Sunday, February 24, 2008

ဘဝလက်တွဲဖေါ်



ညီမလေး ချစ်လေပြည် က Tag ထားပါတယ်။
ဘဝလက်တွဲဖေါ် တဲ့…
ကျွန်မအတွက်တော့ ဒါဟာ ပထမဆုံး Tag ပါဘဲ။
ဘယ်လိုဘဲဖြစ်ဖြစ် Tag ခြင်းဟာ Blogger ညီအစ်ကို မောင်နှမတွေ အချင်းချင်း ရင်းနှီး ချစ်ကြည်မှု ပိုမိုတိုးပွားလာစေတယ်လို့  ယုံကြည်တဲ့ အတွက် Tag Game တွေကို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါတယ်။
အဲ… အလုပ်များတဲ့ရက်မို့  နဲနဲကြာချင်ကြာနိုင်ပေမယ့် ရေးတာကတော့ ရေးပါ့မယ်လို့  သေချာပေါက် ပြောထားပါရစေ။
လာမယ် ကြာမယ်ပေါ့.. ဟဲဟဲ


* * * * * * * * * * * * * * * * * * * * *

ဘ၀လက်တွဲဖေါ်

ဒီခေါင်းစဉ်နဲ့ ပတ်သက်ပြီး စပြောပြရမယ်ဆိုရင်…

လူတိုင်း လူတိုင်းမှာ (ယောင်္ကျားလေးဘဲဖြစ်ဖြစ်… မိန်းကလေးဘဲ ဖြစ်ဖြစ်…) ကိုယ့်ဘဝအတွက် လက်တွဲဖေါ် တစ်ယောက်ဖြစ်ဖို့ အတွက် မျှော်မှန်းထားတဲ့ မျှော်လင့်ထားတဲ့ တကယ်လဲ လိုအပ်တဲ့ အချက်တွေ အများကြီးရှိပါတယ်။ ဒါပေမယ့် တကယ့် လက်တွေ့ မှာ အဲဒီ မျှော်လင့်ထားတဲ့အတိုင်း ရာခိုင်နှုန်းပြည့်ဖြစ်လာဖို့ဆိုတာ တော်တော်ကို အကျိုးအကြောင်းတွေ တိုက်ဆိုင်မှသာ ဖြစ်လာနိုင်ကြတာပါ။ ရာခိုင်နှုန်း တော်တော်များများ တိုက်ဆိုင်တယ်ဆိုရင်ဘဲ အလွန် ကျေနပ်စရာကောင်းနေပါပြီ။

ဒီတော့ အဲဒီအားလုံးထဲက အရေးအကြီးဆုံးလို့ ယူဆထားတဲ့ အချက်ကတော့ တစ်ယောက်ကိုတစ်ယောက် စစ်စစ်မှန်မှန် နဲ့ နှစ်နှစ်ကာကာချစ်မြတ်နိုးဖို့ဆိုတဲ့ အချက်ပါဘဲ။ တစ်ယောက်ကိုတစ်ယောက် တကယ်ချစ်ကြတယ်ဆိုရင် ကျန်တဲ့ အရေးကိစ္စတွေဟာ သူ့ အလိုလို အဆင်ပြေသွားဖို့ သိပ်မခက်ခဲလှပါဘူး။ နားလည်မှု ဆိုတာကတော့ အဲဒီ အချစ် ဆိုတာရဲ့ နောက်မှာ ထပ်ချပ်မကွာ…။

သူစိမ်းနှစ်ယောက် တစ်ဘဝထဲမှာ ကောင်းတူ ဆိုးဖက် အေးအတူ ပူအမျှ ရည်ရှည် ပေါင်းဖက် နေထိုင်ဖို့ဆိုတာ စေ့စေ့တွေးကြည့်ရင် တော်တော်ကို မလွယ်တာပါ။ ကိုယ့်မောင်နှမ ရင်းချာတွေတောင် တစ်ခါတစ်ခါမှာ စိတ်နဲ့မတွေ့ပဲ ရန်ဖြစ်ကြရသေးတာ… သူစိမ်းနှစ်ယောက်ဆိုရင်တော့ ပြောဖွယ်ရာမရှိ…။

အဲဒီလိုအခါမျိုးတွေမှာ ကိုယ့်ကို တကယ်ချစ်တဲ့သူ ကိုယ်ကလဲ တကယ်ချစ်တဲ့သူ မှသာလျှင် ရည်ရှည် သည်းခံနိုင်မှာပါ။ အဲဒါတွေအတွက် အဓိက လိုအပ်တာက အချစ်… သူ့ နောက်ကမှ… နားလည်မှု နဲ့ သည်းခံခွင့်လွှတ်ခြင်း…။

ဒီတော့…
မိန်းကလေးဘက်ကကြည့်ရင် ကိုယ့်ရဲ့ဘဝလက်တွဲဖေါ်ဟာ ယောင်္ကျားလေး တယောက်အနေနဲ့  အကျင့်စာရိတ္တပိုင်းဆိုင်ရာမှာလဲ ချို့ယွင်းချက်မရှိ လက်ခံနိုင်တဲ့ အနေအထားမှာရှိတယ်... ဘာသာတရား ကိုးကွယ်ယုံကြည်မှုခြင်း တူညီကြတယ်... ယဉ်ကျေးတဲ့ အဆင့်အတန်းရှိတဲ့ မျိုးရိုး မိဘ အသိုင်းအဝန်းကဆင်းသက်လာပြီး ယောင်္ကျားလေး တယောက်မှာ ရှိသင့်ရှိထိုက်တဲ့ ဂုဏ်သိက္ခာ မျိုးရှိတယ်... ပညာအရည်အချင်းအားဖြင့်လဲ ကိုယ့်ထက်မသာရင်တောင် ကိုယ်နဲ့ တန်းတူ ရှိနေတယ်... ပြီးတော့... အိမ်ထောင်တစ်ခုအတွက် မရှိမဖြစ် လိုအပ်တဲ့ ရုပ်ဝတ္ထုပိုင်းဆိုင်ရာ အခြေခံ လိုအပ်ချက်တွေမှာလဲ အတန်အသင့် ပြည့်စုံအောင် ဖန်တီးပေးနိုင်တဲ့ သူတစ်ယောက် ဖြစ်တယ် ဆိုတာတွေကလဲ ထည့်သွင်းစဉ်းစားရမယ့် အရေးကြီး အချက်တွေပါဘဲ။

ဒီအချက်တွေနဲ့ ကိုက်ညီပြီး တယောက်ကိုတယောက် လေးလေးနက်နက် တကယ်နှစ်သက်ချစ်ခင်ကြတယ် ဆိုရင်တော့ အတိုင်းထက်အလွန် နေနဲ့ လ ရွှေနဲ့ မြ လို ရှေ့ သွားနောက်လိုက် လိုက်ဖက်ညီလှတဲ့ ဘဝလက်တွဲဖေါ်တွေ ဖြစ်လာကြမှာပါ။

အဟဲ… နောက်ဆက်တွဲအနေနဲ့ ကတော့… သက်ဝေရဲ့ဘဝလက်တွဲဖေါ်အကြောင်းပါ…။

သူနဲ့ က ဟိုးငယ်ငယ် အထက်တန်းကျောင်း မှာကတည်းက အတူတူ သူငယ်ချင်းတွေပေါ့။ နှစ်ယောက်စလုံးရဲ့မိဘ ညီအစ်ကို မောင်နှမတွေ အားလုံးက ဟိုးအရင်ကတည်းက တယောက်နဲ့ တယောက် ရင်းနှီးပြီးသား တယောက်အကြောင်း တယောက် ကောင်းကောင်း သိပြီးသားတွေ… တအိမ်နဲ့ တအိမ်လဲ အမြဲတမ်း ဝင်ထွက် သွားလာ လည်ပတ် နေကြ…။

ဆယ်တန်းအောင်ပြီးချိန် တက္ကသိုလ်ဝင်ခွင့်တွေထွက်ပြီး တယောက်တလိုင်းစီ ကွဲသွားကြတဲ့ အခါမှာ နှစ်ယောက်စလုံးဆီက သံယောဇဉ် ဆိုတဲ့ ကြိုးက ပိုလို့ သိသာ ခိုင်မာ လာခဲ့တယ်။ ဒီလိုနဲ့ ပဲ… ကိုယ်တိုင် နှစ်သက် ချစ်ခင်မြတ်နိုးမှု… နှစ်ဖက်သော မိဘများရဲ့သဘောတူ ကြည်ဖြူမှု… သူငယ်ချင်းများရဲ့အားပေးထောက်ခံမှု တို့ နဲ့ သက်ဝေတို့ နှစ်ယောက် ချစ်သူတွေဖြစ်လာခဲ့ပါတယ်။ ဆယ်စုနှစ် တခုနီးပါး ချစ်သူဘဝ ရှည်ကြာခဲ့ပြီး နှစ်ယောက်စလုံး ကျောင်းပြီးတဲ့ အချိန်မှာ လက်ထပ်လိုက်ကြပါတယ်။

ချစ်သူဘဝနဲ့ အကြာကြီးနေခဲ့ ကြတာမို့  တယောက်အကြောင်း တယောက် တော်တော်သိလှပြီ လို့ ထင်ခဲ့ပေမယ့် တကယ့် တကယ်မှာ လက်ထပ်ပြီး အတူတူနေတဲ့ အခါကျတော့ အရင်တုန်းက ကိုယ်မသိခဲ့တာတွေ သိလာရတော့ တခါတခါ စိတ်တိုရတာမျိုးတော့ ရှိတယ်။ ခွင့်မလွှတ်နိုင်စရာ ကိစ္စတွေတော့ မဟုတ်ပါဘူး။ တချို့အသေးအဖွဲ ကိစ္စလေးတွေ… တခါတခါ ဇီဇာကြောင်ချင်တဲ့ ကိစ္စမျိုးလေးတွေပါ။ ဒါပေမယ့်လဲ ကောင်းတာက သူက သူ့ အလုပ်ရယ် မိသားစုရယ် ကလွဲရင် ဘာကိုမှ အချိန်ပေးလေ့ မရှိတတ်တာပါဘဲ။ ဒီတော့လဲ စိတ်နဲ့မတွေ့ တဲ့ အသေးအဖွဲလေးတွေကို ပကျိ ပကျိ နားပူမနေတော့ဘဲ အသာ ကြည့်နေလိုက်ပါတယ်။ ပျော်သလို နေပါစေပေါ့…။

ဒီတော့ ကိုယ့်ဘဝရဲ့ ဘဝလက်တွဲဖေါ်ဆိုတာ ဘယ်လိုဖြစ်ရမယ် ဘာအရည်အချင်းတွေရှိရမယ် ဆိုတဲ့ အကြောင်းအရာတွေကို ဘာတစ်ခုမှ မစဉ်းစားတတ် မတွေးတောတတ်တဲ့ အချိန်... တယောက်ကို တယောက် ဘာမျှော်လင့်ချက်တွေမှ မထားတတ်သေးတဲ့ အချိန်... အဲဒီလို အချိန်ကထဲက ဖြူစင်ရိုးသားတဲ့ အချစ်စစ် အချစ်မှန်နဲ့ ချစ်ခဲ့ကြတဲ့အတွက် သက်ဝေတို့  နှစ်ယောက် အတူတူ လျှောက်လှမ်းခဲ့တဲ့ လမ်းခရီးတစ်လျှောက်ဟာ သာယာဖြောင့်ဖြူးပြီး စိတ်ချမ်းသာရပါတယ်။ ဒီအတွက် သူ့ ကိုလဲ အမြဲတမ်း ကျေးဇူးတင် ကျေနပ်ရင်း ပိုလို့ ချစ်မြတ်နိုးမဆုံးပါ။

* * * * * * * * * * * * * * * * * * * * *

အခုဒီ ပိုစ့်လေးကို လာဖတ်ကြတဲ့ သူငယ်ချင်း ညီအကို မောင်နှမလေးတွေ အားလုံးလဲ တယောက်နဲ့ တယောက် ချစ်ခင် စုံမက် နှစ်သက်မြတ်နိုး ကြတဲ့ ဘဝလက်တွဲဖေါ် တွေနဲ့ ဆုံတွေ့ ပြီး သာယာတဲ့ ဘဝခရီးကို လျှောက်လှမ်းနိုင်ကြပါစေ။ ဘဝလက်တွဲဖေါ်ကိုယ်စီရှိပြီးသား သူငယ်ချင်းလေးတွေကလဲ ရှေ့ ဆက်ရမယ့် ခရီးလမ်းတစ်လျှောက်လုံး သာယာချမ်းမြေ့တဲ့ ဘဝလေးတွေ ကိုယ်စီပိုင်ဆိုင်ကြပါစေ လို့ ဆုတောင်းပေးလိုက်ပါတယ်နော်…။




Thursday, February 14, 2008

ရင်ခုန် အိပ်မက်

နေ့ သစ် တစ်ခုရဲ့ အစ…
အေးမြတဲ့ နှင်းစက်တွေနဲ့ 
လှေခါးထစ်ကလေးတွေပေါင်းများစွာ…။

ရင်ခုန်ဖွယ်ရာ…
အရောင်နက်နက် ကျောပိုးအိတ်ကလေး တစ်လုံး
အဲဒီ အိတ်ကလေးထဲမှာတော့
နှင်းဆီပွင့် နီနီရဲရဲလေးတစ်ပွင့်ကို ကိုင်ထားတဲ့
ချစ်စရာ မီးခိုးရောင် အမွေးပွပွ ပွပွနဲ့ 
ဝက်ဝံရုပ်လေး သေးသေးလေး တစ်ကောင်
ချောကလက်နဲ့ လုပ်ထားတဲ့ ကိတ်မုန့် လေးတစ်လုံး
ပြီးတော့…
လက်မှတ် ထိုးမထားရသေးတဲ့
အနီရောင် ပို့ စ်ကဒ် လေးတစ်ခု…။















နေ့ သစ် တစ်ခုရဲ့ အလယ်…
နွေးထွေးတဲ့ နေခြည်တွေရယ်နဲ့ 
မရေတွက်နိုင်တဲ့ စကားလုံးပေါင်း များစွာ…။

လွမ်းဆွတ်ဖွယ်ရာ….
တိုးတိတ် ညှင်သာ သီချင်းသံများ…
တူညီ ရင်ခုန်သံတွေကိုယ်စီ…
နူးညံ့လှပသော အပြုံး…
သိမ်မွေ စွာဖြင့် နက်နဲသော
ချိုသာစွာဖြင့် ခိုင်ကြည်သော
ကိုယ်စီ ချစ်ခြင်းများစွာ...။














နေ့ သစ် တစ်ခုရဲ့ အဆုံး…
မှောင်ရီရီ ညနေခင်း ဆည်းဆာ…
ကုန်လွယ်လွန်းတဲ့ နာရီ မိနစ် စက္ကန့် ပေါင်းများစွာ…။

အိမ်အပြန်…
လေးလံသော ခြေလှမ်းများ…
ဘယ်တော့မှ မမေ့နိုင်တော့မယ့်
ကြည်နူးစရာကောင်းသော်လည်း
ကြေကွဲဖွယ်ရာ ဂတိစကားများ…
ရင်နှင့်မမျှသော အလွမ်းများ…
မျှော်လင့်ထားကြတဲ့
တစ်နေ့ နေ့ ကိုရောက်ဖို့ …
ရင်ခုန်အိပ်မက် များစွာ…။













ဘာတွေဘဲဖြစ်ဖြစ်…
တို့  နောက်တစ်ခါတော့ ထပ်တွေ့ ဖြစ်ကြမှာပါနော်…။

* * * * * * * * * * * * * * * * * * * * * *



ဗိုလ်ချုပ် မွေးနေ့ 



ဒီနေရာမှ ရယူပါသည်


ဗိုလ်ချုပ် အောင်ဆန်း မွေးနေ့ 

၁၉၁၅ ရှေ့နေ ဦးဖာသား

ဇာတိနတ်မောက် မကွေးခရိုင်

သိကြများခုတိုင်

ကြံ့ကြံ့ခိုင်တဲ့ဇာနည်ဘွား

မိခင်ဒေါ်စုသား။

၁၉၄၇ ပြောင်းကြွတမလွန်

မျက်ရည်သွန်လို့ ဘ၀င်ညှိုး

ဇူလိုင်တစ်ဆယ့်ကိုး ။

ပြည်ထောင်စုရဲ့ကျေးဇူးရှင်

ဗိုလ်ချုပ်တို့ဖခင်

ကောင်းစေချင်တဲ့မှာစကား ငါတို့မမေ့အား

ပြည်ထောင်လွတ်ရေးကြိုးပမ်းအောင်

ပြည်ချစ်တို့ခေါင်းဆောင်

ဆိုရှယ်လစ်ဘောင်လမ်းစဉ်များ

ဗိုလ်ချုပ်ချမှတ်သွား။

* * * * * * * * * * * * * * * * * * * * * * *



Monday, February 11, 2008

လွမ်းတဲ့စိတ်






ကမ်းလင့်ချင်သောလက်…
ကမ်းရန်ခက်ခဲ့သလို
လှမ်းလာမယ့်လက်… လှမ်းရန်ခက်ခဲ့ပြီ။

နှင်းထုတွေပိတ် သိပ်သည်းလှတဲ့
တောင်ပေါ်မြို့ ကလေး တစ်ခုရဲ့ 
ဆောင်းရာသီ…
အနွေးဓါတ်ပေး မီးလင်းဖိုကလေးရဲ့ အနား
ကိုယ်တစ်ယောက်ထည်း
အေးစက်စက်နှလုံးသားတစ်စုံနဲ့ 
တိတ်တဆိတ် အတွေးတွေထဲမှာ
ချစ်သူက အပြုံးတွေဝေလို့ …

ချစ်သူကို လွမ်းတဲ့စိတ်နဲ့ 
တိတ်တိတ်ကလေးသူ့ အနားကို
စိတ်ကူးအတွေးတွေ လူးလာခေါက်တုံ့ 
လွင့်ပျံလို့ အသွား…
သူ့ နှလုံးသားတစ်စုံကို ဇွတ်အတင်း
အပြင်းအထန် အငြင်းမခံဘဲ…
ကိုယ့်အနားကို ခေါ်ခဲ့မိတယ်။

အေးမြလန်းဆမ်း မြက်ရိုင်းပန်းတို့ ရဲ့ ကြား…
အရိုင်းလေပြည်တို့  ခပ်ကြမ်းကြမ်းအဖြတ်မှာ…
သူ့ ဆံနွယ်တွေ ၀ဲလွင့်နေသလို…
သူ့ အပြုံးတွေ က သူ့မတူအောင် ရဲရင့်
ကိုယ့်ဘ၀အတွက်တော့ ဒါဟာ
သက်ဝင်လှုပ်ရှား သက်ရှိပန်းချီကားတစ်ချပ်…။

ဒီလိုအချိန်မှာ…
ဗြုန်းကနဲဆို.. မိုးတွေသည်းသည်း
ကိုယ်နဲ့  ကိုယ့်ပန်းချီ တစ်ခြားစီဖြစ်အောင်ခွဲ…
ရင်ထဲမှာ တစ်ထင့်ထင့်
မုန်တိုင်းတွေ အဆင့် မိုးစက်တွေ အလွင့်မှာ…
အတွေးနဲ့ တစ်တွဲထဲ…
မရ အရ ခေါ်ထားခဲ့ရတဲ့ သူ့ အပြုံး နဲ့  သူ့ နှလုံးသား…
မှုန်ရီရီေ၀၀ိုးတ၀ါး...
မှုန်ရီရီေ၀၀ိုးတ၀ါး...

နှင်းထုတွေပိတ် သိပ်သည်းလှတဲ့
တောင်ပေါ်မြို့ ကလေး တစ်ခုရဲ့ 
ဆောင်းရာသီ…
အနွေးဓါတ်ပေး မီးလင်းဖိုကလေးရဲ့ အနား
ကိုယ်တစ်ယောက်ထည်း…
ဘယ်လိုထွေးထွေး မနွေးနိုင်ဘဲ…
တစ်ကွဲစီ… တစ်ကွဲစီ…
ကြွေကျနေတဲ့ ပုလဲလုံးလေးတွေနဲ့ အတူ…

ချစ်သူရေ…
ရင်ထဲမှာတော့
ပုလဲသီ တစ်ကွဲစီ…။

သက်ဝေ


Wednesday, February 6, 2008

ကူညီကြပါအုံး

ဒီနေ့  တကယ်ကို စိတ်ညစ်စရာကောင်းတဲ့ နေ့ ပါဘဲ။
မနက်က ဖုန်းနဲ့ ပေးထားတဲ့ Alarm ကအသံမမြည်တော့ အိပ်ရာထတာ နောက်ကျ ရုံးချိန် မမှီမှာစိုးလို့  ကမန်းကတန်း အပြေး၊ လမ်းမှာ ခါတိုင်း တွေ့ နေကျ ဆက်ရက် အကောင်ကလေးတွေ အားလုံး တစ်ကောင်ချင်းစီ တစ်ကောင်ချင်းစီ ဟိုငေးဒီငေးနဲ့ တွေတွေ ဝေဝေ၊ အရင်နေ့ တွေကဆို အမြဲတမ်း နှစ်ကောင် သုံးကောင် တွဲလို့ တွေ့နေကျ...။ ဒီနေ့ တော့ ဘာကြောင့်များ အခုလို အဖေါ်ကွဲနေကြပါလိမ့် လို့ တွေးလို့မှ မဆုံးခင် စီးနေကျ ရထားတစ်စီး လွတ်သွားတော့တယ်။ ကဲ... စောင့်ပေအုံးတော့ နောက်ထပ် လေးမိနစ်...။



တော်သေးရဲ့  ရုံးကားတော့ မှီသေးသား . . .
ဒီလိုနဲ့  ရုံးကားပေါ်ရောက် မြင်နေကျ လုပ်ဖေါ်ကိုင်ဖက်အချို့ ရဲ့ ပျင်းရိလေးကန်နေတဲ့ မျက်နှာတွေ... အော် သိပြီ သိပြီ... Holiday Mood က စနေပြီပေါ့။ မနက်ဖြန် ကစပြီး တရုတ်နှစ်သစ်ကူး အတွက် ရုံးပိတ်ရက် ငါးရက်ရမယ်လေ...။ ပျော်သည် ပျော်သည် ပေါ့။ ပြီးတော့ ရုံးကိုရောက်၊ ဆယ်မိနစ်လောက် ဟိုယောင်ဒီယောင်လုပ်၊ ကော်ဖီဖျော် E mail စစ် ပြီးတော့ ကိုယ့် Blog လေးကိုဖွင့်ကြည့်၊ အဲဒီမှာ ပြဿနာက စတော့တာပါဘဲ။ C Box မှာ ဘာမှ မမြင်ရတော့ဘူး။ ရလိုရငြားနဲ့ ဟိုလုပ် ဒီလုပ် လုပ်ကြည့်ပေမယ့် ဘယ်လိုမှ မရတော့။ သေပြီ ဆရာ...

မနက်တိုင်း Blog လေးဖွင့်ပြီး C Box လေးထဲက သူငယ်ချင်းလေးတွေ ရဲ့  နှုတ်ဆက် စကားလေးတွေနဲ့  ပျော်စရာ နေ့ သစ်တစ်နေ့ ကို အစပြုနေကျ၊ အခုတော့ ဘယ်နှယ့်လုပ်ရပါ့။ အင်း... ဆက်ရက်နှစ်ကောင်တွဲလေးတွေ မတွေ့ ခဲ့ရလို့ ဘဲဖြစ်ရမယ်။ One for Cry… Two for Joy… လေ။



ကိုယ့်ရဲ့  C Box ကလေးပြန်ရဖို့  အမျိုးမျိုး ကြိုးစားပေမယ့် မအောင်မြင်။ ရလိုရငြား C Box WebSite ထဲကိုဝင် Control Panel ကိုသွားပြီး HTML တွေကို Copy & Paste လုပ်တာလဲ မရ။ တစ်ခုခုတော့ အကြီးအကျယ် မှားယွင်းနေတာ သေချာနေပြီ။ ဘယ်လိုမှလုပ်လို့ မရတဲ့ အဆုံး E Mail Account တစ်ခု အသစ်ဖွင့်ပြီ့း  C Box အသစ် ပြန်လုပ်လိုက်တယ်။ ဒါပေမယ့် အဲဒါ လဲမရ။ ဆိုးလိုက်တာ...

ဒါကြောင့် စိတ်ညစ်ညစ်နဲ့  ဒီ Post လေးကိုထိုင်ရေးနေတာ...။ နားလည်တတ်ကျွမ်းတဲ့ သူငယ်ချင်းလေးတွေဆီက အကူအညီ အကြံပေးစကားလေးတွေ မျှော်နေပါတယ်နော်။ C Box မရှိပေမယ့် ဒီ Post လေးရဲ့  Comment မှာ ရေးပေးခဲ့ကြပါနော်။ ကျေးဇူးတွေ အထပ်ထပ် ကြိုပြီး တင်ထားနှင့်ပါတယ်နော်။ ကူညီကြပါအုံး...


Monday, February 4, 2008

စဉ်းစားကြစေချင်ပါသည်

ဒီနေ့ စိတ်ထဲမှာ နင့်နင့်နဲနဲ ခံစား စိတ်မကောင်းဖြစ်နေရတာလေးတစ်ခုကို ပြောပြချင်ပါတယ်။ ညက အိမ်ပြန်ရောက် . . . ရေမိုးချိုး တမင်းစားပြီးတော့ ထုံးစံအတိုင်း ကွန်ပြူတာရှေ့ ထိုင် . . . Blog လည်ထွက် . . . Email တွေဖတ်ပေါ့။ အဲဒီလိုနဲ့  ဟိုလုပ်ဒီလုပ် ဟိုတွေးဒီတွေး တွေးရင်း ဘာလိုလိုနဲ့  အိမ်နဲ့ ဝေးနေရတာ ၅ - နှစ် တောင်ကျော် သွားပြီလို့  ပြန်တွက်ကြည့်နေမိတယ်။

တစ်ပတ်မှာ ၅-ရက် နေ့ စဉ် အလုပ်သွားအလုပ်ပြန် အဲ . . . ပိတ်ရက်ကလေးနှစ်ရက် ကျပြန်တော့လည်း တစ်ပတ်လုံး ၀တ်ထားတာတွေကို လျှော်ရဖွတ်ရ မီးပူတိုက်ရ . . ။ နောက်ပြီး တော့ တစ်ပတ်စာ ဈေးဝယ် ကျော်လှော် ချက်ပြုတ် ရေခဲသေတ္တာ ထဲထည့်သိမ်းသင့်တာသိမ်း . . .။ ဒီလိုနဲ့  တစ်ပါတ်ပြီး တစ်ပါတ် ကုန်ဆုံး . . . ။ အော် . . . ဘယ်လိုဘ၀မျိုးတွေပါလိမ့် လို့ တစ်ခါတစ်ခါ စိတ်နာနာတွေးမိတယ်။

ဒီလိုတွေးတော စဉ်းစားနေရင်း Singnet Mail Box ကို ဖွင့်လိုက်တော့ အိမ်က ဖေဖေ နဲ့  မေမေ တို့ ဆီက Email ရောက်နေတာ တွေ့ တော့ တော်တော်ဝမ်းသာသွားတယ်။ လွမ်းနေတုံး ဆိုတော့လေ . . .။

Email က ဘာမှ အထွေအထူး အရေးတကြီး မပါပါဘူး။ ထုံးစံအတိုင်း မာကြောင်း သာကြောင်း ပေါ့။ ဖေဖေ ရေးနေကြအတိုင်း ဖေဖေ နဲ့  မေမေ တို့ အဆင်ပြေကြောင်း နေကောင်းကြောင်း သမီးကို သတိရကြောင်း သမီး ရော အဆင်ပြေရဲ့ လား အလုပ်တွေများနေလား နဲ့  သမီးလဲ ကျန်းမာရေး ဂရုစိုက် နေကောင်းအောင်နေ ဆိုတဲ့ အကြောင်းတွေပါဘဲ။ ပြီးတော့ သမီးမေမေ က သမီးကြိုက်တတ်တဲ့ ဟင်းတွေချက်တိုင်း သမီးကို သိပ်သတိရနေတဲ့ အကြောင်း . . .။ အဲဒီကနေမှ ဖေဖေက ဘာရေးထားလဲဆိုတော့ အဝေးမှာရောက်နေကြတဲ့ သမီးတွေ သားတွေ မြေးတွေ ကို သတိရနေရင်းကနေ ဟိုးအရင်တုံးက အဆိုတော် တွံတေးသိန်းတန် ဆိုထားတဲ့ သီချင်းတစ်ပုဒ်ကို သတိရပြီး အခုလဲ ဖေဖေ နဲ့ မေမေ တို့ ကအဲဒီ သီချင်းထဲကလို ဖြစ်နေပြီ လို့ ရေးလာတယ်။ (သီချင်းနာမည်တော့ထည့် မရေးထားလို့  သက်ဝေ မသိပါ။)

သီချင်းရဲ့ ဆိုလိုရင်း ကတော့ . . .
ချစ်သူနှစ်ဦး အချိန်တန်အရွယ်ရောက်လို့  အိမ်ထောင်ပြု ကြပြီး အိမ်ထောင်ဦးအစမှာ အတူတူ ချက်ပြုတ် စားသောက်ကြတဲ့အခါ နှစ်ယောက်စာကလေးသာ ချက်ကြရတာမို့  အိုးကလေး သေးသေးလေးနဲ့  ချက်ကြရတဲ့ အကြောင်း . . .။ အဲဒီ့နောက် သားတွေ သမီးတွေ ရလာတဲ့ အခါကျတော့ မိသားစုဝင်တွေ များလာပြီး ထမင်းအိုး ဟင်းအိုးတွေ တဖြည်းဖြည်းနဲ့  ကြီးလာရတဲ့ အကြောင်း . . .။ အခုကျတော့ သား သမီး တွေ အရွယ်ရောက် အိမ်ထောင်ရက်သားကျပြီး တစ်ယောက်တစ်နေရာစီ် အဝေးကိုရောက်နေတဲ့ အခါမှာ အဖိုးကြီး အဖွားကြီး နှစ်ယောက်သာ အိမ်မှာ ကျန်ခဲ့ပြီး နှစ်ယောက်စာသာ အတွက်သာ ချက်ရတာကြောင့် ထမင်းအိုး ဟင်းအိုးတွေ ပြန်သေးသွားရတဲ့ အကြောင်းတွေ နဲ့ ဖွဲ့ ဆိုထားတာပါ။


ဒီသီချင်းလေးဟာ အပေါ်ယံ အားဖြင့်ကြည့်မယ်ဆိုရင် ခပ်ပေါ့ပေါ့ပါးပါးလေးလို့ ထင်ရပေမယ့် တကယ့်တကယ် ခံစားကြည့်လိုက်ရင် ဘယ်လိုမှ မပေါ့ပါးနိုင်တာ အသေအချာပါ။ ဒါကြောင့် ဖေဖေ့ ဆီက E Mail ဖတ်ပြီး တော်တော်စိတ်မကောင်းဖြစ်ရပါတယ်။ ကိုယ်တိုင်ကလဲ အဝေးမှာဆိုတော့ ဘာမှလဲ လုပ်ပေးလို့ မရတာမို့ ပိုပြီး စိတ်တွေထိခိုက် ရပါတယ်။

မိဘတွေတိုင်းဟာ သားသမီး ဘယ်နှစ်ယောက်ကိုဘဲ ဖြစ်ဖြစ် ပညာတွေသင်ပေးပြီး လူတစ်လုံး သူတစ်လုံး ဖြစ်လာအောင် ပြုစုပျိုးထောင် ပေးခဲ့နိုင်ကြပေမယ့် သား သမီး တွေတိုင်းကတော့ဖြင့် နှစ်ဦးတည်းသာရှိတဲ့ မိဘတွေကို အချိန်ပြည့် အနီးကပ် အလုပ်အကျွေး မပြုနိုင်ကြတာ များလှပါတယ်။ အထူးသဖြင့် တော့ ဒီဖက် ခေတ်ကြီးထဲမှာ ပိုပြီးများမယ် ထင်ပါတယ်။ စဉ်းစားမယ်ဆို စဉ်းစားချင်စရာတွေပါနော် . . .။


ဒါကြောင့် ဒီ Post လေးကိုဖတ်ပြီး သက်ဝေတို့ လို ဘ၀အခြေအနေတွေ အရ မိဘနှစ်ပါးနဲ့ ဝေးရာ ရောက်နေကြရသူတွေ . . . အထူးသဖြင့်တော့ ညီအစ်ကို မောင်နှမ နည်းပါးတဲ့ အတွက် အဖေ နဲ့  အမေကို နှစ်ယောက်ထဲ အဝေးမှာ ခွဲထားခဲ့ရသူတွေ . . . ကိုယ့် မိဘနှစ်ပါး ကို အကောင်းဆုံးဖြစ်အောင် ဘာတွေလုပ်ပေးနိုင်ခဲ့ကြသလဲ . . . ရှေ့ ဆက်ပြီး ဘာတွေ ဘယ်လို လုပ်ပေးကြမလဲ . . . ဆိုတဲ့ အတွေးလေး တစ်စွန်းတစ်စလောက် ခေါင်းထဲကို ဝင်လာရင် သက်ဝေ ဒီ Post လေး ရေးရကြိုးနပ်ပြီ လို့ ထင်ပါတယ်။