Friday, May 30, 2014

ကျွန်မ သိတဲ့ ပညာရေး

နိုင်ငံတစ်နိုင်ငံရဲ့ ပညာရေးစနစ်တွေမှာ ကောင်းတာနဲ့ ဆိုးတာ အစဉ်အမြဲ ဒွန့်တွဲနေလိမ့်မယ်လို့ ကျွန်မ ယုံကြည်ပါတယ်။ ကောင်းကွက်တွေ အများကြီး ရှိနိုင်သလို ကျွန်မတို့ မမြင်လိုက်တဲ့ လစ်ဟာနေတဲ့ အချက်တွေလည်း ရှိနေမှာမလွဲပါဘူး။ လောလောဆယ်မှာ ကျွန်မ လက်ရှိ နေထိုင်နေတဲ့ စကာင်္ပူနိုင်ငံရဲ့ ပညာရေးစနစ်တွေထဲက အကြောင်းအရာလေး တစ်ခုကို ပြောပြချင်ပါတယ်။ ကျွန်မနှစ်သက်မိတဲ့ ကောင်းကွက်ကလေး တစ်ခု ဆိုပါတော့…

ပြောရရင် စကာင်္ပူရဲ့ ပညာရေးစနစ်ကို ကြိုက်တဲ့မိဘတွေ ရှိသလို ကလေးအတွက် စိတ်ဖိစီးမှုများလွန်းတယ် ကလေးရော မိဘပါ ပင်ပန်းရတယ်ဆိုပြီး မနှစ်သက်တဲ့ မိဘတွေလည်း အတော်များများ ရှိနေတာ တွေ့ရပါတယ်။ ဒါဟာလည်း ဘယ်သူ့ဖက်ကမှ မမှားပါဘူး…။ စာလိုက်နိုင်တဲ့ကလေးတွေအတွက် တစ်တန်းပြီး တစ်တန်း သက်တောင့်သက်သာ ဖြတ်ကျော်သွားနိုင်ပေမဲ့ စာမလိုက်နိုင်တဲ့သူတွေအတွက်ကတော့ ကလေးနဲ့ မိဘတွေဟာ စိတ်ရော လူရော ပင်ပန်းကြရပါတယ်။ ဒါကလည်း ဒီစကာင်္ပူနိုင်ငံမှာမှ မဟုတ်… ဘယ်နေရာ ဘယ်ဒေသမှာမဆို ကြုံတွေ့ရမဲ့ အခြေခံသဘောတရားပါ။

ကျွန်မ သားကို စကာင်္ပူမှာ Kindergarten 1 ကနေ စပြီး ကျောင်းထားခဲ့ပါတယ်။ Kindergarten နှစ်တန်း (K1 & K2) ၊ Primary ခြောက်တန်း (Primary 1 to Primary 6) နဲ့ အခုဆို Secondary မှာ သုံးတန်း (Secondary 1, 2 3) တက်ပြီးပါပြီ…။ ဒီနှစ် Secondary 4 စ တက်ပါတယ်။ သားအတွက်ကတော့ တစ်တန်းပြီး တစ်တန်းကို အေးအေးသက်သာပဲ ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ အင်မတန် ဥာဏ်ကောင်းသော်လည်း ကျွန်မ လိုချင်သလို (သို့) ကျွန်မ လိုချင်သလောက် ဖိဖိစီးစီးနဲ့ အားထုတ် ကြိုးစားတာမျိုးတော့ မရှိခဲ့ပါဘူး။ ယောက်ျားလေးပီပီ သက်တောင့်သက်သာ ပေါ့ပေါ့ပါးပါးနဲ့ အရာရာမှာ စိတ်အေးလက်အေးပါပဲ။ အတန်းထဲမှာ အတော်ဆုံး ကျောင်းသားတစ်ယောက် မဖြစ်ခဲ့သော်လည်း စာတော်တဲ့ ကျောင်းသားတစ်စုထဲတော့ နှစ်တိုင်း ပါခဲ့ပါတယ်။ တခါတခါတော့လည်း ကျွန်မ နောင်တရမိပါတယ်။ သူ့ဘ၀မှာ ပညာသင်ရမဲ့ နှစ်တွေ တော်တော်ကျန်သေးတာကြောင့် အတန်းငယ်တုန်းမှာ သက်သက်သာသာ နေပါစေဆိုပြီး လွှတ်ထားခဲ့တာ၊ အခြားသော မိဘတွေလို စာမှ စာ… တစာစာ အတင်း မတွန်းခဲ့တာတွေကြောင့် ကလေးက ပေါ့ပေါ့လေး နေတာ အကျင့်ပါသွားလေသလားပါပဲ။

ပြောပြချင်တဲ့ အကြောင်းကို စပါ့မယ်။
ပြီးခဲ့တဲ့နှစ်က သား Secondary 3 တက်ရပါတယ်။ Secondary 1 နဲ့ Secondary 2 နှစ်တန်းကတော့ တော်တော်လေး ပေါ့ပါးပါတယ်။ စာတွေလည်း သိပ်မများ၊ သိပ်လည်း မခက်ပါဘူး။ ကျူရှင်လည်း မလိုခဲ့ပါဘူး။ ဒီလိုနဲ့ Secondary 3 ရောက်လာပါတယ်။ ကိုယ် အထူးပြုချင်တဲ့ ဘာသာတွေ ရွေးရပါတယ်။ မလိုချင်တာတွေလည်း ဖြုတ်ခဲ့လို့ရပါတယ်။ သားကတော့ ဆရာဝန်လုပ်ရမှာစိုးလို့ ထင်ပါရဲ့ Biology နဲ့ Geography နှစ်ဘာသာ ဖြုတ်ခဲ့ပါတယ်။ သူကိုယ်တိုင် လေ့လာကျက်မှတ်ရမှာမို့ သူ ဆန္ဒရှိတဲ့ ဘာသာကို ယူစေပြီး မလိုချင်တာကို ချန်ထားခွင့် ပေးရပါတယ်။ သူတို့ ကျောင်းအုပ်ဆရာကြီးကိုယ်တိုင်က ကလေးတွေ ဘာသာရွေးခါနီးမှာ မိဘတွေ အားလုံးကို ခေါ်ပြီး ကလေး စိတ်တိုင်းကျ ဘာသာရွေးပါစေ… မိဘတွေက တားဆီးတာ.. ကိုယ့် စိတ်ကြိုက် အာဏာသုံးပြီး ရွေးခိုင်းစေတာမျိုး မလုပ်ဖို့ ပြင်းပြင်းထန်ထန် မှာကြားပါတယ်။ မိခင်တစ်ယောက်ပီပီ Biology ကို ဖြုတ်လိုက်တာ သိပ်မနှစ်သက်လှပေမဲ့ Maths ကို မယူမနေရ တစ်ဘာသာအပြင် နောက်တစ်ဘာသာ ဖြစ်တဲ့ Advanced Maths ကို သားရွေးချယ်လိုက်တဲ့အတွက် ကျွန်မ ကျေနပ်လိုက်ပါတယ်။

Secondary 3 ရဲ့ ပထမ တစ်လ နှစ်လ ကတော့ သူတို့အခေါ် (Honeymoon Period) တကယ့်ကို ပျားရည်ဆမ်း ကာလတွေပါ။ အတန်းအသစ်၊ ဘာသာရပ် အသစ်၊ ဆရာ ဆရာမ အသစ်တွေနဲ့ Orientation လုပ်ရတာ၊ Overseas Trip တွေ သွားရတာ၊ ပြန်လာတော့လည်း အဲဒီခရီးတွေက ပါလာတဲ့ ပစ္စည်းတွေကို ရောင်းချတဲ့ ရန်ပုံငွေဈေးရောင်းပွဲတွေ ပြင်ဆင်ရ စီစဉ်ရနဲ့ ပျော်ပျော်ပါးပါးကြီးပေါ့။ ဒီလိုနဲ့ Mid Term Test ကို ရောက်လာပါတယ်။ သင်ရိုးအသစ်တွေနဲ့ သိပ်အသားမကျသေးတာက တစ်ကြောင်း၊ အရင်နှစ်တွေကလိုပဲ ပေါ့ပေါ့လေးပဲ နေခဲ့တာက တစ်ကြောင်းတို့ကြောင့် အဲဒီ စာမေးပွဲမှာ Maths နှစ်ဘာသာနဲ့ Physics မှာ သားဟာ အောင်မှတ်ပဲ ရပါတယ်။ သူတို့ Secondary 3 Cohort တစ်ခုလုံး အမှတ်နည်းကြတယ်၊ ကျတဲ့သူတွေလည်း အများကြီးပဲ ဆိုပေမဲ့ သူ့ ကျောင်းသားဘ၀တလျောက်မှာ တစ်ခါမှ အဲဒီလောက် အမှတ်မနည်းဖူးတာကြောင့် သူလည်း တော်တော်လေး မျက်စိ မျက်နှာပျက်ပါတယ်။ နောက်ပြီး အဲဒီစာမေးပွဲက အမှတ်တွေက နှစ်ကုန်မှာ ဖြေရမဲ့ အတန်းတင်စာမေးပွဲကြီးမှာ ၃၀ ရာခိုင်နှုန်း ယူမှာပါ။

စကားစပ်လို့ ပြောပြရရင် ဒီမှာက တစ်တန်းကို စာမေးပွဲ သုံးကြိမ်စစ်လေ့ရှိပါတယ်။ Mid Term စာမေးပွဲက အမှတ် ရဲ့ ၃၀ ရာခိုင်နှုန်း၊ နောက် နှစ်လလောက်အကြာမှာ တစ်ကြိမ် စစ်တဲ့ စာမေးပွဲနဲ့ Course Work နှစ်ခုပေါင်း ရမှတ်ရဲ့ ၂၀ ရာခိုင်နှုန်နဲ့ စာမေးပွဲကြီးက ရမှတ်ရဲ့ ၅၀ ရာခိုင်နှုန်းကို အချိုးကျ တွက်ပြီး အတန်းတင်ပေးတဲ့ စနစ်ပါ။

ဒီတော့ Mid Term မှာ သုံးဘာသာ အမှတ်နည်းတဲ့ သား စိတ်ပူတာလည်း မဆန်းပါဘူး။ ကျွန်မကတော့ သား အမှတ်တွေအတွက် အတော်လေး စိတ်ပျက်ပေမဲ့ ကိုယ့်စိတ်ကို ကိုယ်လျော့ပြီး ဆူဆူပူပူ မလုပ်ခဲ့ပါဘူး။ အတန်းကြီးလာတာနဲ့ အမျှ စာမေးပွဲတွေဟာ အရင်ကလို ပေါ့ပေါ့လေး သဘောထားလို့ မရတော့ကြောင်း သား နားလည်အောင် ကောင်းကောင်းမွန်မွန်ပဲပြောပြပြီး နောက်ကို ဒီ့ထက်ပိုကြိုးစားဖို့နဲ့ ကျူရှင်လိုရင် စီစဉ်ပေးမယ်လို့ပဲ ပြောခဲ့ပါတယ်။ ကျွန်မကသာ အပြစ်မတင်ပဲ အဲဒီလို အေးအေးသက်သာ ပြောခဲ့ပေမဲ့ သူတို့ကျောင်းက သူတို့ကို အပြစ်ပေးပါတယ်။ သူတို့ အပြစ်ပေးပုံက ဒီလိုပါ။

သူတို့ကျောင်းက သူ့လိုပဲ အမှတ်နည်းသွားတဲ့ကလေးတွေ အားလုံး သူတို့ အမှတ်နည်းတဲ့ဘာသာရပ် တစ်ခုချင်းစီအတွက် ဘာသာရပ်ဆိုင်ရာ ဆရာ ဆရာမတွေဆီကို စာရေးရပါတယ်။ ဘယ်လိုရေးရတာလဲ ဆိုတော့… သူတို့ဟာ ဒီဘာသာမှာ ကောင်းကောင်းမကြိုးစားခဲ့လို့ အခုလို အမှတ်တွေ နည်းခဲ့တယ်၊ နောက် စာမေးပွဲမှာ အခုလို အမှတ်မနည်းအောင် ဘယ်လိုတွေ ပြင်ဆင်ပါ့မယ်၊ ဘယ်လိုတွေ လေ့လာပါ့မယ်၊ ဘယ်လိုတွေ ကြိုးစားအားထုတ်ပါ့မယ် ဆိုတဲ့အကြောင်း၊ သူတို့ရဲ့ အားနည်းချက် အားသာချက်တွေကို ကိုယ်တိုင် စဉ်းစဉ်းစားစားနဲ့ ထုတ်ဖေါ် ပြောဆိုပြပြီး ကိုယ်တိုင် ၀န်ခံချက်ရေးရတာမျိုးပါ။ အဲဒီလို ရေးပြီးတဲ့အခါမှာလည်း အောက်မှာ သူတို့ ကိုယ်တိုင် ကတိပြုတဲ့ အနေနဲ့ လက်မှတ်ထိုးရပါတယ်။ သားက သုံးဘာသာ အမှတ်နည်းတော့ သုံးရွက် ရေးရတာပေါ့။ သားက အဲဒီစာတွေ ရေးပြီး ခပ်မှိန်မှိန်မျက်နှာပေးနဲ့ ကျွန်မကို လာပြပါတယ်။ ရုတ်တရက် ကျွန်မက ဘာမှန်းမသိပဲ ကြောင်တောင်တောင်နဲ့ ဘာတွေပါလိမ့်… လို့ ထိတ်ကနဲ ဖြစ်သွားပါသေးတယ်။ နောက်မှ တဖြည်းဖြည်းနဲ့ သဘောပေါက်ပြီး ပြုံးနိုင်လာပါတယ်။

ကြည့်ပါအုံး… ၁၅ နှစ်အရွယ် ကျောင်းသားလေးကို လူကြီးတစ်ယောက်လို သဘောထားပြီး သူတို့ကိုယ် သူတို့ လေ့လာဆန်းစစ်ခိုင်းတာ၊ ပါးပါးလေးနဲ့ ၀န်ခံကတိပြုပြီး ချုပ်ကိုင်လိုက်တာ၊ နောက်ကို ဒီလို မဖြစ်ရအောင် သူတို့ကိုယ် သူတို့ သိဖို့ အတွက် ပေးလိုက်တဲ့ အပြစ်က ဘယ်လောက် ပညာသားပါပြီး လှပသလဲ လို့။ အရွယ်ရောက်စပြုလာပြီဖြစ်တဲ့ ကလေးတစ်ယောက်ကို ကြိမ်းမောင်း မာန်မဲတာတွေ၊ ဆူဆူပူပူတွေ လုပ်ပြီး အတင်းအကျပ် စေခိုင်းတာထက် အဆပေါင်းများစွာ ထိရောက်တဲ့ အပြစ်ပေးနည်းလေးမို့ ကျွန်မ တကယ်ပဲ သဘောကျမိပါတယ်။

လူတစ်ဦးချင်း တစ်ယောက်ချင်းစီရဲ့ ဘ၀တွေမှာ အဓိကကျတာက ကိုယ့်ကိုယ်ကိုယ် သိဖို့ပါပဲ။ ကိုယ် ဘာလဲ ဆိုတာ ကိုယ်တိုင် သိဖို့၊ ကိုယ့်အခြေအနေနဲ့ ကိုယ့်နေရာကို ကိုယ်တိုင် သိဖို့၊ ကိုယ် ဘာလိုအပ်တယ် ကိုယ် ဘာလိုချင်တယ်ဆိုတာ ကိုယ်တိုင် သိဖို့၊ ကိုယ့်ရှေ့ခရီးကို ဘယ်လိုဆက်လျှောက်ရမယ်၊ ဒီအတွက် ဘယ်လိုမျိုး ပြင်ဆင်မှုတွေ၊ ကြိုးစားအားထုတ်မှုတွေ ပြုလုပ်ရမယ်၊ ဘာတွေဆောင်လို့ ဘာတွေရှောင်ရမယ် ဆိုတာ ကိုယ်တိုင် သိဖို့က မရှိမဖြစ် အရေးကြီးတာပါ။ အဲဒီလိုတွေ သိနားလည်စေဖို့အတွက် လေ့ကျင့်ပေးတဲ့ အခြေခံ နည်းစနစ်တစ်ခု၊ ဘ၀နဲ့ယှဉ်လိုက်ရင် မပြောပလောက်တဲ့ကိစ္စ ခပ်သေးသေးတစ်ခုသာ ဖြစ်သော်လည်း ကလေးတွေရဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့ သူတို့တွေရဲ့ အသိစိတ်ဓါတ်ကို အလင်းဖွင့်ပေးတဲ့ အကြောင်းလေး၊ ပြီးတော့ ကျွန်မ စိတ်ထဲ တကယ် နှစ်ခြိုက် သဘောကျမိတာလေးမို့ သိသိမှတ်မှတ်ထားပြီး ဒီစာကို ရေးပါတယ်။

သက်ဝေ
၅ မတ် ၂၀၁၄

(100% Magazine Volume 1, No. 2 တွင် ဖေါ်ပြပြီး ဖြစ်သည်)

1 comment:

  1. Dear ama thet wai
    I like your post and especially interested about your idea for your son's education in singapore. I have a son who is now going to be primary 1.
    can i get your phone number to listen your view regarding about singapore education system ?
    thanks for your blog..
    Best regards,
    esther 9477 6996
    ksoethwe@gmil.com

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...