Monday, April 7, 2014

သီရိလင်္ကာ ခရီးစဉ် (၃)

ဒီနေ့အတွက် အစီအစဉ်ကတော့ အခုရောက်နေတဲ့ အနုရဓပူရမြို့ကနေပြီး ကန်ဒီဆိုတဲ့ မြို့လေးကို ခရီးဆက်ဖို့ပါ။ အဲဒီ ကန်ဒီ (Kandy) ဆိုတဲ့မြို့လေးက သီရိလင်္ကာနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ ဖြစ်ပါတယ်။ လဖက်စိုက်ခင်းတွေ အများကြီးတဲ့ ချစ်စရာ တောင်ပေါ်မြို့ကလေး တစ်မြို့ဖြစ်ပြီး မြတ်စွာဘုရားရဲ့ စွယ်တော် ကိန်းဝပ်စံပါယ်ရာမြို့ဖြစ်လို့ နာမည်ကျော်ကြား လူသိများပါတယ်။ ဗုဒ္ဗဘာသာဝင်တွေ မရောက်မဖြစ် ရောက်သင့်တဲ့ နေရာလို့ ဆိုကြပါတယ်။

မနက်စောစော အိပ်ရာထ၊ မနီးမဝေးက ဆိုင်လေးမှာ ပလာတာ နံပြား တိုရှည်နဲ့ ကြက်သားဟင်း၊ ဘယာကြော်၊ ပလာတာကို နုတ်နုတ်စင်းနဲ့ ကြက်သားကြော် နုတ်နုတ်စင်းကို ဂေါ်ဖီထုပ်၊ ကြက်သွန်နီတို့နဲ့ ပြန်ကြော်ထားတဲ့ အမည်မခေါ်တတ်တဲ့ ပလာတာကြော်၊ ပြီးတော့ အင်မတိ အင်မတန်ချိုတဲ့ လဖက်ရည်ကို သောက်နိုင်သလောက် သောက်ပြီး ခရီးဆက်ဖို့ ပြင်ဆင်ပါတယ်။ ကုန်းလမ်းခရီး ဖြစ်ပြီး ကားမပိတ်ရင် လေးနာရီကနေ ငါးနာရီကြား မောင်းရတယ်လို့ သိရပါတယ်။ သို့သော် အသွား လမ်းတလျှောက်မှာရှိတဲ့ ဘုရားတွေကို အေးအေးဆေးဆေး ဝင်ဖူးသွားကြမယ်၊ ကန်ဒီမြို့ကို ညနေစောင်းမှ ရောက်မယ်လို့ Tour Guide က ပြောပါတယ်။

အသွားလမ်းမှာ Dambulla ဆိုတဲ့ မြို့က နာမည်ကြီး ပန်းခြံတစ်ခုကို ဝင်ပါတယ်။ ပန်းခြံဆိုသော်လည်း ပန်းတွေ အများကြီးတော့ မရှိပါဘူး။ ဒါပေမဲ့ စိမ်းစိမ်းစိုစို၊ ကျယ်ကျယ်ဝန်းဝန်း သာသာယာယာနဲ့ ကားတွေ ကားတွေနဲ့ လာလည်တဲ့လူတွေလည်း အများကြီးပါပဲ။ ဒါကတော့ အဲဒီ Park ထဲက လမ်းကလေးပါ။
ဒီနေရာလေးကတော့ မင်္ဂလာမောင်နှံတွေ အမှတ်တရ အလှ ဓါတ်ပုံလာရိုက်လေ့ရှိတဲ့ နေရာလို့ သိရပါတယ်။ ကျွန်မတို့ရောက်တဲ့ အချိန်မှာကိုပဲ သတို့သား သတို့သမီးစုံတွဲတွေ ဓါတ်ပုံရိုက်နေကြတာကို တွေ့ခဲ့ရပါသေးတယ်။
အဲဒီ ပန်းခြံထဲမှာ ရိုက်ဖြစ်ခဲ့တဲ့ ချစ်စရာ ပန်းကလေးတစ်ပွင့်ပါ။
အဲဒီပန်းခြံနဲ့ မနီးမဝေးမှာတွေ့ခဲ့ရတဲ့ ကျောက်တောင် အကြီးကြီးပါ။ Sigiriya လို့ အမည်ရပါတယ်။ အရှေ့မှာ မြင်နေရတာကတော့ ကြာပင်တွေ ပြည့်နေတဲ့ ရေကန်ကြီးပါ။
ဒါကတော့ Dambulla မြို့မှာရှိတဲ့ Golden Rock Temple ပါ။ Cave Temple လို့လည်း ခေါ်ကြပါတယ်။ တောင်ကုန်းအမြင့်ပေါ်မှာ တည်ထားတဲ့ ဆင်းတုတော် အကြီးကြီးပါ။
ဒီဖက်ဘေးက ရိုက်လို့ ပိုလှတယ်။
ဒါကလည်း တောင်ကုန်းပေါ်မှာ တည်ထားတဲ့ ဆင်းတုတော် နောက်တစ်ခုပါ။ အဝေးကနေပဲ လှမ်းပြီး ဖူးခဲ့ပါတယ်။ ဘုရားနာမည် မှတ်လာတာ အခု ပြန်ရှာတော့ မတွေ့တော့ဘူး။ ဆောရီး...
လမ်းတလျောက်မှာ ထူးအိမ်သင်ရဲ့ နွေဦးကံ့ကော်နဲ့ ကိုအောင်ရဲ့ နွေဦးပုံပြင်သီချင်းကို တလှည့်စီ နားထောင်ရင်း မြင်ကွင်းထဲကို တန်းတန်းမတ်မတ် ရောက်လာတဲ့ နွေဦးရဲ့ အလှတစ်ချို့ပါ။
ဒါကတော့ စတုတ္ထအကြိမ် သံဃာယနာ တင်ခဲ့တဲ့နေရာလို့ သိရပါတယ်။ သက်တမ်းရင့် ကျောက်တောင်ကြီးတွေ ဝိုင်းရံပြီး အေးစိမ့်သာယာတဲ့ နေရာတစ်ခုပါ။
ဒါကတော့ English Dhamma School လို့ နာမည်ပေးထားပေမဲ့ တကယ်တော့ ရှေးဟောင်းပြတိုက်လို နေရာတစ်ခုပါ။ အထဲမှာ ပိဋကတ်သုံးပုံနဲ့အတူ ပေရွက်တွေရယ်၊ ရှေးဟောင်းပစ္စည်းတစ်ချို့ရယ်ကိုလည်း တွေ့ခဲ့ရပါတယ်။
ဒါကတော့ အလှူပါဝင်လို့ ပေရွက်ပေါ်မှာ နာမည်ရေးပေးနေတာပါ။ နှစ်ပေါင်း နှစ်ရာကျော်အထိ မပျက်မစီးပဲ ခိုင်ခံ့စွာ စွဲထင်နေမှာလို့လည်း ပြောလိုက်ပါသေးတယ်။
ဒါကတော့ အဲဒီနေရာကနေ အောက်ကို ငုံ့ကြည့်မိတုန်း ရိုက်လိုက်တဲ့ပုံပါ။ တော်တော်တော့ မြင့်သား…
လမ်းမှာ ဖူးစရာ ဘုရားတွေဖူးပြီးလို့ ကန်ဒီမြို့ကို အသွား လမ်းတစ်နေရာပါ။ ဘေးနားက အသီးဆိုင်လေးမှာ ကားရပ်ပြီး ခဏနားဖြစ်သေးတယ်။ လမ်းသွားရင်း စားရအောင်ဆိုပြီး ပန်းသီး လိမ်မော်သီး နာနတ်သီးတွေ အပြင် ဒူးရင်းသီး၊ ဥသျှစ်သီးတွေပါ ဝယ်လာပါသေးတယ်။
ည မမှောင်ခင်မှာ ကန်ဒီမြို့ကို ရောက်ပါတယ်။ မြို့ထဲကို ရောက်ရောက်ချင်း KFC ဆိုင်ကို လှမ်းတွေ့တော့ ပါးစပ်က အငြိမ်မနေနိုင်ပဲ ဟော… ဟိုမှာ KFC လို့ အားရဝမ်းသာ အော်လိုက်မိတယ်။ မတွေ့ရတာက သုံးရက်ကျော် လေးရက် ဆိုတော့ ရုတ်တရက် တွေ့လိုက်ရချိန်မှာ အဲလို အသံထွက်သွားတယ်။ အဲဒါကို ကြားတဲ့ ကျွန်မတို့နဲ့ အတူတူ ခရီးသွားဖေါ် အန်ကယ်ကြီးက သမီးက KFC စားချင်နေတာကိုးလို့ ပြောလည်း ပြော၊ ကားကိုလည်း ရပ်ခိုင်းပြီး၊ သူတို့ပါ KFC လိုက်စားပေးပါတယ်။ ဟာ… ရပါတယ်… ကိစ္စမရှိပါဘူး… တခြားဟာ စားပါ့မယ်… လို့ အတန်တန် ငြင်းပေမဲ့ မရတော့ပါဘူး။ ဒီလိုနဲ့ ဖေဖေ မေမေ အပါအဝင် အသက် ခုနှစ်ဆယ်ကျော် ရှစ်ဆယ်နီးနီး လူကြီးတွေ ကျွန်မရဲ့ ကောင်းမှုကြောင့် KFC က ကြက်သားကြော် မာခြောက်ခြောက်ကို Pepsi နဲ့ မျှောချကြရတဲ့ ညနေစာ ဖြစ်သွားပါတယ်…။ အမှတ်တရပါပဲ။

KFC စားနေတုန်းမှာ ဒီည စောစောအိပ်ရမယ်၊ မနက်ကျ လေးနာရီခွဲ ထပြီး စွယ်တော်ဖူးဖို့ သွားရမယ်လို့ Tour Guide က ပြောပါတယ်။ စောနိုင်သမျှ စောစောသွားမှ အဆင်ပြေမယ်၊ နောက်ကျတာနဲ့အမျှ လူတွေများပြီး ကိုယ့်အလှည့်ရောက်ဖို့ အကြာကြီး စောင့်ရတတ်တယ်လို့လည်း ရှင်းပြပါတယ်။ မနက်ဖြန်ဝတ်ရမဲ့ ဝတ်စုံကတော့ အင်္ကျီအဖြူ ဘောင်းဘီအဖြူပေါ့…။ ကျွန်မနဲ့ အတူ စွယ်တော် လိုက်ဖူးဖို့ အိပ်ရာ စောစော ထကြပါ၊ ပြီးတော့ အဖြူရောင် ဝတ်စုံလေး ဝတ်ရမယ်ဆိုတာလည်း မမေ့နဲ့အုံးနော်...။


- ၂၀၁၅ သြဂုတ်လထုတ် Living Fashion Magazine တွင် ဖေါ်ပြပြီး ဖြစ်သည်

Wednesday, April 2, 2014

သီရိလင်္ကာ ခရီးစဉ် (၂)

ဒုတိယနေ့အတွက် အစီအစဉ်ကတော့ မနက်စောစော အိပ်ရာထပြီး အနုရဓပူရမြို့ထဲမှာရှိတဲ့ ဘုရားတွေကို သွားဖူးဖို့ပါ။
ပထမဆုံး သွားခဲ့တဲ့ဘုရားက မဟာဗောဓိ စေတီပါ။

အဲဒီ မဟာဗောဓိ စေတီဟာ အိန္ဒိယနိုင်ငံ ဗုဒ္ဗဂါယာမှာရှိတဲ့ မဟာဗောဓိညောင်ပင်ရဲ့ တောင်ဖက် အကိုင်းကို ပင့်ဆောင်ပြီး ပူဇော် စိုက်ပျိုးထားတာလို့ ဆိုပါတယ်။ ဒီမှာကြည့်ပါ… ညောင်ကိုင်းကို ရွှေချထားတဲ့ တိုင်တွေနဲ့ သေသေချာချာ ထောက်ထားတာ။
မဟာဗောဓိစေတီနဲ့ သိပ်မနီးမဝေးနေရာမှာ ဖူးခဲ့ရတဲ့ စေတီကတော့ မဟာစေတီပါ။ ပုံမှာတွေ့ရတာက ဘုရားရဲ့ ရင်ပြင်တော် တစ်နေရာပါ။ မဟာစေတီဟာ မြတ်စွာဘရား ပရိနဗ္ဗန်စံပြီး မီးသဂြိုလ်တဲ့အချိန်မှာ ကျလာတဲ့ ဓါတ်တော်တွေအားလုံးနီးပါးကို ဌာပနာထားတဲ့ စေတီတစ်ဆူဖြစ်ပြီး ဆုတောင်းပြည့်တယ်လို့ မှတ်သားရပါတယ်။ ထုံးသင်္ကန်းနဲ့ မဟာစေတီရဲ့ ပုံပန်ုးသဏ္ဍာန်ဟာ စစ်ကိုင်းက ကောင်းမှုတော်စေတီနဲ့ ခပ်ဆင်ဆင်တူပါတယ်။ စေတီက သိပ်ကြီးနေလို့ ဓါတ်ပုံရိုက်ရတာ ခက်ပါတယ်။ အခုပုံထဲမှာ မြင်ရတာက မဟာစေတီနဲ့ တစ်ထပ်တည်းတူတဲ့ စေတီရံ လေးပါ။

ဘုရားဖူးပြီး ရင်ပြင်တော်ပေါ်မှာ ဓါတ်ပုံရိုက်နေချိန်မှာ လှူဖွယ်ဝတ္ထုတွေကို သယ်ဆောင်လာတဲ့ လူတစ်စု ဘုရားရင်ပြင်ကို တစ်ပတ်ပတ်နေတာ တွေ့ခဲ့ရပါတယ်။ အတီးအမှုတ်နဲ့အတူ လှည့်လည်လာတာ ကျွန်မတို့ဆီက ရှင်လောင်းလှည့်သလိုမျိုးနဲ့ တူပါတယ်။ သူတို့ဆီမှာ ထူးခြားချက်တစ်ခုက ဘုရားကျောင်းကန် စေတီပုထိုးတွေကို လာရောက်ဖူးမျှော်ကြရင် လူကြီး လူငယ် ယောက်ျား မိန်းမ မရွေး အဝတ်အစားကို အပေါ်အဖြူ အောက်အဖြူတွေ ဝတ်ဆင်ကြတာပါ။ ကျွန်မတို့ကိုလည်း ဒီခရီးကို မသွားခင် စီစဉ်ပေးတဲ့ နယ်ခံ Tour Guide က ဝတ်စုံအဖြူ မပါပါအောင် ယူလာဖို့ တဖွဖွ သတိပေးပါတယ်။
အဲဒီလို လှည့်လည်နေတုန်း ဘုရားဖူးတစ်ချို့က အလှူပါဝင်နေကြပုံပါ။
ဒီလို ကြာပန်းလှလှတွေကို ဘုရားအဝင်မှာ ရောင်းပါတယ်။ သူတို့ဆီက ပန်းကပ်ပုံက ပန်းအိုးတွေ ဘာတွေနဲ့ မဟုတ်ပဲ ပန်းတွေကို အညှာကနေ ချွေ၊ ဘုရား (သို့) ရုပ်ပွားတော်ရဲ့ အရှေ့မှာ ဒီတိုင်း ချပြီး ကပ်လှူကြတာပါ။ ဈေးလည်း အရမ်းသက်သာပါတယ်။ အောက်က ပုံမှာတွေ့ရတဲ့ ကြာပန်းတစ်စည်းကိုမှ စကာင်္ပူ တစ်ဒေါ်လာတောင် မကျပါဘူး။
မဟာစေတီဘုရားရဲ့ ရင်ပြင်တစ်နေရာမှာ ဖူးခဲ့ရတဲ့ ဘုရားပါ။ ဆင်းတုတော် အောက်ခြေမှာ ထွင်းထားတဲ့ စာကို မြင်ရတော့ အံ့သြသွားတယ်။
နောက်စေတီတစ်ဆူကတော့ ထူပါရာမ လို့ အမည်ရပါတယ်။ မြတ်စွာဘုရားရဲ့ ညာဖက် ညှပ်ရိုးတော်ကို ဌာပနာထားတယ်လို့ သိရပါတယ်။ ထုံးသင်္ကန်း ကပ်ထားတဲ့ စေတီအကြီးကြီး တစ်ဆူဖြစ်ပြီး စပါးတွေပုံထားတဲ့ ပုံမျိုး တည်ထားတယ်လို့ သိရပါတယ်။ စေတီကြီးက ကြီးလွန်းတော့ စေတီအပြည့်ပါတဲ့ပုံကောင်းကောင်း မရခဲ့ပါဘူး။ ဒါကတော့ ရင်ပြင်တော် တစ်နေရာပါ။
ထူပါရာမစေတီဟာ မကြာခဏ အဖျက်အဆီးခံခဲ့ရပြီး King Agbo II လက်ထက်မှာတော့ လုံးဝ ပျက်စီးတဲ့အထိ အဖျက်ဆီးခံခဲ့ရတယ် လို့ သိရပါတယ်။ အခု ဖူးခွင့်ရတဲ့ စေတီကတော့ အေဒီ ၁၈၆၂ မှာ အသစ် ပြန်လည်တည်ဆောက်ထားတာပါ။ ဒါတွေကတော့ စေတီဝင်းထဲမှာ တွေ့ခဲ့ရတဲ့ ကျောက်တိုင်တွေနဲ့ စေတီ အပျက်အစီးတစ်ချို့ပါ။
ဒါကတော Mirisaweti စေတီပါ။ ငရုတ်သီးစေတီ လို့ အလွယ်ခေါ်ကြပါတယ်။ အဲဒီအချိန်မှာ နန်းတက်နေတဲ့ ဘုရင် King Dutugemunu ဟာ တစ်နေ့မှာ ငရုတ်သီးဟင်းကို သံဃာတော်တွေကို အရင် မကပ်ပဲ ယူစားလိုက်မိလို့ သူ့ကိုယ်သူ အပြစ်ပေးတဲ့အနေနဲ့ ဒီစေတီကို တည်ထားကိုးကွယ်ခဲ့တယ် လို့ သိရပါတယ်။
ဒါကတော့ ဟိုးရှေးရှေးက အင်ဂျင်နီယာတွေရဲ့ လက်ရာ Twin Pond ပါ။ ရေကန်ကြီး နှစ်ခု ဆက်ထားတာဖြစ်ပြီး တစ်ခုက အလျား ၂၈ မီတာ နဲ့ နောက်တစ်ခုက မီတာ ၄၀ ရှည်လျားပါတယ်။ ဟိုးရှေးရှေးက ရဟန်းသံဃာတွေ ချိုးတော်ရေ သုံးတဲ့နေရာလို့ သိရပါတယ်။
ဒါကတော့ ဘုရားပေါ်က အဆင်းမှာ တွေ့ခဲ့ရတဲ့ ဈေးတန်းလေးပါ။ ကြိမ်တို့ ဝါးတို့နဲ့ လုပ်ထားတဲ့ လက်မှုပစ္စည်းလေးတွေကို တွေ့နိုင်ပါတယ်။
ဒါကတော့ သမာဓိ ဆင်းတုတော်ပါ။ အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် နေရူးဟာ သီရိလင်္ကာကို ချစ်ကြည်ရေးခရီး အလည်အပတ်လာတဲ့အချိန်မှာ ဒီဆင်းတုတော်ကို ကြည်ညိုစွာ အချိန်ပေး ဖူးမျှော်ခဲ့ပါတယ်။ အဲဒီနောက် နိုင်ငံရေး လှုပ်ရှားမှုကြောင့် သူ ထောင်ကျနေချိန်များမှာ ဒီဘုရားကို ပြန်လည် မြင်ယောင်ပြီး အာရုံပြုနေရခြင်းဟာ သူ့စိတ်ကို သက်တောင့်သက်သာနဲ့ များစွာ အေးချမ်းစေတယ်လို့ ပြောခဲ့ပါတယ်။
ဒီဘုရားကတော့ အဘယမုနိ လို့ အမည်ရပါတယ်။ ရောဂါဘယတွေကို ပျောက်ကင်းစေဖို့ ဆုတောင်းရင် ပြည့်ဝတယ်လို့ မှတ်သားခဲ့ရပါတယ်။ အဲဒီဘုရားကိုရောက်တော့ ညနေစောင်းကလေးမို့ နေအေးသွားပါပြီ။ အဲဒါကြောင့် ကျွန်မတို့တွေ ဘုရားကို တစ်ပတ်ပတ်ပြီး အေးအေးဆေးဆေး ဖူးမျှော် ဆုတောင်းဖြစ်ခဲ့ပါတယ်။
ဒါကတော့ Isurumuniya temple ပါ။ အဲဒီဘုရားကို ရောက်တဲ့အချိန်မှာ မိုးတဖွဲဖွဲ ရွာလာတာကတစ်ကြောင်း၊ တောင်လေးက သိပ်မမြင့်ပေမဲ့ လှေခါးထစ်ရယ်လို့ ပီပီပြင်ပြင်မရှိပဲ ကုန်းတက်လို တက်ရမှာဆိုတော့ မိုးရေတွေနဲ့ တက်ရခက်မှာစိုးတာက တစ်ကြောင်းတို့ကြောင့် အောက်ကနေပဲ လှမ်းပြီး ဖူးမျှော်ခဲ့ရတဲ့ ဘုရားပါ။
ဒါကတော့ သူတို့ဆီက ဘုရား ဆီမီးပူဇော်တဲ့ စင်ကလေးတွေပါ။ ဘုရားတိုင်းလိုလိုမှာ အဲလိုစင်ကလေးတွေ တွေ့ရပါတယ်။ တစ်ကျောင်း တစ်ဂါထာပေါ့နော်။
ဒီနေ့ဖူးခဲ့သမျှ ဘုရားတွေ အားလုံးစုံသွားပါပြီ။
ညစာကို အနုရဓပူရမြို့ထဲက လူစည်ကားတဲ့ စားသောက်ဆိုင်တစ်ဆိုင်မှာ စားဖြစ်ပါတယ်။ သီရိလင်္ကာရဲ့ ရိုးရာ အစားအသောက်တွေအကြောင်းကိုတော့ နောက်ပိုစ့်တွေမှာ ရေးပြပါ့မယ်။ မနက်ဖြန်ကျရင်တော့ ဗုဒ္ဓမြတ်စွာဘုရားရဲ့ စွယ်တော် ကိန်းဝပ်စံပယ်ရာနေရာ ဖြစ်တဲ့ ကန်ဒီဆိုတဲ့ မြို့ကို ခရီးဆက်ပါ့မယ်…။ ကျွန်မနဲ့ အတူတူ ကန်ဒီမြို့ကို စွယ်တော်ဖူးဖို့ လိုက်ခဲ့ပါအုံးနော်…။



- ၂၀၁၅ ဇူလိုင်လထုတ် Living Fashion Magazine တွင် ဖေါ်ပြပြီး ဖြစ်သည်

Monday, March 31, 2014

သီရိလင်္ကာ ခရီးစဉ် (၁)

ပြီးခဲ့တဲ့လက မမျှော်လင့်ပဲ သီရိလင်္ကာနိုင်ငံကို ဘုရားဖူးခရီး သွားဖြစ်ခဲ့ပါတယ်။ အမှန်ပြောရရင် ဘုရားဖူး တော်တော်များများက အိန္ဒိယနိုင်ငံ ဗုဒ္ဗဂါယာကိုသာ သွားဖြစ်ကြတာ။ ဒါပေမဲ့ သီရိလင်္ကာမှာ မြတ်စွာဘုရားရဲ့ ဓါတ်တော် မွေတော်တွေနဲ့ ထူးခြား ထင်ရှားတဲ့ ကျောင်းကန် စေတီ ဘုရားပုထိုးတွေ အများကြီးရှိနေခဲ့တယ် ဆိုတာကို ဒီခရီးမှာ လက်တွေ့သိခဲ့ရပါတယ်။ ဘုရားဖူးပိုစ့်မို့ စာတွေ အများကြီး မရေးတော့ပဲ ကျွန်မရဲ့ ခရီးစဉ်အကျဉ်းရယ်၊ ကျွန်မ ဖူးမျှော်ခဲ့ရတဲ့ ဘုရားတွေရဲ့ ဓါတ်ပုံတွေနဲ့ သမိုင်းကြောင်းတချို့ရယ်ကို မှတ်သားထားမိသလောက် ရေးပြပါ့မယ်။
 
သီရိလင်္ကာနိုင်ငံဟာ မတူညီတဲ့ကိုးကွယ်မှုများ နဲ့ မတူညီတဲ့လူမျိုးပေါင်းများစွာ မှီတင်းနေထိုင်ကြသော်လည်း ထေရဝါဒ ဗုဒ္ဗဘာသာ ထွန်းကားရာ နိုင်ငံ တစ်နိုင်ငံ ဖြစ်ပါတယ်။ ပြီးတော့ ဗုဒ္ဗယဉ်ကျေးမှု အမွေအနှစ်တွေ အများကြီးရှိတဲ့ လှပအေးချမ်းတဲ့ ကျွန်းနိုင်ငံကလေး တစ်ခုလည်း ဖြစ်ပါတယ်။ ကျွန်မရဲ့ ခရီးစဉ်ကို သီရိလင်္ကာနိုင်ငံရဲ့ မြို့တော် ကိုလံဘို ကနေ စလိုက်ရအောင်နော်…။

ဒါကတော့ ကိုလံဘိုမြို့ရဲ့ မြို့လည် တစ်နေရာပါ။
ခုချိန်အထိ သုံးဘီးကား ရောင်စုံလေးတွေကို တွင်တွင်ကျယ်ကျယ် သုံးနေကြတုန်းပါပဲ။
ဒီသုံးဘီးကားလေးမှာ I’m Buddhist လို့ ရေးထားတာ ချစ်စရာ…။
ကိုလံဘိုမြို့မှာ တစ်ညအိပ်ပြီး စေတီပုထိုး၊ ဘုရားကျောင်းကန်တွေ အများဆုံးရှိတဲ့ အနုရာဓပူရ (Anuradhapura) ဆိုတဲ့ မြို့လေးဆီကို အသွား လမ်းမ တစ်နေရာ။ အဲဒီမြို့လေးဟာ မြန်မာနိုင်ငံက အမရပူရမြို့နဲ့ ဆင်ဆင်တူတယ်လို့ လိုက်ပို့တဲ့ တိုးဂိုက်က ပြောပါတယ်။လမ်းဘေးတစ်ဖက်တစ်ချက်က ဆိုင်လေးတွေမှာ သူတို့အခေါ် King Coconut ဆိုတဲ့ အုန်းစိမ်းရည် သောက်လို့ရတယ်။ မွန်းမလွဲခင် (နေ့လည် ဆယ့်နှစ်နာရီ မတိုင်ခင်) သောက်ရင် ဆေးဖက်ဝင်တယ်လို့ သိရပါတယ်။ အဲဒီမှာ နေ့တိုင်း မပျက်မကွက် အုန်းရည်သောက်ခဲ့ရတာ အမှတ်တရပါ။ အနုရာဓပူရမြို့လေးက မြန်မာဘုန်းကြီးကျောင်း။
အနုရာဓပူရမြို့မှာ ရှိတဲ့ မဟိန္တလေတောင်ဟာ လင်္ကာသားတို့အတွက် အသာယာဆုံး၊ အမြင့်မြတ်ဆုံး၊ အထူးခြားဆုံးနဲ့ သာသနာစတင်ထွန်းကားရာ ဘူမိနက်သန် နေရာကြီး တစ်ခု ဖြစ်တယ်လို့ သိရပါတယ်။ ဒါကတော့ အဲဒီတောင်ပေါ်မှာ တည်ထားတဲ့ အမ္ဗတ္ထလ စေတီပါ၊ ဒီဘုရားကို ဖူးဖို့အတွက် ကျောက်တောင်တွေကို ထွင်းထားတဲ့ မညီမညာ လှေခါးထစ်ပေါင်း ၁၈၄၀ ကို တက်ခဲ့ရပါတယ်။
အဲဒီ မဟိန္တလေတောင်ပေါ်ကနေ လှမ်းဖူးလို့ရတဲ့ ဘုရားတစ်ဆူ။
ဒါကတော့ မဟိန္တလေတောင်ကနေ လှမ်းမြင်နေရတဲ့ သုမနတောင်ပေါ်မှာ ရှိတဲ့ ဘုရားပါ။ အဲဒီတောင်ပေါ်ကို ဘေးနားမှာ ကပ်ဖေါက်ထားတဲ့ ကျောက်လှေခါးလေးကနေ တက်သွားလို့ရပါတယ်။ နေရာကျဉ်းတော့ တစ်ကြိမ်ကို လူ ဆယ်ယောက်လောက်ပဲ ထိုင်ဖူးလို့ရနိုင်ပါတယ်။ ကျွန်မတို့တော့ အဝေးကနေပဲ လှမ်းဖူးဖြစ်ခဲ့ပါတယ်။
မဟိန္တလေ ပတ်ဝန်းကျင်က ဘုရား မ တည်ဖြစ်ခဲ့တဲ့ အုတ်ပုံဟောင်းတစ်ခုပါ။
နေမဝင်သေးခင် ညနေအလှ...

ဘုရားဖူးပြီး တောင်ပေါ်က ပြန်ဆင်းတော့ နေဝင်တော့မယ်...
နောက်တစ်နေ့ သွားမဲ့ဘုရားတွေကိုလည်း အတူတူ လိုက်ဖူးပါအုံးနော်။



- ၂၀၁၅ ဇွန်လထုတ် Living Fashion Magazine တွင် ဖေါ်ပြပြီး ဖြစ်သည်

Friday, March 21, 2014

ကျွန်မ နာမည် အချိုမှုန့် ပါ…

မင်္ဂလာပါ။ ကျွန်မ နာမည် အချိုမှုန့် လို့ ခေါ်ပါတယ်။ ဒီနာမည်ကို ဘယ်သူက စပြီး ကင်ပွန်းတပ်လိုက်တယ် ဆိုတာ ကျွန်မ မသိပါဘူး။ ကျွန်မသိတာ ကျွန်မရဲ့ နာမည်ဟာ အချိုမှုန့်။ ကျွန်မကို လေးစားသမှုနဲ့ မ အချိုမှုန့်၊ ဒေါ် အချိုမှုန့် ဆိုပြီး အရှေ့က မ တွေ ဒေါ် တွေ တပ်ခေါ်နေစရာလည်း မလိုပါဘူး။ ဒါလဲ ရှင်တို့ သိတဲ့အတိုင်းပဲလေ။ အခုနောက်ပိုင်းထုတ်တဲ့ နိုင်ငံကူးလက်မှတ်တွေမှာ မ တွေ ၊ ဒေါ် တွေ ဘယ်မှာ ပါတော့လို့လဲ။ ကျွန်မရဲ့ ဇာတိက ဘယ်ကလာမှန်း သေသေချာချာ မသိပါဘူး ကျွန်မမှာ မိဘတွေလည်း မရှိပါဘူး ညီအစ်ကို မောင်နှမတွေလည်း တစ်ယောက်မှ မရှိပါဘူး။ ကျွန်မ အသက်ကိုလည်း ကျွန်မ မသိပါဘူး။ ကျွန်မကို ဘယ်သူတွေက ဘယ်အချိန်တုန်းက မွေးဖွားပြီး ဘယ်လိုလုပ် ဒီ အမှုန့်လောကထဲ ရောက်လာတယ် ဆိုတာလည်း တကယ် မသိခဲ့ပါဘူး။ မွေးနေ့မသိတော့ သူများတွေလို မွေးနေ့ပွဲတွေ ဘာတွေလည်း အကြီးအကျယ် မကျင်းပနိုင်ခဲ့ပါဘူး။ ကျွန်မ တကယ်တော့ တစ်ကောင်ကြွက် (သို့မဟုတ်) တစ်ကောင်မှုန့်ပါ။ ရယ်စရာများ ကောင်းနေမလားပဲ။

တချို့ကတော့ ပြောကြတယ်။ ကျွန်မဟာ ပလောပီနံ ဆိုတဲ့ ဥ တစ်မျိုးက ဆင်းသက်လာသတဲ့။ မဖြစ်နိုင်တာရှင်… ကျွန်မလို သေးကွေးဖြူနုတဲ့ အမှုန့်ကြည်ကြည်လေးကို အဲဒီ မြေကြီးထဲက တွန်းထိုးပြီး ထွက်လာတဲ့ ပလောပီနံဆိုတဲ့ ညိုညစ်ညစ် ၀တုတ်တုတ် ဥတစ်မျိုးနဲ့  ဘယ်လိုများ ဇွတ် အတင်း ဆက်စပ် ပတ်သက်ပစ်လိုက်ကြတာပါလိမ့်။ ကျွန်မမှာ ရယ်ချင်စိတ်တစ်ဝက်နဲ့ အော်… လူတွေ… လူတွေ… လို့သာ မကြာခဏ ရေရွတ်နေမိတာပါပဲ။ တချို့ကလည်း ပြောကြသေးတယ်။ ကျွန်မက ဂျပန်သူလေး တဲ့။ ကျွန်မရဲ့ ဇာတိက ဂျပန်ပြည် တဲ့။ ကျွန်မ နာမည်ရင်းက အာဂျီနိုမိုတို တဲ့။ အင်း… ဒါတော့လည်း ဖြစ်နိုင်ပါတယ်။ ကျွန်မက ဂျပန်မလေးတွေလိုပဲ သေသေးသွယ်သွယ်နဲ့ အသားအရည်က ကြည်စင်စင် ဖြူလွလွလေး မဟုတ်လား။ ဒီလိုဆိုတော့ ကျွန်မရဲ့ ကိုယ်ရေးရာဇ၀င်မှာ အမည် - အာဂျီနိုမိုတို၊ မွေးဖွားရာဇာတိ - ဂျပန် လို့ ဖြည့်ရမှာပေါ့နော်။ သဘောကျစိတ်နဲ့ ကျွန်မ ပြုံးမိတယ်။ ကျွန်မကို သိပ်မနှစ်မြို့ကြသူ တချို့ကတော့ဖြင့် ဒိုက်ဦးသူ တဲ့။ ခက်လိုက်တာရှင်။ ကျွန်မကို သူတို့ပါးစပ်ထဲ ပြောချင်သလိုကို ပြောနေကြတာပဲ။ ဘာပဲဖြစ်ဖြစ် ကျွန်မကတော့ ပရိတ်သတ် အများစု တွင်တွင်ကျယ်ကျယ် သိကြ ခေါ်ကြတဲ့နာမည် အချိုမှုန့် ဆိုတာကိုပဲ စွဲလမ်းနှစ်သက်ပါတယ်လေ။

တကယ်တော့လေ ဒီလို အမှုန့်ဘ၀မှာ ကျွန်မ ပျော်ပါတယ်။ ဘာလို့ဆို ကျွန်မနာမည်နောက်မှာ မှုန့် ဆိုတာ ပါတယ် မဟုတ်လား။ ကျွန်မမှာ ဆွေရင်းမျိုးချာရယ်လို့ မရှိပေမဲ့ ကျွန်မနဲ့ နာမည် နောက်ဆုံးစာလုံးချင်း တူတဲ့ အဖေါ်အပေါင်းတွေ အများကြီး ရှိတာလေ။ ကော်မှုန့် ၊ ဂျုံမှုန့် ၊ ဆန်မှုန့် ၊ ပဲမှုန့် ၊ ကောက်ညှင်းမှုန့်၊  ရွှေကြည်မှုန့် အစရှိသည်ဖြင်ပေါ့။ သူတို့အားလုံးက ကျွန်မနဲ့ မနီးမဝေးမှာ ရှိနေကြသူတွေချည်းပဲဆိုတော့ ကျွန်မလို တစ်ကောင်မှုန့်မှာ အားတက်ရပါတယ်လေ။ 

ဒါတွေ ထားပါ… တကယ်တမ်း ကျွန်မ ပြောချင်တာက ဒီလိုရှင့်။ ဟိုးလွန်ခဲ့တဲ့ အနှစ်နှစ် အလလထဲက လူတိုင်းရဲ့ရင်ထဲမှာ - အိမ်တိုင်းရဲ့ မီးဖိုခန်းမှာ ကျွန်မရှိနေခဲ့တာလေ။ ကျွန်မ မပါရင် ဘယ်ဟင်းခွက်မှ မပြီး၊ ဟင်းတကာဟင်းရဲ့ အရသာဟာ ကျွန်မ အပေါ်မှာပဲ မူတည်နေတာ။ အရသာ ခြောက်ပါး ဆားမပါဘိ ပျက်သိသိ ဆိုတာ ဟိုးရှေးပဝေသဏီက စကားပါ။ အမှန်ကတော့ အရသာဟာ ကျွန်မ ဆိုတဲ့ အချိုမှုန့် မပါမှ ပျက်တာ ရှင့်… သိရဲ့လား။ ဟင်းချက် တတ်ကာစ အိမ်ရှင်မတွေရဲ့ ပျက်လုလု ဟင်းခွက်တွေမှာလည်း ကျွန်မ ပါတာပဲ။ မတတ်တတတ်နဲ့ လက်စွမ်းပြနေတဲ့ လူပျိုကြီးတွေရဲ့ ဟင်းခွက်မှာလည်း ကျွန်မ ပါတာပဲ။ အို… ကုန်ကုန်ပြောရရင် ဘယ်ဟင်းခွက်မှာမဆို ကျွန်မ ပါတာပါပဲ။

နောက်ပြီး ဆိုင်တကာ့ဆိုင်က အစားအစာတွေမှာလည်း ကျွန်မက အဓိကကျတာပဲ။ ရှင်တို့ပြောပြောနေကြတဲ့ နာမည်ကြီး ခေါက်ဆွဲကြော်ဆိုင်၊ နာမည်ကြီး ကြေးအိုးဆိုင်တွေဆို ကျွန်မကို ဖန်ပုလင်းအကြီးစားကြီးနဲ့ တခန်းတနား ထည့်ထားပြီး ဟင်းပွဲတွေတိုင်းမှာ ဟင်းခတ်ဇွန်း အကြီးစားနဲ့ ခပ်ထည့်ပလိုက်ကြတာရှင့်။ သူတို့ရဲ့ စီးပွားရေးဟာ ကျွန်မအပေါ်မှာ မူတည်နေတယ်လို့ကို ပြောနိုင်တာ။ သူတို့ဆိုင်က စားစရာတွေကို လူတွေက စွဲစွဲလမ်းလမ်းနဲ့ အခေါက်ခေါက် အခါခါ လာစားကြရင်း စားလို့သိပ်ကောင်းတယ် အရသာရှိလိုက်တာ…လို့ ချီးကျူးလေတိုင်း ဆိုင်ရှင်အန်တီကြီးက ကျွန်မနေတဲ့ ဖန်ပုလင်းကြီးကို လက်နဲ့ တယုတယ လာပွတ်ပေးပြီး ကျေးဇူးတင်ကြောင်းတွေ တတွတ်တွတ် ပြောသေးတာ။ ဟိုမယ်… ဆန်မှုန့် တို့ ဂျုံမှုန့်တို့ဆို ပုလင်းထဲနေရဖို့ ဝေးစွ၊ ပလတ်စတစ်အိတ် ညစ်ထပ်ထပ်ထဲကတောင် အပြင်ကို ထွက်ခွင့်ရရှာတာ မဟုတ်ဘူး။ ကိုယ့်ဂုဏ်ကိုယ်ဖေါ် မသူတော် တဲ့။ ကျွန်မ အကြောင်းတွေ ဆက်ပြောနေရင် ရှင်တို့် နားညီးနေမှာ သေချာပါတယ်။

အခုများတော့ စိတ်ကို ညစ်ရရောရှင်။ ဘယ်သူက ဘယ်လိုများ စပြီး သတင်းလွှင့်လိုက်တယ် မသိပါဘူး။ ကျွန်မကိုလည်း မိုနိုဆိုဒီယမ် ဂလူတမစ် ဆိုတဲ့ ပုံတုံးတုံးနဲ့ ရှည်လျားထွေပြားတဲ့ နာမည် ပေးကြတယ်။ ပြီးတော့ ကျွန်မကို စားရင်ပဲ ချက်ချင်း ရောဂါတွေရတော့မလို၊ အသက်ဘေးပဲ ကြုံရတော့မလို အပိုတွေ ပြောပြီး ကျွန်မကို ပ ထုတ်နေကြတာ။ ဖြစ်နိုင်တာတော့ ကျွန်မကို မနာလိုဖြစ်နေတဲ့ ဟို အသားမှုန့်ဆိုတဲ့ အမှုန့်မ ပဲ ဖြစ်မယ် ထင်တယ်။ ကျန်တဲ့ ဂျုံမှုန့် ၊ ဆန်မှုန့် ၊ ပဲမှုန့် တွေကလည်း သူတို့ မျက်နှာသာ မရကြတော့ ကျွန်မကိုဆို အလိုလို မျက်မုန်းကျိုးနေကြပြီးသား။ ဟို အသားမှုန့်ကို သွေးထိုးပေးတာလည်း သူတို့ပဲ ဖြစ်မှာ ကြိမ်းသေတယ်။

ပြီးတော့ သုတေသနလုပ်တယ်ဆိုတဲ့ အဖြူရောင် ၀တ်ရုံနဲ့ လူတစ်စုက ကျွန်မကို ကြွက်တွေကို ချကျွေးပြီး စားခိုင်းသတဲ့။ ရာရာစစ… နဂိုထဲကမှ ပေတိပေတေ မြေကြီးထဲတိုးနေတဲ့ ကြွက် အစုတ်ပလုတ်တွေဟာ ကျွန်မကိုစားတော့ ရောဂါဖြစ်ကြသတဲ့။ ဆိုးကျိုးရကြသတဲ့။ မဖြစ်နိုင်တာ… ရောဂါဟာ သူတို့ကိုယ်ထဲမှာ အစထဲက ရှိနှင့်ပြီးသားပါ။

အဆိုးဆုံးကတော့ အရင်က ကျွန်မနေခဲ့တဲ့ နေရာတွေမှာ ဟို အသားမှုန့် ဆိုတဲ့ အမှုန့်မက ခေါင်းတခါခါ လည်တမော့မော့နဲ့ နေရာဝင်ယူနေတာပါပဲ။ ဘယ့်နှယ့်ရှင်… အမျိုးမသိ အဆွေမရှိ၊ ကျွန်မလိုတောင် ဂျပန်ဇာတိ ဒိုက်ဦးဇာတိ စတဲ့ ဇာတိ ဇစ်မြစ်လေး မှိန်ပြပြ မဖေါ်ပြနိုင်တဲ့ ဘယ်က ဘယ်လိုရောက်လာမှန်းမသိတဲ့ အဲဒီအမှုန့်မကို လူတွေက အရာပေး အရေးလုပ်နေကြတာမြင်တော့ ကျွန်မ တကယ်ကိုပဲ အသည်းနာမိပါရဲ့။ ပြောသေးတယ် သူက ကြက် က လာတာတဲ့။ ကျွန်မဖြင့် ရယ်ချင်လိုက်တာ… ပြောပုံကိုလည်း ကြည့်အုံးလေ… အသားမှုန့်ဆိုတာ ကြက် က လာသတဲ့။ သိပ်ရယ်စရာကောင်းတာပဲနော်…

နောက်ဆုံးကျတော့ အချိုမှုန့် ဆိုတဲ့ ကျွန်မဟာ ကောင်းကျိုးမပေး ဆိုးကျိုးကိုသာ ပေးတတ်သတဲ့။ မစားကြရင် ကောင်းမယ်တဲ့။ စာစောင်တွေ ကြော်ငြာတွေမျာဆို မမြင်ချင်မှ အဆုံး ပလူကို ပျံနေတာပဲ။ ဘာတဲ့… No MSG added တဲ့။ ခက် ခက်ရချည်ရဲ့… သူတို့ပဲ နာမည်ရှည်ကြီး ပေး… ပြီးပြန်တော့ သူတို့ပဲ နာမည်ကို အတိုချုံ့ပစ် နဲ့။ ဆိုင်တွေနဲ့ အသင့်သုံးဆောင်နိုင်တဲ့ အစားအစာတွေမှာ ကျွန်မ မပါကြောင်း အကျယ်တ၀င့် ရှင်းလင်း ပြောပြ ကြော်ငြာကြ။ ကျွန်မကို သုံးလက်စ အိမ်ရှင်မတွေကလည်း ခါးခါးသီးသီးကို ပစ်ပယ်ကြ… ပြီးတော့ ဘာမှန်းညာမှန်းမသိတဲ့ အသားမှုန့် ဆိုတာကို အစားထိုးကြ။ ကျွန်မ မပါတဲ့ အစားအစာတွေဟာ ဂုဏ်ယူ ၀ံ့ကြွားစွာ အောင်ပွဲခံကြ။ လူတွေကလည်း တစ်ခုခုစားတော့မယ်ဆို အချိုမှုန့်ပါသလား… အချိုမှုန့်ပါသလား… နဲ့ အသည်းအသန် မေးကြတာကလား။ စားသောက်ဆိုင်တွေရဲ့ ဆိုင်းဘုတ်မှာ ကြော်ငြာမှာ အချိုမှုန့် မပါဘူး လို့ ကြော်ငြာပြီး သူတို့ရှေ့ကို ရောက်လာတဲ့ ဟင်းခွက်ထဲမှာ အချိုမှုန့် ပါ မပါ ဆိုတာ မြင်နိုင်လို့လား။ စားစရာထုတ်ပိုးထားတဲ့ အိပ်ခွံပေါ်မှာ မပါဘူး ရေးထားပြီး အထဲမှာ ပါနေတော့ရော ဘယ်သူ သိနိုင်မှာလဲရှင်။ စဉ်းစားကြည့်ကြပါအုံး။

ပြောချင်တာကတော့ အနှစ်နှစ်အလလက သုံးစွဲလာခဲ့တဲ့ လူတွေ၊ အချိုမှုန့်စားလို့ ဒုက္ခရောက်တယ် ဆိုတာ မကြားစဖူးပါ။ အခုနောက်ပိုင်းခေတ်မှာ လူတွေ ကျန်းမာရေး ချို့ယွင်းလွယ်လာကြတာဟာ ကျွန်မ တစ်ယောက်တည်းကြောင့်တော့ မဟုတ်ဘူး။ လူနေမှု စနစ်နဲ့ နေ့စဉ်ဘ၀ ဟာ အဓိက အကျဆုံးပါ။ စိတ်ထဲရှိသလို အဆီအအိမ့်တွေ စား၊ အချိန်ရှိသ၍ မလှုပ်မယှက်နဲ့ စည်းစိမ်ယစ်မူးနေပြီး ရောဂါလေးတစ်ခု ပြစရာရတော့မှ ကျွန်မနာမည်ကို ဆွဲ ဆွဲထည့်ကြတာ မတရားသဖြင့်ပါ။ ဒီတော့ သိပ်ကြီးလည်း အကဲမဆတ်ကြပါနဲ့လားရှင်။ လူကြီးတွေ ပြောနေကြတဲ့ စကားတစ်ခုလိုပေါ့… တန်ဆေး လွန်ဘေး တဲ့။ ဘယ်အရာမဆို တန်ဆေး လွန်ဘေး လို့ သဘောထားပြီး သင့်တင့်သလို ချင့်ချိန်ပြီး သုံးစွဲ စားသောက်ဖို့ပါပဲ။ ကျွန်မ အချိုမှုန့် မှ မဟုတ်ပါဘူး… ဘယ်အရာမဆိုပါ။ များလာရင် ဒုက္ခပေးတတ်ကြတာချည်းပါပဲ။

ဒါကိုမှ မဟုတ်ဘူး… လုံးဝ ရှောင်မယ် ရှားမယ်၊ ကျွန်မကို စားရင် ရောဂါရတာ သေချာတယ်လို့ လှေနံဓါးထစ် မှတ်ထားရင်တော့လည်း ရပါတယ်။ လုပ်ကြပါ… ရှင်တို့က ရဲတွေပဲ။ အဲလိုဆိုရင် နေ့စဉ်နေ့တိုင်း ကိုယ့်အိမ်မှာ ကိုယ့်ဟာကိုယ် စိတ်တိုင်းကျ ချက်ပြုတ် ပြင်ဆင်ပြီးသာ စားကြပါတော့။ အပြင်စာတွေမှာ ကျွန်မ မပါတာ မရှိသလောက်ပဲ၊ အနည်းနဲ့ အများတော့ ကျွန်မ ပါနေတုန်းပဲ ဆိုတာ တိုးတိုး ထပ်ပြောလိုက်ပါရစေ။ ဒါ ရှင်တို့ အတွက် စေတနာရှိလွန်းလို့ ပြောပြရတာနော်။ ပြောရတာ မောလိုက်တာရှင်… နားအုံးမယ်။

ဟုတ်ကဲ့… မှတ်ထားပါနော်… ကျွန်မ နာမည် အချိုမှုန့် လို့ ခေါ်ပါတယ်။