Wednesday, March 7, 2012

နှောင်ကြိုးမဲ့စွာ


လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်က ကျွန်မ အမှားတခု ပြုခဲ့မိပါတယ်။ အဲဒီအမှားကတော့ မစဉ်းမစား မဆင်မခြင်နဲ့ ရှေ့ရှေ့နောက်နောက် မတွေးပဲ ဘယ်သူ့ကိုမှ မတိုင်ပင်ပဲ ကြက်တူရွေး တကောင် မွေးခဲ့ခြင်းပါပဲ…။

သူ့ကို ကျွန်မ စတွေ့တော့ အိမ်ခြံဝက ပန်းအိုးလေး အနားမှာပါ။ ကြည်လင်တောက်ပပြီး ဝိုင်းစက်နေတဲ့ မျက်လုံးလေးရယ်၊ မိုးစိုနေလို့ ကပ်နေတဲ့ စိမ်းဝါဝါအရောင် အမွေးနုနုလေးတွေရယ်က သူ့အပေါ် ချစ်ခင်စိတ်ရော သနား ကြင်နာလိုစိတ်ကိုပါ နှလုံးသားထဲအထိ အရောက် ပေးစွမ်းနိုင်ခဲ့တာကိုး…။ ချမ်းလို့ တုန်ယင်နေတဲ့ အဲဒီ ကြက်တူရွေးလေးကို တယုတယနဲ့ ကျွန်မ အခန်းလေးထဲကို ခေါ်လာမိတယ်။ သူကလည်း မငြင်းမဆန် လိုက်လာခဲ့တယ်။ ပထမတော့ သူက ကျွန်မကို မရဲတရဲနဲ့ အကဲခတ်နေပါသေးတယ်… ခဏကြာတော့မှ ကျွန်မဆီမှာ သူ့ကို ရန်မူမယ့် ဒုက္ခပေးမယ့် အရိပ်အယောင်တွေ မတွေ့ရတာမို့ စိတ်ချလက်ချ ရှိသွားပုံပါပဲ…။ မျက်နှာသုတ်ပုဝါ ခပ်ပါးပါးတခုယူပြီး သူ့ကိုယ်ပေါ်က ရေတွေကို သုတ်ပေးမိတယ်။ နောက်တော့ အပူငွေ့နွေးနွေးလေးနဲ့ မှုတ်ပေးရင်း သူ့အမွေးလေးတွေကို သွေ့ခြောက်စေခဲ့ပါတယ်။ အနွေးဓါတ်ကြောင့် သူ့ကိုယ်ပေါ်က အမွေးလေးတွေ ပြန်ဖွာလာတဲ့အခါမှာ သူလည်း အတော်လေး နေသာထိုင်သာ ရှိသွားပုံပေါ်တယ်… အသံအစ်အစ် ခပ်တိုးတိုးလေး တချက် ထွက်လာတယ်။ အဲဒီ အခိုက်အတန့်လေးမှာ ဝမ်းသာ ပျော်ရွှင်စိတ်နဲ့ ကျွန်မ အသံထွက် ရယ်မောလိုက်မိပါတယ်။

ပြူတင်းပေါက် ဘောင်ပေါ်မှာ နားနေရင်း မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ ကျွန်မကို ကြည့်နေတဲ့ ကြက်တူရွေးလေးကို ကျွန်မလည်း မမှိတ်မသုန် ထိုင်ကြည့်နေမိတယ်။ တဆက်တည်းမှာပဲ အသက်ရှိတဲ့ ငှက်ကလေးတကောင်ရဲ့ သတ္တဗေဒ တုန့်ပြန်မှုတွေနဲ့အတူ သူတို့ရဲ့ ပြုမူနေထိုင်ပုံ၊ သူတို့ရဲ့ သဘာဝလေးတွေကို သိချင်လာမိတယ်။ ဒါကြောင့် ဒီကြက်တူရွေးလေးကို အဖေါ်အဖြစ် မွေးထားဖို့ ကျွန်မ ဆုံးဖြတ်လိုက်ပါတယ်။ ဒီကိစ္စအတွက် ကျွန်မ ဘယ်သူ့ကိုမှ တိုင်ပင် ညှိနှိုင်းစရာ မလိုအပ်ခဲ့ပါဘူး။

သူ့ကို မွေးမယ်ဆိုတော့ သူနဲ့ လိုက်လျောညီထွေဖြစ်တဲ့ နေစရာ နေရာလေးတခု ရှာဖွေရတယ်… သူစားလို့ရတဲ့ အစားအစာလေးတွေ ပြင်ဆင်ရတယ်။ သူက ကျွန်မစားတဲ့ ပေါင်မုန့်ကို မကြိုက်ဘူး။ ဆန်စေ့လေးတွေကိုတော့ စားတယ်။ တခါက ကျွန်မ သောက်လက်စ ဖန်ခွက်ထဲက ဝိုင်နည်းနည်းကို သူ့နှုတ်သီးလေးနဲ့ ထိုးသောက်နေတာ တွေ့လိုက်ရတော့ အံ့သြတကြီး ဖြစ်သွားရသေးတာ…။ ဝိုင်အနီရဲ့ အရှိန် ခပ်ထွေထွေနဲ့ သူ ဘာတွေ ရေရွတ်မလဲ ဘယ်လို လှုပ်ရှားမလဲလို့ သတိထား စောင့်ကြည့်ပေမယ့် သူကတော့ ဘာမှ မမှားသလို အေးအေးဆေးဆေးပဲ… သူ့အတွက် ပေးထားတဲ့ လှောင်အိမ်လေးထဲ ပြန်ဝင်ပြီး ငြိမ်သွားလေရဲ့…။

အချိန်တွေကြာလာတာနဲ့ အမျှ ကျွန်မနဲ့ အဲဒီကြက်တူရွေးလေးဟာ ပိုပြီး တွယ်တာလာခဲ့ကြတယ်။ ကျွန်မ အလုပ်သွားဖို့ အိမ်ကထွက်ရင် ကျွန်မရဲ့ လက်ဖျားလေးမှာ နားလို့ နှုတ်ဆက်တတ်တယ်။ ညနေ ကျွန်မ အလုပ်က ပြန်တဲ့အချိန်တွေမှာ သူက အခန်းဝက လှောင်အိမ်လေးထဲကနေ အသံတမျိုးနဲ့ ခပ်တိုးတိုး နှုတ်ဆက်လေ့ရှိတယ်။ ကြက်တူရွေးတွေဆိုတာ စကားပြောတတ်တယ် စကားသင်လို့ရတယ်… လို့ ပတ်ဝန်းကျင်က လူတွေက ပြောကြပါတယ်။ ဒါပေမယ့် သူ့ကို ကျွန်မ စကားမသင်ဖြစ်ခဲ့ဘူး။ စကား များများပြောတတ်တဲ့သူတွေကို ကျွန်မ မကြိုက်တတ်သလို လူ ထူထူ စကားဝိုင်းတွေမှာ နှုတ်နည်းတတ်တဲ့ ကျွန်မက ကြက်တူရွေးလေးကိုတော့ စကားတွေ တော်တော်များများ ပြောဖြစ်ခဲ့တယ်။ တနေ့တာ ခံစား တွေ့ကြုံခဲ့ရသမျှတွေကို သူနားလည်သည်ဖြစ်စေ နားမလည်သည်ဖြစ်စေ တတွတ်တွတ်နဲ့ ပြောပြနေမိတယ်။ တခါတခါ သူ့ရဲ့ မျက်လုံးလေးတွေထဲမှာ ကျွန်မကို မျှဝေခံစား နားလည်တဲ့ အရိပ်အရောင်လေးတချို့ တွေ့လိုက်ရရင် ကျွန်မ ဝမ်းသာမဆုံးပါပဲ…။

ဒီလိုနဲ့ အနေကြာလာတော့ ကျွန်မဘဝရဲ့ တချို့အချိန်တွေမှာ သူ့အပြင် ဦးစားပေး၊ အလေးထားစရာ အရေးပေးဆောင်ရွက်စရာ ကိစ္စတွေ ရှိလာတယ်။ အဲဒီအခါမှာ သူ့ကို ဟိုးအရင်ကလောက် အရေးတယူ မပြုဖြစ်တဲ့ အချိန်တွေ ရှိလာတယ်။ တခါတခါမှာ သူ့ကို တယောက်တည်း အိမ်မှာထားခဲ့ရင်း ကျွန်မ မရှိတုန်း အဝေးကိုများ ထွက်ပြေးသွားလေမလား လို့ ကြောင့်ကြနေရတဲ့ ပူပန်သောကမျိုးရှိနေတတ်သလို တခါတလေကျပြန်တော့လည်း စိတ်လက်မကြည်သူတဲ့အလျောက် သူ့အပေါ် အရင်ကလို တယုတယ မနေဖြစ်ပဲ စိတ်မရှည်ဖြစ်မိတာ၊ ဖာသိဖာသာ နေမိတာ ဝန်ခံရမှာပါ။ ဒါပေမယ့် သူ့ကို ကျွန်မ သိပ်ချစ်ပါတယ်။ အနေကြာလာတာနဲ့ အမျှ သူ့အပေါ် တွယ်တာခဲ့တဲ့သံယောဇဉ်ကြိုးဟာ အလွန်တရာ မြဲမြံ ခိုင်မာနေမှန်း ကိုယ့်ကိုကိုယ် သတိထားခဲ့မိပါတယ်။

အဲဒီနောက်ပိုင်းမှာ တဖြည်းဖြည်းနဲ့ သူက ကျွန်မကို စိတ်တိုတတ်လာတယ်။ အရင်ကလို ကျွန်မအနားကိုလည်း မလာတော့ဘူး။ သူ့အနားကပ်သွားရင် သူ့အသံ အစ်အစ်လေးနဲ့ စကားမဆိုတော့ဘူး။ အသံခပ်သြသြနဲ့ ကျွန်မကို မလိုလားသလို ကျယ်လောင်စူးရှစွာ အော်တတ်လာတယ်။ မျက်လုံးအကြည့်တွေကလည်း အရင်ကလို ကြည်ကြည်လင်လင် မဟုတ်တော့ဘူး။ စူးစူးရဲရဲနဲ့ မနှစ်သက်တဲ့ အရောင်တမျိုး တောက်ပနေတယ်။ အစာကျွေးတဲ့အချိန်တွေမှာလည်း စိတ်ပါမှ စားတယ်… အရင်ကလို ကျွန်မ လက်ဖဝါးထဲကနေ ယူမစားတော့ဘူး။ အတင်းကျွေးပြန်ရင်လည်း ကျွန်မကို နှုတ်သီးနဲ့ ဆိတ်တော့ ထိုးတော့မလို လုပ်တတ်တယ်။ ကျွန်မ အလုပ်သွား အလုပ်ပြန်ချိန်တွေမှာလည်း အရင်ကလို လှိုက်လှိုက်လှဲလှဲ မကြိုဆိုတော့ဘူး… သံသယတခုခုနဲ့ မနှစ်မြို့သလို မျက်နှာလွှဲနေတတ်တယ်။ ကျွန်မ သူ့ကို စကားတွေပြောနေပေမယ့်လည်း အရင်ကလို မျက်လုံးဝိုင်းလေးနဲ့ နားမထောင်နေတော့ပဲ သူ့ဟာသူ ဟိုလျှောက် ဒီလျှောက်နဲ့…။ အဆိုးဆုံးကတော့ သူ ကျွန်မလက်ကနေ လွတ်မြောက်ဖို့၊ ကျွန်မကို ထားပစ်ခဲ့ဖို့ အချိန်ရှိသ၍ ကြိုးစားနေတာပါပဲ…။

အဲဒါကို သတိထားလိုက်မိတဲ့အချိန်မှာ ကျွန်မ တကယ်ကို ဝမ်းနည်းသွားခဲ့ပါတယ်။ သူ့ကို လွတ်လွတ်လပ်လပ် ပျံသန်းခွင့် ပေးလိုက်ဖို့လည်း ကျွန်မ အကြိမ်ကြိမ် စဉ်းစားနေခဲ့ပါတယ်။ ဒါပေမယ် ကျွန်မက အတ္တကြီးတယ် ပိုင်ဆိုင်လိုစိတ် ကြီးမားတယ် လို့ပြောရမလားပဲ…။ သူ့ရဲ့ လှောင်အိမ်တံခါးကို အချိန်တိုင်း သော့ခတ်လို့ သူ့ကို နှောင်ဖွဲ့ ထိန်းချုပ်ထားဖို့ ကျွန်မ မတရားသဖြင့် (တကိုယ်ကောင်းဆန်ဆန်) ကြိုးစားခဲ့ပါတယ်…။ ဒါပေမယ့်…

ဒါပေမယ့်… နောက်ဆုံးမှာတော့ ကျွန်မ စိတ်ကို နည်းအမျိုးမျိုးနဲ့ နှစ်သိမ့်ပြီး လပေါင်းများစွာ လက်ပွန်းတတီး အဖေါ်ပြုခဲ့တဲ့ သူ့ကို လှောင်အိမ်တံခါးကို အသာဖွင့်လို့ လွတ်လပ်စွာ ပျံသန်းခွင့် ပေးလိုက်ပါတယ်…။ ကျွန်မကို နှုတ်ဆက်သလို အသံတမျိုးပေးပြီး နောက်ကို တချက်ကလေးမှ လှည့်မကြည့်ပဲ ဟိုး မိုးကောင်းကင် အမြင့်ကြီးဆီကို တဟုန်ထိုး ပျံဝဲသွားတဲ့ ကြက်တူရွေးလေးကို ကြည့်ရင်း နာကျင်ခံခက်တဲ့ ဝေဒနာတခုနဲ့ အတူ ကျွန်မ အခန်းလေးထဲမှာ ဝမ်းနည်းစွာ ကျန်နေရစ်ခဲ့ပါတယ်။ သူ့ကို လိုတာထက်ပိုပြီး တွယ်တာမိခဲ့တဲ့ ကျွန်မ… သူ့ကို သဘာဝနဲ့ ကင်းဝေးနေစေပြီး လှောင်အိမ်လေးထဲမှာ ဖမ်းဆီး ချုပ်နှောင်ထားခဲ့မိလို့များ ကျွန်မကို စိတ်နာသွားတာလားလို့ နောင်တတွေ တလှေကြီးနဲ့… နောက်ဆုံးမှာတော့ အရာရာဟာ ကျွန်မရဲ့ ဆင်ခြင်မှုကင်းမဲ့တဲ့ အမှားတွေကြောင့်လို့ ကိုယ့်ကိုကိုယ်ပဲ အပြစ်ပုံချလိုက်ပါတယ်…။

ဘဝမှာ ကျွန်မကို နာကျင်ခံခက်စေပြီး ထိခိုက်ခံစားရစေတဲ့ လုပ်ရပ် အမှားတခုကို ပြပါဆိုရင် မစဉ်းမစား မဆင်မခြင်နဲ့ စိတ်နောက် ကိုယ်ပါ ကြက်တူရွေး တကောင် မွေးခဲ့ခြင်းပါပဲ…။ ဒါပေမယ့်လည်း တချိန်ချိန်မှာ သူ မျက်စိလည် လမ်းမှားလို့ပဲ ဖြစ်စေ… မိုးရေတွေ စိုစိုရွှဲလာလို့ပဲ ဖြစ်စေ… ကျွန်မကို သတိရ လွမ်းဆွတ်လို့ပဲ ဖြစ်စေ… ကျွန်မအနားကို သူ ပြန်ရောက်လာလေမလားလို့ မိုက်မိုက်မဲမဲ မျှော်လင့်နေဆဲပါ…။




19 comments:

  1.း( ... ငှက်တွေ ချစ်တတ်တယ်လို့ မထင်ဘူး ..

    ReplyDelete
  2. ငှက်တွေက သံယောဇဉ်လည်း မထားတတ်သလိုပဲ ... သဘာဝ သူ တို့ ဘာသာနေတာပဲကောင်းတယ် အိမ်မွေးလို့ မကောင်းဘူး

    ReplyDelete
  3. ပူမနေပါနဲ့ကြောင်တွေ take careလုပ်ပေးလိမ့်မယ်
    :)

    ReplyDelete
  4. အဲ့ဒါကြောင့် ဘာ ကောင် မှ မမွေးချင်တာ :P
    ဒါပေမယ့် တစ်ချို့ ကြက်တူရွေးလေးတွေက ထွက်မပြေးသွားဘူးနော်။




    နောင့်

    ReplyDelete
  5. ရွှန်းတူရွေးလေး လာပါတယ် =)

    ReplyDelete
  6. ကြက်တူရွေးလေးက အထီးလေးထင်တယ် ..အတွင်းထဲမျာနေသားကျနေရာက အပြင်ထွက်ချင်တဲ့ စိတ်ရှိတာ သိပ်သတ္တိရှိတာဘဲ ...............................

    ReplyDelete
  7. သံယောဇဉ်ဆိုတာတော့..
    မထားတာအကောင်းဆုံးဘဲအစ်မ..းD


    ချစ်ခင်လျှက်
    မိစံ

    ReplyDelete
  8. ကြက်တူရွေးလေးအကြောင်းက ကဗျာဆန်လှချည့်။
    ♪ ♫ ဒီနှောင်ကြိုး... မိ.. သူ ♪ ♫

    ReplyDelete
  9. ငှက်ဆိုတာပျံနေရမှပျော်တဲ့အမျိုးလေ... သူကလေးပျော်သွားပေမဲ့ ကိုယ်ကလွမ်းပြီးကျန်နေခဲ့ရော..

    ReplyDelete
  10. ငယ်ငယ်ကမွေးဖူးတယ်...
    အိမ်ထဲမှာ E တွေ ပါပါချလို့..စိတ်နာသွားလိုက်ထှာ ဆိုတာ..

    ReplyDelete
  11. အစ်မသက်ဝေရဲ့ လွမ်းစရာပို့စ်မှာ ဘာတွေ လာရေးမိ

    ReplyDelete
  12. သံယောဇဉ်ကြီးတာ အမှား မဟုတ်ပါဘူး။ လွမ်းစရာရှိတော့လည်း လွမ်းဦးပေါ့။ အလွမ်းကနေ ဒီပို့စ်လေးဖြစ်လာတာက အမြတ်ပဲ..။း)
    ခင်မင်သော သတိုး

    ReplyDelete
  13. နှောင်ကြိုးကနေ ကင်းလွတ်ခွင့်ပေးလိုက်တာ
    မှန်ကန်တဲ့အလုပ်ပါ မသက်ရေ။
    သံယောဇဉ်တွေရစ်ပတ်နေသမျှ
    ဒီသံသရာကရုန်းထွက်ဘို့မလွယ်ဘူးကွယ်။
    ကြည်လင်အေးမြတဲ့စိတ်ဓာတ်အမြဲပိုင်ဆိုင်ခွင့်ရပါစေ။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  14. ပုံရိပ်March 8, 2012 at 12:54 PM

    အချိန်တန်တော့လည်း အဝေးကို ပြန်သွားကြစမြဲပါ။

    ReplyDelete
  15. ညီမလေးMarch 8, 2012 at 2:44 PM

    နှောင်ကြိုးတွေဟာ တခါတခါ - - -

    ReplyDelete
  16. ဖတ်ပြီး ရင်ထဲထိသွားတယ် အစ်မသက်ဝေရေ..
    ညီမလည်း ကြောင်ကလေးတစ်ကောင် မွေးခဲ့ဘူးတယ်
    ကိုယ်ကတော့ ချစ်လိုက်ရတာ
    နောက်ဆုံးတော့ သူတို့က ကိုယ့်ကို ထားသွားခဲ့တယ်
    အဲဒီနောက် ဘယ်တော့မှ အကောင်လေးတွေ မမွေးဖြစ်တော့ဘူး
    သံယောဇဉ်ဆိုတာမျိုးက တွယ်ငြိရင် ဖြတ်ဖို့ခက်သားနော်.
    အစ်မရေးထားတာလေး ဖတ်လို့ကောင်းလိုက်တာ

    ReplyDelete
  17. ကြက်တူရွေးအပေါ်ထားတဲ့ သံယောဇဉ်ကို ရေးထားတဲ့ပုံများလှလိုက်တာ... အဲဒါကြောင့် မမသက်ဝေကို အရမ်းအားကျတာ အရေးအသားအရမ်းညက်တယ်...အနားမှာရှိရင် အာဘွားပေးချင်တယ်....း))

    ReplyDelete
  18. သံယောဇဉ်ဆိုတာ အဲ့လို တထပ်ထပ်ရစ်တွယ်တတ်တာ ခက်တယ်။ စွန့်ခွာသွားတာ ခံရချိန်လောက် နာကျင်ရတာ မရှိဘူး..။

    ReplyDelete
  19. သံရောဇဉ်သံယောဇဉ်..ရယ်ပါ
    ခိုင်ရင်၊သံကြိုးထက်ခိုင်ပျော့ရင်ပိုးကျိုးထက်ပျော့..

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...