Thursday, June 18, 2009

သဖန်းပင်ပေါ်မှာ

ဟိုတနေ့က သူငယ်ချင်းတယောက်နဲ့ စကားပြောဖြစ်တော့ ဟိုအကြောင်း ဒီအကြောင်းတွေ ရောက်တတ်ရာရာ ပြောရင်း သူက “သူ့ရဲ့ အသည်းနှလုံးတွေက ကျွန်းသေးသေးလေးပေါ်က သဖန်းပင်ပေါ်မှာ ချိတ်ထားတယ်" လို့ ပြောလာတယ်။ ဒီတော့ အင်မတန်မှ နားဝေးတဲ့ ကိုယ်က "ဘာလဲ... ဘာလဲ... အဲဒါက ဘာကိုပြောတာလဲ..." လို့ အခါပေါင်းတသိန်း ပြန်မေးမိလို့ သူပြောပြတဲ့ ပုံပြင်လေးပါ။ နားထောင်နော်…

ဟိုးရှေးရှေးတုန်းက မြစ်ကမ်းပါးတနေရာက သဖန်းပင်ကြီး တပင်ပေါ်မှာ မျောက်ကလေး တစုက တက်လိုက်ဆင်းလိုက်နဲ့ ဆော့ကစားနေကြသတဲ့။ အဲဒီအချိန်မှာ မြစ်ထဲမှာ အုန်းသီးတလုံး မျောလာတာကို တွေ့တော့ မျောက်ကလေးတကောင်က ရေထဲဆင်းပြီး ကောက်တဲ့အခါ မိချောင်းနဲ့တွေ့ပါလေရောတဲ့။ ဗိုက်ဆာလို့ အစာရှာနေတဲ့ မိချောင်းက မျောက်ကလေးကို စားမလို့အလုပ်မှာ မျောက်ကလေးက “ခဏလေး နေပါအုံး ကိုမိချောင်းရယ်… ခင်ဗျားက ကျွန်တော့ကို ဘာလို့ စားချင်တာလဲ...” လို့ မေးသတဲ့။ ဒီအခါမှာ မိချောင်းက “မျောက်ရဲ့ အသည်းနှလုံးကို စားရင် အလွန်အားရှိတယ် ကြားဖူးလို့ စားချင်တာပါ...” လို့ ပြန်ဖြေတယ်တဲ့။

ဒီအခါမှာ ဖြတ်ထိုးဉာဏ်သိပ်ကောင်းတဲ့ မျောက်ကလေးက ခွက်ထိုးခွက်လန် ရယ်မောပြီး “ဖြစ်မှဖြစ်ရလေ ကိုမိချောင်းရယ်… ကျွန်တော်တို့ မျောက်ဆိုတဲ့ သတ္တဝါမျိုးဟာ တစက်မှ အငြိမ်မနေ ဟိုခုန် ဒီကူးနဲ့ အချိန်လုံး ဆော့ကစားနေတာကြောင့် အသည်းနှလုံးကို ဘယ်တော့မှ ကျွန်တော်တို့နဲ့ အတူတူမထားဘူး၊ သစ်ပင်ပေါ်မှာပဲ ချိတ်ထားတတ်တာ၊ ဟောဟိုမှာ တွေ့လား ကျွန်တော်တို့ရဲ့ အသည်းနှလုံးတွေ...” လို့ ပြောပြီး သဖန်းပင်ပေါ်မှာ အခိုင်လိုက် အခိုင်လိုက် သီးနေတဲ့ နီနီရဲရဲ သဖန်းသီးတွေဆီကို ညွှန်ပြလိုက်တယ်တဲ့…။ အဲဒီအခါမှာ မိချောင်းကြီးလဲ တော်တော် တွေဝေသွားတာပေါ့…။ ပြီးတော့ မျောက်ကလေးက “ကိုမိချောင်းက ကျွန်တော့ရဲ့ အသည်းနှလုံးကိုမှ စားချင်ပါတယ်ဆိုရင်တော့ ကျွန်တော် သစ်ပင်ပေါ်ကို ပြန်တက်ပြီး ယူပေးပါ့မယ်လေ…” လို့ ဂရုဏာသက်စဖွယ် ဆက်ပြောလိုက်သတဲ့။

ဒီတော့ စားချင်တာ တခုသာသိပြီး စဉ်းစားဉာဏ် နဲပါးတဲ့ မိချောင်းကြီးက မျောက်ကလေးရဲ့စကားကို အဟုတ်မှတ်ပြီး အသည်းနှလုံးကို သဖန်းပင်ပေါ်မှာ ပြန်ယူဖို့ လွှတ်လိုက်တယ်တဲ့…။ ဒီအခါမှာ မျောက်ကလေးက သစ်ပင်ပေါ်ကို ပြန်ရောက်သွားပြီး သူရယ် သူ့ အပေါင်းအပါတစုရယ် မိချောင်းကြီးကို သဖန်းသီးတွေနဲ့ လှမ်းပြီး ပစ်ပေါက်ကြတာ မိချောင်းကြီးလဲ နာကျင်ပြီး ထွက်ပြေးသွားရတော့တယ် တဲ့…။

ကဲ… ပုံပြင်လေးကတော့ ဒါပါပဲကွယ်…။
အခက်အခဲ တခုခုတွေ့ကြုံလာရတိုင်း၊ ခေါင်းအေးအေးထားပြီး ဖြတ်ထိုးဉာဏ်သုံးရင်း ဖြေရှင်း အောင်မြင်နိုင်ကြပါစေ။

16 comments:

  1. ပုံပြင်ထဲမှာ မိချောင်းဟာ ရယ်မောစရာ အညာမိသူပါဟေ့

    မိချောင်းနဲ့မျောက်ရဲ့ ဒဏာရီကို ကြားဖူးသလားအချစ်ရေ့....

    ReplyDelete
  2. “သူ့ရဲ့ အသည်းနှလုံးတွေက ကျွန်းသေးသေးလေးပေါ်က သဖန်းပင်ပေါ်မှာ ချိတ်ထားပါတယ်"

    ပေါက်သလိုလို မပေါက်သလိုလို (ပေါက်ကိုပြောတာမဟုတ်)..
    သူကလည်း တယောက်ယောက်ကို ဉာဏ်ဆင်ပြီးပြောတာလား... သူ့မှာအသည်းနှလုံး မရှိတော့ဘူးဆိုပြီး တင်စားပြောတာလား...လားလားလား...

    ReplyDelete
  3. ဟုတ်တယ် မျိုးပြောသလို နားလည်သလိုလိုပဲ...

    ကျွန်တော်လည်း အသည်နှလုံးကို သဖန်းပင်ပေါ်မှာ ချိတ်ထားလိုက်ချင်တယ်..

    ReplyDelete
  4. on the blog in small Island :)

    ReplyDelete
  5. မသက်ဝေက သူ့အသည်းနှလုံးကို စားချင်တယ်လို့ ပြောလိုက်မိလို့လား... သဖန်းပင်ပေါ်မှာ ဆိုရင်တော့ လေးခွနဲ့ ပစ်ချလိုက်အမရေ :)
    (စိတ်ရှုပ်လို့ ပြောချင်တာ ပြောသွားသည်)

    ReplyDelete
  6. ငယ်ငယ်တုန်းက မြန်မာ့အသံ ရေဒီယိုမှာ နားထောင်ခဲ့ရတဲ့ "မောင်နှမလေးတို့ရေ" လို့ အစချီလိုက်တဲ့ မမ အသံတောင် သတိရမိသွားတယ်...
    ပုံပြောကောင်းတဲ့ မသက်ဝေ

    ReplyDelete
  7. သက်ဝေရေ… အဲဒီသူငယ်ချင်းက အပျိုကြီးလားဟင်… နီးစပ်ရာ အပျိုကြီးတွေ လှည့်ပတ်တွေးထည့်လိုက်တယ်… ခက်တာက ခုခေတ်မိချောင်းကြီးတွေကလဲ အလည်သားနော်… ဘာပဲဖြစ်ဖြစ် ဒီည သားကို ဒီပုံပြင်လေးပြောပြဦးမှ

    ReplyDelete
  8. ပေါက်လဲ မပေါက်ဘူး..
    မြိုးတောင် မပေါက်တာ ကျနော်ဆို ပိုဆိုး

    ReplyDelete
  9. မီယာပြောတာ ရီလိုက်ရတာ။ လေးခွနဲ့ ပစ်ချရမတဲ့။

    ချိုသင်းလဲ သိပ်မပေါက်ဘူး။ အိမ်ကမောင်ကြီးကို ပြန်မေးအုံးမှ။ သူက အနက်တွေ သိတတ်တယ်၊ ချိုသင်းက အဖြူသမား။
    (ဘာမှလဲ မဆိုင်ဘူးနော်)

    ReplyDelete
  10. ပုံပြင်လေးတော့ ကြိုက်တယ်၊ ကြားလဲ ကြားဖူးသလိုပါပဲ

    သူငယ်ချင်းက ဘာအဓိပါယ်နဲ့ ပြောလဲ ဆိုတာတော့ ... မျိုးတို့ ပေါက်တို့ မသိဘူးဆိုရင် အနော်လဲမသိဘူးလို့ ဝန်ခံရဲပါတယ်၊ (မဟုတ်ရင် မမခင်ဦးမေက မေ ဒူတယ် ပြောလွန်းလို့)

    ReplyDelete
  11. တို့လဲဒူတယ်။

    ReplyDelete
  12. တခြားအဓိပ္ပာယ်တော့ သိပ်မသိဘူး မမရေ.. ပုံပြင်လေးတော့ သဘောကျတယ်.. မှတ်ထားလိုက်ဦးမယ်.. :)

    ReplyDelete
  13. သိပ်တော့မသိပါဖူး.မှတ်သားစ၇ာ.ပုံပြင်လေးဖတ်၇သလိုပါ

    ReplyDelete
  14. ဒီပုံပြင်လေး ငယ်ငယ်တုန်းက ဖေဖေပြောပြဖူးတယ်.. ပြန်သတိရသွားပြီ.. ကျေးဇူး =)

    ReplyDelete
  15. အော် သွေးအေးးး ဥာဏ်ကြီးသူများ

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...