Wednesday, May 7, 2008

လက်ရှိအခြေအနေ

အခုအချိန်မှာ မုန်တိုင်းဒါဏ်ကြောင့် အသက်ဆုံးရှုံးခဲ့ကြရတဲ့သူတွေ၊ အိုးပျက် အိမ်ပျက်နဲ့  ဒုက္ခဆင်းရဲရောက်နေကြရတဲ့ တိုင်းသူပြည်သားတွေ၊ မိုးမှောင်မှောင် မီးမှာင်မှောင်နဲ့  သောက်စရာ သောက်ရေတောင်မှ အနိုင်နိုင်၊ စားဖွယ်သောက်ရာတွေက ရှားရှားပါးပါး နဲ့ ရှင်သန် ရပ်တည်နေကြရတဲ့ မိသားစုတွေ…။ မိဝေး ဖဝေး ရေခြားမြေခြားကနေ ကိုယ့်မိသားစုတွေကို သောကတွေ တဝေေ၀နဲ့  စိုးရိမ်ပူပန်နေကြရတဲ့သူတွေ...။ ဆက်သွယ်စရာ ဖုန်းလိုင်းတွေကလဲ ဘယ်လိုမှ ရှာမရ.... ကူရာကယ်ရာမဲ့...။

တစ်နေ့ ထက်တစ်နေ့ ကြားရတဲ့သတင်းတွေကလဲ တစက်ကလေးမှ စိတ်သက်သာဖွယ်ရာမရှိ...။ အသက်ဆုံးရှုံးသူတွေရဲ့ စာရင်းကလဲ... ကြည့်တောင်မကြည့်ရဲလောက်အောင် တရိပ်ရိပ်...။ အင်တာနက် ဓါတ်ပုံထဲက ရန်ကုန်မြို့ ကြီးဟာ မှတ်တောင် မမှတ်မိနိုင်စရာ...။


တချို့ ကြားရတဲ့ တစ်ပိုင်းတစ်စ သတင်းတွေ....
အမှောင်ထုအတွက် မီးစက်တွေ အရောင်းသွက်နေတယ် လို့ ဆိုကြပေမယ့် ၀ယ်နိုင်တဲ့သူက လက်ချိုးရေကြည့် ဘယ်နှစ်ယောက်ရှိမှာလဲ…။ ၀ယ်ပြီးတော့ရော ဓါတ်ဆီ နဲ့ ဒီဇယ်က အလျင်မှီအောင် ရကြမှာလား…။

နိုင်ငံကူးလက်မှတ်တွေ လက်ထဲမှာ အဆင်သင့်ရှိနေကြသူတွေအချို့ က ဒီလိုဒုက္ခတွေကနေ လွတ်မြောက်ရာ လမ်းကြောင်းတွေကို ငွေနဲ့ လမ်းခင်းလို့  လွယ်လင့်တကူ ရှာဖွေတွေ့  ရှိနိုင်ကြပေမယ့် သာမန်လူလတ်တန်းစား လက်လုပ်လက်စား လူများစု အတွက်မှာကတော့ ဖြစ်လာသမျှ အခြေအနေကို မျက်စေ့ စုံမှိတ်လို့ ကြိတ်မှိတ် ခံစားကြရုံမှ တပါး…။

ဒီလိုအခြေအနေမျိုးနဲ့  ဘယ်နှစ်ရက် ဘယ်နှစ်လ အထိအောင် ဆင်းရဲ ဒုက္ခတွေကြားမှာ ဆက်လက် ရှင်သန် နေထိုင်ကြရအုံးမယ် မသိ…။ ကိုယ်နဲ့ ပတ်သက်ရာ ပတ်သက်ရာ ဆွေမျိုး မိတ်ဆွေတွေ အားလုံး ဘာမှ ဆိုးဆိုးရွားရွား ပျက်စီး ဆုံးရှုံးခြင်းမရှိကြပေမယ်လို့ လဲ… ရန်ကုန်မြို့ အပါအ၀င် မုန်တိုင်းဒါဏ် တိုက်စားခံခဲ့ကြရတဲ့ နေရာဒေသ ပေါင်းများစွာက ကိုယ့် လူမျိုးတွေအတွက် စိတ်ထိခိုက်ခြင်း… စိတ်မကောင်းခြင်း… ၀မ်းနည်းခြင်းများစွာနဲ့ အိပ်မရ ညပေါင်းများစွာကို ဖြတ်သန်း…။

ပြန်လည်ထူထောင်ရေးအတွက်ရော ဘယ်လို အခြေအနေ ဘယ်လို အားအင်မျိုးတွေ လိုအပ်ပါသလဲ…။ ငွေကြေးလှုဒါန်းမှုတွေအတွက် နိုင်ငံအတော်များများမှာ လှုပ်ရှားမှုတွေ ပြုနေကြတာတော့ တွေ့ မြင်ရတာ အားရစရာ…။ တိုင်းပြည်ရဲ့ ပြင်ပမှာရောက်နေကြတဲ့ မြန်မာတွေအနေနဲ့  ငွေကြေးကူညီမှုတွေ အပြင် ဘယ်လို ထိရောက်တဲ့ အကူအညီမျိုးတွေ ပေးကြရရင်ကောင်းမှာလဲ… စတဲ့ စတဲ့ လဲပေါင်းများစွာပါဝင်တဲ့ အတွေးယဉ်ကြောမှာ တစ်နေ့ တစ်နေ့  မအိပ်နိုင် မစားနိုင် စီးမျောမိနေရင်းက ခေါင်းထဲမှာလဲ ဗလာသက်သက်…။ ဘာစာမှလဲ ရေးချင်စိတ်မရှိ… ရေးလို့  တွေးလို့ လဲ မရ…။

ဒါကြောင့် ဒီရက်ပိုင်းအတွင်း လာလည်ကြတဲ့ သူငယ်ချင်း မိတ်ဆွေတွေ၊ ပိုစ့် အသစ်မတွေ့ လို့  ပြန်လှည့်သွားကြတဲ့ သူငယ်ချင်းတွေ၊ C Box မှာ လာနှုတ်ဆက်သွားကြတဲ့ သူငယ်ချင်းတွေ အားလုံး အားလုံးကို ဒီ ပိုစ့်လေးနဲ့  ပြန်ပြီး နှုတ်ဆက်လိုက်ပါတယ်။
ချမ်းမြေ့ကြပါစေ…။

2 comments:

  1. ဟုတ်တယ်နော်.. တရက်နဲ့တရက် လူအသေအပျောက်စာရင်းတွေ တိုးလာတာ မြင်ရတာ ဘယ်လိုမှ စိတ်မကောင်းဘူး။ ပြောပြန်ရင်လည်း မကောင်းဖြစ်ပြီး အကုသိုလ်များဦးမယ်။ ဂျပန်တွေကလည်း တောက်တခေါက် ခေါက်နဲ့ မုန်တိုင်းလာမှာ ကြိုတင်မကြေငြာဘူး။ အခုလည်း ပြည်ဝင်ခွင့်မပေးဘူးဆိုပြီး သတင်းတွေမှာ ပြောနေတော့ သူငယ်ချင်းတွေက လာလာမေးကြတယ်။ ကိုယ်ကလည်း ဟုတ်တယ်လို့ပြောလိုက်တာပေါ့။ သူများတွေက ကူညီချင်ပါတယ်လို့ပြောတာတောင်မှ ကျမတို့ မြန်မာတွေက ကူညီခံရဖို့ ကံမပါလာဘူးလား မသိဘူးနော်..

    ReplyDelete
  2. ဟင်း………သက်ပြင်းမောတွေနဲ့ အိပ်ပျက်ညတွေ…တူတူပဲသက်ဝေရေ…ဘာလုပ်လုပ်စိတ်မပါ…မနှစ်ကအနာတောင်မကျက်သေး…

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...