Sunday, February 3, 2013

ကိုကိုအီးတီ မမအီးတီ

ယနေ့ခေတ်ကာလတွင် ရုပ်ဝတ္ထုပစ္စည်းများ အတိုင်းထက် အလွန် တိုးတက်ထွန်းကားနေပြီဖြစ်သည်။ ဤကဲ့သို့ တိုးတက်ထွန်းကားသော ရုပ်ဝတ္ထုပစ္စည်းများနောက်သို့ အားလုံးအပြေးကလေး လိုက်နေကြသည်ကို မည်သူမျှ ငြင်းချက် ထုတ်နိုင်လိမ့်မည် မဟုတ်ချေ။ ကမ္ဘာ အရှေ့ခြမ်း အနောက်ခြမ်း အချိန် နေရာ ဒေသ အစရှိသော ခြားနားခြင်းများ၊ အကွာအဝေး မိုင်တိုင်များကို တိုးတက်လာသော ဆက်သွယ်ရေး နည်းပညာများနှင့်အတူ အမျိုးအမည်စုံလင်လှသော ပစ္စည်း ကိရိယာများ၏ အကူအညီကိုရယူကာ အတိုဆုံး ခရီး၊ အနီးဆုံး နေရာများ ဖြစ်အောင် တမဟုတ်ချင်း ချုံ့ပစ်လိုက်နိုင်ကြပြီဖြစ်သည်။ အင်တာနက်ဆိုသော အရာကို အသုံးပြုကာ တယောက်နှင့် တယောက် ဆက်သွယ်မှုများ လွယ်ကူ မြန်ဆန်လာခဲ့သည်။ သတင်း အချက်အလက်များကို အချိန်နှင့် တပြေးညီ လိုရာသို့ အရောက်ပို့နိုင်ကြပြီ ဖြစ်သည်။ ခြုံပြောရသော် ထိုအရာအားလုံးသည် ကောင်းမွန်သော တိုးတက်ခြင်းများသာ ဖြစ်သည်။

သို့သော်လည်း ဆုတ်ယုတ်လာသော အကြောင်းအရာများစွာလည်း ရှိနေပါသေးသည်။ မိမိ နေထိုင်ရာ ပတ်ဝန်းကျင်ကို မသိမသာရော သိသိသာသာပါ လေ့လာကြည့်လိုက်သောအခါ ကျား ကျား မ မ ကြီးကြီးငယ်ငယ် အရွယ်စုံ လူမျိုးစုံ… အားလုံးသည် အချိန်တိုင်းမှာ လက်ကိုင်ဖုန်းလေးများ၊ အိုက်ပက် နုတ်တူး၊ တက်ပလက် အစရှိသော ပစ္စည်းများကို တကိုင်ကိုင်၊ တငုံ့ကြည့်ကြည့်နှင့်သာ တွေ့ရချေတော့သည်။ ကားပေါ်မှာ၊ ရထားပေါ်မှာသာမက လမ်းလျှောက်နေချိန်များတွင်လည်း ထိုနည်းလည်းကောင်း… နားထဲတွင် နားကြပ်ကလေးများ ကိုယ်စီထည့်ကာ အနှီပစ္စည်းလေးများကို ကြည့်ရင်း ပတ်ဝန်းကျင်နှင့် လုံးလုံးလျားလျား အဆက်အသွယ်ပြတ်နေကြတော့သည်။ အရေး အကြောင်းဆိုလျှင် ဘာမျှ သိလိုက် မြင်လိုက် ကြားလိုက်ရမည် မဟုတ်ဟု စိတ်ပူချင်စရာ…။

ဤသို့ တိုးတက်လာသော ဆက်သွယ်ရေးနည်းပညာများကို အားကိုးလာသောအခါ မိတ်ဆွေ သူငယ်ချင်းများ အချင်းချင်း စကားပြောဖြစ်သော အချိန်များ အလွန်တရာ နည်းပါး သွားကြသည်။ မယုံမရှိပါနှင့်… ။ သူ ဘယ်သွားသည် ဘာစားသည် ဘယ်သူနှင့်တွေ့နေသည် ဘယ်နေ့က တွေ့ကြသည် အစရှိသော အကြောင်းအရာများကို တယောက်နှင့်တယောက် ဖုန်းဆက်ကာ အသိပေး မေးမြန်း ပြောဆိုနေစရာမလို၊ မိမိရောက်နေသော နေရာ၊ မိမိ စားနေသော အစားအသောက် မိမိနှင့် အတူရှိနေသူ… အစရှိသည်များကို အချင်းချင်း ဓါတ်ပုံရိုက်ပြီး ပို့လိုက်ကာ သိစေကြသည်။ ဓါတ်ပုံရိုက်သည် ဆိုရာတွင်လည်း ဟိုးရှေးရှေးခေတ်များကလို ဖလင်မလို ကင်မရာမလို ကူးစရာ ဆေးစရာမလို… မိမိတို့ လက်ထဲရှိ ဖုန်းများဖြင့် ချက်ချင်းရိုက် ချက်ချင်းပို့… အလွန်လွယ်ကူလှသည်။

တနေရာရာသို့ မိသားစုများ အတူတကွ သွားလာ လည်ပတ်ကြသောအခါ အချင်းချင်း စကားပြောကြသော အချိန်ထက် ကိုယ်စီ လက်ထဲမှာ ကိုင်ဆောင်လာသော ဆက်သွယ်ရေး ပစ္စည်းလေးများကို ငုံ့ကြည့်နေသော အချိန်က ပိုများနေတတ်ကြသည်။ ကလေးငယ်တွေ လူကြားထဲ ပြောမရ ဆိုမရ ဂျီကျနေသလား… အလွန်လွယ်ကူသည်… မိမိတို့ ကိုင်လာသော အနှီဆက်သွယ်ရေးပစ္စည်းလေးများ ပေးကာ ကာတွန်းကား ကြည့်စေခြင်း ဂိမ်းဆော့စေခြင်းများ ပြုလုပ်ပေးလိုက်ပါ… အထူးတလည် ချော့မော့ ထိန်းကျောင်းစရာမလိုအောင် ရုတ်ချည်း ငြိမ်ကျသွားသည်။ တနှစ်မပြည့် တပြည့် ကလေးငယ်လေးများ လမ်းပင်မလျှောက်တတ်သေးသော်လည်း ထိုပစ္စည်းကလေးများကို ကျွမ်းကျင်ပိုင်နိုင်စွာ ကိုင်တွယ် အသုံးချတတ်ကာ စွဲလမ်း နှစ်သက်နေတတ်ပြီ…။ ထိုပစ္စည်းလေးများကို သူတို့လက်ထဲမှ သွားလုကြည့်လိုက်ပါက ငိုလိုက်သည်မှာ ကျွက်ကျွက်ညံ…။

တစ်အိမ်ထဲတွင် အတူနေသူများ၊ မိသားစုများအနေဖြင့်လည်း အကြောင်းတစုံတရာ ပေါ်ပေါက်လာပါက စကားပြောဆက်သွယ်ခြင်းထက် အင်တာနက်မှတဆင့် တယ်လီဖုန်း၊ မျက်နှာစာအုပ် အစရှိသော ကြားခံ ဆက်သွယ်ရေးကရိယာများ၏ အကူအညီဖြင့်သာ ပြောဆို ဆက်သွယ်ကြပေတော့သည်။ ထိုမျှသာမက တယောက် နှင့်တယောက် သူ ဘယ်နေရာကို ရောက်နေသည်… ကိုယ် ဘယ်နေရာကို ရောက်နေသည် အစရှိသည်တို့ကိုလည်း တိုးတက်သော နည်းပညာများဖြင့် နေရာ အတိအကျကို ရှာဖွေကြည့်ရှုနိုင်ပြီ ဖြစ်သည်။ ဆန်းပြားပေစွ…။

မိမိပတ်ဝန်းကျင်မှ ဆွေမျိုး ညီအကို မောင်နှမ မိတ်ဆွေ သူငယ်ချင်းများ ရင်းနှီးသူများနှင့် ပတ်သက်ပြီး တနေ့ တနေ့ ဖြစ်ကြောင်းရယ် ကုန်စင် (သို့) ထူးခြားဖြစ်စဉ်များကို သိလိုသလား…၊ သူ အလုပ်များနေသလား… သူ စိတ်တိုနေသလား… သူ စိတ်ကြည်လင်နေသလား… အစရှိသည်ဖြင့် သိလိုပါက တကူးတက ဆက်သွယ် မေးမြန်းနေစရာ မလို…။ သူ့ မျက်နှာစာအုပ်ကို သွားကြည့်လိုက်ရုံသာ…။ သွားလာ လည်ပတ် စားသောက်သမျှသော အင်ဖေါ်မေးရှင်း ပြည့်ပြည့်စုံစုံကို နေ့ရက် အချိန်ကာလ တိတိကျကျဖြင့် တွေ့နိုင်မည်ဖြစ်သည်။ သို့သော် (@$#^$%&^*^&) အစရှိသော ကွိကျိ ကွကျ စတေးတပ်စ်များကို တွေ့ရလျှင်ဖြင့် ဒီနေ့ သူ အခြေအနေမဟန်လှ စိတ်တိုနေလေပြီဟု တိတိကျကျကြီး ကောက်ချက်ချနိုင်ပေသည်။ ထိုမျှသာမက သူငယ်ချင်း မိတ်ဆွေများ၏ မွေးနေ့၊ မင်္ဂလာ နှစ်ပတ်လည်နေ့ အစရှိသော နေ့ထူးနေ့မြတ်များတွင်လည်း ထိုမျက်နှာစာအုပ်မှတဆင့် ဆုတောင်းစကားများ ဆိုလိုက်ကြသည်သာ။ သွားလာ လည်ပတ်၊ ဈေးဝယ် ချက်ပြုတ် စားသောက်၊ ဆွမ်းကျွေး အလှူ အတန်းပြု၊ မင်္ဂလာဆောင်၊ ကလေးမွေး၊ အိမ်တက် အမျိုးမျိုးသော ခေါင်းစဉ်များအောက်တွင် ဓါတ်ပုံ အသစ်များ တင်လာပါက ကြည့်ပြီးကြောင်း အသိအမှတ်ပြုကြောင်းကို Like လုပ်ခြင်းဖြင့် သိသာစေမည်။ မှတ်ချက်များ ရေးသားခြင်းဖြင့် ယဉ်ကျေးဖွယ်ရာစွာ အားပေးရာ ရောက်စေမည်။

ထို့အပြင် အွန်လိုင်းပျော် လူသားတို့အနေဖြင့် နောက်နောင်တွင် ပြုံးခြင်း ရယ်ခြင်း မဲ့ခြင်း ငိုခြင်း အံ့သြခြင်း ၀မ်းနည်းခြင်း ဝမ်းသာခြင်း စသော အပြုအမူများကိုလည်း ပြုမူတတ်တော့မည် မဟုတ်…။ :-) :-D ;-( :O အစရှိသော သင်္ကေတများဖြင့်သာ ရေးသား ဖေါ်ပြတတ်လာတော့မည် ဖြစ်သည်။ မိမိပြောဆိုလိုက်သော စာကြောင်းတကြောင်း စကားတခွန်း၏ သရုပ်သဏ္ဍာန်များကိုလည်း တဖက်မှ သိသာထင်ရှားစွာ ပုံဖေါ်နိုင်ရန် (လေသံတိုးတိုးဖြင့် ပြောသွား…) (အကျယ်ကြီး အော်ပြောပြီး ထွက်ပြေးသွား…) (ငိုသံပါကြီးဖြင့် ပြောသွား…) (ပျော်နေသောကြောင့် ခုန်ဆွ ခုန်ဆွ ဖြစ်နေ…) (လူးလှိမ့် ရယ်) စသည်ဖြင့် စိတ်ခံစားချက်များကို စာဖြင့်သာ ရေးသား ပုံဖေါ်ပြတတ်ကြတော့မည် ဖြစ်သည်…။

လက်ရှိဖြစ်ပေါ်နေသော အွန်လိုင်းပျော်၊ အင်တာနက်ပျော်၊ မျက်နှာစာအုပ်ပျော်တို့၏ အခြေအနေများကို ပြောပြရလျှင်ဖြင့် ဆုံးနိုင်အံ့မထင်…။ ထိုထိုသော အကြောင်းအခြင်းအရာများကို ထောက်ရှုကာ ကောက်ချက်ချရသော် နောင်နှစ်ပေါင်းများစွာ ကြာမြင့်သွားသောအခါတွင် လူအများတို့သည် ရုပ်ရှင်ထဲမှ အီးတီနှင့် ဆင်ဆင်တူလာကြပေလိမ့်မည် ဟူသတတ်။



အကြောင်းမှာမူ…
အချိန်ရှိသရွေ့ ရောက်လေရာ နေရာတွင် စမတ်ဖုန်းများကို မျက်စိနှင့် မခွာ တမ်း ကြည့်နေကြသောကြောင့် မျက်လုံးများ ပြူးကျယ် ဝိုင်းစက်လာပေလိမ့်မည်။ တချိန်လုံး ခေါင်းငိုက်စိုက်ချကာ ကြည့်နေကြသောကြောင့် ဦးခေါင်းများလည်း အဆမတန် ကြီးမားလာပေလိမ့်မည်။ ဖုန်း (သို့) တက်ပလက်များ၏ စကရင်ကို တို့ ထိ နေကြရသောကြောင့် လက်ညှိုးများ တချောင်းတည်း ကွက်၍ ကြီးလာလိမ့်မည်။ လက်ညှိုးကို အသုံးပြုဖန်များသောကြောင့် အပူလောင်ကာ မီးတောက်လာနိုင်သေးသည်။ အချိန်တိုင်း ကွန်ပျူတာများရှေ့တွင် ထိုင်၍ အလုပ်လုပ်နေကြရသောကြောင့် အလှုပ်အရှား နည်းပါးကာ ခြေထောက်များ သေးသိမ်ကာ တိုတောင်းကုန်ကြပေလိမ့်မည်။ ထိုအခါ လမ်းလည်း ကောင်းကောင်း လျှောက်နိုင်ကြတော့မည် မဟုတ်ချေ။ ထိုမျှသာမကသေး… တယောက်နှင့်တယောက် စကားပြောဆို ဆက်သွယ်မှု နည်းပါးလာသောကြောင့် ပါးစပ်ပေါက်ကလေးများသည်လည်း သေးကွေး ပါးလျကုန်လတ္တံ့…။

ထိုအခါ နောင်လာနောက်သားများအနေဖြင့် ယနေ့ ခေတ်လူသားများ၏ ပုံသဏ္ဍာန်မှာ ရှေးနှစ်ပေါင်းများစွာက မနုဿဗေဒပညာရှင် ဒေါ်သက်ဝေ ခန့်မှန်းခဲ့သည့်အတိုင်း တသေဝေမတိမ်း ဖြစ်ပေတော့သည် ဟု ဂျာနယ်များ မဂ္ဂဇင်းများ စာစောင်များတွင် အမည်းရောင် စာလုံးကြီးများဖြင့် ရေးသားကာ မှတ်တမ်းတင် ဂုဏ်ပြု ဖော်ပြကြရပေလိမ့်မည်…။

တော်သေးပြီ…။



အောက်ခြေမှတ်စု - မျက်နှာစာအုပ်ပေါ်တွင် တင်ခဲ့ဖူးသော စတေးတပ်စ် အောက်တွင် ရေးခဲ့ကြသော မှတ်ချက်များကို အခြေခံကာ ဤပိုစ့်ကို ဖန်တီးပါသည်။ ဝင်ရောက်ဆွေးနွေး အားပေးသွားသူများ အားလုံးကို ကျေးဇူးတင်ပါသည်…။


13 comments:

  1. သဘောကျစွာဖြင့် အားရပါးရ ပြုံးသွား.. :) :)

    ReplyDelete
  2. မှန်လိုက်လေ အန်တီသက်ဝေရယ်။
    အီးတီ တစ်ကောင် လာမန့်သွား။

    ReplyDelete
  3. ရယ်မော၊ သဘောကျစွာနဲ့ ဖတ်သွားပါတယ်ဗျို့...၊ :-D

    (ဖတ်နေရင်းမှ ကိုယ့်လက်ညှိုး ကိုယ်ပြန်ကြည့်ကာ ခေါင်း တညိတ်ညိတ်ဖြင့် သဘောကျနေခဲ့...)

    ReplyDelete
  4. ခေါင်းကတော့အီးတီလောက်ကြီးမှာမဟုတ်ဖူး၊အီးတီက
    လေ့လာဆည်းပူးမှူနာအောင်လုပ်ထားတဲ့
    ပညာရှင်ဖြစ်နေတယ်၊ဗိုက်ခြေထောတ်၊လက်ထောက်နဲ့
    မျက်ဝန်းလေးတွေကတော့တူလာနိုင်တယ်.. :)

    ReplyDelete
  5. အီးတီမဖြစ်အောင်နေတယ် ဖုန်းလာမှ ဖုန်းကိုကိုင်တယ် မတ်စိလာမှပြန်တယ် ဂိမ်:လုံးဝမဆော့ မျက်နာစာအုပ်ကို ဓတ်ပုံတင်ချင်တော့မှ သွားသည်။ ဒါပေသည့် အမသက်ဝေ ဘလောက်ကိုတော့ မဖတ်ပဲမနိုင်ပေါင် (အလဲ့)

    ခရေဖြူ

    ReplyDelete
  6. ကိုယ့်ကိုယ်ကို အီးတီပုံလေး မြင်ယောင်ကြည့်မိတယ်.. လန့်လိုက်တာ. ခုကစပြီး လျှော့ပြီ.........မမသက်ဝေ

    ချစ်တဲ့
    သဒ္ဓါ

    ReplyDelete
  7. ဟန်ကြည်February 5, 2013 at 4:53 AM

    ဦးဟန်ကြည်တို့လို ရှေးရိုးသမားကျတော့ လက်ညှိုးနဲ့မထောက်ရတဲ့ ပစ္စည်းတွေချည်း စွတ်သုံးနေရင်း လက်ချောင်းတွေ ကြီးလာမယ့်သဘောရှိသပ...တစ်နေကုန် အွန်လိုင်းပေါ်မှာချည်း အချိန်ဖြုန်းနေမိရင် မံမံတူတူပုန်းသွားလို့ ပါးစပ်ပေါက်ကျဉ်းပြီး ဗိုက်လည်းချပ်လာမယ့် ကိန်းလည်းမြင်မိပါသေး...

    ReplyDelete
  8. မဖြစ်ပါဘူးလို့ ဘယ်သူကံသေကံမ ပြောနိုင်ပါ့မလဲ.....
    ကျိုးကြောင်းချိန်ဆ ကြည့်တော့ ဟုတ်နေတာပဲ..ဒါဝင့်လောနဲ့ လည်းညီတယ်..
    အကယ်၍များ အသားမည်းမည်းဗိုက်ပူပူ နဲ့ အီးတီ တစ်ကောင်တွေ့ခဲ့ရင် ပြုံးပြပေးပါ...
    သင့်သူငယ်ချင်း ဖြစ်နေနိုင်ပါတယ်...:'(

    ReplyDelete
  9. i would like to give u an advice,to read the book"အရိုးဆိုသည်မှာစာစုများ-၂".
    it is one of my favourite books.

    ReplyDelete
  10. i would like to give u an advice,to read the book"အရိုးဆိုသည်မှာစာစုများ-၂".
    it is one of my favourite books.

    ReplyDelete
  11. အဲလို ဖြစ်သွားရင် ဘယ်လို လုပ်မလဲနော်..။

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...