပုံတွေကို ကြည့်ရင်း စိတ်ထဲတမျိုးဖြစ်လာတယ်။ သူ့ကို လှမ်းကြည့်လိုက်တော့ မျက်နှာက ပုံမှန်မဟုတ်သလိုပဲ။ ဒါပေမဲ့ ဘာမှန်းတော့ သဲသဲကွဲကွဲ မသိခဲ့ဘူး။ ရုတ်တရက် မေးခွန်းတစ်ခု မေးချင်သွားတာနဲ့ စဉ်းစားမနေတော့ပဲ မေးချလိုက်တယ်။ အဲဒါကတော့ “ဦးလေးက နားရွက်တွေ မပေါ်တဲ့ ဦးထုတ်ကို ဘာဖြစ်လို့ အမြဲ ဆောင်းထားတာလဲ…” ဆိုတဲ့ မေးခွန်းပဲ။ မေးခွန်းအဆုံးမှာ ခုနက အနည်းငယ် ပျက်ယွင်းစပြုနေတယ်လို့ ထင်ရတဲ့ မျက်နှာဟာ ပိုပြီး တစ်မျိုးဖြစ်သွားတယ်။ ဘာမှ ပြန်မဖြေပဲ သူ့ဦးထုတ်ကို၊ သူ့ခေါင်းကို သူ့လက်နဲ့ အသာဖိပြီး စာတွေ ဆက်ဝေလိုက်ဦးမယ်ကွ လို့ ပြောပြီး ခပ်သွက်သွက် ထွက်သွားတော့တာပဲ။  

အဲဒီနေ့က စာပို့သမားကြီးကို တွေ့လိုက်ရတာ နောက်ဆုံးပဲ။ အဲဒီနောက်မှာ သူ့ကို နောက်ထပ် မတွေ့ရတော့ဘူး၊ စုဆောင်းသိမ်းဆည်းစရာ တံဆိပ်ခေါင်းတွေလည်း ထပ်မရတော့ဘူး။ တစ်ရက်ပြီး တစ်ရက် နေ့လည် တစ်နာရီ ဆယ်မိနစ် ပတ်ဝန်းကျင်ဆို တမျှော်မျှော်နဲ့။ ဒီလိုပျောက်သွားမယ်မှန်းသိရင် ဟိုမေးခွန်းကို မမေးပဲ နေလိုက်ပါတယ် ဆိုတဲ့ နောက်ကျ နောင်တတစ်ချို့နဲ့။ နေ့လည်ဖက်တွေဆို သူ လက်ဆောင်ပေးခဲ့တဲ့ နားရွက်တွေပါတဲ့ ပိုစ့်ကဒ်လေးနှစ်ခုကို စားပွဲပေါ်မှာ ထောင်ထားရင်း မှန်ထဲမှာ ကိုယ့်နားရွက်ကို ကိုယ် အသာ ကိုင်ကြည့်ရင်း မိတ်ဆွေ စာပို့သမားကြီးကို သတိရနေမိတယ်။ ဒီလိုနဲ့ ကျောင်းတွေဖွင့်၊ ကျောင်းပြန်တက်ရင်း စာကျက်ရင်း တစ်ခါက နွေရာသီကျောင်းပိတ်ရက်မှာ မိတ်ဆွေဖြစ်ခဲ့ဖူးတဲ့၊ ဘဝမှာ တစ်ခုတစ်ခုကို စနစ်တကျ သိမ်းဆည်း စုဆောင်းဖို့ ဝါသနာကို အစပြုပေးခဲ့တဲ့၊ နိုင်ငံတကာ တံဆိပ်ခေါင်းမျိုးစုံနဲ့ နားရွက်ပုံ ပိုစ့်ကဒ်နှစ်ခု လက်ဆောင်ပေးခဲ့တဲ့ စာပို့သမားကြီးကို မေ့မေ့ပျောက်ပျောက် ဖြစ်သွားခဲ့တာ။ 

နောက်တစ်နှစ်လောက် အကြာ… ကျောင်းမသွားခင် မနက်စောစော ကော်ဖီစားပွဲပေါ်မှာ နေ့စဉ်ထုတ် သတင်းစာတစ်စောင်ကို တွေ့တာနဲ့ ဟို ဒီ လှန်လှော ကြည့်မိတယ်။ နောက်ကျောဖက်က အဖုံးမှာပါတဲ့ အမျိုးသားတစ်ယောက်ရဲ့ မျက်နှာဟာ သိပ်ကို ရင်းနှီးသိကျွမ်းဖူးတဲ့ လူတစ်ယောက်လို့ ခံစားရတယ်။ ဒါနဲ့ ဓါတ်ပုံရဲ့အောက်မှာပါတဲ့ အကြောင်းအရာကို ဖတ်ကြည့်လိုက်မိတော့ လူတကိုယ်လုံး အေးစက်သွားသလို၊ ထိုင်နေရာကနေ လှုပ်မရတော့သလို ဖြစ်သွားတယ်။ သူဟာ ပြစ်မှုကျူးလွန်လို့ ဖမ်းဆီးခြင်း ခံထားတဲ့ တရားခံတစ်ယောက်၊ ပြီးတော့ စာပို့သမားဟောင်းတစ်ယောက် ဖြစ်နေတယ်။ ဖမ်းဆီးရခြင်း အကြောင်းကတော့ ကလေးတွေကို အသာ ဆွဲဆောင်ပြီး လူကွယ်ရာနေရာကို ခေါ်သွားတတ်၊ ပြီးရင် ကလေးတွေရဲ့ နားရွက်ဖျားလေးတွေကို ဖြတ်တောက်ပြီး ပုလင်းတွေထဲမှာ ဆေးစိမ် စုဆောင်းထားတဲ့ သူ့ရဲ့ ဝါသနာကြောင့်ပဲ။ သူ့နားရွက်ကိုပါ အလွတ်မပေးပဲ သူကိုယ်တိုင် ဖြတ်တောက်ထားတယ်လို့ သိရတယ်။ ဒါကြောင့် သူ့နားရွက်ကို လူမမြင်အောင် ဦးထုတ်ဆောင်းပြီး အမြဲ ကာကွယ်ထားတတ်သူပဲ။ သူ့ကို သူနေထိုင်တဲ့ မြေအောက်အိမ်ခန်းငယ်ထဲမှာ ဆေးစိမ်ထားတဲ့ နားရွက်အပိုင်းအစ ပုလင်းပေါင်း လေးဆယ်ကျော်နဲ့အတူ ဖမ်းမိတာလို့ ဖတ်ရတယ်။ ဝါသနာပါတာ တစ်ခုခုကို စုဆောင်းသိမ်းဆည်းရတယ်လို့ အကြံပြုပေးခဲ့သူ၊ သူပေးခဲ့တဲ့ နားရွက်ပုံ ပိုစ့်ကဒ်နှစ်ခု၊ သမီးမှာလည်း နားရွက်လေးတွေ ရှိတာပဲ ဆိုပြီး နားရွက်ဖျားကို ခပ်ဆတ်ဆတ် ဆွဲလိုက်တဲ့ အချိန်၊ ဦးလေးက ဘာဖြစ်လို့ နားရွက်ဖုံးတဲ့ ဦးထုတ် ဆောင်းထားတာလဲ လို့ မေးလိုက်တဲ့နေ့က စုပြီး ဒီကနေ့ အထိ ပြန်မတွေ့ရတော့တဲ့ စာပို့သမားကြီး။ မြင်ကွင်းတွေဟာ အနှေးရုပ်ရှင်တစ်ခုလို စီကာ စဉ်ကာ တစ်ကွက်ချင်း ပေါ်လာကြတယ်။  

နောက်တော့ မိဘတွေ အလုပ်ကိစ္စနဲ့ အဲဒီမြို့ကလေးကနေ အပြီးပြောင်းလာခဲ့လိုက်တာ နှစ်ပေါင်းများစွာ ကြာတဲ့အထိ မြို့ကလေးကို တစ်ခေါက်တစ်လေမှ ပြန်မရောက်ဖြစ်တော့ဘူး။ နားရွက်ဖျားတွေ ဖြတ်ပြီး စုဆောင်းတတ်တဲ့ ကြောက်စရာ လူထူးလူဆန်း စာပို့သမားကြီးတစ်ယောက်နဲ့ တရင်းတနှီး မိတ်ဆွေဖြစ်ခဲ့ဖူးတယ်ဆိုတဲ့ အကြောင်းကတော့ နှစ်ပေါင်းများစွာကြာမြင့်တဲ့အထိ၊ ပြောရရင် ဒီအသက် ဒီအရွယ်ရောက်တဲ့အထိ တချက် တချက် သတိတရ ပြန်ပေါ်လာတတ်စမြဲ။ အထူးသဖြင့်တော့ အပေါ်အောက် ဆင်တူ ဝတ်စုံနဲ့ သားရေအိတ် စလွယ်သိုင်းထားတဲ့ စာပို့သမားတွေကို တွေ့ရတိုင်း၊ နားရွက်ဖုံးတဲ့ ဂျပန်ဦးထုတ်ဆောင်းထားတဲ့သူတွေကို တွေ့ရတိုင်း၊ ကုန်ကုန်ပြောရရင် မနက်အလုပ်သွားခါနီး နားထဲက နားကပ်ကို နောက် နားကပ်တစ်ခုနဲ့ အလဲအလှယ် လုပ်တဲ့ အချိန်တိုင်းမှာတောင် နားရွက်ဖျားလေးကို ကိုင်မိပြီး အထိတ်တလန့် ဖြစ်သွားတတ်သေးတာမျိုး။ 

* * * * * 

ကဲ… ရုတ်တရက်ကြားလိုက်ရတဲ့ တံခါးခေါက်သံ၊ တံခါးအပြင်ဖက်က စာပို့သမား၊ အဲဒီစာပို့သမားကနေ ကွေ့ဝိုက်ပြီး ထွက်လာတဲ့ တသီတတန်း အတွေးတွေကို ပြောချင်ဇောနဲ့ ဖြစ်ချင်ရာဖြစ်ဆိုပြီး အခုလို ချရေးလိုက်ရတာမို့ စာဖတ်သူကို နည်းနည်းတော့ အားနာပါတယ်။ ဒါပေမဲ့ ညာမပြောချင်ဘူး၊ စိတ်ထဲမှာတော့ ပြောချင်တာတွေကို နားထောင်မယ့်သူ တစ်ယောက်တလေမှ မရှိတော့ရော ဘာအရေးလဲ။ အခုလိုမျိုး ချရေးလိုက်တော့ ပြောချင်တာတွေလည်း ပြောရ၊ စာတစ်ပုဒ်လည်းရ တစ်ချက်ခုတ် နှစ်ချက်ပြတ် ကိစ္စမရှင်းပေဘူးလားဆိုပြီး ကျေနပ် အားရနေမိတာ အမှန်ပါ။ တဆက်တည်းမှာ နာမည်ကျော်ပန်းချီဆရာ ဗင်ဂိုးရဲ့ နားရွက်ဖျားကို ဘလိတ်ဓါးနဲ့ သူ ကိုယ်တိုင် ဖြတ်တာလား သူ့မိတ်ဆွေ ပန်းချီဆရာ ဂေါ်ဂင်နဲ့ ရန်ဖြစ် အငြင်းပွားရင်း ဂေါ်ဂင်က ဖြတ်လိုက်တာလား ဆိုတာကတော့ အဖြေမရှိတဲ့ ပုစ္ဆာတစ်ပုဒ်လို ဆက်ပြီး တွေးနေ အဖြေရှာနေမိဦးမှာပဲ။ အဖြေရရင် အခုလို စာမျိုး နောက်တစ်ပုဒ် ဆက်ရေးတာပေါ့။  
အခုတော့ ဒီလောက်ပါပဲ။ 

သက်ဝေ
(၂၆ မတ် ၂၀၁၆)

- ၂၀၁၆ ဇွန်လ - Idea မဂ္ဂဇင်းတွင် ဖေါ်ပြပြီးဖြစ်သည်။


Monday, May 16, 2016

လမ်းလျှောက်ချိန်မြင်ကွင်း

လွန်ခဲ့တဲ့ သုံးလလောက်ကစပြီး ညစာစားပြီးချိန်တွေမှာ ကျွန်မတို့နှစ်ယောက် လမ်းလျှောက်ဖြစ်တယ်။ အချိန်ရှိရင် ရှိသလို နာရီဝက် မိနစ်လေးဆယ်၊ တချို့နေ့တွေဆို တစ်နာရီလောက်ပေါ့။ လမ်းလျှောက်တယ်ဆိုတဲ့နေရာမှာလည်း အားကစားဝတ်စုံတွေဘာတွေ အကျအနဝတ်၊ ရှူးဖိနပ်တွေ၊ ခေါင်းစည်း လက်ပတ်တွေနဲ့ အထူးတလည် ပြင်ဆင်ပြီး လျှောက်တဲ့ လျှောက်နည်းမျိုး မဟုတ်ဘူး။ ဒီလိုပဲ အိမ်နေရင်း အဝတ်လေးနဲ့ ခြေညှပ်ဖိနပ်အပါးလေးစီးပြီး စကားတပြောပြောနဲ့ အညောင်းပြေ၊ အပျင်းပြေ လျှောက်ကြတာ။ အစပိုင်းကတော့ ကျွန်မတို့နေတဲ့ အိမ်နားပတ်ဝန်းကျင် ကားလမ်းဘေး ပလက်ဖေါင်းမှာ ပတ်လျှောက်ကြတယ်။ ဒါပေမဲ့ လမ်းပေါ်မှာ ဥဒဟို ဖြတ်သန်းသွားလာနေတဲ့ ကားသံတွေ ဆူညံတာ၊ လမ်းသွားလမ်းလာတွေကို ရှောင်တိမ်းရတာ၊ ပလက်ဖေါင်းပေါ်မှာ အသံမပေး ဘာမပေး၊ အရှိန်ပြင်းပြင်းနဲ့ မောင်းချလာတတ်တဲ့ စက်ဘီးတွေရဲ့ ရန်ကို စိုးရိမ်ရတာ… စတာတွေကြောင့် မလှမ်းမကမ်းမှာရှိတဲ့ Park Connector Network (PCN) လမ်းကလေးမှာ သွားလျှောက်ကြတယ်။ အိမ်ကနေ အဲဒီလမ်းကလေးကို မီတာ ရှစ်ရာ လောက် လျှောက်ရတယ်။ 


လမ်းကလေးကိုရောက်ရင်တော့ ကိုယ်ဘယ်လောက် လျှောက်သလဲ ဆိုတာ မှတ်လို့ရသွားပြီ။ လမ်းပေါ်မှာ မီတာ အမှတ်အသားလေးတွေကို မီတာ နှစ်ရာခြား တစ်ခါ ဆေးအဝါနဲ့ ရေးထားတယ်။ လမ်းကလေး အစကနေ အဆုံးကို မီတာ နှစ်ထောင့်လေးရာ ရှိတယ်။ ကျွန်မတို့ကတော့ အများဆုံး မီတာ ၁၆၀၀ အထိ လျှောက်ပြီး ပြန်လှည့်ကြတယ်။ ဒီတော့ အသွား ၁၆၀၀၊ အပြန် ၁၆၀၀ စုစုပေါင်း ၃၂၀၀ ဆိုတော့ ၃.၂ ကီလိုမီတာ။ အိမ်ကနေ လမ်းကလေးရောက်အောင် လျှောက်ရတာက အသွားအပြန်ဆို မီတာ ၁၆၀၀ ရှိတော့ အားလုံးပေါင်းလိုက်ရင် ငါးကီလိုမီတာ နီးပါးလျှောက်ဖြစ်တာပေါ့။ ထမင်းစားပြီးချိန် အညောင်းပြေ အေးအေးဆေးဆေးလျှောက်ကြတာမို့ အဲဒီလို အပြည့်လျှောက်မယ်ဆို တစ်နာရီလောက် ကြာတယ်။

လမ်းကလေးရဲ့ တစ်ဖက်ဘေးမှာ ရေမြောင်းတစ်ခု ရှိတယ်။ ခန့်မှန်းခြေ ပေလေးဆယ်လောက်ပဲ ကျယ်တာမို့ ကျွန်မတို့က ရေမြောင်း ဒါမှမဟုတ် တူးမြောင်းလောက်ပဲ ခေါ်ချင်တာ၊ ဒါပေမဲ့ သူတို့က River - မြစ် - လို့ အမည်တပ်ကြတယ်။ နည်းနည်းတော့ ရယ်ချင်စရာ ကောင်းတာပေါ့။ နောက်တစ်ဖက်မှာတော့ သစ်ပင်တွေ အများကြီးနဲ့ သစ်တောအုပ်လေးရှိတယ်။ အဲဒီတောအုပ်လေးတလျှောက်မှာ လမ်းမီးတိုင်လေးတွေ တန်းစီနေတာမို့ ညအချိန်ဆိုပေမဲ့ အင်မတန် လင်းလင်းရှင်းရှင်းရှိလှတယ်။ မိုးရွာပြီးခါစ ညနေတွေဆို သစ်ပင်အောက်ခြေမှာ မှိုပွင့်တွေကို တွေ့ရတတ်တယ်။ အဲဒီမြစ်ထဲမှာ ငါးမမျှားရလို့ ရေးထားတဲ့ကြားက ငါးမျှားနေသူတွေကိုလည်း ရံဖန်ရံခါ တွေ့ရတယ်။ ရေစပ်မှာ လမ်းလျှောက်နေတဲ့ ဗျိုင်းတွေကို ဟိုနားတစ်ကောင် ဒီနားတစ်ကောင် တွေ့ရတတ်ပြီး ငှက်အော်သံ အဆန်းတွေကိုလည်း ကြားရတတ်သေးတယ်။

မိုးရွာမယ့်ညနေမျိုးတွေမှာ ကောင်းကင်တစ်ခုလုံး နီနေသလို၊ ကိုရွှေဖါးတွေ အော်နေသံ အမျိုးစုံကို ကြားရပြန်တယ်။ အဲဒီလို ညနေတွေဆို ကျွန်မတို့ မိုးမိမှာစိုးလို့ မီတာတစ်ထောင်လောက်ကနေ ပြန်လှည့်တတ်ကြတယ်။ တရက်ကတော့ ဖားတွေအော်နေတဲ့နေရာကို အဖြတ် ကျွန်မက ဖါးတွေကို ခြောက်လှန့်တဲ့အနေနဲ့ လက်ခုပ် သုံးလေးချက်လောက် ခပ်ကျယ်ကျယ်လေး တီးလိုက်တယ်။ ရုတ်တရက် သူတို့ အသံတွေ တိတ်သွားကြတယ်။ မကြားစဖူးမို့ အံ့သြသွားကြပုံပဲ။ ဆယ်စက္ကန့်လောက်ကြာတော့ တစ်ကောင်က သွေးတိုးစမ်းသလို ခပ်တိုးတိုး အော်တယ်။ ဒီတော့ ကျွန်မက လက်ခုပ် ထပ်တီးတယ်။ သူ ဆက်မအော်ဘူး။ တယ်ဟုတ်တဲ့ ငါပါလား ဖါးတွေကို အသံတိတ်အောင် လုပ်လိုက်နိုင်တယ်လို့ ကိုယ့်ကိုကိုယ် ကျေနပ်နေတာ ဘယ်လောက်မှ မကြာလိုက်ဘူး။ ဒင်းတို့တွေ သံပြိုင် ပြန်အော်ကြတော့တာပဲ။ နောက်ထပ် လက်ခုပ်ဘယ်လောက်တီးတီး မရပ်ကြတော့ဘူး။ အမျိုးသားကတော့ မမြင်ရတဲ့ ဖားတွေနဲ့လည်း ရန်ဖြစ်တတ်တဲ့ ကျွန်မကို ကြည့်ပြီး ရယ်လို့မဆုံးဘူး။

ကျွန်မတို့ ညစဉ် ရှစ်နာရီခွဲ အိမ်ကနေ ထွက်၊ ရှစ်နာရီလေးဆယ်လောက်ဆို အဲဒီလမ်းလေးကို ရောက်တယ်။ လမ်းကလေးမှာ ကိုယ့်လိုပဲ လမ်းလျှောက်ဖေါ်တွေ အများကြီးတွေ့ရတယ်။ အဲဒီ လမ်းလျှောက်ဖေါ်တွေထဲမှာ အသက်ကြီးကြီး အဖိုး အဖွားအရွယ်တွေ၊ လူလတ်ပိုင်းတွေ လူငယ်တွေ ကလေးတွေ အရွယ်စုံ ဆိုက်ဒ်စုံ ပြီးတော့ လူမျိုးပေါင်းစုံလည်း တွေ့ရတယ်။ တစ်ရက် ကနေ တစ်ပတ်၊ တစ်ပတ်ကနေ တစ်လ… ညစဉ်ညတိုင်း တွေ့ကြရတာ ဆိုတော့ တစ်ယောက်နဲ့တစ်ယောက် မျက်မှန်းတန်းနေ မှတ်မိနေကြပြီ။ အဲဒီလို မှတ်မိနေကြတယ်ဆိုတာကိုလည်း တစ်ယောက်က တစ်ယောက်ကို ကြည့်တဲ့ အကြည့်တွေထဲမှာ တွေ့ရတတ်တယ်။ ဘယ်လိုအကြည့်မျိုးလဲဆို အသိအမှတ်ပြုတဲ့ အကြည့်မျိုးလို့ ပြောရမယ်။ အရယ်အပြုံးရှားပါးတဲ့ နိုင်ငံက လူသားတွေဆိုတော့ တစ်ယောက်နဲ့ တစ်ယောက် ရယ်ပြ ပြုံးပြပြီး နှုတ်ဆက်ဖို့ အဆင့်ထိကို မရောက်နိုင်ပါဘူး။ အသိအမှတ်ပြုတယ်ဆိုတာကိုက အတော်လေး ဟုတ်နေပြီပေါ့။ အဲဒီလိုတွေ တွေ့ရဖန်များလာတဲ့အခါ သူတို့ တစ်ယောက်ချင်းစီရဲ့ဟန်ပန် အမူအရာ၊ အဝတ်အစား၊ သွားလာ လှုပ်ရှားပုံ စတာတွေ အားလုံးကို ကျွန်မက မှတ်မိနေတတ်ပြီ။

လီကွမ်ယုနဲ့ တူတဲ့ တရုတ်အဖိုးကြီးတစ်ယောက်၊ သူ့အဖေါ်ကတော့ အရပ် အလွန်မြင့်ပြီး ဆံပင်တွေ တစ်ခေါင်းလုံး ဖြူနေတဲ့ တရုတ်အဖိုးကြီး… သူတို့နှစ်ယောက်ဟာ စကားသံကျယ်ကျယ်နဲ့ စကားပြောတတ်ပြီး လမ်းလျှောက်ရင် ဘယ်ဖက်ကပ်လိုက်၊ ညာဖက်ရောက်သွားလိုက်၊ လမ်းအလယ်ခေါင်ကျကျမှာ လျှောက်လိုက်နဲ့ လမ်းလုံးပြည့် လျှောက်တတ်တယ်။ ဒီအသက် ဒီအရွယ်မှာ သူငယ်ချင်း မိတ်ဆွေတစ်ယောက်နဲ့အတူ စကားစမြည်ပြောရင်း အေးအေးလူလူ လမ်းလျှောက်နိုင်ဖို့ဆိုတာ လွယ်တဲ့ကိစ္စတော့ မဟုတ်ပေဘူးလို့ ကျွန်မ အမျိုးသားက မှတ်ချက်ချတယ်။

နောက်တစ်ယောက်ကတော့ ကျွန်မတို့ဆီက ချင်းလူမျိုးနဲ့အတော်တူတဲ့ သက်လတ်ပိုင်း အမျိုးသားတစ်ယောက်၊ သူ့ရဲ့ထူးခြားချက်က လမ်းလျှောက်ရင် အားကစား ဘောင်းဘီရှည်နဲ့အတူ အအေးပိုင်းဒေသတွေမှာ ဝတ်လေ့ရှိတဲ့ အနွေးထည်လက်ရှည် ထူထူကြီးကို လည်ပင်းအထိ ဇစ်ဆွဲတင် ဝတ်ပြီး လျှောက်တာ။ တစ်ရက်လည်းမဟုတ် နှစ်ရက်လည်း မဟုတ်၊ မြင်ပါများလာတော့ သူ့ကိုမြင်တိုင်း ကျွန်မ အံ့သြရတယ်။ သူ့မှာ အကြောင်းတစ်ခုခုတော့ ရှိကို ရှိလိမ့်မယ်လို့ ထင်တယ်။ အနွေးထည်နဲ့ လျှောက်ရင် ချွေးအောင်းသလိုဖြစ်ပြီး အဆီကျနှုန်း များလေသလား လို့လည်း တွေးမိတယ်။ လမ်းမှာ သူနဲ့ မျက်နှာချင်းဆိုင်တွေ့တိုင်း အဲဒီလို အနွေးထည်နဲ့ လျှောက်ရခြင်းရဲ့အကြောင်းရင်းကို ဖွင့်မေးလိုက်ချင်စိတ် (အင်တာဗျူးချင်စိတ်) ကို မနည်း မြိုသိပ်ထားရတယ်။ ထူးခြားချက်နဲ့ လူသားပေပဲ။

အဲဒီလမ်းလေးမှာ ရိုးရိုးစက်ဘီးစီးသူတွေ၊ ပြိုင်ဘီးစီးသူတွေ၊ Roller Blade စီးသူတွေလည်း ရှိတယ်။ အများအားဖြင့်တော့ နိုင်ငံခြားသား အဖြူတွေ များတယ်။ အမျိုးသားငယ်ငယ်နှစ်ယောက်ကတော့ ပြိုင်ဘီးကို အရှိန်များများနဲ့ စီးရင်း လမ်းလျှောက်သူတွေအနားက ဖြတ်သွားရင် Watch out လို့ အသံပေး သွားတတ်တယ်။ သူတို့စက်ဘီးက မီးရောင်တွေကြောင့် သူတို့ကို အဝေးကနေ မြင်သာပါတယ်။ ဒါပေမဲ့လည်း သူတို့နဲ့ ဆုံတိုင်း အမြဲ အသံပေးသွားတတ်တယ်။ တခါတခါ သူတို့ မအော်ခင် ကျွန်မက အရင်ဦးအောင် အော်လိုက်ရင် သူတို့ ရယ်သွားတတ်တယ်။ နောက်ထပ် စက်ဘီးစီးတဲ့တစ်ယောက်ကတော့ အမျိုးသမီးပိန်ပိန်လေး။ သူက မီးစုန်းရောင် Reflector အပြားပါတဲ့ အပေါ်အကျီလေးကို အမြဲဝတ်ထားတတ်တယ်။ အဝေးကနေ လှမ်းမြင်နိုင်တာပေါ့။ သူ့ကိုတော့ ကျွန်မအမျိုးသားက Just for Laugh လို့ နာမည်ပေးထားတယ်။ တီဗီမှာ လာနေကျ Just for Laugh ထဲက သရုပ်ဆောင်တစ်ယောက်နဲ့ တူလို့ တဲ့။

နောက် အမြဲတွေ့တတ်တဲ့ မိန်းကလေးတစ်ယောက်ရှိသေးတယ်။ သူက iPhone 6+ ကို လက်မောင်းမှာချိတ်၊ နားမှာလည်း နားကြပ်တပ်ပြီး ခုန်ဆွ ခုန်ဆွနဲ့ လျှောက်တတ်တယ်။ အဲဒီလိုလျှောက်နေရင်း လက်တွေကို မြှောက်လိုက် လွှဲလိုက်၊ ကျောကို ပုတ်လိုက် ဗိုက်ကို ပုတ်လိုက်နဲ့။ သူ ကျွန်မတို့ကို ကျော်တက်သွားပြီးရင် သူ လမ်းလျှောက်သလို ခုန်ဆွသလို လက်တွေ လှုပ်သလို သူ့ဟန်ပန်အမူအယာတွေအတိုင်း ကျွန်မ လိုက်လုပ်ပြရင် အမျိုးသားက ဟိုက ပြန်လှည့်ကြည့်လို့ တွေ့သွားမှ ဟုတ်ပေ့ဖြစ်နေမယ်နော်လို့ ခြိမ်းခြောက်တတ်တယ်။ နောက် ထူးဆန်းတဲ့ လမ်းလျှောက်ဖေါ်တစ်ယောက်ကတော့ လမ်းကို နောက်ပြန်လျှောက်တတ်တဲ့ တရုတ်အမျိုးသမီးပါ။ အရပ်ကလေးက ပုပြတ်ပြတ် မျက်နှာဝိုင်းဝိုင်းနဲ့… ခပ်တည်တည်ပဲ လမ်းကို နောက်ပြန်လျှောက်တယ်။ သူ့ကိုလည်း ကျွန်မ အင်တာဗျူးချင်တာပဲ။ သူ့ကို ကျွန်မတို့ ကျော်လာခဲ့ပြီး သူနဲ့ ဆန့်ကျင်ဖက်ကို ရောက်သွားပြီး ကျွန်မတို့ကို သူ မမြင်ရတာ သေချာပြီဆိုတဲ့အချိန်ကျရင် ကျွန်မလည်း သူ့လို လမ်းကို ပြောင်းပြန်၊ နောက်ပြန် လျှောက်ကြည့်မိတယ်။ အိုး… မလွယ်တာမှ တကယ် မလွယ်တာပဲ။ ဟန်ချက်ညီအောင် အတော်ထိန်းရတယ်။ မတော်တဆ လဲကျမှ ကျော်မကောင်းကြားမကောင်း ဖြစ်နေမှာစိုးလို့ နောက်ထပ် မကြိုးစားရဲဘူး။

ကျွန်မတို့နဲ့ ဆုံနေကျ လမ်းလျှောက်ဖေါ် နှစ်ယောက်ရှိသေးတယ်။ တစ်ယောက်ကတော့ ကျွန်မတို့ထက် အသက်နည်းနည်းကြီးပုံရတဲ့ အမျိုးသား၊ ပိန်ပိန်ပါးပါး သွက်သွက်လက်လက်နဲ့ ကျန်းမာပုံပါ။ သူ့မှာက ဘယ်ဖက်လက်ကလေးက တံတောင်ဆစ်အောက်နားကနေ စပြီး မရှိဘူး။ မတော်တဆမှု တစ်ခုခုကြောင့် ဖြစ်ဟန်တူတယ် လို့ တွေးမိတယ်။ သူလည်း နေ့စဉ် မှန်မှန် လမ်းလျှောက်တယ်။ နောက်တစ်ယောက်ကတော့ အသက်ကြီးပုံရတယ်။ သူ့ရဲ့ထူးခြားချက်က စွတ်ကျယ်အကျီနဲ့ ခေါင်းမှာ ဦးထုတ်လေး ဆောင်းပြီး ငိုက်စိုက် ငိုက်စိုက်နဲ့ လျှောက်တတ်တာ။ အသက်ကြီးပေမဲ့ လမ်းလျှောက်တာတော့ သိပ်မြန်တယ်။ ကျွန်မတို့ကို အမြဲတမ်း ကျော်တက်သွားတတ်တယ်။

နောက်ထပ်ဆုံနေကျ လမ်းလျှောက်ဖေါ်တွေကတော့ တရုတ်အမျိုးသမီးချောချောလေးနဲ့ အိန္ဒိယအမျိုးသား စုံတွဲ၊ အပြန်ကျရင် တစ်ယောက်တလမ်း ပြန်သွားတတ်ကြတာကို ကြည့်ခြင်းအားဖြင့် သူတို့ဟာ အိမ်ထောင်သည်တွေ ဟုတ်ဟန်မတူဘူးလို့ စုံထောက်ကြီးသက်ဝေက မှတ်ချက်ချတယ်။ သူတို့က ကျွန်မတို့လိုပဲ ခြေညှပ်ဖိနပ်လေးတွေနဲ့ အေးအေးဆေးဆေး စကားပြောရင်း တစ်ယောက်ကိုတစ်ယောက် မှီနွဲ့လို့ လျှောက်တတ်တယ်။ တလောက သူတို့နှစ်ယောက်ကို ဆယ်ရက်လောက် မတွေ့ရဘူး။ သူတို့ချင်း အဆင်မပြေဖြစ်လို့များ လမ်းမလျှောက်ကြတာလားလို့ မဆီမဆိုင် တွေးပူမိသေးတယ်။ နောက်ရက်တွေမှာ ပြန်တွေ့တော့မှ စိတ်အေးရတယ်။

အဲဒီလမ်းကလေးရဲ့ တစ်ဝက်လောက်မှာ ညကိုးနာရီလောက်ကျရင် ရောက်လာတတ်တဲ့ အိန္ဒိယလူမျိုး သုံး လေးယောက်နဲ့ တရုတ် နှစ်ယောက်လောက် ရှိတယ်။ သူတို့က အဲဒီလမ်းတစ်နေရာမှာ မတ်တပ်ရပ်လို့ တမျိုး၊ ထိုင်လို့ တဖုံ စမတ်ဖုန်းတွေ တက်ပလက်တွေကိုယ်စီနဲ့ ဗီဒီယိုကောလ် ပြောတဲ့သူက ပြော၊ ရုပ်ရှင်ကြည့်သူက ကြည့်၊ သီချင်းနားထောင်သူက နားထောင်နဲ့ အဲဒီနေရာမှာ စတည်းချတတ်တယ်။ ကျွန်မတို့အပြန် အဲဒီနားက ဖြတ်ရင်လည်း သူတို့ရှိနေတုန်းပဲ။ တစ်နေ့ကျတော့ စိတ်ထဲ မသင်္ကာတာနဲ့ ကိုယ့်ဖုန်းကို ဖွင့်ပြီး အင်တာနက် ၀ိုင်ဖိုင်ကို တစ်ချက်ကြည့်တော့ သော့မခတ်ထားတဲ့ ဝိုင်ဖိုင်တစ်လိုင်း မိနေတာ တွေ့ရတယ်။ သူတို့ရပ်နေတဲ့နေရာရဲ့ တစ်ဖက်ခြမ်းမှာက ကွန်ဒိုလေးလုံးရှိတယ်။ အဲဒီက လာတဲ ဝိုင်ဖိုင် ဖြစ်မယ်။ လိုင်းက အတော်လေး အားကောင်းပုံရတယ် အင်တာနက် စာမျက်နှာတွေ မျက်နှာစာအုပ်တွေ တက်လာတာ ဖျတ်ကနဲ ဖျတ်ကနဲပဲ။ အဲဒီတော့မှ သူတို့တဖွဲ့ဟာ အလကားမိနေတဲ့ ဝိုင်ဖိုင်ကို လာသုံးနေကြတာပါလားလို့ သဘောပေါက်သွားတယ်။ အဲဒီလိုတွေလည်း ရှိသေးတာ။

လမ်းလေးတစ်လျှောက်မှာ အနားယူစရာ ခုံတန်းလေးတွေလည်း ရှိတယ်။ အများအားဖြင့်တော့ ကိုယ်ဝန်သည်စုံတွဲ တစ်တွဲ အနားယူရင်း ထိုင်နေတာ တွေ့ရတတ်တယ်။ နောက်ပိုင်းကျတော့ သူတို့ကို မတွေ့တော့ဘူး မွေးသွားပြီထင်တယ် လို့ တွေးမိတယ်။ ကျန်တဲ့သူတွေကတော့ လမ်းလျှောက် ပြေး စက်ဘီးစီး လုပ်နေကျတာ ခုံမှာ ထိုင်တဲ့သူ မရှိသလောက်ပဲ။ ဒါပေမဲ့ အခုနောက်ပိုင်း နှစ်လလောက်မှာ စုံတွဲတွေ လာထိုင်တာ တွေ့ရတယ်။ မဖွယ်မရာလို့ သတ်မှတ်ရမလား… ပွတ်သီးပွတ်သပ်နဲ့ လူမြင်ကွင်းမှာ ကြည့်ရတာ အဆင်မပြေဘူး။ ခက်တာက အဲဒီနားကဖြတ်ရင် မမြင်အောင် မျက်နှာလွှဲထားလို့ရပေမဲ့ မကြားအောင် နားက ပိတ်ထားလို့မရလေတော့ ကိုယ်ကောင်းကောင်းနားလည်ပြီး ကိုယ်နဲ့ အရင်းနှီးဆုံး ဘာသာစကားကို သူတို့ဆီက ကြားရတယ်။ အဲဒီလိုပါ။

ညတိုင်း လမ်းလျှောက်ချိန်တွေမှာ တွေ့နေကျမဟုတ်တဲ့သူ အသစ်တစ်ယောက်ကို တွေ့ရင် ဟေ့ ဟေ့ ဟိုမှာ အသစ်ကလေး… လို့ အမျိုးသားကို ပြရတယ်။ ကျွန်မစကားကို ကြားတော့ သူက ခွက်ထိုးခွက်လန် ရယ်တာပဲ။ လမ်းတလျှောက် တွေ့သမျှလူတွေရဲ့ လက်လွှဲပုံ လမ်းလျှောက်ပုံ ဟန်ပန်တွေကို သူတို့နောက်ကနေ အတုခိုးပြီး လိုက်လုပ်ပြတိုင်းလည်း သူက ရယ်တာပဲ။ ဒီလိုနဲ့ တစ်ည တစ်ည လမ်းလျှောက်ချိန်တွေဟာ ပျော်စရာ လွတ်လပ်ပေါ့ပါးတဲ့အချိန်တွေ ဖြစ်နေခဲ့တယ်။ ခုနောက်ပိုင်းမှာ အိမ်ချင်းနီးတဲ့ ငယ်သူငယ်ချင်း တစ်ယောက်ကလည်း ကျွန်မတို့နဲ့အတူတူ လမ်းလိုက်လျှောက်တယ်။ သူပါတဲ့နေ့တွေဆို သုံးယောက်သား စားစရာတွေအကြောင်း၊ အလုပ်အကြောင်း စကားတွေ လုပြောရင်း အချိန်ကုန်လို့ ကုန်မှန်းမသိ၊ မီတာ ၁၆၀၀ ဘယ်လိုရောက်လို့ ရောက်မှန်းမသိ သိပ်ပျော်စရာကောင်းတယ်။ ဒါပေမဲ့ အဲဒီ့သူငယ်ချင်းးက အလုပ်နဲ့ ခရီးသွားရတာ များတော့ သိပ်တော့မှန်မှန် မလျှောက်ဖြစ်ဘူး။ 

တခါတခါကျတော့လည်း ကျွန်မက စာဖတ်ချင်လို့ စာရေးချင်လို့နဲ့ ဆင်ခြေတွေပေးပြီး လမ်းလျှောက်ရမှာ ပျင်းနေတတ်တယ်။ ကျန်းမာရေးအတွက် ဝဖို့ ပိန်ဖို့ ဝိတ်ကျဖို့အတွက် မဟုတ်ပဲ လေရှူဖို့၊ စကားပြောဖို့၊ ကိုယ်လက်လှုပ်ရှားဖို့ အေးအေးဆေးဆေး လျှောက်ကြတာဆိုတော့ ဘာ မိုတီဗေးရှင်းမှလည်း ထူးထူးခြားခြား မရှိဘူးဖြစ်နေတာ။ အဲဒီလို ပျင်းနေတဲ့အခါတွေမှာ အမျိုးသားက ကျွန်မကို တစ်နေကုန် ကွန်ပျူတာရှေ့ ထိုင်နေတာ အညောင်းမိတယ် ဆိုပြီး အတင်းခေါ်တယ်။ လမ်းလျှောက်တာကို အလုပ်ကြီးတစ်ခုလုပ်နေရသလို သဘောမထားပဲ ပေါ့ပေါ့ပါးပါး စိတ်အေးချမ်းသာ လျှောက်ဖို့၊ enjoy ဖြစ်ဖို့ အမြဲပြောတတ်တယ်။ ပြီးတော့ လမ်းမှာတွေ့တဲ့ လမ်းလျှောက်ဖေါ်တွေအကြောင်းကို စာတစ်ပုဒ်ရေးဖို့လည်း မကြာမကြာ တိုက်တွန်းတတ်တယ်။ သူ့ရဲ့တိုက်တွန်းမှုနဲ့ ဒီစာကို ရေးပါတယ်။

သက်ဝေ
(၁၄ မေ ၂၀၁၆)

Thursday, May 5, 2016

နာမည်မှာ ပီ (P) ပါ တဲ့ မိန်းကလေး

သူနဲ့ ကျွန်မ လွန်ခဲ့တဲ့ ဆယ့်လေးနှစ်ကျော်လောက်က စ တွေ့ခဲ့တယ်။ တိတိကျကျပြောရရင် ကျွန်မ ဒီကျွန်းပေါ်ကို ရောက်ရောက်ခြင်းနေ့၊ အဲဒီညနေ ရုံးဆင်းချိန်မှာ ကျွန်မအိမ်ကို သူ ရောက်လာခဲ့တာပဲ။ ဒီလိုလေ… သူ့ရဲ့ အိမ်ထောင်ဖက်ဖြစ်လာမယ့်သူနဲ့ ကျွန်မရဲ့ အမျိုးသားက ဆေးရုံတစ်ရုံထဲ၊ ဌာန တစ်ခုထဲမှာ အလုပ်အတူတူ လုပ်ကြတယ်။ ပြီးတော့ အလုပ်နဲ့ နီးတဲ့နေရာမှာ အိမ်ခန်းတစ်ခုငှားပြီး အတူတူ နေကြတယ်။ ကျွန်မတို့ သားအမိ ရောက်သွားတော့လည်း အဲဒီနေရာမှာပဲ ယာယီ နေကြရတယ်။ အဲဒီအိမ်ကလေးကို သူ ညနေဖက်မှာ ရောက်လာတာပဲ။ တွေ့တွေ့ချင်း တစ်ယောက်ကို တစ်ယောက် ခပ်ရိုးရိုးပဲ မိတ်ဆက်လိုက်ကြတယ်။ ရုတ်တရက်ဆိုတော့ စကားတွေအများကြီး မပြောဖြစ်ကြဘူး။ ဒါပေမဲ့ ခဏနေတော့ ကျွန်မသားနဲ့ သူ ကစားဖေါ် ဖြစ်သွားတယ်။ သူက သားနဲ့ အဖေါ်လုပ်ပေးပြီး ကစားနေတုန်းမှာ ကျွန်မက မီးဖိုထဲမှာ သူတို့အားလုံး စားဖို့ ဟင်းချက်နေလိုက်တယ်။

ဟင်းကျက်တော့ ညစာ အတူတူစားကြတယ်။ ခဏနေတော့ သူပြန်ဖို့ ပြင်တယ်။ သားက သူ့ကို ခင်နေတော့ သူနဲ့ လိုက်သွားမယ်လုပ်တာနဲ့ ကလေးကျေနပ်အောင် အိမ်အောက်ကို လိုက်ဆင်းသွားရတယ်။ အဲဒီတုန်းမှာ သူ့ကို နည်းနည်း အကဲခတ်ရတာပေါ့။ သူက ပိန်ပိန်ပါးပါးမှ တကယ့် ပါးလှပ်လှပ်ကလေး။ ဆံလုံးသေးသေး ပျော့ပျော့၊ ဆံပင် ခွေခွေလေးတွေ ရှိတယ်။ ပြီးတော့ မျက်တောင်ကော့တွေနဲ့ မျက်လုံးနက်နက်လေးတွေ။ ကျွန်မ သတိထားမိသလောက် သူ မျက်တောင်ခတ်တဲ့ အကြိမ်အရေအတွက်ကတော့ နည်းနည်း စိတ်တယ်။ အဲဒီနေ့ကစပြီး သူနဲ့ကျွန်မ မိတ်ဆွေ ဖြစ်သွားကြတယ်။

သောကြာညတွေနဲ့ အလုပ်နားရက် စနေ တနင်္ဂနွေတွေမှာ ကျွန်မတို့ အတူတူ သွားလာ လည်ပတ်ကြတယ်။ ဈေးဝယ်ထွက်ကြတယ်။ ချက်ပြုတ်စားကြတယ်။ လက်သည်းနီဆိုးကြတယ်။ ဒီလိုနဲ့ ကျွန်မတို့နှစ်ယောက် အများကြီး ရင်းနှီးသွားကြတယ်။ ညီအမ အရင်းအချာ မရှိတဲ့ ကျွန်မ သူ့ကို ညီမအရင်းတစ်ယောက်လို ချစ်ခင်ရတယ်။ သူ့မှာကတော့ ချစ်စရာကောင်းတဲ့ ညီမလေး တစ်ယောက်ရှိတယ်။ ညီမလေးအကြောင်း ပြောပြတဲ့အခါမှာ အမြဲတမ်း ချစ်ခင်နှစ်လိုပြီး ကျေနပ်နေတဲ့ မျက်နှာမျိုး သူ့ဆီမှာ တွေ့ရတတ်တယ်။

နောက်တော့ ကျွန်မတို့ အိမ်ပြောင်းတယ်။ သူလည်း ကျွန်မတို့နဲ့ နီးတဲ့နေရာကို လိုက်ပြောင်းလာခဲ့တယ်။ နီးဆို သူ့အိမ်က ဒုတိယထပ်၊ ကျွန်မတို့ အိမ်က ဆဌမထပ်မှာ။ တပတ်မှာ ခြောက်ရက်လောက်က တက်လိုက် ဆင်းလိုက် ကူးလိုက် သန်းလိုက်နဲ့ နေကြတယ်။ သူက အိမ်ကိုလာရင် သားနဲ့ ကစားတယ်။ ကျွန်မက သူ့ကို ကော်ဖီဖျော်တိုက်တယ်၊ မုန့်လုပ်ကျွေးတယ်။ သားကို သူက အရုပ်လေးတွေ ကာတွန်းလေးတွေ ဆွဲပြတတ်တယ်။ သူဆွဲတဲ့ အရုပ်လေးတွေဟာ အင်မတန် ချစ်စရာကောင်းပြီး လက်ရာလည်းမြောက်တယ်။ ဒါကြောင့် သားက သိပ်သဘောကျတယ်။ မြန်မာလိုတဝက် အင်္ဂလိပ်လိုတဝက် ရောနှောပြောပြီး သူတို့ အမြဲဆော့ကြတယ်။

တစ်ရက်တော့ သူက ဟင်းချက်ကျွေးမယ်ဆိုလို့ သူ့အခန်းမှာ ဆင်းစားကြတယ်။ မှတ်မှတ်ရရ အဲဒီနေ့က သူက ကကတစ်ငါးကြော်နှပ်၊ မှိုကန်ဇွန်းနဲ့ သီးစုံချဉ်ရည်ဟင်း ချက်ကျွေးတယ်။ စားပြီးတော့ သူက အိမ်အနောက်ဖက်မှာ ပန်းသီးလှီးနေတုန်း ကျွန်မက အိမ်ရှေ့ခန်းမှာ သတင်းစာဖတ်နေခဲ့တယ်။ မျက်စိရှေ့မှာတော့ သူသုံးနေကျ ကွန်ပျူတာက ဖွင့်လျက်သား။ သိလိုစိတ်နဲ့ တမင်ကြီး စူးစူးစိုက်စိုက် ကြည့်လိုက်တာတော့ မဟုတ်ဘူး ဒါပေမဲ့ ပီ (P) နဲ့စတဲ့ နာမည်တစ်ခုကို ကျွန်မ အမှတ်တမဲ့ မြင်လိုက်ရတယ်။ သူ့နာမည်ကလည်း ပီ (P) နဲ့ စ တာပဲ။ ဒါပေမဲ့ ကျွန်မ မြင်လိုက်ရတဲ့နာမည်က သူ့ကို ကျွန်မ ခေါ်တဲ့ နာမည်မျိုး မဟုတ်ဘူး။ သူ ပန်းသီးပန်းကန် ယူလာပြီး စားကြတယ်။ စကားတွေ ဆက်ပြောကြတယ်။ နည်းနည်းထူးဆန်းတဲ့ ပီ (P) နဲ့ စတဲ့ နာမည်အကြောင်းကိုတော့ မေ့သွားတယ်။

နောက်တော့ သူက ကျွန်မကို မြန်မာစာ လက်ကွက် ရိုက်ဖို့ သင်ပေးတယ်။ လက်ကွက်လည်း တတ်ရော သူ့ကိုမပြောပဲ ကျွန်မ ဘလော့တစ်ခု စမ်း လုပ်ကြည့်တယ်။ အဲဒီအချိန်မှာ ဘလော့ခေတ် အစပျိုးနေပြီ။ ၂၀၀၇ နှစ်ကုန်ပိုင်းမှာ ကျွန်မ ဘလော့စရေးတယ်။ အင်တာနက်မှာ ဟိုဒီ သွားလာဝင်ထွက် မွှေနှောက်ရင်းက တခါက တွေ့ဖူးခဲ့တဲ့ နည်းနည်းထူးဆန်းတဲ့ ပီ (P) နဲ့ စတဲ့ နာမည်ကို တွေ့ရတယ်။ ပြီးတော့ အဲဒီစာမျက်နှာမှာ တခါက သူချက်ကျွေးတဲ့ သီးစုံချဉ်ရည်ဟင်း (ပန်းကန်) (ဓါတ်ပုံ) ကို တွေ့ရတယ်။ အဲဒီအချိန်ကစပြီး သူရေးသမျှ အကုန် (တိတ်တိတ်) ဖတ်ဖြစ်တယ်။ အဲဒီအကြောင်းကိုတော့ သူ့ကို ပြန်မပြောဖြစ်ဘူး။ နောက်ပိုင်းမှာ သူနဲ့တွေ့တိုင်း စကားတွေ ပြောဖြစ်တိုင်း နာမည်မှာ ပီ (P) ပါတဲ့ ဘလော့ကို ကျွန်မ သိနေတဲ့အကြောင်း၊ ကျွန်မမှာလည်း နာမည်မှာ တီ (T) ပါတဲ့ ဘလော့တစ်ခု ရှိနေပြီ ဆိုတဲ့အကြောင်း စကားစပ်ဖို့ ပြောပြဖို့ အကြိမ်ကြိမ် ကြိုးစားတယ်။ ဒါပေမဲ့ ဘာကြောင့်မှန်းမသိ… မအောင်မြင်ခဲ့ဘူး။

နောက်တစ်နှစ်လောက်ကြာမှ ပိုစ့်တစ်ခုရေးပြီး သူ့ကို အသိပေးလိုက်တယ်။ သူ အံ့သြသွားသလား မအံ့သြဘူးလား ကျွန်မ မသေချာဘူး။ သေချာတာကတော့ သူနဲ့ ကျွန်မမှာ စကားပြောစရာတွေ ပိုပြီး များလာတယ် ဆိုတာပဲ။ ညစာစားပြီးချိန်တွေမှာ ကော်ဖီတစ်ခွက်စီ ကိုင်ပြီး အိမ်ရှေ့ဝရန်တာမှာ ရပ်လို့ပဲ ဖြစ်ဖြစ်၊ အိမ်အနောက်ဖက်က ပြတင်းပေါက်မှာ ရပ်လို့ပဲ ဖြစ်ဖြစ် စကားတွေ ပြောကြတယ်။ ပြောကြတဲ့ အကြောင်းအရာတွေရဲ့ ရာခိုင်နှုန်းအများစုကတော့ ဘလော့နဲ့ ပတ်သက်တယ်။ တစ်ရက်မှာတော့ မတ်တပ်ရပ်စကားပြောတာ ဘယ်လောက် ကြာသွားတယ် မသိဘူး။ ကျွန်မခြေထောက်တွေ သွေးကျပြီး ယောင်လာတာ တွေ့ရတယ်။ ဒါနဲ့ နောက်ကို မတ်တပ်ရပ် မပြောတော့ပဲ ထမင်းစားခန်းက ခုံတွေမှာ ထိုင်ပြောကြရတယ်။ ပျော်ရွှင်စရာနေ့တွေအကြောင်းသာမက ဝမ်းနည်းစရာ နာကျင်စရာတွေ (သေးသေး ကြီးကြီး) အတူ မျှဝေခဲ့ကြတယ်။ မြင်းခွာရွက်တွေရတိုင်း သုပ်ပြီး အတူတူ မျှစားကြတယ်။ MAC က နှုတ်ခမ်းနီအရောင် ဆင်တူ ဝယ် ဆိုးကြတယ်။ ပြီးတော့ ကျွန်မကို သူ (ဖွင့်ပြောစရာမလိုပဲ) အများကြီး သိခဲ့တယ်။

နောက်တော့ သူ အိမ်ထောင်ပြုတယ်။ ဘလော့ရေးတော့ မပျက်ခဲ့ဘူး။ ကျွန်မနဲ့လည်း အရင်ကလိုပဲ အိမ်လည်ပြီး တမေ့တမော စကားတွေပြောမြဲ၊ ကော်ဖီအတူသောက်မြဲ၊ ဘောလုံးပွဲအတူကြည့်မြဲ၊ အကျီ ဘောင်းဘီ ကြိုက်တာလေးတွေတွေ့ရင် (ဈေးချရင်) ဆင်တူဝယ်ကြမြဲပဲ။ ဒါပေမဲ့ စတွေ့တုန်းကလိုတော့ ပါးလှပ်လှပ်လေးတွေ မဟုတ်ကြတော့ဘူး။ သူရော ကျွန်မပါ ကိုယ်အလေးချိန်တွေ တိုးလာတယ်။ ပြီးတော့ အလုပ်ပင်ပန်းတဲ့နေ့တွေမှာ ကျွန်းကလေးမှာနေရတာ အချိန်ကုန် သိပ်မြန်တာပဲလို့ တညီတညာတည်း ညည်းညူတတ်ကြတယ်။

သူဟာ ပန်းတွေကို ထူးထူးခြားခြား မမက်မောတတ်ဘူး။ လက်ဝတ်တန်ဆာတွေကို မမက်မောတတ်ဘူး။ မျက်မှန် မတပ်ချင်ဘူး။ ဘုရားရှိခိုးပြီး ဆုမတောင်းတတ်ဘူး။ တော်ရုံနဲ့ မျက်ရည်မကျတတ်ဘူး။ သူနဲ့ ကျွန်မမှာ တူတာတစ်ခုက အနည်းငယ် မာရေကျောရေနိုင်တာ (တနည်းအားဖြင့်) အကြောတင်းတာပဲ။ နောက်ပြီး မိသားစုထဲမှာ သမီးအကြီးတွေဖြစ်ကြလို့ (မိသားစုနဲ့ ပတ်သက်ရင်) တာဝန်ယူလိုစိတ် ရှိတာခြင်းလည်း တူတယ်။ ဇွဲရှိတာနဲ့ အားထုတ်ကြိုးစားတာကတော့ သူက သာပါတယ်။ ကျွန်မထက် အသက်ငယ်ပေမဲ့ ကမ္ဘာကြီးနဲ့ ပိုရင်းနှီးတယ်။ လူတွေအကြောင်းကို ပိုနားလည်တယ်။ စပယ်ပန်းတွေ ပွင့်လာရင် ဘယ်ကို ပို့ရမယ်ဆိုတာ သိတယ်။ အနီရောင်များများပါတဲ့ စကားလုံး စူးစူးတွေ ရေးတတ်တယ်။ ရှင်သန်ခြင်းတွေကို နေရာတကျ (စနစ်တကျ) (လှလှပပ) ဖြန့်ခင်းတတ်တယ်။ ပြီးတော့ စိတ်ခံစားချက်တွေကို သိုသိပ်တတ်တယ်။ သူ အင်မတန် စိတ်ထိခိုက်နေတဲ့အချိန်မှာတောင် နှာသီးဖျားတွေ နီလာပြီး မျက်ရည်ဝဲတာမျိုးထက် မပိုခဲ့ဘူး။ အဲဒီနေ့က သူ့နဖူးကို ကျွန်မ နမ်းခဲ့တယ်။

ညည်းငွေ့စရာကောင်းတဲ့ ကျွန်းသေးသေးလေးကနေ သူပြန်သွားတဲ့နေ့ဟာ ကျွန်မအတွက်တော့ ပိုလို့သာ ညည်းငွေ့စရာကောင်းနေတော့တာပဲ။ အဲဒီနေ့က မနက်အစောကြီး အိပ်ရာကထပြီး လေယာဉ်ကွင်းကို လိုက်ပို့ခဲ့တယ်။ တိုးတိုးဖေါ် တိုင်ပင်ဖေါ် ညီမတစ်ယောက် ကျွန်မအနားကနေ ပျောက်သွားတယ်။ ဒါပေမဲ့ သူ ပျော်နေတဲ့အတွက် ကျွန်မလည်း ပျော်ပါတယ်။ ဘဝဆိုတာ တိုတောင်းတယ်။ လူတိုင်းဟာ အဲဒီ အချိန်တိုကလေးအတွင်းမှာ အဓိပ္ဗါယ်ရှိရှိ ရှင်သန်နေထိုင်နိုင်ဖို့ လိုအပ်တယ် မဟုတ်လား။ ရွေးချယ်စရာ အများကြီးရှိနေခဲ့ရင် (သို့မဟုတ်) ရွေးချယ်စရာ များများစားစား ရှိမနေခဲ့ရင် ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ဦးစားပေးရမှာပေါ့။ သူရွေးချယ်တဲ့လမ်း မှန်တယ်လို့ သူ့ကို ကျွန်မ အမြဲပြောလေ့ရှိတယ်။ အခုပဲ ကြည့်လေ… သူ့မှာ အင်မတန်ချစ်စရာကောင်းတဲ့ သမီးလေးနှစ်ယောက်နဲ့ မိသားစုလေးရှိနေပြီ။ သမီးအကြီးလေး မျက်ခြယ်ကို ကျွန်မကို ပေးပါလို့ ပြောထား (တောင်းထား) တယ်။ သူကလည်း ပေးမယ်လို့ ပြောပါတယ်။ လိုရင် အကုန်လုံးယူ ဆိုပြီး သမီးကြီးရော သမီးငယ်လေးသာမက Mr. P ကိုပါ ပေးနေလို့ အဲဒါတော့ မဖြစ်သေးဘူးလို့ ငြင်းရတယ်။

အချိန်တွေကုန်တာ သိပ်မြန်တယ်။ အသက်တွေ တစ်နှစ်ပြီး တစ်နှစ် ကြီးလာတယ်။ သူနဲ့ ကျွန်မ လူချင်း ဝေးနေလို့ အရင်ကလို စကားတွတ်တွတ် မပြောဖြစ်ကြပေမယ့် လိုအပ်ရင်တော့ အချိန်မရွေး ဆက်သွယ်နိုင်ကြတယ်။ ပေါ့ပေါ့ပါးပါးနဲ့ နေလို့ကောင်းတဲ့နေ့ နည်းနည်းရှိပြီး နေလို့ မကောင်းတဲ့နေ့တွေက ပိုများလာတယ်။ တာဝန်ယူ ထမ်းပိုးထားရတဲ့အရာတွေဟာလည်း တနေ့ထက် တနေ့ ပိုလေးလံလာတယ်။ လွှတ်ချလိုက်ဖို့ဆိုတာကတော့ အတော်လေး ခက်ခဲနေကြတုန်းပဲ။ ဟိုအရင်အချိန်တွေတုန်းကလောက် ပျော်စရာမကောင်းတော့တာလည်း အမှန်ပဲ။

ဒီနေ့ (မေလ ၂ ရက်နေ့) က သူ့မွေးနေ့ပါ။ တစ်ယောက် တစ်နေရာစီဆိုတော့ အရင်ကလို အတူတူ အပြင်သွားစားကြတာ၊ ကိတ်မုန့်လှီးတာ ဘာညာတွေ မလုပ်နိုင်တော့ဘူး။ မွေးနေ့လက်ဆောင်တောင် လူကြုံရှိမှ (ရက်တွေလွန်မှ) ပို့ဖြစ်တော့တယ်။ ဒီနှစ်တော့ ဟိုးစောစောတည်းက တွေးထားတဲ့အတိုင်း သူနဲ့ပတ်သက်တဲ့ စာတစ်ပုဒ် ရေးဖြစ်ဖို့ အားထုတ်တယ်။ ဒါနဲ့ ဒီစာကို ရေးပါတယ်။ သူဆိုတာ နာမည်မှာ ပီ (P) ပါတဲ့ မိန်းကလေးတစ်ယောက်ပါ။ သူ့နာမည်က Pandora ပန်ဒိုရာ...

ဒါလေးနဲ့ အတူတူ တွဲဖတ်ပါ...
- အနက်ရောင်ကြိုက်တဲ့မမ