Thursday, April 20, 2017

သင်တန်းဆရာနဲ့ ကျွန်မကြားက အကွာအဝေး

ကျွန်မနေထိုင်တဲ့ ကမ္ဘာကြီးမှာ လူတွေဟာ တဆိတ်တော့ ဆန်းကြယ်တယ်။ သူတို့တွေဟာ အချိန်ကို အလကား မထားကြဘူး။ အားလပ်ချိန် နည်းနည်းလေးရတာနဲ့ သင်တန်းတွေ တက်ကြတယ်။ သင်တန်းတွေကတော့ အမျိုးမျိုးရှိတာပေါ့။ လွယ်လွယ်ပြောရရင် ဘာသာစကား သင်တန်းတွေ၊ ကွန်ပျူတာသင်တန်းတွေက အစပြုလို့ ကိတ်မုန့်၊ ပေါင်မုန့်ဖုတ် သင်တန်း၊ ကော်ဖီဖျော်သင်တန်း၊ ပန်းအလှပြင်သင်တန်း၊ စာရွက်ခေါက်သင်တန်း... စသည်ဖြင့် အမျိုးအမည် မရေမတွက်နိုင်တဲ့ သင်တန်းပေါင်းစုံရှိတယ်။ ဘာတတ်ချင်သလဲ ဘာသိချင်သလဲ တစ်ခုမဟုတ် တစ်ခုသာ ပြောကြည့်လိုက်၊ အဲဒီအတွက် သင်ကြားပို့ချပေးမယ့် သင်တန်းက အဆင်သင့်။ သင်တန်းတွေတိုင်းမှာလည်း သင်တန်းသားက အပြည့်ရှိတယ်။ အဲဒီလို သင်တန်းပေါင်းစုံ တက်နေကြတဲ့ ခေတ်ကြီးမှာ ကျွန်မလည်း သင်တန်းတစ်ခုခု တက်ဖို့ ရှာဖွေတယ်။ အဲဒီမှာ သတင်းစာကြော်ငြာတစ်ခု သွားတွေ့တယ်။ “ဟက်ဟက်ပက်ပက် ရယ်မောခြင်း သင်တန်း” တဲ့။ ရယ်မာခြင်းသည် အသက်ရှည်၏ လူတိုင်း လူတိုင်း ဟက်ဟက်ပက်ပက် ရယ်မောတတ်စေရန် တာဝန်ယူသည် ဆိုပဲ။ အဲဒီသင်တန်းကို သွားတက်ဖို့ ဆုံးဖြတ်ပြီး စာရင်းသွားပေးဖြစ်တယ်။ ကျွန်မ ဘဝမှာ တကယ်ပဲ ဟက်ဟက်ပက်ပက် ရယ်မောတတ်ချင်တယ်လေ။ (ရှင်တို့ရော...)

သင်တန်းတက်ဖို့ စာရင်းသွားပေးတဲ့နေ့မှာ သင်တန်းဆရာနဲ့ ကျွန်မ မျက်နှာချင်းဆိုင် တွေ့တယ်။ သူက ကျွန်မကို ရယ်ကာပြုံးကာနဲ့ ကြည့်ရင်း နာမည်ဘယ်လိုခေါ်သလဲ လို့ မေးတယ်။ ဒီမေးခွန်းဟာ ရယ်စရာ မေးခွန်းတစ်ခုလို့ မခံစားရပေမယ့် မေးခွန်း မမေးခင်ရော၊ မေးခွန်းမေးလို့ အပြီးမှာရော သင်တန်းဆရာက ရယ်မောနေတာပဲ။ ကျွန်မ နာမည်ကို ပြောလိုက်တော့ သူက နောက်တကြိမ် ရယ်ပြန်တယ်။ ကျွန်မနာမည်မှာ ဘာများ ရယ်မောစရာ ပါနေပါလိမ့်လို့ မျက်မှောင်ကြုတ်ပြီး စဉ်းစားနေမိတယ်။ ပြီးတော့ စာရင်းစာအုပ်မှာ ကျွန်မနာမည်ကို အရယ်တဝက်နဲ့ တစ်လုံးစီ အင်္ဂလိပ်လို စာလုံးပေါင်းကို ရေရွတ်ပြီး ဖြည့်စွက် ရေးသားတယ်။ ပြီးတော့ ကျွန်မကို မော့ကြည့်ပြီး ရယ်ပြန်တယ်။ ခက်တော့နေပါပြီ။ ကျွန်မကတော့ သင်တန်းဆရာကို ပြန်မရယ်ပြတတ်ဘူး။ ဘာလို့ဆို သင်တန်းမှ မတက်ရသေးတာ။

သင်တန်းစတဲ့နေ့က ကျွန်မ အချိန်အတိအကျ ရောက်အောင်သွားတယ်။ အချိန်ကို လေးစားတာ သိပ်ကောင်းတဲ့ အလေ့အကျင့်တစ်ခု မဟုတ်လား။ ကျွန်မ လွယ်လာတဲ့ ကျောပိုးအိတ်ထဲမှာ သင်ခန်းစာတွေကို ရေးမှတ်ဖို့ ဗလာစာအုပ်အသစ် သုံးအုပ်နဲ့ ဘောပင် ခဲတံ ခဲဖျက် ပေတံတွေကို စုံလင်အောင် ထည့်ယူလာခဲ့တယ်။ သင်တန်းအခန်းကိုရောက်ဖို့ လှေခါးထစ်လေးတွေကို တက်ရတယ်။ လှေခါးရင်းမှာ မိန်းကလေးတစ်ယောက်နဲ့ တွေ့တယ်။ သူ့လက်ထဲမှာ စာအုပ်ခပ်သေးသေးတစ်အုပ်နဲ့ ခဲတံတစ်ချောင်း ကိုင်လို့။ ကျွန်မလိုပဲ ဟက်ဟက်ပက်ပက် ရယ်မောခြင်း သင်တန်းကို တက်ဖို့ ရောက်လာသူတစ်ယောက်ဆိုတာ ယုံမှားသံသယရှိစရာ စိုးစဉ်းမျှ မလိုအပ်ခဲ့ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်မတို့နှစ်ယောက်ဟာ မျက်နှာချင်းဆိုင်တွေ့ပြီး မျက်လုံးချင်းဆုံမိတာနဲ့ ကိုယ်စီကိုယ်ငှ ဖျတ်ကနဲ မျက်နှာလွှဲပစ်လိုက်ကြလို့ပဲ။ 

သင်တန်းတက်ရမယ့် အခန်းကိုရောက်တော့ တစ်နေရာစီ၊ တစ်ထောင့်စီမှာ ငြိမ်ထိုင်နေကြတဲ့ သင်တန်းသား ယောက်ျားလေး မိန်းကလေး စုစုပေါင်း ဆယ်ယောက်လောက် တွေ့ရတယ်။ မကြာခင်မှာပဲ သင်တန်းဆရာ ရောက်လာတယ်။ သူကတော့ တွေ့လိုက်တာနဲ့ ရယ်မောနေတာပါပဲ။ အားလုံးပဲ ကောင်းသောနေ့ပါ လို့ အစချီပြီး သူ့သင်ခန်းစာကို စ တယ်။ သင်တန်းသားတွေ ဘယ်သူ့ ဘယ်သူကိုမှ ထ ပြုပြီး မိတ်မဆက်ခိုင်းတာ သိပ်ကောင်းတဲ့ အစီအစဉ်ပဲ လို့ တွေးရင်း သင်တန်းဆရာကို စိတ်ထဲက တိတ်တိတ်လေး သဘောကျသွားတယ်။ သင်တန်းစစချင်းမှာ ဆရာက ကဲ... ကျွန်တော်တို့ ဘယ်လို ရယ်မောကြမလဲ လို့ ရယ်ရယ်မောမော မေးပြီး ကျွန်မတို့အားလုံးကို လေးထောင့်စပ်စပ် ကြည့်မှန်တစ်ချပ်စီ လိုက်ဝေတယ်။ ကျွန်မတို့တွေနဲ့ အင်မတန် ရင်းနှီးပြီးသား ရိုးရိုးသာမာန် ကြည့်မှန်တစ်ချပ်ဟာ ဟက်ဟက်ပက်ပက် ရယ်မောခြင်းကို အထောက်အကူပြုဖို့ အကောင်းဆုံးပစ္စည်း လို့ သူက ဆိုတယ်။ ထူးဆန်းလိုက်တာ။

ပြီးတော့ ရယ်ရယ်မောမောနဲ့ ပြောသေးတယ်၊ ကျွန်မတို့မျက်နှာတွေဟာ တော်ရုံတန်ရုံ ရယ်စရာကို ကြားရုံမြင်ရုံနဲ့ ရယ်မောကြမယ့် မျက်နှာတွေ မဟုတ်မှန်း သူ သိတယ်၊ မစ္စတာဘီးန် တို့၊ တွမ်နဲ့ ဂျယ်ရီတို့၊ တခြား ရယ်မောစရာ ကာတွန်းတွေ ဟာသရုပ်ရှင်တွေ ပြလို့လည်း လိုက်ပါရယ်မောကြမယ့်သူတွေ မဟုတ်ဘူးဆိုတာကိုလည်း သူ သေသေချာချာ သိနေပါတယ်တဲ့။ ဒါကြောင့် အဲဒီ့အဆင့်တွေကို ကျော်ပြီး ကြည့်မှန်တစ်ချပ်ပေးရတာ ဆိုပဲ။ လူတိုင်းလက်ထဲကို မှန်တစ်ချပ်စီ ရောက်နေချိန်မှာ ဆရာက မှန်ကိုကြည့်ပြီး နည်းနည်းစီလောက် ရယ်ကြဖို့ ပြောတယ်။ ဘုရားရေ... မှန်ထဲမှာ ပေါ်နေတဲ့ ကိုယ့်မျက်နှာကို ကိုယ်ကြည့်ပြီး ရယ်ရမယ်ဆိုတာ ဘယ်လောက်များ အူကြောင်ကြောင်နိုင်ပြီး စိတ်ဓါတ်ကျစရာကောင်းတဲ့ အဖြစ်မျိုးပါလိမ့်။ သင်တန်းသား တချို့တလေကတော့ ဆရာ့ကို အားနာပါးနာနဲ့ ပြုံးမိကြသလား မသိဘူး။ ကျွန်မအဖို့ကတော့ ရယ်ဖို့မဆိုထားနဲ့... ပြုံးချင်စရာတောင် ရှာမတွေ့ဘူး။ ဒါပေမဲ့ ဆရာ့စကားကို နားထောင်တဲ့အနေနဲ့ ကျွန်မ မှန်ထဲကို စက္ကန့်ဝက်လောက် စိုက်ကြည့်နေလိုက်တယ်။ မှန်ထဲက မျက်နှာက ရှုတည်တည်နဲ့။ ပြီးတော့ ကျွန်မ မှန်ကို စားပွဲပေါ် ပြန်ချထားလိုက်တယ်။

ခဏကြာတော့ သင်တန်းသား အားလုံးလိုလိုဟာ မှန်တွေကို စားပွဲပေါ် ပြန်ချထားလိုက်ကြတာ တွေ့ရတယ်။ ပြီးတော့ ဒီလိုပဲ ဟိုငေး ဒီငေးနဲ့ ကြည့်နေကြတာပေါ့။ ဆရာက ကျွန်မတို့အားလုံးကို ကြည့်ပြီး ရယ်ပြန်တယ် ပြီးတော့ စကားပြောဖို့ အတန်းရှေ့က စင်အမြင့်လေးပေါ်ကို တက်သွားတယ်။ တမင်ပဲ လုပ်လိုက်သလား မတော်တဆပဲ ဖြစ်သွားတာလားတော့ မသိဘူး၊ ဆရာဟာ ခြေလှမ်း နှစ်လှမ်း သုံးလှမ်းလောက် လျှောက်အပြီးမှာ သူ့ခြေထောက်သူ ပြန်ခလုတ်တိုက်မိပြီး မှောက်လျက် လဲကျသွားတယ်။ လူတွေ (တပည့်တွေ) ရှေ့မှာ ဆရာ မှောက်ရက်လဲရတယ် ဆိုတာ အတော်လေးကို ကို့ယို့ကားယားနိုင်တဲ့ အဖြစ်ပါပဲ။ လဲကျအပြီး ကုန်းကုန်းကွကွနဲ့ ပြန်ထနေချိန်မှာတောင် ဆရာဟာ ကျွန်မတို့ဖက်ကို လှည့်ပြီး ရယ်ပြနေသေးတယ်။ ဆိုးတာက ဆရာ ဝတ်ထားတဲ့ မီးခိုးရောင် သက္ကလပ်စ ဘောင်းဘီရဲ့ အနောက်ဖက် ချုပ်ရိုးဟာ သုံးလက်မလောက် (သိသိသာသာ) ကွဲသွားတာပဲ။ အဲဒါကို လူတိုင်းတွေ့လိုက်တယ်။ အဲဒီအချိန်မှာ ကျွန်မအရှေ့မှာ ထိုင်နေတဲ့ သင်တန်းသားတစ်ယောက်ဆီက အဟက် ဆို ရယ်သံ ခပ်တိုးတိုး တချက်ထွက်လာတယ်။ ဒါပေမဲ့ ကျန်တဲ့သူတွေက ဘယ်သူမှ မရယ်တော့ သူ့ရယ်သံဟာ ချက်ချင်း ပြန်တိတ်သွားတယ်။ ကျွန်မလား... ဟင့်အင်း နည်းနည်းလေးမှ မရယ်ချင်မိဘူး။

ချော်လဲရာက ပြန်ထလာတဲ့အထိ ဆရာဟာ အရယ်မပျက်ပဲ။ ပြီးတော့ နံရံပေါ်က နာရီကို လှမ်းကြည့်တယ်။ တကယ်တော့ သတ်မှတ်ထားတဲ့ သင်တန်းချိန်အရဆို အချိန်စေ့ဖို့ နာရီဝက်လောက် လိုနေသေးတယ်။ ဒါပေမဲ့ ဆရာက ချော်လဲထားလို့ နာနေသလား မဆိုနိုင်ဘူး၊ မနက်ဖြန်မှ တွေ့ကြတာပေါ့ ဆိုပြီး အတန်းကို လွှတ်ပေးလိုက်တယ်။ ကျောင်းစောစောဆင်းရတဲ့ကလေးငယ်တွေရဲ့ ပျော်ရွှင်ရယ်မောမှုမျိုး ဘယ်သူ့ဆီမှာမှ ရှိမနေကြဘူး။ တိတ်တိတ်ဆိတ်ဆိတ်ပဲ ပစ္စည်းတွေ သိမ်းကြတယ်။ ကြည့်မှန်ချပ်ကိုတော့ စားပွဲပေါ်မှာပဲ ဒီအတိုင်း မှောက်ထားခဲ့ကြတယ်။ အခန်းထဲက ထွက်တော့မယ့်ဆဲဆဲမှာ ဆရာက စကားတခွန်း လှမ်းပြောတယ်။ နောက်တစ်နေ့ သင်တန်းအချိန်မှာ ကိုယ်စိတ်ဝင်တစား လေ့လာနေတဲ့ အကြောင်းအရာ၊ ကိုယ် သိဖူး ဖတ်ဖူးတဲ့စာအုပ်ထဲက မှတ်မိနေတဲ့ အကြောင်းအရာ၊ ဒါမှမဟုတ် ကိုယ်တိုင် ကြုံတွေ့ဖူးတဲ့ အဖြစ်တွေထဲက သူများတွေ မသိအောင်  ထိန်ချန်ထားခဲ့ဖူးတဲ့၊ လျှို့ဝှက်ထားခဲ့ဖူးတဲ့ အဖြစ်အပျက် အကြောင်းအရာ တစ်ခုမဟုတ် တစ်ခု ပြောပြဖို့ ပြင်ဆင်လာခဲ့ပါ တဲ့။ ကျွန်မဘဝမှာ ဘာများ လျှို့ဝှက် ထိန်ချန်ထားခဲ့ဖူးပါလိမ့်လို့ အပြေးအလွှားစဉ်းစားရင်း အိမ်ကို ပြန်ရောက်လာခဲ့တယ်။ လျှို့ဝှက် ထိန်ချန်ထားခဲ့ပါတယ် ဆိုမှ အဲဒါကို အခုလို ကိုယ်နဲ့ တစ်နာရီလောက်ပဲ တွေ့ဖူးသေးတဲ့ လူတွေရှေ့မှာ ထုတ်ပြောရမှာ အတော် အဆင်မပြေတဲ့ကိစ္စပဲလို့ ဆက်တွေးနေသေးတယ်။ ပြီးတော့ အဲဒါနဲ့ ဟက်ဟက်ပက်ပက် ရယ်မောခြင်း သင်တန်းနဲ့ရော ဘာဆိုင်လို့လဲ။

****

နောက်တစ်နေ့ သင်တန်းချိန်မှာ သင်တန်းသားဦးရေဟာ ပထမနေ့ကထက် တဝက်လောက် ရော့သွားတယ်။ မနေ့က ကျွန်မနဲ့ လှေခါးရင်းမှာဆုံခဲ့တဲ့ မိန်းကလေးကိုလည်း ဒီနေ့ မတွေ့ရတော့ဘူး။ ခဏနေတော့ ဆရာရောက်လာတယ်။ ထုံးစံအတိုင်း ရယ်မောလို့ပဲ။ ဒါပေမဲ့ သိသိသာသာ လျော့နည်းသွားတဲ့ သင်တန်းသားတွေကို တွေ့လိုက်တော့ သူ မျက်နှာနည်းနည်းပျက်ပြီး အရယ်အပြုံးတွေ ခဏ ရပ်သွားတယ်။ ဒါပေမဲ့ ခဏလေးပါပဲ။ မျက်နှာကို ပြန်ပြင်လိုက်ပြီး “ကောင်းသောနေ့ပါ ကျန်တဲ့သူတွေ ဘယ်ရောက်ကုန်ကြသလဲဟေ့...” လို့ ရယ်ရယ်မောမောနဲ့ ပြောရင်း အတန်းရှေ့က စင်မြင့်လေးပေါ်ကို ခပ်သွက်သွက် လှမ်းတက်လိုက်တယ်။ (ဒီနေ့တော့ ဆရာ ချော်မလဲတော့ဘူး လို့ တွေးလိုက်မိသေးတယ်။) ဆရာက မနေ့က မှာလိုက်သလို စကားပြောစရာ အကြောင်းအရာ တစ်ခုစီ ပြင်လာခဲ့ကြသလား လို့ မေးတော့ အားလုံးလိုလိုက အသံတိတ် (လေးတွဲ့တွဲ့နဲ့) ခေါင်းညိတ်ပြကြတာကို ကျွန်မ မျက်လုံးထောင့်စွန်းကနေ မြင်လိုက်ရတယ်။ ဆရာက Well done Class… လို့ ခပ်ကျယ်ကျယ် ပြီးတော့ ခပ်မြူးမြူးလေး အော်ပြောလိုက်တယ်။ ဆရာ့ကြည့်ရတာ အတော်ပျော်သွားသလိုပဲ။

စကားမပြောခင်မှာ ဆရာက နာမည်တွေရဲ့ အရှေ့ဆုံးအက္ခရာကိုယူပြီး အမှတ်စဉ်မှတ်တယ်။ ဇက် (Z) နဲ့စတဲ့ ကျွန်မနာမည်ကြောင့် နံပါတ်က နောက်ဆုံးပဲ - နံပါတ် ခြောက် တဲ့။ ဒါပေမဲ့ ခြောက် ဂဏန်းကို ကျွန်မ ကြိုက်တယ်။  ရှေ့ဆုံးကလူက ပြောသွားတဲ့ အကြောင်းက ဘွန်ဆိုင်းဆိုတဲ့ သက်ကြီးပုသစ်ပင်တွေ စိုက်တဲ့အကြောင်း၊ သိပ်စိတ်ဝင်စားစရာ မကောင်းဘူး။ စာအုပ်ထဲက စာဖတ်ပြနေသလို အင်မတန် ပျင်းရိစရာ။ ဒုတိယတစ်ယောက်က မိန်းကလေး၊ သူ့အသံကလည်း တိုးလိုက်တာ ဘာပြောနေမှန်းကို မသိဘူး။ မနည်း စူးစိုက်ပြီး နားထောင်ရတယ်။  ပြောတာကတော့ ငယ်ငယ်က သူ အင်မတန်ကြိုက်တဲ့ ရသာပို နွယ်ချိုအမှုန့်တွေကို မိဘတွေမသိအောင် ခိုးစားတဲ့အကြောင်းပဲ။ သူ အလွယ်တကူ လှမ်းမယူနိုင်အောင် အမြင့်မှာတင်ထားတဲ့ အမှုန့်ပုလင်းကို ခုံနဲ့ တက်ယူ၊ အမှုန့်တွေကို ဇွန်းနဲ့ခပ်၊ ပါးစပ်ထဲ ပက်ထည့်ပြီး စားလိုက်တာမှာ အခန့်မသင့်ဖြစ်ပြီး အသက်ရှူလမ်းကြောင်း ပိတ်လို့ ဆေးရုံရောက်သွားတဲ့ အကြောင်းပဲ။ ကျွန်မ အဲဒီ ရသာပို အမှုန့်တွေကို သိသလား မသိဘူးလား၊ စားဖူးသလား မစားဖူးဘူးလား ပြန်စဉ်းစားရင်း နောက်တစ်ယောက်အလှည့်မှာတော့ အိပ်ငိုက်သွားတယ်။ ဘာပြောမှန်းကို မသိလိုက်ဘူး မကြားတချက် ကြားတချက်နဲ့။ လေးယောက်မြောက် ကောင်ကလေးအလှည့်မှာ သူက ဆရာ့ကို လက်ခါပြတယ်။ သဘောက သူ့မှာ ပြောစရာ မရှိဘူး ပြင်ဆင်မလာဘူး ဆိုတဲ့သဘောပဲ။ ဆရာက ခေါင်းယမ်းသလိုလို၊ ခေါင်းညိတ်သလိုလို သေသေချာချာ မကွဲပြားတဲ့ ဦးခေါင်းလှုပ်ရှားမှုတစ်ခုခုကို လုပ်လိုက်တယ်။ အဲဒီနောက်မှာတော့ သင်တန်းအခန်း တစ်ခုလုံး တိတ်ဆိတ်သွားတယ်။

ဒါပေမဲ့ ငါးယောက်မြောက် သင်တန်းသားပြောနေတဲ့ အကြောင်းကတော့ တော်တော် စိတ်ဝင်စားစရာကောင်းတယ်။ ကျွန်မလည်း မျက်လုံးတွေ ကျယ်သွားတယ်။ သူက ဘာပြောသလဲ ဆိုတော့ သူ ငယ်ငယ်က မရယ်တတ်တော့ ရယ်တတ်အောင် လေ့ကျင့်ရေးတို့၊ ရယ်တတ်ရေး လမ်းညွှန်တို့ အဲဒီလို စာအုပ်တွေ ဖတ်တယ်တဲ့။ အဲဒါ စာတစ်အုပ်ထဲမှာပါသလို သူ့အိမ်မှာ မွေးထားတဲ့ ကြောင်တစ်ကောင်ရဲ့ ခေါင်းကို အညိုရောင် စက္ကူအိတ်ထူထူတစ်လုံးနဲ့ စွတ်ပြီး သားရေကွင်းနဲ့ ဖွဖွ စည်းထားပေးတဲ့အကြောင်းပဲ။ အဲလိုဆိုတော့ ကြောင်ဟာ ဘာမှ မမြင်ရလို့ လမ်းကို ဖြောင့်ဖြောင့်မလျှောက်နိုင်ပဲ ဟိုတိုး ဒီတိုက်နဲ့ ဒုက္ခတွေ ရောက်နေတာကို ကြည့်ရင်း ရယ်မောဖို့တဲ့။ ဘယ်လောက်များ ဆိုးရွားလိုက်တဲ့နည်းပါလိမ့်နော်။ ဖြစ်ချင်တော့ အဲဒီနေ့မှာပဲ သူက မိသားစုအရေးနဲ့ ခရီးတိုတစ်ခု ရုတ်တရက်သွားဖို့ ဖြစ်လာခဲ့တယ်။ ခရီးသွားဖို့ ပြင်ဆင်ရင်း ကြောင်ကို ခေါင်းစွပ်ထားခဲ့မိတာ မေ့လျော့နေခဲ့တယ်။ နှစ်ရက်ခရီးက ပြန်ရောက်လာတော့ ကြောင်ဟာ သူ့အိပ်ရာဘေးက စာအုပ်ပုံလေးဘေးမှာ သူ စွပ်ထားပေးတဲ့ စက္ကူအိတ် ခေါင်းမှာစွပ်လျက်သားနဲ့ သေဆုံးနေခဲ့တယ်။ အဲဒါကို မြင်တဲ့အချိန်မှာ သူဟာ သူ့ရဲ့ မေ့လျော့မှု ပေါ့ဆမှုတို့အတွက် အတော်လေး ထိတ်လန့် တုန်လှုပ်သွားခဲ့တယ်။ အဲဒီကြောင်အသေရဲ့ ခေါင်းက စက္ကူအိတ်ကို သူ ဖြုတ်ရမလား မဖြုတ်ပဲ ဒီတိုင်း ထားပြီး မြေမြှုပ်လိုက်ရမလား ဝေခွဲမရခဲ့ဘူး၊ ပြီးတော့ နှစ်ရက်အတွင်း ဒီကြောင် ဘာဖြစ်လို့ သေသွားတယ်ဆိုတာလည်း သူ စဉ်းစားလို့ မရဘူး။ သူ့စိတ်က ထင်လို့ပဲလား မသိ ကြောင်ရဲ့ ဦးခေါင်းဟာ စက္ကူအိတ်နဲ့ ပြည့်လုနီးပါး ဖေါင်းကားနေသလိုပဲ တဲ့။ အဲဒီစကားအဆုံးမှာ သူ ရုတ်တရက် ခုံမှာ ပြန်ထိုင်ချလိုက်တယ်။ သင်တန်းဆရာအပါအဝင် ကျန်တဲ့သူတွေဟာ သူ့ကို လှမ်းကြည့်နေဆဲ သူ ဘာဆက်ပြောလာမလဲ၊ ကြောင်အသေကို ဘယ်လိုရှင်းမလဲ၊ ကြောင်ရဲ့ ဦးခေါင်းဟာ တကယ်ပဲ ကြီးနေတာလား၊ ဒီနည်းဟာ တကယ်ပဲ ရယ်မောစရာဖြစ်ခဲ့သလား ဆိုတာ မျှော်နေဆဲ။ သူကတော့ စာမေးပွဲမှာ မေးခွန်းတွေ အကုန်ဖြေဆိုပြီး တာဝန်ကျေသွားတဲ့ ကျောင်းသား တစ်ယောက်လို အတန်းရှေ့ကို မျက်နှာတည့်တည့်ထားလို့ အေးအေးသက်သာပဲ ထိုင်နေတယ်။

နှစ်မိနစ်လောက်စောင့်နေလို့ သူ့ဆီက ဘာသံမှ ထွက်မလာတော့တာ သေချာပြီဆိုမှ ဆရာက ကျွန်မဖက်ကို လှမ်းကြည့်တယ်။ နံပါတ် ခြောက် လို့ ခေါ်လိုက်တယ်။ ကျွန်မက အသင့်ကိုင်ထားတဲ့ စာရွက်ကို ဖြန့်ပြီး ကျွန်မ ဂရုတစိုက် စီစဉ် ရေးသားလာခဲ့တာတွေကို ခပ်ဖြည်းဖြည်းနဲ့ ပီပီသသ ဖတ်ပြလိုက်တယ်။

“လူတစ်ယောက်ရဲ့ ဦးခေါင်း အလေးချိန်ဟာ ခန္ဒာကိုယ် အလေးချိန်ရဲ့ ရှစ်ရာခိုင်နှုန်းခန့်နဲ့ ညီမျှပြီး ပျမ်းမျှအားဖြင့် လေးကီလိုခွဲကနေ ငါးကီလိုအထိ လေးလံတယ်လို့ သိရတယ်။ ဒါတောင် ဆံပင်တွေရဲ့ အလေးချိန်ကို ထည့်တွက်မထားရသေးဘူး။ တကယ်တမ်းကျတော့ ကျွန်မတို့ဟာ အဲဒီလောက်တောင် အချိန်စီး လေးလံတဲ့ ဦးခေါင်းတစ်လုံးကို လည်ပင်းရဲ့ အကူအညီ အထောက်အပံ့၊ လည်ပင်းရဲ့ ကြင်နာမှု၊ စာနာ နားလည်ပေးမှုတို့ကြောင့်သာ အများအမြင်မှာ တင့်တယ်စွာ တည့်တည့်မတ်မတ် တည်ရှိနိုင်တာ ဖြစ်တယ်။ လည်ပင်းကသာ ဖေးဖေးမမနဲ့ မကူညီရင် ဒီလောက်အလေးချိန်ရှိတဲ့ ဦးခေါင်းတစ်လုံးကို အဆင်ပြေပြေ ထိန်းသိမ်းထားနိုင်ဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စတစ်ခုတော့ မဟုတ်လောက်ဘူး။ ကျွန်မတို့ဟာ စာရေးချိန်၊ စာဖတ်ချိန်၊ ကွန်ပျူတာကြည့်ချိန်တွေမှာ ဦးခေါင်းရဲ့ အနေအထားကို လည်ပင်းကနေတဆင့် အရှေ့ဖက်ကို အနည်းငယ် ဆန့်ထုတ်လိုက်ကြတယ်။ သာမန်အချိန်မှာ လည်ပင်းဟာ လေးကီလို ငါးကီလို ဆိုတဲ့ အလေးချိန်ကို မျှတအောင် ထိန်းထားရပေမဲ့ အဲ့ဒီလို ဆန့်ထုတ်လိုက်တဲ့အချိန်တွေမှာဆိုရင် အလေးချိန် ခုနှစ်ကီလိုနီးပါးရှိတဲ့ ဦးခေါင်းကို လည်ပင်းက ဆွဲယူပြီး ထိန်းထားရပြန်တယ်။ အလားတူပဲ စမတ်ဖုန်းတွေနဲ့ တက်ပလက် အိုင်ပက် စတာတွေကို ကျွန်မတို့ ငုံ့ကြည့်ကြတဲ့အခါ၊ စောင်းငဲ့ကြည့်ကြတဲ့အခါ လည်ပင်းဟာ အလေးချိန် ရှစ်ကီလိုကျော် လေးလံသွားတဲ့ ဦးခေါင်းကို မျှတအောင် ကြိုးစားပမ်းစား ဆွဲငင် ထိန်းသိမ်းပေးထားရပြန်တယ်။ တစ်နေ့တာ နှစ်ဆယ့်လေးနာရီ ဆိုတဲ့ အချိန်မှာ ကျွန်မတို့တွေဟာ လည်ပင်းကို ဘယ်လောက်တောင် နှိပ်စက်ခဲ့ကြသလဲ၊ ဘယ်လောက်တောင် ဒုက္ခတွေ ပေးထားခဲ့ကြသလဲ။ ဘယ်လောက်တောင် မညှာမတာ တာဝန်ယူခိုင်းခဲ့ကြသလဲ ဆိုတာ နည်းနည်းလောက် စဉ်းစားကြည့်ကြပါလို့ ပြောချင်ပါတယ်...”

ကျွန်မ စကားအဆုံးမှာ အခန်းဟာ လိုအပ်တာထက်ပိုပြီး တိတ်ဆိတ်သွားတယ်။ ကျွန်မပြောတဲ့အကြောင်းကို တကယ်ပဲ လေးလေးနက်နက် လိုက်ပါ စဉ်းစား တွေးတောနေကြတာလား၊ ခုနက ကြောင်အသေရဲ့ ဦးခေါင်း စက္ကူအိတ်ထဲမှာ သူ့အလိုလို ကြီးထွားလာနိုင်တာ ဟုတ် မဟုတ်… အဲဒီအကြောင်းနဲ့ လည်ပင်းအကြောင်းနဲ့ ဆက်စပ်ပြီး တစ်ခုခု တွေးနေကြသလားဆိုတာ ကျွန်မ မသိနိုင်ဘူး။ ထူးဆန်းတာက အခါများစွာမှာ လက်ခုပ်လက်ဝါးတီးပြီး တဟားဟားနဲ့ ရယ်မောနေတတ်တဲ့ သင်တန်းဆရာပါ တိတ်ဆိတ်သွားတာ။ သင်တန်းနာမည် ဟက်ဟက်ပက်ပက် ရယ်မောခြင်း သင်တန်း ဆိုတဲ့ ဆိုင်းဘုတ် ရှည်မျောမျောလေးကတော့ အဝါရောင် စမိုင်းလီ ကာတွန်းရုပ်ကလေးတွေ ခြံရံပြီး အခန်းနံရံမှာ ခပ်တည်တည် နေရာယူထားဆဲ။

****

တတိယနေ့ သင်တန်းချိန်မှာ ကျွန်မအပါအဝင် သင်တန်းသား သုံးယောက်သာ ကျန်တော့တယ်။ ဆရာ့မျက်နှာလည်း အတော် မလှတော့ဘူး။ ဖြစ်ချင်တော့ သုံးယောက်ထဲက တစ်ယောက်က ရုတ်တရက် အရေးကြီးကိစ္စပေါ်လာလို့ တဲ့၊ ဆရာ့ကို ခွင့်တောင်းပြီး ပြန်သွားတယ်။ ကျွန်မတို့ တတ်ချင် သိချင်လှတဲ့ ဟက်ဟက်ပက်ပက် ရယ်မောခြင်း ဆိုတဲ့ သင်ခန်းစာတွေဟာ ဘယ်ကို ရောက်လို့ ရောက်မှန်းမသိ၊ ဦးတည်ရာမဲ့သွားတာ သင်တန်းဆရာ ကိုယ်တိုင်တောင် မရယ်မောနိုင်တော့အောင်ပဲ။ ဒီနေ့တော့ ဆရာက မှန်ကို ထပ်ကြည့်ပြီး နည်းနည်းဖြစ်ဖြစ် ပြုံးဖို့ ပြောတယ်။ ကျွန်မနဲ့ မနေ့က ကြောင်ရဲ့ ဦးခေါင်းကို စက္ကူအိတ်စွပ်ဖူးတဲ့ ကျောင်းသားဟာ အဲဒီမှန်ချပ်ကို ကိုင်တောင် မကြည့်လိုက်ကြဘူး။

သင်တန်းဆရာရဲ့ စိတ်ဓါတ်ကျနေတဲ့ဟန်၊ ဘာလုပ်လို့ လုပ်ရမှန်းမသိ ဖြစ်နေတဲ့ဟန်ဟာ အင်မတန် ထင်ရှားတယ်။ သူ ဝတ်ထားတဲ့ ဂျက်ကက်က ဇစ်ကို တင်လိုက် ချလိုက်နဲ့ ကျွန်မတို့ နှစ်ယောက်ကို ကြည့်ပြီး တခုခုပြောဖို့ ကြိုးစားနေပုံပဲ။ နောက်တော့ အတန်းရှေ့က အစိမ်းရောင် သင်ပုန်းချပ်ပေါ်မှာ L A U G H & L O V E ဆိုတာကို စာလုံးကြီးကြီးနဲ့ ချရေးလိုက်တယ်။ သူ ချရေးလိုက်တဲ့ အင်္ဂလိပ်စာလုံးတွေဟာ ညီညီညာညာ စီစီရီရီ မရှိဘူး။ အခုမှ အင်္ဂလိပ်စာ စသင်ခါစ ကလေးတစ်ယောက်ရေးထားသလို၊ စိတ်တွေ လှုပ်ရှားနေသလို မညီမညာ မသပ်မရပ်နဲ့။ အဲဒါကို သူ့ဟာသူလည်း သိပုံရတယ်။ အဲဒီစာလုံးတွေကို ပြန်ဖျက်လိုက် ပြန်ရေးလိုက် လုပ်နေတယ်။ ဒါပေမဲ့ သူ ဘယ်လိုကြိုးစားပြီး ရေးရေး အဲဒီ စာလုံးဆယ်လုံးဟာ ညီလာတယ်ကို မရှိဘူး၊ အပေါ်ထောင်တက်သွားလိုက်၊ အောက်စိုက်သွားလိုက်နဲ့။ သူကလည်း ပြန်ဖျက်လိုက် ကြိုးစားပမ်းစား အသစ်ပြန်ရေးလိုက်နဲ့။ အဲဒီအချိန်မှာ ကျွန်မရဲ့ တစ်ဦးတည်းသော အတန်းဖေါ်ဟာ ကျွန်မကို လက်ကာပြပြီး ဆရာ မမြင်အောင် အခန်းထဲက ခြေဖေါ့ ထွက်သွားတော့တာပဲ။
အခန်းထဲ ဆရာနဲ့ ကျွန်မ နှစ်ယောက်တည်း ကျန်ခဲ့တယ်။ အဲဒီအချိန်မှာ ဆရာက မညီမညာ စာလုံးတွေ ပြည့်နေတဲ့ သင်ပုန်းကို ဖျက်ရင်း ဖျတ်ဆို လှည့်ကြည့်တယ်။ ကျွန်မ တစ်ယောက်တည်း ကြောင်စီစီနဲ့ ထိုင်နေတာ တွေ့လိုက်တော့ သူ နည်းနည်း အံ့သြသွားပုံပဲ။ ကျွန်မက ဟိုတစ်ယောက် ထသွားတဲ့ နေရာကို လက်ညှိုးထိုးပြပြီး တဆက်တည်းမှာ မရှိတော့ဘူး ဆိုတဲ့ သဘောနဲ့ လက်ကို ခါပြလိုက်တယ်။ ဆရာက နားလည်သွားဟန်တူရဲ့။ သူ ရေးလက်စ သင်ပုန်းကို ကျောခိုင်းပြီး ကျွန်မရှေ့ တည့်တည့်က ကုလားထိုင်မှာ လာထိုင်တယ်။ ပြီးတော့ အကြောင်းမဲ့ သူ့ ခေါင်းပေါ်က ဆံပင်တွေကို လက်နဲ့ ထိုးဖွနေတယ်။ ကျွန်မ ဆက်ထိုင်နေရမလား၊ ထ ထွက်သွားရမလား ဆိုတာ စဉ်းစားနေတုန်း...

ဆရာက ကျွန်မမျက်နှာကို စေ့စေ့ကြည့်ရင်း ကျွန်မနာမည်ရဲ့ အရှေ့ဆုံး စာလုံးကို ခေါ်ပြီး စကားတစ်ခွန်းပြောတယ်။ သူ့စကားကို နားနဲ့ဆတ်ဆတ် သေသေချာချာ (ပီပီသသ) တိတိကျကျကြီး ကြားလိုက်ပေမယ့် ကျွန်မ အထိတ်တလန့် ဒါမှမဟုတ် အယောင်ယောင် အမှားမှားနဲ့ ဆရာ ဘာပြောတာလဲဟင် လို့ ပြန်မေးလိုက်မိတယ်။ အဲဒီအခါမှာ ဆရာက နည်းနည်း စိတ်လှုပ်ရှားသလို မျက်နှာမျိုးနဲ့ ဆံပင်ကို သပ်ရင်း ခုနက စကားကို နောက်တစ်ခေါက် ထပ်ပြောတယ်။ သူ့စကားအဆုံးမှာ ကျွန်မ သူ့အလိုလို အော်ရယ်လိုက်မိတယ် (လို့ ထင်တယ်)။ ဆရာက စိတ်တိုသွားသလိုပဲ… စားပွဲကို လက်သီးနဲ့ ခပ်ပြင်းပြင်း တစ်ချက်ထုပြီး ကိုယ် မင်းကို ရယ်စရာ ပြောနေတာ မဟုတ်ဘူးကွ လို့ ခပ်မာမာ ပြောတယ်။ ဒီတော့မှ ကျွန်မ စောစောက ပြုလိုက်တဲ့ အပြုအမူဟာ ရယ်မောခြင်း ပဲ ဆိုတာ နားလည်လိုက်တယ်။ ပြီးတော့ ဆရာက အခုနက သူ နှစ်ခါပြန်ပြောတဲ့ စကားကိုပဲ နောက်တစ်ခါ (တတိယအကြိမ် အဖြစ်) ထပ်ပြောပြန်တယ်။ သူက ထပ်ပြောတော့ ကျွန်မက ထပ် ရယ်ဖြစ်တယ်ပေါ့။ ဒီတစ်ခါတော့ သိသွားပြီ၊ ကျွန်မဟာ ဟက်ဟက်ပက်ပက် ရယ်မောနေမိတာ ဆိုတာ ကေင်းကောင်း သဘောပေါက်သွားပြီ။ ရယ်ရတာ အရသာရှိလွန်းတာမို့ ရယ်ပြီးရင်း ရယ်ရင်း (သိပ်ကို အရှိန်ရလာပြီး) ဆက်ကာ ဆက်ကာ ရယ်နေမိတာ။

အဲဒီလို ရယ်နေရင်းနဲ့ပဲ ကျောပိုးအိတ်ကို ကောက်ဆွဲပြီး အခန်းထဲက (သင်တန်းဆရာရဲ့ ရှေ့က) ကျွန်မ တစ်လှမ်းချင်း ထွက်လာခဲ့တယ်။ အခန်းတံခါးဝကို ရောက်တဲ့အထိ ကျွန်မရဲ့ ဟက်ဟက်ပက်ပက် ရယ်မောသံဟာ အခန်းထဲမှာရော အခန်းအပြင်မှာပါ ပဲ့တင်ထပ်လို့နေတယ်။ အို… ရယ်လိုက်ရတာ… သင်တန်းနာမည်ကိုက ဟက်ဟက်ပက်ပက် ရယ်မောခြင်း ပါဆိုမှ။ အခန်းအပြင်ဖက် လှေခါးဝမှာ ချိတ်ထားတဲ့ သင်တန်းနာမည် ဆိုင်းဘုတ်လေးကို လက်နဲ့ အသာ လှမ်းတို့ထိရင်း ကျွန်မ အတောမသတ် ဆက်ရယ်နေမိပြန်တယ်။ ရယ်ရင်းနဲ့ မောဟိုက်လာတဲ့အထိကို ကျွန်မ ရယ်နေမိတာ။ လှေခါးထစ်တွေက မဆင်းခင် သင်တန်းအခန်းထဲ (နောက်ဆုံးအနေနဲ့) တစ်ချက်ကဲကြည့်လိုက်တော့ အခုန နေရာမှာ ထိုင်နေဆဲ၊ ဆံပင်စုတ်ဖွားနဲ့ ခေါင်းကို စားပွဲပေါ် ထိုးစိုက်ပြီး မှောက်ချထားတဲ့ သင်တန်းဆရာကို တွေ့ရတယ်။ ရယ်ချင်စိတ်ဟာ ကျွန်မ ဗိုက်ထဲကနေ လည်ချောင်းနားအထိ တလိပ်လိပ်နဲ့ ထပ်တက်လာခဲ့တာ။ သူ့ကိုကြည့်ရင်း အသံအုပ်အုပ်နဲ့ (အားနာပါးနာ) ကျွန်မ ရယ်မိပြန်တယ်။ ခဏနေတော့ သင်တန်းအခန်းဝကနေ ချာကနဲ လှည့်ထွက်လာခဲ့တယ်။ လှေခါးကို တစ်ထစ်ချင်း ဆင်းနေရင်းမှာလည်း ကျွန်မ အရှိန်မသေနိုင်ပဲ ဆက်ရယ်နေမိတယ်။ လှေခါး အောက်ဆုံးထစ်ကို ရောက်တော့ အသက် လေး ငါးနှစ်အရွယ် ဂါဝန် ပန်းနုရောင်နဲ့ ချစ်စရာ ကလေးမလေးတစ်ယောက်ကို တွေ့ရတယ်။ သူ့ကို (လှေခါးရင်းမှာ ချိတ်ထားတဲ့) သင်တန်းဆိုင်းဘုတ်ကို လက်ညှိုးညွှန်ပြရင်း “သိပ်ရယ်ရတယ် သိလား သိပ်ကောင်းတဲ့ သင်တန်းပဲ...” လို့ အရယ်တဝက်နဲ့ ပြောလိုက်မိသေးတယ်။ ကလေးမလေး နားလည် မလည်၊ ရယ် မရယ်၊ သင်တန်းသွားတက် မတက်တော့ မသိဘူး ကျွန်မကတော့ တလမ်းလုံး အဆက်မပြတ် ရယ်နေမိတာပဲ။

သက်ဝေ
(၁၉ မေ ၂၀၁၆)


 - ၂၀၁၇ မေလ - Idea မဂ္ဂဇင်းတွင် ဖေါ်ပြပြီးဖြစ်သည်။

2 comments:

  1. ကျွန်မကတော့ သင်တန်းဆရာကို ပြန်မရယ်ပြတတ်ဘူး။ ဘာလို့ဆို သင်တန်းမှ မတက်ရသေးတာ....
    သဘောကျတဲ့ စာကြောင်းလေး ^_^

    ReplyDelete
  2. ဘာများပြောသွားလဲသိချင်မိ :)

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...