Showing posts with label Tag. Show all posts
Showing posts with label Tag. Show all posts

Sunday, October 27, 2013

မိခင်တစ်ယောက်၏ မေတ္တာ နှင့် မိန်းမသားတစ်ယောက်၏ တန်ဖိုး

သားသမီးလိုချင်ရခြင်းအတွက် ကျွန်မရဲ့အကြောင်းပြချက် (၁၀) ချက် ဆိုတဲ့ ခေါင်းစဉ်အောက်မှာ အမျိုးသမီးတွေဆီက သားသမီးလိုချင်ရခြင်း၊ မလိုချင်ရခြင်း အကြောင်းလေးတွေလည်း သိဖို့စိတ်ဝင်စားပါတယ် လို့ ရေးထားတဲ့ ပန်ပန် ပိုစ့်ကို ဖတ်ပြီးပြီးချင်းမှာတော့ ရုတ်တရက် စိတ်ထဲ ရေးချင်သွားတာတွေ အများကြီိးပါပဲ။ ဒါပေမဲ့ တကယ်တမ်း ချရေးခါနီးမှာ စဉ်းစားရင်း စဉ်းစားရင်း လက်တွေက အလိုလို နှေးသွားးတယ်။ ဘာကြောင့်လဲ ဆိုတော့ သားသမီးဆိုတာ ကိုယ်လိုချင်တိုင်း၊ ကိုယ် တောင့်တတိုင်း လွယ်လင့်တကူ ရလာတတ်တဲ့ အရာမျိုး မဟုတ်လို့ပါ…။

ကျွန်မ အိမ်ထောင်ကျပြီးတဲ့ အချိန်က စလို့ သားကို ကိုယ်ဝန်ဆောင်စဉ်အချိန်၊ သားကို မွေးဖွားပြီးချိန်… အဲဒီအချိန်တွေမှာ ကျွန်မကိုယ် ကျွန်မ ဘာကြောင့် သားသမီး လိုချင်သလဲ လို့ တစ်ခါမှ ပြန်မမေးကြည့်ခဲ့ဖူးပါဘူး။ ကျွန်မ စိတ်ထဲမှာ သားသမီးနဲ့ ပတ်သက်လို့ အကြီးအကျယ်တွေ ကြိုတင် ကြံစည်ထားတာမျိုး၊ ရည်ရွယ်ထားတာမျိုး၊ စိတ်ကူးယဉ်ထားတာမျိုးလည်း ပြန်တွေးကြည့်တော့ ဘာတစ်ခုမှ တွေးလို့မရခဲ့ဘူး။ ကျွန်မ အမျိုးသားကလည်း ပင်ကိုယ် သဘာဝအရ အေးချမ်းသူ၊ စိတ်ခံစားမှုမှန်သမျှကို သိသိသာသာ ထုတ်ဖေါ် မပြတတ်တဲ့သူတစ်ယောက် ဖြစ်နေလေတော့… ဒီတော့ ကျွန်မတို့မှာ သားသမီးလိုချင်ရခြင်းအတွက် အကြောင်းပြချက် တချက်တလေမှ မရှိခဲ့တာ သေချာပါတယ်။

သို့သော်…
သားကို ကိုယ်ဝန်ဆောင်နေစဉ်အချိန်မှာတော့ ကျွန်မစိတ်တွေဟာ အလိုလို ပျော်ရွှင် ကြည်လင်နေတတ်တာ သတိထားမိပါရဲ့…။ ဒါပေမဲ့လဲ သားကလေးနဲ့ ပတ်သက်လို့ ဘာတွေမှ အများကြီး မတွေးထားခဲ့ဘူး... သားလေးကို ပြုစုပျိုးထောင်ဖို့အတွက် ဘာစာအုပ်မှလဲ မဖတ်ခဲ့ဘူး။ တစ်ခုပဲ ကျွန်မ ဆုတောင်းပါတယ်။ ကျွန်မ မွေးလာမဲ့ သားကလေးဟာ ကျန်းမာပြီး ကိုယ်လက်အင်္ဂါ ပြည့်စုံ ဖွံ့ဖြိုးတဲ့ သားကလေး၊ ဥာဏ်ရည် ဥာဏ်သွေး ထက်မြက်မဲ့ သားကလေး… ရှင်းရှင်းပြောရင်တော့ စာသင်လို့ ရမယ့် သားကလေးတစ်ယောက်သာ ဖြစ်ပါစေလို့ ကျွန်မ အမြဲ ဆုတောင်းခဲ့ပါတယ်။

ဒီလိုနဲ့ သားလေးရလာတော့ မိခင်တစ်ယောက်အနေနဲ့ သူ့အတွက် ကိုယ်တတ်နိုင်သမျှထဲက အကောင်းဆုံးတွေကိုသာ ပေးချင်မိတယ်...။ မိဘ အဖြစ်ကို ပီပီပြင်ပြင် ရောက်စေဖို့ တွန်းအား (Drive) က အဲဒီက စလာတယ် လို့ ဆိုနိုင်ပါတယ်…။ သူ့အတွက် ကျွန်မ လိုချင်တာ တချို့ကို ကျေကျေနပ်နပ် စွန့်လွှတ်ခဲ့ရတယ်။ ကျွန်မရဲ့ ဆန္ဒတွေကို အရင်ကလို ရှေ့တန်းတင်လို့ မရတော့ဘူးလို့ အလိုလို သိလာရတယ်။ ကိုယ်ဖြစ်ချင်တာတွေထက် ဖြစ်သင့်တာတွေကို ဦးစားပေးရမယ်လို့ နားလည်လာခဲ့တယ်။ ဒါတွေဟာ ဘာမှ ကြိုတင် ကြံစည်စရာ မလို၊ မိခင်တစ်ယောက်ရဲ့ သားသမီးအပေါ် အလိုအလျောက် ဖြစ်ပေါ်လာတဲ့ စိတ်စေတနာတွေပါ…။

သားကလေးဟာ ကျွန်မတို့ အတွက် ပျော်ရွင်မှုတွေနဲ့အတူ ကြည်နူးချမ်းမြေ့မှုတွေကို တပွေ့တပိုက် ယူဆောင်လာသူကလေး ဖြစ်တယ်။ သားကလေးကြောင့် မိဘမေတ္တာ ဆိုတာကို ပိုနားလည်လာတယ်။ သားကလေးကြောင့် ကျွန်မတို့ မိသားစုကလေးတစ်ခု ဖြစ်လာတယ်။ တစ တစနဲ့ သားကလေးဟာ ကျွန်မရဲ့ ကမ္ဘာ ဖြစ်လာတဲ့အပြင် သားကလေးရဲ့ မေမေ ခေါ်သံဟာ ကြားဖူးသမျှထဲမှာ အချိုဆုံး တေးသွားတစ်ခုလည်း ဖြစ်လာခဲ့ပါတယ်။ အဲဒီနောက်မှာတော့ သားကလေးကြောင့် ကျွန်မ လောဘတွေ ကြီးတတ်လာတယ်…။ ကိုယ်က သူ့ကို အကောင်းဆုံးတွေသာ ပေးချင်မိတာကိုး…။ ဒီတော့ သားကလေးနဲ့အတူ ကျွန်မတို့ ဆက်လျှောက်ရမဲ့လမ်းကို သေသေချာချာ စဉ်းစားရတယ်။ အရင်ကလို ကိုယ်နေချင်သလို နေ၊ ကိုယ် လုပ်ချင်သလို လုပ်၊ ကိုယ်လျှောက်ချင်သလို လျှောက်နေလို့ မဖြစ်တော့ဘူး ဆိုတာ သိလာတယ်။ ကိုယ် သူ့ကို ပေးချင်တာတွေအတွက် အချိန်၊ ငွေကြေး၊ ကိုယ်ကျိုး၊ အတ္တ… အစရှိတာတွေကို အများကြီး ပေးဆပ်ခဲ့ရပါတယ်။ ဒါပေမဲ့လည်း အဲဒီလို ပေးဆပ်ခဲ့ရတာတွေ အပေါ်မှာ စိုးစဉ်းမှ ငြိုငြင်မှု မရှိခဲ့တာ သူ့အပေါ် ထားခဲ့တဲ့ ကျွန်မရဲ့ မေတ္တာတွေပါပဲ...။

သားလေးနဲ့ ပတ်သက်လို့ သားဆီက ကျွန်မ သင်ယူရတာလေးတွေလည်း ရှိခဲ့ပါတယ်။ အခုအချိန်အထိလည်း သင်ယူနေရဆဲပါ…။ အဓိက ကတော့ သားအပေါ် ကျွန်မ တစ်ဦးတည်း ပိုင်ဆိုင်လိုစိတ်နဲ့ အတ္တတွေကို လျှော့ချပြီး စိတ်ကို ထားတတ်ဖို့ပါ…။ တဖြည်းဖြည်းနဲ့ အရွယ်ရောက်လာတဲ့သားကို သူ တစ်ခုခု တောင်းဆိုလာတဲ့အခါတိုင်း ခွင့်ပြုလို့ ရသမျှကို စည်းကမ်းဘောင်ထဲကနေ ခွင့်ပြုရင်း နားလည် လိုက်လျောတတ်တဲ့ မိခင်တစ်ယောက်ဖြစ်အောင်၊ သူ့ကို လူကြီးလေးတယောက်လို သဘောထား ဆက်ဆံရင်း သူ့ဆန္ဒတွေကို ရဲရဲဝံ့ဝံ့ ထုတ်ဖေါ် ပြောပြတတ်စေဖို့၊ ကိုယ်ဖြစ်စေချင်တာ တစ်ခုထဲကို ရှေ့တန်းတင်ပြီး သူ့ကို တဖက်သတ် တားဆီး ပိတ်ပင်တာမျိုး မလုပ်မိဖို့ လည်း ကျွန်မ သတိထားရပါတယ်။ ဒါတွေကတော့ သားကို ပဲ့ပြင် ထိန်းကျောင်းရင်း ကျွန်မ ရလာတဲ့ သင်ခန်းစာတွေပါ။

သားကလေးနဲ့ ပတ်သက်လို့ ကျွန်မမှာ ရည်မှန်းချက်၊ မျှော်လင့်ချက်နဲ့ ရည်ရွယ်ချက်တွေ များများစားစား ပြောပြစရာ မရှိခဲ့ပါဘူး။ ရှိခဲ့တယ် ဆိုရင်လည်း ဒါဟာ သူ့ အကျိုးအတွက်ပဲ ဖြစ်ပါလိမ့်မယ်…။ ဥပမာ ပြောရရင် သူ အတန်းထဲမှာ စာတော်အောင်၊ အမှတ်များများရအောင် ကြိုးစားစေချင်တဲ့ စိတ်ဟာ သူ့အတွက်နဲ့ သူ့ ရှေ့ရေးအတွက်သာ ဖြစ်တယ်…။ မိခင်တယောက်ဖြစ်တဲ့ ကျွန်မကတော့ သူ့အောင်မြင်မှုတိုင်းမှာ ကိုယ်တိုင် စိုက်ပျိုးထားတဲ့ အပင်လေး တစ်ပင် အသီး အပွင့်တွေ ဝေလာတာကို ကြည့်ရင်း ကြည်နူး ဂုဏ်ယူနေချင်တဲ့ စိတ်တစ်ခုထဲသာ ရှိပါတယ်…။

တစ်ဦးတည်းသောသား ဖြစ်နေတာက တစ်ကြောင်း၊ မြန်မာပြည်မှာ မြန်မာအသိုင်းအဝိုင်းကြားမှာ၊ ဆွေမျိုး ညီအစ်ကို မောင်နှမတွေကြားမှာ ကြီးပြင်းရတဲ့ သားကလေး မဟုတ်တာက တစ်ကြောင်း တို့ကြောင့် မိဘအပေါ်မှာ ကြင်နာ နွေးထွေးမှု၊ နားလည် သိတတ်မှု နည်းပါးမှာတော့ ကျွန်မ နည်းနည်း စိုးရိမ်မိပါတယ်။ အတတ်နိုင်ဆုံးတော့ ကျွန်မ သွန်သင်ပါတယ်။ ကျွန်မကိုယ်တိုင်က မိဘကို စေတနာ မေတ္တာအပြည့်နဲ့ ဂရုစိုက်တတ်တဲ့ သမီးတစ်ယောက် ဖြစ်လေတော့ ကိုယ့်စေတနာအတွက် တူသော အကျိုး ပြန်ရလိမ့်မယ်လို့ ကျွန်မ အမြဲမျှော်လင့်မိပါတယ်။

နောက် နှစ်လ ဆိုရင် ကျွန်မသားကလေး အသက် ဆယ့်ခြောက်နှစ် ပြည့်တော့မှာ…။ ကျွန်မ ဆုတောင်းခဲ့သလိုပဲ သားကလေးဟာ စိတ်ပိုင်းဆိုင်ရာအရရော၊ ရုပ်ပိုင်းဆိုင်ရာအရပါ တိုးတက်ဖွံဖြိုးတဲ့ လူကလေးတစ်ယောက် ဖြစ်တယ်။ ဘာသာတရား အဆုံးအမကြောင့် ယဉ်ကျေး လိမ်မာတဲ့ကလေးတစ်ယောက် ဖြစ်တယ်။ ဒါ့အပြင် ပင်ကိုယ် အရည်အသွေးရော ဥာဏ်ရည်ပါ ထက်မြက်တဲ့ ကလေးတစ်ယောက်လည်း ဖြစ်နေပါသေးတယ်။ မိခင်တစ်ယောက်ဖြစ်တဲ့ ကျွန်မဟာ ဒါတွေအတွက် အချိန်တိုင်း ကျေနပ် ပီတိ ဖြစ်မိပါတယ်။ ရှေ့ခရီးကို ဆက်လျှောက်ဖို့ ခွန်အားတွေကိုလည်း ဒီ ကျေနပ်ပီတိတွေက အားဖြည့်ပေးပါတယ်။

အခု ကျွန်မ ပြောခဲ့တာတွေအားလုံက လက်ရှိ မိခင်တစ်ယောက် ဖြစ်နေတဲ့ ကျွန်မရဲ့ သားအပေါ် ထားတဲ့ မေတ္တာ၊ စေတနာ၊ ကျေနပ်ခြင်း ပီတိနဲ့ သင်ယူပြီး သင်ယူဆဲ သင်ခန်းစာတွေ အကြောင်းပါ။

ဆက်ပြီးတော့ မိန်းမတစ်ယောက်ရဲ့ တန်ဖိုးအကြောင်း နည်းနည်းလေး ပြောပြချင်ပါတယ်…။
မနေ့ကညက ဒီမှာ ရုံတင်နေတဲ့ Oshin ဇာတ်ကား သွားကြည့်ဖြစ်ပါတယ်။ Oshin ဆိုတာ ကျွန်မတို့ ငယ်ငယ်က မြန်မာ့အသံကနေ ပြတဲ့ ဇာတ်လမ်းတွဲပါ။ အပိုင်းပေါင်း နှစ်ရာကျော်၊ သုံးရာနီးပါး ရှိတဲ့ ဒီဇာတ်လမ်းကို ရုပ်ရှင်ဇာတ်ကားတစ်ခုအနေနဲ့ နှစ်နာရီစာ ဘယ်လိုများ ပြမှာပါလိမ့်လို့ စိတ်ဝင်တစားနဲ့ သွားကြည့်တာပါ။ ဒါပေမဲ့ သူတို့က မူလ လက်ဟောင်း Oshin တစ်ကားလုံးမဟုတ်ပဲ Oshin ရဲ့ ငယ်ဘဝ အပိုင်းလေးကိုပဲ ရိုက်ထားတာပါ။ ကြည့်လို့တော့ ကောင်းပါတယ်…။

အတိုချုံးပြောပြရရင်တော့ Oshin တို့ မိသားစုမှာ စားစရာ ဆန်မရှိလို့ အိုရှင် မြို့ကိုသွားပြီး အလုပ်လုပ်ရတယ်။ သူ အလုပ်လုပ်တဲ့အိမ်က ပိုက်ဆံ ငါးမူးပျောက်လို့ သူ့ကို သူခိုး စွတ်စွဲလို့ အဲဒီအိမ်ကနေ သူ ထွက်ပြေးလာခဲ့တယ်။ အိမ်ပြန်ရောက်တော့ သူ့မိသားစု အဆင်မပြေတာတွေကို ပြန်တွေ့ပြီး နောက်တခေါက် သူ မြို့ကိုသွားပြီး အလုပ်လုပ်ရတယ်။ အဲလို အလုပ်လုပ်နေရင်း ပွဲတော်ရက်တစ်ရက်မှာ မထင်မှတ်ပဲ သူ့အမေကို ယောက်ျားတစ်စုနဲ့အတူ ဂေရှားမယ် အဖြစ်နဲ့ တွေ့လိုက်ရတယ်။ ခွဲခွာနေရတဲ့ အမေကို တွေ့လို့မှ မပျော်နိုင်၊ အမှောင်ထဲမှာ ၀မ်းနည်းအားငယ်စွာ ငိုနေတဲ့ အိုရှင်ကို သူ့ အိမ်ရှင် အဖွားကြီးက မိန်းမသားတစ်ယောက်ရဲ့ သဘာဝကို ပြောပြတဲ့ အခန်းလေး ပါပါတယ်။

အဲဒီမှာ ပြောသွားတဲ့ စကားလေးတော့… “None of us women work for our own benefit. We work for our parents, husbands and children.” တဲ့…။

မိန်းမသားတစ်ယောက်ရဲ့ တန်ဖိုးကို ဖေါ်ပြတဲ့ ဒီစကားဟာ အင်မတန် မှန်ကန်ပြီး သဘောကျစရာကောင်းတယ်လို့ ကျွန်မ ထင်ပါတယ်။ မိန်းမတစ်ယောက်ဟာ ပထမအဆင့်အနေနဲ့ သူ့မိဘအတွက် ကျေးဇူးပြု ရှင်သန်ခွင့်ရတယ်။ အဲဒါကမှ တစ်ဆင့်တက်လို့ အိမ်ထောင်ကျခဲ့ရင် သူဟာ ခင်ပွန်းအတွက် ချစ်ခြင်းမေတ္တာတွေကို အခြေပြုပြီး ရှင်သန်ခဲ့တယ်။ ပြီးတော့ အဲဒီ အိမ်ထောင်ကနေ ထွန်းကားလာတဲ့ သားသမီးတွေအတွက် ဆက်လက် ရှင်သန်ကြပါတယ်…။ တကယ်လို့များ သူတို့ဘဝမှာ အကြောင်းအကျိုး မညီညွတ်လို့ သားသမီး မထွန်းကားခဲ့ကြသည့်တိုင်အောင် မိန်းမတစ်ယောက်ဟာ အနည်းဆုံးတော့ မိဘနှစ်ပါးနဲ့ ခင်ပွန်းအတွက် အကောင်းဆုံး အကျိုးပြု ရှင်သန်နေကြတဲ့သူတွေ မဟုတ်လား…။ ဒါကို ကြည့်ခြင်းအားဖြင့် မိန်းမတစ်ယောက်ဟာ အိမ်ထောင် ကျသည်ဖြစ်စေ၊ အိမ်ထောင် မကျသည်ဖြစ်စေ၊ သားသမီး ထွန်းကားသည် ဖြစ်စေ၊ မထွန်းကားသည်ဖြစ်စေ ကိုယ်နဲ့ အနီးဆုံး ပတ်ဝန်းကျင်အပေါ် အကောင်းဆုံး ပေးဆပ်နိုင်တဲ့သူတွေဆိုတာ သိပ်သေချာပါတယ်။ တွေးကြည့်လိုက်ရင် အင်မတန်မှ ကျေနပ်စရာကောင်းပါတယ်…။

ဒါကြောင့် ကျွန်မ ချစ်ခင်ရတဲ့ မိတ်ဆွေ သူငယ်ချင်းတွေ၊ အစ်မတွေ ညီမတွေ အားလုံး တန်ဖိုးရှိတဲ့ မိခင်ဘဝ (သို့မဟုတ်) တန်ဖိုးရှိတဲ့ မိန်းမသားဘဝကို ပိုင်ဆိုင်ခွင့်ရနိုင်သူများ ဖြစ်ကြပါစေ လို့ ဆန္ဒပြုပါတယ်…။




ဒီပိုစ့်ကို ရေးဖြစ်အောင် အစပျိုးပေးတဲ့ ညီမ ပန်ပန် ကို ကျေးဇူးတင်ပါတယ်။ မကြာခင် ပိုင်ဆိုင်လာရတော့မယ့် မိသားစုဘဝလေးမှာ အစစ အရာရာ အဆင်ပြေ ပြည့်စုံပါစေ၊ ကျန်းမာ ချမ်းသာစွာနဲ့ ပျော်ရွှင်ချမ်းမြေ့ပါစေ လို့လည်း ဆုတောင်းပေးတယ်နော်…။

Monday, September 9, 2013

ပေးစာတစ်စောင်

မျက်နှာစာအုပ်မှာ တွေ့ သိ ခဲ့ရတဲ့ ညီမ တစ်ယောက်ဆီက ပေးစာပါ။
ချစ်ရတဲ့ သက်ရေ... လို့ အစချီထားတဲ့ စာလေးမှာ တပ်ထားတဲ့ ခေါင်းစဉ်က "သက်ထံသို့ ပေးစာ" တဲ့...
မျှော်လင့်မထားတဲ့ စာတစ်စောင်မို့ အံ့သြခြင်းတွေနဲ့အတူ ကြည်နူး ၀မ်းသာခြင်းတွေကိုပါ တပါတည်း သယ်ဆောင်လာခဲ့တဲ့ ပေးစာလေး... သူ လက်ရှိသယ်ပိုးထားတဲ့ အိတ်ကလေး တစ်လုံးနဲ့ ပတ်သက်တဲ့ အတွေး အမြင်လေးနဲ့ အရာရာကို အတတ်နိုင်ဆုံး ပေါ့ပါးလွတ်လပ်စွာ သယ်ပိုးထားလိုတဲ့ စိတ်ကလေးက ချစ်စရာမို့ အမှတ်တရ ပြန်လည် ဝေမျှ လိုက်ပါတယ်…
အပြင်မှာ တွေ့ပြီး လှမ်းခေါ်လိုက်ဖို့ အခွင့်ကြုံချင်ပါတယ် ချစ်သော ချယ်ရီ…


သက်ထံသို့ ပေးစာ

September 7, 2013 at 12:14am

(အသက်ချင်းကွာလို့ ကိုယ် ညီမနဲ့ အမ နဲ့ မသုံးချင်ဘူး။ ခွင့်လွှတ်ပါကွယ်။)

ချစ်ရတဲ့ သက်ရေ...

ဒီလို tag ပို့စ်ကို ရေးရအောင် ကိုယ် blogger တယောက် မဟုတ်ပြန်ဘူး။ ဒါပေမဲ့ ကိုယ် သက်ဆီ စာရေးချင်တယ်။ သက်ရဲ့ သူငယ်ချင်းတွေအပေါ် စာရေးစေချင်တဲ့ logic လေးရယ်၊ အမြဲ check နေအောင် ကပ်ပေးလိုက်တဲ့ သတိလေးတစ်ခုကို message ပေးနိုင်တဲ့ အတွက် သက်သူငယ်ချင်းတွေ ကိုယ်စား ဒီကလေးမ တယ်တော်တာပဲ လို့ ကိုယ် ကောက်ချက်ချမိလိုက်တယ်။ ကိုယ် သက်ရဲ့ blog လေးကို ကိုယ်ဟိုး လွန်ခဲ့တဲ့ ၃ ၄ နှစ်လောက်ကထဲက ကြည့်ဖြစ်ခဲ့တယ်လို့ ဆိုရင် ကိုယ်ဟာ အမာခံ ပရိသတ်လို့ ဆိုရတော့မလားဘဲနော်။ ကဲ.. ဆရာမ.. ကိုယ်လေရှည်တာများသွားဘီ။ Main ကို အဓိကထားတော့ ကိုယ်ရေးချင်တဲ့ အကြောင်းအရာက အိတ်။

ကိုယ် ငယ်ငယ်ကတော့ ခပ်လေးလေး အိတ်တွေကို လွယ်ဘူးတယ်။ ကိုယ့်မှာ အမြဲ နှစ်ဖက်ခွတတ်တဲ့ စိတ်ရှိတယ်ကွ။ အိတ်ရဲ့ Purpose က ထည့်ဖို့၊ ထည့်လို့ရရင် ပြီးပီ ဆိုတဲ့ ဒဿနရယ်၊ brand လေးလွယ်ရင် confidence ရှိတဲ့ စိတ်မျိုးရယ်။ (အဲ... ၀ယ်ပြီးမှ ၀ယ်မိတာ မှားပြီဆိုပြီး နောင်တ ရတတ်တဲ့ ချစ်တီးဆန်ဆန် စိတ်ကလေးလဲ ရှိပါ့ကွယ်)

ကဲ.. ကဲ... အထဲမှာ ဘာတွေရှိမလဲ... ကိုယ် တစ်ပတ်တစ်ခါ အိတ်နဲ့ အထဲက ပစ္စည်းတွေကို သန့်ရှင်းရေးလုပ်တယ်။ ပါတဲ့ ပစ္စည်းတွေ ကိုယ်အလွတ်ရနေတာပေါ့ကွာ။ သက်ကလေးသိအောင် ကိုယ်ပြောပြမယ်။ နားထောင်နော်။

(၁) ပိုက်ဆံအိတ် (အပေါ့ဆုံးဟာကို ရွေးဝယ်ထားတာ၊ ဘောင်းဘီအိတ်ထဲ ထည့်လို့လွယ်အောင်)

(၂) ဖုန်း (ခေါ်မဲ့ လူလဲ မရှိပါဘူးကွာ။ နောက်ပြီး အမြဲ အသံပိတ်ထားလေ့ရှိတယ်)

(၃) External HardDisk ( ရုံးအလုပ် ရုံးမှာလုပ်၊ ကျောင်းအလုပ် ကျောင်းမှာလုပ်လို့ စိတ်ဖြတ်ထားပေမဲ့ second backup ထားတာအကျင့်ဖြစ်နေလို့ သူ့ကို လေးလေးနဲ့ သယ်နေရသေးတယ်)

(၄) ငုံဆေးဘူးနဲ့ ဆေးဖြန်းတဲ့ဟာ (ငုံဆေးတွေ ဆောင်လွန်းလို့ ကိုယ်နဲ့ စကားမပြောရဲဘဲ နေနေဦးမယ်... ဟဲဟဲ... အမှန်က ကိုယ်က အသားတွေစားမိရင် သွားသိပ်ကိုက်တတ်လို့ ဒါလေးတွေငုံလိုက် ဖြန်းလိုက်ရင် ပူရှိန်းရှိန်းနဲ့ နေလို့ကောင်းနေသလားလို့)

(၅) အကိုက်အခဲပျောက်ဆေး တစ်ကဒ် (ဘာကိုက်ကိုက် အကိုက်ပျောက်ဆေး ဆေးသောက်တဲ့ အကျင့် ရှိတယ်ကွ.. ဒါလဲ ဆိုက်ကို တမျိုးပဲ.. မသောက်ရဘဲ ဆောင်ထားတာနဲ့တင် ပျောက်နေဘီထင်တာ)

(၆) Access Card

(၇) Wet Tissue, Normal Tissue, Oil Control Film (Tissue နဲ့ ပတ်သက်တာ သိပ်များနေတယ်.. :D )

(၈) နားကြပ်ထည့်တဲ့ အိတ်

(၉) လက်ရှိဖတ်နေတဲ့ စာအုပ် (tuesdays with Morrie)

ဒါပဲလားလို့ ဆိုရင် ဒါပါပဲလို့ပဲ ပြောချင်ပါတယ်။
ကိုယ့်မှာ အကြွေစေ့ထည့်တဲ့ အိတ်ကလေး တခုရှိခဲ့ဖူးတယ်။ ခုတော့ အနိစ္စတရားတခုကြောင့် သူ ကိုယ်နဲ့ ဝေးရာကို ထွက်သွားဘီ။ ကိုယ့် အလုပ်က အိမ်နဲ့ သိပ်နီးတယ်လေ။ အမှန်က ကိုယ့် ရုံးက အံဆွဲလေးထဲမှာ ပစ္စည်းတွေ လိုအပ်တဲ့ ပစ္စည်းတွေ ရှိတာပေါ့။ ရုံးဝေးရင်တော့ ဒီထက်ပိုပြီး ပစ္စည်းတွေ ယူမလားဘဲ။

ကိုယ်က လက်လွတ် ခြေလွတ်နေရတာကို သိပ်ကြိုက်တယ်။ ဒါပေမဲ့ ခရီးသွားရင်တော့ ကိုယ် စုံလင်အောင် ထည့်လေ့ရှိပါတယ်ကွယ်။ စာအုပ်တို့ ရေးစရာတို့ ဆောင်လေ့ မရှိဘူး။ သိပ်လုပ်ချင်တဲ့ အရာတစ်ခုရှိရင် ဖုန်းက Notes ထဲမှာ မှတ်ထားတယ်။ အဲဒီထက်များသွားရင်တော့ အသံသွင်းထားတယ်။ များသောအားဖြင့်တော့ task တွေကို ခေါင်းနဲ့ မှတ်လေ့ရှိတယ်။ ဦးနှောက်က အမြဲခိုင်းနေမှ မဟုတ်လား။ ကိုယ် အိမ်ပြန်တဲ့လမ်းမှာ နဲနဲ အားနေရင် ကိုယ့်အကြောင်းကို သုံးသပ်တယ်။ လုပ်စရာရှိတဲ့ Plan တွေကိုတော့ Google Calender ထဲမှာ မှတ်ထားတယ်။

အရင်တုန်းကတော့ တရားစာအုပ်ယူလေ့ ရှိတယ်။ နောက်ပိုင်းတော့ မေတ္တသုတ်နဲ့ ဗုဒ္ဓ နုဿတိကို စိတ်နဲ့ပဲ မှတ်တော့တယ်။ ထွက်လေ ၀င်လေကြားက ကိုယ်ပေါ့။ တခါတလေ Aircon လေ ကြီးစိုးတဲ့ နေ့မျိုးဆို ထိုင်နေရင်း နဲ့ အိမ်မက်တွေက အရောင်ကိုစုံရော။

ကဲ... သက်ရေ....



ကိုယ့် အပါးတော်မြဲလေးက ပေါက်စနကလေးရယ်... နော်။ သြော် ဒါနဲ့.. မိုးသိပ်ရွာတဲ့နေ့ဆို ထီးယူသွားလေ့ရှိတယ်။ + / - က အမြဲ ရှိနေတယ်။ အိတ်ထဲမှာ အရာဝတ္တုတွေက အမြဲ ပုံသေမရှိဘူး။ အင်းပေါ့လေ... လောကမှာ ဘယ်အရာက တည်မြဲပါလိမ့်မလဲနော်။ ကိုယ်ကျောင်းသွားတဲ့ ကျောပိုးအိတ်ကိုတော့ သက်ကို မပြတော့ဘူး။ စာအုပ်တွေနဲ့ အတူ စိတ်တွေပါ လေးလွန်းလို့ သက်ကလေးပါ အလေးဒဏ်တွေ ကူးနေပါဦးမယ်။း)

ဟုတ်ကဲ့ ဆရာမ။ ကိုယ်နိဂုံးချုပ်တော့မယ်။

အိတ်ဆိုတာ စိတ်တစ်ခုရဲ့ ဖွင့်ဆိုချက်ဆိုရင် ကိုယ့်အိတ်ကလေးဟာ လစ်ဟာနေတဲ့ အရာတွေ အများသားပဲ။

ဒါပေမဲ့ ဒီလစ်လပ်မှုတွေကို နေရာတစ်ခုမှာ ပြည့်စုံစွာထားထားတယ်ဆိုတာကိုတော့ အပေါ်ယံကြည့်သူဆိုရင် ဘယ်မြင်နိုင်ပါ့မလဲနော်။ ဒီလိုပဲ လောကကြီးမှာလဲ ကိုယ်မမြင်နိုင်တဲ့ နေရာတွေမှာ ပြီးပြည့်စုံမှုဆိုတာ ရှိနေစမြဲပါ။

လောကမှာ ပျော်ရွှင်ခြင်းတွေ ၀မ်းနည်းခြင်းတွေ ပြည့်စုံခြင်းတွေကို တစ်နေရာမှာထားပြီး ကိုယ်လက်ရှိသယ်ပိုးရတဲ့ အရာတွေကိုတော့ ပေါ့ပေါ့ပါးပါး လွတ်လွတ်လပ်လပ်နဲ့ လွယ်ထားတဲ့ လူတစ်ယောက်ကို အပြင်မှာ တွေ့ခဲ့ရင် သက် လှမ်းခေါ်လိုက်နော်။
သက်ကို ကိုယ် အမြဲ ပြုံးပြ နှုတ်ဆက် နေမှာပါ။

Saturday, August 31, 2013

Blog Day For Bloggers

ဒီနေ့ သြဂုတ်လ ၃၁ ရက်နေ့ဟာ ၈ နှစ်မြောက် Blog Day ပါ…
Happy Blog Day လို့ စာရေးဖေါ် ဘလော့ဂါ အားလုံးကို နှုတ်ဆက် ဆုတောင်းပါတယ်…။

Blog Day ရဲ့ အစဉ်အလာ မပျက်… ကြိုဆို မိတ်ဆက်ပေးစရာ ဘလော့ဂ် အသစ် ငါး ခု ရှိပါတယ်…။ ဒီမှာပါ…

၁) ရွှေအိမ်စည်

၂) ကြယ်ပြာရဲ့ အိမ်ကလေး

၃) Adora & etc.

၎) ရိုးမြေကျ

၅) ရင်လှိုင်းခတ်သံ

တော်တော်များများကတော့ သိပြီးသားတွေ ဖြစ်နိုင်ပါတယ်... မသိသေးဘူး... အလည် မရောက်ဖူးသေးဘူးဆိုရင်တော့ သွားလည်ပြီး စာဖတ်ကြဖို့ မိတ်ဆက်ပေးတာပါ...။

Blog တွေရဲ့ ရေစီးကြောင်းနဲ့ Blogger တွေရဲ့ သမိုင်းကြောင်းကို ဝါရင့် ဘလော့ဂါတွေ ဖြစ်ကြတဲ့ ကိုအောင်သာငယ်ကိုရန်အောင် ၊ ညီမ ပန်ဒိုရာ နဲ့ ညီမ ကေ တို့ ရေးထားပြီး ဖြစ်တဲ့အတွက် ကျွန်မ အချောင်ခိုလို့ ရသွားပါတယ်…။ သူတို့ရေးတာတွေ ဖတ်ပြီး ကုန်လွန်ခဲ့တဲ့ အချိန်တွေ… အရှိန်ကောင်းကောင်းနဲ့ စီးဆင်းခဲ့တဲ့ ဘလော့ဂ်ရေစီးကြောင်းနဲ့အတူ ပျောက်နေတဲ့ စာရေးဖေါ် ဘလော့ဂါတွေကိုလည်း သိပ်သတိရမိပါတယ်။

အခုလို Blog Day ဆိုတဲ့ အမှတ်တရ နေ့ကြီးမှာ အဆက်မရှိ အစပ်မရှိနဲ့ ဘာကိုမှ မငဲ့ပဲ ဖွင့်ပြောရမယ်ဆိုရင် လောလောဆယ်မှာ ကိုယ့်ကိုယ်ကိုယ် ဟိုမရောက် ဒီမရောက် ဖြစ်နေတယ် လို့ ခံစားရပါတယ်…။ ကျန်တဲ့ ဘလော့ဂါတွေ ဘယ်လို ခံစားရတယ် ဆိုတာ ကျွန်မ မမှန်းတတ်ပါဘူး…။ ဒါပေမဲ့ ကျွန်မကိုယ် ကျွန်မတော့ တကယ်ပဲ ဟိုမရောက် ဒီမရောက် ဖြစ်နေတယ် လို့ ခံစားရပါတယ်။ ဝါသနာအရ စာရေးခြင်းနဲ့ အတူ ကန့်ကွက်မဲ့သူ မရှိ၊ တားမြစ်မဲ့သူ မရှိ၊ စီစစ်မဲ့သူမရှိ လွတ်လပ်စွာ ရေးသားပြောဆိုခွင့်ကို ဘလော့ဂ်က ပေးခဲ့တယ်။ ရေးတယ် ဖတ်တယ်… စိတ်ရှိသလို ရေးတယ်… လွတ်လွတ်လပ်လပ် ရေးတယ်… ရေးချင်သလို ရေးခဲ့ပါတယ်…။ ရေးပြီးတဲ့နောက် စာဖတ်သူ မျှော်တတ်တာလည်း ငြင်းစရာ အချက် မဟုတ်ပါဘူး…။ ဟုတ်ကဲ့… ကျွန်မ စာတစ်ပုဒ် ရေး တင် လိုက်တိုင်း စာဖတ်သူ မျှော်တတ်ပါတယ်…။

အဲဒီလိုနဲ့ ဘလောဂင်း ခဲ့တာ ၆ နှစ်ကျော်ခဲ့ပါပြီ…။ လွန်ခဲ့တဲ့ နှစ်ပိုင်းကစလို့ ဘလော့ဂ်မှာ စာဖတ်သူ သိသိသာသာ ကျသွားပါတယ်… ဆိုရှယ် နက်ဝတ်ကင်း လို့ ခေါ်ရမဲ့ Facebook ကြောင့်ပါ…။ (ကေ ကတော့ နတ်ဆိုးကြီး တဲ့…) ဒါပေမဲ့လည်း မတတ်နိုင်ဘူး… ကိုယ်တိုင်က အွန်လိုင်းမှာ ရပ်တည်နေတဲ့ ဘလော့ဂါတစ်ယောက် ဖြစ်တဲ့အတွက် ခေတ်ရေစီးကြောင်းအတိုင်း လိုက်ပါ စီးမျောရတာပါပဲ…။ ဘလော့ဂ်မှာလည်း စာရေး… FB မှာလည်း တချိန်ထဲ တင်… စာရေးသူ စာဖတ်သူ မိတ်ဆွေတွေ တိုးပွား… ချိုသာစကား ပျူပျူငှာငှာ ပြောဆို… ဒီလိုနေခဲ့ပါတယ်။ ပျော်စရာ ကောင်းသလောက်လည်း ကောင်းခဲ့ပါတယ်။ ဒါပေမဲ့ ဝမ်းနည်းစရာကောင်းတာကတော့ ဘလော့ဂ်တွေမှာ စာဖတ်သူ သိသိသာသာ လျော့နည်းသွားတယ် ဆိုတာပါပဲ…။

အခုနောက်ပိုင်းမှာ ဘလော့ဂ်ပေါ်မှာ စာရေးသူတွေရဲ့ စာတွေ မဂ္ဂဇင်းစာမျက်နှာတွေပေါ်ကို တစ တစ ရောက်ရှိဖို့ အကြောင်းဖန်လာပါတယ်…။ ကျွန်မ ကိုယ်တိုင်လည်း တချို့စာလေးတွေ မဂ္ဂဇင်းမှာ ပါ လာပါတယ်။ ဘယ်လိုခံစားရလဲ… ဟုတ်လား… ပျော်တာပေါ့… ကိုယ်စာလေးတွေ ပုံနှိပ်စာလုံးနဲ့ မြင်ရတော့ ပျော်တာပေါ့…။ ကြိုးစား ပမ်းစား ရေးချင်စိတ်လည်း ပေါ်လာတယ် ဆိုတာ အမှန်ပါ…။ ဒီလိုနဲ့ တဖြည်းဖြည်း ကိုယ့်စာတွေ စာမျက်နှာ တော်တော်များများမှာ ပါလာတယ်။ ဘလော့ဂါတွေ စုပြီး ထုတ်ကြတဲ့ စာအုပ်တွေလည်း ပေါ်လာတယ်…။ တကယ် ဝမ်းသာစရာပါ။

ဒါပေမဲ့ ဘာဖြစ်လာသလဲ ဆိုတော့ အရင်ကဆို ဘာအကြောင်းအရာလေးပဲ တွေ့တွေ့ စာလေးစီပြီး ဘလော့ပေါ် ချက်ချင်း ချက်ချင်း ပေါ့ပေါ့ပါးပါး တင်ပလိုက်တတ်ပါတယ်…။ အရင်ကဆို ဟင်းတခွက်နဲ့လည်း ပိုစ့် တစ်ပုဒ် ဖြစ်သလို ပန်းတပွင့်နဲ့လည်း ပိုစ့်တစ်ပုဒ် ဖြစ်ခဲ့ပါတယ်။ တခါ တခါဆို တစ်ရက်ထဲမှာ ပိုစ့် နှစ်ပုဒ် ဖြစ်သလား… ဖြစ်ခဲ့ဖူးပါတယ်…။ အခုတော့ ဒီလိုမဟုတ်တော့ဘူး။ တခုခုဆို ကုန်ကြမ်းတွေ စုထားသလို ရေးစရာရှိတာလေးတွေကို ဘလော့မှာ အကုန် ချမရေးလိုက်ပဲ တေးမှတ်ထားတတ်လာတယ်… တွေ့ရာ မြင်ရာတွေကို ဘလော့မှာ အကုန်ရေးမတင်ပဲ ထိန်းတတ်လာတယ်…။ တခုခုရေးမိပြီဆိုရင်လည်း အချက်အလက်တွေ မမှန်မှာလည်း စိုးရွံ့လာတယ်… ရေးသမျှကို ကောင်းအောင် မှန်အောင် အတင်းကြိုးစားလာတယ်…။ ပြောရရင် ဝါသနာအလျောက် ရေးသားဖန်တီးနေတဲ့ စာတွေကို အမျိုးအမည် နာမည်တပ်လို့မရတဲ့ တစုံတရာကြီးက ထိန်းချုပ်နေသလို ဖြစ်လာတာမျိုး… ဘလော့ဂါ တစ်ယောက် ဘဝကနေ မဂ္ဂဇင်းပေါ် ရေးနေသူ တစ်ယောက်လိုလို စိတ်ကြီးဝင်ချင်လာတာမျိုး… လို့ပဲ ဆိုကြပါတော့။

တခုခု ပေါတိ ပေါတောတွေ ရေးမိရင် ကိုယ့်သိက္ခာပဲ ကျသွားတော့မလို…။ ရောက်တတ်ရာရာတွေ ရေးမိရင်၊ ရယ်စရာတွေ ရေးမိရင် ရှက်ပဲ ရှက်ရတော့မလို… အဲဒီလိုတွေ ဖြစ်လာတယ်…။ တခါတခါမှာ စာတွေ ရေးတယ်… ဝတ္ထု အက်ဆေး စသည်ဖြင့်ပေါ့…။ ရေးပြီး ဘလော့မှာ တင်မယ် ကြံလိုက်တော့ စိတ်က ဒွိဟ ဖြစ်တယ်… ဟယ်… ဒါလေးကို ဟိုကို ပို့လိုက်ရ ကောင်းနိုး… ဒီကို ပို့လိုက်ရ ကောင်းနိုးနဲ့ ချီတုံချတုံဖြစ်လာတယ်… ရေးပြီးသား စာလေးတစ်ပုဒ်ကို ဘလော့ဂ်မှာ တင်လိုက်ရမှာ နှမြောသလိုလို… ဘလော့ဂ်နဲ့ပဲ မတန်သလိုလို စိတ်မျိုး ဝင်လာတယ် ဆိုတာ ကိုယ့်ဟာကိုယ် သတိထားလိုက်မိတယ်…။ တစ်ခါကနေ နှစ်ခါ… နှစ်ခါကနေ သုံးခါ… အဲဒီလိုတွေ သတိထားမိတဲ့ အကြိမ်ပေါင်း များလာတော့ ဘုရား တ မိတယ်…။ တစ်ခုခုတော့ မှားနေမှန်း သိလာတယ်…။

အဲဒီနောက်တော့ ကျွန်မ ကိုယ် ကျွန်မ သေသေချာချာ လေ့လာ သုံးသပ်ပါတယ်…။ အဖြေတစ်ခု ထွက်ပါတယ် အဲဒါကတော့ ကျွန်မ ဟိုမရောက် ဒီမရောက် ဖြစ်နေပြီ ဆိုတာပါပဲ…။ အဲဒီ ဟိုမရောက် ဒီမရောက် ဆိုတဲ့ အနေအထားကနေ ပြောင်းပစ်ပြီး လွတ်လပ်ပေါ့ပါးတဲ့ ရေးဟန်နဲ့ ရေးဖွဲ့ထားတဲ့ စာတစ်ပုဒ် ဖြစ်လာဖို့၊ ထိန်းချုပ် ချည်နှောင်ခြင်း ကင်းတဲ့ စာတစ်ပုဒ် ဖြစ်လာဖို့၊ သဘာဝကျကျ ရိုးသားပြီး လတ်ဆတ် သစ်လွင်တဲ့ စာတပုဒ် ရေးဖွဲ့ဖြစ်ဖို့ ကျွန်မ ပြန်ကြိုးစားတော့မယ်…။ စာရေးခြင်းရဲ့ အစဟာ ဘလော့ဂါ ဘဝကနေ စခဲ့တာမို့ အွန်လိုင်း ဒိုင်ယာရီလေးတစ်ခုနဲ့ တူတဲ့ ဘလော့ဂ်မှာ အတတ်နိုင်ဆုံး စာမှန်မှန် ပြန်ရေးတော့မယ်လို့ တွေးထားပါတယ်။

ကျွန်မ ဆက်လက် ဖန်တီးမယ့် စာတွေထဲက ဇာတ်ကောင်ဟာ ကိုကိုလည်း ဖြစ်နိုင်သလို မောင်လည်း ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။ ကျွန်မရဲ့ လက်ရှိဘဝနဲ့ ဘာမှ မသက်ဆိုင်တဲ့ ဇာတ်ကောင်စရိုက်မျိုးတွေလည်း ပါကောင်း လာပါလိမ့်မယ်…။ ဒီအခါမှာ စာတစ်ပုဒ်ကို ဖတ်ပြီး စာရေးသူနဲ့ ယှဉ်တွဲ ကြည့်မြင်တတ်တဲ့ အမြင်လေးတွေကို ဖျောက်ပေးဖို့ စာဖတ်သူတွေကို တောင်းဆိုရပါလိမ့်မယ်…။

နောက်တခုက ဘလော့ရေးကြတဲ့ အထဲမှာ ယနေ့ထိတိုင် ဘလော့ဂင်းရဲ့ သဘော သဘာဝအတိုင်း ဘာကိုမှ ဂရုမစိုက်ပဲ သူ့ ရပ်တည်ချက်နဲ့သူ၊ သူ့ ယုံကြည်ချက်နဲ့သူ ဘလော့ဂါတယောက် ပီသစွာ မပျက်မကွက် ရေးနေသူကတော့ ချစ်ရတဲ့ အမ မခင်ဦးမေ ပါ…။ မမကိုလည်း ဒီနေရာကနေ Happy Blog Day လို့ နှုတ်ဆက်ပါတယ်နော်…။

တနေ့က ကျွန်မ လက်ကိုက်တာကို အကြောင်းပြုပြီး အိတ်မှောက် ဖာသွန် နှစ်ဆယ့်ခွန် ဆိုတဲ့ ပိုစ့်ရေးခဲ့ပါတယ်…။ ပြီးတော့ မနော် နဲ့ မချစ် က အစပြုလို့ စာရေးဖေါ် မောင်နှမတွေ အချင်းချင်း Tag လိုက်ကြတာ ပုံစံစုံ ဒီဇိုင်းစုံ အရောင်စုံ အသွေးစုံ အိတ်တွေ သွန်ကြ မှောက်ကြတာ တပျော်တပါးကြီး မြင်တွေ့ရပါတယ်။ အိတ်မှောက် ဖာသွန် နှစ်ဆယ့်ခွန် ၊ အိတ်မှောက် သွန်ပစ် နှစ်ဆယ့် ရှစ် ၊ အိတ်မှောက် သွန်ထိုး နှစ်ဆယ့်ကိုး ၊ အိတ်ကလေး ပြင်တယ် ရက်သုံးဆယ် ၊ ရှားတား ပါးတား အိတ်မှောက်ထား (ညီမ ရွှေအိမ်စည် ရဲ့ စပါယ်ရှယ် ခေါင်းစဉ်) ၊ အိတ်ကို ထုတ်စစ် သုံးဆယ့်တစ်…. စတဲ့ ခေါင်းစဉ်တွေနဲ့ Tag Post လေးကို ချစ်ခင်စွာ ရေးသားကြတဲ့ စာရေးဖေါ် မူလလက်ဟောင်း ဘလော့ဂါ အဟောင်းများ နဲ့ မကြာသေးမီကမှ ခင်မင်သိကျွမ်းခဲ့ရတဲ့ ဘလော့ဂါ အသစ် ညီမငယ်များ အားလုံးကို အသိအမှတ်ပြု ကျေးဇူးတင်ကြောင်း ၂၀၁၃ ခုနှစ် Blog Day မှာ အမှတ်တရ မှတ်တမ်းတင်အပ်ပါတယ်။

ချစ်မိတ်ဆွေ ဘလော့ဂါများ အားလုံးအတွက် Happy Blog Day ဖြစ်ကြပါစေ…။



Tuesday, August 20, 2013

ဖိနပ်လေး တစ်ရံ

ညီမ ခွန်မြလှိုင်ရဲ့ တက်ဂ်ပိုစ့်ပါ…။
ဖိနပ်လေးတစ်ရံ ဆိုတဲ့ ခေါင်းစဉ်နဲ့ လိုက်ဖက်အောင် ကိုယ် စီးခဲ့ဖူးတဲ့ (သို့) လက်ရှိ စီးနေတဲ့… ဖိနပ် တစ်ရံနဲ့ ပတ်သက်တဲ့ အမှတ်ရစရာ အကြောင်းအရာတွေကို ပြန်စဉ်းစားသော်လည်း ဘာမှ ရေရေရာရာ စဉ်းစားလို့ မရခဲ့ဘူး… ဘဝမှာ ဖိနပ်နဲ့ ပတ်သက်လို့ ထူးထူးခြားခြား အမှတ်ရစရာ ရှိမနေဘူး လို့ပဲ ပြောရမယ် ထင်ပါတယ်။ ဒါကြောင့် ဖိနပ်နဲ့ ပတ်သက်တဲ့ ယေဘုယျ အကြောင်းလေးတွေပဲ ရေးလိုက်တယ်…။ ခေါင်းစဉ်နဲ့ လွဲနေတဲ့ စာတစ်ပုဒ် ဆိုပါတော့…။

ဒေါက်မြင့်မြင့်ပါတဲ့ ဖိနပ်တွေစီးပြီး လမ်းလျှောက်ရတာ စိတ်ထဲ အလိုလိုနေရင်း ပိုလှပြီး Confidence ပိုရှိသလို ခံစားရပေမဲ့ ကိုယ့်အရပ်က သာမန် မြန်မာမိန်းကလေး တစ်ယောက်ရဲ့ Above Average မှာ ရှိနေတာမို့ သိပ်မြင့်တဲ့ ဒေါက်တွေ မစီးဖြစ်ပါဘူး။ အနည်းဆုံး နှစ်လက်မခွဲ၊ အများဆုံး သုံးလက်မ ဒေါက်လောက်ဆို တော်ပြီလို့ ဘရိတ်အုပ်ထားရတယ်။ တကယ်တော့ ကိုယ်တိုင်က ဖိနပ်ဆို မြင့်မှ စီးချင်တာရယ်…။ သို့သော်လည်း ကလန်ကလား အရပ် ကို ညှာတာ… နေရာတကာ ရှပ်ပျာ ရှပ်ပျာ လုပ်တတ်လွန်းတဲ့ ကိုယ့်ကိုယ်ကိုယ် ဖိနပ်အမြင့်စီးပြီး ချော်လဲလိုက်ရင် မသက်သာဘူးလို့ သတိတွေ အတန်တန် ပေးပြီး ဖိနပ်အမြင့်ကြီးတွေနဲ့ ကားမောင်းတာကို စိတ်မချတဲ့ မေမေ့စကားကို နားထောင်တဲ့ အနေနဲ့ သုံးလက်မ ထက် ပိုမြင့်တဲ့ ဖိနပ်တွေ မဝယ်မိဖို့ ကြိုးစားခဲ့ပါတယ်။

ဒေါက် ဆိုလို့ ပြောရအုံးမယ်…။ ကိုယ်က ခြေလှမ်းလိုက်တိုင်း အသံ အုပ်အုပ်လေးတွေ ထွက်တဲ့ ဒေါက်မျိုးကို သိပ်ကြိုက်တယ်…။ ဒေါက် ဆိုမှတော့ တဒေါက်ဒေါက် အသံပဲ ထွက်မှာပေါ့လို့ ထင်ရင် မှားသွားမယ်။ တံဆိပ်ကောင်းကောင်းနဲ့ ဈေး အသင့်အတင့် ကြီးတဲ့ ဖိနပ်အမျိုးအစားတွေဟာ ဒေါက် နိမ့်နိမ့် မြင့်မြင့် ကြီးကြီး သေးသေး လမ်းလျှောက်လိုက်တဲ့အခါ အသံလေးက အုပ်အုပ်လေးသာ ထွက်တတ်တယ်။ လမ်းသွားလိုက်တိုင်း သူများ နားကြားပြင်းကပ်ပြီး အများသူငါ သတိထားမိချင်စရာကောင်းအောင် တခွပ်ခွပ်၊ တဗျတ်ဗျတ်နဲ့ ပေါ့ပျက်ပျက် အသံ ဆူဆူတွေ မထွက်တတ်ဘူး။ အဲဒါကြောင့် ဖိနပ်ဝယ်ရင် စတိုးဆိုင်တွေမှာ ခင်းထားတဲ့ ကော်ဇောတွေပေါ်မှာထက် ကျောက်ပြား ကြွေပြား ခင်းထားတဲ့ နေရာတွေပေါ်မှာ လမ်းလျှောက်ကြည့်ပြီး ဒေါက်ရဲ့ အသံကို နားထောင်ကြည့်ဖို့ အမြဲ သတိထားတယ်။

ဖိနပ်ဝယ်ရင်း ကြုံခဲ့ရတဲ့ မခံချိမခံသာ ဖြစ်စရာ အကြောင်းတစ်ခုတော့ မှတ်မိနေသေးတယ်။
ငယ်ငယ်က စကော့ဈေးက နာမည်ကြီး ဖိနပ်ဆိုင် တစ်ဆိုင်မှာ ဖိနပ်ဝယ်ဖို့ ရွေးကြတော့ ပိန်ပိန်ရှည်ရှည် ကိုယ့်ကိုကြည့်ပြီး ဆိုင်ရှင်က ကိုယ် တောင်းတဲ့ ဖိနပ် လေး ငါး ရံ ချပေးတယ်…။ ဒီ့ထက် ဆိုဒ်ကြီးတာ ပေးပါလို့ ပြောပေမဲ့ သူက ခပ်ငယ်ငယ် ဖိနပ်တွေကိုသာ တွင်တွင် ယူချပေးတယ်။ ကိုယ့်ခြေထောက်အကြောင်း ကိုယ်သာသိတဲ့အတွက် အဲဒီဖိနပ်ဆိုဒ်တွေနဲ့ ဘယ်လိုမှ မတော်ဘူးလို့ သေချာနေတော့ သူ့ထက်ကြီးတဲ့ နံပါတ်တွေတောင်းမိတယ်။ ဒါပေမဲ့ ဆိုင်ရှင်က သူ့စိတ်မှန်းနဲ့ ယူချလာတာတွေပဲ ကိုယ့်ကို အတင်း ထိုးပေးတယ်။ ခက်လိုက်တာဆိုတာ…

အရင်တုန်းက ဖိနပ်ဆိုင်တွေဆိုတာ အခုလို စတိုးဆိုင်ကြီးတွေမှာ မြင်ရတဲ့ အခင်းအကျင်းမျိုးနဲ့ မဟုတ်ဘူး။ ဒီဇိုင်း တူရာ တူရာ ဖိနပ်တွေကို ပလတ်စတစ်အိတ် ထူထူကြီးတွေထဲမှာ တဖက်နဲ့ တဖက် လျှိုပြီး ထပ်ထားတာ။ အိတ်တစ်လုံးဆို ဖိနပ်အရံပေါင်း များစွာနဲ့…။ သူက တအိတ်ထဲက ဖိနပ် တရံကို ထုတ်… ပြီးရင် အိတ်ကို ပြန်ချည်… စင်ပေါ်ကို ပြန်တင်… နောက်တအိတ်ကို ချ… နောက်တရံထုတ်… အိတ်ကို ပြန်ချည်… သိမ်း… အဲဒီလိုနဲ့ ကိုယ့်ရှေ့မှာ ဖိနပ်တွေ ဆယ်ရံလောက် ဖြစ်လာတယ်…။ ကိုယ်ကလည်းး ကိုယ်နဲ့ တစ်ရံမှ မတော်ဘူးဆိုတာ သိနေတယ်… ကိုယ့်ပုံစံ ပိန်ညောင်ညောင်ကိုကြည့်ပြီး အထင်စမောတဲ့ သဘောပေါ့…။ ကိုယ်ပြောနေတာကိုလည်း သေသေချာချာ နားမထောင်ပဲ ဖိနပ်တွေသာ တစ်ရံပြီး တစ်ရံ တွင်တွင် ထုတ်ပေးနေတော့တယ်။

နောက်ဆုံးမှာ ထုတ်ပေးစရာ ဒီဇိုင်းကုန်သွားလို့လား ဘာလို့လဲတော့ မသိဘူး… ဖိနပ်ဆိုင်ရှင်က ဖိနပ်ထုတ်ပေးတာ ရပ်သွားပြီး ကိုယ့်အနား လာရပ်တယ်…။ အဲဒီအခါမှာ ကိုယ်က ဒါတွေ တစ်ရံမှ ကိုယ်နဲ့ မတော်ဘူးလို့ ပြောလိုက်တော့ သူ တော်တော်စိတ်တိုသွားပုံရတယ်။ ကိုယ့်ကိုလည်း ဖိနပ်တွေကို အတင်း စွတ်ခိုင်းပြန်တယ်… ခြေချောင်းလေးတွေကို အတင်း ရှေ့တိုးခိုင်းပြီး အနောက်ဖက်က ဖနောင့် လွတ်အောင် စီးခိုင်းတယ်…။ ဘယ့်နှယ့်… တော်မှ မတော်တာကြီးကို… နောက်ဆုံးတော့ သူ စိတ်တိုတိုနဲ့ လက်လျှော့သွားတယ်… ဒါနဲ့ ကိုယ်က ကိုယ်ကြိုက်နေတဲ့ ဖိနပ်လေးတစ်ရံကို ရွေးထုတ်ပြီး ဒီဖိနပ်မျိုး ဒီထက် ကြီးတာ ပေးပါလား… လို့ မရဲတရဲ တောင်းမိတယ်။

ဒီအခါမှာ တော်တော်ကျွဲမြီးတိုနေပုံရတဲ့ ဦးလေးကြီးက ဘာပြန်ပြောလိုက်သလဲဆိုတော့ "လူစီးတဲ့ ဖိနပ်ထဲမှာ ဒီအရွယ်က အကြီးဆုံးပဲ..." တဲ့…. ကဲ… ကြည့်ပါအုံး ပြောပုံက… ကိုယ်ပြောတာတော့ သေသေချာချာ နားမထောင်ပဲနဲ့ သူကပဲ တပြန် စိတ်တိုရတယ် ရှိသေးလို့ စဉ်းစားပြီး စိတ်ဆိုး မာန်ဆိုးနဲ့ လက်ထဲ ကိုင်ထားမိတဲ့ ဖိနပ်ကို ဘုတ် ဆို ပစ်ချပြီး ဆိုင်ထဲက လှည့်ထွက်ခဲ့တယ်။ အဖြစ်က အဲဒီလိုပါ…

စက်မှုတက္ကသိုလ် ကျောင်းသူဘဝ တလျောက်လုံးမှာတော့ ရှားရောင် ကတ္တီပါဖိနပ် အပါးလေးတွေပဲ စီးဖြစ်တယ်…။ အဲဒီဖိနပ်လေးတွေဟာ ရှပ်ပွပွတွေ ယောလုံချည် တိုတိုတွေနဲ့ သိပ်လိုက်ဖက်တယ်လို့ ထင်မိတာပဲ…။ ပြီးတော့ စီးရတာလည်း ပေါ့ပေါ့ပါးပါး သွက်သွက်လက်လက် ရှိလှတယ်။ အဲဒီ ရှားရောင် ရင့်ရင့် ကတ္တီပါ ဖိနပ်အပါးလေးနဲ့အတူ ခြေထောက်တွေ ခြေချောင်းတွေ ခြေသည်းတွေကိုလည်း အမြဲတမ်း သန့်ရှင်းနေအောင် ဂရုစိုက်ခဲ့တယ်။ ခြေသည်းနီလည်း မှန်မှန်ဆိုးခဲ့တယ်။ ကိုယ့်ခြေထောက်လေးတွေကို ကိုယ်ပြန်ကြည့်မိတိုင်း သဘောတကျ ရှိလှတယ်။

ဆိုက်ကိုလို့ ဆိုရမလားပဲ…။ လူတွေ့ရင် ခြေထောက်ကို အရင် ကြည့်တတ်တဲ့ လူစားထဲမှာ ကိုယ်တစ်ယောက်လည်း အပါအဝင်ပါ။ ခြေထောက်တွေကို ကြည့်ချင်လို့ ခေါင်းငုံ့ပြီး လမ်းလျှောက်တတ်တာလား… ခေါင်းငုံ့ပြီး လမ်းလျှောက်တတ်လို့ ခြေထောက်တွေကိုပဲ အရင်မြင်ပြီး ခြေထောက်တွေကိုပဲ သတိထားမိလာတာလား ဆိုတာကတော့ ခုထိ အဖြေမရှိတဲ့ ပုစ္ဆာပါပဲ…။

အရေးထဲမှာ မဆီမဆိုင် ကြော်ငြာဝင်ရရင် ကိုယ့်ရဲ့ other half ကို တွေ့တုန်းကတော့ သူ့ ခြေထောက်တွေကို လုံးဝဆို လုံးဝမှ သတိမထားဖြစ်တာပါ…။ ဘာတွေကို သတိထားမိပြီး ဘာတွေက ဆွဲဆောင်သွားသလဲဆိုတာတော့ လာမမေးနဲ့… ပြောမပြဘူး… သတ်ချင် သတ်သွားလိုက်…။ နောက် တော်တော်ကြီးကြာမှ သတိထားမိတော့ သူ့ခြေထောက်တွေဟာ ကိုယ် သတ်မှတ်ထားတဲ့ စံချိန် စံညွှန်းနဲ့ အကိုက်ညီကြီး မဟုတ်တာ တွေ့ရတယ်။ ဒါပေမဲ့ မတတ်နိုင်တော့ဘူး… လွန်ကုန်ပြီ… (((ဟမ်))) ဒါနဲ့ သူ့ကိုပဲ ကိုယ့်အကြိုက်တွေ ပြောပြပြီး စည်းရုံးရေး ဆင်းရတော့တာပေါ့…။ အဖြစ်က အဲဒီလိုပါ…

ဒီရောက်တော့ ဖိနပ်ဝယ်ရတာ အတော်ကြီး အဆင်တပြေရှိလှတာ တွေ့ရတယ်။ လူစီးတဲ့ဖိနပ်ထဲမှာ ဒါ အကြီးဆုံးပဲ လို့ ပြောစရာမလိုလောက်အောင် အရွယ်အစား အစုံ ဝယ်လို့ရတယ်။ လက်မဝက် စီသာ ကွာတဲ့ ဆိုဒ်စုံစုံကို စင်ပေါ်ကနေ ကိုယ်တိုင် ယူချပြီး စိတ်ရှည်လက်ရှည် ရွေးချယ်နိုင်တယ်။ ဒီလိုနဲ့ ကိုယ့်ဆီမှာ ဖိနပ်ဗူးတွေ တပုံကြီး ဖြစ်လာပြန်တယ်။

ဖိနပ်တွေကို ပုံစံလေး ကြိုက်လို့ ဝယ်… ပါးတာလေး လိုချင်လို့ ဝယ်… ဒေါက်ကလေး လှလို့ ဝယ်… ထိပ်ပိတ်လေး လိုချင်လို့ ဝယ်… ခြေသည်းနီလေးတွေပေါ်ချင်ပြန်တော့ ထိပ်ပွင့်ကလေး ဝယ်… ရုံးစီးဖို့ Formal ဖြစ်တာလေး ဝယ်… ပိတ်ရက်စီးစရာ ပေါ့ပေါ့ပါးပါး ဖြစ်တာလေး ဝယ်… ဟိုနား ဒီနား ဆင်းရင် စီးစရာ Flip Flop လေးတွေ... Slipper လေးတွေ…. လမ်းလျှောက်ရင် စီးစရာ Walking Shoes တွေက တမျိုး… အဲဒီလို အမျိုးမျိုး စိတ်တိုင်းကျ ဝယ်လို့ရတိုင်း ဝယ်မိပြန်တယ်။ အဲဒီလို ဝယ်မိခြင်းရဲ့ အကျိုးဆက်ကတော့ ဖိနပ်တွေကို မြင်ရအောင် စင်ပေါ်မှာ လှလှပပ တင်ထားတော့လည်း ဖုန်တက်တယ်… အပြင်ထွက်ခါနီး စီးမယ်ဆိုရင် အဆင်သင့်မဖြစ် ဖုန်သုတ်ရသေးတယ်...။ ဖုန်မတက်အောင် ဗူးတွေထဲ ထည့်ထားပြန်တော့လည်း အလွယ်တကူ မမြင်ရတော့ တကူးတက ယူပြီး မစီးဖြစ်ပြန်ဘူး...။ အဲဒီလို မစီးတာ ကြာတော့ ဖိနပ်တွေက ဟိုကွာ ဒီကွာလေးတွေ ဖြစ်လာတယ်…။ တလောကပဲ Leather Shoes သုံးရံ အဲလိုဖြစ်သွားလို့ စိတ်နာနာနဲ့ ပစ်လိုက်ရတယ်။ ဒါကြောင့် အခု နောက်ပိုင်းမှာ ဖိနပ်တွေကို စည်းနဲ့ ကမ်းနဲ့ပဲ ဝယ်တော့တယ်။ အဖြစ်က အဲဒီလိုပါ…

Bonus အနေနဲ့ ရှူးဖိနပ်တွေနဲ့ ပတ်သက်တဲ့ Tips လေး တစ်ခုတော့ ဝေမျှချင်ပါတယ်…။ အများသူငါ သိနေပြီးသားလည်း ဖြစ်နိုင်ပါတယ်…။ အဲဒါကတော့ ရှူးဖိနပ်တွေ စီးရင် ဖြစ်လေ့ဖြစ်ထရှိတဲ့ ဖနောင့်နေရာမှာ ပွန်းတာ… ခြေချောင်းအပေါ်လေးတွေမှာ ပွန်းတာ.. ဖိနပ်ပေါက်တာမျိုးတွေ မဖြစ်ရအောင် ကာကွယ်တဲ့နည်းပါ…။ ငယ်ငယ်က ကြားဖူးသလို မစီးခင်မှာ ဖိနပ် တဖက်ကို ခုနှစ်ချက်စီ ကိုက်ရတဲ့ နည်း မဟုတ်ပါဘူး...။ ရှူးဖိနပ်အသစ်တွေ မစီးခင်မှာ ဖနောင့် (နောက်ပိတ်) နေရာတွေ… အရှေ့ဖက်က ခြေချောင်းလေးတွေနဲ့ ထိနေတဲ့ နေရာတွေကို Lotion တခုခုကို တရက် နှစ်ကြိမ်နှုန်းနဲ့ သုံးရက်လောက် လိမ်းထားပြီးမှ စီးကြည့်ပါ…။ တကယ်ပဲ သိသိသာသာ ဘာအနာတရမှ မဖြစ်တာကို တွေ့ရပါလိမ့်မယ်…။ Lotion ကတော့ Body Lotion / Hand Lotion ဘာ Lotion မဆို လိမ်းလို့ ရပါတယ်…။ ဖိနပ်မှာ လိမ်းရမှာနော်… မှားပြီး ခြေထောက်မှာ မလိမ်းကြနဲ့အုံး…း-)

ဒါလေးတွေကတော့ ကိုယ် လောလောဆယ် စီးနေတဲ့ ဖိနပ်လေးတွေပါ…း-)


ရေးကောင်းကောင်းနဲ့ ရေးလာလိုက်တာ စာကို ဘယ်လို အဆုံးသတ်ရမယ်မှန်း မသိတော့လို့ ဒီနေရာမှာပဲ တုံးတိတိနဲ့ ရပ်ထားလိုက်ပါရစီ… Tag Post ဖြစ်တဲ့အတွက် စာရေးဖေါ် အားလုံးကို Tag ပါတယ်... စိတ်ဝင်စားရင် ရေးပေးကြပါနော်... တော်သေးပြီ…။



Monday, March 18, 2013

မနော် Tag တဲ့ ခုတလော...

ပြီးခဲ့တဲ့ ပိုစ့်နဲ့ ဒီပိုစ့်ကြားမှာ တလကျော် ခြားသွားတယ်… အချိန်တွေ ကုန်တာ မြန်လိုက်တာ…။
အဲလို စာရေးပျင်းနေကြတဲ့သူတွေကို မနော်ဟရီက ဒီပိုစ့်လေးနဲ့ တပ်လှန့်လိုက်ပါတယ်… ခေါင်းစဉ်က ခုတလော… တဲ့…။ ဖတ်ကြည့်ပါ… ပြီးတော့ ရေးပေးပါ… တယောက်ချင်းစီ နာမည်တွေနဲ့ မ Tag တော့ဘူးနော်… ဒါပေမယ့် ဘလော့ဂါတိုင်းအတွက် Tag Post ပါ… အိုကေ…း-)

ခုတလော...

တွေးနေမိတာက -
(၁) မိန်းမသားဆိုတဲ့ ဖြစ်တည်မှုနဲ့အတူ မိန်းမသားတို့ရဲ့ ဖြစ်လေ့ဖြစ်ထရှိတဲ့ သဘာဝတွေကို လျှစ်လျှူရှု မေ့လျော့ထားတတ်ကြသူများရဲ့ အကြောင်း (အဲဒီအကြောင်းကို စာတပုဒ် ရေးနေမိတယ်)

(၂) ညနေတိုင်း အချိန်မှန်မှန် အဖျားတက်နေတဲ့သူတယောက်ကို ဘယ်လိုနည်းနဲ့ အဖျား ပျောက်စေနိုင်မလဲ ဆိုတာ… (အများကြီး မတွေးချင်ပါဘူးဆိုမှ ရောဂါဗေဒတွေရဲ့ နောက်ဆက်တွဲ အကြောင်းတွေဟာ ကိုယ့် အတွေးအာရုံကို အချိန်တိုင်း အနှောက်အယှက်ပေးနေကြတယ်…)

(၃) ဗေဒင်မယုံတဲ့သူတယောက်ကို ဗေဒင်ထဲမှာပါတဲ့ နေ့စွဲတွေက လှည့်ဖြား ဖမ်းစားနေတဲ့ အကြောင်း (နီးတော့ နီးနေပါပြီ… စနေဂြိုလ်ဟာ လှလှပပကို ထွက်ခတ် ခတ်နေတာပဲ)

ကိုယ့်ကိုယ်ကို ပြန်ဆင်ခြင်မိတာက -
အသက်ကြီးလာပြီ… ပြီးတော့ ထုံပေပေ အေးစက်စက်နဲ့…

ကျန်းမာရေး -
စိတ်ကျန်းမာရေး - တော်တော်လေး ချို့ယွင်းနေတယ်… ဆေးရှာနေတုန်းပဲ… (ကိုကို ကယ်ရင် လွတ်မြောက်ခွင့်ရမယ့် အချစ်ပါကွယ်… ဆိုတာ အသက် ၁၆ နှစ်လောက်က ဆိုခဲ့ဖူးတဲ့ သီချင်းတစပဲ…)

လူကျန်းမာရေး - ကောင်းတယ်ပဲ ဆိုကြပါစို့ရဲ့… (စက်တွေက သိတဲ့ အသိထက် ကိုယ့်ကိုယ်ကို သိတဲ့ အသိကို တန်ဖိုးထားတယ်… ဆေးလုံးတွေက ပေးနိုင်တဲ့ စွမ်းအားထက် နေ့စဉ် ပုံမှန် စားနေတဲ့ အစားအသောက်တွေက ပေးတဲ့ စွမ်းအားကို အလေးထားတယ်)

ဖတ်ဖြစ်တဲ့စာအုပ်တွေက -
ဝင်းဝင်းလတ် - နန်းထဲမှာပင် အိုလေ့… ပျော်မရွှင်
နုနုရည် (အင်းဝ) - နှစ်ဆယ့်ရှစ်နှစ်ရှိပြီဖြစ်တဲ့ မိန်းမတစ်ယောက် (ဖတ်လက်စ…)

ရောက်နေဖြစ်တာက -
ကြည့်မှန်တချပ်ရှေ့… (မှန်ထဲက သူ က ကိုယ် မဟုတ်ဘူး… ဒါပေမယ့် အဲဒီ သူ ပြုံးမှ ကိုယ် ပြုံးနိုင်တယ်… တမျိုးပဲနော်…)

နားထောင်ဖြစ်နေတာက -
I'm forever keeping my angel close… (What are words – Chris Medina)

ရွတ်နေမိတဲ့ကဗျာက -
ကဗျာဆိုတာ ကိုယ်နဲ့ ဝေးပါတယ်… (တကယ်… တကယ်…)

ဖြစ်ချင်နေတာက -
မိုးပေါ်က ကြယ်သေးသေး မှိန်မှိန်လေး တပွင့်… (အချိန်တန်ရင် လူမသိ သူမသိ တိတ်တိတ်လေး ကြွေလွင့်သွားဖို့…)

စားဖြစ်နေတတ်တာက -
စား - ပေါင်မုန့်၊ အသား နည်းနည်း၊ ငါး နည်းနည်း နဲ့ အရွက်စိမ်း ကြော် ချက်…
သောက် - ရေ၊ ကော်ဖီ နဲ့ အစိမ်းရောင် လဘက်ရည်ကြမ်း

သနားနေမိတာက -
ကိုယ့်အတ္တနဲ့ကိုယ် မောကြီး ပန်းကြီး လောင်ကျွမ်းနေကြသူတချို့ကို…. (တကယ် သနားတာပါ)

လွမ်းနေမိတာက -
ကုန်း အမြင့်ကလေး တခုဆီကို တက်သွားတဲ့ လမ်းကျဉ်းကလေး… ဘေးတဖက်တချက်မှာ သစ်ပင်လေးတွေ စီတန်းလို့…
(အဲဒီ ကုန်းကလေးရဲ့ ထိပ်မှာ သူ စောင့်နေတယ်… ကိုယ်တို့ တွေ့တော့ သူက ပြောတယ်… လာလေ… အိမ်ပြန်ကြရအောင် တဲ့… လွမ်းစရာ အတိ…)

မေ့လျော့ပစ်နေရတာက -
၁) လူတွေကို Jack in the Box အရုပ်ကလေးလို လေးထောင့်ဗူးလေးထဲက ၀ုန်း ကနဲ ဆို ထထွက်လာမှာစိုးပြီး ဗူးထဲကို အတင်း ပြန်ပြန် ဖိ သိပ် ထိုး ကြိတ် ထည့်ချင်နေကြတဲ့ အကြောင်းရယ်…

၂) ကိုယ် ဘေး ဘီ ၀ဲ ယာ မကြည့်တတ်ပဲ ခေါင်းငိုက်စိုက်နဲ့ လမ်းအလျှောက်ကောင်းလို့ အသားလွတ် ၀င်တိုက်ခံလိုက်ရတဲ့ အကြောင်းရယ်…

၃) ကိုယ်ဝတ်ထားတဲ့ အင်္ကျီတံဆိပ်ကို လည်ဂုတ်ကနေ လာ လာ လှန်ကြည့်တတ်၊ နံပါတ်ချင်းမတူတဲ့ လေဒီရှူးဖိနပ်ကို တော်လိမ့်နိုးနဲ့ လာလာ စွပ်ကြည့်တတ်ကြတဲ့ အကြောင်းရယ်…

(ခပ်သေးသေးတွေပါ… ဒါမယ့် ကြိုးစားပြီး မေ့ပစ်နေရတယ်…)

ခါးသက်နေမိတာက -
မရှိကို အရှိလုပ်ပြီး ဟန်ကိုယ့်ဖို့ လုပ်နေသူတွေ… ပြီးတော့ အဲလိုလူတွေနဲ့ အကြောင်းအရာတွေကို ခံစားဖို့ မထိုက်တန်ပါပဲနဲ့ ခံစားမိတဲ့ ကိုယ့်ကိုယ်ကို…. (မနော်ကတော့ ပြောတယ် လောကမှာ ကိုယ့်ကိုယ်ကို ခါးသက်ရတာ အခါးဆုံးပဲ တဲ့… မတတ်နိုင်ဘူး.. ကိုယ်တိုင်က ခါးသက်နေတာကိုး… ပြီးတော့ ပြောရရင် ကိုယ်က အခါး သိပ်ကြိုက်တာ…)

တမ်းတနေမိတာက -
ဘာအိပ်မက်မှ မမက်ပဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျသွားတဲ့ ညတွေ…
ပြီးတော့ ကြည်ကြည်လင်လင် နိုးထလာတဲ့ မနက်ခင်းတွေ…

ကြိတ်ပြီးချီးကျူးနေမိတာက -
ထုံဆေး ကူစရာမလိုပဲ တော်တော် ထုံပေပေဖြစ်လာတဲ့ ကိုယ့် ကိုယ် ကို… (တနေ့ တနေ့ ငါတော်တော် ထုံပေပေ ဖြစ်လာပါလား… ငါ တော်တော် ထုံပေပေ ဖြစ်လာပါလားလို့… အကြိမ်ပေါင်းများစွာ ကျေကျေနပ်နပ်ကြီး ရေရွတ်နေမိ…)

ကြိတ်ပြီးအထင်သေးနေမိတာက -
ကိုယ့်ကိုယ်ကိုပါပဲ… (ထုံပေပေဖြစ်တာကိုများ အကောင်းအောက်မေ့နေသလား… မပြောလိုက်ချင်ဘူး.. ဟင်းးး)

ဆန္ဒမရှိတဲ့နေရာ -
လူများများကြားထဲ… (လူတော မတိုးတတ်တာ သိပ်သိသာတာ…)

ဆန္ဒရှိနေတဲ့ကိစ္စ -
ကိုယ့်ဆီမှာ ရှိနေတဲ့ ဆန္ဒကို ထုတ်ဖေါ်ပြနိုင်ဖို့… ပြီးတော့ အကောင်အထည် ဖေါ်နိုင်ဖို့… (လိုအပ်နေတာက အချိန်… နေရာ… ကြည်လင်တဲ့ စိတ်အစဉ်… ပျော်ရွှင်မှု…)

မုန်းတီးနေမိတာက -
လင်းတခါ မှိန်တလှည့်ဖြစ်နေတဲ့ အစိုးမရတဲ့ လူ့ရောင်စဉ်တန်းတွေ… (အကျယ်ချဲ့ပြီး ရှည်ရှည်ဝေးဝေး ရှင်းမပြချင်တော့ဘူး…)

ချစ်နေတာက -
ဟိုတလောက သူ ၀ယ်ပေးထားတဲ့ Jack in the Box… (ဆေးရောင်စုံခြယ်ထားတဲ့ ပြောင်စပ်စပ် မျက်နှာပေးနဲ့ ၀ုန်းကနဲ ၀ုန်းကနဲ ခုန်ထွက်လာတာကို သိပ်ချစ်နေမိ...)


စိတ်ပျက်နေမိတာက -
၁) ဟန်ဆောင် ပန်ဆောင် စကားတွေကို ဟန်ဆောင် ပန်ဆောင် နားရွက်ကြီးနဲ့ နားထောင်၊ ပါးစပ်ဖျားကို မလှုပ်ချင် လှုပ်ချင်နဲ့ လှုပ်ပြီး ပြန်ပြောရတဲ့ အချိန်တွေ… (စိတ်ပျက်တာ…)

စွဲလန်းနေမိတာက -
ကိုယ်ထည် ၀၀နဲ့ လေယာဉ်ပျံကြီးတွေ ဟိုးးး မိုးသားတွေထဲကို တိုးဝင်သွားတဲ့ အခိုက်အတန့်ကလေးမှာ ရလိုက်တဲ့ လှိုက်ကနဲ ခံစားမှု… (အဲဒီလို လေယာဉ်ပျံတွေ ထိုးတက်သွားတဲ့ အချိန်ကို အနီးဆုံး မြင်ရတဲ့ နေရာရှိတယ်… အဲဒီနေရာက ခုံတန်းလေးပေါ်မှာ သက်တောင့်သက်သာ မှီ ထိုင်၊ ခေါင်းကို မော့ပြီး လေယာဉ်ပျံတွေ အတက်ကို စောင့်ကြည့်… ပြီးတော့ သူတို့နဲ့အတူ လိုက်ပါ ခံစားရင်း…)

လိုအပ်နေတာက -
အရာရာကို အလိုက်သင့် အလျားသင့် လူသားဆန်ဆန် ခံစားတတ်ဖို့… ၀မ်းနည်းစရာရှိရင် ၀မ်းနည်းတတ်.. မျက်ရည် ကျသင့်ရင် ကျတတ်… ပေါက်ကွဲဖို့ လိုရင် ပေါက်ကွဲတတ်ဖို့… (ခက်တော့ ခက်ပါတယ်)

ရောက်နေတဲ့ နေရာက -
ဒုတိယအိမ်… (နေတတ်ရင် ကျေနပ်စရာပါ…)

နက်နက်နဲနဲ ပြန်စဉ်းစားနေမိတာက -
တနေ့ တနေ့ အချိန်တွေကို ငါ ဘယ်လို ဖြုန်းပစ်နေတာပါလိမ့်….

နိဂုံးချုပ်လိုက်တော့ -
ပြန်မကြည့်ဖြစ်တာကြာတဲ့ ကိုယ့်ကိုယ်ကို မနော်ကျေးဇူးကြောင့် ပြန်ကြည့်ဖြစ်သွားတယ်…
သိပ် ကျေးဇူးတင်တယ် မနော်…

သက်ဝေ
၁၈ မတ် ၂၀၁၃


Friday, June 1, 2012

ဘာကြောင့် စာရေးသလဲ…

ဘာကြောင့် စာရေးသလဲ ဆိုတဲ့ မေးခွန်းကို မေးလာခဲ့ရင် ဘယ်လိုအချိန်မှာမဆို ကျွန်မ ဖြေမယ့် အဖြေက တခုတည်း ပြီးတော့ ဘယ်တော့မှ မပြောင်းမလဲ တသမတ်တည်း ရှိနေပါတယ်၊ အဲဒါကတော့ ဝါသနာကြောင့် စာရေးပါတယ် ဆိုတဲ့ အဖြေပါပဲ…။ ဒီအဖြေဟာ ယေဘုယျ ကျလွန်းတဲ့ အဖြေဖြစ်သော်လည်း Universal Truth ဆိုတာလို အမြဲတမ်းအတွက် မှန်ကန်တဲ့ အဖြေတခုလည်း ဖြစ်နေပြန်သေးတယ်။ ဝါသနာပါလို့ စာရေးတယ် ဆိုတဲ့ တိုရှင်း ပြတ်သားတဲ့ အဖြေရဲ့ နောက်ကွယ်မှာ အဲဒီလို စာရေးရတာာ ဝါသနာပါဖို့၊ အခုလို စာတွေ ရေးဖြစ်ဖို့ကို ဘယ်လို အကြောင်းအရာတွေက စေ့ဆော်ပါသလဲ ဆိုရင်တော့ ဖြေစရာ အဖြေ တော်တော်များများ ရှိနေပါတယ်။

(၁)
စာရေးခြင်းရဲ့ အစဟာ စာဖတ်ခြင်း ဖြစ်တယ်။
စာဖတ်ဝါသနာကို ပျိုးထောင်ပေးခဲ့တဲ့ မိဘတွေရဲ့ သွန်သင် ဆုံးမမှုနဲ့ သူတို့ရဲ့ ကျေးဇူးတွေကြောင့် စပြီး စာဖတ်တတ်တဲ့ အရွယ်ထဲက နေ့စဉ် ဖတ်လာခဲ့တဲ့ စာအုပ်တွေဟာ စာရေးခြင်းဆိုတဲ့ ဝါသနာကို တစထက် တစ ရှင်သန် ခိုင်မာလာစေခဲ့ပါတယ်။ ငယ်ငယ်ကတော့ စာအုပ်တအုပ်ရရင် ဇာတ်လမ်းကို သိချင်ဇောနဲ့ အလောတကြီးနဲ့ အမြန်ပြီးအောင် ဖတ်ပြီး နောက်တရက် နှစ်ရက် ကြာမှ အေးအေးဆေးဆေး တခေါက် ပြန်ဖတ်တတ်တယ်။ ဇာတ်လမ်း ဇာတ်ကွက်ရဲ့ အချိုးအကွေ့လေးတွေကို စကားလုံး အဖွဲ့အနွဲ့ထက် ပိုပြီး မက်မောမိတယ်။ အခု အသက်အရွယ်မှာတော့ စာတအုပ်ကို တစိမ့်စိမ့် ခံစားရင်း ဖြေးဖြေးသာ ဖတ်ချင်မိတော့တယ်။ ဖတ်ဖြစ်တဲ့ စာအုပ်တွေတိုင်းမှာ ဖတ်နေရင်း တပိုင်းတစနဲ့ ဖြစ်စေ၊ အဆုံးထိ ဖတ်ပြီးသွားတဲ့ အချိန်မှာ ဖြစ်စေ တွေးနေမိတဲ့ အကြောင်းက ကိုယ်တိုင်သာဆို ဘယ်လိုလေး စီစဉ်လိုက်မယ် ဘယ်လိုလေး ရေးလိုက်မယ်လို့ ဆိုတဲ့ စိတ်ကူးယဉ် အတွေး တချို့ပါ…။ ဒါဟာလည်း ဖတ်ဖြစ်တဲ့စာကို မနှစ်သက်လို့ ပေါ့ပေါ့တန်တန်စိတ်မျိုးနဲ့ ပြောင်းလဲပစ်ချင်တာ မဟုတ်ပဲ ဇာတ်ကောင်တွေထဲကို ကိုယ်တိုင်ကိုယ်ကျ ရောနှော ပါဝင် စီးမျော ခံစားရင်းက ဖြစ်စေချင်တဲ့ အတွေးတချို့နဲ့ စိတ်ထဲကနေ ရေးကြည့် နေမိတဲ့ သဘောပါ…။ ဒီလိုနဲ့ အိပ်ယာဘေးက ဖတ်လက်စ စာအုပ်ပုံဟာ တဖြေးဖြေး မြင့်လာလေတယ်။

(၂)
စကားအရာမှာ မကျွမ်းကျင်တဲ့အတွက် အကြောင်းအရာတခုကို စကားနဲ့ ပြောမယ့်အစား စာနဲ့သာ ချရေးလိုက်ချင်တဲ့စိတ် ကျွန်မမှာ အမြဲတမ်း ရှိနေတတ်တယ်။ အဲဒီစိတ်ဟာလည်း စာရေးဖြစ်ဖို့ တွန်းအားပေးတဲ့ အချက်တွေထဲက တချက်ဖြစ်နေတာ တွေ့ရပါတယ်…။ စာသင်ခန်းထဲမှာ ကိုယ့်အကြောင်း ကိုယ် ပြောပြီး မိတ်ဆက်ပါလို့ ဆိုလာတဲ့အခါတိုင်း လူကြောက်တတ်တဲ့ ကျွန်မဟာ ကျွန်မနာမည် ဘယ်သူပါ ဆိုတာအပြင် ဘာစကားကိုမှ ဝေဝေဆာဆာ ဖွယ်ဖွယ်ရာရာ မပြောတတ်ခဲ့ပေမယ့် Myself ဆိုတဲ့ စာစီစာကုံးမှာ အမှတ်အများဆုံးနဲ့ ပထမဆု ရခဲ့ဖူးတယ်။ အဲဒီအခိုက်အတံ့လေးကို ပြန်တွေးမိတိုင်း ကျွန်မဟာ စာရေးခြင်းကို စကားပြောခြင်းထက် ပိုနှစ်သက်တယ်ဆိုတာ ကိုယ်တိုင် သေချာလာခဲ့တယ်။

(၃)
ကျွန်မက တွေးရတာကို ကြိုက်တယ်…။ ကြုံခဲ့ဖူးတဲ့ သက်ရှိ သက်မဲ့တွေရဲ့ အကြောင်း၊ တွေ့မြင်ရတဲ့ မြင်ကွင်းတခု၊ ဖတ်ခဲ့ဖူးတဲ့ စာတပုဒ်၊ ကြားလိုက်ရတဲ့ စကားတခွန်း (သို့) သီချင်း တပိုင်းတစ၊ ကြည့်လိုက်ရတဲ့ ရုပ်ရှင် တကွက်… စတာတွေနဲ့ ပတ်သက်ပြီး မဆုံးနိုင်တဲ့ အတွေးတွေ ကျွန်မဆီမှာ အမြရှိနေတတ်တယ်…။ စိတ်အတွေးဆိုတာ လေထက်တောင် လျှင်မြန်တတ်တဲ့ သဘာဝရှိတာမို့ ကျွန်မ နှစ်သက်သော ကျွန်မ စွဲလမ်းသော တချို့တချို့သော အတွေးတွေကို ဘယ်သောအခါမှ မပျောက်ပျက်စေလိုတဲ့ စိတ်ဆန္ဒကြောင့် စကားလုံးတွေအဖြစ် အသွင်ပြောင်းပြီး မှတ်တမ်းတင်ပါတယ်။

နောက်တခုက ကျွန်မက စိတ်ကူးယဉ်တတ်တယ်။ ကျွန်မရဲ့ ပတ်ဝန်းကျင်ကို စိတ်ကူးယဉ်ဇာတ်လမ်းထဲက ဇာတ်ကောင်တွေအဖြစ် ပြောင်းလဲပစ်လို့ မရတဲ့အခါမျိုးတွေမှာ သူတို့တတွေကို စာတပုဒ်ထဲမှာ အကွက်ကျကျ နေရာချ ထည့်သွင်းပြီး ဆေးစက်ကျရာ အရုပ်ထင်စေခဲ့တယ်။ တကိုယ်ကောင်းဆန်လိုက်တာလို့ ပြောရင်လည်း ခံရရုံပါပဲ…။ တိမ်တွေကို ကိုယ်လိုချင်တဲ့ အချိန်မှာ ကိုယ်လိုရာ ပုံသဏ္ဍါန်မျိုးနဲ့ မြင်ရစေဖို့၊ ကျယ်လွင့်လွင့် မြက်ခင်းစိမ်းတခုနဲ့ ရောင်စုံသက်တန့်ကြီးတခု မျက်စိရှေ့မှောက်ကို ရောက်လာစေဖို့ ဆိုတာတွေကို စာထဲမှာ ကျွန်မ ချက်ချင်း ဖန်တီး တည်ဆောက်ယူလို့ ရတယ်မဟုတ်လား…။

(၄)
ထွက်ပေါက်ဆိုတာ လူတိုင်းအတွက် တချိန်ချိန်မှာ တကယ်ကို လိုအပ်တယ်။ ပတ်ဝန်းကျင်ကို စိတ်နဲ့မတွေ့တာ စိတ်တိုင်းမကျတာတွေတွေ များလာတဲ့အခါ စိတ်ကို တနည်းနည်းနဲ့ ထွက်ပေါက်ပေးဖို့ ကြိုးစားမိတာ ကျွန်မတယောက်တည်း မဟုတ်ဖူးလို့ ထင်ပါတယ်။ သူများတွေ ဘယ်လိုနည်းနဲ့ စိတ်ထွက်ပေါက်ရှာကြသလဲ ဆိုတာကို ကျွန်မ စိတ်ဝင်စားပါတယ်။ ကျွန်မအတွက်ကတော့ စာရေးခြင်းဟာ အကောင်းဆုံးနဲ့ အဆင်အပြေဆုံး စိတ်ထွက်ပေါက်တခုပါပဲ…။ စိတ်ထဲမှာ ရှိသမျှ ကောင်းခြင်း ဆိုးခြင်းတွေကို စကားလုံးတွေအဖြစ် သွန်ချလိုက်တဲ့အခါ ရာခိုင်နှုန်းပြည့် မဟုတ်တောင် တော်တော်ကြီးကို ပေါ့ပါးလွတ်လပ်သွားတာ… ဒီလိုမှ မဟုတ်ရင် မလိုလားအပ်တဲ့ ကြမ်းတမ်းမှုတွေ ပူလောင်မှုတွေဟာ ကျွန်မကို ဝါးမြိုသွားကြတော့မှာလေ…။

(၅)
ရယ်စရာတော့ ကောင်းနေမလားပဲ…။ ကျွန်မ ငယ်ငယ်တုန်းက အိမ်မှာ အပတ်စဉ်ထုတ် Times နဲ့ Newsweek ဂျာနယ်တွေ ရှိတယ်။ စာဖတ်တာ ဝါသနာပါတယ် ဆိုပေမယ့် အဲဒီစာအုပ်တွေက မူလတန်း ကျောင်းသူ ကျွန်မအတွက်တော့ တော်တော်လေးကို ခက်နေပါသေးတယ်။ ဒီတော့ စာအုပ်ထဲက ဓါတ်ပုံတွေ၊ ကြော်ငြာတွေကိုပဲ ကျွန်မ ကြည့်ပါတယ်။ တနေ့မှာ ဓါတ်ပုံတပုံကို ကျွန်မ တွေ့တယ်။ အဲဒီဓါတ်ပုံဟာ ကျွန်မကို နေ့ပေါင်းများစွာ လပေါင်းများစွာ ဆွဲဆောင်ထားလေတယ်။ တကယ်တော့ ဓါတ်ပုံက ဖေါင်တိန်ကြော်ငြာတဲ့ ဓါတ်ပုံ ရိုးရိုးလေးပါ။ ဖေါင်တိန်ကိုင်ထားတဲ့ ညာဖက်လက်ကလေးတခု မျဉ်းကြောင်းတွေပါတဲ့ စာအုပ်တအုပ်ပေါ်မှာ စာရေးနေတဲ့ ပုံကလေး... လက်ကလေးက မိန်းကလေးလက်ဆိုတာကို ပန်းနုရောင် လက်သည်းနီလေးတွေက ဖေါ်ပြနေပါတယ်။ တကယ်လို့များ တချိန်ချိန်မှာ ကျွန်မဟာ စာတွေ ရေးတဲ့ စာရေးသူတယောက် ဖြစ်ခဲ့မယ်ဆိုရင် ဖေါင်တိန်ကောင်းကောင်း တချောင်း ဝယ်ပြီး အဲဒီလို ဓါတ်ပုံမျိုး ရိုက်ဖြစ်အောင် ရိုက်မယ်လို့လည်း စိတ်ထဲမှာ တိတ်တိတ်လေး တေးထားမိတယ်။ ခုတော့ ကျွန်မ စာတွေရေးနေဖြစ်ပါတယ် ဒါပေမယ့် ဖေါင်တိန်လည်း မဝယ်ဖြစ်သေးသလို အဲဒီဓါတ်ပုံမျိုးလည်း အခုချိန်ထိ မရိုက်ဖြစ်သေးပါဘူး။

(၆)
ရင်ခွင်မှာ... မခံစားရပဲ အကြောင်းမဲ့တော့... သီချင်းမဖြစ်ဖူး အချစ်ရယ်… တဲ့…။ မှန်တာပေါ့… ဒါကြောင့် စာဖတ်သူတွေ အနေနဲ့ ကျွန်မကိုယ်တိုင် ခံစား စီးမျောပြီး ရေးခဲ့တဲ့ ကျွန်မရဲ့ စာတွေထဲမှာ ကျွန်မကို… ပြီးတော့ ကျွန်မရဲ့ စေတနာကို ကောင်းကောင်း ရှာတွေ့နိုင်ပါတယ်။ အမြဲတမ်းမဟုတ်တဲ့ တချို့ တချို့သော အချိန်တွေမှာတော့ ကျွန်မဟာ ကိုယ်ရေးတဲ့ စာတွေထဲမှာ ကိုယ်တိုင်တောင် ပြန်ရှာလို့ မတွေ့နိုင်အောင် ပျောက်ဆုံးနေတတ်ပြန်တယ်။

(၇)
၂၀၁၁ Blog Day အမှတ်တရ ပိုစ့်မှာ ဒီလို ရေးဖြစ်ခဲ့တယ်…
တနေ့ပြီး တနေ့ အသက်တွေက ပိုကြီးလာတာ အခုဆိုရင် လူ့ဘဝသက်တမ်းရဲ့ တဝက်ကို ကျော်လွန်ခဲ့ပြီ။ အသက်တွေ ကြီးလာတာနဲ့အမျှ တာဝန်တွေ ဝတ္တရားတွေ ပိုများလာတယ်။ တာဝန်တွေ ပိုများလာတာနဲ့ အမျှ ကိုယ်ပိုင်အချိန်တွေ နည်းလာတယ်။ အဲဒီလို ကိုယ်ပိုင်အချိန်တွေ နည်းလာတာနဲ့အမျှ လူက စိတ်ဖိစီးမှုတွေ များလာတယ်။ အလိုမကျတာတွေ များလာတယ်။ စိတ်ရော လူရော ပင်ပန်းလာတယ်။ မကြည်လင်ဘူး မလန်းဆန်းဘူး။ အလိုလိုနေရင်း ဒေါသတွေ ကြီးလာတယ်။ မလိုအပ်ပဲနဲ့ စိတ်တွေ မာကျော ခက်ထန်လာတယ်။ အရာရာကို အဆိုးဖက်က မြင်တတ်လာတယ်…။ အေးအေးချမ်းချမ်း သက်တောင့်သက်သာဖြစ်ဖို့ ဘယ်လိုမှ တွေးလို့မရတော့ဘူး။ ဘယ်အရာကမှ ကိုယ့်စိတ်ကို သက်သာရာ မရစေခဲ့ဘူး။ တနေ့လုံးနေလို့ သီချင်းတစ မဆိုမိ မညည်းမိခဲ့ဘူး။ စာ ကဗျာ တကြောင်းတလေနဲ့ မပျော်မွေ့ဖြစ်ခဲ့ဘူး။

တနေ့တာ အချိန် ၂၄ နာရီမှာ အိပ်ချိန် ၈ နာရီ နှုတ်လိုက်ပြီး ကျန်တဲ့ ၁၆ နာရီ၊ အဲဒီအထဲကမှ အလုပ်ချိန် ဆယ်နာရီကို နှုတ်လိုက်ရင် ကျန်တဲ့ အချိန် ၆ နာရီမှာ ကိုယ့်အတွက် (သို့) ကိုယ့်စိတ်ကလေး သက်တောင့်သက်သာ ဖြစ်သွားစေဖို့အတွက် ဘာများ လုပ်မိပါလိမ့်၊ ကိုယ့်ဆန္ဒလေး (သို့) ကိုယ့်ဝါသနာလေး တခုခုအတွက် အချိန်ဘယ်လောက်များ ပေးမိပါလိမ့်လို့ တွေးမိလိုက်တဲ့ တနေ့မှာ ဒီဘလော့ဂ်လေးကို ဖန်တီးဖြစ်ခဲ့ပါတယ်။ စာတွေ ရေးဖြစ်ခဲ့ပါတယ်…။

အရိုးဆုံးဟာ အဆန်းဆုံးလို့ ဆိုကြတယ်…။
ဒီတော့ ကျွန်မ နေ့တဓူဝ တွေ့မြင် ကြားသိ ဖတ်မှတ် နေရသမျှတွေကို အတွေးထဲ ထည့်တွေးရင်း၊ စိတ်ကူးတွေ ယဉ်ရင်း အဲဒီ အတွေးတွေကိုလည်း စကားလုံးတွေ ဝါကျတွေအဖြစ် အချိန်ရှိနေသရွေ့ ရိုးရိုးသားသား ပုံဖေါ်ရင်း စာတွေ အများကြီး ဆက်ရေးဖြစ်နေအုံးမှာပါပဲ…။



မေးခွန်းမေးသူ - icn2
ဖြေဆိုသူ - သက်ဝေ

Wednesday, February 1, 2012

တို့ငယ်ငယ်တုန်းအရွယ်...

ဒီပိုစ့်က စာမရေးတာကြာတဲ့ ဘလော့ဂါတွေ စာရေးဖို့ အရှိန်ပြန်ယူကြတဲ့ ပိုစ့်လို့ ပြောရမယ်… တက်ဂ်ပိုစ့်တခုအနေနဲ့ တော်တော်များများ ရေးကြလိမ့်မယ် ထင်ပါတယ်။ ကိုယ်လည်း စာမရေးတာ သိပ်ကြာနေလို့ အရှိန်မရဖြစ်နေတာကို ဒီပိုစ့်လေးနဲ့ ပြန် အရှိန်ယူလိုက်ပါတယ်…။
တို့ ငယ်ငယ်တုန်းအရွယ် တဲ့…။


သီချင်းထဲမှာ ဆိုထားတာက “တို့ ငယ်ငယ်တုန်းအရွယ် ယောင်ပေစူးလေးတွေနဲ့ကွယ်… ပုဆိုးကို စလွယ်သိုင်း ရွာဝိုင်းပတ်လည်…” ဆိုပေမယ့် ကိုယ်ငယ်ငယ်ကတော့ ယောင်ပေစူး နဲ့ မဟုတ်ခဲ့ပါဘူး။ ဂျပန်ဆံထောက်ဆိုတဲ့ ဆံပင်ပုံမျိုးနဲ့ မှုန်အစ်အစ် မျက်နှာပေးနဲ့ပါ။ ပုဆိုးကို စလွယ်မသိုင်းခဲ့ဖူးသလို ရွာဝိုင်းပတ်လည်မှာလည်း တခါမှ မဆော့ခဲ့ဖူးပါဘူး။ တကယ်ပါပဲ… ငယ်ငယ်တုန်းက အကြောင်းတွေ ပြန်တွေးကြည့်မယ်ဆို ကလေးပီပီ ခုန်ပေါက် ပြေးလွှား ဆော့ကစားတာတွေ သိပ်မလုပ်ဖြစ်ခဲ့ဘူး။ အိမ်ထဲမှာ ဆော့လို့ရသလောက် ဇယ်ခုတ်တာတို့ မန်ကျည်းစေ့ တောက်တာတို့ကို ခပ်ငြိမ်ငြိမ်ပဲ နည်းနည်းပါးပါး ဆော့ကစားခဲ့ဖူးတယ်။ အများအားဖြင့်တော့ ရွယ်တူ မိန်းကလေး ကစားဖေါ်မရှိတာမို့ စာဖတ်နေတာ များပါတယ်။ ဒါကြောင့် သုံးတန်းထဲက မျက်မှန်တပ်ရတယ် ထင်တယ်…။ ရွှေသွေး တေဇ မိုးသောက်ပန်း ဒို့ကျောင်းသား အစရှိတဲ့ အပတ်စဉ်ထုပ် လစဉ်ထုပ် ဂျာနယ်လေးတွေ ရောက်အလာကို စောင့်မျှော်ပြီး ဖတ်ခဲ့ရတယ်။ လေးတန်း ငါးတန်းလောက်မှာတော့ ကျောင်းပိတ်ရက်တွေမှာ အိမ်က စာအုပ်စင်က စာအုပ်တွေ တော်တော်များများကို ဖတ်တတ်လာတယ်။ ဂျာနယ်ကျော်မမလေး သိန်းဖေမြင့် ဆရာကြီး ရွှေဥဒေါင်း မောင်ထင်တို့ရဲ့ စာ ချိုချိုလေးတွေကစလို့ မြသန်းတင့် ဗန်းမော်တင်အောင် ဗဂျီအောင်စိုး ညွန့်ကြူး စောဦး ခင်နှင်းယု တို့ရဲ့စာတွေ အများကြီးပဲ ဖတ်ဖြစ်ခဲ့တယ်။

ကျောင်းမှာတော့ သူငယ်ချင်းတွေကစားကြတဲ့ ကစားနည်းတွေကို မတတ်တတတ်နဲ့ ဝင်ပါခဲ့ဖူးတယ်။ မိန်းကလေးတွေ အများဆုံးကစားကြတာကတော့ ထုတ်ဆီးတိုးတာပေါ့။ ကစားခုန်စားအရာမှာ ဘယ်လောက်တောင် ပါရမီနည်းသလဲ၊ အချိုးအချိတ် မပြေသလဲဆို ကိုယ်တားရမယ့်အလှည့်ဆို ဘယ်သူ့ကိုမှ မိအောင် မဖမ်းနိုင်ဘူး အကုန် လွတ်ကုန်တာပဲ။ အဲ… ကိုယ် တိုးရမယ့်အလှည့်ဆိုရင်တော့ သူတို့ မဖမ်းခင်ထဲက မိချင်နေတာရော။ သူတို့ မမိလည်း ကိုယ့်စည်းကိုယ် ပြန်နင်းပြီး ထမင်းရည်ပူလောင်နေတာနဲ့ကို ကိုယ်ပါတဲ့အသင်းက အမြဲတမ်း ရှုံးရတာပဲ။ ကြာတော့ အားနာလို့ မပါတော့ဘူး။

ငါးတန်း ခြောက်တန်းလောက်အရောက်မှာ သားရည်ကွင်းတွေကို ကြိုးဖြစ်အောင် ဆက်ပြီး ခုန်ကြတဲ့ ကစားနည်း ထွန်းကားလာပြန်တယ်။ ကျောင်းမှာ နေ့လည်ထမင်းစားချိန်တွေမှာ ထမင်းကို အမြန်ဆုံးစားပြီးတာနဲ့ သားရည်ပင် ခုန်တမ်း ဆော့ကြတယ်။ ငယ်ငယ်ထဲက သူများတွေထက် အရပ်ပိုရှည်တော့ သားရည်ပင်ခုန်ရာမှာ ကျွမ်းကျင်မှာပဲလို့ ကိုယ့်ကို သူငယ်ချင်းတွေက အထင်ကြီးကြပြန်တယ်။ အင်း… ဒူးတို့ ခါးတို့လောက်အထိတော့ ကျွမ်းကျွမ်းကျင်ကျင် ခုန်တတ်ပါတယ်။ ဒါပေမယ့် အဲဒီထက် မြင့်တာတွေကိုတော့ ဘယ်လိုမှ မကျော်လွှားနိုင်တော့ပါဘူး။ ဒီလိုနဲ့ ဒီကစားနည်းမှာလည်း ဘေးကနေ ထိုင်ကြည့်နေရတဲ့သူတယောက် ဖြစ်မှန်းမသိ ဖြစ်သွားပြန်ပါတယ်။ လိုက်တန်းပြေးတန်းကစားရင်လည်း မပြေးနိုင်တော့ အမြဲ အမိခံရတယ်၊ ကုလားမစည်းဆိုလည်း အချိုးပြေအောင်ကို မနင်းတတ်ဘူး၊ ရွှေစွန်ညိုဆိုလည်း ချက်ကျ လက်ကျ မပုန်းတတ် မရှောင်တတ်တော့ အမြဲမိတာပဲ၊ ညောင်ပင်တစ္ဆေဆိုတာ ဘယ်လိုနည်းနဲ့ ကစားရမှန်းတောင် မသိခဲ့ဘူး။ ဒါတွေကတော့ တို့ငယ်ငယ်တုန်းအရွယ်ရဲ့ ကစားခုန်စားအရာအတွက် အောင်မြင်မှုတွေပါပဲ။

ငယ်ငယ်တုန်းက အချိန်တွေအကြောင်းကို သေသေချာချာ ပြန်တွေးကြည့်မိပြီး လက်ရှိအနေအထားနဲ့ နှိုင်းယှဉ်လိုက်တိုင်းမှာ ငယ်ဘဝဟာ ရုပ်ဝတ္တုပစ္စည်းတွေ မကြွယ်ဝသော်လည်း စိတ်ချမ်းသာစရာကောင်းပြီး အလွန်အေးချမ်းတယ်ဆိုတာ ပိုသိလာပါတယ်။ မနက် ၇ နာရီဆို ရေဒီယိုမှာလာတဲ့ ကိုယ်လက်ကျန်းမာကြံ့ခိုင်ရေး လေ့ကျင့်ခန်း အစီအစဉ် အတွဲအမှတ် (၁) စတာနဲ့ အိပ်ရာကထ၊ “ချိုချိုမြမြအေး တေးအလှဂုဏ်အင်… အလင်္ကာစောင်းနဲ့ ညင်သာ ပြောင်းနွဲ့ တွဲဖက်ကာပင် မင်္ဂလာအပေါင်းလည်း ပြည့်ဝကြပါစေ အမြဲရှင်… …” အစပြုတဲ့ နံနက်ချိန်ခါ တေးသံသာနဲ့ မနက်စာ စား…။ ၈ နာရီ သတင်းလာရင် ရေချိုး၊ ၈ နာရီခွဲ အင်္ဂလိပ်ပိုင်း အစီအစဉ်က သတင်းအပြီးမှာ လာတတ်တဲ့ Boney M တို့ Abba တို့ အင်္ဂလိပ်သီချင်းလေး သုံးလေးပုဒ်ကို အာရုံးစူးစိုက်... ပြီးရင် ကျောင်းသွားရတာပဲ။

ညနေ ကျောင်းက ပြန်ရောက်ရင် မေမေဈေးသွားနေတုန်း ကျောင်းကပါလာတဲ့ အိမ်စာတွေအပြီးလုပ်ထားတယ်။ ဒါမှ မေမေ ဟင်းချက်ရင် ကူလို့ရတာလေ…။ လေးနာရီကျော် မေမေ မီးဖိုချောင်ဝင်နေတဲ့ အချိန်ဟာ ရေဒီယိုက “မောင်ပြန်လာရင် အဆင်သင့် ကျွေးဖို့တကယ် ချက်ပြုတ်ထားတာ ဖွယ်ဖွယ်ရာရာ များလှပါတယ်… ကန်ဇွန်းရွက်ချဉ်ရည် အဆင်ပြေပါတယ် ငါးဖယ်ငါးဆုပ်ကို အကြော်နဲ့ အသုပ်ခွဲလို့…” ဆိုတဲ့ သီချင်းလာတဲ့ အချိန်နဲ့ အံကိုက်ပဲပေါ့။ သီချင်းလေး တအေးအေးနဲ့ မေမေ့ကို ဟင်းကူချက်ပြီး ငါးနာရီနီးနီးဆို ဖေဖေ ရုံးက ပြန်ရောက်လာရော…။ ရေမိုးချိုးနေရင်း ရေဒီယိုကလာနေတဲ့ စစ်သည်တို့ လိုရာတို့ တပ်မတော်စာတိုက်ခန်းကို ရောက်ရှိလာတဲ့ အမှာစာများကို ဖတ်ကြားပါတော့မယ်ရှင်တို့… တွေလည်း ကြားတချက် မကြားတချက်ပေါ့…။ ညနေ ခြောက်နာရီခွဲဆို အားလုံး စားပြီးသောက်ပြီး ဆေးကြော သိမ်းဆည်းပြီးရင် မိသားစု စုံစုံလင်လင်နဲ့ စကားထိုင်ပြော လဘက်သုပ် ပဲကြမ်းကြော်သုပ် တို့နဲ့ ရေနွေးကြမ်းဝိုင်းဖွဲ့၊ မဟုတ်ရင် လမ်းလျှောက်… ဒီလိုနဲ့ အေးအေးချမ်းချမ်း တနေ့ပြီး တနေ့ ကုန်ခဲ့ရတယ်။

အခုလက်ရှိ နေ့စဉ်အခြေအနေတွေ မှာတော့လား… မျက်စိနှစ်လုံးပွင့်တာနဲ့ ရေတန်းချိုးပြီး ရုံးသွားဖို့ ပြင်ရတော့တာ၊ ဥသြတကောင် နှစ်ကောင်ရဲ့ နေပူမရှောင် မိုးရွာမရှောင် အာခေါင်ခြစ်အော်သံကလွဲလို့ ဘာနံနက်ချိန်ခါမှ တေးသံမသာဘူး…။ အမျိုးသားကတော့ အိပ်ရာနိုးရင် သူ့ ဖေးဖရိတ် Gold 90 FM ကို ဖွင့်တတ်ပါတယ် ဒါပေမယ့် စိတ်အေးလက်အေး ခံစားနေဖို့ အချိန် မရပါဘူး။ ရေချိုးပြီးတာနဲ့ ကော်ဖီတခွက်ကို ကမန်းကတန်းမော့ပြီး အိမ်က ထွက်ကြရတယ်။ ကံကောင်းထောက်မပြီး အချိန်မှန်မှန် ပြန်ရတဲ့ ရုံးပေမို့ အိမ်ပြန်ရောက်ရင် ခြောက်နာရီခွဲ...။ မောင်ပြန်လာရင် အဆင်သင့် ကျွေးဖို့တကယ် ချက်ပြုတ်ထားတာ ဖွယ်ဖွယ်ရာရာ များလှပါတယ် တွေ ဘာတွေ ဘာ ဘာ ဘာမှ မရှိ… မောင် အရင်ရောက်ရင် မောင် ထမင်းချက်ပဲ…။ ကန်ဇွန်းရွက်ချဉ်ရည် လောက်တော့ အဆင်ပြေပါသေးတယ်… လာထား… (အဲဒါက လွယ်တယ်လေ)… အဲ… ငါးဖယ်ငါးဆုပ်ကို အကြော်နဲ့ အသုပ်ခွဲလို့ ဆိုတာမျိုးတော့ တာ့တာပဲ…။ အကြော်ဆို အကြော် ရှင်းရှင်းလင်းလင်း တမျိုးပဲရမယ်… ဟင်း ဟင်း ဟင်း…။

စားသောက် ဆေးကြောပြီး အောက်ဆင်း လမ်းလေး ဘာလေးလျှောက်ဖို့ ခေါ်တိုင်း လူက လုံးဝ မလှုပ်ချင်တော့လို့ မလုပ်မဖြစ် အိမ်အလုပ်လေး တိုလီမိုလီလုပ်ပြီး စာဖတ်သယောင် စာရေးသယောင် ဓါတ်ပုံတွေပဲ ပြင်သယောင်နဲ့ ကွန်ပျူတာနဲ့ မျက်နှာအပ် ဖဘမှာ အချိန်တွေကုန်… ဒီလိုနဲ့ တနေဝင် တနေထွက်… ဒီစက်ဝိုင်းကြီးထဲမှာ တလည်လည်နဲ့ပါ…။ ဒီလိုနေနေတာ Quality of Life တွေ သိပ်ကျတယ်လို့ အမျိုးသားက မကြာခဏ ပြောတတ်ပါတယ်။

အခုဆိုရင် ကိုယ်ရော ကိုယ့်ပတ်ဝန်းကျင်က အပေါင်းအပါတစုဟာ ကိုယ့်ရွေးချယ်မှုနဲ့ကိုယ် ပြီးတော့ ကိုယ့်အတ္တတွေကို ရှေ့တန်းတင်ပြီး ဆန္ဒတွေ လောဘတွေ တိုးတက်လာတဲ့ ရုပ်ဝတ္တုပစ္စည်းတွေရဲ့ ခေါ်ဆောင်ရာ နောက်ကို တကောက်ကောက်ပါအောင် လိုက်မှန်းမသိ လိုက်နေကြရင်း အေးအေးချမ်းချမ်းနဲ့ ပျော်ရွှင်စရာကောင်းတဲ့ ငယ်ဘဝတွေကို ခပ်ဝေးဝေးမှာ သိသလို မသိသလိုနဲ့ ချန်ထားရစ်ခဲ့ကြပြီ…။ သီချင်းထဲကလိုပဲ… အခုများဖြင့် ကိုယ်စီ ကိုယ်စီ ကြင်ဖေါ်အသွယ်သွယ် သားရယ် သမီးရယ် နဲ့ လောကကြီးအလယ်မှာ သောကမီးနွယ်တွေနဲ့ အတူ ဘဝတိုက်ပွဲ တွေ အပြိုင်အဆိုင်နွှဲနေကြပြီ…။ အဲဒါတွေကို ကြည့်ရင်း ဟိုတွေး ဒီတွေး တွေးရင်း “ငယ်ငယ်တုန်းက တို့ဘဝအရွယ် ပျော်စရာကောင်းလို့ အောက်မေ့တယ်…” ဆိုတဲ့ သီချင်း အပိုင်းအစလေးကို ပါးစပ်ဖျားမှာ မကြာခဏ ရေရွတ်နေမိပါတော့တယ်…။

Wednesday, December 21, 2011

အမှတ်တရ ဒီဇင်ဘာ


ထိုနှစ်က ဒီဇင်ဘာသည် ဒီဇင်ဘာ ပီသခဲ့သည်။
ဒီဇင်ဘာ၏ နေ့ရက်များထဲမှာမှ အေးမြစွာ ချမ်းစိမ့်နေပြီး မှုန်လက်နေသော နှင်းစက်များ အကြားတွင် အလှကြီး လှနေခဲ့သော နေ့စွဲတခု ရှိခဲ့ဖူးပါသည်။ ထိုနေ့စွဲမှာ ဒီဇင်ဘာ ၂၄ ရက်... ခရစ်စမတ်နေ့ မတိုင်ခင် အကြိုနေ့ ဖြစ်ပါသည်။

* * * * * *

ကျောင်းပိတ်ရက် မဟုတ်သောကြောင့် ကျောင်းသွားရန် ပြင်ဆင်နေချိန်တွင် သူက ဖုန်းဆက်ပြီး သူ့ကျောင်းကို လိုက်လည်ပါ ဟု (ထူးထူးဆန်းဆန်း) ဖိတ်ခေါ်လေသည်။ ကျောင်းဖွင့်ကာစ နေ့ရက်များ ဖြစ်သောကြောင့် တကြောင်း၊ နောက်တနေ့မှာ ခရစ်စမတ် ကျောင်းပိတ်ရက်များ ရောက်တော့မည်က တကြောင်းတို့ကြောင့် ကျောင်းမှာ စာသိပ် မသင်မှာ သေချာနေခဲ့သည်။ ထို့ကြောင့် ကျောင်းမသွားချင်လျှင် မသွားပဲ နေနိုင်သော အနေအထားမှာ ရှိသည်။ သို့သော်လည်း သူ့ကျောင်းကို တခါမှ အလည်အပတ် မသွားဖူးသောကြောင့် စိတ်ထဲမှာ အနည်းငယ် တွန့်ဆုတ်နေမိပြန်သည်။ ကိုယ့်စိတ်ကို သိနေသော သူက ထပ်ပြောသည်… သူတို့ကျောင်းမှာ စာမေးပွဲနီးနေပြီမို့ ကျောင်းသား ကျောင်းသူ အနည်းငယ်သာ ရှိသည်… အေးအေးဆေးဆေး မုန့်စားရင်း စကားပြော ကြတာပေါ့… တဲ့…။ သူက ခဏ ခဏ ထပ်ခေါ်နေသောကြောင့် အိုကေလေ… ဒါဆိုလည်း လိုက်လည်မယ် ဟု ပြန်ပြောလိုက်သည်။

တကယ်ဆို ယခုကဲ့သို့ ဟိုမရောက် သည်မရောက် အခြေအနေမျိုးမှာ သူ့ဆန္ဒကို လိုက်လျောခြင်းသည် သူ့ကို ခေါင်းညိတ် လက်ခံတော့မည် ဟူသော အဓိပ္ပါယ်မျိုးများ သက်ရောက်သွားလေမလားဟု စိုးစဉ်းမျှ မတွေးတတ်ခဲ့ပါ။ ထို့နောက် သာမန်နေ့ရက်များမှာလိုပင် ရိုးရှင်းသော အဝတ်အစားများ ဝတ်ဆင်ပြီး ပြင်ဆင် ခြယ်သမှု ကင်းကင်းဖြင့် တနည်းအားဖြင့်ဆိုသော် ခါတိုင်း ကျောင်းသွားသလို မျက်နှာပြောင်တလင်းဖြင့် သူ့ကျောင်းကို အလည် လိုက်ဖြစ်ခဲ့ပါသည်။

သူ ပြောထားသလိုပင်… သူ့ကျောင်းက ကင်တင်းတွေမှာရော အတန်းတွေမှာပါ တော်တော်လေး လူရှင်းနေသည်ကို တွေ့ရသောကြောင့် အနည်းငယ်တော့ အသက်ရှူချောင်သွားခဲ့သည်။ ထိုအခါ သူ မသိအောင် သက်ပြင်းတချက်ကို တိတ်တိတ် ခိုးချလိုက်မိသည်။ သို့သော်လည်း သူက သိဖြစ်အောင် သိကာ အနေရ မခက်စေရန် ကင်တင်းထဲမှ လူသိပ်မများသော ဆိုင်တခုမှာ ထိုင်စေခဲ့သည်။ သိပ်မကြာခင်မှာ ကျောင်းသူတစု မလှမ်းမကမ်းမှ ဖြတ်သွားပြီး ကွက်ကြည့် ကွက်ကြည့်ဖြင့် လှမ်းကြည့်သွားကြသည်ကို တွေ့ရသည်။ သူ ပြောပြသောကြောင့် သူ့ အတန်းဖေါ်များဟု သိရသည်၊ ရှက်စိတ်ကြောင့် လူက အငွေ့ပျံချင်နေပြီ။ မိန်းကလေး တန်မဲ့ ရှည်ရှည်ရှောရှော လိုက်လာမိခြင်းအပေါ် နောင်တလည်း ကြီးစွာ ရမိသည်…။ သူတို့တတွေ အဝေးမှ ကြည့်ရုံသာ ကြည့်သွားကြပြီး အနားကိုလာ နှုတ်မဆက်ကြသည်ကိုပင် ကျေးဇူးကြီးစွာ တင်ရမလို…။ ထို့နောက်တော့ လူက ထူပူနေပြီး နေ့လည်စာကို ခေါက်ဆွဲကြော် စားမိခဲ့လေသလား ဆီချက်ခေါက်ဆွဲ စားမိခဲ့လေသလား ဘာတွေ စားလို့ ဘာတွေ သောက်ဖြစ်ခဲ့သလဲ သေသေချာချာ မမှတ်မိတော့ပါ…။

နေ့လည်စာ စားပြီးတော့ သူက စကားတွေ အများကြီး ပြောပါသည်။ အရင် ကိုယ့်အိမ်ကိုလာလည်တတ်သော အချိန်တွေက အလွန် စကားနည်းသော သူသည် တကယ့် တကယ်မှာ စကားအလွန်များကြောင်း ထိုနေ့ကမှ သိလိုက်ရသည်။ သူ ပြောပြနေသမျှ အကြောင်းအရာများသည် သိပ်စိတ်ဝင်စားစရာ မကောင်းလှသောကြောင့် တချို့တလေကိုသာ မှတ်မိပါသည်။ တချိန်လုံး နားထောင်သူ သက်သက်ဖြစ်နေသောကြောင့် ပျင်းရိ ငြီးငွေ့လာသည်က တကြောင်း၊ ကင်တင်းထဲမှာ လူ ကျဲပါးသွားသောကြောင့် နေရတာ အနည်းငယ် သက်တောင့်သက်သာ ဖြစ်လာကာ မူလ ဗီဇစိတ်တွေ ပြန်ပေါ်လာပြီး သူ့ကို ရစ်ချင်လာပါသည်။ ထို့ကြောင့် နေကြာစေ့ စားချင်သည် ဟု ဆိုင်းမဆင့် ဗုံမဆင့် ပြောချလိုက်ပါသည်။

သူက ချက်ချင်းပင် နီးရာဆိုင်တဆိုင်မှ နေကြာစေ့ သုံးထုပ်ဝယ်ပြီး ပြန်လာပါသည်။ ထိုအချိန်က မိုးပုလဲ နေကြာစေ့တထုပ်၏ တန်ဖိုးမှာ တကျပ် ဖြစ်ပါသည်။ ရစ်လက်စနှင့် ဆက်ရစ်ချင်သောကြောင့် နေကြာစေ့များကို အခွံ ခွာကျွေးပါလား ဟု တောင်းဆိုလိုက်ပါသည်။ ဘာမဆို သဘောကောင်းစွာဖြင့် လိုက်လျောချင်နေသော အချိန်ကာလမျိုး ဖြစ်သောကြောင့် နေကြာစေ့များကို စိတ်ရှည်လက်ရှည် ခွာကျွေးပါသည်။ နေကြာစေ့များအနက်က ဝဝလေးများကိုသာ ရွေးခွာရန်နှင့် အသားမရှိအောင် ပိန်ခြောက်နေသော နေကြာစေ့များကို မခွာရန်လည်း ဆရာလုပ်လိုက်သေးသည်။ သူခွာကျွေးသော နေကြာစေ့အဆံများကို ခွာလို့ လက်မလည် အလျင်မမှီလောက်အောင်ပင် တခုပြီးတခု တလစပ် ကောက်စားနေသော ကိုယ့်ကို သူက သဘောတကျနှင့် ပြုံးရယ်နေပါသည်။ နေကြာစေ့ကို အတော်ကြိုက်သလား... ဟုလည်း မေးပါသည်။ ခွာပြီးသား စားရလျှင် ကြိုက်သည်ဟု ပြန်ဖြေလိုက်သောအခါ သူ နောက်တကြိမ် အားရပါးရ ပြုံးရယ်ပြန်ပါသည်။ နေကြာစေ့များကို မနားတမ်းခွာနေရသောကြောင့် အခုနကလောက် စကားများများ မပြောနိုင်တော့သော သူ့ကို စိတ်ထဲမှာ ကြိတ်ပြီး ရယ်မောနေမိပါသည်။ ထိုအကြောင်းကို စကားစပ်မိတိုင်း ကိုယ့်ကို အလွန်တရာ ညစ်ကျယ်ကျယ်နိုင်သော မိန်းကလေး ဟု မှတ်ချက်ချပါသည်။

နေကြာစေ့ သုံးထုပ်ကုန်သွားသောအခါ သူက လမ်းလျှောက်ချင်လား.. ဟု မေးပါသည်။ ထိုင်နေရသည်မှာ ညောင်းလှပြီ ဖြစ်သောကြောင့် လမ်းလျှောက်ရန် သဘောတူလိုက်ပါသည်။ ထိုအချိန်မှာပင် သူ့ သူငယ်ချင်းတစု အနားကိုရောက်လာကာ ကိုယ့်ကို အကဲခတ်သော မျက်လုံးတချို့နှင့် ကြည့်ပြီး သူတို့ အချင်းချင်း စကား အနည်းငယ်ပြောကာ ထွက်သွားကြပါသည်။ သူ ပြန်ပြောပြသောကြောင့် ထိုနေ့က သူတို့ကျောင်းမှ ကျောင်းသား ကျောင်းသူများ အားလုံး ရွှေတိဂုံဘုရားမှာ ဆီမီးသုံးထောင် ပူဇော်ကြမည်ဟု သိရပါသည်။ သူက ဘုရားကို လိုက်သွားချင်သလားဟု မေးရာ လူများများကြားထဲ မသွားချင်သောကြောင့် ခေါင်းခါ ငြင်းဆန်လိုက်ပါသည်။

သိပ်မကြာခင် အချိန်အတွင်းမှာ ကျောင်းဝင်းထဲ လူမရှိတော့သလောက် ခြောက်သွေ့ တိတ်ဆိတ်သွားပါသည်။ ကိုယ့်ကို စူးစမ်းသော၊ အကဲခတ်သော မျက်လုံးများဖြင့် ကြည့်ကြမည့်သူများ မရှိတော့သောကြောင့် စိတ် ပေါ့ပါး သက်သာသွားကာ ကျောင်းဝင်းထဲ ဟိုကြည့် ဒီကြည့်နှင့် လမ်းလျှောက်လာခဲ့ကြပါသည်။

တနေရာအရောက်တွင် သူက အမှတ်တမဲ့နှင့် ဒါ လူသေတွေ ခွဲတဲ့ နေရာလေ… ဟု ညွှန်ပြပါသည်။ ထိုစကားအဆုံးမှာ သွေးဆုတ် ဖြူဖျော့သွားသော ကိုယ့်မျက်နှာကို တွေ့သောအခါမှ သူ့စကား အကြီးအကျယ် မှားယွင်းသွားကြောင်း သူ သိသွားခဲ့သည်။ ထို့နောက် ကိုယ့်လက်ကို ဆွဲကာ ထိုအဆောက်အဦးနှင့် ဝေးရာဖက်ကို ခပ်သွက်သွက် ခေါ်ဆောင်သွားခဲ့ပါသည်။ သေလုအောင် ကြောက်နေသောကြောင့် လူက ထူပူနေရာ လက်ဆွဲထားတာတွေ ဘာတွေလည်း ဘာမှ သတိမထားမိခဲ့ချေ…။ မိနစ်အနည်းငယ် လျှောက်လာပြီး ထိုအဆောက်အဦးနှင့် ခပ်ဝေးဝေးကို ရောက်မှ အမောဖြေရင်း တယောက်ကို တယောက် သတိထားမိကြပါသည်။ ထိုစဉ်မှာပင် ဆွဲထားသောလက်ကို မလွှတ်သေးပဲ သူက မေးခွန်းတခုကို ကောက်ခါ ငင်ကာ မေးလိုက်တာ ဖြစ်သည်။

ထိုမေးခွန်းမှာ အသက် ၁၈ နှစ်ပြည့်အောင် စောင့်ရအုံးမှာလား… ဟူ၍ပင်…။
ရုတ်တရက်မို့ ထိုမေးခွန်းကို ကြားလိုက်ရသောအခါ ထုံးစံအတိုင်း လူက ကြောင်သွားသေးသည်။ ပြီးမှ သတိရသွားသည်။ လွန်ခဲ့သော တနှစ်ကျော်လောက်က သူ အဖြေတောင်းစဉ်အခါက အသက်ငယ်သေးတယ် ၁၈ နှစ်ပြည့်မှ စဉ်းစားနိုင်မယ်... ဟူသော အူတိ အူကြောင် ဆင်ခြေမျိုး ပေးခဲ့ဖူးကြောင်း ပြန်သတိရသွားသည်။ ထိုအခါ ကြောက်နေသည့်ကြားမှ အလွန်အမင်း ရယ်ချင်သွားသေးသည်။ တဆက်တည်းမှာပင် ငါတော့ လိုက်လာမိတာ မှားပါပေါ့လား… ဟု နောင်တတွေ အကြီးအကျယ်ရကာ ဘုရားရေ ပေါင်းလည်း အခါတသိန်း တ မိသည်။

သို့သော်လည်း အစစ အရာရာ ပြေလည်နေပါလျက်နှင့် တမင် ညစ်တွန်း တွန်းပြီး အချိန်ဆွဲထားသော ကိုယ့်အကြောင်းကို ကောင်းကောင်းကြီး သိနေသော သူက အဖြေကို ကိုယ်ပြန်ဖြေစရာမလိုတော့အောင် လိမ်မာပါးနပ်စွာ အရ ယူသွားခဲ့လေသည်။

* * * * * *

ထိုနှစ်က ဒီဇင်ဘာသည် ဒီဇင်ဘာ ပီသစွာ ထူးထူးခြားခြား အစွမ်းကုန် လှပလို့ နေခဲ့သည်။ ထိုနှစ်မှ အစပြု၍ ဒီဇင်ဘာတိုင်းတွင် လှပသော နှင်းပွင့်ဖြူဖြူများ ထူထဲ သိပ်သည်းစွာ ကျနေရန် မလိုပါ။ ခရစ်စမတ် သစ်ပင်များမှာ အလှအပများ ပြင်ဆင် ချိတ်ဆွဲစရာ မလိုပါ။ လှပသေသပ်စွာ ထုတ်ပိုးထားသော လက်ဆောင်ပစ္စည်းများကို အပြန်အလှန် ပေးအပ်ရန် မလိုအပ်ခဲ့ပါ။ အိမ်နံရံပေါ်တွင် ခြေအိပ်နီနီလေးများ တန်းစီ ချိတ်ဆွဲပြီး ခရစ်စမတ်ဖိုးဖိုးကြီး အလာကို မျှော်နေစရာလည်း တကယ် မလိုအပ်ခဲ့ပါ။

ထို့အပြင် ခရစ်စမတ် အချိန်မှာ စိတ်လှုပ်ရှား ပျော်ရွှင်နေခဲ့သလား… ခရစ်စမတ်အချိန်မှာ အမှတ်တရတွေ ရှိခဲ့ဖူးသလား… ခရစ်စမတ် အကြိုညချမ်းမှာ ဘယ်သူတွေနဲ့ အတူတူ ရှိနေချင်သလဲ… အစရှိသော မေးခွန်းများအတွက် တိကျသေချာသော အဖြေတခုကလည်း ခိုင်ခိုင်မာမာ ရှိနှင့်နေခဲ့ပြီးဖြစ်သည်။ တမင် အမှတ်တရ သတိရနေစေရန် တကူးတက သတိထား မှတ်သားနေစရာ မလိုအပ်ခဲ့သော တသက် မမေ့စရာ အမှတ်တရများက ဒီဇင်ဘာနှင့် ခရစ်စမတ်ကို အလိုလိုနေရင်း လှသည်ထက် လှပအောင် စွမ်းဆောင်နိုင်ခဲ့သည်သာ…။


ညီမ ရိုစ့် (ကျွန်မဘဝ၏ အမှတ်တရ နေရာလေးတခု) ရဲ့ ခရစ်စမတ် အတွက် အမှတ်တရ Tag Post ပါ။ ဒီဇင်ဘာနဲ့ ခရစ်စမတ်ကို စွဲလန်း ချစ်ခင်တဲ့သူတယောက်အနေနဲ့ အတတ်နိုင်ဆုံး လှပအောင် ရေးသား ပုံဖေါ်ပေးထားပါတယ်…။ ညီမ ရိုစ့် ကျေနပ်မယ် ထင်ပါရဲ့…

Saturday, September 10, 2011

အမှတ်တရဒါဏ်ရာ


အသုံးမပြုသည်မှာ လပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်သောကြောင့် အတော်လေး စဉ်းစားယူရလိမ့်မည်ဟု တွေးထင်ထားသော လျှို့ဝှက်ဂဏန်း ခြောက်လုံးသည် လက်ဖျားမှ အစီအစဉ်တကျ အလိုအလျောက် ထွက်ကျလာသည်ကို အံ့သြဖွယ် တွေ့လိုက်ရသည်။ နှစ်ယောက်စလုံး လွယ်လင့်တကူ ဝင်ရောက်အသုံးပြုနိုင်အောင် သဘောတူ သတ်မှတ်ထားသော ထိုလျှို့ဝှက်နံပါတ်များကို သူရော မှတ်မိနေဦးမလားဟု ဖျတ်ကနဲ တွေးလိုက်မိသည်။ ထိုတခဏမှာ အမည်မဖေါ်နိုင်သော ခံစားချက် တခုနှင့်အတူ အမြင်အာရုံတွေ ဝေဝါးသွားသည်ကို ဖာသာ သိလိုက်သည်။ ဖြစ်နိုင်လျှင်တော့ ကိုယ် မငိုချင်ပါ…

တကယ်ဆိုလျှင် ထိုနေရာကလေးသည် နှစ်ဦးသား အတူတူပိုင်ဆိုင်သော်လည်း အတူတူ မနေဖြစ်ပဲ တယောက်တလှည့်စီသာ လာနေဖြစ်ကြသော အိမ်ကလေးတလုံးနှင့် ဆင်ဆင်တူပါသည်။ ထိုနေရာလေးသို့ ရောက်သွားချိန်တွင် သူ လာသွားသော ခြေရာ လက်ရာကလေးများ တွေ့နိုင် မြင်နိုင်ဦးမည်လား… အပြေးအလွှား ရှာဖွေမိပါသည်။ သို့သော် သူ ရောက်မလာခဲ့သည်ကို လပေါင်းအတော်ကြာနေသော နေ့စွဲများနှင့် အေးစက်ရပ်တံ့လျှက်ရှိသော စာများက သက်သေပြနေပါသည်။ ထိုနေရာ… ဟုတ်ပါသည်… တိတိကျကျ ပြောပြရလျှင်တော့ ထိုနေရာဆိုသည်မှာ ဘယ်သူ့အတွက်မှ မထူးဆန်းလှသော သာမာန် အီးမေးလ်အကောင့်လေး တခုမျှသာ ဖြစ်ပါသည်။

သို့သော် ထိုနေရာလေးမှာ နှစ်ဦးသား အပြန်အလှန် ရေးသား ပြောဆိုခဲ့ဖူးသော၊ ပျော်ရွှင် နောက်ပြောင် ရယ်မောခဲ့ကြဖူးသော၊ စိတ်ကောက်၍ ပြန်ချော့ခဲ့ကြဖူးသော စာ အစောင်စောင် ရှိနေသည်။ ပြီးတော့ အနေဝေးချိန်တွေ၊ သတိရ လွမ်းဆွတ်ချိန်တွေမှာ ကြည့်ရန် အမှတ်တရ ရိုက်ကူးထားဖြစ်သော ဓါတ်ပုံတချို့လည်း ရှိနေသည်။ အဲဒါတွေအပြင် တယောက်ကို တယောက် သတိတရ လိုအပ်လာသော အချိန်များတွင် နားထောင်ရန် အပြန်အလှန် ပေးပို့ထားသော သီချင်းတွေ… အားလုံး ခြေရာလက်ရာ မပျက်မယွင်း ရှိနေပါသေးသည်။

ထိုနေရာလေးမှာ အတူတူ ရှိနေခဲ့ချိန်များကို ပြန်ပြောင်းသတိရစရာ ကောင်း မကောင်း၊ သင့် မသင့် မတွေးဆ မချင့်ချိန်နိုင်ခဲ့ပါ။ စာတွေထဲမှ စကားလုံးများ၏ နာကျင်ခံခက် ထိုးနှက်မှုတို့နှင့် တပြိုင်နက်မှာပင် ထိုစကားလုံးများ၏ သိမ်မွေ့သော ဆွဲဆောင်မှုတို့ကို အနည်းငယ်မှ မတွန်းလှန်နိုင်ပဲ ထိုနေရာလေးမှာ စာအဟောင်းတွေကို ပြန်ဖတ်ရင်း နာရီပေါင်း အတော်ကြာ ငြိမ်သက်နေခဲ့မိပါသည်။ လက်သင့်ရာ သီချင်းတပုဒ်ကို ဖွင့်လိုက်မိချိန်မှာ ကြားလိုက်ရသည်က လေးဖြူ၏ အလွမ်းများ ဖြစ်လို့နေခဲ့သည်။ အတူတူ လျှောက်ဖူးတဲ့ နေရာများ... မင်းရယ်... တို့ရယ်... ရင်မျာ ရူးသွပ်တဲ့ ညတိုင်း... တဲ့... တို့ ဝေးမယ့် အကြောင်းတွေ မရှိခဲ့... တဲ့...။ ခေါင်းကိုသာ တွင်တွင် ခါယမ်းနေမိတော့သည်...။ သီချင်းမဆုံးခင်မှာ ပိတ်လိုက်ရသည်။ နှုတ်ခမ်းပါးတွေကို တင်းတင်းစေ့ပိတ်ပြီး မျက်ဝန်းနက်နက်များနှင့် တည်ငြိမ်စွာ စိုက်ကြည့်နေသော သူ့ဓါတ်ပုံကို တွေ့လိုက်တော့ သူ့ကို ခေါ်နေကျ စကားလုံးတလုံးကို တီးတိုး ရေရွတ်လိုက်မိပါသည်။

သူရေးခဲ့သော စာတွေတိုင်းမှာ I miss you… ဆိုသော စကားလုံး သုံးလုံးဖြင့် စတင်ခဲ့ပြီး တဖွဲ့တနွဲ့မဟုတ်ပဲ ရိုးစင်းလှသော စကားလုံးများဖြင့် Report ဆန်ဆန် ဖြစ်သော်လည်း စာတစောင်ကို ဖတ်လိုက်တိုင်း ထူးဆန်းသော ခံစားမှုတခုခုကို အစဉ် ပေးစွမ်းနိုင်ခဲ့သည်။ လိမ်ညာ ဟန်ဆောင်ခြင်းကင်းသော၊ ရိုးသားဖြောင့်မတ်သော စာတွေဟု အကြိမ်ကြိမ် ယုံကြည်ခဲ့မိသည်…။ ယခုချိန်အထိလည်း ယုံကြည်နေချင်ဆဲ ဖြစ်သည်။ သို့သော်… မျှော်လင့်မထားသော အချိန်တွင် ထောင့်တထောင့်မှနေ၍ သူ ကိုယ့်ကို အလဲထိုးခဲ့လေသည်။

ဘာကြောင့်လဲ… ဘာကြောင့်လဲ… ဟု အကြိမ်ပေါင်း မရေမတွက်နိုင်အောင် ရေရွတ်နေမိပါသည်။ ကိုယ် ဟန်ဆောင် မကောင်းပါ။ သည်နေရာမှာ သည်ထက်ပိုပြီး အချိန်ကြာကြာနေနေလျှင် အမှန်တကယ်ကို ရူးသွပ်သွားနိုင်ပါသည်။ ထို့ကြောင့် ကိုယ် ထိုနေရာလေးမှ ဖယ်ခွာလာခဲ့သည်။

တကယ်ဆိုရင် သူသည် အချိန်ကာလတခုအထိ ဟန်ဆောင်ကောင်းစွာဖြင့် ပိပိရိရိ လှည့်ဖျား လိမ်ညာနေခဲ့သူ တယောက်မျှသာ…။ သည်လို တွေးလိုက်မိသောအခါ သူနှင့် ရင်းနှီးခဲ့ဖူးသော အချိန်များစွာက တွေ့ မြင် သိကျွမ်းခဲ့ရသော သူ့ဓလေ့ စရိုက်များ၊ သူ့ အမူ အကျင့်များ၊ သူ့ အယူအဆ အတွေးအခေါ်များကို ပြန်လည်သတိရမိပြီး တိတ်တဆိတ် အားနာနေပါသေးသည်။ သူ ဒီလိုလူစားမျိုး လုံးဝ မဟုတ်နိုင်ပါ ဟု ရဲရဲဝံ့ဝံ့ ခုခံ ငြင်းဆိုလိုက်ချင်သော်လည်း အခုအချိန်မှာတော့ အရာရာ နောက်ကျသွားခဲ့ပြီဖြစ်သည်။ နာကျည်းပစ်လိုက်ဖို့ ကောင်းသည် နော်…

သူ့အကြောင်းကို ကြားရကာစက နေ့ပေါင်း ညပေါင်းများစွာ ကိုယ် အရူးတပိုင်း ဖြစ်သွားခဲ့သည်…။ တန်ခိုးရှင်တယောက်သာ ဖြစ်ခဲ့လျှင်တော့ သူ့ဆီကို မရောက် ရောက်အောင်သွားကာ ဘာကြောင့်လဲ… ဘာကြောင့် ဒီလိုဖြစ်ရတာလဲ ဟု အေးအေးသက်သာပင် မေးမြန်းချင်မိပါသည်။ သို့သော်… ကိုယ် သူ့ဆီ မရောက်နိုင်ခဲ့သလို သူကလည်း ကိုယ့်ကို မဆက်သွယ်ခဲ့ပါ။ ကိုယ်တို့နှစ်ယောက်အကြားမှ သတိရစရာ အမှတ်တရ ရက်စွဲများ၊ အကြောင်းအရာများကို အချိန်နာရီနှင့်တကွ မှတ်သားထားတတ်သော၊ ယုတ်စွအဆုံး ရှပ်အဖြူလေး ဝတ်လာတဲ့နေ့က ကိုယ် မင်းကို ဘယ်နှစ်ခါ နမ်းခဲ့တာနော်… ဆိုသော အကြောင်းအရာမျိုးအထိ မှတ်မှတ်သားသားရှိနေတတ်သော သူတယောက်… အခုတော့ ထိုအမှတ်တရများ သူ့ထံမှာ စိုးစဉ်းမျှ မရှိတော့ပြီလား..။

သူ… ကိုယ့်ဘဝထဲမှ တိုးတိတ် ညင်သာစွာ ထွက်ခွာသွားခဲ့ပြီ ဖြစ်သည်။ ကိုယ့်ထက်ပိုပြီး တွယ်တာ ချစ်ခင်ရမည့်သူ သူ့မှာ ရှိနေခဲ့ပြီလေ…။ အနေဝေးလျှင် အချစ်တို့ အေးစက်သွားတတ်ပြီး အနေနီးစပ်ခြင်းသည် ရင်ခုန်သံ အသစ်အဆန်းတခု (သို့မဟုတ်) အချစ်အသစ်တခုကို လွယ်လင့်တကူ မွေးဖွားနိုင်စေသည်လား… ကိုယ် နားမလည်ခဲ့ပါ။

သူချန်ထားခဲ့သော နေ့ရက်တွေတိုင်းသည် ပိုးကောင်များ ဖျက်ဆီးခြင်းခံလိုက်ရသော သစ်ရွက်စိမ်းလေး တရွက်လို… အပင်ပေါ်မှ ကြွေမကျသေးသော်လည်း ဒါဏ်ရာ ဒါဏ်ချက်တို့ဖြင့် မတင့်တယ် မလှပတော့သော ပိုးပေါက်များစွာဖြင့် ထိုသစ်ရွက်စိမ်းလေးလို…။ ရေစင်မည်သို့ ပက်ဖြန်းစေကာမူ မလန်းဆန်းနိုင်တော့သော ထိုသစ်ရွက်စိမ်းလေးလို…။

လက်ရှိအခြေအနေမှာ သူ ဘယ်ကိုရောက်နေသလဲ ကိုယ် မသိပါ။ သိအောင်လည်း မကြိုးစားချင်ပါ။ တနေ့နေ့ တချိန်ချိန်မှာ သူ့ကို မထင်မှတ်ပဲ ဖြစ်စေ၊ တမင် ရည်ရွယ်၍ဖြစ်စေ တွေ့ဆုံစရာအကြောင်း တခုခု ဖန်လာခဲ့သည်ရှိသော် ပိုးပေါက်ကလေးများစွာနှင့် ဒါဏ်ရာရနေသော သစ်ရွက်ကလေး တရွက်ကိုသာ ကိုယ့် ကိုယ်စား အမှတ်တရ ချန်ထားပေးခဲ့ရန် တွေးနေမိပါတော့သည်။



မှတ်ချက် - အထက်ပါ သစ်ရွက်ပုံ ဓါတ်ပုံလေးကို LIBRATUN က ဘလော့ဂါ မောင်နှမများထံ မျှဝေပြီး မိမိတို့ ခံစားရသလို ရေးပေးရန်နှင့် သည်ည ၁၁ နာရီမှာ အတူတူ တပြိုင်နက်ထဲ တင်ကြရန် ပြောလာသောကြောင့် ကျေးဇူးတင် ခင်မင်စွာဖြင့် ဤပိုစ့်ကို ရေးသားပါသည်။

Wednesday, August 31, 2011

2011 Blog Day အမှတ်တရ

သြဂုတ်လ ၃၁ ရက်နေ့မှာ ကျရောက်တဲ့ ဘလော့ဂ်ဒေးဟာ အခုဆိုရင် ၆ နှစ်မြောက်ခဲ့ပါပြီ…။ ဘလော့ဂ်ဒေးအတွက် ဘလော့ဂ်နဲ့ ပတ်သက်တဲ့ အမှတ်တရ အကြောင်းတွေ၊ အတွေ့အကြုံနဲ့ ခံစားရတာတွေကို ရေးပေးပါလို့ ကိုအောင် (ပျူနိုင်ငံ) က ပြောလို့ ဒီပိုစ့်ကို ရေးပါတယ်…။

တနေ့ပြီး တနေ့ အသက်တွေက ပိုကြီးလာတာ အခုဆိုရင် လူ့ဘဝသက်တမ်းရဲ့ တဝက်ကို ကျော်လွန်ခဲ့ပြီ။ အသက်တွေ ကြီးလာတာနဲ့အမျှ တာဝန်တွေ ဝတ္တရားတွေ ပိုများလာတယ်။ တာဝန်တွေ ပိုများလာတာနဲ့ အမျှ ကိုယ်ပိုင်အချိန်တွေ နည်းလာတယ်။ အဲဒီလို ကိုယ်ပိုင်အချိန်တွေ နည်းလာတာနဲ့အမျှ လူက စိတ်ဖိစီးမှုတွေ များလာတယ်။ အလိုမကျတာတွေ များလာတယ်။ စိတ်ရော လူရော ပင်ပန်းလာတယ်။ မကြည်လင်ဘူး မလန်းဆန်းဘူး။ အလိုလိုနေရင်း ဒေါသတွေ ကြီးလာတယ်။ မလိုအပ်ပဲနဲ့ စိတ်တွေ မာကျော ခက်ထန်လာတယ်။ အရာရာကို အဆိုးဖက်က မြင်တတ်လာတယ်…။ အေးအေးချမ်းချမ်း သက်တောင့်သက်သာဖြစ်ဖို့ ဘယ်လိုမှ တွေးလို့မရတော့ဘူး။ ဘယ်အရာကမှ ကိုယ့်စိတ်ကို သက်သာရာ မရစေခဲ့ဘူး။ တနေ့လုံးနေလို့ သီချင်းတစ မဆိုမိ မညည်းမိခဲ့ဘူး။ စာ ကဗျာ တကြောင်းတလေနဲ့ မပျော်မွေ့ဖြစ်ခဲ့ဘူး။

တနေ့တာ အချိန် ၂၄ နာရီမှာ အိပ်ချိန် ၈ နာရီ နှုတ်လိုက်ပြီး ကျန်တဲ့ ၁၆ နာရီ၊ အဲဒီအထဲကမှ အလုပ်ချိန် ဆယ်နာရီကို နှုတ်လိုက်ရင် ကျန်တဲ့ အချိန် ၆ နာရီမှာ ကိုယ့်အတွက် (သို့) ကိုယ့်စိတ်ကလေး သက်တောင့်သက်သာ ဖြစ်သွားစေဖို့အတွက် ဘာများ လုပ်မိပါလိမ့်၊ ကိုယ့်ဆန္ဒလေး (သို့) ကိုယ့်ဝါသနာလေး တခုခုအတွက် အချိန်ဘယ်လောက်များ ပေးမိပါလိမ့်လို့ တွေးမိလိုက်တဲ့ တနေ့မှာ ဒီဘလော့ဂ်လေးကို ဖန်တီးဖြစ်ခဲ့ပါတယ်။

အခုဆိုရင် ဒီဘလော့ဂ်လေးရဲ့ သက်တမ်းက လေးနှစ်နီးပါး ရှိခဲ့ပြီမို့ အမှတ်ရစရာတွေ အတွေ့အကြုံတွေ ခံစားရတာတွေကလည်း လေးနှစ်စာပါပဲ…။ အဲဒီလို အမှတ်ရစရာတွေကို ဘလော့ဂ်မှတ်တမ်း ဆိုပြီး အပိုင်း နှစ်ပိုင်းခွဲပြီး ရေးထားခဲ့ဖူးပါတယ်။

အခုလည်း ဘလော့ဂ်ဒေး အမှတ်တရအနေနဲ့ ပြန်ပြောပြရရင် အကြောင်းအမျိုးမျိုး ခံစားချက် အစုံစုံနဲ့ ကိုယ်တိုင် တွေ့မြင်ခံစားရတာတွေရော၊ သူများဆီက အငှားခံစားထားတာတွေရော… အားလုံးကို ရောနှော ပေါင်းစပ်လို့ ရေးဖြစ်ခဲ့တဲ့ ပိုစ့်တွေ၊ ကိုယ်ရေးကိုယ်တာ ပိုစ့်တွေ၊ စာလာဖတ်သူတွေနဲ့ ပိုစ့်တွေတိုင်းမှာ ရလာတဲ့ စာရေးဖေါ်တွေ၊ စာဖတ်သူတွေရဲ့ မှတ်ချက်တွေ၊ စီဘောက်စ်က နှုတ်ဆက် စကားသံတွေဟာ တကယ့်ကို အမှတ်တရပါပဲ။

တယောက်နဲ့ တယောက် နေရာဒေသချင်း ဝေးကွာခြားနားပြီး တကြိမ်တခါမှ မတွေ့ဖူး မမြင်ဖူးကြသော်လည်း စာရေးသူ စာဖတ်သူ ဆိုတဲ့ သံယောဇဉ်တွေကိုယ်စီနဲ့ အချင်းချင်း ပျောက်နေတာကြာရင် သတိတရနဲ့ လာရှာ လာမေး လာနှုတ်ဆက်ရင်း စိတ်ပူစကား ဆိုတတ်ကြတာတွေ၊ နေမကောင်းဘူးလို့ ပြောလိုက်ရင် လာအားပေးကြ၊ စားချင်တာလေး ချက်ကျွေးကြတာတွေ၊ အလုပ်တွေများနေတယ် ဆိုရင် ကိုယ်ချင်းစာတဲ့ စိတ်ကလေးတွေနဲ့ ညှာတာကြတာတွေ၊ မွေးနေ့တို့ နှစ်ပတ်လည်နေ့တို့ အစရှိတဲ့ အထူးတလည် နေ့ရက်လေးတွေမှာ တယောက်ကို တယောက် မမေ့မလျော့ ဆုတောင်းစကား ပြောတတ်ကြတာတွေ… အဲဒါတွေဟာ ဘလော့ဂ်ရပ်ဝန်းရဲ့ ချစ်စဖွယ် အမူအကျင့်လေးတွေ၊ အမှတ်ရစရာ အကြောင်းလေးတွေပါပဲ။

ဒီလိုနဲ့ တရက်ပြီး တရက် တလပြီး တလမှာ စာရေးဖေါ် မိတ်ဆွေ သူငယ်ချင်းတွေ အများကြီး ရလာခဲ့ပါတယ်။ စာ စရေးခါစက ကိုယ် တိတ်တိတ်လေး သဘောကျ နှစ်သက် လေးစား အားကျ နေခဲ့ရတဲ့သူတွေနဲ့ တဖြည်းဖြည်း အသိမိတ်ဆွေတွေ ဖြစ်ခွင့်ရခဲ့တာကလည်း အမှတ်တရပါပဲ။ တချို့ တချို့သော စာရေးသိပ်ကောင်းတဲ့ ဘလော့ဂါတွေ စာဆက်မရေးကြတာကိုတော့ စိတ်မကောင်းဖြစ်မိတယ်။ အခုတလောမှာ သူတို့တွေကို သတိတရရှိနေပြီး စာတွေ ဆက်ရေးစေချင်မိတယ်။ ဒီပိုစ့်ကို ဖတ်မိကြရင် စာပြန်ရေးဖြစ်ကြပြီး ဒီဘလော့ဂ်စာမျက်နှာတွေပေါ်ကို ပြန်လာခဲ့ကြပါလို့ ပြောချင်ပါတယ်။

ဒီဘလော့ဂ်နဲ့ ပတ်သက်ပြီး ရင်းနှီးခင်မင်ခွင့်ရတဲ့သူတွေထဲမှာ ကိုယ့်အတွက် ဘယ်တော့မှ မမေ့နိုင်မယ့် ချို ချဉ် စပ် ခါး ရသစုံ နဲ့အတူ လောကကြီးမှာ ကိုယ်မသိဖူး မကြုံဖူးသေးတဲ့ တချို့တချို့သော အကြောင်းအရာတွေနဲ့ မိတ်ဆက်ပေးခဲ့တဲ့… ကိုယ့်စာတွေကို ဖတ်ပြီး အကောင်းအဆိုးကို အားမနာတမ်း ဝေဖန်ပေးခဲ့တဲ့ ချစ်မိတ်ဆွေတယောက်ကိုလည်း ဒီနေရာကနေ ကျေးဇူးတင်စကားဆိုရင်း မှတ်တမ်းတင်ထားချင်ပါတယ်။ ရန်ဖြစ်လိုက် ပြန်ချစ်လိုက်၊ စိတ်ကောက်လိုက် ပြန်ချော့လိုက်… ထူးခြားပြီး ဆန်းကြယ်တဲ့ ရင်းနှီး ခင်မင်မှုတွေနဲ့အတူ ချစ်ခင်နားလည်မှုတွေအတွက် နီးနီး ဝေးဝေး အမြဲတမ်း အမှတ်ရနေမှာပါ။

သေချာတာတခုကတော့ လူတိုင်းမှာ ဝါသနာ ဆိုတာ ရှိကြတာချည်းပါပဲ။ ကိုယ် ဘာကို ဝါသနာပါတယ် ဆိုတာ ကိုယ်တိုင်က မမြင်တတ်သေးတာ၊ တချို့ကျတော့ ကိုယ် ဘာကို ဝါသနာပါတယ်ဆိုတာ သိလာ မြင်လာပေမယ့်လည်း အကောင်အထည် မဖေါ်ဖြစ်သေးတာ၊ အကောင်အထည်ဖေါ်ဖို့ အချိန်မပေးနိုင်သေးတာ စသည်ဖြင့် အမျိုးမျိုး ရှိနိုင်ပါတယ်။ ကိုယ့်ဟာကိုယ် ဘာဝါသနာပါလို့ ပါမှန်း မသိသေးတဲ့ သူတချို့ကိုလည်း တွေ့ဖူးပါတယ်။ အဲဒီလိုလူတွေအတွက်တော့ ကိုယ့်ကိုကိုယ် အချိန်လေး နည်းနည်းပေးပြီး ပြန်ဆန်းစစ်ကြည့်ပါအုံး… တခုမဟုတ် တခုတော့ တွေ့လာမှာပါ… လို့ ပြောခဲ့ပါတယ်။

လူ့ဘဝ အချိန်တိုတိုလေးမှာ ကိုယ် ဘာကို ဝါသနာပါတယ်၊ ဘာကို စိတ်ဝင်စားတယ်၊ ဘာလုပ်ချင်တယ် ဆိုတာလေး သိလာတဲ့တနေ့မှာ၊ ကိုယ် ဝါသနာပါတာလေးကို လုပ်ခွင့်ရလာတဲ့တနေ့မှာ နေ့ရက်တွေတိုင်း၊ အချိန်နာရီတွေတိုင်းဟာ အလိုလိုနေရင်း အဓိပ္ပါယ်တွေ ပြည့်ဝပြီး ပျော်ရွှင်ကျေနပ်စရာကောင်းစွာနဲ့ တန်ဖိုးရှိလာပါလိမ့်မယ်။ အစလေး စ ဖြစ်ဖို့ပဲ လိုအပ်ပါတယ်။ အခုလို စာရေး စာဖတ် ဝါသနာပါတဲ့ ဝါသနာရော စေတနာပါ တူညီကြတဲ့ မိတ်ဆွေသူငယ်ချင်းတွေနဲ့ ရင်းနှီးခဲ့ရတဲ့ ဒီစာမျက်နှာလေးဟာ ကျွန်မဘဝအတွက်တော့ ရာခိုင်နှုန်း တော်တော်များများ အရေးပါတဲ့ နေရာတခုပါပဲ။

ဒါကြောင့် စာရေးသူ စာဖတ်သူတွေအားလုံး နောင်နှစ်ပေါင်းများစွာအထိ အတူတူ စာရေး စာဖတ်ကြရင်း ဘလော့ဂ်ဒေးပေါင်း များစွာကို အတူတူ ဖြတ်ကျော်နိုင်ကြဖို့ အမှတ်တရအနေနဲ့ ဆန္ဒပြု ဆုတောင်းချင်ပါတယ်။

ဘလော့ဂ်ဒေးကိုရောက်တိုင်း ဘလော့ဂ်အဟောင်းတွေက ဘလော့ဂ် အသစ်တွေကို ကြိုဆိုတဲ့အနေနဲ့ ဘလော့ဂ်အသစ် ၅ ခုနဲ့ မိတ်ဆက်ပေးလေ့ ရှိတယ်လို့ သိရပါတယ်။ ဒါကြောင့် အစဉ်အလာမပျက်ရလေအောင် မကြာသေးမီကမှ ကိုယ်ရှာဖွေတွေ့ရှိထားတဲ့၊ ကိုယ်တိုင်လည်း နှစ်သက်တဲ့ ဘလော့ဂ် ၅ ခုနဲ့ မိတ်ဆက်လိုက်ပါတယ်…။

၁) http://nyolaynay.blogspot.com/
သူကတော့ ညိုလေးနေ တဲ့… သူက အာရုံရမှ စာရေးပြီး အာရုံရမှ ပုံဆွဲတဲ့သူတယောက်ပါ။ ရှေ့ဆက်ပြီး စာတွေ အများကြီး ရေးဖြစ်၊ ပုံတွေ အများကြီး ဆွဲဖြစ်ဖို့ အာရုံတွေ များများ ရနိုင်ပါစေလို့ ဆုတောင်းချင်ပါတယ်။ (ဂဏန်းဟင်းချက်တဲ့အခါမှာလည်း အမတွေကို အာရုံရနိုင်ပါစေ... :D)

၂) http://evy-foodlover.blogspot.com/
အခုလောလောဆယ်မှာ Cheese Cake တခုလုပ်ဖို့ အရမ်းစိတ်ဝင်စားနေတာမို့ ဒီနေရာကို နေ့တိုင်းလိုလို ရောက်ဖြစ်နေပါတယ်။ စနစ်ကျပြီး လှပသေသပ်တဲ့ စားချင်စရာ ကိတ်မုန့်တွေနဲ့အတူ ကိတ်မုန့်လုပ်နည်း အဆင့်ဆင့်ကို မျှဝေထားပါတယ်။

၃) http://madankoo.blogspot.com/
သူကတော့ သူ့ကိုယ်သူ မဒိုးကန်လို့ နှုတ်ဆက်တတ်ပြီး ဒုက္ခ အထူကြီးနဲ့ ရူးနေခဲ့ဖူးတယ် လို့ ဆိုလာတဲ့ မဒမ်ကိုးပါ။ သူကိုယ်တိုင်ရယ် သူ့ရဲ့ ကိုရင်သာပျော့ရယ် အတူတူ ပူးပေါင်း ရေးသားကြတဲ့ ဘလော့ဂ်စာမျက်နှာတခု ဖြစ်ပါတယ်။ ကဗျာ၊ ဟာသ၊ ဘာသာပြန်တွေနဲ့ အတူ သူ့လက်သံ လက်စွမ်းပြ တွေအပြင် မခင်ငြိမ်း… မငြိမ်းနိုင်သေးပါ ဆိုတဲ့ လူနေမှုဘဝ သရုပ်ဖေါ် ခပ်ပါးပါး ဝတ္ထုတိုမျိုးတွေကိုလည်း ဖတ်ရှုနိုင်ပါတယ်။

၎) http://moepanchi.blogspot.com/
သူကတော့ အားလုံးသိပြီးဖြစ်တဲ့ ညီမ မိုးပန်းချီပါ။ လောလောလတ်လတ်မှာပဲ အွန်လိုင်း ရွှေဝတ္ထုတို ဆုရထားတဲ့သူပါ။ စိတ်ကူးကောင်းကောင်းနဲ့ စာလှလှတွေ ရေးတတ်သလို သူ့ရဲ့ ဓါတ်ပုံလက်စွမ်းတွေကိုလည်း တွေ့နိုင်ပါသေးတယ်။

၅) http://hninnulwin.com
ညီမ နှင်းနုလွင်ရဲ့ စာမျက်နှာတွေမှာတော့ ဆေးဝါးနဲ့ ပတ်သက်တဲ့ အကြောင်းအရာ၊ ကျန်းမာရေး ဗဟုသုတတွေအပြင် ကဗျာတွေနဲ့ ဘဝသရုပ်ဖေါ် ဝတ္ထုတိုကောင်းကောင်းလေးတွေကို တွေ့မြင် ဖတ်ရှုနိုင်ကြပါတယ်။

စာချစ်သူ အားလုံးအတွက် ပျော်ရွှင်စရာကောင်းသော ဘလော့ဂ်ဒေး ဖြစ်ပါစေ။




Thursday, April 7, 2011

Daily Dislikes

နေ့စဉ်ဘဝထဲမှာ ကြိုက်တာတွေ ပြောပြီးတော့ မကြိုက်တာတွေလည်း ပြောအုံးမှ တရားမျှတပေလိမ့်မယ်လို့ အတွေးရတာနဲ့ Daily Dislike - မကြိုက်တာတွေကိုပါ အခုလို ချရေးဖြစ်ပါတယ်…။

• ပိုက်ဆံစုရတာ မကြိုက်ဘူး…

• ပိုးဟပ်နဲ့ ပုရွက်ဆိတ်ကို မကြိုက်ဘူး…

• ဆူဆူညံညံ အသံတွေကို မကြိုက်ဘူး…

• မလိုအပ်တဲ့ ကန့်သတ်ချက်တွေကို မကြိုက်ဘူး…

• ထမင်းစားရတာ မကြိုက်ဘူး… (လုံးဝ မကြိုက်ဘူး…)

• မီးပူတိုက်ရတာနဲ့ ပန်းကန်ဆေးရတာကို မကြိုက်ဘူး…

• စီးရတာ ပေါ့ရွှတ်ရွှတ်နဲ့ ဖိနပ်ပါးပါးတွေကို မကြိုက်ဘူး…

• ပျင်းရင် အတူတူဆော့စရာ ခွေးလေးတကောင်မရှိတာ မကြိုက်ဘူး…

• အဆိုမပါတဲ့ တီးလုံးသံ တင်းတောင် တင်းတောင်တွေကို မကြိုက်ဘူး…

• အသက် ၂၀ ကျော်ပြီးတဲ့နောက်ပိုင်း အရပ် ဆက်မရှည်တော့တာကို မကြိုက်ဘူး…

• ချောကလက်နဲ့ အာလူးကြော်တွေကို အဆက်မပြတ် စားနေချင်တဲ့စိတ်ကို မကြိုက်ဘူး…

• အငွေ့ထွက်တဲ့ အစားတခုခု စားပြီးရင် ဆံပင်မှာ၊ အင်္ကျီမှာ အနံ့တွေစွဲလာတာ မကြိုက်ဘူး…

• မိုးတွေသည်းကြီး မည်းကြီး ရွာနေတုန်းမှာ ဥသြ ဥသြ နဲ့ သံကုန်ဟစ်နေတဲ့ ကိုရွှေဥသြကို မကြိုက်ဘူး…

• တခုခုကို မလုပ်မချင်း နောက်ကနေ Push လုပ်နေတာ၊ Pressure လာပေးနေတာကို မကြိုက်ဘူး…

• တယောက်တည်းကနေ နှစ်ကိုယ်ခွဲ သုံးကိုယ်ခွဲ သရုပ်ဆောင်တတ်တဲ့သူတွေကို မကြိုက်ဘူး…

• ရုံးပတီသီး ခရမ်းသီး ဝက်သားအဆီ စတဲ့ ပျော့စိစိ ခပ်ချွဲချွဲ စားစရာတွေကို မကြိုက်ဘူး…

• စိတ်ထဲက မပါပဲ အပေါ်ယံ ဟန်ဆောင်တာ၊ ဝ မရှိပဲ ဝိ လုပ်တာတွေကို မကြိုက်ဘူး…

• ဖေဖေနဲ့ မေမေ ဘယ်သူ့ကို ပိုချစ်သလဲ ဆိုတဲ့ မေးခွန်းကို မကြိုက်ဘူး…

• အလကားနေရင်း ခေါင်းခဏ ခဏ ကိုက်တတ်တာကို မကြိုက်ဘူး…

• ခုထက်ထိ ပုဂံကို တခါမှ မရောက်ဖူးသေးတာကို မကြိုက်ဘူး…

• မကြိုက်တကာ့ မကြိုက်ဆုံးကတော့ မျက်စိထဲ အမြင်မတော်တာတွေ၊ နည်းလမ်းမကျတာတွေကို မကြိုက်ကြောင်း ဗြောင်ကျကျ ဖွင့်ပြောပစ်လိုက်ချင်စိတ်နဲ့ ပြောချင်တဲ့စကားလုံးတွေကို အားနာပါးနာ (သို့မဟုတ်) ယဉ်ကျေးသမှုနဲ့ မျိုချပစ်လိုက်ရတဲ့ ကိုယ့်လည်ပင်းကို ကိုယ် မကြိုက်ဘူး… (ရည်ရည်လည်လည်ကို မကြိုက်ဘူး…)

ဒီပိုစ့်လေးကို ဘလော့ဂ်နဲ့ မျက်နှာစာအုပ်ပေါ်က စာရေးဖေါ် စာရေးဖက် အပေါင်းအသင်း ရောင်းရင်းများ အားလုံး (အားလုံး) ကို ချစ်ခင်စွာ တက်ဂ်ပါတယ်…။ Daily Likes ရေးပြီးသူများလည်း Daily Dislikes လေးလည်း ဆက်ရေးကြည့်ကြပါအုံး။ ပျော်စရာကောင်းပါတယ်… အနည်းဆုံးတော့ ကိုယ်မကြိုက်တာတွေကို အခုလို ချရေးလိုက်ရတာ စိတ်သက်သာသွားတာပေါ့…။




Wednesday, April 6, 2011

ချစ်ခြင်း၏ အစွန်းများ

Daily Dislike ကို ရေးနေတုန်းမှာ ကြားဖြတ်ပြီး ဒီပိုစ့်လေး တင်ချင်ပါတယ်…။
Invisible လူသားတယောက်ကို အချစ်အကြောင်း ပြောရအောင် ဆိုတဲ့ တက်ဂ်ပိုစ့် ရေးပေးပါလားလို့ ပြောလိုက်လို့ ရေးပေးလာတာပါ…။ စာနဲ့ လိုက်ဖက်တဲ့ ပုံလေးတွေကိုပါ တခါတည်း ပေးလာတာမို့ အတော် အဆင်ပြေသွားတယ်…။ ချစ်ခြင်း၏ အစွန်းများ တဲ့… ဖတ်ကြည့်ပါအုံးနော်…။

*****


ချစ်ခြင်းဆိုတဲ့ အကြောင်းအရာက တကယ့်ကို သိမ်မွေ့နူးညံ့လွန်းတယ်။ တယောက်နဲ့ တယောက် တမိသားနဲ့ တမိသား အကြားအမြင် အတွေ့အထိတွေနဲ့ စွဲလမ်းမှုတွေ တစစ ပွားများဖို့ မဟုတ်လား။ သူ့ကို ကိုယ်လို၊ ကိုယ့်ကို သူ့လို ဖြစ်အောင် ချစ်ကြဖို့ဆိုတာ တကယ်တမ်း လွယ်လင့်တကူ ဖြစ်ပေါ်စေတတ်တာမှ မဟုတ်တာ။ ဒါပေမယ့် အမှန်တကယ် ချစ်တတ်ကြဖို့ကိုတော့ ဘယ်သူကမှ သတိမပြုတတ်ကြပါဘူး။ ချစ်ခြင်းရဲ့ အစွန်းတွေရဲ့နောက်မှာ ကောက်ကောက်ပါရင်း ချစ်ခြင်းကိုပဲ အပြစ်မြင် အပြစ်ဖို့ နေတတ်ကြစမြဲ။

သမုဒယသစ္စာဆိုတဲ့ အစွဲတွေကြောင့် ဒုက္ခသစ္စာဆိုတဲ့ အကျိုးတွေ ဆက်တိုက်ဖြစ်ဖို့ ချစ်ခြင်းဆိုတဲ့ အရာတွေကို နှစ်နှစ်ခြိုက်ခြိုက် ဖန်ဆင်းရင်း အမြဲအသင့်ဖြစ်နေခဲ့ ကြတာပဲမဟုတ်လား…

ကိုယ်တိုင်ရေးတဲ့ အချစ်ဇာတ်လမ်းတွေထက် အများသူငါ သိပြီးဖြစ်တဲ့ ဇာတ်လမ်းတပုဒ်နဲ့ပဲ ချစ်ခြင်းရဲ့ အစွန်းတွေကို ခွဲထုတ်ကြည့်မိတယ်။ တကယ်တမ်းတော့ အချစ်ဆိုတာ ပူလောင်ခြင်းလား အေးမြခြင်းလားဆိုတာ မှန်ကြည့်သူတွေ မှန်ရှေ့ရပ်သလိုမျိုးပါ။ ရာမယဏဇာတ်တော်ဆိုရင် အာရှတိုင်းရင်းသားတွေအတွက် အစိမ်းသက်သက်မဟုတ်တာတော့ သေချာပါတယ်။

ရာမယဏ ဇာတ်တော်ကို အကြမ်းဖျင်း ကြားဖူးနားဝလောက်တော့ သီချင်းတွေ စာတွေ ကဗျာထဲမှာ အမျိုးမျိုး သီကုံးခဲ့ကြတာမို့ပါပဲ။ ဒီဇာတ်တော်ထဲမှာ သနားဖို့အကောင်းဆုံးသူက ဒဿဂီရိပဲ မဟုတ်လား။ သူရဲ့ ဆွေမျိုးညာတိတွေ သူ့ရဲ့အာဏာ နောက်ဆုံး သူ့အသက် အရာအားလုံးကို ဆုံးရှုံးရသည်အထိ ချစ်ပြခဲ့တာ။ ဒါပေမယ့် သူ့ရဲ့ ချစ်ခြင်းကို သူ မထိန်းကျောင်းနိုင်ခဲ့ဘူး။ ချစ်ခြင်းရဲ့ အစွန်းဆိုတဲ့ မျက်နှာအရပ်တွေဆီ ပြေးထွက်ရင်း နောက်ဆုံး အရှုံးတွေ ပူဆွေးခြင်းတွေ ငိုကြွေးခြင်းတွေကို လက်ဝယ်ပိုက်ခဲ့ရတဲ့ သူ့အဖြစ်က အားလုံးအတွက် ဥပမာပြုစရာ လူကြမ်း လူရမ်းကားကြီးရယ်လို့ အပြစ်ဖို့စရာ ဖြစ်စေခဲ့တယ်။

လက္ခဏာရဲ့ အနစ်နာခံစွန့်လွှတ်တဲ့ ချစ်ခြင်းမေတ္တာ။ ဒီမေတ္တာက အေးမြမှုရဲ့ သရုပ်ပါ။ မိမိချစ်ခင်သူရဲ့ စိတ်ချမ်းမြေ့ပျော်ရွှင်မှုကို ဘေးကနေ ကြည့်ရင်း မိမိကိုယ်တိုင် ပီတိသောမနဿဖြစ်စေဖို့ဆိုတာ ခက်ခဲတဲ့ အရာ။ အသွားရှိတဲ့လမ်းပေမယ့် အမှန်စစ်စစ် လျှောက်ဖို့တော့ ခက်တယ်။ ကိုယ်တိုင် ရွေးချယ်ခွင့်ရှိမယ်ဆိုရင်တော့ ဒီလမ်းကို ငြင်းပယ်ဖြစ်မိမယ် ထင်တယ်။ ပိုးဖလံမျိုးဆိုတာ မီးကိုပဲ တိုးတယ်လို့ ဆိုတာကိုး။

သီတာရဲ့ သစ္စာ။
ခုခေတ်အခါထဲမှာ သစ္စာဆိုတဲ့ စကားလုံးကို စာအုပ်တွေထဲမှာပဲ သုံးနှုန်းကြတော့တယ် ထင်ပါတယ်။ မိမိချစ်သူ အိမ်ထောင်ဖက်အတွက် သစ္စာစောင့်သိဖို့ဆိုတာ ယုံတမ်းစကားတွေလို့ ထင်နေမိတယ်။ ချစ်သူဆိုတဲ့အရာမှာတင်ပဲ ထည်လဲအပြိုင် သူနိုင်ကိုယ်နိုင် ကြဲရုံမကဘူး အိမ်ထောင်ဖက် ဖြစ်လာတော့လည်း ဝေးနေလို့၊ ခွဲနေရလို့၊ အနေနီးစပ်သွားလို့ စတဲ့အကြောင်းပြချက် (တကယ်က အကြောင်းပြချက်ဆိုတာ ရှာတတ်တဲ့သူတွေအတွက် အရာ အထောင် အသောင်းမက) တွေနဲ့ ဖောက်လွဲဖောက်ပြန်ခြင်းကို ထမင်းစားရေသောက်လို ကျူးလွန်းတတ်ကြပြန်တယ်။ သူတပါးလက်အောက်မှာ ခြိမ်းလို့ တခါ ခြောက်လို့ တမျိုး ချော့လို့ တသွယ် နည်းမျိုးစုံသုံးပေမယ့် ခိုင်ကျည်တဲ့ မယ်သီတာရဲ့ သစ္စာတရားကိုတော့ ဒီဇာတ်လမ်းမှာ အသိအမှတ် မပြုပဲကို မနေနိုင်ဘူး။ ခုခေတ်ခါမျိုးဆို မယ်သီတာ ဒဿကတော် ခပ်လွယ်လွယ်နဲ့ လုပ်လိုက်မှာ မုချအမှန်ပဲ။

ရာမ ရဲ့ ပူလောင်ခြင်းများ။ ရာမရဲ့ ချစ်ခြင်းတွေက ဒဿလောက်မပြင်းထန်သလို လက္ခဏာလောက်လည်း မအေးချမ်းပြန်ဘူး။ သီတာပါသွားပြီဆိုတဲ့နောက်ကို တကောက်ကောက်လိုက်ရင်း သံသယဆိုတဲ့ ပူလောင်ခြင်းတွေကို ပျိုးယူခဲ့တာ။ သီတာကို ပိုင်ပိုင်ပြန်လည်ရရှိသည့်တိုင် အစွန်းအထင်းရှိခဲ့ဖူးတဲ့ အထည်တခုလို ကြည့်ခဲ့တဲ့ ရာမ ရင်ထဲက ပူလောင်ခြင်းကို ကူးယူခံစားမိတယ်။ တရှိန်ငြီးငြီးနဲ့ပါ။

အထက်က ချစ်ခြင်းတွေအပြင် နောက်ထပ် ညီအစ်ကိုမောင်နှမတွေရဲ့ ချစ်ခြင်းကိုပဲ ဒီဇာတ်ထဲမှာ ထည့်သွင်းဖော်ပြထားပြန်တယ်။ လက္ခဏာရဲ့ အတိုင်းမသိ အစ်ကိုအပေါ်မှာ ပေးဆပ်ခြင်း၊ စောင့်ရှောက်ကာကွယ်ခြင်းတွေက ဒီခေတ်ထဲမှာ ဘယ်လိုမှ အစရှာလို့ မရနိုင်တော့။ အစ်ကိုကလည်း သူ့အတ္တနဲ့ သူ၊ ညီကလည်း သူ့အတ္တနဲ့ သူ မင်းလမ်းမင်းသွား ငါ့လမ်းငါသွားဆိုတဲ့ ချစ်ခြင်းတွေပဲ တွေ့ရတာများပါတယ်။ သုချိပ်နဲ့ ဘာလီလို သူတပြန်ကိုယ်တပြန်သတ်ကြမယ့် ညီအစ်ကိုမောင်နှမတွေ များသည်ထက် များမယ်ထင်ရဲ့။

သေသွားတဲ့သားနှစ်ယောက်အတွက် မိခင်ရဲ့ချစ်ခြင်းမေတ္တာအစွန်းကိုလည်း မြင်တွေ့နိုင်တယ်။ သူသာ ဒဿကို မတိုက်တွန်းခဲ့ရင် ဆိုတဲ့ အတွေးမျိုး တချိန်လုံးတွေးနေမိတယ်။ မိခင်တယောက်ရဲ့ သောကအပူမီးကို ခံစားနားလည်ပေးနိုင်ပေမယ့် အမျက်သိုကလဲ့စားချေဖို့အထိတော့ လိုက်လျောမပေးချင်မိဘူး။ သေသူမရှိတဲ့ အိမ်က မုန်ညင်းဆီ အတောင်းခိုင်းမယ့် လူမရှိတဲ့အတွက် ဒီမိခင် ဒီလိုဖြစ်ရတယ်လို့ပဲ ယူလိုက်ရပါတယ်။

ရာမနဲ့ ဒဿရဲ့ လက်အောက်ခံတွေက သူတို့ရဲ့ အကြီးအကဲအပေါ်ချစ်ခြင်းတွေ။ ခေါင်းဆောင်ရဲ့ နောက်ကို တောက်လျှောက်လိုက်ပါဖို့ ဆိုတာ ခေါင်းဆောင်ရဲ့ အာဏာတည်တံ့မှုပါပဲ။ လက်အောက်ငယ်သားတွေရဲ့ ချစ်ခင်ကိုးစားမှုကို ရမှသာ မိမိသွားလိုတဲ့လမ်း၊ မိမိခင်းလိုတဲ့လမ်းကို ဖြောင့်ဖြောင့်ရောက်မယ် မဟုတ်ပါလား။ ခေါင်းဆောင်ကလည်း ခေါင်းဆောင်ကောင်းပီပီသသနဲ့ လက်အောက်ငယ်သားတွေကို ရင်ဝယ်မခြား ချစ်ခင်ဖို့လည်း လိုအပ်ပါတယ်။

ဇာတ်လမ်း တခုလုံးကို ချစ်ခြင်းဆိုတဲ့ အရာတွေနဲ့ပဲ ထုံမွှမ်းနေခဲ့တာ။ ချစ်ခြင်းတွေမှာ အေးမြတဲ့ချစ်ခြင်းတွေ၊ ရမ္မက်ဆန္ဒတွေနဲ့ ပူလောင်ပြင်းပြတဲ့ ချစ်ခြင်းတွေ၊ ညီကိုနောင်ရင်း ချစ်ခင်ခြင်းတွေ၊ မိဘနဲ့ သားသမီးဆိုတဲ့ ချစ်ခြင်းတွေ အမျိုးစုံ။ ချစ်ခြင်းမေတ္တာတိုင်းမှာ အစွန်းတွေရှိတတ်ပါတယ်။ အစွန်းတွေကို နိုင်အောင် ကိုင်တွယ်ပြီး ပြည့်စုံအေးမြတဲ့ ချစ်ခြင်းတွေ အတိုင်းမသိ များသည်ထက်များ လာခဲ့ရင်ဖြင့် ဒီလောကမှာ အချစ်ဆိုတဲ့ အရာထက် ပိုချိုမြိန်တဲ့ အရာ ရှိတော့မယ် မဟုတ်ပါဘူး……………………


*** Invisible လူသားရေ… စာအတွက်ရော… ပုံအတွက်ပါ ကျေးဇူးနော်…။


Monday, April 4, 2011

Daily Likes

Daily Likes ဆိုတဲ့ ခေါင်းစဉ်နဲ့ ညီမငယ် ရွှန်းမီက တက်ဂ်လာပါတယ်…။ ကိုယ်ကြိုက်တာတွေကို ရေးရမှာ ပျော်တာကြောင့် အခုလို ခပ်မြန်မြန်လေး ချရေးဖြစ်ပါတယ်။ ညီမ ရွှန်းမီရဲ့ Format အတိုင်းပဲ လိုက်ရေးပါတယ်…။

• မနက် အိပ်ရာကနိုးနိုးချင်းမှာ ကော်ဖီနံ့လေး မွှေးနေတာကို ကြိုက်တယ်…

• ဆိုးလိုက်ရင် ထင်ထင်ရှားရှားကြီး ဖြစ်မနေတဲ့ အညိုဖျော့ဖျော့ နှုတ်ခမ်းနီကို ကြိုက်တယ်…

• သီချင်းကျယ်ကျယ်ဖွင့်ပြီး ကားမောင်းရတာကို ကြိုက်တယ်…

• တယောက်တည်း အေးအေးဆေးဆေး တွေးနေရတာကို ကြိုက်တယ်…

• စာရေးတာ၊ စာဖတ်တာနဲ့ ဓါတ်ပုံရိုက်တာ၊ ရိုက်ပြီးသား ဓါတ်ပုံတွေကို ပြန်ကြည့်ရတာကို ကြိုက်တယ်…

• Collection ဆိုတဲ့ စကားရဲ့ အဓိပ္ပါယ်နဲ့ လုပ်ရပ်ကို ကြိုက်တယ်…

• ရှပ်အင်္ကျီ အကွက်တွေကို ဂျင်းဘောင်းဘီနဲ့ တွဲဝတ်ရတာကို ကြိုက်တယ်…

• ရေမွှေးနဲ့ ပိုက်ဆံအိပ်တွေကို ကြိုက်တယ်…

• အိပ်ရာပေါ်မှာ ဖတ်လက်စ စာအုပ်တွေ ပြန့် ပွ ကျဲနေတာကို ကြိုက်တယ်…

• လူတွေကြားထဲ မထင်မရှား နေရတာကို ကြိုက်တယ်…

• အသက်ကြီးပြီး လူကြီးဖြစ်လာတာကို ကြိုက်တယ်… (သိပ်ကြိုက်တယ်…)

• ဆီမပါတဲ့ စားစရာတွေကို ကြိုက်တယ်…

• အေးအေးဆေးဆေး အချိန်ဆွဲနေပြီး Last Minute မှ လုပ်ရတာကို ကြိုက်တယ်…

• အားအားရှိတိုင်း လက်ဆေးရတာကို ကြိုက်တယ်…

• ညဥ့်နက်နက်မှ အိပ်ရတာကို ကြိုက်တယ်…

• လူတရပ်လောက် မြင့်တဲ့ Sound Box တွေကို ကြိုက်တယ်…

• မေမေ ဖေဖေ လို့ ခေါ်ရတာကို ကြိုက်တယ်…

• ဘဝမှာ ကိုယ့်အရှေ့ကနေ မားမားမတ်မတ်ရပ်တတ်တဲ့သူတယောက် ရှိနေတာကို ကြိုက်တယ်…

• တယောက်ယောက် အပြင်သွားတိုင်း “မုန့်ဝယ်ခဲ့နော်..” လို့ မှာရတာကို ကြိုက်တယ်…

• ကိုယ်လုံးခပ်ဝဝနဲ့ လေယာဉ်ပျံကြီးတွေ တိမ်ထဲကို ခေါင်းမော့ပြီး တရှိန်ထိုး တက်သွားတဲ့အချိန်ကို ကြိုက်တယ်…

• သနပ်ခါးတုံးကို သွေးပြီး လိမ်းရတာကို ကြိုက်တယ်…

• လွင့်လွင့်ပျူးပျူး နေရာကျယ်ကျယ်မှာ အသက်ဝဝ ရှုရတာကို ကြိုက်တယ်…

• ကိုယ်ရောက်နေတဲ့ လက်ရှိ နေရာနဲ့ အခြေအနေ၊ ပြီးတော့ ဘာကိုမဆို အကောင်းဘက်က တွေးတတ်ပြီး ကိုယ့်ဘဝကို ကိုယ်တိုင် ကျေနပ်နှစ်သက်နေမိတဲ့ အဖြစ်ကို ကြိုက်တယ်…

တကယ်တော့ အရာရာကို အကောင်းဘက်က ကြည့်မြင်တတ်တဲ့သူတယောက်အတွက် လောကကြီးမှာ ကြိုက်ချင်စရာတွေက တော်တော်များပါတယ်…။ ဒီပိုစ့်လေး ရေးခွင့်ရလို့ ညီမ ရွှန်းမီကို ကျေးဇူးတင်တယ်…။

တက်ဂ်ပိုစ့်တွေ ရေးပြီးတိုင်း စာရေးဖေါ်တချို့ကို ဆက်တက်ဂ်ရတာကိုလည်း ကြိုက်တဲ့အတွက် ကိုအောင်သာငယ်၊ ကိုအောင် (ပျူနိုင်ငံ)၊ ကိုသားငယ်၊ ကိုကြီးကျောက် နဲ့ ကိုညီလင်းသစ် ရယ်… စာမရေးတာကြာနေတဲ့ ကိုပေါ နဲ့ ကလူသစ် ရယ်ကို တက်ဂ်ပါတယ်…။ ပြီးတော့ ညီမ ပန်ပန် နဲ့ ကေ၊ သူငယ်ချင်း တန်ခူး၊ တီတီဆွိ၊ စုချစ်၊ သိင်္ဂီ၊ ချစ်ကြည် နဲ့ ညီမ Rose of Sharon၊ Rose (အမှတ်တရ နေရာလေး တခု)၊ Sunny၊ မိုးပန်းချီ၊ ဆုမြတ် နဲ့ စုလတ် တို့ကို တက်ဂ်ပါတယ်…။ ကြိုက်တာတွေ အများကြီး ရှာဖွေ တွေ့ရှိနိုင်ကြပါစေ…။



စာကြွင်း - ကိုယ် ကြိုက်တာတွေ ပြောပြီးတော့ ကိုယ် မကြိုက်တာတွေကိုလည်း ပြောပြချင်လို့ Daily Dislikes ကို ဆက်ရေးနေပါတယ်…။


Sunday, March 27, 2011

သူမပြောသော အချစ်အကြောင်း (မောင်)

ကျွန်မ မောင့်ကို စတွေ့သော အချိန်မှာ ကြည်နူးလွမ်းမောဖွယ်ရာ မိုးစက် မိုးမှုန်များ ဖြိုးဖြိုးဖျောက်ဖျောက် ကျနေသော အချိန်လည်းမဟုတ်၊ နှင်းပွင့်ဖြူဖြူတွေ တဖွဲဖွဲ ကျနေသော အချိန်လည်း မဟုတ်ပါ။ ခြောက်သွေ့ပြီး ပူလောင်အိုက်စပ်လှသော နွေနေ့လည်ခင်း တခုမှာ… ပြီးတော့ လူနှစ်ယောက် ရှောင်လို့ လွတ်ရုံသာ ရှိသော ကန်ထရိုက်တိုက်ခန်းတခု၏ ခပ်ကျဉ်းကျဉ်း မှောင်ပြပြ လှေခါးထစ်များတွင် ဖြစ်သည်။ ကျွန်မက မောင်ရှိရာ ကျူရှင်ကို ကျောင်းသူအသစ်အဖြစ် အလာ၊ မောင်က ဆရာမ အလစ်ကို ချောင်းပြီး ကျူရှင်မှ အပြေး…။ ကျွန်မ မောင့်ကို စတွေ့လိုက်သော အချိန်မှာ မောင့်မျက်နှာပေါ်က နေကာမျက်မှန်ကြောင့် မောင့်မျက်လုံးတွေကို မမြင်ရသော်လည်း နှုတ်ခမ်းက လက်ကနဲ တောက်ပသွားသော မောင့်အပြုံးကို ကျွန်မ မြင်လိုက်ရသည်။ နွေအပူနှင့် စာမေးပွဲ အပူများအပေါ် ထပ်ဆင့်ဖိစီးသော အပူတခု ရင်ထဲကို ရောက်လာသည်ဟု ကျွန်မ သိလိုက်သည်။ ပြီးတော့ ထိုအရာသည် ကျွန်မ မျှော်လင့်မထားခဲ့သော အချစ် ဖြစ်နေလေသည်။ ထိုနေ့က ကျူရှင်ကို မောင်ပြန်လာလိမ့်နိုး မျှော်နေရင်း ဆရာမ စာသင်နေတာကို နည်းနည်းမှ အာရုံစိုက်၍ မရခဲ့။ သို့သော် မောင် ပြန်မလာပါ။ အမှန်ဆိုလျှင် ကျောင်းပြေးတတ်၊ ကျူရှင်ပြေးတတ်သောသူများကို ကျွန်မ မုန်းပါသည်။ သို့သော် အချစ်သည် မျက်နှာလိုက်တတ်သည်လေ။

သည်လိုနှင့် နောက်ရက်အနည်းငယ်အကြာမှာ မောင်နှင့် ကျွန်မတို့ အချစ်အကြောင်း ပြောဖြစ်ခဲ့ကြသည်။ အရပ်ရှည်ရှည် ပိန်ပိန်ပါးပါး အသားဖြူဖြူ၊ နှုတ်ခမ်းနီနီ၊ အပြုံးအရယ် နည်းသော်လည်း သဘောကောင်းသော မျက်နှာပိုင်ရှင် ကောင်ကလေးတယောက်သည် အင်မတန်မှ စိတ်တို စိတ်ဆိုးလွယ်တတ်သည်ဟု ကျွန်မ နည်းနည်းမှ မရိပ်မိခဲ့ပါ။ ကျွန်မကိုက လူအကဲခတ် ညံ့၍ ဖြစ်ပါလိမ့်မည်။ အရောင်ဖျော့ဖျော့ ရှပ်အင်္ကျီနှင့် ချည်ပုဆိုး အကွက် စိတ်စိတ်လေးများကို သပ်ရပ်စွာ ဝတ်ဆင်တတ်သော မောင့်ကို အရင်က စာသင်ခန်းထဲမှာ တခါတလေလေးမျှပင် မတွေ့မိခဲ့ပါ။ ကျွန်မနှင့် ချစ်သူတွေ ဖြစ်ပြီးမှ မောင်က စာသင်ခန်းထဲကို ရောက်ဖူးသူ ဖြစ်ပါသည်။ ပြီးတော့ မောင်က နေကာမျက်မှန် နှင့် ဆေးပေါ့လိပ်ကို သိပ်ကြိုက်သူဖြစ်သည်။ ချစ်သူတွေ ဖြစ်ပြီးသွားသောအခါ မောင့်မျက်လုံးတွေကို အချိန်တိုင်း မြင်နေချင်တယ် ဟု ကျွန်မပြောမှ ထိုမျက်မှန်အမည်းကို ချွတ်ဖေါ်ရသူ ဖြစ်သည်။ သို့သော် တခြားမိန်းကလေးတွေလို မောင် ကျွန်မကို ချစ်ရင် ဆေးလိပ် မသောက်ရဘူးနော်... ဟု မပြောခဲ့ပါ။ မောင်က ရေမွှေးမသုံးတတ်သောကြောင့် ဆေးလိပ်နံ့သည် မောင့်အမှတ်အသားတခု ဖြစ်ခဲ့သည်။ ကလေးလေး ဟု ခေါ်လေ့ရှိသော မောင့်အသံသည် ကျွန်မအတွက် အချိုမြဆုံး ဂီတသံစဉ်တခု ဖြစ်ပါသည်။ စိတ်ဆိုးသောအခါ ခေါ်တတ်သော ဟိတ်ကောင်လေး ဆိုသည့် မောင့်အသံမာမာသည်ပင် ကျွန်မနားထဲသို့ ချိုသာ ငြိမ့်ညောင်းစွာ စီးဝင်တတ်ပါသည်။

ချစ်သူဘဝမှာ မောင်က မကြာခဏ စိတ်ဆိုးတတ် စိတ်ကောက်တတ်သည်။ မောင်အများဆုံး စိတ်ဆိုးရသော အကြောင်းရင်းမှာ ကျွန်မ ကျောင်းနောက်ကျခြင်းကြောင့် ဖြစ်သည်။ မောင်က နေ့တိုင်း ကျောင်းကို အစောကြီးရောက်နေတတ်ပြီး ကျွန်မကိုလဲ ကျောင်းစောစောလာဖို့ အမြဲမှာတတ်သည်။ ကျွန်မက ကျောင်း အချိန်ဇယားကို အိမ်မှာ ကပ်ထားရသူ၊ အချိန်အတိအကျ အိမ်က လိုက်ပို့ပေးမှ ကျောင်းလာရသူ ဆိုတာ မောင့်ကို အကြိမ်ကြိမ် ပြောပြထားသော်လည်း မောင်က သူ လာစေချင်သောအချိန်မှာ ရောက်မလာတိုင်း ဘယ်တော့မှ မရိုးနိုင်အောင် စိတ်ဆိုး စိတ်ကောက်မြဲ…။

ကျွန်မက အလွယ်တကူ စိတ်မကောက်တတ်၊ စိတ်မဆိုးတတ်ပါ။ သို့သော် မောင့်ရည်းစားဟောင်း ကျောင်းကို အလည်လာသောနေ့ကတော့ စိတ်ဆိုးသည်လည်း မဟုတ်၊ စိတ်ကောက်သည်လဲ မဆိုနိုင်ပဲ ဝမ်းနည်း အားငယ်စိတ်တို့ဖြင့် ကျွန်မ တယောက်တည်း စာကြည့်တိုက်မှာ သွားထိုင်နေခဲ့ဖူးပါသည်။ နေ့လည် ထမင်းစားချိန်လွန်တော့မှ မောင်ရောက်လာပြီး အနားမှာ ငူငူငိုင်ငိုင်ဖြင့် လာထိုင်ပါသည်။ စကားတော့ တခွန်းမှ မပြော..။ အနားမှာ မောင်ရှိနေလျက်နှင့် တိတ်ဆိတ်နေခြင်းကို ကျွန်မ သည်းမခံနိုင်ပါ။ ထို့ကြောင့် ကျွန်မကပင် စတင်ကာ ထမင်းစားပြီးပြီလားဟု မေးမိပါသည်။ တခြားသူငယ်ချင်းတွေလဲ ပါလာလို့ ထမင်းလိုက်ကျွေးရင်း စားခဲ့ပြီးပြီ… ဟု မောင်ပြောလာသောအခါ ဝမ်းနည်းသော်လည်း မျက်ရည်မဝဲပဲ ပြုံးပြ ခေါင်းညိတ်နိုင်ခဲ့ပါသည်။ အို… အရင်တုန်းက ချစ်ခဲ့ဖူးတာပဲ အခုမှ မချစ်တော့တာ ဟု မောင်ပြောလာသည်အထိ စောင့်မနေတော့ပဲ ကိုယ့်ဖာသာ ကောက်ချက်ဆွဲပြီး စိတ်ပြေတတ်သူမှာ ကျွန်မသာ ဖြစ်ပါသည်။

ပြီးတော့ မောင့်ကို ဖွင့်မပြောရက်သော်လည်း ကျွန်မက နောင်လာမယ့် ကံကြမ္မာကို ကြိုမြင်ပြီးသားသူတယောက်၊ ရှေ့ရေးကို ဗေဒင် မေးစရာ မလိုအပ်။ ထို့ကြောင့် မောင်နဲ့ ချစ်ရသမျှ အချိန်လေးမှာ စိတ်ချမ်းသာ ပျော်ရွှင်မှုကသာ အရေးကြီးသည်ဟု တွေးထားသည်။

တပတ်ကို ကျောင်းတက်ရက် ငါးရက်၊ စနေ တနင်္ဂနွေ ကျူရှင် နှစ်ရက်… ထို့ကြောင့် နေ့တိုင်း မောင်နှင့် တွေ့ရသည်။ မောင်နဲ့အတူတူရှိနေချိန်များသည် ကျွန်မဘဝ၏ စိတ်အချမ်းသာဆုံးနှင့် အပျော်ရွှင်ဆုံး အချိန်များဖြစ်ကြသည်။ စာအတူတူ ကျက်ကြသည်။ ခက်ခဲသော ပုစ္ဆာများကို အတူတူ စဉ်းစားကြသည်။ ငြင်းခုန်ကြသည်။ အဖြေရသွားလျှင် ပျော်ရွှင်ကြသည်။ လက်တွေ့အချိန်များတွင် နေရာကွဲသွားသောကြောင့် တယောက်ကို တယောက်က ခပ်လှမ်းလှမ်းမှ ခိုးကြည့်ကြသည်။ အကြည့်ချင်းဆုံသွားလျှင် မောင်က မျက်စိမှိတ်ပြတတ်သည်။ ပုံဆွဲအချိန်များတွင်တော့ စားပွဲကို ဘေးချင်းကပ် နေရာယူပြီး အတူတူဆွဲကြသည်။ စကားတွေ ပြောကြသည်၊ ရယ်မောကြသည်၊ ကွန်ပတ်စ်တွေ ခဲတံတွေ လုကြသည်…။ ထိုပုံဆွဲအချိန်များ ဘယ်တော့မှ မကုန်ပါစေနဲ့ဟု ကျွန်မက ဆုတောင်းတတ်၏။ ဤသို့ မောင်နှင့်အတူ ကျောင်းမှာ ပျော်နေတတ်သော ကျွန်မကို ကျောင်းပြေးရန် စကားစလာသူမှာ မောင်ဖြစ်သည်။

သည်လိုနှင့် ကျွန်မတို့ နှစ်ယောက် ကျောင်းပြေးကြသည်။ မြို့နှင့် ခပ်လှမ်းလှမ်းကို ကားမောင်းသွားကြသည်။ လမ်းမကြီးဘေးမှ ယာခင်းတွေနားမှာ ကားရပ်ပြီး စကားတွေပြောကြသည်။ သစ်သီးများရောင်းသော ဆိုင်သေးသေးလေးတွေမှာ ဖရဲသီများ ဝယ်စားကြသည်။ ကျွန်မ မကြိုက်သော ဖရဲသီးသည် မောင့်ကြောင့် ချိုနေသည်…။ ထုံးဖြူဖြူနှင့် ဘုရားတွေ တွေ့လျှင် ဝင်ဖူးကြသည်။ အလှူခံပုံးတွေတွေ့လျှင် အလှူငွေ ထည့်ကြသည်။ တချို့အလှူခံသော နေရာများမှာ ကျွန်မတို့နှစ်ဦး၏ အမည်နာမကို ဦးတွေ ဒေါ်တွေ တပ်ကာ စပီကာဖြင့် အော်ပြီး သည်ဇနီးမောင်နှံ အိုအောင် မင်းအောင် ပေါင်းရပါစေ ဟု ဆုတောင်းပေးသောအခါ နှစ်ယောက်သား ရှက်ရှက်နှင့် ပျော်ရွှင်ကြရတာ မှတ်မိသေးသည်။ သည်လိုနှင့် ပျော်စရာ ရက်တွေ တရက်ပြီး တရက် ကုန်လွန်လာခဲ့သည်။ တရက် ကုန်သွားပြီးတိုင်း နောက်တရက်ကို ရောက်ရန် စိတ်စောတတ်ကြသည်…။ ညနေစောင်းလို့ အိမ်ပြန်ရချိန်တွေတိုင်းမှာ မောင်က မျက်နှာပျက်တတ်သည်။

စနေ တနင်္ဂနွေ ကျူရှင်ချိန်များမှာ ဘာသာ တခုနှင့်တခု ကြား သူငယ်ချင်းတွေ မုန့်သွားစားနေကြချိန်များတွင် ကျွန်မက အအေးတဗူး၊ ပေါင်မုန့် တချပ်နှင့် မောင့်အနားမှာ နေကျန်ခဲ့မြဲ…။ ထိုအချိန်များတွင် မောင်က ဂီတာတီးပြတတ်သည်။ သီချင်းတော့ မဆို၊ ဂီတာသံ သက်သက်သာ၊ မောင်တီးလေ့ရှိသော သီချင်းမှာ “ဆံပင်ရှည်ရှည် အရပ်မြင့်မြင့် ကိုယ့်ချစ်သူလေး…” ဟူသော သီချင်း ဖြစ်သည်။ ကြာလာတော့ အင်ထရိုလေး စဝင်လိုက်သည်နှင့် ကျွန်မက ထိုသီချင်းကို အလွတ်မှတ်မိနေတော့သည်…။ ပြီးတော့ မောင်က ပြောသေးသည်။ ဟိုး စစချင်း လှေခါးတဆစ်ချိုးလေးမှာ တွေ့တဲ့နေ့က ကျွန်မ မသိအောင် ဆံပင်အဖျားလေးကို ထိကိုင်လိုက်သတဲ့…။ အဲဒါကို မသိလိုက်ဖူး မဟုတ်လား… လို့ မေးလာသည်။ ထိုအခါ ကျွန်မက မောင် ရှက်သွားမှာစိုးပြီး ဟင့်အင်း မသိလိုက်ပါဘူး လို့ ငြင်းတာ… အမှန်ကတော့ ကျွန်မ မသိပဲ နေပါ့မလား…။

မောင်နှင့် ကျွန်မတို့၏ အချစ်အကြောင်းကို ပြောပြပါဆိုလျှင် ဘာကိုမှ ထူးထူးခြားခြား ပြောစရာမလို။ အချိန်တိုင်းသည် အချစ်အကြောင်းတွေသာ ဖြစ်နေ၏။ မောင့် အပြောအဆို၊ အပြုအမူ၊ မောင့် လှုပ်ရှားမှုတွေတိုင်းသည် အချစ်ဖြစ်သည်။ မောင် ကျွန်မကို စာရှင်းပြနေချိန်များ၊ မောင် ကျွန်မကို ခေါင်းဖြီးပေးနေချိန်များ၊ မောင် ဂီတာတီးပြနေချိန်များ၊ နောက်ဆုံး မောင် စိတ်ဆိုး စိတ်ကောက်နေချိန်များ… ဒါတွေအားလုံးသည် အချစ်အကြောင်းတွေသာ ဖြစ်သည်။

စာမေးပွဲအပြီး ကျောင်းပိတ်ရက်ရှည်တွေမှာ မောင်က မွေးရပ်မြေကို ပြန်သွားသောကြောင့် လွမ်းရပြန်သည်။ စာတွေ အပြန်အလှန် ရေးကြသည်။ ဖုန်းတော့ သိပ်မဆက်ဖြစ်၊ ဖုန်းဘေလ်လာလျှင် အိမ်က သိသွားမှာ ကြောက်ရသောကြောင့် ဖြစ်သည်။ တခါတခါတော့ မောင်က ဆက်တတ်သည်။ လူကြီးများ နည်းနည်းလစ်လျှင် စကားတိုးတိုး ပြောဖြစ်ကြသည်။ သည်လိုနှင့် သိပ်မကြာခင်မှာ ကျွန်မ ကြိုတင်မျှော်လင့်ပြီး ဖြစ်သည့်အတိုင်း မောင်နဲ့ အဝေးဆုံးကို ဝေးသွားဖို့ သေချာသွားခဲ့သည်။ ကျွန်မမှာ ရွေးချယ်ပိုင်ခွင့် မရှိခဲ့ပါ။ ထိုအကြောင်းကို မောင့်ထံ စာရေးပြီး ပြောပြသောအခါ မောင်က မိဘတွေကို ခေါ်လာပြီး လာရောက် တောင်းရမ်းမည်ဟု ဆိုသည်။ ကျွန်မက တွေဝေစွာဖြင့် သတ္တိနည်းခဲ့သလို မောင်ကိုယ်တိုင်ကလည်း ရှေ့ဆက်တိုးလာဖို့ အားငယ်နေခဲ့သည်။ ရွှေလက်စွပ် မောင်းကွင်းလေး တကွင်း ကျွန်မလက်ထဲသို့ ရောက်လာချိန်တွင် ပြင်းပြင်းပြပြ သတိရ တမ်းတမိသူမှာ မောင်သာ ဖြစ်သည်။

အောင်စာရင်းထွက်သောနေ့က မောင် ကျောင်းကို ပြန်ရောက်လာသည်။ မောင့်ကို သွားတွေ့မှ ဖြစ်မည်ဟု ဆုံးဖြတ်လိုက်သည်။ သည်လိုအခြေအနေတွေ ကြားမှပင် ကျွန်မ မောင့်ကို တကယ်ချစ်ကြောင်း မောင် ယုံကြည်စေချင်သေးသည်။ အတ္တကြီးသူ၊ တကိုယ်ကောင်းဆန်သူ၊ သတ္တိနည်းပြီး သွေးကြောင်သူ စသော ဝေါဟာရများကိုသုံးပြီး မောင် အပြစ်တင်လျှင်လည်း ခေါင်းငုံ့ခံလိုက်မည်။ မောင် စကားနာထိုးလျှင်လည်း ပြုံးနေလိုက်မည်။ မောင် စိတ်ကောက်လျှင်တော့ မောင့်ပုခုံးကို မှီတွယ်ရင်း နှုတ်ဆိတ်နေလိုက်မည်။ သည်လိုတွေးပြီး မောင့်ဆီကို ဖုန်းဆက်ကာ လာတွေ့မည်ဟု ပြောလိုက်သည်။ ထိုအခါ မောင်က စကားတခွန်းကို တိုးတိုးညင်သာ ပြောခဲ့ပါသည်…။ မှတ်ပုံတင် ယူလာခဲ့နော် တဲ့…။

ထိုနေ့က အိမ်မှ ထွက်ခါနီးအထိ ကျွန်မစိတ်ထဲမှာ ဒွိဟ ဖြစ်နေပါသည်။ တကယ်တော့ မှတ်ပုံတင်လေးက ကျွန်မရဲ့ ပိုက်ဆံအိတ်ထဲမှာ ရောက်နှင့်နေပြီးသား… ပြီးတော့ လက်မှာ ဝတ်ထားသော လက်စွပ်ကလေး…။ သည်အရာနှစ်ခုအနက်က တခုသာ ယူသွားသင့်သည်ဟု တွေးရင်း ဘယ်အရာကို ပြန်ထားခဲ့ရမှန်း မဝေခွဲတတ်…။ တညလုံးလဲ အိပ်မပျော်၊ နောက်တနေ့ကိုရောက်ဖို့ စိတ်စောနေခဲ့သည်။

တကယ်တမ်း မောင်နှင့်တွေ့ကြသောအခါ ဘယ်တုန်းကမှ ဘာမှ ဖြစ်မထားခဲ့ကြသော သူတွေလို၊ သာမန် တွေ့နေကျပုံစံမျိုးနှင့် သက်တောင့် သက်သာ ရှိနေခဲ့သည်။ ထူးထူးခြားခြား ဘာစကားမှ မဆိုဖြစ်ကြ။ ရန်ကင်းမှာ နေ့လည်စာ သွားစားကြပြီး မောင်က မြို့ပြင်ဖက်သွားရန် ပြောသည်။ ကျွန်မက ခေါင်းခါပြလိုက်မိသည်။ နောက်တော့ မောင် ဘာမှ ထပ်မပြောတော့ချေ။ မှတ်ပုံတင်ပါသလားလို့လည်း မောင်က မမေးတော့ ကျွန်မလည်း မပြောဖြစ်ခဲ့။ ကျွန်မ လက်ထဲက လက်စွပ်ကလေးကို မောင်က လာကိုင်ကြည့်နေသေးသည်။ ဆုတ်သာ တက်သာ ဆိုသော အခြေအနေမှာ မရှိတော့သည်ကို မောင် ရိပ်မိပုံရသည်။ ကျွန်မချစ်သော မောင်က အခါများစွာမှာ စိတ်ဆိုးလွယ်သော်လည်း ဒီအချိန်လေးမှာတော့ စိတ်ဆိုးမနေခဲ့၊ တဇွတ်ထိုးမဆန်ခဲ့၊ အနိုင်မယူခဲ့၊ လူကြီးဆန်ပြီး ကျွန်မကို ငဲ့ညှာခဲ့သည်။

အိမ်ရောက်တော့ အိတ်ထဲမှာ ပြန်ပါလာသော မှတ်ပုံတင်ကဒ်ပြားလေးကို ထုတ်ယူရင်း ခုနကသာ ဒါလေးကို မောင့်ကို ပြခဲ့မိလျှင် အခြေအနေတွေ တမျိုးတဖုံ ပြောင်းလဲသွားနိုင်ကြောင်း တွေးရင်း နောင်တ မျက်ရည် ကျမိပါသည်။ ပြီးတော့ မောင့်ကို ချစ်ခင် မြတ်နိုးစိတ်၊ သနားကြင်နာစိတ်တို့နှင့်အတူ ကျေးဇူးတင်မိပါသည်။

နီးစပ်ဖို့ ခက်ခဲသော ဘဝနှစ်ခု ဖြစ်မှန်း အစထဲက ကျွန်မ သိခဲ့ပါသည်။ သို့သော် အချစ်ဆိုသည်ကား ဖန်တီး၍ မရသလို အချစ်တခု ဖြစ်တည်လာခဲ့သောအခါတွင်လည်း တားဆီး ဖျောက်ဖျက်၍ မရပါ။ သူ့အလိုလို ချစ်မိလေသောအခါ ထိုအချစ်ကို ထိန်းသိမ်း ချုပ်နှောင် မထားချင်ခဲ့ပါ။ မောင် ချစ်တာကို လက်ခံချင်သလို ကျွန်မ အချစ်ကိုလည်း မောင်သိစေချင်ပါသည်။ အနည်းဆုံးတော့ မောင် ကျေနပ်စေချင်သည်လေ။

ဘဝ၏ အချိန် အပိုင်းအခြားကလေး တခုမှာ မောင်နှင့် နှစ်ဦးသား ချစ်ရည် တူမျှစွာ ချစ်ခဲ့ဖူးသည် ဟူသော အချက်က တဘဝလုံးစာ ဆက်လက်ရှင်သန်ရန် လုံလောက်သော ခွန်အားတွေ ပေးစွမ်းနိုင်လိမ့်မည်ဟု ကျွန်မ သေသေချာချာ ယုံကြည်ခဲ့ပါသည်။



(၂၇ မတ် ၂၀၁၁)

Tuesday, March 22, 2011

အချစ်အကြောင်း ပြောရအောင်

အမ မမေငြိမ်းရဲ့ အချစ်အကြောင်းပြောရအောင်… ကို စထွက်ကထဲက အခုအချိန်အထိ ဖတ်လို့ ဘယ်တော့မှ မရိုးနိုင်၊ ပြန်ဖတ်လိုက်တိုင်း ချစ်ခင်နှစ်သက်စွာ…။ အဲဒါလေးကို ဖတ်ပြီးတော့ စိတ်ကူးရလို့ ချရေးထားတဲ့ စာစုလေးတခုရှိတယ်။ ရေးထားတာတော့ ကြာပါပြီ… အခုတော့ အဲဒါလေးကို နည်းနည်း ပြန်ပြင်ပြီး အချစ်အကြောင်း ပြောရအောင်လို့ ခေါင်းစဉ်တပ်ပြီး တင်လိုက်ပါတယ်။ အချစ်အကြောင်း ပြောရအောင် ဆိုတဲ့ တက်ဂ်ပိုစ့်လေး ဖြစ်ဖို့ အားပေးပြီး ခေါင်းစဉ်လေးပါ သုံးခွင့်ရတဲ့အတွက် အမ မမေငြိမ်းကို ကျေးဇူး အများကြီးတင်ပါတယ်…။ (အမှန်ကတော့ ခွင့်တောင်းတာက နောက်… သုံးတာက အရင်… အဟိ)

သက်ဝေရဲ့ အချစ်အကြောင်းကတော့
ဒီမှာ နဲ့ ဒီမှာ ပြောပြထားဖူးပါတယ်။ တချို့လဲ ဖတ်ဖူးကြပါလိမ့်မယ်။ နောက်ပိုင်းရေးဖြစ်တဲ့ တချို့ပိုစ့်တွေမှာလဲ အချစ်ရဲ့ အကြောင်းတွေ ဘာညာ ဘာညာတွေ ရေးဖူးပါသေးတယ်။ ဒီတော့ အခုအချိန်မှာ အချစ်အကြောင်း ရေးပါဆို အဲဒါတွေပဲ ပြန်ရေးပြရမှာဆိုတော့ ပျင်းစရာ…။
ဒါကြောင့် ဒီစာစုလေးကိုပဲ တင်လိုက်ပါတယ်… နှစ်သက်ကြဖို့ မျှော်လင့်ပါတယ်…။


အချစ်အကြောင်း ပြောရအောင်

အချစ်ကို စတင်တွေ့ရှိခဲ့သောအချိန်သည် ကြည်နူးလွမ်းဆွတ်စရာကောင်းအောင် မိုးစက် မိုးမှုန်များ ဖြိုးဖြိုးဖျောက်ဖျောက် ရွာသွန်းမနေပါ။ ကဗျာဆန်ဆန် နှင်းပွင့်လေးတွေလည်း တဖွဲဖွဲ ကျမနေပါ။ ကျွန်တော် နှင့် အချစ် စတွေ့သော အချိန်သည် ပူပူလောင်လောင်နှင့် ခြောက်သွေ့သော နွေရာသီတခုမှာ ဖြစ်သည်။ ပြီးတော့ အချစ်နှင့် ကျွန်တော် ဆုံတွေ့ခဲ့သော နေရာသည် ကန်ထရိုက်တိုက်ခန်းတခု၏ ခပ်ကျဉ်းကျဉ်း မှောင်ပြပြ လှေခါးထစ်များတွင် ဖြစ်သည်။ အချစ်က ကျူရှင်တက်ရန် အလာ၊ ကျွန်တော်က ဆရာမ အလစ်ကို ချောင်းပြီး ကျူရှင်မှ အပြေး… ပြောပြရရင် ရယ်စရာအတော်ကောင်းသည်။ သို့သော် ထိုအကြောင်းကို ပြန်ပြောတိုင်း အချစ်က မရယ်ပါ။ နွေရာသီ၏ အပူရှိန်နှင့် စာမေးပွဲနီးသောကြောင့် စာခြောက်နေသော အပူရှိန်ရောနှောနေသော အချိန်မှာ အချစ်ကို တွေ့ရှိခဲ့သော ကျွန်တော်တို့ နှစ်ယောက်၏ အချစ်မီး အရှိန်များကြောင့် တကြိမ်မှ မခံစားဖူးသော ပူလောင်မှုမျိုးကို ခံစားရသည်ဟု အချစ်က ဆိုခဲ့သည်။ ပြီးတော့ ထိုနှစ်က ဖြေဆိုသော စာမေးပွဲမှာ ကျွန်တော်တို့ နှစ်ယောက်စလုံး အမှတ်နည်းကာ ခုံနံပါတ်များ ကျသွားခဲ့ပါသည်။

နည်းနည်းမှ မိန်းကလေး မဆန်သော အချစ်သည် ကားမောင်သိပ်ကြမ်းပြီး ရှပ်အင်္ကျီကို အလွန်ကြိုက်သူ ဖြစ်သည်။ ရှပ်အင်္ကျီနှင့် ယောလုံချည်၊ ကျောပိုးအိတ် နှင့် ဦးထုပ်အနက်ရောင်တို့သည် အချစ်နှင့် လွန်စွာ လိုက်ဖက်ညီကြသည်။ သို့သော် ထိုအရာများနှင့် လားလားမှ မလိုက်ဖက်သော အချစ်၏ နက်မှောင် လှပသော ဆံပင်အရှည်ကြီးကို ကျွန်တော် ချစ်ခဲ့သည်။ ချစ်သူတွေ ဖြစ်သွားကြသောအခါ ထိုဆံပင်ရှည်တွေကို ကျွန်တော် ဖြီးပေးခဲ့ဖူးသည်။ အချစ်ကို ကျွန်တော်က ကလေးလေး ဟု ခေါ်ပြီး အချစ်က ကျွန်တော့ကို မောင် ဟု ခေါ်လေ့ရှိသည်။ အရွယ်တူ အတန်းတူ သူငယ်ချင်းများဖြစ်သောကြောင့် မကြာခဏ ငြင်းခုန်တတ်ကြသည်။ သချာင်္တွက်ရင်း အဖြေတိုက်ရင်း ငြင်းတတ်သည်က ပိုများသည်။ ထိုအချိန်မျိုးတွင် တယောက်ကို တယောက် ဟေ့ကောင် ဟု ခေါ်တတ်ကြသည်။

အချစ်သည် စိတ်မကောက်တတ်ပါ။ ကျွန်တော်ကသာ အချစ်ကို အကြောင်းအမျိုးမျိုးကြောင့် စိတ်ကောက်ရသည်။ အများအားဖြင့်တော့ အချစ် ကျောင်းနောက်ကျသောအချိန်မျိုးတွင် စိတ်ကောက်မိသည်။ အချစ်က အအိပ်မက်သောကြောင့် ကျောင်းချိန် ကျူရှင်ချိန်များမှာ ဘယ်တော့မှ စောစော ရောက်မလာတတ်ချေ။ ထိုအခါ ကျွန်တော် စိတ်ကောက်ရသည်။ သောကြာသားက စိတ်ကောက်တတ်သလား ဟု အချစ်က မေးလာသောအခါ ကျွန်တော် မဖြေပါ။ စိတ်ကောက်နေသောကြောင့် ဖြစ်သည်။ ထိုအချိန်မျိုးတွင် ကျွန်တော် စိတ်ဆိုးဆိုးနှင့် ချိုးထားသော ကော်ပေတံ အပိုင်းအစများ၊ ခဲတံချွန်ဓါးဖြင့် ညီညီညာညာ လှီးဖြတ်ထားသော ခဲဖျက် အပိုင်းအစများ၊ အစိတ်စိတ်အမွှာမွှာ ဆုတ်ဖြဲထားသော ကျောင်းစာအုပ်မှ စာရွက်များကို အချစ်က တိတ်တိတ်ဆိတ်ဆိတ် ကောက်ယူ သိမ်းဆည်းနေတတ်သည်။ ထို့ထက်ပို၍ စိတ်ဆိုးသောအချိန်မျိုးမှာ ကျွန်တော်က သူငယ်ချင်းများနှင့်အတူ ကျောင်းအနောက်ဖက်က ထူး မှာ ဘီယာ သွားသောက်နေတတ်သည်။ သို့သော် ဘီယာဆိုင်ကိုတော့ အချစ်က လိုက်မလာပါ။ အဆောင်မှာ စာဖတ်ရင်း စောင့်နေတတ်သည်။

အချစ်က ဗဒင်ကို ကြိုက်သည်။ ဆောင်းဦးလှိုင်ကို ကြိုက်သည်။

“ဟိုင်းဝေးလမ်းမကြီးထဲ မင်းလက်ဆွဲခေါ် ပြေးသွား… အားလုံးထားခဲ့ပစ်လိုက်စမ်းပါ အချစ်လေး… ဝေးကြဖို့တော့ သတ္တိမရှိပါ… တို့မဝေးဘူး အတူတူဆို ပျော်မယ်သိတယ်… အားလုံးအဝေးပြေးချင်တယ်…” ဟူသော သီချင်းကို အချစ် မကြာခဏ ဆိုတတ်သည်။

တရက်ကတော့ နှစ်ဦးသဘောတူ ကျောင်းပြေးပြီး မြို့ပြင်က ဟိုင်းဝေးလမ်းမများပေါ်ကို တကယ်ပဲ ရောက်အောင်သွားခဲ့ကြသည်။ ကြားလေသွေးရင် ဝေးသလို ခံစားနေရသော အချိန်မျိုးဖြစ်သောကြောင့် ကားမောင်းနေရင်းမှာတောင် ကျွန်တော့ ဘယ်ဖက်လက်ဖြင့် ဂီယာထိုးရင်း အချစ်၏ ညာဖက် လက်သန်းလေးကို အတူတူ ဆွဲယူထားခဲ့မိသည်။ လမ်းမတလျှောက် ကားပေါ်မှာ အဲဒီသီချင်းတပုဒ်ထဲကို အကြိမ်ကြိမ် ရစ်ပြီး ဖွင့်ခဲ့ကြသောကြောင့် နောက်တနေ့မှာ အဲဒီအခွေ ပျက်သွားခဲ့တာ အမှတ်ရစရာ။ ပြီးတော့ လမ်းမကြီးဘေးက ထုံးဖြူဖြူနဲ့ ဘုရားလေးတွေကို အတူ ဖူးခဲ့ ဆုတောင်းခဲ့ကြသည်။ ကျွန်တော်က ဆုတောင်းခြင်းကို ယုံသော်လည်း အချစ်က မယုံကြည်တတ်ပါ။ သို့သော် အလှူငွေ ထည့်ကြပြီး ပြန်ရလာသော ဖြတ်ပိုင်းငယ်လေးများကိုတော့ အချစ်က သေသေချာချာ သိမ်းထားတတ်ပြန်သည်။

ပြီးတော့ ကျွန်တော်တို့ ဗေဒင်မေးခဲ့ကြသည်။ သည်တခါမှာလဲ ကျွန်တော့ အချစ်က ဗေဒင်တွေဘာတွေကို မယုံကြည်တတ်ပါ။ မမေးချင်ပါဘူးကွယ် ဟု ညည်းတွားသည်။ သို့သော် အတင်းတော့ ငြင်းဆန်တာမျိုးတော့ မလုပ်။ ဗေဒင်ကတော့ ကျွန်တော်တို့ နှစ်ယောက်ကို ကောင်းတာတွေချည်း ဟောလိုက်သည်။ ပြီးတော့ ယတြာလဲ ချေခိုင်းသည်။ သို့သော် အချစ်က ဒါတွေ မလိုပါဘူး... လူသာ အဓိကပါ.. ဟု ဆိုလေသောကြောင့် ကျွန်တော်တို့ ယတြာ မချေဖြစ်ခဲ့ပါ။ မိန်းကလေး မဆန်သော၊ လဘက်သုတ် မကြိုက်သော၊ မုန့်ဟင်းခါး မကြိုက်သော၊ ဘုရားရှိခိုးတိုင်း ဆု မတောင်းတတ်သော၊ ဗေဒင်ကို မယုံတတ် ယတြာ မချေတတ်သော၊ ပန်း မကြိုက်သော၊ နှုတ်ခမ်းနီ မဆိုးတတ်သော ကျွန်တော့ အချစ်မှာ အပြင်ပန်းက မာကျောကျောနိုင်လှသော်လည်း နူးညံ့နွေးထွေးကာ ချစ်တတ်သော နှလုံးသားလေးတစုံ ရှိနေသည်မှာ ကျွန်တော့အတွက် အလွန်တရာ ကံကောင်းလှပါသည်။

အချစ်နဲ့ ကျွန်တော် ကျောင်းဝင်းအတွင်းရှိ ခရေပင်တွေ တန်းစီနေသော လမ်းကလေးမှာ အတူတူလျှောက်ရင်း အချစ်အကြောင်း ပြောခဲ့ကြသည်။ အဆောင်နံပါတ် (၃) မှ လက်တွေ့စာသင်ခန်းများမှာ အတူတူ စာကျက်ရင်း အချစ်အကြောင်း ပြောခဲ့ကြသည်။ စာကြည့်တိုက်မှာ စကားတိုးတိုးပြောပါ ဟူသော စာတမ်းကြောင့် အချစ်အကြောင်းကို စာရေးပြီး ပြောခဲ့ကြသည်။ ကျူရှင်အချိန်၊ လက်ချာချိန်များတွင် ဆရာ ဆရာမများ အလစ်မှာ တယောက်ကို တယောက် မသိမသာ ခိုးကြည့်ရင်း၊ စာရွက် အပိုင်းလေးများပေါ်မှာ စာရေးရင်း အချစ်အကြောင်း ပြောခဲ့ကြသည်။ အများအားဖြင့် ကျွန်တော်မေးလေ့ရှိသော စကားများမှာ ကျူရှင်ပြီးရင် ညနေစာ ဘာစားမှာလဲ တို့… မနက်ဖြန် ကျူရှင်ကို စောစောလာခဲ့နော် တို့… အချစ်ရဲ့ ခေါင်းလျှော်ရည်က သိပ်မွှေးတာပဲ တို့… ဖြစ်ပြီး အချစ် ပြောလေ့ရှိသော စကားများမှာ ဆေးလိပ်တွေ လျှော့သောက်နော်… ညကျရင် ဆယ်နာရီမှာ ဖုန်းဆက်နော် တို့… ဒီည အဆောင်မှာ အိပ်မှာလား (သို့မဟုတ်) ထူး ကို သွားအုံးမှာလား တို့… ဖြစ်နေတတ်သည်။

စာမေးပွဲအပြီး ကျောင်းပိတ်သွားချိန်များမှာ တယောက်နဲ့ တယောက် စာတွေ ရေးပြီး အချစ်အကြောင်း ဆက်ပြောခဲ့ကြသည်။ စာပို့သမားကြီးကို စာတွေ မှန်မှန်လာပို့အောင် လက်ဆောင်တွေ၊ မုန့်ဖိုးတွေ ပေးထားသည်ဟု အချစ်က ပြောပြသောအခါ ကျွန်တော့ရင်ထဲမှာ လှုပ်ခတ် နွေးထွေးသွားအောင် ကြည်နူးရသည်။ ချစ်သူများနေ့မှာ နှင်းဆီပန်းလေးတွေပါသော ပိုစ့်ကဒ် တခု အချစ်ကို ဝယ်ပေးရင်း အချစ်အကြောင်း ပြောခဲ့ဖူးသည်။ အချစ်က ကျွန်တော့ကို နက်ပြာရောင် ဘောလ်ပင်လေးတချောင်း ဝယ်ပေးခဲ့သည်။ နှလုံးသားနှင့်အနီးဆုံးနေရာမှာ ထားနိုင်သော ပစ္စည်းလေးမို့ အချစ်၏ စိတ်ကူးကို ချီးကျူးခဲ့ရသေးသည်။ ထိုနေ့က အိမ်အပြန် နောက်ကျသောကြောင့် အချစ် အဆူခံရသည် ဟု သိရသည်။

သို့သော် နောက်လအနည်းငယ်ကြာသောအခါ ကျွန်တော်တို့ အချစ်အကြောင်းကို ဆက်ပြောရန် အခွင့်မသာတော့…။ အချစ်နဲ့ ကျွန်တော် ဝေးခဲ့ကြဖို့ အကြောင်းဖန်လာသည်။ အချစ်က မဝေးခင်မှာ အခက်အခဲများကြားမှ ကျွန်တော့ဆီကို အရောက်လာကာ နှုတ်ဆက်ခဲ့သည်။ ထိုနေ့က ကျွန်တော့မှာ ပိုက်ဆံ တသိန်းပါခဲ့သည် ပြီးတော့ ဆီအပြည့် ဖြည့်ထားသော ဗင်ကားလေးလဲ ပါခဲ့သည်။ ထို့အတူ အချစ်၏ ဘယ်ဖက် လက်သူကြွယ်မှာ လက်စွပ်လေး တခု ပါလာခဲ့သည်။ ထိုနေ့က YKKO မှာ ကြေးအိုးသွားသောက်ပြီးတော့ ဟိုင်းဝေးလမ်းမတွေဆီ သွားကြစို့လေ ဟု ကျွန်တော်ပြောသောအခါ အချစ်က ပြုံးရင်း ခေါင်းကို ညင်သာစွာ ခါယမ်းခဲ့သည်။ မှတ်ပုံတင် ယူလာခဲ့ဟု ကျွန်တော် သေသေချာချာ မှာကြားလိုက်သော်လည်း အချစ်က ယူမလာပါ။ ဟိုတခါ ဗေဒင်မေးတုန်းက ပေးခဲ့သော ယတြာကို မလုပ်သောကြောင့် ဟု ကျွန်တော်က စွပ်စွဲသောအခါ အချစ်က မျက်ရည်တွေ ပြည့်နေသော မျက်လုံးဝိုင်းဝိုင်းလေးများဖြင့် ကြည့်နေခဲ့သည်။ သည်လိုနှင့် အချစ်အကြောင်း ပြောစရာ အချစ်က ကျွန်တော့ အနားမှ ဖယ်ခွာသွားခဲ့သည်…။

အနားမှာ အချစ်မရှိတော့သော်လည်း အချစ်အကြောင်းကို ကျွန်တော် တယောက်တည်း ဆက်ပြောနေဆဲ…။ သတိရသောအချိန်များတွင် ကျောင်းထဲကို သွားလည်ကာ အချစ်၏ အရိပ်များကို တိတ်တဆိတ် ဖွေရှာမိသည်။ ကျောင်းကြီးက ဟောင်းနွမ်းကာ အေးစက် တိတ်ဆိတ်ပြီး အထီးကျန်လှသော်လည်း ကျွန်တော့နှလုံးသားကို အချစ်နဲ့ ပတ်သက်သော နွေးထွေးခြင်းတွေ ပေးခဲ့သည်။ ထို့ကြောင့် ကျောင်းထဲကို ကျွန်တော် မကြာခဏ သွားလေ့ရှိသည်။ ဘယ်သူမှ မကြားနိုင်သော အချစ်အကြောင်းတွေ တယောက်ထဲ တီးတိုး ပြောနေခဲ့သည်။

သို့သော် ကျွန်တော်ပြောနေသော အချစ်အကြောင်းကို အချစ်ကိုယ်တိုင် နားဖြင့် မကြားနိုင်သော်လည်း နှလုံးသားဖြင့် ကြားနာနိုင်သည်။ မျက်စိဖြင့် မမြင်နိုင် တယောက်ကိုတယောက် မထိတွေ့နိုင်သော်လည်း နှလုံးသားချင်းမှတဆင့် မြင်နိုင် ထိတွေ့နိုင်သည်။ အချစ်နဲ့ ကျွန်တော် လူချင်း ဝေးနေသော်လည်း အချစ်တွေက မပျယ်မပျက်ပဲ နီးစပ်နေနိုင်သေးသည်ဟု ခိုင်ခိုင်မာမာ ယုံကြည်နေဆဲ…။

အကယ်၍များ တစုံတယောက်က အချစ်အကြောင်း ပြောရအောင် ဟု ဆိုလာခဲ့လျှင် အခုလိုပဲ မမောနိုင် မပမ်းနိုင်အောင် အချစ်အကြောင်းတွေကို အဖန်တလဲလဲ ကျွန်တော် ပြောနေမိဦးမည်သာ…။




ဆောင်းဦးလှိုင် - ဟိုင်းဝေးလမ်းများပေါ်မှာ