ကျွန်မ ငယ်ငယ်က တခုခုဆို သူများကို မေးမြန်းတဲ့အကျင့် အလွန်နည်းခဲ့တယ် ဆိုတာ အခုအချိန်မှာ ပြန်လည် သုံးသပ်မိလာတယ်။ ကျောင်းစာမှာရော တခြားကိစ္စတွေမှာပါ မသိတာ မရှင်းတာ နားမလည်တာများ ရှိခဲ့ရင် တယောက်တည်းပဲ စဉ်းစား တွေးတောနေတတ်တာ များတယ်။ အဖြေရတာ မရတာ အပထား တွေးတာတော့ တွေးနေတာပဲ… တွေးနေရင်းနဲ့ အဖြေရတဲ့အခါလည်းရှိသလို မရတဲ့အခါတွေမှာလည်း အဲလို မရတဲ့အတိုင်းပဲ ထားတယ်…။ သူများကို သွားမမေးတတ်ဘူး…။ ကျောင်းတက်တဲ့အချိန်တွေမှာလည်း စာမရှင်းလို့ ဆိုပြီး ဆရာ၊ ဆရာမတွေ အနား တကပ်ကပ်နဲ့ စာလိုက်မေးတဲ့သူတွေထဲ ကျွန်မ မပါဘူး။ သိသာ မသိ၊ တတ်သာ မတတ်တယ် လူကတော့ ခပ်တည်တည်ပဲ… ကျွန်မ အကျင့်က အဲဒီလိုမျိုး…။
ကျွန်မ ငယ်ငယ်က စာလည်း တော်တော်ဖတ်တယ်။ ကျောင်းစာကို ပြောတာ မဟုတ်ဖူးနော်.. အပြင်စာတွေ ပြောတာ…။ ဖတ်ရင်းနဲ့ စာထဲမှာ နားမလည်တာရှိရင် ဒီတိုင်းပဲ ထားတယ် မမေးဘူး။ တယောက်တည်း တွေးကြည့်တယ်.. နားမလည်ဘူးနော်… ဆက်တွေးတယ်… ဘယ်သူ့မှ သွားမမေးဘူး…။ တယောက်ယောက်ကို ဖွင့်မေးလိုက်ရမှာကို အင်မတန် ၀န်လေးတတ်တာ…။ အဲဒီအကျင့်ကြောင့် အခုလို မလိုလားအပ်တဲ့ ပုစ္ဆာတွေ ပေါ်လာပြီး ခေါင်းခြောက်ခဲ့ရတယ်…။ ကြည့်ပါအုံး… သိပ်ရယ်စရာကောင်းတာတွေ…
*****
ကျွန်မ ၄ တန်းနှစ်က ဖတ်ဖြစ်တဲ့ ၀တ္ထုစာအုပ်တအုပ်မှာ ဒီလို ရေးထားတယ်။ (အဲဒီစာအုပ်လေး ကျွန်မဆီမှာ အခုထိ ရှိနေပါသေးတယ်… စာအုပ်နာမည်တော့ မပြောတော့ဘူးနော်..)
“ချော်ပြုကျမနော် မရွှေစု” တဲ့…။
အဲဒီစာကြောင်းကို ကျွန်မ အခါခါ ရွတ်ကြည့်တယ်။ ချော်ပြု ကို သပ်သပ်… ကျမ (ကျွန်မလို့ အသံထွက်တယ်) နော် ကို သပ်သပ် အသံထွက်ကြည့်တယ်။ ချော်ပြု ဆိုတာ ဘာပါလိမ့်… ကျွန်မ နော် ဆိုတာ ဘာပါလိမ့်… အဲဒီစကားလုံးလေး ငါးလုံးတွဲဟာ ဘာကို ဆိုလိုပါလိမ့်လို့ တော်တော်နဲ့ တွေးလို့မရဘူး…။ အချိန်တွေ ကြာလာတော့မှ ဒါဟာ ချော် ပြု (လိမ့်ကျ) ကျအုံးမယ်နော် လို့ ပြောချင်တာမှန်း သိလာခဲ့ရတယ်။
အဲဒီစာအုပ်ထဲမှာပဲ အဓိပ္ပါယ် ဖေါ်မရတဲ့ နောက်စကားစု တခုကတော့ “ကြောင်ရင်သားကြီးဖြစ်ဖြစ် အဖေါ်ခေါ်သွားပေါ့” တဲ့…။ ဒီနေရာမှာလည်း ကြောင်ရင်သားကြီး ဆိုတာ ကျွန်မ ဘယ်လိုမှ တွေးမရပြန်ဘူး… ကြောင်သားကြီးကို ပြောချင်တာလား… ကြောင်ရင်ဆိုတာ လူနာမည်လား… ကြောင်ရင်နဲ့ သားကြီးကို တွဲဖတ်ပြီး ဘယ်လိုမှ ရှေ့ဆက်တွေးလို့မရတာ အချိန်တော်တော်ကြာတဲ့အထိ…။ နောက်မှ သွားစရာနေရာတခုအတွက် တယောက်တည်း သွားရမှာ ကြောင်ရင်… သားကြီးကို အဖေါ်ခေါ်သွားပါ လို့ ပြောချင်တာမှန်း သိလာခဲ့ရတယ်။ တကယ်တော့ ကျွန်မကိုယ်က ကြောင်လွန်းတာပါ…။
အဲဒီအခါမှာ ကျွန်မ ကောက်ချက်ချမိတာ…။ စာရေးတဲ့အခါမှာ စာကြောင်း စာလုံး အထားအသို စာစီတဲ့အခါမှာ သူ့နေရာနဲ့သူ စနစ်တကျ ခြားသင့်တဲ့စကားလုံးကို ခြားလို့၊ ကပ်သင့်တဲ့စကားလုံးကို ကပ်လို့ စီတတ်ဖို့ အတော်ကြီးကို အရေးကြီးတာပါလား လို့…။
*****
နောက်တခုကတော့ မြန်မာစာထဲမှာ အင်္ဂလိပ်စကားလုံးကို မြန်မာအသံထွက်နဲ့ ရောရေးတာ…။ ကျွန်မတို့ ခေတ်တုန်းက ငါးတန်းမှ အေ ဘီ စီ စသင်ကြရတာ ဆိုတော့ အသက် ဆယ်နှစ် ဆယ့်တစ်နှစ်လောက် ရောက်တဲ့အထိ ကိုယ်သိတဲ့ အင်္ဂလိပ်စကားလုံး အရေအတွက်က လက်ချိုးရေတွက်လို့ ရအောင်ကို နည်းပါသေးတယ်။
ဒီအချိန်မှာ ကျွန်မဖတ်ဖြစ်တဲ့ စာတအုပ်မှာ ရေးထားတာ “သူက ကျွန်တော့ကို ချဲ့လင် လာ လုပ်သည်” တဲ့…။ ပြဿနာပဲ… ချဲ့လင် ဆိုတာ ဘာကြီးပါလိမ့်လို့ ထုံးစံအတိုင်း တမျှော်တခေါ် စဉ်းစား တွေးတောတော့တာပေါ့။ သူသူ ငါငါကို မေးရမှာကလည်း ခက်… မေးရမယ့် စကားလုံးကြီးကလည်း မြင်တဲ့အတိုင်း တဆိတ်တော့ ရှက်စရာကောင်းသလိုလည်း ခံစားရပြန်သေးတယ်…။ အဲလိုနဲ့ နေလာလိုက်တာ နှစ်အနည်းငယ်ကြာမှ ဒါ Challenge လုပ်တာကို ဆိုလိုမှန်း သိတော့တယ်။ ဖြစ်ပုံ… ဖြစ်ပုံ…။
ဒီတခါကတော့ ပိုရယ်ရတယ်…။ ဖတ်ဖြစ်တဲ့ စာအုပ်တအုပ်ထဲမှာ “ဒစ်ရှင်နာရီ” ဆိုတဲ့စကားလုံးပါတယ်။ အမှန်ပြောရရင် ကျွန်မက ဒါ မြန်မာစကား မြန်မာဝေါဟာရတခုလို့ပဲ မြင်မိတယ်။ ဒီတော့ စဉ်းစားတယ်…။ အဲဒီ ဒစ်ရှင်နာရီဆိုတဲ့ စကားဟာဖြင့် ကိုယ့်အနီးအနားမှာ နေ့စဉ် ပြောဆို သုံးနှုန်းနေကျ စကားလုံးတွေ ဖြစ်တဲ့ လက်ပတ်နာရီ၊ စားပွဲတင်နာရီ၊ တိုင်ကပ်နာရီ.. အစရှိတဲ့ နာရီတွေလိုပဲ… နာရီ အမျိုးအစား တခုခု ဖြစ်ရမယ်လို့ တွေးပြီး မှတ်ထားလိုက်တယ်။ ဒါတင်ဘယ်ကမလဲ… တွေးရင်း တွေးရင်းနဲ့ ဒစ်ရှင်ဆိုတာ မြန်မာစကားတော့ မဖြစ်နိုင်လောက်၊ နာရီဆိုတာကသာ မြန်မာစကားဖြစ်တယ်လို့ ကောက်ချက်ချမိတယ်။ အဲဒီတော့ ပြီးတော့ ဒစ်ရှင် ဆိုတဲ့ အင်္ဂလိပ်စကားလုံးဖြစ်မယ်လို့ အကျအနမှတ်ယူထားတဲ့အတိုင်း နောင် ကိုယ် အင်္ဂလိပ်စာလုံးတွေ သင်ရ ကျက်ရတဲ့အခါတိုင်းမှာ ဒစ်ရှင် ဆိုတဲ့ စကားလုံးကို မှတ်မှတ်ထင်ထင် ရှာကြည့်နေမိပါသေးတယ်…။
*****
ဒီလိုစာတွေဖတ်ရင်း ကြောင်စီစီတွေ လျှောက်တွေးရုံပဲလားဆိုတော့ မဟုတ်ပါဘူး။ နားထဲ ကြားသမျှ တွေမှာလည်း နားမလည်နိုင် အဓိပ္ပါယ် မဖေါ်နိုင်တာတွေကို ဘယ်သူ့မှ မမေး မစမ်းပဲ တယောက်တည်း ထင်ချင်သလို ထင် မြင်ချင်သလိုမြင် စနစ်မျိုးနဲ့ စဉ်းစား တွေးခေါ်တတ်ပါသေးတယ်။
ကြားဖူးကြမှာပေါ့… ကော်နီ ဆိုထားတဲ့ သီချင်းတပုဒ်…။
“ဟေး မောင်ရေ.. မှန်မှန်ပြော… ဟေး မောင်ရေ… မှန်မှန်ပြော… အမြဲချစ်မှာလား မေးလိုက်မယ် မှန်မှန်ပြော…” ဆိုတဲ့ သီချင်းလေးလေ…။ အဲဒီနေရာမှာ ကျွန်မက ဘယ်လိုကြားသလဲ ဆိုတော့ “အေးမောင်ရေ မှန်မှန်ပြော… အေးမောင်ရေ မှန်မှန်ပြော…” လို့ ကြားပါတယ်။ ပြောရရင် အဲဒီအချိန်က သီချင်းတွေထဲ နာမည် ထည့်ဆိုတာ ခေတ်စားနေတဲ့ အချိန်ပါ။ ဟေမာနေ၀င်း သီချင်းလေးထဲက အရဲစွန့် ပြောပြပါရစေ… ဆိုတဲ့ ယုံလား သီချင်း နာမည်ကြီးနေချိန်…။
ဒီတော့ ကျွန်မက တွေးတယ်…။ ဟာ… တယ်ခက်ပါလား… မကော်နီရယ်… သီချင်းထဲ ထည့်ဆိုစရာ နာမည်ရှားလို့ အေးမောင် ဆိုတဲ့ မလှမပ နာမည်ကြီး ထည့်ဆိုရသလား… ပြီးတော့ အေးမောင်ရေ… အေးမောင်ရေ… နဲ့ ခေါ်နေလိုက်တာကလည်း အဆက်မပြတ်…။ တချိန်တည်းမှာပဲ ရုပ်မြင်သံကြားမှာ စနေနေ့ည တေးဂီတ အစီအစဉ်တွေမှာ တွေ့တွေ့နေရတဲ့ ဘယ်ပန်းချီရေးလို့ မမှီ သီချင်းကို ဆိုတဲ့ တိုက်ပုံ အဖြူ ပိုးပုဆိုးနဲ့ အဆိုတော် တက္ကသိုလ်အေးမောင်ကို မြင်ယောင်မိပြန်တယ်။
အဲဒီတော့ ပိုခက်သွားတယ်… ကော်နီက အဆိုတော် အချင်းချင်း ဖြစ်တဲ့ ဒီလူကြီးကို ခေါ်တာပဲ ဖြစ်ရမယ်… ကြည့်ပါအုံး… သူ့ ဦးလေးလောက် အဖေလောက် အရွယ်ကြီးကို အေးမောင်ရေ… အေးမောင်ရေ… နဲ့ အော်အော် ခေါ်ပြီး ဆိုနေလိုက်တာ…။ အဲသည်လို တွေ တွေးပြီး နားမလည်နိုင်ဖြစ်နေတာ အချိန်တွေ တော်တော်ကြာပါတယ်။ နောက်မှ ဟေး မောင်ရေ လို့ ဆိုမှန်း သိတော့တာ…။ အဲဒီခေတ်တုန်းက အခုလို စာတမ်းထိုး ကာရာအိုကေ အခွေတွေ မရှိသေးတော့ ကျွန်မ အဲဒီလို တလွဲတွေ ကြား တလွဲတွေ တွေးတတ်တာ မလွန်ပါဘူးနော်…။
နောက်သီချင်းတပုဒ်ကတော့…
“တို့များလည်း အားကျပါရဲ့ မင်းလိုပုံနှယ်… တောင်ပံလေးများ ရနိုင်ရင်တော့ လိုချင်သားကွယ်… ဒါမှ ချစ်တဲ့သူရှိရာ မင်းလိုပဲ တို့လည်း ပျံနိုင်မယ်…” ဆိုတဲ့ ရေဒီယို သီချင်းလေး…။ သီချင်းလေးက အသံချိုပြီး လိုက်ဆိုလို့ကောင်းတာကြောင့် အဲဒီသီချင်း လာတိုင်း ရေဒီယိုနား သွားပြီး နားထောင်လေ့ရှိတယ်။
အဲဒီမှာ ကျွန်မက ဘယ်လိုကြားသလဲ ဆိုတော့ “တို့များလည်း အားကျပါရဲ့ မင်းလိုပုံနှယ်… တောင်ပံလေးများ ရနိုင်ရင်တော့ လိုချင်သားကွယ်… ဒါမှ ချစ်တဲ့သူရှိရာ မီးဖိုထဲ တို့လည်း ပျံနိုင်မယ်…” လို့ ကြားပါတယ်။ ဒီတော့ ကျွန်မခေါင်းထဲမှာ အမေးသင်္ကေတလေးတွေ ရစ်ဝဲလို့ပေါ့…။ ချစ်တဲ့သူရှိရာ မီးဖိုထဲ ဆိုတော့… ချစ်တဲ့သူက ဘာလို့ မီးဖိုထဲမှာ နေတာပါလိမ့်… လို့ စဉ်းစားတယ်။ အင်းလေ… ချစ်တဲ့သူက ဟင်းချက်နေတာ ဖြစ်မှာပေါ့… လို့ အဖြေထွက်ပါတယ်။ သီချင်းဆိုတဲ့သူက အတောင်ပံလေးတွေ လိုချင်တာ ချစ်သူရှိတဲ့ မီးဖိုထဲကို ပျံသန်းသွားချင်လို့ကိုး လို့ အဓိပ္ပါယ်ယူပြီး နားလည် မှတ်သားထားလိုက်ပါတယ်…။ နောက်အချိန်တွေ အတော်ကြာမှ သီချင်းစာသား အမှန်ကို သိသွားတာပါ။
*****
မယုံမရှိပါနဲ့… အဲဒါတွေ အားလုံး အမှန်တွေချည်းပါပဲ…။ ပြောရရင် တော်တော်လေးကို ကြောင်တောင်တောင်နိုင်လှပါတယ်။ အခုချိန်အထိလည်း တခုခုဆို ဘယ်သူ့မှ ဖွင့်ဟ မေးမြန်းခြင်း မပြုတတ်ပဲ တွေးချင်ရာ တွေး၊ ထင်ချင်ရာ ထင်၊ မြင်ချင်ရာမြင် နေတုန်းပါပဲ…။ အကျင့်တို့ ဗီဇတို့ ဆိုတာမျိုးကလည်း အလွယ်တကူ ဖျောက်ဖို့ ခက်သားဆိုတော့ကာ…။
Happy Friday to you all…
မှတ်ချက် - ၂၀၁၃ ဧပြီလ - ရယ်စရာ မဂ္ဂဇင်း တွင် ဖေါ်ပြပြီး ဖြစ်သည်။