Tuesday, April 29, 2008

လွမ်းတဲ့စိတ်

အလွမ်း တဲ့…
လူတိုင်းလူတိုင်းဘဲ အကြောင်းအမျိုးမျိုးနဲ့ လွမ်းဖူးကြမှာပါ။ လွမ်းတယ် ဆိုတဲ့နေရာမှာ သက်ရှိလူသားတွေ အချင်းချင်း တစ်ဦးကိုတစ်ဦး လွမ်းကြတာတွေတင်မက သက်မဲ့တွေဖြစ်တဲ့ အ၀တ်အထည်၊ အစားအသောက်၊ အသုံးအဆောင် ရုပ်ဝတ္ထု ပစ္စည်းတွေ၊ ကုန်လွန်သွားခဲ့တဲ့ အချိန်ကာလတွေ၊ ကြုံတွေ့ ခဲ့ဖူးတဲ့ အဖြစ်အပျက်တွေ ကိုလဲ သူ့ နည်းသူ့ ဟန်နဲ့  အမျိုးမျိုး အဖုံဖုံ လွမ်းဆွတ် တမ်းတ တတ်ကြပြန်ပါတယ်။
အခုလောလောဆယ်မှာ…
သက်ဝေတစ်ယောက် ဘာတွေကိုများ လွမ်းနေပါသလဲ လို့ မေးလာခဲ့သည်ရှိသော်….


အလွမ်းဆုံးကတော့…

- အဝေးတစ်နေရာက အချစ်ဆုံး (အချစ်ဆုံး) သူငယ်ချင်းလေး တစ်ယောက်
(တစ်ယောက်နဲ့ တစ်ယောက် အတွေးအခေါ် နားလည်မှု အယူအဆ အစစ အရာရာမှာ ညီမျှကြတာရယ်၊ ဘယ်လို ကိစ္စ အကြောင်းကြီးငယ်မဆို ယုံကြည်စိတ်ချစွာ ဖွင့်ဟ တိုင်ပင်ဖေါ် တိုင်ပင်ဖက်…)


- Inner Circle တွေ လို့  အားလုံး လက်ခံထားကြတဲ့ သူငယ်ချင်း တစ်စု
(ဟိုးအရင် အချိန်တွေတုံးက တစ်အုပ်စုလုံး အတူစား အတူသွား စာတွေအတူကျက် အတူတူစုအိပ် စကားတွေ တတွတ်တွတ်ပြော မမောနိုင် မပန်းနိုင်…)

နောက်ထပ် လွမ်းစရာတစ်ချို့ ကတော့…
- မိုးလေးတဖွဲဖွဲကျနေတဲ့ ညနေခင်းလေးတွေမှာ ထိုင်နေကျ ယုဇန ဂါးဒင်း ဟိုတယ်လ် က ကော်ဖီခပ်ကျဲကျဲလေး နဲ့  ဘဲခြေထောက်သုပ်
(အဲဒီ ကော်ဖီကျဲလေးဟာ ဒီက Starbucks တို့  ၊ Coffee Bean တို့ ၊ TCC တို့ က ကော်ဖီတွေထက် အရသာ ပိုမကောင်းလှတာ မှန်ပေမယ့်…)

- တရုတ်တန်း လမ်းဘေးက ထိုင်ခုံ ပုပုလေးတွေနဲ့ ထိုင်စားရတဲ့ ၀က်သားတုတ်ထိုး
(အချဉ်ရည် နီနီတွေက ဆိုးဆေးတွေပါတယ် တဲ့… ကျန်းမာရေးနဲ့ မညီညွတ်ဖူး တဲ့… သို့ သော်… သို့ သော် ပေါ့လေ…)

- ၁၂ လမ်းထိပ်က မောင်မြင့် ဆိုင်က မှို ကန်စွန်း နဲ့  ၀က်သားလိပ်
(တစ်ခါတုံးက ဒီကသူငယ်ချင်းတွေနဲ့ စကားစပ်ရင်း ရန်ကုန်က မောင်မြင့်ကို လွမ်းလိုက်တာ လို့ ပြောမိတော့ သူတို့ က ပြူးပြူးပြာပြာနဲ့  မေးကြတယ်။ ရန်ကုန်က ပြန်တုံးက ရလာတဲ့ Boy Friend လားတဲ့…)

- ကောင်းကောင်း က မာလာဟင်း နဲ့  ငါးကင်
(ဘယ်လိုမှ ချက်လို့ မတတ်တဲ့ ဟင်းထဲမှာ အဲဒီ မာလာဟင်းက ထိပ်ဆုံးက…)

- Blazon, City Mart နဲ့  စိန်ဂေဟာ အစရှိတဲ့ Super Market လေးတွေ
(ဒီမှာရှိတဲ့ အလွန်တရာ ခန်းနား လှပကျယ်ဝန်း လှတဲ့ ဆိုင်ကြီးတွေနဲ့ မယှဉ်သာ သော်ငြားလဲ တူညီဝတ်စုံလေးတွေနဲ့ ဖေါ်ရွေတဲ့ အပြုံးလေးတွေ ကတော့…)

ဆက်ရေးရရင်တော့ ကုန်နိုင်ဖွယ် မရှိ…။
ဒါတွေအားလုံးဟာ အခုလောလောဆယ် အတွက်သာ…
ကျန်တာတွေက အများကြီးရှိနေသေး…။ ဆက်ရေးဖို့ ရာ ခွန်အားက မရှိ…။
လွမ်းတဲ့စိတ်က လူကို ပြင်းပြင်းထန်ထန် ဖိစီး…။


တကယ်တမ်း အားလုံးကို ကောက်ချက်ချ ကြည့်လိုက်ရရင်တော့ အဲဒီအလွမ်းတွေဟာ နေ့ စဉ် နေ့ တိုင်း ကျင်လည်လှုပ်ရှား တွေ့ မြင် နေရတဲ့ မတူညီတဲ့ Life Styles တွေရယ်၊ ကွဲပြားခြားနားကြတဲ့ ယဉ်ကျေးမှုတွေရယ်၊ တစ်ခါတစ်ရံမှာ သိပ်ပြင်းထန်လာတဲ့ စိတ်ဖိစီးမှုတွေရယ် ကြောင့် ဖြစ်လာတယ် လို့ ထင်မိတာဘဲ…။
ဒီတော့ အဲဒီ အလွမ်းတွေအတွက် ဘယ်သူ့ ကို ဘယ်လို လက်ညှိုးညွှန်လို့  ဘယ်လို အကြောင်းပြချက်နဲ့ စွဲချက်တင်ပြီး ဘယ်လို အရေးယူရမှာလဲ…။ ဒီလိုဆိုပြန်ရင်ရော… လွမ်းတာတွေ သက်သာသွားမှာလား…။ အဖြေက မရှိ…။
ဒီလိုနဲ့ ဘဲ… တစ်နေ၀င် တစ်နေထွက်… အသက်တွေကဖြင့် တစ်ရက်ပြီး တစ်ရက် ပိုပိုကြီး…။


အခုအချိန်မှာ…
ခိုင်ထူးရဲ့  အိမ်အလွမ်း နဲ့  ထူးအိမ်သင်ရဲ့  အမေ့အိမ်
အဲဒီ လွမ်းစရာ သီချင်းနှစ်ပုဒ်ကို အထပ်ထပ် အခါခါ နားထောင်ရင်း…
ချစ်သူ့ လက်ကို အားကိုးမြဲမြံစွာ တွဲခို ဆုပ်ကိုင်ရင်း…
ဆန္ဒတွေကို အိမ်မက်တွေထဲမှာ ၀ိုးတ၀ါး ပုံဖေါ်ရင်း…
အိမ်က အလှမွေး ရွှေငါးကလေးများကို အစာကျွေးရင်း…
လက်ရှိ အနေအထား ထဲမှာ နေသားတစ်ကျ ဖြစ်အောင်ကြိုးစားရင်း…
ရင်ထဲက တသသ အလွမ်းတွေကို အသာအယာ သိုဝှက် သိမ်းဆည်းထားရင်း…
တစ်လောကလုံးမှာ နှင်းဆီဖြူများ ဝေေ၀ဆာဆာ ပွင့်လန်းမယ့် အချိန်ကို မျှော်လင့်ရင်း…
မျှော်လင့် ယုံကြည်ချက် တစ်ခုဆီသို့  ဆက်ပြီး လျှောက်လှမ်းသွားကြစို့ ….။

Thursday, April 24, 2008

တစ်ခုသောညခင်း လမင်းလဲမသာ
မိုးရိပ်မိုးငွေ့ တွေက အုံ့ အုံ့ ဆိုင်းဆိုင်း
ကိုယ့်ရဲ့ စိတ်တွေက မှုန်မှုန်မှိုင်းမှိုင်း
အတွေးအာရုံထဲမှာတော့ အရာရာဟာ ထုံထုံထိုင်းထိုင်း…။


ခက်တယ်… ခက်တယ်…
ဒီလိုညတစ်ည ဘယ်လိုအိပ်အိပ် အိပ်မရတာကြောင့်
ခေါင်းရင်းက မီးခလုတ်ကို နှိပ်လို့ 

စီပီယူကို အသက်သွင်း
မော်နီတာကို မျက်နှာအပ်
မိုက်ခရိုဆောဖ့်ဝပ်ကို ခေါ်ကာတင်
ကီးဘုတ်ပေါ် လက်ချောင်းတွေထား
ကြိုးစားပမ်းစား ရိုက်ချလိုက်ချင်ပေမယ့်
အတွေးတွေမူးနောက် ကာရန်တွေပျောက်
အကြံတုံး ဥာဏ်တုံး ဘာဆိုဘာတစ်လုံးမှ ထွက်မလာ…။

ဒီလိုနဲ့ ဘဲ…
အချိန်တွေကုန် မျက်လုံးတွေကျိန်းစပ်
စိတ်တွေကဟိုရောက်ဒီရောက် ရှုတ်ရှက်ခတ်
ရှည်လျားကိုယ့်ည တစ်ညတာ
အဆုံးစွန် ကုန်လွန် ကျော်ဖြတ်…
အပြင်ဖက်မှာတော့ တစ်မိုးသောက်လို့ 
အလင်းတောင် ရောက်နေခဲ့ပြီဘဲ…။

နံနက်ခင်းသစ် တစ်ခုကိုရောက်…
ခပ်ဖျော့ဖျော့လင်း နေမင်းရောင်ခြည်ရဲ့အောက်
အိပ်မရ ဒီတစ်ညကို
မုန်းမုန်းတီးတီး သုံးသပ်ကြည့်လိုက်တော့
အသုံးမကျ မဆင်မခြင် ကိုယ့်ကိုယ်ကိုသာအပြစ်တင်…။

အခုအချိန်မှာတော့…
ဆေးခွင့်တစ်ရက်ရဖို့ အရေး
ဆေးခန်းကို အမြန်ပြေးလို့ ယူ
ဘောစ့်နဲ့  ပရောဂျက်
ဒီဇိုင်း နဲ့  အတွက်အချက် ရောယှက်ကာ မေ့ထား
စိတ်ဖိစီးမှုတွေကို အဆုံးစွန်လျော့ရင်း
လေညှင်းနုနုကို တစ်ဝရှု…
ဆူဆူညံညံ လူသံသူသံတွေကင်း
ကိုယ့်ရဲ့ အခန်းကျဉ်းလေးထဲမှာ
ခန်းဆီးလိုက်ကာတွေ တင်းတင်းပိတ်
နေ့ ခင်း ကြောင်တောင်ကို
ညခင်း မှောင်မှောင်လို့ အမှတ်ထား
ကိုယ့်စိတ်ကို ကိုယ်တိုင်လှည့်စား ကာပေါ့
ကဲ…
ဒီတစ်နေ့ တာအဖို့  အားလုံးကို အပြီးမေ့လို့ 
ကိုယ်… စိတ်ချလက်ချ အိပ်ပါရစေတော့…။


(စီပီယူ - CPU, မော်နီတာ - Monitor, မိုက်ခရိုဆော့ဖ်ဝပ် - Microsoft Word, ကီးဘုတ် - KeyBoard,

ဘော့စ် - Boss, ပရောဂျက် - Project, ဒီဇိုင်း - Design)

Friday, April 18, 2008

မြန်မာနှစ်သစ်ကူး ဆုတောင်း

ဒီနေ့ မြန်မာနှစ်ဆန်းတစ်ရက်နေ့ နော်...။ မြန်မာနှစ်ဆန်းတစ်ရက်နေ့ အတွက် နှစ်သစ်ဆုတောင်းလေးပါ။



(Photo from မုတ်သုန် - ပန်းပိတောက်တို့ ဝေလေပြီ)


ဒီမြန်မာနှစ်သစ်ကူး အချိန်အခါမှာ ဘလော့ဂ်ရပ်ဝန်းက ညီအစ်ကို မောင်နှမ သူငယ်ချင်းလေးများ အားလုံး သင်္ကြန်မိုးရေ တန်ခူးလေတွေရယ် အေးမြတဲ့ အတာရေတွေရယ် ရွှေဝါရောင်ပိတောက်တွေရယ် နဲ့ အတူ ပျော်ရွှင်ချမ်းမြေ့ ကြပါစေ။ အားလုံး အစစ အရာရာ အဆင်ပြေ ချောမွေ့ တဲ့ ဘ၀လေးတွေ ကိုယ်စီ ပိုင်ဆိုင်နိုင်ကြပါစေ...။


မင်္ဂလာရှိသော မြန်မာနှစ်သစ်ဖြစ်ပါစေ


* * * * * * * * * * *



Thursday, April 17, 2008

ထိုတံခါး

ငြိမ်သက်နေသော သက်မဲ့အရာဝတ္ထုတခုကို အချိန်ကြာမြင့်စွာ စူးစူးစိုက်စိုက် ကြည့်တတ်သော အကျင့်တခုကို ရခဲ့သည်မှာ နှစ်ပေါင်း တော်တော်များများ ကြာခဲ့ပြီဖြစ်သည်။ ထိုသက်မဲ့အရာဝတ္ထုမှာ တင်းတင်းစေ့၍ ပိတ်ထားသော တံခါးထူထူ တချပ်ဖြစ်ပါသည်။ ထိုတံခါး၏နောက်တွင် သူမ ရှိနေသည်။
မြင့်မား ရှည်သွယ်သော အရပ်အမောင်း၊ ဖြူစင်ဝင်းပသော အသားအရည်၊ အလွန်ချစ်စဖွယ်ကောင်းသော ဆံပင်နက်နက် ရှည်ရှည်များ၊ တိတိပပ လှပနိုင်လွန်းသော နှုတ်ခမ်းတင်းတင်း၊ ခြုံကြည့်လိုက်လျှင် မာနကြီးပုံပေါက်သော သူမလေး… ထိုတံခါး၏ နောက်တွင် ရှိနေသည်။ သူမ တစ်ယောက်တည်း ရှိနေခြင်းလား၊ နံဘေးမှာ အဖေါ်တယောက်နှင့် အတူ လက်ချင်းယှက်တွဲ၍ ရှိနေခြင်းရော မဖြစ်နိုင်ဘူးလား။ တကယ်တော့ ဒါကလဲ သိပ်ပြီး သေချာလှသည် မဟုတ်ပါ။ သေချာသည်ကတော့ သူမလေးသည် ဘယ်သောအခါမှ ထိုတံခါးကို ဖွင့်ဖေါက် ကျော်ဖြတ်၍ အပြင်သို့  (တိတိကျကျပြောရလျှင် ကျွန်တော့်ထံသို့ ) ထွက်လာလိမ့်မည် မဟုတ် ဆိုတာပဲ ဖြစ်ပါသည်။

ဘယ်သောအခါမှ ပွင့်လာမည်မဟုတ်မှာ အလွန်သေချာလှသော ထိုတံခါးတချပ်ရှေ့တွင် ဇွဲကြီးစွာ ခြေစုံရပ်နေမိသူ တယောက်… ဘာကြောင့်များ ဒီလောက် အချိန်ကြာမြင့်စွာ ရပ်တန့် စောင့်ဆိုင်း နေမိသလဲ… ဘာတွေကို မျှော်လင့်နေမိတာလဲ…။ ရေနစ်သူအတွက် ကောက်ရိုးတမျှင်သည် ခွန်အားတဲ့။ ထိုသို့ဆိုလျှင် ကောက်ရိုးလေး တမျှင်စာလောက်တောင် မျှော်လင့်ချက် ထား၍မရသော ဤတံခါးရှေ့ တွင် ဘယ်အချိန်အထိ ဆက်၍ရပ်နေအုံးမှာလဲ… ။ ဤသို့  ဆက်ရပ်နေခြင်းကို သူမလေး သိနိုင်ပါ့မလား… ဆက်မရပ်နေတော့ဘဲ လှည့်အထွက်သွားမှာ မတော်တဆ သူမလေးက ထိုတံခါးကို ရုတ်တရက် လှပ်လိုက်သော်… ဟု မျှော်လင့် နေချင်ပါသည်။ .... မျှော်လင့်နေချင်ပါသည်။

မေတ္တာဆိုတာ ရောင်ပြန်ဟပ်တတ်သည်ဟူသော ဆိုရိုးစကား ရှိသေးသည်မဟုတ်ပါလား။ ဤစကား ဟုတ် မဟုတ်၊ မှန် မမှန် စောင့်ကြည့်ချင်ပါသေးသည်။ ဒီလိုပြောတော့ တချို့က ရယ်မော သရော် လှောင်ပြောင်ကြသည်... ဒီကောင် ရုးနေပြီ တဲ့။ အချစ်ကို မယုံကြည်၊ နားမလည်သူ တချို့က ရှုံ့ချကြသည်… လွန်လွန်းပြီ တဲ့။ ချစ်ခင် ရင်းနှီးသော သူငယ်ချင်းတချို့ကတော့ ကြင်နာစွာဖြင့် ဂရုဏာသက်ကြသည်… သနားစရာ တဲ့။ တချို့သူငယ်ချင်းများကတော့ အားပေးကြသည်… ဇွဲဆုတော့ ရနိုင်သည် တဲ့။ သူ့ ကို မရရင် နောက်တယောက်ကို ပြောင်းချစ်ပေါ့ ဟု ပေါ့ပေါ့ဆဆ ပြောသူများလဲ မနည်းမနော…။ နှလုံးသား၏ နက်ရှိုင်းသော နေရာမှလာသော ချစ်ခြင်းမေတ္တာကို တန်ဖိုးမထားတတ်ဘဲ ဤသို့ ပေါ့ပေါ့ဆဆ လျှင်လျှင်မြန်မြန် ပြောင်းလဲဖို့ အလွယ်တကူ တိုက်တွန်းတတ်သော သူများနှင့် ရှေ့ ဆက် မိတ်ဆွေ မဖြစ်နိုင်တော့တာ အလွန်သေချာလွန်း ခဲ့ပြီ။


သရော် လှောင်ပြောင်ခြင်း၊ ဖိနှိမ် ရှုံ့ချခြင်း၊ သနားဂရုဏာသက်ခြင်း၊ အားပေးခြင်း နှင့် မလေးနက်သော ပေါ့ပေါ့ဆဆ အပြော တို့သည် စစ်မှန်သော ချစ်ခြင်း မေတ္တာတရားတစ်ခုကို ဘယ်လိုအကြောင်းနှင့်မှ မတိမ်းစောင်း မယိမ်းယိုင်စေနိုင်။ အစဉ်ထာဝရ ခိုင်ကြည်စွာ တည်တံ့နေမည်သာ...။

ဘာတွေဘဲဖြစ်ဖြစ် သူမအတွက် ချစ်ခြင်းမေတ္တာများကို ရင်မှာသိုဝှက် တိတ်တဆိတ် သိမ်းဆည်းရင်း... တချိန်ချိန်မှာ ထိုတံခါးချပ်ကလေး အသာလှစ်ဟလာလိမ့်နိုး မျှော်ကိုးရင်း... ထိုတံခါးလေးရှေ့မှာ ခိုင်မြဲစွာ ရပ်နေမိအုံးမည်သာ။ လူဆိုသည်မှာ ကိုယ့်ကိုကိုယ်သာ ပိုင်သည်မဟုတ်ပါလား။ ကိုယ့်အတွေးစိတ်ကူး၊ ကိုယ့်ရပ်တည်မှု နှင့် ကိုယ်ပိုင်ဆုံးဖြတ်ချက် တို့သည်သာ ကိုယ့်အရာ။ ကိုယ့်ဆုံးဖြတ်ချက်တို့၏ နောက်ဆက်တွဲ အကောင်းအဆိုး အကျိုးအပြစ် တို့သည်လည်း ကိုယ်တဦးတည်းနှင့်သာ သက်ဆိုင်ပါသည်။

ဘေးလူများ၏ စကားတင်းဆိုမှုများကို ဥပေက္ခာပြု လျှစ်လျှူရှုလိုက်သောအခါတွင် လူတကိုယ်လုံးသည် ဝါဂွမ်းကလေး တစပမာ၊ တိမ်စိုင်ကလေး တခဲပမာ ပေါ့ပါးလွတ်လပ်သွားသော အရသာမှာ ဘာနဲ့ မှ မလဲနိုင်ပြီ။ သူမလေးအား တမ်းတမ်းတတ လွမ်းဆွတ်လာသောအခါများတွင် ပြာလွင်သော အဆုံးအစမဲ့ မိုးကောင်းကင်ကြီးကို မော့ကြည့်ရင်း... သူမ ရှိနိုင်သည်ဟု ယူဆ၍ရသော နေရာဒေသအချို့ကို မျှော်ကာမှန်းဆ တမ်းတရင်း... အေးမြလတ်ဆတ်၍ သန့်ရှင်းသော လေကို တဝကြီး ရှုရှိုက်သွင်းလိုက်သောအခါ… လောကကြီးတစ်ခုလုံးသည် အဖြူရောင်၊ ပန်းနုရောင်၊ အ၀ါရောင်၊ အနီရောင် အစရှိသော ရောင်စုံ နှင်းဆီပွင့်များနှင့်အပြိုင် မွှေးပျံ့လှပ နေပေလိမ့်မည်။


ငြိမ်သက်နေသော သက်မဲ့အရာဝတ္ထုတခုကို အချိန်ကြာမြင့်စွာ စူးစူးစိုက်စိုက် ကြည့်တတ်သော အကျင့်ကို ရခဲ့သည်မှာ နှစ်ပေါင်း တော်တော်များများ ကြာခဲ့ပြီဖြစ်သည်။ ထိုသက်မဲ့အရာဝတ္ထုမှာ တင်းတင်းစေ့၍ ပိတ်ထားသော တံခါးထူထူ တစ်ချပ်ဖြစ်ပါသည်။ ထိုတံခါး၏ တဖက်တွင် ရှိနေသောသူမှာ သူမ ဖြစ်ပြီး အခြားတဖက်ခြမ်းတွင် မလှုပ်မယှက် ခြေစုံရပ်နေမိသောသူမှာမူကား ကိုယ် ကိုယ်တိုင်ပင် ဖြစ်တော့သည်။

* * * * * * * * * * * * * * * * * * * * * * *

ပိုစ့် အဟောင်းလေး တခုဖြစ်သော တံခါး၏နောက်ကွယ် တွင် Comments များရေးခဲ့ကြသော သူငယ်ချင်းများ… အထူးသဖြင့် မောင်လေး Younggun နှင့် မုတ်သုန် တို့ ၏ Comments များကို ခံစားရေးဖွဲ့ ပါသည်။

Tuesday, April 8, 2008

လွမ်းချင်း

ကျွန်တော် ဘာကိုလွမ်းတယ်ဆိုတာ မပြောခင် တစ်ချိန်တစ်ခါက အလွန် ထင်ပေါ်ကျော်ကြားလှတဲ့ ကျွန်တော့်ကိုယ် ကျွန်တော် အရင် မိတ်ဆက်ပါရစေနော်...။ ကျွန်တော့်ရဲ့  ထင်ပေါ် ကျော်ကြားပုံ ကိုပြောပြရမယ် ဆိုရင်တော့… ဒီကျောင်းကို ရောက်လာတဲ့ ကျောင်းတော်သူ ကျောင်းတော်သားတိုင်း ကျွန်တော့်ကို မသိတဲ့သူ မရှိဘူးဗျ…။ ကျွန်တော့်ရဲ့ ဂုဏ်သတင်းမွှေးပျံ့ ပုံတွေဟာ ကျွန်တော်ရှိတဲ့ ရန်ကုန်စက်မှု တက္ကသိုလ် မှာသာမက လှိုင်၊ ကြည့်မြင်တိုင်၊ ဗိုလ်တထောင် နယ်မြေတွေက ရန်ကုန်တက္ကသိုလ်တွေ၊ မိန်း လို့ ခေါ်ကြတဲ့ ပင်မ ရန်ကုန်တက္ကသိုလ်… စတဲ့ ကျောင်းတွေက ကျောင်းသား ကျောင်းသူတွေ ဆီကိုတောင်ရောက်သဗျို့ ။

ကျွန်တော်ဆိုတဲ့ ကျွန်တော်ကလဲ နှယ်နှယ်ရရ အကောင်မှ မဟုတ်တာကလား။ ရန်ကုန် စက်မှုတက္ကသိုလ် ရဲ့ အထင်ကရ လမ်းကလေး တစ်ခုပေါ့။ ဘယ်အချိန်က ဘယ်သူက စတင်ခေါ်ဝေါ်ခဲ့တယ် ဆိုတာကို မသိပေမယ့် ဒီ သြဘာလမ်း ဆိုတဲ့ ကျွန်တော့်ရဲ့  အမည်နာမကိုတော့ ကျွန်တော် တော်တော်ကြိုက်တယ်ဗျ။

ကျွန်တော့်အကြောင်းကို ပြောပြရမယ်ဆိုရင်တော့ အရှည်ကြီးပေါ့ဗျာ။
ဒါပေမယ့် အခုတော့ အကျယ်အကျယ် မချဲ့ တော့ဘဲ ခပ်တိုတိုဘဲ ပြောကြစို့ ရဲ့ နော်…။

ကျွန်တော့်ရဲ့ တည်နေရာက ဒီကျောင်းကြီးတစ်ခုလုံးမှာ အချက်အချာ အကျဆုံး နေရာဖြစ်တဲ့ ကျောင်းဝင်းကြီး ရဲ့ အလယ် ဗဟို တည့်တည့် မှာရှိတယ်။ ကျွန်တော့်ရဲ့ ဘေးတစ်ဖက်တစ်ချက်မှာတော့ ထူထဲ သိပ်သည်းနေတဲ့ အစိမ်းရောင်ရင့်ရင့် ပုဏ္ဏရိတ်ပင်တန်း နဲ့ မြက်ခင်းပြင် ကျယ်ကျယ်တွေ။ အဲဒါတွေက ကျွန်တော့်ကို ကျက်သရေ ရှိရှိ၊ လှလှပပ နဲ့  လုံလုံခြုံခြုံ ကာရံပေးထား ကြတယ်လေ။ အဲဒီ မြက်ခင်းပြင် တွေရဲ့  အဆုံးသတ်မှာကတော့ Building 1 လို့ ခေါ်ကြတဲ့ လေးထပ် ကျောင်းဆောင်ကြီးတွေရှိတယ်။ အဲဒီကျောင်းဆောင်ကြီးနှစ်ခုက ကျွန်တော့်ကို ဘေးတစ်ဖက် တစ်ချက်ကနေ မားမားမတ်မတ်ရပ်တည်ပြီး အစစအရာရာ ကာကွယ် စောင့်ရှောက် ပေးနေကြသယောင်…။

ကျွန်တော့်ရဲ့ ထူးခြားသတင်း ကျော်ဇောရခြင်း အကြောင်းကတော့ ဒီလိုဗျ။

ကျွန်တော့်အကြောင်းကို သိကြလို့ ဘဲဖြစ်စေ၊ မသိကြဘဲနဲ့ ဖြစ်စေ၊ တစ်ယောက်ယောက်က နောက်ပြောင် ချောက်တွန်းလိုက်လို့ ဘဲဖြစ်စေ၊ သူငယ်ချင်း အချင်းချင်းတစ်ယောက်နဲ့ တစ်ယောက် အလောင်းအစား လုပ်ကြလို့ ဘဲဖြစ်စေ ဘယ်သူမဆို ကျွန်တော့်ဆီကို လာရောက်ခြေချ လျောက်လှမ်းကြတဲ့ အခါတိုင်း တွေ့ မြင်သမျှ ကျောင်းသူ၊ ကျောင်းသားတိုင်းက သြဘာ လက်ခုတ်သံတွေ သောသောညံအောင် ချီးမြှင့်ကြခြင်းပါဘဲ။ အဲဒီလို ချီးမြှင့်အားပေးကြရာမှာလဲ အတန်းမရှိလို့  အပြင်မှာ မတ်တပ်မတ်တပ် ဟိုယောင်ဒီယောင် လုပ်နေကြတဲ့ ကျောင်းတော်သားတွေတင်မက စာသင်ခန်းထဲမှာ စာသင်နေကြတဲ့ ကျောင်းသူ၊ ကျောင်းသားတွေ ပါ ပါသဗျ။ ဆရာ ဆရာမတွေ အနေနဲ့ လဲ ဒီအလေ့အထ ဒီအပြုအမူကလေးကို ဘာမှမတားမြစ်သာ၊ တပြုံးပြုံးနဲ့  ကြည့်ရင်း ခွင့်လွှတ်ကြရတာပါဘဲ။

ဒီလို ထူးခြားပြီး ပျော်ရွှင်စရာကောင်းလှတဲ့ သြဘာ လက်ခုတ် တီးကြခြင်း ကိစ္စကို ဘယ်သူက စတင်တီထွင်လိုက်မှန်းတော့ ကျွန်တော်လဲ တိတိကျကျ မသိလို့  မပြောပြတတ်ဘူးခင်ဗျ။ ဒါပေမယ့်လဲ ကျွန်တော် ကြားဘူးသမျှ မှတ်မိသမျှ ပြောရမယ်ဆိုရင်တော့ ဟိုး… လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ရန်ကုန်စက်မှု တက္ကသိုလ် ရဲ့ ဘွဲ့ နှင်းသဘင် အခန်းအနားကို အခု ဒီဘက်ခေတ်ကလို အဓိပတိလမ်းက ရန်ကုန်တက္ကသိုလ် (ပင်မ) ဘွဲ့ နှင်းသဘင်ခန်းမ မှာမကျင်းပဘဲ ရန်ကုန်စက်မှု တက္ကသိုလ် ကျောင်းဝင်းထဲမှာဘဲ သီးသန့် ကျင်းပ ပြုလုပ် လေ့ရှိတယ်လို့ သိခဲ့ရပါတယ်။

အဲဒီအခါမှာ ဘွဲ့ ရမောင်မယ်တွေဟာ ဘွဲ့ လက်မှတ်ယူကြဖို့  စင်မြင့်ဆီကို အသွားမှာ ဒီသြဘာလမ်း တစ်လျှောက်ကနေ ဖြတ်သန်း သွားကြရတယ်တဲ့။ အဲဒီအခါမှာ ဘေးတစ်ဖက်တစ်ချက် မှာရှိနေကြတဲ့ သူငယ်ချင်းများ၊ မိသားစုများ နဲ့ ဆွေမျိုး မိတ်သင်္ဂဟ အပေါင်းတို့ က လက်ခုတ်သြဘာတွေ သောင်းသောင်းဖြဖြ တီးပြီး အားပေး ဂုဏ်ပြုကြတယ်တဲ့။
အဲဒီက အစပြုလို့ ကျွန်တော့် နာမည်ဟာ သြဘာလမ်း ရယ်လို့ တွင်ခဲ့သတဲ့လေ…။

ဘာဘဲဖြစ်ဖြစ်ပေါ့ဗျာ… နှစ်ပေါင်းမြောက်မြားစွာ တည်မြဲနေတဲ့ ရန်ကုန်စက်မှု တက္ကသိုလ် ကျောင်းတော်ကြီးရဲ့  အထင်ကရ အဖြစ်အပျက် တွေထဲက တစ်ခုအပါအ၀င် ဖြစ်တဲ့ ဒီ သြဘာလမ်း အကြောင်း ကတော့ သိသူတိုင်းက တသသ ပြောဆို လွမ်းဆွတ်ကြရတာတော့ အမှန်ပါဘဲ။ ကျွန်တော်ဆိုတဲ့ ကျွန်တော်ကလဲ ကလဲ ဒါကို အမြဲတမ်း ဂုဏ်ယူမဆုံးပေါ့။
ဒါပေမယ့်… ဒါပေမယ့်ပေါ့ဗျာ…။

ခုဆိုရင် ကျွန်တော့်ဘ၀ကြီးဟာ အရင်ကလို မစိုပြေ၊ တစ်ကိုယ်ရည်ထဲ အတော်ကို ခြောက်သွေ့ နေရတယ် ခင်ဗျ။ အရင်ကလို ကျွန်တော့်ဆီကို လာပြီး လမ်းလျှောက်မယ့် နုနယ်ပျိုမြစ် တင့်တယ်လှပတဲ့ ချစ်စဖွယ် မျိုးဆက်သစ် ကျောင်းသား ကျောင်းသူတွေလဲ မရှိသလောက် ရှားပါးသွားခဲ့ပြီ။ ကျွန်တော့်ကို အထူးတဆန်း သဖွယ် လာလာ ကြည့်တတ်ကြတဲ့ တခြားတက္ကသိုလ်တွေက ကျောင်းသား ကျောင်းသူတွေကလဲ သွားရလာရတာ ခရီးဝေးကြတာကတစ်ကြောင်း၊ ဒီကိုလာရောက်လည်ပတ်ပြီး တွေ့ ဆုံ နှုတ်ဆက်ကြရမယ့် သူငယ်ချင်း မိတ်ဆွေတွေ မရှိတော့တာက တစ်ကြောင်း အခြား အခြားသော အကြောင်းကြောင်း တွေရယ်ကြောင့် တကူးတက ဘယ်သူမှ ကျွန်တော့ဆီ ရောက်မလာကြတော့ဘူးလေ…။
လွမ်းပါတယ်… တကယ်ပါ၊ အရင်တုန်းက အချိန်လေးတွေကို ကျွန်တော် အရမ်းဘဲ လွမ်းမိပါတယ်။

ဒီတော့ စကားမစပ်ဗျာ… တကယ်လို့ ခင်ဗျားတို့ များ ကြုံရင် ပြောပြလိုက်ကြစမ်းပါဗျာ။ လူကြီးမင်းတို့ ရေ… ရန်ကုန် စက်မှုတက္ကသိုလ် ကျောင်းတော်ကြီးရဲ့ သြဘာလမ်းကလေးက သူ့ ဆီကို တစ်ခါတစ်ခေါက် လာရောက် လျှောက်လှမ်းမယ့် ကျောင်းသူကျောင်းသား လေးတွေကို တမ်းတမ်းတတ လွမ်းဆွတ် သတိရနေပါတယ်လို့…။
ပြောပြပေးကြပါဗျာ… ဆက်ဆက်… နော်။


* * * * * * * * * * * * * * * * * * * * * * * * * * * *

(ကျောင်းဓါတ်ပုံကို သူငယ်ချင်း တစ်ယောက်ဆီမှ ရယူပါသည်။)

ကျောင်းသားဘ၀ရဲ့ ပျော်ရွှင်ဖွယ်ရာ အချိန်ကာလတွေဟာ ကျောင်းတော်ကြီးတည်နေသ၍ အသက်ဝင် ရှင်သန်နေအုံးမယ် ဆိုရင် ဒီသြဘာလမ်းကို အချစ်ဆုံး သူငယ်ချင်းတစ်စုနဲ့ အတူ တစ်ခေါက်လောက်ပြန်လျှောက်ခွင့်ရပါစေ… လို့ ဆုတောင်းရင်း…။

Saturday, April 5, 2008

သစ္စာ

ဒီနေ့ သူငယ်ချင်းတစ်ယောက်ဆီကရတဲ့ E Mail ထဲကပုံလေးတွေပါ။
ကြည့်ရင်းကြည့်ရင်း အဲဒီခွေးလေးအတွက် အတော်စိတ်မကောင်းဖြစ်ပြီး သူ့ ရဲ့ သူငယ်ချင်းအပေါ်မှာထားရှိတဲ့ မေတ္တာ နဲ့  သစ္စာတရားကို ဂုဏ်ပြုတဲ့အနေနဲ့  ဘလော့ဂ်ပေါ်တင်ပေးလိုက်ပါတယ်။
ပုံလေးတွေကတော့ တရုတ်ပြည် တစ်နေရာကပါ တဲ့...။


သူ့ သူငယ်ချင်းလေး ကားတိုက်ခံရလို့ စိတ်ထိခိုက်နေတဲ့ ခွေးကလေးတစ်ကောင်ပါ။

လက်ကလေးနဲ့ ကုတ်ပြီး သူငယ်ချင်းလေးကို နှိုးနေတဲ့ပုံလေးက သနားစရာ...။



သူ့ သူငယ်ချင်းလေးကို ကြိုးစားပြီး လမ်းပေါ်ကနေ တွန်းဖယ်နေတဲ့ပုံလေးပါ။
အနီးပါတ်ဝန်းကျင်က လူတွေက ကူညီမလို့ အနားကပ်လာတာကို အကပ်မခံဘဲ အတင်းဟောင်ထုတ်နေတာ…။



ဒီလောက် ကားအသွားအလာတွေ ရှုတ်ထွေးနေတဲ့ လမ်းမပေါ်မှာ ဘာကိုမှ မကြောက်မရွံ့ ၊ လမ်းပေါ်က မဖယ်… သူငယ်ချင်းလေး အနားမှာသာ…။



အဲဒီ အဖြစ်အပျက်ကို ကြုံတွေ့ ကြရတဲ့သူတွေဟာ ဒီခွေးကလေးရဲ့ သူငယ်ချင်းအပေါ် ချစ်ခင်တွယ်တာမှု၊ သစ္စာစောင့်သိမှုကို အံ့သြစွာ မှတ်တမ်းတင်…။

ဒီဓါတ်ပုံလေးကိုကြည့်ရင်း ဘာမဟုတ်တဲ့ အဟိတ် တိရိစ္ဆာန်လေးတွေ တစ်ဦးကိုတစ်ဦး အပြန်အလှန် သံယောဇဉ်တွယ်တာ မေတ္တာရှိ ချစ်ခင်ကြပြီး သစ္စာရှိကြတဲ့ အကြောင်းကို တွေးနေမိပါတယ်။ ကြီးကြယ်မြင့်မြတ်လှပါတယ် လို့ ဆိုကြတဲ့ ကျွန်မတို့  ပုထုဇဉ် လူသားတွေဆီမှာရော… ဒီလို ခန်းနားတဲ့ ဖြူစင်ခိုင်မာ လှပတဲ့ သစ္စာမျိုး ကိုယ်စီ ရှိကြပါရဲ့ လား…။

Tuesday, April 1, 2008

နောက်ဆက်တွဲ ကြက်ဥချက်နည်းများ

ကြက်ဥ အကြောင်း စိတ်ကူးရသလို ရေးထားတာကို အားပေး တုံ့ ပြန် ဆွေးနွေးကြတဲ့ Younggun ၊ တန်ခူး ၊ နုစံ ၊ မြတ်နိုး ၊ ပန်ဒိုရာ ၊ ရွှမ်းမီ နဲ့  မုတ်သုန်လေ၊ ဂျေ တို့ … အားလုံးကျေးဇူးပါ။ အခု ကြက်ဥ အကြောင်းနောက်ဆက်တွဲအနေနဲ့  တန်ခူး၊ မြတ်နိုး၊ ရွှမ်းမီ နဲ့  ဂျေ တို့ ရေးခဲ့တဲ့ Comments တွေထဲက ကြက်ဥချက်နည်း အသစ်များကို ဖြည့်စွက်လိုက်ပါတယ်။

တန်ခူး

ကြက်ဥကို မုန်လာပွင့်နဲ့ဖြစ်ဖြစ်၊ ဟင်းနုနွယ်နဲ့ဖြစ်ဖြစ်၊ ဆူးပုတ်နဲ့ဖြစ်ဖြစ်၊ ဗူးရွက်နဲ့ဖြစ်ဖြစ်ရော ကြော်လဲ စားလို့ကောင်းတယ်။

မြတ်နိုး

ကြက်ဥဟင်းချိုရှိသေးတယ်..။
တရုပ်ပုံစံ မဆလာထည့် ရှောက်ရွက်ထည့်ပီး ဟင်းချိုတခွက် ရသေးတယ်။
အမပြောတဲ့နည်း တချို့က မသိဘူး။ ချက်စားရမယ်။
မတန်ခူး ပြောသလို ပန်းကော်ဖီကြော်ရင်လဲ အပေါ်က အုပ်လို့ ရသေးတယ်။


ရွှမ်းမီ

နောက်တစ်ခု ရှိသေးတယ်။ ကလေးချက်တဲ့ ကြက်ဥဟင်း ပေါ့ . .
ငရုတ်သီး ကြက်သွန်နဲ့ ဆီသတ်။ ခရမ်းချဉ်သီးတွေ စိပ်ထည့်ပြီး ငါးပိချက်လို လုပ် (ငါးပိ၊ ငံပြာရည်၊ ပုစွန်ခြောက်၊ ကြိုက်တာထည့်)။
ခရမ်းချဉ်သီး ကျက်ရင် ကြက်ဥ အစိမ်းတွေ ဒီအတိုင်း ဖောက်ထည့်။ အနှစ်လုံး လေးတွေ ပုံမပျက်အောင် ထားပြီး အကာကို ခရမ်းချဉ် အနှစ်နဲ့ မွှေ (ချက်နေတုန်းတော့ တော်တော် စိတ်ရှည်ရတယ်)။
တူနဲ့ မွှေတတ်ရင် တူသုံးတာ ပိုကောင်းတယ်။ ယောက်မက ကြက်ဥနှစ်လေးတွေ ပေါက်မယ့် အန္တရာယ် ရှိတယ်။ ပြီးတော့ အနှစ် အပေါ်ယံတွေ တင်းသွားရင် ကြက်သွန်မြိတ်ဖြစ်ဖြစ်၊ စပါးလင် နုနု ဖြစ်ဖြစ်၊ နံနံပင် ဖြစ်ဖြစ် အုပ်ပြီးချ။
ထမင်းနဲ့ စားစား၊ ဟင်းချည်းပဲ စားစား၊ စားလို့ကောင်းတယ် . . . စားကြည့်။


ဂျေ

ကြက်သွန်နီကို အတုံးလေးတွေ စိတ်၊ ဆီသပ် အကြည်ရောင်ပြောင်းလို့ ကျက်ရင် ခဏဆယ်ထား၊ စိတ်ထားတဲ့ ခရမ်းချဉ်သီးထည့် ချက်၊ ခရမ်းချဉ်သီးကို အနှစ်ဖြစ်အောင် ယောင်းမနဲ့ ဖိပေး။ အရည်လိုဖြစ်ပြီဆိုရင် ကြက်သွန်နီ ပြန်ထည့်၊
ဆား အချိုမှုန့် နဲ့ ငရုပ်ကောင်းထည့်ပြီး မွအောင် ခေါက်ထားတဲ့ ကြက်ဥရည်ထည့်... ။
ယောင်းမနဲ့ အဆက်မပြတ်မွှေ။ လုံးဝမကျက်စေနဲ့ ... အားလုံးပစ်ခဲခဲ ဖြစ်ရင် ချ။
ပေါင်မုန့် ထဲ ညှပ်စား (မရေားနီးစ် လိုလို ဘာလိုလို) ကြက်ဥကျက်သွားရင် စားမကောင်းဘူး။


ကဲ.. ကြက်ဥ ချက်နည်းတွေတော့ တော်တော်လေးကို စုံစုံလင်လင်ရသွားပြီနော်။
အဲဒီနည်းတွေထဲက မချက်ဖူးသေးတာတွေကို အားတဲ့အခါ စမ်းပြီးချက်ကြည့်ကြပေါ့…
ချက်ပြီးရင်လဲ.. ခေါ်ကျွေးဖို့ မမေ့ပါနဲ့ နော်…။
ချမ်းမြေ့ ပျော်ရွှင်ကြပါစေ…။