Monday, September 16, 2013

ကိုကိုနဲ့ ကျွန်မရဲ့ တနင်္လာ

ကိုကို့ကို မနေ့က တွေ့တယ်… အမှန်ဆိုရင် ကိုကိုနဲ့ မနေ့က တွေ့တယ်လို့ ဖြစ်ရမှာ မဟုတ်လား… ဒါပေမဲ့ ကျွန်မအတွက်တော့ ကိုကို့ကို မနေ့က တွေ့တယ် ဆိုတာကမှ အမှန်ပါ…။ နားရှုပ်သွားသလား… ဟုတ်တယ်လေ… ကျွန်မကသာ ကိုကို့ကို တွေ့တဲ့သူကိုး…။ မနေ့က ကိုကို့ကို တွေ့တော့ အရင်ဆုံး သတိပြုမိတာက ဆံပင်တွေကိုပါ။ ကိုကို့ဆံပင်တွေ တော်တော်ရှည်နေပြီပဲ လို့ တစ်ယောက်တည်း တိုးတိုးလေး ရေရွတ်လိုက်မိတယ်။ ကျွန်မ အသံကို ကိုကို ကြားသွားသလား မသိဘူးနော်… ကျွန်မကို ပြုံးပြီးတော့ ကြည့်နေတယ်။


ကိုကို ပြုံးတော့မှ သတိရတယ်… ဒီနေ့ တနင်္လာနေ့ ဆိုတာကို… ဟုတ်တာပေါ့…။
တနင်္လာနေ့တွေတိုင်း ကိုကိုနဲ့ ကျွန်မ စကားတွေ ပြောကြတယ်လေ။ မတွေ့ဖြစ်ကြတဲ့ရက်တွေက ဟိုးတောင်တန်းညိုတွေဆီမှာ မိုးတွေ ပြိုတဲ့အကြောင်း၊ မိုးကြီးလို့ ဒါဏ်ရာရနေတဲ့ မြက်ရိုင်းပန်း ဝါဝါလေးတွေအကြောင်း၊ ဟိုင်းဝေးလမ်းမတွေပေါ်ကို တိမ်တွေ ပြိုဆင်း နီးကပ်လာချိန်မှာ ကျွန်မကို အမှတ်ရတဲ့အကြောင်းတွေနဲ့အတူ စာဖတ်တဲ့အကြောင်း ကဗျာစပ်တဲ့အကြောင်းတွေ ကိုကိုက ပြောတော့ ကျွန်မကလည်း အားကျမခံ အိမ်ရှေ့မှာ စိုက်ထားတဲ့ စပါယ်ပင်လေး အဖူးလေး နှစ်ဖူး ထွက်နေတဲ့အကြောင်း၊ ကျွန်မ ရေးထားတဲ့ ဝတ္ထုတိုလေးကို မဂ္ဂဇင်းတစ်ခုက ရွေးလိုက်တဲ့အကြောင်း၊ အခုရက်ပိုင်း လေတွေ တအားတိုက်တဲ့အကြောင်း၊ နှင်းဆီ ရောင်စုံဝယ်လာပြီး တအိမ်လုံး ရှိသမျှ ပန်းစိုက်အိုးတွေထဲမှာ ထိုးထားတဲ့အကြောင်း၊ နောက်ပြီး ကျွန်မ အခန်းနံရံမှာ ချိတ်ထားတဲ့ မှန်ချပ်နောက်မှာ နေတဲ့ အိမ်မြှောင်လေး အပြင်ကို ခဏ ခိုးထွက်လာတုန်း ကျွန်မနဲ့ မျက်လုံးချင်း ဆုံမိတဲ့အကြောင်းတွေ ပြောပြမိတာပေါ့။ ကျွန်မစကားအဆုံးမှာ ကိုကိုရဲ့ ဟက်ဟက်ပက်ပက် ရယ်မောသံတချို့ နားထဲ ဝင်လာခဲ့တာ… အဲဒီအချိန်မှာ ကျွန်မလည်း နှစ်နှစ်ခြိုက်ခြိုက် ပြုံးရယ်နေမိတာ…။

စကားပြောရင်းနဲ့ ကိုကို.. ဆံပင်ညှပ်တော့လေ လို့ ကျွန်မပြောတော့ ကိုကိုက ပြန်မေးတယ် ဒီနေ့ ဘာနေ့လဲ တဲ့…။ တစ်ခုခု ပြောလိုက်ရင် ဒီနေ့ ဘာနေ့လဲ လို့ ပြန်ပြန်မေးလေ့ရှိတာ ကိုကို့အကျင့်…။ ဘာနေ့လဲ သိရပြန်တော့ ဘယ်နှစ်ရက်နေ့လဲ ဆိုတဲ့ နေ့စွဲတွေပါ ထပ်မေးတတ်သေးတာ…။ နေရာတကာမှာ အယူမသည်း၊ အစွဲအလန်းလည်း မထားတတ်သူ ကျွန်မက နေ့ရက်တွေ နံပါတ်တွေအပေါ် အစွဲအလန်းမထားဖို့ ကိုကို့ကို မကြာခဏ ဖြောင်းဖြရသေးတယ်။ ပြီးတော့ ဒီနေ့ တနလာင်္နေ့ပေါ့ လို့ ပြန်ဖြေလိုက်တယ်..။ ဒီတော့ ကိုကိုက ပြောတယ်… မွေးနေ့ သောကြာ တနင်္လာ ကေသာ ဆံဖြတ် မပြုအပ် တဲ့…။ ကိုကိုပေးသမျှ ဆင်ခြေတွေထဲမယ် ဒီတစ်ခါပေးတဲ့ ဆင်ခြေက အရယ်ရဆုံးပဲ လို့ ပြောရင်း ရယ်ပြီးရင်း ရယ်နေမိတော့တယ်။ ကဲ… အဲဒါဆိုရင် မွေးနေ့ သောကြာ တနင်္လာ ကေသာ ဆံရှင်း ရောဂါကင်း လို့… ပြန်ပြောလိုက်တော့ ကိုကို့အသံ တိတ်သွားတယ်။ ကျွန်မ မရပ်မနား ဆက် ရယ်နေမိတယ်။ ဒါဆိုလည်း ဆံပင်ညှပ်ဆိုင် သွားတော့မယ် တဲ့… လေသံက ကျွဲမြီးတိုနေတဲ့ လေသံ…။

တနင်္လာနေ့တိုင်း ကျွန်မလျှောက်နေကျ လမ်းကလေးရဲ့ ဘေးတစ်ဖက် တစ်ချက်မှာ စိမ်းညို့နေတဲ့ သစ်တောအုပ်လေးတွေ ရှိတယ်။ နေပွင့်ချိန်ဆို သစ်ပင်အုပ်တွေကြားထဲက တိုးထွက်လာတဲ့ နေရောင်တန်းလေးတွေ မြင်ရတတ်တယ်။ မိုးရွာပြီးစ မနက်ခင်းတွေမှာ သစ်ရွက်စိမ်းတွေပေါ်က ရေစက်ကလေးတွေကို လက်နဲ့ လှမ်းထိလို့ရတတ်တယ်။ တခါတခါကျတော့ လမ်းကလေးတလျောက်မှာ မြူတွေ ဆိုင်းဝေ နေတတ်ပြန်သေးတယ်။ သိပ်ချစ်စရာကောင်းတဲ့ လမ်းကလေး…။ 

လမ်းလျှောက်နေတုန်းမှာ ထောက်ကနဲ အသံတစ်ခု ကြားလိုက်တယ်။ ကိုကို ဆေးလိပ်မီးညှိဖို့ မီးခြစ် ခြစ်လိုက်တဲ့ အသံ… ဟော… စကားပြောနေတဲ့ကြားထဲ ဒီဆေးလိပ်ကလည်း သောက်ရပြန်ပြီ ဆိုတော့ ကိုကို သိပ်သဘောကျသွားတာ…။ အကုန်သိနေတာပဲနော် တဲ့… အဲဒီလောက် ပါးလှစ်တဲ့ မိန်းမမျိုးကို ကျွန်တော် ကြောက်ပါတယ် ခင်ဗျာ… လို့ ခနဲ့တဲ့တဲ့ ပြောသေးတာ…။ အို… ဒါများ ဘာဆန်းတာလိုက်လို့… ကိုကိုကရော… ကျွန်မ လမ်းလျှောက်ရင် ကြားရတဲ့ ဖိနပ် အသံကိုတောင်မှ အနိမ့်အမြင့် အထူအပါး ခွဲခြားတတ်သေးတာ မဟုတ်လား။ ဒီနေ့က Pencil Heel… ဒီတခါ Wedge Heel… ဒီတခါ Block Heel စသည်ဖြင့်… ကိုကို ပြောလိုက်တိုင်း လျှောက်လက်စ ခြေလှမ်းတွေ ရပ်တန့်သွားတဲ့အထိ တအံ့တသြ ဖြစ်ရစမြဲ…။ အမြင်အာရုံတွေ အသုံးမဝင်သေးတဲ့အချိန်မှာ အကြားအာရုံတွေ ပိုကောင်းနေတတ်တယ် ဆိုတာ သိသလား… လို့ ကိုကိုပြောတော့ ဝမ်းနည်းရိပ်တွေနဲ့ မျက်ရည်ဝဲရစမြဲ…။ တစ်နေ့တော့ တွေ့ဖြစ်ကြမှာပါရယ်… လို့ လေသံ တိုးတိုးနဲ့ မရဲတရဲ အားပေးရစမြဲ…။

ဒီနေ့ ကိုကို ပြောတဲ့ စကားတွေထဲမှာ စိတ်ဝင်စားစရာ အကောင်းဆုံး အကြောင်းအရာဟာ သူငယ်ချင်းလက်ထဲ ခဏအပ်ခဲ့တဲ့ သေနပ်တစ်လက် အကြောင်းလား… (ဒီကိစ္စကတော့ နည်းနည်း ရယ်ရတယ်…) ကျွန်မတို့ မြို့ပျက်လေးမှာ အနှိပ်ခန်းတွေ၊ ကာရာအိုကေခန်းတွေ အလွန်အမင်း ပေါများလာပြီး အဲဒီနေရာတွေမှာ အရွယ်ရောက်စ မိန်းကလေးငယ်တွေ ရာနဲ့ချီပြီး အသက်မွေးဝမ်းကျောင်းပြုနေကြတဲ့ အကြောင်းလား… ဒါမှမဟုတ် အင်းလျားကန်စပ်က ဆိုင်လေးတွေမှာ စားပွဲထိုးနေတဲ့ အသက် ဆယ်နှစ် ပတ်ဝန်းကျင် ကလေးငယ်တွေ အတန်းပညာ မသင်ကြရတဲ့ အကြောင်းလား… ဘုရားဖူးရင်း တောင်းခဲ့တဲ့ ဆုတောင်းတွေ အကြောင်းလား… ကျွန်မ စဉ်းစားနေမိတယ်။

ညက လ မသာဘူး… ဒါပေမဲ့ နက်ပြာရောင် ကောင်းကင်ပေါ်မှာ လင်းလက်နေတဲ့ သောကြာကြယ်လေး တစ်လုံးကိုတော့ ထင်ထင်ရှားရှား တွေ့ခွင့်ရတယ်…။ တစ်ယောက် တစ်နေရာစီကနေ အတူတူ မြင်ခွင့်ရတဲ့ သောကြာကြယ်လေးကို ကျေးဇူးတင်ပါတယ် လို့ စိတ်ထဲကနေ လှမ်းပြောလိုက်သေးတယ်။ အချစ်အကြောင်း ပြောဖို့ မလိုအပ်တဲ့ စာတစ်ပုဒ်ဖြစ်ပေမယ့် အမျိုးအမည် ဖေါ်ပြလို့မရတဲ့ အလွမ်းတချို့ကတော့ လေအဝှေ့မှာ နူးနူးညံ့ညံ့ ပြေးလွှား ဆော့ကစားလို့…။

သေချာတယ်… အဲဒါ ကိုကိုနဲ့ ကျွန်မရဲ့ တနလာင်္ပဲ…။

Monday, September 9, 2013

ပေးစာတစ်စောင်

မျက်နှာစာအုပ်မှာ တွေ့ သိ ခဲ့ရတဲ့ ညီမ တစ်ယောက်ဆီက ပေးစာပါ။
ချစ်ရတဲ့ သက်ရေ... လို့ အစချီထားတဲ့ စာလေးမှာ တပ်ထားတဲ့ ခေါင်းစဉ်က "သက်ထံသို့ ပေးစာ" တဲ့...
မျှော်လင့်မထားတဲ့ စာတစ်စောင်မို့ အံ့သြခြင်းတွေနဲ့အတူ ကြည်နူး ၀မ်းသာခြင်းတွေကိုပါ တပါတည်း သယ်ဆောင်လာခဲ့တဲ့ ပေးစာလေး... သူ လက်ရှိသယ်ပိုးထားတဲ့ အိတ်ကလေး တစ်လုံးနဲ့ ပတ်သက်တဲ့ အတွေး အမြင်လေးနဲ့ အရာရာကို အတတ်နိုင်ဆုံး ပေါ့ပါးလွတ်လပ်စွာ သယ်ပိုးထားလိုတဲ့ စိတ်ကလေးက ချစ်စရာမို့ အမှတ်တရ ပြန်လည် ဝေမျှ လိုက်ပါတယ်…
အပြင်မှာ တွေ့ပြီး လှမ်းခေါ်လိုက်ဖို့ အခွင့်ကြုံချင်ပါတယ် ချစ်သော ချယ်ရီ…


သက်ထံသို့ ပေးစာ

September 7, 2013 at 12:14am

(အသက်ချင်းကွာလို့ ကိုယ် ညီမနဲ့ အမ နဲ့ မသုံးချင်ဘူး။ ခွင့်လွှတ်ပါကွယ်။)

ချစ်ရတဲ့ သက်ရေ...

ဒီလို tag ပို့စ်ကို ရေးရအောင် ကိုယ် blogger တယောက် မဟုတ်ပြန်ဘူး။ ဒါပေမဲ့ ကိုယ် သက်ဆီ စာရေးချင်တယ်။ သက်ရဲ့ သူငယ်ချင်းတွေအပေါ် စာရေးစေချင်တဲ့ logic လေးရယ်၊ အမြဲ check နေအောင် ကပ်ပေးလိုက်တဲ့ သတိလေးတစ်ခုကို message ပေးနိုင်တဲ့ အတွက် သက်သူငယ်ချင်းတွေ ကိုယ်စား ဒီကလေးမ တယ်တော်တာပဲ လို့ ကိုယ် ကောက်ချက်ချမိလိုက်တယ်။ ကိုယ် သက်ရဲ့ blog လေးကို ကိုယ်ဟိုး လွန်ခဲ့တဲ့ ၃ ၄ နှစ်လောက်ကထဲက ကြည့်ဖြစ်ခဲ့တယ်လို့ ဆိုရင် ကိုယ်ဟာ အမာခံ ပရိသတ်လို့ ဆိုရတော့မလားဘဲနော်။ ကဲ.. ဆရာမ.. ကိုယ်လေရှည်တာများသွားဘီ။ Main ကို အဓိကထားတော့ ကိုယ်ရေးချင်တဲ့ အကြောင်းအရာက အိတ်။

ကိုယ် ငယ်ငယ်ကတော့ ခပ်လေးလေး အိတ်တွေကို လွယ်ဘူးတယ်။ ကိုယ့်မှာ အမြဲ နှစ်ဖက်ခွတတ်တဲ့ စိတ်ရှိတယ်ကွ။ အိတ်ရဲ့ Purpose က ထည့်ဖို့၊ ထည့်လို့ရရင် ပြီးပီ ဆိုတဲ့ ဒဿနရယ်၊ brand လေးလွယ်ရင် confidence ရှိတဲ့ စိတ်မျိုးရယ်။ (အဲ... ၀ယ်ပြီးမှ ၀ယ်မိတာ မှားပြီဆိုပြီး နောင်တ ရတတ်တဲ့ ချစ်တီးဆန်ဆန် စိတ်ကလေးလဲ ရှိပါ့ကွယ်)

ကဲ.. ကဲ... အထဲမှာ ဘာတွေရှိမလဲ... ကိုယ် တစ်ပတ်တစ်ခါ အိတ်နဲ့ အထဲက ပစ္စည်းတွေကို သန့်ရှင်းရေးလုပ်တယ်။ ပါတဲ့ ပစ္စည်းတွေ ကိုယ်အလွတ်ရနေတာပေါ့ကွာ။ သက်ကလေးသိအောင် ကိုယ်ပြောပြမယ်။ နားထောင်နော်။

(၁) ပိုက်ဆံအိတ် (အပေါ့ဆုံးဟာကို ရွေးဝယ်ထားတာ၊ ဘောင်းဘီအိတ်ထဲ ထည့်လို့လွယ်အောင်)

(၂) ဖုန်း (ခေါ်မဲ့ လူလဲ မရှိပါဘူးကွာ။ နောက်ပြီး အမြဲ အသံပိတ်ထားလေ့ရှိတယ်)

(၃) External HardDisk ( ရုံးအလုပ် ရုံးမှာလုပ်၊ ကျောင်းအလုပ် ကျောင်းမှာလုပ်လို့ စိတ်ဖြတ်ထားပေမဲ့ second backup ထားတာအကျင့်ဖြစ်နေလို့ သူ့ကို လေးလေးနဲ့ သယ်နေရသေးတယ်)

(၄) ငုံဆေးဘူးနဲ့ ဆေးဖြန်းတဲ့ဟာ (ငုံဆေးတွေ ဆောင်လွန်းလို့ ကိုယ်နဲ့ စကားမပြောရဲဘဲ နေနေဦးမယ်... ဟဲဟဲ... အမှန်က ကိုယ်က အသားတွေစားမိရင် သွားသိပ်ကိုက်တတ်လို့ ဒါလေးတွေငုံလိုက် ဖြန်းလိုက်ရင် ပူရှိန်းရှိန်းနဲ့ နေလို့ကောင်းနေသလားလို့)

(၅) အကိုက်အခဲပျောက်ဆေး တစ်ကဒ် (ဘာကိုက်ကိုက် အကိုက်ပျောက်ဆေး ဆေးသောက်တဲ့ အကျင့် ရှိတယ်ကွ.. ဒါလဲ ဆိုက်ကို တမျိုးပဲ.. မသောက်ရဘဲ ဆောင်ထားတာနဲ့တင် ပျောက်နေဘီထင်တာ)

(၆) Access Card

(၇) Wet Tissue, Normal Tissue, Oil Control Film (Tissue နဲ့ ပတ်သက်တာ သိပ်များနေတယ်.. :D )

(၈) နားကြပ်ထည့်တဲ့ အိတ်

(၉) လက်ရှိဖတ်နေတဲ့ စာအုပ် (tuesdays with Morrie)

ဒါပဲလားလို့ ဆိုရင် ဒါပါပဲလို့ပဲ ပြောချင်ပါတယ်။
ကိုယ့်မှာ အကြွေစေ့ထည့်တဲ့ အိတ်ကလေး တခုရှိခဲ့ဖူးတယ်။ ခုတော့ အနိစ္စတရားတခုကြောင့် သူ ကိုယ်နဲ့ ဝေးရာကို ထွက်သွားဘီ။ ကိုယ့် အလုပ်က အိမ်နဲ့ သိပ်နီးတယ်လေ။ အမှန်က ကိုယ့် ရုံးက အံဆွဲလေးထဲမှာ ပစ္စည်းတွေ လိုအပ်တဲ့ ပစ္စည်းတွေ ရှိတာပေါ့။ ရုံးဝေးရင်တော့ ဒီထက်ပိုပြီး ပစ္စည်းတွေ ယူမလားဘဲ။

ကိုယ်က လက်လွတ် ခြေလွတ်နေရတာကို သိပ်ကြိုက်တယ်။ ဒါပေမဲ့ ခရီးသွားရင်တော့ ကိုယ် စုံလင်အောင် ထည့်လေ့ရှိပါတယ်ကွယ်။ စာအုပ်တို့ ရေးစရာတို့ ဆောင်လေ့ မရှိဘူး။ သိပ်လုပ်ချင်တဲ့ အရာတစ်ခုရှိရင် ဖုန်းက Notes ထဲမှာ မှတ်ထားတယ်။ အဲဒီထက်များသွားရင်တော့ အသံသွင်းထားတယ်။ များသောအားဖြင့်တော့ task တွေကို ခေါင်းနဲ့ မှတ်လေ့ရှိတယ်။ ဦးနှောက်က အမြဲခိုင်းနေမှ မဟုတ်လား။ ကိုယ် အိမ်ပြန်တဲ့လမ်းမှာ နဲနဲ အားနေရင် ကိုယ့်အကြောင်းကို သုံးသပ်တယ်။ လုပ်စရာရှိတဲ့ Plan တွေကိုတော့ Google Calender ထဲမှာ မှတ်ထားတယ်။

အရင်တုန်းကတော့ တရားစာအုပ်ယူလေ့ ရှိတယ်။ နောက်ပိုင်းတော့ မေတ္တသုတ်နဲ့ ဗုဒ္ဓ နုဿတိကို စိတ်နဲ့ပဲ မှတ်တော့တယ်။ ထွက်လေ ၀င်လေကြားက ကိုယ်ပေါ့။ တခါတလေ Aircon လေ ကြီးစိုးတဲ့ နေ့မျိုးဆို ထိုင်နေရင်း နဲ့ အိမ်မက်တွေက အရောင်ကိုစုံရော။

ကဲ... သက်ရေ....



ကိုယ့် အပါးတော်မြဲလေးက ပေါက်စနကလေးရယ်... နော်။ သြော် ဒါနဲ့.. မိုးသိပ်ရွာတဲ့နေ့ဆို ထီးယူသွားလေ့ရှိတယ်။ + / - က အမြဲ ရှိနေတယ်။ အိတ်ထဲမှာ အရာဝတ္တုတွေက အမြဲ ပုံသေမရှိဘူး။ အင်းပေါ့လေ... လောကမှာ ဘယ်အရာက တည်မြဲပါလိမ့်မလဲနော်။ ကိုယ်ကျောင်းသွားတဲ့ ကျောပိုးအိတ်ကိုတော့ သက်ကို မပြတော့ဘူး။ စာအုပ်တွေနဲ့ အတူ စိတ်တွေပါ လေးလွန်းလို့ သက်ကလေးပါ အလေးဒဏ်တွေ ကူးနေပါဦးမယ်။း)

ဟုတ်ကဲ့ ဆရာမ။ ကိုယ်နိဂုံးချုပ်တော့မယ်။

အိတ်ဆိုတာ စိတ်တစ်ခုရဲ့ ဖွင့်ဆိုချက်ဆိုရင် ကိုယ့်အိတ်ကလေးဟာ လစ်ဟာနေတဲ့ အရာတွေ အများသားပဲ။

ဒါပေမဲ့ ဒီလစ်လပ်မှုတွေကို နေရာတစ်ခုမှာ ပြည့်စုံစွာထားထားတယ်ဆိုတာကိုတော့ အပေါ်ယံကြည့်သူဆိုရင် ဘယ်မြင်နိုင်ပါ့မလဲနော်။ ဒီလိုပဲ လောကကြီးမှာလဲ ကိုယ်မမြင်နိုင်တဲ့ နေရာတွေမှာ ပြီးပြည့်စုံမှုဆိုတာ ရှိနေစမြဲပါ။

လောကမှာ ပျော်ရွှင်ခြင်းတွေ ၀မ်းနည်းခြင်းတွေ ပြည့်စုံခြင်းတွေကို တစ်နေရာမှာထားပြီး ကိုယ်လက်ရှိသယ်ပိုးရတဲ့ အရာတွေကိုတော့ ပေါ့ပေါ့ပါးပါး လွတ်လွတ်လပ်လပ်နဲ့ လွယ်ထားတဲ့ လူတစ်ယောက်ကို အပြင်မှာ တွေ့ခဲ့ရင် သက် လှမ်းခေါ်လိုက်နော်။
သက်ကို ကိုယ် အမြဲ ပြုံးပြ နှုတ်ဆက် နေမှာပါ။