Tuesday, September 2, 2008

ခုံတကာမှ ဘုံကဗျာများ

ဘလော့ဂ်ကြွလာ မိတ်သဟာအပေါင်းတို့ 
စိတ်ပင်ပန်းမှုများ၊ စိတ်ဖိစီးမှုများ ပြေပျောက်ပြီး အတန်ငယ် ပြုံးပျော်နိုင်စေချင်း အလို့ငှာ
မြန်မာ့အသံ ကျော်ဦး (၀ါ) မောင်သက်ဝေ ၏ ခုံတကာမှ ဘုံကဗျာများ မှ ကူးယူဖေါ်ပြပါသည်။

ဟိုးရှေးရှေးက တက္ကသိုလ်ကျောင်းသူ ကျောင်းသားများ၏ စာသင်ခုံများပေါ်တွင် ရေးသားထားကြသော ခံစားချက် အဖုံဖုံ၊ စိတ်ကူးအတွေး အစုံစုံ တို့ မှ ပေါက်ဖွားလာသော ကဗျာတို ကဗျာစများ ဖြစ်ပါသည်။
ခံစား ဖတ်ရှုပြီး ရယ်မော ပျော်ရွှင်နိုင်ကြပါစေ…။

မိန်းကလေးတွေ ရဲ့  အဆောင်ရှေ့ မှာ အသံသေး အသံကြောင်နဲ့  သီချင်းသွားဆိုကြတဲ့သူတွေ၊
အဆောင်ထဲကို ချောင်းကြည့်ကြတဲ့ သူတွေ ရဲ့  အတွေ့ အကြုံလေးတွေပါ…။

မင်းအဆောင်ရှေ့ မှာ လသာသာဝယ်
ကိုယ့်မှာ အပျော်ပို ခွေးလိုအူပြတာ
ငြူစူသလား ချစ်သူရယ်။

ခွေးလို မအူချင်ရင် သစ်ပင်ပေါ်တက်
အဆောင်ထက်သို့  လှမ်းလျက်ကြည့်လျှင်
မြင်ချင်သမျှ အ၀၀ကို
မမြင်ရလား ငါ့လူရယ်။

ပုရွတ်ဆိတ်ကိုက် ခါချဉ်ကိုက်၍
ဓါတ်လိုက်အန္တရာယ် အသွယ်သွယ်တို့ 
ရန်စွယ်ဖြာဖြာ ရှိနေပါလည်း
တို့ မှာ ဇိမ်ရှိ ချောင်းလို့ ကြည့်…။


* * * * * * * *

အဟီး.. ဒါကတော့ ဖြစ်လေ့ဖြစ်ထရှိတဲ့ အကြောင်းအရာလေး တစ်ခုပါ..။
ရေးထားပုံက ရယ်ရမလို ၊ ငိုရမလို နဲ့ နော်..။

ကျောင်းဖွင့်ပါလည်း သက်လျာချစ်သူ
မရောက်မူ၍ စိတ်ပူမိကာ
သတင်းစာကို ဖတ်ကြည့်ကာမှ
သူလင်ရတာ သိတော့တယ်။


ဒါကတော့ ချစ်သူကျောင်းမတက်လို့  ရေးထားတဲ့ လွမ်းစာလေးပါ။

ချစ်သူအသက် ကျောင်းမတက်တာ
ဘာကြောင့်ပါလိမ့်။


အဲဒါကို အမြင်ကတ်တဲ့ သူတစ်ယောက်က ခုလိုပြန်ရေးခဲ့တယ်…။

ဘာကြောင့်လဲဆို မင်းကိုမုန်းလို့ 
ဖြစ်မှာပေါ့။

သူလေးထံမှ ပြန်စာရ၍
ငါကဖတ်ကြည့်လိုက်သောအခါ…။

နင့်လိုကောင်မျိုး ငါ့ကိုပိုး၍
အရိုးထဲက နာလိုက်တာ… တဲ့လား။


* * * * * * * * *

တိုင်းရင်းသူ တက္ကသိုလ်ကျောင်းသူ လှပျိုဖြူလေးတွေရဲ့  အလှကြောင့် ဖြစ်ပေါ်လာရတဲ့
ခံစားချက်လေးတွေကို ခုံပေါ်မှာ အသေအချာ မှတ်တမ်းတင်ထားပုံလေးတွေပါ။

မော အလှ ခင်သူဇာ
ရုပါက ကြော့ရှင်း
ရှမ်းပျိုဖြူ မူဟန်နွဲ့ ကြောင့်
ချခဲ့သက်ပြင်း။

မွန် တို့ ဌာနီ လာချင်ပြီကွဲ့ လေး
နှမသယ် မေ မဖိတ်လို့ 
တိတ်ဆိတ်စွာငေး…။


* * * * * * * * *

ဒါလေးကို ဖတ်ကြည့်ပြီး အော်.. အော်… သူတို့ လက်ထက်ကလဲ
ကာစင်တို့ ၊ ဘင်္ဂလားမောင်နှမတို့ ဆိုတာတွေ ရှိကြတာဘဲနော် လို့ တွေးမိပါတယ်…။
ဟီး.. ဟီး…


ကာစင်လို့ တော့ ပြောတာဘဲ
သူတို့ ကြည့်တော့ စပ်ဖြဲဖြဲ

မနာလိုရင် မင်းဝင်တွဲ
ကိုယ်တို့ ကတော့ မတွဲရဲ…။


* * * * * * * * *

ကျောင်းသားတစ်ယောက်က သူတို့ ရဲ့  ကျောင်းပျော်ဇာတ်လမ်းလေးကို
သင်္ကြန်သံချပ်ဆန်ဆန် ရေးထားခဲ့တဲ့ ခုံကဗျာလေးပါ…။

တက္ကသိုလ်မှာ လေးနှစ်ကြာ
တစ်တန်းထဲအောင်တာ ငါတို့ ပါဘဲ…။


* * * * * * * * *

ဗိုလ်ချုပ်အောင်ဆန်း ရယ် အာဇာနည်နေ့ ရယ်နဲ့  ပတ်သက်လို့ 
ခံစားချက်ကို ဖေါ်ပြထားတဲ့ ကဗျာလေးကတော့…

ဗိုလ်ချုပ်အောင်ဆန်း ပြည်ချစ်ပန်းကို
စိတ်မှန်း ရွယ်စူး ဤနေ့ ထူးတွင်
ဦးညွှတ် အလေးပြုပါ၏။

အာဇာနည်နေ့ ရောက်ခါမှ သူ့ ကို သတိရ
အာဇာနည်နေ့  ပြီးသွားတော့ သူ့ ကို မေ့လျော့လျော့
ဒါမျိုးကတော့ သိပ်မကောင်း
အစဉ်သတိရစေကြောင်း။

* * * * * * * * *

စာကျက်ပျင်းတဲ့ ကျောင်းသားတစ်ယောက်ရဲ့  ညည်းချင်းလေးရယ်…
စာမေးပွဲကို မုန်းတီးနေတဲ့ ကျောင်းသားတစ်ယောက်ရဲ့  ဆန္ဒလေးရယ်ပါ…။
ကြောက်စရာတော့ အကောင်းသားနော်…။

တစ်နှစ်လုံးတော့ စာမကျက်
ဒီရက်မှပြင်ဆင်
မြင်ပါလေ သက်လျာဦး
မောင့်မှာတော့ရူး…။

စာမေးပွဲ ထွင်သူ ထိုထိုလူကို
ခေါ်ယူစုဆောင်း အမှုန့် ထောင်း၍
မြစ်ချောင်းထဲမှာ မျှောချင်ပြီ…။


* * * * * * * * *

ကျောင်း စာကြည့်တိုက်မှာ စာသွားသွားကျက်လေ့ရှိတဲ့ ကျောင်းသားတစ်ယောက်ရဲ့ 
တွေ့ ရ ကြုံရ တဲ့ ဒုက္ခလေးတစ်ခုပါ…။

စာကြည့်တိုက် ဒီနေရာ ပညာရှာဖို့  အလွန်ကောင်း
သို့ သော်ငြားလေ သက်ထားတမေခင်တို့ 
မဆင်မခြင် အထိုင်မတတ်တာကြောင့်
စာဖတ်ရန် စိတ်မှာမရှိ ငါ၏စိတ်ပြောင်း…။

ဒါလေးကတော့ ဟို ကျောင်းသားကို အားကျမိလို့  ကြိုးစားပမ်းစား Library သွားတဲ့
ကျောင်းသားတစ်ယောက်ရဲ့  အခဲမကျေ ရေရွတ်သံလေးပါ…။ သနားစရာနော်…။

အဲဒီလို အနေအထား ရှာတွေ့ နိုင်ဖို့  တို့ ကြိုးစား
ဒါပေမယ့်လေ အလကား အချိန်တွေသာ ကုန်လို့ သွား…။


* * * * * * * * *

ဒါကတော့ လကုန်ရက်တွေတိုင်း ဖြစ်နေကျ ကိစ္စလေးပေါ့..။
အထူးသဖြင့်တော့ အဆောင်နေ ကျောင်းသားတွေမှာ ပိုဖြစ်တတ်တယ် လို့ ထင်ပါတယ်…။
အတိုင်နဲ့  အဖေါက် သံစဉ်ကို ကိုက်လို့ …။


ဒီလအတွက် သုံးစရာ
ငွေမရောက်လာသေး

မြေနီကုန်း အပေါင်ဆိုင်မှာ
ပေါင်စရာ တစ်ခုခုပေး
ငွေရတဲ့ဆေး…။


* * * * * * * *

ဒါကတော့ နေ့ စဉ်ထုတ် သတင်းစာကို အများပိုင် ဖတ်လို့ ရတဲ့ နေရာကနေ
ကိုယ့်အခန်းထဲ ယူဖတ်တတ်တဲ့ သူတွေအတွက် ရေးထားပုံရပါတယ်။
ပန်လည်ချေပ ထားပုံက ရယ်စရာ…။

အများပိုင်တဲ့ သတင်းစာ
ကိုယ့်အခန်းထဲ ယူဖတ်တာ
အဲဒါ လူယုတ်မာ…။

ဇိမ်ရှိတာတော့ လူမသိ
မင်းမယုံရင် ယူဖတ်ကြည့်…။


* * * * * * *

ရယ်မော ပျော်ရွှင်နိုင်ကြပါစေ။

6 comments:

  1. သက်ဝေရေ
    လွတ်လပ်တဲ့ ကျောင်းသားဘ၀၊ ပျော်စရာ၊ နောက်စရာ အချိန်လေးတွေရဲ့ အမှတ်တရလေးတွေမို့ သဘောကျမိတယ်။ မြန်မာ့အသံ ဦးကျော်ဦး ကို အဖေ့မိတ်ဆွေမို့ သိပါ၊ ခင်ပါတယ်။ အင်မတန် ယဉ်ကျေးပြီး သဘောကောင်းတဲ့ ဦးလို့ မှတ်မိနေပါတယ်။ ညီမနဲ့များ အမျိုးတော်သလားဟင်။

    ReplyDelete
  2. သက်ဝေရေ… တက္ကသိုလ်ဘ၀လေးကို ပြန်လွမ်းရင်း ပြုံးမိတယ်… တယောက်ထဲပြုံးလိုက် ရယ်လိုက်ဖြစ်နေလို့  သရဲကားကြည့်နေတဲ့ အမျိုးသားက ဇိမ်ပျက်နေတော့ သူ့ ဖတ်ပြလိုက်တာ ပြုံးဖြဲဖြဲနဲ့ သရဲကားလဲ သက်ဝေပို့ စ်နဲ့ တွေ့ တော့ သွားရော… သတင်းစာဘုံကဗျာလေးကို အကြိုက်ဆုံးပဲ…

    ReplyDelete
  3. ကျောင်းဖွင့်ပါလည်း သက်လျာချစ်သူ
    မရောက်မူ၍ စိတ်ပူမိကာ
    သတင်းစာကို ဖတ်ကြည့်ကာမှ
    သူလင်ရတာ သိတော့တယ်။
    အဟီးဟီး ဒါတောင်မသိတဲ့လူတွေကရှိသေးတာ

    ReplyDelete
  4. သက်ဝေရေ.. ဖတ်ရင်းနဲ့ ရီလိုက်ရတာ.. အဲဒီလိုမျိုးတော့ တခါမှ မဖတ်ဖူးဘူး။ အခုလိုဝေမျှပေးတာ ကျေးဇူးပါနော်..

    ဒီနေ့ မုန့်ဟင်းခါး ချက်စားရင်း သက်ဝေပြောသလို ပဲကြော် ကြော်ကြည့်တယ် သိလား.. ဘယ်လိုပြောရမှန်းတောင် မသိဘူး.. အဟီး.. အကြော်တော့ ဖြစ်တယ်။ မီးအပူကို မမှန်းတတ်တော့ ပဲကြော်က ပုံစံစုံဖြစ်နေတာ ရီရတယ်.. ဒါပေမယ့် အလွယ်တကူ ကြော်စားဖြစ်တာမို့ အမျိုးသားကတော့ သဘောကျနေတယ်.. တကယ်လို့ ပုံလှလှလေး ကြော်လို့ရရင် ဓာတ်ပုံရိုက်ပြီး ပြပ့ါမယ်နော်.. ဒီနေ့က အစမို့လို့ မမှန်းတတ်သေးလို့ပါ... အကြော်နည်းလေးအတွက် ကျေးဇူးပါ သက်ဝေရေ..

    ReplyDelete
  5. ချိုသင်း...
    ဟုတ်တယ်နော်...
    သဘောကျစရာ...
    သက်ဝေနဲ့  မြန်မာ့အသံ ဦးကျော်ဦး နဲ့  အမျိုးမတော်ပါဘူး..
    တိုက်တိုက်ဆိုင်ဆိုင် သူ့ ရဲ့  ငယ်ငယ်က ကလောင်နာမည်က သက်ဝေ ဆိုတာ အဲဒီစာအုပ်လေးကို ဖတ်ရတော့မှ သိတာ...။

    တန်ခူး...
    တစ်ယောက်က ကြည့်လက်စ သူရဲကား တစ်ပိုင်း တစ...
    တစ်ယောက်က ဖတ်လက်စ ပြောင်ချော်ချော် ကဗျာတို ကဗျာစ...
    ဘ၀ဆိုတာ နေတတ်ရင်တော့ ပျော်စရာပါဘဲလေ...

    ရီ...
    မတွေ့ ရတာ တော်တော်ကြာနေပြီနော်...။
    ကြည့်ရတာ ရီတစ်ယောက် မသိတဲ့သူတွေ နဲ့  တွေ့ ဖူးထားတယ် ထင်တယ်.. ဟုတ်တယ်ဟုတ်... မှန်မှန်ပြောနော်...

    နုရေ...
    သက်ဝေလဲ ဟိုဟာလေး ရမ်းလုပ် ဒီဟာလေး မှန်းလုပ်ရင်း ရလာတဲ့ နည်းလေးပါ။ ဘာဘဲဖြစ်ဖြစ် အလွမ်းပြေတော့ စားလို့ ရတာပေါ့လေ.. နော်..။

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...