Monday, May 16, 2011

စိတ်၏ ခေါ်ဆောင်ရာ

ဥမ္မာ့ရဲ့ စာအုပ် ဆိုတဲ့ E Book လေး ထွက်လာပါပြီ။ စာအုပ်လေးကို ဒီနေရာ မှာ Download လုပ်ယူနိုင်ပါတယ်။

စာအုပ်တအုပ်လုံးကို လက်ရေးစာလုံးလှလှလေးတွေ၊ ချစ်စရာ ရုပ်ပုံလေးတွေနဲ့အတူ ထူးထူးခြားခြား လှလှပပ ဖြစ်အောင် အချိန်ပေးပြီး စီစဉ်သူတွေက ဒီမှာပါ။


အခုလို စီစဉ်ပေးသူတွေကိုလည်း ကျေးဇူး အများကြီးတင်ပါတယ်။
ဒီစာအုပ်လေးမှာ ဟန်သစ်ငြိမ်၊ ခိုင်စိုးလင်း၊ အိန္ဒြာ၊ ပန်ဒိုရာ၊ မယ်ကိုး၊ မိုးလှိုင်ည၊ နန်းညီ၊ ကောင်းကင်ကို၊ ကျော်ညိုသွေး၊ သက်ထွေး၊ နေဦး၊ သြမြိုင်၊ နေမြဲ၊ မှူးဒါရီ၊ ကျော်ဇင်ဦး တေလေ၊ ညိုမင်းခတို့ရဲ့ ကဗျာ ဝတ္ထု စာစုတွေနဲ့အတူ ကိုယ်ရေးထားတဲ့ "စိတ်၏ ခေါ်ဆောင်ရာ" ဆိုတဲ့ ဝတ္ထုတိုလေးတပုဒ် ပါပါတယ်…။


ဖတ်ကြည့်ပါ… လိုအပ်တာများရှိရင် ထောက်ပြ ဝေဖန် ပြောဆိုသွားခဲ့ပါ…။

စိတ်၏ ခေါ်ဆောင်ရာ

သည်အခန်းခပ်ကျဉ်းကျဉ်းလေးထဲမှာ သူ တယောက်တည်း နေထိုင်သည်။ ဆေးရောင် အဝါဖျော့ဖျော့ သုတ်ထားသော အခန်း၏ တဖက်တချက်စီမှာ တယောက်အိပ် ကုတင်တလုံး နှင့် စားပွဲတလုံး ရှိသည်။ စားပွဲပေါ်မှာတော့ အမျိုးအမည် မရေတွက်နိုင်သော ပစ္စည်းများ ရှိနေသည်။ ကုတင်ပေါ်မှာ ခေါင်းအုံး နှင့် စောင်ကတော့ သပ်သပ်ရပ်ရပ်။ ကုတင်အောက်မှာ ကြွပ်ကြွပ်အိပ် အစိမ်းရောင် အဖြူရောင်တို့ဖြင့် ထုတ်ပိုးထားသော လေးထောင့် စပ်စပ် အထုတ်များ စီစီရီရီ ရှိနေသည်။ ကုတင်၏ ခြေရင်းဖက်မှာတော့ အိပ်ခန်း အတော်များများမှာ တပ်ဆင်လေ့ မရှိတတ်သော ကြွေလက်ဆေးကန်တခုက အခန့်သား တည်ရှိနေလေသည်။ ထိုလက်ဆေးကန်၏ အောက်ခြေမှာ ကြီးမားသော်လည်း ပေါ့ပါးဟန်တူသော ကြွပ်ကြွပ်အိပ် အထုတ်များလည်း ရှိနေသေးသည်။

သည် လက်ဆေးကန်ကို တပ်ဆင်စဉ်က အိမ်သားများနှင့် တော်တော်လေး အတိုက်အခံ ပြောခဲ့ ဆိုခဲ့ အငြင်းပွားခဲ့ရသည်ကို မှတ်မိနေသေးသည်။ တကယ်ဆို အပြင်က သူစိမ်းတွေ မဆိုထားနှင့် အိမ်က အတူနေ အိမ်သားများကပင် သူ့ကို နည်းနည်းမှ နားမလည်တတ်ကြချေ။ သူပြုသမျှ အပြုအမူတိုင်းကို ရယ်စရာ (သို့မဟုတ်) လက်မခံနိုင်စရာတွေချည်းဟုသာ ထင်မြင်ယူဆတတ်ကြသည်။ ထားပါလေ… ဒီကိစ္စက သူ့အတွက်တော့ အရေးတကြီး မဟုတ်သလို အထူးတဆန်းလဲ မဟုတ်တော့ပါ။

*****

ပြောရရင် သူသည် သိတတ်စ အရွယ် ခပ်ငယ်ငယ်ထဲက အသန့်အရှင်း သိပ်ကြိုက်သည်…။ စိတ်ထဲတွင် သိပ်မသန့်ရှင်းလှဟု ထင်ရသော တစုံတခုကို ထိမိ ကိုင်မိတိုင်း လက်ကို ဆပ်ပြာဖြင့် သေသေချာချာ စင်ကြယ်အောင် ဆေးရမည်ဟူသော အမေ့စကားကို တသွေမတိမ်း လိုက်နာသည်။ တဖြည်းဖြည်းနှင့် အရွယ်ရလာသောအခါ လက်ကို ပေကျံစေမည့် အရာများ၊ လက်မှာ အနံ့အသက် စွဲတတ်သော အစားအစာများ ကို အတတ်နိုင်ဆုံး ရှောင်တတ်လာသည်။ ကျောင်းမှာ၊ ကစားကွင်းမှာ၊ အပြင်မှာ တခုခုကို ထိမိ ကိုင်မိပြီးတိုင်း လက်ကို အထပ်ထပ် ဆေးကြောမိသည်။ ငယ်စဉ်ကတော့ အတူတူ ကျောင်းသွားဖေါ် ကစားဖေါ်များ၏ မိဘတွေ၊ လူကြီးတွေက သူ၏ သန့်ရှင်းမှုကို ချီးကျူးကြသည်။ ထိုအခါ ကလေးပီပီ အနည်းငယ်တော့ ဘဝင်မြင့်မိသည်သာ…။

ရေခဲချောင်း၊ ရေခဲမုန့်၊ ချောကလက် စသည်တို့ကို လက်နှင့် ကိုင်စားရင်း အရည်ပျော်ပြီး စီးကျလာသည်ကို ကြုံရသော အခါ၊ ဒူးရင်းသီးစားပြီး လက်မှာ စွဲနေသော အနံ့ကို ဖျောက်ရခက်သောအခါ၊ မျှစ်ဟင်းစားပြီး ဘယ်လောက်ဆေးဆေး လက်မှာ အနံ့ မပျောက်သောအခါ နောက်နောင်ကို ထိုအရာများကို သတိကြီးစွာဖြင့် ရှောင်ကြဉ်သည်။ အလွန်အမင်း စားချင်လာသောအခါ ဇွန်းဖြင့်သာ စားသည်။ ထိုအရာများနှင့် မတော်တဆ ထိမိသွားပါက လက်ကို ဆပ်ပြာတတုံး ကုန်လုနီးပါး ဖြစ်ပြီး ပဲကြီးရေ တွန့်လာအောင် တိုက်ချွတ်ဆေးကြောသည်။ ဤသို့ ဆေးလိုက်ရမှ စိတ်ထဲမှာ စင်ကြယ်သွားပြီး နေလို့ ထိုင်လို့ ကောင်းသွားသည်။

သည်လိုနှင့် အချိန်တိုင်း လက်ဆေးတတ်သောအကျင့်မှာ သူ့အတွက် အစွဲအလန်းတခုပမာ ဖြစ်လာသည်။ တနေ့ကို အကြိမ်ပေါင်း မည်မျှ ဟု မရေမတွက်နိုင်အောင် လက်ဆေးသည်။ ရောက်လေရာ နေရာမှာ ဘာမှမလုပ်ခင်၊ ဘာမှ မထိတွေ့ မကိုင်တွယ်ခင်မှာ လက်ဆေးစရာ နေရာကို ဦးစွာ လိုက်ရှာမိသည်။ လက်ဆေးပြီးတော့ လက်သုတ်စရာ တစ်ရှုးပေပါကို သွားလေရာရာ အမြဲမပြတ် ဆောင်ယူသွားတတ်သည်။

နောက်ဆုံးမှာတော့ အရာရာကို ထိတွေ့ကိုင်တွယ်ရန် မသတီတတ်သော စိတ်နှင့် တခုခုကို ထိမိတိုင်း လက်ဆေးတတ်သော အကျင့်တို့သည် သူ၏ စိတ်ကို တဖက်စွန်းသို့ ရောက်အောင် သိသိသာသာကြီး တွန်းပို့လိုက်လေသည်။ ထိုအခါ အချိန်တိုင်း လွယ်လင့်တကူ လက်ဆေး၍ ရစေနိုင်ရန် သူ၏ အိပ်ခန်းထဲမှာ လက်ဆေးကြွေခွက်တခု တပ်ဆင်လိုက်သည်။ ရေပိုက်များ သွယ်ဆက်ရန် အိမ်နံရံကို ထုနှက် ထွင်းဖေါက်ရသောကြောင့် အိမ်သားများနှင့် စကားများ အငြင်းပွားရသည်။ အိမ်သားများက သူ့ကို လူထူး လူဆန်းတဦးသဖွယ် ဝိုင်းကြည့်နေကြချိန်မှာ သူတို့၏ မျက်လုံးတွေသည် လမ်းထိပ်နားမှာ တယောက်တည်း စကားတီးတိုးရေရွတ်ရင်း အိတ်အကြီးကြီး တလုံးကို လွယ်ကာ ဟိုဟို ဒီဒီ ခြေဦးတည့်ရာ လျှောက်သွားနေတတ်သော သူရူးတယောက်၏ မျက်လုံးများနှင့်ပင် ခပ်ဆင်ဆင် တူနေသေးသည်ဟု တွေးရင်း တယောက်တည်း အသံတိတ် ရယ်မောခဲ့ဖူးသည်။

အခန်းထဲမှာ လက်ဆေးကြွေခွက်တခု တပ်ဆင်ပြီးနောက် အိမ်အနီးမှ ကုန်စုံဆိုင်သို့သွားကာ တစ်ရှုးပေပါ ဆယ်လိပ်တွဲ အထုတ်ကြီးများကို သယ်နိုင်သလောက် ဝယ်လာခဲ့သည်။ အိမ်သားများက သူ့ကို ဆီးကြိုပြီး ဝယ်လာသော တစ်ရှုးထုတ်များကို မီးဖိုခန်းထဲသို့ ယူသွားသောကြောင့် သူတို့ကို ပျာပျာသလဲ တားမြစ်ကာ ထိုတစ်ရှုးလိပ်များအားလုံးကို သူ့အိပ်ခန်းဆီသို့ သယ်ယူသွားခဲ့၏။ အိပ်ခန်းထဲမှာ လက်ဆေးကြွေခွက် တပ်ဆင်ပြီး၊ လက်သုတ်စရာ တစ်ရှုးများ အပြည့်အစုံ ရောက်လာသောအခါ ရရှိခံစားရသည့် စိတ်ကျေနပ် ပြည့်စုံမှုကို ဘယ်အရာနှင့်မှ မလဲနိုင်ပဲ တစိမ့်စိမ့် စားသုံးနေမိသည်။

*****

အားလုံး အဆင်ပြေသွားပြီ…။
ဘယ်မှသွားစရာမလိုပဲ အိပ်ခန်းထဲမှာပင် အချိန်မရွေး လက်ဆေးနိုင်သလို လက်ဆေးပြီးလျှင် သုတ်စရာ တစ်ရှုးတွေလဲ အပြည့်အစုံ ရှိနေပြီ…။ သူ့စိတ်တွင် ကျေနပ်မဆုံးနှင့် လက်ကို စိတ်ရှိတိုင်း ဆေးသည်။ ပြီးလျှင် လက်ကို သုတ်သည်။ လက်တခါဆေးပြီးတိုင်း စိတ်ထဲမှာ တခါ သန့်ရှင်းသွားသည်ဟု ခံစားရသည်။ စိတ်အတွင်းက အညစ်အကြေးများ ကင်းစင်ပြီး အစဉ်သန့်ရှင်းစေရန် လက်များများဆေးဖို့ လိုအပ်မည်မှာ သေချာလှသည်။ ထိုအယူအဆကို ရာနှုန်းပြည့် ထောက်ခံမဲ ပေးမည့်သူ၊ စာရွက်ပေါ်မှာ အမှန်ခြစ် ခပ်ကြီးကြီး ခြစ်ပေးမည့်သူ တစုံတယောက်မျှ ရှိရန် မလိုအပ်ပါ…။

သည်လိုနှင့် နေ့နေ့ ညည သူ လက်ဆေးသည်။ ပြီးတော့ လက်သုတ်သည်။ ဆေးပြီးရင်းလည်း ထပ်ဆေးသည်…။ ကုတင်စွန်းကို ကိုင်မိလည်း လက်ဆေးသည်။ အိပ်ရာသိမ်းပြီးလည်း လက်ဆေးသည်။ တံခါးလက်ကိုင်ဖုကို ကိုင်မိလည်း လက်ဆေးသည်။ စားပွဲပေါ်မှ အရာတခုခုကို ကိုင်မိတိုင်းလည်း လက်ဆေးသည်…။ ပြီးတော့ လက်သုတ်သည်။ လက်ဆေးသည်။ ပြီးတော့ လက်သုတ်သည်။ လက်ဆေးသည်။ ပြီးတော့ လက်သုတ်သည်…။ ထိုအခါ ရက်အနည်းငယ်အတွင်းမှာ သူ့အိပ်ခန်းတခုလုံး တစ်ရှုးစက္ကူများ ဟိုထောင့်မှာ တပုံ ဒီထောင့်မှာ တထွေးနှင့် ဖွေးဖွေးလှုပ်အောင် ပြည့်လာသည်။

ထိုတစ်ရှုးများကို ထည့်စရာ ကြွပ်ကြွပ်အိတ် အကြီးစားများဝယ်ရန် အိမ်အနီးမှ ကုန်စုံဆိုင်သို့ နောက်တခေါက် သွားခဲ့သည်။ လမ်းတလျှောက်မှာ တွေ့နေ မြင်နေကျ အိမ်နီးချင်းများနှင့် တွေ့သောအခါ သူတို့၏ အကြည့်တွေကို မကြိုက်ချင်။ သူတို့၏ မျက်လုံးများသည် ကြောင်တောင်တောင်ဖြစ်နေရုံသာမက အရောင်ရင့်ရင့် အညစ်အကြေးရိပ်များ စွန်းထင်းနေသလို… စိတ်ထဲမှာ သူတို့ကို လက်ဆေးရန် ပညာပေးနေမိသေးသည်။ လက်ကို သေသေချာချာ မဆေးကြောသောကြောင့် ထိုမှတဆင့် အညစ်အကြေးများ မျက်နှာတွေ မျက်လုံးတွေဆီသို့ ကူးစက် ညစ်ထေးနေကြဟန်တူသည်ဟု ကောက်ချက်ဆွဲလိုက်သည်။ ထို့နောက် ခေါင်းကို တဆတ်ဆတ်ညိတ်ကာ ပြုံးရင်း လမ်းတလျှောက် တွေ့သမျှ လူတိုင်း၏ ကြောင်စီစီ အကြည့်တွေကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်နိုင်ခဲ့သည်။

ကြွပ်ကြွပ်အိတ်ရောင်းသော ဆိုင်မှ ဆိုင်ရှင်က သူ့ကို စေ့စေ့ကြည့်ပြီး နေကောင်းရဲ့လား ဟု မေးသည်။ ပြီးတော့ ကောင်းကောင်းသွားနော်… အိမ်ရောက်အောင် ပြန်တတ်ရဲ့လား ဟူသော ခပ်ကြောင်ကြောင် အမေးကိုပါ တဆက်တည်း မေးလိုက်သေးသည်။ အို.. အဓိပ္ပါယ် မရှိလိုက်တာ… သူတို့ အားလုံး တခုခုတော့ အကြီးအကျယ် မှားယွင်းနေကြပြီ…။

ဈေးဝယ်ပြီး အိမ်ပြန်ရောက်သောအခါ အိမ်သားများက သူ့ကို အကြည့်တမျိုးနှင့် ကြည့်ကြပြန်သည်။ သူတို့ကြည့်ရတာ စိုးရိမ်တကြီးနှင့်… မူလည်း မမှန်လှ…။ သူတို့တွေကို လက်မှန်မှန်ဆေးရန် လိုအပ်နေကြောင်း၊ သို့တည်းမဟုတ် ဆရာဝန်နှင့် တိုင်ပင်ကာ ဆေးစား ဆေးကု ပြုသင့်ကြောင်း ခပ်တိုတို ပြောကာ အခန်းထဲသို့ ဝင်လာခဲ့သည်။ ပြီးလျှင်တော့ လက်ဆေးကြွေခွက်မှာ လက်ကို စိမ်ပြေနပြေ ဆေးကြောမိသည်။ ကျေနပ်လိုက်သည်မှာ ဆိုဖွယ်ရာ မရှိ။ ပြီးတော့ တစ်ရှုးများဖြင့် လက်သုတ်သည်။ ပြီးတော့ တခန်းလုံး နေရာ အနှံ့ရှိနေသော တစ်ရှုးစက္ကူများကို ခုနက ဝယ်လာခဲ့သော ကြွပ်ကြွပ်အိတ် အကြီးကြီးထဲသို့ ထည့်ကာ တအိတ်ချင်း သေသေချာချာ စုစည်းမိသည်။

လက်တွေ ဆေးလိုက်၊ ပြီး လက်သုတ်လိုက်၊ လက်သုတ်ပြီးသော တစ်ရှုးများကို အိတ်ထဲ ထည့်လိုက်၊ တခါ လက်သွားဆေးလိုက်၊ ပြီးတော့ လက်သုတ်လိုက်၊ တစ်ရှုးများကို သိမ်းလိုက်… နောက် လက်ကို ပြန်ဆေးလိုက်… … …

သည်လိုနှင့် တရက်ပြီး တရက် ကုန်လာခဲ့သည်။ နောက်ပိုင်းရက်များတွင် အိမ်သားများ၏ ပြူးကြောင်ကြောင် မျက်လုံးများကို ရင်မဆိုင်ချင်သောကြောက့် အခန်းအပြင်ကိုတောင် ထွက်ပြီး အစား မစားဖြစ်တော့ချေ။ အခန်းထဲမှာ ရှိနေသမျှ အခြောက်အခြမ်းများကိုသာ စားသောက်ပြီး အချိန်ရှိသ၍ လက်ကိုသာ တွင်တွင် ဆေးနေမိသည်။ အိမ်သားများ အခန်းထဲသို့ စားစရာများ လာပို့သောအခါ သူတို့၏ ကြောင်စီစီမျက်လုံးများနှင့် စပ်စပ်စုစုနိုင်လှသော ကျီးကန်းတောင်းမှောက် အကြည့်များကို မနှစ်မျို့သောကြောင့် တံခါးကို အထဲမှနေ၍ အသေပိတ်ထားလိုက်သည်။

*****

ရက်အနည်းငယ် ကြာသွားသောအခါ အိပ်ခန်းတံခါးကို အပြင်ဖက်မှ တခုခုနှင့် လှည့်ဖွင့်နေသံ ကြားရသည်။ မကြာခင် တံခါးပွင့်သွားပြီး အိမ်သား နှစ်ယောက်နှင့်အတူ လူစိမ်းတယောက် အခန်းထဲဝင်လာကြသည်။ ထိုလူစိမ်း၏ လက်ထဲတွင် ရေအပြည့် ဖြည့်ထားသော အပြာရောင် လက်ဆွဲပုံးတပုံးနှင့် ပန်းပွင့်ရောင်စုံလေးများပါသော တစ်ရှုးတလိပ်ကို ကိုင်ဆောင်လာသည်။ ထိုသူ၏ အပြောအရ သန့်ရှင်း သန့်ပြန့်ပြီး အချိန်မရွေး လက်ဆေးရန်၊ စိတ်ရော လူရော စင်ကြယ်စွာ ဆေးကြောနိုင်မည့် နေရာတခုကို အလည်လိုက်ရန် လာရောက် ဖိတ်ခေါ်သည်ဟု ဆိုသည်။ သူ့လက်ထဲမှာ ကိုင်ဆောင်လာသော ပစ္စည်းများကိုကြည့်ရင်း သူပြောသောနေရာကို စိတ်ဝင်စားလှသည်။ ဘဝမှာ စိတ်ဓါတ်တွေ သန့်ရှင်းဖို့သာ အရေးအကြီးဆုံး မဟုတ်ပါလား…။ ထို့ကြောင့် အချိန်မဆိုင်းပင် လက်သုတ်ပြီးသော တစ်ရှုးစများထည့်ရန် အိတ်တလုံးကို ဆွဲယူပြီး လိုက်သွားရန် ပြင်ဆင်သည်။

ထို့နောက်တွင်တော့ ထိုလူနှင့်အတူ ပါလာသော ရေပုံးထဲသို့ လက်နှစ်ဖက်ကို စိမ်ပြေနပြေ နှစ်ဆေးရင်း၊ ပန်းပွင့်ရောင်စုံလေးများပါသော တစ်ရှုးဖြင့် လက်သုတ်ရင်း၊ သုတ်ပြီးသော တစ်ရှုးစများကို အသင့်ယူဆောင်လာသော အိတ်ထဲကို စုဆောင်းထည့်သိုရင်း၊ အိမ်သားများ၏ အရောင်စွန်းနေသော ပြူးတူး ကြောင်တောင် မျက်ဝန်းများကို ဥပက္ခာပြုပြီး အတတ်နိုင်ဆုံး လက်ကို စင်ကြယ်စွာ ဆေးကြောကြရန် တတွတ်တွတ် မှာကြားရင်း… လာခေါ်သော သူစိမ်းနောက်သို့ တရွေ့ရွေ့နှင့် လိုက်ပါသွားတော့သည်။

သေချာပါသည်… သူ အခု သွားမည့်နေရာသည် သူ၏ စိတ်အစဉ်ကို လိုအပ်သော သန့်ရှင်းမှုများနှင့် ကြည်လင်သော စင်ကြယ်ခြင်းများကို ပေးစွမ်းနိုင်သော နေရာတခု ဖြစ်လိမ့်မည်ဟု သူ သေသေချာချာ ယုံကြည်နေပါသည်…။

သက်ဝေ
(၆ မတ် ၂၀၁၁)


Sunday, May 8, 2011

ဈေးဝယ်ထွက်သောနေ့

ထိုနေ့က စနေနေ့ ဖြစ်သည်။
တပတ်မှာ ငါးရက် မေမေချက်ကျွေးသမျှ ဖွယ်ဖွယ်ရာရာ ထမင်း ဟင်းတွေကိုစားပြီး ရုံးပိတ်ရက်လေးမှာတော့ တတ်သမျှ မှတ်သမျှ ကိုယ့်လက်ရာလေးဖြင့် လက်စွမ်းပြအုံးမည် ဟူသော စိတ်ကူးအတွေးဖြင့် အိပ်ရာနိုး၊ ကော်ဖီသောက် မုန့်စားအပြီးမှာ ပိုက်ဆံအိတ်ဆွဲကာ ဈေးဝယ်ထွက်ခဲ့သည်။

အိမ်နှင့် မလှမ်းမကမ်းမှာ NTUC, Wet Market နှင့် Sheng Siong Super Market တို့ရှိသည်။ NTUC က ၂၄ နာရီဖွင့်သော ဆိုင်ဖြစ်သော်လည်း သိပ်အကြီးကြီး မဟုတ်သောကြောင့် ပစ္စည်းသိပ်မစုံလှ။ ပေါင်မုန့် ကြက်ဥ နွားနို့ စသော အခြောက်အခြမ်း တွေသာ ဝယ်လေ့ရှိသည်။ Wet Market ကတော့ ပြောရရင် ကိုယ်နဲ့ နည်းနည်းစိမ်းသည်။ ကိုယ့်ကိုတွေ့လျှင် တရုပ်လိုသာပြောတတ်သော ဈေးသည်တွေနှင့် ဈေးဝယ်ရတာ အဆင်မပြေ။ Wet Market မှာ ဝယ်လို့ကောင်းတာက နန်းကြီးဖတ်၊ ညှပ်ခေါက်ဆွဲဖတ်၊ Yam Cake နှင့် Carrot Cake တို့သာ။ Sheng Siong မှာကတော့ မနက်စောစောဆို ဟင်းသီးဟင်းရွက်များ၊ သစ်သီးများနှင့် အသားငါးများ လတ်လတ်ဆတ်ဆတ် ရတတ်သောကြောင့် ဈေးဝယ်သူများ ပြည့်နေတတ်သည်။ ထို့ကြောင့် Sheng Siong ကိုသာ အရင်သွားမည်ဟု ဆုံးဖြတ်လိုက်သည်။

Sheng Siong ကိုရောက်တော့ အများနည်းတူ ဆွဲခြင်းလေးတခုယူပြီး ဟိုဟိုဒီဒီ မျက်စိကစားလိုက်သည်။ အိုရှင်မုန်လာဥဟု ခေါ်ကြသော မုန်လာဥ အဖြူတွေ၊ ဘရိုကိုလီတွေ၊ ပန်းပွင့်တွေ၊ ရွှေဖရုံသီးတွေ၊ အရွက်စိမ်းတွေ လတ်ဆတ်စွာ တွေ့ရတော့ ပျော်သွားသည်။ လတ်ဆတ်သော ဟင်းသီးဟင်းရွက်များကို ကြည့်ရင်း ဟင်းအတွဲအစပ်ကို စဉ်းစားနေမိသည်။ သည်လိုနှင့် ဟိုကြည့် ဒီကြည့်… ပြီးတော့ အသားငါးတွေနား ရောက်လာသည်။ ငါးခူနှင့် ငါးသလောက်တွေ တွေ့သည်။ ကကတစ် တွေ့သည်။ ကိုယ်နှင့်ရင်းနှီးသော ရေချိုငါးအမျိုးအစားတွေကို တွေ့ရသောကြောင့် ပျော်သလိုလိုဖြစ်သွားသည်။ ရေကန်ထဲမှာ ခရုမျိုးစုံနှင့် ဂဏန်းတွေ တွေ့သည်။ ဂဏန်းတွေတွေ့တော့ မျက်နှာစာအုပ်မှ Chili Crab ပုံတွေကို သတိရပြီး ပြုံးမိသည်။ ဝယ်လို့တော့ မဖြစ်… လှုပ်နေသော သူတို့၏ လက်မတွေကို ကိုယ် ကြောက်သည်။

မျက်စိထဲမှာ ကကတစ် အကောင်လိုက်ကြော်ပြီး ငါးချိုချဉ်ချက်ထားပုံကို တွေးမိပြီး ကကတစ်ဝယ်ရန် အနားကို တိုးသွားလိုက်သည်။ တိုင်မှာ ပတ်ထားသော ပလတ်စတစ်အိပ်တခုကို လက်အိပ်သဖွယ်ပြုပြီး ခပ်ရွယ်ရွယ် ကကတစ်တကောင်ကို လှမ်းအကိုင် ငါးက စိတ်ဆိုးမာန်ဆိုးဖြင့် ဝုန်းကနဲ ထခုန်လိုက်သည်။ ရုတ်တရက်ဆိုတော့ ကိုယ်လည်း လိပ်ပြာလွင့်မတတ် ကြောက်သွားပြီး အသံထွက် အော်လိုက်မိသည်။ ကိုယ်အော်လိုက်လို့လားမသိ… ဘေးနားမှ ငါးခူတွေကလည်း လူးလူးလွန့်လွန့်နှင့် လှုပ်ရှားစပြုလာကြသည်။ ဘုရားရေ… သူတို့က Still alive ကြီးတွေပါလား…။ တော်ပြီ… တော်ပြီ… သည်ငါးတွေနဲ့ ကိုယ်နဲ့တော့ မဖြစ်ရေးချ မဖြစ်…။ မီနူးကို နောက်တခု ပြောင်းတော့မည်။

ငါးတွေနားမှ ထွက်လာပြီး ပုဇွန်တွေနားကို ရောက်လာသည်။ ပုဇွန်တွေကို အရွယ်အစားအလိုက် သုံးမျိုး သုံးစား ခွဲထည့်ထားသည်။ သေသေချာချာကြည့်လိုက်တော့ တမျိုးက ခေါင်းတွေ ပြုတ်ချင်နေသည် သိပ်မလတ်၊ နောက်တမျိုးက လတ်သည် သို့သော် အကောင်သေးသည်။ နောက်ဆုံးတမျိုးက အကောင်ကြီးသည် လှသည်။ သို့သော် တကိုယ်လုံး တလှုပ်လှုပ်နှင့်၊ ခြေချောင်းတွေကလည်း တဆတ်ဆတ် လှုပ်နေသည်။ သက်ပြင်းကို မသိမသာ ကြိတ်ချလိုက်မိသည်။ အရေးထဲ အိမ်ကလူက အဲဒီပုဇွန် ခြေချောင်းလေးတွေက တဖြည်းဖြည်း နီလာတာကို တွေ့လား… အဲဒါ သွေးဆုတ်နေတာ သေခါနီးလို့လေ... ဟု လာပြောသေးသည်။ ကဲ… ဆရာသမားရယ်… ကျောင်းစာတွေကို ကျောင်းမှာပဲ ပြန်ထားခဲ့ပါနော် ဟု ပြောမိတော့မလို ဖြစ်သွားသည်။ ကြည့်နေရင်းမှာပင် အမျိုးသမီးတယောက်က လှုပ်နေသော ထိုပုဇွန်တွေကို တကောင်ချင်း ရွေးချယ် ဝယ်ယူနေသည်ကို တွေ့ရသည်။ သည်လိုနှင့် ပုဇွန်တွေအနားမှ အောင်မြင်စွာ ဆုတ်ခွာခဲ့သည်။

အသား ငါး အရှင်တွေထားသော နေရာမှာ ဘာမှ ဝယ်ဖို့ အဆင်မပြေ။ ထို့ကြောင့် အသင့် ခုတ်ထစ်ပြီးသား ငါးတွေ ကြက်သားတွေ ထားသောနေရာကို လာခဲ့သည်။ အသင့် ခြမ်းပြီးသား ငါးခေါင်းတွေ တွေ့တော့ ဟိုတလောက Curry Fish Head Paste အထုပ်ဝယ်ထားမိတာ သတိရပြီး ဟေ့.. ငါးခေါင်းဟင်းစားမလားဟု အဖေါ်စပ်လိုက်သည်။ သူက ကောင်းသားပဲ ဟု ဆိုလာသောကြောင့် ထက်ခြမ်း ခြမ်းထားသော ငါးခေါင်းတခုကို လက်လှမ်းလိုက်သည်။ ကြည့်ရတာ အိုကေသားပဲဟုတွေးကာ အိတ်ထဲထည့်ရန်အလုပ်… ငါး ပါးစပ် ဟ နေပုံနှင့် ငါး၏ ကြောင်တောင်တောင် မျက်လုံးပြူးပြူး ဝိုင်းဝိုင်းကြီးကို တွေ့လိုက်ရသောအခါ စိတ်ထဲ ထိတ်လန့်သွားပြီး စားရမှာ မဝံ့မရဲဖြစ်သွားပြန်သည်။ ကျွတ်… ခက်တော့နေပါပြီ…

ကိုယ်ကသာ ခက်နေတာ… ပုဇွန်အရှင်တွေ ဝယ်နေသူများ၊ လေးထောင့်မှန်ပုံးတွေထဲက ငါးအရှင်တွေကို ဇကာဖြင့် ဆယ်ယူကာ ဝယ်ယူနေကြသူများ၊ ရေစပ်စပ်ထဲက ခရုတွေ ဂဏန်းအရှင်တွေကို ရွေးချယ် ဝယ်ယူနေကြသူများမှာ တန်းကို စီလို့…။

ဒါဆို ဘာဝယ်ရရင်ကောင်းမလဲ…။
ဝက်သားတွေ ကြက်သားတွေကလည်း အမြဲစားနေရလို့ ရိုးနေပြီ… မဝယ်ချင်။ ထိုစဉ် မလှမ်းမကမ်းမှာ လှီးပြီးသား ဆယ်လမွန်ငါး နီနီလေးတွေကို တွေ့လိုက်သောကြောင့် Grill လုပ်စားလျှင် ကောင်းမည်ဟု တွေးမိပြန်သည်။ ကောင်းတယ်… အဲဒါကောင်းတယ်ဟု ကိုယ့်ဖာသာ ထပ်ဆင့် အတည်ပြုပြီး ငါးတွေ ရွေးနေဆဲ မျက်စိထဲ တရိပ်ရိပ်နှင့် အနားမှာ တခုခု လှုပ်နေသလို ခံစားရသည်။ ရှေ့မှာတွေ့ခဲ့ရသော ငါးတွေ ပုဇွန်တွေ၏ ခြောက်လှန့်မှုကြောင့် လူက တလှပ်လှပ် ဖြစ်နေတာကြောင့်များလား…။ မျက်စိထဲ နောက်တကြိမ် လှုပ်နေသလို ခံစားရ၍ ဘေးကို ကြည့်လိုက်ရာ ဘေးနားက မှန်ပုံးထဲမှာ မျက်လုံးရယ် ကြောင်တောင်နှင့် ငုတ်တုတ်ထိုင်ပြီး ကိုယ့်ကို လှမ်းကြည့်နေကြသော ကိုရွှေဖါးတို့ကို အကောင်လိုက် နီးနီးကပ်ကပ်ကြီး မြင်တွေ့လိုက်ရပါတော့သည်။ လူတွေကြားထဲ နောက်တကြိမ် အသံထွက် မအော်မိအောင် ကြိုးစား ထိန်းချုပ်ရင်း ရွေးလက်စ ငါးတွေကို ပစ်ချကာ ထိုနေရာမှ ချက်ချင်း လှည့်ထွက်ခဲ့ပါတော့သည်။

ဘယ်လိုဖြစ်တာပါလိမ့်… အရင်က ဈေးဝယ်တုန်းက ဒီလို အရှင်တွေ မတွေ့ရတတ်ပါ…။ ဒီနေ့ ရုံးပိတ်ရက် ဈေးဝယ်သူများလို့လား… လူတွေက ဒီလို လတ်လတ်ဆတ်ဆတ် အရှင်တွေကို ဝယ်ယူဖို့ကို ပိုပြီး ဆန္ဒရှိကြလို့လား...။ အခုတလော Asia Food Channel တို့ Food Network Channel တို့မှာလည်း အရှင်တွေကို ချက်ချင်း လုပ်ကိုင် ချက်ပြုတ် စားတာတွေ တွေ့နေရတော့ လူတွေဟာ ဒီလိုစားဖို့ကို ပိုပြီး နှစ်သက်လာကြတာလား…။ နားမလည်နိုင်အောင် ဖြစ်ရသည်။ အသားတွေ ငါးတွေ စားကြတာချင်းအတူတူ ပံ့သကူသားခေါ်တဲ့ (ရှင်မနေတော့တဲ့) အသား ငါးတွေကို ဝယ်မစားချင်ကြတော့ဘူးလား…။ လျှာတဖျားမှာ အရသာ နည်းနည်း ကွာခြားတာကို ပိုပြီး အလေးထားကြတာလား…။

အတွေးတွေနှင့် လူက စိတ်လက် မကြည်လင်တော့…။ ကြောက်လည်း ကြောက်မိသည်။ လူတိုင်း လူတိုင်းသည် မိမိတို့ အသက်ဆက်ရှင်သန်ရန် အဟာရအဖြစ် သည်အသား ငါးတွေနှင့် ရပ်တည်နေရသည်မှာ မှန်သော်ငြားလည်း တကူးတက အရှင်လတ်လတ်တွေကို ဝယ်ယူစားသုံးမှပဲ ဖြစ်တော့မည်လား ဟု တွေးမိသည်။ ပြီးတော့ သဘာဝ ဘေးအန္တရာယ်တွေကြောင့် လူသားတွေ အစုလိုက် အပြုံလိုက် သေကြေ ပျက်စီးကြရပုံတွေကို မဆီမဆိုင် မြင်ယောင်နေမိပြန်သည်။

နောက်ဆုံးမှာတော့ အသင့် ခုတ်ထစ်ပြီးသား ကြက်သားတွေ နှင့် အသားလွှာထားသော ငါးတချို့ကို ဝယ်ခဲ့သည်။ ပန်းပွင့်၊ ဘရိုကိုလီ၊ မုန်လာဥနီ၊ မုန်ညင်းဖြူ၊ မှို၊ ရွှေပဲသီးနှင့် အရွက်စိမ်းများဝယ်ခဲ့သည်။ ကြက်သားတချို့ကို အသားလွှာ၊ အချို့ကို ပြုတ်ပြီး အရည်ကို ကြက်သား၊ ငါး၊ ဟင်းသီးဟင်းရွက်တွေနှင့် ကြက်သား မှိုလုံး၊ ငုံးဥတွေကို ရောကာ Hot Pot ပဲ လုပ်စားလိုက်တော့မည်။ အချဉ်အတွက် Maggi Extra Hot Chili တပုလင်းပါ ဝယ်ခဲ့သည်။

ပိတ်ရက်မှာ အိမ်သားတွေကို အထူးတလည် လက်စွမ်းပြ ချက်ပြုတ်ကျွေးမွေးရန် ရည်ရွယ်ထားသော်လည်း လက်တွေ့မှာ အကောင်အထည် မဖေါ်နိုင်ခဲ့။ အိမ်ပြန်ရောက်တော့ အသက်ဝဝရှု၊ ရေဝဝသောက်ပြီး သည်မနက် ဈေးမှာ တွေ့ကြုံခဲ့ရပုံတွေ ပြောပြလိုက်သည်။ ပြီးတော့ သည်နေ့အဖို့ Hot Pot နှင့်သာ ကျေနပ်ကြစေရန်…။ သို့သော်လည်း အိမ်သားတွေကို နှစ်သိမ့်သည့်အနေဖြင့် အုန်းနို့ သာကူ ကျောက်ကျော တဗန်းကို ခပ်မြန်မြန်လေး လုပ်လိုက်သည်။ Bonus ပေါ့…။


Hot Pot စားပြီး အချိုပွဲ အဖြစ် ကျောက်ကျောစားနေကြသော သူတို့ကိုကြည့်ရင်း သက်ပြင်းအသာချပြီး ဒီပိုစ့်လေးကို ရေးဖြစ်သည်။ ကိုယ်ဘာတွေ တွေးလို့ ဘာတွေ ရေးနေသည်ကို သူတို့ကတော့ သိဟန်မတူ…။



Bonus : အုန်းနို့ သာကူ ကျောက်ကျော ပုံပြင်

ဟိုးရှေးရှေးတုန်းက ကျွန်းပိစိလေးတခုမှာ ဘာချက်ချက် ဘယ်တော့မှ မြည်းလေ့မရှိတဲ့၊ ပါဝင်တဲ့ ပစ္စည်းတွေရဲ့ အချိုးအစားတွေကို တိတိကျကျ မှတ်ထားလေ့မရှိတဲ့ ရမ်းသမ်းကွတ်တယောက်ရှိသတဲ့…။ ဘာချက်ချက် အဲဒီလို ရမ်းသမ်း ချက်ပေမယ့် သူ့ကိုယ်သူတော့ ဒါဟာ ချက်ခြင်း၏ အနုပညာပါ လို့ ကြီးကြီးကျယ်ကျယ် ပြောလေ့ရှိသတဲ့။ ဒီလိုနဲ့ ဈေးဝယ်ရတာ အဆင်မပြေတဲ့ တနေ့မှာ ကြံရာမရဖြစ်ပြီး အချိုပွဲအတွက် အုန်းနို့ သာကူ ကျောက်ကျော တဗန်း လုပ်သတဲ့။

မပျော့ မမာ အနေတော် အုန်းနို့ သာကူ ကျောက်ကျောလှလှလေးတွေ ရလာတော့ သူ့ရဲ့ မရေမရာ Recipe တွေကို အခုလို ပြောပြသတဲ့…။

သာကူစေ့တွေကို “ခဏ” ရေစိမ်ပြီး ရေနွေးဆူဆူထဲမှာ သာကူ မျက်စိလေးတွေ ပျောက်တဲ့အထိ ပြုတ်ပြီး ရေစစ် အအေးခံထားပါတယ်။ ကျောက်ကျောမှုန့် “အနေတော်” ကို သကြား “ကြိုက်သလောက်” ထည့်ပြီး ကျို၊ ကျောက်ကျောတွေ ခဲခါနီးလောက်မှာ အရည် “နည်းနည်း” ကို ခုနက သာကူပြုတ်ထဲကို ခွဲထည့်ပြီး ကျန်တဲ့အထဲကို အုန်းနို့ရည် “သင့်ရုံ” ထည့်လိုက်ပါတယ်...။ ပြီးတော့ အရောင်လေးလှဖို့ အနံ့လေး မွှေးဖို့အတွက် သာကူပြုတ်ထဲကို Rose Syrup “အနည်းငယ်” ထည့်ပါတယ်။ အအေးခံမယ့် ဗန်းထဲမှာ အုန်းနို့နဲ့ ကျောက်ကျော အရောကို လောင်းထည့်၊ ပြီးတော့ ပန်းရောင်ဖျော့ဖျော့ သာကူတွေ ထည့်လိုက်ပါတယ်။

သာကူတွေက လိမ်မာတယ်... ထည့်လိုက်ရင် သူ့ဟာသူ အောက်ဆင်းသွားကြတယ်...။ ပြီးတော့ အုန်းနို့တွေကလည်း လိမ်မာကြတာပါပဲ... သူတို့ဟာသူတို့ အလိုက်တသိနဲ့ အပေါ်တက်လာကြတယ်... သာကူတွေ ကျောက်ကျောတွေ ခဲသွားတော့ ဓါတ်ပုံရိုက်ခါနီးမှာ မျက်နှာလိုက်ပြီး ပန်းနုရောင် သာကူတွေကို အပေါ်ဖက်မှာ ထားလိုက်တော့ ပုံထဲမှာ တွေ့ကြတဲ့အတိုင်း အုန်းနို့ သာကူ ကျောက်ကျောလှလှလေးတွေ ရလာပါသတဲ့…။

ကဲ... မောင်လေး ညီမလေးတို့ရေ… အုန်းနို့ သာကူ ကျောက်ကျော ပုံပြင်လေးကတော့ ဒါပါပဲကွယ်...း))


*** အုန်းနို့ သာကူ ကျောက်ကျော လုပ်နည်းတွေ ဒီမှာ နဲ့ ဒီမှာ လဲ ရှိတယ်...။ သူတို့ လုပ်ထားတာ ပိုလှတယ်...။

Thursday, May 5, 2011

မြင်တွေ့သမျှ ပြောပြပါမည် (၂)

စင်ကာပူနိုင်ငံ စာပေမြတ်နိုးသူများ အဖွဲ့မှ ကြီးမှူးသော တတိယအကြိမ်မြောက် စာပေဟောပြောပွဲကို Singapore Poly, Convention Center တွင် ဧပြီလ ၃၀ ရက်နေ့က အောင်မြင်စွာ ကျင်းပခဲ့ပြီး ဖြစ်သည်။ သည်နှစ် လာရောက် ဟောပြောကြသူများမှာ ဆရာ အောင်သင်း၊ ဆရာ ချစ်စံဝင်း၊ ဆရာ ဖေမြင့်နှင့် ဆရာမ ခင်ခင်ထူးတို့ပင် ဖြစ်သည်။ သည်တကြိမ် စာပေဟောပြောပွဲ၏ ထူးခြားချက်မှာ ဟောပြောပွဲအပြီး ဆရာများအားလုံး (ဧည့်သည်တော် ဆရာ နေဝင်းမြင့် အပါအဝင်) စာဖတ်သူများနှင့် အမေး အဖြေ ဆွေးနွေးခန်း အစီအစဉ် ပါဝင်လာခြင်းပင် ဖြစ်သည်။

ပြောရလျှင် စင်ကာပူနိုင်ငံတွင် စာပေချစ်မြတ်နိုးသူများ၊ စာပေဝါသနာရှင်များ လွန်စွာများပြားသောကြောင့် သည်နှစ် ၂၀၁၁ ခုနှစ်အတွက် စာပေဟောပြောပွဲ နှစ်ပွဲကို ဧပြီလ တလထဲမှာ တပတ်သာခြားပြီး မနီးမဝေး နေရာ နှစ်ခုမှာ ဆက်တိုက် ကျင်းပသွားသည်။ ကိုယ်ကတော့ ရည်ရွယ်ထားသည့်အတိုင်း ပထမပွဲကို မသွား… ဒုတိယပွဲကိုသာ သွားဖြစ်သည်။

ဆရာများ၏ ဟောပြောချက်များနှင့် အခန်းအနားတခုလုံး၏ အကြောင်းစုံကို အင်တာနက် စာမျက်နှာတွေမှာ စာများ၊ ဓါတ်ပုံများ၊ အသံဖိုင်လ်များနှင့် ဝေဝေဆာဆာ ဖတ် ကြား တွေ့မြင်ပြီး ဖြစ်ပါလိမ့်မည်။ ထို့ကြောင့် အထက်ပါ အကြောင်းအရာများကို မရေးပြတော့ပါ။ ထိုနေ့က တွေ့ကြုံခဲ့ရသည်များထဲမှ တချို့ကိုသာ ကိုယ် မြင်သလို ရေးပြချင်ပါသည်။

ဟောပြောပွဲက ၁ နာရီမှာ စမည်ဆိုသောကြောင့် တကြောင်း၊ ထိုင်ခုံနံပါတ်များမှာ ဦးရာလူစနစ်ဟု သိထားသောကြောင့် တကြောင်း၊ အိမ်နှင့် နီးသောကြောင့် တကြောင်း Convention Center ကိုရောက်တော့ နေ့လည် ၁၂ နာရီသာသာ…။ ခန်းမတံခါးက မဖွင့်သေး… ကိုယ့်လို စောင့်နေကြသူ အနည်းငယ်မျှသာ တွေ့ရသောကြောင့် နေရာကောင်းကောင်းရတော့မည်ဟု တွေးကာ ပျော်နေမိသေးသည်။ သို့သော်... ကျွန်တော့ရည်မှန်းချက် ဝေးလျှက်နဲ့ ပျော်သည် ပျော်သည် ဖြစ်သွားသည်။ အကြောင်းမူကား စင်မြင့်နှင့် တည့်တည့် အရှေ့အလယ်ပိုင်းမှ ထိုင်ခုံများမှာ အလွန်အရေးကြီးသောသူများ အတွက် ဆိုသောကြောင့်ပင်…။ သူတို့ ချန်လှပ်ထားသော နေရာတွေကို ကြည့်ပြီး စင်ကာပူမှာလည်း အရေးကြီးတဲ့သူတွေက အတော်ကို များသားပါလား ဟု တွေးမိသည်။

သည်လိုနှင့် အနောက်ဖက်ကျကျမှာ နေရာ ရခဲ့သည်။ စင်မြင့်နှင့် ဝေးသောကြောင့် ဓါတ်ပုံရိုက်ရ ခက်သွားသည်။ သို့သော် နာမည်ကျော် ဘလော့ဂ်ဂါများ ဝင်လာလျှင် ကိုယ်က အပေါ်စီးကနေ လှမ်းမြင်နိုင်တာပေါ့ဟု အကောင်းဖက်က လှည့်တွေးလိုက်သည်။ နောက်ထပ် ကောင်းတာတခု ရှိသေးသည်ကို ဟောပြောပွဲပြီးမှ သိလိုက်သည်။ ထိုသည်ကား နာမည်ကျော် ဘလော့ဂါ ဓါတ်ပုံဆရာများ၏ လက်စွမ်းပြ ကင်မရာမြင်ကွင်းမှ လွတ်မြောက်သွားခြင်းပင်…။

သည်နှစ်မှာ Goody Bag တွေ မပေး၊ အမှတ်တရ စာအုပ်နှင့် ဘောပင်တချောင်းစီ လက်ဆောင်ပေးသည်။ အမှတ်တရ စာအုပ်လေးက ပထမအကြိမ်နှင့် ဒုတိယအကြိမ် မှာ ဟောပြောသွားသော ဆရာများ၏ စကားတွေကို အနှစ်ချုပ်ပြီး ဖေါ်ပြထားသောကြောင့် တကယ်ကို အမှတ်တရ ဖြစ်စရာ…။ ပြီးတော့ Feed Back Form နှင့် အင်းလေးမှ ၅ ဒေါ်လာတန် ဘောက်ချာ…။

မနှစ်ကတော့ အိမ်က ရေဘူး ယူလာခဲ့သည်။ သို့သော် ခန်းမထဲ အဝင်မှာ ရေသန့်ဘူး တဘူးစီ ဝေငှတော့ လက်ထဲ စာအုပ်တွေရော ရေဘူးတွေရော မနိုင်မနင်းဖြစ်ရသည်။ ထို့ကြောင့် သည်တခါတော့ နပ်သွားပြီ… အိမ်က ရေဘူး ယူမလာခဲ့…။ သို့သော် မှန်းချက်နှင့် နှမ်းထွက် လွဲသွားပြန်သည်။ ရေသန့်ဘူးကို ညနေစာ စားသောအချိန်ကျမှ ပေးပါမည်တဲ့…။

သွားရေး လာရေး လွယ်ကူသော ခန်းမ၏ တည်နေရာ၊ ကားရပ်စရာ နေရာ၊ ပတ်ဝန်းကျင် အနေအထား၊ အကျယ်အဝန်း၊ ထိုင်ခုံနေရာ ယူရပုံ၊ စာအုပ်ဝယ်ရန် နေရာ၊ ဆရာများ လက်မှတ်ထိုးပေးသောနေရာ အားလုံး သပ်သပ်ရပ်ရပ် ကျယ်ကျယ်ဝန်းဝန်း စနစ်တကျ၊ နေရာတကျနှင့် အစစ အဆင်ပြေလှသည်။ သည်လိုနှင့် ခန်းမထဲ ရောက်ခဲ့သည်။ နေ့လည် ၁ နာရီမှာစမည်ဟု သတ်မှတ်ထားသော်လည်း တကယ်တန်းမှာ ၂ နာရီကျော်မှ စနိုင်သည်။ ပွဲအစ နောက်ကျတော့ အဆုံးမှာလည်း နောက်ကျလေတော့သည်ပေါ့…။

ပထမဆုံး ဆရာမ ခင်ခင်ထူးက “အညာဓလေ့ ရွာဓလေ့” ဟူသော ခေါင်းစဉ်ဖြင့် စတင် ဟောပြောသည်။ မြန်မာလူမျိုးတို့၏ ရိုးသားသော ချစ်စဖွယ် အလေ့အထများ၊ အတွေးအခေါ်လေးများကို ပုံပြောသလို အေးဆေးစွာ ပြောပြသွားသည်မှာ အလွန်နားထောင်ကောင်းလှသည်။ ရိုးသားလှသော ကြီးတော်ကြီး တရားရုံးမှ ကျမ်းထုတ်ကြီး အိမ်ပါလာ၍ ကြောက်အားလန့်အားဖြင့် ထားစရာမရှိပုံကို ကြားရသောအခါ ငိုအားထက် ရယ်အားသန်…။

ဆရာတဦးလျှင် ဟောပြောချိန် တနာရီခွဲ သတ်မှတ်သည်ဟု သိရသည်…။ လူ ၁၅၀၀ ခန့် ဆန့်သော ခန်းမတခုလုံး ပရိတ်သတ်များ ပြည့်လျှံနေသည်။ ဆရာမ ခင်ခင်ထူး ပြောနေရင်းမှာပင် ခန်းမ၏ လေအေးပေးစနစ် အလွန်ကောင်းကြောင်း သိလိုက်ရသည်။ ချမ်းလိုက်သည်မှာ ဆိုဖွယ်ရာမရှိ။ သည်လိုနှင့် ဆရာမ ဟောပြောအပြီးမှာ ကော်ဖီပူပူလေးတခွက်လောက် ရလိုရငြား ခန်းမအပြင်သို့ထွက်ကာ ရှာပုံတော်ဖွင့်ရသည်။ ကံကောင်းချင်တော့ မလှမ်းမကမ်းမှာ Mc Donald နှင့် Mc Café ကို တွေ့ရသည်။ ကိုယ့်လိုလူတွေ များလှသည်။ ကော်ဖီတခွက်ရဖို့ အတော်တန်းစီလိုက်ရသည်။

ကော်ဖီသောက်ပြီး အချမ်းပြေသွားကာ ခန်းမထဲပြန်ဝင်တော့ ဆရာ ချစ်စံဝင်း စတင်ဟောပြောနေချေပြီ။ ဆရာ ချစ်စံဝင်းက အဝေးရောက် သားငယ် သမီးငယ်များကို အစဉ်သတိရ လွမ်းဆွတ်နေတတ်သော အမေ့မေတ္တာ အမေ့ပုံရိပ်တွေကို “အမေဟူသည် အလွမ်းသည်” ဟူသော ခေါင်းစဉ်ဖြင့် ဟောပြောသည်။ ထို့နောက် ဆရာ ဖေမြင့်က “ဘဝတိုးတက်ဖို့ စာဖတ်ကြစို့” ဟူသော ခေါင်းစဉ်ဖြင့် ဟောပြောသည်။ လေအေးပေးစက်၏ အအေးဓါတ်လွန်ကဲမှု၊ ဝီရိယအကျိုးဖြင့် မနက်စာကို တော်ရုံသာ စားလာခဲ့သောအမှုတို့ဖြင့် အချိန်များကို အနည်းငယ် ခက်ခဲစွာ ဖြတ်သန်းရင်း ည ၇ နာရီခွဲခန့်မှာ ညစာစားချိန်ကို ရောက်လာခဲ့သည်။

ခန်းမအထွက်မှာ ဝေငှသော ရေသန့်ဘူး နှင့် ဒန်ပေါက်တဘူးစီကို ကိုင်ဆောင်ကာ ထမင်းစားစရာ နေရာ လိုက်ရှာပြီး ခပ်သွက်သွက် စားလိုက်ကြသည်။ တဆိုင်တည်းမှ ဖြစ်သော်လည်း ဒန်ပေါက်ဘူးတွေမှာ အဖုံးအပြာနှင့် အဖုံးအဖြူ နှစ်မျိုး အရသာ မတူ၊ အဖုံးအဖြူက ပိုကောင်းသည်ဟု ပြောနေသံနှင့် အိမ်မှ ငပိကြော်ဘူးလေးကို သတိရကြောင်း ပြောနေသံတွေ တစွန်းတစ ကြားခဲ့ရသည်။ ကိုယ်ကတော့ အဖုံး အပြာ… သို့သော် စားလို့ကောင်းပါသည်။

အချိန်နည်းနေသောကြောင့် ထမင်းစားပြီး ခန်းမထဲ မြန်မြန်လေး ပြန်ဝင်ရန် လိုက်လံနှိုးဆော်နေကြသော လူငယ်လေးများ၊ စားပြီးသော ဘူးအလွတ်များ အမှိုက်များကို စနစ်တကျ စွန့်ပစ်ကြရန် အမှိုက်အိပ်များ လိုက်ဝေနေသော လူငယ်လေးများ… သူတို့အားလုံး၏ စေတနာပါသော ကြိုးစားအားထုတ်မှုများ၊ တက်ကြွသော လုပ်အားပေးမှုများ၊ စနစ်ကျသော တာဝန်ယူမှုများကို သည်နေရာမှနေ၍ လှိုက်လှဲစွာ ကျေးဇူးတင်ရင်း အသိအမှတ်ပြု မှတ်တမ်းတင်အပ်ပါသည်။

သည့်နောက်မှာတော့ ကိုယ်တို့ အားလုံး စောင့်မျှော်နေခဲ့ရသော “စာပေ လူကြမ်းမင်းသားကြီး” ဟု အမည်ရသော ဆရာအောင်သင်း၏ အလှည့်ကို ရောက်လာခဲ့သည်။ အသက် ၈၅ နှစ်ဖြစ်သော်လည်း ကျန်းမာရေးကောင်းသော ဆရာ့ကို တွေ့ရသည်မှာ ကျက်သရေရှိပြီး ချစ်ခင်နှစ်လိုဖွယ်ကောင်းလှသည်။ ဆရာက ပြည်ပရောက် မြန်မာလူငယ်များအတွက် “ရပ်ဝေးမြေခြား လူငယ်များသို့” ဟူသော ခေါင်းစဉ်ဖြင့် ဟောပြောသည်။ မူလအစီအစဉ်က လူကိုယ်တိုင် မလာရောက်နိုင်သောကြောင့် ဗွီဒီယိုဖြင့် ဟောပြောချက်များကို ပြသမည်ဟု ကြေငြာထားသော်လည်း ယခု ဆရာကိုယ်တိုင် လာရောက်ဟောပြောသဖြင့် အတိုင်းထက် အလွန် ဝမ်းသာရသည်။

လူငယ်တွေ အချိန်တွေကို အလဟဿ ဖြုန်းတီးမပစ်ပဲ ရှိသမျှ အချိန်တွေကို တန်ဖိုးထားတတ်ရန်၊ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်ရန် ဆရာက သူငယ်စဉ်က သရက်ထောင်မှာ ထောင်ကျနေရင်း အင်္ဂလိပ်စာ လေ့လာ သင်ကြားခဲ့ရပုံများ အကြောင်းကို ဥပမာပြပြီး ပြောဆိုခဲ့သည်။ တနေ့လုံးမှာ စက္ကန့်အနည်းငယ်လောက်ပဲ ဖြစ်ဖြစ် အချိန်ပေးပြီး ကိုယ့်ကိုယ်ကိုယ် ပြန်လည် သုံးသပ်ဖို့ အရေးတကြီး လိုအပ်ကြောင်း ကျောင်းဆရာပီပီ လက်ညှိုးလေး တထောင်ထောင်ဖြင့် ပြောသွားသော ဆရာ့အပြောများကို အလွန် နှစ်သက်လေးစားမိသည်။ ဆရာပြောပြသော အိမ်ထောင်ဖက် ရွေးချယ်နည်းမှာ မှတ်သားစရာ။ ဟာသစွက်သော ချစ်စဖွယ် အပြောတွေကြောင့် ပရိသတ်တွေ အလွန်ပွဲကျ နှစ်သက်သည်ကို လက်ခုတ်သံများနှင့် ရယ်မောသံများက သက်သေ…။ ပွဲစချိန် နောက်ကျသွားသောကြောင့် အချိန်သာရှိသေးလျှင် ဆရာအောင်သင်း ဒီထက် အများကြီး ဆက်ပြောနိုင်မှာပဲဟု အားမလိုအားမရ ဖြစ်မိသည်။ ဆရာကသာ ပြောနိုင်မည်ဆိုလျှင် မိုးအလင်း နားထောင်ချင်ပါသေးသည်။

သည်နှစ်ဟောပြောပွဲမှာ ဘလော့ဂ်တွေထဲမှာ စာတွေချင်းရင်းနှီးနေသောသူများ၊ မျက်နှာစာအုပ်မှာ တွေ့ဖူး မြင်ဖူးနေပြီး စိတ်ထဲကနေ အလိုလိုနေရင်း ရင်းနှီးနေသောသူများထဲမှ အချို့နှင့် တွေ့ခဲ့ရသည်။ အပြင်မှာ တခါမှ မမြင်ဖူး မတွေ့ဖူးကြသော်လည်း တွေ့လိုက်တာနှင့် ချက်ချင်း ရင်းနှီးသွားစေသော ရင်းနှီးမှုမှာ အတော်တော့ ထူးဆန်းပြီး ကျေနပ်ဖွယ်ရာလည်း ကောင်းပါသည်။ (ဒါတောင် နေရာယူဖို့ တန်းစီနေရင်းမှာ ညီမငယ်တယောက်က နှုတ်ဆက်တာကို ရုတ်တရက် ကြောင်တောင်တောင် ဖြစ်သွားသေး၊ ဆောရီးပါ ညီမရေ… ညီမက ဓါတ်ပုံထဲမှာထက် အပြင်မှာ အရမ်းငယ်ပြီး ကလေးလေးလို တူနေတာကြောင့်ပါ…)

နာမည်ကြီး ဘလော့ဂ်ဂါတယောက်ကတော့ ကိုယ့်ကို မျက်နှာစာအုပ် Profile Picture က ပုံအတိုင်းပဲဟု မှတ်ချက်ချသွားသည်။ မျက်နှာစာအုပ်၏ ကောင်းမှုကြောင့် တချို့သောသူများကို သိနေသော်လည်း ကိုယ်က စတင်ပြီး မိတ်ဖွဲ့ရန် နှုတ်လေးတတ်သော အကျင့်ဆိုးကြောင့် အသိမိတ်ဆွေ မဖြစ်ခဲ့ချေ။ ထိုညက ဆရာအောင်သင်း ဟောပြောအပြီးမှာ ဆယ်နာရီကျော်နေပြီ။ ဆရာ ဆရာမ ၄ ယောက်စလုံး၏ ဟောပြောချက်များကို နှစ်သက် ကျေနပ် အားရစွာ…။ နောက်ဆုံးအစီအစဉ်ဖြစ်သော ဆွေးနွေးပွဲကိုတော့ ဆက်နားမထောင်ဖြစ်ပဲ ပြန်လာခဲ့သည်။

နိဂုံးချုပ်ရလျှင်…
ထိုနေ့က စာပေဟောပြောပွဲမှာ အစစ အဆင်ပြေ အောင်မြင်ခဲ့ပါသည်။ လာရောက် နားထောင်ကြသော ပရိသတ်များအတွက်လည်း စိတ်အဟာရ ပြည့်ဝကျေနပ်ကြသော ပွဲတပွဲဟု ဆိုချင်ပါသည်။ သည်ပွဲကို ဖြစ်မြောက်အောင် ကြိုးစားပမ်းစား အားထုတ် စီစဉ်ကြသော စာပေမြတ်နိုးသူများ အဖွဲ့ကိုလည်း အထူး ကျေးဇူးတင်ပါသည်။ နောက်နောင်ကိုလည်း စာပေချစ်သူ စာဖတ်ပရိသတ်များအတွက် အခုလိုပွဲမျိုးကို မကြာခဏ စီစဉ်ပေးသွားနိုင်ပါစေဟု ဆန္ဒပြု ဆုတောင်းချင်ပါသည်။



မြင်တွေ့သမျှ ပြောပြပါမည် (၁)

Sunday, May 1, 2011

ကိုကြီးကျောက်... R.I.P.


၂၀၁၀ အောက်တိုဘာ ၉ ရက်နေ့မှာ ကိုကြီးကျောက် စပြီး နေမကောင်းဖြစ်တဲ့ သတင်းကို စပြီး သိခဲ့ရတယ်။ သူရေးတဲ့ ယမမင်းသို့ ခြေလှမ်း ၁၈၀ ပိုစ့်ကို ဖတ်ပြီး ဘာပြောလို့ ပြောရမှန်းမသိအောင် စိတ်မကောင်းဖြစ်မိတယ်။ အမြဲတမ်း နောက်ပြောင်နေကျ သူ့ထုံးစံအတိုင်း သူ နောက်နေတာပဲ ဖြစ်ပါစေလို့ ဆုတောင်းပေမယ့်… …

သူ့အတွက် ဆရာဝန်က ကန့်သတ်ပေးလိုက်တဲ့ သိပ်မဝေးလှတော့တဲ့ အချိန်တွေကို လှမ်းရေတွက်ကြည့်မိပြီး ကိုယ် ဘာများလုပ်ပေးနိုင်ပါ့မလဲ လို့ တွေးလိုက်တော့ ကိုယ်လုပ်ပေးနိုင်တာ တခုပဲ တွေ့ရပါတယ်။ အဲဒါကတော့ ဆုတောင်းခြင်းပါပဲ။ ဒါကြောင့် ကိုကြီးကျောက်အတွက် ဆုတောင်း ပေးခဲ့ပါတယ်။

ကိုယ့်လိုပဲ ကိုကြီးကျောက်ကို ချစ်ခင်ကြတဲ့ ရပ်နီး ရပ်ဝေးက တယောက်နဲ့တယောက် မတွေ့ဖူး မမြင်ဖူးကြတဲ့ စာရေးဖေါ် မောင်နှမတွေအားလုံးက သူ့အတွက် ဆုတောင်းကြတယ်။ အားပေးစကားတွေ ဆုတောင်းစကားတွေကို သူ့ဘလော့ဂ်မှာ သွားရေးကြတယ်။ ဆက်သွယ်စရာ ဖုန်းနံပါတ်ရလာပြန်တော့ ဖုန်းနဲ့ စကားပြောပြီး အားပေးခဲ့ကြတယ်။ အစာလည်းဆေး ဆေးလည်းအစာ ဆိုတဲ့အတိုင်း တချို့မောင်နှမတွေကလည်း ကိုကြီးကျောက်အတွက် ဆေးဖက်ဝင်မယ့် ကောင်းနိုးရာရာ စားသောက်ဖွယ်ရာတွေကို လှမ်းပို့ပေးခဲ့ကြတယ်လို့ သိရပါတယ်။

ကိုကြီးကျောက်ကို ၆ လ ကနေ ၉လ အထိလို့ ဆရာဝန်တွေက ခန့်မှန်းခဲ့ကြတယ်… ဒါကြောင့် ကိုကြီးကျောက်ကိုယ်တိုင်က ၂၀၁၀ ကုန်ရင် စာရေးနိုင်တော့မယ် မထင်ဘူးလို့ ပြောခဲ့ဖူးတယ်။ ဒါပေမယ့် ကိုကြီးကျောက်ရဲ့ အခြေအနေဟာ ဆရာဝန်တွေ ကိုယ်တိုင် အံ့သြရလောက်အောင် တိုးတက်လာတယ်လို့ သိရတော့ အဲဒီ ရက်ပေါင်း ၁၈၀ ဆိုတဲ့ အချိန်အကန့်အသတ်ကြီးကို တခဏတော့ မေ့ပျောက်သွားစေတာ အမှန်ပဲ။

ကိုကြီးကျောက်ကိုယ်တိုင်ကလည်း သူ့အတွေ့အကြုံတွေ သူ့အခြေအနေတွေကို တလကို ပိုစ့်အသစ် ၅ ခု၊ ၆ ခုလောက်နဲ့ အဆက်မပြတ် မျှဝေလို့…။ မောင်နှမတွေအားလုံးရဲ့ စာမျက်နှာတွေဆီကိုလည်း အသစ်တင်တိုင်း အမြဲတမ်း အရောက်လာပြီး ပျော်စရာ ပြုံးစရာ နောက်လို့ ပြောင်လို့ ရယ်မောစရာ စကားလုံးတွေ ချန်ထားနေကျ…။

၂၀၁၁ မတ်လအကုန်လောက်မှာ ဆေးစစ်တော့ ကိုကြီးကျောက်ရဲ့ တိုးတက်မှုတွေကို ကြည့်ပြီး ဆရာဝန်တွေ မျက်စေ့လည်ကုန်ကြတာ ဖတ်ရတော့ စိတ်ထဲ ကျေနပ်…။ အဲဒီရက်တွေမှာ တုံးကျော်ကျောက်လို့ သူ့ကို နောက်ပြောင်ပြီး ခေါ်ခဲ့ကြသေးတာ...။ သူ Las Vegas ကို သွားလာ လည်ပတ်တဲ့ အကြောင်းတွေကိုလည်း စာတွေ ဓါတ်ပုံတွေနဲ့ ဝေဝေဆာဆာ ဖတ်ရလေတော့ အင်း… ကိုကြီးကျောက်တော့ တကယ် နေကောင်းနေတာပဲရယ်လို့ စိတ်ချလက်ချ…။ ကိုယ် Tag လုပ်တဲ့ Daily Likes ပိုစ့်မှာ “ကျောက်အကြိုက် ကိုတော့ ပြန်လာမှ ရေးတော့မယ် ငါ့နှမရေ…. ခု Las Vegas သွားမှာမို့.. ၁၃ ရက်နေ့မှ ပြန်ရောက်မယ်...” လို့တောင် ပြောသွားခဲ့သေးတာ…။

သူ့ ဘလော့ဂ်မှာ Status အနေနဲ့ “Grand Canyon နဲ့ Red Rock Canyon မှာ တောင်တက် တောင်ဆင်းတွေ လုပ်တာ နဲနဲပန်းသွားလို့ စာမရေးနိုင် အိမ်မလည်နိုင် သင်္ကြန်မကဲနိုင် ဖြစ်နေပါတယ်၊ နောက်တပါတ်တော့ recover ဖြစ်ရင် ဘလော့ဂ်ထဲ ပြန်ရောက်ပါမယ်…” လို့ ပြောထားခဲ့ပေမယ့်… ...

သူ ပြန်မလာတော့ပါဘူး…။
သူ့ကို ချစ်ခင်ကြတဲ့ ညီအကို မောင်နှမတွေကို သူသံယောဇဉ်ရှိတဲ့ ဘလော့ဂ် စာမျက်နှာတခုနဲ့အတူ ချန်ထားခဲ့ပြီ။ ဆရာဝန်တွေ ကြိုတင်မှန်းဆထားခဲ့တဲ့ ရက်ပေါင်း ၁၈၀ ထက် ရက် ၃၀ လောက် ပိုနေသွားခဲ့တယ်…။ နှေးနှေးပဲ သွားသွား မြန်မြန်ပဲ သွားသွား အားလုံး တနေ့နေ့မှာ မလွဲမသွေ သွားကြရမယ့်လမ်းလို့ သိနေပေမယ့် တကယ့်လက်တွေ့မှာ ဒီသတင်းကို ကြားသိရတော့ အလွန် ဝမ်းနည်း တုန်လှုပ်မိပါတယ်။ နေမကောင်းတာကို စသိစဉ်အခါတုန်းက ဆုတောင်းပေးခဲ့ဖူးသလို အခုလည်း ဆုတောင်းပေးဖို့ပဲ တတ်နိုင်ပါတယ်။

ကိုကြီးကျောက် ကောင်းရာသုဂတိလားပါစေ…။