Tuesday, June 3, 2025

Look back to memory lane

ဟိုးအရင်နှစ်တွေက Memory အဟောင်းတွေ ပြန်ကြည့်မိရင် စိတ်က ရုတ်တရက် နူးညံ့ ကြည်လင်သွားသလိုပဲ... ချက်ချင်းကို စာအသစ်တွေ ရေးဖွဲ့ချင်စိတ်လည်း ဖြစ်လာမိတယ်။ ဒါမယ့်လည်း စိတ်ကူးသက်သက်ပါပဲ...

Facebook သုံးခဲ့တဲ့ သက်တမ်း ၁၅ နှစ်ကျော်... နေ့စဉ် Memory မှာ အစီအရီ ပေါ်လာတဲ့ ကိုယ် ရေးခဲ့တဲ့စာတိုပေစတွေ... ကိုယ် ရိုက်ခဲ့တဲ့ ဓါတ်ပုံတွေ... ဟိုတစ ဒီတစ သီချင်းအပိုင်းအစတွေ... ပြီးတော့ ချစ်သူ ခင်သူ သူငယ်ချင်း မိတ်ဆွေတွေနဲ့ အပြန်အလှန် ပြောဆို ရယ်မောထားကြတဲ့ ကော်မန့်တွေ... သိပ်လွမ်းစရာကောင်းတာပဲ... 

ဘဝမှာ ကိုယ်ရေးခဲ့ဖူးတဲ့စာကို ကိုယ်တိုင် ပြန်ဖတ်ရင်း မျက်ရည်ဝဲရတဲ့ အဖြစ်ကို မကြာခဏ ကြုံခဲ့ဖူးပြီ။ သူများတွေအတွက် ဘာမှ မဖြစ်လောက်တဲ့ စာတပိုဒ်ပေမယ့် ကိုယ်ကတော့ ရေးခဲ့သမျှ စာတွေရဲ့ ကိုးဆယ်ရာခိုင်နှုန်းလောက်က ဖတ်လို့ကောင်းရုံ စာကြောင်းတွေ လှပရုံသက်သက် ရေးထားခဲ့တာ မဟုတ်လေတော့ ခံစားရတယ်။ 

ပူပန်ကြောင့်ကြစရာတွေ နည်းပါးသွားတဲ့ အသက်အပိုင်းအခြားတစ်ခုကို ရောက်လာတဲ့အခါမှာ လုပ်မယ်လို့ တွေးထားတဲ့ ရည်ရွယ်ချက်တွေ စိတ်ကူးတွေ ရေစုန်မျောခဲ့ရတာ လေးနှစ်ကျော်ပြီပေါ့... ဒီလိုခံစားရတာ ကိုယ်တစ်ယောက်ထဲ မဟုတ်တာလည်း သေသေချာချာ သိထားပါရက်နဲ့ သတိရလို့ တွေးမိတိုင်း စိတ်မကောင်းဖြစ်နေတုန်းပဲ။ ဒီလိုခေတ်ဆိုးကြီးထဲက လွတ်မြောက်ဖို့ ကိုယ်တတ်နိုင်သမျှ အားထည့်ပြီး ကြိုးစားနေခဲ့တာလည်း ဒီနေ့ ဒီအချိန်အထိပါပဲ... 

အိမ်ပြန်ရမယ့် အချိန်တွေ၊ လွတ်လပ်ပေါ့ပါး ပျော်ရွှင်ရမယ့် အချိန်တွေ မြန်မြန် ရောက်ချင်ပါပြီ...