အသံ တွေသည် အရပ်မျက်နှာမျိုးစုံ နေရာဒေသမျိုးစုံမှ ပုံစံအနေအထား အမျိုးမျိုးဖြင့် ကိုယ့်ဆီကို ရောက် ရောက် လာတတ်ကြသည်။ အမှန်အတိုင်းပြောရလျှင် စူးစူးရှရှအသံတွေ၊ ကျယ်လောင်သံတွေကို ကိုယ် အလွန် မုန်းသည်။ ကြောက်လဲ ကြောက်တတ်သည်။ ထိုသို့ပြောလိုက်လျှင် လူတော်တော်များများက ကိုယ့်ကို အဲဒါလဲ စိတ္တဇ တစ်မျိုးပဲ ဟု ဆိုချင်ကြမည်လော။ ဆိုချင်လဲ ဆိုကြပါစေတော့…။ ကိုယ်ကတော့ ထိုအသံများကို တစထက် တစ အမုန်းကြီး မုန်းတီးနေပါသည်။
အသံ ဆိုသည့်နေရာတွင် သဘာဝအလျှောက် ထွက်ပေါ်လာသော ကျေးငှက် သာရကာတို့၏ အသံများ၊ သီချင်းသံများ၊ တူရိယာဂီတ တီးမှုတ်သံများ နှင့် သာယာ နာပျော်ဖွယ်ရာ ကောင်းသော အသံများကို မဆိုလိုပါ။ လူတို့၏ တီထွင်ဖန်တီးမှုကြောင့် ပစ္စည်းအမျိုးမျိုးမှ အချိန်နှင့်အမျှ ထွက်ပေါ်လာတတ်သော စီစီညံညံ စူးစူးရှရှ အသံများကို ဆိုလိုပါသည်။ ထိုအခါ နေ့စဉ် နေ့တိုင်း ကိုယ် ကြားနေရသော အသံများစွာအနက်က ကိုယ် မုန်းတီးသော အသံတွေအကြောင်းကို ပြန်လည် စဉ်းစားကြည့်မိပါသည်။
အသံ ဆိုသည့်နေရာတွင် သဘာဝအလျှောက် ထွက်ပေါ်လာသော ကျေးငှက် သာရကာတို့၏ အသံများ၊ သီချင်းသံများ၊ တူရိယာဂီတ တီးမှုတ်သံများ နှင့် သာယာ နာပျော်ဖွယ်ရာ ကောင်းသော အသံများကို မဆိုလိုပါ။ လူတို့၏ တီထွင်ဖန်တီးမှုကြောင့် ပစ္စည်းအမျိုးမျိုးမှ အချိန်နှင့်အမျှ ထွက်ပေါ်လာတတ်သော စီစီညံညံ စူးစူးရှရှ အသံများကို ဆိုလိုပါသည်။ ထိုအခါ နေ့စဉ် နေ့တိုင်း ကိုယ် ကြားနေရသော အသံများစွာအနက်က ကိုယ် မုန်းတီးသော အသံတွေအကြောင်းကို ပြန်လည် စဉ်းစားကြည့်မိပါသည်။
*****
ပထမဆုံး အနေဖြင့် အလုပ်သွားရန် အိပ်ရာမှနှိုးတတ်သော တယ်လီဖုန်းမှ Alarm မြည်သံ။ ဒီအသံကို ကိုယ် မုန်းသည်။ မုန်းတာမှ တော်တော်ကို မုန်းသည်။ ထိုအသံကို ကြားပြီး နဲနဲမှ မခံမရပ်နိုင်ဖြစ်လာသည့် နေ့မျိုးမှာတော့ Alarm ကို စိတ်ဆိုးမာန်ဆိုးဖြင့် ပိတ်၍ ပြန်အိပ်လိုက်မိသည်။ သို့သော် ရလာဒ်ကတော့ ရုံးကို အချိန်မီ မရောက်ခြင်းပင်…။ တစ်ခါတစ်လေဆိုရင်တော့ ကိစ္စမရှိ၊ အကြိမ်ရေ များလာရင်တော့ မကောင်း။ ထို့ကြောင့် မုန်းပင် မုန်းသော်ငြားလည်း နေ့စဉ် မုန်း မုန်းနှင့် သည်းခံရသော အသံတစ်ခုပါပေ။
နောက်တစ်ခုက အလုပ်သွားရက်တိုင်း နံနက် ၇ နာရီခွဲခန့်မှာ ကြားရတတ်သော ကိုယ့်အခန်းနှင့် တစ်ခန်းကျော်မှ တရုပ်မတစ်ယောက်၏ ဒေါက်ဖိနပ်သံ တဂွတ်ဂွတ်…။ ထိုအသံကိုကြားလိုက်လျှင် နာရီကြည့်စရာမလို။ ၇ နာရီခွဲပြီဟု မှတ်ယူ၍ ရလောက်အောင်ပင် သူမက အချိန်မှန်လေသည်။ ကိုယ် ဒီအခန်းကို ပြောင်းလာခဲ့တာ နှစ် နှစ်ကျော်ရှိပြီမို့ ဒီအသံကို ကိုယ် နာခံနေခဲ့ရတာလဲ နှစ် နှစ်ကျော်ခဲ့ပြီ။ စဉ်းစားမိသည်။ ဒီတရုတ်မသည် သစ်သား ခုံဖိနပ်ကိုများ စီးနေလေရော့ သလား… သို့မဟုတ် ဒီဖိနပ်တစ်ရံထဲကို ၂ နှစ်ကျော် စီးနေခြင်းများလား… ဒီလိုတော့ဖြင့် မဖြစ်တန်ရာ…။ သို့သော် ဘာကြောင့်များ သူ့ဖိနပ်သံတွေသည် ဒီအသံဆိုး တစ်မျိုးတည်း ဖြစ်နေရပါသနည်း…။ အဖြေကား ရှာမရ… ထိုတဂွပ်ဂွပ် ဖိနပ်သံကို ကိုယ်မုန်းလှသည်။
နောက် ကိုယ်မုန်းသော အသံတစ်ခုက ရေခဲသတ္တာတံခါးကို စက္ကန့် ၃၀ ထက် ပိုကြာကြာ ဖွင့်ထားလျှင် စီစီညံညံ မြည်တတ်သော သတိပေး Alarm သံ။ ဘာလဲကွ.. ကိုယ့်အိမ်က ကိုယ်ဝယ်ထားတဲ့ ရေခဲသတ္တာတံခါးကိုတောင် ကိုယ့်စိတ်ကြိုက် ဖွင့်လို့ မရတော့ဘူးလား ဟု အချဉ်ပေါက်စွာ တွေးမိသည်။ ပြီးတော့ အဲဒီ ရေခဲသတ္တာတံခါးကို ဘယ်သူကရော အလုပ်မရှိ အလုပ်ရှာပြီး ဖွင့်နေမှာမို့လဲ…။ ရေသောက်ချင်တဲ့အခါ၊ စားစရာ တခုခုရှာဖွေတဲ့အခါ၊ စားလက်စ မုန့်ပဲ သွားရည်စာ၊ ဟင်း အစရှိသော အရာများကို သိမ်းဆည်းချင်သည့်အခါ… ဒီလိုအခါမျိုးတွင်မှပဲ ဒါကြီးကို ဖွင့်တော့မပေါ့…။ စဉ်းစားဘဲ ကြည့်ကြပါဦး။ ဖွင့်ပြီးတော့ရော ဘယ်သူက ဒီလို အချိန်အကြာကြီး ဇိမ်ဆွဲပြီး တံခါးမပိတ်ပဲ ထားမှာမို့လို့လဲ…။ ဒါနဲ့များ ဒင်းက အော်ကြယ် ဟစ်ကြယ်နဲ့ အော် အော်နေသေးတယ်လို့ မလိုတမာစွာ တွေးနေမိတာ အကြိမ်ပေါင်း မနဲတော့…။
နောက်ထပ် ကိုယ်မုန်းသော အသံတစ်ခု ရှိသေးသည်။ ထိုအသံထွက်ပေါ်ရာ နေရာကတော့ အ၀တ်လျှော်စက်မှ ဖြစ်သည်။ သူက သူ့အလုပ်သူ တိတ်တိတ် ဆိတ်ဆိတ် မလုပ်ပဲ ဘာကြောင့် အသံများ ထွက်ရသနည်း။ ရှင်းပြပါမည်။ ပထမဦးဆုံး လျှော်စရာ အ၀တ်တွေထည့်ပြီး ပါဝါ ခလုပ်ကို စ နှိပ်လိုက်တော့ ပါဝါရှိကြောင်းပြ၊ အလုပ် စပြီဟု သိသာစေရန် အသံထွက်လာသည်။ ထားတော့… ။ ထို့နောက် ဆပ်ပြာရည်ထည့်၊ ရေတွေက သူ့အလိုလိုကျလာ… အ၀တ် စလျှော်နေလေပြီ။ ထိုအချိန်မျိုးတွင် ကိုယ်က အ၀တ်လေး တစ်ထည်လောက် ထပ်ထည့်ချင်၍ အဖုံးကို ဖွင့်လိုက်မိသည် ဆိုကြပါစို့…။ ထိုအခါ မောင်မင်းကြီးသားက သူ့အလုပ်ကို နှောက်ယှက်ရကောင်းလားဟု တွေးလေသလားမသိ စူးစူးဝါးဝါး အော်မြည်ပေတော့သည်။ ထိုအခါ တံခါးကို ခပ်မြန်မြန်လေး ပြန်ပိတ်ရလေသည်။ ထိုမျှနှင့် ပြီးရောလား ဆိုတော့ မဟုတ်သေးပြန်။
အ၀တ်များကို လျှော်ဖွတ် ရေဆေး ရေညှစ်ပြုနေစဉ် နောက်ဆုံးတစ်ခေါက်မှာ စူးစူးဝါးဝါး တစ်ခါ အော်လေပြန်သည်။ ဘာကြောင့်ပါလဲ… သူအနေဖြင့် နောက်ဆုံးတစ်ခေါက် အ၀တ်များကို ရေဆေးချိန်တွင် အ၀တ်များ ပျော့ပြောင်း မွှေးကြိုင် မီးပူတိုက်ရ လွယ်ကူစေရန် ထည့်ရသော အ၀တ်ပျော့ဆေးရည် ထည့်ရန် အချက်ပေးခြင်းပင်။ ဘုရားရေ… ကိုယ်မလျှော်နိုင်လို့ ဒင်းကို လျှော်ခိုင်းမိပါတယ်… သူက ကိုယ့်ကိုယ်တောင် ပြန်ခိုင်းနေပါပေါ့လား…။ ကြောက်နေရ ပါလား… အသံတွေကလဲ အမျိုးမျိုးမြည်နေသေး…။ အဲ.. သူလျှော်လို့ပြီးသွားတဲ့အခါမှာလဲ တစ်ခါ စီစီညံညံ အော်ပြန်လေသည်။ ဒါကတော့ ငါ့တာဝန် ကျေပြီဟု ပြောနေခြင်းပင်။ ထို့ကြောင့် အ၀တ်လျှော်စက်ဖြင့် လျှော်တိုင်း မဖြစ်မနေ နာခံရသော ထိုအသံများကို ကိုယ် မုန်းတီးမိပါသည်။
ကိုယ် မုန်းတီးသော နောက်အသံတစ်ခုက မိုက်ကရိုဝေ့ဖ် မှလာသည်။ ညနေတိုင်း အလုပ်မှ ပြန်ရောက်ချိန် များတွင် ညနေစာကို အစအဆုံး ပြင်ဆင် ချက်ပြုတ်နိုင်စွမ်းမရှိသောကြောင့် ရုံးပိတ်ရက် နှစ်ရက်မှာ အသားဟင်း သုံးမျိုးလောက်ကို ချက်ထားမိသည်။ အလုပ်မှ ပြန်ရောက်သောအခါ အသင့်ရှိနေသော အသားဟင်း တစ်မျိုးမျိုးကို မိုက်ကရိုဝေ့ဖ်ဖြင့် နွှေး၊ အသီးအရွက် တစ်ခုခုကို ရှာဖွေ ကြော်လှော်ကာ အိမ်မှပို့ထားသော အခြောက် အခြမ်းလေးများနှင့် တွဲဖက်ပြီး ညနေစာကို စားရလေ့ရှိသည်။ ပြဿနာက ထိုမှ စလေသည်။
မိုက်ကရိုဝေ့ဖ်ထဲသို့ ဟင်းဗူးကို ထည့်၊ ခလုပ်များကို တောင်တောင် မြောက်မြောက်နှိပ်ပြီး ဟင်းနွှေးခြင်း အမှုကို ပြုသောအခါ နှိပ်ထားသော အချိန် တစ်ဝက်အရောက်တွင် တ တီတီဖြင့် အချက်ပြုလေ၏။ ဟင်းများ၏ အပေါ်တခြမ်းတော့ နွှေးပြီးလေပြီ၊ ကျန်ရှိနေသော အခြားတစ်ခြမ်းကို နွှေးလိုပါက တဖက်သို့ လှန်ပေးပါဟု ဆိုချင်ဟန်ရှိပါသည်။ စိတ်မရှည်လှသော ကိုယ့်အဖို့တော့ တဖက်က ပူတာတွေ တဖက်မှာ မပူတာတွေ ဂရုစိုက်မနေနိုင်ပြီ။ တ တီတီသံကို နားမခံနိုင်လွန်းသဖြင့် ဆက်နွှေးရန် Continue ဟူသော ခလုပ်ကိုသာ ခပ်မြန်မြန်နှိပ်လိုက်လေသည်။ ဒီလိုနှင့် ပြီးသွားပြီဟု ထင်ပါသလား…။ မပြီးသေးပါ။ သတ်မှတ်ထားသော နွှေးရန်အချိန် ပြည့်သွားသောအခါတွင်လဲ ထိုဟင်းဗူးကို အပြင်သို့ မထုပ်မချင်း တ တီတီနှင့် အဆက်မပြတ် မြည်နေလေတော့သည်။ ထိုအခါ လုပ်လက်စတွေကို အသာချကာ သူ့ဆီအမြန်ပြေးပြီး သူဖြစ်စေချင်သလို လုပ်ရပြန်သည်ပေါ့…။
နောက် ကိုယ် မုန်းသော အသံတစ်ခုအကြောင်းကိုလဲ ပြောပြချင်ပါသေးသည်။
အပေါ်မှာ ပြောခဲ့သည်။ ကိုယ်မုန်းသော အသံ ဆိုသည့်နေရာတွင် သဘာဝအလျှောက် ထွက်ပေါ်လာသော ကျေးငှက် သာရကာတို့၏ အသံများကို မဆိုလိုပါ ဟု။ သို့သော်… ချွင်းချက်အဖြစ် ကိုယ်ပြောပြချင်သော အသံတစ်ခုမှာ စင်္ကာပူသူ စင်္ကာပူသားတိုင်းလိုလို ကြားဖူးကြမည့် ကိုရွှေဥသြငှက်၏ ဥသြ.. ဥသြ…. ဟူသော မြည်သံပင်။
ဥသြသံမှာ သာယာနာပျော်ဖွယ် မရှိဘူးလား ဟု မေးစရာရှိပါသည်။ ရှိပါသည်… တကယ်လဲ သာယာပါသည်… သီချင်းများ စာပေများထဲတွင် တွန်သံချိုတဲ့ ရွှေဥသြငယ် ဟူ၍ပင် တင်စားကြရသည် မဟုတ်ပါလော…။ ဒါတွေအပြင် ငယ်ငယ်က သိဖူး ကြားဖူးခဲ့သော သီချင်း၊ ပုံပြင် စသည်များထဲတွင်လည်း ဥသြသံကြားလျှင် နွေရောက်ပြီကို သိနိုင်ကြောင်း၊ နွေကြို ရွှေဥသြငှက်… စသည်ဖြင့် ဥသြကို နွေနှင့် အတူတူတွဲကာ တစ်သားထဲ သိမြင် မှတ်သားထားခဲ့ဖူးသည်ပဲလေ…။
သို့သော်… သို့သော်…
စင်္ကာပူမှ ကိုဥသြတို့သည် ရာသီဥတု သာယာကြည်လင်နေချိန်မျိုးမှာသာမက လေကြီး မိုးကြီးတွေ သည်းသည်းထန်ထန် ရွာသွန်းနေချိန်မျိုးမှာပါ ဥသြ... ဥသြ…. ဥသြ…. ဟု နွေကြိုတေးမှန်းမသိ၊ မိုးကြိုတေးမှန်းမသိ၊ ဘာကြိုတေးမှန်းပင် မသိနိုင်သော တေးကို တလစပ် ဟစ်ကြွေးသီဆို လေသောအခါ ကိုယ့်မှာ ရယ်ရမလို၊ ငိုရမလို၊ ဘယ်လွမ်းလို့ လွမ်းရမှန်းမသိ၊ ဒေါသထွက်ကာ စိတ်တွေ အတော်ပင် တိုတောင်းရသဖြင့် ထိုအချိန်မဟုတ် အခါမဟုတ် မြည်ကြွေးတတ်သော ဥသြသံကိုလဲ ကိုယ် မုန်းလှပါသည်။
*****
အသံ တွေသည် အရပ်မျက်နှာမျိုးစုံ နေရာဒေသမျိုးစုံမှ ပုံစံအနေအထား အမျိုးမျိုးဖြင့် ကိုယ့်ဆီကို ရောက် ရောက် လာတတ်ကြသည်။ တစ်နေ့ တစ်နေ့ ကိုယ် နာခံနေရသော ကိုယ် မုန်းတီးသော အသံတွေကို ပြန်လည် ကြားယောင်ကြည့်နေမိပြီး ထိုအသံတွေမှ လွတ်မြောက်ရာ လွတ်မြောက်ကြောင်းကို ကိုယ် ဘယ်လိုရှာရပါ့ ဟု အပြင်းအထန် စဉ်းစားခန်းဝင် နေမိပါတော့သည်။






