Saturday, March 10, 2012

သောကြာည၊ တိုက်တန်းနစ်၊ လိုးရှင်း နဲ့ Crane Dance

ဒီနေ့ဟာ အများပြည်သူများ မျှော်လင့်စောင့်စားနေကြတဲ့ သောကြာနေ့ အခါသမယကြီး ဖြစ်ပေတာမို့ အလိုလိုနေရင်း စိတ်လက် ကြည်သာရှိတဲ့ အားလျော်စွာ ညနေစာကို Vivo City မှာ စားပြီး Resort World Sentosa မှာ ပြနေတဲ့ Crane Dance ဆိုတာကြီးကို သွားကြည့်ဖြစ်ပါတယ်။

ညစာစားပြီးတော့ Crane Dance ကို ကြည့်ဖို့ Vivo City ကနေ Sentosa Boardwalk တလျှောက် လေတဖြူးဖြူးနဲ့ အသက်ဝဝရှုရင်း လမ်းလျှောက်ပါတယ်။ (အဲဒီမှာ စ တွေ့တာပဲ...) လမ်းတလျှောက်မှာ ရေပြင်ကျယ်ဖက်ကို မျက်နှာမူရင်း တိုင်တန်းနစ်က ဇာတ်ဝင်ခန်းကို အပီအပြင် သရုပ်ဖေါ်နေကြတဲ့ မောင်နှံစုံတွဲတွေ အများကြီးပဲ…။ တခုပဲ မတူတာ... တိုက်တန်းနစ်မှာ မင်းသားနဲ့ မင်းသမီးက လက်နှစ်ဖက်ကို ဘေးသို့ ဆန့်တန်းထားတယ်... သူတို့ကတော့ ဟိုးအရင်က မြန်မာ့ရုပ်ရှင်ဆင်ဆာအဖွဲ့ရဲ့ စည်းကမ်းအရဆို ဒီအခန်း ဖြတ်… ဒီအခန်းဖြတ်… ဆိုတဲ့ သရုပ်ဆောင်ချက်တွေနဲ့ပေါ့…

ဒီလိုနဲ့ ဆက်လျှောက်လာရင်း နောက်ထပ် ဒီအခန်း ဖြတ်တွေ… အများကြီး ထပ်တွေ့ပါသေးတယ်။ (မရောက်တာကြာတော့ ပြောင်းလဲ ဆန်းသစ်နေကြပုံများ...) ဒါပေမယ့် အဲဒီ Sentosa Boardwalk တလျှောက်မှာ စိတ်ချမ်းသာစရာ ကောင်းသွားတာက ဆေးလိပ်မသောက်ရ ဆိုတဲ့စည်းကမ်းကြောင့် အသက်ကို အားရပါးရ ရှုခွင့်ရတာပါပဲ…။ လမ်းဆုံးတော့ တယောက်ကို တကျပ်တိတိပေးပြီး RWS ထဲကို ဝင်ရပါတယ်။ အရင်က နှစ်ကျပ်ပေးရတာ မှတ်မိတယ်။ ခုတော့ တဝက်ဈေးဖြစ်သွားတယ်။ ပြီးတော့ Crane Dance ပြမယ့်နေရာကို ရောက်ပါတယ်။ တတိယမြောက် အတန်းမှာ နေရာရပါတယ်… ထိုင်ပါတယ်…။ ပွဲစဖို့ကို ဟိုကြည့် ဒီကြည့်နဲ့ စောင့်မျှော်ပါတယ်။

အဲဒီအချိန်မှာပဲ ဘေးချင်းကပ်ထိုင်နေတဲ့ စုံတွဲတတွဲကြောင့် နှစ်ပိုင်း တပိုင်း ရုပ်မြင်သံကြား ကြည့်လိုက်ရပါတယ်။ ဘေးချင်းကပ်ဆိုတော့ မျက်စိထောင့်မှာ လာပေါ်သမျှသာ ဖြတ်ကနဲ ဖြတ်ကနဲ မြင်ရပြီး အသံတွေကတော့ ပီသ ကြည်မြစွာ ကြားနေရလို့ နှစ်ပိုင်း တပိုင်း ရုပ်မြင်သံကြား လို့ ပြောရတာပါ။ တကယ်တော့ စုံတွဲလို့သာဆိုလိုက်ရတယ် သူတို့ဟာ တကယ့်စုံတွဲအစစ်တွေတော့ ဟုတ်ဟန်မတူသေးပါဘူး။ (ဆက်ရေးပြပါ့မယ်… ပရိသတ်ကြီး စိတ်နည်းနည်း ရှည်ပေးကြပါ...)

ရုပ်ရှင်တွေထဲကလိုပဲ ကောင်လေးက ကောင်မလေးလက်ကို ကိုင်ချင်လို့ အကွက်ထွင်တဲ့ အခန်းကနေ စပါတယ်…။ မင်း လက်ချောင်းလေးတွေက သေးသေးလေးတွေနော်… ကလေးလက်လေးတွေလို နုနုလေးတွေ နေမှာပဲ… လို့ ဆိုလိုက်တော့ ကောင်မလေးက လက်ကို လိုးရှင်းလိမ်းတဲ့အကြောင်း ပြောပါတယ်။ ကောင်လေးဟာ လိုးရှင်းဆိုတဲ့ စကားလုံးကို သူ့တသက်မှာ တခါမှ မကြားဖူးသလို အထူးတဆန်း တအံ့တသြတွေ ဖြစ်ဟန် ပြပါတယ်။ ဘယ်လိုအချိန်မှာ လိမ်းရတာလဲ… ဘယ်ဆိုင်တွေမှာ ရောင်းတာလဲ… ပုလင်းလိုက် ဝယ်ရတာလား… စသဖြင့် တီတီတာတာနဲ့ မေးခွန်းတွေ ထုတ်ပါတော့တယ်။ အဲဒီအချိန်မှာ လာရင်းကိစ္စဖြစ်တဲ့ Crane Dance က စတင် ကပြ အသုံးတော်ခံပါတော့တယ်… (ဟင်း…. ကောင်းခန်းရောက်နေကာမှ…)

Crane Dance ကပြဖို့ ဘယ်ဖက်က စက်ရုပ် Crane က တဖြည်းဖြည်းချင်း ခေါင်းထောင်လာပါတယ်။ သို့သော် ခေါင်းကို မတ်မတ်မထောင်ရသေးခင် လမ်းခုလတ်မှာပဲ အဲဒီ Crane ဟာ အနောက်နားကနေ မီးခိုးတွေ တအူအူထွက်ပြီး Crane နာကြီး လည်လိမ်သွားသလို မျက်လုံး အပြူးသားနဲ့ လိမ်ဖယ်ဖယ် အနေအထားမှာ ဂန့်သွားရှာပါတယ်။ ပုံထဲမှာ ကြည့်ပါ။ ကင်မရာ ပါမသွားလို့ ဖုန်းနဲ့ ရိုက်လာပါတယ်။ (အဆင်မပြေဘူး အချစ်ရေ…)


စပီကာကြီးတွေကတဆင့် စက်ပိုင်းဆိုင်ရာ ချို့ယွင်းမှုကြောင့် Crane တွေရဲ့ ကပြမှု အစီအစဉ် နည်းနည်း နောက်ကျမယ်လို့ ထပ်တလဲလဲ ကြေငြာပါတယ်။ (ကိုယ်နဲ့ကျမှ တိုက်တိုက်ဆိုင်ဆိုင်…) မကြာခင်အချိန်မှာပဲ ကမ်းစပ်ကနေ မော်တော်ဘုတ်လေးတစီး ကမူးရှုးထိုးနဲ့ Crane တွေနား ရောက်လာတာ တွေ့လိုက်ပါတယ်။ စက်လာပြင်တာလို့ ထင်ပါတယ်...။

ဒီအချိန်မှာပဲ ဘေးက စုံတွဲရဲ့ လိုးရှင်း အစီအစဉ် ပြန်လည် စတင်ပါတော့တယ်။ ကောင်မလေးဟာ သူ့အိပ်ထဲမှာပါလာတဲ့ လိုးရှင်းဘူး ခပ်သေးသေးလေးကို ထုတ်ပြပါတယ်။ ပြီးတော့ ကိုယ်တိုင် လိမ်းပြပါတယ် (လက်ကို လိမ်းပြတာပါ) ကောင်လေးက သူလည်း လိမ်းကြည့်မယ်ဆိုပြီး သူ့လက်ဖဝါးပေါ်ကို လိုးရှင်းတွေ ညှစ်ထည့်ပါတယ်။ အချိန်အဆ မသိတော့ ညှစ်လိုက်တာ အများကြီး ထွက်လာပါတယ်... ကောင်လေးက အဲဒီ တခဏမှာပဲ အကြံရပြီး စိတ်ပြောင်းသွားဟန်တူပါတယ်…။ သူ့လက်ကို ကောင်မလေးရှေ့ ထိုးပေးပြီး အဲဒီလိုးရှင်းတွေကို လိမ်းပေးဖို့ ပြောပါတယ်…။ ကောင်မလေးကလည်း မလိမ်းပေးနိုင်ဘူးလို့ ငြင်းနေတော့ သူ့မှာ လက်ဖဝါးပေါ် လိုးရှင်း တပုံနဲ့ လက် တဖြန့်ဖြန့်နဲ့ ဖြစ်နေပါတော့တယ်။ (ငါ့နှယ့်နော်… သေတော့မှာပဲ…)

မကြည့်လည်း မြင်နေရ၊ နားမထောင်လည်း ကြားနေရတော့ အတော်လေး နေရထိုင်ရ ခက်ပါတယ်။ နေရာပြောင်းဖို့ကလည်း ဘယ်လိုမှ မဖြစ်နိုင်တာကြောင့်ရော ရောက်ပြီးမှတော့ Crane Dance ဆိုတာကို ကြည့်ဖြစ်ချင်တဲ့စိတ်ကြောင့်ရော သည်းခံပြီး ဆက်ထိုင်နေရပါတယ်။ မီးခိုးလုံးတွေ ငြိမ်သွားပြီး စက်လာပြင်တဲ့ Boat လေး ပြန်လည် ထွက်ခွာသွားတာ တွေ့လိုက်တော့ အခြေအနေ ပြန်ကောင်းပြီလို့ မျှော်လင့်ရပါတယ်။ (ကြည့်ရန်… အသင့်ပြင်…)


ဆူဆူညံညံ တီးလုံးသံနဲ့အတူ မျက်လုံးပြူးပြူး နှုတ်သီး ချွန်ချွန်နဲ့ Crane နှစ်ကောင် ထလာပါတယ်။ လက်စသတ်တော့ Crane Dance ဆိုတာ Crane နှစ်ကောင်ရဲ့ ရင်ဘတ်နေရာမှာ LCD Screen ကြီး တပ်ပြီး တီဗွီ ပြတာပဲကိုး…။ ဘေးတဖက်တချက်က ရေပန်း ဖွာဖွာတွေက Crane တွေရဲ့ အတောင်ပံတွေ အယောင်ဆောင်လို့ပေါ့…။ ဘာမဟုတ်တဲ့ ဒီပွဲလေးတပွဲလည်း တယောက်တကျပ်နဲ့ လူ လေး ငါး ထောင်ဆို ပိုက်ပိုက် လေး ငါးထောင် ရမှာပါပဲ…။ စီးပွားရှာတဲ့နေရာမှာတော့ တကယ်ကြီးကို တော်ပါပေတယ်...။

ပွဲပြီးခါနီးမှာ မျက်စိထောင့်ကနေ ရိပ်ကနဲ မြင်လိုက်ရတာကတော့ ကောင်လေးရဲ့ လက်ဖဝါးထဲက လိုးရှင်းတွေဟာ ဒီတိုင်း အပုံလိုက်လေးပါပဲ… (အင်း… မပြေလည်ကြသေးဘူးကိုး)

Crane Dance ရဲ့ အဆုံးမှာ အစဉ်အလာမပျက် မီးရှုးမီးပန်း အနည်းငယ် ဖေါက်ပါတယ်။ ရွှေပွဲလာတွေဟာ အဲဒီမီးပန်းတွေကို တခါဘူးမှ မမြင်ဖူးသည့်အလား… Wow… Wow… တွေ အခါတသိန်း အော်ကြပြီး ပွဲကို အဆုံးသတ်ပါတယ်။ အဲ… ဘေးနားက ကောင်လေးကတော့ ကောင်မလေးကို ဘယ်လိုမှ ပြောလို့ရပုံမပေါ်ဘူး… ပါးစပ်ကလည်း မင်း… သိပ်သိပ်ဆိုးတယ်… မင်း… နောက်မှ သိမယ်… ဘာဘာ ညာညာတွေ ရေရွတ်ရင်း သူ့လက် အချင်းချင်း ပွတ်ပြီး လိုးရှင်းလိမ်းခြင်းအမှုကို ပြုလိုက်ပါတယ်…။ (တော်ပါသေးရဲ့… ပွဲလည်း အပြီး လိုးရှင်းလိမ်းတာလည်း ပြီး..)

အဲဒီနောက်တော့ လာလမ်းအတိုင်း Sentosa Boardwalk တလျှောက် လမ်းပြန်လျှောက်ရင်း Vivo ကို ပြန်လာခဲ့ပါတယ်။ အသွားတုန်းကထက် ပိုများတဲ့ တိုက်တန်းနစ် စုံတွဲတွေကို တွေ့ခဲ့ပါသေးတယ်။ (ဖြတ်… ဖြတ်… ဒီအခန်း ဖြတ်…)

ပြီးတော့ Vivo City ကနေ အိမ်ပြန်လာခဲ့ပါတယ်။ အိမ်ရောက်ရောက်ချင်း ဒီစာကို ရေးပါတယ်။ ဒါနဲ့ နေပါအုံး... ဘေးကစုံတွဲက ဘာလူမျိုးလဲ… ဟုတ်လား… မေးချင်သလောက် မေး… လုံးဝ ပြောမပြဘူး… အသေသတ်…။




Wednesday, March 7, 2012

နှောင်ကြိုးမဲ့စွာ


လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်က ကျွန်မ အမှားတခု ပြုခဲ့မိပါတယ်။ အဲဒီအမှားကတော့ မစဉ်းမစား မဆင်မခြင်နဲ့ ရှေ့ရှေ့နောက်နောက် မတွေးပဲ ဘယ်သူ့ကိုမှ မတိုင်ပင်ပဲ ကြက်တူရွေး တကောင် မွေးခဲ့ခြင်းပါပဲ…။

သူ့ကို ကျွန်မ စတွေ့တော့ အိမ်ခြံဝက ပန်းအိုးလေး အနားမှာပါ။ ကြည်လင်တောက်ပပြီး ဝိုင်းစက်နေတဲ့ မျက်လုံးလေးရယ်၊ မိုးစိုနေလို့ ကပ်နေတဲ့ စိမ်းဝါဝါအရောင် အမွေးနုနုလေးတွေရယ်က သူ့အပေါ် ချစ်ခင်စိတ်ရော သနား ကြင်နာလိုစိတ်ကိုပါ နှလုံးသားထဲအထိ အရောက် ပေးစွမ်းနိုင်ခဲ့တာကိုး…။ ချမ်းလို့ တုန်ယင်နေတဲ့ အဲဒီ ကြက်တူရွေးလေးကို တယုတယနဲ့ ကျွန်မ အခန်းလေးထဲကို ခေါ်လာမိတယ်။ သူကလည်း မငြင်းမဆန် လိုက်လာခဲ့တယ်။ ပထမတော့ သူက ကျွန်မကို မရဲတရဲနဲ့ အကဲခတ်နေပါသေးတယ်… ခဏကြာတော့မှ ကျွန်မဆီမှာ သူ့ကို ရန်မူမယ့် ဒုက္ခပေးမယ့် အရိပ်အယောင်တွေ မတွေ့ရတာမို့ စိတ်ချလက်ချ ရှိသွားပုံပါပဲ…။ မျက်နှာသုတ်ပုဝါ ခပ်ပါးပါးတခုယူပြီး သူ့ကိုယ်ပေါ်က ရေတွေကို သုတ်ပေးမိတယ်။ နောက်တော့ အပူငွေ့နွေးနွေးလေးနဲ့ မှုတ်ပေးရင်း သူ့အမွေးလေးတွေကို သွေ့ခြောက်စေခဲ့ပါတယ်။ အနွေးဓါတ်ကြောင့် သူ့ကိုယ်ပေါ်က အမွေးလေးတွေ ပြန်ဖွာလာတဲ့အခါမှာ သူလည်း အတော်လေး နေသာထိုင်သာ ရှိသွားပုံပေါ်တယ်… အသံအစ်အစ် ခပ်တိုးတိုးလေး တချက် ထွက်လာတယ်။ အဲဒီ အခိုက်အတန့်လေးမှာ ဝမ်းသာ ပျော်ရွှင်စိတ်နဲ့ ကျွန်မ အသံထွက် ရယ်မောလိုက်မိပါတယ်။

ပြူတင်းပေါက် ဘောင်ပေါ်မှာ နားနေရင်း မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ ကျွန်မကို ကြည့်နေတဲ့ ကြက်တူရွေးလေးကို ကျွန်မလည်း မမှိတ်မသုန် ထိုင်ကြည့်နေမိတယ်။ တဆက်တည်းမှာပဲ အသက်ရှိတဲ့ ငှက်ကလေးတကောင်ရဲ့ သတ္တဗေဒ တုန့်ပြန်မှုတွေနဲ့အတူ သူတို့ရဲ့ ပြုမူနေထိုင်ပုံ၊ သူတို့ရဲ့ သဘာဝလေးတွေကို သိချင်လာမိတယ်။ ဒါကြောင့် ဒီကြက်တူရွေးလေးကို အဖေါ်အဖြစ် မွေးထားဖို့ ကျွန်မ ဆုံးဖြတ်လိုက်ပါတယ်။ ဒီကိစ္စအတွက် ကျွန်မ ဘယ်သူ့ကိုမှ တိုင်ပင် ညှိနှိုင်းစရာ မလိုအပ်ခဲ့ပါဘူး။

သူ့ကို မွေးမယ်ဆိုတော့ သူနဲ့ လိုက်လျောညီထွေဖြစ်တဲ့ နေစရာ နေရာလေးတခု ရှာဖွေရတယ်… သူစားလို့ရတဲ့ အစားအစာလေးတွေ ပြင်ဆင်ရတယ်။ သူက ကျွန်မစားတဲ့ ပေါင်မုန့်ကို မကြိုက်ဘူး။ ဆန်စေ့လေးတွေကိုတော့ စားတယ်။ တခါက ကျွန်မ သောက်လက်စ ဖန်ခွက်ထဲက ဝိုင်နည်းနည်းကို သူ့နှုတ်သီးလေးနဲ့ ထိုးသောက်နေတာ တွေ့လိုက်ရတော့ အံ့သြတကြီး ဖြစ်သွားရသေးတာ…။ ဝိုင်အနီရဲ့ အရှိန် ခပ်ထွေထွေနဲ့ သူ ဘာတွေ ရေရွတ်မလဲ ဘယ်လို လှုပ်ရှားမလဲလို့ သတိထား စောင့်ကြည့်ပေမယ့် သူကတော့ ဘာမှ မမှားသလို အေးအေးဆေးဆေးပဲ… သူ့အတွက် ပေးထားတဲ့ လှောင်အိမ်လေးထဲ ပြန်ဝင်ပြီး ငြိမ်သွားလေရဲ့…။

အချိန်တွေကြာလာတာနဲ့ အမျှ ကျွန်မနဲ့ အဲဒီကြက်တူရွေးလေးဟာ ပိုပြီး တွယ်တာလာခဲ့ကြတယ်။ ကျွန်မ အလုပ်သွားဖို့ အိမ်ကထွက်ရင် ကျွန်မရဲ့ လက်ဖျားလေးမှာ နားလို့ နှုတ်ဆက်တတ်တယ်။ ညနေ ကျွန်မ အလုပ်က ပြန်တဲ့အချိန်တွေမှာ သူက အခန်းဝက လှောင်အိမ်လေးထဲကနေ အသံတမျိုးနဲ့ ခပ်တိုးတိုး နှုတ်ဆက်လေ့ရှိတယ်။ ကြက်တူရွေးတွေဆိုတာ စကားပြောတတ်တယ် စကားသင်လို့ရတယ်… လို့ ပတ်ဝန်းကျင်က လူတွေက ပြောကြပါတယ်။ ဒါပေမယ့် သူ့ကို ကျွန်မ စကားမသင်ဖြစ်ခဲ့ဘူး။ စကား များများပြောတတ်တဲ့သူတွေကို ကျွန်မ မကြိုက်တတ်သလို လူ ထူထူ စကားဝိုင်းတွေမှာ နှုတ်နည်းတတ်တဲ့ ကျွန်မက ကြက်တူရွေးလေးကိုတော့ စကားတွေ တော်တော်များများ ပြောဖြစ်ခဲ့တယ်။ တနေ့တာ ခံစား တွေ့ကြုံခဲ့ရသမျှတွေကို သူနားလည်သည်ဖြစ်စေ နားမလည်သည်ဖြစ်စေ တတွတ်တွတ်နဲ့ ပြောပြနေမိတယ်။ တခါတခါ သူ့ရဲ့ မျက်လုံးလေးတွေထဲမှာ ကျွန်မကို မျှဝေခံစား နားလည်တဲ့ အရိပ်အရောင်လေးတချို့ တွေ့လိုက်ရရင် ကျွန်မ ဝမ်းသာမဆုံးပါပဲ…။

ဒီလိုနဲ့ အနေကြာလာတော့ ကျွန်မဘဝရဲ့ တချို့အချိန်တွေမှာ သူ့အပြင် ဦးစားပေး၊ အလေးထားစရာ အရေးပေးဆောင်ရွက်စရာ ကိစ္စတွေ ရှိလာတယ်။ အဲဒီအခါမှာ သူ့ကို ဟိုးအရင်ကလောက် အရေးတယူ မပြုဖြစ်တဲ့ အချိန်တွေ ရှိလာတယ်။ တခါတခါမှာ သူ့ကို တယောက်တည်း အိမ်မှာထားခဲ့ရင်း ကျွန်မ မရှိတုန်း အဝေးကိုများ ထွက်ပြေးသွားလေမလား လို့ ကြောင့်ကြနေရတဲ့ ပူပန်သောကမျိုးရှိနေတတ်သလို တခါတလေကျပြန်တော့လည်း စိတ်လက်မကြည်သူတဲ့အလျောက် သူ့အပေါ် အရင်ကလို တယုတယ မနေဖြစ်ပဲ စိတ်မရှည်ဖြစ်မိတာ၊ ဖာသိဖာသာ နေမိတာ ဝန်ခံရမှာပါ။ ဒါပေမယ့် သူ့ကို ကျွန်မ သိပ်ချစ်ပါတယ်။ အနေကြာလာတာနဲ့ အမျှ သူ့အပေါ် တွယ်တာခဲ့တဲ့သံယောဇဉ်ကြိုးဟာ အလွန်တရာ မြဲမြံ ခိုင်မာနေမှန်း ကိုယ့်ကိုကိုယ် သတိထားခဲ့မိပါတယ်။

အဲဒီနောက်ပိုင်းမှာ တဖြည်းဖြည်းနဲ့ သူက ကျွန်မကို စိတ်တိုတတ်လာတယ်။ အရင်ကလို ကျွန်မအနားကိုလည်း မလာတော့ဘူး။ သူ့အနားကပ်သွားရင် သူ့အသံ အစ်အစ်လေးနဲ့ စကားမဆိုတော့ဘူး။ အသံခပ်သြသြနဲ့ ကျွန်မကို မလိုလားသလို ကျယ်လောင်စူးရှစွာ အော်တတ်လာတယ်။ မျက်လုံးအကြည့်တွေကလည်း အရင်ကလို ကြည်ကြည်လင်လင် မဟုတ်တော့ဘူး။ စူးစူးရဲရဲနဲ့ မနှစ်သက်တဲ့ အရောင်တမျိုး တောက်ပနေတယ်။ အစာကျွေးတဲ့အချိန်တွေမှာလည်း စိတ်ပါမှ စားတယ်… အရင်ကလို ကျွန်မ လက်ဖဝါးထဲကနေ ယူမစားတော့ဘူး။ အတင်းကျွေးပြန်ရင်လည်း ကျွန်မကို နှုတ်သီးနဲ့ ဆိတ်တော့ ထိုးတော့မလို လုပ်တတ်တယ်။ ကျွန်မ အလုပ်သွား အလုပ်ပြန်ချိန်တွေမှာလည်း အရင်ကလို လှိုက်လှိုက်လှဲလှဲ မကြိုဆိုတော့ဘူး… သံသယတခုခုနဲ့ မနှစ်မြို့သလို မျက်နှာလွှဲနေတတ်တယ်။ ကျွန်မ သူ့ကို စကားတွေပြောနေပေမယ့်လည်း အရင်ကလို မျက်လုံးဝိုင်းလေးနဲ့ နားမထောင်နေတော့ပဲ သူ့ဟာသူ ဟိုလျှောက် ဒီလျှောက်နဲ့…။ အဆိုးဆုံးကတော့ သူ ကျွန်မလက်ကနေ လွတ်မြောက်ဖို့၊ ကျွန်မကို ထားပစ်ခဲ့ဖို့ အချိန်ရှိသ၍ ကြိုးစားနေတာပါပဲ…။

အဲဒါကို သတိထားလိုက်မိတဲ့အချိန်မှာ ကျွန်မ တကယ်ကို ဝမ်းနည်းသွားခဲ့ပါတယ်။ သူ့ကို လွတ်လွတ်လပ်လပ် ပျံသန်းခွင့် ပေးလိုက်ဖို့လည်း ကျွန်မ အကြိမ်ကြိမ် စဉ်းစားနေခဲ့ပါတယ်။ ဒါပေမယ် ကျွန်မက အတ္တကြီးတယ် ပိုင်ဆိုင်လိုစိတ် ကြီးမားတယ် လို့ပြောရမလားပဲ…။ သူ့ရဲ့ လှောင်အိမ်တံခါးကို အချိန်တိုင်း သော့ခတ်လို့ သူ့ကို နှောင်ဖွဲ့ ထိန်းချုပ်ထားဖို့ ကျွန်မ မတရားသဖြင့် (တကိုယ်ကောင်းဆန်ဆန်) ကြိုးစားခဲ့ပါတယ်…။ ဒါပေမယ့်…

ဒါပေမယ့်… နောက်ဆုံးမှာတော့ ကျွန်မ စိတ်ကို နည်းအမျိုးမျိုးနဲ့ နှစ်သိမ့်ပြီး လပေါင်းများစွာ လက်ပွန်းတတီး အဖေါ်ပြုခဲ့တဲ့ သူ့ကို လှောင်အိမ်တံခါးကို အသာဖွင့်လို့ လွတ်လပ်စွာ ပျံသန်းခွင့် ပေးလိုက်ပါတယ်…။ ကျွန်မကို နှုတ်ဆက်သလို အသံတမျိုးပေးပြီး နောက်ကို တချက်ကလေးမှ လှည့်မကြည့်ပဲ ဟိုး မိုးကောင်းကင် အမြင့်ကြီးဆီကို တဟုန်ထိုး ပျံဝဲသွားတဲ့ ကြက်တူရွေးလေးကို ကြည့်ရင်း နာကျင်ခံခက်တဲ့ ဝေဒနာတခုနဲ့ အတူ ကျွန်မ အခန်းလေးထဲမှာ ဝမ်းနည်းစွာ ကျန်နေရစ်ခဲ့ပါတယ်။ သူ့ကို လိုတာထက်ပိုပြီး တွယ်တာမိခဲ့တဲ့ ကျွန်မ… သူ့ကို သဘာဝနဲ့ ကင်းဝေးနေစေပြီး လှောင်အိမ်လေးထဲမှာ ဖမ်းဆီး ချုပ်နှောင်ထားခဲ့မိလို့များ ကျွန်မကို စိတ်နာသွားတာလားလို့ နောင်တတွေ တလှေကြီးနဲ့… နောက်ဆုံးမှာတော့ အရာရာဟာ ကျွန်မရဲ့ ဆင်ခြင်မှုကင်းမဲ့တဲ့ အမှားတွေကြောင့်လို့ ကိုယ့်ကိုကိုယ်ပဲ အပြစ်ပုံချလိုက်ပါတယ်…။

ဘဝမှာ ကျွန်မကို နာကျင်ခံခက်စေပြီး ထိခိုက်ခံစားရစေတဲ့ လုပ်ရပ် အမှားတခုကို ပြပါဆိုရင် မစဉ်းမစား မဆင်မခြင်နဲ့ စိတ်နောက် ကိုယ်ပါ ကြက်တူရွေး တကောင် မွေးခဲ့ခြင်းပါပဲ…။ ဒါပေမယ့်လည်း တချိန်ချိန်မှာ သူ မျက်စိလည် လမ်းမှားလို့ပဲ ဖြစ်စေ… မိုးရေတွေ စိုစိုရွှဲလာလို့ပဲ ဖြစ်စေ… ကျွန်မကို သတိရ လွမ်းဆွတ်လို့ပဲ ဖြစ်စေ… ကျွန်မအနားကို သူ ပြန်ရောက်လာလေမလားလို့ မိုက်မိုက်မဲမဲ မျှော်လင့်နေဆဲပါ…။