Monday, October 16, 2017

အလုပ်လုပ်ရင်း ကစားလို့ရတဲ့ ပျော်စရာ ဂိမ်းတွေ

ဂိမ်း ဆိုတာကို လွယ်လွယ်ပြောရရင် ကစားနည်းတွေပေါ့။

ဂိမ်းဆိုတဲ့ ကစားနည်းတွေကို ကစားကြတယ် ဆိုတဲ့နေရာမှာ အပျော်သဘောနဲ့ ကစားကြသလို ပြိုင်ပွဲတွေနဲ့ သူ့ထက်ငါ အနိုင်ရအောင် ကြိုးစားယှဉ်ပြိုင် ကစားကြတာမျိုးလည်း ရှိတာပဲ။ သို့သော် ဂိမ်း လို့ ဆိုလိုက်ရင် တော်တော်များများက အားကစားနဲ့ ဆက်နွှယ်နေတဲ့ ကိုယ်လက်လှုပ်ရှား ကစားနည်းတွေကို မမြင်ပဲ ကွန်ပျူတာဂိမ်း၊ တီဗီဂိမ်း၊ စမတ်ဖုန်းတွေ တက်ပလက်တွေနဲ့ ကစားရတဲ့ အွန်လိုင်း အော့ဖ်လိုင်း ဂိမ်းတွေကိုသာ အရင် မြင်သွားတတ်ကြတယ်။ အဲဒါအပြင် ဂိမ်း ကစားတယ်ဆိုတာ ကလေးတွေလုပ်တဲ့ အလုပ်၊ ကလေးတွေနဲ့သာ ဆိုင်တဲ့ကိစ္စလို့လည်း မြင်လေ့ရှိကြတယ်။ လူကြီးတွေ ဂိမ်းကစားမိရင် ကလေးမဟုတ် သူငယ်မဟုတ် မကြီးမငယ်နဲ့ ဂိမ်းကစားနေရကောင်းလား လို့တောင် ထင်မြင်တတ်ကြပါသေးတယ်။ ဒါပေမဲ့ အခုနောက်ပိုင်း လက်ကိုင်ဖုန်းတွေနဲ့ တက်ပလက်တွေ လူတကာလက်ထဲ ပေါပေါများများ ရောက်လာတဲ့အချိန်မှာ ဂိမ်းဆိုတာ ကလေးငယ်တွေကိုသာ ရည်ရွယ်တာမဟုတ်ဘူးလို့ လူတိုင်း သိလာ မြင်လာကြပါတယ်။ ကျောင်းနေစ ကလေးအရွယ်ကစလို့ ဟိုးလူကြီးတွေအထိ အသက်အရွယ်နဲ့လိုက်လို့ ကစားရတဲ့ ဂိမ်း ကစားနည်းပေါင်း အမျိုးအမည် မရေမတွက်နိုင်အောင် ရှိလာပါတယ်။ သုံးတတ်ရင် ဆေး၊ မသုံးတတ်ရင် ဘေး ဆိုသလိုပဲ ဂိမ်းကစားခြင်းရဲ့ အကျိုးအပြစ်တွေ အများကြီးရှိတာကိုလည်း တွေ့လာရပါတယ်။ တချို့တွေကတော့ ဂိမ်း လို့ ဆိုလိုက်ရင် အလကား အပိုအလုပ်တွေ၊ အချိန်ဖြုန်းတဲ့ ကိစ္စတွေလို့ ဝေဖန်တတ်ကြတယ်။ တချို့ကလည်း အချိန်တွေ ပိုနေလို့၊ ဘာမှ လုပ်စရာ မရှိလို့၊ ဒါမှမဟုတ် တခုခုကို စောင့်ဆိုင်းနေရချိန်မှာ အချိန်ကုန် မြန်အောင် လို့ ဂိမ်းကစားနေတာပါလို့ ဆင်ခြေပေးသလို ပြောတတ်ကြတယ်။ ဘာပဲပြောပြော ဂိမ်း နဲ့ ပတ်သက်ရင် အပျော် ဆိုတာကိုပါ တတွဲတည်း မြင်လေ့ရှိကြတာကတော့ ငြင်းလို့ မရပါဘူး။ တကယ်တော့ ဂိမ်း ဆိုတာ ကလေးတွေနဲ့သာ သက်ဆိုင်တဲ့ အဲဒီ အပျော်အပါးကိစ္စ ဆိုတာထက် အများကြီး ပိုပါတယ်။

ဘာကြောင့် အဲဒီလို ပြောရတာလဲ… ဘာတွေများ ပိုလို့လဲ… ဂိမ်း ကစားတယ် ဆိုတာ အပျော်ပဲ မဟုတ်ဘူးလား လို့ မေးလာမယ်ဆိုရင်… မဟုတ်ပါဘူး လို့ ကျွန်မက ငြင်းပြီး မဟုတ်တဲ့အကြောင်းကိုလည်း အခုလို ပြောပြချင်ပါတယ်။ အဲဒါကတော့ ကျွန်မတို့ နေ့စဉ်ကျင်လည်နေကြရတဲ့ လုပ်ငန်းခွင်ထဲမှာ ဂိမ်းကစားကြတဲ့အကြောင်းပါ။

အများအားဖြင့် မနက် ရှစ်နာရီ ကနေ ညနေ ခြောက်နာရီလောက်အထိ ရုံးမှာ ကွန်ပျူတာကို မျက်နှာချင်းဆိုင်လို့ အလုပ်လုပ်ကြရသူတွေအတွက် အလုပ်ရဲ့ စိတ်ဖိစီးမှုကို လျှော့ချနိုင်စေဖို့၊ နေ့စဉ် ဆင်တူရက်စွဲတွေထဲမှာ ပျင်းရိညည်းငွေ့ မနေစေဖို့၊ စိတ်ကြည်လင်ပြီး လန်းဆန်း တက်ကြွလာစေဖို့၊ အကြံကောင်း ဥာဏ်ကောင်းတွေနဲ့ တီထွင်ဖန်တီးနိုင်တဲ့ စွမ်းအားတွေ တိုးပွားလာစေဖို့၊ မျက်စိရော လူရော စိတ်ပါ အညောင်း အညာပြေစေဖို့၊ လုပ်ငန်းခွင်ထဲမှာ လုပ်ဖေါ်ကိုင်ဖက် အချင်းချင်း ပိုပြီး ချစ်ခင်ရင်းနှီးမှုရှိလာစေဖို့… အစရှိတဲ့ ရည်ရွယ်ချက်တွေနဲ့ တလတကြိမ် နှစ်ကြိမ် အဆင်ပြေသလို အလုပ်ထဲမှာ ဂိမ်းကစားဖြစ်ကြပါတယ်။ အလုပ်ထဲမှာ ဂိမ်းကစားကြတယ်ဆိုတော့ နည်းနည်းတော့ ထူးဆန်းကောင်း ထူးဆန်းနေလိမ့်မယ်။ ဒါပေမယ့် အဲဒီလိုအချိန်တွေ တကယ်ရှိပါတယ်၊ တကယ်လည်း လိုအပ်ပါတယ်။ ပြီးတော့ အလုပ်ပျက် အကိုင်ပျက် ဖြစ်ရတဲ့အထိလည်း အချိန်ယူစရာ မလိုပါဘူး။ အဲဒီလို ပေါ့ပေါ့ပါးပါး ကစားလေ့ရှိတဲ့ ရုံးတွင်း ဂိမ်း ကစားနည်းတွေထဲက တချို့ကို မျှဝေချင်ပါတယ်။

*****
အဲဒီနေ့က နေ့လည် ထမင်းစားပြီးချိန် နေ့လည် နှစ်နာရီလောက်မှာ ကျွန်မတို့ဌာနကို အုပ်ချုပ်သူ လူကြီးက စက္ကူအိပ် အညိုရောင်အထုပ်ကို အခန်းထဲက စားပွဲပေါ်မှာ လာချပြီး အားလုံး ဒီနားကို လာကြ… လို့ ခေါ်ပါတယ်။ သူယူလာတဲ့ အထုပ်ထဲက ပစ္စည်းတွေကို ကြည့်လိုက်တော့ တခါသုံး စက္ကူခွက်၊ တခါသုံး ဝါးတူ တွေ၊ ပြီးတော့ ဆေးလုံးလေးတွေနဲ့တူတဲ့ M & M တံဆိပ် ရောင်စုံချောကလက်ထုပ်တွေကို တွေ့ရပါတယ်။ M & M ရောင်စုံ ချောကလက်လုံးလေးတွေကို သိကြတယ် မဟုတ်လား၊ ဟိုးအရင်က မြန်မာ့အသံနဲ့ တီဗီမှာ ကြော်ငြာတယ်လေ၊ “ချောကလက်လေးတွေ တန်းစီ…” တို့ “ပါးစပ်ထဲမှာသာ ပျော်ပြီး လက်မှာ မပျော်တဲ့ တို့ချောကလက်” တို့ ဆိုတာ… (ဒီနေရာမှာ ပျော်တယ် ဆိုတာ melt ဖြစ်တာ - အရည်ပျော်တာကို ဆိုချင်တာ ဖြစ်ပါတယ်) အဲဒီ ချောကလက်လုံးလေးတွေပါ။ အားလုံးက ဒီချောကလက်တွေနဲ့ ဝါးတူတွေ စက္ကူခွက်လေးတွေကို ဘာလုပ်ဖို့ ယူလာတာပါလိမ့်လို့ တွေးပြီး ကြံရာမရ ဖြစ်နေချိန်မှာ သူကပဲ စပြီး တယောက်ကို စက္ကူခွက် တခုနဲ့ တူတစုံစီ ယူစေပါတယ်။ ပြီးတော့ ချောကလက်ထုပ်တွေကို သူကိုယ်တိုင်ပဲ ဖေါက်ပြီး ပလတ်စတစ်ဇလုံ ခပ်ကြီးကြီး တခုထဲ လောင်း ထည့်ပါတယ်။ တဆက်တည်းမှာ သူ့လက်ကိုင်ဖုန်းကို ထုတ်ပြီး တမိနစ် တိုင်မာ ပေးထားကြောင်း ကျွန်မတို့ကို ပြပါတယ်။ ပြီးတော့ ကျွန်မတို့ အားလုံးကို စားပွဲပတ်ပတ်လည်မှာ နေရာယူခိုင်းပါတယ်။

သူ တိုင်မာစတဲ့ အချိန်မှာ ကျွန်မတို့က တူနဲ့ ခုနက ရောင်စုံချောကလက်လုံးတွေကို စက္ကူခွက်လေးတွေထဲ ယူထည့်ကြရမှာပါ။ ပြိုင်ပွဲစည်းကမ်းအနေနဲ့ ချောကလက်လုံးတွေကို တူနဲ့ပဲ ယူရမယ်၊ လမ်းမှာ ပြုတ်ကျကျန်နေခဲ့တဲ့ ချောကလက်လုံးတွေကို ပြန်မကောက်ပဲ ဒီတိုင်းထားရမယ်၊ ဇလုံထဲကနေ စက္ကူခွက်ထဲကို တူနဲ့ ညှပ်ပြီး အမိအရ ပါလာတဲ့ ချောကလက်လုံးတွေကိုသာ ရေတွက်မယ်လို့ ပြောပါတယ်။ အိုကေ… အားလုံး အဆင်သင့်ဖြစ်ပြီဆို စမယ်လို့ ပြောပါတယ်။ ကျွန်မတို့ အားလုံး တူ တပြင်ပြင် လက် တပြင်ပြင်နဲ့ ရောင်စုံ ချောကလက်လုံးတွေကို ကောက်ယူဖို့ အသင့်ဖြစ်နေကြပါပြီ။

သူက Ready… One, Two, Three… Go လို့ အော်လိုက်တဲ့အချိန်မှာ ကျွန်မတို့ အားလုံး ချောကလက်လုံးတွေကို တူနဲ့ လှမ်းယူပြီး လက်တဖက်မှာ ကိုင်ထားတဲ့ စက္ကူခွက်လေးထဲ ထည့်ကြပါတယ်။ ပြောင်ချောချော ရောင်စုံချောကလက်လုံးပိစိလေးတွေဟာ တူနှစ်ချောင်းကြားမှာ ရှောရှောရှူရှူ ပါလာတဲ့သူက ပါလာ၊ ပြုတ်ကျခဲ့တဲ့သူက ပြုတ်ကျ၊ ခွက်လေးထဲအထိ ပါလာလို့ သဘောကျတဲ့ ရယ်မောသံ၊ လမ်းတဝက်မှာ ပြုတ်ကျလို့ မချင့်မရဲ ကြိတ်မနိုင်ခဲမရ အော်သံတွေလည်း ဆူညံ… ပျော်လိုက်ကြတာ ကလေးငယ် တွေလိုပဲ။

တမိနစ်ပြည့်ချိန်မှာ သူက အားလုံး တူတွေချပြီး ရပ်တော့ လို့ ပြောပါတယ်။ ပြီးတော့ တယောက်ကို ရောင်စုံချောကလက် ဘယ်နှစ်လုံးရသလဲ ရေတွက်ကြရပါတယ်… အများဆုံးရတဲ့သူကို သူ အသင့်ယူလာတဲ့ ဆုလေး ထုတ်ပေးပါတယ်။ ဆုကလည်း သိပ်တော့ ထွေထွေထူးထူး မဟုတ်ပါဘူး ကော်ဖီမတ်ခွက်လေး တလုံးပါပဲ။ ဒါပေမဲ့ အဲဒီနေ့က ကျွန်မတို့ အားလုံး ရောင်စုံချောကလက်လုံးတွေ စားရင်း ရယ်မော ပျော်ရွှင်ကြရတယ်၊ တခဏ လန်းဆန်းပေါ့ပါးသွားရုံသာမက နောက်နေ့တွေအထိ ပြန်ပြောပြီး ပျော်ကြရတယ်။ အချိန်လည်း များများ မလို၊ ကြီးကြီးကျယ်ကျယ်လည်း ကြိုတင်ပြင်ဆင်စရာ မရှိ၊ ချောကလက်လည်းစားရတဲ့ ပေါ့ပေါ့ပါးပါး ကစားနည်း တခုပါပဲ။

*****
နောက်တကြိမ်ကတော့ ကျွန်မတို့ ဌာနတခုလုံး စာရင်းစစ်ဝင်မယ့် ရက်နီးနေလို့ ခေါင်းမဖေါ်နိုင်အောင် အလုပ်များနေချိန်ပါ။ နေ့လည်စာ စားဖို့ မိနစ်နှစ်ဆယ်လောက်အလိုမှာ ကျွန်မတို့ လူကြီးက စားစရာတွေလို့ ထင်ရတဲ့ အထုတ်တွေနဲ့ အခန်းထဲကို ရောက်လာပါတယ်။ ခါတိုင်းလည်း သူက အဲဒီလိုပဲ စားစရာတွေ အမြဲ ဝယ်လာနေကျပါ။ Hi everyone လို့ နှုတ်ဆက်ပြီး အခန်းထဲ ဝင်လာပါတယ်… အလုပ်တွေ ဖိစီးနေတာကြောင့် သူ့ကို ပြန်နှုတ်ဆက်တဲ့ အသံက နည်းနည်းပဲ ရှိပါတယ်။ ပြီးတော့ သူက ယူလာတဲ့ အထုတ်တွေကို အခန်းအလယ်က စားပွဲရှည်ပေါ်မှာ တင်လိုက်ပါတယ်။ ကိုယ့်အလုပ်ဇောနဲ့ကိုယ် ခေါင်းမဖေါ်နိုင်တဲ့ ကျွန်မတို့ကို သူက ဒီကိုလာကြဟေ့ လို့ လှမ်းခေါ်ပါတယ်။ အနားရောက်တော့ လူရေပြီး အဖွဲ့ နှစ်ဖွဲ့ ခွဲခိုင်းပါတယ်။ အဲဒီအချိန်အထိ ကျွန်မတို့ကို အလုပ်အသစ်တွေ ထပ်ပေးဖို့ အဖွဲ့ခွဲခိုင်းတယ်ပဲ ထင်နေမိတာပါ။ သူယူလာတဲ့ အထုတ်တွေကို မျက်စိတချက် ဝေ့ကြည့်လိုက်တော့ ပဲလုံးလေးတွေကို တွေ့လိုက်ရပါတယ်။ ခါတိုင်းလည်း အပျင်းပြေဝါးဖို့ ပဲလုံးလေးတွေဝယ်လာတတ်ပါတယ်။ ဒါပေမယ့် ဗူးတခုခု၊ ဒါမှမဟုတ် ပုလင်းထဲ တခါတည်း ထည့်ပြီးမှ ယူလာတတ်တာပါ။ အခုကတော့ အထုတ်လိုက်ပဲ။

ဘာပဲဖြစ်ဖြစ် သူခိုင်းတဲ့အတိုင်း ကျွန်မတို့ လူစု အဖွဲ့ နှစ်ဖွဲ့ ခွဲလိုက်ပါတယ်၊ စိတ်မပါ လက်မပါ… ပြီးတော့ အနည်းငယ် တွန့်ဆုတ် လေးကန်တဲ့ အပြုအမူတွေကိုယ်စီနဲ့ဆိုတာ ဝန်ခံရမှာပဲ။ ကျွန်မတို့ ဌာနမှာ စုစုပေါင်း ဝန်ထမ်း ဆယ့်ငါးယောက်ရှိပါတယ်။ အဲဒီနေ့က စာရင်းကိုင်တယောက်က ကလေးနေမကောင်းလို့ ခွင့်ယူထားတာမို့ ဆယ့်လေးယောက်ကျန်တာနဲ့ တဖွဲ့ကို ခုနှစ်ယောက်စီ အညီအမျှ ခွဲလို့ ရလိုက်ပါတယ်။ အဲဒီလို နှစ်ဖွဲ့ခွဲပြီးတော့ သူက ဘယ်အချိန်က သွားယူလာမှန်းမသိတဲ့ ပလတ်စတစ်ဇလုံ သုံးခုကို ထုတ်လိုက်ပါတယ်။ အဲဒီအချိန်မှာ ကျွန်မတို့ သိသွားပြီ။ အားလုံးက ဟေးးး ကနဲ တပျော်တပါး အော်လိုက်ကြတယ်။

သူယူလာတဲ့ ပဲလုံးလေးတွေက နှစ်မျိုးပါ။ တခုက Kidney Bean လို့ ခေါ်ကြတဲ့ နီညိုညို ပဲလုံးကြော်တွေ ဖြစ်ပြီး နောက်တခုကတော့ Chick Pea လို့ ခေါ်ကြတဲ့ ကုလားပဲလုံးလို ပဲတွေပါ။ အဲဒီ အရွယ်မတူ အရောင်မတူတဲ့ ပဲနှစ်ထုပ်ကို သူက ဇလုံတခုထဲ ရောထည့်ပြီး ဇလုံကို ဆန်ပြာသလို အလွယ်တကူ လှုပ်ခါပြီးတော့ ပဲလုံးတွေကို ရော သမ စေပါတယ်။ ပြီးတော့ ကျွန်မတို့ အဖွဲ့တဖွဲ့ကို ဇလုံ တလုံးစီ ပေးပါတယ်။ အချိန် တမိနစ်ပေးမယ် တဖွဲ့က နီညိုရောင်ပဲလုံးတွေကို ရွေး၊ နောက်တဖွဲ့က အဝါရောင် ပဲလုံးတွေကို ရွေးပြီး ကိုယ့်ဇလုံထဲ ကိုယ် ထည့်ရမယ် လို့ ပြောပါတယ်။ သူက စ ဆိုတဲ့ အချိန်မှာ ကျွန်မတို့ ပဲလုံးတွေ ရွေးကြပါတယ်။ ကျွန်မ နေရတဲ့ အဖွဲ့က နီညိုရောင် ပဲလုံးတွေ ရွေးရပါတယ်။ ဘယ်သူ့ ဘယ်သူမှ မကြည့်နိုင်ပဲ ကိုယ်လိုတဲ့ ပဲလုံးကို သူ့ထက်ငါ အလုအယက် ရွေးယူကြပါတယ်။ တမိနစ်ပြည့်ပြီ… အားလုံး ရပ်တော့ ဆိုတာတောင် မရပ်နိုင်ပဲ ဆက်ကောက်နေမိသေးတယ်။ ပြီးတော့ သူက ပဲ ဇလုံ နှစ်ခုကို ကြည့်ပြီး အရောင်မတူတဲ့ မလိုတဲ့ ပဲလုံးတွေကို ဖယ်ထုတ်စေပါတယ်။ နောက်တော့ အခန်းထဲမှာ ပစ္စည်းချိန်ဖို့ အသင့်ရှိနေတဲ့ ချိန်တွယ်စက်လေးနဲ့ ချိန်ပါတယ်။ ကျွန်မတို့ နီညိုရောင် အဖွဲ့က ပဲလုံး အလေးချိန် သုံးရာဂရမ်နဲ့ အနိုင်ရပါတယ်။ ပဲလုံး အဝါရောင်ကောက်တဲ့အဖွဲ့က နှစ်ရာ့ရှစ်ဆယ်ဂရမ်ပဲ ရတာပါ။ အနိုင်ရတဲ့ ကျွန်မတို့ ခုနှစ်ယောက်ကို သူက ပိုက်ဆံ ခုနှစ်ဆယ် ထုတ်ပေးပြီး တယောက် တဆယ်ယူ၊ နေ့လည်စာဝယ်စားကြလို့ ပြောပြီး တဟားဟား ရယ်မောရင်း အခန်းထဲက ထွက်သွားပါတယ်။ နှစ်ဆယ်ဂရမ်နည်းလို့ ရှုံးသွားတဲ့ အဖွဲ့က ကျွန်မတို့ကို မနာလိုဖြစ်ပြီး ပဲလုံးတွေနဲ့ ပစ်ပေါက်ကြပါတယ်။ သူတို့ပဲလုံးတွေကို ရှောင်ရင်း တိမ်းရင်း ရယ်မောရင်း ကျွန်မတို့ နေ့လည်စာ ဆင်းစားကြပါတယ်။

ကိုယ့်ရဲ့ အဖွဲ့ကို အလုပ်ခွင်ထဲမှာ အမြဲတမ်း ပျော်ရွှင်အောင် ထားတတ်တဲ့၊ မကြာခဏ အခုလို ဂိမ်းသေးသေးလေးတွေ ကစားဖို့ ယူဆောင်လာတတ်တဲ့ သူ့ရဲ့ ကစားနည်းတွေက ဒါတင် မကပါဘူး၊ နောက်ထပ် အများကြီး ရှိနေပါသေးတယ်။ တခါတလေ လုပ်လက်စ အလုပ်တွေရပ်ခိုင်း အားလုံးကို Microsoft Word ဖွင့်ခိုင်းပြီး ကြိုက်တဲ့ စာရိုက်ကြဆိုပြီး ခိုင်းတတ်တယ်။ ခေါင်းထဲက ထွက်သလို ရိုက်ချင်ရင်ရိုက်၊ ဒါမှမဟုတ် အနားက စာအုပ်တခုခုထဲက စာကြောင်းတွေကို ကူးရိုက်ချင်ရိုက်၊ တမိနစ်ပြည့်ရင် ရပ်ခိုင်းပြီး စာလုံး (Words) အရေအတွက် အများဆုံး ရိုက်နိုင်တဲ့သူကို ဆုချတာမျိုး၊ လက်ကိုင်ဖုန်းတွေကနေ သူ့ဆီကို စာတို ဘယ်နှစ်စောင် ပို့နိုင်သလဲ ပြိုင်တာမျိုး၊ သီချင်းတပုဒ်ကို ခပ်ကျယ်ကျယ် ဖွင့်ပြီး အခန်းထဲဝင်လာပြီးတော့ သီချင်းနာမည်နဲ့ အဆိုတော်နာမည်ကို သူ့ဆီ မက်ဆေ့ခ်ျ ပို့ခိုင်းတာမျိုး၊ အဖွဲ့ နှစ်ဖွဲ့ ခွဲပြီး လေမှုတ်ပူဖေါင်းတွေ ဝယ်လာပြီး ပြိုင်မှုတ်ခိုင်းတာမျိုး… အမျိုးမျိုး ကစားရပါတယ်။ အချိန်ကလည်း ဆယ်မိနစ် ဆယ့်ငါးမိနစ်ထက် ပို မကုန်ပါဘူး။

*****
အလုပ်ခွင်ထဲမှာ တနေ့ တနေ့ ခေါင်းစိုက်အောင်လုပ်နေရင်းမှာပဲ ပျော်စရာအချိန် အခိုက်အတံ့လေးတွေ၊ လုပ်ဖေါ်ကိုင်ဖက် အချင်းချင်း ရင်းနှီးချစ်ခင်မှု စည်းလုံးမှု ပိုစေတဲ့ အခိုင်အတံ့လေးတွေကို အခုလို ဂိမ်းကစားရင်း ဖန်တီးယူလို့ ရနိုင်တယ်ဆိုတာ ကျွန်မအတွက်တော့ သေချာပါတယ်။ ဆိုတော့… ဂိမ်းဆိုတာ ကလေးမှ ဆော့ရမယ်၊ အားမှ ဆော့ရမယ်၊ အချိန်ပိုမှ ဆော့ရမယ်၊ သတ်မှတ်ထားတဲ့ နေရာရောက်မှ ဆော့ရမယ်ဆိုတာ ဘယ်ဟုတ်ပါ့မလဲ။ ပြီးတော့ ဂိမ်း ကစားတယ် ဆိုတာ အပျော်အပါး ကိစ္စ၊ အချိန်ပိုမှ လုပ်ရတဲ့ ကိစ္စ၊ အလကား အချိန်ဖြုန်းရုံသက်သက် ကိစ္စတခုလို့ရော ယူဆလို့ရနိုင်သေးရဲ့လားလို့ စဉ်းစားနေမိတာပါပဲ…။

သက်ဝေ

(၃၁ ဇူလိုင် ၂၀၁၇)

(၂၀၁၇ စက်တင်ဘာလ Gamer Magazine ငါးနှစ်ပြည့် အထူးထုတ်တွင် ဖေါ်ပြပြီး ဖြစ်သည်)

Monday, May 8, 2017

Home Screen အကြောင်း တစေ့တစောင်း

ကိုယ် လက်ကိုင်ဖုန်းရဲ့ Home Screen ကို ပြန်ကြည့်ဖြစ်တယ်... အချိန်ရရင် အတူတူ လိုက်ကြည့်ကြပါနော်။
Facebook - ဒီ App ဟာ ဖုန်းမျက်နှာပြင်တခုရဲ့ ပထမဦးစားပေးနေရာမှာ ရှိနေတယ်လို့ ဆိုနိုင်သလား။ အကြိမ်ရေ အများဆုံး တို့ဖြစ် ထိဖြစ်တဲ့ အိုင်ကွန်လား။ တနေ့ကို ဘယ်နှစ်ကြိမ် တို့ဖြစ်ပါသလဲ။ တိုးတက်လာတဲ့ခေတ်ကြီးမှာ ရေဒီယို စတေရှင်တခုက ကောက်ထားတဲ့ စစ်တမ်းအရ လူတွေဟာ တနေ့ကို ပျမ်းမျှ ၈၅ ကြိမ် ဖုန်းကို ကောက်ကိုင်တတ်ကြပါတယ်တဲ့။ အဓိက ကတော့ အသံစုံ ပုံသဏ္ဍာန်စုံနဲ့ ဝင်ရောက်လာလေ့ရှိတဲ့ နိုတီ တွေကြောင့်ပါ။ နိုတီတွေ လာတိုင်း လူတွေဟာ ဖုန်းကို စက္ကန့်မဆိုင်း ကောက်ကိုင်လေ့ရှိကြတယ်။ တခါတခါဆို နိုတီတွေ မလာရင်တောင် လာတော့မလား၊ လာနေပြီး ကိုယ် မတွေ့လိုက်တာများလား ဆိုတဲ့ စိတ်အတွေးနဲ့ ဖုန်းကို မကြာခဏ ကောက်ကိုင်ပြီး ကြည့်လေ့ရှိကြတယ်။ စဉ်းစားစရာ... ဖုန်းဆိုတာ လူက ညွှန်ပြခိုင်းစေတာကို ခံရမဲ့အစား အခုတော့ လူတွေဟာ ဖုန်းက ခိုင်းသမျှ ခံနေရတယ် လို့ပဲ ကောက်ချက်ချမိပါတယ်။ ကိုယ်လည်း လူထဲက လူတယောက်ပေမို့ တနေ့ကို ဖုန်းကို ၈၅ ကြိမ် ကောက်ကိုင်သူထဲမှာ ပါနေမှာ သေချာပါတယ်။

Social ဆိုတဲ့ Folder လေး အောက်မှာတော့ Twitter / SoundCloud / Mail နဲ့ Messanger တွေကို စုစည်းထားတယ်။ Twitter ကတော့ မသုံးဖြစ်တာ များပါတယ်။ တခါတလေကျရင်တော့ “ မ တွိ တာ ကြာ ” လို့ သွားသွားရေးဖြစ်တယ်။ Smule ခေတ်မစားခင်အချိန်တွေတုန်းက SoundCloud ကို အသုံးများကြတယ်။ အသံသွင်းလို့ရ သီချင်းဆိုလို့ရ ကဗျာရွတ်လို့ရတယ် ထင်တာပဲ။ ကိုယ်ကတော့ သီချင်းနားထောင်တာကလွဲပြီး သိပ်များများစားစား မသုံးဖြစ်ဘူး။ ရောက်လာသမျှ အီးမေးလ်တွေကို ဖွင့်မဖတ်တာ စိတ်ဝင်စားစရာ မရှိတဲ့ ကုန်ပစ္စည်း ကြော်ငြာတွေကြောင့်ပါ။ ဖျက်ဖို့ကလည်း ဟိုး အောက်အထိ သွားဖျက်နေရမှာမို့ ဒီလိုပဲ မေ့မေ့လျော့လျော့ထားလိုက်ရင်းကနေ အခုလို ပုံသွားတာ။ Messanger ကတော့ Facebook ဖွင့်ရင် တတွဲတည်း တက်လာတတ်တာမို့ သူ့ဟာသူ သပ်သပ် တကူးတက မဖွင့်ဖြစ်သလောက်ပဲ၊ အဲဒီလို သိပ်အသုံးမများလို့လည်း folder ထဲ စုထည့်ထားဖြစ်တာ။
Safari ကတော့ လို တ ရ browser တခုပါပဲ။ သိချင်တာ လိုချင်တာ မှန်သမျှ ရှာရ ဖွေရတယ်။ ဟိုစာ ဒီစာ အတိုအထွာတွေလည်း ဖတ်ရတယ်။ သတိတရရှိတဲ့ Blog တွေကိုလည်း အဲဒီကနေ သွားဖတ်ဖြစ်ပါတယ်။

Whatsapp နဲ့ Viber - သူကတော့ တကမ္ဘာလုံးက ချစ်သူခင်သူတွေနဲ့ ဆက်သွယ်ဖို့ အင်မတန် အသုံးကျတယ်။ ဒီမှာတော့ Whatsapp ကို ပိုပြီး တွင်တွင်ကျယ်ကျယ် သုံးကြတယ်။ အလုပ်မှာလည်း တရားဝင် သုံးတယ်။ ကွန်ပျူတာနဲ့လည်း ချိတ်ဆက်ထားလို့ရတယ်။ တဦးချင်း တယောက်ချင်း ဆက်သွယ်ကြသလို group ဖွဲ့ပြီးတော့လည်း ဆက်သွယ်လို့ရတယ်။ အလုပ်ကိစ္စတခုခုကို Whatsapp ကနေ ပို့လိုက်ရင် ငါ မတွေ့လိုက်လို့ ငါ မမြင်လိုက်လို့ ဆိုတာမျိုး ဖြစ်ဖို့ အခွင့်အလမ်း သိပ်နည်းသွားတယ်။ ပို့သူအနေနဲ့ ကိုယ်ပို့လိုက်တဲ့ စာကို တဖက်က လက်ခံရရှိသူက ဖတ်ပြီးသွားပြီလား မဖတ်ရသေးဘူးလား ဆိုတာပါ တခါတည်း စစ်ဆေး သိရှိနိုင်တယ်။ ဖတ်ပြီးပြီ သိပြီးပြီ ဆိုရင် ဒီတိုင်းနေလို့ မရဘူး၊ အကြောင်းပြန်ဖို့ ကြိုးစားရတယ်။ မြင်ရဲ့သားနဲ့ ဘာမှ ပြန်မပြောရင် မကောင်းဘူးပေါ့။ ကိုယ်အလုပ်နဲ့ဆိုင်တဲ့ ဂရုတခုမှာဆို MD နဲ့ GM ပါ ပါတယ်။ ကိုယ်နဲ့ဆိုင်တဲ့ မက်ဆေ့ခ်ျတခုခု ဝင်လာရင် အူကြောင်ကြောင်နဲ့ မသိချင်ယောင် ဆောင်နေလို့ မဖြစ်ဘူး။ အတတ်နိုင်ဆုံး အဖြေရှာပြီး ခပ်မြန်မြန် အကြောင်းပြန်ရတယ်... တကယ်တမ်းမှာတော့ ကောင်းသည် ဆိုးသည် ပြောဆို ဝေခွဲရခက်လှပါတယ်။

Camera - ဒီဖုန်းထဲက Camera နဲ့ပဲ ဓါတ်ပုံရိုက်ဖြစ်နေတာ များတယ်။ DSLR ကို မကိုင်ဖြစ်သလောက်ပဲ။ DSLR နဲ့ရိုက်ရင် ကွန်ပျူတာထဲ ပြန်ချပြီး File Size ချရတာကို အလုပ်ကြီးတခုလို ခံစားလာရတယ်။ ဒီတော့ အလွယ်ပဲ ဖုန်းကင်မရာနဲ့ ရိုက်ဖြစ်နေတယ်။ အရည်အသွေးလည်း အတော်လေး ကောင်းပါတယ်။ နည်းနည်းပါးပါး ဝါးတော့လည်း တမျိုးကောင်းတာပဲ... မျက်နှာပေါ်က အရေးအကြောင်းတွေ သိပ်မမြင်ရဘူးပေါ့။ အသက်ကြီးလာတော့ DSLR နဲ့ အရိုက်ခံရမှာ ကြောက်တတ်လာပြီ။

Photo Gallery ထဲမှာ... အမှတ်ရစရာ ဓါတ်ပုံ မှတ်တမ်းတွေ အများကြီး။ Sub Folder လေးတွေ ခွဲပြီး သိမ်းထားတယ်။ Storage အတွက်ကတော့ iCloud ကနေ တလ တကျပ်ပြားလေးဆယ်နဲ့ ဝယ်ထားတာမို့ ပူစရာ မလိုဘူး။ ရိုက်ထားသမျှတွေ ပြန်ပြန်ဖျက်နေစရာ မလိုတော့ဘူး။

PS Express ကတော့ ရိုက်ထားတဲ့ ဓါတ်ပုံတွေကို အရောင်လေး နည်းနည်းပါးပါပြင်ပြီး ဘောင်ခတ်တဲ့နေရာမှာ သုံးဖြစ်တယ်။

Instagram ကတော့ ခေတ်နဲ့ အညီပေါ့လေ။ ကိုယ်ကြည့်ချင်တာလေးတွေ သွားကြည့်၊ အမှတ်တရ ကိုယ် သိမ်းချင်တာလေးတွေ သွားသိမ်းထားဖြစ်တယ်။ FB လို မဟုတ်၊ တခြားဓါတ်ပုံတင်တဲ့ Flickr တို့၊ 500px တို့လိုမဟုတ်ဘူး တမျိုးလေးပဲ... ပျော်စရာတော့ကောင်းပါတယ်။

Pokemon - ပိုကီမွန်ကတော့ အဲဒီဂိမ်း စင်္ကာပူမှာ စထွက်တဲ့နေ့ထဲက ဒေါင်းပြီး ဆော့နေဖြစ်တာ။ ကြားထဲမှာ ခဏငြိမ်သွားသေးတယ်။ အခု Generation 2 ထွက်တော့ နေ့တိုင်းလိုလို ပြန်ဆော့ဖြစ်နေတယ်။ ဝေးဝေးလံလံတော့ မသွားဖြစ်ပါဘူး၊ အိမ်နားမှာပဲ ညဖက် လမ်းလျှောက်ရင်း အကောင်လိုက်ဖမ်းတယ်။ Generation 2 က အကောင်အသစ်လေးတွေက အသေးစားလေးတွေများတယ်၊ သိပ်ချစ်စရာကောင်းတယ်။

Juice Jam – Candy Crush ဆော့နေရင်းတန်းလန်းမှာ ညီမတော် ဖိုးဒီလေးရဲ့ မိတ်ဆက်ပေးမှုနဲ့ Juice Jam ကို စ ကစားဖြစ်တယ်။ Candy Crush နဲ့ တော်တော်လေး ဆင်တူတယ် ဒါပေမဲ့ Juice Jam က နည်းနည်း ပိုလွယ်တယ်လို့ ထင်ရတာပဲ။ ပြီးတော့ အရုပ်လေးတွေက ချစ်စရာကောင်းတယ်။ ထုလို့ နှက်လို့ တော်တော်နဲ့ မနိုင်နိုင်တဲ့ Big Cat ကြီးတကောင်က လွဲလို့ပေါ့။ တခုခုကို စောင့်ဆိုင်းနေရချိန်မျိုး၊ တခုခုကို မေ့မေ့ပျောက်ပျောက် ထားလိုက်ချင်တဲ့ အချိန်မျိုး ဒါမှမဟုတ် ဘာအာရုံမှ စုစည်းလို့မရတဲ့ အချိန်မျိုးတွေမှာ Juice Jam ကို ကစားဖြစ်တယ်။

Friendly - Facebook ဖွင့်လို့ရတဲ့ App တခုပါ... ကောင်းတယ်ဆိုတာနဲ့ လိုလိုမယ်မယ် ဒေါင်းထားဖြစ်တယ်။ မသုံးဖြစ်ပဲ ရှိနေပြီး မဖျက်ဖြစ်သေးတဲ့ app တခုလို့ ဆိုရမှာပါပဲ။

StarHub ကတော့ ကိုယ့်ဖုန်းဘေလ်ကို ကြည့်တာ၊ ဘေလ် ပေးတာ၊ တလစာ သုံးစွဲခွင့်ရှိတဲ့ ဒေတာ ဘယ်လောက်ကုန်နေပြီလဲ ကြည့်တာလောက်ပါပဲ။ တလစာ ရထားတဲ့ ဒေတာ 4 GB ဟာ အရင်ကဆို တလလုံးနေလို့ 1 GB တောင် မကုန်ဘူး။ အခုနောက်ပိုင်းမှာ ဘယ်လိုဖြစ်တယ်မသိ၊ ဖုန်းကပဲ ဆွဲတာများသလား သူတို့ transmit လုပ်တဲ့ဆီကပဲ အရှိန်နှုန်းမြန်လာတော့ ဒေတာ ပိုစားသလား မသိဘူး၊ ပြီးခဲ့တဲ့လက စုစုပေါင်း 5 GB ဖြစ်သွားတယ်။ တကယ်ဆို ကိုယ်က ရုပ်ရှင် ဗီဒီယို အရှင်း လုံးဝ မကြည့်ဘူး။ သီချင်းလည်း သိပ်များများ နားမထောင်ဖြစ်ဘူး၊ ဒါကို ဒေတာက ကျော်သွားလို့ အဲဒီနောက်ပိုင်းကစပြီး ဒေတာကို သတိထားကြည့်ဖြစ်နေတယ်။

Spotify က ကိုယ့် အီးမေးလ်လိပ်စာနဲ့ အကောင့်ဖွင့်ထားလိုက်ရုံပဲ သီချင်းနားထောင်လို့ အဆင်ပြေတယ်၊ ကွာလတီ ကောင်းတယ်။ ရုံးမှာ ဆိုရင်တော့ ကွန်ပျူတာမှာ အဲဒီ App ကို ချထားလို့ရတယ်။ အပြင်သွားရင်တော့ ဖုန်းကနေ နားထောင်ရတာပေါ့။

Find Friends - ဒီ App အကြောင်းကတော့ ပြောပြစရာ နည်းနည်း ရှိနေတယ်။ ဒီလိုလေ... သားအမိသားအဖ သုံးယောက်ထဲရှိတဲ့ မိသားစုသေးသေးလေးအတွက် တယောက်တနေရာစီ ရောက်နေတဲ့အချိန်မှာ အသုံးဝင်တဲ့ App လို့ ဆိုရမှာပါ။ သုံးယောက်စလုံးရဲ့ ဖုန်းထဲမှာ အဲဒီ app ကို ထည့်ထားပြီး တယောက်က တယောက်ကို request လုပ်ရတယ်၊ accept လုပ်ရတယ်။ သားလေး ဘယ်ရောက်နေုပြီလဲ၊ သားဖေဖေ ပြန်လာပြီလား၊ On the way လား၊ အိမ်မှာလား စသည်ဖြင့် Map မှာ Location တွေ ပေါ်တယ်။ သား သွားမယ့်နေရာ ရောက်ပြီလား မရောက်သေးဘူးလားဆိုတာ မက်ဆေ့ခ်ျတွေ ပို့၊ ဖုန်းတွေ ဆက်ပြီး မေးနေစရာ မလိုတော့ဘူး။ ကြည့်လိုက်တာနဲ့ သိတယ်။ သား သူငယ်ချင်းတွေနဲ့ ဘယ်ကို သွားမယ် မိုးချုပ်မယ်... ၁၁ နာရီမှ ပြန်လာမယ်ဆိုလည်း ရတယ်။ စိတ်အေးလက်အေးပဲ။ သားရှိနေတဲ့နေရာကို ကိုယ်က မြင်နေရတာကိုး။ သား ပြန်လာနေပြီဆိုရင်လည်း မြင်နေရတာကိုး။ အင်မတန် တိကျတဲ့ application တခုပါ။

တခါက အမျိုးသမီး အလုပ်ကနေ အိမ်ပြန်လာနေတာကို အမျိုးသားက app ကနေ တဆင့် မြင်နေရတယ်။ အိမ်နား / အိမ်အောက်က car parking အထိ ရောက်လာတာလည်း မြင်နေရတယ်။ ဒါပေမဲ့ အမျိုးသမီးဟာ အိမ်ပေါ်ကို တော်တော်နဲ့ ရောက်မလာဘူး၊ တော်တော်ကြာလို့ မသင်္ကာလို့ သွားဆင်းကြည့်တော့ အမျိုးသမီးဟာ ကားထဲမှာ ကားစက်တောင် မရပ်ရသေးပဲ သတိမေ့နေတယ်၊ App ရဲ့ ကျေးဇူးနဲ့ အချိန်မီရောက်သွားလို့ အမျိုးသမီးဟာ အသက်အန္တရာယ်ကနေ လွတ်မြောက်ခွင့်ရတယ် လို့ သတင်းစာမှာ ဖတ်ရတယ်။ အဲဒီနောက်ပိုင်းမှာ ဒီ Find Friends တိုတဲ့ Application ကို စသုံးဖြစ်တာ။ Checking purpose မဟုတ်ပဲ security purpose ဆိုတာ သားကိုယ်တိုင်ကလည်း လက်ခံတယ်။ တချို့သူငယ်ချင်းတွေရဲ့ ကလေးတွေဆို သူတို့ ဘယ်ရောက်နေတယ်ဆိုတာ လုံးဝ အကြည့်မခံ အသိမခံနိုင်ကြဘူး၊ မိဘတွေက အဲဒီ app ကို ထည့်၊ သူတို့က ပြန်ဖြုတ်နဲ့ ပြဿနာတွေ ပေါ်ရတယ်။ တယောက်ကို တယောက် စိတ်ချလက်ချ ရှိဖို့အတွက် ဆိုတာကို သဘောပေါက် နားလည် လက်ခံတဲ့ သားကို ကျေးဇူးတင်ရတယ်။ (ဖေဖေ့ဖုန်းထဲမှာလည်း ထည့်ထားဖြစ်လို့ ဖေဖေတို့ ရန်ကုန်မှာနေတဲ့အချိန်ဆို သူတို့ ဘယ်သွားနေလဲ၊ အိမ်မှာလား ဓမ္မာရုံမှာလား၊ ဘယ်ဆိုင်ရောက်နေလဲ ဘာစားနေလဲ ဆိုတာတွေပါ လှမ်းကြည့်လို့လည်း ရ၊ ကိုယ်စားချင်တဲ့ ဆိုင်တွေ ကိုယ် သွားချင်တဲ့နေရာတွေ သူတို့ရောက်နေရင် လှမ်း ဂျေလို့ ရပါသေးတယ်)

Contact – Contact List ထဲမှာတော့ ချစ်သူခင်သူ မိဘ မိတ်ဆွေ သူငယ်ချင်း လုပ်ဖေါ်ကိုင်ဖက်တို့ကို အဆက်အသွယ်ပြုလို့ရတဲ့ ဖုန်းနံပါတ်၊ အီးမေးလ်၊ အိမ်လိပ်စာ စုစုပေါင်း ၄၃၂ ခု ရှိနေပါတယ်။

Messages မှာ မဖတ်ရသေးတဲ့ စာတို ၁၄ ခုရှိနေတာ တွေ့လိမ့်မယ်၊ အမှန်ပြောရရင် အဲဒါတွေကလည်း ကိုယ် ပျင်းလို့ မဖတ်တာ မဟုတ်ရပါဘူး၊ ကြော်ငြာတွေပါ။ ကြာသပတေးလောက်ဆို ရောက်လာလေ့ရှိတဲ့ ဈေးဆိုင်ကြီးတွေက လျှော့ဈေးကြော်ငြာတွေ၊ ကုန်ပစ္စည်း ပရိုမိုးရှင်းတွေနဲ့ ဆာဗေးတွေပါ။ တခါတခါလည်း ဖတ်ပါတယ် တခါတခါကျတော့လည်း ကျော်သွားတာ မဖျက်ဖြစ်တာ... အဲ့လိုတွေကြောင့် ကျန်နေတာ။

Phone - အမှန်ပြောရရင်တော့ ဒီ အိုင်ကွန်ကို နှိပ်ပြီး ကိုယ်က ဖုန်းခေါ်ရတဲ့သူ မရှိတော့သလောက်ကို ဖြစ်နေပါပြီ။ တလလုံးမှာ (Local Talk time) ပြည်တွင်းစကားပြောချိန်ဟာ ဆယ်မိနစ်တောင် မပြည့်တတ်ဘူး။ နိုင်ငံရပ်ခြားက မိတ်ဆွေတွေနဲ့ဆိုရင်တော့ Viber ဒါမှမဟုတ် Facebook Messanger ကနေ ဖုန်းခေါ်ဖြစ် စကားပြောဖြစ်တယ်။ ဖုန်းခေါ်တယ် ဆိုတာ ဖုန်းတလုံးရဲ့ အဓိကအကျဆုံး လုပ်ငန်းဆောင်တာတခု ဖြစ်ပေမဲ့ အသုံးအနည်းဆုံး ဖြစ်နေတာကိုလည်း ပြန်သတိထားမိပါတယ်။

မနေ့က စာရေးဖေါ် ကလိုစေးထူးရဲ့”အပန်းမကြီးရင် မိတ်ဆွေများရဲ့ ဖုန်းက Home Screen ပုံလေးတွေ ပြနိုင်မလား” ဆိုတဲ့ ပိုစ့်၊ ပြီးတော့ အဲဒီ Screen ပေါ်က App တခုခြင်းစီ၊ တင်ထားတဲ့ ပုံတခုစီအကြောင်းကို ခံစား တွေးတောကြည့်လိုက်ပါ။ သင့်ဖုန်း Screen လေးဟာ သင့်အကြောင်းကို ခပ်ပြုံးပြုံးလေး ပြောပြနေပါလိမ့်မယ် ဆိုတဲ့ စာသားတွေကနေ စိတ်ကူးရပြီး ဒီပိုစ့်ကို ရေးပါတယ်။ စာမရေးနိုင်တာ ကြာတဲ့အချိန်မှာ ပေါ့ပေါ့ပါးပါး အကြောင်းအရာလေးတခု ရေးဖြစ်သွားလို့ ကိုစေးထူးကို ကျေးဇူးတင်ပါတယ်။

သက်ဝေ
(၀၅ ဧပြီ ၂၀၁၇)

Sunday, April 23, 2017

i am water

ဒီနေ့ အောချတ်က ကီနိုကုနိယ (Kinokuniya) ဆိုတဲ့ စာအုပ်ဆိုင်ကို ရောက်တယ်။ အလှကုန်တွေ အဝတ်အထည် အသုံးအဆောင်တွေ ရောင်းတဲ့ Shopping Center ထဲမှာ လူတွေ ရှုပ်ထွေးများပြားနေသလိုမျိုး အဲဒီစာအုပ်ဆိုင်ထဲမှာလည်း အရွယ်စုံ အရောင်စုံ လူကြီး လူငယ်တွေ ကလေးတွေ အများကြီးပဲ။ အို... ဝမ်းသာစရာကောင်းလိုက်တာ လို့ ကျွန်မ ရေရွတ်မိတယ်။ စာအုပ် (Hardcopy) ကို ကိုင်ပြီး စာဖတ်ကြသူတွေ တော်တော်များများရှိနေသေးတာကို တွေ့လိုက်ရလို့ ဝမ်းသာမိတာ။ စာအုပ်တွေနဲ့ လူတွေကို ကြည့်ရင်း ကိုယ်သွားနေကျ Literature ဆိုတဲ့ စာအုပ်တန်းကို ခပ်ဖြည်းဖြည်း လျှောက်သွားလိုက်တယ်။ လမ်းတဝက်မှာ Poetry ဆိုတဲ့ ခေါင်းစဉ်ကို တွေ့တော့ အဲဒီစင်ပေါ်က စာအုပ်တွေကို လိုက်ကြည့်မိတယ်။ ကြည့်နေရင်းက အနက်ရောင်အဖုံးနဲ့ ကဗျာစာအုပ်တအုပ်ကို တွေ့ရတယ်။ အနက်ရောင်ဟာ အချိန်မရွေး နေရာ မရွေး ပစ္စည်းမရွေး ကျွန်မကို ဆွဲဆောင်နိုင်တုန်းပဲ။ 

စာအုပ်နာမည်က Milk & Honey... ရေးတဲ့သူက ကနေဒီယန်း အမျိုးသမီး ကဗျာဆရာမ Rupi Kaur တဲ့။ အဲဒီမှာ ဒီစာမျက်နှာလေးကို အမှတ်မထင် တွေ့လိုက်ရတာပဲ။ ကြည်ပါဦး ဘယ်လောက် သဘောကျစရာ ကောင်းသလဲဆိုတာ။ တိုတိုလေးပေမယ့် အဓိပ္ပါယ်က ကျယ်ဝန်းတယ်။ ကျွန်မ ကောင်းသည် ဆိုးသည် မစဉ်းစားနိုင်ပဲ ဖုန်းနဲ့ ဓါတ်ပုံ ရိုက်လိုက်မိတယ်။ ဒီစာလေး လေးကြောင်းကို သုံးလေးခေါက် ရွတ်ဆိုပြီး အလွတ်ကျက်နေသော်လည်း ကိုယ့်မှတ်ဥာဏ်ကို ကိုယ်တိုင် စိတ်ချစရာ မကောင်းတဲ့ အရွယ်ရောက်နေပြီ မဟုတ်လား။ နောက်မှ သူ့ကဗျာစာအုပ် ဝယ်ဖတ်ဦးမယ်လို့ တေးထားလိုက်တယ်။


ပြောရရင် ကျွန်မမှာ ရေ နဲ့ ပတ်သက်လို့ စာကြောင်းနည်းနည်း ရေးထားဖူးတယ်။ နာမည်ကတော့ သုညတွေရဲ့ တန်ခိုး တဲ့။ 

သုညတွေရဲ့ တန်ခိုး

စားပွဲပေါ်မှာ ချထားတဲ့ ဖန်ခွက်ထဲကို ရေအပြည့် ဖြည့်လိုက်တယ်။ ပြီးတော့ ဖြည်းဖြည်းချင်း မော့ သောက်တယ်။ သောက်နေရင်းနဲ့ ရေဟာ အင်မတန် ချိုတာပါလားလို့ ကျွန်မ တွေးမိတယ်။ ပြောရရင် ကျွန်မက ရေ သိပ်ကြိုက်တယ်။ သောက်ဖို့ရော ချိုးဖို့ပါ ကြိုက်တာ။ ကျွန်မ တစ်နေ့ကို အနည်းဆုံး ရေ နှစ်ခါတော့ ချိုးတယ်။ တစ်ချို့နေ့တွေမှာ သုံးခါ။ ဒီလိုနဲ့ ကျွန်မ သောက်လက်စ ရေအကြောင်း စဉ်းစားမိတယ်။ ရေအသက် တစ်မနက် လို့ ဆိုရိုးစကား ရှိတာမို့ ရေဟာ အတော် အစွမ်းရှိပါလားပေါ့။ ဟိုတနေ့က လည်ချောင်းနာပြီး နေမကောင်းလို့ ဆေးခန်းသွားပြတော့လည်း ဆရာဝန်က ဆေးပေးပြီး ရေများများသောက်နော် လို့ မှာတယ်။ ကျွန်မက ဟုတ်ကဲ့... သောက်ပါတယ် တစ်နေ့ကို အနည်းဆုံး ရေသုံးလီတာ သောက်ပါတယ် ဆိုတော့ ဆရာဝန်ကြီး မျက်လုံးပြူးသွားတယ်။ တယ်ဟုတ်ပါလား တဲ့။ လိမ်မာတယ် တဲ့။ တကယ်တော့ ဒါ ဘာဟုတ်သေးလဲ... ကျွန်မမှာ လိမ်မာတာတွေက အများကြီးရယ်။ ထားပါတော့။ ဒါနဲ့ ကျွန်မ ရေနဲ့ ပတ်သက်တာတွေ လိုက်ဖတ်ကြည့်ရင်း တွေ့ရတာလေးတစ်ခု ပြောပြချင်လာတယ်။ အဲဒါက ဘာလဲ ဆိုတော့ ရေရဲ့ အဟာရဆိုင်ရာ အချက်အလက်တွေပဲ။ ရေမှာ ကယ်လိုရီ သုည / အဆီပါဝင်နှုန်း သုည / ဆိုဒီယမ် သုည / ကာဘိုဟိုက်ဒရိတ် သုည / ပရိုတိန်း သုည တို့အပြင် ကယ်လ်စီယမ် နဲ့ မဂ္ဂနီဆီယမ် ပါဝင်မှုနှုန်းကလည်း သုည တဲ့။ အဲဒီလို ဂုဏ်သတ္တိအဖြစ် သုညပေါင်းများစွာကို ပိုင်ဆိုင်တဲ့ ရေ ကို တွေ့ရတော့ ကျွန်မ အံ့သြသွားတယ်။ တဆက်တည်းမှာ သုညတွေရဲ့ တန်ခိုးကိုလည်း အံ့သြရတယ်။ ဒီလိုနဲ့ ဖန်ခွက်ထဲမှာ ကျန်နေတဲ့ ရေကို ကျွန်မ အကုန် မော့ချလိုက်တယ်။ မျက်လှည့်ပြသလိုမျိုး... သုညတွေရဲ့ တန်ခိုးနဲ့ ဂုဏ်သတ္တိတွေ ကျွန်မဆီ ရောက်လာမှာ မုချပဲ။

အဲဒီလို ရေးထားခဲ့ဖူးတယ်။
Rupi Kaur ရဲ့ ကဗျာတိုလေးကတော့ ရှင်းရှင်းပြောရရင် ရေ ဘာလဲ ဘယ်လဲ ဆိုတာ နဂါးမှန်းသိအောင် အမောက်ထောင်ပြလိုက်တယ်လို့ ခံစားရတယ်။ ဒါကြောင့် ကျွန်မ သိပ်ကြိုက်တယ်။ ပြောရရင် ကျွန်မကလည်း နဂါးတစ်ကောင်ပဲ မဟုတ်လား။ 

သက်ဝေ
(၂၃ ဧပြီ ၂၀၁၇)

Thursday, April 20, 2017

သင်တန်းဆရာနဲ့ ကျွန်မကြားက အကွာအဝေး

ကျွန်မနေထိုင်တဲ့ ကမ္ဘာကြီးမှာ လူတွေဟာ တဆိတ်တော့ ဆန်းကြယ်တယ်။ သူတို့တွေဟာ အချိန်ကို အလကား မထားကြဘူး။ အားလပ်ချိန် နည်းနည်းလေးရတာနဲ့ သင်တန်းတွေ တက်ကြတယ်။ သင်တန်းတွေကတော့ အမျိုးမျိုးရှိတာပေါ့။ လွယ်လွယ်ပြောရရင် ဘာသာစကား သင်တန်းတွေ၊ ကွန်ပျူတာသင်တန်းတွေက အစပြုလို့ ကိတ်မုန့်၊ ပေါင်မုန့်ဖုတ် သင်တန်း၊ ကော်ဖီဖျော်သင်တန်း၊ ပန်းအလှပြင်သင်တန်း၊ စာရွက်ခေါက်သင်တန်း... စသည်ဖြင့် အမျိုးအမည် မရေမတွက်နိုင်တဲ့ သင်တန်းပေါင်းစုံရှိတယ်။ ဘာတတ်ချင်သလဲ ဘာသိချင်သလဲ တစ်ခုမဟုတ် တစ်ခုသာ ပြောကြည့်လိုက်၊ အဲဒီအတွက် သင်ကြားပို့ချပေးမယ့် သင်တန်းက အဆင်သင့်။ သင်တန်းတွေတိုင်းမှာလည်း သင်တန်းသားက အပြည့်ရှိတယ်။ အဲဒီလို သင်တန်းပေါင်းစုံ တက်နေကြတဲ့ ခေတ်ကြီးမှာ ကျွန်မလည်း သင်တန်းတစ်ခုခု တက်ဖို့ ရှာဖွေတယ်။ အဲဒီမှာ သတင်းစာကြော်ငြာတစ်ခု သွားတွေ့တယ်။ “ဟက်ဟက်ပက်ပက် ရယ်မောခြင်း သင်တန်း” တဲ့။ ရယ်မာခြင်းသည် အသက်ရှည်၏ လူတိုင်း လူတိုင်း ဟက်ဟက်ပက်ပက် ရယ်မောတတ်စေရန် တာဝန်ယူသည် ဆိုပဲ။ အဲဒီသင်တန်းကို သွားတက်ဖို့ ဆုံးဖြတ်ပြီး စာရင်းသွားပေးဖြစ်တယ်။ ကျွန်မ ဘဝမှာ တကယ်ပဲ ဟက်ဟက်ပက်ပက် ရယ်မောတတ်ချင်တယ်လေ။ (ရှင်တို့ရော...)

သင်တန်းတက်ဖို့ စာရင်းသွားပေးတဲ့နေ့မှာ သင်တန်းဆရာနဲ့ ကျွန်မ မျက်နှာချင်းဆိုင် တွေ့တယ်။ သူက ကျွန်မကို ရယ်ကာပြုံးကာနဲ့ ကြည့်ရင်း နာမည်ဘယ်လိုခေါ်သလဲ လို့ မေးတယ်။ ဒီမေးခွန်းဟာ ရယ်စရာ မေးခွန်းတစ်ခုလို့ မခံစားရပေမယ့် မေးခွန်း မမေးခင်ရော၊ မေးခွန်းမေးလို့ အပြီးမှာရော သင်တန်းဆရာက ရယ်မောနေတာပဲ။ ကျွန်မ နာမည်ကို ပြောလိုက်တော့ သူက နောက်တကြိမ် ရယ်ပြန်တယ်။ ကျွန်မနာမည်မှာ ဘာများ ရယ်မောစရာ ပါနေပါလိမ့်လို့ မျက်မှောင်ကြုတ်ပြီး စဉ်းစားနေမိတယ်။ ပြီးတော့ စာရင်းစာအုပ်မှာ ကျွန်မနာမည်ကို အရယ်တဝက်နဲ့ တစ်လုံးစီ အင်္ဂလိပ်လို စာလုံးပေါင်းကို ရေရွတ်ပြီး ဖြည့်စွက် ရေးသားတယ်။ ပြီးတော့ ကျွန်မကို မော့ကြည့်ပြီး ရယ်ပြန်တယ်။ ခက်တော့နေပါပြီ။ ကျွန်မကတော့ သင်တန်းဆရာကို ပြန်မရယ်ပြတတ်ဘူး။ ဘာလို့ဆို သင်တန်းမှ မတက်ရသေးတာ။

သင်တန်းစတဲ့နေ့က ကျွန်မ အချိန်အတိအကျ ရောက်အောင်သွားတယ်။ အချိန်ကို လေးစားတာ သိပ်ကောင်းတဲ့ အလေ့အကျင့်တစ်ခု မဟုတ်လား။ ကျွန်မ လွယ်လာတဲ့ ကျောပိုးအိတ်ထဲမှာ သင်ခန်းစာတွေကို ရေးမှတ်ဖို့ ဗလာစာအုပ်အသစ် သုံးအုပ်နဲ့ ဘောပင် ခဲတံ ခဲဖျက် ပေတံတွေကို စုံလင်အောင် ထည့်ယူလာခဲ့တယ်။ သင်တန်းအခန်းကိုရောက်ဖို့ လှေခါးထစ်လေးတွေကို တက်ရတယ်။ လှေခါးရင်းမှာ မိန်းကလေးတစ်ယောက်နဲ့ တွေ့တယ်။ သူ့လက်ထဲမှာ စာအုပ်ခပ်သေးသေးတစ်အုပ်နဲ့ ခဲတံတစ်ချောင်း ကိုင်လို့။ ကျွန်မလိုပဲ ဟက်ဟက်ပက်ပက် ရယ်မောခြင်း သင်တန်းကို တက်ဖို့ ရောက်လာသူတစ်ယောက်ဆိုတာ ယုံမှားသံသယရှိစရာ စိုးစဉ်းမျှ မလိုအပ်ခဲ့ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်မတို့နှစ်ယောက်ဟာ မျက်နှာချင်းဆိုင်တွေ့ပြီး မျက်လုံးချင်းဆုံမိတာနဲ့ ကိုယ်စီကိုယ်ငှ ဖျတ်ကနဲ မျက်နှာလွှဲပစ်လိုက်ကြလို့ပဲ။ 

သင်တန်းတက်ရမယ့် အခန်းကိုရောက်တော့ တစ်နေရာစီ၊ တစ်ထောင့်စီမှာ ငြိမ်ထိုင်နေကြတဲ့ သင်တန်းသား ယောက်ျားလေး မိန်းကလေး စုစုပေါင်း ဆယ်ယောက်လောက် တွေ့ရတယ်။ မကြာခင်မှာပဲ သင်တန်းဆရာ ရောက်လာတယ်။ သူကတော့ တွေ့လိုက်တာနဲ့ ရယ်မောနေတာပါပဲ။ အားလုံးပဲ ကောင်းသောနေ့ပါ လို့ အစချီပြီး သူ့သင်ခန်းစာကို စ တယ်။ သင်တန်းသားတွေ ဘယ်သူ့ ဘယ်သူကိုမှ ထ ပြုပြီး မိတ်မဆက်ခိုင်းတာ သိပ်ကောင်းတဲ့ အစီအစဉ်ပဲ လို့ တွေးရင်း သင်တန်းဆရာကို စိတ်ထဲက တိတ်တိတ်လေး သဘောကျသွားတယ်။ သင်တန်းစစချင်းမှာ ဆရာက ကဲ... ကျွန်တော်တို့ ဘယ်လို ရယ်မောကြမလဲ လို့ ရယ်ရယ်မောမော မေးပြီး ကျွန်မတို့အားလုံးကို လေးထောင့်စပ်စပ် ကြည့်မှန်တစ်ချပ်စီ လိုက်ဝေတယ်။ ကျွန်မတို့တွေနဲ့ အင်မတန် ရင်းနှီးပြီးသား ရိုးရိုးသာမာန် ကြည့်မှန်တစ်ချပ်ဟာ ဟက်ဟက်ပက်ပက် ရယ်မောခြင်းကို အထောက်အကူပြုဖို့ အကောင်းဆုံးပစ္စည်း လို့ သူက ဆိုတယ်။ ထူးဆန်းလိုက်တာ။

ပြီးတော့ ရယ်ရယ်မောမောနဲ့ ပြောသေးတယ်၊ ကျွန်မတို့မျက်နှာတွေဟာ တော်ရုံတန်ရုံ ရယ်စရာကို ကြားရုံမြင်ရုံနဲ့ ရယ်မောကြမယ့် မျက်နှာတွေ မဟုတ်မှန်း သူ သိတယ်၊ မစ္စတာဘီးန် တို့၊ တွမ်နဲ့ ဂျယ်ရီတို့၊ တခြား ရယ်မောစရာ ကာတွန်းတွေ ဟာသရုပ်ရှင်တွေ ပြလို့လည်း လိုက်ပါရယ်မောကြမယ့်သူတွေ မဟုတ်ဘူးဆိုတာကိုလည်း သူ သေသေချာချာ သိနေပါတယ်တဲ့။ ဒါကြောင့် အဲဒီ့အဆင့်တွေကို ကျော်ပြီး ကြည့်မှန်တစ်ချပ်ပေးရတာ ဆိုပဲ။ လူတိုင်းလက်ထဲကို မှန်တစ်ချပ်စီ ရောက်နေချိန်မှာ ဆရာက မှန်ကိုကြည့်ပြီး နည်းနည်းစီလောက် ရယ်ကြဖို့ ပြောတယ်။ ဘုရားရေ... မှန်ထဲမှာ ပေါ်နေတဲ့ ကိုယ့်မျက်နှာကို ကိုယ်ကြည့်ပြီး ရယ်ရမယ်ဆိုတာ ဘယ်လောက်များ အူကြောင်ကြောင်နိုင်ပြီး စိတ်ဓါတ်ကျစရာကောင်းတဲ့ အဖြစ်မျိုးပါလိမ့်။ သင်တန်းသား တချို့တလေကတော့ ဆရာ့ကို အားနာပါးနာနဲ့ ပြုံးမိကြသလား မသိဘူး။ ကျွန်မအဖို့ကတော့ ရယ်ဖို့မဆိုထားနဲ့... ပြုံးချင်စရာတောင် ရှာမတွေ့ဘူး။ ဒါပေမဲ့ ဆရာ့စကားကို နားထောင်တဲ့အနေနဲ့ ကျွန်မ မှန်ထဲကို စက္ကန့်ဝက်လောက် စိုက်ကြည့်နေလိုက်တယ်။ မှန်ထဲက မျက်နှာက ရှုတည်တည်နဲ့။ ပြီးတော့ ကျွန်မ မှန်ကို စားပွဲပေါ် ပြန်ချထားလိုက်တယ်။

ခဏကြာတော့ သင်တန်းသား အားလုံးလိုလိုဟာ မှန်တွေကို စားပွဲပေါ် ပြန်ချထားလိုက်ကြတာ တွေ့ရတယ်။ ပြီးတော့ ဒီလိုပဲ ဟိုငေး ဒီငေးနဲ့ ကြည့်နေကြတာပေါ့။ ဆရာက ကျွန်မတို့အားလုံးကို ကြည့်ပြီး ရယ်ပြန်တယ် ပြီးတော့ စကားပြောဖို့ အတန်းရှေ့က စင်အမြင့်လေးပေါ်ကို တက်သွားတယ်။ တမင်ပဲ လုပ်လိုက်သလား မတော်တဆပဲ ဖြစ်သွားတာလားတော့ မသိဘူး၊ ဆရာဟာ ခြေလှမ်း နှစ်လှမ်း သုံးလှမ်းလောက် လျှောက်အပြီးမှာ သူ့ခြေထောက်သူ ပြန်ခလုတ်တိုက်မိပြီး မှောက်လျက် လဲကျသွားတယ်။ လူတွေ (တပည့်တွေ) ရှေ့မှာ ဆရာ မှောက်ရက်လဲရတယ် ဆိုတာ အတော်လေးကို ကို့ယို့ကားယားနိုင်တဲ့ အဖြစ်ပါပဲ။ လဲကျအပြီး ကုန်းကုန်းကွကွနဲ့ ပြန်ထနေချိန်မှာတောင် ဆရာဟာ ကျွန်မတို့ဖက်ကို လှည့်ပြီး ရယ်ပြနေသေးတယ်။ ဆိုးတာက ဆရာ ဝတ်ထားတဲ့ မီးခိုးရောင် သက္ကလပ်စ ဘောင်းဘီရဲ့ အနောက်ဖက် ချုပ်ရိုးဟာ သုံးလက်မလောက် (သိသိသာသာ) ကွဲသွားတာပဲ။ အဲဒါကို လူတိုင်းတွေ့လိုက်တယ်။ အဲဒီအချိန်မှာ ကျွန်မအရှေ့မှာ ထိုင်နေတဲ့ သင်တန်းသားတစ်ယောက်ဆီက အဟက် ဆို ရယ်သံ ခပ်တိုးတိုး တချက်ထွက်လာတယ်။ ဒါပေမဲ့ ကျန်တဲ့သူတွေက ဘယ်သူမှ မရယ်တော့ သူ့ရယ်သံဟာ ချက်ချင်း ပြန်တိတ်သွားတယ်။ ကျွန်မလား... ဟင့်အင်း နည်းနည်းလေးမှ မရယ်ချင်မိဘူး။

ချော်လဲရာက ပြန်ထလာတဲ့အထိ ဆရာဟာ အရယ်မပျက်ပဲ။ ပြီးတော့ နံရံပေါ်က နာရီကို လှမ်းကြည့်တယ်။ တကယ်တော့ သတ်မှတ်ထားတဲ့ သင်တန်းချိန်အရဆို အချိန်စေ့ဖို့ နာရီဝက်လောက် လိုနေသေးတယ်။ ဒါပေမဲ့ ဆရာက ချော်လဲထားလို့ နာနေသလား မဆိုနိုင်ဘူး၊ မနက်ဖြန်မှ တွေ့ကြတာပေါ့ ဆိုပြီး အတန်းကို လွှတ်ပေးလိုက်တယ်။ ကျောင်းစောစောဆင်းရတဲ့ကလေးငယ်တွေရဲ့ ပျော်ရွှင်ရယ်မောမှုမျိုး ဘယ်သူ့ဆီမှာမှ ရှိမနေကြဘူး။ တိတ်တိတ်ဆိတ်ဆိတ်ပဲ ပစ္စည်းတွေ သိမ်းကြတယ်။ ကြည့်မှန်ချပ်ကိုတော့ စားပွဲပေါ်မှာပဲ ဒီအတိုင်း မှောက်ထားခဲ့ကြတယ်။ အခန်းထဲက ထွက်တော့မယ့်ဆဲဆဲမှာ ဆရာက စကားတခွန်း လှမ်းပြောတယ်။ နောက်တစ်နေ့ သင်တန်းအချိန်မှာ ကိုယ်စိတ်ဝင်တစား လေ့လာနေတဲ့ အကြောင်းအရာ၊ ကိုယ် သိဖူး ဖတ်ဖူးတဲ့စာအုပ်ထဲက မှတ်မိနေတဲ့ အကြောင်းအရာ၊ ဒါမှမဟုတ် ကိုယ်တိုင် ကြုံတွေ့ဖူးတဲ့ အဖြစ်တွေထဲက သူများတွေ မသိအောင်  ထိန်ချန်ထားခဲ့ဖူးတဲ့၊ လျှို့ဝှက်ထားခဲ့ဖူးတဲ့ အဖြစ်အပျက် အကြောင်းအရာ တစ်ခုမဟုတ် တစ်ခု ပြောပြဖို့ ပြင်ဆင်လာခဲ့ပါ တဲ့။ ကျွန်မဘဝမှာ ဘာများ လျှို့ဝှက် ထိန်ချန်ထားခဲ့ဖူးပါလိမ့်လို့ အပြေးအလွှားစဉ်းစားရင်း အိမ်ကို ပြန်ရောက်လာခဲ့တယ်။ လျှို့ဝှက် ထိန်ချန်ထားခဲ့ပါတယ် ဆိုမှ အဲဒါကို အခုလို ကိုယ်နဲ့ တစ်နာရီလောက်ပဲ တွေ့ဖူးသေးတဲ့ လူတွေရှေ့မှာ ထုတ်ပြောရမှာ အတော် အဆင်မပြေတဲ့ကိစ္စပဲလို့ ဆက်တွေးနေသေးတယ်။ ပြီးတော့ အဲဒါနဲ့ ဟက်ဟက်ပက်ပက် ရယ်မောခြင်း သင်တန်းနဲ့ရော ဘာဆိုင်လို့လဲ။

****

နောက်တစ်နေ့ သင်တန်းချိန်မှာ သင်တန်းသားဦးရေဟာ ပထမနေ့ကထက် တဝက်လောက် ရော့သွားတယ်။ မနေ့က ကျွန်မနဲ့ လှေခါးရင်းမှာဆုံခဲ့တဲ့ မိန်းကလေးကိုလည်း ဒီနေ့ မတွေ့ရတော့ဘူး။ ခဏနေတော့ ဆရာရောက်လာတယ်။ ထုံးစံအတိုင်း ရယ်မောလို့ပဲ။ ဒါပေမဲ့ သိသိသာသာ လျော့နည်းသွားတဲ့ သင်တန်းသားတွေကို တွေ့လိုက်တော့ သူ မျက်နှာနည်းနည်းပျက်ပြီး အရယ်အပြုံးတွေ ခဏ ရပ်သွားတယ်။ ဒါပေမဲ့ ခဏလေးပါပဲ။ မျက်နှာကို ပြန်ပြင်လိုက်ပြီး “ကောင်းသောနေ့ပါ ကျန်တဲ့သူတွေ ဘယ်ရောက်ကုန်ကြသလဲဟေ့...” လို့ ရယ်ရယ်မောမောနဲ့ ပြောရင်း အတန်းရှေ့က စင်မြင့်လေးပေါ်ကို ခပ်သွက်သွက် လှမ်းတက်လိုက်တယ်။ (ဒီနေ့တော့ ဆရာ ချော်မလဲတော့ဘူး လို့ တွေးလိုက်မိသေးတယ်။) ဆရာက မနေ့က မှာလိုက်သလို စကားပြောစရာ အကြောင်းအရာ တစ်ခုစီ ပြင်လာခဲ့ကြသလား လို့ မေးတော့ အားလုံးလိုလိုက အသံတိတ် (လေးတွဲ့တွဲ့နဲ့) ခေါင်းညိတ်ပြကြတာကို ကျွန်မ မျက်လုံးထောင့်စွန်းကနေ မြင်လိုက်ရတယ်။ ဆရာက Well done Class… လို့ ခပ်ကျယ်ကျယ် ပြီးတော့ ခပ်မြူးမြူးလေး အော်ပြောလိုက်တယ်။ ဆရာ့ကြည့်ရတာ အတော်ပျော်သွားသလိုပဲ။

စကားမပြောခင်မှာ ဆရာက နာမည်တွေရဲ့ အရှေ့ဆုံးအက္ခရာကိုယူပြီး အမှတ်စဉ်မှတ်တယ်။ ဇက် (Z) နဲ့စတဲ့ ကျွန်မနာမည်ကြောင့် နံပါတ်က နောက်ဆုံးပဲ - နံပါတ် ခြောက် တဲ့။ ဒါပေမဲ့ ခြောက် ဂဏန်းကို ကျွန်မ ကြိုက်တယ်။  ရှေ့ဆုံးကလူက ပြောသွားတဲ့ အကြောင်းက ဘွန်ဆိုင်းဆိုတဲ့ သက်ကြီးပုသစ်ပင်တွေ စိုက်တဲ့အကြောင်း၊ သိပ်စိတ်ဝင်စားစရာ မကောင်းဘူး။ စာအုပ်ထဲက စာဖတ်ပြနေသလို အင်မတန် ပျင်းရိစရာ။ ဒုတိယတစ်ယောက်က မိန်းကလေး၊ သူ့အသံကလည်း တိုးလိုက်တာ ဘာပြောနေမှန်းကို မသိဘူး။ မနည်း စူးစိုက်ပြီး နားထောင်ရတယ်။  ပြောတာကတော့ ငယ်ငယ်က သူ အင်မတန်ကြိုက်တဲ့ ရသာပို နွယ်ချိုအမှုန့်တွေကို မိဘတွေမသိအောင် ခိုးစားတဲ့အကြောင်းပဲ။ သူ အလွယ်တကူ လှမ်းမယူနိုင်အောင် အမြင့်မှာတင်ထားတဲ့ အမှုန့်ပုလင်းကို ခုံနဲ့ တက်ယူ၊ အမှုန့်တွေကို ဇွန်းနဲ့ခပ်၊ ပါးစပ်ထဲ ပက်ထည့်ပြီး စားလိုက်တာမှာ အခန့်မသင့်ဖြစ်ပြီး အသက်ရှူလမ်းကြောင်း ပိတ်လို့ ဆေးရုံရောက်သွားတဲ့ အကြောင်းပဲ။ ကျွန်မ အဲဒီ ရသာပို အမှုန့်တွေကို သိသလား မသိဘူးလား၊ စားဖူးသလား မစားဖူးဘူးလား ပြန်စဉ်းစားရင်း နောက်တစ်ယောက်အလှည့်မှာတော့ အိပ်ငိုက်သွားတယ်။ ဘာပြောမှန်းကို မသိလိုက်ဘူး မကြားတချက် ကြားတချက်နဲ့။ လေးယောက်မြောက် ကောင်ကလေးအလှည့်မှာ သူက ဆရာ့ကို လက်ခါပြတယ်။ သဘောက သူ့မှာ ပြောစရာ မရှိဘူး ပြင်ဆင်မလာဘူး ဆိုတဲ့သဘောပဲ။ ဆရာက ခေါင်းယမ်းသလိုလို၊ ခေါင်းညိတ်သလိုလို သေသေချာချာ မကွဲပြားတဲ့ ဦးခေါင်းလှုပ်ရှားမှုတစ်ခုခုကို လုပ်လိုက်တယ်။ အဲဒီနောက်မှာတော့ သင်တန်းအခန်း တစ်ခုလုံး တိတ်ဆိတ်သွားတယ်။

ဒါပေမဲ့ ငါးယောက်မြောက် သင်တန်းသားပြောနေတဲ့ အကြောင်းကတော့ တော်တော် စိတ်ဝင်စားစရာကောင်းတယ်။ ကျွန်မလည်း မျက်လုံးတွေ ကျယ်သွားတယ်။ သူက ဘာပြောသလဲ ဆိုတော့ သူ ငယ်ငယ်က မရယ်တတ်တော့ ရယ်တတ်အောင် လေ့ကျင့်ရေးတို့၊ ရယ်တတ်ရေး လမ်းညွှန်တို့ အဲဒီလို စာအုပ်တွေ ဖတ်တယ်တဲ့။ အဲဒါ စာတစ်အုပ်ထဲမှာပါသလို သူ့အိမ်မှာ မွေးထားတဲ့ ကြောင်တစ်ကောင်ရဲ့ ခေါင်းကို အညိုရောင် စက္ကူအိတ်ထူထူတစ်လုံးနဲ့ စွတ်ပြီး သားရေကွင်းနဲ့ ဖွဖွ စည်းထားပေးတဲ့အကြောင်းပဲ။ အဲလိုဆိုတော့ ကြောင်ဟာ ဘာမှ မမြင်ရလို့ လမ်းကို ဖြောင့်ဖြောင့်မလျှောက်နိုင်ပဲ ဟိုတိုး ဒီတိုက်နဲ့ ဒုက္ခတွေ ရောက်နေတာကို ကြည့်ရင်း ရယ်မောဖို့တဲ့။ ဘယ်လောက်များ ဆိုးရွားလိုက်တဲ့နည်းပါလိမ့်နော်။ ဖြစ်ချင်တော့ အဲဒီနေ့မှာပဲ သူက မိသားစုအရေးနဲ့ ခရီးတိုတစ်ခု ရုတ်တရက်သွားဖို့ ဖြစ်လာခဲ့တယ်။ ခရီးသွားဖို့ ပြင်ဆင်ရင်း ကြောင်ကို ခေါင်းစွပ်ထားခဲ့မိတာ မေ့လျော့နေခဲ့တယ်။ နှစ်ရက်ခရီးက ပြန်ရောက်လာတော့ ကြောင်ဟာ သူ့အိပ်ရာဘေးက စာအုပ်ပုံလေးဘေးမှာ သူ စွပ်ထားပေးတဲ့ စက္ကူအိတ် ခေါင်းမှာစွပ်လျက်သားနဲ့ သေဆုံးနေခဲ့တယ်။ အဲဒါကို မြင်တဲ့အချိန်မှာ သူဟာ သူ့ရဲ့ မေ့လျော့မှု ပေါ့ဆမှုတို့အတွက် အတော်လေး ထိတ်လန့် တုန်လှုပ်သွားခဲ့တယ်။ အဲဒီကြောင်အသေရဲ့ ခေါင်းက စက္ကူအိတ်ကို သူ ဖြုတ်ရမလား မဖြုတ်ပဲ ဒီတိုင်း ထားပြီး မြေမြှုပ်လိုက်ရမလား ဝေခွဲမရခဲ့ဘူး၊ ပြီးတော့ နှစ်ရက်အတွင်း ဒီကြောင် ဘာဖြစ်လို့ သေသွားတယ်ဆိုတာလည်း သူ စဉ်းစားလို့ မရဘူး။ သူ့စိတ်က ထင်လို့ပဲလား မသိ ကြောင်ရဲ့ ဦးခေါင်းဟာ စက္ကူအိတ်နဲ့ ပြည့်လုနီးပါး ဖေါင်းကားနေသလိုပဲ တဲ့။ အဲဒီစကားအဆုံးမှာ သူ ရုတ်တရက် ခုံမှာ ပြန်ထိုင်ချလိုက်တယ်။ သင်တန်းဆရာအပါအဝင် ကျန်တဲ့သူတွေဟာ သူ့ကို လှမ်းကြည့်နေဆဲ သူ ဘာဆက်ပြောလာမလဲ၊ ကြောင်အသေကို ဘယ်လိုရှင်းမလဲ၊ ကြောင်ရဲ့ ဦးခေါင်းဟာ တကယ်ပဲ ကြီးနေတာလား၊ ဒီနည်းဟာ တကယ်ပဲ ရယ်မောစရာဖြစ်ခဲ့သလား ဆိုတာ မျှော်နေဆဲ။ သူကတော့ စာမေးပွဲမှာ မေးခွန်းတွေ အကုန်ဖြေဆိုပြီး တာဝန်ကျေသွားတဲ့ ကျောင်းသား တစ်ယောက်လို အတန်းရှေ့ကို မျက်နှာတည့်တည့်ထားလို့ အေးအေးသက်သာပဲ ထိုင်နေတယ်။

နှစ်မိနစ်လောက်စောင့်နေလို့ သူ့ဆီက ဘာသံမှ ထွက်မလာတော့တာ သေချာပြီဆိုမှ ဆရာက ကျွန်မဖက်ကို လှမ်းကြည့်တယ်။ နံပါတ် ခြောက် လို့ ခေါ်လိုက်တယ်။ ကျွန်မက အသင့်ကိုင်ထားတဲ့ စာရွက်ကို ဖြန့်ပြီး ကျွန်မ ဂရုတစိုက် စီစဉ် ရေးသားလာခဲ့တာတွေကို ခပ်ဖြည်းဖြည်းနဲ့ ပီပီသသ ဖတ်ပြလိုက်တယ်။

“လူတစ်ယောက်ရဲ့ ဦးခေါင်း အလေးချိန်ဟာ ခန္ဒာကိုယ် အလေးချိန်ရဲ့ ရှစ်ရာခိုင်နှုန်းခန့်နဲ့ ညီမျှပြီး ပျမ်းမျှအားဖြင့် လေးကီလိုခွဲကနေ ငါးကီလိုအထိ လေးလံတယ်လို့ သိရတယ်။ ဒါတောင် ဆံပင်တွေရဲ့ အလေးချိန်ကို ထည့်တွက်မထားရသေးဘူး။ တကယ်တမ်းကျတော့ ကျွန်မတို့ဟာ အဲဒီလောက်တောင် အချိန်စီး လေးလံတဲ့ ဦးခေါင်းတစ်လုံးကို လည်ပင်းရဲ့ အကူအညီ အထောက်အပံ့၊ လည်ပင်းရဲ့ ကြင်နာမှု၊ စာနာ နားလည်ပေးမှုတို့ကြောင့်သာ အများအမြင်မှာ တင့်တယ်စွာ တည့်တည့်မတ်မတ် တည်ရှိနိုင်တာ ဖြစ်တယ်။ လည်ပင်းကသာ ဖေးဖေးမမနဲ့ မကူညီရင် ဒီလောက်အလေးချိန်ရှိတဲ့ ဦးခေါင်းတစ်လုံးကို အဆင်ပြေပြေ ထိန်းသိမ်းထားနိုင်ဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စတစ်ခုတော့ မဟုတ်လောက်ဘူး။ ကျွန်မတို့ဟာ စာရေးချိန်၊ စာဖတ်ချိန်၊ ကွန်ပျူတာကြည့်ချိန်တွေမှာ ဦးခေါင်းရဲ့ အနေအထားကို လည်ပင်းကနေတဆင့် အရှေ့ဖက်ကို အနည်းငယ် ဆန့်ထုတ်လိုက်ကြတယ်။ သာမန်အချိန်မှာ လည်ပင်းဟာ လေးကီလို ငါးကီလို ဆိုတဲ့ အလေးချိန်ကို မျှတအောင် ထိန်းထားရပေမဲ့ အဲ့ဒီလို ဆန့်ထုတ်လိုက်တဲ့အချိန်တွေမှာဆိုရင် အလေးချိန် ခုနှစ်ကီလိုနီးပါးရှိတဲ့ ဦးခေါင်းကို လည်ပင်းက ဆွဲယူပြီး ထိန်းထားရပြန်တယ်။ အလားတူပဲ စမတ်ဖုန်းတွေနဲ့ တက်ပလက် အိုင်ပက် စတာတွေကို ကျွန်မတို့ ငုံ့ကြည့်ကြတဲ့အခါ၊ စောင်းငဲ့ကြည့်ကြတဲ့အခါ လည်ပင်းဟာ အလေးချိန် ရှစ်ကီလိုကျော် လေးလံသွားတဲ့ ဦးခေါင်းကို မျှတအောင် ကြိုးစားပမ်းစား ဆွဲငင် ထိန်းသိမ်းပေးထားရပြန်တယ်။ တစ်နေ့တာ နှစ်ဆယ့်လေးနာရီ ဆိုတဲ့ အချိန်မှာ ကျွန်မတို့တွေဟာ လည်ပင်းကို ဘယ်လောက်တောင် နှိပ်စက်ခဲ့ကြသလဲ၊ ဘယ်လောက်တောင် ဒုက္ခတွေ ပေးထားခဲ့ကြသလဲ။ ဘယ်လောက်တောင် မညှာမတာ တာဝန်ယူခိုင်းခဲ့ကြသလဲ ဆိုတာ နည်းနည်းလောက် စဉ်းစားကြည့်ကြပါလို့ ပြောချင်ပါတယ်...”

ကျွန်မ စကားအဆုံးမှာ အခန်းဟာ လိုအပ်တာထက်ပိုပြီး တိတ်ဆိတ်သွားတယ်။ ကျွန်မပြောတဲ့အကြောင်းကို တကယ်ပဲ လေးလေးနက်နက် လိုက်ပါ စဉ်းစား တွေးတောနေကြတာလား၊ ခုနက ကြောင်အသေရဲ့ ဦးခေါင်း စက္ကူအိတ်ထဲမှာ သူ့အလိုလို ကြီးထွားလာနိုင်တာ ဟုတ် မဟုတ်… အဲဒီအကြောင်းနဲ့ လည်ပင်းအကြောင်းနဲ့ ဆက်စပ်ပြီး တစ်ခုခု တွေးနေကြသလားဆိုတာ ကျွန်မ မသိနိုင်ဘူး။ ထူးဆန်းတာက အခါများစွာမှာ လက်ခုပ်လက်ဝါးတီးပြီး တဟားဟားနဲ့ ရယ်မောနေတတ်တဲ့ သင်တန်းဆရာပါ တိတ်ဆိတ်သွားတာ။ သင်တန်းနာမည် ဟက်ဟက်ပက်ပက် ရယ်မောခြင်း သင်တန်း ဆိုတဲ့ ဆိုင်းဘုတ် ရှည်မျောမျောလေးကတော့ အဝါရောင် စမိုင်းလီ ကာတွန်းရုပ်ကလေးတွေ ခြံရံပြီး အခန်းနံရံမှာ ခပ်တည်တည် နေရာယူထားဆဲ။

****

တတိယနေ့ သင်တန်းချိန်မှာ ကျွန်မအပါအဝင် သင်တန်းသား သုံးယောက်သာ ကျန်တော့တယ်။ ဆရာ့မျက်နှာလည်း အတော် မလှတော့ဘူး။ ဖြစ်ချင်တော့ သုံးယောက်ထဲက တစ်ယောက်က ရုတ်တရက် အရေးကြီးကိစ္စပေါ်လာလို့ တဲ့၊ ဆရာ့ကို ခွင့်တောင်းပြီး ပြန်သွားတယ်။ ကျွန်မတို့ တတ်ချင် သိချင်လှတဲ့ ဟက်ဟက်ပက်ပက် ရယ်မောခြင်း ဆိုတဲ့ သင်ခန်းစာတွေဟာ ဘယ်ကို ရောက်လို့ ရောက်မှန်းမသိ၊ ဦးတည်ရာမဲ့သွားတာ သင်တန်းဆရာ ကိုယ်တိုင်တောင် မရယ်မောနိုင်တော့အောင်ပဲ။ ဒီနေ့တော့ ဆရာက မှန်ကို ထပ်ကြည့်ပြီး နည်းနည်းဖြစ်ဖြစ် ပြုံးဖို့ ပြောတယ်။ ကျွန်မနဲ့ မနေ့က ကြောင်ရဲ့ ဦးခေါင်းကို စက္ကူအိတ်စွပ်ဖူးတဲ့ ကျောင်းသားဟာ အဲဒီမှန်ချပ်ကို ကိုင်တောင် မကြည့်လိုက်ကြဘူး။

သင်တန်းဆရာရဲ့ စိတ်ဓါတ်ကျနေတဲ့ဟန်၊ ဘာလုပ်လို့ လုပ်ရမှန်းမသိ ဖြစ်နေတဲ့ဟန်ဟာ အင်မတန် ထင်ရှားတယ်။ သူ ဝတ်ထားတဲ့ ဂျက်ကက်က ဇစ်ကို တင်လိုက် ချလိုက်နဲ့ ကျွန်မတို့ နှစ်ယောက်ကို ကြည့်ပြီး တခုခုပြောဖို့ ကြိုးစားနေပုံပဲ။ နောက်တော့ အတန်းရှေ့က အစိမ်းရောင် သင်ပုန်းချပ်ပေါ်မှာ L A U G H & L O V E ဆိုတာကို စာလုံးကြီးကြီးနဲ့ ချရေးလိုက်တယ်။ သူ ချရေးလိုက်တဲ့ အင်္ဂလိပ်စာလုံးတွေဟာ ညီညီညာညာ စီစီရီရီ မရှိဘူး။ အခုမှ အင်္ဂလိပ်စာ စသင်ခါစ ကလေးတစ်ယောက်ရေးထားသလို၊ စိတ်တွေ လှုပ်ရှားနေသလို မညီမညာ မသပ်မရပ်နဲ့။ အဲဒါကို သူ့ဟာသူလည်း သိပုံရတယ်။ အဲဒီစာလုံးတွေကို ပြန်ဖျက်လိုက် ပြန်ရေးလိုက် လုပ်နေတယ်။ ဒါပေမဲ့ သူ ဘယ်လိုကြိုးစားပြီး ရေးရေး အဲဒီ စာလုံးဆယ်လုံးဟာ ညီလာတယ်ကို မရှိဘူး၊ အပေါ်ထောင်တက်သွားလိုက်၊ အောက်စိုက်သွားလိုက်နဲ့။ သူကလည်း ပြန်ဖျက်လိုက် ကြိုးစားပမ်းစား အသစ်ပြန်ရေးလိုက်နဲ့။ အဲဒီအချိန်မှာ ကျွန်မရဲ့ တစ်ဦးတည်းသော အတန်းဖေါ်ဟာ ကျွန်မကို လက်ကာပြပြီး ဆရာ မမြင်အောင် အခန်းထဲက ခြေဖေါ့ ထွက်သွားတော့တာပဲ။
အခန်းထဲ ဆရာနဲ့ ကျွန်မ နှစ်ယောက်တည်း ကျန်ခဲ့တယ်။ အဲဒီအချိန်မှာ ဆရာက မညီမညာ စာလုံးတွေ ပြည့်နေတဲ့ သင်ပုန်းကို ဖျက်ရင်း ဖျတ်ဆို လှည့်ကြည့်တယ်။ ကျွန်မ တစ်ယောက်တည်း ကြောင်စီစီနဲ့ ထိုင်နေတာ တွေ့လိုက်တော့ သူ နည်းနည်း အံ့သြသွားပုံပဲ။ ကျွန်မက ဟိုတစ်ယောက် ထသွားတဲ့ နေရာကို လက်ညှိုးထိုးပြပြီး တဆက်တည်းမှာ မရှိတော့ဘူး ဆိုတဲ့ သဘောနဲ့ လက်ကို ခါပြလိုက်တယ်။ ဆရာက နားလည်သွားဟန်တူရဲ့။ သူ ရေးလက်စ သင်ပုန်းကို ကျောခိုင်းပြီး ကျွန်မရှေ့ တည့်တည့်က ကုလားထိုင်မှာ လာထိုင်တယ်။ ပြီးတော့ အကြောင်းမဲ့ သူ့ ခေါင်းပေါ်က ဆံပင်တွေကို လက်နဲ့ ထိုးဖွနေတယ်။ ကျွန်မ ဆက်ထိုင်နေရမလား၊ ထ ထွက်သွားရမလား ဆိုတာ စဉ်းစားနေတုန်း...

ဆရာက ကျွန်မမျက်နှာကို စေ့စေ့ကြည့်ရင်း ကျွန်မနာမည်ရဲ့ အရှေ့ဆုံး စာလုံးကို ခေါ်ပြီး စကားတစ်ခွန်းပြောတယ်။ သူ့စကားကို နားနဲ့ဆတ်ဆတ် သေသေချာချာ (ပီပီသသ) တိတိကျကျကြီး ကြားလိုက်ပေမယ့် ကျွန်မ အထိတ်တလန့် ဒါမှမဟုတ် အယောင်ယောင် အမှားမှားနဲ့ ဆရာ ဘာပြောတာလဲဟင် လို့ ပြန်မေးလိုက်မိတယ်။ အဲဒီအခါမှာ ဆရာက နည်းနည်း စိတ်လှုပ်ရှားသလို မျက်နှာမျိုးနဲ့ ဆံပင်ကို သပ်ရင်း ခုနက စကားကို နောက်တစ်ခေါက် ထပ်ပြောတယ်။ သူ့စကားအဆုံးမှာ ကျွန်မ သူ့အလိုလို အော်ရယ်လိုက်မိတယ် (လို့ ထင်တယ်)။ ဆရာက စိတ်တိုသွားသလိုပဲ… စားပွဲကို လက်သီးနဲ့ ခပ်ပြင်းပြင်း တစ်ချက်ထုပြီး ကိုယ် မင်းကို ရယ်စရာ ပြောနေတာ မဟုတ်ဘူးကွ လို့ ခပ်မာမာ ပြောတယ်။ ဒီတော့မှ ကျွန်မ စောစောက ပြုလိုက်တဲ့ အပြုအမူဟာ ရယ်မောခြင်း ပဲ ဆိုတာ နားလည်လိုက်တယ်။ ပြီးတော့ ဆရာက အခုနက သူ နှစ်ခါပြန်ပြောတဲ့ စကားကိုပဲ နောက်တစ်ခါ (တတိယအကြိမ် အဖြစ်) ထပ်ပြောပြန်တယ်။ သူက ထပ်ပြောတော့ ကျွန်မက ထပ် ရယ်ဖြစ်တယ်ပေါ့။ ဒီတစ်ခါတော့ သိသွားပြီ၊ ကျွန်မဟာ ဟက်ဟက်ပက်ပက် ရယ်မောနေမိတာ ဆိုတာ ကေင်းကောင်း သဘောပေါက်သွားပြီ။ ရယ်ရတာ အရသာရှိလွန်းတာမို့ ရယ်ပြီးရင်း ရယ်ရင်း (သိပ်ကို အရှိန်ရလာပြီး) ဆက်ကာ ဆက်ကာ ရယ်နေမိတာ။

အဲဒီလို ရယ်နေရင်းနဲ့ပဲ ကျောပိုးအိတ်ကို ကောက်ဆွဲပြီး အခန်းထဲက (သင်တန်းဆရာရဲ့ ရှေ့က) ကျွန်မ တစ်လှမ်းချင်း ထွက်လာခဲ့တယ်။ အခန်းတံခါးဝကို ရောက်တဲ့အထိ ကျွန်မရဲ့ ဟက်ဟက်ပက်ပက် ရယ်မောသံဟာ အခန်းထဲမှာရော အခန်းအပြင်မှာပါ ပဲ့တင်ထပ်လို့နေတယ်။ အို… ရယ်လိုက်ရတာ… သင်တန်းနာမည်ကိုက ဟက်ဟက်ပက်ပက် ရယ်မောခြင်း ပါဆိုမှ။ အခန်းအပြင်ဖက် လှေခါးဝမှာ ချိတ်ထားတဲ့ သင်တန်းနာမည် ဆိုင်းဘုတ်လေးကို လက်နဲ့ အသာ လှမ်းတို့ထိရင်း ကျွန်မ အတောမသတ် ဆက်ရယ်နေမိပြန်တယ်။ ရယ်ရင်းနဲ့ မောဟိုက်လာတဲ့အထိကို ကျွန်မ ရယ်နေမိတာ။ လှေခါးထစ်တွေက မဆင်းခင် သင်တန်းအခန်းထဲ (နောက်ဆုံးအနေနဲ့) တစ်ချက်ကဲကြည့်လိုက်တော့ အခုန နေရာမှာ ထိုင်နေဆဲ၊ ဆံပင်စုတ်ဖွားနဲ့ ခေါင်းကို စားပွဲပေါ် ထိုးစိုက်ပြီး မှောက်ချထားတဲ့ သင်တန်းဆရာကို တွေ့ရတယ်။ ရယ်ချင်စိတ်ဟာ ကျွန်မ ဗိုက်ထဲကနေ လည်ချောင်းနားအထိ တလိပ်လိပ်နဲ့ ထပ်တက်လာခဲ့တာ။ သူ့ကိုကြည့်ရင်း အသံအုပ်အုပ်နဲ့ (အားနာပါးနာ) ကျွန်မ ရယ်မိပြန်တယ်။ ခဏနေတော့ သင်တန်းအခန်းဝကနေ ချာကနဲ လှည့်ထွက်လာခဲ့တယ်။ လှေခါးကို တစ်ထစ်ချင်း ဆင်းနေရင်းမှာလည်း ကျွန်မ အရှိန်မသေနိုင်ပဲ ဆက်ရယ်နေမိတယ်။ လှေခါး အောက်ဆုံးထစ်ကို ရောက်တော့ အသက် လေး ငါးနှစ်အရွယ် ဂါဝန် ပန်းနုရောင်နဲ့ ချစ်စရာ ကလေးမလေးတစ်ယောက်ကို တွေ့ရတယ်။ သူ့ကို (လှေခါးရင်းမှာ ချိတ်ထားတဲ့) သင်တန်းဆိုင်းဘုတ်ကို လက်ညှိုးညွှန်ပြရင်း “သိပ်ရယ်ရတယ် သိလား သိပ်ကောင်းတဲ့ သင်တန်းပဲ...” လို့ အရယ်တဝက်နဲ့ ပြောလိုက်မိသေးတယ်။ ကလေးမလေး နားလည် မလည်၊ ရယ် မရယ်၊ သင်တန်းသွားတက် မတက်တော့ မသိဘူး ကျွန်မကတော့ တလမ်းလုံး အဆက်မပြတ် ရယ်နေမိတာပဲ။

သက်ဝေ
(၁၉ မေ ၂၀၁၆)


 - ၂၀၁၇ မေလ - Idea မဂ္ဂဇင်းတွင် ဖေါ်ပြပြီးဖြစ်သည်။

Tuesday, January 17, 2017

IB (International Baccalaureate)*

သားလေး အောင်စာရင်းအကြောင်း၊ Perfect Score ရတဲ့အကြောင်း စတေးတပ်စ်လေး တင်လိုက်တော့ IB ဆိုတာ ဘယ်လိုစာမေးပွဲမျိုးလဲ၊ ဘယ်ကျောင်းမှာ ဘယ်လိုတက်ရတာလဲ စသည်ဖြင့် IB နဲ့ ပတ်သက်ပြီး ပြောပြပါလို့ မိဘတချို့က မေးလာကြတယ်။ ဒါကြောင့် သားရဲ့ အတွေ့အကြုံပေါ်မှာ အခြေခံပြီး ကိုယ်သိသလောက် ရေးပြပါ့မယ်။ စာက ရှည်နေလို့ အားနာတယ်၊ အေးအေးဆေးဆေး ဖတ်ကြပါနော်။

သားက Primary ခြောက်နှစ်ကို ပုံမှန်အတိုင်း Government School မှာပဲ တက်ပါတယ်။ PSLE ဖြေပြီး အမှတ်ထွက်လာပြီး ကျောင်းရွေးကြတော့ သူက ACS (I) – Anglo Chinese School (Independent) ကို လိုချင်တယ်လို့ပြောပြီး ထိပ်ဆုံးက လျှောက်ပါတယ်။ (ဒီနေရာမှာ ဖြတ်ပြောရရင် သားဟာ အဲဒီ ဆယ့်တစ်နှစ် ဆယ်နှစ်နှစ်အရွယ်လေးထဲက သူ ဘာလိုချင်တယ်၊ ဘာလုပ်ချင်တယ်၊ ဘာဖြစ်ချင်တယ်၊ ဘယ်နေရာမှာ ဘာကို ရွေးချယ်ရမယ်၊ ဘယ် Information မျိုးကို ဘယ်မှာ ရနိုင်တယ်၊ ဘယ်သူ့ကို မေးရမယ် ဆိုတာမျိုးတွေကို သေသေချာချာ သိနေခဲ့တာပါ။ အဲဒါ သားရဲ့ အားသာချက်တခုပါပဲ။) ကျောင်းဝင်ခွင့်တွေ ထွက်လာတော့ သူ့အမှတ်နဲ့ မှီလို့ အဲဒီကျောင်းကို ဝင်ခွင့်ရပါတယ်။ သူ့ရဲ့ ပထမ တံခါးတစ်ချပ်ပါ။ PSLE ရမှတ်ပေါ် မူတည်ပြီး သွားစရာလမ်းက Express နဲ့ IP (Integrated Programme) ဆိုပြီး နှစ်ဆင့်ရှိပါတယ်။ အမှတ်များရင် IP ကျောင်း တန်းသွားလို့ရပါတယ်။ Express နဲ့ IP ရဲ့ ခြားနားချက်က Express သမားတွေက Secondary လေးနှစ်အပြီးမှာ O Level ဖြေရပါတယ်။ ပြီးမှ အဲဒီအမှတ်ပေါ် မူတည်လို့ Junior College/ Poly/ ITE စသည်ဖြင့် ပြန်ခွဲပါတယ်။ IP (Integrated Programme) ကတော့ IP ကျောင်း* ရယ်လို့ သီးသန့်ရှိပါတယ်။ cut-off point (အမှတ်) မြင့်ပါတယ်။ IP ရဲ့ ကောင်းတဲ့အချက်ကတော့ O Level ဖြေစရာ မလိုတာပါ။ (စိတ်ပူစရာ အဆင့်တဆင့် ရော့သွားတယ်လို့ မြင်ပါတယ်) အဲဒီတော့ Secondary လေးနှစ်ပြီးရင် Junior college နှစ်နှစ်၊ စုစုပေါင်း ခြောက်နှစ် တဆက်တည်း တက်ပြီး ကျောင်းရဲ့ စနစ်ကို လိုက်လို့ A Level (သို့မဟုတ်) IB ဖြေရုံပါပဲ။

သားတို့ကျောင်းက IP ကျောင်း၊ ပြီးတော့ စာမေးပွဲစနစ်က IBDP ပါ။ IBDP ဆိုတာ International Baccalaureate Diploma Programme - ခြောက်နှစ်အပြီးမှာ ရမယ့် Diploma ပေါ့။ လွယ်လွယ်ပြောရရင် A Level နဲ့ ညီမျှပါတယ်။ ဒါပေမဲ့ Teaching approach မှာတော့ နည်းနည်း ကွာတယ်လို့ သားက ပြောပါတယ်။

ကိုယ်ကတော့ သားရွေးတဲ့ကျောင်းဟာ IP ကျောင်းဆိုတော့ ကြားထဲမှာ O Level တဆင့်မရှိတာက တကြောင်း၊ အိမ်နဲ့သိပ်နီးတော့ ကိုယ် မပို့နိုင် မကြိုနိုင်ရင်တောင် သွားရေးလာရေး လွယ်ကူတာကတကြောင်းတို့ကြောင့် (ဘာမှန်း ညာမှန်းမသိခင်မှာပဲ) အဲဒီကျောင်းကို သဘောကျနေမိပါတယ်။ ရုံးက စလုံးတွေကတော့ သားကို အဲဒီကျောင်းမှာ ထားမယ်ဆိုတော့ ကျောင်းလခ ဈေးကြီးတယ်၊ ငွေကုန်ကြေးကျ သိပ်များတယ်၊ ခရစ်ယာန်ဘာသာဝင်တွေ များတယ် ဘာဖြစ်တယ် ညာဖြစ်တယ်နဲ့ ဝိုင်းပြောကြတယ်။ Government School မဟုတ်ပဲ Private School ဆိုတော့ ကျောင်းလခ များတယ် ဆိုတာ ဟုတ်ပါတယ်။ ကျောင်းလခက Citizen/PR နဲ့ Student Pass မှာမှ (Asean နဲ့ Non-Asean) ဆိုပြီး တလကို သုံးရာကျော် လေးရာကနေ တထောင့်နှစ်ရာလောက်အထိ အဆင့်ဆင့်ပါပဲ။ အတန်းကြီးလာရင် ကျောင်းလခလည်း ပိုများလာပါတယ်။ ခရစ်ယာန်ဘာသာဝင်တွေ များတယ် ဆိုတာလည်း ဟုတ် (ပုံရ) ပါတယ်။ ငွေကုန်ကြေးကျ သိပ်များတယ် ဆိုတာကတော့ သူတို့ ဘာကို ကြည့်ပြီး ပြောမှန်း၊ ဘာကို ဆိုချင်မှန်း မသိပါ။ ပုံမှန် ကျောင်းလခ၊ စာအုပ်ဖိုးအပြင် တခြား ကုန်စရာ ထူးထူးထွေထွေ မများပါ။ အလှူခံတာလည်း ခြောက်နှစ်လုံးမှာ နှစ်ကြိမ်ပဲ ကြုံရပါတယ်။ ဒါကလည်း ကိုယ်စေတနာရှိသလောက် ငါးဆယ် တရာပဲ ထည့်ချင် ထည့်လို့ရတဲ့ အလှူမျိုးပါ။

ကိုယ်ကသာ အိမ်နီးလို့ နာမည်ရှိတဲ့ကျောင်းမို့ O Level မလိုလို့ စတဲ့ ယေဘုယျအချက်တွေနဲ့ သဘောကျနေပေမယ့် သားမှာကတော့ အဲဒီ ACS (I) ကျောင်းကို တက်ချင်ရခြင်း အကြောင်းရင်းက ရှိနေပြီးသားပါ။ ဆရာဝန်၊ အင်ဂျင်နီယာ ဘာမှ မလုပ်ချင်တဲ့သား၊ စာသိပ်ဖတ်တဲ့သားက Law ကိုတော့ အင်မတန် စိတ်ဝင်စားပါတယ်။ Oxford ကိုလည်း သဘောကျပါတယ်။ အဲဒီ အရွယ်လေးထဲက ကြီးလာရင် Law School ပဲ တက်မယ်လို့ ပြတ်ပြတ်သားသား ဆုံးဖြတ်ပါတယ်။ ACS (I) မှာက Law School တက်ဖို့အတွက် လိုအပ်တဲ့ Humanities Subjects တွေ သင်ကြားရာမှာ နာမည်ကြီးတယ်၊ Junior College အတန်းမှာ Humanities Scholarship* အတန်းလည်း သီးသန့်ရှိတယ်လို့ သူ သိထားပြီးသားပါ။

ပြောခဲ့သလိုပဲ IP တန်းမို့ သားဟာ Secondary လေးနှစ် အပြီးမှာ O Level ဖြေစရာ မလိုပါဘူး။ Junior College ကို ဆက်တက်ရပါတယ်။ JC အတွက် သူလိုချင်တဲ့ဘာသာတွဲကို သူ့ဆုံးဖြတ်ချက်နဲ့သူ ရွေးပါတယ်။ အဲဒီလို ဘာသာတွဲရွေးခါနီးမှာ သားတို့ ကျောင်းအုပ်ဆရာကြီးက မိဘတွေ အားလုံးကို ခေါ်ပြောပါတယ်။ ကလေးတွေ ဘာသာရပ်၊ ဘာသာတွဲ ရွေးတဲ့အချိန်မှာ မိဘတွေက လုံးဝ (လုံးဝ) ဝင်ရောက်စွက်ဖက်ခြင်း မပြုကြဖို့ပါ။ တင်းတင်းကြပ်ကြပ်ကို သတိပေးပါတယ်... တကယ်တမ်း လေ့လာသင်ကြား ကျက်မှတ်ရမှာက ကလေးတွေသာဖြစ်လို့ သူတို့လိုချင်တဲ့၊ သူတို့ အားသန်တဲ့ ဘာသာရပ်တွေကိုပဲ ရွေးချယ်ပါစေဆိုပြီး သတိပေးတာပါ။ စာလည်းတော်တယ်၊ ဥာဏ်လည်းကောင်းတယ်၊ ကျက်လည်း ကျက်နိုင် မှတ်လည်း သိပ်မှတ်နိုင်တဲ့သားလေးကို ဂျူတီကုတ်လေးနဲ့ နားကြပ်လေးနဲ့ မြင်ယောင်ကြည့်ချင်မိတဲ့ ကိုယ့်ရဲ့မျှော်လင့်ချက် ခပ်ပါးပါးလေးကို လုံးဝ လျှော့ချလိုက်ရတဲ့ အချိန်ပါပဲ။ ဘာသာရွေးတဲ့အချိန်မှာ သားက Bio နဲ့ Chemistry ကို ဖြုတ်လိုက်တော့ အဲဒီကိစ္စက အဲဒီနေရာမှာတင် တိကနဲ ပြတ်သွားပါလေရော...။

အဲဒီနောက်မှာတော့ သားဟာ သူ သိထားတဲ့အတိုင်း၊ သူ လိုချင် သူဖြစ်ချင်တဲ့အတိုင်းပါပဲ... စာမေးပွဲရမှတ်၊ သူလုပ်ထားတဲ့ အချိန်ပိုတွေ၊ CCA (co-curricular activities) တွေနဲ့ အင်တာဗျူး အပေါ်မူတည်ပြီး ဆက်တက်ရမယ့် Junior College နှစ်နှစ်စာအတွက် MOE က ပေးတဲ့ Humanities Scholarship* ကို ရပါတယ်။ စုစုပေါင်း ကျောင်သား ကျောင်းသူ ၂၅ ယောက်ပါဝင်တဲ့ Scholar အတန်းမှာ တက်ခွင့်ရပါတယ်။ ဒါကတော့ သူ့အတွက် အရေးပါတဲ့ ဒုတိယတံခါးတချပ်ပါ။ သူ့ဟာသူ ရွေးပြီး တွန်းဖွင့်သွားတဲ့ တံခါးဆိုရင်လည်း မမှားပါဘူး။ Secondary လေးနှစ်စလုံးမှာ မိဘနေရာကနေ ဘာမှ များများစားစား မပံ့ပိုးလိုက်ရပါဘူး။ Secondary 3 နဲ့ Secondary 4 မှာ သင်္ချာ တဘာသာပဲ ကျူရှင် ပေးရပါတယ်။ Junior College နှစ်နှစ်မှာလည်း သူ့စာတွေ ကိုယ်က ဘာတလုံးမှ မသိတော့ ဘာမှ မလုပ်ပေးတတ်၊ သား မပင်ပန်းအောင် ကျူရှင်လိုရင်ယူနော် ဆိုတာပဲ ပြောတတ်ပါတယ်။ သူက အချိန်ကုန်တယ် ကျူရှင်တက်စရာ မလိုဘူးချည်း ပြောတာပဲ။

Junior Colleage ပထမနှစ် အပြီး (သူတို့အခေါ် Year 5 အပြီး) မှာ Mother Tongue ဖြေလို့ရပါတယ်။ သားရဲ့ Mother Tongue က တရုပ်စာ ပါ။ အဲဒီစာမေးပွဲက ရမှတ်ကို ကြိုက်ရင် အဲဒီတရုပ်စာကို နောက်နှစ် (Year 6) မှာ ဆက်သင်/ ဆက်ယူစရာ မလိုတော့ပါဘူး။ ရတဲ့အမှတ်က နည်းလို့ ကိုယ်က အဲဒီအမှတ်ကို မလိုချင်ဘူးဆိုရင်တော့ နောက်နှစ်မှာ ဆက်ယူ၊ ဆက်ဖြေပေါ့။ တဘာသာပြုတ်သွားလည်း မနည်းဘူးဆိုတော့ သားကို တရုပ်စာ အမှတ်ကောင်းအောင် ကျူရှင်ယူဖို့ တိုက်တွန်းရပြန်ပါတယ်။ ကျူရှင်မလိုဘူး တွင်တွင်ပြောတဲ့ သားဟာ အဲဒီတရုပ်စာကိုလည်း မည်သို့မည်ပုံ ပြုလုပ်လိုက်သည်မသိ... အောင်စာရင်းထွက်တော့ Grade 7 (Perfect score) နဲ့ ထွက်လာပါတယ်။ အဲဒီတော့ Year 6 မှာ ဖြေစရာ Maths/ Eng. Literature/ History/ Physics နဲ့ Eco ငါးဘာသာပဲ ကျန်တော့တာပေါ့။ အဲဒီထဲမှာမှ Literature/ History နဲ့ Eco ကိုတော့ Higher Level ယူရပြီး ကျန်တဲ့ Maths နဲ့ Physics ကိုတော့ Standard Level ပဲ ယူရပါတယ်။

ပြီးတော့ Junior College နှစ်နှစ်အတွင်းမှာ Thesis ဆန်ဆန် Extended Essay သုံးပုဒ် ရေးရပါတယ်။ သားရေးတဲ့ အက်ဆေးတွေက ၁၉၆၂ ခုနှစ် မတိုင်မီ မြန်မာနိုင်ငံရဲ့ စီးပွားရေး အခြေအနေ အကြောင်းပါ။ အဲဒါတွေရေးဖို့ စာကြည့်တိုက်ပေါင်းစုံမှာ စာအုပ်တွေ ရှာရ ဖတ်ရ အချက်အလက်တွေ စုဆောင်းရပါတယ်။ အင်မတန်ရှားပါးတဲ့ စာအုပ်တွေမို့ အိမ်ကို ငှားလာလို့ မရပါဘူး။ စာကြည့်တိုက်မှာ ထိုင်ဖတ်ရ မှတ်ရပါတယ်။ ထိလိုက်ရင် ပဲ့ကြွေလုလု စာအုပ်တွေဆိုတော့ စာမျက်နှာ တခုချင်းစီကို ပလတ်စတစ် လောင်းထားတာ လို့ သားက ပြောပြပါတယ်။ ရိုးလ်တိုက်တို့၊ ဒီဆူစာတို့၊ Cathay (ကာဌေး) ရုပ်ရုင်ရုံတို့ ဆိုတာ မြန်မာနိုင်ငံမှာ အဲဒီတုန်းထဲက ရှိခဲ့တယ်ဆိုတာမျိုး ရေနံတွင်းတွေအကြောင်း၊ တွင်းထွက် သယံဇာတတွေအကြောင်းနဲ့ အဖိုးတန် ကျွန်းသစ်အကြောင်း စသည်ဖြင့် မြန်မာနိုင်ငံအကြောင်းတွေ အများကြီး သိလာပါတယ်။ တို့ဗမာအစည်းအရုံး၊ ညောင်ရွှေစော်ဘွား စဝ်ရွှေသိုက် စတဲ့ သူ အသံထွက်ရခက်တဲ့ စကားလုံးတချို့ကို ဖတ်ပြ ပြောပြရုံကလွဲပြီး ကျန်တာ ဘာမှ မကူညီဖြစ် (မကူညီနိုင်) ပါဘူး။ လိုအပ်ရင် ရန်ကုန်ပြန်ပြီး တက္ကသိုလ်စာကြည့်တိုက် သွားရမလား၊ ဘယ်သူ့မေးပေးရမလဲ ဘာလဲနဲ့ တွေးနေမိပေမယ့် သားက NUS Central Library/ Southeast Asia Library နဲ့ National Library တို့နဲ့ပဲ အဆင်ပြေသွားပါတယ်။ ပြောရရင် မြန်မာပြည်နဲ့ ဆယ့်ငါးနှစ်နီးပါး ဝေးနေတဲ့ သားရဲ့ စိတ်ဝင်စားမှုနဲ့ Thesis ခေါင်းစဉ်ရွေးချယ်မှုဟာ ကိုယ့်ကို တကယ်ပဲ အံ့အားသင့်စေခဲ့ပါတယ်။ သူလို Thesis ခေါင်းစဉ်မျိုး တင်တဲ့သူလည်း သူတစ်ယောက်ပဲ ရှိမယ် ထင်ပါတယ်၊ ဒါကြောင့်လည်း အမှတ်ကောင်းကောင်းရတာ ဖြစ်နိုင်တယ်။

ဒီလိုနဲ့ ၂၀၁၆ နိုဝင်ဘာမှာ သားတို့ စာမေးပွဲဖြေရပါတယ်။ ၂၀၁၇ ဇန်နဝါရီ ၅ ရက် နေ့လည် ၁၂ နာရီမှာ အောင်စာရင်း ထွက်ပါတယ်။ သားလေးက ဘာသာတိုင်းမှာ Grade 7 နဲ့ အောင်ပါတယ်။ Grade 7 ဆိုတာ point အနေနဲ့ဆို 7 points / အမှတ်ရာခိုင်နှုန်းအနေနဲ့ဆို (၉၆% ~ ၁၀၀%) ပါ။ အက်ဆေးသုံးပုဒ်အတွက်က maximum 3 points ပေးတာ သားက အပြည့်ရပါတယ်။ ဒီတော့ ဘာသာတိုင်းမှာ 7 points စီနဲ့ ခြောက်ဘာသာအတွက် 42 points/ Essay တွေအတွက် ပေးတဲ့ 3 points - စုစုပေါင်း 45 points အမှတ်ပြည့် ရပါတယ်။ အဲဒီလို အပြည့်ရတာကို perfect score ရတယ် လို့ ခေါ်ပါတယ်။

ဒီနှစ် IB စာမေးပွဲကို တကမ္ဘာလုံး ကျောင်းသား ကျောင်းသူ တသောင်းနှစ်ထောင်နီးပါး ဖြေပါတယ်။ Perfect score ရတဲ့ ကျောင်းသား ကျောင်းသူ စုစုပေါင်း ၉၄ ယောက်ရှိပြီး အဲဒီထဲမှာ စင်္ကာပူက ၅၇ ယောက် ပါ ပါတယ်။ အဲဒီ ၅၇ ယောက်ထဲမှာ သားတို့ကျောင်းက သား အပါအဝင် ကလေး ၄၈ ယောက် Perfect Scorer ဖြစ်ပါတယ်။ ၂၅ ယောက်ရှိတဲ့ သားတို့ Humanities Scholar အတန်းမှာ Perfect Score ရတဲ့သူ ၁၂ ယောက် ရှိပါတယ်။ Perfect Score မရတဲ့ ကလေးတွေရဲ့ Grade တွေကလည်း အားလုံး 40 points တော့ ကျော်တဲ့သူတွေချည်းပါပဲ။ လှေခါးထစ်ကလေးတွေကို တထစ်ချင်း တလှမ်းချင်း လှမ်းတက်လာရင်း စေ့ထားတဲ့ တံခါးရွက်ကလေးတွေကို တချပ်ချင်း အေးအေးဆေးဆေး တွန်းဖွင့်သွားတဲ့ သားကလေးဟာ ဒီတကြိမ်မှာတော့ သူ့ဘဝအတွက် အင်မတန်အရေးပါတဲ့ တံခါးရွက်အကြီးကြီးတချပ်ကို ညင်ညင်သာသာနဲ့ အသပ်ရပ်ဆုံး အလှပဆုံး တွန်းဖွင့်ပြသွားခဲ့တာပါ။

ဆိုတော့ အဓိက အရေးကြီးတဲ့ အချက်က PSLE ရမှတ်နဲ့ ကျောင်းရွေးချယ်မှုပါ။ ဟိုးအရင်က စင်္ကာပူမှာ Top 30 ကျောင်းဆိုတာ ရှိပါတယ်။ နောက်ပိုင်းမှာ အဲဒီနာမည်တွေကို ဖြုတ်လိုက်ကြတယ်။ ကျောင်းတွေ အားလုံး အတူတူပဲ... တပြေးညီလို့ သတ်မှတ်ကြရတဲ့သဘောပေါ့။ ဒါပေမဲ့လည်း အစဉ်အဆက်က ကောင်းခဲ့တဲ့ကျောင်းဆိုတာ နာမည်ဖြုတ်လိုက်ရုံနဲ့ ကောင်းတာတွေ ပျောက်သွားတာမှ မဟုတ်တာ။ ပြီးတော့ နောက်တခု အလေးထားရမှာက ကျောင်းတွေရဲ့ တည်နေရာနဲ့ ပတ်ဝန်းကျင်ပါ။ တခြားမိဘတွေ ဘယ်လိုသဘောထားတယ်တော့ မသိ၊ ကိုယ်ကတော့ ကျောင်းဆိုရင် ကျောင်းနဲ့တူတဲ့နေရာမှာရှိတဲ့ ကျောင်းမျိုးကိုပဲ သဘောကျတယ်။ အထူးသဖြင့် ကလေးမက လူကြီးမကျ စကောစကအရွယ် ဆယ်ကျော်သက် Secondary ကျောင်းသား ကျောင်းသူတွေ တက်ရမယ့်ကျောင်းဟာ ပိုအရေးကြီးပါတယ်။ ကျောင်းပတ်ဝန်းကျင်မှာ Shopping mall တွေ၊ ရုပ်ရှင်ရုံတွေ၊ ပန်းခြံတွေ ရှိနေတာမျိုးကို သဘောမကျပါဘူး... မိတ်ဆွေ သူငယ်ချင်းတွေက ဟိုကျောင်းက ကောင်းလား၊ ဒီကျောင်းကို ရွေးရမလား လာမေးတဲ့အခါမှာလည်း ဖြစ်နိုင်ရင် အဲ့လိုနေရာက ကျောင်းတွေကို အတတ်နိုင်ဆုံး ရှောင်ဖို့ တိုက်တွန်းဖြစ်ပါတယ်။

ကလေးတွေ နေ့တဓူဝ ကျင်လည်ရတဲ့ ပတ်ဝန်းကျင်ကလည်း သူတို့ကို အများကြီး ပဲ့ပြင်ပါတယ်။ ကျောင်းကောင်းကောင်း ပတ်ဝန်းကျင်ကောင်းကောင်းကို ရောက်လာတဲ့ကလေးတွေဟာ ဘေးပတ်ဝန်းကျင်ကြောင့် ကိုယ့်ကိုကိုယ် တန်ဖိုးထားတတ်၊ ကိုယ့်သိက္ခာကို ကိုယ်တိုင် ရိုသေတတ်လာပါတယ်။ အဲဒီလို ကောင်းတဲ့ ပတ်ဝန်းကျင်ထဲရောက်သွားပြီးရင် အလိုက်သင့် စီးမျောသွားဖို့သာ လိုပါတယ်။ ဆရာ ဆရာမတွေကလည်း ကလေးတွေကို လူကြီးလေးတွေလို သဘောထားပြီး နေရာပေး၊ လေးလေးစားစား ဆက်ဆံတတ်ကြပါတယ်။ ပညာတော်ဖို့ကို အဓိကထားသလို အကျင့်စာရိတ္တကောင်းဖို့ကိုလည်း အလေးထား သင်ကြားတတ်ကြပါတယ်။ ကလေးတွေ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိအောင်၊ proud ဖြစ်အောင် မြှောက်ပင့်ထားတဲ့ အပိုင်းတွေလည်း နည်းနည်းတော့ပါတာပေါ့လေ။ ဒါပေမဲ့လည်း ဒီလိုမှပဲ ကိုယ့်ကိုကိုယ် တန်ဖိုးထားတတ်ကြမှာမဟုတ်လား။ ဘယ်အရာမဆို အလွန်အကျွံမဟုတ်ရင်တော့ ဒါဟာလည်း သဘောကျစရာအချက်ပါပဲ။

ဒီလောက်ဆို IP တို့ IB တို့ အကြောင်း၊ ကျောင်းတွေအကြောင်း အကြမ်းဖျဉ်းတော့ သိလောက်ပြီ ထင်ပါတယ်။ နောက်ထပ် သိချင်တာများရှိခဲ့ရင်လည်း အားမနာပါနဲ့၊ လာမေးပါ။ ကိုယ်သိထားသလောက် အကုန်ပြောပြပါ့မယ်။ အောက်မှာလည်း Link တွေ ထည့်ပေးထားပါတယ်။ စိတ်ဝင်စားရင် ဖတ်ကြည့်ဖို့ပါ။


သက်ဝေ
(၁၃ ဇန်နဝါရီ ၂၀၁၇)


အောက်ခြေမှတ်စု -

IB (International Baccalaureate)
IP Schools
Humanities Scholarship

Wednesday, January 4, 2017

နှစ်သစ်ဆုတောင်း



အားလုံးအတွက် လာခြင်းကောင်းသော ၂၀၁၇ ဖြစ်ပါစေ...