Sunday, November 24, 2013

လက်စဖျောက်လိုက်ရသော ဇာတ်ဝင်ခန်းတချို့

သူ နေထိုင်သော တံခါးအကွယ် အိမ်ခန်းထောင့်တစ်နေရာသည် လိုအပ်သည်ထက် ပို၍ မှောင်မိုက်နေခဲ့သည်။ ထိုမှောင်မိုက်သော နေရာမှာပင် တုတ်တုတ်မျှ မလှုပ်မိအောင် အသက်ကို တိုးတိုး ရှူရင်း ငြိမ်နေခဲ့သည်။ ထိုစဉ် ချွန်မြသော ဒေါက်ဖိနပ်သံ ကို ကြားလိုက်ရသည်။ တံခါးသော့ကို ဖွင့်သံ ခပ်ကြမ်းကြမ်း၊ တံခါးရွက်ကို တွန်းကာ အဖွင့် အပိတ် လုပ်သံ၊ ပြီးတော့ အခန်းထဲကို တောက်လျှောက် စီးဝင်လာသော ဒေါက်ဖိနပ်သံ၊ တဆက်တည်းမှာပင် မီးခလုပ်ကို ဖွင့်လိုက်သံ၊ လေအေးစက် စတင်လည်ပတ်သံ။ အလင်းရောင်တဝက်တပျက်ကြားမှ အနီရောင် ဒေါက်ချွန်ချွန်ကို လှမ်းတွေ့လိုက်သည်။ သူ မသိစိတ်က တိတ်တိတ် မျှော်လင့်နေသော တစ်စုံတရာကမူ လှလှပပ ပျောက်ဆုံးနေခဲ့သည်။ မရေမရာ ခံစားချက်တချို့။ အိမ်မြောင်စုတ်ထိုးသံ သဲ့သဲ့။ မကြာခင်မှာ ဒေါက်ဖိနပ်သံသည် သူနှင့် ပြန်လည် နီးကပ်လာသလို ခံစားရပြန်သည်။ တံခါးရှိရာသို့ နောက်တစ်ခေါက် လျှောက်လာသံ၊ တံခါးရွက်ကို ပြန်ဖွင့်သံ၊ စကားသံ ရယ်မောသံအုပ်အုပ်နှင့်အတူ… ချွန်မြမြ ဒေါက်ဖိနပ်သံအပြင် ရှူးဖိနပ်သံပါ အပိုပါလာသည်။ သူ ခေါင်းကို ငဲ့ကာ နားစွင့်မိသည်။ နေ့စဉ် ရနေကျ အမွှေးနံ့တချို့ အပြင် ချဉ်စုတ်စုတ် ရှတတ အနံ့စိမ်းတစ်မျိုးပါ အပို ရလာသည်။ ပုံမှန်မဟုတ်သော ရယ်မောသံများ၊ ပုံမှန်မဟုတ်သော စကားပြောသံ လေယူလေသိမ်း၊ ငြီးငြူသံ တိုးသဲ့သဲ့၊ တချက် တချက် ငြိမ်သက် တိတ်ဆိတ်သွားသော အချိန်များ။ သူ့အတွက်တော့ များစွာ ထူးဆန်းနေခဲ့ပါသည်။ ဆာလောင်မှုကြောင့် ဗိုက်ထဲမှ အူများ နှင့် အစာအိမ်က ပြင်းထန်စွာ ဆန္ဒပြနေသော်လည်း သူ အသံမထွက်ရဲပါ။ နာရီအနည်းငယ်ကြာသောအခါ အိမ်အနောက်ဖက်အခန်းမှ မီးလင်းသွားသည်။ ရေနွေးတည်သံ၊ ကော်ဖီဖျော်သံ စားသောက်ဖွယ်ရာ တခုခု ပြင်ဆင်သည့်အသံများ ကြားရသည်။ တချက်တချက် ပျံ့လွင့်လာသော အစားအသောက်အနံ့များကြောင့် သူ့ဆာလောင်မှုက ပိုတိုးလာခဲ့သည်။ အသံထွက်မိမတတ် ဖြစ်သွားသည်။ သို့သော် တကယ်တမ်းမှာ သူ အသံမထွက်ရဲပါ။ ရောင်နီပျိုးလာသော အချိန်တွင် တံခါးသော့ဖွင့်သံ၊ စကားသံ တချို့နှင့် အတူ တဖြည်းဖြည်းဝေးသွားသော ရှူးဖိနပ်သံတို့ကို ကြားလိုက်ရပြီး တအိမ်လုံး တိတ်ဆိတ်ကာ မီးအမှောင်ကျသွားခဲ့လေသည်။ အခြေအနေကို အကဲခတ်ကြည့်ပြီး ခြေကို အသာ ဖွနင်းကာ မီးဖိုခန်း စားပွဲပေါ်မှာ တွေ့ရသော ပေါင်မုန့် အစ အနများနှင့် တူနာငါး အကြွင်းအကျန်များကို အလျှင်အမြန် စားလိုက်ပြီး သူ နေနေကျ နေရာ ချောင်လေးထဲသို့ ပြန်လာကာ ထိုင်နေလိုက်သည်။ ဆောင်းရာသီ မနက်စောစောသည် အခါများစွာကထက် အချမ်းပိုလေသည်။ အစာအိမ် ငြိမ်သက်သွားသလို သူလည်း အိပ်ပျော်သွားခဲ့သည်ထင့်။ နိုးလာချိန်တွင် အားလုံး အေးအေးဆေးဆေး… ခွာမြင့်ဖိနပ် အနီရောင်လည်း ချွတ်ထားသောနေရာတွင် မရှိတော့။ သည်လိုနှင့် ညအချိန်ကို ရောက်လာပြန်သည်။ အဖြစ်အပျက်အားလုံးတို့သည် မနေ့ညက အစီအစဉ်အတိုင်း တစ်ခုပြီး တစ်ခု၊ ဒေါက်ဖိနပ်သံ၊ ရှူးဖိနပ်သံ၊ ရယ်မောသံ၊ ချွဲနွဲ့စကားဆိုသံ၊ ငြီးတွားသံ၊ တိတ်ဆိတ်သွားသံ၊ အစားအသောက် ပြင်ဆင် စားသုံးသံ၊ နောက်ဆုံး တံခါးပိတ်သံ၊ ရှူးဖိနပ်တစ်ရံ ထွက်ခွာသံ၊ တအိမ်လုံး မီးအမှောင်အောက် ပြန်ရောက်သွားသည်အထိ အရင်ညနှင့် တသဝေမတိမ်း ထပ်တူညီခဲ့သော ည ဖြစ်သည်။ တတိယည၊ စတုတ္ထည တို့သည်လည်း အရင်ညများနှင့် ထပ်တူညီခဲ့သည်။ သို့သော် ပဉ္စမမြောက်ညသည် သူ ထင်နေသလို မှောင်သည်အထိ စောင့်မနေပါ။ ညနေခင်း လင်းလင်းမှာပင် အလျင်စလို ရောက်လာခဲ့သည်။ ခွာမြင့်ဖိနပ် အနီရောင်၏ ခြေသံကြမ်းကြမ်းကို ညနေခင်း အလင်းရောင်နှင့်အတူ ကြားလိုက်ရသည်။ ထို့အတွက် သူ အနည်းငယ် အံ့သြသွားရသည်။ ထိုဒေါက်ဖိနပ်သံနှင့်အတူ သူ အလွန်ရင်းနှီးသော ဖိနပ်ပါးသံ တရှပ်ရှပ်ကို ကြားလိုက်ရသောအခါ သူ၏ အံ့သြမှုများ နေရာတွင် ရပ်တန့်သွားပြီး ရုတ်တရက် ဝမ်းအသာကြီး သာသွားရသည်။ ပြန်လာပြီ… သူ့ကို အချိန်မှန် အစာကျွေးနေကျ၊ သူ့ကို ယုယနေကျ၊ သူ့ကို ကြင်ကြင်နာနာ ဆက်ဆံတတ်သော သခင် ပြန်လာပြီ။ သူ နေနေကျ နေရာလေးမှ အသာ ထကာ တိုးဖွဖွ အသံပေးရင်း အရှေ့ကို တိုးသွားမိသည်။ ဖြူရော်ရော်အသားအရေနှင့် ပိန်သွယ်နေသော သူ့သခင်က နေကောင်းသော်လည်း အားအင်ပြည့်ဖြိုးပုံတော့ မရသေးချေ။ အညိုရင့်ရောင် ဆိုဖာကုလားထိုင်တစ်လုံးတွင် ရော့ရဲရဲမှီထိုင်ကာ ဆေးလုံးများကို ရေဖြင့် မော့သောက်နေရင်း သူ့ကို မြင်သွားခဲ့သည်။ သူ့နာမည်ကို ခေါ်ကာ ခေါင်းလေးကို အသာအယာ ပွတ်သပ်ပြီး နှုတ်ဆက်သည်။ ထိုစဉ်မှာပင် ဒေါက်ဖိနပ်ပိုင်ရှင်၏ စူးရှရှ မျက်လုံးများကို သူ တွေ့လိုက်ရတာ ဖြစ်သည်။ တချိန်လုံး ပျောက်နေရာမှ ရုတ်တရက် ပေါ်လာသော သူ့ကို မြင်လိုက်သောအခါ အံ့သြမှု တဝက်တပျက်နှင့် တဆက်တည်းမှာ မလုံမလဲ ဖြစ်သွားဟန်တူသော မျက်လုံးများ၊ တစ်စုံတရာကို အနည်းငယ် စိုးထိတ်သော မျက်လုံးများ၊ ထိုစိုးထိတ်မှုများကို အချိန်မီ ဖုံးကွယ်ပြီး တင်းမာသွားဟန် ပြုလိုက်သော မျက်လုံးများ ထိုကဲ့သို့ တဖြည်းဖြည်းချင်း အရောင်ပြောင်းလဲသွားသော မျက်လုံးများကို သူ တခုချင်း အမိအရ ဖမ်းဆုပ်နိုင်လိုက်သည်။ ရိုးသားသူနှင့် ဖေါက်ပြန်သူ နှစ်ဦးအကြား ဦးစွာ မျက်နှာလွှဲဖယ်ခဲ့သူမှာ မည်သူဖြစ်သင့်ပါသလဲ..။ တွေးတောနေစဉ် ဒေါက်ဖိနပ်ပိုင်ရှင်က ပါးစပ်မှ တစုံတခုကို မကျေမချမ်းရေရွတ်ရင်း သူ့ကို လက်နှင့် ရွယ်ကာ ခြောက်လှန့်လွှတ်ပါသည်။ သူ ကြောက်လန့်တကြားနှင့် နေနေကျ တံခါးအနောက်ကွယ်လေးကို ပြန်သွားရင်း ငြိမ်ငြိမ်လေးထိုင်ကာ ၀မ်းနည်းနေမိပါသည်။ ဖြစ်နိုင်လျှင် အရင်ညများက ကြားခဲ့သော အသံများနှင့် မြင်ကွင်းများကိုလည်း သူ တစ်ကြိမ်တခါမျှ မကြုံဖူးခဲ့သူတစ်ဦးလို အားလုံး မေ့ပစ်လိုက်ချင်ပါသည်။ ထိုသို့ မေ့ပစ်လိုက်မည် ဖြစ်ကြောင်းကိုလည်း ဒေါက်ဖိနပ်ပိုင်ရှင် သိစေချင်မိပါသည်။

ဆိုရလျှင်…
ကြောင်များသည် သူတို့၏ သခင် နေထိုင်မကောင်းဖြစ်လျှင် အိမ်မှာ မနေတော့ပဲ အိမ်နှင့် ဝေးရာကို သွားလာ ရှောင်ရှားနေကြသည်၊ အပူရှိနေသော အိမ်ကို မခင်တွယ်၊ အေးချမ်း သာယာသော နေရာကိုသာ ခင်တွယ်သည် ဟု အများစုက ကောက်ချက်ချတတ်ကြသည်။ ထိုအချက်မှာ အခြား အခြားသော ကြောင်များအတွက် မှန်ကောင်း မှန်လိမ့်မည် ဖြစ်သော်လည်း အနည်းဆုံး သူ့တစ်ဦးတည်း (သူ့ တစ်ကောင်တည်း) အတွက်တော့ လုံးဝ (လုံးဝ) မှန်ကန်မှုမရှိကြောင်း သူ သေသေချာချာ အာမခံနိုင်ပါသည်။

9 comments:

  1. သနားပါတယ်... (ကြောင်လေးကို)

    ReplyDelete
  2. တိုပေမဲ့ ရသကတော့ အပြည့်...ကြောင်လေး သနားပါတယ်...

    ReplyDelete
  3. သိပ်မိုက်တယ်၊ဟာတ်ရိုက်တယ်အချိုဆုံးရေ :)

    ReplyDelete
  4. မျက်လုံးတစုံရဲ့ရင်ခုန်နှုန်းအလျှင်ကဘယ်လောက်ရှိမလဲမသိဘူးနော် :)

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...