Thursday, January 29, 2009

မပျော်တဲ့စာ

အခုတလော ဘာစာမှ မရေးချင်ဘူး။ ရေးရမှာလဲ မပျော်ဘူး။ တွေးရတာလဲ မပျော်ဘူး။ မပျော်ပဲနဲ့  ရေးတဲ့အခါ စာတွေကလဲ ပျော်စရာကောင်းမှာမဟုတ်ဘူး။ ပျော်စရာ မကောင်းတဲ့စာတွေကိုလဲ မပျော်ပဲနဲ့  မရေးချင်ပြန်ဘူး…။ ခက်တော့နေပါပြီလေ…။

ရေးလက်စ တစ်ချို့ ကို ကြည့်မိပြန်တော့လဲ တချို့ က ဟိုရောက် ဒီရောက်နဲ့ ... တချို့ က ဟိုမရောက် ဒီမရောက်နဲ့ …။ စိတ် ကြည်လင်တုန်းက ရေးခဲ့တဲ့ ရေးလက်စတွေကို အခုအချိန်မှာ ဘယ်လိုမှ ဆက်ရေးလို့ မရ…။ စိတ် ကြည်လင်တုန်းက တွေးခဲ့တဲ့ တွေးလက်စတွေကို ပြန်လည်ဆွဲငင် ခေါ်ယူတွေးတော လို့ မရ…။

ဒါဆို ဘာမှမရေးတော့ဘူး…။ ပြီးရော…။
ဒါပေမယ့် ဒီတိုင်းတော့လဲ မဖြစ်သေးပြန်ဘူး… စာမရေးလဲ တစ်ခုခုတော့ လုပ်မှ ဖြစ်မယ်…။
ဘာလုပ်ရရင် ကောင်းမလဲ…။ သီချင်းလေး ဘာလေး ဆိုကြည့်ရင် ကောင်းမလား…
ဟုတ်တယ်… မဆိုးဘူး… သီချင်းဆိုကြည့်မယ်လေ… နော်…။
ပျော်ချင်ကြတဲ့သူများလဲ အတူတူလိုက်ဆိုလို့ ရတာပေါ့.. မဟုတ်ဖူးလား…။

ကဲ… စမယ်… ဇော်ဝင်းထွတ် သီချင်းကနေ စဆိုမယ်…။

“စိတ်ရှုပ်လွန်းလို့ အပန်းဖြေ ကိုယ်ဗွီဒီယို ကြည့်ရင်ကောင်းမလား…
ကားများ များတဲ့ လမ်းမပေါ် လျှောက်လည်ရရင် အပန်းပြေသွားမလား…
မူးပြီးတော့ လဲသွားရင်ပြီးရော အရက်သောက်ရင် ကောင်းမလား…
ဘာလုပ်ရရင် ကောင်းမှာလဲ… အတွေးတွေ ရှုပ်ရင်း ရှင်းမသွားပါလား…”


ဟင်… အတွေးလေးများ ကြည်လင်လာမလားလို့  သီချင်းဆိုမိပါတယ်…
ခုတော့ သီချင်းကလဲ အတွေးတွေ ရှုပ်ရင်း ရှင်းမသွားပါလား… တဲ့။ ကောင်းရော...
မဖြစ်သေးပါဘူး… နောက်တစ်ပုဒ် ပြောင်းဆိုမယ်…။

ထွန်းအိန္ဒြာဗိုလ် သီချင်းလေး ဆိုကြည့်မိတယ်…

“ငိုချင်ရင် ဓါတ်ပြားဟောင်းလေး ပြန်ဖွင့်ကာ…
အကြိမ်ကြိမ် အခါခါ ပျို့ မှာတမ်းသီချင်းကို…
မေရှင်ဆိုသလို နှလုံးသားထဲမှာ လိုက်ဆို… ခံစားမှုတ၀က် အိမ်မက်တ၀က် မက်နေဆဲ…
နှုတ်ခမ်းဖျားနဲ့  မလွမ်းပါရှင် နှလုံးသားနဲ့  လွမ်းနေသူ…
မောင်ပြန်လာမှ ဓါတ်ပြားဟောင်းလေး သိမ်းချင်…
ပျော်စရာကိုလဲ မရှာဘူး.. အိမ်အပြင်ကို ထွက်မလည်ဘူး…
မေရှင် ဓါတ်ပြာဟောင်းးလေးပဲ နားထောင်ချင်…”


ဘုရားရေ… လာပြန်ပါပြီ… မေရှင် ဓါတ်ပြာဟောင်းးလေးပဲ နားထောင်ချင်… ဆိုပါလား…။ စိတ်ညစ်လို့  သီချင်းဆိုကြည့်ခါမှ မေရှင်သီချင်းနားထောင်ပြီး လွမ်းချင်တဲ့ သီချင်းကိုမှ ဆိုမိရက်သား ဖြစ်နေပါရော့လား…။ ဒီခေတ် ဒီကာလကြီးမှာ ဒီ မေရှင်ဓါတ်ပြားဟောင်းလေး ကို ဘယ်နေရာမှာ သွားရှာရမှာပါလိမ့်…။ ဟင်း… ဘာပဲဖြစ်ဖြစ်လေ… အဲဒီ ပျို့ မှာတမ်း သီချင်းလေးကို နားထောင်ရင်း နှလုံးသားနဲ့ လွမ်းရအောင်လို့  မေရှင် ဓါတ်ပြားဟောင်းတွေကို ၀ယ်လို့ ရနိုင်မယ့် နေရာလေးများ သိခဲ့ကြရင် တဆိတ်လောက် လက်တို့ လိုက်ကြပါနော်… ကျေးဇူးမမေ့ပါဘူး…။

ဒီတစ်ခါတော့…. မေဆွိသီချင်းလေး ဆိုကြည့်မယ်…

“ဆန္ဒများနဲ့  စိတ်ဓါတ်ကိုဖိစီး.. ခန္ဒာကိုယ်က သွေးဆဲလ်နဲ့ …
တည်ငြိမ်နေတဲ့ ကိုယ့်ဘ၀ကို ဘယ်သူဝင်ကာ အဆိပ်ခတ်လိုက်ပြီလဲ…
အိုး… အိပ်လို့ မရတော့ဘူး.. ကိုယ့်ညတွေ… ရင်ထဲမှာ နေရတာ စိတ္တဇလိုပဲ…
ကူညီကြပါအုံး… ဒီမှာအမြင်တွေ မှုန်ရီဝါး မသဲကွဲတော့ဘူး…
အတ္တစိတ်ဟာ လူတစ်ကိုယ်လုံးဖုံးလွှမ်းကာ… ကိုယ့်အရိပ်ကိုယ် ရန်သူထင်တယ်…
ဦးနှောက်ထဲမှာ လိုချင်တာပဲသိ… ဘယ်အရာတွေ ဘယ်လို…
အို ကောင်းသလား.. ဆိုးမှာလား… ကိုယ်ကိုယ်တိုင်လဲ စဉ်းစားမရတော့ဘူး…
အတ္တများနဲ့  အဆိပ်တက်လို့  အခန်းကျဉ်းထဲမှာ ကိုယ်တစ်ယောက်တည်း ရူး..”


တော်ပြီ… တော်ပြီ… ရပ်.. ရပ်… ရပ်… ဘယ်လိုမှ ဆက်ဆိုလို့ မဖြစ်တော့ဘူး…
အတ္တများနဲ့  အဆိပ်တက်လို့  အခန်းကျဉ်းထဲမှာ ကိုယ်တစ်ယောက်တည်း ရူး.. ဆိုတော့ကာ…ဒီသီချင်းကို ဆိုအပြီးမှာ ကိုယ်တစ်ခါထဲကို တံတားနဲ့  နီးနီးစပ်စပ် နေရာတစ်ခုကို တန်းရောက်တော့မလို ဖြစ်သွားတယ်…။

မဖြစ်ချေဘူးဆိုပြီး နောက်သီချင်းတစ်ပုဒ်အတွက် စဉ်းစားလိုက်တာ ခဏနေတော့ သီချင်းတစ်ပုဒ် ပါးစပ်ဖျားမှာ ရောက်လာတယ်…။

ဆိုပြမယ်နော်… နားထောင်…

“ဒီတညတော့ မင်းရင်ခွင်မှာ အိပ်ဖို့ ရောက်လာပြီ… အချစ်ကလေးရယ်… တံခါးဖွင့်တော့ကွယ်… သောကဟူသမျှ အိမ်အပြင်ဖက်မှာ အားလုံးထားခဲ့မယ်.. အချစ်လေးရယ်.. တံခါးဖွင့်တော့ကွယ်… နွမ်းညစ်နေတဲ့ အားနည်းစိတ်ကို ရှင်းလင်းပစ်လိုက်မယ်.. အချစ်လေးရယ်… တံခါးဖွင့်တော့ကွယ်….

ပူလောင်မှုတွေဝေးတဲ့ မင်းရင်ခွင်လေးထဲ… တရေးလောက်မှေးကာ အိပ်စက်ပါရစေတော့… စာနာ နားလည်တတ်တဲ့ မင်းရင်ခွင်လေးထဲ… တညလောက်မှေးကာ အိပ်စက်ပါရစေတော့ကွယ်….”


အလဲ့.. ဘယ်ဆိုးလို့ လဲ…
အချစ်လေးရယ်… တံခါးဖွင့်တော့ကွယ်…. အချစ်လေးရယ်… တံခါးဖွင့်ပါကွယ်….
ဆိုလို့ တော့ ကောင်းသားလား… ခက်တာက ကိုယ့်လို အရှုပ်ထုပ်ကို နားပူခံဖို့  ဘယ်သူကများ တံခါးဖွင့်ပေးပါ့မလဲ ဆိုတာ ကိုယ်အရင် စဉ်းစားသင့်တာပေါ့လေ… ဟုတ်တယ်ဟုတ်…။

ဒီလိုနဲ့ တော့ မဖြစ်သေးပါဘူးကွာ…
ပျော်စရာသီချင်း တစ်ပုဒ်လောက်တော့ ရှာမှ ဖြစ်တော့မယ်… အင်း.. ရှာမှ… ရှာမှ…


“ချောရည်အပြည့်နဲ့  မီးပြင်းတောင်ကိုလေ… သံကွန်ချာတောင် လုံအောင် မဖုံးနိုင်ပေ…
မဆိုင်တာတွေးပြီး မကြောက်နဲ့  ကိုယ့်အချစ်ရေ….
နေပစေ… လူတွေသိလေ ပိုကောင်းလေ…
တောင်ကျချောင်းက စီးတဲ့ရေဟာလေ… တာတမန်တောင် ပြိုယိုင်လဲနိုင်ပေ…
ဒီလိုပဲပေါ့ တို့ နှစ်ယောက်ရဲ့  အချစ်တွေ…
နေပစေ… လူတွေသိလေ ပိုကောင်းလေ…

ကြောက်တတ်ရင် လွဲလို့  ရဲတဲ့သူ မင်းဖြစ်… ဟိုးခေတ်က စကားပုံတွေ…
ဒါတွေအလကားမဟုတ်ပါ တချိန်မှာတန်ဖိုးရှိမယ်…
အစိုးရိမ်မကြီးလွန်းနဲ့ လေ….

တခါတလေတွေ့ ရ ငြိမ်းချမ်းဖွယ်အချိန်တွေ…. ဘယ်သူတွေ မြင်မြင် တကယ်ပင်မရှက်နိုင်ပေ…
အပူအပင်အတွေးများ ဘေးချိတ်ထားလိုက်လေ…
နေပစေ… လူတွေသိလေ ပိုကောင်းလေ…
နေပစေ… လူတွေသိလေ ပိုကောင်းလေ…
နေပစေ… လူတွေသိလေ ပိုကောင်းလေ…”


အိုး…
နေပစေ… လူတွေသိလေ ပိုကောင်းလေ…
တဲ့… ဘယ်လောက်ကောင်းလဲနော်…
ဘယ်တော့မှ ဆိုလို့ မရိုးနိုင်တဲ့ ချစ်စရာ ပျော်စရာ သီချင်းလေးတစ်ပုဒ်… ဒီတစ်ခါတော့ သီချင်းရွေးတာ မှန်သွားပြီလို့  ဆိုရမယ်…။ သီချင်းတွေ ဆိုရင်းနဲ့  စိတ်နဲနဲပျော်လာတာမို့  ကိုယ်ရွေးတဲ့နည်းလမ်းက သိပ်မဆိုးဘူး ပေါ့လေ… နော်…။

နောက်တစ်ပုဒ်ကတော့ ကိုယ်စိတ်ညစ်တိုင်း ဆိုတတ်တဲ့ သီချင်းလေးပါ…။ စောစောက စိတ်ညစ်ညစ်နဲ့  မေ့နေလို့  အခုမှပဲ ဆိုဖြစ်တော့တယ်…။ နားထောင်နော်…

“မလှပခဲ့တဲ့နေ့ တို့ လဲရှိ… မခွဲပဲ တို့ နှစ်ယောက်သွားမယ်နော်…
အချိုး အကွေ့ များတဲ့ နေ့ တွေလဲရှိ… အတူတူ ကူးဖြတ် သွားမယ်နော်…
စမ်းသပ်လို့ မရ အလွမ်းနေ့ များလဲရှိ… လက်တွဲထိုးဖေါက် လို့ သွားမယ်နော်…
ပန်းခင်းထားတဲ့နေ့ တို့ လဲရှိ… အတူတူ ရှေ့ ဆက်လို့ သွားမယ်နော်…

မျှော်လင့်ချက်မဲ့တဲ့ နေ့ တို့ လဲရှိ… အားများတော့ ရှိမှ ဖြစ်လိမ့်မယ်…
ငွေကြေးများ ခမ်းတဲ့နေ့ တို့ လဲရှိ… အတူ ခရီးဆက်သွားမယ်နော်…
အိမ်မက်သစ်များ ပေးမယ့် နေ့ တွေအရောက်…
တို့ နှစ်ယောက် ကြိုးစားလို့ သွားမယ်နော်…
သီချင်းသစ်များနဲ့  တို့ ရဲ့ နေ့ တွေအရောက်… အတူတူ ကူးဖြတ်လို့  သွားမယ်နော်…

အားလုံး အတွက်ပေါ့.. လှတဲ့မနက်ဖြန်… တို့ နှစ်ယောက် ကြိုးစားပေးမယ်နော်…
အဆွေးများ အလွမ်းများ ဝေးမယ့် မနက်ဖြန်… ဝေကာပေးဖို့ သွားမယ်နော်…
မျှော်လင့်ချက်များ ပြည့်မယ့်နေ့ တို့ အရောက်…
တို့ နှစ်ယောက် ကြိုးစားလို့ သွားမယ်နော်…
သီချင်းသစ်များနဲ့  အများအတွက်နေ့ တွေအရောက်…
အတူတူ ကူးဖြတ်လို့  သွားမယ်နော်…
အတူတူ ရှေ့ ဆက်လို့ သွားမယ်နော်…
အတူတူ ကူးဖြတ်လို့  သွားမယ်နော်…
အတူတူ မင်းလေးနဲ့သွားမယ်နော်…”


ဒီသီချင်းလေးကတော့ လက်ရှိအနေအထားနဲ့  အလိုက်ဖက်ဆုံး သီချင်းလေးလို့  ကိုယ်ထင်ပါတယ်။ ဒီသီချင်းလေးကို နှစ်ခေါက် သုံးခေါက်လောက် ဇော်ဝင်းထွတ်နဲ့  အတူတူလိုက်ဆိုရင်း… ကိုယ် တော်တော် နေလို့ ကောင်းသွားပါတယ်…။ ဒီနေ့ တော့ သီချင်းတွေဆိုရင်းနဲ့  စိတ်တွေလဲ အတန်အသင့် ကြည်လင်သွားပြီမို့  နောက်နေ့ တော့ဖြင့် ပိုစ့်အသစ်လေးတွေကို ရေးနိုင်ကောင်းရဲ့  လို့  မျှော်လင့်ရတာပါပဲ…။

စာကြွင်း ။ ။ စာရေးရမှာ မပျော်လို့  ရေးချင်ရာတွေ ရေးလိုက်မိတယ်…။ ကိုယ့်လို စိတ်ညစ် စိတ်ရှုပ်နေတဲ့ သူငယ်ချင်းများရှိခဲ့ရင်လဲ ဒီသီချင်းလေးတွေကို နားထောင်ရင်း လိုက်ဆိုရင်းနဲ့  စိတ်ညစ်သမျှ အနည်းငယ် သက်သာရာရစေကြောင်း ရည်ရွယ်ပါတယ်…။ နောက်နေ့ ကျရင် သီချင်းလင့်ခ်တွေကို တင်ပေးပါ့မယ်...။

Wednesday, January 21, 2009

ပုံပြင်လေး တစ်ပုဒ်

ဒီရက်ထဲ စိတ်မအား လူမအားနဲ့ မို့  ဘာရေးရမှန်း စဉ်းစားမရတာနဲ့  ညတုန်းက အိပ်ခါနီး မေမေပြောပြတဲ့ ပုံပြင်လေး တစ်ပုဒ်ကို ဝေမျှပေးလိုက်ပါတယ်..။
ပေါ့ပေါ့ပါးပါး ပျော်စရာလေးပါ။ ဖတ်ကြည့်နော်…။

ဟိုးရှေးရှေးတုန်းက ရွာလေးတစ်ရွာမှာ တံငါအလုပ်နဲ့  အသက်မွေးတဲ့ မိသားတစ်စုရှိသတဲ့…။
တစ်နေ့ ကျတော့ အမျိုးသားက လှေကလေးပေါ် ငါးဖမ်းပစ္စည်းတွေ တင်ပြီး မြစ်ရိုးတလျှောက် ငါးဖမ်းထွက်ခဲ့တယ်…။ တစ်နေရာအရောက်မှာ လက်ထဲကိုင်ထားတဲ့ ဓါးကလေးက မတော်တဆနဲ့  ရေထဲကို ပြုတ်ကျသွားတယ် တဲ့။ ဒီတော့ တံငါသည် အမျိုးသားက ချက်ချင်းဆင်းကောက်ဖို့  မအားသေးတာကြောင့် ဓါးတစ်ချောင်းထပ်ရှာပြီး လှေနံရံမှာ ဓါးနဲ့  ထစ်ပြီး ကျသွားတဲ့ နေရာကို အမှတ်အသား ပြုထားလိုက်တယ် တဲ့…။

ဒီလိုနဲ့  လှေကလေးကို ဆက်လှော်ခတ်ပြီး ငါးဖမ်းထွက်လာရာက နေမွန်းတည့်ချိန်လောက် အရောက်မှာ နံနက်စာစားဖို့  အချိန်ကျပြီမို့  လှေကလေးကို အိမ်ဖက်ကို ပြန်လှည့်ခဲ့သတဲ့…။ အပြန်လမ်းမှာ မနက်ကပြုတ်ကျခဲ့တဲ့ ဓါးလေးကိုသတိရပြီး လှေနံရံမှာ တွေ့ နေရတဲ့ အမှတ်အသားအတိုင်း ရေထဲဆင်းငုတ်ပြီး ဓါးလေးကို ရှာပါလေရော…။

အတော်ကြာ ရှာပြီး မတွေ့ တော့ စိတ်ညစ်ညစ်နဲ့  ရေပေါ်ပြန်တက်လာပြီး လှေကို ဆက်လှော်လာခဲ့တယ်…။ လှော်ရင်း လှော်ရင်းနဲ့  တစ်နေရာ အရောက်မှာတော့ လှေနံရံက အမှတ်အသားအတိုင်း ဓါးရှာဖို့  ရေထဲကို နောက်တစ်ကြိမ် ဆင်းပြန်သတဲ့…။

ဒီတစ်ခါတော့ ရေထဲမှာ ဓါးအစား တံဇဉ်လေး တစ်ချောင်းကို တွေ့ တယ် တဲ့…။ ဒီတော့ အဲဒီ တံငါသည်က “ အော်… ငါ့မှာတော့ ရှာလိုက်ရတာ… ဒင်းက ချမ်းလို့ ကွေးတောင်ကွေး နေသကိုး…” လို့  ရေရွတ်လိုက်သတဲ့…။

ကဲ… ပုံပြင်လေးကတော့ ဒါပါပဲကွယ်…။
ရယ်မော ပျော်ရွှင်နိုင်ကြပါစေ…။

Friday, January 16, 2009

ပန်းကလေး သုံးပွင့်အကြောင်း


အရောင်အသွေး စုံလင်လှပတဲ့ ဘလော့ဂ်ပန်းခင်းကြီးထဲမှာ ရှိနေကြတဲ့ ပန်းကလေးတွေထဲက အဆင်းရော ရနံ့ ပါ ထူးခြား လှပ မွှေးပျံ့ တဲ့ ချစ်စဖွယ် ပန်းကလေး သုံးပွင့်ရဲ့  အကြောင်းကို ပြောပြချင်ပါတယ်…။

*ပန်းပွင့် နံပါတ် ၁*

သူက နာမည်ကြီး ပန်းကလေး တစ်ပွင့်ပါ…
ဒီဘလော့ဂ် ပန်းခင်းကြီးထဲမှာ ပထမဆုံးအကြိမ်အဖြစ် ကိုယ် စပြီးဖတ်ခဲ့ဖူးတဲ့ ဘလော့ဂ်လေးရဲ့  ပိုင်ရှင်ပါ။ သူ့ ဘလော့ဂ်လေးကို ကိုယ်အမြဲလိုလို ရောက်ဖြစ်ပါတယ်…။ သူရေးတဲ့ ပိုစ့်တွေတိုင်းကို အမြဲဖတ်ဖြစ်ပါတယ်။ သူက အရမ်း စာရေးကောင်းတယ်လေ…။ ကဗျာတွေလဲ အများကြီး ရေးတတ်ပါတယ်…။ ဒါတွေအပြင် ပန်းချီလေးတွေလဲ ဆွဲတတ်သေးတယ်။ သူ့ ဘလော့ဂ်က တကယ်ကို လူကြိုက်များတဲ့ ဘလော့ဂ်လေး တစ်ခုပါ…။ သူလေးက ကိုယ့်ထက် အသက်အားဖြင့် အများကြီးငယ်ပါတယ်။ ဒါပေမယ့် အစစ အရာရာမှာ အရမ်းကြိုးစားတဲ့ သူတစ်ယောက်ပါ။ (ကိုယ့်လို ခပ်ပျင်းပျင်းထဲကတော့ မဟုတ်ပါလေ...) မိသားစု အတွက်၊ သူငယ်ချင်း တွေအတွက်၊ လူမှုရေး လုပ်ငန်းတွေအတွက် အမြဲတမ်း တက်တက်ကြွကြွ လှုပ်ရှားဆောင်ရွက်တတ်သူပါ။ သူ့ နဲ့  ကိုယ်နဲ့ က တော်တော် နီးနီးကပ်ကပ် ရင်းနှီး ခင်မင်ကြပါတယ်…။ အတူတူသွားလာ ဈေးဝယ်ထွက်၊ လည်ပတ် စားသောက်၊ တစ်ယောက်အကြောင်း တစ်ယောက်သိ… အဟဲ… တိုးတိုးပြောဖေါ် (အတင်း ပြောခြင်းမဟုတ်ပါ) တိုင်ပင်ဖေါ် တိုင်ပင်ဖက် ဆိုလဲ ဟုတ်ပါတယ်…။ ညီအမ အရင်းအချာမရှိတဲ့ ကိုယ့်အတွက်တော့ သူက ညီမလေး အရင်းတစ်ယောက်လိုပါပဲ...။

ဟိုးအရင်တုန်းက သူက ကိုယ့်ကိုလဲ ဘလော့ဂ်လေး တစ်ခု လုပ်ဖို့  တိုက်တွန်းခဲ့ဖူးတယ်။ အဲဒီတုန်းကတော့ ဟိုယောင် ဒီယောင်နဲ့ မလုပ်ဖြစ်ခဲ့ပါဘူး။ သူတိုက်တွန်းပြီး တော်တော်ကြီးကြာမှ ဒီဘလော့ဂ်လေးကို လုပ်ဖြစ်ခဲ့တာ…။ ကိုယ့်ဘလော့ဂ်လေးအကြောင်းကို အကြောင်းအကျိုး မညီညွတ်သေးလို့ သူ့ ကိုတော့ ပြောမပြဖြစ်ခဲ့ဘူး။ (ဒီအတွက် ဆောရီးပါနော်...)

တစ်ခါတစ်ခါတော့ ကိုယ့်ဘလော့ဂ်လေးကို သူလာဖတ်တတ်ပါတယ်။ ကိုယ်ရေးထားတာတွေဖတ်ပြီး ကိုယ်ဘယ်သူဆိုတာ သူများ သိသွားပြီလားလို့  ရင်တထိတ်ထိတ်နဲ့ ပေါ့...။ ဒါပေမယ့် ဒီဘလော့ဂ်လေးရဲ့  ပိုင်ရှင်ဟာ ကိုယ် ဆိုတာ ခုထက်ထိ ရိပ်မိပုံမပေါ်ပါဘူး…။ ခုဆိုရင်တော့ ဒီစာကို သူဖတ်ပြီးရင်… သိလေမလား မပြောတတ်…။

*****


*ပန်းပွင့် နံပါတ် ၂*

ဒီပန်းပွင့်လေးနဲ့ ကတော့ အပြင်မှာလဲ သူငယ်ချင်းတွေပါ…
မေဂျာမတူကြပေမယ့် တစ်ကျောင်းတည်းထွက်၊ တစ်နှစ်ထဲအောင်…။ သူက ဟိုးကျောင်းတက်တဲ့ အချိန်ထဲက စာတွေ ကဗျာတွေ ကို ကလောင်နာမည်တစ်ခုနဲ့  ရေးနေတာ၊ မဂ္ဂဇင်းတွေမှာ သူရေးထားတာလေးတွေ ဖတ်ခဲ့ရဖူးတယ်။ ငယ်ငယ်ကထဲက ဆံပင်ရှည်ကြီးနဲ့  မျက်တောင်ထူထူ မျက်ခုံးထူထူ မျက်လုံး ၀ိုင်းဝိုင်း နက်နက်လေးတွေနဲ့  သူငယ်ချင်းလေးဟာ အခုအချိန်အထိလဲ ချစ်စရာကောင်းအောင် လှပနေဆဲပါ။ (တွေ့ ရင် မုန့် ဝယ်ကျွေးဖို့  မမေ့နဲ့ နော်...)

ကိုယ်တို့ နှစ်ယောက် ဘလော့ဂ်လေးတွေ စ လုပ်ကြတော့လဲ အချိန်က မတိမ်းမယိမ်း…။ အဲဒီနောက်ပိုင်း သူနဲ့  တစ်ခါတွေ့ ဖြစ်ကြတော့ သူက ကိုယ့်ကို ဘလော့ဂ် ရေးသလားလို့  မေးဖူးတယ်…။ ကိုယ်က နဲနဲရှက်တော့ ရူးချင်ယောင်ဆောင်၊ အူကြောင်ကြောင်လုပ်ပြီး မအားလဲ မအား၊ အချိန်လဲ မရလို့ မရေးနိုင်ပါဘူး သူငယ်ချင်းရယ် လို့  ခပ်ညည်းညည်းလေး ပြောလိုက်မိသေး…။ ခုတော့လဲ ကိုယ်ရေးတာတွေဖတ်ပြီး ကိုယ်ဘယ်သူ ဆိုတာ သူ သိသွားလောက်ပါပြီ။

တစ်ယောက်နဲ့  တစ်ယောက် အပြင်မှာ ခဏ ခဏ မဆုံဖြစ်ကြပေမယ့် ဒီဘလော့ဂ် ပန်းခင်းလေးထဲမှာတော့ နေ့တိုင်းလိုလို အပြန်အလှန် တွေ့ ဆုံ နှုတ်ဆက် ဖြစ်ကြတယ်ပေါ့…။ အပြင်မှာ တွေ့ ဖြစ်တဲ့ တစ်နေ့ နေ့ ကျရင် သူ့ ကိုပေးဖတ်ဖို့  ဆရာမ မကြည်အေး စာအုပ် လဲ ကိုယ့်မှာ အဆင်သင့်ရှိနေပြီ…။ သူငယ်ချင်းလေးရေ… တနေ့ လောက် တွေ့ ကြရအောင်လေ.. နော်…။

*****


*ပန်းပွင့် နံပါတ် ၃*

ဒီပန်းပွင့်လေးနဲ့  ကိုယ်နဲ့ က တိုက်ရိုက်ကြီး သိတာမျိုးတော့ မဟုတ်ဖူး…
တစ်ယောက်ယောက်နဲ့  ပတ်သက်ပြီး တစ်နေရာမှာ တွေ့ ခဲ့ သိခဲ့ဖူးတာမျိုးပါ။ ဟန်ပန်မရှိ မာနမရှိ ဖြူစင်စွာနဲ့  ချစ်ခင်စရာကောင်းတဲ့ သူတစ်ယောက်မို့  တွေ့ လိုက်တာနဲ့  ချက်ချင်း မိတ်ဆွေဖြစ်သွား ရင်းနှီး ခင်မင်သွားစေလောက်တဲ့ အရည်အချင်းမျိုးကို ပိုင်ဆိုင်တဲ့သူတစ်ယောက်ပါ။ စင်္ကာပူ တစ်မြေထဲမှာနေပြီး တစ်ခါ တစ်ခါ ဖြတ်သွားဖြတ်လာ လောက်ကလွဲလို့  တေ့တေ့ဆိုင်ဆိုင် မတွေ့ ဖြစ်ကြတာ တော်တော်ကြာနေပါပြီ။

သူက ကိုယ့်ထက်တော့ အသက် နဲနဲပိုကြီးပါတယ်…။ မမ ပေါ့…။ သူ ဘလော့ဂ် စ လုပ်တော့ ကိုယ်က စပ်စပ်စုစုနဲ့  သူ ဘယ်သူဆိုတာ မထင်မှတ်ပဲ သိသွားခဲ့တယ်။ ဒါနဲ့  ကိုယ်က သူ့ ဘလော့ဂ်လေးဆီကို အမြဲသွားပြီး သူ့ ကို ဟိုလို စ၊ ဒီလို စနဲ့  မထိတထိ စတတ် နောက်တတ်လွန်းလို့  သူ စိတ်နဲ့  မတွေ့ တဲ့ အခါကျရင် အေးအေးနေပါ ကျောင်းအစ်မရယ် လို့  ပြောတတ်တယ်။ (ချစ်လို့ စတာပါ မမရဲ့ …) သူက တစ်ခါတစ်ရံမှာ ကိုယ့်ကို စုံထောက်ကြီးလို့ လဲ ခေါ်တတ်သေးတယ်။ ပြီးတော့ သူ့ စိတ်ထဲမှာ ကိုယ့်ကို သံသယတော့ရှိနေပုံရတယ်...။ ကိုယ် ဘယ်သူဆိုတာလဲ မှန်းကြည့်နေပုံရတယ်...။ မမက သိပ်တော်တာပါ။ အမှန်းအဆလဲ တော်တော်ကောင်းပါတယ်။ သူမှန်းတာ မှန်လွန်းနေတော့ ကိုယ်တောင် လန့် ဖြန့် သွားမိတဲ့ အထိပါပဲ။ ခုလောက်ဆို သူ ကိုယ့်ကို ထုချင် နှက်ချင်စိတ်တွေ ပေါက်နေမှာ သေချာသလောက်ပါ... (ဟိုတစ်ခါတုန်းက မမ မေးတာကို ခေါင်းမငြိမ့်ခဲ့တာ စိတ်မဆိုးရဘူးနော် မမ...)

အဲဒီ မမကလေ… တွေ့ လိုက်ရရင် ကိုယ်ပေါ်မှာ ပုဝါပျော့ပျော့လေး ပတ်ပြီး လမ်းကို ခပ်သုတ်သုတ်လေး လျှောက်တတ်တယ်။ စကားပြောရင်လည်း သွက်သွက် သွက်သွက်နဲ့  အလွန် ဖေါ်ရွေတဲ့၊ ချစ်စရာလဲ ကောင်းလှတဲ့ ဘလော့ဂ်ဂါ မမတစ်ယောက်ပါ။ လှလဲ အလွန်လှပါတယ်။ မမရေ… ဒီတစ်ခါ လမ်းမှာတွေ့ ရင် အကျယ်ကြီး အော်ခေါ်မှာနော်...။ မကြားရင်တော့ အတင်းပြေးလိုက်ပြီး လက်ကို လိုက်ဆွဲမှာပဲ…။ ဒါထက် စကားမစပ်... မမကိုခေါ်ရင် ဘလော့ဂ်ထဲက နာမည်ကို ခေါ်ရမလား… အပြင်က နာမည်ကိုခေါ်ရမလား ဟင်…


*****


စာကြွင်း ။ ။ ဘလော့ဂ် လောကလေး ထဲတွင်သာမက အပြင်လောကတွင်ပါ ကိုယ်နှင့် သိကျွမ်း ခင်မင် ရင်းနှီးသော အမျိုးသမီး ဘလော့ဂ်ဂါ သုံးယောက်ကို ချစ်ခြင်းအားဖြင့် ရည်ညွှန်း ရေးသားပါသည်။




Wednesday, January 14, 2009

အားနာတတ်ခြင်း၏ အကျိုး အပြစ်

ထမင်းစား အဖိတ်ခံထားရသူ ကိုဧည့်သည်

သူငယ်ချင်းတစ်ယောက်က သူ့ အိမ်ကို လာလည်ပြီး ထမင်းစားဖို့ ဖိတ်တယ်။
ကိုယ်က မသွားချင်ဖူး.. ထမင်းတစ်နပ်နဲ့  သွားရမှာ..။ သူ့ အိမ်ကလဲ ဝေးတယ်။ Boon Lay နဲ့  Bedok လောက်ပေါ့...။ ဒါပေမယ့် မလာဖူးလို့  ယတိပြတ်ဖြေလိုက်ရမှာ အားနာတယ်။ ဒီတော့.. အေး..အေး... လာနိုင်အောင်ကြိုးစားပါ့မယ်လို့  မယုတ်မလွန်လေး ပြောလိုက်တယ်။ ဖိတ်တဲ့နေ့ အထိ ဒီအတိုင်း မတင်မကျပဲ ထားထားတာ... အားနာလို့ ပေါ့။

ဖိတ်ထားတဲ့နေ့  မနက် ၁၀ နာရီလောက်မှာ ဒီကောင့်ဆီက ဖုန်းဝင်လာတယ်..။ အိပ်ရာက မနိုးမှာစိုးလို့  နှိုးရင်း ဆက်ဆက်လာဖို့ ထပ်ပြောတာ..။ အဲဒီအချိန်အထိ မလာတော့ဘူးလို့  ပြောဖို့  အားနာနေတယ်။ ဖိတ်တာက သူအပါအ၀င် စုစုပေါင်းမှ လေးယောက်။ ချီတုံ ချတုံနဲ့ ... ၁၁ နာရီထိုးသွားတယ်...။ စိတ်အတွေးထဲမှာတော့ သွားရကောင်းနိုး… မသွားရကောင်းနိုး… မသွားကလဲ မသွားချင်...။
ဒါနဲ့  ဖိတ်ထားခြင်းခံရတဲ့ နောက်တစ်ယောက်ဆီ ဖုန်းဆက်ပြီး မင်းရော သွားမှာလားလို့  မေးလိုက်တယ်...။ အမှန်က ကိုယ့်စိတ်မပြတ်သား.. အားနာတတ်တာကို အဖေါ်ညှိတာ...။ ဟိုကောင်က သွားနေပြီတဲ့.. ခု City Hall ရောက်နေပတဲ့...။ မင်းရော ဆိုတော့.. အင်း.. အဲ... နဲ့  မပြတ်သားပြန်ဘူး...။ တဆက်ထဲမှာ သူကသွားပြီး ငါမသွားရင် ကောင်းပါ့မလား ဆိုတဲ့ အတွေး ၀င်လာပြန်ပြီ...။

တိုတိုပြောရင် နောက်ဆုံးတော့ မသွားဖြစ်လိုက်ဖူး။ အိမ်မှာပဲ ညနေ ၃ နာရီထိုးသွားတယ်။ ဒီအချိန်အထိလဲ ဖုန်းဆက်ပြီး မလာဖြစ်တာ တောင်းပန်စကား မပြောရသေးဘူး။ သူငယ်ချင်းက ကိုယ့်ဆီကို ဖုန်းထပ်ဆက်ပြီး မေးလာပြန်ရင် ဖြေရခက်နေမစိုးလို့  ဖုန်းကိုလဲ ၁၂ နာရီခွဲလောက်ကစပြီး ပိတ်ထားလိုက်မိသေးတယ်။ ပြီးရော…

ဒီလိုနဲ့  ညနေ ၄နာရီလောက်မှာ ဖုန်းကို မရဲတရဲနဲ့  သတိကြီးစွာထားပြီး ဖွင့်လိုက်တယ်။ ထင်တဲ့အတိုင်းပါပဲ.. Missed Call ၄ ကြိမ်ရှိနေတယ်။ သက်ပြင်းကို အသာချရင်း ဘာလုပ်ရရင်ကောင်းမလဲ စဉ်းစားနေမိတယ်။ ဒီကောင့်ကို အားနာစရာ ကောင်းလိုက်တာ...။

ထုံးစံအတိုင်း ဒီလိုအချိန်ကြီးကျမှ ဖုန်းပြန်ဆက်ရမှာကိုလဲ အားနာနေပြန်တယ်...။ တနေ့ လုံးလဲ ဘာမှ ကောင်းကောင်းမလုပ်ဖြစ်ဖူး.. ဟိုတွေး ဒီတွေးနဲ့  မရေမရောနဲ့  အချိန်တွေကုန်သွားတယ်။ လူကလဲ လေးလေးကန်ကန်နဲ့ ..။ ပြစ်မှုကြီးတစ်ခုကို ကျူးလွန်ထားမိတဲ့ သူတစ်ယောက်လိုလို.. ကြွေးရှင် အကြွေးလာတောင်းလို့  ရှောင်ပြေးနေရတဲ့ သူတစ်ယောက်လိုလို… ဘာလိုလို...။
ဘာဆက်လုပ်ရမလဲ… ဘာလုပ်ရရင် ကောင်းမလဲ… ဒုက္ခပါလား...။

*****



ထမင်းစားဖိတ်ထားသူ ကိုအိမ်ရှင်


ဒီတပါတ် ဟိုလေးကောင်ကို ထမင်းစားဖိတ်ထားတယ်။ နေ့ လည် ၁၂ နာရီလောက်ပေါ့..။ အားလုံးလာကြမယ်လို့  ပြောတာပဲ...။ ထမင်းဟင်း၊ အချိုရည်၊ သစ်သီး အားလုံး ပိုပိုလျှံလျှံဖြစ်အောင် စီစဉ်ထားဖို့  မိန်းမကို အထပ်ထပ် သတိပေးထားတယ်။ မနက် ၁၀ နာရီကျော်ကျော်လောက်မှာ လေးကောင်လုံးဆီ ဖုန်းတစ်ချက်ထပ်ဆက် သတိပေးထားတယ် မေ့ကုန်ကြမစိုးလို့ ...။ အားလုံး လာမယ့်သဘောပဲ...။ တဆက်တည်းမှာ မိန်းမကို မြန်မြန်ချက်ဖို့  ထပ်လောရပြန်တယ်... ၁၂ နာရီလောက် ဟိုကောင်တွေလာရင် အဆင်သင့်မဖြစ်မှာစိုးလို့ ...။

၁၂ နာရီ ကျော်ကျော်လောက်မှာ သူငယ်ချင်း သုံးယောက် ရောက်လာကြတယ်..။ ရာသီဥတုကလဲပူ၊ MRT ကနေ အိမ်ကို လမ်းလဲ ၁၀ မိနစ်လောက် လျှောက်လိုက်ရသေး ဆိုတော့ ချွေးတွေ သံတွေ နဲ့ ပေါ့။ ဒါနဲ့  ဟိုတစ်ကောင်ကော အတူတူမလာကြဘူးလား လို့ မေးကြည့်တော့ တစ်ယောက်က သူ့ ဆီကို မနက် ၁၁ နာရီလောက်မှာ ဖုန်းဆက်သေး ဆိုပဲ...။ ဒီအတိုင်းဆို လာမှာပါ။ အိုကေ... ဆက်စောင့်မယ်...။ ဒီကောင်က နဲနဲတော့ အိပ်ပုပ်တယ်...။

၁၂ နာရီ ၄၅ မိနစ်... အင်း.. ရောက်နေတဲ့ ကောင်တွေကလဲ ဆာပြီလို့ ပြောနေကြတယ်။ ဟိုကောင် ဘယ်ရောက်နေပြီလဲ.. လမ်းများ ပျောက်နေသလား မသိ... ဖုန်းတချက်လောက် ဆက်ကြည့်ပါလားလို့  ပြောလာကြတယ်။ ဖုန်းခေါ်ကြည့်တယ်... မအားဘူး...။ Voice Mail ထဲ ၀င် ၀င်သွားတယ်။ ဒါဆို ရထားက မြေအောက်ထဲရောက်နေတာလဲ ဖြစ်နိုင်ပါတယ်...။ လူစုံမှ စကြမယ်ကွာ ဆိုပြီး ဆက်စောင့်ကြည့်ကြတယ်။ စကားတပြောပြောနဲ့  အချိန်က ၁ နာရီ ကျော်သွားတယ်။ ဖုန်းတစ်ခါလောက်ထပ်ဆက်ကြည့်ကြမယ်... လာနေပြီဆို စောင့်ကြတာပေါ့... နဲနဲဝေးနေသေးရင်တော့ စားကြတော့မယ် ဆာပြီကွာ တဲ့...။

ဖုန်းဆက်တော့ ဒီကောင်က မကိုင်ဖူး...။ ဘာတွေဖြစ်နေပါလိမ့်... စိတ်နဲနဲပူသွားကြတယ်...။ လာမှာပါ လို့ ပဲပြောထားတော့ စိတ်က မျှော်နေမိတာပေါ့...။ ဖုန်းကလဲ ခေါ်လို့ မရ... မတတ်သာတဲ့အဆုံး ၁ နာရီခွဲလောက်မှာ စားကြမယ်ကွာ ဆိုပြီး စားလိုက်ကြတယ်။ အားလုံးမျက်စေ့တွေကတော့ ၀ရန်တာဘက်ဆီ လှည့်ကြည့် လှည့်ကြည့်နဲ့ ၊ နားကလဲ စွင့်နေမိသေး ပေါ့..။

မိန်းမက ၁၂ နာရီလောက်အတွက် မှန်းချက်ထားတဲ့ ဟင်းတွေကလဲ ခပ်အေးအေးတွေ ဖြစ်ကုန်ကြတယ်..။ အသားဟင်းနဲ့  ချဉ်ရည်ဟင်းတွေကိုသာ ပြန်နွှေးလို့ ကောင်းပေမယ့် မှို ကန်ဇွန်းကို ပြန်နွှေးရရင် ပျော့အိ နွမ်းဖတ်ကုန်ပြီး ကြက်တောင်ပံကြော်လို၊ ပုဇွန်တန်ပူရာလို၊ ကော်ပြန့် ကြော်လို ဟင်းမျိုး ပြန်နွှေးရရင် တူးကုန်ရုံပဲရှိမှာပေါ့...။ ဒီတော့လဲ... ဒီလိုပဲ စားလိုက်ကြတယ်...။ ဟင်းတွေစုံလင်ပေမယ့် မြိန်သင့်သလောက် မမြိန်တဲ့ ထမင်းဝိုင်းဖြစ်သွားတယ်...။ ဒီကြားထဲ ဟိုကောင်ရောက်လာရင် စားလို့ ရအောင် (တစ်ခါပြင်၊ တစ်ခါချက်သာ လုပ်ထားမိတဲ့) ငါးဖယ်သုပ်လို ဟင်းမျိုး၊ မှို ကန်ဇွန်းလို ဟင်းမျိုးကို အတန်အသင့်စီ ခွဲပြီး ချန်ထားရသေးတယ်...။ ဒီတော့ စားရတာ မတင်းတိမ်သလို.. ဟိုမျှော်ရ ဒီမျှော်ရနဲ့  နောက်ဆံ တတင်းတင်းနဲ့ ...။ ဟူး...

ကော်ဖီသောက် သစ်သီးနဲ့  အချိုပွဲစားကြတော့ ညနေ ၃ နာရီ နီးနီးရှိပြီ။ သံယောဇဉ်က မပြတ်သေးတော့ အချိုပွဲလေးများ မှီလိုမှီငြား ဖုန်းတစ်ခါ ထပ်ခေါ်ကြသေးတယ်..။ ခုနကလိုပဲ Voice Mail ထဲပဲ ရောက်သွားပြန်တယ်...။ ဒီလိုနဲ့ ပဲ ဘယ်လိုမှဆက်သွယ်လို့ မရတဲ့အဆုံး ညနေ ၄ နာရီကျော်ကျော်လောက်မှာ လူစုခွဲခဲ့ကြတယ်။ လူစုံရင် Changi Beach ဖက် လမ်းလျှောက်မယ်ဆိုတဲ့ အစီအစဉ်လဲ ပျက်သွားတယ်ပေါ့။ မိန်းမကတော့ ချက်ပြုတ် ကျွေးမွေး သိမ်းဆည်းပြီး Changi Beach မသွားရလို့  သိပ်မကြည်သာလှဘူး။ မတတ်နိုင်.. မသိချင်ယောင် အသာဆောင်ရင်း ဟိုကောင့်အကြောင်းတွေးနေမိတယ်...။

သူဘာတွေ ဘယ်လိုဖြစ်သွားပါလိမ့် ဆိုတာ နဲနဲမှ စဉ်းစားလို့ မရဘူး...။ တကယ်က ကိုယ်က သူ့ ကို ထမင်းစားဖိတ်တာပါလေ... သူ့ ကို ထမင်းကျွေးခိုင်း၊ ရုပ်ရှင်လိုက်ပြခိုင်းတာမျိုးလဲ ဟုတ်မှမဟုတ်တာ...။ ဒါမှမဟုတ်... ကိုယ်က သူ့ ကို ထမင်းခေါ်ကျွေးပြီး သူ့ ဆီက အကူအညီတောင်းတာတို့ ၊ ပိုက်ဆံချေးတာတို့များ လုပ်မယ် ထင်နေတာမျိုးလား...။ တွေးရခက်လိုက်တာ…

မအားလို့  မလာနိုင်ဖူး ဆိုရင်လဲ ရတာပါပဲ... နောက်ဆုံး နာရီပိုင်းလောက်အထိ လာမယ်ပြောပြီးမှ ဘယ်လိုများ စိတ်ပြောင်းသွားပါလိမ့်...။ ခက်လိုက်တဲ့ အကောင်နော်…။ ခုနက အထိ စိတ်ထဲမှာ တော်တော်လေး ကျွဲမြီးတိုနေမိတယ်...။ အခုလို ဖွင့်ပြော... အဲလေ.. ဖွင့်ရေးလိုက်ရတော့မှ နဲနဲသက်သာသလိုလို ရှိသွားတယ်...။


*****



စာကြွင်း ။ ။
အားနာတတ်ခြင်းဟာ လူကို ဘယ်လောက် ဆုတ်ယုတ်စေသလဲ...
လူကို ဘယ်လောက် အကျိုးမဲ့စေသလဲ… ကိုယ့်ကိုယ်ကိုယ် ဘယ်လောက် တန်ဖိုးမဲ့စေသလဲ… ကိုယ့်ရဲ့  အားနာတတ်မှုဟာ ကိုယ့်အတွက် အကျိုးမဲ့စေရုံသာမက တဖက်သားကို ဘယ်လောက်တောင် စိတ်အနှောက်အယှက်ဖြစ်စေသလဲ… ဘယ်လောက်တောင် အကျိုးမဲ့စေသလဲ ဆိုတာ ကို မကြာခင်က ဖတ်ခဲ့ရသော ကိုပေါ (ပိတောက်ရိပ်) ၏ အားနာခြင်းဆိုတာ ပိုစ့်၊ ထိုပိုစ့်မှ မှတ်ချက်များနှင့် မကြာခင်က တွေ့ ကြုံခဲ့ရသော အဖြစ်အပျက်ကလေး တစ်ခုအပေါ် အခြေခံ၍ နှစ်ဖက်သော သူများကိုယ်စား (ကိုဧည့်သည် နှင့် ကိုအိမ်ရှင်) ကိုယ်တိုင် နားလည် ခံစားပြီး ရေးသားပါသည်။

Saturday, January 10, 2009

အိပ်မက်

အိပ်ပျော်နေရင်း တစ်စုံတစ်ခုသော အကြောင်းအရာ၊ ပုံရိပ်၊ အတွေးစိတ်ကူး၊ ခံစားမှု အဖြစ်အပျက်များတို့ ကို တကယ်မြင်နေ တွေ့ နေရသလို ဖြစ်နေခြင်းကို အိပ်မက်မက်သည်ဟု ခေါ်ဆိုလေ့ရှိကြသည်။ တစ်ခါတစ်ရံတွင် ထိုအိပ်မက်တို့ ကြောင့် အိပ်ပျော်နေရာမှ နိုးလာတတ်ကြသည်။ အိပ်ရာမှနိုးလာသောအခါ မိမိတို့ မက်ခဲ့သော အိပ်မက်များကို တစ်ခါတစ်ရံတွင် ပြန်လည် အမှတ်ရတတ်ကြသလို တစ်ခါတစ်ခါမှာတော့ ကိုယ်ဘာတွေ မက်မြင်ခဲ့သည်ကို မမှတ်မိတတ်ကြချေ။ တဖန် တချို့ သူများက အိမ်မက်များကို မသိလိုက် မသိဖာသာဖြင့် ကျော်ဖြတ်သွားတတ်ကြသလို တချို့ က ကိုယ့်အိမ်မက်များကို သေသေချာချာ ဝေဖန် ဆန်းစစ် ကြည့်တတ်ကြသည်။ ထိုကဲ့သို့  ပြန်လည် ဝေဖန် ဆန်းစစ် ကြည့်တတ်သောသူများထဲတွင် သူသည် တစ်ယောက်အပါအ၀င်ဖြစ်သည်။
သူ၏ အိပ်မက်များသည် သူ့ အတွက်တော့ အလွန်တရာမှ သိမ်မွေ့ နက်နဲ လေးနက် လှပသော နမိတ်ပုံများ ဖြစ်သည်။

* * *

သူ၏ ပထမဆုံး နိုင်ငံခြားခရီး သွားရန် နှစ်ရက်ခန့် အလိုတွင် မြင့်မားသော်လည်း ပြေလျောသော တောင်ကုန်းလေးပေါ်ကို တစ်ယောက်တည်း အားကြိုးမန်တက် တက်နေသည်၊ အပေါ်သို့ ရောက်ခါနီးမှာ ဆက်တက်စရာ လမ်းရှာမရတော့ပဲ ဟိုကြည့် ဒီကြည့်ဖြင့် အိပ်ရာမှ လန့် နိုးခဲ့ရသည် ဟူသော အိပ်မက်ကို မက်ခဲ့သည်။ နောက်နှစ်ရက်အကြာတွင် ကြီးမားကျယ်ဝန်းလှပသော နိုင်ငံတကာ လေဆိပ်ကြီးတစ်ခုထဲတွင် လာကြိုမည့်သူနှင့် အချိန်ချင်း လွဲနေကာ နာရီပေါင်း အတော်ကြာ တစ်ယောက်တည်း ယောင်လည်လည် ဖြစ်နေခဲ့သည်။ ချက်ချင်း သူ့ အိပ်မက်ကို ပြန်သတိရသွားက တစ်ယောက်တည်း စပ်ဖြဲဖြဲ ဖြစ်သွားခဲ့ရဖူးသည်။

တညက မက်ခဲ့သော အိပ်မက်ထဲတွင် သူ၏ အောက်သွားနှစ်ချောင်း နဲ့ တဲ့တဲ့ ယိုင်တိုင်တိုင်ဖြစ်နေသည်။ ကျွတ်တော့ မသွားသေး။ ဆေးခန်းသို့ သွားနေသည် ဟူ၏။ အိပ်ရာမှ နိုးလာသောအခါ နမိတ်မကောင်းလှသော အိပ်မက်အတွက် နဲနဲတော့ စိတ်အနှောက်အယှက် ဖြစ်မိသည်။ ကြံရာမရဖြစ်ကာ အိမ်ကို ဖုန်းဆက်ကြည့်မိသည်။ ထိုအခါ အမေက “သမီးရေ… သမီးရဲ့  တူလေး နဲ့  တူမလေးတို့  --- မှာ ကျောင်းသွားတက်ဖို့  ဗီဇာ ရသွားပြီ၊ နောက်တစ်ပါတ်လောက်နေရင် သွားကြတော့မယ်” ဟု ၀မ်းမြောက်ဝမ်းသာ သတင်းပေးလေသည်။ တစ်မျိုးပါလား…။ ခွဲခွာခြင်း၏ နမိတ်ပုံတစ်ခု…။

ကျောင်းတစ်ဖက်၊ အလုပ်တစ်ဖက်နှင့် တစ်ယောက်တည်း လွန်စွာ ကသီလင်တဖြစ်နေရသော အချိန်တွေတိုင်းတွင် အမြဲတမ်း မက်လေ့ရှိသော အိပ်မက်များမှာ ရေဆာသော်လည်း သောက်စရာ ရေကို ဘယ်မှာမှ ရှာမတွေ့ သော အိပ်မက်များ၊ အပြင်သွားခါနီး ၀တ်စရာ အင်္ကျီ ရှာမတွေ့ သော အိပ်မက်များ၊ စာမေးပွဲခန်းထဲမှာ စာမေးပွဲဖြေခါနီး ရေးစရာ ခဲတံ ဘောပင်များ မရှိသဖြင့် သူတပါးထံမှ လိုက်လံ ငှားရမ်းနေရသော အိပ်မက်များ၊ သစ်တောအုပ် မှောင်မှောင်ထဲတွင် တစ်ယောက်တည်း စမ်းတ၀ါးဝါး လမ်းလျှောက်နေရသော အိပ်မက်များပင်…။ ကြာတော့လဲ မက်နိုင်လွန်းသော သူ့ အိပ်မက်များကို သူကိုယ်တိုင်ပင် စိတ်ပျက်လာမိသည့် အထိ…။

တစ်ရက်ကတော့ ထူးထူးဆန်းဆန်း အိပ်မက်ထဲမှာ သူ့ အိပ်ရာ ခေါင်းရင်းမှာ ထားသော စားပွဲတင် စာကြည့်မီးလေးက မီးပျက်နေချိန်မှာ ရုတ်တရက် လင်းလက်လာသည်တဲ့။ သူ့ ရင်တွေ နဲနဲခုန်သွားမိသည်။ ဘယ်လိုများပါလိမ့်...။ နောက်တစ်ပါတ်လောက် ကြာသောအခါ ရုံးမှ အထက်လူကြီးက သူ့ ကို ဂျပန်ကို သုံးလကြာ သင်တန်း တစ်ခုအတွက် ရွေးချယ်ထားကြောင်းပြောလာသည်။ အိပ်မက်ကလေးရေ… ကျေးဇူးပါ။

ဂျပန် မသွားခင်ရက်တွေမှာ သူတော်တော်လေး ပျော်ရွှင်နေမိသည်။ ဂျပန်နိုင်ငံကို စိတ်ဝင်စားနေတာ ကြာပြီ။ လေယာဉ်စရိတ် မတတ်နိုင်သေးသောကြောင့် အသာငြိမ်နေခဲ့ရခြင်းပင်။ ထိုခရီးကို မသွားခင် ရက်ပိုင်းလောက်အလိုမှာ အိပ်မက်ထဲတွင် ချုံနွယ်ပိတ်ပေါင်းများ ထူထဲနေသော လမ်းတလျှောက်တွင် သူသည် တစ်ယောက်တည်း ဓါးရှည်တစ်ချောင်းဖြင့် လမ်းတစ်ဖက်တစ်ချက် ဘယ် ညာ လွှဲယမ်းကာ ရှင်းလင်းခုတ်ထွင်ပြီး လျှောက်သွားနေသည် ဟူ၏။ နောက်တနေ့  ရုံးအရောက်တွင် သူကြားသိရသည်မှာ ထိုသင်တန်းကို နဂိုက သူအပါအ၀င် စုစုပေါင်း ၃ ယောက် စေလွှတ်ရန် စီစဉ်ထားသည် တဲ့။ ထိုသူများထဲမှ တစ်ယောက်က သူ့ အမေ အတော် နေမကောင်းဖြစ်ကာ ချက်ချင်း ဆေးရုံတင်ထားရသဖြင့် မလိုက်နိုင်၊ ကျန်တစ်ယောက်မှာမူ နိုင်ငံကူးလက်မှတ် အခက်အခဲတစ်ခုကြောင့် ဗီဇာ အချိန်မီမရသဖြင့် နှစ်ပါတ်လောက်နောက်ကျပြီးမှ တိုကျိုကို ရောက်လာနိုင်မည် တဲ့…။ အိုး… ရိုးစင်းလှသော သူ၏ အိပ်မက်အတွက် သူ ပြုံးမိလေသည်။

ထိုညက သူတော်တော်နှင့် အိပ်လို့ မရခဲ့။ မျက်စေ့ကြောင်နေကာ တစ်ယောက်တည်း ဟိုတွေးဒီတွေးဖြင့် အချိန်တော်တော်ကုန်သွားသည်။ ခဏအကြာမှာ မှေးကနဲ အိပ်ပျော်သွားပုံရသည်။ အိပ်မက်ထဲတွင် သူသည် လေထဲမှာ သစ်ရွက်များ တလွင့်လွင့်နှင့် ကြွေဆင်းနေသော အလွန်သာယာသော နေရာတစ်ခုကို ရောက်နေလေသည်။ သူသည် သစ်ရွက်ကြွေများကို ကလေးငယ်တစ်ယောက်လို ခုန်ပေါက် ပြေးလွှားကာ လိုက်ဖမ်းနေမိသည်တဲ့..။ ထိုစဉ်မှာ လိပ်ပြာ ဖြူဖြူလေး တစ်ကောင် သူ့ အပါးကို ဝေ့ကာ ၀ိုက်ကာ ပျံသန်းလာသည်ကို သူ အံ့သြစိတ်ဖြင့် ငေးမောကြည့်နေရင်း… သူ အိပ်မက်မှ နိုးထလာခဲ့ရသည်…။ နောက်ရက်အနည်းငယ်အကြာတွင် သူငယ်ချင်းတစ်ယောက်၏ ညစာစားပွဲတစ်ခု၌ သူ လုံးဝ မျှော်လင့်မထားသော၊ နောင်တချိန်တွင် သူ၏ ဘ၀လက်တွဲဖေါ် တစ်ယောက်ဖြစ်လာမည့် အမျိုးသားတစ်ဦးကို (အံ့သြဖွယ်ကောင်းစွာ) တွေ့ ဆုံခဲ့ရလေသည်။ အိမ်မက်ထဲက လိပ်ပြာလေးလို ဖွေးစင်ဖြူလွနေသော ရှပ်အင်္ကျီ အဖြူရောင်ကို ယောလုံချည် နီညိုရောင်နှင့် တွဲဖက်ကာ သေသပ်စွာ ၀တ်ဆင်ထားခဲ့သော ထိုအမျိုးသားသည် သူ့ ကို ဘယ်အရာနှင့်မှ မတူ၊ ထူးခြား ဆန်းပြားသော ရင်ခုန်လှိုက်မောမှုကို ပေးစွမ်းနိုင်ခဲ့၏။ သူနှင့်အတူ ထူထောင်ခဲ့ရသော နှစ်ယောက် တစ်ဘ၀မှာ ထိုညက အိပ်မက်ထဲက ကဲ့သို့ ပင် အစစအရာရာမှာ ၀မ်းသာအံ့သြ ပျော်ရွှင်ခဲ့ရသည်။

* * *

အိပ်ပျော်နေရင်း တစ်စုံတစ်ခုသော အကြောင်းအရာ၊ ပုံရိပ်၊ အတွေးစိတ်ကူး၊ ခံစားမှု အဖြစ်အပျက်များတို့ ကို တကယ်မြင်နေ တွေ့ နေရသလို ဖြစ်နေခြင်းကို အိပ်မက်မက်သည်ဟု ခေါ်ဆိုလေ့ရှိကြသည်။
သူ့ ဘ၀တွင် နောက်ထပ် အိမ်မက်ပေါင်းများစွာကို ဆက်မက်ရန် အချိန်များစွာ ကျန်ရှိနေသေးသည်။ ထိုအိပ်မက်များကိုလဲ ပျော်ရွှင်ဖွယ်ရာ နမိတ်ပုံပြ အိပ်မက်များသာ ဖြစ်ပါစေဟု ဘုရားရှိခိုးတိုင်း သူ သေသေချာချာ ဆုတောင်းလေ့ရှိပါသည်။ သူ၏ အိပ်မက်များသည် သူ့ ဘ၀ အတွက်တော့ အလွန်တရာမှ သိမ်မွေ့ နက်နဲ လေးနက် လှပသော နမိတ်ပုံများ ဖြစ်ကြသည်။

Thursday, January 8, 2009

မြင်ကွင်း

ဒီမနက် အမြန်မောင်း လမ်းမကြီးပေါ်မှာ ကားတွေအကုန်လုံး ဘရိတ်မီးတွေ တလင်းလင်းနဲ့  နှေးကွေးလေးလံစွာ ဘီးတလိမ့်ချင်း လိမ့်နေကြတယ်။ ဒီလမ်းမကြီးမှာ မောင်းခွင့်ပြုထားတဲ့ မိုင်နှုံးကီလို ၉၀ မောင်းလို့ ရနိုင်ဖို့ ဝေးလို့ ၊ ကီလို ၂၀၊ ၃၀ လောက်နဲ့  ဖြေးဖြေးလေး လိမ့်နေကြတာကို တွေ့ ရတယ်။ ခါတိုင်းနဲ့  မတူ…။ ဒီအတိုင်းဆိုရင် တစ်ခုခုတော့ မှားယွင်းနေပြီ…။ အဲဒီနှေးကွေးနေတဲ့ ကားတွေထဲ အလိုက်သင့်လေး ဘီးလှိမ့်ဝင်လိုက်တယ်။ သွား.. သွား… သွား…

ခဏကြာတော့ တွေ့ ပါပြီ… မြင်ကွင်း ထဲရောက်လာတဲ့ ကားနှစ်စီးနဲ့  ဆိုင်ကယ်တစ်စီး။ ဘယ်လိုပုံနဲ့  တိုက်ထားကြသလဲတော့ မသိ။ ကားတွေက အကောင်းစားကြီးတွေ။ ဒါပေမယ့် ပိန်လိန်၊ ထိခိုက်ထားတာတွေ အများကြီးနဲ့ ၊ မှန်တွေကလဲ တစ်စစီကွဲကြေ၊ ဆိုင်ကယ်က အလဲလဲ အပြိုပြို၊ ဆိုင်ကယ်စီး ဦးထုပ် နှစ်လုံးက ခပ်ဝေးဝေးမှာ လွင့်လို့ ၊ ဆေးရုံက လူနာတင်ယာဉ်လဲ မီးတွေ တလက်လက်နဲ့ ၊ ယာဉ်စည်းကမ်းထန်းသိမ်းရေး ကားတစ်စီးနဲ့  ဆိုင်ကယ်က နှစ်စီး၊ ကားအပျက်တွေကို ဆွဲဖို့ က ကားနှစ်စီး…။ လူတွေလဲ ထိကြပုံရတယ်။ ကံကောင်းတယ် ဆိုရမလား၊ ကားပေါ်ပါတဲ့သူတွေ၊ ဆိုင်ကယ်သမားတွေ ထိခိုက်ဒါဏ်ရာရထားတဲ့ မြင်ကွင်းတွေကိုတော့ မတွေ့ ရတော့ဘူး။ သံဗုဒ္ဗေ နဲ့  ၂၄ ပစ္စည်း ပဌန်းကို ခပ်သွက်သွက်လေး ရွတ်ပြီး ဒီအဖြစ်မှာ ပါဝင်တဲ့သူတွေ ဘေးအန္တရာယ်ကင်းရှင်းပြီး ချမ်းသာရာ ရကြပါစေလို့  ဆုတောင်းနေမိတယ်။

ဒီလိုနဲ့  အဲဒီနေရာကို ကျော်ခဲ့တယ်။ ကားတွေ အကုန်လုံး တစ်လိမ့်လိမ့်နဲ့  နောက် နှစ်ကီလိုမီတာ ကျော်ကျော်လောက်မှာ ကားအသွား နဲနဲသွက်သွားတာတယ်။ မဆိုးဘူး။ ဒီအတိုင်းဆို လိုရာအရပ်ကို နောက်မကျပဲ ရောက်နိုင်တော့မယ်။

အဲဒီ စိတ်အတွေးလေးဟာ ခဏပဲ ခံလိုက်တယ်။ ကားတွေအားလုံး ပြန်နှေးသွားကြပြန်ပြီ…။ ဒီမနက် မိုးလဲ မရွာပဲနဲ့  ဘယ်လိုတွေ ဖြစ်နေကြပါလိမ့်။ ရှေ့ မှာ ဘယ်လို မြင်ကွင်းတွေများ တွေ့  ရအုံးမှာပါလိမ့်။ ဟော… ဟိုရှေ့ မှာ… ထွက်ပေါက်နံပါတ် ၁၅ မရောက်ခင် အစွန်ဆုံးလိုင်းထဲမှာ ကုန်တင်တဲ့ လော်ရီကြီး တစ်စီးရယ်၊ အနီရောင် ဟွန်းဒေး ဆလွန်းကားတစ်စီးရယ်၊ ခဲရောင် တိုယိုတာ မီနီဗင် တစ်စီးရယ်၊ နောက်ထပ် အ၀ါရောင် ခပ်သေးသေး ကားလေး တစ်စီးရယ်… ရှေ့ ဆင့် နောက်ဆင့် ဆက်ပြီး တိုက်ထားလိုက်ကြတာ…။ အရှိန်တော်တော်များကြတယ်လို့  ယူဆရတယ်။ အလယ်က နှစ်စီးဖြစ်တဲ့ ဟွန်းဒေးရယ် တိုယိုတာရယ်ကတော့ Sandwich လိုပါပဲ။ ကားရှေ့ ခေါင်းရော အနောက်ဖက်ရော တော်တော်ကို မွမွကြေ မီးလုံးတွေလဲကွဲ၊ ကားမှန်ကွဲစတွေကလဲ မြင်မကောင်းအောင် ပြန့် ကြဲ…။ ဒါပေမယ့် ကားထဲမှာ ပါတဲ့ လူတွေတော့ ဘာမှဖြစ်ပုံမရကြ။ ကားတွေရဲ့  အပြင်ဖက်မှာ တယောက်နဲ့  တယောက် ကားနံပါတ်တွေ၊ တယ်လီဖုန်းနံပါတ်တွေ လဲလှယ် ရေးမှတ်နေကြတာတွေ၊ ဖုန်းကိုယ်စီနဲ့ တနေရာရာကို ဖုန်းဆက် ပြောဆိုနေကြတဲ့ မြင်ကွင်းတွေကို တွေ့ ရတယ်။ အခြေအနေသိပ်မဆိုးဘူး။ တော်ပါသေးရဲ့ …။

ရှေ့  တစ်ကီလို ကျော်ကျော်လောက် ဒီလိုပဲ တလိမ့်လိမ့်မောင်းနေရာက ရုတ်တရက် ရှေ့ က ကားတွေ အသည်းအသန် ဘရိတ်တွေ အုပ်ကြပြန်တယ်။ အရှေ့ မှာ မြင်ရတဲ့ မြင်ကွင်းတစ်လျှောက်မှာ ဘရိတ်မီးတွေ ရဲရဲနီနေကြတယ်။ ရောက်ရမယ့် အချိန်ကလဲ တော်တော်နောက်ကျနေပြီ။ စိတ်ညစ်တယ် သို့ သော် ဘာမှ မတတ်နိုင်။ ဘရိတ်ကို ခပ်မြန်မြန် ဆောင့်အုပ်လိုက်တယ်။ ဒုန်း…

ဘာများဖြစ်ကြပြန်ပြီလဲလို့  စိတ်ပျက်လက်ပျက်နဲ့  တွေးရင်း FM ရေဒီယိုကို ဖွင့်ကြည့်လိုက်တော့ ယာဉ်မတော်တဆမှုက လမ်းမကြီးရဲ့  နံပါတ် တစ်လိုင်းမှာ ဖြစ်နေတယ်တဲ့။ ဒါဆို အတွင်းဖက်ဆုံးလိုင်းမှာပေါ့။ ဒါကြောင့် ကားတွေတော်တော်များများ ဒီဖက်လိုင်းတွေကို ဆင်းလာနေကြတာကိုး။ တချိန်ထဲမှာပဲ ဘာကြောင့်မှန်းမသိ၊ ဘာကိုမှန်းမသိ ကြောက်စိတ်ကလေးနဲနဲ ၀င်လာမိတယ်…။ ခြေဖျား လက်ဖျားတွေ အေးစက်ပြီး ရင်တွေက တလှပ်လှပ်ခုန်နေကြတယ်။ ဘုရား.. ဘုရား… ဘာမှ ဆိုးဆိုးရွားရွား မဖြစ်ကြပါစေနဲ့ ။

တွေ့ ပြီ။ အမြန်လမ်းမကြီးရဲ့  မိုင်နှုံး အမြင့်ဆုံးမောင်းလို့ ရတဲ့ အတွင်းဖက်ဆုံး လိုင်းထဲမှာ ကား လေးစီး ဆင့်ပြီး ရှေ့ ဆင့် နောက်ဆင့် တိုက်ထားကြပြန်တယ်။ အတွင်းဖက်ဆုံးလိုင်းမှာဆိုတော့ တအားမြန်မြန် မောင်းခဲ့ကြတယ် ထင်တယ်။ မြင်ရသလောက်ကတော့ လူတချို့  က ကားတွေရဲ့  အပြင်ဖက်မှာ မိုးတိုးမတ်တပ်တွေရပ်လို့ ။ လူတချို့ က ဆေးရုံကား တစ်စီးရဲ့  အနောက်ဖက် တံခါးပေါက်နားမှာ စုစု စုစုနဲ့ …။ သိပ်တော့ ကြီးကြီးကျယ်ကျယ် မဟုတ်၊ နဲနဲပါးပါးတော့ ထိခိုက် ဒါဏ်ရာ ရကြပုံ။ ရဲကားတော့ အခုထိ ရောက်မလာသေး…။

ဒီလိုနဲ့  နောက်ထပ် ၅ မိနစ်လောက် တရွေ့ ရွေ့ နဲ့  ဆက်မောင်းအပြီးမှာ လိုရာအရပ်ကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့တယ်။ ရောက်ရောက်ချင်းမှာ ပူလောင်နေတဲ့ ရင်ကို အေးလိုအေးငြား သောက်စရာ ရေအေးအေးတစ်ခွက်ကို အမောတကော ရှာဖွေမိတယ်…။ ရေ… ရေ… ရေ… ရေ ဘယ်မှာလဲ…။

လမ်းတလျှောက် ဆယ်ကီလိုမီတာလောက်သာရှိတဲ့ ခရီးတိုလေးတစ်ခု အတွင်းမှာ၊ အချိန်အားဖြင့်ဆို မိနစ်နှစ်ဆယ်၊ နာရီဝက်လောက်သာ ကြာနိုင်တဲ့ အချိန်လေး အတွင်းမှာ ဖြစ်ပျက်ခဲ့တာတွေ၊ တွေ့ ခဲ့ မြင်ခဲ့ရတဲ့ မြင်ကွင်းတွေဟာ တဆိတ်တော့ စိတ်နှလုံး မချမ်းမြေ့စရာ… ပြီးတော့ အသံတိတ် အနှေးရုပ်ရှင်လဲ ဆန်လွန်းနေသလားလို့ ။

ရင်ထဲမှာ အထပ်ထပ် မေးခွန်းတွေထုတ်နေမိတယ်။
ဘာလို့ လဲ… ဘာလို့ လဲ… ဘာဖြစ်လို့ များ ကားတွေကို ဒီလောက်တောင် မြန်မြန်ကြီး မောင်းနေကြတာလဲ…။ နှေးနှေး သွားသွား မြန်မြန် သွားသွား လိုရာခရီးတစ်ခုကို ရောက်တဲ့ အချိန်ချင်းဟာ ဘယ်နှစ်မိနစ်မှ မကွာခြားပါဘူးဆိုတာ သူတို့ တွေကို ရှင်းပြချင်စိတ်တွေ ဖြစ်မိတယ်။

ဆိုင်လား မဆိုင်လားတော့ မသိ။ အဲဒီအမြန်မောင်း လမ်းမကြီးပေါ်မှာ မောင်းရတဲ့အခါတိုင်း “အသက်ကို ဥာဏ်စောင့်တယ်” ဆိုတဲ့ စကားနဲ့  အတူတူ စာရေးဆရာမ မကြည်အေး ရေးခဲ့တဲ့ “လူတွေဟာ သေလွယ်သလောက် သေခဲတယ်၊ ရှင်လွယ်သလောက် ရှင်ခဲတယ်” ဆိုတဲ့ စာကြောင်းလေးကို သတိရနေမိတယ်။

သက်ဝေ