Monday, February 4, 2008

စဉ်းစားကြစေချင်ပါသည်

ဒီနေ့ စိတ်ထဲမှာ နင့်နင့်နဲနဲ ခံစား စိတ်မကောင်းဖြစ်နေရတာလေးတစ်ခုကို ပြောပြချင်ပါတယ်။ ညက အိမ်ပြန်ရောက် . . . ရေမိုးချိုး တမင်းစားပြီးတော့ ထုံးစံအတိုင်း ကွန်ပြူတာရှေ့ ထိုင် . . . Blog လည်ထွက် . . . Email တွေဖတ်ပေါ့။ အဲဒီလိုနဲ့  ဟိုလုပ်ဒီလုပ် ဟိုတွေးဒီတွေး တွေးရင်း ဘာလိုလိုနဲ့  အိမ်နဲ့ ဝေးနေရတာ ၅ - နှစ် တောင်ကျော် သွားပြီလို့  ပြန်တွက်ကြည့်နေမိတယ်။

တစ်ပတ်မှာ ၅-ရက် နေ့ စဉ် အလုပ်သွားအလုပ်ပြန် အဲ . . . ပိတ်ရက်ကလေးနှစ်ရက် ကျပြန်တော့လည်း တစ်ပတ်လုံး ၀တ်ထားတာတွေကို လျှော်ရဖွတ်ရ မီးပူတိုက်ရ . . ။ နောက်ပြီး တော့ တစ်ပတ်စာ ဈေးဝယ် ကျော်လှော် ချက်ပြုတ် ရေခဲသေတ္တာ ထဲထည့်သိမ်းသင့်တာသိမ်း . . .။ ဒီလိုနဲ့  တစ်ပါတ်ပြီး တစ်ပါတ် ကုန်ဆုံး . . . ။ အော် . . . ဘယ်လိုဘ၀မျိုးတွေပါလိမ့် လို့ တစ်ခါတစ်ခါ စိတ်နာနာတွေးမိတယ်။

ဒီလိုတွေးတော စဉ်းစားနေရင်း Singnet Mail Box ကို ဖွင့်လိုက်တော့ အိမ်က ဖေဖေ နဲ့  မေမေ တို့ ဆီက Email ရောက်နေတာ တွေ့ တော့ တော်တော်ဝမ်းသာသွားတယ်။ လွမ်းနေတုံး ဆိုတော့လေ . . .။

Email က ဘာမှ အထွေအထူး အရေးတကြီး မပါပါဘူး။ ထုံးစံအတိုင်း မာကြောင်း သာကြောင်း ပေါ့။ ဖေဖေ ရေးနေကြအတိုင်း ဖေဖေ နဲ့  မေမေ တို့ အဆင်ပြေကြောင်း နေကောင်းကြောင်း သမီးကို သတိရကြောင်း သမီး ရော အဆင်ပြေရဲ့ လား အလုပ်တွေများနေလား နဲ့  သမီးလဲ ကျန်းမာရေး ဂရုစိုက် နေကောင်းအောင်နေ ဆိုတဲ့ အကြောင်းတွေပါဘဲ။ ပြီးတော့ သမီးမေမေ က သမီးကြိုက်တတ်တဲ့ ဟင်းတွေချက်တိုင်း သမီးကို သိပ်သတိရနေတဲ့ အကြောင်း . . .။ အဲဒီကနေမှ ဖေဖေက ဘာရေးထားလဲဆိုတော့ အဝေးမှာရောက်နေကြတဲ့ သမီးတွေ သားတွေ မြေးတွေ ကို သတိရနေရင်းကနေ ဟိုးအရင်တုံးက အဆိုတော် တွံတေးသိန်းတန် ဆိုထားတဲ့ သီချင်းတစ်ပုဒ်ကို သတိရပြီး အခုလဲ ဖေဖေ နဲ့ မေမေ တို့ ကအဲဒီ သီချင်းထဲကလို ဖြစ်နေပြီ လို့ ရေးလာတယ်။ (သီချင်းနာမည်တော့ထည့် မရေးထားလို့  သက်ဝေ မသိပါ။)

သီချင်းရဲ့ ဆိုလိုရင်း ကတော့ . . .
ချစ်သူနှစ်ဦး အချိန်တန်အရွယ်ရောက်လို့  အိမ်ထောင်ပြု ကြပြီး အိမ်ထောင်ဦးအစမှာ အတူတူ ချက်ပြုတ် စားသောက်ကြတဲ့အခါ နှစ်ယောက်စာကလေးသာ ချက်ကြရတာမို့  အိုးကလေး သေးသေးလေးနဲ့  ချက်ကြရတဲ့ အကြောင်း . . .။ အဲဒီ့နောက် သားတွေ သမီးတွေ ရလာတဲ့ အခါကျတော့ မိသားစုဝင်တွေ များလာပြီး ထမင်းအိုး ဟင်းအိုးတွေ တဖြည်းဖြည်းနဲ့  ကြီးလာရတဲ့ အကြောင်း . . .။ အခုကျတော့ သား သမီး တွေ အရွယ်ရောက် အိမ်ထောင်ရက်သားကျပြီး တစ်ယောက်တစ်နေရာစီ် အဝေးကိုရောက်နေတဲ့ အခါမှာ အဖိုးကြီး အဖွားကြီး နှစ်ယောက်သာ အိမ်မှာ ကျန်ခဲ့ပြီး နှစ်ယောက်စာသာ အတွက်သာ ချက်ရတာကြောင့် ထမင်းအိုး ဟင်းအိုးတွေ ပြန်သေးသွားရတဲ့ အကြောင်းတွေ နဲ့ ဖွဲ့ ဆိုထားတာပါ။


ဒီသီချင်းလေးဟာ အပေါ်ယံ အားဖြင့်ကြည့်မယ်ဆိုရင် ခပ်ပေါ့ပေါ့ပါးပါးလေးလို့ ထင်ရပေမယ့် တကယ့်တကယ် ခံစားကြည့်လိုက်ရင် ဘယ်လိုမှ မပေါ့ပါးနိုင်တာ အသေအချာပါ။ ဒါကြောင့် ဖေဖေ့ ဆီက E Mail ဖတ်ပြီး တော်တော်စိတ်မကောင်းဖြစ်ရပါတယ်။ ကိုယ်တိုင်ကလဲ အဝေးမှာဆိုတော့ ဘာမှလဲ လုပ်ပေးလို့ မရတာမို့ ပိုပြီး စိတ်တွေထိခိုက် ရပါတယ်။

မိဘတွေတိုင်းဟာ သားသမီး ဘယ်နှစ်ယောက်ကိုဘဲ ဖြစ်ဖြစ် ပညာတွေသင်ပေးပြီး လူတစ်လုံး သူတစ်လုံး ဖြစ်လာအောင် ပြုစုပျိုးထောင် ပေးခဲ့နိုင်ကြပေမယ့် သား သမီး တွေတိုင်းကတော့ဖြင့် နှစ်ဦးတည်းသာရှိတဲ့ မိဘတွေကို အချိန်ပြည့် အနီးကပ် အလုပ်အကျွေး မပြုနိုင်ကြတာ များလှပါတယ်။ အထူးသဖြင့် တော့ ဒီဖက် ခေတ်ကြီးထဲမှာ ပိုပြီးများမယ် ထင်ပါတယ်။ စဉ်းစားမယ်ဆို စဉ်းစားချင်စရာတွေပါနော် . . .။


ဒါကြောင့် ဒီ Post လေးကိုဖတ်ပြီး သက်ဝေတို့ လို ဘ၀အခြေအနေတွေ အရ မိဘနှစ်ပါးနဲ့ ဝေးရာ ရောက်နေကြရသူတွေ . . . အထူးသဖြင့်တော့ ညီအစ်ကို မောင်နှမ နည်းပါးတဲ့ အတွက် အဖေ နဲ့  အမေကို နှစ်ယောက်ထဲ အဝေးမှာ ခွဲထားခဲ့ရသူတွေ . . . ကိုယ့် မိဘနှစ်ပါး ကို အကောင်းဆုံးဖြစ်အောင် ဘာတွေလုပ်ပေးနိုင်ခဲ့ကြသလဲ . . . ရှေ့ ဆက်ပြီး ဘာတွေ ဘယ်လို လုပ်ပေးကြမလဲ . . . ဆိုတဲ့ အတွေးလေး တစ်စွန်းတစ်စလောက် ခေါင်းထဲကို ဝင်လာရင် သက်ဝေ ဒီ Post လေး ရေးရကြိုးနပ်ပြီ လို့ ထင်ပါတယ်။

5 comments:

  1. အဲဒီသီချင်းလေးနားထောင်ဖူးတယ်။ သက်ဝေနဲ့ထပ်တူထပ်မျှခံစားရတယ်။

    ReplyDelete
  2. အင်း... မိဝေး ဖဝေး နဲ့ တို့ ဘ၀တွေ...ရင်မောစရာကောင်းလှပါတယ် တန်ခူးရယ်။

    ReplyDelete
  3. သက်ဝေရေ.. သေချာစဉ်းစားကြည့်ရင် မိဘတွေနဲ့ခွဲနေရတာ ပိုက်ဆံရှာဖို့တစ်ခုတည်းကြောင့်လိုဖြစ်နေတယ်။ တခါတလေဆိုရင် မတန်ဘူးလို့တောင် ခံစားရတယ်။ မိဘတွေကတော့ ကိုယ့်သားသမီးရှေ့ရေးအတွက်ဆိုတဲ့ စေတနာလေးနဲ့ ကိုယ်တွေကို မတားမြစ်ကြပါဘူး။ ဘာပဲဖြစ်ဖြစ် သက်ဝေရေးပြထားတာတွေကို အမလည်း ခံစားလို့ရပါတယ်။

    ReplyDelete
  4. သီချင်းနာမည်က စလယ်ဝင် ဆိုလား မသိဘူး။
    မင်းအောင်နဲ့ အနိုင်ဆိုထားတာ နားထောင်ဖူးတယ်။

    ReplyDelete
  5. သီချင်းနာမည်က " စလယ်ဝင်အိုး " တဲ့ မကြီးရ။
    ♪ ♫ ဖေဖေရယ် မေမေရယ်.. ကြင်စတုန်းက စလယ်ဝင်အိုးလေးကိုသုံးကာ... ထမင်းချက်ပြုတ် .. စားသောက်လို့ နေလာခဲ့တယ်.. ♪ ♫
    .. ဒန် တန် တန်... ပေါ့ဗျာ။ သိပ်သနားဖို့ကောင်းတာပဲ အဲ့သီချင်းလေးက။

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...