တွေ့ဖူးချင်သူ ဆယ်ယောက် တဲ့…။ ထို ချစ်စရာ Tag ပိုစ့်လေးကို လူတော်တော်များများ ရေးပြီးနေကြပြီ…။ ဒီလို ရေးကြရင်းကနေ ဆယ်ယောက်ထဲဆို နည်းတယ် ဟုဆိုကာ တွေ့ချင်သူများကို နာမည်တွေနှင့် တန်းစီပြီး တွေ့ချင်ရခြင်း အကြောင်းလေးများ၊ အမှတ်ရစရာ အကြောင်းလေးများ စုံစုံလင်လင်နှင့် ဝေဝေဆာဆာ ရေးဖွဲ့ထားကြသည်ကိုလဲ ပျော်ရွှင် ကြည်နူးစွာဖြင့် ဖတ်ရသည်။ ကိုယ့်နာမည်ပါသော ပိုစ့်လေးတွေဆို တကယ်ကိုပဲ ဖတ်လို့ မဝနိုင်၊ အထပ်ထပ် အခါခါ ဖတ်မိရင်း သူငယ်ချင်း မိတ်ဆွေများကို တွေ့ချင်စိတ်များ ပို၍ ပို၍ တိုးပွားလာမိသည်။
ကိုယ်ပိုင်လေယာဉ်နှင့် ကမ္ဘာပတ်ပြီး သူငယ်ချင်းတွေဆီ လက်ဆောင်များနှင့်အတူ သွားတွေ့မည့်သူရှိသလို (ကိုယ်လဲ ကပ်လိုက်မယ်နော် လို့ စရန်သပ်ထားပြီးသား) ချစ်သောသူများ အားလုံးနှင့် တွေ့ချင်ပါသည်ဟု ဆိုကာ ချစ်စရာ ကဗျာလေးတပုဒ် လက်ဆောင်ပေးထားသူ တယောက်ကိုလဲ တွေ့ရသေးသည်။ ကိုယ်ကတော့ ပွေလီ ရှုပ်ထွေးသော နေ့ရက်တွေများပြီး တော်တော်နဲ့ မရေးဖြစ်.. ရေးဖြစ်တော့လဲ အလွန်နောက်ကျမှ ရေးရသူမို့ တွေ့ချင်ကြသူတွေ အချင်းချင်း တွေ့ဖြစ်ကြတဲ့ အခြေအနေအထိ ရောက်အောင် လိုရာဆွဲတွေးကာ ရေးလိုက်မိသည်။ ကိုယ့်ကို တွေ့ချင်ပါသည်ဟု မှတ်မှတ်ရရ ရေးထားသူများကိုလဲ ကျေးဇူးတွေ အများကြီးတင်ပါသည်။ ကိုယ်ကလဲ ချစ်ရသူ သူငယ်ချင်း မိတ်ဆွေ ညီအကို မောင်နှမများ အားလုံးကို အခါအခွင့်သင့်တဲ့ တနေ့နေ့မှာတော့ တကယ်ကိုပဲ တွေ့ဆုံချင်လှပါသည်။
ဝါသနာတူ၊ ရင်ခုန်သံတူ သူငယ်ချင်း မိတ်ဆွေများ အားလုံး၏ တွေ့ဆုံမှုတိုင်းမှာ ဤသို့သော ပျော်ရွှင်မှုများ၊ ချစ်ခင်ရင်းနှီးမှုများ၊ တွယ်တာမှု သံယောဇဉ်များ ကိုယ်စီ ကိုယ်စီ ထပ်တူညီအောင် ရှိနေလိမ့်မည်ဟု ခိုင်ခိုင်မာမာ ယုံကြည်နေသောကြောင့် နှစ်သက်ကြလိမ့်မည်ဟု မျှော်လင့်မိပါသည်။
သိင်္ဂီရေ… အမှတ်တရ Tag ထားတာ ကျေးဇူးပါ...။
အလုပ်တွေများနေလို့ အခုမှ ရေးရတယ်...။ ကျေနပ်တယ်နော်…။
* * * * * * *
ညတုန်းက ဖုန်းထဲမှာ ပြောဖြစ်ခဲ့သော “မနက်ဖြန်ကျရင် StarBuck ကော်ဖီဆိုင်လေးမှာ ဆုံကြမည်” ဟူသော စကားကို အထပ်ထပ် ပြန်လည်ကြားယောင်ရင်း စိတ်ထဲမှာ ရင်ခုန် လှုပ်ရှားနေမိသည်။ အင်း... တခါမှ မတွေ့ဖူးကြသောသူ နှစ်ယောက်၏ ပထမဆုံးအကြိမ် တွေ့ဆုံမှု… အဆင်မှ ပြေပါ့မလား… တော်တော်များ အူကြောင်ကြောင် နိုင်နေမည်လား ဟုတွေးရင်း ရယ်လဲ ရယ်ချင်နေမိသေးသည်။
Blog လေးတွေရေးကြပြီး ဘလော့ဂ် တခုနဲ့တခု သွားလာဝင်ထွက် နှုတ်ဆက်လည်ပတ်ရင်းမှ တယောက်ကို တယောက် မျက်မှန်းတန်းမိလာကြပြီး E Mail အပြန်အလှန် ပို့ကြရာမှ အစပြုကာ မမြင်ရသော သံယောဇဉ်ကြိုးများဖြင့် ရစ်နှောင်ထားသော အွန်လိုင်း မိတ်ဆွေတွေ ဖြစ်ခဲ့ကြသည်။ ပြီးတော့ G Talk မှ တဆင့် စာရေးပြီး စကားတွေ ပြောဖြစ်ကြသည်။ တယောက်အကြောင်း တယောက် အတန်အသင့် သိလာကြသည်။ ဝါသနာတူ၊ အကြိုက်ချင်းတူ၊ တန်ဖိုးထားသော အရာချင်း တထပ်တည်းကျ၊ အိပ်မက်ချင်းတူ၊ ရင်ခုန်သံချင်း ထပ်တူညီပြီး လျှောက်လှမ်းရာ လမ်းချင်းတူသော သူတယောက်မို့ လူချင်းလဲ တွေ့ခွင့်ရဖို့ မျှော်လင့်တောင့်တ နေခဲ့ကြသည်မှာ အချိန်တွေ တော်တော်ကြာခဲ့ပြီ။ အနေဝေးကြသူ နှစ်ယောက်မို့ တွေ့ဆုံနိုင်ခွင့် နဲပါးလိမ့်မည်ဟုလဲ ကိုယ်စီ သိနေကြသည်။ အတော်လေး ခင်မင် ရင်းနှီးလာချိန်မှာ ဘုရားရှိခိုးတိုင်း တွေ့ခွင့်ရဖို့ ဆုတောင်းဖြစ်သည် ဟု သူက ပြောပြသောအခါ အတိုင်းမသိ ဝမ်းသာ ကြည်နူးမိသည်။ ကိုယ်လဲ အမြဲ ဆုတောင်းနေပါ့မယ်ဟု ပြန်ပြောလိုက်သေးသည်။
သို့သော်… မျှော်လင့်မထားသော တနေ့တွင် အခြေအနေတခု၏ တွန်းပို့မှုကြောင့် ကိုယ်တို့နှစ်ယောက် အပြင်မှာ လူချင်းတွေ့ဆုံကြဖို့ အကြောင်းဖန်လာခဲ့လေသည်။ ထိုအကြောင်းကို သိသိချင်း သူ့ကို E Mail ပို့ကာ ပြောပြမိတော့ သူ့အပျော်တွေက ကိုယ့်ဆီကို သိသိသာသာကူးစက်…။ သိပ်ပျော်တာပဲ တဲ့…။ အထပ်ထပ် အခါခါ ပြောမိကြသည်။ တွေ့ကြရတော့မယ်နော် တဲ့…။ နေ့ရက်တွေ နာရီတွေကို လက်ရေချိုးကာ စောင့်စားရင်း တခါတခါ စိတ်တွေတောင်မှ မရှည်ချင်တော့…။ နှစ်ယောက်စလုံး (ကလေး ငယ်ငယ်လေးတွေလဲ မဟုတ်ပါပဲနဲ့ ) နာရီလက်တံတွေကို ဆွဲလှည့်ပစ်ချင်စိတ်တွေ ပေါက်နေကြတာ…။ တွေးကြည့်တော့ ရယ်စရာ တော်တော်ကောင်း…။
သူက ဒေသခံ အိမ်ရှင်မို့ ကော်ဖီဆိုင်ကို ချိန်းထားသောအချိန်ထက် တနာရီလောက် စောရောက်နေမည်ဟု ပြောခဲ့သည်။ ဟုတ်ပါပြီ... တွေ့ကြလျှင် ဘာက စ၍ပြောကြမလဲ ဟု ကိုယ် တွေးနေမိသည်။ ဟိုင်း (သို့မဟုတ်) ဟဲလို လို့ စတင် နှုတ်ဆက်လိုက်ရမည်လား…။ မြန်မာဆန်ဆန် မင်္ဂလာပါ ဆိုရင်ကော…။ အော်... ငါနှယ့်နော်… တွေ့တွေ့ချင်း တယောက်ကို တယောက် မှတ်မိကြပါမလား ဆိုတာ အရင်မစဉ်းစားပဲ နှုတ်ဆက်စကားတွေ ရွေးနေမိတယ်…။ သူကရော… ကိုယ့်ကို မြင်ရုံနဲ့ မှတ်မိနေပါ့မလား…။ ကိုယ်ကတော့ သူ့ကို မှတ်မိနေမယ် ထင်ပါရဲ့…။ သူက ဓါတ်ပုံထဲကနဲ့ အပြင်မှာနဲ့ သိပ်တော့ ကွာမနေလောက်ပါဘူး လို့ ထင်ရတာပဲ။ ဒီလိုတွေ ရောက်တတ်ရာရာ စဉ်းစားရင်း သူ့မျက်နှာကို စိတ်ထဲမှာ အလွတ်ရအောင် ကျက်မှတ်နေမိသေးသည်။ မနက်ဖြန်ရယ်… မြန်မြန်ရောက်ပါတော့…။
တကယ်တမ်းတွေ့ကြတော့ ညတုန်းက ဟိုဟို ဒီဒီ စဉ်းစား တွေးတောကာ ကြိုတင် ပူပန်နေရတာတွေ အားလုံး ဘာတခုမျှ မရှိတော့…။ ရိုးစင်း ရှင်းလင်းကာ ချစ်စရာကောင်းလှသော ကော်ဖီဆိုင်ရဲ့ ထောင့်နားက စားပွဲငယ်တခုမှာ ထိုင်ရင်း ကိုယ့်ကို နွေးထွေးလှိုက်လှဲသော အပြုံးတခုဖြင့် ဆီးကြိုနေသော သူ့ကို တွေ့လိုက်ရသည်။ သေချာတယ်… ဒါ ကိုယ်တွေ့ချင်တဲ့ သူငယ်ချင်းလေးပဲ…။ ထိုအပြုံးတခုမှ စလို့ ကိုယ်တို့နှစ်ယောက် တကယ့်ကို ငယ်ပေါင်းကြီးဖေါ်တွေပမာ ချက်ချင်းရင်းနှီး ကျွမ်းဝင်သွားတော့တာ…။ တွေ့ရတာ အရမ်းဝမ်းသာတယ်လို့ တယောက် တလှည့် ပြောနေမိသေး။ အပျော်တွေက နှစ်ယောက်စလုံးရဲ့ မျက်နှာပေါ်မှာ အထင်းသား…။
အလုအယက် ပြောဖြစ်ကြတဲ့ စကားတွေအများကြီးထဲမှာ အကြောင်းအရာတွေကလဲ ပေါင်းစုံ…။ ဒီကြားထဲ သူက ရယ်စရာတွေကလဲ အလွန်ပြောတတ်သေး..။ “ဒီလောက် ရယ်စရာပြောတတ်တာ မင်းက ဂျိုကာလုပ်တာလား” လို့ မေးပြီးတော့ တယောက်မျက်နှာ တယောက်ကြည့်ကာ ဟက်ဟက်ပက်ပက် ရယ်မောမိကြပြန်သည်။ ပြီးတော့ သူက ကိုယ့်ကို သေသေချာချာ ကြည့်ကာ “ဓါတ်ပုံထဲကထက် အရပ်ပိုရှည်လာတယ်” ဟု ပြောသည်။ ကိုယ်က “ဟာ.. မဖြစ်နိုင်တာ… ဒီအသက်အရွယ်မှာ အရပ်က ထပ်မထွက်နိုင်တော့ဘူးလေ” ဟုပြောကာ နောက်တခါထပ် ရယ်မောမိကြပြန်သည်။ ရယ်ပြီးရင်းရယ်… အပျော်စိတ်တွေဖြင့် အကြောင်းမဲ့ကို ရယ်မောမိနေကြသည်…။
ပြီးတော့ ကိုယ်ရေးတဲ့ ပိုစ့်တွေထဲက ဟိုအကြောင်း ဒီအကြောင်းတွေကို သူက စပ်စပ်စုစု မေးခွန်းတွေ လာထုတ်နေသည်။ သူ မေးလာတဲ့ မေးခွန်းတွေက "ဒီပိုစ့်လေးက ကိုယ်ပိုင် ခံစားချက်လား" တို့… "ဟိုပိုစ့်ထဲမှာ ရေးထားတဲ့
ကြက်ဥဟင်း တွေကို တကယ်ရော ချက်တတ်လို့လား" တို့... "G Talk ထဲမှာ
အစိမ်းရောင် အစက်ကလေး တွေ ဘယ်နှစ်ခုတောင်ရှိနေတာလဲ" တို့… စသည်ဖြင့်ပေါ့…။ တချို့မေးခွန်းတွေက တော်တော်ဖြေရခက်သလေ...။ အဲဒီလို မေးခွန်းမျိုးတွေ တဖြည်းဖြည်းနဲ့ များလာတော့ “ဟေ့… ဒီမှာ... ကိုယ်ရေးတဲ့ ပိုစ့်တွေတိုင်းက Fiction နဲ့ Fact တွေကို ရောထွေးမပစ်နဲ့လေ… အရာ အားလုံးဟာ ကိုယ့် Personal တွေချည်းပဲတော့ ဘယ်ဖြစ်နိုင်ပါ့မလဲ” ဟု ခပ်ကျယ်ကျယ် ပြန်အော်မိတော့သည်။ ထိုအခါ သူက ကိုယ့်ကို မျက်လုံးအပြူးသားနှင့် ကြည့်ကာ “ဒီနဂါးလေးက တော်တော် စွာတာပါလား” တဲ့…။
ခဏကြာတော့ သူမှာထားတဲ့ ကော်ဖီကျကျကို သောက်လို့ အရမ်းကောင်းတာပဲလို့ ဆယ်ခါလောက်ပြောပြီး တရှိန်ထိုး မော့သောက်လေတော့ “ဒီကော်ဖီက တော်တော် ပြင်းတယ်... တခွက်လုံး အကုန်မသောက်နဲ့နော်” ဟု မပြောသာ ပြောသာဖြင့် ပြောလာသည်။ ဒီတော့ ကိုယ်က “ဟာ… ဘယ်လိုလဲကွာ… စေတနာက တဝက်ပဲရှိတာလား” ဟု သိသိကြီးနဲ့ ရန်လုပ်မိပြန်သည်။ ပြီးတော့ သူကပင် “ညက အိပ်ပျော်ရဲ့လား… ခေါင်းရော ကိုက်နေသေးလား” ဟု မမေ့မလျော့လဲ မေးသေးသည်။ ကြည့်စမ်းပါအုံး… သူငယ်ချင်းနှစ်ယောက်ရဲ့ ပထမဆုံးအကြိမ် တွေ့ဆုံမှုလို့ ဘယ်လိုမှ မထင်ရတဲ့ ချစ်ခင် ရင်းနှီးမှုတွေ… စိုးရိမ် ပူပန်မှုတွေ… သံယောဇဉ်တွေ…။
ပြီးတော့ သောက်လက်စ ကော်ဖီခွက်ကို အသာချကာ စကားတွေ အများကြီး ဆက်ပြောဖြစ်ကြသည်။ ကိုယ့်ရဲ့ ကလေးလေးတွေ အကြောင်းရေးတဲ့ ပိုစ့်တွေကို သူက ကြိုက်သတဲ့…။ အဲဒီကနေစပြီး ကိုယ့်ရဲ့ ဘလော့ဂ်လေးကို ခဏ ခဏ လာလည်ဖြစ်သွားတာ တဲ့…။ ဒီလိုဆိုလာတော့ ကိုယ်ကလဲ အားကျမခံ စာသိပ်မရေးပဲ ဓါတ်ပုံတွေသာ တင်ထားသော သူ့ဘလော့ဂ်လေးမှာ သူကိုယ်တိုင် ရိုက်တဲ့ ဓါတ်ပုံလေးတွေ သိပ်လှတယ်… ရှုခင်းလေးတွေကိုလဲ အရမ်းသဘောကျတယ် ဟု ပြောပြမိသေးသည်။ ပြီးတော့ ကိုယ့်ရဲ့
ပန်းကလေး သုံးပွင့်အကြောင်း ကတော့ လူတော်တော်များများ စိတ်ဝင်စားစရာ ပိုစ့်တခု ဖြစ်သွားသည် တဲ့…။ နောက်ထပ် ပန်းပွင့်လေးတွေအကြောင်း ရေးစရာ မရှိတော့ဘူးလား တဲ့…။ "အို.. ရှိတာပေါ့.. ကိုယ့်ကို မသိသေးသော၊ ကိုယ်ကသာ သိနေသော ဘလော့ဂ်ဂါ ပန်းပွင့်လေးတွေ အများကြီး ရှိနေသေးတာ” ဟု ခပ်ကြွားကြွားလေး ပြောမိတော့ သူက ပုခုံးကို တွန့်ကာ (
မမ ခင်ဦးမေ ၏ လေသံအတိုင်း) “စုံထောက်ကြီး သက်ဝေ” ဟု ပြောင်ချော်ချော် ခေါ်လေသည်။
ဒီလိုနှင့် အချိန်တွေသာ ကုန်လာသည် စကားတွေကဖြင့် ပြောလို့ မကုန်နိုင်…။ အဆင်ပြေလျှင်တော့ မပြန်ခင် နောက်တရက် ထပ်တွေ့ကြမည် ဟု စဉ်းစားကာ အချိန်တန်တော့ အိမ်ပြန်ဖို့ ပြင်ရသည်။ နောက်တကြိမ် ထပ်တွေ့ဖြစ်ကြလျှင် Story City ဟူသော စိတ်ဝင်စားဖွယ်၊ ချစ်စဖွယ် နေရာလေးတခုကို လိုက်ပို့ပေးမည် ဟု ပြောလာသည်…။ ပြီးတော့ ကော်ဖီဆိုင်က အထွက်မှာ အမှတ်တရ ဓါတ်ပုံရိုက်ကြသေးသည်…။ ကြည်လင်နေသော အပျော်မျက်နှာများကြောင့် ဓါတ်ပုံတွေသည် လန်းဆန်းသစ်လွင်ကာ ခါတိုင်းထက် ပိုလှနေသည် ဟု သူက မှတ်ချက်ချတော့ မစွာရ မနေနိုင်သော ကိုယ်က “လူက နဂိုထဲက လှလို့ ဓါတ်ပုံက လှနေတာပါ” ဟု ပြောမိသေးသည်…။ ဆိုးလိုက်တာ တဲ့…။
* * * * * * *
အိမ်အပြန်လမ်းတလျှောက် ပြောဖြစ်ခဲ့ကြသော စကားလုံးများကို ပြန်တွေးရင်း ညကျရင်တော့ ပိုစ့်လေးတခု အမှတ်တရ ရေးဦးမည် ဟုလဲ စဉ်းစားနေမိသေး…။ ဒီလောက် မြန်မြန်ဆန်ဆန်ကြီး တွေ့ကြရလိမ့်မည်ဟု မျှော်လင့်မထားသောကြောင့် ထိုနေ့က တွေ့ဆုံမှုအတွက် နှစ်ယောက်စလုံး အံ့သြ ဝမ်းသာ ပျော်ရွှင် ကျေနပ်ခဲ့ကြသည်လေ..။
သံယောဇဉ်ဆိုသည်မှာ လူကို ပူလောင်စေသည် ဆိုသော်ငြားလည်း တခါတခါမှာတော့ ထိုသို့သော တွယ်တာမှု သံယောဇဉ်တို့၏ နောက်ကွယ်မှ မမြင်နိုင်သော စွမ်းအားများကြောင့်ပင် ကိုယ်တို့ဘဝတွေ ပိုပြီး အသက်ဝင် ရှင်သန်ရန် အားအင်တွေ တိုးပွားလာစေသည်လော ဟု လေးလေးနက်နက် စဉ်းစားတွေးတော နေမိပါတော့သည်…။