Thursday, August 9, 2012

ချစ်သူ ဖတ်ဖို့ စာ


အချိန်များ တရက်ပြီးတရက် ကုန်လွန်လာခဲ့ပြီ။
ကုန်လွန်သွားခဲ့သော နေ့ရက်တွေတိုင်းမှာ အချိန်စေ့သွားလျှင် သူ့အလိုလို ထပေါက်ကွဲတော့မည့် ချိန်ကိုက်ဗုံးတလုံးကို ရှေ့တွင်ချကာ သည်အတိုင်း ထိုင်ကြည့်နေရသူတယောက်၏ ခံစားချက်နှင့် ဆင်ဆင်တူသော ခံစားချက်မျိုး ကျွန်မထံမှာ ရှိနေခဲ့သည်။

အနီးကပ်ဆုံး လူနှစ်ယောက်အကြားမှာ မသိမသာ တိုးဝှေ့ဝင်ရောက်လာသော တိတ်ဆိတ်ခြင်း၊ အေးစက်ခြင်း၊ သွေ့ခြောက်ခြင်း၊ သူစိမ်းဆန်ခြင်း စသည့် အခြင်းအရာများကို ပုံမှန်အခြေအနေသို့ ပြန်လည် ရောက်ရှိလာစေရန် ကျွန်မတို့ စကားပြောကြရလိမ့်မည်…။ အရင်အချိန်တွေတုန်းကလို လွတ်လပ်သော လှိုက်လှဲ နွေးထွေးမှုမျိုး ကျွန်မတို့အကြားကို ပြန်လည် ခေါ်ဆောင်လာဖို့ရာ ကျွန်မတို့ စကားပြောကြရလိမ့်မည်။ တအုံနွေးနွေးနှင့် မပွင့်မလင်းဖြစ်နေသော အရာများကို ရှင်းရှင်းလင်းလင်းဖြစ်သွားစေရန် ကျွန်မတို့ စကားပြောကြရလိမ့်မည်။ အနိုင် အရှုံး တွက်ချက်ရန်မလို… သို့သော် ပွင့်လင်းဖို့ လိုအပ်သည်။ သာသည် နာသည် သဘောထားရန် မလိုသော ဆွေးနွေးမှုမျိုး၊ အထင်သေး နှိမ့်ချခြင်းမဟုတ်သော ထောက်ပြ ပြောဆိုခြင်းမျိုးများအပြင် တဖက်သတ် အပြစ်တင် စွတ်စွဲ ထိုးနှက် ဝေဖန်ခြင်းမျိုး မဟုတ်သော အကြံပြု အကြံပေးမှုများလည်း လိုကောင်း လိုနိုင်သည်။ သူ့စိတ်ထဲမှာ ဘာတွေရှိနေသည်လဲ ဆိုသည်ကို မြင်သာလာအောင် စကားလမ်းကြောင်း ဖွင့်ပေးရန်၊ သူ့စကားများမှတဆင့် သူ့သဘောထားကို သေသေချာချာ စေ့ငုမိစေရန် ကျွန်မ သူနှင့် စကားပြောဖို့ အမှန်တကယ်ကို လိုအပ်နေပေပြီ…။ ဘဝတလျှောက်လုံးမှာ သူနှင့် ပတ်သက်သမျှ အရာရာကို အလိုက်သင့် အလျားသင့် လက်ခံတတ်၊ အစဉ် နားလည်ပေးနေတတ် သူတယောက် ဖြစ်သော်လည်း သည်တကြိမ်မှာတော့ ကျွန်မ ငြိမ်သက်စွာ ခြေစုံရပ်၍ မနေနိုင်ပြီ…။

ဟုတ်ပါပြီ… ကျွန်မတို့ စကားပြောကြရမည်…။
သူနှင့် ကျွန်မ မျက်နှာချင်းဆိုင် စကားပြောဆိုဖို့ရာ မည်သည့်အချိန်က အကောင်းဆုံးဖြစ်မည်လဲ…။ သေချာသည်ကတော့ နှစ်ဦးသား တူညီစွာ အားလပ်မည့် ညနေခင်းအချိန်တွေမှာပဲ ဖြစ်ဖို့များမည်…။ သို့ဆိုလျှင်… သာယာသော လေညှင်း နော့နော့ တိုက်ခတ်သည့် ညနေခင်းများမှာ စိမ်းမြမြ မြက်ခင်းပြင်ကျယ်ကို မျက်နှာမူ၍ လက်ချင်း ချိတ်တွဲကာ လမ်းလျှောက်နေစဉ် အချိန်မျိုးမှာလား… ပင်လယ်ကို ဖြတ်တိုက်လာသော လေကို မျက်နှာမော့ကာ တဝကြီးရှိုက်သွင်းလိုက်သော အချိန်မျိုးမှာလား… လမ်းလျှောက်ရာမှ အပြန် မီးရောင် ညိုဝါဝါအောက်မှ ညစာ ထမင်းဝိုင်းမှာ ဝိုင်နီတခွက်ကို သူ့လက်ထဲ ကမ်းပေးရင်း စကား စရမှာလား… ညစာ စားပြီးချိန်များမှာ ထုံးစံအတိုင်း သူ့ပုခုံးမှာ နွဲ့မှီရင်း ရုပ်ရှင်တကားကို အတူတူကြည့်နေစဉ် အချိန်မျိုးမှာ စကားစလိုက်ရမှာလား…။ ဒါမှမဟုတ်… မီးရောင် ပြာလဲ့လဲ့ဖြင့် လှပနေသော အိပ်ခန်း… ဟင့်အင်း… သည်လိုတော့လည်း မဖြစ်နိုင်ပြန်…။ ကျွန်မ သူ့ကို စကားပြောချိန်များမှာ သူ ပျော်ရွှင်နေသလား… သူ စိတ်ညစ်ညူးနေသလား… သူ လက်ခံချင်ရဲ့လား… သူ နားထောင်ချင်ရဲ့လား… သူ တုံ့ပြန်ချင်ရဲ့လား… စသည့် သူ့ စိတ်အစဉ်ကို သူ့မျက်နှာပေါ်မှာ၊ သူ့ မျက်လုံးများထဲမှာ ကျွန်မ ဖတ်ရှုရန် မလွဲမသွေ လိုအပ်နေဦးမည်လေ…။

နောက်တခုက သူ့ ထံမှ တုံ့ပြန်စကားကိုလည်း ကျွန်မ မေ့ထား၍ မဖြစ်ပြန်ချေ။ ပြောရလျှင် သူက သွေးအေးတတ်သူ၊ ရေငုံနှုတ်ပိတ်တတ်သူ၊ ခွန်းတုန့်ပြန်ဖို့ နှုတ်နှေးတတ်သူ၊ ထိပ်တိုက်မတိုးပဲ တိတ်တဆိတ် ရှောင်ဖယ်တတ်သူ…။ ကျွန်မက သွေးပူတတ်သူ၊ ဟောဟောဒိုင်းဒိုင်း ပြောဆိုတတ်သူ၊ မကျေနပ်လျှင် မကျေနပ်သလို ခပ်ရမ်းရမ်း မြည်တွန် တောက်တီးတတ်သူ၊ စိတ်ရင်း စေတနာမှန်သော်လည်း နှုတ်ထွက် မချိုသာတတ်သူ၊ စကားလုံး လှလှ မရွေးတတ်သူ…။ သို့သော်လည်း အခုကိစ္စမှာတော့ သည်လိုကိုင်တွယ်ဖို့ရာ မလွယ်ကူလှမှန်း ဖာသာ သိနေခဲ့သည်။

ကျွန်မ စဉ်းစားနေရသည်...။ သည်အတိုင်းတော့ မဖြစ်... မပြောလို့ လုံးဝ မရ…။ တနည်းနည်းနှင့် ပြောတော့ ပြောမှ ဖြစ်မည်။ စကားဖြင့်ပြောလျှင် အလိုမကျသံ၊ အားမလို အားမရသံ၊ အပြစ်တင်ချင်သောအသံ၊ စိတ်လက် မရှည်သောအသံ၊ စိတ်ထိခိုက် ဝမ်းနည်းသံ… နောက်ဆုံးမှာ စိတ်ဆိုး ဒေါသသံ... စသောအသံများ ဘယ်လိုနည်းနှင့်မျှ မပါဝင်ပါ ဟု အာမခံနိုင်ပါမည်လော။ မသေချာပါ... တကယ်ကြီးကို မသေချာပါ...။

ချာချာလည်နေသော အတွေးများအဆုံးမှာ ပြောစရာရှိသည်များကို စာဖြင့်သာ ရေးသားပြောဆိုရန် ဆုံးဖြတ်လိုက်တော့သည်။ နှုတ်တရာ စာတလုံး ဟူသော စကားကို ကျွန်မ သတိရတော့ နောက်ကျိနေသော စိတ်အစဉ်ကြားမှာပင် ပြုံးမိသေးသည်…။ စကားကျွံလျှင် နှုတ်မရ ဟုသော စကားကို သတိရမိပြန်တော့ စာရေးဖို့ ပိုပို သေချာခဲ့ရသည်…။ မည်သို့ပင် ဖြစ်စေ ကျွန်မ စာ စ ရေးတော့မည်…။

ကျွန်မ ရေးသားထားသော စာထဲတွင် ကျွန်မ၏ ရင်ထဲမှ ထုထည်ကြီးမားသော ချစ်ခြင်းမေတ္တာနှင့် စေတနာတို့ကို မြင်နိုင်စေရမည်…။ ကျွန်မ၏ နှလုံးသားထဲမှ ဂရုဏာစိတ်လွှမ်းသော ကြင်နာခြင်းများကို မြင်နိုင်စေရမည်…။ ကျွန်မ၏ အတွေးများထဲမှ သင့်တင့်မျှတ၍ မှန်ကန်ကောင်းမွန်သော ဝေဖန်ချက်များကို မြင်နိုင်စေရမည်…။ ကျွန်မ၏ စကားလုံးများထဲမှ သာယာနာပျော်ပြီး နားခံသာသော အပြစ်တင်စကားများကို မြင်နိုင်စေရမည်…။ ကျွန်မ၏ အပြောများထဲမှ ငြင်းဆန်နိုင်စရာ မရှိသော အကြံပြုချက်များကို မြင်နိုင်စေရမည်…။

စကားဖြင့် ပြောလျှင် ပြင်မရ နှုတ်မရသော အမှားအယွင်းများ ပါသွားနိုင်သော်လည်း စာဖြင့် ရေးရသည့်အခါ မှာတော့ အဆင်ပြေလှသည်။ စကားလုံး အသုံးအနှုန်းများကို သင့်တော်အောင်၊ ချောမွေ့အောင် စိတ်တိုင်းမကျမချင်း ပြင်ဆင် စစ်ဆေးနိုင်သည်မှာ စာဖြင့် ရေးသား ပြောဆိုရခြင်း၏ အားသာချက်ဖြစ်သည်။ ထိုစာကို ကျွန်မ ရေးသားနေစဉ်အချိန်မှာရော၊ ရေးသားပြီးသွားသောအခါမှာပါ အထပ်ထပ် အပြန်ပြန် အလှန်လှန် ဖတ်ရှုကာ စကားလုံးတို့ သိုသိုသိပ်သိပ်ဖြစ်စေရန်၊ မလိုအပ်သော ဇာတ်ဆန်ခြင်းတို့ ပါမသွားစေရန်၊ ချွန်မြသော ထိုးနှက်ချက်များ ပါမသွားစေရန်၊ သူစိမ်းဆန်သော ခါးသီးခြင်းများ ပါမသွားစေရန်၊ စာဖတ်ရသူ၏ ကိုယ် စိတ် နှလုံး သုံးပါးစလုံး စိုးစဉ်းမျှ နာကျင်ထိခိုက်ခြင်း အလျဉ်းမရှိစေရန် အကြိမ်ကြိမ် ဂရုတစိုက် တည်းဖြတ် ပြင်ဆင်ခဲ့သည်…။

ရက်အတန်ကြာ ရေးသား ပြင်ဆင် ဖြတ်တောက် ဖြည့်စွက်အပြီးမှာတော့ ထိုစာကို ကျွန်မ စာတိုက်မှတဆင့် သူ့ထံ လှမ်းပို့လိုက်သည်…။ နောက်ထပ် ရက်အနည်းငယ်အတွင်းမှာ သူ့လက်ထဲကို ထိုစာ မလွဲမသွေ ရောက်သွားပေလိမ့်မည်။ ထိုစာကို သူဖတ်ပြီးလျှင် ကျွန်မအပေါ် မည်သို့ တုံ့ပြန်လာမည်ဆိုသည်ကို နှစ်ဦးသား အတူရှိနေနိုင်မည့် ညနေခင်းအချိန်တွေမှာ ကျွန်မ ရင်ခုန်လှိုက်မောစွာ စောင့်မျှော်နေဆဲ….

20 comments:

  1. စာလေးထဲမှာ တကယ်ဘာတွေများ ရေးထားသလဲ...
    စာလေး လက်ခံရပြီးသွားရင် သူဘယ်လိုများ တုန့်ပြန်လာမလဲ...။ စိတ်ထဲ ပုံဖော်တွေးနေမိတယ် အစ်မသက်ဝေရေ..။

    ReplyDelete
  2. သိပ်အရိပ်အကဲကြည့်ရတတ်တဲ့ လူတယောက်ရဲ့ တွေးပူမောနေတာလေး..

    ကြိုက် !!

    ReplyDelete
  3. ပြဿနာတခုခုဖြစ်လာတိုင်း စာလေးရေးပြီး ဖြေရှင်းမိတတ်တယ်။ စကားလုံးတွေနဲ့ အပြိုင်အဆိုင်ပြောပြီး ရန်ဖြစ်တဲ့ဖက်ဆီ မရောက်ပဲ ကိုယ်ဖြစ်စေချင်တာကို သူနားလည်စေချင်တဲ့ စိတ်နဲ့ စာကိုအတတ်နိုင်ဆုံး ရေးမိတယ်။ တလောက သူငယ်ချင်းတယောက်က ထုတ်ပြလာတယ် ကျောင်းတုန်းက ရေးခဲ့ဖူးတဲ့ ဖြေရှင်းစာလေးတစောင်ပေါ့။ အခုနေ ပြန်ဖတ်ကြည့်တော့ ရီစရာလေးဖြစ်နေပြန်ရော။ အဆင်ပြေပါစေလို့ ဆန္ဒပြုပါတယ်။

    ReplyDelete
  4. ကောင်းပါတယ်

    ReplyDelete
  5. နှူတ်တရာ စာတလုံး ဆိုတော့ များသောအားဖြင့် စကားနဲ့ဘဲ ဖြေရှင်းမိတတ်တယ် အမရယ် ။

    ReplyDelete
  6. စိမ်းရင့်ရင့် စာတစောင် ...

    ReplyDelete
  7. ကျွန်မသည်လည်း လူမှု့ရေး ကိစ္စများအားဆွေးနွေးသောအခါ စာဖြင့်ရေးခဲ့ဖူးသည်။
    စကားပြောလျှင် နှုတ်မရသော စကားလုံးများ ဖြစ်တတ်သွားသောကြောင့်

    ကျွန်မသည်လည်း ခုတစ်လော သူ(တစ်စုံတစ်ဦး)ဖတ်ရန်စာတစ်စောင်ရေးနေလေသည်။


    ကြည်ကြည်..း)

    ReplyDelete
  8. နောက်တခေါက် ထပ်လာဖတ်တယ် အမ ဟီးဟီး

    ReplyDelete
  9. အကောင်းဆုံးနည်းလမ်းလေးကို ရွေးချယ်သွားတယ်။ စကားဆိုတာလိုတာထက်ပိုပြောမိရင် အမှားပါတတ်သလို ရင်ထဲကဆန္ဒတွေကို စာသားနဲ့ဖော်ထုတ်တာ အထိရောက်ဆုံးလို့ ထင်မိတယ်။ ရောင်ပြန်ဟပ်မှုလေးကိုတွေးနေတယ်။
    စိတ်ဓတ်ာအစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  10. ဒီကနေဖတ်လိုက်ပါတယ်။
    ကျွန်မ စာတိုက်မှတဆင့် သူ့ထံ လှမ်းပို့လိုက်သည့်စာကို ရေးကြည့်ချင်တယ် :)

    ReplyDelete
  11. နောက်ဆက်တွဲ....သူ့ လက်ထဲ စာရေးရောက်ပြီး အဲ့ဒီစာထဲက အကြောင်းအရာလေး နဲ့ သူဘယ်လို တုန့်ပြန်မလဲ လို့ ဆက်ဖတ်ချင်သေးတယ်..ရေးပေးပါလား အမ :D


    နောင့်

    ReplyDelete
  12. စကားပွင့်ခင်း၊လေညင်းသွေးလို့
    ....စကားပန်းခင်းလေးကိုအားကျပြီးဖတ်သွားပါတယ်..
    :)

    ReplyDelete
  13. ချစ်သူက စာကို ဖတ်ပြီးရင်.. နားလည်မှု ရသွားပါစေ လို့ ဆုတောင်းပေးချင်ပါတယ်..

    ReplyDelete
  14. မောင်မျိုးAugust 10, 2012 at 10:18 AM

    လှလိုက်တာ ........... ဒီစာကို အလောတကြီးကို ဖတ်မိသွားတယ် ဘာရေးထားမလဲ သိချင်စိတ်ပြင်းသွားလို့ ....

    ချစ်သူဖတ်ဖို့စာ ကို စာဖတ်သူတွေကော ဖတ်လို့မရဘူးလား :P

    ReplyDelete
  15. Like this post much sis...

    pifpif

    ReplyDelete
  16. အဲဒီစာကိုဖတ်ချင်တာလေ....

    ReplyDelete
  17. တော်တော်ကိုဖတ်လို့ကောင်းတယ်

    ReplyDelete
  18. ဖတ်ရင်းနဲ့ ပြုံးနေမိတယ် အမသက်ဝေ...၊ ပြီးခဲ့တဲ့ လအနည်းငယ်တုန်းက အဲဒီလိုမျိုး ကာရိုက်တာရှိတဲ့၊ အဲဒီလိုမျိုး စကားပြောတတ်တဲ့ သူတစ်ယောက်က စာတစ်စောင် ပေးလာတာ ပြန်တွေးမိလို့...၊း)

    ပွင့်လင်းဖို့ လိုအပ်တဲ့ လူနှစ်ဦး အကြားမှာ တကယ့်ကိုပဲ ပွင့်လင်းမှ လျှောက်တဲ့လမ်းတွေ ချောမွေ့မှာပါ..၊ ချစ်သူဖတ်ဖို့ ရေးတဲ့ အဲဒီစာဟာ နှစ်ဦးသားအကြားက အေးခဲတိတ်ဆိတ်ခြင်းတွေကို ဖြိုခွဲပစ်နိုင်ပါစေဗျာ...။

    ReplyDelete
  19. အဲဒီစာလေးရော ဖတ်လို့ ရမလားဟင်...အစ်မ...း)

    ReplyDelete
  20. linpanaime.blogspot.comOctober 5, 2012 at 3:57 PM

    သဘောကျတယ် မရေ..........အခုတလော အဲလိုပြသာနာမျိုးဖြစ်နေတာ.....ဘယ်လိုဖြေရှင်းရမလဲမသိဆိုတော့ စိတ်ရှုတ်နေတာ...သူကသွေးအေးပြီး ပြသာနာကို ခေါင်းရှောင်တတ်သူ..ကိုယ်ကပြသာနာ တခုကိုတစချင်းဆွဲထုတ်ဖြေရှင်းချင်သူ ၂ယောက်ကြားကအခက်အခဲအတွက် လမ်းစရသွားပြီ....ကျေးဇူးအနန္တပါ....

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...