Monday, February 27, 2012

ရှယ်ရီ နဲ့ မွေးနေ့ည

(Picture from Google)

ညနေစောင်းပေမယ့် ဆိုင်လေးထဲမှာ ဒီနေ့ လူရှင်းနေပါတယ်။ ဒီအချိန်မှာပဲ ဆိုင်ထဲကိုဝင်လာတဲ့ အမျိုးသား သုံးယောက်ထဲက လယ်သာကုတ် အနက်ရောင်ဝတ်ထားတဲ့ တယောက်ကို ကျွန်မ အံ့သြတကြီး ကြည့်လိုက်မိတယ်။ အသိတွေ အာရုံတွေ နှေးကွေးလာတယ် အမြင်တွေ ဝေဝါးနေတယ် ဆိုပေမယ့် သူ့ကို ကျွန်မ ကောင်းကောင်းကြီး မှတ်မိပါတယ်။ အဲဒီအမျိုးသားရဲ့ မျက်ဝန်းတွေဟာ သူ့ကို စူးစူးစိုက်စိုက် ကြည့်နေမိတဲ့ ကျွန်မနဲ့ ဖျတ်ကနဲ ဆုံလိုက်မိပါတယ်။ အဲဒီစက္ကန့်ပိုင်းလေးမှာ သူများ ကျွန်မကို မှတ်မိလေမလား ဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ ကျွန်မ နှလုံးခုန်သံတွေ မြန်လာကြတယ်။ ကျွန်မ မျက်ဝန်းတွေဟာလည်း ဟိုးတချိန်ကလို တောက်ပ စူးရှသွားလိမ့်မယ်ဆိုတာ သေသေချာချာ ယုံကြည်နေမိတယ်။ ဒါပေမယ့် ဝမ်းနည်းစရာကောင်းတာက သူ က ကျွန်မကို မမှတ်မိဘူးရှင့်…။

သူတို့ သုံးယောက်က ကျွန်မကို ဖြတ်ကျော်ပြီး ဆိုင်လေးရဲ့ အနောက်ဖက်က ဘားကောင်တာမှာ ထိုင်လိုက်ကြတယ်လို့ ကျွန်မ ထင်တယ်။ တကယ်တော့ ထင်နေတာမဟုတ်ပါဘူး သူ ဘားကောင်တာက ကုလားထိုင် အမြင့်လေးတွေမှာ ထိုင်မှာလို့ သေချာပါတယ်… လှည့်ကြည့်စရာ မလိုပါဘူး… ကျွန်မ သူ့အကြောင်းကို ကောင်းကောင်းသိတာပေါ့..။

ကျွန်မကို အပြန် လာကြိုမယ့် ကားကို အချိန် တနာရီ နောက်ဆုတ်ပေးဖို့ လှမ်းပြောလိုက်တယ်။ ဒီညနေအဖို့ ကျွန်မ ဒီဆိုင်လေးကနေ မပြန်ချင်သေးဘူးလေ...။ သောက်လက်စ ဝိုင်အဖြူကို မော့သောက်လိုက်တယ်ဆိုရင်ပဲ ကျွန်မကိုယ်ထဲက သွေးတွေ နွေးထွေးပြီး အားအင်တွေ ပြည့်ဖြိုး လန်းဆန်းလာသလို ခံစားရတယ်။ ပြီးတော့ အချိန်အတော်ကြာခဲ့ပေမယ့် မကြာခဏ သတိရဖြစ်တဲ့ ကာလ အပိုင်းအခြားတွေ အဖြစ်အပျက်တွေက ကျွန်မရဲ့ အတွေးတွေထဲမှာ နေရာအပြည့် ယူထားကြတယ်။ အတွေးတွေနဲ့အတူ အလိုလိုနေရင်း ပြုံးနေမိတဲ့ ကျွန်မနှုတ်ခမ်းပါးက အပြုံးတွေကို ဘယ်သူတွေများ တွေ့သွားကြပြီလဲ… လို့ တွေးရင်း မလုံမလဲနဲ့ ရှက်နေမိသေးတယ်။

နောက်ထပ် နာရီဝက်လောက် အတွေးတွေထဲ မျောနေမိတဲ့ ကျွန်မဟာ ကုလားထိုင်တွေ တွန်းရွှေ့တဲ့ အသံကို ကြားလိုက်ရတဲ့အချိန်မှာတော့ ကိုယ်ကို မတ်မတ်ပြင်ထိုင်လိုက်ပြီး သတိအနေအထားနဲ့ အသင့်နေလိုက်မိတယ်။ အဲဒီအချိန်လေးမှာပဲ ကျွန်မထိုင်နေတဲ့ စားပွဲဘေးကနေ လယ်သာကုတ် အနက်ရောင်လေး ရိပ်ကနဲ ဖြတ်အသွား… ကျွန်မ ထိုင်နေရာကနေ မထပဲ သူ့ရဲ့ အင်္ကျီလက်ဖျားစလေးကို လှမ်းဆွဲလိုက်တယ်…။

ပြီးတော့ “ရှင်… ရှယ်ရီ… ဟုတ်ပါတယ်နော်… ဟုတ်တယ် မဟုတ်လားဟင်…” လို့ အလျင်စလို မေးလိုက်မိတယ်…။

ဇဝေဇဝါနဲ့ အံ့သြသွားတဲ့ သူ့မျက်ဝန်းတွေဟာ မျက်တောင် တချက် နှစ်ချက် သုံးချက် ခတ်အပြီးမှာ တလက်လက်နဲ့ တောက်ပလာကြတယ်။ ဟိုးအချိန်တွေကလိုပဲ မျက်ဝန်းတွေ ပြုံးလာကြတယ်…။ ပြီးတော့… ရှယ်ရီ… ရှယ်ရီ… လို့ သူ့နှုတ်ခမ်းက တိုးတိုးလေး နှစ်ခါ ရေရွတ်လိုက်တာကို ကျွန်မ ပြုံးကြည့်နေမိတယ်…။ သေချာတယ်… သူ ကျွန်မကို မှတ်မိသွားပြီ။ ကျွန်မတို့ နှစ်ယောက်က တယောက်ကို တယောက် ရှယ်ရီလို့ အပြန်အလှန် ခေါ်ကြတယ်လေ… ပြီးတော့ ဒီစကားလေးဟာ ကျွန်မတို့ နှစ်ယောက်ကြားက လျှို့ဝှက် စကားလုံးလေးဆိုလည်း မမှားပါဘူး။ ဟုတ်ပါတယ်… ကိုယ် ရှယ်ရီပါ…

နောက်တော့ ကျွန်မကပဲ သူ့ကို မင်း အချိန် နည်းနည်းရရင် တခုခု ထပ်သောက်ပါလား… ကိုယ်တို့ နာရီဝက်လောက် စကားပြောကြရအောင်လေ… လို့ ဖိတ်ခေါ်လိုက်ပါတယ်။ သူကလည်း မဆိုင်းမတွပဲ… သူနဲ့ အတူပါလာတဲ့ မိတ်ဆွေနှစ်ယောက်ကို နှုတ်ဆက်ပြီး ကျွန်မနဲ့ မျက်နှာချင်းဆိုင် ကုလားထိုင်မှာ ဝင်ထိုင်လိုက်ပါတယ်။ ပြီးတော့ သူကပဲ စားပွဲထိုးကလေးတယောက်ကို ခေါ်ပြီး ရှယ်ရီ နှစ်ခွက်ပေးပါ… လို့ မှာလိုက်ပါတယ်။ ဒါ သူ့ အကျင့်ပဲလေ… ဘယ်တော့မဆို အရာရာကို ပိုင်နိုင် သေချာနေပြီး ကိုယ့်ကိုကိုယ် ယုံကြည်မှုအပြည့်ရှိတဲ့ လူကြီးမင်းလေးတယောက်ပေါ့။

သူ့ကိုကြည့်ရင်း ဘာစကားမှ မဆိုနိုင်သေးတဲ့ ကျွန်မကို သူကပဲ စကားစလာပါတယ်။ ကျွန်မရဲ့ ကျန်းမာရေးအကြောင်းနဲ့ မိသားစုအကြောင်းအပြင် ကျွန်မရဲ့ အမျိုးသားအကြောင်းကို အရောက်မှာတော့ ဂျွန် ဆုံးသွားတာ နှစ်နှစ်ကျော်ပြီလို့ အဖြေပေးလိုက်ပါတယ်။ ဝမ်းနည်းပါတယ် လို့ ပြောပြီးတဲ့နောက်မှာ သူ အချိန်တော်တော်ကြာ တိတ်ဆိတ်နေပါတယ်။ စားပွဲထိုးလေးလာချပေးသွားတဲ့ ရှယ်ရီကို ကျွန်မတို့ နှစ်ယောက်စလုံး နည်းနည်းချင်းစီ သောက်နေပါတယ်။ မတွေ့ကြရတဲ့ အချိန်တွေ အတွင်းမှာ မင်း တော်တော်လူကြီးဖြစ်လာပြီပဲ… လို့ ကျွန်မက မှတ်ချက်ချတော့ သူ ပြုံးပါတယ်။ သူ့ရဲ့ အိမ်ထောင်ဖက်နဲ့ တသီးတခြားစီ နေထိုင်တဲ့အကြောင်းနဲ့ သူ့မှာ သမီးလေး နှစ်ယောက်ရှိတဲ့အကြောင်း၊ သမီးလေးတွေက ကျောင်းပိတ်ရက်တွေမှာ သူနဲ့ လာနေကြတဲ့အကြောင်းတွေ ကျွန်မကို ပြောပြနေပါတယ်။ တကယ်တော့ သူ့ဆီက ကျွန်မသိချင်တာ အဲဒါတွေ မဟုတ်ပါဘူး။ ဒါကြောင့် သူ့စကားသံ တိုးတိုးညင်ညင်ကြားထဲမှာ ကျွန်မကတော့ ပစ္စုပ္ပန်နဲ့ နီးတခါ ဝေးတလှည့်နဲ့… ကျွန်မ သိချင်နေတဲ့ မေးခွန်းကို မေးဖြစ်ဖို့ကိုသာ အာရုံရောက်နေတော့တယ်။

သူ့စကားတချက် နားလိုက်ပြီး ရှယ်ရီခွက်ကို ကိုင်လိုက်တဲ့ အချိန်မှာတော့ ကြာမြင့်ခဲ့တဲ့ နှစ်တွေကို ရေတွက်ကြည့်ဖို့ သူ့ကို စကားထောက်ပေးလိုက်မိပါတယ်။ ဒီတော့ သူက နှစ်ပေါင်း ၃၀ ကျော်ပြီနော်… လို့ ရှက်ရယ် ရယ်ရင်း ပြောလာတယ်။ သူ့အကျင့်အတိုင်း သေသပ်အောင် ဖြီးသင်ပြီးသား ဆံပင်ထူထူ နက်နက်တွေကို လက်နဲ့ ထိုးသပ်တင်ရင်းပေါ့…

ကျွန်မလည်း ဒီ့ထက် ဆက်ပြီး စောင့်ဖို့ စိတ်မရှည်နိုင်တော့တာနဲ့ “ကိုယ်ဟာ မင်းနဲ့ ပထမဦးဆုံး ချစ်ခွင့်ရခဲ့တဲ့ အမျိုးသမီးတယောက် ဆိုတာ သေချာရဲ့မဟုတ်လား…” လို့ ကောက်ခါ ငင်ကာ မေးချလိုက်မိတော့တယ်။ ကျွန်မရဲ့ မေးခွန်းအဆုံးမှာ သူ့ရဲ့အပြုံး သူ့ရဲ့အကြည့်တွေဟာ လွန်ခဲ့တဲ့ နှစ် ၃၀ ကျော်၊ စက်တင်ဘာလရဲ့ ရက်စွဲအချို့က အပြုံးတွေ အကြည့်တွေနဲ့ ထပ်တူ ထပ်မျှ ဆွဲဆောင်မှု ရှိနေတုန်းပါပဲရှင်။

နောက်တော့ သူ့ထုံးစံအတိုင်း ဆံပင်ကို လက်နဲ့ နှစ်ချက်လောက် သပ်ပြီးတော့ ခေါင်းကိုငုံ့ရင်း “ဟုတ်ပါတယ် မင်းဟာ ကိုယ့်ဘဝရဲ့ ပထမဆုံး ချစ်ခဲ့ရသူပါ ရှယ်ရီ...” လို့ တလုံးချင်း ပြန်ပြောပါတယ်။ တဆက်တည်းမှာပဲ “စိတ်မဆိုးဘူးဆိုရင် မေးခွန်းတခု ပြန်မေးခွင့်ပြုပါနော်…” လို့ သူက တောင်းဆိုတော့ သူ ဘာမေးမယ်မှန်းမသိပဲနဲ့ကို ပြန်ပေးရမယ့် အဖြေအတွက် ကျွန်မ စိတ်လှုပ်ရှားပြီး ပြင်ဆင်နေမိတယ်…။ ရယ်စရာတော့ အကောင်းသားနော်…။

ဒါပေမယ့် “ဒီမှာ ရှယ်ရီ… ကိုယ်ဟာ မင်းရဲ့ အမျိုးသား ဂျွန်အတွက် တဦးတည်းသော မကောင်းဆိုးဝါးကောင် ဆိုတာ သေချာရဲ့လား… သေချာပါတယ်နော်…” ဆိုတဲ့ သူ့အမေးမှာ ကျွန်မ ရုတ်တရက် နှလုံးခုန် ရပ်သွားသလို ခံစားလိုက်ရပါတယ်။

တခဏအကြာမှ သူ ဘာကို ဆိုလိုမှန်း သဘောပေါက်လာတဲ့ ကျွန်မဟာ “ဟုတ်ပါတယ်… မင်းဟာ ကိုယ့်ရဲ့ နှစ်သက်စရာ အကောင်းဆုံး အမှားလေး… ဒါမှမဟုတ် မင်းစကားနဲ့ ပြောရရင် ဂျွန့်အတွက်ရော ကိုယ့်အတွက်ပါ တဦးတည်းသော... ပြီးတော့ ပထမဆုံးနဲ့ နောက်ဆုံးသော မကောင်းဆိုးဝါး အကောင်လေးပါလေ…” လို့ ရယ်ရယ်မောမောနဲ့ ပြန်ပြောလိုက်တယ်…။ ဒီအချိန်မှာပဲ သူက သောက်လက်စ ရှယ်ရီတခွက်ကို ကျွန်မကို လှမ်းပေးပြီး စက်တင်ဘာ ၁၄ ရက်အတွက် အမှတ်တရ လို့ ပြောပြီး ကျွန်မတို့ ဖန်ခွက်ချင်း တိုက်လိုက်ကြတယ်။

ကျွန်မကို လာကြိုတဲ့ကား ရောက်နေပါပြီလို့ ဆိုင်က စားပွဲထိုးလေးက လာပြောတော့ သူရော ကျွန်မပါ ပြန်ဖို့ ပြင်ကြတယ်။ အပြင်မှာ နှင်းတွေ ဖွေးနေပြီမို့ ကျွန်မဘေးကခုံမှာ တင်ထားတဲ့ သားမွေးကုတ်အင်္ကျီကို သူက လှမ်းယူပြီး ကျွန်မရဲ့ ကျောဖက်ကနေ ကူညီ ဝတ်ဆင်ပေးခဲ့တယ်။ ပြီးတော့ ကျွန်မကို ကားပေါ်ရောက်တဲ့အထိ လက်ကိုဆွဲရင်း တယုတယ လိုက်ပို့ခဲ့ပြီး ကားတံခါး မပိတ်ခင်မှာ ကျွန်မပါးပြင်ပေါ်ကို ညင်သာတဲ့ အနမ်းတချက် ပေးခဲ့လေတယ်။

“ကျေးဇူး ရှယ်ရီ… ကိုယ့်ကို အချိန်ပေးတဲ့အတွက်ရော… ကိုယ့်အမေးကို ဖြေတဲ့ အတွက်ရော…” လို့ ကျွန်မက နှုတ်ဆက်စကားပြောတော့ သူက ကျွန်မကို ပြုံးပြီး ကြည့်နေခဲ့တယ်။ ပြီးတော့ ကားအထွက်မှာ လက်ပြ နှုတ်ဆက်ရင်း ဆိုင်လေးရှေ့မှာ သူ ကျန်နေရစ်ခဲ့တယ်။

တကယ်တော့ ဒီနေ့ဟာ ကျွန်မရဲ့ မွေးနေ့ပါ။
အရာရာကို သေချာချင်စိတ်ရှိပေမယ့် သေချာအောင်အောင် ကြိုးစားဖို့ အမြဲတမ်း နောက်ကျ နှောင့်နှေးတတ်ခဲ့ပြီး တွေဝေမှု မရေရာမှုတွေနဲ့ ရှုပ်ထွေး ရစ်ပတ်ရင်း နေသားကျသလို ဖြစ်နေခဲ့တဲ့ ကျွန်မဟာ နှစ်ပေါင်း ၃၀ ကျော်ကြာတဲ့အထိ (တွေးလိုက်မိတဲ့ အချိန်တိုင်းမှာ) မရေမရာနဲ့ အဖြေမရခဲ့တဲ့ မေးခွန်းအတွက် သိမ်မွေ့လှပတဲ့ အဖြေတခု ဒီနေ့ ရခဲ့ပါတယ်။ ကျွန်မ ပြောမပြတတ်အောင် ဝမ်းသာပါတယ်…။ အသက် ၄၀ ကျော် အမျိုးသမီးတယောက်ဟာ အသက် ၂၅ နှစ်အရွယ် အမျိုးသားကလေးရဲ့ဘဝအတွက် ပထမဦးဆုံးသော ချစ်သူဖြစ်ခွင့်ရခဲ့တဲ့ အဖြစ်ဟာ အင်မတန်မှ ကြည်နူး ဝမ်းသာစရာကောင်းတဲ့ အဖြစ်တခု မဟုတ်လား...

အိမ်အပြန် လမ်းမတလျောက်မှာ တဖွဲဖွဲကျနေတဲ့ နှင်းတွေကို ကြည့်ပြီး ရှယ်ရီ့အတွက် ချမ်းမြေ့သာယာပြီး နွေးထွေးတဲ့ မနက်ဖြန်တွေ အများကြီး ရောက်လာစေကြောင်း… တိုးတိတ်စွာ ဆုတောင်းနေမိတယ်။ ကျွန်မအတွက်ကတော့ ဆုတောင်းစရာ မနက်ဖြန်တွေ သိပ်များများစားစား မကျန်တော့ပါဘူးလေ...။




Inspiration – The Moor by Russell Banks

Sunday, February 19, 2012

အမှုတွဲ အမှတ် ၀၀၇-၀၀၈-၀၀၉/၂၀၁၂



ပြီးခဲ့တဲ့ တပတ်က ဖြစ်ပါတယ်…။
၆ လ ကျော် လက်ပွန်းတတီး အသုံးပြုခဲ့တဲ့… ဟိုတို့ ဒီတို့ တို့ထိပြီး အသုံးပြုရတဲ့ လက်စွဲတော် အိုင်ပက် အမှတ်-၂ ဟာ ရုတ်ချည်းဆိုသလို အတို့ မခံ အထိ မခံ တဲ့ ဘဝကို ရောက်သွားပါတယ်။ တနေရာကို တို့လိုက်ရင် နောက်တနေရာက ပွင့်လာတယ်။ နောက်တနေရာကို တို့လိုက်ရင် အရင်က တို့ထားခဲ့တဲ့ နေရာက စိတ်ဆိုး မာန်ဆိုးနဲ့ ပွင့်လာပါတယ်။ အထိမခံ ကြွေပန်းကန် ဖြစ်လာတဲ့ သဘောတွေလည်း အများကြီး ပါပါတယ်…။ တခါတခါမှာတော့ ထိရာ တခြား ပွင့်ရာ တခြားတွေလည်း ဖြစ်ပါတယ်။ တခါတခါမှာတော့ ထိချင်တိုင်းထိ ထိချင်တဲ့နေရာကိုသာ ထိ… တုတ် တုတ်မှ မလှုပ်ပါဘူး။ ခပ်တင်းတင်းနဲ့ ပြန်ကြည့်နေပါတယ်။

အဲ… ဒါတွေပဲလား ဆိုတော့ မဟုတ်ပြန်ပါဘူး…
ဘယ်နေရာကိုမှ မထိရပဲနဲ့လည်း အပလီကေးရှင်းတွေဟာ သူ့အလိုလို တခုပြီးတခု ထ ပွင့်နေပြန်ပါတယ်။ တခါတခါများဆို ပွင့်ချင်တိုင်း ပွင့်နေတာ Smurfs နဲ့ Angry Birds နဲ့ တခြမ်းစီ ပွင့်လိုပွင့်… Snoopy နဲ့ Temple Run နဲ့ တဝက်စီ ပေါ်လာလို ပေါ်လာ… အိုင်မြန်မာနဲ့ ဓါတ်ပုံတွေ တလှည့်စီ ရောက်လို ရောက်... သူ့အလိုလို သီချင်းတွေ ထ ဆိုလိုဆို... စိတ်ထဲမှာ Steve Jobs ကြီး တယောက် သေသေချာချာမှ လွတ်မြောက်ရဲ့လားလို့ တွေးပြီး အမျှအတန်းတောင် ပေးဝေချင်စိတ် ပေါ်လာမိသေးတော့…။

ဘယ်လိုဖြစ်ပြီး အဲဒီလို ဖြစ်သွားတယ်ဆိုတာ မပြောတတ်ပါဘူး တကယ်တော့ သူများတွေ သုံးသလောက်ကို ပြင်းပြင်းထန်ထန် မသုံးဖြစ်သလို အချိန်လည်း များများစားစား မသုံးဖြစ်ပါဘူး... တနေ့လုံး ရုံးမှာ ကစားချိန် ၁၅ မိနစ်လောက်၊ အိမ်ရောက်တော့လည်း အလွန်ဆုံး သုံးဖြစ်တာ တနာရီ နှစ်နာရီလောက်ပါပဲ...။ သုံးတယ်ဆိုတာလည်း ဖဘ ဖတ်တာရယ်၊ တခြားစာတွေ သတင်းတွေ ဖတ်တာရယ်၊ Smurfs /Angry Birds နဲ့ Snoopy Street's Fair ကစားတာရယ်ပဲ ရှိပါတယ်။ ပျက်ချိန်တန်လို့ ပျက်တယ်ပဲ သဘောထားရမှာပေါ့...

နောက်ဆုံးမှာတော့ အဲဒီ အိုင်ပက် အမှတ်-၂ ကို ဆေးကုရတော့မယ်လို့ ဆုံးဖြတ်ပြီး နည်းလမ်းတွေ ရှာဖွေပါတယ်။ StarHub က ယူထားတာမို့ သူ့ဆီ အရင်သွားပါတယ်။ သူက တာဝန်မယူပါဘူး။ ပန်းသီးရဲ့ စက်မှုဆိုင်ရာကို ဝန်ဆောင်မှုပေးတဲ့ နေရာကို ညွှန်ပါတယ်။ ဖူနန် ၅ ထပ်မှာပါ။ အဲဒီကိုရောက်တော့မှ ကိုယ့်လိုလူတွေ အများကြီး ရှိနေပါလားလို့ အားတက်မိပါတယ်။ ကိုယ်ရောက်သွားတဲ့ အချိန်မှာ အဲဒီဆိုင်ရဲ့ ကောင်တာ တခုမှာ အသက် ၅၀ လောက် ရှိတဲ့ လူကြီးတယောက် စိတ်ဆိုးပြီး အဲဒီကောင်တာက အမျိုးသမီးနဲ့ စကားတွေ များနေပါတယ်။ နားစွန်နားဖျား ကြားလိုက်တာကတော့ “ငါ ဝယ်ထားတာ အသစ်စက်စက် ယူနစ်ပါ…” ဆိုတာရယ် “မင်းတို့ မမျှတဘူး…” ဆိုတာရယ် ပါ။ ကောင်တာက တာဝန်ရှိ အမျိုးသမီးကတော့ မျက်နှာငယ်ငယ်နဲ့ ပျော့ပျော့ပျောင်းပျောင်း ပြန်ပြောနေတာ တွေ့ရပါတယ်။ သူ ဘာတွေ ပြန်ပြောသလဲ ဆိုတာကို အတတ်နိုင်ဆုံး နားရွက်ကို ကားပြီး စပ်စုပါတယ်… ဒါပေမယ့် မကြားရပါဘူး။

ကိုယ့်အလှည့်ရောက်တော့ ကောင်တာက ဝန်ထမ်းက တရုတ်ကလေးပါ။ သူ့လက်ထဲမှာ ကိုယ့်အိုင်ပက် ဆတ်ဆတ်ထိမခံ ဖြစ်နေပုံကတော့ သူလေးခမျာ ပစ္စည်းရဲ့ အမှတ်စဉ်ကိုတောင် မနည်း ကြည့်ယူရပါတယ်။ ပြီးတော့ သူက “အသုံးပြု၍ မရပါ” ဆိုတဲ့ မှတ်ချက်ရေးပြီး ၃ ရက်မြောက်တဲ့နေ့မှာ နောက်တလုံး လာယူနိုင်ပါတယ် လို့ ပြောပါတယ်။ အင်မတိ အင်မတန် တုံးတာတဲ့ သက်ဝေဟာ ၆ လတာ သုံးပြီးသား ပစ္စည်းအပျက်လေးကို လွယ်လင့်တကူ လက်ခံပြီး အသစ်တလုံး အစားထိုး ပြန်ပေးမယ်ဆိုတော့ ဝမ်းသာ ပျော်ရွှင်ပြီး ပြန်လာခဲ့ပါတယ်။ အဲ… ဟိုကောင်တာက လူကြီးကတော့ မျက်နှာတင်းတင်းကြီးနဲ့ ဆက်ထိုင်နေဆဲပါ။

သူတို့ပြောထားသလို ၃ ရက်တောင် မကြာပါဘူး၊၂ ရက်မြောက်တဲ့နေ့မှာ လူကြီးမင်းရဲ့ အနက်ရောင် အိုင်ပက် အမှတ်-၂ လာယူလို့ ရပြီဖြစ်ကြောင်း ဖုန်းဆက်လာပါတယ်။ Smurfs တို့ Snoopy တို့ မှာ သူများတွေ ကိုယ့်ထက် အမှတ်တွေ အဆင့်တွေ ကျော်သွားလောက်ပြီ ဆိုတဲ့ အတွေးတွေနဲ့ ရုံးဆင်းဆင်းချင်း အပြေးသွားယူပါတယ်။ အိပ်အဖြူရောင်လေးနဲ့ ထည့်ထားတဲ့ အရာလေးကို ဝမ်းမြောက်ဝမ်းသာနဲ့ ယူ… လက်ခံရရှိကြောင်း လက်မှတ်ထိုးပေးပြီး အိမ်ပြန်လာပါတယ်။ သက်ဝေတို့ တုံးတာတဲ့ နောက်တချက်ကတော့ ပစ္စည်းကို လက်မခံခင်မှာ စစ်ဆေးကြည့်ဖို့ စမ်းသပ်ကြည့်ဖို့ လုံးဝ သတိမရခဲ့တာပါပဲ…။

ဒါနဲ့ အိမ်ရောက်တော့ သေးငယ်တဲ့ ကဒ်လေးကို ထည့်ပြီး တိမ်တိုက်တွေကြားထဲမှာ သိမ်းဆည်းထားတဲ့ ကိုယ့်ရဲ့ ပိုင်ဆိုင်မှုတွေကို ပြန်လည် ရယူပါတယ်။ ပြီးတော့ ဒါပေမယ့် Starhub 3G ဆိုတဲ့ စာတန်းလေး ပေါ်မလာပါဘူး။ အဲဒါ အသာထားပြီး Wi-Fi နဲ့ လုပ်စရာရှိတာတွေ လုပ်ပါတယ်၊ ဒါပေမယ့် အချိန် တော်တော်ကြာတဲ့အထိလည်း Starhub 3G က ပေါ်မလာပါဘူး။ စိတ်ထဲမှာတော့ ဟိုတလောကမှ တပ်ထားတဲ့ ဖိုင်ဘာဆိုတဲ့ အရာကြီးက အားကောင်းလွန်းတော့ သူကပဲ ကြီးစိုးနေလို့ ဟို 3G လေး မပေါ်နိုင်တာဖြစ်မယ်လို့ တွေးနေပါတယ်…။ အဲဒီညက Wi-Fi တန်ခိုးနဲ့ အရာရာ ပြေလည်ပေမယ့် နောက်တနေ့ ရုံးရောက်တော့ ပြဿနာက စပါတယ်။ ဘာမှ လုပ်လို့မရတော့တဲ့အပြင် တချိန်လုံး သူ့အလိုလို ပိတ် ပိတ်ကျသွားပါတယ်။ ပြီးရင် သူ့အလိုလို ပြန်ပွင့်လာပါတယ်… ဒီတော့ တကိုက်ကိုက်ထားတဲ့ ပန်းသီးတွေ တလုံးပြီး တလုံး ပေါ်လာလိုက် ပျောက်သွားလိုက်ပေါ့… အော်… Steve Jobs… Steve Jobs…

ဒီတခါတော့ တုံးတာတဲ့ ကိစ္စကို ခဏ ရပ်ပြီး ပူနေတဲ့ ပန်းသီးလိုင်းကို ဆက်သွယ်ပြီး အမှုတွဲပါတယ်။ ဟိုကလည်း အလွယ်တကူပဲ အမှုတွဲအမှတ် ၀၀၇-၀၀၈-၀၀၉/၂၀၁၂ နဲ့ အမှုဖွင့်ပေးပါတယ်။ စကားတွေလည်း အများကြီး ပြောပါတယ်။ လိုရင်းကတော့ သူတို့ ပြန်ပေးလေ့ရှိတဲ့ ယူနစ်ဟာ ပန်းသီးဂိုထောင်က ထုတ်လာတဲ့ အစားထိုး ယူနစ် (အသစ်) ပါ တဲ့။ အစားထိုးတယ်လဲ ပြောသေး အသစ်လို့လည်း ပြောသေး။ ဒီနေရာမှာ ပြောစရာ နောက်တခုကတော့ သူတို့ရောင်းချတဲ့ ပန်းသီးကို ဂရုစိုက်တဲ့ အရာကို ဝယ်ရင် အသစ်စက်စက် ပြန်ရမလားဆိုတဲ့ ပြဿနာပါ။ ဘယ်လိုမေးမေး သူတို့ကတော့ အစားထိုး ယူနစ် (အသစ်) ဆိုတာကိုပဲ ပါးစပ်ကမချ ပြောနေပါတယ်။ နောက်ဆုံးတော့ ပစ္စည်းလဲဖို့အတွက် ဖူနန်က ဆိုင်ကိုပဲ ပြန်သွား ရမှာပါ။

ဒါနဲ့ ကိုယ့်အမှုတွဲလေး ကိုယ်ကိုင်ပြီး ဖူနန်ကိုရောက်ခဲ့ပါတယ်။ ဟိုနေ့ကတွေ့ခဲ့တဲ့ ဝန်ထမ်းတရုတ်ကလေးကပဲ အစားထိုး ယူနစ် (အသစ်) တလုံးကို စနေနေ့မှာ လာယူပါလို့ ပြောပါတယ်။ ကိုယ့်ရှေ့မှာ အပျက်ကလေးတွေ လာထားပြီး အသစ်တလုံးရမှာမို့ ဝမ်းသာတဲ့ မျက်နှာလေးတွေ ကိုယ်စီနဲ့ ပန်းသီး ပိုင်ရှင်တွေ တွေ့ပါတယ်။ သူတို့အစား သက်ပြင်းချလိုက်မိပါတယ်။

ဒီနေ့ စနေနေ့မှာ ဖူနန်ကို သွားပါတယ်။ နောက်တလုံး ပေးပါတယ်။ လွန်ခဲ့တဲ့ ၃ ရက်ကလို မတုံးတာတော့တဲ့ သက်ဝေဟာ ပစ္စည်းကို ချက်ချင်း လက်ငင်းပဲ ဖွင့်စစ်ပါတယ်။ သေးငယ်တဲ့ ကဒ်လေးကို ထည့်ပြီး စမ်းပါတယ်... ဘာမှ ပေါ်မလာပါ။ တာဝန်ခံ ဝန်ထမ်း နှစ်ယောက်တိတိက ဖွင့်ချည် ပိတ်ချည်နဲ့ အပြန်ပြန် အလှန်လှန် စစ်ဆေးပါတယ်... လုံးဝ အဆင်မပြေပါ။ နောက်ဆုံးတော့ နောက် ၃ ရက်အကြာမှာ နောက်တလုံး လာယူပါရန် ဆိုတဲ့ စာနဲ့အတူ အောင်မြင်စွာ ပြန်လာခဲ့ရပါတယ်။ ရွေးချယ်စရာ မရှိပါ...

တော်တော်လေး (ကြီး) စိတ်နာနေပါတယ်။ ဟိုလူကြီး ဘာကြောင့် ဒီလောက် ဒေါပွနေတယ်ဆိုတာလည်း သဘောပေါက်သွားပါပြီ။ တနှစ်တာ ဝရန်တီဟာ အစားထိုး ယူနစ် (အသစ်) ဆိုတဲ့ အဟောင်းတလုံး ပြန်ပေးဖို့ကိုး လို့ နားလည်လိုက်ရပါတယ်။ ပန်းသီးကို ဂရုစိုက်တဲ့ အရာကို စင်္ကာပူ ၁၁၈ ကျပ်နဲ့ ဝယ်ထားရင် အသစ်စက်စက် ဗူးအဖြူရောင်လေးနဲ့ဟာ ပြန်ရမလား မေးတော့ အဲလိုတော့ မရပါဘူးတဲ့ နောက်ထပ် ဝရန်တီ သက်တမ်း တနှစ်တိုးသွားရုံပဲ ရှိပါတယ် တဲ့…။ ယူအက်စ်မှာဆို အဲဒါ ရှိရင် အဖြူရောင်ဗူးနဲ့ အသစ်စက်စက် တလုံး ပြန်ရတယ် ကြားတယ်။ တကယ် ဟုတ် မဟုတ် သိချင်ပါဘိတော့။ ဟုတ်တယ်ဆိုရင်တော့ ပန်းသီးချင်းအတူတူ ဘာလို့များ ခွဲခြား ခွဲခြားနိုင်ကြတာပါလိမ့်လို့ တွေးရင်း… မပြီးနိုင် မဆုံးနိုင် စိတ်အနာကြီး နာနေပါတယ်။ နောက်ဆက်တွဲ စိတ်နာစရာကောင်းတာကတော့ ပထမပန်းသီး နဲ့ ဒုတိယ ပန်းသီး မျက်နှာပြင် ကာကွယ်ရေး ပလတ်စတစ်ပြား နှစ်ခု အတွက် စကာင်္ပူ ဒေါ်လာ ၃၉.၉၀ နှစ်ခါ အသားလွတ် ဆုံးရှုံးသွားတာပါပဲ။

မနေ့က ညက တွေးထားတာ ဒီအကြောင်းကို မရေးတော့ဘူးလို့ ပဲ... ဒါပေမယ့် ဒီနေ့တော့ မနေနိုင်တော့ဘူး…။ စိတ်နာတာ စိတ်တိုတာတွေကို အခုလို ချရေးလိုက်ရင် အနည်းအကျဉ်းတော့ သက်သာရာရမှာပဲ လို့ တွေးမိတာက တကြောင်း၊ ပန်းသီး လက်ဝယ်ရှိသူများ သတိချပ်စေလိုတဲ့ စေတနာက တကြောင်း တို့ကြောင့် ဒီစာကို ရေးပါတယ်…။




Wednesday, February 15, 2012

နေ့သစ်


ပြောရလျှင် သူသည် အိပ်စက်ခြင်းကို နှစ်သက် စုံမက်သူ တဦးဖြစ်သည်။ အိပ်စက်ခြင်းကို စုံမက်သည် ဆိုရာတွင်လည်း လူတဦးချင်းစီအပေါ် မူတည်၍ အမျိုးမျိုး အဖုံဖုံ ကွဲပြားနိုင်သေးသည်။ တချို့က ညဖက် စောစောအိပ်ရခြင်းကို နှစ်သက်၍ မနက်ကို စောစောထတတ်ကြသည်။ တချို့က ညတွေမှာ မိုးချုပ် ညဥ့်နက်အထိ နေရခြင်းကို နှစ်သက်ပြီး မနက်ကို နောက်ကျမှ ထတတ်ကြသည်။ တချို့တွေကတော့ ညလည်ကောင် တရေးနိုးချိန်တွေမှာ ထပြီး စာဖတ်ကြ ရုပ်ရှင်ကြည့်တတ်ကြသေးသည်။ ယေဘုယျအားဖြင့်တော့ သူသည် ညကို အတော်လေး နောက်ကျမှ အိပ်ရာဝင်ခြင်းကို နှစ်သက်သူတယောက်ဖြစ်ပြီး (အိပ်စက်ခြင်းကို မည်မျှ နှစ်သက်သည် ဖြစ်စေကာမူ) မနက်တွေမှာတော့ နှိုးစက်သံ ဆူဆူညံညံဖြင့် အလုပ်သွားရန် မဖြစ်မနေ နိုးထရသောသူ တယောက်လည်း ဖြစ်နေသေးသည်။

အလုပ်ဆင်းရသော နေ့ရက်တွေမှာ အနီးကပ် နောက်ဆုံးမိနစ်မှ အိပ်ရာထကာ ရေအမြန်ချိုးပြီး အလုပ်ကို ကတိုက်ကရိုက် သွားရလေ့ရှိသည်။ ထို့ကြောင့် နေ့စဉ်ဆိုသလိုပင် အလုပ်ကို စောစောရောက်တတ်သည်မရှိ… တခါတရံဆိုလျှင် အနည်းငယ်ပင် နောက်ကျတတ်သေးသည်။ မနက်ဆို အိပ်ရာမှမထချင်သော အကျင့်ဆိုးကို ပြင်ရန်မှာ နည်းလမ်း တလမ်းသာ ရှိသည်။ ထိုနည်းလမ်းမှာ ညတွေမှာ စောစောအိပ်ရာဝင်ရန်ပင် ဖြစ်သည်။ မနက်အိပ်ရာမှ မထချင် ထချင်ထပြီး ရုံးအလာ လမ်းတလျှောက်တွင် သူ စဉ်းစားမိသည်မှာ ဒီည စောစော အိပ်ရာဝင်မည် ဟူသော အကြောင်းပင်ဖြစ်သည်။ ဤမျှသာမက… ညနေ ရုံးဆင်း အိမ်ပြန်ခါနီးအချိန်မှာရော အိမ်အပြန်လမ်းတလျှောက်မှာရော စဉ်းစားနေမိသည်မှာလည်း အိမ်ရောက်ရင် စားသောက် ရေမိုးချိုးပြီး စောစောအိပ်ရာဝင်တော့မည် ဟူသတတ်…။ သို့သော်လည်း ထိုအကြံအစည်မှာ တရက်မျှ အောင်မြင်သည် မရှိ…။ ညတွေမှာ ဟိုလုပ် သည်လုပ် စာဖတ် ရုပ်ရှင်ကြည့် ကွန်ပျူတာ မျက်နှာအပ်ရင်း ညသန်းခေါင်ကို ကျော်မှန်းမသိ ကျော်သွားတတ်သည်ချည်းသာ…။ ထိုအခါ မနက်တွေမှာ ထုံးစံအတိုင်း မထချင် ထချင်ဖြင့် အိပ်ရာမှထ၊ ငြီးစီစီဖြစ်နေသော စိတ်အစဉ်၊ ကိုက်ချင်ချင်ဖြစ်နေသော ခေါင်းတို့ဖြင့် အလုပ်ကို တရွတ်ဆွဲ သွားရတော့သည်။

သည်မနက်မှာတော့ ကိစ္စတခုကြောင့် သူ မနက်အစောကြီး နိုးထခဲ့ရသည်။ ညထဲက မပိတ်ရသေးသော ကွန်ပျူတာရှေ့တွင် ဝင်ထိုင်လိုက်သောအချိန်မှာ အင်တာနက် ကွန်နက်ရှင်က ပြတ်တောက်သွားခဲ့လေသည်။ စမ်းတဝါးဝါးဖြင့် ဟိုဟိုသည်သည် နှိပ်ကြည့် ခလုပ်တွေကို အဖွင့် အပိတ် လုပ်ကြည့်သော်လည်း ထူးမခြားနား။ နာရီလက်တံတွေက မနက် ၆ နာရီကို ညွှန်ပြနေသည်။ သည်လိုနှင့် လက်လျှော့ကာ ပြူတင်းပေါက်မှတဆင့် အပြင်ကို လှမ်းကြည့်လိုက်မိသည်။

စကာင်္ပူ စံတော်ချိန် မနက် ၆ နာရီအချိန်သည် ကောင်းကင်တခုလုံး ပိန်းပိတ်အောင် မဲမှောင်နေဆဲ... လှမ်းမြင်နေရသော လူနေအိမ်ခန်းတွေမှာ တချို့သောအခန်းများက မီးလင်းနေကြသည်။ လူသွားစကြံန်မှ မီးများ၊ လမ်းမီးများလည်း လင်းနေကြသည်။ ကားမီးရောင်များကို ကြည့်ရင်း လမ်းမဆီမှာ ကား အသွားအလာ တော်တော်များနေပါပြီလား ဟု ကောက်ချက်ချမိသည်။ ကိုရွှေဥသြအပါအဝင် ကျေးငှက်ကလေးများကတော့ အိပ်မောကျနေဆဲ ဖြစ်ကြဟန်တူသည်။ ပတ်ဝန်းကျင်မှာ တိတ်တိတ်ဆိတ်ဆိတ်…။ ကြံရာမရသည့်အဆုံးမှာ ပြင်ပလေရှုရန် နှင့် ပတ်ဝန်းကျင်ကို စနည်းနာရန် ဟူသော အကြောင်းပြချက်တို့ဖြင့် အဝတ်လဲကာ အိမ်မှ ထွက်လာခဲ့လိုက်သည်။ မနက်စောစောမို့ အေးမှာပဲ ဟု တွေးကာ ခပ်ပါးပါး ဂျက်ကက်တထည်ကိုလည်း မမေ့မလျော့ ထပ်ဝတ်ခဲ့သေးသည်။

အိမ်ပေါ်မှ အဆင်း ဓါတ်လှေခါးထဲမှာ ကျောင်းဝတ်စုံများ ဝတ်ဆင်ထားကြသော ရှစ်နှစ် ကိုးနှစ်အရွယ် ကလေးငယ်လေး နှစ်ယောက်ကို တွေ့လိုက်သောအခါ သူ အနည်းငယ် အံ့သြသွားသည်… ကလေးကျောင်းချိန်တွေက စောလှချေလား...။ အိမ်အောက်ကို ရောက်ပြီး ကားလမ်းမဖက်ကို လျှောက်လာလိုက်သောအခါ တရွေ့ရွေ့နှင့် သွားနေသော ကားမီး နီနီများကို စီတန်းလျှက် တွေ့ရသည်… အို… ကားလမ်းတွေက အခုချိန်ထဲက ပိတ်နေတာပဲ…။ ထိုအချိန်မှာပဲ ကျောင်းကြိုကားတစီးက သူ့အနီးမှာ လာရပ်ခဲ့တာ… ခုနက ဓါတ်လှေခါးထဲမှာ တွေ့ခဲ့ရသော ကျောင်းဝတ်စုံ ဆင်တူလေးများ ထိုကားပေါ်သို့ သူ့ထက်ငါ အလုအယက် အပြေးအလွှား တက်သွားကြ… ကားပေါ်မှာလည်း သူတို့လို တူညီဝတ်စုံဖြင့် ကျောင်းသားငယ်လေးများ၏ ဆူဆူညံညံ စကားပြောသံ ရယ်သံ မောသံများက ကားအပြင်ဖက်သို့ ဖိတ်လျှံကျ…။ ထိုအခါ မနက်တိုင်း အိပ်ရာမှ မထတမ်း အိပ်ပုတ်ချင်နေသော သူ အနည်းငယ် မလုံမလဲ ဖြစ်သွားခဲ့သည်။

ထိုကျောင်းကြိုကားလေး ထွက်သွားတော့ သူ့အကြည့်တွေက လမ်းပေါ်သို့ ရောက်သွားခဲ့သည်။ လမ်းဘေး ပလက်ဖေါင်းတလျှောက်မှာရော လူကူးမျဉ်းကြားမှာရော သွက်လက်သော ခြေလှမ်းများနှင့် လှုပ်ရှားသွားလာနေကြသော အရွယ်စုံ အရောင်စုံ ကျောင်းသား ကျောင်းသူများ ရုံးသမားများ… ကျောင်းဝတ်စုံဝတ် ကလေးငယ်များကို လက်ဆွဲကာ ရုံးဝတ်စုံတွေဖြင့် လမ်းကူးရန် လူကူး မီးအစိမ်းကို စောင့်နေကြသူများ… အားကစားဝတ်စုံ ကိုယ်စီဝတ်ဆင်ကာ လမ်းကို အပြေးတပိုင်း ခပ်သွက်သွက်လျှောက်နေကြသူများ... လမ်းမတလျှောက် မြင်ကွင်းမှာ စည်စည်ကားကား…။ သူတကြိမ်မှ မကြုံဖူးသော၊ သူ လုံးဝ ထင်မှတ်မထားသော မနက်စောစော မြင်ကွင်းတွေကို ခပ်ငေးငေးကြည့်နေရင်း ဟိုတွေး သည်တွေးနှင့် သူ လမ်းဆက်လျှောက်လာခဲ့သည်။

ကောင်းကင်ပေါ်မှာ အမှောင်ထု အနည်းငယ်ရော့ပါးသွားပြီး လင်းရောင်နီသဲ့သဲ့ကို မြင်နေရပြီ။ ထိုစဉ်မှာ မလှမ်းမကမ်းက မြက်ခင်းစိမ်းစိမ်းနှင့် ပန်းခြံသေးသေးလေးမှာ လှုပ်လှုပ်ရွရွနှင့် လူတစုကို သူ လှမ်းတွေ့လိုက်သည်။ အားလုံးသော ခန္ဒာကိုယ်များက တညီတညာထဲ လှုပ်ရှားနေကြသည်ပဲ…။ သူတို့တွေ ဘာများ လုပ်နေကြပါလိမ့်ဟု သိချင်ဇောနှင့် ခပ်သွက်သွက် ဆက်လျှောက်သွားလိုက်သည်။ အနီးကို ရောက်သောအခါ လေးတွဲ့တွဲ့ သီချင်းသံကိုလည်း ကြားရသည်။ ဟော… တွေ့ပြီ… အသက်ခပ်ကြီးကြီး အမျိုးသားတွေရော အမျိုးသမီးတွေရော တရုတ်လို တိုက်ကျိ ဟုခေါ်သော ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းတွေ လုပ်နေကြသည်ကိုး...။ လှုပ်ရှားမှုကြောင့် ချွေးစို့နေသော ထိုသူတို့၏ ခန္ဒာကိုယ်များကို မြင်သောအခါ သူ ဝတ်လာသော အပေါ်ဝတ် ဂျက်ကက်လေးကို ရုတ်တရက် ငုံ့ကြည့်ရင်း ရှက်သလို ခံစားလိုက်ရသည်။

ထိုစဉ်မှာ ရောင်နီသန်းလာသော ကောင်းကင်ကြီးကို မော့ကြည့်ကာ အလိုလိုနေရင်း သူ့စိတ်တွေ နွေးထွေး ပျော်ရွှင်လာသည်။ ငှက်ငယ်လေးများ၏ ကျီကျီကျာကျာ အသံများလည်း ကြားနေရပြီ…။ ဥသြကလည်း သူဆိုနေကျ တေးချင်းကို ဆိုနေပြီ...။ ပန်းခြံလေးထဲမှ သစ်ပင်အုပ်အုပ်လေးများမှ ပန်းရနံ့တချို့ကိုလည်း ရလာသည်…။ သေချာတယ်… ဒါဟာ နေ့သစ်ပဲ…

ငယ်ငယ်က ကျောင်းမှာ သင်ခဲ့ရသည့်အတိုင်း နေထွက်ရာအရပ်ကို မျက်နှာမူကာ လက်နှစ်ဖက်ကို ဘေးသို့ ဆန့်တန်းရင်း သန့်ရှင်း လတ်ဆတ်သော လေနုအေးကို တဝကြီး ရှူရှိုက်လိုက်သည်။ ထိုအခိုက်အတန့်လေးမှာ ခန္ဒာကိုယ်မှာ လည်ပတ်နေသော သွေးတွေ နွေးထွေးသွားသလို ခံစားရပြီး လူက ပေါ့ပါး လန်းဆန်းလာသည်။ ထို့နောက် ခေါင်းရော ကိုယ်ကိုပါ ဘယ် ညာ အသာစောင်းငဲ့ကာ လေ့ကျင့်ခန်းလုပ်သလို လုပ်ကြည့်ရင်း သူ တယောက်တည်း အသံထွက်အောင် ရယ်မောလိုက်မိသည်။ ထို့အပြင် သူ့ကို ပြုံးစစနှင့် ကြည့်ရင်း တံမြက်စည်းလှည်းနေသော သန့်ရှင်းရေး အလုပ်သမားလေးကိုလည်း ဂွတ်မောနင်းဟု ကြည်ကြည်လင်လင် လှမ်းနှုတ်ဆက်လိုက်သေးသည်။

ဟော… အိမ်အောက်တွေမှာ၊ အိမ်ဝရန်တာတွေမှာ လင်းနေသော မီးပွင့်တွေ ငြိမ်းသွားပြီ။ ဒါဆို ၇ နာရီထိုးပြီဟု သူ သိလိုက်သည်။ ဒါဆို နောက်ထပ် အချိန်နာရီဝက်လောက် ရသေးသည်ပဲ။ ပေါ့ပါးပြီး ပျော်ရွှင်သာယာသော စိတ်အစဉ်ဖြင့် ထိုပန်းခြံသေးသေးလေးထဲမှာ လမ်းပတ်လျှောက်ရန် ဆုံးဖြတ်လိုက်သည်။ ဝတ်လာသော ဂျက်ကက်ကို ချွတ်ကာ အနီးရှိ ခုံလေးတခုပေါ် လှမ်းတင်လိုက်သည်။ ပန်းခြံကလေး၏ မနက်ခင်း မြင်ကွင်းသည် အားကစားဝတ်စုံအပြည့်ဖြင့် လမ်းလျှောက်နေသူများ၊ ခွေးပုစိလေးများကို ကြိုးတန်းလန်းဖြင့် ဆွဲကာ လမ်းလျှောက်နေသူများ၊ လေ့ကျင့်ခန်း လုပ်နေသူများဖြင့် အသက်ဝင် စည်ကားလှသည်။

နာရီဝက်ကြာ လမ်းလျှောက်အပြီးမှာ အိမ်ပေါ်ပြန်တက် ရေချိုး ကော်ဖီသောက်ကာ ရုံးသို့ ထွက်လာခဲ့သည်။ လမ်းတလျှောက်မှာ မနက်စောစောထသောကြောင့် ရရှိခဲ့သော မြင်ကွင်း အဆန်းများနှင့် အတွေ့အကြုံ အသစ်များကို ပြန်လည် တွေးတော မြင်ယောင်ရင်း ကြည်လင် လန်းဆန်းမှုများနှင့်အတူ စိတ်ရော ကိုယ်ပါ ပေါ့ပါး သွက်လက်နေသည်ကို သိသိသာသာ ခံစားရသည်။

“ငှက်တောင်မှ သာယာတဲ့သီချင်း ရွေးတတ်တာပဲ… စောစောစီးစီး စကားမများကြနဲ့… ကမ္ဘာမြေအတွက် မင်္ဂလာရှိတဲ့ အချိန်ဝယ်… လေကောင်းတွေ ရှုရှိုက်ကြ သဘာဝကို မှီဝဲကြ… ဒီနေ့သစ်ဟာ တို့ကို အင်နဲ့အား အသစ်တွေ ပေးလာမယ်…” ဟူသော သီချင်းတပိုင်းတစကို တီးတိုး ဆိုညည်းရင်း နောက်ဆိုလျှင် ညတွေမှာ စောစောအိပ်ရာဝင်ပြီး မနက် စောစောထကာ နေရောင်ခြည်တို့ဖြင့် နွေးထွေးလှပသော နေ့သစ်တွေကို ကြည်လင်စွာ ကြိုဆိုဖြစ်တော့မည်ဟု သူ့ကိုယ်သူ သေချာနေပါတော့သည်…။




Tuesday, February 14, 2012

ချစ်သူ ညနေခင်း


ကမ္ဘာလေးရေ
ရင်ခုန်သံတွေ နှိုးပေးတဲ့အတွက်
မျှော်လင့်ချက်တွေ ပျိုးပေးတဲ့အတွက်
ကိုယ့်ရဲ့ရပ်တည်ရှင်သန်ခြင်းဟာ
မင်းနဲ့သာ သက်ဆိုင်ပါကြောင်း…

ကမ္ဘာလေးရေ
နေ့တွေညတွေ ဘယ်လောက်ရှည်ရှည်
အတူနေရမယ့် အချိန်အတွက်
နိုးလျက် အိပ်မက်တွေမက်ရင်း
ပူပြင်းမှုရော အေးခဲမှုပါ
ကိုယ် ဥပေက္ခာ…

ကမ္ဘာလေးရေ
ဒီအချိန်တွေမှာ မင်းအိပ်နေပြီ
ဒီအချိန်တွေဆို မင်းနိုးနေပြီ
ကြယ်တွေဆီကတဆင့် မင်းကို လှမ်းကြည့်တယ်
နေမင်းနဲ့ပါလာတဲ့ မင်းရင်ငွေ့ကို ဝတ်ဆင်တယ်…

ကမ္ဘာလေးရေ
ဟန်ဆောင်နေကြရင်း ရေတွက်ရင်းနဲ့ပဲ
ကိုယ်နဲ့မင်း ချိုညနေခင်းဟာ ရှက်သွေးဖြာ
သာယာတဲ့ တို့အနမ်းကို
ပင်လယ်ကပဲ “ကြမ်းတယ်” လို့
အတင်းပြောသွားရတယ်ရှိသေး... ...

*** သတိတရ ရေးပေးတဲ့ ကဗျာဆရာကို ကျေးဇူးတင်ပါတယ်... :=)

Sunday, February 12, 2012

စာအုပ်စာပေ လူ့မိတ်ဆွေ

(Picture from Wiki)

စာအုပ်စာပေ လူ့မိတ်ဆွေ တဲ့…
ငယ်ငယ်လေးထဲက ကြားခဲ့ရတဲ့စကား… လူတိုင်းလည်း ပြောဖူး ကြားဖူးကြမှာပါ။ အလယ်တန်းနဲ့ အထက်တန်း ကျောင်းသူဘဝတုံးကဆို အဲဒီစကားနဲ့ပတ်သက်လို့ အချက်အလက်တွေရှာပြီး စာစီစာကုံးတွေ ရေးခဲ့ရတာလည်း မကြာခဏ…။ ပြီးတော့ ကိုယ်တိုင်ကလည်း စာအုပ်တွေကို လေးလေးစားစား ချစ်ခင်တတ်သူ… စာအုပ်တွေကို တကယ်ပဲ မိတ်ဆွေရင်းချာတွေလို နှစ်သက် မြတ်နိုးတတ်သူ… ကိုယ်ကြိုက်တဲ့ စာအုပ်လေးတွေဆိုရင် ချက်ချင်း မဖတ်ဖြစ် မဖတ်နိုင်သေးရင်တောင် ကိုယ့်အနားမှာ ကြည့်နေ မြင်နေလို့ ရအောင် ဝယ်ထားလိုက်ရမှ အလှကြည့်နေလိုက်ရမှ ကျေနပ်ချင်သူ…။ အခုတော့ အဲဒီ လူ့မိတ်ဆွေဆိုတဲ့ စာအုပ်တွေနဲ့ ပတ်သက်လို့ စိတ်မကောင်းဖြစ်နေရင်း ဒီစာကို ရေးဖြစ်တယ်…။

စင်္ကာပူနိုင်ငံရဲ့ အထင်ကရ စာအုပ်ဆိုင်ကြီးတခုဖြစ်တဲ့ အောချတ်လမ်းမပေါ်က Wheelock Place မှာ ရှိတဲ့ Borders ဆိုတဲ့ စာအုပ်ဆိုင်ဟာ ၂၀၁၁ စက်တင်ဘာလမှာ ပိတ်သွားတယ်…။ အဲဒီစာအုပ်ဆိုင်ဟာ စင်္ကာပူမှာ ကိုယ် အနှစ်သက်ဆုံးနေရာတွေထဲက တခုပါပဲ…။ အဲဒီဆိုင်ကို သွားမယ်ဆိုရင် ဆိုင်က အဲကွန်းက အရမ်းအေးလို့ အနွေးထည်ကို မဖြစ်မနေ ယူသွားရတယ်... (အနွေးထည် ပါမသွားတဲ့နေ့ဆို ဆိုင်ထဲမှာ တနာရီထက် ပိုမနေနိုင်ဘူး) ဆိုင်ထဲရောက်ရင် ကိုယ်ဖတ်ချင်တဲ့ စာအုပ်တွေကို ရွေးယူပြီး နေရာကောင်းကောင်းတခုမှာ စိမ်ပြေနပြေ ထိုင်ဖတ်ပေတော့ပဲ… စာဖတ်ရင်း မျက်စိတွေ ညောင်းလာရင်ဖြစ်စေ အရမ်းချမ်းလာရင်ဖြစ်စေ စာအုပ်ဆိုင်နဲ့ အတူတူတွဲဖွင့်ထားတဲ့ ကော်ဖီဆိုင်လေးမှာ ကော်ဖီပူပူတခွက် သွားသောက်လို့ ရတယ်။ ပြီးတော့ သီချင်းစီဒီအသစ်တွေ၊ ဒိုင်ယာရီစာအုပ်လို မှတ်စုစာအုပ်လို အဖုံးလှလှနဲ့ စာအုပ် ပိစိ ပေါက်စလေးတွေ၊ ပိုစ့်ကဒ်လှလှလေးတွေ၊ ကော်ဖီမတ်ခွက် လှလှလေးတွေ၊ လက်ဆောင်ပေးစရာ ချစ်စရာ ပစ္စည်းလေးတွေ၊ စာရေးကိရိယာ အဆန်းအပြားလေးတွေကိုလည်း ငေးလို့ ဝယ်လို့ ရသေးတယ်။ အပြန်ကျရင် ဖတ်ချင်စရာ စာအုပ် အနည်းဆုံး တအုပ်ဖြစ်ဖြစ်တော့ ဝယ်လာနေကျ… စာဖတ်တဲ့ စာအုပ်ချစ်သူ မိတ်ဆွေ သူငယ်ချင်းတွေ ဒီကို လာလည်ရင် မဖြစ်မနေ လိုက်ပို့ဖြစ်တဲ့ နေရာတခု… နာမည်စဉ်အလိုက် စီထားတဲ့ အမျိုးအမည်စုံလင်လှတဲ့ သုတ ရသ ဆိုင်ရာ စာအုပ်တွေ၊ နည်းပညာနဲ့ ပတ်သက်တဲ့ စာအုပ်တွေ၊ ဂျာနယ်တွေ မဂ္ဂဇင်းတွေ၊ ချစ်စရာကောင်းတဲ့ ကလေးစာအုပ် ရောင်စုံလေးတွေ… အို… စုံလို့ စုံလို့ ပါပဲ…။ အဲဒီစာအုပ်ဆိုင်က စနေနေ့ညဆို ညသန်းခေါင် ၁၂ နာရီအထိ ဖွင့်တာမို့ ကိုယ်ကတော့ စနေနေ့ညနေခင်းတွေမှာ သွားရတာကို သဘောအကျဆုံး… အခုတော့ အဲဒီဆိုင် ပိတ်သွားပြီ။

မပိတ်ခင်မှာ သူ့ဆိုင်က စာအုပ်တွေကို လျှော့ဈေးနဲ့ ရောင်းသွားတယ်… ပြီးတော့ Expo မှာလည်း Warehouse Sale လုပ်သွားသေးတယ်… အဲဒီရက်တွေတုန်းက ရုံးမှာရော အိမ်မှာပါ အလုပ်တွေ များနေတာက တကြောင်း၊ မရေမတွက်နိုင်အောင် များပြားတဲ့ စာအုပ်တွေကို ဈေးလျှော့ပြီး အစုလိုက် အပုံလိုက် ချရောင်းနေမယ့် မြင်ကွင်းကို မကြည့်နိုင်၊ ခံစားနိုင်တာက တကြောင်းတို့ကြောင့် မသွားဖြစ်ခဲ့ဘူး။

နောက်တလနေတော့ Parkway Parade က Borders ကလည်း ပိတ်တော့မှာမို့ စာအုပ်တွေကို လျှော့ဈေးနဲ့ ချရောင်းပြန်တယ်။ အဲဒီတုံးကတော့ တညနေခင်းမှာ Parkway Parade ကို ရောက်သွားဖြစ်ပါတယ်…။ အမျိုးအမည် စုံလင်လှတဲ့ စာအုပ်တွေ အများကြီးကို လျှော့ဈေးနဲ့ ချရောင်းနေတဲ့ မြင်ကွင်းကို မြင်ရ တွေ့ရတာ တကယ်ပဲ စိတ်မကောင်းစရာကြီးပါ။ များလွန်းအားကြီးပြီး တယောက်တလက် ရွေးချယ်ရင်း အစီအစဉ်မဲ့ ပျံ့ကျဲနေတဲ့ စာအုပ်ပုံတွေထဲမှာ ကိုယ် ဘာလိုချင်မှန်း မသိတော့သလို ကိုယ်လိုချင်တာကိုလည်း ဘယ်လိုရှာရမှန်းမသိ၊ ဘာဝယ်လို့ ဝယ်ရမှန်းကို မသိတော့ပါဘူး။

အဲဒီဆိုင်တွေနဲ့ ပတ်သက်လို့ ၂၀၁၁ စက်တင်ဘာလထဲမှာ Borders (USA) က တာဝန်ရှိပုဂ္ဂိုလ်က "စကာင်္ပူ သြစတေးလျနဲ့ နယူးဇီလန်နိုင်ငံတွေက ဆိုင်ခွဲတွေကို တနှစ်ထက် တနှစ် ရောင်းအား သိသိသာသာ ကျဆင်းလာတာကြောင့် ဆိုင်ဖွင့်ခွင့် လိုင်စင်ကို ရုတ်သိမ်းပြီး ရက်ပေါင်း ၉၀ အတွင်း ပိတ်ရမယ်..."လို့ ပြောတာကို သတင်းမှာ ဖတ်လိုက်ရတယ်…။ စင်္ကာပူမှာ အဲဒီဆိုင်တွေ ပိတ်ဖြစ်ဖို့ ဖိအားပေးနေတဲ့ နောက်ထပ် အကြောင်းအရာတခုကတော့ ဆိုင်နေရာ အငှားခတွေ အရမ်းကြီး မြင့်သွားတာကြောင့်လို့ သိရတယ်။

အဲဒီဆိုင်တွေ ပိတ်ပြီးနောက် သိပ်မကြာခင်လပိုင်းမှာပဲ Great Wall City က Harris ဆိုတဲ့ စာအုပ်ဆိုင် ပိတ်တော့မှာမို့ စာအုပ်တွေကို ၂၀% ဈေးလျှော့မယ်လို့ ကြော်ငြာထားတာ ဖတ်လိုက်ရပြန်တယ်…။ အဲဒီနောက် မကြာခင်မှာပဲ Jurong Point က Harris ဆိုင်ခွဲလည်း ပိတ်သွားလေတယ်။

ဒါတင်ပဲလား ဆိုတော့ မဟုတ်ပြန်ပါဘူး။ ပြီးခဲ့တဲ့ တပတ်လောက်က Vivo City မှာရှိတဲ့ Page One ဆိုတဲ့ စာအုပ်ဆိုင်မှာလည်း ဆိုင်ပိတ်တော့မှာမို့ တဆိုင်လုံးမှာ ရှိတဲ့ စာအုပ်တွေကို ဈေးလျှော့တယ်လို့ စာလုံးအကြီးကြီးတွေနဲ့ ရေးထားတဲ့ ကြော်ငြာတွေကို တွေ့လိုက်ရပြန်ပါတယ်။ အဲဒီဆိုင်နဲ့ ပတ်သက်တာတွေ လိုက်ရှာဖတ်တော့ ဆိုင်ဖွင့်ပြီး ၅ နှစ်အကြာမှာ အခုလို အဆမတန် တက်သွားတဲ့ ဆိုင်အငှားစရိတ်ကြောင့် ဆက်လက် ရပ်တည်ဖို့ မဖြစ်နိုင်တော့လို့ ဆိုတာကို တွေ့ရပါတယ်။ တကယ်ပဲ စိတ်မကောင်းစရာ…။ အဲဒီ Page One ဆိုတဲ့ ဆိုင်လေးကလည်း ဆိုင်အပြင်အဆင် စာအုပ်အထားအသို အစီအစဉ်လေးတွေကအစ အလွန် ချစ်စရာကောင်းတဲ့ ဆိုင်ကလေး တဆိုင်ပါ။ အခုတော့ သူလည်း သွားပြန်ပြီ…။

အခုလို စာအုပ်ဆိုင်တွေ တဆိုင်ပြီး တဆိုင် ပိတ်သွားကြတဲ့ အဖြစ်ဟာ သေသေချာချာ တွေးကြည့်ရင် တော်တော်ကို စိတ်မကောင်းစရာပါ။ ဆိုင်တွေပိတ်ရခြင်းရဲ့ အဓိကကျတဲ့ အချက်က စာအုပ်တွေ ရောင်းအားကျလာလို့ ဆိုတော့ ဘာဖြစ်လို့ အဲဒီလို ရောင်းအားကျရတာလဲ ဆိုတာကို ကိုယ့်ဥာဏ်လေး တထွာတမိုက်နဲ့ စဉ်းစားကြည့်မိတယ်…။ လူအများစုဟာ စာမဖတ်ကြတော့လို့လား… (ဒီလိုတော့လည်း မဖြစ်နိုင်ဘူး ထင်ပါတယ်…) ဒါမှမဟုတ် စာဖတ်သူတွေဟာ စာအုပ်တွေကို အပိုင်ဝယ်မဖတ်ကြတော့လို့ လား… (ဒါတော့ ဖြစ်နိုင်ခြေရှိတယ်…) ဒါမှမဟုတ် အခုနောက်ပိုင်းမှာ ကွန်ပျူတာကတဆင့် ဖတ်လို့ရတဲ့ E Book တွေ ထွန်းကားလာတာကြောင့်လား… သွားရင်းလာရင်း အလွယ်တကူ ကိုင်ဖတ်သွားလို့ရတဲ့ စာအုပ်ရေ အများကြီး သိုမှီးထားလို့ရတဲ့ iPad တို့ Kindle တို့လို Device တွေကြောင့်များလား… (ဒါလည်း ဖြစ်နိုင်တယ်…) ဒီလိုသာဆို နောက်ကို စက္ကူနဲ့ ပုံနှိပ်ထုတ်ဝေတဲ့ စာအုပ်တွေရဲ့ အခန်းကဏ္ဍဟာ သိပ်များ မှေးမှိန် သေးငယ်သွားတော့မလား… စာအုပ်ဖတ်ချင်ရင် Library မှာပဲ ငှားဖတ်ကြရတော့မှာလား… … …

အဲဒီလို မဆုံးနိုင်တဲ့ အတွေးတွေအပြင် စင်္ကာပူလို နိုင်ငံသေးသေးလေးမှာ အခုလို စာအုပ်ဆိုင်ကြီးတွေ တဆိုင်ပြီး တဆိုင် ပိတ်သွားကြတာဟာ ကောင်းတဲ့လက္ခဏာတော့ မဟုတ်ပေဘူးလို့ ဆက်တွေးနေရင်း ငယ်ငယ်က ရွတ်ဖတ် သင်ကြားခဲ့ရတဲ့ "စာအုပ်စာပေ လူ့မိတ်ဆွေ" ဆိုတဲ့ စကားလေးကို မကြာခဏ သတိရနေမိတော့တာပါပဲ…။




Wednesday, February 1, 2012

တို့ငယ်ငယ်တုန်းအရွယ်...

ဒီပိုစ့်က စာမရေးတာကြာတဲ့ ဘလော့ဂါတွေ စာရေးဖို့ အရှိန်ပြန်ယူကြတဲ့ ပိုစ့်လို့ ပြောရမယ်… တက်ဂ်ပိုစ့်တခုအနေနဲ့ တော်တော်များများ ရေးကြလိမ့်မယ် ထင်ပါတယ်။ ကိုယ်လည်း စာမရေးတာ သိပ်ကြာနေလို့ အရှိန်မရဖြစ်နေတာကို ဒီပိုစ့်လေးနဲ့ ပြန် အရှိန်ယူလိုက်ပါတယ်…။
တို့ ငယ်ငယ်တုန်းအရွယ် တဲ့…။


သီချင်းထဲမှာ ဆိုထားတာက “တို့ ငယ်ငယ်တုန်းအရွယ် ယောင်ပေစူးလေးတွေနဲ့ကွယ်… ပုဆိုးကို စလွယ်သိုင်း ရွာဝိုင်းပတ်လည်…” ဆိုပေမယ့် ကိုယ်ငယ်ငယ်ကတော့ ယောင်ပေစူး နဲ့ မဟုတ်ခဲ့ပါဘူး။ ဂျပန်ဆံထောက်ဆိုတဲ့ ဆံပင်ပုံမျိုးနဲ့ မှုန်အစ်အစ် မျက်နှာပေးနဲ့ပါ။ ပုဆိုးကို စလွယ်မသိုင်းခဲ့ဖူးသလို ရွာဝိုင်းပတ်လည်မှာလည်း တခါမှ မဆော့ခဲ့ဖူးပါဘူး။ တကယ်ပါပဲ… ငယ်ငယ်တုန်းက အကြောင်းတွေ ပြန်တွေးကြည့်မယ်ဆို ကလေးပီပီ ခုန်ပေါက် ပြေးလွှား ဆော့ကစားတာတွေ သိပ်မလုပ်ဖြစ်ခဲ့ဘူး။ အိမ်ထဲမှာ ဆော့လို့ရသလောက် ဇယ်ခုတ်တာတို့ မန်ကျည်းစေ့ တောက်တာတို့ကို ခပ်ငြိမ်ငြိမ်ပဲ နည်းနည်းပါးပါး ဆော့ကစားခဲ့ဖူးတယ်။ အများအားဖြင့်တော့ ရွယ်တူ မိန်းကလေး ကစားဖေါ်မရှိတာမို့ စာဖတ်နေတာ များပါတယ်။ ဒါကြောင့် သုံးတန်းထဲက မျက်မှန်တပ်ရတယ် ထင်တယ်…။ ရွှေသွေး တေဇ မိုးသောက်ပန်း ဒို့ကျောင်းသား အစရှိတဲ့ အပတ်စဉ်ထုပ် လစဉ်ထုပ် ဂျာနယ်လေးတွေ ရောက်အလာကို စောင့်မျှော်ပြီး ဖတ်ခဲ့ရတယ်။ လေးတန်း ငါးတန်းလောက်မှာတော့ ကျောင်းပိတ်ရက်တွေမှာ အိမ်က စာအုပ်စင်က စာအုပ်တွေ တော်တော်များများကို ဖတ်တတ်လာတယ်။ ဂျာနယ်ကျော်မမလေး သိန်းဖေမြင့် ဆရာကြီး ရွှေဥဒေါင်း မောင်ထင်တို့ရဲ့ စာ ချိုချိုလေးတွေကစလို့ မြသန်းတင့် ဗန်းမော်တင်အောင် ဗဂျီအောင်စိုး ညွန့်ကြူး စောဦး ခင်နှင်းယု တို့ရဲ့စာတွေ အများကြီးပဲ ဖတ်ဖြစ်ခဲ့တယ်။

ကျောင်းမှာတော့ သူငယ်ချင်းတွေကစားကြတဲ့ ကစားနည်းတွေကို မတတ်တတတ်နဲ့ ဝင်ပါခဲ့ဖူးတယ်။ မိန်းကလေးတွေ အများဆုံးကစားကြတာကတော့ ထုတ်ဆီးတိုးတာပေါ့။ ကစားခုန်စားအရာမှာ ဘယ်လောက်တောင် ပါရမီနည်းသလဲ၊ အချိုးအချိတ် မပြေသလဲဆို ကိုယ်တားရမယ့်အလှည့်ဆို ဘယ်သူ့ကိုမှ မိအောင် မဖမ်းနိုင်ဘူး အကုန် လွတ်ကုန်တာပဲ။ အဲ… ကိုယ် တိုးရမယ့်အလှည့်ဆိုရင်တော့ သူတို့ မဖမ်းခင်ထဲက မိချင်နေတာရော။ သူတို့ မမိလည်း ကိုယ့်စည်းကိုယ် ပြန်နင်းပြီး ထမင်းရည်ပူလောင်နေတာနဲ့ကို ကိုယ်ပါတဲ့အသင်းက အမြဲတမ်း ရှုံးရတာပဲ။ ကြာတော့ အားနာလို့ မပါတော့ဘူး။

ငါးတန်း ခြောက်တန်းလောက်အရောက်မှာ သားရည်ကွင်းတွေကို ကြိုးဖြစ်အောင် ဆက်ပြီး ခုန်ကြတဲ့ ကစားနည်း ထွန်းကားလာပြန်တယ်။ ကျောင်းမှာ နေ့လည်ထမင်းစားချိန်တွေမှာ ထမင်းကို အမြန်ဆုံးစားပြီးတာနဲ့ သားရည်ပင် ခုန်တမ်း ဆော့ကြတယ်။ ငယ်ငယ်ထဲက သူများတွေထက် အရပ်ပိုရှည်တော့ သားရည်ပင်ခုန်ရာမှာ ကျွမ်းကျင်မှာပဲလို့ ကိုယ့်ကို သူငယ်ချင်းတွေက အထင်ကြီးကြပြန်တယ်။ အင်း… ဒူးတို့ ခါးတို့လောက်အထိတော့ ကျွမ်းကျွမ်းကျင်ကျင် ခုန်တတ်ပါတယ်။ ဒါပေမယ့် အဲဒီထက် မြင့်တာတွေကိုတော့ ဘယ်လိုမှ မကျော်လွှားနိုင်တော့ပါဘူး။ ဒီလိုနဲ့ ဒီကစားနည်းမှာလည်း ဘေးကနေ ထိုင်ကြည့်နေရတဲ့သူတယောက် ဖြစ်မှန်းမသိ ဖြစ်သွားပြန်ပါတယ်။ လိုက်တန်းပြေးတန်းကစားရင်လည်း မပြေးနိုင်တော့ အမြဲ အမိခံရတယ်၊ ကုလားမစည်းဆိုလည်း အချိုးပြေအောင်ကို မနင်းတတ်ဘူး၊ ရွှေစွန်ညိုဆိုလည်း ချက်ကျ လက်ကျ မပုန်းတတ် မရှောင်တတ်တော့ အမြဲမိတာပဲ၊ ညောင်ပင်တစ္ဆေဆိုတာ ဘယ်လိုနည်းနဲ့ ကစားရမှန်းတောင် မသိခဲ့ဘူး။ ဒါတွေကတော့ တို့ငယ်ငယ်တုန်းအရွယ်ရဲ့ ကစားခုန်စားအရာအတွက် အောင်မြင်မှုတွေပါပဲ။

ငယ်ငယ်တုန်းက အချိန်တွေအကြောင်းကို သေသေချာချာ ပြန်တွေးကြည့်မိပြီး လက်ရှိအနေအထားနဲ့ နှိုင်းယှဉ်လိုက်တိုင်းမှာ ငယ်ဘဝဟာ ရုပ်ဝတ္တုပစ္စည်းတွေ မကြွယ်ဝသော်လည်း စိတ်ချမ်းသာစရာကောင်းပြီး အလွန်အေးချမ်းတယ်ဆိုတာ ပိုသိလာပါတယ်။ မနက် ၇ နာရီဆို ရေဒီယိုမှာလာတဲ့ ကိုယ်လက်ကျန်းမာကြံ့ခိုင်ရေး လေ့ကျင့်ခန်း အစီအစဉ် အတွဲအမှတ် (၁) စတာနဲ့ အိပ်ရာကထ၊ “ချိုချိုမြမြအေး တေးအလှဂုဏ်အင်… အလင်္ကာစောင်းနဲ့ ညင်သာ ပြောင်းနွဲ့ တွဲဖက်ကာပင် မင်္ဂလာအပေါင်းလည်း ပြည့်ဝကြပါစေ အမြဲရှင်… …” အစပြုတဲ့ နံနက်ချိန်ခါ တေးသံသာနဲ့ မနက်စာ စား…။ ၈ နာရီ သတင်းလာရင် ရေချိုး၊ ၈ နာရီခွဲ အင်္ဂလိပ်ပိုင်း အစီအစဉ်က သတင်းအပြီးမှာ လာတတ်တဲ့ Boney M တို့ Abba တို့ အင်္ဂလိပ်သီချင်းလေး သုံးလေးပုဒ်ကို အာရုံးစူးစိုက်... ပြီးရင် ကျောင်းသွားရတာပဲ။

ညနေ ကျောင်းက ပြန်ရောက်ရင် မေမေဈေးသွားနေတုန်း ကျောင်းကပါလာတဲ့ အိမ်စာတွေအပြီးလုပ်ထားတယ်။ ဒါမှ မေမေ ဟင်းချက်ရင် ကူလို့ရတာလေ…။ လေးနာရီကျော် မေမေ မီးဖိုချောင်ဝင်နေတဲ့ အချိန်ဟာ ရေဒီယိုက “မောင်ပြန်လာရင် အဆင်သင့် ကျွေးဖို့တကယ် ချက်ပြုတ်ထားတာ ဖွယ်ဖွယ်ရာရာ များလှပါတယ်… ကန်ဇွန်းရွက်ချဉ်ရည် အဆင်ပြေပါတယ် ငါးဖယ်ငါးဆုပ်ကို အကြော်နဲ့ အသုပ်ခွဲလို့…” ဆိုတဲ့ သီချင်းလာတဲ့ အချိန်နဲ့ အံကိုက်ပဲပေါ့။ သီချင်းလေး တအေးအေးနဲ့ မေမေ့ကို ဟင်းကူချက်ပြီး ငါးနာရီနီးနီးဆို ဖေဖေ ရုံးက ပြန်ရောက်လာရော…။ ရေမိုးချိုးနေရင်း ရေဒီယိုကလာနေတဲ့ စစ်သည်တို့ လိုရာတို့ တပ်မတော်စာတိုက်ခန်းကို ရောက်ရှိလာတဲ့ အမှာစာများကို ဖတ်ကြားပါတော့မယ်ရှင်တို့… တွေလည်း ကြားတချက် မကြားတချက်ပေါ့…။ ညနေ ခြောက်နာရီခွဲဆို အားလုံး စားပြီးသောက်ပြီး ဆေးကြော သိမ်းဆည်းပြီးရင် မိသားစု စုံစုံလင်လင်နဲ့ စကားထိုင်ပြော လဘက်သုပ် ပဲကြမ်းကြော်သုပ် တို့နဲ့ ရေနွေးကြမ်းဝိုင်းဖွဲ့၊ မဟုတ်ရင် လမ်းလျှောက်… ဒီလိုနဲ့ အေးအေးချမ်းချမ်း တနေ့ပြီး တနေ့ ကုန်ခဲ့ရတယ်။

အခုလက်ရှိ နေ့စဉ်အခြေအနေတွေ မှာတော့လား… မျက်စိနှစ်လုံးပွင့်တာနဲ့ ရေတန်းချိုးပြီး ရုံးသွားဖို့ ပြင်ရတော့တာ၊ ဥသြတကောင် နှစ်ကောင်ရဲ့ နေပူမရှောင် မိုးရွာမရှောင် အာခေါင်ခြစ်အော်သံကလွဲလို့ ဘာနံနက်ချိန်ခါမှ တေးသံမသာဘူး…။ အမျိုးသားကတော့ အိပ်ရာနိုးရင် သူ့ ဖေးဖရိတ် Gold 90 FM ကို ဖွင့်တတ်ပါတယ် ဒါပေမယ့် စိတ်အေးလက်အေး ခံစားနေဖို့ အချိန် မရပါဘူး။ ရေချိုးပြီးတာနဲ့ ကော်ဖီတခွက်ကို ကမန်းကတန်းမော့ပြီး အိမ်က ထွက်ကြရတယ်။ ကံကောင်းထောက်မပြီး အချိန်မှန်မှန် ပြန်ရတဲ့ ရုံးပေမို့ အိမ်ပြန်ရောက်ရင် ခြောက်နာရီခွဲ...။ မောင်ပြန်လာရင် အဆင်သင့် ကျွေးဖို့တကယ် ချက်ပြုတ်ထားတာ ဖွယ်ဖွယ်ရာရာ များလှပါတယ် တွေ ဘာတွေ ဘာ ဘာ ဘာမှ မရှိ… မောင် အရင်ရောက်ရင် မောင် ထမင်းချက်ပဲ…။ ကန်ဇွန်းရွက်ချဉ်ရည် လောက်တော့ အဆင်ပြေပါသေးတယ်… လာထား… (အဲဒါက လွယ်တယ်လေ)… အဲ… ငါးဖယ်ငါးဆုပ်ကို အကြော်နဲ့ အသုပ်ခွဲလို့ ဆိုတာမျိုးတော့ တာ့တာပဲ…။ အကြော်ဆို အကြော် ရှင်းရှင်းလင်းလင်း တမျိုးပဲရမယ်… ဟင်း ဟင်း ဟင်း…။

စားသောက် ဆေးကြောပြီး အောက်ဆင်း လမ်းလေး ဘာလေးလျှောက်ဖို့ ခေါ်တိုင်း လူက လုံးဝ မလှုပ်ချင်တော့လို့ မလုပ်မဖြစ် အိမ်အလုပ်လေး တိုလီမိုလီလုပ်ပြီး စာဖတ်သယောင် စာရေးသယောင် ဓါတ်ပုံတွေပဲ ပြင်သယောင်နဲ့ ကွန်ပျူတာနဲ့ မျက်နှာအပ် ဖဘမှာ အချိန်တွေကုန်… ဒီလိုနဲ့ တနေဝင် တနေထွက်… ဒီစက်ဝိုင်းကြီးထဲမှာ တလည်လည်နဲ့ပါ…။ ဒီလိုနေနေတာ Quality of Life တွေ သိပ်ကျတယ်လို့ အမျိုးသားက မကြာခဏ ပြောတတ်ပါတယ်။

အခုဆိုရင် ကိုယ်ရော ကိုယ့်ပတ်ဝန်းကျင်က အပေါင်းအပါတစုဟာ ကိုယ့်ရွေးချယ်မှုနဲ့ကိုယ် ပြီးတော့ ကိုယ့်အတ္တတွေကို ရှေ့တန်းတင်ပြီး ဆန္ဒတွေ လောဘတွေ တိုးတက်လာတဲ့ ရုပ်ဝတ္တုပစ္စည်းတွေရဲ့ ခေါ်ဆောင်ရာ နောက်ကို တကောက်ကောက်ပါအောင် လိုက်မှန်းမသိ လိုက်နေကြရင်း အေးအေးချမ်းချမ်းနဲ့ ပျော်ရွှင်စရာကောင်းတဲ့ ငယ်ဘဝတွေကို ခပ်ဝေးဝေးမှာ သိသလို မသိသလိုနဲ့ ချန်ထားရစ်ခဲ့ကြပြီ…။ သီချင်းထဲကလိုပဲ… အခုများဖြင့် ကိုယ်စီ ကိုယ်စီ ကြင်ဖေါ်အသွယ်သွယ် သားရယ် သမီးရယ် နဲ့ လောကကြီးအလယ်မှာ သောကမီးနွယ်တွေနဲ့ အတူ ဘဝတိုက်ပွဲ တွေ အပြိုင်အဆိုင်နွှဲနေကြပြီ…။ အဲဒါတွေကို ကြည့်ရင်း ဟိုတွေး ဒီတွေး တွေးရင်း “ငယ်ငယ်တုန်းက တို့ဘဝအရွယ် ပျော်စရာကောင်းလို့ အောက်မေ့တယ်…” ဆိုတဲ့ သီချင်း အပိုင်းအစလေးကို ပါးစပ်ဖျားမှာ မကြာခဏ ရေရွတ်နေမိပါတော့တယ်…။