Thursday, September 17, 2009

ပျောက်ဆုံးသွားသော...

ရူးသွပ်နည်း တမျိုးနှင့် ရူးသွပ်သည်ဟုပဲ ဆိုဆို၊ သာမန်မဟုတ်ဖူးပဲ ပြောပြော၊ လူတွေ၏ လက်မှတ်များ နှင့် သူတို့၏ လက်ရေးများကို စိတ်ဝင်စားတတ်သူ တယောက်အဖို့ ထိုလက်မှတ်တွေ၊ လက်ရေးတွေကို ကြည့်ကာ သူတို့၏ စိတ်နေသဘောထားကို ခန့်မှန်းကြည့်ခြင်း၊ သူတို့၏ ဓလေ့စရိုက်များကို တွက်ဆ ချိန်ထိုးကြည့်ခြင်း အလုပ်ကို စိတ်ပါဝင်စားစွာ လေ့လာနေမိသည်မှာ နှစ်ကာလ အားဖြင့် အတော်ကြာခဲ့ပြီ ဖြစ်သည်။ လူတယောက်၏ လက်ရေး လက်သား စာလုံး အဆွဲအငင် အဖြတ် အတောက်တို့သည် တဦးနှင့် တဦး အတော်ပင် ကွဲပြား ခြားနားကြပေသည်။ ပြီးတော့ သူတို့ ၏ လက်မှတ်များ… တဦး နှင့်တဦး ဘယ်နည်းနှင့်မျှ မတူညီကြသော၊ အမည်နာမချင်းပင် တူညီပါစေအုံး၊ အဆွဲ အငင် အတွေ့အဝိုက် အနည်းနည်း အဖုံဖုံ ကွဲပြားနေကြသော လက်မှတ်များကို ကြည့်ကာ သူတို့၏ အကြောင်းကို လေ့လာခန့်မှန်းရသည်မှာလဲ အနုပညာ တရပ်ဟု ဆိုနိုင်အောင်ပင် အလွန် စိတ်ဝင်စားစရာကောင်းလှပါသည်။ သို့သော်…

******

မှတ်မှတ်ရရ ထိုလက်မှတ်ကလေးကို စတွေ့ခဲ့သည်မှာ လွန်ခဲ့သော တနှစ်ကျော် ကာလက ဖြစ်သည်။ လုပ်ငန်းသဘော သဘာဝအရ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်း ဝန်ဆောင်မှုပေးသော အဖွဲ့အစည်းကြီး တခုကို စာရင်းအင်းဆိုင်ရာများကို စစ်ဆေးရန် သွားရောက်ခဲ့ရပါသည်။ အထပ်ထပ်ပုံထားသော ဖိုင်တွဲများကြားတွင် ခေါင်းမြုပ်ထားရင်း ကိန်းဂဏန်းများကို စစ်ဆေးလိုက် ၊ တွက်ချက်လိုက်၊ လိုအပ်သော မေးခွန်းများကို မေးမြန်းလိုက်၊ အဖြေများကို မှတ်သားလိုက် လုပ်နေရင်း မျက်လုံးတို့သည် တနေရာမှာ စက္ကန့် အတော်ကြာ ရပ်တန့်သွားကြပါသည်။

လက်မှတ်ကလေး တခု… သာမန်အားဖြင့် သိပ်ထူးခြားသည်ဟု မဆိုသာသော လက်မှတ်တခု ဖြစ်သော်လည်း ဘာကြောင့်မှန်းမသိ ထိုလက်မှတ်ကလေးသည် အစွမ်းသတ္တိ တမျိုး ရှိနေသလိုလို၊ အရှိန်အဝါ တခုခု ရှိနေသလို သူ့အား ရစ်ပတ် ဆွဲဆောင်နေပါသည်။ ထိုလက်မှတ်လေးအား ဘယ်နေရာမှာတွေ့တွေ့ မမေ့နိုင်တော့သည်အထိ အချိန်အတော်ကြာ မျက်တောင်မခတ် စိုက်ကြည့်နေမိပါသည်။ နောက်ထပ် စစ်ဆေးရန် ကျန်ရှိနေသေးသော ဖိုင်တွဲများကို ခပ်သွက်သွက် လှန်လှောကြည့်လိုက်သောအခါတွင်လည်း အလားတူ လက်မှတ်ကလေးပေါင်း များစွာကို ထပ်တွေ့ရပါသည်…။ သူ ရင်တွေ တထိတ်ထိတ် ခုန်လာသလိုတောင် ခံစားလိုက်ရသည် ဟု ထင်ပါသည်…။ တကယ်တော့ သာမန် လက်မှတ်ကလေးတခု ဖြစ်ပါသည်။ နာမည်စာလုံးလေးတခုကို ရိုးသားရှင်းလင်းစွာ ဆွဲငင်ထားသော ဤလက်မှတ်ကလေး ပိုင်ရှင်မှာ မိန်းကလေးတယောက်သာ ဖြစ်ရမည်ဟု ဘာကြောင့် သေချာနေမှန်း သူ စဉ်းစား၍ မရခဲ့ပါ။ တကယ်တော့ ဤ နာမည်စာလုံးမျိုး ယောင်္ကျားလေးတယောက်တွင်လည်း ရှိနိုင်သည်ပဲ…။ သို့သော်.. သေချာသည်… ထိုလက်မှတ်ကလေး ပိုင်ရှင်မှာ မိန်းကလေးတယောက်သာ ဖြစ်ရမည်။

ထူးထူးခြားခြားပြောရလျှင် သူမ ရေးထိုးထားသော လက်မှတ်ကလေးများသည် တခုနှင့်တခု အဆွဲအငင်၊ အရွယ်အစား၊ အတိုင်းအတာ၊ စောင်းပုံ စောင်းနည်း လုံးဝ မကွာခြား မကွဲပြားနေပဲ တံဆိပ်တုံး တခုဖြင့် ထုနှိပ်ထားသလို ညီညွတ် တိကျနေကြခြင်းပင်…။ သေချာချင်သောစိတ်ဖြင့် စာရွက် ခပ်ပါးပါးတခုတွင် ရေးထိုးထားသော လက်မှတ်လေးကို ကိုင်ကာ အခြား စာရွက်များပေါ်တွင် လိုက်ထပ်ကြည့်မိပါသေးသည်။ နဲနဲလေးမျှ မလွဲအောင် တသွေမတိမ်း ထပ်တူညီပါသည်။ ထို့ကြောင့် လက်မှတ်ကလေး ပိုင်ရှင် မိန်းကလေးသည် စိတ်ဓါတ် တည်ငြိမ် ရင့်ကျက်သော၊ အရာရာကို တိကျ ပြတ်သားစွာ ဆုံးဖြတ်တတ်သော၊ အမှားအယွင်း အတိမ်းအစောင်းဖြစ်ခြင်းကို နဲနဲမှ မလိုလားသော၊ ထက်မြက်၍ ဥာဏ်ပညာ ရှိသော၊ ပျော့ပြောင်းသော်လည်း ခိုင်မာသော အမူအကျင့်ကို ပိုင်ဆိုင်နိုင်ဖွယ်ရှိသော မိန်းကလေးတယောက် ဖြစ်ရမည်ဟု ကောက်ချက်ချမိပါသည်။ နောက်ဖိုင်တွဲတတွဲတွင်မူ ထိုလက်မှတ်ကလေး အပေါ်တွင် မင်အနက်ရောင်ဖြင့် ရေးသားထားသော သပ်ရပ်တိကျ လှပသော လက်ရေးစာလုံးလေးများကို တွေ့ရပြန်ပါသည်။ ခပ်သွက်သွက်၊ ခပ်သော့သော့ ရေးထားခြင်း ဖြစ်သော်လည်း အရွယ်အစား ညီညာ သပ်ရပ်ပြီး လှပသော စွဲလမ်းဖွယ်ရာ လက်ရေးများ ဖြစ်ပါသည်။

အတွေးစိတ်ကူးထဲတွင် ထိုမိန်းကလေးကို လူကိုယ်တိုင် တွေ့မြင်ချင်စိတ်များ၊ ခင်မင်ရင်းနှီး လိုစိတ်များဖြင့် ပြည့်နှက်လာကြသည်။ သို့သော် ဝမ်းနည်းဖွယ်ကောင်းသည်မှာ ထိုနေ့သည် သူ့အတွက် ဤရုံးတွင် နောက်ဆုံး စာရင်းစစ်ရသောနေ့ ဖြစ်နေခြင်းပင်။ ညနေ ရုံးဆင်းချိန်တွင် အလျှိုအလျှို ရုံးဆင်းသွားကြသောသူများထဲတွင် မျှော်လင့်နေသူ တယောက်ကို တွေ့လို တွေ့ငြား မျက်စေ့ကစားကာ ရှာကြည့်နေမိပါသေးသည်။ သို့သော် အရှေ့လှေခါး၊ အနောက်လှေခါးများ၊ ဓါတ်လှေခါးများဖြင့် အလွန်များပြား ကြီးမားလှသော ရုံးကြီးထဲတွင် တခါမှ မသိဖူးသူ တယောက်ကို ရှာနိုင်ဖို့မှာ လွန်စွာမှ ခက်ခဲလှကြောင်း သူ ကောင်းကောင်းနားလည်ပါသည်…။

******

ထိုလက်မှတ်ကလေးကို စွဲလမ်းစိတ်နှင့် လက်မှတ်ပိုင်ရှင်လေးကို တွေ့မြင်ချင်စိတ်တို့ဖြင့် လပေါင်းများစွာ ကုန်လွန်လာအပြီးမှာ ထိုရုံးကို နောက်တကြိမ် စာရင်းစစ်သွားရန် အကြောင်းဖန်လာပါသည်။ ထိုသတင်းကို ကြားရသောနေ့က သူ ဝမ်းသာပျော်ရွှင်စိတ်တို့ဖြင့် ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေခဲ့ပါသည်။ သည်တကြိမ်တော့ဖြင့် ရသည့်အခွင့်အရေးကို အသုံးချကာ တွေ့လိုသောသူကို မတွေ့ တွေ့အောင် အားထုတ်ရှာဖွေမည်ဟု စဉ်းစားနေမိပါသည်။ သည်တပါတ် စနေ တနင်္ဂနွေ ပိတ်ရက် နှစ်ရက်အပြီး တနင်္လာနေ့ဆိုလျှင် ထိုရုံးကို သူ သွားရတော့မည်။ တနှစ်ကျော်ကြာ မျှော်လင့်နေခဲ့ရသော သူ့အတွေးစိတ်ကူးများကို အကောင်အထည်ဖေါ်နိုင်တော့မည် ဖြစ်သောကြောင့် သူ စိတ်လှုပ်ရှားနေခဲ့သည်။
အို… လက်မှတ်ကလေးတခုက လူကို ဆွဲဆောင်နိုင်လှချည့်…။

စနေနေ့မနက်က ဘာကြောင့်မှန်းမသိ၊ အိပ်ရာက အစောကြီး နိုးနေသည်။ အိမ်ရှင်း၊ အဝတ်လျှော် မီးပူတိုက်၊ ပြီးတော့ ဆံပင်သွားညှပ်ကာ ရေချိုး ခေါင်းလျှော်…။ ညနေပိုင်းမှာ သူငယ်ချင်းတယောက်က နောက်တနေ့ ROM (Registry of Marriage) မှာ လက်ထပ်လက်မှတ် ရေးထိုးရန်ရှိသဖြင့် သူ့ဘက်မှ အသိ သက်သေအဖြစ် လက်မှတ်ထိုးပေးရန် ပြောလာသည်။ သူငယ်ချင်းကို အိုကေ ဟုပြောလိုက်ရင်း တဆက်တည်းမှာပင် (မဆီမဆိုင်) ဟိုလက်မှတ်ကလေးကို သတိရသွားပြန်သည်။ အင်း… သိပ်မလိုတော့ပါဘူး…။ ဒီနေ့ စနေ.. မနက်ဖြန် တနင်္ဂနွေ…။ ပြီးတော့… တနင်္လာ ကို သူ့အလိုလို ရောက်သွားပေမည်။ ရင်ခုန်စရာ အတွေးစိတ်ကူးတို့နှင့် ထိုညက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့သည်။

တနင်္ဂနွေနေ့ မနက်စောစော ROM ကို သူ ရောက်တော့ သတို့သမီး သတို့သားတောင် မရောက်သေး။ သူ ဘာတွေ စိတ်စောနေမိပါလိမ့်လို့ တွေးကာ အဝင်ဝမှာ ထောင်ထားသော ဆိုင်းဘုတ်ကို သွားကြည့်မိသည်။ စမည့်အချိန်က ကိုးနာရီခွဲ… အခုမှ ကိုးနာရီပဲ ရှိသေးသည် ဆိုတော့ ခဏတော့ စောင့်ရအုံးမည်ပေါ့…။ သတို့သမီး နာမည်ကို မျက်စေ့အရောက်မှာ နောက်ဆုံးစာလုံးလေးသည် ဟိုလက်မှတ်ကလေးနှင့် စာလုံးချင်း တူနေသည်ကို တွေ့ရပါသည်။ သည်လို နာမည်မျိုး အတော်များပါလားဟု တွေးနေတုန်းမှာပင် သတို့သမီး သတို့သား နှင့် အတူ အခြားသူငယ်ချင်းများလည်း ရောက်လာကြပါသည်။ သတို့သားက သတို့သမီးကို လက်ဆွဲကာ သူ ထိုင်နေရာ အနားကို လျှောက်လာပါသည်။ ပြီးတော့ မိတ်ဆက်ကြ… စကားတွေပြောကြ… ရယ်မောကြ…။ သတို့သမီးလေးမှာ အသားဖြူဖြူ၊ အရပ်မြင့်မြင့် ရိုးသား ရှင်းလင်း ကြည်လင်သော မျက်နှာလေးနှင့် ချစ်စဖွယ်။ သူမ၏ ထူးခြားချက်မှာ စိန်ပွင့်လေးများလို တလက်လက်တောက်ပနေသော မျက်လုံးအစုံ။ သူမ နှုတ်ခမ်းပါးမှ ရယ်မောလိုက်တိုင်း အတူတူ လိုက်ရယ်ကြသော ထိုမျက်လုံးလေးတွေက သတိမထားမိပဲ မနေနိုင်အောင် စူးရှ တောက်ပ နေကြသည်လေ။ လိမ်မာရေးခြားရှိကာ ထက်မြက်သော မိန်းကလေးတယောက်ဖြစ်မှာ သေချာပါသည်။

သည်လိုနှင့် တရားသူကြီးရောက်လာကာ လက်မှတ်ထိုးရန် အဆင်သင့် နေရာယူကြသည်။ သတို့သမီး သတို့သားနှင့် တရားသူကြီး က မျက်နှာခြင်းဆိုင်၊ သူ က သတို့သား၏ ညာဖက်ခြမ်းမှာ နေရာယူရကာ သတို့သမီးဖက်မှ သက်သေက သတို့သမီး၏ ဘယ်ဖက်ခြမ်းတွင် နေရာယူရလေသည်။ ပြောစရာရှိသည်များ မေးစရာရှိသည်များ ပြောဆို မေးမြန်းအပြီးမှာ လက်မှတ်ထိုးကြရသည်။ ပထမဆုံး သတို့သား၊ ပြီးတော့ သတို့သမီး… အမှတ်မထင် လှမ်းကြည့်လိုက်မိသော သူ့မျက်လုံးတွေ ပြာဝေသွားကြသည်။

မင် အနက်ရောင် လက်မှတ်ကလေး…။
သူ မျက်စေ့မှားခြင်းသာ ဖြစ်ပါစေတော့ ဟု စိတ်ထဲမှာ အကြိမ်ကြိမ် အထပ်ထပ် ဆုတောင်းနေမိသည်။ သို့သော် သူ့ဆုတောင်း မပြည့်ခဲ့ပါ။ လက်မှတ်ထိုးရမည့်အလှည့်မှာ မျက်စေ့ ရှေ့ကို ရောက်လာသော စာချုပ်လေးကို ကြည့်ကာ ဖေါင်တိန်ကိုင်ထားသော သူ့ လက်ချောင်းတွေ တော်တော်နဲ့ လှုပ်ရှား၍မရ ဖြစ်သွားသည်။ မည်သည့်နည်းနှင့်မျှ လွဲမှားစရာ မရှိသော မင်အနက်ရောင် ထိုလက်မှတ်ကလေး၊ ဘယ်နေရာမှာ တွေ့တွေ့ ဘယ်အချိန်မှာ တွေ့တွေ့ အစဉ်စွဲမြဲ မှတ်မိနေသော ထိုလက်မှတ်ကလေး၊ အချိန်ကာလ အားဖြင့် တနှစ်ကျော်ကြာအောင် သူ့ကို ညှို့ငင် ဆွဲဆောင်ထားသော ထိုလက်မှတ်ကလေး၊ အဆွဲအငင်၊ အကွေ့အဝိုက် နဲနဲမှ အတိမ်းအစောင်းမရှိ၊ အစဉ်တိကျ သပ်ရပ်နေသော ထိုလက်မှတ်ကလေး…။

******

လပေါင်းများစွာ မျှော်လင့် ရင်ခုန်နေခဲ့ရသော အရာတခုသည် မျက်တောင်တခတ် အတွင်းမှာပင် လှလှပပ သေသေသပ်သပ်နှင့် တစခြင်းစီ ကြေမွ ပြိုကွဲသွားလေပြီဖြစ်သည်။ ထိုအချိန်မှစကာ သူသည် လူတွေ၏ လက်မှတ်များ လက်ရေးများကို စွဲစွဲလမ်းလမ်း ကြည့်ရှုကာ ထိုသူတွေ၏ စိတ်အစဉ်ကို တွေးမြင် ခန့်မှန်းသည့် အလေ့အကျင့်ကို စွန့်လွှတ်ရန် ကြိုးစားမိပါတော့သည်။ လူတယောက်၏ အမူအကျင့်ဆိုသည်မှာ ပြင်ဆင်ရန် အလွန်တရာမှ ခက်ခဲသည်ဟု ဆိုကြသော်လည်း သူ့ဘဝထဲမှာ သူ လိုချင် မက်မောခဲ့သော၊ သူ စွဲလမ်း တောင့်တခဲ့သော အရာတခုကို ရုတ်တရက် လက်လွှတ် ဆုံးရှုံးလိုက်ရသောကြောင့်ပေလား မသိ… ၄င်း အမူအကျင့်ကို များမကြာမီ ကာလအတွင်း၌ပင် မြန်မြန်ဆန်ဆန် စွန့်လွှတ်၍ ရသွားနိုင်လိမ့်မည်ဟု သူ သေသေချာချာ ယုံကြည်နေမိပါသည်။

25 comments:

  1. အဲဒါ ဆို..ဒီ အော်ဒစ်တာ လူပျိုကြီးက..တော်တော် အစွဲ အလန်းကြီးမယ် ထင်တယ်။း)

    ReplyDelete
  2. စိတ်ဝင်စားစရာပါပဲ လက်မှတ်ကလေးတစ်ခုကို စွဲလမ်းမိတဲ့လူတစ်ယောက်အကြောင်း။ ဟုတ်တယ်ဗျာ။ တစ်ခါတစ်လေကျ ဘာကြောင့်အဲ့ဒီ အသေးအဖွဲလေးကစ စွဲလမ်းမိစေသလဲမသိဘူးဗျာ။

    ReplyDelete
  3. လက်မှတ်ကလေးက သေသေသပ်သပ်၊ လှလှပပကလေးဆိုလို့ ကိုယ့်လက်မှတ်ကိုယ် ပြန်တွေးကြည့်ရသေး...ဟိ

    ReplyDelete
  4. အမ... ဖတ်ကောင်းတယ် စွဲဆောင်မူအပြည့်..

    အမရေ.. လက်မှတ်က လူတယောက်မှာ အရေးကြီးတယ်ဆိုလို့ ကျနော်ဆို လက်မှတ်စထိုးပီဆိုကတည်းက ကိုယ်လိုချင်တဲ့ပုံစံအတိုင်းထိုးတော့တာ.. စာအုပ်တွေထဲကအတိုင်းပေါ့..အဲဒီလိုလူတယောက်ရဲ့ စိတ်ကို ခန့်မှန်းလို့မရနိုင်ဘူးထင်တယ်။

    ခန့်မှန်းလို့ရတာ လက်ရေးဖြစ်နိုင်မယ်.. ဘာလို့ဆို ကျနော် လက်ရေးကိုတော့ လိုချင်တဲ့ပုံစံ မပြင်နိုင်သလို စာရေးတိုင်း အထက်ကို စောင်းသွားတာကို မညှိနိုင်ခဲ့ဘူး..။

    အမ ကို ပြောပြတာပါနော်..
    အမ၀တ္တုက သတ်သတ်ပါ..အမဝတ္တုက ဖတ်လို့ကောင်းပါတယ်.. မီးမီးကြိုက်ကြိုက်ပါ

    ReplyDelete
  5. ဖတ်လို့ကောင်းတယ်... လွမ်းစရာလေး

    ReplyDelete
  6. မမသက်ဝေ ဆီကို လက်မှတ်ထိုးထားတဲ့စာရွက် ပို့ပေးလိုက်မယ်.. စာရင်းစစ်ကြီးကို ပြပြီးမေးပေးပါ ကိုယ့်ရဲ့စိတ်နေစိတ်ထား ဘယ်လိုရှိတယ်ဆိုတာ သိချင်လို့ပါလို့..ဟိ

    ReplyDelete
  7. ကျနော့လက်မှတ်လေးဘယ်လိုလဲဗျ..
    ကဘောက်တိ..ကဘောက်ချာ နိုင်တဲ့ လက်မှတ်မျိုးပေါ့..
    အပျင်းကြီးလိုက်ပုံကတော့..
    စာကိုကော်ပီကူးပြီးပေးတဲ့အဆင့်ရောက်နေပြီ..

    ReplyDelete
  8. စိတ်မကောင်းစရာ. ဘာပြုလို့များ ဒီလောက်တောင် လု့ပ်ရှားမှုတွေ နေူးရတာလဲ။

    ReplyDelete
  9. ကိုယ့်လက်မှတ် ကိုယ့်ဘာသာတောင်မူးတယ် မမ
    :D

    ReplyDelete
  10. မမသက်ဝေ

    စွဲလန်းတတ်လွန်းသူ တစ်ယောက်အကြောင်း ဖတ်သွားပါတယ်။

    လက်မှတ်လှလှရှင်းရှင်းလေးတွေ မြင်တိုင်း သဘောကျတယ်

    ခင်မင်စွာဖြင့်
    သီဟသစ်

    ReplyDelete
  11. လက်မှတ်လေး တခုကလည်း အတော် ဆွဲဆောင်နိုင်သားနော်... ခုထိ ကိုယ့်လက်မှတ်ကို စိတ်တိုင်း မကျသေးဘူး။ လက်မှတ် ပုံစံ အမျိုးမျိုး အကြောင်း ဖတ်ဖူးတယ်...

    ReplyDelete
  12. တိုက်တိုက်ဆိုင်ဆိုင် ကောင်မလေး မင်္ဂလာဆောင်တဲ့နေ့ကျမှတွေ့ရတယ်လို့..သနားပါတယ်.. :(

    ReplyDelete
  13. ကောင်းတယ် သက်ဝေရေ..စိတ်ဝင်စားပြီး စိတ်လောနေတာနဲ့ တအားအပြေးဖတ်မိသွားတယ်..နောက်မှ တခါ ပြန်ဖတ်ရတယ်..

    ဟုတ်တယ်.. လက်မှတ်တွေကလည်း တနည်းနည်းတော့ သူတို့စိတ် တစိတ်တဒေသကို ဖော်ပြတယ် ထင်တာပဲ။

    ReplyDelete
  14. ဒီလောက် စိတ်ဝင်စားတာ တနှစ်ကြီးတောင် စောင့်ရသလား။ ချိုသင်းသာဆို နောက်တနေ့ အဲဒီရုံးကို အကြောင်းမရှိ အကြောင်းရှာ သွားပစ်လိုက်ပြီ။ :)
    မရဘူး စိတ်ကြီးတယ်။

    ချိုသင်းလက်မှတ်သာဆိုရင် ဘယ်သူမှ စိတ်ဝင်စားမယ် မထင်၊ Rita လို မမူးလောက်ပေမဲ့ မြန်မာလို ရိုးရိုးကြီး ထိုးမိတာ ခုထိ။

    ReplyDelete
  15. ရေးတတ်လိုက်တာ..ဖတ်ရတာ လွမ်းစရာ။

    ReplyDelete
  16. ရေးထားတာအဖွင့်မှာမဆိုးပါဘူး။ဒါပေမယ့်
    "...ညနေပိုင်းမှာ သူငယ်ချင်းတယောက်က နောက်တနေ့ ROM (Registry of Marriage) မှာ လက်ထပ်လက်မှတ် ရေးထိုးရန်ရှိသဖြင့် ...."
    ဆိုတဲ့နေရာအရောက်မှာ လက်မှတ်ပိုင်ရှင်ဘယ်သူလဲဆိုတာခန့် မှန်းလို့ ရသွားတယ်ဆိုတော့ နောက်ပိုင်း
    Tempo မရှိတော့ဘူး။

ူစာဖတ်ပရိသတ်တစ်ဦး

    ReplyDelete
  17. Pretty & professional signature...:)
    Sweet !

    ReplyDelete
  18. သက်ဝေရဲ့ လက်ရာတွေထဲက အကြိုက်ဆုံးတခုပါပဲ… အရေးအသားလေးက နူးညံ့ပြေပြစ်နေသလို ဆွဲဆောင်မှုလဲရှိတယ်… ဘယ်တော့မှ မမေ့မယ့် ပို့ စ်လေးပါ… စကားမစပ် အရုပ်ဆိုးဆုံးလက်မှတ်ပိုင်ရှင်ကို ကြည့်ချင်လားဟင်… တခြားမဟုတ်ပါဘူး… တို့ ပါပဲ သက်ဝေရေ… ကျောင်းတုန်းကတော့ ဘယ်လိုထိုးရမှန်းမသိလို့  ကိုယ့်နာမည် ရှေ့ ဆုံးအလုံးကို ဒီတိုင်းလေးချရေးလိုက်တာပဲ… သူငယ်ချင်းတွေ ခိုးထိုးပေးလို့ လဲ လွယ်တယ်လေ… ဟိဟိ… ကျောင်းပြီးတော့ မဖြစ်သေးပါဘူး လက်မှတ်တခုတော့ ထိုးတတ်အောင်ကျင့်ဦးမှပဲဆို အပြတ်ကျင့်ထားတာတောင် ဒီလက်မှတ်ပဲ ထွက်တယ်… ကြုံမှ လက်မှတ်ထိုးပြမယ်နော်… တကယ်လို့ သာ သက်ဝေဇာတ်လိုက်ကျော်သာ တို့ လက်မှတ်မြင်ရင် အတော်ကို ရှုံ့ မဲ့သွားမှာပဲ….

    ReplyDelete
  19. ခုတလော ဗုဒ္ဓဘာသာကို စော်ကားမော်ကား လုပ်တာတွေ များလာသလိုဘဲ ဟိုတလော ဗုဒ္ဓ ရုပ်ထုကို ၀ိုင်းပြီး နမ်းနေတဲ့ပုံတွေထွက်လာပြီး ခု Mac book တို့ Ipop တို့ထုတ်တဲ့ APPLE က သူ့ကြော်ငြာမှာ ထပ်ပြီးစော်ကား ပြန်ပြီ ငြိမ်ခံမလား ပြန်ပြောမလား သူ့ product တွေကိုရိုက်ချိုးမလား အောက်ကလင့်မှာ သွားကြည့်ကြပါ http://www.fastcompany.com/blog/gizmodo-staff/gizmodo/important-message-about-apple-industrial-design-jon-ive-blockquote

    ReplyDelete
  20. အရှည်ကြီးပဲ နောက်တခေါက် ပြန်လာပြီး ဖတ်ဦးမယ်။ အရေးအသားကို စမ်းစစ်ချင်လို့

    ReplyDelete
  21. ဇာတ်လမ်းတစ်ပုဒ်လုံးကိုက လက်မှတ်လေးအတိုင်းပါပဲ။ နှစ်နှစ်ခြိုက်ခြိုက် ဖတ်သွားပါတယ် အစ်မသက်ဝေ...

    ReplyDelete
  22. ကိုယ်ကတော့ လူတယောက်ကို စိတ်ဝင်စားရင် သူ့ရဲ့ လက်ရေးနဲ့ လက်မှတ်တွေကို ကြည့်ဖို့လဲ စိတ်ဝင်စားမိတယ်... အဲဒီ လက်ရေးလေးတွေနဲ့ လက်မှတ်လေးတွေဟာ သူတို့ရဲ့ ရင်ထဲက ပုံရိပ်တွေကို တစေ့တစောင်း ဖေါ်ပြနေတယ်လို့လဲ ခံစားရလို့ပါ။

    ဒီပိုစ့်လေးကို ရေးဖို့ အတွေးရသွားတာက ကိုယ့်အတွက် ညီမလေးလို သူငယ်ချင်းလို ချစ်ခင်ရသူ တယောက်ရဲ့ လက်မှတ်ကလေးကို သိပ်မကြာသေးတဲ့ ရက်ပိုင်းလေးကမှ အမှတ်မထင် တွေ့လိုက်ရလို့ပါ။
    ကိုယ်တို့ နှစ်ယောက် ရင်းရင်းနှီးနှီး နီးနီးကပ်ကပ် ရှိနေခဲ့ကြတာ ၇ နှစ်ကျော်ပြီ...။ အပြင်တွေ အတူတူ သွားလိုက်ကြ အတူတူ စားလိုက်ကြ၊ ဖုန်းတွေပြောလိုက်ကြ၊ အချိန်မရှိ အချိန်ရှိလဲ အွန်လိုင်းမှာ စာရိုက်လိုက်ကြ၊ မေးလ် ပို့လိုက်ကြနဲ့ နေခဲ့တယ်ပေါ့...။

    ဒီလို ရုပ်ဝတ္ထု ပစ္စည်းတွေ လွှမ်းမိုးတဲ့ ကာလကြီးမှာ သူ့ရဲ့ လက်ရေးနဲ့ လက်မှတ်လေးကို တွေ့ဖို့ရာ အကြောင်းမကြုံကြိုက်ခဲ့လို့ အရင်က မတွေ့ဖူးဘူး။ သိပ်မကြာသေးတဲ့ နေ့ကမှ တွေ့ခဲ့ရတာ...။ (သူ့လက်မှတ်လေးက Very neat & tidy ပါ...)

    သူ့ လက်မှတ်လေးကိုတွေ့တော့ ပြောမိတယ်...
    “ကျုပ် ရှင့် လက်မှတ်လေးကို အခုမှတွေ့ဖူးတာ နော်...” လို့။ ဒီတော့ သူက ပြန်ပြောတယ်...
    “ဟုတ်တယ်လေ သူများတို့ နှစ်ယောက်က စာချုပ်မှာ လက်မှတ်မှ အတူ မထိုးဘူးတာ...” တဲ့...း))

    အဲဒီကနေ ဆင့်ပွားတွေးမိတော့ ဒီပိုစ့်လေး ရလာပါတယ်...။ လက်မှတ်ပိုင်ရှင်လေးနဲ့ အတူ ဒီပိုစ့်လေးကို လာဖတ်ရင်း မှတ်ချက်ရေးသွားကြသူများ အားလုံးကို ကျေးဇူး အများကြီး တင်ပါတယ်...။

    ReplyDelete
  23. ရေးထားတာ ညက်နေတာပဲ ။ ဖတ်လို့ကောင်းလိုက်တာ... ရေးတဲ့အထဲ မျောပါသွားတယ် ... အော် ဇာတ်လမ်းက ဒီလိုကိုး ...

    ReplyDelete
  24. Hi MaTWai,
    You got this idea from your friend's signature. Your friend may be Blogger Pandora.

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...