ကျောက်ကပ်မကောင်းလို့ ဆီးမသွားနိုင်ဖြစ်ပြီး ခြေထောက်ကြီး ယောင်နေတဲ့ လူနာကို ကုသတဲ့ ဆရာဝန်က ဆင်ခြေထောက်ရောဂါပါ ဆိုပြီး ဆင်ခြေထောက်ဆေး ငါးသောင်းခွဲဖိုး တိုက်ပါတယ်…။ လူနာကလည်း ဆရာဝန်ပေးတဲ့ ဆေးဆိုတော့ သောက်ရတာပေါ့နော်…။
ဟုတ်ကဲ့... အဲဒါ မြန်မာပြည်က မြို့ကြီးတစ်မြို့မှာ ဖြစ်သွားတာပါ...။ အခုတော့ အဲဒီ လူနာက ဆုံးသွားပါပြီ... သူ့မှာ အသည်းမကောင်းတဲ့ရောဂါအခံလည်း ရှိပါတယ်... ဒါပေမဲ့ အခုလောက် မြန်မြန်ဆန်ဆန်ကြီး ဖြစ်သွားလိမ့်မယ်လို့ မျှော်လင့်မထားပါဘူး... လို့ လူနာရှင်က ဆိုပါတယ်။ အကြောင်းရင်းအမှန်ကို သေသေချာချာ မစစ်ဆေးပဲ အခုလို ကုသမှုမျိုးကြောင့် လူနာတွေ ဘယ်လောက် အသက်ဆုံးရှုံးခဲ့ရပြီလဲ ဆိုတာ မတွေးရဲပါဘူး။
အဲဒီအကြောင်းကို ဖဘက ညီမတစ်ယောက်နဲ့ စကားစပ်လို့ ပြောမိတော့ သူ့မိဘ ညီအကို မောင်နှမတွေ နေတဲ့ မြို့နယ် ကျေးရွာတွေမှာ ဆင်ခြေထောက်ကာကွယ်ဆေးကို လူတိုင်း မသောက်မနေရနဲ့ အစိုးရ စီမံချက်နဲ့ သောက်ရတယ် လို့လည်း သိရပါတယ်…။ တကယ်ကိုပဲ ကောင်းသည် ဆိုးသည် ပြောရခက်လှပါတယ်။
ဖြစ်စဉ် (၂)
လည်ပင်းမှာ အကြိတ်သေးသေးတစ်ခုတွေ့ပါတယ်… ရန်ကုန်မြို့က နာမည်ကြီး Physician ကို သွားပြတော့ ခွဲရမယ်ဆိုပြီး နာမည်ကြီး Surgeon ကို လွှဲပေးပါတယ်…။ Surgeon က လူနာကို ကြည့်ပြီး ခွဲချင်သလား မခွဲချင်ရင် ဆေးသောက် လို့ ပြောပါတယ်…။ ဒီတော့ ရုတ်တရက် ခွဲရမှာ ကြောက်တဲ့ လူနာကလည်း ဆေးသောက်တဲ့ option ကို ရွေးလိုက်ပါတယ်။ ဒီလိုနဲ့ နှစ်ပတ် တစ်ခါ ချိန်းပါတယ်။ တွေ့ရတိုင်းမှာလည်း Surgeon က အလုံးကို လက်နဲ့သေချာတောင် မထိပဲ လူနာရဲ့ နာမည်ကို ခေါ်… နေကောင်လား… ဆေးးယူသွားနော် ဆိုပြီး ဆေးစာလေးရေးပေးလိုက်… လူနာကလည်း ပျောက်နိုး ပျောက်နိုးနဲ့ ဆေးယူလာပြီး သောက်နေလိုက်တာ လေးလနီးပါး ကြာသွားပါတယ်။
အဲဒီလူနာ စကာင်္ပူကို အလည်လာရင်း အဲဒီအကြိတ်လေး ပြသွားမယ် ဆိုပြီး NUH ကို သွားပါတယ်…။ တွေ့ရတဲ့ ဆရာဝန်က အကြိတ်ကို စမ်းပြီး အဆီ (သို့) အရည်ကြိတ် ဖြစ်နိုင်တယ် ဆိုပြီး အပ်နဲ့ စုတ်ထုတ်ပါတယ်။ အရည်တွေ ထွက်လာပါတယ်။ ဓါတ်ခွဲခန်းပို့ပါတယ်။ ဘာမှ မတွေ့ပါဘူး…။ သာမာန် အရည်ကြိတ်ပါ။ ဒီလိုနဲ့ စုစုပေါင်း အချိန် မိနစ် နှစ်ဆယ်အတွင်းမှာ လူနာရဲ့ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ လုံးဝ ကောင်းမွန် ချမ်းသာသွားရပါတယ်။ အခုချိန်အထိလည်း အကြိတ်ပြန်ဖြစ်လာခြင်း၊ အရည်ပြန်စုလာခြင်းမျိုး လုံးဝ မရှိပါဘူး…။
လေးလတာ ကုန်ကျခဲ့တဲ့ ငွေကြေး၊ ဆရာဝန်နဲ့ တွေ့ဖို့ ဆေးခန်းသွားရ တိုကင်ယူရ အချိန်စောင့်ရတဲ့ ကရိကထတွေကို လုံးဝ ထည့်မတွက်ဖူးပဲ ထား… လူနာရဲ့ စိတ်ပိုင်းဆိုင်ရာ နဲ့ မိသားစုတွေရဲ့ ပူပန်ကြောင့်ကြမှုတွေ ကို ဒီ မိနစ် နှစ်ဆယ် ဆိုတဲ့ အချိန်က ရှင်းပေးသွားလိုက်တာ…။
ဒီဖြစ်စဉ်မှာ မြန်မာပြည်က အကောင်းဆုံး နာမည်အကြီးဆုံးနဲ့ အကျော်ကြားဆုံး သမားတော်ကြီးတွေရဲ့ ဆေးကုသပုံ ကုသနည်းတွေ ဘာကြောင့်များ အခုလို လွဲချော် မှားယွင်းနေတာပါလိမ့်… လို့ ကျွန်မ သိချင်နေမိပါတယ်။
ဖြစ်စဉ် (၃)
ည ရှစ်နာရီလောက်မှာ သွေးတွေတက် ခေါင်းမူး ဇောချွေးတွေပြန်ပြီး မောနေတဲ့ လူနာ… အနားက နာမည်ကြီး ဆေးတိုက်တစ်ခုက ဆရာဝန်ကို အိမ်ကို ပင့်ပါတယ်။ စက်ကရိယာ စုံစုံလင်လင်နဲ့ လာကြည့်ပါတယ်.. သို့သော် လူနာရှင်ကို ဘာမှ ဆွေးနွေးပြောဆိုခြင်း မရှိပါဘူး။ ဆေးရုံတင်ရင် ကောင်းမယ်လို့ တစ်ခွန်းပဲ ပြောပါတယ်။ ရုတ်တရက်မို့ လူနာကလည်း ကြောက်၊ လူနာရှင်ကလည်း ဘာလုပ်ရမယ် ဆိုတာ မဝေခွဲနိုင်၊ သားသမီးတွေကလည်း အနားမရှိဆိုတော့ အိမ်မှာပဲ တစ်ည ကုန်သွားပါတယ်။ နောက်တနေ့မနက် လူနာကြည့်ရတာလည်း သက်သာဟန်မတူတော့ ညက ဆရာဝန်ပြောသွားတဲ့အတိုင်း နာမည်ကြီး ပုဂ္ဂလိက ဆေးရုံတစ်ခုကို တင်ပါတယ်။ ဆေးရုံရောက် အကျိုးအကြောင်း ပြောပြတော့ ဆုံးအောင်လည်း နားမထောင်၊ ဘာညာ မပြောပဲနဲ့ ICU (အထူး ကြပ်မတ် ကုသဆောင်) ထဲ တန်းထည့်ပါတယ်။ ခဏနေတော့ သူနာပြုတစ်ယောက် ထွက်လာပြီး သား သမီးတွေကို အကြောင်းကြားချင် ကြားတော့လို့ ပြောပါတယ်။ သားသမီးတွေကို အကြောင်းကြားတော့ ဆိုတဲ့ စကားကို လူနာရှင်တစ်ယောက် ဘယ်လိုနှလုံးသားမျိုးနဲ့ ခံယူနာကြားရမယ်ဆိုတာ တွေးသာကြည့်ပါတော့...။ အဲဒီစကားတစ်ခွန်းသာ ပြောပြီး လူနာရဲ့ ရောဂါနဲ့ ပတ်သက်တာ၊ လူနာရဲ့ အခြေအနေ၊ ဘယ်လို ကုသရမယ်၊ ဘယ်လိုကုသရင် သက်သာမယ်၊ ဘယ်လောက် အတိုင်းအတာအထိ စိုးရိမ်ရတယ် မစိုးရိမ်ရဘူး… ဘာဆို ဘာမှ တစ်ခွန်းမှ ရှင်းမပြ ပြောမပြပါဘူး။ တွေ့ရာ ၀န်ထမ်းတွေ ဆရာဝန်တွေ သူနာပြုတွေကို အတင်း (အတင်း) လိုက်မေးတော့ နှလုံးသွေးကြောကျဉ်းနေတာ လို့ တိုတိုပဲ ပြောပါတယ်။
ICU ရဲ့ အရေးပေါ် ကုသမှုကြောင့်ရော၊ လူနာရဲ့ ကုသိုလ်ကံကြောင့်ရော အဲဒီနေ့မှာပဲ သက်သာလာပါတယ်…။ ဆေးရုံရောက်တာ နောက်ထပ် ခြောက်နာရီ နောက်ကျရင် အသက်ဆုံးရှုံးနိုင်တယ်လို့ သိရပါတယ်။ အဲဒီလိုနဲ့ လူနာ လေယာဉ်ပျံ စီးနိုင်တဲ့ အခြေအနေထိ ကောင်းလာအောင် စောင့်ပြီး သားသမီးတွေက စကာင်္ပူမှာ (Stent ထည့်) သွေးကြောချဲ့တဲ့ နည်းနဲ့ လာကုသွားပါတယ်…။ အခုဆို ကျန်းမာလိုက်သမှ ဒေါင်ဒေါင် မြည်နေပါပြီ…။
ဒီဖြစ်စဉ်မှာ ကျွန်မ သိချင်တာတစ်ခုပဲ ရှိပါတယ်။
အဲဒါကတော့ ဆရာဝန်တွေ၊ သူနာပြုတွေနဲ့ တာဝန်ရှိသူတွေဟာ လူနာ (သို့) လူနာရှင်တွေကို ဘာဖြစ်လို့များ လူလူသူသူ သဘောထားပြီး ရောဂါအကြောင်းနဲ့ ဖြစ်နိုင်တဲ့ အနေအထားတွေ၊ ကောင်းခြင်း ဆိုးခြင်းတွေကို ရှင်းပြခြင်း၊ ပြောဆို ဆွေးနွေးခြင်း၊ တိုင်ပင် ညှိနှိုင်းခြင်း မလုပ်ကြတာလဲ ဆိုတာကိုပါ…။
*******
ဒီလို အကြောင်းတွေကို သိနေ ကြားနေရတာတော့ ကြာပါပြီ…။ အမှားအယွင်းဆိုတာ လူတိုင်းမှာ ရှိကြတာချည်းပါ။ ကျွန်မ လက်ရှိ ရောက်နေတဲ့ စကာင်္ပူနိုင်ငံမှာရော၊ တခြားနိုင်ငံတွေမှာလည်း အခုလို အမှားအယွင်းတွေ၊ မရည်ရွယ်ပဲ မတော်တဆ မှာယွင်းတာတွေ ရှိကြတာချည်းပါပဲ…။ ဒါပေမဲ့ အခု ကျွန်မ ကြားရသမျှတွေကတော့ မတော်တဆ ဆိုတာထက် ကျော်လွန်နေပါတယ်။ ဒါတောင် စက်ကရိယာ ချို့ယွင်းလို့၊ ဆေးစစ်ချက် အမှန်မရလို့ ဖြစ်တဲ့ ပြဿနာတွေ မပါသေးပါဘူး။
ဒီကိစ္စတွေဟာ တစ်ယောက်နဲ့ တစ်ယောက် သဘောထား ကွဲလွဲစရာတွေ မဟုတ်ပေမဲ့ အသိမိတ်ဆွေတွေ၊ သူငယ်ချင်း အရင်းအချာတွေထဲမှာ မြန်မာပြည်မှာ ဆရာဝန်လုပ်နေတဲ့သူတွေ အများကြီး ရှိတဲ့အပြင် ကျွန်မ အမျိုးသားကိုယ်တိုင်က ဆရာဝန်တစ်ယောက် ဖြစ်နေလေတော့ သူတို့ရဲ့ Professional နဲ့ သူတို့ရဲ့ ဂုဏ်သိက္ခာကို ထောက်ထား အားနာသောအားဖြင့် မရေးပဲ အတန်တန် ထိန်းထားခဲ့တာပါ။ ဒါပေမဲ့ ဖြစ်စဉ် (၁) ကို သိရတဲ့ အချိန်မှာတော့ ကျန်တာတွေလည်း မီးခိုးကြွက်လျှောက် ပြန်သတိရလာပါတယ်။ ဒါကြောင့် ကိုယ့်လူတွေ ကျန်းမာရေးအသိလေး ရှိထားကြဖို့၊ တခုခုဆို second opinion ယူဖြစ်ကြဖို့ နဲ့ လူနာတွေကို ဆက်ဆံနေရတဲ့ ဆရာဝန်တွေ ဒီ့ထက် နည်းနည်းလေး ပိုပြီး ကြင်နာနိုင်ကြစေဖို့ ရည်ရွယ် မျှော်လင့်ရင်း ဒီပိုစ့်ကို ရေးပါတယ်။
မမသက်ဝေ.. အသိမိတ်ဆွေတွေရဲ့ ဒုက္ခ နဲ့ ရမ်းကု (ဒေါက်တာ) တွေရဲ့အကြောင်းကိုတော့ မပြောတော့ဘူး။
ReplyDeleteကူးလဲ ခြေထောက်တွေရောင်ပီး ဆေးခန်းသွားပြတော့ ကျောက်ကပ်ရောဂါဆိုပီး ဆီးဆေးတွေတိုက်.. ရန်ကုန်ဆေးရုံကြီးမှာ ၂ လနေခဲ့ရတယ်.. ကျောက်ကပ်အသားစထုတ်..နှစ်ဖက်လုံးပါ။ ကျောက်ကပ်ရောဂါအမည်တပ်ပီး ဆေးရုံ နှစ်ခါတက်ခဲ့ရတယ်..
အမှန်က ကျောက်ကပ်ဘာမှမဖြစ်ပါဘူး...
နောက်တစ်ခါ ဒေါက်တာစိုင်မွန်သာဆီသွားတော့ ဗိုက်ထဲမှာ cyst တွေ့တယ်..အရည်စုပ်ထုပ်ခွဲရမယ်..
ဘာညာ... ဒီပြန်ရောက်တော့ ob.gye နဲ့ ပြတော့ ဟိုမုန်းအပြောင်းလဲကြောင့်ပေါ်လာတတ်တဲ့ဟာတွေမို့ ခွဲစရာမလိုသလို..ဘာမှလုပ်ဖို့မလိုပါဘူးတဲ့...
လူတိုင်းက ကျမ်းမာရေးအသိရှိသင့်တာအမှန်ပါဘဲ...
အမျိုး..စိတ်ချရတဲ့ မိတ်ဆွေ ဆရာဝန်ကောင်းရှိရင်လဲ အမြဲ second opinion ယူသင့်ပါတယ်။
FB ပေါ် ကောမန့်တွေထဲက အဖြစ်အပျက်တွေထဲကလဲ စိတ်မကောင်းစရာတွေ အများဘကီးနော်...အစ်မ ...
ReplyDeletepifpif
အကျိုးရှိတဲ့ ပိုစ့်လေးဖြစ်ပါတယ်.. မမသက်ဝေ
ReplyDeleteချစ်ခင်စွာ
သဒ္ဓါ
ဖတ်ရင်းနဲ့ ရင်ထဲမှာခုလုဖြစ်နေတာတခုကိုပြောပြချင်လာတယ်။ ကျမအကိုတောင်ကြီးမှာ ညနေရေချိုးပြီးတော့ရင်ဘတ်အောင့်လာတယ်တဲ့။ ညရောက်တော့အိမ်နားက ဆရာဝန်ဆေးခန်းမှာ
ReplyDeleteသွားပြတော့ နှလုံးလည်းကောင်းတယ်အားလုံး
အိုကေ ဆိုပြီးဆေးတလုံးထိုးပေးလိုက်တယ်။
အကိုက ညကျတော့ရင်ဘတ်အောင့်လွန်းလို့ 
သူ့ မိန်းမကိုပြောတယ် တဲ့.
မနက်ကျရင်တော့ ဆေးရုံသွားပြမယ်တဲ့
ဒါနဲ့ သူ့မိန်းမကခုချက်ချင်းသွားမယ်ဆိုပြီး ဆေးရုံ
ရောက်သွားတယ် ယောင်းမက နံမည်တွေဘာတွေပေး
အလုပ်ရူပ်နေတုံးမှာဘဲ အကိုကအသက်ထွက်သွားခဲ့ပြီ
ကဲ....ဘယ်သူ့ ကိုအပြစ်တင်ပြောဆိုရမှာလဲ
ယောင်းမကလည်းအေးတယ်..သူ့ ကံပေါ့လေ..
နဲ့ ဘဲဖြေသိမ့်လိုက်တယ်...
ရင်နာစရာတကယ်ကောင်းပါတယ်...ခွဲကြည့်မှ
နှလုံးသွေးကြောပိတ်ပြီးဆုံးမှန်းသိရပါတယ်..
မသိနားမလည်တဲ့ ကျမတို့ နိုင်ငံသားဘဝ မပြောရဲမဆိုရဲ ကျမ်းမာရေးအသိပညာတအားနဲပါး
ကြပါတယ်.မသက်ဝေရဲ့ စာကိုအများကြီးဖတ်သွားပါတယ်...
ခင်မင်စွာနှင့်
မီးမီး
ရင်မောစရာဖြစ်စဉ်တွေကြောင့် အသက်မဆုံးရှုံးသင့်ပဲ ဆုံးရှုံးရတဲ့ အသက်တွေ ဘယ်လောက်များဖြစ်နေပြီလဲ သက်ဝေရယ်.
ReplyDelete