Tuesday, March 18, 2008

မီးပူတိုက်ခြင်း၏ အကျိုးကျေးဇူး

နေ့ စဉ်နေ့ တိုင်း ပြုလုပ်ဆောင်ရွက်ရသော အိမ်မှုကိစ္စ အ၀၀ထဲတွင် ကျွန်မ စိတ်အညစ်ဆုံး နှင့် အမုန်းဆုံးအလုပ်တစ်ခုမှာ မီးပူတိုက်ခြင်းပင်ဖြစ်သည်။ အခြားအခြားသော အိမ်အလုပ်များကို ဇယ်ဆက်သလို တရစပ် လုပ်ကိုင်နိုင်သော်လည်း မီးပူတိုက်ရဖို့ ကိုတော့ ကျွန်မ အလွန်မုန်းတီးသည်။ ဟင်းဆယ်မျိုးကို ဆက်တိုက် ချက်လိုက်ချင်သော်လည်း အင်္ကျီမို့  သုံး လေးထည်လောက် မီးပူတိုက်ရပြီဆိုလျှင်တော့ ဒေါသများက သူ့ အလိုလိုနေရင်း ပွနေကြပြီး မြင်မြင်ကရာကို ရန်လုပ်ချင်နေလေသည်။ အရင်က မိဘများနှင့် အတူတူနေစဉ်ကတော့ အိမ်မှာ အိမ်ဖေါ်ကောင်မလေးများ ရှိသောကြောင့် ထိုတာဝန်နှင့် ကင်းဝေးခွင့် ရခဲ့သည်။ ယခုမူ ထိုသို့ မဟုတ်တော့ပြီ။ အစစအရာရာ ကိုယ့်ကိုကိုယ်သာ အားကိုးရာ ကိုယ်သာဖြစ်တော့သည် ဟူသော ဘ၀မျိုးကို ရောက်နေပြီမို့ …။

သို့ သော်… ထိုအမုန်းဆုံး အလုပ်တစ်ခုကို ကျွန်မ နှစ်နှစ်သက်သက် ပျော်ပျော်ပါးပါး မညီးမညူ ပြုလုပ်ချင်လာအောင် ဆွဲဆောင်လိုက်သော အရာမှာ ကျွန်မ၏ ဘလော့ဂ်ကလေး ဖြစ်သည် ဟုပြောလိုက်လျှင် ကြားရသူအပေါင်းက ဟင်… ဘာဆိုင်လို့ လဲ ဟု ၀ိုင်းပြောကြမည်ကိုလဲ အသေအချာ သိနေပါသည်။ ဆိုင်ပုံ ဆိုင်နည်းကို အခု ပြောပြပါမည်။

* * * * * * * * * * * * * * * * * * *

ယခင်က ကျွန်မအိမ်မှာ နာရီပိုင်းနှင့်အိမ်အလုပ် လာလုပ်ပေးသော အမျိုးသမီးတစ်ယောက် ရှိခဲ့ဘူးသည်။ သို့ သော် လွန်ခဲ့သော ၂၀၀၇ ခု နှစ်ကုန်ပိုင်းလောက်တွင် သူမက ကိုယ်ရေးကိုယ်တာကိစ္စကြောင့် အလုပ်ဆက်မလုပ်တော့ဘဲ မြန်မာပြည်ကို အပြီးပြန်သွားခဲ့သည်။ သူပြန်သွားပြီး နောက်ထပ်လူအသစ်တစ်ယောက် ထပ်ခေါ်ဖို့ အဆင်မပြေတော့ရာမှ အစပြု၍ မီးပူတိုက်ခြင်း ဟူသော အလုပ်မှာလဲ ကျွန်မခေါင်းပေါ်သို့  လုံးလုံးလျားလျား ကျရောက်လာခဲ့လေသည်။ ဒီတော့လဲ ထုံးစံအတိုင်း တစ်ပတ်ကို ငါးရက် အလုပ်လုပ်၊ စနေနေ့ မှာ တစ်ပတ်လုံးစာ လျှော်စရာရှိသည်များကိုလျှော် ခြောက်အောင်လှမ်း… ပြီးရင်တော့ တနင်္ဂနွေနေ့ မှာ အမှန်အကန် တိုက်ပွဲဝင် ရတော့တာပေါ့။ ကျွန်မ၏ အကျင့်ကလဲ တစ်မျိုး။ မီးပူတိုက်လျှင် တပတ်စာ အပြင်အ၀တ် ရုံးအ၀တ်များသာမက အိမ်မှာနေရင်းဝတ်သည့် အ၀တ်များ နှင့် အိပ်ရာခင်း ခေါင်းအုံးစွပ် မျက်နှာသုတ်ပုဝါများ၊ မီးဖိုချောင်သုံး လက်သုတ်ပုဝါများ ပါမကျန် မီးပူတိုက်ရမှ စိတ်တိုင်းကျ ကျေနပ်လေ့ရှိသည်။

ထို့ ကြောင့် တနင်္ဂနွေနေ့ ညနေပိုင်းရောက်လာပြီဆိုလျှင် မီးပူတိုက်ခြင်းဟူသော အလုပ်ကို မလွဲမသွေ မလုပ်မဖြစ် လုပ်ရလေပြီ။ ထိုအချိန်ဆိုလျှင် နောက်တစ်နေ့ အလုပ်သွားရတော့မှာမို့  စိတ်မောတာကတစ်ကြောင်း ပျင်းတာကတစ်ကြောင်း နဲ့  လူက အလိုလိုနေရင်း Depress ဖြစ်ရသည့်အထဲ မီးပူ့တိုက်လျှင် ဘယ်လိုမှ Mood မကောင်းတတ်သော ကျွန်မ၏ အကျင့်ဆိုးကြောင့် ကျွန်မမို့  မီးပူတိုက်ပြီဆိုလျှင် အိမ်သားတွေ ဘယ်သူမှ အနားမလာကြ၊ စကားတစ်ခွန်းလာမဆိုကြ။
အားလုံး ဝေါင်ဝေါင်ရှေးလို့ ဝေးဝေးကရှောင်ကြသည်။ ဆိုးပါတယ်နော်…။

မီးပူတိုက်ခါနီးတိုင်း နည်းအမျိုးမျိုးဖြင့် ဂျီကျ ဂျစ်တိုက်ကာ အသားလွတ် ရန်လုပ် တတ်သော ကျွန်မကို သဘောကောင်း၍ အေးဆေးသော အကြောင်းသိသော ခင်ပွန်းလုပ်သူက ခပ်ပြုံးပြုံးသာကြည့်နေတတ်သည်။ သူတိုက်ပေးပါ့မယ်ဟု အခါများစွာ ပြောဘူး၏။ သို့ သော် သူ့ အ၀တ်သူ တိုက်သည်မှာ အကြောင်းမဟုတ်သော်လည်း ကျွန်မ အ၀တ်များကိုတော့ သူတိုက်ရင် ဘယ်လိုလုပ် ကြည့်ကောင်းပါ့မလဲ။ နောက်ဆုံးတော့ ထိုမီးပူကို ကျွန်မသာပြန်လုရစမြဲ။

ထိုအခါ သူက မီးပူတိုက်ပျင်းသော ကျွန်မအတွက် တစ်နည်းတစ်ဖုံ ကူညီလေသည်။ သူ ဘယ်လိုကူညီသည်ဟု ထင်ပါသလဲ…။
ကျွန်မ မီးပူတိုက်ရာတွင် လွယ်လင့်တကူ နှင့် သက်တောင့်သက်သာ လျှင်မြန်စေရန်ဟုဆိုကာ မီးပူတိုက်ခြင်း အထောက်အကူပြု ပစ္စည်းများ တစ်မျိုးပြီး တစ်မျိုးဝယ်ပေးခြင်းပင်။ သူဝယ်ပေးသော အရာများမှာ ဗျက်ကျယ်ကျယ် အလျားရှည်ရှည်နှင့် မီးပူတိုက်စင်၊ ထိုစင်ပေါ်တွင် ခင်းရသော အခင်းတစ်မျိုး (သူ့ အဆိုအရ ထိုအခင်းဖြင့် ခင်း၍တိုက်ပါက တစ်ဖက်ကိုတိုက်လျှင် အခြားတစ်ဖက်ကို တိုက်စရာ မလိုတော့အောင် တစ်ခါတည်းပြန့် သွားသည် ဟူသတတ်)၊ ရေဖြန်း၍ရသောမီးပူ၊ အလိုလျှောက် ရေနွေးငွေ့ ထွက်သော မီးပူ၊ အ၀တ်အထည်များကို မကပ်တတ်သော မီးပူ၊ ပြီးတော့ အ၀တ်တွေကို ကော်တင်ထားသလို ပြန့် နေအောင် ဖြန်းရသော ကော်ရည်ဗူး … စုံလို့ ပါဘဲ။ မ၀ယ်ပါနဲ့ ဟုပြောသော်လည်း မရ။ ဒါတွေ ထားလိုက်ပါတော့…။ ယခု ဘာကြောင့် ထိုအလုပ်ကို ပျော်မွေ့ လာရသလဲ ဆိုတာကို ဆက်ပြောပြချင်ပါသည်။

* * * * * * * * * * * * * * * * * * *

လွန်ခဲ့သော လအနည်းငယ်ကစ၍ ကျွန်မ ဘလော့ဂ်ကလေး တစ်ခုကြိုးစားဖန်တီးခဲ့သည်။ ဤဘလော့ဂ်ကလေးတစ်ခု အစမပြုခင်ကရော ဘလော့ဂ်ကလေး အသက်ဝင်ရှင်သန်လာချိန်မှာပါ တစ်နေ့ တစ်နေ့  စားလဲ ဒီဘလော့ဂ် သွားလဲ ဒီဘလော့ဂ် ဖြစ်နေခဲ့တာကတော့ အမှန်ပင်။ ဒါပေမယ့်လဲ မိသားစုတစ်ဖက် အလုပ်တစ်ဖက်နှင့် ကိုယ်ပိုင်အားလပ်ချိန် အလွန်ရှားပါးရာ စိတ်လိုလက်ရ တွေးတောရေးသားရန် အချိန်ကို မနဲလုကာ ရှာဖွေခဲ့ရသည်။ ဒါကြောင့်လဲ ပိုစ့်တွေ အလွန်ကြဲရခြင်းဖြစ်သည်။ အေးအေးဆေးဆေး စဉ်းစားတွေးတောခွင့် ရသည့်အချိန်မျိုးမှာ အများအားဖြင့် ညအိပ်ရာမ၀င်ခင် တစ်ခဏ… အိပ်မပျော်ခင် တစ်ခဏ… ထိုတစ်ခဏများအပြင် ရုံးအသွား ရထားပေါ် ကားပေါ်မှာ...။ ပြီးရင်လဲ ရသမျှအချိန်လေးမှာ စာရွက်တစ်ခုခုပေါ် မြန်မြန်ချရေးနိုင်ပါမှ။ မဟုတ်လို့ ကတော့ အဲဒီစိတ်ကူးတွေ အတွေးတွေ ပျောက်ကုန်ပြီသာမှတ်…။

ယခုမူ ကျွန်မအတွက် စိတ်ကူးအတွေးတွေ အေးအေးဆေးဆေးတွေးလို့ ရသော အချိန်ကို ရှာဖွေတွေ့ ရှိခဲ့ပြီ။ ထိုအချိန်မှာ မီးပူတိုက်နေသော အချိန်ပင်တည်း။ အပတ်စဉ် တနင်္ဂနွေနေ့ နေ့ လည်ပိုင်းမှာ ကော်ဖီခါးခါးလေးတစ်ခွက် ဘေးနားချကာ အ၀တ်တွေ မီးပူတိုက်ရင်း ဒီတပတ်တော့ ကိုယ့်ဘလော့ဂ်ကလေးထဲမှာ ဘာအကြောင်းအရာတွေနဲ့  ဘာပိုစ့်ကလေးများ အသစ်ရေးရပါ့… ဘယ်လို ကာရန် ကလေးတွေနဲ့  ဘယ်လို ကဗျာလေးတွေရေးရပါ့… ဟု အေးအေးချမ်းချမ်း တွေးလို့ ရသည်။ အကြံထုတ်လို့ ရသည်။ စိတ်ကူးယဉ်လို့ ရသည်။ ပြီးတော့ စိတ်ကူးရရင် ရသလို စာရွက်အကြမ်းလေးပေါ် ကဗျာကရာ ချရေးလို့ လဲ ရသေးသည်။
ကဲ… မကောင်းဘူးလား။ (အဲ.. တစ်ခုတော့ရှိသည်။ ထိုသို့ သော အချိန်မျိုးမှာ မီးပူကို အလျားလိုက် အ၀တ်ပေါ်ချမထားမိဖို့ တော့ ကြပ်ကြပ် သတိထား ရလိမ့်မည်။) ဤတွင်မှ အစပြုကာ မီးပူတိုက်ခြင်း အလုပ်တွင် ကျွန်မ ပျော်မွေ့ လာခဲ့လေသတည်း…။

မနေ့ ကဆို ယခင်က အလွန်မုန်းတီး ဒေါပွလေ့ရှိသော သူ့ ရှပ်အင်္ကျီလက်ရှည်များ နှင့် ဘောင်းဘီရှည်များ ကို စိတ်ရှည်လက်ရှည် မီးပူတိုက်ပေးခဲ့၏။ သူကတော့ အရင်အခါ များစွာကနှင့်မတူ တစ်မူထူးခြားပြီး ကြည်ကြည်လင်လင် အေးအေးချမ်းချမ်း မီးပူတိုက်နေသော ကျွန်မကို တစ်ခုခုတော့မှားနေပြီဟု ထင်ကောင်း ထင်နေပေလိမ့်မည်။ မမှားပါ… ဘာဆို ဘာမှမမှားပါ။ အားလုံးကောင်းပါသည်။ ဒီတပတ် မီးပူတိုက်စရာများ အားလုံးပြီးဆုံးသွားသောအခါ ဤပိုစ့်ကလေးတစ်ခု ရေးစရာ ရခဲ့ပေသည်။

* * * * * * * * * * * * * * * * * * *


7 comments:

  1. ကျမလည်း မီးပူတိုက်ရင်အရမ်းပျင်းတာ.. သက်ဝေပြောသလို ပိတ်ရက် တနင်္ဂနွေနေ့မှ အားလုံးစုပြီး မီးပူတိုက်ရတယ်။ မီးပူတိုက်ပြီးရင်လေ ခါးနာလို့။ အဲဒီတော့ မီးပူတိုက်ရင် ဘေးနားမှာ ရုပ်ရှင်ဖွင့်ထားပြီးတိုက်မှ လူက စိတ်သက်သာတယ်.. နို့မို့ဆိုရင်တော့ အပျင်းထူပြီး မတိုက်ချင်ဘူး။

    သက်ဝေရေးထားတာတွေ ဖတ်ပြီး တော်တော်များများ အကျင့်တွေတူလို့ ရီချင်နေတာ.. အမျိုးသားက မီးပူတိုက်ပေးမယ်ပြောတာလည်း တူတယ်.. ပြီးတော့ စိတ်တိုင်းမကျပဲ ကိုယ်ပဲတိုက်ရတာချင်းလည်း တူတာပဲ.. နောက်ပြီး အိပ်ယာခင်းကအစ၊ အိမ်နေရင်းအင်္ကျီအထိ မီးပူတိုက်ရတာချင်းလည်းတူတယ်.. တခါတလေတွေးမိတယ်..မီးပူတိုက်စက်လေးများ ဘယ်သူမှ မထွင်နိုင်ကြတော့ဘူးလား မသိဘူးလို့... လေရှည်နေတာနဲ့ပဲ စာတော်တော်ရှည်သွားပြီ။ သက်ဝေမီးပူများများတိုက်ပါလို့ ဆုတောင်းရမလိုပဲ.. ဒါမှ စာများများဖတ်ရမှာပေါ့... :D

    ReplyDelete
  2. သက်ဝေရေ...တပတ်ကို ၃ခါလောက်မီးပူခွဲတိုက်ပါလားဟင်။ အဲဒါမှ တပတ်ကို postအသစ် ၃ခုဖတ်ရမှာလေ။ မီးပူတိုက်တဲ့ အကြောင်းလေးကို စိတ်ဝင်စားအောင်ရေးတတ်တာ အရမ်းတော်တယ်။

    ReplyDelete
  3. မသက်ဝေရေ..လေးမလည်း မီးပူတိုက်ရတာ အမုန်းဆုံးပဲ..။

    ReplyDelete
  4. ကောင်းလိုက်တဲ့ အကြံဗျ :)

    ReplyDelete
  5. မနုစံ... ဂျပန်လူမျိုးတွေက ပစ္စည်းအသစ် တီထွင်တဲ့နေရာမှာ အလွန်တော်တာဘဲ။ မီးပူတိုက်စက်လေးများ ထွင်ထားကြပြီလား ဆိုတာ ကြည့်လိုက်အုံးနော်။ တွေ့ ရင်တော့ လက်တို့ လိုက်ပေါ့...
    တန်ခူး... ရက်စက်ပါနဲ့ နော်... ၃ ခါတော့ တိုက်နိုင်ပါဘူး... ဟူး..ဟူး..ဟူး...
    လေးမ... တူတူဘဲနော်...။
    ကိုစိုးထက်... ရှင်လဲ မီးပူတိုက်ရတယ် မဟုတ်လား.. (သိနေတယ်လေ... အိမ်ရှင်မ ပြန်သွားပြီဆိုတာ) ဒါဆို ပိုစ့် အသစ်တွေ တင်တော့လေဗျာ...။

    ReplyDelete
  6. အဲ လာတူနေပြန်ပြီ။ မကောင်းတဲ့အကျင့်လားတော့မသိဘူး။ မီးပူတိုက်ဖို့ကတော့တကယ်ကိုမုန်းတာ။ :P အရင်တုန်းကလည်းမတိုက်ပါဘူး။ ခုလည်းမတိုက်ရလို့ တော်သေးတယ်။ နောင်တော့မသိဘူး။ :D

    ReplyDelete
  7. ကျွန်တော်ကတော့ လမ်းလျှောက်ရင်းနဲ့ စာရေးဖို့ အကြံထုတ်တယ်။

    မီးပူတိုက်ရမှာကိုလည်း သေမလောက်ကြောက်တယ်။ ဒါပေမဲ့ ယောက်ျားလေးမို့ ခွင့်လွှတ်ကြတန်ကောင်းရဲ့။

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...