Thursday, November 28, 2013

ဝဲ မှ ယာ သတင်း အစုံ အလင်

ဝဲ
အလိုက်ကန်းဆိုး မသိသော ငွေရောင်လဲ့လဲ့ ဆံပင်များသည် ဦးခေါင်း၏ ဘယ်ဖက်အခြမ်းတွင်သာ သိသိသာသာ များပြားစွာ တိုးထွက် ပေါက်ရောက်နေကြ…
ဘယ်ဖက် နားရွက်သည် ငယ်စဉ်က အချိန်တော်တော်များများမှာ တယ်လီဖုန်းနှင့် အဖိနှိပ်ခံထားရသောကြောင့် ညာဖက်နားရွက်ကဲ့သို့ မကားပဲ ခေါင်းနှင့်ကပ်နေ…
ဘယ်ဖက် မျက်ခုံးသည် ညာဖက်မျက်ခုံးကဲ့သို့ ကွေးတေးတေး စောင်းတောင်းတောင်း ဖြစ်မနေပဲ သူ့အလိုလို အချိုးတကျ လှပစွာ ရှိနေ…
ဘယ်ဖက် ပုခုံးသည် သိသိသာသာ နိမ့်နေကာ ကော်လာ မပါသော အင်္ကျီများ ၀တ်ဆင်လိုက်တိုင်း လည်ပင်းပေါက်မှာ အစဉ် တဖက်လိုက် တခြမ်းစောင်းနေ…
ပုခုံးလွယ်အိပ်များ ကျောပိုးအိပ်များကို ဘယ်ဖက် ပုခုံးတွင်သာ အစဉ်တစိုက် လွယ်ပိုးတတ်…
ဘယ်ဖက် ပုခုံးသည် အလှုပ်အရှား သိပ်မများသော်လည်း ဘာကြောင့်မှန်းမသိ အေးခဲနေသော ပုခုံး (Frozen Shoulder) အမည်ရ ရောဂါတစ်မျိုး စွဲကပ်…
ဘယ်ဖက်ခြမ်းတွင် အစွယ်နှင့် ဆင်ဆင်တူသော သွားတချောင်း အဆစ်ပို ပေါက်နေ…
တခုခုစားလိုက်တိုင်း ညာဖက်သွားဖြင့် မ၀ါးပဲ ဘယ်ဖက်ကိုသာ ပိုမို အားပြု အားသန်တတ်…
ဘယ်ဖက်လက်တွင် နာရီ လက်စွပ် အစရှိသောအရာများနှင့် အမြင် ခန်းနားနေတတ်သော်လည်း တကယ့် တကယ် အသုံးမတည့် (သို့) စာရေး၍ မရ…
မကြာခင်အချိန်က စွဲကပ်လာသော ဒူးနာ ဝေဒနာသည် ဘယ်ဖက်ခြေထောက်တွင်သာ ဖြစ်နေ…
ဖိနပ် အသစ် (သို့) လေဒီရှူး အသစ် စီးလိုက်တိုင်း ဘယ်ဖက်ခြေထောက်တွင်သာ ကွက်၍ ဖိနပ်ပေါက်တတ်…
ဘယ်ဖက် ခြေချောင်းလေးများအနက်မှ ဘယ်ဖက် အစွန်ဆုံး ခြေသန်းလေးသည် ချစ်စဖွယ် ပုတု သေးကွေးနေ…

ယာ
ခေါင်းကိုက်လိုက်တိုင်း ညာဖက်နားထင် ညာဖက်ပါးရိုး ညာဖက်မေးရိုး ညာဖက် မျက်လုံး စသည့်နေရာများမှ စတင် ကိုက်ခဲတတ်…
ညာဖက်လက်သည် အလုပ်အများဆုံး လုပ်ရသော လက် ဖြစ်လေရာ လက်ချောင်းများနှင့် လက်သည်းခွံများသည် ဘယ်ဖက် လက်ချောင်းများနှင့်မတူပဲ စောင်းငန်းငန်း ပိန်လှီလှီနှင့် မလှမပ ဖြစ်နေ…
နေရင်းထိုင်ရင်းဖြစ်စေ (သို့) ဓါတ်ပုံအရိုက်ခံလျှင် ဖြစ်စေ အခါတော်တော်များများမှာ ဦးခေါင်းက ညာဖက်သို့ အလိုလိုနေရင်း စောင်း စောင်းသွားတတ်…
ကင်မရာ၏ ချောင်းကြည့်ပေါက်မှ ကြည့်လျှင် ညာဖက် မျက်လုံးကိုသာ အသုံးပြုဖြစ်သောကြောင့် ညာဖက် မျက်လုံးသည် အမြင်အာရုံ ပိုမိုစူးရှ ကောင်းမွန်သည်ဟု ယူဆနေမိ…
ခြေလှမ်း တစ်လှမ်း စ လှမ်းလိုက်တိုင်း ညာခြေကသာ အရင် စတင် လှမ်းမိ…
အချစ်ဆုံးသူတယောက်က မိမိ၏ ညာဖက်တွင် အမြဲရှိနေခြင်း (သို့) မိမိ၏ ညာဖက်လက်ဖြင့် သူ့လက်ကို ဆုပ်ကိုင်ထားရသော အချိန်များမှာ ပျော်ရွှင်ကြည်နူးဖွယ်ရာ အချိန်များသာဖြစ်…
ညာဖက်လက်ညှိုးအောက်မှ အမြှောက်လက္ခဏာပုံ အရေးအကြောင်းလေးကို မကြာခဏ ပြန်ကြည့်ရင်း နောင်တချိန်တွင် ညွှန်ကြားရေးမှူး ဖြစ်လိမ့်မည် ဟု ဟောထားသော ဗေဒင်ကို ပြန်သတိရရင်း အသားလွတ် စိတ်ကြီးဝင် ကျေနပ်နေတတ်…

**********
ဤတွင် သတင်းများကို ကြေငြာလို့ ပြီးပါပြီ ရှင်… :D :D :D

5 comments:

  1. Modern Post or Post Modern...?
    Anyway, another nice post with new idea... (Y)

    ReplyDelete
  2. ဒီတစ်ခါ အပြင်မှာတွေ့လို့ကတော့ ချစ်စဖွယ်ပုတုသေးကွေး ဘယ်ခြေသန်းလေးကို မသိမသာကြည့်မည်ဖြစ်ကြောင်း :D :D

    pifpif

    ReplyDelete
  3. သတင်းများကိုပျော်ရွှင်စွာနားထောင်သွားပါတယ်ရှင်။
    အိုင်အိုရာ

    ReplyDelete
  4. KFC လိုက်ကျွေးပါ မမသက်ဝေ (ဆိုင်ဆိုင်မဆိုင်ဆိုင်)

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...