Monday, March 10, 2008
တံခါး၏နောက်ကွယ်
ပိတ်ထားသော တံခါးတစ်ချပ်၏နောက်တွင် သူ ရှိနေသေးသည်။ ဘယ်သောအခါမှ ပွင့်ဟလာမည် မဟုတ်သည့် ထိုတံခါးနောက်တွင် သူရပ်နေဆဲ ဆိုတာကို သိလိုက်ရသောအခါ သူ့ အတွက် အနည်းငယ် ဝမ်းနည်းသွားရုံမှအပ ထူးထူးခြားခြား မခံစားရပါ။ တခါတခါတော့ တံခါးကို အသာလှပ်ကာ ဤတံခါးသည်သူ့ အတွက် ဘယ်သောအခါမှ ပွင့်ဟလာမည်မဟုတ်ကြောင်း ပြောပြရရင် ကောင်းမလားဟု စဉ်းစားမိပါသည်။ သို့ သော် ထိုအခိုက်အတန့် လေးကို လွဲမှားစွာ ကောက်ချက်ချ ဘာသာပြန် မည်ကို နဲနဲမှ မလိုလားသဖြင့် ယနေ့ထိတိုင် အကောင်အထည်မဖေါ်ဖြစ်ခဲ့ပါ။
လူတစ်ယောက်ကိုချစ်သည်။
ဘာကြောင့်ချစ်သလဲ ဟုမေးလာခဲ့သော် အဖြေမရှိ။ မဖြေတတ်။ အချစ်မှာ အကြောင်းပြချက်မရှိ။ အချစ်သည် အတ္တ တစ်ခုဖြစ်၏။ ထို့အတူပင် ဘာကြောင့် မချစ်သလဲ ဟု မေးလာခဲ့သောအခါမှာလဲ ထူးထူးခြားခြား ပြစရာ အကြောင်းမရှိခဲ့ပါ။ မချစ်လို့ မချစ်တာကို အကြောင်းပြနေရအုံးမှာလား… ဟု ခေါင်းမာခဲ့သည်။ အချစ်ကို ပြုလုပ်ယူ၍မရ ဖန်တီး၍မရ။ ကြိုးစား၍ ချစ်ကြည့်ပါအုံးလား ဟု ဆိုလာသူများနှင့် တသက်စာ ရန်ဖက်ဖြစ်ခဲ့ရသည်။ အငြင်းစကားမှ လွဲ၍ ပေးစရာအဖြေမရှိသော ထိုမေးခွန်းကိုပင် သူ အထပ်ထပ် အကြိမ်ကြိမ် အခါခါ မေးလာသောအခါမှာ အလွန်စိတ်ပျက်စွာဖြင့် ခေါင်းကိုသာ တွင်တွင်ခါမိသည်။ ခက်ပါလား…။ Negative Answer တိုင်းအတွက် Reason ရှိသင့်သည် ဆိုသော အယူအဆသည် နေရာတိုင်းအတွက် မမှန်ကန်နိုင်ပါ။ လူတိုင်းတွင် လွတ်လပ်စွာ ဆုံးဖြတ်ပိုင်ခွင့် ရှိသင့်သည် မဟုတ်ပါလော…။
နှစ်ပေါင်းများစွာ သူငယ်ချင်းရင်းချာများအဖြစ် ရင်းနှီးခင်မင်ခဲ့ခြင်း၏ နောက်ဆုံး အဆုံးသတ် ရလာဒ်မှာ ဒါဘဲလား ဟု စိတ်နာနာဖြင့် တွေးမိသည်။ သူငယ်ချင်းများ စုစုဝေးဝေးရှိသော ပျော်ရွှင်ဖွယ်ရာ နွေးအေးမှာ နေ့လည်စာ ထမင်းစားချိန်၊ ညနေဖက် စံရိပ်ငြိမ်က ဟိုင်း မှာ လဖက်ရည် ကော်ဖီအတူ သောက်ချိန်တွေမှာ သူ ရောက်မလာခဲ့သောအခါ စိတ်မကောင်းဖြစ်ရသည်။ ကျောင်းစာသင်ချိန်များ ကျူရှင်ချိန်များတွင် ရက်ပေါင်း အတော်ကြာကြာအထိ သူပျောက်နေခဲ့သောအခါ စိတ်တိုသည့်ကြားမှ စိတ်ပူခဲ့ရသည်။ အတန်းထဲတွင် ကြွက်တွင်း ဟုနာမည်ရသောသူနှင့် အတူ ကျောင်းအနောက်ဖက်က ထူး မှာ (တစ်ခါမှ မသောက်စဖူး) ဘီယာသွားသောက်သည် ဟု ကြားရသောနေ့က တစ်ညလုံး အိပ်မရအောင် ပူပန်သောက ရောက်ခဲ့ရသည်။ ဒီကြားထဲ စာမေးပွဲကြီးကိုပင် မဖြေတော့ ဟုဆိုကာ ကျောင်းဆက်မတက် စာဆက်မကျက်တော့ဘဲ နယ်ကိုပြန်ရန် မီးရထားလက်မှတ်သွားဝယ်သည်ဟု သိရသော အခါတွင်မူကား ဒေါသများ အထွတ်အထိပ်သို့ ရောက်ကာ သူ့ကို အလွန်အမင်း စိတ်ပျက် စိတ်ကုန် သွားတော့သည်။
တွေဝေစွာ ပျော့ညံ့သောသူများကို နဲနဲမှ အထင်ကြီး၍ မရချင်။
ဒီကြားထဲ ထိုကဲ့သို့  ပူပန်သောကရောက်နေခြင်းသည် သူ့ အပေါ် မသိစိတ်က မေတ္တာရှိနေသောကြောင့်ဖြစ်ရမည် ဟု တလွဲအဓိပ္ပါယ်ကောက်ပြီး တားမရ ဆီးမရ စချင် နောက်ချင်ဖြစ်နေကြသော သူငယ်ချင်း တစ်ချို့ ကိုလည်း စိတ်ပျက်စွာဖြင့်သာ ခပ်တွေတွေ ကြည့်နေလိုက်မိသည်။ ရှင်းပြမနေချင်တော့ပါ။ ရှင်းကာမှ ပိုရှုပ်နေအုံးမည်။ သူငယ်ချင်း သံယောဇဉ်ကြောင့် ဖြစ်ပေါ်လာသော ပူပန်စိုးရိမ်မှု သောကနှင့် အချစ်ကြောင့် ဖြစ်ပေါ်လာသော ပူပန်စိုးရိမ်မှု သောကတို့ မှာ အတော်လေးပင် ဝေးကွာ ခြားနားကြောင်း ခံစားဖူးသူများမှသာ ကွဲကွဲပြားပြား သိနိုင်ပါလိမ့်မည်။ နှစ်ပေါင်းများစွာ ခိုင်မြဲ တည်တံ့လာခဲ့သော သူငယ်ချင်း သံယောဇဉ်များသည် သူ့ ထံမှ ထိုစကားလေးတစ်ခွန်း နှင့် ထိုအကြောင်းအခြင်းအရာများ၏ အောက်တွင် လုံးဝ (လုံးဝ) ကွယ်ပျောက်သွားခဲ့ပြီဖြစ်သည်။
တန်ခိုးရှင်တစ်ယောက်သာဖြစ်မည်ဆိုပါက သူ့ ရင်ထဲက မလိုလားအပ်စွာ ပူလောင်မြိုက်နေသော မီးစများကို ပြင်းထန်သော လေအဟုန်ဖြင့် တိုက်ခတ်ကာ ငြိမ်းသတ်မိလိမ့်မည်ဖြစ်သည်။ သူ့ စိတ်ကလေးကို အေးချမ်းစေချင်သည်မှာ ရင်ထဲက စေတနာ အစစ်အမှန် ဖြစ်ပါသည်။ ထို့ အပြင် ကုန်လွန်ခဲ့သော အချိန်တွေကို ပြောင်းပြန် ပြန်လှည့်ပြီး ဟိုးအရင် အခါများစွာတုန်းကလို ဖြူစင်လှပသော ခင်မင်မှုများဖြင့် ထုံလွှမ်းသည့် ပျော်ရွှင်ဖွယ်ရာ သူငယ်ချင်းတွေ ဘဝတွေကို အရောက်ပြန်သွားလိုက်ချင်ပါသည်။
ပိတ်ထားသော တံခါးတစ်ချပ်၏နောက်တွင် သူရှိနေသေးသည်။
ဘယ်တော့မပွင့်ဟလာမည့် မဟုတ်သည့် ထိုတံခါးနောက်တွင် သူရပ်နေဆဲ ဆိုတာကို သိလိုက်ရသောအခါ သူ့ အတွက် အနည်းငယ်ဝမ်းနည်းသွားရုံမှ အပ ထူးထူးခြားခြား မခံစားရပါ။ ဤတံခါးသည်သူ့ အတွက် ဘယ်သောအခါမှ ပွင့်ဟလာမည်မဟုတ်... ဆိုသည်ကို သူ သိစေချင်လှပါသည်။
Labels:
အက်ဆေး
Subscribe to:
Post Comments (Atom)
yes, u right. I've an idea to write .Thanks for sharing.
ReplyDeleteYour idea is like me.But I am just a guy standing at the door ever closed.It is my real life.I feel sadness when I read your this post.But it is ended by her sharp words.Thank you,anyway.
ReplyDeleteနှလုံးသားတံခါးဆိုတာ (များသောအားဖြင့်) တသက်မှာတကြိမ်သာ ချစ်သောသူလှမ်းလာဖို့ ဖွင့်ပေးတတ်ကြတာ သူမေ့နေခဲ့သလား သက်ဝေရယ်။
ReplyDeleteပိတ်ထားသော တံခါးတစ်ချပ်၏နောက်တွင် သူရှိနေသေးသည်။
ReplyDeleteဘယ်တော့မပွင့်ဟလာမည့် မဟုတ်သည့် ထိုတံခါးနောက်တွင် သူရပ်နေဆဲ ဆိုတာကို သိလိုက်ရသောအခါ သူ့ အတွက် အနည်းငယ်ဝမ်းနည်းသွားရုံမှ အပ ထူးထူးခြားခြား မခံစားရပါ။ ဤတံခါးသည်သူ့ အတွက် ဘယ်သောအခါမှ ပွင့်ဟလာမည်မဟုတ်ဆိုသည်ကို သူသိစေချင်လှပါသည်။
ဒီစာသားနဲ့ဆက်လိုပြောရရင်တော့ အစ်မရယ်.....
ပတ်ထားတဲ့တံခါးလို့ပဲဆိုဆို၊ စေ့ထားတဲ့တံခါးလို့ပဲပြောပြော..
အဲ့ဒီတံခါးပွင့်လာဖို့စောင့်နေတဲ့သူဟာ...
တံခါးပွင့်မလာတော့ဘူးဆိုတာကို သိနေမှာပါ...
သိနေလို့တမင်ရပ်စောင့်နေတာလဲဖြစ်မှာပေါ့..
ရပ်စောင့်နေတာကို တားထားလို့မရသလို့.....
ဝင်ခဲ့ပါလို့ပြောဖိုဆိုတာကလည်း အင်မတန်မှခက်ခဲပါလိမ့်မယ်...
ဘယ်လိုပဲဖြစ်ဖြစ်... လူတစ်ယောက်ရဲ့နောက်ဆုံးထွက်သက်ဟာ..
ငြင်သာနေဖို့ အလေးထားကြရသလို...
စောင့်နေခဲ့တယ်ဆိုတဲ့လူက....အမှန်တကယ်လည်း ဖြူစင်တဲ့သံယောဇဉ်ရှိခဲသူဖြစ်နေမယ်ဆိုရင်တော့.... အစ်မရယ်....
လာခြင်းကောင်းသောဧည့်သည်အပြမ်ခရီးလှပဖို့ဆု
တောင်းပေးနိုင်ရုံကလွဲလို့.......
ဘယ်တတ်နိုင်ပါ့မလဲဗျာ..........
နောက်ဆုံးစာပိုဒ်လေးကို ကြိုက်တယ် သက်ဝေရေ.. တံခါးပွင့်လာမလားလို့ မျှော်လင့်ချက်နဲ့ စောင့်နေသူကို သနားတယ်။ တဖက်က မဖွင့်ပေးနိုင်တဲ့သူကိုလည်း အပြစ်ဆိုလို့မှ မရတာနော်..... အင်း..ဖူးစာကံဆိုတာကြီးကိုပဲ အပြစ်ပုံရတော့မှာပဲ.. :P
ReplyDeleteမှန်တယ် ဗျို့ ... အမျိုးသမီးတွေ အတွက် ... :D
ReplyDeleteဖြူစင်တဲ့ မေတ္တာတော့ ပို့ပေးလိုက်ပါ ...
သတ္တ၀ါတိုင်းကို ထားတဲ့ မေတ္တာမျိုး :D
မြတ်နိုး တန်ခူး မနုစံ ကိုစိုးထက် အားပေးစကားတွေ နဲ့  Comments တွေအတွက် ကျေးဇူးပါနော်။
ReplyDeleteYounggun... စိတ်မကောင်း မဖြစ်ပါနဲ့ ။ စစ်မှန်တဲ့ အချစ်အတွက် ရလာဒ်တစ်ခုခုတော့ တစ်ချိန်ချိန်မှာ ရှိလာမှာပါ။
မုတ်သုန်လေ... အဲဒီဆုကို တောင်းပေးပြီးသားပါ။ မျှတတဲ့ အတွေးစိတ်ကူးလေးအတွက် ကျေးဇူးပါ နော်။
Younggun နဲ့ မုတ်သုန်လေ... ရှင်တို့ အတွက် ပိုစ့်လေးတစ်ခု သပ်သပ်ရေးပေးမယ်
လို့ စဉ်းစားထားပါတယ်။
အချစ်သည် အတ္တ တစ်ခုဖြစ်၏။
ReplyDeleteထောက်ခံပါတယ်ဗျို့ ...။
သက်ဝေရေ.. တကယ်တမ်းကျတော့ တဖက်သတ်အချစ်ဆိုတာ ဘယ်သူပဲ ကြုံရကြုံရ စိတ်မကောင်းစရာပါ..။ တစ်ယောက်နဲ. တစ်ယောက်က ခင်မင်ရင်းစွဲရှိပြီးသားဆို ပိုဆိုးတာပေါ့..။ စာနာနားလည်တာက တခြား.. ဖန်တီးလုပ်ယူလို.မရတာက တခြား..။
ReplyDelete