Thursday, September 25, 2008

ပထမဆုံးများ

အခုတပါတ်မှာလဲ အလုပ်တွေ အရမ်းရှုပ်နေလို့  ရေးလက်စတွေ လက်စသပ်မရ ဖြစ်နေတုန်း ကိုအောင်သာငယ် Tag ထားတဲ့ ပထမဆုံးများကို အရင်ရေးပြီး တင်လိုက်ပါတယ်။ မကြာခင်ကမှ ကောက်ရခဲ့တဲ့ အကိုကြီး ကိုအောင်သာငယ်ကို လေးစားတာက တစ်ကြောင်း၊ သူပစ်ဖူးတဲ့ ဟိုသေနတ်ကြီးကို ကြောက်တာကလဲ တစ်ကြောင်းပေါ့လေ…။

အမှန်ကတော့ ပထမဆုံးများ ဆိုတဲ့ ခေါင်းစဉ်က တွေးစရာ ရေးစရာတွေ အတော်ကျယ်ဝန်းတဲ့ ပိုစ့်ခေါင်းစဉ်ပါ။ ဒီထက်ပိုပြီး ကျယ်ကျယ်ပြန့် ပြန့် ရေးချင်ပေမယ့် အဲဒီလိုသာ ရေးနေရင် တော်တော်နဲ့  ဘလော့ဂ်ပေါ် တင်တဲ့ဆီ ရောက်မှာ မဟုတ်တော့တာကြောင့် လောလောဆယ်အတွက်တော့ ဒီလောက်ပဲ ရေးလိုက်ပါတယ်။ နောက် အချိန်ရတာနဲ့  နောက်ဆက်တွဲ ပထမဆုံးများ ဆိုပြီး ဆက်ရေးပေးပါ့မယ်နော်…။

(အခုဘဲ ကိုအောင်သာငယ် ဆီရောက်ခဲ့တယ်။ သူ့ ဆီမှာ ပထမဆုံးများ (နောက်ဆက်တွဲ) ဆိုပြီး ပိုစ့်အသစ်တွေ့ ခဲ့တယ်..။ ဟီဟိ.. )

ပထမဆုံးတက်ရသည့် ကျောင်း - မူကြို ၄ (ကြောက်အားလန့် အားနဲ့  နေ့ တိုင်း ငို ငိုနေသောကြောင့် မေမေက ဆက်မထားလိုတော့ သဖြင့် တစ်လလောက်သာ တက်လိုက်ရပါသည်။)


ပထမဆုံးတက်ရသည့် အတန်း - သူငယ်တန်း (ခ) (သူငယ်တန်း - ၃ ခန်း ရှိပါသည်)

ပထမဆုံး အတန်းပိုင်ဆရာ - ဆရာမ ဒေါ်ခင်ရွှေ

ပထမဆုံးသော သူငယ်ချင်း (ယောက်ျားလေး) - မင်းမင်း (နာမည်အရှည်တော့ မပြောပါရစေနဲ့  .. ဟီဟိ)

ပထမဆုံးသော သူငယ်ချင်း (မိန်းကလေး) - ဆင့်ဆင့်အောင် (သူနဲ့ အဆက်အသွယ်တွေ ပြတ်နေတာ ကြာလှပေါ့..။ ခု သူ ဘယ်ကမ္ဘာမှာ ရောက်နေသလဲဆိုတာကို စုံစမ်းဆဲ…)

ပထမဆုံး ဖတ်ရသော စာအုပ် (ဖတ်မိသမျှစာအုပ်များထဲမှ မှတ်မိသော) - ဂျာနယ်ကျော် မမလေး ရဲ့  သူမ

ပထမဆုံး ပျော်ပျော်ရွှင်ရွှင် ဖတ်မိသည့် ကျောင်းစာ (မှတ်မိသမျှ) - ဘယ်သွားနေလဲ မောင်ရေခဲ... ဘုရားပွဲကို လှည်းနဲ့  ဆို…

ပထမဆုံး ရဖူးသောဆု - သူငယ်တန်း တုန်းက ရခဲ့တဲ့ ပထမဆု

ပထမဆုံး စီးရသော ဘတ်စ်ကား - နံပါတ် ၁၆ လိုင်းကား (၇ တန်းတုန်းက သူငယ်ချင်းတစ်ယောက်နဲ့  အတူ တင်တင်အေး မုန့် ဟင်းခါးစားဖို့  မြေနီကုန်းဈေးကို အိမ်ကမသိအောင် သွားရင်း ဘတ်စ်ကားစီးဖူးခြင်း)

ပထမဆုံး ဆိုခဲ့သော သီချင်း
- စိုင်းထီးဆိုင်ရဲ့  ဘီးနံပါတ် OK ၀၁၂၂ L (ငယ်ငယ်တုန်းက အမြဲကြားရတဲ့ သီချင်းတွေထဲမှာ စိုင်းထီးဆိုင်ရဲ့  သီချင်းက အများဆုံးပါဘဲ။ ကြားရသမျှထဲမှာ ဘာလို့ မှန်းမသိ အဲဒီသီချင်းလေးကို ခဏခဏ ဆိုနေဖြစ်ပါတယ်)


ပထမဆုံး ဝယ်သော သီချင်းခွေ (ကက်ဆက်ခွေ)
- ကိုင်ဇာ မေဆွိ ရဲ့ တူနှစ်ကိုယ် တိုင်းပြည်။ မှတ်မှတ်ရရ အလွန်လိုချင်ခဲ့လို့  မုန့် ဘိုးတွေစုပြီး ၀ယ်ဖြစ်တဲ့ အခွေလေးပါ။ အဲဒီတုန်းက သီချင်းခွေ (ကက်ဆက်ခွေ) တစ်ခွေကို ကာဗာပါရင် ၂၅ ကျပ်၊ ကာဗာ မပါရင် ၂၃ကျပ်ခေတ်ပါ..။

ပထမဆုံး အကြိမ် ဝယ်သော နိုင်ငံခြား တီးဝိုင်း ဗီဒီယို အခွေ - West Life (သူတို့ လေးတွေက ချောတယ်မဟုတ်လား...)

ပထမဆုံး ရုံမှာ ကြည့်ခဲ့ဖူးသော ရုပ်ရှင်
- တစ်ခါက တစ်ဘဝ (ကျော်ဟိန်း ၊ ခင်သီတာထွန်း) - ၄ တန်း စာမေးပွဲ အောင်စာရင်းထွက်တဲ့နေ့ မှာ မြို့ နယ်ဆုရလို့  ဖေဖေ နဲ့  မေမေ က လိုက်ပြတာ…။

ပထမဆုံး ရည်းစားထားခဲ့ဖူးသောနှစ် - မှန်းကြည့်ကြပေါ့...။ ဘ၀လက်တွဲဖေါ် မှာရေးထားတယ်လေ...။

ပထမဆုံး ရေးခဲ့သော ရည်းစားစာ - အဖြေပေးတုန်းက ခေါင်းပဲညိတ်ပြခဲ့တယ်… ။ စာရေးပျင်းတာကြောင့် နောက်ပိုင်းကျတော့လဲ ဖုန်းနဲ့ ပဲ စကားတွေ ပြောကြတာပေါ့… ယုံ…။

ပထမဆုံး ကဗျာ -
မျှော်လင့်ခြင်း (ပုလဲသီ တစ်ကွဲစီ) - ၁၉၉၉

ပထမဆုံးရောက်ခဲ့သော အခြားမြို့ - မန္တလေး

ပထမဆုံးရောက်ခဲ့သော နိုင်ငံရပ်ခြား - စကာင်္ပူ (၁၉၉၅ မှာ မိသားစုနဲ့  အလည်လာခဲ့တုန်းက... အဲဒီတုန်းက အလည် နှစ်ပါတ်လာတာ ဆိုတော့ ရသမျှ မုန့် ဘိုးတွေနဲ့  ဈေးတွေဝယ်၊ ပျော်လဲပျော်.. စည်းကမ်းတကျ သန့် ရှင်း သေသပ်တဲ့ ဒီနိုင်ငံလေးကိုလဲ တော်တော်သဘောကျ နှစ်သက်ခဲ့မိပါတယ်။ အခုတော့လား... ထွက်ပြေးစရာ ပြေးပေါက်ရှာနေတုန်းပါဘဲ...။)

ပထမဆုံး သောက်ဖူးသော ဆေးလိပ် - မရှိ.. အဟိ

ပထမဆုံး သောက်ဖူးသော အရက် - ရှိမှ ရှိဘဲ.. အဟဲ

ပထမဆုံး ချက်ဖူးသော ဟင်း - ကန်ဇွန်းရွက် နဲ့  မှိုကြော် (မေမေတို့  ခရီးသွားနေတုန်း အိမ်မှာ အဖိုးနဲ့  အိမ်စောင့် ကျန်ခဲ့တုန်းက ရမ်းသမ်းချက်ခဲ့တာပါ။)

ပထမဆုံး ပစ်ဖူးသော သေနတ် - ဘုရား.. ဘုရား… ကြောက်လိုက်တာ… သေနတ်ဆိုရင် ပစ်ကြည့်ဖူးဖို့  ဝေးစွ.. ကျိုက်ထီးရိုးက ၀ါးသေနတ်တောင် မရှိခဲ့ဖူးပါ…

ပထမဆုံး ဘလော့ပို့စ် -
Sweet December (လွန်ခဲ့တဲ့ နှစ်အတော်ကြာက ရေးထားခဲ့တာပါ။ ဘလော့ဂ် စလုပ်တော့ ကိုယ့် ဘလော့ဂ်ပေါ်မှာ မြန်မာစာလုံး ဝိုင်းဝိုင်းလေးတွေကို မြန်မြန် မြင်ချင်ဇောနဲ့  စ စချင်း တင်ခဲ့တဲ့ ပိုစ့်လေးပါ။ အခုပြန်ဖတ်ကြည့်တော့ စပ်ဖြဲဖြဲနဲ့ ရယ်စရာ၊ ရှက်စရာ...။)

ပထမဆုံး ကျောင်းပြေးပြီး သွားခဲ့သည့် နေရာ
- ၁၀ တန်းတုန်းက နေအုပ် (စိန်ပေါ) မှာ English တက်တုန်းက (မိဘမေတ္တာ ပိုစ့်ထဲက သူငယ်ချင်းနဲ့  အတူ) ကျူရှင်ပြေးပြီး မြို့ ထဲမှာ ဟိုလျှောက် ဒီလျှောက် ဟိုဟာဝယ်စား ဒီဟာဝယ်စား လုပ်ခဲ့ဖူးတယ်။

ပထမဆုံး လည်ပတ်ကြည့်ရှုခဲ့ဖူးသော ဘလော့ဂ်
- ပန်ဒိုရာ (မိုက်မှမိုက်...)

ပထမဆုံး စတင်ရင်းနှီးခဲ့ရသော ဘလော့ဂ်ဂါ
-
လေနုအေး ပိုင်ရှင် တန်ခူး (လူချင်းမသိသေးပေမယ့် စွယ်တော်ရိပ်မှာ အတူတူခိုခဲ့ကြတဲ့ စက်မှုတက္ကသိုလ် ကျောင်းတော်သူတွေချင်းမို့  စိတ်ထဲက လှိုက်လှိုက်လှဲလှဲ ရင်းနှီးခင်မင်နေမိပါတယ်...)


တစ်လက်စထဲ ကျန်နေသေးတဲ့ သူငယ်ချင်းတွေကို ဆက် Tag ပါရစေ...။

- တန်ခူး (လေနုအေး)


- နုစံ


- မသီတာ (Sonata-Cantata)


- မြတ်နိုး


- ယုဝရီ


- ကိုဇနိ + မဇနိ (အိုးဝေ)


- မမ ခင်ဦးမေ


ကဲ... ပျော်ပျော်ပါးပါး၊ ပေါ့ပေါ့ပါးပါး ပါဘဲ... ရေးပေးကြနော်...။


* * * * * * * * * * * *


Wednesday, September 17, 2008

မိဘမေတ္တာ

သိပ်မကြာသေးခင်က အလွန်ရင်းနှီး ချစ်ခင်တဲ့ သူငယ်ချင်းတစ်ယောက်အိမ်ကို သွားလည်တုံးက သူတို့ အိမ် နေရာ တော်တော်များများမှာ Photo Copy ဆွဲပြီး ကပ်ထားတဲ့ စာလေးတစ်စောင်ကို တွေ့ ရပါတယ်။ ကုတင်ခေါင်းရင်းမှာ၊ စာကြည့်စားပွဲ ရှေ့ မှာ၊ ဧည့်ခန်းစားပွဲက မှန်ချပ်ရဲ့  အောက်မှာ ၊ ထမင်းစားခန်း နံရံပေါ်မှာ၊ နောက်ဆုံး မီးဖိုချောင်က နံရံကပ် ဘီဒိုပေါ်မှာ…။

ဟိုးရှေးရှေးက လူကြီးလက်ရေးလေးနဲ့  ရှေးဆန်ဆန် ရေးထားတဲ့ စာလေးပါ။ စာအရ သူတို့  မေမေ ဒီကိုလာလည်ပြီး ပြန်ခါနီးက ရေးထားခဲ့တာ လို့ သိရပါတယ်။ အဲဒီစာကိုဖတ်ပြီး မေမေနဲ့ ဖေဖေကို လွမ်းတဲ့စိတ်နဲ့ ကိုယ် မျက်ရည်ဝဲခဲ့ရပါတယ်။

ချစ်စရာ ကြည်နူးစရာ ဝမ်းသာ ဝမ်းနည်းစရာ မိဘမေတ္တာတွေ အကြင်နာ စေတနာတွေ အပြည့်အဝ လှလှပပ ပေါ်လွင်နေတဲ့ အဲဒီစာလေးကို အမှန်ကတော့ လက်ရေးမူရင်း စာလေး အတိုင်းတင်ချင်တာပါ။ ဒါပေမယ့်လဲ ကပ်ထားတဲ့စာတွေကို တောင်းခွာပြီး Scan လုပ်ရမှာ အားနာတာမို့  နှစ်ခေါက် သုံးခေါက် အလွတ်ရအောင် စိတ်ထဲကပဲ မှတ်လာခဲ့ပါတယ်။

အခု အဲဒီစာလေးကို မှတ်မိသမျှ အနီးစပ်ဆုံး ပြန်ရေးထားပါတယ်။ ချစ်ရတဲ့ မိဘတွေနဲ့  ဝေးနေရတဲ့ သူတိုင်း၊ မိဘတွေကို လွမ်းဆွတ်နေတဲ့သူတိုင်း ခံစားနိုင်ကြလိမ့်မယ်လို့  ယုံကြည်ပါတယ်။ ဖတ်ကြည့်ပါနော်…။

* * * * * * * * *

ချစ်သမီးတို့ ..

ဖေဖေ မေမေ တို့  သမီးတို့ ဆီမှာ လာနေစဉ် တစ်လျှောက်လုံးမှာ မေမေတို့ ကို လိုအပ်သမျှ ဂရုတစိုက် ပြုစုစောင့်ရှောက်ကြတာ အလွန်ပဲ ဝမ်းသာ ကျေးဇူးတင်ပါတယ်။ သမီးတို့  ညီအစ်မနှစ်ယောက်လဲ အခုလို တစ်ယောက် ကို တစ်ယောက် စောင့်ရှောက်ရင်း ချစ်ချစ်ခင်ခင် နေထိုင်ကြတာ၊ ကိုယ်နေထိုင်ရာ အိမ်ခန်းကလေးကိုလဲ အတတ်နိုင်ဆုံး သပ်ရပ် သန့် ရှင်းစွာနဲ့  စည်းကမ်းတကျ နေထိုင်ကြတာ တွေ့ ရလို့  မေမေ ကျေနပ်မဆုံးပါ။ သမီးတို့ ကို မေမေ ထွေထွေထူးထူး မှာကြား ဆိုဆုံးမစရာ ဘာမှ မတွေ့ ရပါ။

သို့ သော် မေမေမှာလိုသည်မှာ ဘုရား တရား သံဃာ မိဘ ဆရာသမားများရဲ့ ဂုဏ်ကျေးဇူးကို အစဉ် အောက်မေ့ သတိရကြပါ။ ဘုရားကို မှန်မှန် ဝတ်ပြု ပူဇော်ပါ။ ငါးပါးသီလကို အတတ်နိုင်ဆုံး လုံခြုံအောင် ထိန်းသိမ်းကြပါ။ ဘုရား သောက်တော်ရေ ကို နံနက်တိုင်း မှန်မှန်လဲ၊ ဆွမ်းတော်ကိုလဲ တတ်အားသရွေ့ နေ့ စဉ် ကပ်ကြပါ။ မေမေ ဘုရားကပ်ထားတဲ့ သပြေပင်လေးတွေ အခုဆို အရွက်နုလေးတွေ အညွန့်လေးတွေတောင် ထွက်နေပြီ၊ သူတို့ ကိုလဲ ရေမှန်မှန်လဲပေးပါ။ ရေမှန်မှန်လဲပေးရင် အစဉ်လန်းဆန်းပြီး အကြာကြီး ဘုရားတင်လို့ ရတယ်။ သပြေပင်ကလေးတွေ ဘုရားကပ်ရတာ အိမ်လဲ အလွန် ကျက်သရေရှိတယ်။

ကိုယ့်ရဲ့ လက်ရှိ အလုပ်ကိုလဲ လေးလေးစားစား ကြိုးကြိုးစားစား လုပ်ကြပါ။ သူများတွေကို မနာလို စိတ်မျိုးတွေ မထားပါနဲ့ ၊ မယှဉ်ပြိုင်ပါနဲ့ ၊ ကိုယ့်ကိုကိုယ်သာ ယှဉ်ပြိုင်ပါ။ လူတိုင်းအပေါ် စိတ်ကောင်း စေတနာကောင်း ထားကြပါ။ လူတိုင်းကို တတ်အားသမျှ ကူညီပါ။

သမီးတို့  ကျန်းမာရေးကိုလဲ အထူး ဂရုစိုက်ကြ စေလိုပါတယ်။ အချိန်မှန်မှန် အိပ်ရာဝင်ကြပါ။ အစားအစာများကို အဟာရ သင့်တင့် မျှတအောင် စားကြပါ။ ကြိုးစားပြီး အချိန်မှန်မှန် စားကြပါ။ အချိန်ရရင် ထမင်းဟင်းကို အိမ်မှာ ချက်စားကြပါ။ နေ့ တိုင်း အပြင်မှာဝယ်စားရတာ ငွေ ကုန်ရုံတင်မက ရည်ရှည်မှာ ကျန်းမာရေး အတွက်လဲ မကောင်းပါ။ ဟင်းသီးဟင်းရွက်တွေကို မကုန်နိုင်ဘဲနဲ့  အများကြီးတစ်ခါတည်း ဝယ်မထားပါနှင့်။ ကြာကြာထားလျှင် မလတ်ဆတ်တော့ပါ။

သမီးတို့  အစစအရာရာ အဆင်ပြေကြပါစေ။ ပတ်ဝန်းကျင်မှာ ဂုဏ်ကျက်သရေရှိသော တင့်တယ်သော အမျိုးကောင်းသမီးများ ဖြစ်ကြပါစေ။ ရောက်လေရာအရပ်မှာ သူတော်ကောင်းများ မိတ်ဆွေကောင်း မိတ်ဆွေစစ်များနှင့်သာ တွေ့ ကြပါစေ။ သမီးနှစ်ယောက်စလုံး ဘေးဥပါဒ် အန္တရာယ်များ ကင်းဝေးပြီး ကိုယ်ရော စိတ်ပါ ကျန်းမာ ချမ်းသာကြစေရန် ဖေဖေနှင့်မေမေ က အစဉ်သဖြင့် ဆုတောင်း မေတ္တာပို့သနေပါမည်။

ချစ်သော ဖေဖေ နှင့် မေမေ

(ချစ်ရတဲ့ သူငယ်ချင်း အတွက် အမှတ်တရ…)

Friday, September 12, 2008

ဒီနေ့ ...

ဒီနေ့  သောကြာနေ့ ...။
လုပ်ငန်းဆောင်တာများ အခြေအနေ မကောင်းပါ...။

ဒီနေ့  တစ်နေ့ လုံး လုပ်လို့ မပြီးနိုင်တဲ့အပြင် အိမ်ကိုပါ ယူသွားပြီးလုပ်ရမယ့် ကိန်းဆိုက်နေပါတယ်...။ ဒါကြောင့်မို့  သိပ်မကြာလှသေးတဲ့ သောကြာနေ့ တစ်နေ့ က ရေးထားခဲ့တဲ့ ကဗျာလေးတစ်ပုဒ် ကိုဘဲ တစ်ခါ ပြန်ပြီး ရည်ညွှန်းပါရစေ..။
နောက်တစ်ပါတ်ကျမှ မိုးသား တိမ်လိပ်တွေ ကင်းစင်ပြီး ပြာလွင် ကြည်စင်လှပတဲ့ ချစ်စရာ မိုးကောင်းကင်ကြီးရဲ့ အောက်မှာ ပျော်ပျော်ပါးပါး ပြန်လည်ဆုံ တွေ့ ကြတာပေါ့နော်...။

Tuesday, September 9, 2008

ကိုယ့် ရဲ့  အကြိုက်၊ ဆန္ဒ၊ ခံယူချက်၊ ဖြစ်တည်မှု

တန်ခူး က Tag ထားတာ လတ်တလော ကိုယ့် ရဲ့  အကြိုက်၊ ဆန္ဒ၊ ခံယူချက်၊ ဖြစ်တည်မှု တဲ့…။ ဒီတော့ ကိုယ့်ရဲ့  အကြိုက်တွေ ကိုယ့်ရဲ့  အကြောင်းတွေကို ရေးရ ပြောရ တော့မှာပေါ့နော်…။ ဒါပေမယ့် လတ်တလော ဆိုတဲ့ စကားကလဲ ပါနေ ပြန်တော့ နဲနဲစဉ်းစားရ ခက်သွားတယ်..။ ဘာဘဲဖြစ်ဖြစ် ရေးတာတော့ ရေးလိုက်ပါပြီ..။ အခုလို ကိုယ်ရေးထားတဲ့ ကိုယ့်အကြိုက် ကိုယ့်အကြောင်းတွေထဲမှာ တချို့ အဖြေတွေက ကိုယ့်ရဲ့  လတ်တလော အနေအထားကို မြင်ရမှာဖြစ်ပြီး အချို့ အဖြေတွေကတော့ ဘယ်တော့မှ မလွဲမှားနိုင်တဲ့ ကိုယ့်ရဲ့  ခံယူချက်တွေ ဖြစ်တည်မှုတွေကို မြင်ရမှာ ဖြစ်ပါတယ်..။ မှတ်မှတ်ရရ Tag ထားပေးတဲ့ တန်ခူး ကို ကျေးဇူး အကြီးကြီးတင်ပါတယ်နော်…။

ကိုယ့်ရဲ့ နာမည် - ဇာတာထဲမှာက တစ်ခု၊ ဖေဖေနဲ့  မေမေ ပေးထားတဲ့ မှတ်ပုံတင်ထဲက နာမည်ကတော့ တခုပါ…။ ဘလော့ဂ်ပေါ်မှာတော့ သက်ဝေ ပေါ့…။

ကိုယ့်ကို သူငယ်ချင်းတွေက ဒီလိုခေါ်တယ် - စုံလို့ စုံလို့ ပါဘဲ…။ Nickname တွေထဲက တစ်ခုကတော့ မုန့် လုံးရေပေါ် တဲ့။ ကျောင်းမှာ အတန်းမှန်မှန်မတက်… ပေါ်လာလိုက် ပျောက်သွားလိုက်နဲ့  မို့ ရထားတဲ့ နာမည်လေးပါ…။


ကိုယ်ဒီမှာနေတယ် - ကျွန်းပိစိရဲ့  တစ်နေရာ...။

ကိုယ့်ဆီ ဖုန်းဆက်ချင်ရင် - ကြိုက်တဲ့အချိန်သာဆက်…။ ရတယ်…။ သူငယ်ချင်း မိတ်ဆွေ အလွန် ပေါများတဲ့သူဆိုတော့ စကားပြောရတာ ၀ါသနာပါတယ် ဆိုတာ ပြောပြဘို့ လိုမယ်မထင်…။ အစဉ်အမြဲ ဖုန်းနဲ့  နားနဲ့  ကပ်နေတတ်လို့  ငယ်ငယ်တုန်းက ကားသယောင်ယောင်ရှိတဲ့ ကိုယ့်ရဲ့  နားရွက်တွေ ခုတော့ ခေါင်းနဲ့ ကပ်ပြီး ပြားကုန်ပြီလို့  အဖိုးက မှတ်ချက်ချခဲ့ဘူးတယ်…။

ကိုယ့်အကြိုက်တွေကတော့…

အရောင်ဆိုရင် - ပစ္စည်းကို လိုက်လို့ ပေါ့…။ ဒါပေမယ့် များသောအားဖြင့်တော့ အနက်ရောင် ကိုဘဲ ရွေးဖြစ်တယ်။

အ၀တ်အစားဆိုရင် - မိန်းကလေးဆန်ဆန် ထူးခြားဆန်းပြားတာတွေ မကြိုက်တတ်ပေမယ့် ၀တ်လိုက်ရင် ကိုယ့်ကို Decent ဖြစ်သွားစေမယ့်၊ ကိုယ့်ကို တိကျ သပ်ရပ်သွားစေမယ့် အ၀တ်တွေကိုကြိုက်တယ်။ စက်မှုတက္ကသိုလ် ကျောင်းသူ သက်တမ်းတလျောက် စွဲစွဲမြဲမြဲ နှစ်နှစ်သက်သက် ၀တ်ခဲ့တာကတော့ ရှပ်အင်္ကျီ…။

အစားအစာဆိုရင် - မြန်မာ အစားအစာတွေ အားလုံးနီးပါး ကြိုက်ပါတယ်။ မှတ်မှတ်ရရ ကြိုက်တာကတော့ ကြေးအိုး…။ တစ်ရက်ကို အနဲဆုံး ၃ ခါလောက် သောက်ဖြစ်တာကတော့ ကော်ဖီ ခါးခါး…။

ပစ္စည်းဆိုရင် - ပိုက်ဆံအိပ် နဲ့  ရေမွှေး…။

သီချင်းဆိုရင် - အားပါး… ဒီမေးခွန်းက သိပ်ကျယ်ပြန့် လွန်းတယ်လေ…။ ပြောပြရမယ်ဆိုရင်တော့ တစ်ချို့ သိပ်နားပူ ဆူညံလွန်းတဲ့ သီချင်းတွေရယ်၊ ပျင်းစရာကောင်းအောင် နှေးကွေးလွန်းတဲ့ သီချင်းတွေရယ်၊ အဆိုမပါတဲ့ တီးလုံးသက်သက် တွေရယ် ကလွဲရင် အကုန်လုံး နားထောင်ပါတယ်။ ရှိသမျှ အချိန်တွေတိုင်းမှာ သီချင်းသံနဲ့  လူနဲ့  ပြတ်တယ်ရယ်လို့  မရှိအောင်ကို နားထောင်ပါတယ်။ အခုလောလာဆယ်မှာ ခဏခဏ နားထောင်ဖြစ်နေတဲ့ သီချင်းလေးကတော့ Leona Lewis ရဲ့  Better in Time နဲ့  Bleeding Love…

စာရေးဆရာ - မေမေ ဖေဖေတို့ ရဲ့  ကျေးဇူးကြောင့် စာရေးဆရာ တော်တော်များများရဲ့  စာအုပ်တွေကို ငယ်ငယ်ထဲက ဖတ်ခဲ့ဖူးပါတယ်။ စာရေးဆရာ တော်တော်များများကို လဲ ကြိုက်ပါတယ်။ စွဲစွဲလမ်းလမ်း ကြိုက်လို့  မကြာခဏ ဖတ်တတ်တာက ဂျာနယ်ကျော် မမလေး၊ စမ်းစမ်းနွဲ့ (သာယာဝတီ) ၊ တက္ကသိုလ် မြစိမ်း နဲ့  ကြည်အေး..။

စာအုပ် - အခု လောလောဆယ် ပြန်ဖတ်နေတာက ကြည်အေး ရဲ့  မောင် ၊ ကိုကို နှင့် မြနန္ဒာ…။ သတိတရနဲ့  ပြန်ဖတ်ချင်လို့  မေမေ့ကို ပြန်မှာထားတဲ့ စာအုပ်က တက္ကသိုလ် မြစိမ်းရဲ့  တိုင်းမင်းကြီး သမီး နဲ့  ညွှန်ကြားရေးမှုးချုပ် ကတော်…။

Life style – လူ့ ဘ၀ ဆိုတာ တိုတိုလေးမဟုတ်လား ။ ရတုန်းရခိုက် အချိန်လေးအတွင်းမှာ ပုံမှန်လေး... စိတ်ချမ်းချမ်းသာသာ အေးအေး ဆေးဆေးလေးပဲ နေချင်ပါတယ်…။

ကိုယ့်ရဲ့ ၀ါသနာ - သီချင်းနားထောင်ရင်း အိမ်ရှင်း ၊ အားလပ်ချိန်တော်တော်များများမှာ စာဖတ်… တစ်ခါတစ်ခါမှာ စာရေး...။

အလိုချင်ဆုံး လက်ဆောင် - လောဘဆိုတာ အကုသိုလ်တစ်မျိုးဘဲလို့  နားလည်လာတဲ့ အချိန်ကစလို့  ဆန္ဒတွေ လိုချင်တာတွေကို စိတ်ထဲမှာ နဲနိုင်သမျှ နဲအောင် နေနေတယ်။

စိတ်တော့မရှိကြပါနဲ့ နော်…။
အလိုချင်ဆုံး၊ အချစ်ဆုံး၊ အခင်ဆုံး၊ အလေးစားဆုံး၊ အမုန်းဆုံး… စတဲ့ (တိကျတဲ့ အဖြေတစ်ခုစီသာ ရှိရမယ့်) မေးခွန်းတွေအတွက် အဖြေတွေဟာ ကြီးမားလှစွာသော အတ္တတွေရယ်၊ လောဘ၊ ဒေါသ၊ မောဟတွေရယ် နဲ့  တစ်တွဲထဲ ရှိနေတာမို့  ဖြေရတာ တော်တော်ခက်ပါတယ်။ ဒါပေမယ့် ဖြေလို့ ရသလောက်တော့ ကြိုးစားပြီး ဖြေထားပါတယ်…။

ကိုယ့်ရဲ့ အချစ်ဆုံးသူက - ကိုယ့်ရဲ့  တစ်ဦးတည်းသော အချစ်ဆုံးလေး “သူ”

ကိုယ့်ရဲ့ အလေးစားဆုံးသူက - လေးစားထိုက်သူများကို အစဉ်လေးစားပါတယ်…။

ကိုယ့်ရဲ့ အခင်ဆုံး သူငယ်ချင်းက - ငယ်ငယ်တုန်းကထဲက ငယ်သူငယ်ချင်း ဘ၀က လာခဲ့တဲ့ ကိုယ့်ရဲ့  ဘ၀လက်တွဲဖေါ် ။ ငယ်ငယ်က ရေးခဲ့ဖူးတဲ့ Favorite စာအုပ်တွေထဲမှာ ဆိုရင်တော့ "အချစ်ဆုံးဆိုတာ တစ်ယောက်ထဲ ဖြစ်ပေမယ့် ခင်မင်မှုကတော့ အားလုံးအတွက်ပါ" လို့  (ခပ်ကြောင်ကြောင်) ရေးခဲ့ဖူးတယ်…။

ကိုယ့်ကို အများဆုံးနားလည်မှု ပေးနိုင်သူက - ကိုယ့်ရဲ့  ဘ၀လက်တွဲဖေါ် လို့  ထင်တာဘဲ။ တကယ်က ကိုယ်ကသာ လူတိုင်းကို လိုက်လျောညီထွေဖြစ်အောင် နားလည်ပေးတတ်ပေမယ့် ကိုယ့်ကိုတော့ လူတိုင်းက နားလည်တတ်ကြမယ်လို့  မထင်…။

ကိုယ့်ရဲ့ အမုန်းဆုံးသူက - အဲဒီလိုကြီးတော့ မရှိပါဘူး…။ နဲနဲပါးပါး ကြည့်မရတဲ့ သူတွေတော့ ရှိတယ်။

ရင်အခုန်ဆုံး အချိန် - ငယ်ငယ်တုန်းကတော့ ရှိခဲ့ဖူးပါရဲ့ …။ အခုတော့ တော်တော်လေး တည်ငြိမ်နေပါပြီ…။

အကြောက်ဆုံး အချိန် - ကြောက်လို့  တွေးကို မတွေးရဲဘူး…။

အပျော်ဆုံး အချိန် - အတတ်နိုင်ဆုံး ပျော်ပျော်ရွှင်ရွှင် နေတတ်သူတစ်ယောက် ဆိုတော့ ပျော်စရာကောင်းတဲ့ အချိန်တွေကို ခဏခဏ ကြုံတွေ့ ရတတ်ပါတယ်…။

အမှတ်တရနေ့  - အမှတ်ရချင်စရာကောင်းလှတဲ့ နေ့ စွဲတွေတိုင်းကို ကိုယ်က သေသေချာချာ မှတ်မိနေလေတော့ ကိုယ့်ရဲ့  Diary ထဲမှာ အမှတ်တရ နေ့ စွဲတွေက များမှများ…။

ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင် တောင်းမဲ့ဆု - ကမ္ဘာမြေ ငြိမ်းချမ်းပါစေ…။

အချစ်ဆိုတာ - အတ္တ။ များများ ချစ်လေ များများ ပူလောင်လေ…။ လျှော့နိုင်မှ ငြိမ်းချမ်းမယ်…။

အမုန်းဆိုတာ - မရှိချင်…။

အလွမ်းဆိုတာ - တစ်ခါတစ်ခါမှာ ခါးသီးစရာကောင်းသလို တစ်ခါတစ်ခါ ကျပြန်တော့ လွမ်းနေရတာ ချိုမြိန်သလို…။

သံယောဇဉ်ဆိုတာ - တိမ်းရှောင် ကင်းဝေးလို့ မရတဲ့ အပူမီးပါဘဲ…။

ဘ၀ဆိုတာ - ဖြစ်စဉ်တစ်ခု…။

သူငယ်ချင်းဆိုတာ - ဘ၀မှာ မရှိမဖြစ် လိုအပ်သော အရာ…။

ချစ်သူဆိုတာ - ကိုယ်က ချစ်ရတဲ့သူ…။

ကိုယ့်ကိုယ်ကို ဒီလိုထင်တယ် - သာမန်လူတွေထဲက လူတစ်ယောက်..။

ကိုယ့်ရဲ့ လက်စွဲဆောင်ပုဒ်က - ဆောင်ပုဒ်တော့ မဟုတ်... ဒါပေမယ့် စိတ်ထဲမှာ အစဉ်အမြဲ သတိတရ ရှိတဲ့ စကားက "ကိုယ်စိုက်တဲ့ အပင် ကိုယ်ရိတ်ရမယ်" …။

အပြောချင်ဆုံး စကားတခွန်း - ယောနိသော မနသီကာရ… အစစ အရာရာကို အသင့်အတင့် နှလုံးသွင်းတတ်ကြပါ…။



Tuesday, September 2, 2008

ခုံတကာမှ ဘုံကဗျာများ

ဘလော့ဂ်ကြွလာ မိတ်သဟာအပေါင်းတို့ 
စိတ်ပင်ပန်းမှုများ၊ စိတ်ဖိစီးမှုများ ပြေပျောက်ပြီး အတန်ငယ် ပြုံးပျော်နိုင်စေချင်း အလို့ငှာ
မြန်မာ့အသံ ကျော်ဦး (၀ါ) မောင်သက်ဝေ ၏ ခုံတကာမှ ဘုံကဗျာများ မှ ကူးယူဖေါ်ပြပါသည်။

ဟိုးရှေးရှေးက တက္ကသိုလ်ကျောင်းသူ ကျောင်းသားများ၏ စာသင်ခုံများပေါ်တွင် ရေးသားထားကြသော ခံစားချက် အဖုံဖုံ၊ စိတ်ကူးအတွေး အစုံစုံ တို့ မှ ပေါက်ဖွားလာသော ကဗျာတို ကဗျာစများ ဖြစ်ပါသည်။
ခံစား ဖတ်ရှုပြီး ရယ်မော ပျော်ရွှင်နိုင်ကြပါစေ…။

မိန်းကလေးတွေ ရဲ့  အဆောင်ရှေ့ မှာ အသံသေး အသံကြောင်နဲ့  သီချင်းသွားဆိုကြတဲ့သူတွေ၊
အဆောင်ထဲကို ချောင်းကြည့်ကြတဲ့ သူတွေ ရဲ့  အတွေ့ အကြုံလေးတွေပါ…။

မင်းအဆောင်ရှေ့ မှာ လသာသာဝယ်
ကိုယ့်မှာ အပျော်ပို ခွေးလိုအူပြတာ
ငြူစူသလား ချစ်သူရယ်။

ခွေးလို မအူချင်ရင် သစ်ပင်ပေါ်တက်
အဆောင်ထက်သို့  လှမ်းလျက်ကြည့်လျှင်
မြင်ချင်သမျှ အ၀၀ကို
မမြင်ရလား ငါ့လူရယ်။

ပုရွတ်ဆိတ်ကိုက် ခါချဉ်ကိုက်၍
ဓါတ်လိုက်အန္တရာယ် အသွယ်သွယ်တို့ 
ရန်စွယ်ဖြာဖြာ ရှိနေပါလည်း
တို့ မှာ ဇိမ်ရှိ ချောင်းလို့ ကြည့်…။


* * * * * * * *

အဟီး.. ဒါကတော့ ဖြစ်လေ့ဖြစ်ထရှိတဲ့ အကြောင်းအရာလေး တစ်ခုပါ..။
ရေးထားပုံက ရယ်ရမလို ၊ ငိုရမလို နဲ့ နော်..။

ကျောင်းဖွင့်ပါလည်း သက်လျာချစ်သူ
မရောက်မူ၍ စိတ်ပူမိကာ
သတင်းစာကို ဖတ်ကြည့်ကာမှ
သူလင်ရတာ သိတော့တယ်။


ဒါကတော့ ချစ်သူကျောင်းမတက်လို့  ရေးထားတဲ့ လွမ်းစာလေးပါ။

ချစ်သူအသက် ကျောင်းမတက်တာ
ဘာကြောင့်ပါလိမ့်။


အဲဒါကို အမြင်ကတ်တဲ့ သူတစ်ယောက်က ခုလိုပြန်ရေးခဲ့တယ်…။

ဘာကြောင့်လဲဆို မင်းကိုမုန်းလို့ 
ဖြစ်မှာပေါ့။

သူလေးထံမှ ပြန်စာရ၍
ငါကဖတ်ကြည့်လိုက်သောအခါ…။

နင့်လိုကောင်မျိုး ငါ့ကိုပိုး၍
အရိုးထဲက နာလိုက်တာ… တဲ့လား။


* * * * * * * * *

တိုင်းရင်းသူ တက္ကသိုလ်ကျောင်းသူ လှပျိုဖြူလေးတွေရဲ့  အလှကြောင့် ဖြစ်ပေါ်လာရတဲ့
ခံစားချက်လေးတွေကို ခုံပေါ်မှာ အသေအချာ မှတ်တမ်းတင်ထားပုံလေးတွေပါ။

မော အလှ ခင်သူဇာ
ရုပါက ကြော့ရှင်း
ရှမ်းပျိုဖြူ မူဟန်နွဲ့ ကြောင့်
ချခဲ့သက်ပြင်း။

မွန် တို့ ဌာနီ လာချင်ပြီကွဲ့ လေး
နှမသယ် မေ မဖိတ်လို့ 
တိတ်ဆိတ်စွာငေး…။


* * * * * * * * *

ဒါလေးကို ဖတ်ကြည့်ပြီး အော်.. အော်… သူတို့ လက်ထက်ကလဲ
ကာစင်တို့ ၊ ဘင်္ဂလားမောင်နှမတို့ ဆိုတာတွေ ရှိကြတာဘဲနော် လို့ တွေးမိပါတယ်…။
ဟီး.. ဟီး…


ကာစင်လို့ တော့ ပြောတာဘဲ
သူတို့ ကြည့်တော့ စပ်ဖြဲဖြဲ

မနာလိုရင် မင်းဝင်တွဲ
ကိုယ်တို့ ကတော့ မတွဲရဲ…။


* * * * * * * * *

ကျောင်းသားတစ်ယောက်က သူတို့ ရဲ့  ကျောင်းပျော်ဇာတ်လမ်းလေးကို
သင်္ကြန်သံချပ်ဆန်ဆန် ရေးထားခဲ့တဲ့ ခုံကဗျာလေးပါ…။

တက္ကသိုလ်မှာ လေးနှစ်ကြာ
တစ်တန်းထဲအောင်တာ ငါတို့ ပါဘဲ…။


* * * * * * * * *

ဗိုလ်ချုပ်အောင်ဆန်း ရယ် အာဇာနည်နေ့ ရယ်နဲ့  ပတ်သက်လို့ 
ခံစားချက်ကို ဖေါ်ပြထားတဲ့ ကဗျာလေးကတော့…

ဗိုလ်ချုပ်အောင်ဆန်း ပြည်ချစ်ပန်းကို
စိတ်မှန်း ရွယ်စူး ဤနေ့ ထူးတွင်
ဦးညွှတ် အလေးပြုပါ၏။

အာဇာနည်နေ့ ရောက်ခါမှ သူ့ ကို သတိရ
အာဇာနည်နေ့  ပြီးသွားတော့ သူ့ ကို မေ့လျော့လျော့
ဒါမျိုးကတော့ သိပ်မကောင်း
အစဉ်သတိရစေကြောင်း။

* * * * * * * * *

စာကျက်ပျင်းတဲ့ ကျောင်းသားတစ်ယောက်ရဲ့  ညည်းချင်းလေးရယ်…
စာမေးပွဲကို မုန်းတီးနေတဲ့ ကျောင်းသားတစ်ယောက်ရဲ့  ဆန္ဒလေးရယ်ပါ…။
ကြောက်စရာတော့ အကောင်းသားနော်…။

တစ်နှစ်လုံးတော့ စာမကျက်
ဒီရက်မှပြင်ဆင်
မြင်ပါလေ သက်လျာဦး
မောင့်မှာတော့ရူး…။

စာမေးပွဲ ထွင်သူ ထိုထိုလူကို
ခေါ်ယူစုဆောင်း အမှုန့် ထောင်း၍
မြစ်ချောင်းထဲမှာ မျှောချင်ပြီ…။


* * * * * * * * *

ကျောင်း စာကြည့်တိုက်မှာ စာသွားသွားကျက်လေ့ရှိတဲ့ ကျောင်းသားတစ်ယောက်ရဲ့ 
တွေ့ ရ ကြုံရ တဲ့ ဒုက္ခလေးတစ်ခုပါ…။

စာကြည့်တိုက် ဒီနေရာ ပညာရှာဖို့  အလွန်ကောင်း
သို့ သော်ငြားလေ သက်ထားတမေခင်တို့ 
မဆင်မခြင် အထိုင်မတတ်တာကြောင့်
စာဖတ်ရန် စိတ်မှာမရှိ ငါ၏စိတ်ပြောင်း…။

ဒါလေးကတော့ ဟို ကျောင်းသားကို အားကျမိလို့  ကြိုးစားပမ်းစား Library သွားတဲ့
ကျောင်းသားတစ်ယောက်ရဲ့  အခဲမကျေ ရေရွတ်သံလေးပါ…။ သနားစရာနော်…။

အဲဒီလို အနေအထား ရှာတွေ့ နိုင်ဖို့  တို့ ကြိုးစား
ဒါပေမယ့်လေ အလကား အချိန်တွေသာ ကုန်လို့ သွား…။


* * * * * * * * *

ဒါကတော့ လကုန်ရက်တွေတိုင်း ဖြစ်နေကျ ကိစ္စလေးပေါ့..။
အထူးသဖြင့်တော့ အဆောင်နေ ကျောင်းသားတွေမှာ ပိုဖြစ်တတ်တယ် လို့ ထင်ပါတယ်…။
အတိုင်နဲ့  အဖေါက် သံစဉ်ကို ကိုက်လို့ …။


ဒီလအတွက် သုံးစရာ
ငွေမရောက်လာသေး

မြေနီကုန်း အပေါင်ဆိုင်မှာ
ပေါင်စရာ တစ်ခုခုပေး
ငွေရတဲ့ဆေး…။


* * * * * * * *

ဒါကတော့ နေ့ စဉ်ထုတ် သတင်းစာကို အများပိုင် ဖတ်လို့ ရတဲ့ နေရာကနေ
ကိုယ့်အခန်းထဲ ယူဖတ်တတ်တဲ့ သူတွေအတွက် ရေးထားပုံရပါတယ်။
ပန်လည်ချေပ ထားပုံက ရယ်စရာ…။

အများပိုင်တဲ့ သတင်းစာ
ကိုယ့်အခန်းထဲ ယူဖတ်တာ
အဲဒါ လူယုတ်မာ…။

ဇိမ်ရှိတာတော့ လူမသိ
မင်းမယုံရင် ယူဖတ်ကြည့်…။


* * * * * * *

ရယ်မော ပျော်ရွှင်နိုင်ကြပါစေ။