Friday, November 25, 2011

ဆောင်းအိပ်မက်


ဒီနေ့ အိမ်ပြန်နောက်ကျတယ် အပြန်လမ်းတလျှောက်မှာ စောစောမှောင်တတ်တဲ့ ဆောင်းညနေတွေကို သတိရလာတာ အိမ်အဝင်ဝမှာ ယုယစရာ မလိုပဲ အရွက်စိမ်းတွေ ဝေနေတဲ့ သစ်ပင် စိမ်းစိမ်းနှစ်ပင်က ဆီးကြို နှုတ်ဆက်တယ် ဘေးနားက ဖိနပ်စင်မှာတော့ ပန်ဆယ်လ်ဟီးလ် ချွန်မြမြ နဲ့ လေဒီရှုး နက်ပြောင်ပြောင်တွေ အဲဒီ ဖိနပ်စင်ဟာ အိမ်မှာနေတဲ့ လူရဲ့အမျိုးအစားနဲ့ အသက်အရွယ် အဆင့်အတန်းကို ကိုယ်စားပြုတယ် သံဗန်းတံခါးတချပ်နဲ့ သစ်သားတံခါး တချပ်ရဲ့ အတွင်းဖက်မှာ လူးလာခေါက်ပြန် ပြေးလွှားနေကြတဲ့ ရွှေငါးတွေကို လေးထောင့်စပ်စပ် မှန်ကန်နဲ့ ထည့်ထားတယ် အနေကျဉ်းကျပ်ပေမယ့် အချိန်မှန်မှန် အစာစားနေရတဲ့ သူတို့ဘဝဟာ ဝမ်းသာစရာ မကောင်းပေဘူးလား ငါးကန်အပေါ်က နံရံမှာ အင်းလေးရေပြင် အပြာရောင်နဲ့ တိမ်လိပ်ဖြူဖြူတွေပါတဲ့ မှန်ဘောင်သွင်း ဓါတ်ပုံခပ်ကြီးကြီးတခု ချိတ်ဆွဲလို့ တချက်ကလေးမှ မငြိမ်ပဲ အစဉ်ရွေ့လျားနေပြီး လှပသလောက် အပြောင်းအလဲ မြန်တတ်တဲ့ တိမ်တိုက်တွေကို အခုလို မှန်ဘောင်ထဲ ထည့်ပြီး ထိန်းချုပ်ထားနိုင်တာ ကျေနပ်စရာပဲ ဧည့်ခန်းမှာ ချထားတဲ့ အညိုရောင် သားရေ ဆိုဖါ ခပ်ကြီးကြီးတွေဟာ ဈေးကြီးသလောက် အသုံးမကျတာ သေချာတယ် သူတို့ အသုံးမကျလို့သာ သူတို့ရှေ့မှာ ချခင်းထားတဲ့ နက်ပြာရောင် ကြမ်းခင်း ကော်ဇောတွေ တဖြည်းဖြည်းနဲ့ အမွေးတုံး အရောင်လွင့်လာခဲ့တာ တကယ်ဆိုရင် အခုလို ညအချိန်မျိုးမှာ ဧည့်ခန်းထဲက ရုပ်မြင်အသံလွှင့်စက်မှာ ဟေမာနေဝင်းရဲ့ စပါယ်တွေ ပွင့်ပြီ မောင် ဒါမှမဟုတ် Micheal Buble ရဲ့ Home လိုမျိုး သာယာငြိမ့်ညောင်းတဲ့ သီချင်းသံ ခပ်တိုးတိုးလေး ထွက်နေသင့်တယ်လို့ မထင်ဘူးလား အခုတော့ ကမ္ဘာအရပ်ရပ်က အနိဌာရုံမြင်ကွင်းတွေက စက္ကန့် မိနစ်တိုင်းကို လွှမ်းမိုးလို့ တော်ပါတော့ လို့ တီးတိုးရေရွတ်ရင်း အဝေးထိန်းခလုတ်ကို နှိပ်လိုက်တယ် သွေးစက်တွေနဲ့ လွတ်ရာ လွတ်ကြောင်းကို ရှာနေကာမှ ထမင်းစားခန်းက စားပွဲပေါ်မှာ မီးမညှိရသေးတဲ့ အနီရဲရဲ ဖယောင်းတိုင် သုံးတိုင် တွေ့တယ် အရည်ပျော် လောင်ကျွမ်းစေချင်တဲ့ တနေ့မှာ အားလုံးကို မီးပုံရှို့ပစ်မိမှာပဲ ထမင်းစားပွဲပေါ်မှာ မနက်က သောက်လက်စ အနက်ရောင် ကော်ဖီတခွက် အေးစက်နေတယ် ထမင်းစားခန်း နံရံ မှန်ချပ်တွေကြားကနေ အိမ်မြှောင်တကောင် ခေါင်းပြူပြီး ထွက် နှုတ်ဆက်တာ တွေ့လိုက်ရတယ် အသည်း အေးကနဲ ဖြစ်သွားတယ် သူ့ကို ကျွေးထားတဲ့ ထမင်းလုံးနည်းနည်းပါတဲ့ ပန်းကန်ပြားလေးကို သူ့ဖက်ကို တိုးပေးလိုက်တယ် ကျေနပ်ပါနော် ထမင်းစားခန်းက မီးရောင်တချို့ဟာ ထမင်းချက်တဲ့ မီးဖိုအနားကို မသပ်မရပ် ဖြာကျလို့ ဖြစ်သလို ခေါက်ပြီး တင်ထားတဲ့ လက်သုပ်ပုဝါအနားမှာ အိမ်မြှောင် ဒါမှမဟုတ် ပိုးဟပ်တကောင် ရှိမနေနိုင်တာ သေချာလား အမှောင်ကို ကြောက်တတ်လို့ မီးဖိုခန်းကို ချက်ချင်း မျက်နှာလွှဲလိုက်တယ် ပြူတင်းပေါက်ကတဆင့် အိမ်အပြင်ဖက်ကို လှမ်းကြည့်လိုက်တော့ မလှမ်းမကမ်းက သစ်တောအုပ်တွေအဆုံးမှာ မီးပွင့်တချို့က လင်းတခါ မှိန်တလှည့်နဲ့ ကြယ်မစုံတဲ့ လမိုက်ညရဲ့ ကောင်းကင်ကတော့ မှိုင်းမှောင်လို့ ဘုရားစင်မှာ ပူဇော်ထားတဲ့ ဆီမီးတောက်တွေက လေအဝှေ့မှာ ဘယ် ညာ ယိမ်းထိုး ကခုန်နေကြတယ် သူတို့နဲ့ထပ်တူ စည်းချက်ညီညီ လိုက်ပါ ကခုန်နေကြတဲ့သူတွေကတော့ ဘုရားပန်းအိုးထဲက အဖြူရောင် နှင်းဆီပွင့်ချပ်တွေ ဒါဟာ ကဗျာတပုဒ်ပေါ့ ဘယ်သူငြင်းမလဲလို့ တိုးတိုးလေး ညည်းမိသွားတယ် ငရဲတော့ မကြီးတန်ကောင်းပါဘူးလေ တွေးရင်းနဲ့ စိတ်ထဲကနေ ဦးသုံးကြိမ် ချလိုက်တယ် မှောင်မိုက်ပြီး တိတ်ဆိတ်နေတဲ့ ညအချိန်မှာ တချက်ချက်မြည်နေတဲ့ နာရီဟာ မနက် သုံးနာရီကို ညွှန်ပြနေတယ် မနက် သုံးနာရီဆိုတာ ည အိပ်ရာဝင်ဖို့ နောက်ကျနေသလောက် မနက် နိုးထဖို့ဆိုရင် တဆိတ်တော့ စောနေသေးပြန်တယ် အမှန်ကတော့ အိပ်ဖို့ကောင်းပြီ အိပ်ခန်းထဲကို လှမ်းအဝင်မှာ လေအေးပေးစက်ရဲ့ အငွေ့တွေက အေးစက်စွာ ကြိုဆိုတယ် ဆောင်းရာသီမှာ အေးတဲ့ အေးပုံအေးနည်းနဲ့ ဆင်ဆင်တူတယ် ဒါကတော့ ဆောင်းအတုပေါ့ လေငွေ့အေးအေးနဲ့ အတူတူ နှင်းပွင့် နှင်းစက်တွေ ကျလာရင် သိပ်ကောင်းမှာပဲလို့ တောင့်တရင်း အိပ်ရာထဲ ဝင်ခဲ့တယ် စောင်ကို တကိုယ်လုံး လုံအောင် ဆွဲခြုံလိုက်တယ် ဂွမ်းစောင်ထူထူရဲ့ အနွေးဓါတ်ကို ကျေကျေနပ်နပ်ခံစားရင်း မျက်ခွံတွေ လေးလာပြီး ခဏအကြာမှာ အိပ်မက်မက်တယ် ကန်ထဲမှာ လှောင်ထားတဲ့ ရွှေငါးတွေက မှန်ချပ်နောက်မှာနေတဲ့ အိမ်မြှောင်တကောင်နဲ့အတူတူ ထမင်းစားပွဲပေါ်မှာ တပျော်တပါး သီဆို ကခုန်နေကြ မှန်ဘောင်သွင်းပြီး ထိန်းချုပ်ထားတဲ့ တိမ်တိုက်တွေက ရုန်းရင်းဆန်ခတ်နဲ့ အပြင်ဖက်ကို သူ့ထက်ငါ အလုအယက် တိုးထွက်လာပြီး နှင်းတွေအဖြစ်နဲ့ တဖွဲဖွဲရွာချ အဲဒီနှင်းမိုးတွေ အောက်မှာ သိုးမွေးခေါင်းစွပ်ကို နားရွက်လုံအောင် ဆောင်းပြီး လမ်းပေါ်မှာ ခပ်သုတ်သုတ် လျှောက်အသွား လက်ထဲမှာ ကိုင်ထားတဲ့ နှင်းဆီဖြူတွေဆီက နီစွေးစွေး ဖယောင်းစက်တွေဟာ ဖြူဖွေးနေတဲ့ နှင်းတွေပေါ်ကို အဆက်မပြတ်ကျလို့…



11 comments:

  1. ဆောင်းအိမ်မက် အက်ဆေးလေး ဖတ်လို့ကောင်းတယ်အမ... ကြိုက်တယ်...

    ReplyDelete
  2. စာရေးကောင်းတဲ့ သက်ဝေရဲ့ လက်ရာတွေ မဂ္ဂဇင်းတွေမှာ တွေ့လို့ သိပ်ဝမ်းသာတယ် အဲဒီစာအုပ်တွေ ၀ယ်သိမ်းထားတယ် တစိုက်မတ်မတ် စာရေးပါ သက်ဝေ အမြဲတန်း အားပေးနေပါ့မယ်

    ReplyDelete
  3. ဖတ်ရင်းနဲ့ချမ်းနေတယ်ဗျိုး၊ကျေးဇူးအထူးတင်ရှိကြောင်းပါ...:)

    ReplyDelete
  4. ဆောင်းအတုထဲမှာ မက်တဲ့ အက်ဆေးလေး သဘောကျတယ် မသက်ဝေ..၊ မအိပ်ခင်မှာ တွေ့ခဲ့တဲ့ ဝတ္ထုပစ္စည်းတွေဟာ အိပ်မက်ထဲမှာတော့ ယုတ္တိဗေဒ နယ်စပ်မျဉ်းကို ဖြတ်ကျော်သိမ်းပိုက် လိုက်တဲ့ နိမိတ်ပုံလေး လှတယ်၊ ကယောက်ကယက် မဆန်တဲ့ ချစ်စရာ ဆောင်းအိပ်မက်လေး ပါပဲ...။

    ReplyDelete
  5. အက်ဆေးလေးမိုက်တယ် ၀ါကျတစ်ကြောင်းတစ်ကြောင်းကို အရှည်ကြီးရေးထားတယ်....မမသက်ဝေရဲ့ အက်ဆေးကောင်းကောင်းမဖတ်ရတာကြာပီ ခုမှပဲ ....။

    ReplyDelete
  6. ဆောင်းကို လွမ်းနေတဲ့သူတစ်ယောက်.. ဆောင်းအိပ်မက်ကိုဖတ်လိုက်ရတော့.. ကျနော်လဲ ဒီနေ့ည ဆောင်းအိပ်မက်တွေကို မက်ကြည့်ချင်လိုက်တာ..

    ReplyDelete
  7. ဆောင်းအိပ်မက်လေး ဖတ်လို့ကောင်းလိုက်တာ။။
    ဒီခံစားချက်လေး ရန်ကုန်မှာနေတုန်းက ဖြစ်ခဲ့ဖူးတယ်..
    ဂွမ်းစောင်အထူကြီးခြုံလောက်အောင် အေးတဲ့ ဆောင်းကို အရမ်းတမ်းတမိတာ။ ကချင်ပြည်နယ်မှာက ဆောင်းဆို အေးတယ်လေ
    ရန်ကုန်ဆောင်းက ဆောင်းမှန်းတောင် မသိသာတဲ့ဆောင်း။ ဒါကြောင့် အေးတဲ့ဆောင်းကို သိပ်လိုချင်ခဲ့တာ။
    ခုတော့လည်း ဆန္ဒတွေပြည့်ပါပြီ.. ဒီစာလေးဖတ်နေချိန်မှာ ဂွမ်းစောင်ထူကြီးကို ခြုံပြီးဖတ်နေတာ အစ်မသက်ဝေရေ..

    ReplyDelete
  8. မျက်လုံးထဲမှာနှင်းတွေကိုမြင်ရပြီး
    အေးချမ်းတဲ့အရသာကိုခံစားလိုက်ရတယ် မမသက်ဝေ

    ReplyDelete
  9. မှန်ဘောင်သွင်းပြီး ထိန်းချုပ်ထားတဲ့ တိမ်တိုက်တွေက ရုန်းရင်းဆန်ခတ်နဲ့ အပြင်ဖက်ကို သူ့ထက်ငါ အလုအယက် တိုးထွက်လာပြီး နှင်းတွေအဖြစ်နဲ့ တဖွဲဖွဲရွာချ အဲဒီနှင်းမိုးတွေ အောက်မှာ သိုးမွေးခေါင်းစွပ်ကို နားရွက်လုံအောင် ဆောင်းပြီး လမ်းပေါ်မှာ ခပ်သုတ်သုတ် လျှောက်အသွား ....
    ဘေးနားမှာ some one ထီးလာမိုးပေးရမှာပေါ့...ဟင်းဟင်း

    ReplyDelete
  10. အစ်မ သက်ဝေကရေးတတ်လိုက်တာ။
    အိမ်မြှောင်အဖွဲ့လေးကြိုက်တယ်။
    "မှန်ချပ်တွေကြားကနေ အိမ်မြှောင်တကောင် ခေါင်းပြူပြီး ထွက် နှုတ်ဆက်တာ တွေ့လိုက်ရတယ် အသည်း အေးကနဲ ဖြစ်သွားတယ် သူ့ကို ကျွေးထားတဲ့ ထမင်းလုံးနည်းနည်းပါတဲ့ ပန်းကန်ပြားလေးကို သူ့ဖက်ကို တိုးပေးလိုက်တယ် ကျေနပ်ပါနော်"

    ညီမတော့ အက်ဆေးလေး ဖတ်ပြီး ကျေနပ်သွားပြီ။

    ReplyDelete
  11. စကားလုံးများနှင့်အတူ၊ ဆောင်းအိပ်မက်ထဲမှာ နစ်မြုပ်လျှက်....။ ချစ်စရာ အက်ဆေးချိုချိုလေး...။

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...