Tuesday, October 7, 2008

ကမ္ဘာသစ်

ကိုယ့်အတွေးလေးနှင့်ကိုယ် တိတ်တိတ်ဆိတ်ဆိတ် နေလိုသူတစ်ယောက် အတွက်တော့ ထိုပါတ်ဝန်းကျင်သည် တဆိတ်တော့ဖြင့် လိုအပ်သည်ထက် ပိုမိုဆူညံလွန်းနေသည်။ ဆူညံသံများကြောင့် ဝေ့ဝဲ ပျံ့လွင့်နေသော စိတ်အာရုံတွေကို ကြိုးစား စုစည်းကာ တွေးချင်ရာကို တွေးတောနေမိသည်။ လောလောဆယ် တွေးမိသည်များကို ပြောပြရသော်….

လေပြည်တိုက်ချိန်တွေမှာ လေပြည်ညှင်းရဲ့  အငွေ့အသက်ကို ညင်သာ ခံစားကြည့်ချင်သူ တစ်ယောက်အတွက် တိုက်ခတ်လာသော လေအရှိန်တွေသည် ပြင်းထန်လွန်းနေသည်။ အချိန်မှန် ရွာသွန်းသော မိုးရေစက်တို့မှလာသော တဖျောက်ဖျောက် သံစဉ်များကို တေးသွားတစ်ပုဒ်ပမာ နားဆင်ကြည့်ချင်သူ တစ်ယောက်အတွက် ထိုမိုးသံတို့ သည် ကြမ်းတမ်းလွန်းနေသည်။ သစ်ရွက်တို့ကျကြွေသံသည် သာယာသော ဂီတသံဟုကြားဖူးသူ တစ်ယောက်အတွက် ထိုသစ်ရွက်ကြွေသံတို့ သည် မာကျောလွန်းနေသည်။ စမ်းချောင်းလေးမှ တသွင်သွင် စီးဆင်းနေသော ရေအလျင်တို့ သည် ငြိမ့်ညောင်းသော တေးသွားတစ်ခုဟု နားလည်ထားသူတယောက်အတွက် ထိုရေစီးသံတို့ သည် ခက်မာလွန်းနေသည်။ ဆွတ်ဆွတ်ဖြူလွနေသော နှင်းပွင့် နှင်းစုကလေးများသည် အတန်အသင့်တော့ နူးညံ့မှုရှိလိမ့်မည်ဟု ယူဆထားသူ တစ်ယောက်အတွက် ထိုနှင်းစုကလေးများသည် (အထင်နှင့်အမြင် လွဲမှားစွာ) အေးခဲ မာကျောနေကြသည်။ နှင်းဆီတို့ ၏ ဆူးခက်တွေသည်လဲ ခါတိုင်းနဲ့ မတူ ပိုမို မာကျော ခက်ထန်နေသယောင်...။ ငှက်ကလေးတို့  ဟစ်ကြွေး အော်မြည်ကြသော အသံပိစိလေးများသည် ချိုသာဖွယ် ချစ်စဖွယ် တေးသံများကို ဖြစ်ပေါ်စေသည်ဟု ကြားခဲ့ဖူးသေည်ငြားလည်း ယခုမူ ထိုသို့  မဟုတ်ပြန်တော့… တစ်ယောက် တစ်ပေါက် ဆူဆူညံညံ အော်မြည်နေကြသော ထိုအသံများသည် အကြားအာရုံကို မထိတထိနှင့် စိတ်မတို တိုလာအောင် ပြုမူနေသည်နှင့်ပင် တူနေသေးတော့...။ ထို့ အပြင်… နေရောင်ခြည်သည် ရောဂါပိုးကိုသေစေ၏ ဟု မူလတန်းဖတ်စာတွင် သင်ကြားခဲ့ရသော်လည်း ယခုမူ ထိုနေရောင်ခြည်ကြောင့်ပင် အရေပြားကင်ဆာ ဟူသော ရောဂါဆန်းတမျိုး ရကြသည်တဲ့၊ ထိုမှတဖန် ပိုဆိုးလာသော အပူလှိုင်းကြောင့် လူသားမြောက်များစွာ၊ သတ္တဝါမြောက်များစွာတို့  သေကြေပျက်စီးကြသည်တဲ့…။

ကဲ… ဘာတွေဖြစ်ကုန်ပြီလဲ… မစဉ်းစားတတ်တော့ပြီ…။
လောကကြီးမှာ ကိုယ်ထင်ထားတာတွေနဲ့  တကယ့်လက်တွေ့ တွေဟာ တစ်ထပ်တည်းကျ မနေရင်တောင် ဘာကြောင့်များ နဲနဲပါးပါး မနီးစပ်ကြတာလဲ…။ အထင်နဲ့ အမြင် တက်တက်စင်အောင် ဘာကြောင့်များ လွဲနေကြတာလဲ…။ တစ်ခုခုတော့ သေသေချာချာကြီးကို မှားနေပါပြီ…။ ဒါဆို ထိုမှားယွင်းမှုတွေသည် ကိုယ်အတွေးတွေကဘဲ မှားယွင်းနေတာလား။ အပြင်လောကကြီးကဘဲ မှားယွင်းနေတာလား။ သို့ တည်းမဟုတ် ထိုမှားယွင်းမှုတွေသည် ကိုယ်တစ်ယောက်ထဲ အတွက် မှားယွင်းနေခြင်းလား…။ အားလုံးအတွက် မှားယွင်းနေတာလား…။

ကိုယ်တိုင် သေသေချာချာ မဝေခွဲနိုင်ခင်မှာပင် ဝုန်း ဆိုသော ကျယ်ကျယ်လောင်လောင် အသံကြီးတစ်ခုကို ကြားလိုက်ရပြီး ကိုယ့်အမြင်အာရုံ၊ ကိုယ့်အကြားအာရုံတို့ ပျောက်ဆုံး အရာရာ အမှောင်အတိကျကာ ရှုပ်ထွေး ဆူညံသံ အားလုံးတို့ သည်လည်း တမဟုတ်ချင်း ငြိမ်သက် တိတ်ဆိတ်သွားကြလေသည်။ ကိုယ်တိုင်မသိလိုက်ခင်မှာပင် ရွေ့ လျားစိတ်အစဉ်တို့ သည် ကမ္ဘာသစ်တစ်ခုဆီသို့ ….

ထိုကမ္ဘာသစ်တွင် အစစအရာရာသည် မျှော်လင့်ထားသည်ထက် ပိုမိုထူးခြား ဆန်းပြားနေသည်။ ထိုကမ္ဘာသစ်တွင်…
ပျော့ပြောင်း ညင်သာသော လေပြေလေးတွေ အဆက်မပြတ် တိုးဝှေ့လို့ …။ နူးညံ့စွာ ကြွေကျလာသော မိုးစက် မိုးပေါက်ကလေးများသည် ချိုမြသံစဉ်တစ်ခုနှယ်…။ ရေအလျင် တသွင်သွင်စီးဆင်းနေသော စမ်းချောင်းလေးနားမှာ သစ်ရွက်ကလေးများ ကြွေကျသောအခါတွင် စမ်းကျရေစီးသံလေးများနှင့် ရွက်ကြွေတို့၏ သံစဉ်တို့သည်လည်း အံ့သြဖွယ် ထူးခြားသော ဂီတ တစ်ခု…။ ဆောင်းဦးပေါက် နှင်းပွင့်လေးများ၏ နူးညံ့မှုသည် ဝါဂွမ်းလေးများ တမျှ…။ ဖြူ နီ ဝါ အသွေးစုံ ဆူးမဲ့ နှင်းဆီတို့ သည်လဲ မွှေးထုံကြိုင်လျှမ်း သင်းပျံ့ပျံ့ ရနံ့များဖြင့်...။ အို… ရောင်စုံ ငှက်ကလေးများသည်လည်း နွေးထွေးသော သာယာလှပသော လင်းလက် နေရောင်ခြည်အောက်မှာ ချစ်စရာ သံချိုတေးများကို သူ့ ထက်ငါ အပြိုင် အလုအယက် ဟစ်ကြွေးနေကြပါလား..။ ကြည်နူးစရာ…။ ဒါတင်မက မြင်မြင်သမျှ လူသားတိုင်းသည် အရောင်အသွေး စုံလင်စွာဖြင့် လှချင်တိုင်း လှပနေသော ပန်းခင်းကြီးတစ်ခုထဲမှ ပန်းရောင်စုံများနှယ်…။
သူတို့တတွေ ဟိုဒီ ရွေ့ လျား လှုပ်ရှား သွားလာနေကြသည်မှာလဲ လေအလာမှာ ဟန်ချက်ညီညီ ပျော်ရွှင်စွာ ကခုန် ယိမ်းနွဲ့နေကြသော ပန်းခက် ပန်းနွယ်များပမာ ညီညီညွတ်ညွတ်…။ သူတို့ ၏ မျက်နှာများပေါ်တွင် နုပျို လန်းဆန်း တက်ကြွသော၊ ဖေါ်ရွေသော အပြုံးပန်းတွေ ဝေလို့ ...။ မျှော်လင့်ထားသော ပန်းတိုင်တစ်ခုကို ရောက်ရန် ဦးတည်ချက်တွေ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်တွေ အပြည့်အဝဖြင့်... ထိုမြင်ကွင်းသည် အားရှိစရာ...။ ထို့ အပြင် အစစ အရာရာသည် ကြည်နူး ချမ်းမြေ့ဖွယ်ရာ…။

ထိုကမ္ဘာသည် လူသားအားလုံး မျှော်လင့်တောင့်တနေကြသော ကမ္ဘာသစ်တစ်ခုများလားဟု လက်လှမ်း မမှီ့တမှီ တွေးတောရင်း ကိုယ်တိုင်ကတော့ စည်းချက်ညီညီ ကခုန် ရွေ့ လျားသွားကြသော လူအုပ်ကြီးနှင့်အတူ မမောနိုင် မပန်းနိုင် စီးမျော ရောနှောပါဝင်ကာ….

9 comments:

  1. အက်ဆေးလေးက လှလိုက်တာ။
    အဲဒီ ကမ္ဘာသစ်ကို ချိုသင်းလဲ အတူလိုက်ပါရစေနော်။

    ReplyDelete
  2. ကမ္ဘာသစ်ဆီကို ပါသွားလေရဲ့....
    စိတ်တွေကို ပြောင်းလဲပစ်ရအောင်လေ...
    အမြဲတမ်းကမ္ဘာသစ်ဆီရောက်အောင်လို့..

    ReplyDelete
  3. ဒီလိုစဉ်းစားရေး မှတော. ကြာပြီပေါ့ သဘော ပေါက် ပါပြီး ဖတ်တုံးဘဲ ၂ ခါရှိပြီး နားလည် သလိုလိုဘဲ ရှိသေးတယ်။

    ReplyDelete
  4. အမ ဒို့လည်းလိုက်မယ်ချန်မထားနဲ့..
    စကားမစပ်.. တယောက်တည်းလိုက်ရမှာလား..

    အဲဒီကမ္ဘာသစ်မှာ သစ္စာရှိတဲ့သူတွေပါထည့်ပေးပါ..အမ။

    ဟီး

    ReplyDelete
  5. သက်ဝေရေ… ကမ္ဘာသစ်တဲ့လား… စိတ်ကူးလေးကချိုလိုက်တာ… … ကမ္ဘာသစ်ထဲခေါ်သွားပေးတဲ့ ဒီပို့ စ်လေးအတွက် ကျေးဇူးနော်…

    ReplyDelete
  6. မမသက်ဝေ.. ကမ္ဘာသစ်တဲ့လား..
    ကျနော်လည်း လိုက်မယ်လေ.. လောလောဆယ်တော့ ဘယ်ဖြစ်ဖြစ် ထွက်သွားချင်နေတာပဲ သိတော့တယ်..။

    အမ စာရေးထားတာတွေက
    တကယ်ကောင်းတယ်။ :)

    ReplyDelete
  7. ဟုတ်တယ် သက်ဝေရေ.. ဆူညံလွန်းလို့ ဘယ်နားသွားနေရမလဲ စဉ်းစားနေတာ.. သက်ဝေရဲ. ကမ္ဘာသစ်..အတွက် ကျေးဇူးပါ။

    ReplyDelete
  8. စိတ်ကူးထဲမှာ ခဏပဲဖြစ်ဖြစ် ကမ္ဘာသစ်ကို ထွက်ပြေးလို့ရရင် တော်သေးတာပေါ့ မသက်ဝေ..
    အမြဲပျော်ရွှင်ပါစေ

    ReplyDelete
  9. ချိုသင်း... သွားစို့  အတူ...။

    နိနိ... ဟုတ်တယ် စိတ်တွေကို အရင်ပြောင်းကြဖို့ တော့ လိုမယ်နော်...။

    မမခင်ဦး... ရိုးရိုးလေးဘဲ တွေးစေချင်...။

    မြတ်နိုး... ဘယ်နှစ်ယောက်ဖြစ်ဖြစ်လိုက်လို့ ရ... များလေ ကောင်းလေ...။

    တန်ခူး... စိတ်ကူးထဲမှာတော့ ချိုချင်သလောက် ချိုနိုင်တယ် မဟုတ်လား...။

    နုရေ... အတူတူ သွားကြစို့ လေ...။

    နွယ်... ဟုတ်တယ်... ဆူညံသံတွေကို သိပ် စိတ်ပျက်နေမိတာ...။ ဒါကြောင့်လဲ ဒီကမ္ဘာသစ် ကို ရေးဖြစိသွားတာ...။

    ပန်ပန်... စိတ်ကူးထဲမှာတော့ ထွက်ပြေးနေမိတာ အကြိမ်ကြိမ်...။
    လက်တွေ့ မှာတော့.... တာဝန်တွေ ၀တ္တရားတွေ အများကြီးနဲ့  ဒီချည်တိုင်က မခွာနိုင်သေး...။

    ကမ္ဘာသစ်ကို အားပေးကြသူများကို ကျေးဇူးတင်ရင်း ကိုယ့်လို လူတွေရှိနေသေးပါလားဟု ၀မ်းမြောက် အားတက်လျက်...။

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...