Wednesday, December 29, 2010

မြို့လေးနဲ့ သူ

Cameron Highland ကို အလည်သွားခဲ့တဲ့ မိတ်ဆွေတယောက်က ခရီးက ပြန်အရောက်မှာ သူ သဘောကျ နှစ်သက်ခဲ့တဲ့ မြို့ကလေးရဲ့ ချစ်စရာ မြင်ကွင်းတွေနဲ့အတူ အဲဒီမြို့လေးမှာ ထူးဆန်းစွာ ပျောက်ဆုံးသွားတဲ့ လူတယောက်အကြောင်းကို အဖြစ်အပျက်အမှန်ပေါ်မှာ စိတ်ကူးယဉ် အတွေးတချို့နဲ့ အခုလို ပုံဖေါ်ပေးခဲ့ပါတယ်…။ ချစ်စရာကောင်းတဲ့ မြို့ကလေးကို နှစ်သက်စွဲလမ်းပြီး အဲဒီမြို့ကလေးနဲ့ တသားတည်းကျသွားတဲ့ လူတယောက်… Jim Thompson…

မြို့လေးနဲ့ သူ



သိပ်ချစ်စရာကောင်းတဲ့ မြို့လေးတစ်မြို့မှာပေါ့... ... ... ...

အဲ့ဒီမြို့မှာ လတ်ဆတ်တဲ့ လေထုတွေ ရှိတယ်။ သင်းပျံ့တဲ့ ဆင်းရနံ့နဲ့ ပန်းကလေးတွေ ရှိတယ်။ မြူနှင်းတွေ အုပ်ဆိုင်းနေတတ်တာ အဲ့ဒီမြို့ရဲ့ ပုံမှန်တဲ့။ မိုးတွေ အချိန်အခါမရွေးလည်း ရွာတတ်ပြန်တယ်တဲ့။ ပြီးတော့ တိမ်တွေ.... မြို့ကိုက တိမ်တွေထဲမှာလိုလို…။ နတ်ပြည်အလား သူ ထင်မှတ်မှားလောက်အောင် တိမ်တွေက သူ့ကိုဆွဲငင် ဖျားယောင်းကြလိမ့်မယ်တဲ့။ ဒါသူတို့ အပြော.....

မင်း လိုက်ခဲ့စမ်းပါ… ရောက်သွားရင် မင်းသဘောကျမှာ သိပ်သေချာပါတယ်… ဆိုတဲ့ စကားလုံးတွေနဲ့ မိတ်ဆွေတွေက ချည်နှောင်ကြတယ်။ အဲ့ဒီအချိန်တွေတုန်းမှာ မြို့လေးက ဒီထက်တွယ်ငြိစရာ ကောင်းနေလိမ့်မယ်လို့ သူမသိတတ်ခဲ့သေးဘူး။ နောက်ပိုင်းမှာ မြို့လေးနဲ့ သူနဲ့ တသားတည်းကျသွားလိမ့်မယ်လို့တောင် မသိခဲ့ဖူးပေါ့.......

လာရတဲ့ ခရီးက သိပ်ဝေးလွန်းတယ်လို့စိတ်က ထင်နေမိသေးတယ်။ တောင်တွေကို ပတ်လှည့်ပြီး ကားမောင်းနေတဲ့အခိုက်မှာ ဖြစ်နေကြ မူးဝေဝေ အသိနဲ့ တလမ်းလုံး လုံးချာပတ်ချာ လိုက်နေခဲ့တာ။ အော့အန်မလိုဖြစ်နေတဲ့ စိတ်ကို တလမ်းလုံး ထိန်းချုပ်ရင်းပေါ့။ မြို့လေးကို မဝင်ခင် လက်ဖက်စိုက်ခင်းကို တွေ့တဲ့အချိန်မှာတော့ မူးနေတဲ့အသိတွေ အားလုံး လွင့်စင်ပျောက်သွားကြတယ်။ လတ်ဆတ်ရှင်းသန့်တဲ့ လေတွေ၊ မျက်စိတဆုံး အစိမ်းရောင် လှိုင်းတွေနဲ့ သိပ်လှတဲ့ မြင်ကွင်းပါလား......

မဆလာ ကော်ဖီတစ်ခွက်နဲ့ ရင်ထဲက စိတ်လှုပ်ရှားမှုတွေရော၊ စိတ်ဝင်စားမှုတွေပါ ထည့်ပြီးသောက်ဖို့ ကြိုးစားလိုက်တယ်။ ဒါတောင် မြို့လေးကို မရောက်သေးဘူးတဲ့လေ…။

ကုန်းမြင့်တွေ ဆင့်ဆင့်ပြီးတက်လာတဲ့နောက် မြို့လေးကို ပြက်ပြက်ထင်ထင် မြင်ခဲ့ရပြီ။ လှတယ်ဆိုတာထက် အေးချမ်းမှုတွေက ရာသီဥတုတွင် မကဘူး မျက်စိအမြင်နဲ့ပါ လိုက်ပါခံစားလို့ ရနေခဲ့တယ်။

ဒီ SmokeHouse လေးတွေကလည်း မင်းတို့ကို စိတ်ဝင်စားမှုပေးလိမ့်မယ် ဆိုတာ ငါယုံကြည်တယ်… လို့ လမ်းညွှန်က ညွှန်းဆိုပြန်တော့ ခေါင်းအသာငြိမ့်မိတယ်။ ဟုတ်ပါတယ်… မြို့ပြတွေ အားလုံးထက် သဘာဝအလှအပတွေပေါ်မှာ ထုဆစ်ထားတဲ့
မြို့လေးမှာ ဒီ့ထက်နစ်ဝင်စရာတွေ အများကြီး ရှိနေလိမ့်မယ်လို့ စိတ်ထဲကနေ အသာတကြည် ထောက်ခံလိုက်မိတယ်။

မင်းတို့တည်းရမယ့် နေရာက လရောင်ခြည် ဘန်ဂလို (Moonlight Bungalow) ပါဆိုပြီး အထုတ်တွေ ချရင်း ဟိုတယ်ကို check in ဝင်လိုက်ကြတယ်။ အဲ့ဒီနေ့က မတ်လ ၂၄ရက်နေ့ပေါ့။ ရာသီဥတုက သာယာနေခဲ့တယ်။ ပြာရှင်းနေတဲ့ ကောင်းကင်နောက်ခံနဲ့အတူ သစ်ပင်အိုလေးတွေ ဘောင်ကွပ်ထားတဲ့ ဘန်ဂလိုလေးက တကယ့်ကို နေချင့်စဖွယ်ပါပဲ။ သူငယ်ချင်းလေးယောက် အသီးသီး အသက အခန်းတွေကို နေရာယူပြီး မြို့လေးထဲကို အသာလေး စီးမျောဖို့ ပြင်ဆင်ကြတယ်။

နှင်းဆီခြံကိုရောက်တဲ့အခါ မြို့လေးရဲ့ ရာသီဥတုကြောင့်လား… မြို့သူ မြို့သားတွေရဲ့ ကိုယ်ကျင့်သီလကြောင့်လား… ထူးခြားဆန်းပြားစွာ ပွင့်တဲ့ ပန်းတိုင်းလှပြီး မွှေးပျံ့နေတော့တာ။ မိန်းမရွယ်လေးတိုင်း ခြံထဲကို ဝင်လာခါစမှာ အိနြေ္ဒအပြည့်နဲ့ ဝင်လာနိုင်ပြီး ခြံထဲရောက်ရင် သူတို့ရဲ့ စိတ်လှုပ်ရှားတွေကို မထိန်းနိုင် မသိမ်းနိုင်ကြတော့လောက်အောင် အဲ့ဒီနှင်းဆီတွေက ပြုစားထားကြလေရဲ့။ အသွေးအရောင်စုံလင် လှပတဲ့ ပန်းခင်းထဲမှာ ကော်နီနဲ့ ဟယ်လင်တို့ရဲ့တခဏ လိပ်ပြာဘဝတွေကို တနာရီလောက် အချိန်ပေးလိုက်ရတယ်။ စတော်ဘယ်ရီ ပျိုးခင်းတွေဆီကို သွားရအောင်လို့ မနည်းတိုက်တွန်းလိုက်ရတယ်။ ဒါတောင် ဒေါက်တာလင်းက နှိုးဆော်ပေလို့…။ သူ့အလိုအရဆိုရင်တော့ ဆက်ပြီး နှင်းဆီအိပ်မက်တွေ မက်လိုက်ချင်သေးတယ်။

စနစ်တကျ တန်းစီစိုက်တဲ့ စတော်ဘယ်ရီပျိုးခင်းထဲမှာ လေ့လာလိုစိတ်တွေ တဖွားဖွား။ ဘန်ကောက်က ပိုးလုပ်ငန်းတွေအပြင် ဒီစိုက်ပျိုးရေးလုပ်ငန်းတွေ တိုးချဲ့ လုပ်ကိုင်ရရင် ဆိုတဲ့ အတွေးတွေကို တပြိုင်နက် မွေးဖွားစေခဲ့တယ်။ ချစ်စရာစတော်ဘယ်ရီတွေကို ကိုယ်တိုင် ခူးဆွတ်ရင်း သူ့ခြံလေးသာ ဖြစ်ပါစေတော့ရယ်လို့ ဆုမတောင်း စကောင်း ဆုတောင်းနေမိတယ်။ အဲ့ဒီညနေက လရောင်ခြည် ဘန်ဂလိုကို ပြန်ရောက်တဲ့အထိ သူဟာ မြို့လေးကို တိတ်တခိုး စွဲလမ်းသွားခဲ့တယ်။

သူ့ထုံးစံအတိုင်း ဘန်ဂလိုက မီးလင်းဖိုဘေးမှာ စာအုပ်တအုပ်ရယ် စီးကရက်တဘူးနဲ့အတူ သူ့ရဲ့ အတွေးအိမ်တွေကို နယ်ချဲ့နေခဲ့တယ်။ ချောင်ဖရားမြစ်ကမ်းဘေးက အိမ်ထက် ဒီလရောင်ခြည် ဘန်ဂလိုလေးကို ပိုချစ်ခင်သလိုလို…။ ပိုးချည်တွေကို ကိုင်တွယ်နေရတဲ့ လုပ်ငန်းဆီကနေ ဒီချစ်စရာမြို့လေးမှာ ပုံစံအဆန်းနဲ့ အိမ်လေး တစ်လုံးလောက် သူ့ကိုယ်ပိုင် ဒီဇိုင်းဆွဲပြီး နေရရင်ကောင်းမလား ဆိုပြီး အတွေးတွေက လွန်းထိုးစေပြန်တယ်။

ဂျင်မ် အိပ်တော့ မနက်စောစော ထပြီး BOH စိုက်ခင်းတွေကို ကြည့်ကြရအောင်လို့ ဒေါက်တာလင်းက အိပ်ရာဝင် နှုတ်ဆက်စကားနဲ့အတူ သူ့ကိုပါ တိုက်တွန်းသွားလေရဲ့။ မီးလင်းဖိုထဲက မီးသွေးတွေကို နည်းနည်းဖြန့်ပေးပြီး သိပ်မကြာခင်မှာ သူ အိပ်ရာဝင်ခဲ့တယ်။

လက်ဖက်စိုက်ခင်းတွေအတွက် တောင်ကုန်းအမြင့်တနေရာမှာ BOH လက်ဖက်ခြောက်ထုတ်လုပ်ငန်းကို လေ့လာနိုင်တယ်။ တောင်တန်းတွေ အကုန်လုံးမှာ လက်ဖက်ပင်တွေ ဖုံးလွှမ်းနေတဲ့ မြင်ကွင်းကို ဘယ်တုန်းကမှ စိတ်ကူးမကြည့်ခဲ့ဖူးဘူးလေ။ လက်ဖက်ရွက်အနုတွေကို လက်နဲ့ တို့ထိပြီး ပြေးလွှားသွားချင် လိုက်တာ ဆိုတဲ့စိတ်ကို မနည်း မြိုသိပ်ထားခဲ့ရတယ်။ လက်ဖက်ရွက်တွေကနေ တဆင့် သူ့ဆီ စီးဝင်လာမယ့် အရာတွေက အများကြီးပါ။ စီးပွားရေးအမြင်နဲ့တင် မဟုတ်ပဲ သဘာဝပတ်ဝန်းကျင် ခံစားမှုအနေနဲ့ပါ လက်ဖက်ရွက်တွေက သူ့ကို ညို့ငင်နေကြတယ်။ စက်ရုံလုပ်ငန်းစဉ် အဆင့်ဆင့်ကို တာဝန်ရှိသူက ရှင်းပြတယ်။ မြို့လေးနဲ့ နည်းနည်းကွာဝေးတဲ့ တောင်ပေါ်နဲ့ လိုက်ဖက်စွာ ဝန်ထမ်းတွေအတွက် နေထိုင်ရေးသာမက ဝန်ထမ်းမိသားစု ပညာသင်ကြားရေးကိုပါ ထည့်သွင်းပေးထားတာမို့ စက်ရုံရဲ့ အုပ်ချုပ်မှုပိုင်းဆိုင်ရာကို သူ ချီးကျူးလေးစားမိပြန်တယ်။ လက်ဖက်စိုက်ခင်းတွေကို ငေးမောနေမိတာ အချိန်အတော်လေးကြာမှ လက်ထဲမှာ အေးစက်နေတဲ့ English Tea တစ်ခွက်ကို ပြန်နွေးဖို့ သတိရမိတော့တယ်။ အပြင်က အေးစက်တဲ့လေထု နောက်မှာ သူ့ခံစားချက်တွေနဲ့အတူ တခဏ အေးခဲသွားတာထင်ပါရဲ့။

ညနေစောင်းမှ လက်ဖက်ခင်းတွေဆီကနေ ပြန်လာခဲ့လိုက်တယ်။ လက်ဖက်ခင်းတွေဆီက အဆင်းမှာ ပျားမွေးမြူရေးစခန်းကိုလည်း ဝင်ဖြစ်ခဲ့တယ်။ လေထဲမှာ ဝတ်မှုန်တွေကို အိမ်အပြန် သယ်ဆောင်လာကြတဲ့ ပျားတွေရဲ့ အကြောင်းကလည်း သူ့အတွက် နောက်ထပ် အကြောင်းအရာ အသစ် ဖြစ်စေပြန်တယ်။ ရေနွေးပူပူ ထဲမှာ ထည့်ထားတဲ့ ပျားရည်တခွက်နဲ့ တည်ခင်းဧည့်ခံတာကို မြည်းစမ်းကြည့်ရင်း ပျားအုံတွေနားကို တိုး တိုးကြည့်တယ်။ ပျားတွေ ဝင်ထွက်နေကြပေမယ့် သူ့ကို အန္တရာယ်ပြုမယ့် အရိပ်အယောင်တောင် မတွေ့တော့ အံ့သြနေမိပြန်ရော…။

ဘန်ဂလိုကို ပြန်ရောက်တဲ့ အချိန်မှာ သူအရမ်းပင်ပန်းနေခဲ့ပြီ။ စိတ်ရောကိုယ်ပါ ခရီးတစ်ခု သွားလာခဲ့ဖြစ်တာမို့ ညစာ စားအပြီးမှာ အားလုံးကို နှုတ်ဆက်ပြီး အိပ်ရာဝင်ခဲ့လိုက်တယ်။ ဒီညတော့ အတွေးတွေ ဖြန့်ကျက်ဖို့ အချိန် သိပ်မရလိုက်ဘူး။ ဟောက်သံ ခပ်တိုးတိုးနဲ့အတူ လရောင်ခြည် ဘန်ဂလိုရဲ့ ညတညက အေးဆေးတည်ငြိမ်စွာ ကုန်ဆုံးသွားစေခဲ့တယ်။

အီစတာနေ့ မတ်လ ၂၆ ရက်နေ့ မနက်ပိုင်းမှာတော့ ဘုရားကျောင်းကို သွားကြတယ်။ ဘုရားသခင်ဆီမှာ ဝတ်ပြုရင်း ဆုတွေတောင်းမိတော့.... မြို့လေးကို ချစ်မြတ်နိုးလွန်းစွာဖြင့် သူနဲ့ မြို့လေးကို တသားတည်းဖြစ်စေကြောင်း ဘုရားသခင်ဆီမှာ တိုင်တည် ဆုတောင်းလိုက်တယ်။ ဘုရားသခင် ကောင်းချီးမွမ်းမယ်ဆိုရင် သူနဲ့ မြို့လေး ဘယ်တော့မှ ခွဲရတော့မှာ မဟုတ်ပါဘူး။

ဘုရားကျောင်းက အပြန် မီးလင်းဖိုနားမှာ ခပ်ယောင်ယောင်လုပ်ရင်း ဆေးလိပ်ထိုင်သောက်နေခဲ့တယ်။ စိတ်ကူးတခုရတာနဲ့ ဆေးလိပ်ဘူးနဲ့ အတူ မီးခြစ်ကို စားပွဲပေါ်ပစ်တင်ရင်း ညစာပြင်ဆင်နေကြတဲ့ ဟယ်လင်တို့ကို ကောင်းသောညပါ… လို့ နှုတ်ဆက်ပြီး အပြင်ကို လမ်းလျှောက်ထွက်ခဲ့တယ်။

ခပ်ဖွဖွခြေလှမ်းတွေနဲ့… မြို့လေးရဲ့လမ်းတွေ နာကျင်သွားမယ့်အလား စိုးရိမ်စွာ လျှောက်နေခဲ့တယ်။ မြို့လေးကို ချစ်ခင်စိတ်တွေ တဖြည်းဖြည်းနဲ့ တိုးသထက် တိုးဝင်လာခဲ့တယ်။ တိုက်နေတဲ့ လေတွေကိုလည်း ချစ်တယ်၊ မြင်ရတဲ့ တောင်တွေကိုလည်း ချစ်တယ်၊ မြင်ရပြီး တွေ့ထိလို့မရတဲ့ မြူတွေကိုလည်း ချစ်တယ်၊ အထပ်ထပ်ပိတ်ဖွဲ့နေတဲ့ တိမ်တွေကိုလည်း ချစ်တယ်......

သိပ်မကြာခင်...
အင်း… ဟုတ်တယ်... ... ...

သိပ်မကြာခင်မှာပဲ…
မြို့လေးနဲ့ အတူ သူ တသားတည်းကျသွားခဲ့တာ… ယနေ့ထက်ထိပါပဲ... ... ...

Reference: http://en.wikipedia.org/wiki/Jim_Thompson_(designer)


Sunday, December 26, 2010

အိပ်မက်ပိုင်ရှင်... သူ


ညနေခင်းက မိုးရွာပြီးစ.. ကောင်းကင်က ကြည်လင် ပြာစင်နေသည်…။ လမ်းပေါ်မှာ ရေတွေက စိုစိုစွတ်စွတ် ရှိနေသေးသည်။ လမ်းဘေးတလျှောက်မှ သစ်ပင်တန်းလေးက မိုးစိုထားသောကြောင့် ဖုန်မှုန့် သဲမှုန့်တွေ ကင်းစင်ကာ စိုလက် တောက်ပနေကြသည်…။ တချို့သစ်ရွက်ကလေးတွေပေါ်မှာ မိုးရေစက်ကလေးများက တွဲလောင်းခိုလို့…။ မြင်ကွင်းက ကြည်နူးစရာ…။ သည်လို သစ်ရွက်စိမ်းစိုလေးတွေကို တွေ့ပြန်တော့ သူ့ကို သတိရမိသည်…။ တကယ်တော့ သစ်ရွက်စိမ်းနှင့် သူနှင့် ဘာပတ်သက်လို့လဲ…။ ဖြစ်နိုင်ခြေရှိတာကတော့ ခုလို သစ်ရွက်စိမ်းစိုလေးတွေကို တွေ့လိုက်လျှင် သူ ဓါတ်ပုံရိုက်ချင် ရိုက်ဖြစ်လိမ့်မည် ထင်သည်။

သည်လိုအချိန်မှာ မမျှော်လင့်ပဲ သူ့ဆီက ဖုန်းဝင်လာတာ…။ သူ မိုး စာအုပ်ဆိုင်မှာ ရောက်နေသည်… လိုချင်သော စာအုပ်တအုပ် ရှာနေတာ မတွေ့လို့ ကျွန်မ မနေ့က ဝယ်သွားတာ ဒီဆိုင်ကပဲလား ဆိုတာ သေချာအောင် ထပ်မေးခြင်း ဖြစ်သည်…။ ကျွန်မက သူ့အကြောင်း သတိတရရှိနေချိန်မှာ သူ့အသံကြားရခြင်းအပေါ် စိတ်လှုပ်ရှား ပျော်ရွှင်သွားသော်လည်း သူကတော့ ထုံးစံအတိုင်း ခပ်ပြတ်ပြတ်… မေးစရာရှိတာ မေးပြီး ဖုန်းချသွားသည်…။ ယုတ်စွအဆုံး ကျွန်မ ရုံးဆင်းပြီလား... ဘယ်ရောက်နေသလဲ… ဘာလုပ်နေသလဲ… တခွန်းမှ မေးမသွား…။

သူ…
သူ ဆိုသည်မှာ ကျွန်မ အလွန်ချစ်ခင် တွယ်တာရသော… ကျွန်မ၏ အချိန် တော်တော်များများမှာ သတိတရရှိနေတတ်သော… စကားပြောဖေါ်၊ တိုင်ပင်ဖေါ်၊ ရန်ဖြစ်ဖေါ်၊ စာဖတ်ဖေါ်… ပြီးတော့ ကော်ဖီသောက်ဖေါ် သူငယ်ချင်းတယောက် ဖြစ်ပါသည်…။ ပြောရရင် သူက အစစ အရာရာကို သိုသိပ် ထိန်းချုပ်စွာ လျှို့ဝှက်တတ်သူ၊ ခံစားချက်တွေကို အလွယ်တကူ မဖေါ်ပြတတ်သူ၊ သူ့ရင်ထဲ သူ့အတွေးစိတ်ကူးထဲကို ဝင်ရောက်ခန့်မှန်းရန် ခက်ခဲလှသူတယောက်လေ…။ သူ့အတွေးတွေကို ဘယ်တော့မှ အလွယ်တကူ မသိရနိုင်၊ သူ့ရင်ထဲကို ဝင်ကြည့်လဲ ဘာမှ မမြင်ရနိုင်…။ ကျွန်မ အမြင်မှာတော့ သူသည် ခံစားမှုတွေကို မျိုသိပ် ထိန်းချုပ်တတ်သောပညာကို တဖက်ကမ်းခတ် တတ်ကျွမ်းသူတယောက်သာ…။

အပြန်လမ်းမှာ သူ့အကြောင်းစဉ်းစားရင်း အိမ်ကို ရောက်လာသည်။ သူ စာအုပ်ဝယ်လို့ ရခဲ့သည်ဟု အဓိပ္ပါယ်ရသော ဓါတ်ပုံလေးတပုံ သူ့ဆီမှ လက်ခံရရှိရုံမှအပ တညနေလုံး သူ အသံတိတ်နေခဲ့သည်။ ဒီအချိန်ဆို သူ စာဖတ်နေလောက်မည်ဟု တွေးကာ မနှောင့်ယှက်ဖြစ်တော့ပါ…။ ကျွန်မလဲ မနေ့က ဝယ်လာခဲ့သော ထိုစာအုပ်ကို ဒီညမှာ ဖတ်ဖို့ တွေးထားသည်။ နောက်ထက် နှစ်နာရီလောက်အကြာမှာ သူဆီမှ စာတိုတကြောင်း လာသည်…။ ထိုစာအုပ်ကို ကျွန်မ မဖတ်သင့်ပါ.. နာကျင် ကြေကွဲစရာကောင်းသည် တဲ့…။ အို… သူ ပြောကာမှ ကျွန်မ လုပ်နေလက်စအလုပ်များ အကုန်ပစ်ချကာ ထိုစာအုပ်ကို ချက်ချင်း ကောက်ကိုင်မိတော့သည်…။ သူ့စကားတခွန်းသည် ကျွန်မအတွက် ဤမျှ အစွမ်းထက်လှပါသည်…။

ထိုစာအုပ်ကို အစအဆုံး ဖတ်ပြီးသွားတော့ ည တစ်နာရီ ကျော်ပြီ။ လူက ခြေကုန်လက်ပမ်းကျပြီး အရုပ်ကြိုးပြတ် ဖြစ်သွားခဲ့သည်…။ ဒါကြောင့် သူက မဖတ်သင့်ဘူးလို့ ပြောတာနေမှာ ဟုတွေးရင်း ကြောင်စီစီဖြစ်နေသော မျက်လုံးများအတွက် သောက်နေကျ ဆေးပုလင်းဆီသို့ လက်လှမ်းလိုက်မိသည်။ သူ သိရင် အပြစ်တင်ဦးမှာ…။ ဆေးမသောက်ပဲ အိပ်ဖို့ကြိုးစားခိုင်းတာ အခါတရာတောင် မကတော့…။ သို့သော် မတတ်နိုင်… ဒီညတော့ ကျွန်မအတွက် သည်ဆေးလုံးတွေ သေချာပေါက် လိုကို လိုအပ်နေပါသည်…။ စိတ်ကူးအတွေးထဲမှာ ဘာမှ ရှိမနေချင်… ဘယ်သူ့အကြောင်းမှ တွေးမနေချင်… ဖတ်ခဲ့သော ဝတ္ထုအကြောင်းလဲ ခေါင်းထဲမှာ မရှိချင်… နောက်ဆုံး… ကျွန်မအတွေးထဲမှာ သူ လဲ မရှိစေရ…။ ဒီည ကျွန်မ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ချင်သည်…။

ဆေးအရှိန်ကြောင့် တခဏအကြာမှာ မျက်လုံးတွေ မှေးစင်းကာ အိပ်ချင်စပြုလာသည်။ သေချာသည်… ကျွန်မ သည်ည ကောင်းကောင်းအိပ်ပျော်တော့မည်…။ သူ့ကို စိတ်ထဲမှနေ၍ Good Night ဟု တိုးတိုး လှမ်းနှုတ်ဆက်ကာ အခန်းထဲက စာကြည့်မီးကို မှိန်ချလိုက်တော့သည်…။

*****


ညက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ထားသောအရှိန်ကြောင့် အိပ်ရာထမှာ လူက ကြည်လင်နေသင့်သော်လည်း ထင်သလောက် ကြည်လင်မနေပါ။ ညက အိပ်မက် မက်သည်။ အင်း… အားလုံးကို ခေါင်းထဲမှ ဖယ်ထုတ်ပြီး အိပ်ပါသည်ဆိုကာမှ… အိပ်မက်က မက်သေးသည်။ သေသေချာချာပြောရလျှင် ညက သူ့ကို အိပ်မက် မက်နေခဲ့သည်။ မနက် နိုးနိုးချင်းမှာ ပီပီသသ ထင်ထင်ရှားရှား မှတ်မိနေသော ထိုအိပ်မက်ကို သူ့ကို ချက်ချင်း ပြန်ပြောပြလိုက်ချင်သည်။ သို့သော် အတွေးထဲမှာတင် ခေါင်းကို တွင်တွင်ခါယမ်း ငြင်းဆန်မိသည်…။ ဘယ်ဖြစ်မှာလဲ… သူ့ကို ဘယ်လိုပြောလို့ ဖြစ်မှာလဲ…။

သူက ရိုးသား စစ်မှန်သော အဖြူရောင်ချစ်ခြင်းများနှင့် ကွန်မရဲ့ အရင်းနှီးဆုံး သူငယ်ချင်းလေး တယောက်လေ…။ သည်လို သူငယ်ချင်းတယောက်ကို ကျွန်မရဲ့ ထူးထွေ ရှည်လျားပြီး ဆန်းပြားသော အိပ်မက်အကြောင်း ဘယ်လို ပြောပြလို့ရမလဲ…။ ပြောလဲ မပြောသင့်ဘူး မဟုတ်လား။ နောက်ပြီး သူနဲ့ ကျွန်မက တချို့နေရာတွေမှာ သဘောထားတွေ တိုက်ဆိုင်လေ့ မရှိကြ…။ ငြင်းရ ခုန်ရတာတွေ များသည်။ သူနဲ့ ကျွန်မ တူညီတာဆိုလို့ ထမင်းနဲ့ ကော်ဖီနဲ့ လဲနိုင်တာ၊ ချောကလက်ကြိုက်တာ၊ စာအုပ်တွေ တွေ့တိုင်း လောဘတကြီးနှင့် ဝယ်ယူ သိမ်းဆည်းတတ်တာ၊ အချိန်ရသ၍ စာဖတ်တာနှင့် သီချင်းတွေကို နားနှင့်မပြတ် နားထောင်တာ… ဒါလောက်ပဲ ရှိသည်။

သူက ဓါတ်ပုံရိုက် ဝါသနာကြီးသည်။ ပိုက်ဆံရတိုင်း ကင်မရာတွေ မှန်ပြောင်း ကောင်းကောင်းတွေ ဝယ်တတ်သည်။ ဓါတ်ပုံရိုက်ရမည်ဆိုလျှင် မမောနိုင် မပန်းနိုင်၊ ထမင်းမေ့ ဟင်းမေ့…။ ကျွန်မမှာက ကင်မရာပင် မရှိ၊ တခါတခါ ဓါတ်ပုံရိုက်ချင်စိတ်ပေါ်လာလျှင် ဖုန်းမှာ ပါသော ကင်မရာက ကျွန်မအတွက် အလွယ်ကူဆုံး ဖြစ်သည်။ ထို့ကြောင့် သူ ရိုက်ပြီး လာ လာပြတတ်သော ဓါတ်ပုံတွေကို ကျွန်မ မခံစားတတ်ပါ။ တရက်ကတော့ ဓါတ်ပုံတွေသည် ကိုယ်ဖေါ်ပြချင်သောအရာ သို့မဟုတ် ကိုယ့်ခံစားမှုတွေကို တိုက်ရိုက် မဖေါ်ပြနိုင်၊ အကန့်အသတ် (Limit) ရှိနေသည်… ပြီးတော့ ခံစားချက်တွေကို ဓါတ်ပုံက မည်သည့်နည်းနှင့်မျှ ပီပီသသ ပုံမဖေါ်နိုင်… ပန်းချီကသာ ပုံဖေါ် ခံစားပြနိုင်စွမ်းသည်ဟု ကျွန်မပြောလိုက်မိရာ သူ နှစ်သက်သော ဓါတ်ပုံပညာကို နားမလည် ပါးမလည် ဝေဖန်သည် ဟူသော စွတ်စွဲချက်ဖြင့် သူ ကျွန်မကို တပတ်လောက် စကားမပြောပဲ နေခဲ့သည်။ သူက တခုခုဆို စိတ်ပြေလွယ်သလောက် စိတ်ဆိုးလွယ်သူ တယောက်လည်း ဖြစ်နေသေးသည်။

ပြီးတော့ သူက မြန်မာထမင်းဟင်းတွေ ကြိုက်သည်။ ဝက်သားကြိုက်သည်၊ လဘက်ကြိုက်သည်။ ကျွန်မအတွက်က အချိန်မရွေး နေရာမရွေး အလွယ်တကူရတတ်သော ကော်ဖီနှင့် ပေါင်မုန့်သည်သာ အဓိက အစားအစာ။ ဝက်သားကို မကြိုက်လိုက်သမှ စားဖို့ဝေးလို့ နာမည်တောင် မကြားချင်၊ လဘက်ကတော့ ကျွန်မနှင့် မတည့်…။ သူက ကိုယ့်နိုင်ငံရဲ့ အလှအပတွေ ယဉ်ကျေးမှုတွေကို သေသေချာချာ ရှာဖွေ ခံစားတတ်သည်။ အချိန်ရရင် ရသလို နေရာအနှံ့သွားလာနေရမှ စားဝင် အိပ်ပျော်သူ…။ ကျွန်မက ကျန်းမာရေးကြောင့် ဘာကြောင့် ညာကြောင့်ဟူသော အကြောင်းပြချက်မျိုးစုံတို့နှင့် တားမြစ်ချက်ပေါင်း များစွာကြားမှာ ကြီးပြင်းခဲ့ရသောကြောင့် ချောင်းသာနှင့် မန္တလေးမှလွဲ၍ ဘယ်မှ မရောက်ဖူးသူ။ လက်ရှိမှာလဲ အိမ်နှင့် အလုပ်ကလွဲ၍ ဝေးဝေးမသွားဖြစ်…။ အချိန်တိုင်း အခန်းအောင်းနေတတ်သူ။

သည်လို မတူညီခြင်းတွေကြားမှာ ကျွန်မတို့နှစ်ယောက်၏ ဘာသာစကားတွေ ထပ်တူညီနေကြခြင်းမှာ တကယ် ထူးဆန်းလှပါသည်…။ ပြီးတော့ ကျွန်မတို့နှစ်ယောက်ကြားမှာ ခိုင်ခိုင်မာမာ တည်ရှိနေသော၊ မျက်စိဖြင့် မမြင်နိုင်သော ကြိုးမျှင်လေးတချောင်း… ထိုကြိုးမျှင်လေးကြောင့် အချိန်တော်တော်များများမှာ တယောက်ကိုတယောက် ယုံကြည်လိုအပ်စွာ တွယ်တာနေကြသည်ပဲ…။

*****


ဒီနေ့ တနေ့လုံး သူ့အကြောင်းကို တွေးရင်း၊ ညက အိပ်မက်ကလေးကို ထပ်ခါတလဲ ပြန်လည် မြင်ယောင်နေရင်း သူ့ကို တိတ်တိတ်ကလေး လွမ်းနေခဲ့သည်။ သူကတော့ ဘယ်သိနိုင်မှာလဲလေ…။ ပြီးတော့ စိတ်ထဲမှာ ဝမ်းနည်းလာမိသည်…။ အိပ်မက်ကလေးအကြောင်း အိပ်မက်ပိုင်ရှင်ကို ပြန်ပြောခွင့်ရချင်သော ဆန္ဒနှင့် ပြောသင့် မပြောသင့် ဆိုသော အတွေးတို့ လွန်ဆွဲနေကြဆဲ…။ ဟင့်အင်း… မဖြစ်နိုင်ပါ… သူ့ကို ဘယ်လိုမှ ပြောလို့ မဖြစ်နိုင်ပါ…။ အိပ်မက်ကလေး၏ ဆန်းပြားလှပခြင်းတွေ၊ သာယာချိုမြိန်ခြင်းတွေ၊ ပျော်ရွှင်ကြည်နူးခြင်းတွေ… ပြီးတော့ တခါမှ မကြုံဖူးခဲ့သော သူ့ရဲ့ ထူးခြားသော စကားလုံးတွေ၊ ဆန်းပြားသော အပြုအမူတွေ၊ ဘာသာပြန်ဖို့ ခက်ခဲသော အကြည့်တွေ… ကျွန်မအားလုံးကို သေသေချာချာ တပ်တပ်အပ်အပ် အမှတ်ရနေခဲ့သည်။

အိပ်မက်ဆိုသည်ကို လူအများစုက မက်ပြီး ပြီးရော… မေ့မေ့ပျောက်ပျောက် ဖြစ်သွားတတ်ကြသော်လည်း ကျွန်မအတွက်တော့ ထိုအိပ်မက်ကလေးသည် သာမန်အိပ်မက်တခုထက် အများကြီးပိုသော အဓိပ္ပါယ်တွေ ရှိနေခဲ့သည်။ ပြီးတော့ အိပ်မက်ဆိုသည်မှာ အိပ်ပျော်နေချိန်မှာ တွေ့ရတတ်သော စိတ်ကူးယဉ် အငွေ့အသက်တခု ဖြစ်သော်ငြားလည်း ထိုအိပ်မက်ကလေးကတော့ ကျွန်မအတွက် ဘယ်တော့မှ မေ့ဖျောက်လို့ မရနိုင်အောင် စုံမက် နှစ်သက်ချင်စရာ ကောင်းနေပါသည်။

သို့သော်လည်း သူနှင့် နောက်တကြိမ် တွေ့ဖြစ်သောအခါမှာ ထိုအိပ်မက်ကလေးကို ပြန်လည် တ သ သတိရ မနေစေဖို့၊ အိပ်မက်ထဲက အကြောင်းအရာတွေကို အပြင် လက်တွေ့မှာ မတောင့်တမိ မမျှော်လင့်မိစေဖို့ ကျွန်မ သေသေချာချာ သတိထားရမည်။ ထိုတညက မက်ခဲ့သော အိပ်မက်လေးကို (သူ မသိနိုင်သော်လည်း) ခပ်ဝေးဝေးမှာ ချန်ထားခဲ့ပြီး ဘာမှ မဖြစ်သလိုနှင့် သူ့ကို ကြည်လင်စွာ မျက်နှာချင်းဆိုင်ပြီး ပြုံးရယ်နိုင်အောင် ကြိုးစားရမည်…။ အိပ်မက်ထဲမှာ ရခဲ့သော အရာတွေကို အိပ်မက်ထဲမှာသာ ချန်ထားပစ်ခဲ့ရမည်။ မဖြစ်နိုင်သော အရာတွေကို မျှော်လင့်နေတတ်ခြင်းနှင့်အတူ ခံစားချက်တွေကို မျိုသိပ် ထိန်းချုပ်နိုင်စွမ်း နည်းပါးတတ်သော ကျွန်မ… ဖြစ်နိုင်လျှင် သူ့ဆီမှ မျိုသိပ်နိုင်ခြင်း ဟူသော ပညာရပ်ကိုလည်း သင်ကြား တတ်မြောက်ချင်ပါသေးသည်။

သည်အချိန်မှာ တစုံတယောက်ကများ ကျွန်မကို သင် အတောင့်တဆုံး အလိုချင်ဆုံး ဆုတခု တောင်းပါ ဟု အခွင့်ပေးလာခဲ့လျှင်တော့ အိပ်မက်ပိုင်ရှင်ကို ပြန်ပြောပြခွင့် မရှိသော သည်လိုအိပ်မက်မျိုး ဘယ်သောအခါမှ ထပ်မမက်ပါရစေနဲ့… ဟူသော ဆုကိုသာ မက်မက်မောမော တောင်းဖြစ်မှာ သေချာပါသည်…။



Friday, December 24, 2010

အိမ်အပြန်

... ... ... အလွမ်း ပြန်ချင်စိတ်ကြောင့်... အလွမ်း ပြန်ချင်ဇောကြောင့်...
နေ့ခင်း အိပ်မက်ထဲမှာ... အတွေး အိပ်မက်ထဲမှာ... အိမ်ပြန်ဖြစ်တယ်... ... ...


၂၀၁၁ တရုပ်နှစ်ကူးမှာ ထူးထူးဆန်းဆန်း ရုံးက တပတ်လုံး ပိတ်မည်။ ရှေ့နောက် စနေ တနင်္ဂနွေ နှစ်ပတ်ပါ ပေါင်းလိုက်တော့ စုစုပေါင်း ပိတ်ရက် ကိုးရက် ဖြစ်သွားသည်…။ ဖြစ်နိုင်လျှင်တော့ ရှားရှားပါးပါး ရလာသည့် ထိုပိတ်ရက် ကိုးရက်မှာ အိမ်ကို ပြန်ချင်သည်။

ပြန်မရောက်တာ ကြာလှပြီဖြစ်သော ချစ်စရာ အိမ်ကလေးမှာ၊ ဖေဖေ နဲ့ မေမေ့ အနားမှာ နားနားနေနေလေး နေပြီး ဒီမှာ တနေ့တနေ့ ပြေးရ လွှားရ၊ မောရ ပန်းရ သမျှတွေကို ဖြေဖျောက်ချင်သည်။ တကိုယ်ကောင်းဆန်သည်ဟုပဲ ပြောပြော… အလုပ်မဟုတ်ဖူးပဲ ဆိုဆို… သည်အချိန်လေးမှာတော့ ကျန်တဲ့ အဆွယ် အပွားတွေ၊ သံယောဇဉ်တွေ၊ နှောင်ကြိုးတွေ၊ အလုပ်တွေ အားလုံးကို ခဏချန်ထားခဲ့ပြီး ကိုယ်တယောက်တည်း ငယ်ငယ်ကလို ဖေဖေနဲ့ မေမေတို့နားမှာ တိုးဝှေ့ကာ ကလေးပြန်လုပ်ချင်သည်။

ထိုပိတ်ရက် ကိုးရက်မှာ မေမေချက်ကျွေးသော ထမင်း ဟင်းတွေ စား၊ အိမ်နေရင်း ချည်အင်္ကျီလေး ပေါ့ပေါ့ပါးပါးလေးဝတ်၊ သနပ်ခါး ထူထူလိမ်းပြီး သီချင်းနားထောင်ရင်း၊ စာဖတ်ရင်း၊ ဖေဖေ မေမေတို့နဲ့ စကားတွေ မဆုံးနိုင်အောင် ပြောရင်း၊ ဟိုးတုန်းက ဆောင်းမနက်ခင်းတွေမှာလို ဖေဖေနှင့်အတူတူ ရွှေတိဂုံဘုရားကို လမ်းလျှောက်၊ အပြန်မှာ မြေနီကုန်းမှ တင်တင်အေး မုန့်ဟင်းခါး ဝင်စားရင်း၊ နေ့လည် နေ့ခင်းတွေမှာ အိမ်သားတွေ၊ ဝမ်းကွဲ မောင်နှမတွေနဲ့ အတူ လဖက်သုတ် တပန်းကန်ကို အလယ်မှာချရင်း ရေနွေးကြမ်းဝိုင်းလေး တည်ပြီး ရောက်တတ်ရာရာ စကားတွေပြောရင်း၊ သူငယ်ချင်း အရင်းအချာ တချို့နှင့်အတူ ငယ်ငယ်တုန်းကအကြောင်းတွေ မမောမပန်းတမ်း ပြောဆိုရယ်မောရင်း ကုန်ဆုံးလိုက်ချင်သည်…။ ဘယ်သူနဲ့ပဲ ဖြစ်ဖြစ် ပြောစရာ စကားတွေကတော့ အများကြီး ရှိနေမှာ သိပ်ကို သေချာပါသည်။

သည်လိုတွေးနေရင်း အခု လောလောဆယ်မှာတော့ အတွေးစိတ်ကူးထဲမှာ အိမ်ကို အစမ်း ပြန်ကြည့်လိုက်ဦးမည်…။

နှစ်ကူးပိတ်ရက်တွေ၏ ပထမဆုံးနေ့မှာ မေမေတို့ ဖေဖေတို့ အံ့သြသွားရအောင် ဘယ်သူ့ကိုမှ ကြိုတင် အကြောင်းကြားမထားပဲ တိတ်တိတ်ကလေး ပြန်သွားမည်။ လေဆိပ်မှဆင်းပြီး အငှားကားဖြင့် အိမ်ပြန်သွားလိုက်မည်…။ အိမ်နားနီးလာလေ… အပျော်တွေဖြင့် ရင်ခုန်လာလေ… လက်ဖျား ခြေဖျားတွေ အေးစက်လာလေ… ဖြစ်လိမ့်မည် ထင်သည်။ အိမ်ရှေ့ရောက်ရင်တော့ ခြံစည်းရိုးတံခါးကို သော့မခတ်ထားပါစေနဲ့ ဟု ဆုတောင်းမိမည်။ အရင်ကလို ခြံတံခါးကို ဖွဖွလေး ဖွင့်တာတောင် သိနေတတ်သော၊ အကင်းပါးပြီး အိမ်သိပ်လုံသော ခွေးပုကလေး မရှိတော့ပြီ…။ ထို့နောက် သော့ခလောက်ကို ချိတ်ရုံသာ ချိတ်ထားသော ခြံစည်းရိုး သံပန်းတံခါးကို အသံမမြည်အောင် အသာ ထိန်းပြီး ဖွင့်လိုက်မည်။ ပြီးရင်တော့ ကားဂိုဒေါင်တဲခါးမှ တဆင့် မြင်နေရသော ထမင်းစားခန်းကို လှမ်းကြည့်ရင်း ခေါင်းလောင်းလေးကို လှုပ်ခါရင်း ပါးစပ်ကလဲ အသံကျယ်ကျယ်နှင့် "အိမ်ရှင်တို့… အိမ်ရှင်တို့…” ဟု အော်ခေါ်လိုက်မည်…။

နေ့လည် ထမင်းစားပြီးချိန်ဖြစ်နေသောကြောင့် ဖေဖေနဲ့ မေမေတို့ကတော့ တရေးတမော အိပ်နေလောက်မည်။ သို့သော် ကိုယ့်အသံ စွာလောင်လောင်ကြောင့် အိပ်ခန်းထဲမှ ဇဝေဇဝါ မျက်နှာတွေနှင့် ထွက်လာကြမှာ… ထိုအခါ ကိုယ်က စိတ်လှုပ်ရှား ဝမ်းသာစွာ ရယ်မောရင်း “ဒီမှာ ဒီမှာ… အထူးဧည့်သည် လာနေတယ်လေ… တံခါးဖွင့်ပါအုံးဗျ…” ဟု ပြောလိုက်မည်…။ တံခါးဖွင့်ပြီး အိမ်ထဲရောက်သည်အထိ အံ့သြတကြီးဖြစ်နေကြသော သူတို့ရဲ့ မျက်နှာတွေကို ကျေနပ်စွာ ကြည့်နေလိုက်အုံးမည်။ သို့သော် ရုတ်တရက် ဘာကြောင့် တယောက်တည်း ပြန်ချလာပါလိမ့်ဟု စိတ်ပူသွားမှာ သေချာသော မေမေ့ကို စိတ်မပူဖို့တော့ အရင် ပြောရအုံးမည်လေ…။ ရုံးပိတ်ရက်တွေ ဆက်နေသောကြောင့် အိမ်ကို လွမ်းသောကြောင့် ပြန်လာပါသည်… တခြားဘာအကြောင်းမှ မရှိပါ… ဟု ပြောပြရမည်…။ ဘာစကားမှ မဆိုပဲ အပြုံးတွေပြည့်နေသော မျက်နှာဖြင့် ကိုယ့်ရဲ့ ခရီးဆောင် သေတ္တာ ခပ်သေးသေးကို လာဆွဲယူနေသော ဖေဖေ့ကိုတော့ သူ့ကျောကို (ထုံးစံအတိုင်း) လက်သီးနှင့် မနာအောင် ခပ်ဖွဖွ ထုလိုက်အုံးမည်…။

ပြီးရင်တော့ စကားတွေ တလစပ် ပြောရင်း လက်ကလဲ ထမင်းစားပွဲပေါ်က ရှိသမျှတွေကို လှန်လျောပြီး တွေ့တာတွေကို ဟိုစပ်စပ် ဒီစပ်စပ် နှိုက်စားလိုက်မည်။ ရေခဲသေတ္တာဖွင့်ပြီး ဘာတွေရှိနေသလဲ ဟုလဲ စပ်စပ်စုစု လုပ်မိမည်…။ ကြိုက်တာတွေ တွေ့လျှင် ယူစားလိုက်မည်။ ခဏနေလျှင် အိမ်ပေါ်ထပ်မှာရှိနေသော တူကလေးတွေ မောင်တွေ ညီမတွေကို ခြောက်လှန့်ဖို့ ခြေကို အသာ ဖွကာ အိမ်ပေါ်ထပ်ကို တက်သွားမည်…။ မမျှော်လင့်ပဲ ကိုယ့်ကို တွေ့လိုက်သောအခါ ကစားနေရာမှ ထပြေးလာသော ကလေးငယ်တွေရဲ့ အံ့သြတကြီး အော်သံ ဆူဆူညံညံတွေ၊ မောင်လေးနှင့် ယောင်းမလေး၏ တအံ့တသြ နှုတ်ဆက်သံတွေကြားမှာ ကြည်နူးပျော်ရွှင်စိတ်တွေနှင့် တူအငယ် အသေးအကွေးလေးကို ချီမြှောက်ကာ ဝှေ့ယမ်းပစ်လိုက်မိမည် ထင်သည်။

ကလေးတွေနှင့် ခဏဆော့ပြီးလျှင်တော့ ပန်းထိမ်မနိုင်ပန်းတွေ ဝေနေသော အိမ်ပေါ်ထပ်က ဘုရားစင်မှာ ကြည်လင်သော စိတ်အစဉ်နှင့် ဘုရားဝတ်ပြုလိုက်အုံးမည်…။ ထိုညနေခင်းကို ဖေဖေ၊ မေမေ၊ မောင်တွေ ညီမတွေ တူကလေးတွေ တရုန်းရုန်းနှင့် ပျော်ရွှင်ရယ်မောကာ ကုန်လွန်စေမည်။ အော… မေ့တော့မလို့… အချစ်ဆုံး မွေးနေ့တူ သူငယ်ချင်းလေးဆီကို အသံနဲနဲဖျက်ကာ ဖုန်းဆက်ရအုံးမည်ပဲ…။ စကားတွေ အများကြီး တမေ့တမော ပြောနေမိသောအခါ သူကတော့ ကိုယ် စလုံးက ဆက်နေသည်ဟု ထင်ပြီး ထုံးစံအတိုင်း “နင် ပိုက်ဆံတွေ အများကြီး ကုန်နေအုံးမယ်… တော်တော့လေ…” ဟု ဆိုကာ စကားကို ဖြတ်ပေလိမ့်အုံးမည်။ သည်တော့မှ တဟားဟားရယ်မောရင်း သူ့ကို ကိုယ်ပြန်ရောက်နေကြောင်း အသိပေးလိုက်မည်…။ အလွန်အမင်း အံ့သြသွားမည်ဖြစ်သော သူငယ်ချင်းလေးရဲ့ မျက်နှာကို မျက်လုံးထဲ မြင်ယောင်ရင်း သူ့ရဲ့ ဆူသံ ပူသံတွေကိုလဲ ပျော်ပျော်ကြီး နာခံလိုက်မည်…။ ဒါတွေအပြင် ဆွေမျိုးအရင်းကြီးတွေဆီကိုလဲ ဖုန်းဆက်ပြီး ကိုယ် ပြန်ရောက်နေကြောင်း၊ နောက်နေ့ကျရင် လာလည်မည်ဖြစ်ကြောင်း ပြောပြရအုံးမည်…။ ဆိုင်းမဆင့် ဗုံမဆင့် ကိုယ်တယောက်တည်း ပြန်ရောက်လာခြင်းအတွက်တော့ သူတို့ နားလည် ခွင့်လွှတ်နိုင်မည်ဟု ယုံကြည်ပါသည်။

ထိုအချိန်မှာ မေမေကတော့ မီးဖိုထဲမှာ ချွေးတလုံးလုံးနှင့် ကိုယ်ကြိုက်နှစ်သက်သော ဟင်းလျာတွေ ချက်နေပေလိမ့်မည်။ မီးဖိုထဲမှာ အလုပ်တွေရှုပ်နေသော မေမေ့ကို “ထွေထွေထူးထူးတွေ လုပ်မနေပါနဲ့ မေမေရယ်… ဟင်း လေး ငါးမျိုးလောက်ပါရင် တော်ရောပေါ့…” ဟု သွားနောက်လိုက်အုံးမည်…။ ညစာကို ထမင်းစားပွဲအကြီးကြီးမှာ လူစုံ တက်စုံ ခုံတွေ ထပ်ဖြည့်ကာ ဝိုင်းဖွဲ့ကြမည်။ မေမေချက်ထားသော ဟင်းတွေထဲမှ ကိုယ်အကြိုက်ဆုံး ငါးကျည်း ငါးဆုပ်နှင့် မုန်လာပင်ပေါက် ချဉ်ရည်ဟင်းကို ငြုတ်သီးထောင်းနှင့်အတူ ထမင်းတွေ အများကြီး စားလိုက်မည်။ အို… သည်ကိုးရက်မှာတော့ ဝချင်လဲ ဝပါစေတော့…။

အပြင်က စားစရာတွေကို မက်မက်မောမောမရှိ ဟုဆိုသော်ငြားလည်း ညမိုးချုပ်လျှင်တော့ တူကလေးတွေ လက်ဆွဲကာ လမ်းလျှောက်ရင်း လမ်းထိပ်နားမှာ ဆိုင်သေးသေးလေးနှင့် ရောင်းတတ်သော ပူပူနွေးနွေး ခေါက်မုန့်တို့ ဘိန်းမုန့်တို့ သွားဝယ်စားဖြစ်မည်။ ချောင်းဆိုးကာမှ ဆိုးရော… ဆိုးဆေးတွေနှင့် ရောင်စုံခြယ်သထားသော ရေခဲခြစ်လဲ စားအုံးမည်။ ညအိပ်ချိန်မှာ ကံကောင်းထောက်မ၍ မီးလာနေလျှင်တော့ ဖေဖေနှင့် မေမေတို့ကြားမှာ သွားတိုးကာ အိပ်လိုက်မည်၊ မအိပ်ခင်တော့ စကားတွေ အများကြီး ပြောကြမှာပေါ့…။

မီးပျက်သဖြင့် မီးစက်နှိုးရတာတွေ၊ အဲကွန်းမရသောကြောင့် ပူလောင် အိုက်စပ်တာတွေ၊ ရေကို ချွေတာသုံးရတာတွေ၊ မီးမလာလျှင် သူ့အလိုလို ပျက်သွားသော တယ်လီဖုန်း စနစ်သစ်တွေ၊ လူကြီးမင်းနှင့် အမြဲ ဆုံစည်းခွင့်ပေးသော မိုဘိုင်းလ်တွေ၊ မီးပြန်လာချိန်မှာ အချိန်မဟုတ် အချိန်ဟုတ် ရေစက်ထဖွင့်ရတာတွေ၊ မီးလာချိန်တွေမှာ မီးပူ အမြန်တိုက်ရတာတွေ၊ အင်တာနက် အလွယ်တကူ မရတာတွေ အစရှိသော အခက်အခဲ ခပ်သေးသေးတွေကိုလည်း ကိုယ့်အိမ်ဆိုသော အသိနှင့် လက်ခံနိုင်မည်ဟု ကိုယ်တိုင် သေချာနေသေးသည်။

သည်လိုနှင့် ရသမျှအချိန် ကိုးရက်ကို အိမ်ကလေးမှာ ဖေဖေ မေမေတို့နှင့် ချစ်စရာ မောင်ငယ် ညီမငယ် မိသားစုများ၊ သူငယ်ချင်းများနှင့်အတူ စိတ်အေးချမ်းသာစွာ၊ လွတ်လပ်ပေါ့ပါးစွာ ကုန်ဆုံးစေမည်…။ အတွေးစိတ်ကူးထဲမှာပင် ဘာနဲ့မှ မလဲနိုင်အောင် ကြည်နူး ပျော်ရွှင်စရာကောင်းလှသည်ပဲ။

သေချာပါသည်… အစစ အရာရာ အဆင်ပြေ၍ အကြောင်အကျိုးးတွေ ညီညွတ်ခဲ့လျှင်တော့ ထိုရက်တွေမှာ အိမ်ကို ပြန်ဖြစ်ပါလိမ့်မည်။ သတ်မှတ်ထားသော ပိတ်ရက်များ ကုန်လွန်ပြီး ဒီကို ပြန်ရောက်လာလျှင်တော့ အိမ်ကို လွမ်းရင်း အိမ်မှာ နေခဲ့ရသော နေ့ရက်များအကြောင်း ပိုစ့်တခုတော့ ရေးဖြစ်ဦးမည်သာ…။




Sunday, December 19, 2010

စွယ်တော်ရေ…

၂၀၁၀ ခုနှစ် ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသားများရဲ့ အာစရိယပူဇော်ပွဲကို ဒီဇင်ဘာ ၁၈ ရက် နဲ့ ၁၉ ရက်တွေမှာ စကာင်္ပူမှာ ကျင်းပပါတယ်…။ ဆရာ ဆရာမတွေကလဲ ကျောင်းသား ကျောင်းသူတွေ အများကြီးနဲ့ ပြန်ဆုံတွေ့ကြရတဲ့နေ့တွေမို့ ဝမ်းသာ ကြည်နူးပြီး ပျော်ရွှင်နေကြသလို ကိုယ်တို့တတွေကလဲ ဆရာ ဆရာမတွေနဲ့ ပြန်တွေ့ရတာကတကြောင်း၊ မတွေ့တာကြာလှတဲ့ သူငယ်ချင်းတွေနဲ့ ပြန်ဆုံရတာက တကြောင်း၊ မုန့်ဟင်းခါးနဲ့ နန်းကြီးသုပ်က စားလို့ကောင်းတာက တကြောင်း တို့ကြောင့် အရမ်းပျော်ခဲ့ကြပါတယ်။

ပြီးတော့ ဒီနှစ် ၂၀၁၀ အာစရိယပူဇော်ပွဲ အမှတ်တရအနေနဲ့ ကိုယ်တို့ ရန်ကုန်စက်မှုတက္ကသိုလ်ရဲ့ အထင်ကရ အမှတ်အသားတွေထဲက တခုဖြစ်တဲ့ စွယ်တော်ရိပ် မဂ္ဂဇင်းကို ထုတ်ဝေခဲ့ပါတယ်…။ အဲဒီမဂ္ဂဇင်းအတွက် တခုခုလေးရေးပေးဖို့ တန်ခူးက ပြောလာတာ… အလုပ်တွေရှုပ်ပြီး တော်တော်နဲ့ မရေးဖြစ်ခဲ့ဘူး။ ရေးပြီးလို့ ပေးမယ်ကြံတော့ စာမူလက်ခံတဲ့အချိန် ပိတ်သွားပြီတဲ့…။ ဒီလိုနဲ့ ကိုယ်ရော တန်ခူးပါ ဘာမှ မရေးဖြစ်လိုက်ကြဘူး…။ သို့သော် ဟို ဝရမ်းပြေး လူဆိုး ဘလော့ဂ်ဂါ အကောင်ကလေးကတော့ စွယ်တော်အမှတ်တရ ဝတ္ထုတိုလေးတပုဒ် ရေးဖြစ်လိုက်တယ်…။ အဲဒီဝတ္ထုလေးက မနေ့က ထွက်တဲ့ စွယ်တော်ရိပ်မဂ္ဂဇင်းမှာ ပါလာပါတယ်။ ဒါပေမယ့် သူက သူ့ဝတ္ထုကို ဘယ်နေရာမှာမှ တင်မယ့်သူ မဟုတ်လေတော့ ကိုယ်ပဲ ယူပြီး တင်လိုက်တယ်…။ သူရေးတဲ့စာတွေ ဖတ်ချင်သူတွေအတွက် အမှတ်တရပေါ့…။ ဖတ်ကြည့်ပါနော်…။


စွယ်တော်ရေ



စွယ်တော်ရေ…. မင်းမသိလိုက်တဲ့ မင်းကို စွဲလမ်းသူတယောက်က မင်းကို သူ့ဘဝအကြောင်း ပြောပြချင်တာလေးတွေပါ…..

စွယ်တော်ရေ… ဆယ်တန်းဖြေပြီးစ လူငယ်တယောက်ရဲ့ ရင်ဘတ်ထဲကို မင်းက တိတ်တဆိတ်ဝင်ရောက်ခဲ့တာပါ။ မြို့မှာ စာမေးပွဲဖြေပြီးစ နယ်ကို ပြန်ရောက်တဲ့အချိန် စွယ်တော်ရဲ့ အကြောင်းကို ကိုဖိုးရိမ်၊ ကိုတရုတ်ကြီး၊ ကိုအသေးလေးတို့ကနေ တဆင့် တရှိုက်မက်မက် နားဆင်ခဲ့ရတယ်။ စွယ်တော်ရဲ့ အလှ၊ စွယ်တော်ရဲ့ အသံ၊ စွယ်တော်ရဲ့ မာန်တွေက ရင်ဘတ်ထဲမှာ အလုံးနဲ့ အရင်းနဲ့ ဝင်ရောက်လာ ပြီးတော့ ဟုတ်မှ ဟုတ်ရဲ့လားဆိုတဲ့ လူငယ်တယောက်ရဲ့ စူးစမ်းစိတ်ကို တစစနဲ့ လှုပ်နှိုးနေခဲ့တာ။

စွယ်တော်နဲ့ ပထမဆုံး ဆုံဖြစ်တဲ့နေ့ လေးကို ဘယ်တော့မှ မမေ့ဘူး။ ရန်ကုန်ကို ရောက်ပြီး သိပ်မကြာခင် စွယ်တော်နဲ့ ဆုံဖြစ်ဖို့ပဲ။ စွယ်တော်ဆိုတဲ့ပန်းကို မမြင်ခင်ကတည်းက တမ်းတမ်းစွဲ ဖြစ်မိသူတယောက်အတွက် တိုင်လုံးကြီးတွေ မြင်တော့ ဘယ်လောက်ရူးသွပ်သွားမလဲဆိုတာ။ ကာတွန်းတွေ ဆွဲ ဆွဲထားတတ်တဲ့ သေတ္တာလေးဆိုပြီး ပြေးကြည့်မိလား ကြည့်ရဲ့၊ သီရေတာတွေ၊ နာမည်ကျော် သြဘာလမ်းတွေ၊ ချစ်သူလမ်းတွေ၊ နွေအေး ကန်သာယာဆိုတဲ့ နေရာတွေ၊ ဆင်းရဲသားဂိတ်၊ ဦးလူပေါဂိတ် စတဲ့ စွယ်တော်ရဲ့ အခက်အလက်တွေနဲ့ ထိတွေ့ခဲ့ရပြီးနောက် စွယ်တော်ရေ... မင်း မှ မင်း ဖြစ်သွားခဲ့တော့တာပါပဲ..

ဒါပေမယ့် စွယ်တော်ရေ… တို့တွေ ချစ်ကံဆိုးခဲ့ကြတယ်။ အသိုင်းအဝိုင်းတွေ လက်မခံနိုင်လို့ ခွဲနေကြရတဲ့ ချစ်သူတွေလို့ပဲ ဒီဒဏ်ရာကို ဖြေလိုက်ပါတယ်။ စွယ်တော်ရေ မနက် မနက် ၅၃ ဘောလုံးကားပေါ်ကနေ မင်းကို ခစားမပျက်ခဲ့ပါဘူး။ ကားပေါ်ကနေ မျက်စိတဆုံး ငေးမောရင်း လွမ်းနေခဲ့ရတာပါ။

စွယ်တော်ရေ... တို့ဘဝက အမိမဲ့သား ရေနည်းငါးတွေ လိုပါပဲ။ စက်မှုလက်မှုကျောင်းတွေမှာ ကိုယ်စီကိုယ်ငှ မချစ်ပေမယ့် အကျွမ်းဝင်ခဲ့ကြရတယ်။ ဆရာတွေ ခဏခဏ လဲတာကိုလည်း စာငတ်မွတ်နေတဲ့ ကျောင်းသားတွေပီပီ စိတ်ကို အရှည်ကြီးဆွဲဆန့်ပြီး သင်ကြားခဲ့ကြလေရဲ့။

စွယ်တော်ရေ... လက်ခုပ်ထဲကရေ မှောက်လိုမှောက် သွန်လိုသွန်လုပ်ဖို့ အရေးကိုလည်း ကြုံခဲ့ရသေးတယ်။ စာသင်နှစ်အမှတ်တွေကို ကြည့်မယ်တဲ့ အမှတ်မှီမှ နောက်နှစ်ဆက်တက်ရမယ်တဲ့၊ အကယ်၍များ ကျောင်းတနှစ်ကျခဲ့လို့ရှိရင် ဘွဲ့မပေးပဲ ဒီပလိုမာပဲ ပေးတော့မယ်ဆိုတဲ့ ကြေငြာချက်ကို ဘယ်နှလုံးသားနဲ့ လက်ခံကြမလဲ။ အင်္ကျီဖြူနဲ့ ယောလုံချည် ဝတ်ပြီး ဒီအရေးကို ကန့်ကွက်ဖို့ မိဘမေတ္တာမှာ ဆွေးနွေးခဲ့ကြသေးတယ်။ ကိုမင်းခက်ရဲတို့ ကိုမင်းတစေတို့နဲ့ အတူတူပေါ့။ တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာထဲမှာ ရန်ကုန်နည်းပညာတက္ကသိုလ်၊ ပြည်နည်းပညာတက္ကသိုလ်၊ မန္တလေးနည်းပညာတက္ကသိုလ်လို့သာ ပါရှိပြီးမှ မှော်ဘီ၊သန်လျင်၊ ဟင်္သာတ၊ တောင်ငူအစရှိတဲ့ စက်မှုလက်မှုတွေမှာ ဘာဖြစ်လို့ တက်ခိုင်းရသလဲဆိုတဲ့မေးခွန်း၊ အကယ်၍များ ကျန်းမာရေးမကောင်းလို့ ဒါမှမဟုတ် အိမ်စီးပွားရေးကြောင့် ကျောင်းတနှစ်နားခဲ့ရင် ဘွဲ့မရနိုင်တော့ဘူးလားဆိုတဲ့ မေးခွန်းတွေနဲ့ ရဲရဲတောက် ကျောင်းသူကျောင်းသားတွေရဲ့ အရေးဆိုမှုကို နောက်ဆုံးတော့လည်း မတတ်သာလို့ လိုက်လျောခဲ့ဟန် တူပါရဲ့။

ကံကြီးပေလို့ပဲပြောရမလား၊ သေကံမရောက်သက်မပျောက်လို့ပဲ ပြောရမလား ပထမနှစ် ပထမဆုံးနေ့ မြန်မာစာဖြေဖို့ အသွား လမ်းမှာ ကားမှောက်မယ် ဖြစ်ခဲ့သေးတယ်။ သန်လျင်က ဒိုင်နာမှောက်မှု၊ အီကိုကျောင်းကားမှောက်မှုတွေမတိုင်ခင်ဆိုတော့ အကယ်၍များ ဖြစ်ခဲ့ရင် သတင်းစာမှာ အရင်ဆုံးပါမယ့် အဖြစ်လေ။ စွယ်တော်ရေ မင်းဆုတောင်းနေလို့ ထင်ပါရဲ့ အသက်ဘေးကနေ ဝေးခဲ့ရတယ်။

တတိယနှစ်မှာတော့ စွယ်တော်ကိုမမြင်နိုင်မယ့်အရပ်ဆီကို ရွှေ့လိုက်ရပြီ။ ၅၄ ဆိုတဲ့ ကားကိုစီးရတယ်။ ၃၆ ဒိုင်နာကိုစီးပြီး အိမ်ပြန်ဖူးတယ်၊ ကားထဲကဘယ်လိုမှ ပြန်မထွက်တတ်လို့ စပယ်ယာကို အကူအညီတောင်းပြီး ဆွဲထုတ်ခိုင်းရတယ်။ ရီရအခက် ငိုရအခက်ပါ စွယ်တော်ရေ။ တံတားကြီးတစင်းကိုဖြတ် အဝိုင်းကြီးသုံးဝိုင်းကို ကျော်ပြီး ရဲတပ်ရင်းတခု၊ သုဿာန်တခုကိုကျော်တဲ့နောက် ဟိုး ရန်ကုန်-ပုသိမ်လမ်းပေါ်က လမ်းကြားလေးတခုရဲ့ အစွန်အဖျားလေးမှာပေါ့။ အဲ့ဒီကျောင်းကြီး ဖွင့်ကာစက အပူရှိန်လွန်လို့ အသက်ဆုံးပါးသွားတဲ့ နောင်တော်ကြီးတယောက်လည်း ရှိခဲ့ဖူးတယ်။ သံယောဇဉ်မပြတ်သေးတဲ့ နွေအေးနဲ့ ကန်သာယာကို ပြန်တွေ့ရတယ်။ လွမ်းလိုက်တာ စွယ်တော်ရာ။

ကျောင်းသားရေးရာရှေ့မှာ သူငယ်ချင်းတွေ အကုန်လုံး စုရုံးပြီး တတိယနှစ်တက်ဖို့ ကျောင်းအပ်ခဲ့ကြတယ်။ အမှတ်တွေနဲ့ ခွဲသေးတာ မဟုတ်လို့ ဆယ်ယောက်လုံး ခုံနံပါတ်တွေ တန်းစီထွက်လာခဲ့တာ အံ့သြစရာ။ လူအယောက်လေးရာရှိတာမို့ စာသင်ခန်းကို အေနဲ့ ဘီအဖြစ်ခွဲမယ့်သာ ခွဲတာ ကိုယ်ကြိုက်တဲ့အခန်းမှာ ကိုယ်ထိုင်ကြတာပါပဲ။ ခက်တာက လူတွေ အရမ်းများတာကြောင့် ဘယ်သူဘယ်ဝါရယ် လူကိုမှတ်မိရင်တောင် လူစေ့ အမည်နဲ့ တွဲမသိနိုင်တာတော့ ဆိုးပါတယ်။ စွယ်တော်ရဲ့ အဆွယ်အပွားလေး အဖြစ် တဖြည်းဖြည်းနဲ့ လက်သင့်ခံလာနိုင်ကောင်းပါရဲ့။

အပျော်ဆုံး ကျောင်းတက်ရတဲ့နှစ်ဆိုရင်တော့ တတိယနှစ်ကိုပဲ ရည်ညွှန်းချင်တယ်။ ၃၀၂ ဖြေရတဲ့နေ့ ကလွဲရင်ပေါ့…။ အဲ့ဒီနေ့ကတော့ အခန်းထဲမှာ ငုတ်တုပ်ထိုင်ပြီး အားလုံး တယောက်မျက်နှာ တယောက်ကြည့် မျက်နှာငယ်လေးတွေနဲ့ မိန်းကလေးတွေဖက်ကလည်း ရှိုက်ငိုသံတွေကြားမိတဲ့နေ့…။ တတိယနှစ်မှာ စာမေးပွဲခန်းကို ရောက်ဖို့လည်း တရက် နောက်ကျခဲ့သေးတယ်။ သူငယ်ချင်းတွေနဲ့ အတူသွားမယ်ဆိုမှ ကားက မရခဲ့ဘူးလေ။ သည်းထိတ်ရင်ဖိုနဲ့ စာမေးပွဲခန်းကို ဝင်တယ်…။ အဲ့ဒီနေ့က တိုက်တိုက်ဆိုင်ဆိုင် Material ဖြေမယ့်နေ့…။ စွယ်တော်ရေ… ခေါင်းထဲမှာ ဘာ Formula မှကို မကျန်ရစ်တော့တာ။ ပုဂံခရီးမှာ ကိုရဲမြင့်ဆိုခဲ့တဲ့ သီချင်းလိုပေါ့… ဒဏ္ဍာရီပုံဆန်တဲ့ Material နဲ့ တချိန်ချိန်မှာ ကြုံမယ်လို့မတွေးမိသေး။ အင်း… တကယ့်ကို သုံးတန်းရဲ့ ဒုက္ခတွေပါပဲ..

လေးတန်း၊ ငါးတန်း၊ ဖိုင်နယ်အထိ ခြောက်လကို တတန်း ပုံမှန်ဖြတ်သန်းလို့ပေါ့ စွယ်တော်ရေ...။ ကျောင်းသားတွေကို စာတတ်မြောက်စေချင်တဲ့ ဆရာတွေရဲ့ စေတနာတွေ Handouts တွေထုတ်ပြီး တပတ် တပတ်မှာ သင်ကြားသွားသမျှကို တရွတ်တိုက်ပါလို့…။ Device နှစ်အုပ်ကို မြင်တော့ တခြားပုဂ္ဂလိက ကျောင်းတခုမှာ စာမေးပွဲဖြေပြီး ပြန်အလာ စာရှင်းပြပေးမယ့်သူငယ်ချင်းကို ငါ့ကို စိတ်ချမ်းသာအောင်ထားပါ သူငယ်ချင်းရယ်… လို့တောင် ပြောယူမိတဲ့အထိ။ စွယ်တော်ရေ… ခက်ခဲတယ်ဆိုတာထက် ပင်ပန်းခဲ့တာလို့ပဲ မှတ်ထားပေးပါ။

စွယ်တော်နဲ့အတူ မမေ့ဖျောက်နိုင်တဲ့ အချိန်တွေပြောပါလို့ တောင်းဆိုလာခဲ့ရင်

• အပျော်ဆုံးခရီးစဉ်က သုံးတန်းနှစ် ပုဂံခရီးစဉ်
• အပျော်ဆုံး လှုပ်ရှားမှုဆိုရင် နှစ်စဉ်ကထိန်ပွဲ
• စိတ်အလှုပ်ရှားဆုံးနဲ့ အထက်သန်ဆုံးဆိုရင် အင်္ကျီဖြူနဲ့ ယောလုံချည်ဝတ်ရတဲ့ အချိန်တွေ
• ခေါင်းအစားဆုံး နဲ့ သူငယ်ချင်းတွေ ရန်ဖြစ်စေတဲ့အချိန်ကတော့ Project တွေ
• ဝမ်းအနည်းဆုံးအချိန်ကတော့ စွယ်တော်နဲ့ အတူ သူငယ်ချင်းတွေကိုပါ ခွဲရမယ့် နောက်ဆုံးနှစ် ပါပဲ

စွယ်တော်နဲ့ မနီးစပ်ခဲ့တဲ့အပြင် စွယ်တော်နဲ့ ဝေးခဲ့ရပေမယ့် ရင်ထဲမှာ အမြဲမပြတ်သတိရနေသလို စွယ်တော်ရဲ့သတင်းတွေကိုလည်း အမြဲနားစွင့်နေခဲ့ပါတယ်။ စာသင်ခန်းတွေ အိုဟောင်းနွမ်းနယ်နေတဲ့ သတင်း၊ သြဘာလမ်းမှာ လူတွေဖြတ်လျှောက်ပင်မယ့် အသံမဲ့ အသက်မဲ့နေတဲ့သတင်း၊ အပေါ်ကနေ တအုန်းအုန်းပျံနေတဲ့ လေယာဉ်တွေကလွဲရင် အကုန်လုံး ငြိမ်သက်နေတဲ့ သတင်းတွေပေါ့…

စွယ်တော်ရေ… တို့ဝေးခဲ့ကြတာ မှန်ပေမယ့် တို့တွေ ရင်ဘတ်ချင်းနီးခဲ့ကြပါတယ်။ ခွဲခွာတယ်ဆိုတာ ရုပ်ဝတ္ထုပိုင်းကိုပါပဲ။ စိတ်ချင်း နှီးနွယ်၊ သွေးချင်း ဆက်သွယ်နေတဲ့နောက် ဘယ်လောက်ဝေးဝေး အနီးလေးမှာပါပဲလေ။ ထာဝရ ရင်ထဲမှာ အမြဲမပြတ်ရှင်သန်နေမှာမို့ လွမ်းတယ် စွယ်တော်ရေ…... လွမ်းတယ်ကွာ… ...

ရွာသားလေး ဝိုင်တီယူ


Tuesday, December 14, 2010

ဖရီဒါခါလို နှင့် နွယ်မျှင် ဆူးခက် အိပ်မက်

ဖရီဒါခါလို (Frida Kahlo) ဆိုတဲ့ မက်ဆီကန် ပန်းချီဆရာမတယောက် အကြောင်းပါ။ သူ့ကို ၁၉၀၇ ခုနှစ် ဂျူလိုင်လ ၆ ရက်မှာ ဟန်ဂေရီယန်း-ဂျူး လူမျိုး ဖခင်နဲ့ စပိန်-မက်ဆီကို လူမျိုး မိခင်တို့က မွေးဖွားခဲ့ပါတယ်။ သူဟာ အနုပညာသည်တယောက် ဖြစ်လာဖို့ ရည်ရွယ်ချက် ရှိခဲ့သူတယောက်တော့ မဟုတ်ပါဘူး။ ဒါပေမယ့် သူ့အသက် ၁၈ နှစ်မှာ ဘတ်စ်ကား အက်ဆီးဒင့်ဖြစ်ပြီး ကျောရိုး၊ ပုခုံးရိုး၊ နံရိုး၊ တင်ပဆုံရိုးနဲ့ ခြေထောက်တွေ ကျိုးနေခဲ့ပြီး အချိန်တနှစ်ကျော်ကြာအောင် အိပ်ယာပေါ်မှာ နေခဲ့ရပါတယ်။ အဲဒါတွေ ပြန်ကောင်းဖို့ အကြိမ်ပေါင်း ၃၀ ကျော် ခွဲစိတ်ကုသမှုတွေ ပြုလုပ်ခဲ့ရပါတယ်။

အဲဒီအချိန်တွေမှာ သူဟာ ကိုယ်တိုင်ရေး ပုံတူနဲ့ သက်ငြိမ် ပန်းချီကားတွေ စပြီး ရေးဆွဲခဲ့ပါတယ်။ သူ့ရဲ့ ပန်းချီတွေဟာ ရှေးတုန်းက မက်ဆီကန် လူမျိုးတွေရဲ့ အရောင်ဖွဲ့စည်းပုံတွေကို အသုံးပြုပြီး ရေးဆွဲခဲ့တာ ဖြစ်တယ်…။ သူ့အသက် ၂၂ နှစ်မှာ သူ့ထက် အသက် ၂၀ ပိုကြီးတဲ့ Diego Rivera ဆိုသူနဲ့ လက်ထပ်ခဲ့တယ်။ ပြီးတော့ ဆန်ဖရန်စစ်စကို ကို ပြောင်းလာခဲ့တယ်။ သို့သော် အကြောင်းကြောင်းတွေကြောင့် သူတို့ရဲ့ အိမ်ထောင်ရေးက အဆင်မပြေခဲ့ဘူး။ ဖရီဒါဟာ သူ့ဘဝမှာ အက်ဆီးဒင့် နှစ်ခုရခဲ့တယ်… တခုက ကားကြောင့် ရခဲ့တဲ့ အက်ဆီးဒင့်ဖြစ်ပြီး နောက်တခုက သူ့အမျိုးသား Diego ကြောင့် ရခဲ့တဲ့ အက်ဆီးဒင့် ဖြစ်တယ်လို့ ပြောတယ်။ ကားအက်ဆီးဒင့်ဟာ သူ့ကို ရုပ်ပိုင်းဆိုင်ရာအားဖြင့် ပျက်စီးစေခဲ့ပြီး Diego ကြောင့်ရခဲ့တဲ့ အက်ဆီးဒင့်ဟာ သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာကို ပျက်စီး ကြေမွစေခဲ့တယ်လို့ ပြောပါတယ်။

သူ့ဘဝတလျှောက်မှာ ဆေးရေးပန်းချီကား နဲ့ ပုံကြမ်းပေါင်း စုစုပေါင်း ၂၀၀ ကျော် ဖန်တီး ရေးဆွဲခဲ့ပါတယ်။ ပန်းချီကားတွေတိုင်းမှာ သူ့ဘဝရဲ့ အတွေ့အကြုံတွေ၊ ရုပ်ပိုင်းဆိုင်ရာ နဲ့ စိတ်ပိုင်းဆိုင်ရာ နာကျင်မှုတွေ၊ တခြားနိုင်ငံမှာ အခြေချနေထိုင်ရင်း မိမိနိုင်ငံကို လွမ်းဆွတ် တမ်းတနေရခြင်းတွေ၊ အိမ်ထောင်ရေးနဲ့ ပတ်သက်တဲ့ အမျိုးသားရဲ့ ပြင်ပ အရှုပ်အထွေးတွေ နဲ့ နာကျင်မှု ခါးသီးမှုတွေကို ပုံဖေါ်ရေးဆွဲခဲ့တာ ဖြစ်တယ်။ ပြီးတော့ သူ ရေးခဲ့တဲ့ ဆေးရေးပန်းချီကား ၁၄၀ ကျော်မှာ ၅၅ ပုံက ကိုယ်တိုင်ရေး ပုံတူတွေ ဖြစ်တယ်။ ဘာကြောင့် ကိုယ်တိုင်ရေး ပုံတူတွေ များရသလဲ လို့ သူ့ကိုမေးကြည့်တော့ သူက သူ တယောက်ထဲနေရတဲ့ အချိန်တွေ များတာက တကြောင်း၊ သူကိုယ်တိုင်က သူ့ပန်းချီကားတွေအတွက် သူ အသိဆုံးနဲ့ အကောင်းဆုံး subject တခု ဖြစ်နေတာကတကြောင်းတို့ကြောင့်ပါ လို့ ဖြေပါတယ်။

သူ့ရဲ့ တကိုယ်တော် ပန်းချီပြပွဲကို ၁၉၅၃ ခုနှစ်မှာ မက်ဆီကိုမှာ ကျင်းပခဲ့ပါတယ်။ ဝေဖန်သူတယောက်ကတော့ သူမရဲ့ ပန်းချီကားတွေဟာ သူမရဲ့ ကိုယ်ရေး အထုပ္ပတ္တိပါပဲ လို့ ပြောပါတယ်။ သူရဲ့ ပြပွဲကျင်းပနေတဲ့ အချိန်မှာ သူဟာ ကျန်းမာရေး အခြေအနေကြောင့် အိပ်ယာထဲမှာပဲ နေရမယ်လို့ ဆရာဝန်က ပြောထားတဲ့ အချိန်ပါ။ သို့သော် သူက အဲဒီပွဲကို လူနာတင်ယာဉ်နဲ့ ရောက်လာခဲ့ပါတယ်။ သူက ကုတင်ပေါ်မှာ၊ ကုတင်ကို အဲဒီ လူနာတင်ယာဉ်ပေါ်မှာတင်ပြီး ပြပွဲအရောက်မှာ လူ လေးယောက်က ကုတင်ကို မ ယူလာပြီး ပြပွဲလာ ဧည့်ပရိသတ်တွေနဲ့ တွေ့ဆုံစေခဲ့ပါတယ်။ ပြပွဲကျင်းပပြီး နောက် တနှစ် အကြာ ၁၉၅၄ ခုနှစ် ဂျူလိုင်လ ၁၃ ရက်နေ့ အသက် ၄၇ နှစ်အရွယ်မှာ သူ ကွယ်လွန်ခဲ့ပါတယ်။

သူ မကွယ်လွန်ခင်က သူ ကွယ်လွန်ခဲ့ရင် သူ့ ရုပ်ကလာပ်ကို ဘာလုပ်ရမလဲ လို့ မေးတော့ သူက "မီးသဂြိုလ်လိုက်ပါ… သူ့ဘဝရဲ့ အချိန်တော်တော်များများမှာ လဲလျောင်းရင်း ကုန်ဆုံးခဲ့ရတာမို့ သူ သေဆုံးတဲ့ အခါမှာ မြေကြီးထဲမှာထပ်ပြီး မလဲလျောင်းပါရစေနဲ့.. မီးသဂြိုလ်လိုက်ပါ…" လို့ ပြောခဲ့ပါတယ်။

သူ့ရဲ့ နေ့စဉ်မှတ်တမ်းမှာ သူ နောက်ဆုံး ရေးခဲ့တာကတော့ “I hope the end is joyful and I hope never to return..” တဲ့…။

သူ့ရဲ့ အရိုးပြာကို သူ ငယ်စဉ်က နေထိုင်ကြီးပြင်းခဲ့ပြီး သူ့ရဲ့ နောက်ဆုံးနေ့ရက်တွေမှာ နေထိုင်ခဲ့တဲ့၊ သူ့ ဖခင် ဆောက်ထားခဲ့တဲ့ မက်ဆီကိုနိုင်ငံက Blue House ဆိုတဲ့ မိသားစု နေအိမ်ကြီးမှာ ထားပါတယ်။ သူကွယ်လွန်ပြီး တနှစ်အကြာမှာ သူ့ အမျိုးသားက အဲဒီအိမ်ကြီးကို မက်ဆီကို နိုင်ငံ အစိုးရကို ပြတိုက်လုပ်ဖို့ ပေးလှူခဲ့ပါတယ်။ ၁၉၅၇ ခုနှစ် မှာ Diego ကွယ်လွန်ခဲ့ပြီး ၁၉၅၈ ခုနှစ်မှာ Museum of Frida Kahlo ကို ဖွင့်လှစ်နိုင်ခဲ့ပါတယ်။

Museum of Frida Kahlo


သူရေးဆွဲခဲ့တဲ့ ပန်းချီကားတွေဟာ သူ့ရဲ့ ဘဝဇာတ်ကြောင်းကို တကယ်ပဲ ပေါ်လွင်ထင်ရှားအောင် ဖေါ်ပြနိုင်ခဲ့တာပါ။ သူ့ပန်းချီကားတွေထဲက တချို့ကို အောက်မှာ ပြထားပါတယ်…။ ပန်းချီကား အားလုံးကိုတော့ ဒီမှာ သွားကြည့်နိုင်ပါတယ်။

ဒီပုံကတော့ သူမ အသက် ၂၀ မှာ ရိုက်ထားခဲ့တဲ့ ဓါတ်ပုံပါ။



ဒီပုံကတော့ ၁၉၃၂ ခုနှစ် လက်ထပ်ပြီး ၃ နှစ်အကြာမှာ ရိုက်ထားတဲ့ Frida တို့ ဇနီးမောင်နှံရဲ့ ဓါတ်ပုံပါ။


ဒါတွေကတော့ သူ့ရဲ့ ကိုယ်တိုင်ရေး ပုံတူတွေထဲက တချို့ပါ။




ဒါကတော့ သူနဲ့ သူ့ အမျိုးသားတို့ရဲ့ ပုံတူပါ။ သူတို့ မင်္ဂလာဆောင်တုန်းက ပုံကို အခြေခံပြီး ဆွဲထားတယ်လို့ ပြောပါတယ်။


ဒီပုံကတော့ သူ့ရဲ့ အစောပိုင်းလက်ရာတွေထဲက သက်ငြိမ်ပန်းချီကား တခုပါ။ ၁၉၂၅ ခုနှစ် သူ့အသက် ၁၈နှစ်မှာ ရေးဆွဲခဲ့ပါတယ်။ နာကျင်ခြင်းကို ပြထားပါတယ်။ သူနဲ့ သူ့ ချစ်သူနဲ့ အဆင်မပြေချိန်၊ သူ့ချစ်သူက တခြား အမျိုးသမီးတယောက်နဲ့ တွဲနေချိန်မှာ ရေးဆွဲခဲ့တာ ဖြစ်တယ်။ ပန်းအိုးထဲက ပွင့်လန်းနေတဲ့ နှင်းဆီနှစ်ပွင့်ဟာ သူ့ ချစ်သူနဲ့ တခြားအမျိုးသမီးတယောက်ကို ကိုယ်စားပြုပြီး စားပွဲပေါ်မှာ လဲကျနေတဲ့ နွမ်းလျနေတဲ့ နှင်းဆီဖူး အနွမ်းလေးကတော့ သူ့ ကိုယ်သူ ကိုယ်စားပြုတယ် လို့ ဆိုပါတယ်။


ဒီလို သစ်သီးလေးတွေပါတဲ့ သက်ငြိမ်ပန်းချီလေးတွေကတော့ သူ့အတွက် ဆွဲရတာ လွယ်ကူပြီး ရောင်းတဲ့အခါမှာလဲ လွယ်ကူတာက တကြောင်း၊ ရောင်းလို့ရတဲ့ ငွေကို Diego ကို သူ့အတွက် ဆေးကုသစရိတ် ပေးနိုင်တာက တကြောင်းတို့ကြောင့် ဒီလိုပုံတွေကို မကြာခဏ ဆွဲဖြစ်တယ်လို့ ဖရီဒါက ပြောပါတယ်။ သူ အိပ်ရာထဲက မထနိုင်တဲ့ အချိန်တွေမှာ သူ့ခြံထဲက အသီးတချို့နဲ့ ဈေးမှာ ဝယ်လို့ရတဲ့ အသီးတချို့ကို အိပ်ယာဘေးမှာ ပြင်ဆင်ပြီး ဆွဲခဲ့တယ်လို့ ပြောပါတယ်။ ဒါကတော့ သူ မကွယ်လွန်ခင် တနှစ် အလိုက ဆွဲခဲ့တဲ့ ပန်းချီကားတွေပါ။ Still Life with Parrot and Fruit နဲ့ Still Life with Parrot and Flag လို့ နာမည်ရပါတယ်။



ဒါကတော့ သူ့ရဲ့ နောက်ဆုံး ပန်းချီပါ... Viva La Vida လို့ အမည်ရပါတယ်... မကွယ်လွန်ခင် ၈ ရက်အလိုက ဆွဲထားတယ်လို့ သိရပါတယ်။


ဒီ အောက်က ပန်းချီကားကတော့ ဖရီဒါရဲ့ နာမည်ကျော်တဲ့ ပန်းချီကားတွေထဲက တခုပါ။ ကိုယ်တိုင်ရေး ပုံတူ လို့လဲ ဆိုနိုင်ပါတယ်။ The Dream လို့ အမည်ရပါတယ်။ ဘဝတွေထဲမှာ ရှောင်လွှဲလို့မရတဲ့ ရှင်သန်ခြင်း၊ သေဆုံးခြင်းနဲ့ အသစ်တဖန် မွေးဖွားခြင်းတို့ကို ပြထားပါတယ်။ သစ်ခက်တွေက အသစ်တဖန်မွေးဖွားခြင်းကို ကိုယ်စားပြုပြီး လူအရိုးစုကတော့ သေဆုံးခြင်းကို ပြနေပါတယ်။ ရစ်ပတ် ချည်နှောင်တတ်တဲ့ နွယ်မျှင်တွေ၊ ဆူးခက်တွေဟာ ပန်းချီကားရဲ့ အသက်ပဲလို့ တွေးမိပါတယ်။


အသက် ငယ်ငယ်လေးနဲ့ ဆုံးပါးသွားရတဲ့ ဖရီဒါခါလို အကြောင်းကို တွေးမိတိုင်း သူ့အနုပညာကို နှမြောသလို ခံစားရပြီး တချိန်တည်းမှာပဲ ဘဝရဲ့ခါးသီးမှုတွေထဲ ဆက်လက် ရှင်သန်နေရမယ့်အစား စောစောစီးစီး ဘဝတခု အဆုံးသတ် ချုပ်ငြိမ်းသွားတာက ပိုများကောင်းလေသလားလို့လဲ တွေးမိပါတယ်...။ အမှန်ကတော့ ဘယ်ဟာမှ မကောင်းပါဘူး... ဒါကြောင့် ဘာကိုမှ ကြိုတင် မမြင်နိုင်တဲ့ ကိုယ်စီဘဝတွေမှာ အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင်၊ ပြီးတော့ စိတ်နှလုံး အေးအေးချမ်းချမ်းနဲ့ နေထိုင်သွားနိုင်ဖို့ကိုပဲ ဆုတောင်းနေမိပါတယ်။

စာကြွင်း ။ ။ စာရေးဆရာမ ဂျုးရဲ့ ချစ်သူရေးတဲ့ ကျွန်မရဲ့ ညတွေ စာအုပ် ကို ဖတ်ဖြစ်ရာက ဒီ ပန်းချီဆရာမ Frida Kahlo ရဲ့ အကြောင်းကို စိတ်ဝင်တစား ရှာပြီး ဖတ်ဖြစ်၊ သူ့ပန်းချီကားတွေကို ကြည့်ရှု ခံစားဖြစ်ပါတယ်။ ချစ်သူရေးတဲ့ ကျွန်မရဲ့ ညတွေ စာအုပ်ဟာ နှစ်သက်မိတဲ့ စာအုပ်တအုပ်မို့ မကြာခဏလဲ ပြန်ဖတ်ဖြစ်ပါတယ်။ ဖတ်ဖြစ်တိုင်းလဲ ဖရီဒါခါလို ဟာ ကိုယ့်စိတ်ကို အတော် ဆွဲဆောင်ပါတယ်။ သူ့အကြောင်း ရေးမယ်လို့ တွေးပြီး အစပျိုးထားတာတော့ ကြာပါပြီ…။ ဒီနေ့မှပဲ ဆက်ရေးဖြစ်တော့တယ်…။ ကိုယ့်စိတ်ထဲမှာ ရှိနေတာလေးကို အမှတ်တရ မှတ်တမ်းတင် သိမ်းဆည်းထားချင်လို့ ဒီပိုစ့်ကို ရေးပါတယ်။ စာဖတ်သူတွေအတွက် သိပ်စိတ်ဝင်စားစရာ မကောင်းရင်လဲ ဆောရီးပါနော်.…။




Saturday, December 11, 2010

အိမ်ပြန်ကြသူများ

... ... ... အလွမ်း ပြန်ချင်စိတ်ကြောင့်... အလွမ်း ပြန်ချင်ဇောကြောင့်...
နေ့ခင်း အိပ်မက်ထဲမှာ... အတွေး အိပ်မက်ထဲမှာ... အိမ်ပြန်ဖြစ်တယ်... ... ...


ဟေ့ကောင်.. မင်း ဘယ်တော့ ပြန်မှာလဲ… ငါကတော့ လာမယ့် ဖေဖေါ်ဝါရီလမှာ တရုပ်နှစ်ကူးနဲ့ ရောပြီး ပြန်မယ်… အော… မင်းလဲ ပြန်မှာလား… မင်းက Silk Air နဲ့လား MAI နဲ့လား… Jet Star မှာ Promotion ရှိတယ် ကြားတာပဲ… ပြန်မယ့်ရက်တွေက Fix လုပ်ရမှာနော်…။ ဖေဖေါ်ဝါရီပြန်ဖို့ ခုထဲက ကြိုဝယ်ထားမှ ရမယ်… ဈေးတော့ သက်သာတယ် ကိုယ့်လူ… အေးကွာ… ကမ္ဘောဒီးယားကို အလည် သွားမယ့် အစီအစဉ်ကို ဖျက်လိုက်ပြီ… အမေက နေသိပ်ကောင်းတာ မဟုတ်ဖူးကွ… အမေ့ဆီပဲ ပြန်ပါတော့မယ်…

ရုံးမှာ ခွင့်တင်ပြီးပြီလား… ခွင့်လက်ကျန်တွေ ရှိနေသေးလား… နောက်နှစ်ခါ တရုပ်နှစ်ကူး ပိတ်ရက်တွေနဲ့ဆို ခွင့် တော်တော် သက်သာသွားမယ်… ဟုတ်တယ်နော်… ဒီတိုင်းဆို နှစ်ကုန်ပိုင်းတခေါက် ပြန်လို့ရသေးတာပေါ့… ဒီကြားထဲ ကိစ္စကြီးငယ်ရှိရင်တော့ MC ပေါ့ကွာ… ဟဲဟဲ..

ဒီနေ့ ငွေဈေး ဘယ်လောက်ပေါက်လဲ… ငွေလွှဲပါမယ်ဆိုမှ ဈေးကလဲ ကျလိုက်တာကွာ…
ဟေ့ကောင်ရ ဒီလိုမပြောပါနဲ့… ငါတို့ မြန်မာငွေတန်ဖိုး မာနေတယ် လို့ ပြောစမ်းပါ… မင်းကွာ.. တော်တော်အပြောအဆို မတတ်တဲ့ကောင်… အဘကြားရင် နာအုံးမယ်…

သံရုံးမှာ ဒီနေ့ လူတွေ တိုးနေတာပဲ… သံရုံးက လူမတိုးတဲ့ရက်ရော ရှိသေးလို့လား… ပွဲစားနဲ့ သွားရင်သွား မဟုတ်ရင်ကတော့ ခွင့် ၃ ရက်က အသာလေး ကုန်မှာပဲ…။ ပွဲစားနဲ့က ၈၀ တောင်ပေးရမှာကွ…။ ဈေးကြီးလို့ ကိုယ်တိုင်ပဲ အပင်ပန်းခံလိုက်တယ်…။ ဘယ်တတ်နိုင်မှာလဲကွာ.. အမေ့အိမ်က ပြန်ချင်သေးတာကိုး…။

ဒီနေ့တောင် သံရုံးမှာ အခွန်လာဆောင်တဲ့ ကောင်မလေးတယောက် ပြောနေတာ ကြားခဲ့သေးတယ်… ဘာတဲ့… သေတာပဲ အေးပါတယ် တဲ့… ငါ့မှာ ရယ်လဲ ရယ်ချင် သနားလဲ သနား…။ အခွန်က ရန်ကုန်မှာ ဆောင်ရင် ပိုသက်သာတယ်… ဟုတ်လား… ဟုတ်မှလဲ လုပ်ပါ ဟေ့ကောင်ရာ… တော်ကြာ စာအုပ်ပါ အချိန်မှီပြန်ထွက်မလာမှ ကိုယ်ကျိုးတွေ နည်းနေပါအုံးမယ်…။ အေး… ပိုက်ဆံအကုန် သက်သာမယ်ဆိုတာတော့ သိပါတယ်… ဒါပေမယ့် ငါ ကြောက်တယ်ကွ…

အောချတ်မှာ ဘာတွေ ဈေးချသလဲ… သတင်းကြားရင်ပြောနော် လို့ သူငယ်ချင်းမတွေကို မှာထားရအုံးမယ်… အိမ်ပြန်ရင် လက်ဆောင်ပေးရမယ့်သူတွေက အများကြီးလေ… ဟိုတနေ့က သူတို့ ပြောနေကြတဲ့ ပါတိတ်ဆိုင် ဆိုတာလေ… ဒိုင်ဆို… ဝယ်လို့ကောင်းတယ် ဈေးသက်သာတယ်လို့ ပြောကြတယ်… လိပ်စာ မေးထားအုံးမှ…။ Expo မှာ လာတွေ ဈေးချသေးလဲ… ဒီရက်တွေဆို Sales တွေ အများကြီးရှိမှာပါ… အမေ့ဖို့ ပိုက်ဆံအိတ်တလုံးနဲ့ အနွေးထည် တထည်လောက် ဝယ်ချင်တယ်… အဖေကတော့ ဘာမှ မမှာတတ်ပါဘူး… ဘာမှမလိုပါဘူး သားရယ်လို့ ဖုန်းဆက်တိုင်း ပြောတာ… ဒါပေမယ့် ရှပ်အကျီလက်ရှည် ကောင်းကောင်းလေး တထည်လောက်တော့ ဝယ်သွားမယ်ကွာ….။ အမဖို့တော့ ပါတိတ်ပေါ့…

အိမ်ရောက်ရင် အတတ်နိုင်ဆုံး ဘယ်မှမသွားဘူး… ရောက်ပြီးရင် အရင်ဆုံး ရွှေတိဂုံဘုရားသွားဖူးမယ်… ပြီးရင်တော့ အမေချက်ကျွေးတာစားပြီး အမေ့အနားပဲ နေမယ်… နားလို့ အားရမှ ဟိုကောင်တွေနဲ့ တညနေလောက် တွေ့လိုက်မယ်… လေဆိပ်ကနေ သူတို့အတွက် အမည်းတလုံး ဝယ်သွားမယ်လေ… ဒါဆိုသူတို့ ကျေနပ်မှာပါ။ လိုအပ်တဲ့ စာရွက်စာတမ်း အားလုံးတော့ စုံစုံလင်လင်လုပ်သွားမှာ… ဘာ… လေဆိပ်မှာ ရစ်ရင်… ဟုတ်လား… မတတ်နိုင်ဘူး ဒါကိုမှ ရစ်ရင်… ပေးဖို့လိုလဲ ပေးတာပေါ့ကွာ… အပြင်မြန်မြန်ရောက်ပြီး အမေတို့နဲ့ မြန်မြန်တွေ့ရဖို့က လိုရင်း မဟုတ်လား…

ဟိုရောက်ရင် ငါ စားချင်တာတွေကို စာရင်းလုပ်ထားတယ်ကွ…အမေနဲ့ အမက အားလုံး ချက်ကျွေးမယ် ပြောတယ်… ရောက်ရောက်ချင်းတော့ ပဲပြုတ် ထမင်းကြော်စားချင်တယ်လို့ ပြောထားတယ်…။ သိပါတယ်ကွာ… ပင်နဆူလာမှာ ပဲပြုတ်ဝယ်လို့ရတယ်ဆိုတာ… ဒါပေမယ့် မတူဘူး ဆရာ… လမ်းထဲမှာ လာရောင်းတဲ့ ပဲပြုတ်သည် အဒေါ်ကြီးရဲ့ ပဲပြုတ်ကမှ ချို အိနေပြီး စားလို့ ကောင်းတာကွ…။

တချို့ညနေတွေတော့ တရုပ်တန်းသွားမယ်… အဲဒီမှာ စားချင်တဲ့ တိုလီမိုလီလေးတွေ စားရင်း လမ်းလျှောက်ရင်း မျက်စေ့ အစာကျွေးရင်းပေါ့ကွာ… မနှစ်ကပြန်တုန်းကတောင် လုံချည်ပါတဲ့ ကောင်မလေးတွေ တော်တော်ရှားနေတာ တွေ့ရတယ်…။ မျက်လုံးပြူးမသွားပါနဲ့ကွ… စကပ်တွေ ဘောင်းဘီတွေနဲ့ပဲ တွေ့ရတာ များတယ် လို့ ပြောချင်တာပါ။

သတိရလို့ ပြောရအုံးမယ်… အမေ့နား ရောက်ရင်တော့ အမေက ငါ့သား မငယ်တော့ဘူးနော်… ဆိုတဲ့ ဓါတ်ပြားဟောင်းကြီး ပြန်ဖွင့်အုံးတော့မှာ ကြားယောင်သေး… ဟေး.. ဟေး…

တညနေတော့ ရွှေခိုင်မှာ မာလာဟင်း ငါးကင်နဲ့ ဘီယာလေးဘာလေး သောက်ဖို့ တွေးထားတယ်… မိုးချုပ်ချုပ်မှာ မီးလုံးလေးတွေ ခပ်မှိန်မှိန်နဲ့ သူဌေးမင်းက ပဲပလာတာ နဲ့ လဘက်ရည်သောက်ဖို့လဲ တွေးထားသေးတယ်…။ ပြီးတော့ ရွှေညောင်ပင်က ကြက်သားသုပ်… မဂိုလမ်းတလျှောက်က ဟိုအကြော် ဒီအကြော်လေးတွေ… စကော့ဈေးက ဦးကြွိဆီချက်… အေးကွာ… စားချင်တာတွေ သွားချင်တာတွေ၊ လုပ်ချင်တာတွေကတော့ စုံနေတာပဲ… ဘယ်လောက် လုပ်ဖြစ်မယ်တော့ မသိဘူး…။

အော… အရေးကြီးတာ မေ့တော့မလို့… ရန်ကုန်ရောက်ရင် အံသွားနှစ်ချောင်း ပေါက်နေတာ ဖါရမယ်… ပြီးတော့ မျက်မှန်လဲ တလက်လောက်လဲ အသစ်လုပ်အုံးမှ… ဒီမှာလုပ်ရင်လဲ ရတော့ရပါတယ်… ဒါပေမယ့် ဈေးကြီးတာကတကြောင်း ပြီးတော့ မြန်မာလို အားရပါးရ ပြောလို့ မရတာက တကြောင်းပေါ့… လုပ်ရတာ အဆင်ပြေတယ်ကို မထင်ဘူး…။

ဟေ… လူကြုံ ဟုတ်လား… အေးလေ.. သယ်နိုင်သလောက်တော့ သယ်သွားမှာပေါ့… ဟိုတခါကလို ကော်ဖီမိတ်အထုပ်တွေ ထောပတ်ဘူးတွေတော့ မပေးလိုက်ကြနဲ့နော်… အရင်တခေါက်က လေယာဉ်ကွင်းမှာ ပေါင်ပိုတွေ ပေးလိုက်ရတာ မမေ့ဘူး… တီဗွီ အပြားတွေလည်း ဈေးချတာတွေ့တော့ အိမ်ဖို့ ဝယ်ချင်သား… တန်ဖိုးထက် လက်ခကြီးဆိုသလို… ပို့ခက ဈေးကြီးနေလို့ စဉ်းစားနေရတာ… ကိုယ်နဲ့ အတူ ယူသွားမယ်ဆိုရင်တော့ ၃၂ လက်မပဲ ဝယ်ရလိမ့်မယ်…။

အင်း… အိမ်ပြန်ဖို့ရက်ကို လက်ချိုးရေတွက်… အိမ်မပြန်ခင် ဒီမှာ လုပ်စရာရှိတာ ဝယ်စရာရှိတာတွေကို မမေ့အောင် စာရွက်မှာ ချရေးထား… ပြီးတော့ အိမ်ရောက်ရင် လုပ်ချင်တာတွေ သွားချင် စားချင်တာတွေ အားလုံးကိုလဲ ချရေးထားမှပါပဲ…။ အသက်တွေက ကြီးလာတာကြောင့်လား ဒီမှာနေထိုင် လုပ်ကိုင်ရတာ Stress များလို့လား မသိပါဘူး… မှတ်ဥာဏ်က အရင်လို တယ် မကောင်းချင်တော့ဘူး… ခဏ ခဏ မေ့တတ်လာတယ်…။

ပြောရင်းဆိုရင်းနဲ့ အခုမှ သတိရတယ်… ညနေစာစားဖို့ ကြက်ဥပြုတ်ထားတာ သွားကြည့်အုံးမှ… ဟာ… ရေတွေခမ်းပြီး တူးနေပါရောလား… ကဲပါလေ… ဖြစ်ချင်ရာဖြစ်… ခွာကြည့်လိုက်မယ် အတွင်းထဲက အကာတွေ အနှစ်တွေတော့ မတူးတန်ကောင်းပါဘူး… ထမင်းကို ဆီဆမ်းပြီး အတူးစား ကြက်ဥပြုတ်နဲ့ပဲ စားလိုက်တော့မယ်… နောက်လ အမေ့အိမ် ပြန်ရောက်မှ အတိုးချပြီး စားတာပေါ့နော….

အမေရေ… မကြာတော့ပါဘူး…
အမေ့လက်ရာတွေ အားပေးဖို့ သားကလေး မောင်ရွှေသွေး အမေ့နား ပြန်လာတော့မယ်နော်… မျှော်နေပါ အမေ… မျှော်နေပါ… … …



*** လောလောဆယ် အမေ့အိမ်ကို ပြန်သွားကြသူများ၊ မကြာခင်မှာ အမေ့အိမ်ကို ပြန်ရန် ခြေလှမ်းပြင်နေကြသူများနှင့် အမေ့အိမ်ကို ပြန်ကြမည့် သား သမီးများ အားလုံးအတွက်.... အမှတ်တရ....

Wednesday, December 8, 2010

၂၀၁၀ မှတ်တမ်း

၂၀၁၀ ကုန်တော့မည်။
ထို့ကြောင့် အရင်နှစ်တွေကလို ရေးနေကျ မှတ်တမ်းလေး ရေးဖြစ်ပြန်သည်။ သည်နှစ် ၂၀၁၀ သည် ကိုယ့်အတွက် ကောင်းခြင်းနှင့် ဆိုးခြင်းတွေ ရောနှောနေသော နှစ် တနှစ် ဖြစ်သည်။ အမှန်အတိုင်းဆိုရလျှင်တော့ ကောင်းခြင်းထက် ဆိုးခြင်းတွေက များပါသည်။ သို့သော်လည်း ကိုယ် ဘယ်လိုမှ မျှော်လင့်မထားသောအရာတွေ ကိုယ့်လက်ထဲ တည့်တည့်မတ်မတ် ရောက်လာမှတော့ ဘယ်နည်းနှင့်မျှ ရှောင်လွှဲ၍ မရ… ကောင်းကောင်း ဆိုးဆိုး အလိုက်သင့် လက်ခံ၊ ထိုက်သင့်သလို ဖြေရှင်းလိုက်ရုံသာ။

တနှစ်ထက် တနှစ် အသက်အရွယ်ရလာသော မိဘတွေ၏ ပြောင်းလဲလာသော စိတ်ပိုင်းဆိုင်ရာ အခြေအနေများ နှင့် ပျက်စီး ယိုယွင်းစပြုလာသော (ရုပ်ပိုင်းဆိုင်ရာ) ကျန်းမာရေး အခြေအနေများက သည်နှစ်ထဲမှာ ကိုယ့်အတွက် စိတ်ဆင်းရဲစရာ အကောင်းဆုံး အကြောင်းအရာပင် ဖြစ်မည်။ သို့သော်လည်း အဆိုးထဲမှ အကောင်းလေး ရှိနေသောကြောင့် အတန်ငယ် စိတ်သက်သာရာရခဲ့သည်။ လူကြီး မိဘတွေ သက်ရှိ ထင်ရှားရှိစဉ်မှာ စိတ်ရော ကိုယ်ပါ ချမ်းသာအောင် ဂရုစိုက် လိုက်လျောမည်၊ ငြိုငြင်စရာဆို၍ ဆံချည်တမျှင်စာမျှ မရှိရလေအောင် ကိုယ်တတ်နိုင်သမျှ အစွမ်းကုန် ကြိုးစား ပြုစုမည်၊ နောင်တ ဟူ၍ လုံးဝ မရှိစေရ ဟု ခိုင်ခိုင်မာမာ ဆုံးဖြတ်မိသော အချိန်လည်းဖြစ်သည်။

သူတို့တွေလိုပဲ ကိုယ်တွေလဲ တဖြည်းဖြည်း အသက်တွေ ကြီးလာကြပြီ။ နေ့စဉ် မှန်ကြည့်နေကျအချိန်တွေမှာ ကိုယ့်ကိုယ်ကိုယ် သိပ်မပြောင်းလဲလှ ဟု ထင်ရသော်လည်း အမှန်ကတော့ တော်တော်လေး အိုမင်းလာသည်မှာ သေချာပါသည်။ ကိုယ်တွင်းမှာ ပျက်စီးသွားသော ဆဲလ် အဟောင်းတွေနေရာမှာ ဆဲလ် အသစ်တွေ အချိန်နှင့်အမျှ အစားထိုး ဝင်ရောက်လာကြသည်။ ထို ဆဲလ်အသစ်တွေက အဟောင်းတွေနဲ့ မတူပဲ ပြောင်းလဲလာသောကြောင့် ရုပ်ပိုင်းဆိုင်ရာ အိုမင်းခြင်းတွေ ဖြစ်လာရသည်ဟု ဥာဏ်တထွာ တမိုက်ဖြင့် မမှီမကမ်း တွေးမိသည်။ ထို့ကြောင့် ထွက်လာမည့် ဆဲလ်အသစ်တွေကို အဟောင်းတွေနှင့် ထပ်တူကျစေရန်အတွက် သောက်လို့ရတဲ့ ဆေးလေး ဘာလေးများ မရှိဘူးလား ဟု အမျိုးသားကို မေးကြည့်မိရာ အဖြေမရပဲ ရယ်မောခြင်းကိုသာ ခံလိုက်ရသည်။ တော်ဘီ…….. နောက်ကို ဘာမှ မမေးတော့ဘူး…။

ပြောရရင် အရင်နှစ်တွေနှင့်စာလျှင် သည်နှစ်ထဲမှာ စာပိုရေးဖြစ်သည်။
အသက်တွေ ကြီးလာသောကြောင့် အေးအေးချမ်းချမ်းနေလိုသည့် လက္ခဏာပေလော… Stress တွေ၏ လွတ်ရာ လွတ်ကြောင်းကို ရှာဖွေနေသည့် လက္ခဏာပေလော… သို့တည်းမဟုတ် ရုံးမှာ အလုပ်ပါးခြင်း၏ လက္ခဏာပေလော… ((ဟမ်))
သေသေချာချာတော့ မပြောတတ်ပါ…။ သို့သော်လည်း စာရေးရခြင်းအလုပ်မှာ ပိုမိုပျော်မွေ့လာသည်ကိုတော့ ထင်ထင်ရှားရှား တွေ့ရသည်။

ဓါတ်ပုံတွေကတော့ သွားလေရာနေရာမှာ ရိုက်ဖြစ်သည်။ ဘေးကအတူ ပါလာသည့်လူတွေ စောင့်ရတာ ခြေထောက်တွေ ညောင်းပြီး မျက်နှာတွေ မကောင်းတော့မှ အလိုက်တသိနှင့် ကိုယ်ရှိန်သတ်ရသည်။ သူတို့တွေကို မျက်နှာချိုသွေးပြီး ကော်ဖီလေး အအေးလေး ဝယ်တိုက်ရသည်။ ဓါတ်ပုံတွေက ရိုက်ပြီးရုံနှင့်မပြီး… အရောင် အသွေး အလင်း အမှောင် အတိုး အလျှော့တွေလုပ်ပြီး ကြည်နူးပီတိတွေဖြင့် တယောက်တည်း မော်နီတာကိုကြည့်ရင်း ပြုံးနေသော အချိန်တွေ များလာသည်ဟု ကိုယ်တိုင် ကိုယ်ကျ တွေ့မြင်သူများမှ ပြောလာသည်။ ထားပါလေ… ဒါတွေ ယူတို့ နားမလည်ပါဘူး… ယူတို့ မခံစားတတ်ပါဘူး… ဟူသော စကားဖြင့် တအိမ်လုံးကို အနိုင်ယူနေကျ…။


၂၀၁၁ အတွက် စင်္ကာပူနိုင်ငံ၏ ရုံးပိတ်ရက်တွေကို အစဉ်အလာမပျက် မျှဝေလိုက်သည်။ Holiday သွားချင်သူများ၊ မိဘရပ်ထံ ပြန်လိုသူများ ဒီပိတ်ရက်များကိုကြည့်ပြီး ကြိုတင် ပြင်ဆင်နိုင်စေရန် ရည်ရွယ်ပါသည်။ ၂၀၁၀ ကတော့ ခရစ်စမတ်ရော နယူးရီးယားပါ စနေနေ့တွေ ဖြစ်ကုန်သောကြောင့် အတော်ကြေကွဲရသည်။ ၂၀၁၁ မှာတော့ သိပ်မဆိုးလှ…။ ဒီမှာက ပိတ်ရက်တွေ စနေဖြစ်လျှင် အစားမရ။ တနင်္ဂနွေဖြစ်လျှင်တော့ အစားထိုးပြီး တနင်္လာနေ့ကို တရားဝင် ပိတ်ပေးသည်။

အလှူဒါန ပြုကြသူငါ အစီအစဉ်အနေဖြင့်တော့ အရင်နှစ်တွေကလိုပဲ နာဂစ်မှာ မိဘမဲ့သွားသော ကလေးငယ်များ၏ ပညာရေးအတွက် တည်ထောင်ထားသော ရွှေညဝါ ဘုန်းတော်ကြီးကျောင်း ပညာရေးမှ ကလေးလေး သုံးယောက်ကို ဆက်လက် မွေးစားထားဖြစ်သည်။ နောက်တခုကတော့ ကိုကိုဒီဘီ၏ နှိုးဆော်ချက်ဖြင့် ဒီနှစ် နှစ်လည်လောက်မှ အစပြုကာ ODF Myanmar ကို လစဉ် လှူဖြစ်သည်။ အလှူဒါနဆိုသည်မှာ ကိုယ်တိုင်ပြုရုံနှင့် မပြီး အများသူငါကိုလဲ လှူချင်လာအောင် အလှူခံရသည် စည်းရုံးတတ်ရသည်ဟု မေမေက မကြာ မကြာပြောဖူးသည်။ ထို့ကြောင့် အနည်းငယ် နှိုးဆော်လိုက်ဦးမည်…။ ODF အတွက် လစဉ် အလှူငွေ ထည့်ဝင်ချင်သူများ ကိုကိုဒီဘီ နှင့် ဆက်သွယ်ကြပါ…။

ကုသိုလ်အကြောင်းနှင့် တဆက်တည်းတွေးမိသည်မှာ အကုသိုလ် အကြောင်းဖြစ်သည်။ ကုသိုလ်မရချင်နေ အကုသိုလ် မဖြစ်စေနဲ့ဟု လူကြီးတွေ ဆုံးမတာကို အစဉ်သတိရနေသည်။ ပြီးတော့ အကုသိုလ်နှင့်ပတ်သက်လျှင် “ကိုယ်တိုင် တိုက်တွန်း ချီးမွန်း စိတ်တူ” ဟူသော စကားကို သဘောတကျ မှတ်သားမိသည်။ မကောင်းမှုကို ကိုယ်တိုင် ကိုယ်ကျ ပြုလုပ်တာရယ်၊ အဲဒီလို လုပ်လိုက်ပါလားဟု သူများကို တိုက်တွန်းတာရယ်၊ သူများပြုလုပ်သော မကောင်းမှုကို ချီးမွန်းမိတာရယ်… အားလုံးဟာ အတူတူသော အကုသိုလ်များပင်ဖြစ်သည် တဲ့…။ သတိထားချင်စရာနော်…


တနှစ် တမျိုး မရိုးရသော အကြောင်းကြောင်းတွေကြောင့် ခြေတိုလှသော၊ စလုံးမှ တဖဝါးမှ မခွာဖြစ်တာ ကြာလှပြီဖြစ်သော ကိုယ့်အတွက် သည်နှစ်ကျမှ ခရီးနှစ်ခု သွားဖြစ်ခဲ့သည်။ ရက်တိုခရီးများ ဖြစ်သော်လည်း အပြင်မှာနေရသမျှ ရက်တွေမှာ စိတ်ရော လူရော လွတ်လပ် ပေါ့ပါးကာ ပျော်စရာ ကောင်းလှသည်။ ကိုယ်ချစ်သော တိမ်တိုက်တွေ၊ တောင်တန်းတွေ၊ ပင်လယ်တွေ၊ သစ်တောတွေနှင့် အနီးကပ်တွေ့ရသောနေ့တွေသည် ကြည်နူး ပျော်ရွှင်စရာ အတိပင်။


သို့သော် ကိုယ် ပျော်နေတာကို ကြည့်ပြီး နောက်နှစ်ကို ခရီးများများသွားချင်လျှင် ပိုက်ပိုက်စုပါ ဟု ဆိုင်းမဆင့် ဗုံမဆင့် ပြောလာသော အမျိုးသား၏ စကားကိုတော့ သိပ်မကြိုက်ချင်…။ ငြိုငြင်တာလား ဟု ချက်ချင်း ပြန်မေးလိုက်သည်…။ သူကတော့ ကိုယ် ဘာပြောပြော ရယ်မည်ဟု တွေးထားလေသလား မသိ… ကိုယ့်အမေး အဆုံးမှာ ထုံးစံအတိုင်း ရယ်နေပြန်သည်။ အင်းလေ… ကြိုးစားပြီး နည်းနည်းပါးပါးတော့ စုကြည့်ပါအုံးမယ် ဟု ကိုယ့်ဟာကိုယ် (တိုးတိုးလေး) ပြောနေမိသည်…။


အပေါ်က ပုံလေးမှာ ပါသည့် Four Leaved Clover ဟူသော ပွင့်ဖတ် လေးဖတ်သည် Faith, Hope, Love နှင့် Luck ကို ကိုယ်စားပြုသည်။ ဟောင်ကောင်၏ Tourist Attraction များထဲမှာ တခု အပါအဝင်ဖြစ်သည်။ ထိုပွင့်ဖတ်လေးတွေကို ငုံပြီး လက်စွပ်၊ လော့ကက်၊ နားကပ် စသည်ဖြင့် လက်ဝတ်တန်ဆာ အမျိုးမျိုးလုပ်ပြထားသည်။ မည်သို့ မည်ပုံ ပြုလုပ်ထားသည်မသိ… ထိုအရာလေးတွေကို လှုပ်လိုက်လျှင် မွှတ်နေအောင် လည်ကြသည့်အပြင် အသံကလဲ ငွေစက္ကူများကို ရေတွက်နေသော အသံမျိုး တချပ်ချပ်နှင့် ကြားရသေးသည်မှာ အသည်းတယားယားနှင့် ချစ်စရာ ကောင်းလေစွ။

ထိုအရာလေးကို အဆောင်ထားပါက စီးပွားတိုးသည်ဟုလဲ ဆိုကြသည်။ ဧည့်လမ်းညွှန်၏ ခေါ်ဆောင်သွားမှုနှင့် ဆိုင်မှ ဝန်ထမ်းများ၏ ကြော်ငြာကောင်းမှုတို့ကြောင့် ထိုပွင့်ဖတ်လေးပါသော Pendent သေးသေးလေး တခု ဝယ်လာဖြစ်သည်…။ ပြီးတော့ သတိရတိုင်း လှုပ်ကြည့်မိသည်။ ဘယ်တော့မှ ပိုက်ဆံမစုနိုင်သော ကိုယ်… စီးပွား ဘယ်တော့ တိုး မတိုးတော့ မသိ… လောလောဆယ်မှာတော့ ပိုက်ပိုက် အထွက်တိုးသွားသည်သာ…။ ဘလော့ဂ်ကြွလာ မိတ်သဟာ အပေါင်းကို သတင်းနှင့်အတူ ဓါတ်ပုံလေးပါ မျှဝေလိုက်သည်…။ ဟောင်ကောင်ရောက်လျှင် သွားကြည့်ဖို့၊ ဝယ်ခဲ့ဖို့ မမေ့ကြပါနှင့်…။

သည်လိုနှင့် ၂၀၁၀ သည် ထင်ထားသည်ထက် ဆောလျင်စွာ ကုန်ဆုံးချေတော့မည်…။ သည်နှစ်အတွင်းမှာ လူတွေအကြောင်းကို ပိုသိလာသည်ဟုပြောလျှင် ရယ်ကြလိမ့်မည် ထင်သည်…။ မရယ်ပါနှင့်… အတည်ပြောခြင်းဖြစ်သည်…။ လောဘ၊ ဒေါသ၊ သောက၊ မောဟတွေ ဖုံးလွှမ်းနေသော လူများနှင့် သူတို့၏ စိတ်တွေကို ထင်ထင်ရှားရှား တွေ့မြင်လာရသည်။ အရာရာမှာ ပါဝင်ချင်သူများ၊ ဆရာကြီး သိပ်လုပ်ချင်သူများ၊ အလိုလိုနေရင်း နာမည်ကြီးချင်သူများ၊ အရေးပါ အရာရောက်ချင်သူများ၊ လူအထင်ကြီးခံချင်သူများ၊ လိမ်လည် လှည့်ဖျားတတ်သူများ… စုံလို့ စုံလို့ ပါပဲ…။ ဒါတွေအပြင် မနာလို ဝန်တိုစိတ်ကြီးလှသော၊ သူတပါးကို ပြိုင်ချင် ဆိုင်ချင် အနိုင်ရချင်လှသော၊ အတ္တကြီးလှသောသူများကိုလည်း တအံ့တသြ တွေ့နေရသည်…။ သူတို့ကိုယ် သူတို့တော့ဖြင့် မြင်နိုင်လိမ့်မည် မထင်…။ ကိုယ်ကတော့ ဘေးကနေ မြင်နေရသည်လေ…။

သည်လိုပြောလို့ ကိုယ်ကရော ဒါတွေနှင့် ကင်းသလားဟု မေးလာစရာ အကြောင်းရှိပါသည်…။ ကိုယ်လဲ ပုထုစဉ်လူသားပီပီ ထိုအရာများ အားလုံးနှင့် မကင်းပါ…။ သို့သော်… ဖြစ်လာသော လောဘ ဒေါသ မောဟတွေကို တတ်အားသ၍ လျှော့ချသည်။ ဖြစ်လာပြီဟု သိသိချင်း ဖျောက်လိုက်နိုင်အောင် “သတိ” ထားသည်…။ အဓိကကတော့ နေရာတကာ ဝင်မပါဖြစ်အောင်၊ အရာရာကို မသိချင်အောင်၊ မလိုအပ်ပဲ အပိုစကားတွေ အများကြီး မပြောဖြစ်အောင် အတတ်နိုင်ဆုံး ကြိုးစားသည်…။ သိတာတွေ မြင်တာတွေ များလေ အကုသိုလ်ဖြစ်စရာတွေ များလေ၊ ပြောမိတာတွေများလေ စကားထဲမှာ အမှားတွေပါလေ မဟုတ်လား…။ အချိန်တိုင်းမှာ အေးအေးချမ်းချမ်းသာ နေချင်ပါသည်…။

ဘာပဲဖြစ်ဖြစ် လက်ရှိအနေအထားကတော့ အတော်လေး အေးချမ်းပါသည်…။
ကိုယ့်အနားမှာ ကိုယ် ဘာလုပ်လုပ် ချစ်ခင်စွာ အားပေး ထောက်ခံတတ်သော မိသားစုလေးနှင့်အတူ ရင်းနှီးချစ်ခင်ရသော သူငယ်ချင်း မိတ်ဆွေများ၊ လူရိုသေ ရှင်ရိုသေ နေ့စဉ် ပုံမှန် အလုပ်ကလေး တခု၊ မက်မောတွယ်တာစရာ သုံးနှစ်သား ဘလော့ဂ်တခု နှင့် သူနှင့်ပတ်သက်ပြီး ခင်မင် သံယောဇဉ်ဖြစ်ရသူများ၊ ကင်မရာတလုံး ဓါတ်ပုံများနှင့် ဓါတ်ပုံ မိတ်ဆွေများ၊ နွေးထွေး နှစ်လိုဖွယ်ကောင်းသော ကျောချစရာ နေရာလေးတခု၊ ဖတ်စရာ စာအုပ်တပုံ နှင့် ကော်ဖီခါးခါး တခွက်၊ ကန်ထဲမှာ လူးလာခေါက်ပြန် ပြေးလွှားနေသော ရွှေငါးကလေးများ၊ အဖူးတံလေးတွေ ထွက်လာစပြုနေသော သစ်ခွပန်းအိုးငယ်ကလေးများ… ဒါတွေဟာ ကိုယ့်ရဲ့ လက်ရှိဘဝသာ ဖြစ်သည်။ နောက်ထပ် ဘာကိုမှ လောဘတွေ မကြီးချင်တော့ဘဲ ရောင့်ရဲ တင်းတိမ်နိုင်ဖို့ကိုသာ ကြိုးစားချင်ပါသည်။ နေတတ်လျှင် ကျေနပ်စရာ မဟုတ်ပါလား…

၂၀၁၀ အတွက် ကိုယ့်ရဲ့ ဟိုရောက် ဒီရောက် မှတ်တမ်းကတော့ ဤမျှသာ…။
သည်လိုနှင့် မကြာခင်မှာ ရောက်လာတော့မည့် ၂၀၁၁ မှာ ကြုံတွေ့လာသမျှ ကောင်းခြင်း ဆိုးခြင်းတွေ အားလုံးကို အပြုံးနှင့် ရင်ဆိုင် ဆီးကြိုပြီး အရာရာကို လိုက်လျောညီထွေ အဆင်ပြေပြေ ဖြတ်သန်းနိုင်ဖို့သာ ဆုတောင်းမိတော့သည်။ ဒီစာမျက်နှာကို လာဖတ်ကြသော ချစ်မိတ်ဆွေ သူငယ်ချင်းများကိုလည်း လာခြင်းကောင်းသော ပျော်ရွှင်သာယာသော နှစ်သစ် ၂၀၁၁ ဖြစ်စေရန် ကြိုတင် ဆုတောင်းပေးပါသည်…။



Wednesday, December 1, 2010

ဒီဇင်ဘာ နေ့စွဲများ


ချစ်စဖွယ် ဒီဇင်ဘာလကို ရောက်လာပြီ….
မနှစ်က ၂၀၀၉ အတွက် မှတ်တမ်းကို နိုဝင်ဘာထဲမှာ ရေးဖြစ်ခဲ့သည်။ အခု ၂၀၁၀ အတွက် မှတ်တမ်းလေးကို ရေးလက်စ… ဒီဇင်ဘာ ၁ ရက်နေ့ Sweet December မှာ တင်မည်ဟု တွေးထားသည်။ သို့သော် ထိုမှတ်တမ်းထက် အရေးကြီးသော ပိုစ့်ကို ယခု တင်လိုက်သည်။ အခြားတော့ မဟုတ်… မွေးနေ့ ဆုတောင်း ပိုစ့် ဖြစ်သည်။ ကိုယ်တိုင်က ဒီဇင်ဘာမှာ မွေးသူတယောက် မဟုတ်သော်လည်း ဒီဇင်ဘာကို ချစ်သူတယောက် ဖြစ်သည်က တကြောင်း၊ ကိုယ် ချစ်သူ ခင်သူ တော်တော်များများ၏ မွေးနေ့တွေက ဒီဇင်ဘာထဲမှာ တန်းစီနေသည်က တကြောင်းတို့ကြောင့် ဤ မွေးနေ့ ဆုတောင်းပိုစ့်ကို အရင် တင်လိုက်သည်။

မနှစ်ကလဲ ဒီဇင်ဘာ မွေးနေ့ရှင်များကို ဒီနေရာမှာ ဆုတောင်းပေးခဲ့သည်။ သို့သော် ဘယ်နေ့မှာ ဘယ်သူ ဘယ်ဝါဟုတော့ ခွဲခွဲခြားခြား မဖေါ်ပြဖြစ်ခဲ့…။ သည်နှစ်တော့ အများ သိနေပြီးသားသူ တချို့ကို နာမည်နှင့်တကွ ရေးသား ဆုတောင်းလိုက်သည်။ သူတို့ စေတနာအလျောက် မုန့်ကျွေးလိုက ဖိတ်ကြား ကျွေးမွေးနိုင်ပြီး ကျန်သော မိတ်ဆွေ သူငယ်ချင်းများက သူတို့ သူတို့ထံ မွေးနေ့ ဆုတောင်းများ၊ မွေးနေ့ လက်ဆောင်များ ပေးပို့လိုပါက ပေးပို့နိုင်စေရန် ရည်ရွယ်သည်။ (မွေးနေ့ရှင်များ လက်ဆောင်ရပါက ကိုယ့်ကို တဝက်ခွဲပေးရန် မမေ့ကြစေချင်...)

အိုကေ… ဒါဆို ဒီဇင်ဘာ ၁ ရက်နေ့မှ စပြီး အစဉ်လိုက် ရေးပြပါမည်…။

ဒီဇင်ဘာ၏ ပထမဦးဆုံးနေ့… ဒီဇင်ဘာ ၁ ရက်နေ့ မွေးနေ့ရှင်သည်ကား ရိုးရိုးတွေး ရှင်းရှင်းပဲ ရေးတတ်သော ကိုယ်တို့ မိတ်ဆွေကြီး ကလူသစ် ဖြစ်ပေတော့သည်။ ရှေ့ဆက်ပြီး အတွေးရိုးရိုးနှင့် အရေးရှင်းရှင်းတွေကို အများကြီး တွေးနိုင် ရေးနိုင်စေရန် ဆုတောင်းသည်…။ ကလူသစ်သည် အိမ်သူ သက်ထားကို မွေးနေ့လက်ဆောင် မပေးတတ်သော သူတယောက် ဖြစ်သည်ဟု သိရသည်…။ ထို့ကြောင့် သူ့မွေးနေ့မှာလဲ ဘာလက်ဆောင်မှ ရလိမ့်မည် မထင်။ ကလူသစ်အနေဖြင့် မွေးနေ့လက်ဆောင်ရလိုပါက အိမ်သူသက်ထားကို သူနှစ်သက်သော လက်ဆောင်များ မကြာခဏ ဝယ်ပေးခြင်း၊ သူငယ်ချင်း အပေါင်းအသင်းများကို စေတနာ ထက်သန်စွာဖြင့် ဘီယာတိုက်ခြင်း၊ မုန့်ကျွေးခြင်း စသော ကောင်းမှု ကုသိုလ် များများလုပ်ပါရန် တိုက်တွန်းသည်။ ပျော်စရာ မွေးနေ့ ဖြစ်ပါစေ ကလူသစ်ရေ…။

ဒီဇင်ဘာ ၁ ရက်နေ့ မှာ နောက်မွေးနေ့ရှင် နှစ်ယောက် ရှိနေသေးကြောင်း မကြာသေးခင်ကမှ သိလိုက်ရသည်။ တယောက်က ခပ်ရင့်ရင့် စာများကိုရေးသော ခပ်မိုက်မိုက် ဘလော့ဂ်ဂါ ခမမ ဖြစ်သည်။ နောက်တယောက်ကတော့ စားချင်စဖွယ် ဟင်းလျာများကို ပြင်ဆင် ချက်ပြုတ်ပြတတ်ပြီး ချစ်စရာ သားကလေး၏ တနေ့ထက် တနေ့ တိုးတက် ကြီးထွားလာပုံများကို အသေးစိတ် သေသေချာချာ ရေးပြတတ်သော မွန်မွန် ဖြစ်သည်။ ပျော်စရာ မွေးနေ့များ ကိုယ်စီ ပိုင်ဆိုင်နိုင်ကြစေကြောင်း ဆုတောင်းသည်။

မမျှော်လင့်ပဲ ချိုသော ဒီဇင်ဘာ မွေးနေ့ရှင် နောက်တယောက် ထပ်တိုးလာသည်...။ နှင်းဆီတခင်း ပန်းတခြင်းပိုင်ရှင် သိင်္ဂါကျော် ဖြစ်သည်...။ သူ ကော်မန့်လာရေးသွားမှ သိလိုက်ရသဖြင့် သူ့အတွက် မွေးနေ့ဆုတောင်းလေးကို ချက်ချင်း ဖြည့်စွက်ရေးသားလိုက်သည်...။ Sweet December ကို ချစ်တယ်… ငါ့ကို ချစ်တဲ့ သူငယ်ချင်းတွေ အားလုံးကို ချစ်တယ်… ခရစ်ယာန် မဟုတ်ပေမယ့် ခရစ္စမတ်စ် ကိုလည်း ချစ်တယ်… ဒီဇင်ဘာရေ… ငါ့အိပ်မက်တွေ အကောင်အထည်ဖော်ဖို့ ခွန်အားပေးပါနော် ဟူသော သူ၏ ဆုတောင်းအတိုင်း တလုံးတဝတည်း ပြည့်စုံစေကြောင်း ဆုတောင်းပေးလိုက်ပါသည်...။

ဒီဇင်ဘာ ၆ ရက် နှင့် ၁၂ ရက် မွေးနေ့ရှင်များကတော့ ဆွေမျိုး မိသားစုဝင် နှစ်ယောက်၊ ပြီးတော့ အလွန် ရင်းနှီးသော ငယ်သူငယ်ချင်းတို့၏ သားငယ် သမီးငယ်လေး နှစ်ယောက် ဖြစ်ကြသည်…။ မွေးနေ့ရှင် လူကြီး လူငယ်များ အသက်ရှည် ကျန်းမာပြီး လိုရာဆန္ဒ ပြည့်ဝကြစေရန် ဆုတောင်းသည်။

ဒီဇင်ဘာ ၁၄ ရက်… ကိုယ် ချစ်ရသော သူငယ်ချင်းတယောက်၏ မွေးနေ့… သူငယ်ချင်း စိတ်ချမ်းသာ ပျော်ရွှင်ပြီး အစစ အရာရာ အဆင်ပြေစေရန် အမြဲ ဆုတောင်းနေပါသည်။

ဒီဇင်ဘာ ၁၆ ရက် မွေးနေ့ရှင်မှာ ကိုယ်တို့အားလုံး ချစ်ခင်ကြရသော မမ ခင်ဦးမေ ဖြစ်သည်။ မမ စိတ်ရော ကိုယ်ပါ ကျန်းမာ ချမ်းသာပြီး Shopping များများ ထွက်နိုင်စေကြောင်း၊ Blog မှာ ပိုစ့်တွေ များများ ရေးနိုင်စေကြောင်း၊ Blog တွေ များများ သွားရောက် လည်ပတ် ဖတ်ရှုနိုင်စေကြောင်း၊ ကော်မန့် များများ ပေးနိုင်စေကြောင်းတို့နှင့်အတူ နောင်နစ်ပေါင်းများစွာ များစွာတိုင်အောင် သက်ရှည် ကျန်းမာပြီး ချစ်သောသူများနဲ့ အတူတကွ ရှိစေကြောင်း ဆုတောင်းသည်…။ မမ ရေးသော ပိုစ့်တွေကြည့်လိုက်ရင် ည မိုးချုပ်ရုံသာမက မနက် အစောကြီးတွေမှာပါ တင်ထားတာ တွေ့ရသည်…။ အိပ်ရေးလဲ ဝအောင် အိပ်ပါ မမ…

ဒီဇင်ဘာ ၁၇ ရက်… သည်မွေးနေ့ရှင်မှာ စာရေး ကဗျာရေး ကောင်းပြီး ဓါတ်ပုံရိုက် တော်သည်ဟု လူသိများသည်။ ဤသို့ အောင်မြင်ကျော်ကြား လူကြိုက်များလှသော သူ၏ ဘလော့ဂ်ကို စိတ်တိုင်းကျ ဖွင့်ချည် ပိတ်ချည် ပြုလုပ်ရင်း အခု လက်ရှိ အချိန်မှာ အပြီးပိတ်ထားလိုက်ပြီဟု ယူဆရသော ဝရမ်းပြေး လူဆိုး ဘလော့ဂ်ဂါ တယောက်ဖြစ်သည်။ ခိုင်လုံသောရပ်ကွက်မှ ကြားသိရသော သတင်းအရ အနှီလူသားသည် ဘလော့ဂ်လောကကို ပြတ်ပြတ်သားသား သံယောဇဉ်ဖြတ် ကျောခိုင်းလိုက်သမှ ဘလော့ဂ်ဆို ဘယ်ဘလော့ဂ်မှ မဖတ်တော့ချေ ဟူ၏။ ထို့ကြောင့် ဤပိုစ့်ကို သူ ဖတ် မဖတ် မသေချာ… ဘာပဲဖြစ်ဖြစ် ကိုယ်ကတော့ သူ့မွေးနေ့အတွက် သတိတရ ဆုတောင်းပေးလိုက်ပါသည်…။ စိတ်သွားတိုင်း ကိုယ်ပါ လိုရာ ဆန္ဒ ပြည့်စေသောဝ်…။ လိုအပ်လျှင် လိုအပ်သလို မှီဝဲရန် ဇီးဖျော်ရည် ဆောင်ထားရသော အခြေအနေမှလဲ ကင်းဝေးပါစေသောဝ်…။

ဒီဇင်ဘာ ၂၀ မွေးနေ့ရှင်... ကိုယ် ဘာပဲ ရေးရေး ချစ်ခင်စွာ အစဉ်အမြဲ အားပေးတတ်သော၊ သုံးတန်းမှစကာ စက်မှုတက္ကသိုလ်မှာ အတူတူ ကျောင်းပြီးသည်မှ အခုချိန်အထိ ချစ်ခင် တလှည့် ရန်ဖြစ် တလှည့်နှင့် အနားမှာ အတူရှိနေသော၊ နေ့စဉ် နေ့တိုင်း မတွေ့ဖြစ်ကြသော်လည်း လိုအပ်ချိန်တိုင်းမှာ တယောက်ကို တယောက် အလိုက်တသိနှင့် နားလည် အားပေး ကူညီ စောင့်ရှောက်ကြရင်း ချစ်ခင်ရသော ငယ်သူငယ်ချင်းလေး ခိုင်… မွေးနေ့မှာ ပျော်ရွှင် ချမ်းမြေ့စေရန် ဆုတောင်းသည်…။ မွေးနေ့လက်ဆောင် ဝယ်ထားပြီးပြီ… မုန့်ကျွေးရန် စဉ်းစားထားပါလေ…။

ဒီဇင်ဘာ ၂၅… ခရစ်စမတ်နေ့ မွေးနေ့ရှင်… ဘဝအတွက် လက်တွဲဖေါ်ရနေသည်ကို အများပြည်သူတို့ ယုံမှား သံသယ မရှိရလေအောင် နှစ်ယောက်အတူ ကြည့်ထားသော ရုပ်ရှင်လက်မှတ် ခပ်ကြေကြေကို (ဘာကြောင့် ကြေနေသည်ကို မသိရသေး၊ စုံစမ်းဆဲ…) မျက်နှာစာအုပ်မှာ လာရောက် ပြသရ၊ သွားရ လာရ လည်ရ ပတ်ရ စားရ သောက်ရနှင့် မအားနိုင်အောင် ဖြစ်နေပြီး ဘလော့ဂ်ကို ပစ်ပစ်ခါခါ ပြုထားသော လူသား ကိုဘွိုင်းဇ် ၏ မွေးနေ့…။ မွေးနေ့ရှင် ကိုဘွိုင်းဇ် များမကြာမီ အချိန်အတွင်းမှာ ရုပ်ရှင်လက်မှတ်များသာမက ဖိတ်စာလှလှကိုပါ ပြသနိုင်စေကြောင်း ဆုတောင်းသည်။

ဒီဇင်ဘာ ၂၈ ရက်… ကိုယ့်ချစ်လှစွာသော အထက်လူကြီး၏ မွေးနေ့…။ သည်ဘလော့ဂ်ကို သူ မသိ၊ သည်စာလုံးများကို သူ နားမလည်၊ သည်စာမျက်နှာကို သူ မဖတ်တတ်သော်လည်း ဒီဇင်ဘာ မွေးနေ့ရှင်တယောက်အဖြစ် ဒီနေရာမှာ အရင် ဆုတောင်းပေးလိုက်ပါမည်…။ ပရိုဂျက်ကြီးကြီးတွေ များများရပြီး လာမယ့် တရုပ်နှစ်သစ်ကူးမှာ စာအိပ်အနီရောင် ခပ်ထူထူများ ရကြစေကြောင်း ရည်ရွယ်မျှော်မှန်း၍ ရုံးအဖွဲ့သားများ အားလုံး (မြန်မာ Department) ၏ ကိုယ်စား မွေးနေ့ ဆုမွန်ကောင်း တောင်းပေးလိုက်သည်…။ တောင်းတဲ့ ဆုနဲ့ ပြည့်စေသောဝ်…။

ကိုယ် သိသ၍ ဒီဇင်ဘာမွေးနေ့ရှင်များမှာ ဤမျှသာ။ အကယ်၍ ကိုယ်တို့ သိသော အပေါင်းအသင်း ရောင်းရင်းတွေထဲမှာ ဒီဇင်ဘာ မွေးနေ့ရှင်များ ကျန်ရှိနေပါက အသိပေးစေချင်သည်…။ မှတ်မှတ်သားသား စာရင်းတို့ထားကာ မမေ့မလျော့ ဆုတောင်းပေးပါမည်…။

မွေးနေ့ရှင်များအားလုံး ကိုယ့် ကိုယ်ပိုင်နေ့စွဲများကို အတတ်နိုင်ဆုံး အဓိပ္ပါယ်ရှိရှိနှင့် အကောင်းဆုံး ကျော်လွန် ဖြတ်သန်းစေရင်း၊ ကုန်လွန် ဖြတ်သန်းလာခဲ့သော နေ့စွဲများကို နောက်ပြန် လှည့်ကြည့်လိုက်တိုင်း စိတ်အနှောက်အယှက် ဖြစ်စရာများ၊ နောင်တရစရာများ မတွေ့ရလေအောင် ကြိုးစား စွမ်းဆောင်ရင်း၊ ကိုယ်တိုင် ယုံကြည်ရာ လမ်းမများ၊ ကိုယ် အလိုရှိရာ တောင့်တရာ အောင်မြင်မှုများဆီသို့ တလှမ်းချင်း တိုးဝင် လှမ်းလျှောက်သွားနိုင်ရန် ကြိုးစားရင်း၊ ကိုယ့် စိတ်ကူးများ အိပ်မက်များကို လက်တွေ့ အကောင်အထည်ဖေါ်နိုင်အောင် အားထုတ်ရင်း ကိုယ့် ကိုယ်ပိုင်နေ့စွဲလေးများကို အကြိမ်ပေါင်း မြောက်များစွာ ဆက်လက် ပိုင်ဆိုင်ကြစေရန် မျှော်လင့် ဆုတောင်းသွားကြရအောင်လေ…